အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း (၁၄၇)
ဒုက္ခလှလှကြီးတစ်ခု
ကုရှီချန်း မျက်မှောင်ကြုတ်လိုက်၏။
“လက်ထပ်စာချုပ် မရှိခဲ့ရင်လည်း ကျွန်တော် သူ့ကို လက်ထပ်မှာ မဟုတ်ဘူး။ သိုက်ဝိန်ကို ကျွန်တော်က အမြဲတမ်း ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တာ”
ကုရှီချန်း၏ စကားများမှာ အလွန်ပင် ရှင်းလင်းပြတ်သားလှသည်။ သူ ယဲ့ယီနှင့် မဆုံတွေ့ခဲ့လျှင်ပင် ရူသိုက်ဝိန်ကို အမှန်တကယ် မချစ်မြတ်နိုးပေ။ ထို့ကြောင့် သူမကို လက်ထပ်ရန်မှာလည်း ပို၍ပင် မဖြစ်နိုင်ချေ။
ကုရှီချန်း၏စကားများကို ကြားလိုက်ရသောအခါတွင် ရူသိုက်ဝိန်သည် အလွန်ပင် နာကျင်ခံစားသွားရသည့်ဟန်ဖြင့် တိတ်ဆိတ်စွာ ခေါင်းငုံ့သွားရှာသည်။
“သိုက်ဝိန်က မင်းကို ငယ်ငယ်လေးကတည်းက သဘောကျခဲ့တာ။ မင်းတကယ်ပဲ သူ့ကို ထည့် မစဉ်းစားပေးတော့ဘူးလား”
မိခင်ကြီးကုသည် ကုရှီချန်းနှင့် ရူသိုက်ဝိန်တို့ကို နေရာချပေးရန် ကြိုးစားနေဆဲပင် ဖြစ်သည်။ ကုရှီချန်းက မသိနားမလည်သော မိန်းကလေးတစ်ဦးနှင့် လက်ထပ်စာချုပ် ချုပ်မည်ဟု ပြောစဉ်ကတည်းက သူမ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူး၏။ အနည်းဆုံးတော့ ရူသိုက်ဝိန်မှာ သူမ ကြည့်ရှုမှုအောက်တွင် ကြီးပြင်းလာသူဖြစ်ရာ ကုရှီချန်းအပေါ် ထားရှိသော ခံစားချက်များမှာလည်း စစ်မှန်သည်။
ရူသိုက်ဝိန်သည် နီရဲနေသော မျက်ဝန်းများဖြင့် ကုရှီချန်းကို ကြည့်ကာ မေးရှာသည်။
“အာချန်း... ငါ နင့်ကို ချစ်လာခဲ့တာ နှစ်တွေ အများကြီး ရှိလှပြီ။ နင် ငါ့ကို နည်းနည်းလေးတောင် မချစ်ဘူးလား”
ယဲ့ယီသည် ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေလေ၏။ အကယ်၍ သူမသာ ယခုအချိန်တွင် စကားပြောနိုင်ပါက ကုရှီချန်းကို ထိုဝန်ခံချက်အား လက်ခံလိုက်ရန် ပြောလိမ့်မိမည်။
မည်သို့ပင်ဆိုစေ ဤကလေးမမှာ သူ့ငယ်သူငယ်ချင်း၊ ချစ်စရာကောင်းသော ညီမလေးတစ်ယောက် မဟုတ်လော။
[ငါသာ ကုရှီချန်းဆိုရင် သဘောတူလိုက်မှာ။ နည်းနည်းလောက် နီရဲနေတဲ့ အဲဒီမျက်ဝန်းတွေကို ကြည့်ပါဦး၊ ဘယ်လောက်တောင် ရင်နာဖို့ကောင်းလိုက်သလဲ]
ယဲ့ယီ၏စိတ်ထဲမှ အတွေးများကို ကြားနေရသော ကုစဲ့ သူဖေဖေ ဤအဒေါ်ကြီးနှင့် အမှန်တကယ် လက်တွဲသွားမည်ကို စိုးရိမ်နေမိသည်။ အကယ်၍ ထိုသို့သာ ဖြစ်လာပါက သူသည် မေမေနှင့် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံနိုင်တော့မည် မဟုတ်ပေ။
ယဲ့ယီသည် သူ့ကို သဘောတူစေချင်နေသည်ကို ကြားလိုက်ရသဖြင့် ကုရှီချန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ထို့နောက် သူသည် ရူသိုက်ဝိန်ကို ကြည့်ကာ ပြတ်ပြတ်သားသား ငြင်းလိုက်၏။
