အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃)
ရူးသွပ်ခြင်း
“အသင်းခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရေးကြီးဆုံး အရည်အချင်းက ဘာလဲဆိုတာ မင်းသိလား”
“မသိဘူး”
ယဲ့ယီသည် ကျောင်ယန်ကို ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“နှိမ့်ချမှုပဲ၊ အသင်းခေါင်းဆောင်တစ်ယောက်က တစ်နေကုန် သူ့အသင်းဖော်တွေနဲ့ ပြိုင်ဆိုင်ဖို့ပဲ သိနေမယ်ဆိုရင် အဖွဲ့က ဘယ်လိုလုပ် စည်းလုံးနိုင်မှာလဲ။ ငါလိုချင်တာက အမျိုးသားတေးဂီတအဖွဲ့၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲ မဟုတ်ဘူး”
ကျောင်ယန်သည် ထိုစကား၏ ဆိုလိုရင်းကြောင့် မျက်နှာတစ်ခုလုံး စိမ်းဖန်သွားရ၏။ သို့သော်လည်း ယဲ့ယီ၏ ရာထူးအရှိန်အဝါကြောင့် ဘာမှမပြောရဲပေ။
သို့သော် သူသည် အလွန်ပင် မကျေမနပ်ဖြစ်နေသည်ကို ယဲ့ယီ ရိပ်မိလိုက်သည်။
“နောက်တစ်လနေရင် အရည်အချင်း စစ်ဆေးပွဲတစ်ခု လုပ်မယ်၊ အမှတ်အများဆုံးရတဲ့သူက အသင်းခေါင်းဆောင် ဖြစ်လိမ့်မယ်”
ယဲ့ယီသည် သူမအနေဖြင့် ရှန်ဟောင်ကို တိုက်ရိုက်ခေါင်းဆောင် ခန့်အပ်လိုက်ပါက ကျောင်ယန်သည် သေချာပေါက် မကျေမနပ်ဖြစ်ကာ အခြားသူနှစ်ဦးကိုပါ စည်းရုံးပြီး ရှန်ဟောင်ကို အပယ်ခံဖြစ်အောင် လုပ်ဆောင်နိုင်သည်ကို သူမ သိထားသည်။
ထိုကြောင့် အရည်အချင်းဖြင့်သာ သက်သေပြခိုင်းတော့မည် ဖြစ်သည်။ သို့သော်လည်း ရှန်ဟောင်သည် ကျောင်ယန်ကို ရှုံးနိမ့်လိမ့်မည်ဟု ယဲ့ယီ မထင်ချေ။
ဤအတောအတွင်း သူတို့၏ လေ့ကျင့်မှုများကို သူမ တကူးတက မကြည့်ဖြစ်သော်လည်း စောင့်ကြည့်ရေးကင်မရာ မှတ်တမ်းများကိုမူ ရံဖန်ရံခါ စစ်ဆေးခဲ့ဖူးသည်။
သူတို့လေးဦး၏ တကယ့်အရည်အချင်းအပေါ် သူမတွင် အကြမ်းဖျင်း အကဲဖြတ်ချက်များရှိထားပြီးသား ဖြစ်၏။
“ကျွန်တော် အစ်မယဲ့ကို သေချာပေါက် သက်သေပြပါ့မယ်”
ကျောင်ယန် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့”
ကျောင်ယန် ကိစ္စကို ဖြေရှင်းပြီးနောက် ယဲ့ယီ အခြားသူများ လာရောက်ရှာဖွေမည်ကို စိုးရိမ်သဖြင့် အချိန်မဆွဲတော့ဘဲ ကုမ္ပဏီမှ ချက်ချင်း ထွက်ခွာခဲ့သည်။
သူမ အိမ်ပြန်ကာ ဆိုဖာပေါ်တွင် လှဲလျောင်းရင်း ဇာတ်လမ်းတွဲများကိုသာ အပန်းဖြေကြည့်ရှုလိုစိတ် ပြင်းပြနေမိသည်။
ပုံမှန်အားဖြင့် ယဲ့ယီသည် နန်ချင်ဝမ်နှင့်အတူ ပြန်လေ့ရှိသော်လည်း ယနေ့တွင်မူ သူမသည် အချိန်ပိုဆင်းနေရပြီး နန်ချင်ဝမ်မှာ နန်ကျားကျားကို သွားကြိုရန်အတွက် စောစောထွက်သွား၏။
ယဲ့ယီသည် ကားကို ဂိုထောင်ထဲတွင် ထားလိုက်ပြီးနောက် မုန့်ထုပ်အပုံလိုက်ကို သယ်ကာ နန်ချင်ဝမ်နှင့်အတူ ဇာတ်လမ်းတွဲကြည့်ရန် ဘေးအိမ်သို့ သွားရန် ပြင်လိုက်လေသည်။
ယဲ့ယီသည် မုန့်အိတ်ကြီးကို သယ်ကာ ဘေးအိမ်ရှိ နန်ချင်ဝမ်ထံသို့ သွားရောက်စဉ် လူတစ်ယောက်က ခြံစည်းရိုးကို ကျော်ကာ အိမ်နီးချင်း၏ ခြံထဲသို့ ခိုးဝင်နေသည်ကို တွေ့လိုက်ရတော့သည်။
