အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း (၁၄၅)
ထိုက်တန်သော ပြစ်ဒဏ်
ယဲ့ယီသည် စိတ်ထဲမှ ဆက်လက် ရေရွတ်လိုက်သည်။
[အော်...ဒါနဲ့ အခု လန်ရွှယ်လည်း ကိုယ်ဝန်ပျက်ကျသွားပြီဆိုတော့ ဇာတ်ကြောင်းက ဒီလောက်အထိ ပျက်စီးသွားတာ ဆိုးကျိုးတွေများ သက်ရောက်လာမလားပဲ]
‘ဇာတ်ကြောင်း ဟုတ်လား’
ကုရှီချန်းသည် ယဲ့ယီ၏ အတွေးထဲမှ စကားများ၏ အဓိပ္ပာယ်ကို စတင်စဉ်းစားနေမိတော့၏။
ယဲ့ယီသည် သူ မသိရှိသော အရာများကို သိနေပုံရသည်ဟု သူ အမြဲ ခံစားမိသည်။
ထို့အပြင် ယဲ့ယီသည် ကိစ္စတစ်ခု၏ အမှန်တရားကို စိတ်ထဲမှ ထုတ်ဖော်ပြောပြတော့မည့် အချိန်တိုင်းတွင် သူမ၏ စိတ်ကို ကြားနိုင်စွမ်းမှာ မထင်မှတ်ဘဲ ပျောက်ကွယ်သွားတတ်၏။
[ဒါနဲ့... ကုရှီချန်းက ငါ့ကို စိတ်ဆိုးနေတာလား၊၊ ငါ မေးကြည့်သင့်လား]
ယဲ့ယီသည် ကုရှီချန်း၏ အင်္ကျီအနားစကို ဆွဲလိုက်ပြီးနောက် သူမ၏ ဖုန်းပေါ်တွင် ‘ရှင် စိတ်ဆိုးနေတာလား’ ဟူသော စာသားလေး တစ်ကြောင်းကို ရေးသားလိုက်သည်။
ကုရှီချန်းသည် ယဲ့ယီကို ကြည့်လိုက်သည်။
“မင်း ဘယ်လိုထင်လို့လဲ”
ယဲ့ယီ၏ ဖုန်းပေါ်တွင် နောက်ထပ် စာတစ်ကြောင်း ထပ်ရိုက်လိုက်ပြန်သည်:
‘ကျွန်မထင်တာတော့ ရှင် စိတ်ဆိုးနေတယ် ထင်တာပဲ’
[ဒါပေမဲ့ ရှင် ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ၊ ကျွန်မအတွက် စိုးရိမ်နေလို့များလား၊ မဖြစ်နိုင်ပါဘူး]
ကုရှီချန်းသည် ယဲ့ယီနှင့် နီးကပ်စွာ တိုးကပ်လိုက်ပြီး သူမကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“မင်းက မင်းရဲ့ လုံခြုံရေးကို အလေးမထားလို့ ကိုယ်က စိတ်ဆိုးနေတာ။ မင်း ထိခိုက်ဒဏ်ရာရတာမြင်ရင် ကိုယ် အရမ်းစိုးရိမ်မိတယ်”
ယဲ့ယီသည် ကုရှီချန်း၏ အကြည့်များကို မသိစိတ်ဖြင့် ရှောင်ဖယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ခေါင်းကို လှည့်လိုက်သည်နှင့် လည်ပင်းမှ ဒဏ်ရာကို သွားထိမိပြီး နာကျင်လွန်းသဖြင့် အသံထွက်သွားရတော့၏။
[ဘုရားရေ... ငါ့လို နန်းတွင်းသူလေးကို သတ်နေတာပဲ]
ကုရှီချန်းသည် ယဲ့ယီတစ်ယောက် ထပ်မလှုပ်ရှားနိုင်စေရန် သူမ၏ ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခေါင်းကို ငြိမ်နေအောင် ထိန်းထားပေးလိုက်၏။ ဤလုပ်ရပ်ကြောင့် နှစ်ဦးသားကြားရှိ အကွာအဝေးမှာ အလွန် နီးကပ်သွားခဲ့ပြီး ယဲ့ယီသည် ကုရှီချန်း၏ မျက်တောင်များကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
ထိုမျှ ခန့်ညားလှပသော မျက်နှာကို ကြည့်ရင်း ယဲ့ယီ၏ မျက်နှာမှာ ဖြည်းဖြည်းချင်း နီမြန်းလာတော့၏။ သူမသည် ခေါင်းကို လွှဲဖယ်ချင်သော်လည်း ကုရှီချန်း၏လက်ထဲတွင် အကိုင်ခံထားရသဖြင့် သူ့ကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေရတော့သည်။
ကုရှီချန်း၏အမြင်တွင်မူ ယဲ့ယီ၏ မျက်နှာလေးကို လက်ဖြင့် ကိုင်ထားစဉ် သူမ၏ သိပ်ပြီး ဉာဏ်မရှိပုံရသော အမူအရာလေးမှာ အူကြောင်ကြောင်နှင့် ချစ်စရာ ကောင်းနေတော့သည်။ ကုရှီချန်းသည် မသိစိတ်မှ ပြုံးလိုက်မိသည်။