“ငါ့မှာ ချစ်ရတဲ့သူ ရှိနေပြီ”
ကုရှီချန်းမှ ထိုသို့ပြောလိုက်သည်နှင့် မိခင်ကြီးကုရော ရူသိုက်ဝိန်ပါ မသိစိတ်မှ ယဲ့ယီကို လှမ်းကြည့်လိုက်ကြလေ၏။ ယဲ့ယီမှာမူ အာရုံလွင့်နေသဖြင့် ကုရှီချန်း ပြောလိုက်သည်ကို လုံးဝ မကြားလိုက်မိချေ။
သူတို့သည် သူမကို စိုက်ကြည့်နေကြသဖြင့် ယဲ့ယီမှာ အနည်းငယ် ကြောင်သွားသည်။
မိခင်ကြီးကုသည် အသိစိတ်ပြန်ဝင်လာပြီးနောက် အေးစက်စွာဖြင့် မေးလိုက်၏။
“မင်း သူ့ကို ချစ်တယ်ဆိုရင် ဘာလို့ ကွာရှင်းခဲ့ကြတာလဲ”
ကုရှီချန်း၏ ကွာရှင်းမှုသတင်းကို မိခင်ကြီးကုသည် ရူသိုက်ဝိန်ထံမှ သိရှိခဲ့ရခြင်း ဖြစ်သည်။ ရူသိုက်ဝိန်သည် ပြည်ပတွင် ရှိနေသော်လည်း ပြည်တွင်းသတင်းများကို အမြဲတမ်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး အထူးသဖြင့် ကုရှီချန်းနှင့် ပတ်သက်သည့် သတင်းများကို ပို၍ အာရုံစိုက်ခဲ့လေသည်။ သူ ကွာရှင်းလိုက်သည်နှင့် သူမသည် ပြန်လာရန် ဆုံးဖြတ်ခဲ့လေ၏။
“ကျွန်တော်တို့ စလက်ထပ်တုန်းကတော့ တကယ်ပဲ ခံစားချက် မရှိခဲ့ကြပါဘူး၊ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော် သူ့ကို တဖြည်းဖြည်း ချစ်လာခဲ့တယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို မချစ်သေးဘူး။ ဒါကြောင့် ကျွန်တော် အရင်ကွာရှင်းပေးပြီးမှ ပြန်ပြီး လိုက်ပိုးဖို့ ဆုံးဖြတ်ခဲ့တာပါ”
ကုရှီချန်းသည် အခြားအကြောင်းအရာများကို ဖုံးကွယ်ကာ ပြောလိုက်သည်။ အကယ်၍ ယဲ့ယီသည် ယခင်က ကုစဲ့ကို နှိပ်စက်ခဲ့ဖူးကြောင်း မိခင်ကြီးကု သိသွားပါက ယဲ့ယီကို ကုမိသားစုထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။
ယဲ့ယီသည် ကုရှီချန်းက သူမအတွက် ကွာရှင်းခြင်း၏ အမှန်တရားကို ဖုံးကွယ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ နှလုံးသားထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခု ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဒါပေမဲ့ အွန်လိုင်းမှာတော့ ရှင်တို့ ကွာရှင်းတာက သူ ရှောင်စဲ့ကို နှိပ်စက်လို့ဆိုပြီး အားလုံးက ပြောနေကြတာလေ”
ရူသိုက်ဝိန် ရုတ်တရက် ဝင်ပြောလိုက်၏။
ယခုအခါတွင် မိခင်ကြီးကုသည် ယဲ့ယီကို ကြည့်သော အကြည့်များမှာ မဖော်ရွေတော့ပေ။ သူမသည် ကုစဲ့ကို အထူးတလည် မချစ်သော်လည်း ထိုကလေးမှာ အမည်ခံအားဖြင့် ကုမိသားစု၏ သခင်လေးဖြစ်နေဆဲ ဖြစ်ရာ အခြားသူများက သူ့ကို အနိုင်ကျင့်ခြင်းကို သူမ ခွင့်မပြုနိုင်ပေ။
ထိုအချိန်မှာပင် ကုစဲ့ ဝင်ပြောလိုက်လေ၏။
“မေမေက သားကို မနှိပ်စက်ပါဘူး။ အွန်လိုင်းမှာ ပြောနေတာတွေ အားလုံးက အလိမ်အညာတွေပါ”