ထိုသူ၏ ကိုယ်လုံးကိုယ်ပေါက်အရ အမျိုးသားတစ်ဦး ဖြစ်ဟန်တူ၏။
ယဲ့ယီသည် ရဲစခန်းသို့ ချက်ချင်း ဖုန်းဆက်လိုက်ပြီးနောက် လုံခြုံရေးဂိတ်သို့သွားကာ အစောင့်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။
ယဲ့ယီနှင့် လုံခြုံရေးအစောင့်တို့သည် ဗီလာအိမ်၏ ရှေ့တံခါးကို ကန်ဖွင့်လိုက်သောအခါ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော သွမ့်ဟွေကျိုကို တွေ့လိုက်ရတော့သည်။
သူသည် ယခင်ကကဲ့သို့ ခန့်ညားထည်ဝါမှု မရှိတော့ဘဲ အလွန်ပင် ယိုင်နဲ့နဲ့ နှင့် နွမ်းလျနေသည့် ပုံစံ ပေါက်နေလေ၏။
အကြောက်ရဆုံးအချက်မှာ သူသည် နန်ကျားကျား၏ လည်ပင်းကို ဓားဖြင့် ထောက်ထားလေ၏။ နန်ကျားကျားမှာ ကြောက်လန့်လွန်းသဖြင့် ငိုယိုနေရှာ၏။
“သွမ့်ဟွေကျို... ရှင် ဘာလုပ်နေတာလဲ”
ယဲ့ယီ အေးစက်စက် မေးခွန်းထုတ်လိုက်သည်။
ယဲ့ယီနှင့် အစောင့်ကို မြင်သောအခါ သွမ့်ဟွေကျိုသည် နန်ကျားကျား၏ လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ နန်ကျားကျားမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုမိတော့သည်။
“မငိုနဲ့”
သွမ့်ဟွေကျို ဒေါသတကြီး ဟောက်လိုက်၏။
နန်ကျားကျားမှာ ကြောက်လန့်လွန်းသဖြင့် မည်သည့်အသံမျှ မထွက်ရဲတော့ပေ။ နန်ချင်ဝမ်မှာမူ စိုးရိမ်စိတ်ကြောင့် ငိုကြွေးနေမိသည်။
သွမ့်ဟွေကျိုသည် ဗီလာထဲသို့ ရုတ်တရက် ပေါ်လာပြီး ပေါ်လာလာချင်းမှာပင် နန်ကျားကျားကို ပြန်ပေးဆွဲလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
“သွမ့်ဟွေကျို... ကိုယ့်သမီးအရင်းကို ဒီလိုလုပ်တာ ရှင်မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား”
“ရှောင်ဝမ်... ကိုယ်မှားသွားတယ်၊ ကိုယ်တကယ် မှားသွားတာပါ၊ ကိုယ်တို့တွေ ပြန်လက်ထပ်ကြရအောင်နော်”
သွမ့်ဟွေကျို ဘာလုပ်ချင်နေသည်ကို ယဲ့ယီ နားမလည်နိုင်ဖြစ်နေရသည်။ သူသည် ယခင်က နန်ချင်ဝမ်ကို နှောင့်ယှက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ရူးသွပ်မှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
သို့သော် ယခုအချိန်တွင် နန်ချင်ဝမ်သည် သွမ့်ဟွေကျို ဘာတွေးနေသည်ကို ဂရုမစိုက်နိုင်တော့ပေ။
သူမသည် နန်ကျားကျား ဘေးကင်းရန်သာ အလိုရှိတော့၏။
“ကောင်းပြီ... ရှင်ပြောတာကို ကျွန်မ သဘောတူတယ်၊ ကျားကျားကိုသာ လွှတ်ပေးမယ်ဆိုရင် ကျွန်မတို့ ချက်ချင်း ပြန်လက်ထပ်ကြမယ်”
သွမ့်ဟွေကျိုသည် ယဲ့ယီကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“သူ့ကို ကျားကျားရဲ့ နေရာမှာ လာခိုင်းလိုက်”
“မဖြစ်ဘူး”
နန်ချင်ဝမ် ချက်ချင်းပင် ငြင်းဆိုလိုက်၏။ သူမသည် နန်ကျားကျားအတွက် သူမကိုယ်တိုင် အလဲအလှယ် လုပ်နိုင်သော်လည်း ယဲ့ယီကိုမူ အန္တရာယ်တွင်းထဲသို့ ဆွဲမခေါ်နိုင်ပေ။
ယဲ့ယီသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူမ နောင်တစိတ်ဖြင့် သေဆုံးသွားနိုင်သည်။