ထိုအပြုံးကြောင့် ယဲ့ယီမှာ လုံးဝ ဆွံ့အသွားရတော့သည်။
[အား... အရမ်းချောတာပဲ]
နောက်တစ်စက္ကန့်တွင် ကုရှီချန်း၏အပြုံးမှာ ပျောက်ကွယ်သွားပြီး ယခင်ကကဲ့သို့ အေးစက်သော အမူအရာ ပြန်လည်ရောက်ရှိလာကာ ယဲ့ယီ၏ မျက်နှာပေါ်မှ သူ့လက်များကို ဖယ်လိုက်တော့သည်။
“မင်းရဲ့ ဒဏ်ရာက ပတ်တီးစည်းထားကာစပဲ ရှိသေးတာ။ လျှောက်မလှုပ်နဲ့”
ယဲ့ယီသည် စောနက ကုရှီချန်း၏ အပြုံးကို ပြန်လည် မြင်ယောင်နေမိ၏။ ထိုအပြုံးတစ်ချက်က သူမ စိတ်ဝိညာဉ်ကိုပင် ဆွဲယူသွားလုနီးပါး ဖြစ်ခဲ့ရလေ၏။
[လူတွေ အများကြီးက ကုရှီချန်းကို လက်ထပ်ချင်နေကြတာ မဆန်းပါဘူး၊ ခုနက အပြုံးက ငါ့လို နန်းတွင်းသူလေးရဲ့ ဝိညာဉ်ကိုတောင် လုယူသွားတော့မလို့]
ကုရှီချန်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ယဲ့ယီ၏ စိတ်ကို မည်သို့ ဖမ်းစားရမည်ကို နားလည်သွားခဲ့သည်။
လက်ဆောင်ပေးခြင်းသည် အလုပ်မဖြစ်ပါက သူ့ဆွဲဆောင်မှုကိုသာ အသုံးချရပေတော့မည်။
အမှန်စင်စစ် ကုရှီချန်းသည် သူတစ်ပါးကို ဆွဲဆောင်ရန် သူ၏ရုပ်ရည်ကို အသုံးချရသည့်အပေါ် အထင်အမြင်သေးသူ ဖြစ်သော်လည်း ယခုလေးတင် ယဲ့ယီ၏ သွားရည်ကျလုမတတ် ဖြစ်နေသော မျက်နှာအမူအရာလေးကို မြင်လိုက်ရသဖြင့် ဤနည်းလမ်းက ထိရောက်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
ထို့အပြင် အင်တာနက် အသုံးပြုသူများက ဇနီးသည်ကို လိုက်ပိုးရန်အတွက် ရှက်ကြော ဖြတ်ထားရမည်ဟု ဆိုကြသည်မဟုတ်လော။
သူ့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် ရုပ်ရည်ကို အသုံးချရခြင်းသည် ဘာများ ထိခိုက်စရာ ရှိမည်နည်း။ နောက်ဆုံးတွင်လည်း သူမသည် ဤချောမောသောရုပ်ရည်ကို အမြဲ ကြည့်ရှုရမည့်တစ်ဦးတည်းသောသူ မဟုတ်လော။
ထိုအချိန်တွင် ယဲ့ယီသည် စောနက သူမ အမူအရာကြောင့် သူမသည် ချောမောသော ယောက်ျားကို မြင်ပါက သွားရည်ကျတတ်သူ ဖြစ်ကြောင်း ပေါ်လွင်သွားသည်ကို လုံးဝ မသိရှိရှာပေ။
ကုရှီချန်းသည် ညလုံးပေါက် ယဲ့ယီနှင့်အတူ ရှိနေပေးခဲ့ပြီး နောက်တစ်နေ့တွင် ငှားရမ်းထားသော သူနာပြု ရောက်ရှိလာမှသာ ဆေးရုံမှ ထွက်ခွာခဲ့တော့သည်။
ကုရှီချန်းသည် ယဲ့ယီကို ကိုယ်တိုင် ကိုယ်ကျ ဂရုစိုက်ချင်သော်လည်း ကုမ္ပဏီတွင် မကြာသေးမီက နိုင်ငံရပ်ခြားမှ အော်ဒါအကြီးကြီးတစ်ခုကို လက်ခံရရှိထားသဖြင့် သူ ကိုယ်တိုင် သွားရောက် ကိုင်တွယ်ရန် လိုအပ်နေသေး၏။
ကုရှီချန်း ထွက်သွားပြီးနောက် ယဲ့ယီသည် စားပွဲပေါ်ရှိ ဆန်ပြုတ်ကို ကြည့်ရင်း သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် နာကျင်သွားဟန်ရသည်။ ဒဏ်ရာ ပြန်မပျောက်မချင်း သူမသည် ဤသို့သော အရည်စာများကိုသာ စားရမည်ဖြစ်ပြီး အရသာမှာလည်း ပေါ့ရွှတ်လွန်းသည်။
သူမ၏ ဘဝမှာ အမှန်တကယ်ပင် သနားစရာ ကောင်းကြောင်း ခံစားလိုက်ရသည်။
ယဲ့ယီ ဆန်ပြုတ် သောက်ပြီးနောက်တွင် နန်ချင်ဝမ် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း သူမ တစ်ယောက်တည်း ရောက်လာခြင်း မဟုတ်ဘဲ တုန်မင်ရွှမ်လည်း နောက်ကနေ ပါလာခဲ့သည်။
“စိတ်မပူပါနဲ့၊ ဒီကိစ္စက အင်တာနက်ပေါ်ကို လုံးဝ ပေါက်ကြားသွားမှာ မဟုတ်ဘူး။ နင် ကုမ္ပဏီကို မလာတာ သိတော့ မင်ရွှမ်က အကြောင်းရင်းကို မရမက မေးနေတာနဲ့ ငါလည်း သူ့ကိုပါ ခေါ်လာလိုက်ရတာ”
မူလက နန်ချင်ဝမ်သည် ဤကိစ္စကို မည်သူကိုမှ မသိစေချင်သော်လည်း ကံမကောင်းစွာ တုန်မင်ရွှမ်၏ အတင်းအဖျင်း အနံ့ခံနိုင်စွမ်းမှာ အလွန်ပင် ထက်မြက်လွန်းနေခဲ့သည်။
တုန်မင်ရွှမ်သည် သစ်သီးခြင်းကို စားပွဲပေါ်တင်လိုက်ပြီး ကုတင်ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။
“အစ်မယဲ့၊က တကယ်ပဲ သတ္တိရှိလွန်းတယ်။ အခုကစပြီး ကျွန်တော့်ရဲ့ အိုင်ဒေါပဲ”
ယဲ့ယီမှာ စကားမပြောနိုင်သဖြင့် သူ့ကို အကြည့်တစ်ချက်သာ ပေးလိုက်ရတော့သည်။
“အစ်မယဲ့၊ ပန်းသီးစားမလား ၊ကျွန်တော် တစ်လုံး အခွံနွှာပေးမယ်လေ”
တုန်မင်ရွှမ်သည် ပန်းသီးတစ်လုံးကို ကိုင်ကာ ယဲ့ယီကို အလွန်ပင် ဂရုတစိုက် မေးလိုက်လေ၏။
ယဲ့ယီသည် သူ့ကို အကြည့်တစ်ချက် ထပ်ပေးလိုက်ပြီး ဖုန်းကို ထုတ်ကာ စာရိုက်လိုက်တော့၏။
‘အစ်ကိုကြီး၊ ကျွန်မရဲ့ အခုပုံစံက တစ်ခုခု စားနိုင်တဲ့ ပုံစံပေါက်နေလို့လား’
ယဲ့ယီသည် ဖုန်းကို တုန်မင်ရွှမ်၏ မျက်နှာရှေ့တည့်တည့်သို့ ထိုးပြလိုက်လေသည်။
တုန်မင်ရွှမ်သည် ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပြီးနောက် ယဲ့ယီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိသည်။
“အစ်မယဲ့ အ၊သွားတာလား”
ယဲ့ယီသည် သူမ၏ စကားမပြောနိုင်မှုကို မည်သည့် အမူအရာဖြင့် ဖော်ပြရမည်မှန်း မသိတော့သဖြင့် နန်ချင်ဝမ်ကိုသာ ကြည့်လိုက်ပြီး ထိုလူ ‘အ’ကို ရှင်းပြပေးရန် အကူအညီ တောင်းလိုက်ရတော့၏။
သို့မဟုတ်ပါက ဤလူမှာ သူမကို ‘အ’သွားပြီဟု ထင်နေတော့မည်။
နန်ချင်ဝမ်က သက်ပြင်းချကာ ရှင်းပြလိုက်လေ၏။
“မင်းရဲ့ အစ်မယဲ့က အခု ဒဏ်ရာရထားလို့လေ။ စကားပြောရင် ဒဏ်ရာကို ပိုထိခိုက်မှာစိုးလို့ မပြောတာ။ သူ ‘အ’သွားတာ မဟုတ်ပါဘူး”
တုန်မင်ရွှမ်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ မ’အ’သွားတာ တော်သေးတာပေါ့။ နောင်ကျရင် အစ်မယဲ့ရဲ့ သာယာတဲ့ သီချင်းသံတွေကို မကြားရတော့မှာ စိုးရိမ်နေတာ”
ယဲ့ယီ: ဝေါ့
“ဩော်... ဒါနဲ့ အစ်မယဲ့၊ ကျွန်တော် သွမ့်ဟွေကျိုရဲ့ အကြောင်းတွေကို တူးထားတာ ရှိတယ်”
နန်ချင်ဝမ် တုန်မင်ရွှမ်ကို တအံ့တဩ ကြည့်လိုက်၏။
‘သူ ဒီအကြောင်းကို သိရတာ တစ်နာရီ နှစ်နာရီပဲ ရှိသေးတာ မဟုတ်လား။ သူက သတင်းတွေတောင် တူးထုတ်နေပြီလား’
နန်ချင်ဝမ်၏ အံ့သြနေသော အကြည့်ကို မြင်သောအခါ တုန်မင်ရွှမ် အလွန်ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“အမှန်တော့ ကျွန်တော် သွမ့်ဟွေကျို အကြောင်းကို အရင်ကတည်းက နည်းနည်းပါးပါး သိထားတာပါ။ ဒါပေမဲ့ ဘာမှ မဖြစ်သေးတော့ အစ်မတို့ကို မပြောပြဖြစ်တာ။ အစ်မချင်ဝမ်က ကျွန်တော့်ကို ဒီအကြောင်း ပြောပြတော့မှပဲ ဂရုထဲမှာ သွားမေးကြည့်လိုက်တာ။ အဲဒီတော့မှ သွမ့်ဟွေကျိုနဲ့ အစ်မချင်ဝမ်တို့ ကွာရှင်းပြီးနောက် ဖြစ်ခဲ့သမျှ အကုန်လုံးကို သိလိုက်ရတာပဲ”