သွမ့်ဟွေကျိုသည် နန်ကျားကျားကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆွဲယူလိုက်ပြီးနောက် ဆိုလေ၏။
“ဒါဆိုရင် မနက်ဖြန် ငါတို့ လက်ထပ်စာချုပ် ရပြီးမှ ငါ သူ့ကို လွှတ်ပေးမယ်”
“ကျားကျားကို လွှတ်လိုက်၊ သူ့နေရာမှာ ကျွန််မလာခဲ့မယ်”
ယဲ့ယီသည် ရှေတိုးလာသော်လည်း နန်ချင်ဝမ်က ဆွဲထားလေ၏။
နန်ချင်ဝမ်သည် ယဲ့ယီကို ကြည့်ကာ ခေါင်းခါပြရင်း တားလိုက်သည်။
“ရှောင်ယီ... မသွားပါနဲ့”
ယဲ့ယီသည် နန်ချင်ဝမ်၏ လက်ကို ဖယ်ထုတ်လိုက်ပြီး သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်၏။
“ကျွန်မ ရဲတိုင်ထားပြီးပြီ”
ရဲတိုင်ထားပြီးဖြစ်သောကြောင့်သာ ယဲ့ယီသည် နန်ကျားကျားနှင့် နေရာချင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ရဲများ ရောက်လာသောအခါ သွမ့်ဟွေကျိုသည် စိတ်ပျက်အားငယ်စွာဖြင့် နန်ကျားကျားကို အမှန်တကယ် နာကျင်အောင် လုပ်ဆောင်မိပါက အခြေအနေမှာ ဆိုးရွားသွားနိုင်သည်။
နန်ချင်ဝမ်မှာမူ အလွန်စိုးရိမ်နေဆဲဖြစ်ပြီး ယဲ့ယီကို စိုးရိမ်တကြီးဖြင့် ကြည့်နေရှာသည်။
ယဲ့ယီသည် သွမ့်ဟွေကျို အနားသို့ ရောက်သောအခါ သူသည် နန်ကျားကျားကို တွန်းထုတ်လိုက်ပြီး ယဲ့ယီကို ဆွဲယူလိုက်တော့သည်။
သွမ့်ဟွေကျို၏ အားမှာ အတော်လေး သန်မာဆဲဖြစ်သဖြင့် ယဲ့ယီမှာ ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားရ၏။
“ပြောပါဦး... ရှင် တကယ် ဘာလိုချင်တာလဲ”
သွမ့်ဟွေကျိုသည် သူမကို နန်ကျားကျားနှင့် တကူးတက လဲလှယ်ခိုင်းခြင်းမှာ အခြားသော ရည်ရွယ်ချက်တစ်ခု ရှိမှန်း ယဲ့ယီ သိထား၏။
သွမ့်ဟွေကျိုသည် ယဲ့ယီ၏ လည်ပင်းကို ဓားဖြင့် ထောက်ထားပြီး ဒေါသတကြီး ပြောလိုက်သည်။
“ကုရှီချန်းဆီ ဖုန်းဆက်ပြီး ငါ့အကောင့်ထဲကို သိန်းတစ်ထောင် လွှဲခိုင်းလိုက်”
ယဲ့ယီ ဆွံ့အသွားသည်။
“နေပါဦး... ကျွန်မနဲ့ ကုရှီချန်းက ကွာရှင်းထားပြီးသားဆိုတာ ရှင်မသိဘူးလား၊ ကျွန်မအတွက်နဲ့ သူက ရှင့်ကို သန်းတစ်ရာ ပေးလိမ့်မယ်လို့ ရှင်ထင်နေတာလား”
“စကားများမနေနဲ့၊ အခုချက်ချင်း သူ့ဆီ ဖုန်းဆက်”
ယဲ့ယီမှာ သွမ့်ဟွေကျို၏ စောင့်ကြည့်မှုအောက်တွင် ကုရှီချန်း၏ ဖုန်းနံပါတ်ကို ခေါ်ဆိုရန်မှတစ်ပါး အခြားမရှိတော့ပေ။ ဖုန်းချိတ်ဆက်သွားသည်နှင့် သွမ့်ဟွေကျိုသည် ဖုန်းကို လုယူလိုက်တော့၏။
“ကုရှီချန်း... ယဲ့ယီကအခု ငါ့လက်ထဲမှာ၊ သူ့ကို ဘာမှမဖြစ်စေချင်ဘူးဆိုရင် ပိရွှေကို လာခဲ့၊ မင်း... ရဲတိုင်ဖို့တော့ မစဉ်းစားနဲ့ မဟုတ်ရင် သူ့ကို ငါ အခုချက်ချင်း သတ်ပစ်လိုက်မယ်”
ကုရှီချန်း ဘာမှပြန်မပြောနိုင်ခင်မှာပင် ဖုန်းချသွားလေ၏။
ကုရှီချန်းသည် ချက်ချင်းပင် ဂိုထောင်သို့သွားကာ ကားတစ်စီးကို မောင်းနှင်၍ ပိရွှေသို့ ဦးတည်ထွက်ခွာလာခဲ့၏။
ယဲ့ယီကမူ သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
“ရှင် ဘာတွေများ လုပ်ခဲ့လို့ ဒီလောက်တောင် ပိုက်ဆံ လိုနေရတာလဲ”