ယဲ့ယီသည် တုန်မင်ရွှမ်ကို စိတ်ထဲမှ လက်မထောင်ပြလိုက်မိ၏။
‘မင်းကတော့ အတင်းအဖျင်း တူးတဲ့နေရာမှာ တကယ့်ကို ပရော်ဖက်ရှင်နယ်ပါပဲ’
“ဟို ဖျော်ဖြေရေး အစီအစဉ်ပြီးကတည်းက သွမ့်ဟွေကျိုကို ‘ဟိုင်ထျန်းဖျော်ဖြေရေး’ ကနေ ပစ်ထားလိုက်တာ။ ကြားရသလောက်တော့ ချန်ထျန်မင်းက အမိန့်ပေးထားတာတဲ့။ သွမ့်ဟွေကျိုနဲ့ လန်ရွှယ်တို့ကြားက အဲဒီကိစ္စကြောင့် ဖြစ်လိမ့်မယ်”
ချန်ထျန်မင်းသည် သွမ့်ဟွေကျိုကို ပိတ်ဆို့လိုက်သည့် ဆုံးဖြတ်ချက်အပေါ် နန်ချင်ဝမ်ရော ယဲ့ယီပါ အံ့သြခြင်း မရှိကြပေ။ သွမ့်ဟွေကျိုသည် ထိုအစီအစဉ်တွင် လူအများရှေ့၌ မိုက်ရူးရဲဆန်သော လူတစ်ယောက်ကဲ့သို့ အကြိမ်ကြိမ် ပြုမူခဲ့သည် မဟုတ်လော။ ချန်ထျန်မင်းအနေဖြင့် အဘယ်ကြောင့် သူ့ကို သည်းခံနိုင်မည်နည်း။
“ပြီးတော့ ချန်ထျန်မင်းက သွမ့်ဟွေကျိုကို ဒီအတိုင်း ပိတ်ဆို့ထားရုံတင် မဟုတ်ဘူး၊ တခြားတစ်ခုလည်း လုပ်ထားသေးတယ်။ ဘာဖြစ်မလဲ ခန့်မှန်းကြည့်မလား”
တုန်မင်ရွှမ်က လျှို့ဝှက်ချက် တစ်ခုလို ဟန်လုပ်ကာ မေးလိုက်လေ၏။
ယဲ့ယီသည် ခန့်မှန်းချင်သော်လည်း ယခုအချိန်တွင် သူမ စကားမပြောနိုင်ပေ။ အတင်းအဖျင်းသတင်းကို နားထောင်နေရသော်လည်း အတူတူ ဆွေးနွေးခွင့်မရခြင်းမှာ တကယ်ပင် ခံရခက်လှသည်။
ကံကောင်းထောက်မစွာ နန်ချင်ဝမ် က တုန်မင်ရွှမ်နှင့် အပေးအယူလုပ်ကာ မေးလိုက်သည်။
“ဘာလဲ”
တုန်မင်ရွှမ် က အသံကို နှိမ့်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“ချန်ထျန်မင်းက လူတစ်ယောက်ကို လွှတ်ပြီး သွမ့်ဟွေကျိုကို တိတ်တဆိတ် မူးယစ်ဆေး ထိုးခိုင်းခဲ့တာ။ နောက်ပိုင်းကျတော့ သွမ့်ဟွေကျို မူးယစ်ဆေး ဝယ်ဖို့အတွက် ငွေတိုးချီးစားတဲ့သူတွေဆီမှာ ပိုက်ဆံသွားချေးခဲ့ပုံပဲ”
ယခုအခါတွင် သွမ့်ဟွေကျို အဘယ်ကြောင့် အသက်ကို အရင်းပြုပြီး ယဲ့ယီကို ပြန်ပေးဆွဲခဲ့သည့် အကြောင်းရင်းကို တွေ့ရှိသွားလေပြီ။
သူ ဘာကြောင့် သိန်းနှစ်ထောင်ကို ချက်ချင်း တောင်းရသည်မှာလည်း မဆန်းတော့ပေ။
ငွေတိုးချီးစားသူများမှာ အတိုးပေါ် အတိုးဆင့်တတ်သဖြင့် ရက်အနည်းငယ်အတွင်းမှာပင် မိသားစုတစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည်။
ချန်ထျန်မင်းသည် အတော်လေး ရက်စက်လွန်းသည်။ သူသည် သစ္စာရှိသော ဒုတိယမင်းသားတစ်ယောက်ကို ထိုကဲ့သို့ ဖျက်ဆီးလိုက်လေပြီ။
ဝတ္ထုထဲတွင် သွမ့်ဟွေကျို၏ ဇာတ်သိမ်းမှာ အတော်ပင် ကောင်းမွန်ခဲ့သည်။ နန်ချင်ဝမ်နှင့် ကွာရှင်းပြီးနောက် သူသည် လန်ရွှယ်ကို တိတ်တဆိတ် အမြဲ ကာကွယ်ပေးခဲ့သည်။
လန်ရွှယ်နှင့် ချန်ထျန်မင်းတို့ ရန်ဖြစ်သည့် အခါတိုင်းလည်း ဇာတ်လိုက်မင်းသမီးကို အရင်ဆုံး နှစ်သိမ့်ပေးသူ ဖြစ်ခဲ့၏။ သူသည် ဇာတ်လိုက်မင်းသမီး၏ သစ္စာရှိသော နောက်လိုက်ခွေးလေးဟုပင် တင်စားနိုင်သည်။
လန်ရွှယ် ကလေး မွေးဖွားပြီးနောက် သူတို့သည် သွမ့်ဟွေကျိုကိုပင် ကလေး၏ စောင့်ရှောက်သူ အဖြစ် သတ်မှတ်ပေးခဲ့ကြသေး၏။
နောက်ဆုံးတွင် သူသည် ချမ်းသာသော သူဌေးသမီးတစ်ဦးနှင့် လက်ထပ်လိုက်ကာ ကိုယ်ပိုင် ဖျော်ဖြေရေး ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပြီး အချစ်ရေးရော အသက်မွေးဝမ်းကြောင်းပါ အောင်မြင်မှုများ ရရှိခဲ့လေသည်။
သို့သော်လည်း သွမ့်ဟွေကျို၏ ယခုကံကြမ္မာနှင့် ပတ်သက်၍ ယဲ့ယီ လုံးဝ သနားစိတ် မရှိပေ။ ဤသည်မှာ သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ဟုသာ သူမ ခံစားရသည်။
အခန်း (၁၄၆)
ပရိယာယ်စကားများဖြင့် ပစ်မှတ်ထားခံရခြင်း
“ဒါဆိုရင် သူ့ကို ထောင်ထဲမှာ နှစ်အတော်ကြာ ထည့်ဖို့ လုံလောက်ပြီပေါ့နော်”
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို တတ်နိုင်သမျှ နှစ်ရှည်လများ ပြစ်ဒဏ်စီရင်ခံစေလိုသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိတိုင်း သူမမှာ ထိတ်လန့်တုန်လှုပ်နေဆဲပင်။
တုန်မင်ရွှမ်သည် ပန်းသီးတစ်လုံးကို အခွံနွှာ၍ နန်ချင်ဝမ်ကို ပေးပြီးနောက် သူ့အတွက်လည်း နောက်တစ်လုံး အခွံနွှာလိုက်သည်။
ယဲ့ယီမှာမူ သူတို့စားနေသည်ကို ကြည့်ရင်း တံတွေးကိုသာ တိတ်တဆိတ် မြိုချနေရရှာ၏။
တုန်မင်ရွှမ်သည် ပန်းသီးကို စားရင်း လန်ရွှယ်နှင့် ချန်ထျန်မင်းတို့အကြောင်းကို ယဲ့ယီနှင့် နန်ချင်ဝမ်အား ဆက်လက်ပြောပြခဲ့သည်။
“လန်ရွှယ် ကလေး ပျက်ကျ ပြီးတဲ့နောက်မှာ ချန်ထျန်မင်းက ချန်ဟောင်ယုကို သူ့အမေရဲ့ ကျောက်တိုင် ရှေ့မှာ ကျောင်းဆင်းတိုင်း တစ်နာရီကြာ ဒူးထောက်နေခိုင်းပြီး အပြစ်ပေးခဲ့တာတဲ့။ အဲဒါကို လျုံမိသားစုက လူကြီးနှစ်ယောက် ဘယ်လို သိသွားလဲမသိဘူး၊ ချန်ဟောင်ယုကို လျုံမိသားစုဆီ ပြန်ခေါ်သွားကြတယ်လေ”
ယဲ့ယီသည် တုန်မင်ရွှမ်၏ သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းကို ယခင်ကထက်ပင် ပို၍ အံ့ဩမိသွားသည်။
‘တစ်ခြားဟာတွေ ထားလိုက်ဦး၊ သူများရဲ့ အိမ်တွင်းရေး ကိစ္စတွေကို ဘယ်လိုများ စုံစမ်းခဲ့တာလဲမသိဘူး’
ယဲ့ယီသည် သူမ၏ဖုန်းပေါ်တွင် စာတစ်ကြောင်း ရိုက်နှိပ်လိုက်၏။
“ဒါတွေကို နင် ဘယ်လိုသိတာလဲ”
တုန်မင်ရွှမ် က သူ၏ WeChat ကို ဖွင့်ပြလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလေ၏။
“ကျွန်တော့်ရဲ့ အွန်လိုင်းသူငယ်ချင်း တစ်ယောက်က သူဌေးမိသားစုဝင်ပဲ။ သူက ဒါတွေအားလုံးကို ပြောပြတာ”
ထိုသို့ပြောပြီးနောက် ယဲ့ယီနှင့် နန်ချင်ဝမ်တို့ အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် သူသည် အမြန်ပင် ဖြည့်စွက်ပြောကြားလိုက်သည်။
“သိပ်ပြီး အများကြီး မတွေးကြပါနဲ့ဦး။ ကျွန်တော်က သူနဲ့ သိပ်ရင်းနှီးတာ မဟုတ်ပါဘူး၊ အတင်းတွေပဲ ခဏခဏ မျှဝေဖြစ်ကြတာပါ”
ယဲ့ယီနှင့် နန်ချင်ဝမ်တို့သည် ခဏတာ ဘာပြောရမှန်း မသိဖြစ်သွားကြသည်။ သူမတို့သည် ထူးထူးခြားခြား တွေးတောနေခြင်း မဟုတ်ပေ။
သို့သော်လည်း လူတစ်ယောက်သည် အတင်းအဖျင်း သတင်းတစ်ခု အတွက်နှင့် အလွန်ကြိုးစားအားထုတ်ခဲ့သည်ကို သူမတို့ မျက်မြင်ကိုယ်တိုင် ကြုံတွေ့လိုက်ရသည်။
နန်ချင်ဝမ်နှင့် တုန်မင်ရွှမ်တို့သည် ဆေးရုံတွင် ယဲ့ယီနှင့်အတူ တစ်နာရီခန့် နေပြီးနောက် ပြန်သွားကြလေသည်။