သူသည် နာမည်ပျက်စာရင်း သွင်းခံထားရသဖြင့် ပိုက်ဆံ မရှာနိုင်လျှင်ပင် အတိုးကြီးသော မှောင်ခိုချေးငွေများ ယူထားခြင်းမျိုး မဟုတ်ပါက ဤမျှလောက် များပြားသော ငွေပမာဏကို လိုအပ်မည် မဟုတ်ပေ။
“ပါးစပ်ပိတ်ထား၊ မဟုတ်ရင် ငါ မင်းကို အခုချက်ချင်း သတ်ပစ်လိုက်မယ်”
ယဲ့ယီသည် သူ့စကားကို မယုံကြည်သော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် ပြန်ပြောဆိုရန် မသင့်တော်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူမသည် အသာလေး ငြိမ်နေလိုက်ပြီး ရဲများ မည်သည့်အချိန်တွင် ရောက်လာမည်ကိုသာ စိတ်ထဲမှ တွက်ချက်နေမိတော့သည်။
နန်ချင်ဝမ်သည် သွမ့်ဟွေကျို၏ လက်ကို စိုးရိမ်တကြီး ကြည့်နေပြီး ယဲ့ယီအနေဖြင့် မတော်တဆ ထိခိုက်မိသွားမည်ကို ကြောက်လန့်နေသည်။
ဆယ်မိနစ်ခန့် ကြာသောအခါ အပြင်ဘက်မှ ရဲဥဩသံများ ထွက်ပေါ်လာခဲ့သည်။
သွမ့်ဟွေကျိုက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
“တောက်... သူ တကယ်ပဲ ရဲတိုင်ရဲတယ်ပေါ့လေ”
“ရဲတွေ ရောက်နေပြီ၊ ရှင် သေချာပေါက် ထွက်ပြေးလို့ မရတော့ဘူး၊ ကျွန်မကို လွှတ်ပေးဖို့သင့်ပြီနော်”
သွမ့်ဟွေကျို တစ်ယောက် ထိတ်လန့်စပြုလာ၏။ ကုရှီချန်းသည် ရဲတိုင်ဝံ့လိမ့်မည်ဟု သူ အမှန်တကယ် ထင်မှတ်မထားခဲ့ပေ။
သူ့လက်ထဲမှ ဓားမှာ အနည်းငယ် လျော့ရဲသွားသော်လည်း သူပေးဆပ်ရန်ရှိသည့် အတိုးကြီးသော အကြွေးများကို တွေးမိပြီးနောက် ဓားကို ယဲ့ယီ၏လည်ပင်းပေါ်သို့ ပြန်ဖိကပ်လိုက်ပြန်သည်။
“နောက်ဆုံးမတတ်နိုင်တော့ရင် ငါ မင်းကိုပါ ငါနဲ့အတူ သေတဲ့အထိခေါ်သွားမယ်”
ယဲ့ယီသည် သူမ၏လည်ပင်းတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။
‘တောက်... ဒီကောင် တကယ် လုပ်နေတာပဲ’
ယဲ့ယီ၏လည်ပင်းမှ သွေးများကို မြင်လိုက်ရသောအခါ နန်ချင်ဝမ်မှာ ချက်ချင်းပင် စိတ်ထိန်းနိုင်စွမ်း မရှိတော့ပေ။
“စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ဦး ၊ ကျွန်မတို့တွေ ကောင်းကောင်း စကားပြောကြရအောင်၊ ပြန်လက်ထပ်ချင်တာ မဟုတ်လား၊ ကျွန်မ သဘောတူပါတယ်”
“သွား... ရဲတွေကို မောင်းထုတ်လိုက်၊ မဟုတ်ရင် ငါ သူ့ကို အခုချက်ချင်း သတ်ပစ်မယ်”
သွမ့်ဟွေကျို သည် နန်ချင်ဝမ်ကို အမိန့်ပေးလိုက်သည်။ သူပြောနေစဉ်မှာပင် ဓားကို ယဲ့ယီ၏ လည်ပင်းသို့ ပိုမိုနီးကပ်စွာ ဖိထားလေရာ သွေးများက မနားတမ်း စီးကျလာလေ၏။
ယဲ့ယီမှာ ဒေါသထွက်လွန်းသဖြင့် ဆဲဆိုချင်မိသွားသည်။ ဤဗီလာတွင် ထိပ်တန်းလုံခြုံရေးတော့ ရှိသင့်သည် မဟုတ်လော။
ဤအရူးကို မည်သို့ ခိုးဝင်ခွင့် ပေးလိုက်ရသနည်း။
သွမ့်ဟွေကျိုမှ ယဲ့ယီကို ထပ်မံ ရန်မပြုနိုင်စေရန် နန်ချင်ဝမ်သည် သူခိုင်းသည့်အတိုင်း လုပ်ဆောင်ရန်မှတစ်ပါး အခြားမရှိတော့ဘဲ အပြင်ဘက်ရှိ ရဲများကို ထွက်သွားရန် ပြောကြားခဲ့ရသည်။
ရဲများမှာ ထွက်မသွားကြပေ။ သူတို့သည် ရဲကားကိုသာ အဝေးသို့ မောင်းနှင်စေပြီး ၊ ရဲအရာရှိများမှာမူ ဗီလာဝန်းကျင်အတွင်း ပုန်းအောင်းကာ ယဲ့ယီကို ကယ်တင်ရန် သင့်တော်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