ယခုအခါ ယဲ့ယီမှာ ဒဏ်ရာရထားသဖြင့် ကုမ္ပဏီကိစ္စရပ် အားလုံးကို နန်ချင်ဝမ်ကသာ တာဝန်ယူ ကိုင်တွယ်နေရသည်။
ဆေးရုံတွင် နှစ်ရက်ကြာ နေထိုင်ပြီးနောက် ယဲ့ယီ၏ အတင်းအကြပ် တောင်းဆိုမှုကြောင့် နောက်ဆုံးတွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့တော့သည်။
သို့သော်လည်း သူမသည် ကုမိသားစု ဗီလာသို့သာ ပြန်ရောက်သွား၏။
ယဲ့ယီမှာ ဒဏ်ရာရထားပြီး သူမ ဗီလာတွင်လည်း ပြုစုစောင့်ရှောက်မည့် အစေခံများ မရှိသဖြင့် ကုရှီချန်းသည် သူမကို ကုမိသားစု ဗီလာသို့ အတင်းအကျပ် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ယဲ့ယီသည် မူလက ငြင်းဆန်လိုသော်လည်း ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုရှီချန်းသည် နန်ချင်ဝမ်တို့ သားအမိကို အခြားဗီလာတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ပေးခဲ့သည်။
ယဲ့ယီသည်လည်း ထိုနေရာတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သဖြင့် အိမ်အသစ်တစ်လုံး ထပ်မံဝယ်ယူရန် လိုအပ်နေခဲ့သည်။
ယဲ့ယီမှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကုရှီချန်း နောက်သို့ လိုက်လာကာ ကုအိမ်တော်သို့ ပြန်လာခဲ့ရတော့သည်။
သို့သော်လည်း အိမ်တံခါးကို တွန်းဖွင့်လိုက်သည့်အခါတွင် ယဲ့ယီရော ကုရှီချန်းပါ မှင်တက်သွားကြလေ၏။
ကုမိသားစု ဧည့်ခန်းထဲတွင် သက်ကြီးပိုင်း အမျိုးသမီးကြီး တစ်ဦးနှင့် အလွန်နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် အမျိုးသမီးငယ်ကလေး တစ်ဦးတို့ ထိုင်နေကြသည်။
အမျိုးသမီးကြီး၏ ဘေးတွင် ထိုင်နေသော ကုစဲ့သည် ယဲ့ယီကို မြင်မြင်ချင်း ချက်ချင်း ပြေးဖက်ချင်သော်လည်း အမျိုးသမီးကြီး၏ အကြည့်များအောက်တွင် သူ့သတ္တိများ ပျောက်ဆုံးသွားရတော့၏။
ယဲ့ယီလည်း သူမရှေ့မှ လူနှစ်ဦးသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို သိလိုစိတ် ပြင်းပြနေစဉ်မှာပင် ကုရှီချန်းက ထိုအမျိုးသမီးကြီးကို လှမ်းခေါ်လိုက်၏။
“မေမေ”
ထိုအခါမှသာ ယဲ့ယီသည် ထိုအမျိုးသမီးကြီးမှာ ပြည်ပတွင် နေထိုင်နေသော ကုရှီချန်း၏ မိခင်ဖြစ်ကြောင်း သိရှိလိုက်ရတော့သည်။
[ဒီအမျိုးသမီးကြီးက ကုရှီချန်းရဲ့ အမေဆိုရင် သူ့ဘေးမှာ ထိုင်နေတဲ့သူက သူ့အမေ သဘောကျနေတဲ့ ချွေးမလောင်း ဖြစ်ရမယ်]
ယဲ့ယီ ခန့်မှန်းချက်မှာ ကွက်တိပင် မှန်ကန်သွားသည်ဟု ဆိုရလေမည်။
အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်မှာပင် ထိုမိန်းကလေးသည် ရှေ့တိုးလာကာ ကုရှီချန်းကို နှုတ်ဆက်လိုက်လေ၏။
“အာချန်း... မတွေ့တာ ကြာပြီနော်”
သူမသည် ယဲ့ယီကို လုံးလုံး လျစ်လျူရှုထားသည်။
[ဒီဇာတ်ကွက်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ]
ဇာတ်ကွက်ကို ရင်းနှီးသည်ဟု ခံစားနေရသည်မှာ ယဲ့ယီတစ်ယောက်တည်း မဟုတ်ပေ။
ဇနီးဟောင်းကို ပြန်လည် ရယူရန်အတွက် စီအီးအို ဝတ္ထုများစွာကို ဖတ်ရှုထားခဲ့သည့် ကုရှီချန်းလည်း ဤမြင်ကွင်းမှာ ဝတ္ထုများထဲမှ အခန်းဖြစ်နေကြောင်း သတိပြုမိ၏။
ယဲ့ယီသည်လည်း ဤအချိန်တွင် ဆက်မနေသင့်မှန်း ခံစားရသဖြင့် ချက်ချင်းပင် ထွက်ခွာရန် ပြင်လိုက်တော့သည်။