အခန်း (၁၄၄)
ဘယ်သူက ဇာတ်လိုက်မင်းသားလဲ
နှစ်ဖက်စလုံး အခြေအနေ တင်းမာနေစဉ်မှာပင် ကုရှီချန်း ရောက်ရှိလာခဲ့သည်။
သူသည် သူ့ကို တားဆီးရန် ကြိုးပမ်းနေသော ရဲအရာရှိများကို လုံးဝဂရုမစိုက်ဘဲ အထဲသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းဝင်လာခဲ့သည်။ ယဲ့ယီသည် ကုရှီချန်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ရုတ်တရက် ဖော်မပြတတ်သော ခံစားချက်တစ်ခု ဝင်ရောက်လာပြီး မှီခိုအားထားရာ တစ်ဦးတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဘာကြောင့်မှန်း သူမ မသိသော်လည်း ကုရှီချန်းကို မြင်လိုက်ရချိန်တွင် သူမ စိတ်ထဲ၌ ထူးဆန်းစွာဖြင့် အေးချမ်းသွားခဲ့သည်။ သူ သေချာပေါက် ရောက်လာလိမ့်မည်ဟု သူမ ကြိုသိနေသည့်အတိုင်းပင်။
[ကုရှီချန်း တကယ် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး]
ကုရှီချန်းသည် ယဲ့ယီ၏ လည်ပင်းမှ ဒဏ်ရာကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးစက်ခက်ထန်သွားသည်။
“ပြောစမ်း... ငါ့ကို ဒီကိုလာခိုင်းပြီး မင်းက ဘာလိုချင်နေတာလဲ”
သွမ့်ဟွေကျိုသည် ယဲ့ယီကို ဓားစာခံအဖြစ် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး နည်းနည်းမှ အလွတ်မပေးချေ။
ယခုအချိန်တွင် ယဲ့ယီကို ဓားစာခံအဖြစ် လက်လွှတ်ဆုံးရှုံးလိုက်ရပါက သူ၏ အစီအစဉ်မှာ ပျက်စီးသွားတော့မည်မှန်း သူ ကောင်းကောင်း သိနေ၏။
“အစကတော့ ငါက သိန်းတစ်ထောင်ပဲ လိုချင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ မင်းက ရဲတွေကိုခေါ်ရဲသေးတယ်ပေါ့။ တကယ်လို့ သူ့ကို မသေစေချင်ရင် ငါ့ကို HG ကနေ ခေါ်ထုတ်သွားဖို့ ရဟတ်ယာဉ်တစ်စီး စီစဉ်ပေး၊ ပြီးတော့ နောက်ထပ် သိန်းနှစ်ထောင်ကိုလည်း ငါ့ဆီ လွှဲပေး”
သွမ့်ဟွေကျို၏ အရှက်မရှိသော စကားများကြောင့် အနီးနားရှိ လူတိုင်း ဆွံ့အသွားရသည်။
‘ဒီလို အခြေအနေမျိုးမှာ သူ ချောချောမွေ့မွေ့ ထွက်ခွာသွားနိုင်မယ်လို့ ဘယ်လိုများ တွေးနိုင်တာလဲ’
ယဲ့ယီလည်း စိတ်ထဲမှ ကြိတ်၍ အပြစ်တင်နေမိ၏။
[ဒီလူကတော့ တကယ်ပဲ ဦးနှောက်မရှိတာပဲ။ အဲဒီလောက် ဦးနှောက်သေးသေးလေးနဲ့ ဘယ်လိုများ ပြန်ပေးဆွဲဖို့ ကြံစည်ရဲတာလဲ မသိဘူး]
“ကောင်းပြီ၊ အရင်ဆုံး သူ့ကို လွှတ်ပေးလိုက်”
ကုရှီချန်းသည် သွမ့်ဟွေကျို၏ တောင်းဆိုချက်ကို တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။
သို့သော် သွမ့်ဟွေကျိုသည် သိပ်ပြီး ဉာဏ်မကောင်းသော်လည်း ယခုအချိန်တွင်တော့ အရူးလုံးလုံး မဖြစ်သေးပေ။
“အိပ်မက်မက်နေလိုက်။ တကယ်လို့ ငါသာ သူ့ကို လွှတ်ပေးလိုက်ရင် မင်း ငါ့ကို ဘယ်လိုလုပ် လွှတ်ပေးမှာလဲ”
ကုရှီချန်းသည် သွမ့်ဟွေကျိုကို အေးစက်စွာ စိုက်ကြည့်လျက် မေးလိုက်၏။
“ဒါဆိုရင် မင်း ဘာလုပ်ချင်လဲ ပြော”
“ငါ့ကို ခေါ်သွားဖို့ လူတစ်ယောက် အခုပဲ စီစဉ်ပေး။ ပိုက်ဆံရပြီးတာနဲ့ ယဲ့ယီကို ငါ ပြန်လွှတ်ပေးမယ်”
“ပြင်ဆင်ဖို့အတွက် ငါ့ကို အချိန်နည်းနည်းပေးရမယ်။ အရင်ဆုံး ဓားကို ချလိုက်ဦး။ တကယ်လို့ သူ့ဆံပင်မွှေး တစ်ပင်ကိုတောင် ထပ်ပြီး ထိခိုက်အောင် လုပ်ရဲရင် မင်း တစ်ပြားမှ မရစေရဘူး”
သွမ့်ဟွေကျိုနှင့် စကားပြောပြီး အချိန်ဆွဲနေစဉ်မှာပင် ကုရှီချန်းသည် ရှေ့သို့ တိုးသွားပြီး ယဲ့ယီကို မည်သို့ အောင်မြင်စွာ ကယ်တင်ရမည်ကို အကဲခတ်နေခဲ့သည်။
ယဲ့ယီကို ထိခိုက်ပါက ပိုက်ဆံရမည်မဟုတ်ကြောင်း ကုရှီချန်းဘက်မှ ပြောလာသဖြင့် သွမ့်ဟွေကျိုသည် ဓားကို ချက်ချင်းပင် အနည်းငယ် ခွာပေးလိုက်သည်။
ကုရှီချန်းသည် ယဲ့ယီကို အချက်ပြသည့် အကြည့်တစ်ချက် ပေးလိုက်သည်နှင့် ယဲ့ယီသည် ချက်ချင်းပင် နားလည်သွားပြီး သွမ့်ဟွေကျို၏ ခြေဖမိုးကို အားကုန်သုံး၍ နင်းချလိုက်သည်။
သွမ့်ဟွေကျိုသည် နာကျင်မှုကြောင့် မသိစိတ်မှ လက်လွှတ်လိုက်ရပြီး ထိုအခွင့်အရေးကို အသုံးချကာ ယဲ့ယီသည် ကုရှီချန်းရှိရာသို့ အမြန်ဆုံး ပြေးသွားခဲ့သည်။
[အမေရေ... ကယ်ပါဦး]
သွမ့်ဟွေကျို သတိပြန်ဝင်လာပြီး ယဲ့ယီကို ချက်ချင်း ပြန်ဖမ်းရန် ကြိုးစားသော်လည်း ကုရှီချန်း၏ ကန်ချက်ကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင် ပုန်းအောင်းနေသော ရဲများက အတွင်းသို့ ပြေးဝင်လာပြီး သွမ့်ဟွေကျိုကို အလျင်အမြန် ဖမ်းဆီးထိန်းသိမ်းလိုက်ကြတော့သည်။
နန်ချင်ဝမ်သည် ရှေ့တိုးလာပြီး ယဲ့ယီ၏ လည်ပင်းကို စိုးရိမ်တကြီး ကြည့်ရှုနေသည်။ သွမ့်ဟွေကျိုတစ်ယောက် အတော်လေး ရက်စက်သည်ဟု ဆိုရမည်။ ယဲ့ယီ၏ လည်ပင်းမှ သွေးများမှာလည်း စီးကျနေဆဲဖြစ်၏။
ကုရှီချန်း ရှေ့သို့ တိုးလာကာ ယဲ့ယီကို ပွေ့ချီလိုက်၏။ရဲစခန်းတွင် ထွက်ဆိုချက်ပေးရန် နန်ချင်ဝမ်ကို ထားရစ်ခဲ့ပြီး ယဲ့ယီကို ဆေးရုံသို့ ခေါ်ဆောင်သွားရန် အမြန်ဆုံး မောင်းထွက်ခဲ့လေသည်။
ကုရှီချန်းသည် လီဗာကို အဆုံးထိနင်းကာ ယဲ့ယီကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သည်။ ယဲ့ယီအနေဖြင့် တစ်ခုခု ပြောချင်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် သွေးများ စီးကျလာလေသည်။
ကုရှီချန်းသည် သူမကို တစ်ချက် စိုက်ကြည့်ပြီးနောက်တွင် ယဲ့ယီတစ်ယောက် ကိုယ့်လည်ပင်းကို ကိုင်ထားရင်း ဘာမှ မပြောရဲတော့ပေ။
ဆေးရုံသို့ ရောက်သောအခါ ဆရာဝန်များက ယဲ့ယီကို ချက်ချင်းပင် ပတ်တီးစည်းပေးခဲ့သည်။ ကံကောင်းထောက်မစွာ ဒဏ်ရာမှာ နက်ရှိုင်းသော်လည်း လည်ချောင်းကိုတော့ မထိခိုက်ခဲ့ပေ။ ဒဏ်ရာ ပြန်မပျောက်မချင်း အသံကျယ်ကျယ် မပြောနိုင်ရုံသာ ရှိသည်။
ယဲ့ယီ ဓားစာခံဖြစ်နေသည့် အချိန်မှစ၍ ဒဏ်ရာ ပတ်တီးစည်းပြီးသည့်တိုင်အောင် ကုရှီချန်း၏ မျက်နှာအမူအရာမှာ အလွန်ပင် ခက်ထန်နေဆဲပင်။ ယဲ့ယီလည်း အနည်းငယ် အားနာမိပြီး ဘာမှ မပြောရဲတော့ပေ။
နောက်ပိုင်းတွင် ကုရှီချန်းသည် ထွက်ဆိုချက်ပေးရန် ရဲစခန်းသို့ သွားခဲ့ပြီး ယဲ့ယီကို ဆေးရုံတွင် ထားခဲ့၏။