[ဒီနန်းတွင်းသူကတော့ ရှင်တို့ရဲ့ ချမ်းသာတဲ့ မိသားစုထဲက ယောက္ခမနဲ့ ချွေးမ အရှုပ်တော်ပုံထဲမှာ မပါချင်ဘူး။ ကျွန်မ သွားပြီ]
သို့သော်လည်း ကုရှီချန်း ယဲ့ယီကို လမ်းပိတ်လိုက်၏။
“ကိုယ် မင်းကို လိုက်ပို့ပေးမယ်”
ထိုသို့ပြောပြီးနောက် သူသည် ယဲ့ယီ လက်ကို ဆွဲကာ ထွက်ခွာရန် ရည်ရွယ်လိုက်သည်။
ယဲ့ယီသည် စိတ်ထဲတွင် မကျေနပ်သော လေသံဖြင့် ညည်းညူမိလိုက်သည်။
[ကျွန်မဘာသာ သွားနိုင်ပါတယ်၊ ကျေးဇူးပြုပြီး လိုက်မပို့ပါနဲ့။ ရှင်သာ လိုက်ပို့ရင် သူတို့က ကျွန်မကို သေအောင် မုန်းကြတော့မှာ]
ရူသိုက်ဝိန်သည် ယဲ့ယီကို ယခုမှ သတိထားမိသလိုဖြင့် ကုရှီချန်းကို ပြုံးလျက် မေးလိုက်လေသည်။
“အာချန်း၊ ဒါ နင့်ရဲ့ ဇနီးဟောင်းလား”
[အစ်မရယ်... ဟန်ဆောင်မနေပါနဲ့တော့။ အစ်မရဲ့ မျက်လုံးတွေက ကျွန်မကို အပိုင်းပိုင်း ပိုင်းဖြတ်တော့မယ့် ဓားမြှောင်တွေလိုပဲ။ ပြီးတော့ ‘ဇနီးဟောင်း’ ဆိုတဲ့ စကားလုံးကိုလည်း အဲဒီလောက် အလေးပေး ပြောနေစရာ မလိုပါဘူး၊ ကုရှီချန်းနဲ့ ကွာရှင်းပြီးသားဆိုတာ ကျွန်မ သိပါတယ်]
ကုရှီချန်းသည် ‘ဓားမြှောင်’ ဟူသော စကားလုံးကိုသာ ကြားလိုက်ရသဖြင့် မသိစိတ်မှ ယဲ့ယီကို သူ့နောက်တွင် ကာကွယ်ပေးလိုက်သည်။
ဤကဲ့သို့ ကာကွယ်ပေးသော အမူအရာကြောင့် ရူသိုက်ဝိန်၏ မျက်နှာအမူအရာမှာ ပို၍ ဆိုးရွားသွားလေ၏။သို့သော်လည်း သူမသည် ချက်ချင်းပင် ပြန်လည် စနောက်လိုက်လေ၏။
“အာချန်း၊ ငါ သူ့ကို တစ်ခုခု လုပ်မှာ စိုးရိမ်နေတာလား”
“ဟုတ်တယ်”
ကုရှီချန်း၏ ရိုးရှင်းသော ဟုတ်တယ် ဟူသည့် စကားတစ်ခွန်းမှာ ရူသိုက်ဝိန်ကို လုံးဝ ဆွံ့အသွားစေ၏။
ကုရှီချန်းသည် ထိုကဲ့သို့ တိုက်ရိုက် ဝန်ခံလိမ့်မည်ဟု သူမ မျှော်လင့်မထားချေ။ထို့ကြောင့် လေထုမှာ အနည်းငယ် နေရခက်သွားသည်။
[ဒါက ဘယ်လို တုံ့ပြန်မှုကြီးလဲ၊ ဇာတ်လမ်းအရဆိုရင် သူ့ကို နှစ်သိမ့်ပေးပြီး ကိုယ်ဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူးလို့ ပြောရမှာ မဟုတ်ဘူးလား၊ ဘာလို့ တိုက်ရိုက်ကြီး ဝန်ခံလိုက်ရတာလဲ]
ယဲ့ယီမှာ ရယ်ချင်နေသော်လည်း ဒဏ်ရာ ပွင့်သွားမည်ကို စိုးရိမ်သဖြင့် အတင်းအကြပ် အောင့်အည်းထားရလေသည်။
သို့သော်လည်း ထိုအချိန်တွင် ဆိုဖာပေါ်တွင် စကားမပြောဘဲ ထိုင်နေသော မိခင်ကြီးကု သည် နောက်ဆုံးတွင် စကားစလိုက်သည်။
“သူ ပြန်မယ်ဆိုရင်တောင် ညစာစားပြီးမှ ပြန်ပေါ့။ ဧည့်သည်ကို ထိုင်တောင် မထိုင်ခိုင်းဘဲ ပြန်လွှတ်လိုက်လို့ ရပါ့မလား”
ယဲ့ယီသည် ဤမိခင်ကြီးကလည်း သူမကို ပရိယာယ်စကားများဖြင့် ပစ်မှတ်ထားနေကြောင်း သိလိုက်ရ၏။
[ဒီစကားရဲ့ အဓိပ္ပာယ်က ငါက အပြင်လူတစ်ယောက်ပဲ လို့ ပြောနေတာ မဟုတ်လား]
မိခင်ကြီးကုသည် ထိုသို့ ပြောဆိုလာသဖြင့် ကုရှီချန်းမှာလည်း ယဲ့ယီကို လွယ်လွယ်နှင့် ခေါ်ထုတ်မသွားနိုင်တော့ပေ။ သူသည် ယဲ့ယီကို ဘေးတွင် ထိုင်ခိုင်းရန်သာ ရှိတော့သည်။
လေထုမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ယဲ့ယီသည် ဤအခိုက်အတန့်တွင် သူမ လည်ပင်းမှ ဒဏ်ရာကို အလွန်ပင် ကျေးဇူးတင်နေမိသည်။ သို့မဟုတ်ပါက ဤယောက္ခမဟောင်းနှင့် မည်သို့ ဆက်သွယ်ပြောဆိုရမည်ကို သူမ တကယ်မသိပေ။
ယခင်က သူမနှင့် ကုရှီချန်းတို့ လက်ထပ်စဉ်အခါက မည်သည့် မင်္ဂလာပွဲ အခမ်းအနားမျှ မရှိခဲ့ဘဲ လက်ထပ်စာချုပ်ကိုသာ မှတ်ပုံတင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤယောက္ခမဟောင်းသည် သူမကို သဘောကျလိမ့်မည် မဟုတ်ကြောင်း ယဲ့ယီ ခံစားမိနေသည်။
သို့သော် ယခုအခါ သူမနှင့် ကုရှီချန်းမှာ ကွာရှင်းပြီးသား ဖြစ်သဖြင့် သူမ သဘောကျသည် မကျသည်မှာ အရေးမကြီးတော့ပေ။
ကုစဲ့သည် ယဲ့ယီ၏ လည်ပင်းမှ ပတ်တီးကို စိုးရိမ်တကြီး ကြည့်နေလေ၏။ ယဲ့ယီသည် သူမ အဆင်ပြေကြောင်း ပြသရန် သူ့ကို ခေါင်းခါပြလိုက်သည်။
ကုစဲ့သည် ယဲ့ယီထံသို့ လာချင်နေကြောင်း ကုရှီချန်း မြင်တွေ့လိုက်သဖြင့် သူ့ကို ချက်ချင်းပင် ခေါ်လိုက်တော့သည်။
“ရှောင်စဲ့... ဒီကို လာခဲ့”
နောက်ဆုံးတွင် ကုစဲ့၏ဆန္ဒလေး ပြည့်ဝသွားလေသည်။ကုစဲ့သည် ယဲ့ယီနှင့် ကုရှီချန်းတို့ ကြားတွင် ဝင်ထိုင်လိုက်သည်။
သို့သော်လည်း သူ အလွန်ပင် ကြောက်နေဆဲ ဖြစ်သဖြင့် ယဲ့ယီ၏လက်ကိုသာ တိတ်တဆိတ် ဆွဲကိုင်ထားသည်။
“မေမေ... ပြန်လာမှာကို သားကို ဘာလို့ ကြိုမပြောတာလဲ”
မိခင်ကြီးကုသည် သူမ အေးစက်သော အမူအရာကို ဖျောက်ပစ်လိုက်ပြီး ကုရှီချန်းကို ပြုံးပြလိုက်သည်။
“ကုမ္ပဏီမှာ လုပ်စရာတွေ အများကြီး ရှိနေတာပဲ၊ ပြီးတော့ အမေ့မှာ အဖော်လုပ်ပေးဖို့ သိုက်ဝိန်လည်း ရှိနေတာပဲလေ”
ကုရှီချန်းအပေါ် ထားရှိသော မိခင်ကြီးကု၏ သဘောထားကို ကြည့်ရင်း သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထင်သလောက် မဆိုးကြောင်း ယဲ့ယီ သတိပြုမိသွား၏။
[သူတို့ ဆက်ဆံရေးက မဆိုးဘူးဆိုရင် ဘာလို့ အဲ့ဘွားတော်ကြီးက ဒီနှစ်တွေ တစ်လျှောက်လုံး ကုရှီချန်းကို လာမတွေ့တာလဲ]
မိခင်ကြီး၏ ဖော်ပြခြင်းခံရသော ရူသိုက်ဝိန်က ချက်ချင်းပင် ပြုံးလျက် ပြောလိုက်သည်။
“အန်တီကသာ သမီးကို အဖော်လုပ်ပေးနေတာပါ။ အန်တီသာ မရှိရင် သမီးတစ်ယောက်တည်း ပြည်တွင်းကို ပြန်လာရတာ ဘယ်လောက်တောင် အထီးကျန်နေမလဲ မသိဘူး”
သူမ၏ စကားလုံးများမှာ နွေးထွေးနေသော်လည်း ကုရှီချန်းအတွက်မူ မျိုချရခက်ခဲနေ၏။
သူသည် ဤစကားလုံးများကို ဝတ္ထုများထဲတွင် တွေ့ခဲ့ဖူးသည်။ ရူသိုက်ဝေသည် ဝတ္ထုထဲမှ စကားလုံးများကို ရည်ရွယ်ချက်ရှိရှိ ရွတ်ဆိုနေသလားဟုပင် သူ သံသယဝင်မိသည်။
မိခင်ကြီးကု သည် ကုရှီချန်း၏ ထူးဆန်းနေမှုကို သတိမပြုမိဘဲ အတိတ်ကို ရည်ရွယ်ချက်ရှိရှိ ပြန်လည် တမ်းတပြလိုက်လေသည်။
“ပြန်စဉ်းစားကြည့်ရင် မင်းတို့ နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြတာ။ အဲဒီ လက်ထပ်စာချုပ် ဆိုတာကြီးသာ မရှိခဲ့ရင် အမေက မင်းတို့နှစ်ယောက်ကို သဘောတူပေးချင်ခဲ့တာ”
ယဲ့ယီမှာ နောက်တစ်ကြိမ် ပရိယာယ်စကားများ၏ ပစ်မှတ်ဖြစ်သွားရပြန်၏။
[ရှင် ပြောချင်တာက ကျွန်မက သူတို့ရဲ့ မဖြစ်သေးတဲ့ နေနဲ့လ ရွှေနဲ့မြ အိမ်ထောင်ရေးလေးကို ဖျက်ဆီးခဲ့တာပေါ့လေ]