အမှန်စင်စစ် ယဲ့ယီသည် သူမ ဒဏ်ရာမှာ သေးငယ်ပြီး ဆေးရုံတက်ရန် မလိုအပ်ပေ။ သို့သော် ကုရှီချန်း၏ မီးသွေးကဲ့သို့ မည်းမှောင်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူမ ဘာမှ မပြောရဲတော့ဘဲ ဆေးရုံကုတင်ပေါ်တွင် သိမ်သိမ်မွေ့မွေ့ကလေး လဲလျောင်းကာ အနားယူနေလိုက်ရသည်။
ပြန်ရောက်လာပြီးနောက် နန်ချင်ဝမ်သည် ယဲ့ယီအား ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြခဲ့သည်။ သွမ့်ဟွေကျို၏ ပစ်မှတ်မှာ အစကတည်းက ယဲ့ယီဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် သူ့အစီအစဉ်မှာ ဦးစွာ ပိုင်ဆိုင်မှုများရရှိရန် နန်ချင်ဝမ်ကို ပြန်လည် လက်ထပ်ခိုင်းရန် ခြိမ်းခြောက်မည်။ ထို့နောက် ကုရှီချန်းထံမှ ငွေညှစ်ရန် ယဲ့ယီကို ပြန်ပေးဆွဲမည် ဖြစ်သည်။
သို့သော် ယဲ့ယီသည် သူ ဗီလာထဲသို့ ခိုးဝင်လာသည်ကို မြင်တွေ့သွားပြီး ရဲကို ကြိုတင် ဖုန်းဆက်လိုက်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ယဲ့ယီ သူမပြောလိုသည်များကို သူမ၏ ဖုန်းတွင် ရိုက်နှိပ်လိုက်၏။
‘သွမ့်ဟွေကျိုက ဘာလို့ ဒီလောက် ပိုက်ဆံတွေ အများကြီး လိုနေတာလဲ’
ဆရာဝန်သည် သူမအား တတ်နိုင်သမျှ စကားနည်းနည်းသာပြောရန် အကြံပြုထား၏။ ထို့အချိန်တွင် ကုရှီချန်းသည် သူမအား စကားလုံးဝမပြောရန် ပိတ်ပင်ထားသည်။
ယဲ့ယီ၏ မသိစိတ်က ကုရှီချန်းကို မဆန့်ကျင်ဝံ့ဘဲ အလိုက်တသိဖြင့်သာ ပါးစပ်ပိတ်နေလိုက်တော့သည်။
“သွမ့်ဟွေကျိုက အပြင်က ငွေးတိုးချီးစားတဲ့သူတွေဆီမှာ အကြွေးတွေ တင်နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာတော့ မပြောဘူး”
ယဲ့ယီသည် အများစုကို ခန့်မှန်းမိပြီးသား ဖြစ်၏။ ငွေတိုးချီစားသူများထံမှ ငွေချေးသူများသည် လောင်းကစား သို့မဟုတ် မူးယစ်ဆေးသုံးစွဲခြင်း တစ်ခုခုကြောင့်သာ ဖြစ်သည်။
“ရှောင်ယီ... နောက်တစ်ခါကျရင် အဲဒီလောက် စိတ်မမြန်ပါနဲ့တော့။ ငါ ဘယ်လောက်တောင် ကြောက်သွားလဲဆိုတာ နင် သိရဲ့လား။ တကယ်လို့ နင်သာ တစ်ခုခုဖြစ်သွားရင် ငါ့ကိုယ်ငါ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး”
သွမ့်ဟွေကျိုသည် ယဲ့ယီ လည်ပင်းကို ဓားနှင့် ထောက်ထားသည့် ပုံရိပ်ကို ပြန်လည် မြင်ယောင်ရင်း နန်ချင်ဝမ်မှာ ယခုထိတိုင် ထိတ်လန့်တုန်လှုပ်နေဆဲပင်။ အကယ်၍ သူသာ အားနည်းနည်း ထပ်စိုက်လိုက်ပါက နောက်ဆက်တွဲရလဒ်မှာ တွေးဝံ့စရာပင် မရှိတော့ပေ။
ယဲ့ယီသည် သူမ နေကောင်းပါသည် ဟု ပြောရန် ပြင်လိုက်သော်လည်း သူမကို ဝါးစားမတတ် စိုက်ကြည့်နေသော ကုရှီချန်း၏ အကြည့်ကြောင့် ငြိမ်ကုပ်သွားပြီး ဖုန်းထဲတွင်သာ စာရိုက်နှက်ကာ ပြန်ပြောလိုက်သည်။
‘စိတ်မပူပါနဲ့၊ ကျွန်မ ဘာမှမဖြစ်ပါဘူး’
[ဝူးဝူးဝူး... ကြောက်စရာကောင်းတဲ့ အကြည့်ကြီးပဲ]
ယဲ့ယီသည် သူမ ဘာမှမဖြစ်ကြောင်း ပြောနေသည်ကို မြင်လိုက်ရသဖြင့် ကုရှီချန်း၏ ဒေါသမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။
သူ အေးစက်စွာ ပြောလိုက်၏။
“ဒီတစ်ခါတော့ မင်း ကံကောင်းသွားတာပေါ့၊ ဒါပေမဲ့ နောက်တစ်ခါဆိုရင်ရော။ မင်း အမြဲတမ်း ကံကောင်းနေမယ်လို့ ပြောနိုင်လား”
ယဲ့ယီသည် ကုရှီချန်း၏ စကားကြောင့် ထိတ်လန့်သွားပြီး သူ့ကို မော့တောင် မကြည့်ရဲတော့ပေ။ အမှန်အတိုင်းပြောရလျှင် ကုရှီချန်းသည် သူမအပေါ် ယခုကဲ့သို့ ဒေါသထွက်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
မူလပိုင်ရှင်သည် ကုစဲ့ကို နှိပ်စက်ခဲ့စဉ်က ကုရှီးချန်းတစ်ယောက် အလွန် ဒေါသထွက်ခဲ့ဖူးသော်လည်း ထိုအချိန်က သူမ ကူးပြောင်းရောက်ရှိမလာသေးပေ။ မှတ်ဉာဏ်များ ရှိနေသော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်းမျိုး မဟုတ်ပေ။
[ငါ အဲဒီလောက်ထိတော့ ကံမဆိုးနိုင်ပါဘူးနော်၊ ဒီလိုမျိုး ကိစ္စကြီးကို ဒုတိယအကြိမ် ထပ်ကြုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး]
ယဲ့ယီ၏ စိတ်ထဲမှ စကားသံကို ကြားလိုက်ရသောအခါ ကုရှီချန်းမှာ ပို၍ပင် ဒေါသထွက်သွားတော့သည်။
‘ဒီမိန်းမက သူရဲ့ ကိုယ်ပိုင်လုံခြုံရေးကို လုံးဝ ဂရုမစိုက်ဘူးပဲ’
“အရင်ပြန်ပြီးတော့ ကလေးကို သွားကြည့်လိုက်ဦး၊ ဒီမှာ ကျွန်တော်ရှိနေမယ်”
ကုရှီချန်း နန်ချင်ဝမ်ကို ကြည့်ကာ ပြောလိုက်၏။
နန်ချင်ဝမ်သည် အနည်းငယ် တုံ့ဆိုင်းနေဆဲဖြစ်နေသည်။
“ဒါပေမဲ့...”
ယဲ့ယီသည် သူမ၏ ဖုန်းတွင် စာရိုက်ကာ ဆက်ပြောလိုက်သည်။
“ကျားကျားလည်း အတော်လေး ကြောက်နေမှာပဲ။ အရင်ပြန်ပြီး ကျားကျားကို သွားဂရုစိုက်လိုက်ပါ။ ဒီမှာ ဆရာဝန်တွေလည်း ရှိနေတာပဲလေ”
“ဒါဆိုရင် မနက်ဖြန်မနက်မှ လာခဲ့မယ်နော်”
နန်ချင်ဝမ်လည်း ထပ်ပြီး ငြင်းဆန်မနေတော့ပေ။ သွမ့်ကျားကျားသည် ယခုကဲ့သို့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ဖြစ်ပြီးနောက် သူမဘေးတွင် အဖော်လိုပေသည်။ ယဲ့ယီအတွက်မူ ကုရှီချန်းရှိနေသရွေ့ ၊ သူသည် သူမကို ကောင်းကောင်း ဂရုစိုက်ပေးမည်မှာ သေချာသည်။
နန်ချင်ဝမ် ထွက်သွားပြီးနောက် ဆေးရုံခန်းထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုကြီးတစ်ခု ဖုံးလွှမ်းသွားတော့သည်။ သို့သော် ယဲ့ယီသည် အပြင်ပန်းတွင် တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်မူ စကားများစွာ ပြောနေမိ၏။
[ကုရှီချန်းရဲ့ အခုရှိနေတဲ့ အရှိန်အဝါက တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဒါက ဝတ္ထုတွေထဲမှာ ပြောလေ့ရှိတဲ့ ဇာတ်လိုက်မင်းသားတစ်ယောက် ဒေါသထွက်လာရင် ရှိတတ်တဲ့ ‘အရှိန်အဝါ’ မျိုးလား ၊ ဒါပေမဲ့ လူဆိုး ဗီလိန်ဖြစ်တဲ့ ကုရှီချန်းက ဘယ်လိုလုပ် ဒီလို အရှိန်အဝါမျိုး ရှိနေရတာလဲ]
ကုရှီချန်းမှာ ယဲ့ယီကို လည်ပင်းညှစ်သတ်ချင်စိတ်များပေါက်သွားသည်။
‘ဒါဆို သူ့ စိတ်ထဲမှာ ငါက ယုတ်မာတဲ့ ဗီလိန်တစ်ယောက်ပဲပေါ့ ဟုတ်လား ‘
သူမ၏ စိတ်ထဲမှ ဇာတ်လိုက်မင်းသားသည် မည်သူဖြစ်မည်ကို သူ အတော်လေး သိချင်နေမိသည်။