ယဲ့ယီမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသဖြင့် ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
[တကယ်ကို နတ်သားလေးပဲ။ ဝူးဝူးဝူး... သားလေးကို အရမ်းချစ်တာပဲ]
“သူက သားကို တကယ်ပဲ မနှိပ်စက်ဘူးလား၊ တစ်ခုခုရှိရင် ပြောစမ်းပါ၊ ဘွားဘွားတို့ မင်းကို ကာကွယ်ပေးမှာပေါ့”
မိခင်ကြီးကု ကုစဲ့ကို ပြောလိုက်၏။
ကုစဲ့ လေးနက်စွာ ခေါင်းညိမ့်ပြလိုက်၏။
“မေမေက သားကို တကယ် မနှိပ်စက်ပါဘူး။ အဘွား မယုံရင် ဖေဖေ့ကို မေးကြည့်ပါ”
မိခင်ကြီးကုသည် ကုရှီချန်းကို တင်းမာစွာ ကြည့်လိုက်လေ၏။
“ရှီချန်း... အမှန်အတိုင်း ပြောစမ်း။ ဒါ တကယ်လား”
“မေမေ ရှောင်ယီက ကုစဲ့ကို တကယ် မနှိပ်စက်ခဲ့ပါဘူး”
ကုရှီချန်းသည် ထိုသို့ပြောရာတွင် လိပ်ပြာမလုံခြင်း အလျဉ်းမရှိပေ။ သူသည် ယခုရှိနေသော ယဲ့ယီမှာ ယခင်က ယဲ့ယီမဟုတ်တော့ကြောင်း အခြေခံအားဖြင့် သေချာနေလေပြီ။ ယခုရှိနေသော ယဲ့ယီကလည်း ကုစဲ့ကို အမှန်တကယ်ပင် မနှိပ်စက်ခဲ့ပေ။
ကုရှီချန်း၏ စကားကို ကြားပြီးနောက် မိခင်ကြီးကု၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားသော်လည်း နောက်တစ်စက္ကန့်တွင် သူမက ပြန်လည် တုံ့ပြန်လိုက်၏။
“မင်းက သူ့ကို ချစ်တယ်လို့ ပြောပေမဲ့ သူက မင်းကို မချစ်ဘူးပေါ့ ဟုတ်လား”
မိခင်ကြီးကုသည် ယဲ့ယီကို အကဲခတ်လိုက်၏။ သူမသည် အမှန်တကယ်ပင် အလွန် လှပသော်လည်း အဘယ်ကြောင့် သူမ၏သားကို မကြိုက်ရသနည်း။ ဤအချက်ကား မိခင်ကြီးကုကို အလွန်ပင် အံ့အားသင့်သွားစေသည်။
သူမသည် သားဖြစ်သူအပေါ် မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်သော်လည်း သူမ သားသည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်သူဖြစ်ပြီး ကုမိသားစု၏ ဂုဏ်သတင်းနှင့် ပေါင်းစပ်လိုက်ပါက လူတိုင်း ပတ်သက်ချင်နေကြသည် မဟုတ်လော။
မိခင်ကြီးကု၏ အကြည့်ကို ခံယူလိုက်ရသဖြင့် ယဲ့ယီ အကြောင်းပြချက်မရှိဘဲ လိပ်ပြာမလုံသလို ခံစားလိုက်ရတော့သည်။
[လူတိုင်းက ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလေ၊ အဲဒီအတွက် ကျွန်မကို အပြစ်တင်လို့ မရဘူးလေ]
“သူက မင်းကို မကြိုက်ဘူးဆိုရင် မင်း ဘာလို့ ဒီလောက်တောင် ဇွဲကြီးနေရတာလဲ၊ သိုက်ဝေက မင်းကို ဘယ်လောက်တောင် ချစ်သလဲဆိုတာ မင်းမမြင်ဘူးလား ပြီးတော့ သိုက်ဝေက အမေ့ရဲ့ ကြည့်ရှုမှုအောက်မှာ ကြီးပြင်းလာတာ၊ သိုက်ဝေက သားအတွက် သင့်တော်တယ်”
မိခင်ကြီးကုသည် ရူသိုက်ဝိန်နှင့် ကုရှီချန်းကို နေရာချပေးရန်အတွက် စကားလမ်းကြောင်း ပြန်လွှဲလိုက်ပြန်သည်။
“အမေ”
ကုရှီချန်း၏ အသံထဲတွင် စိတ်မရှည်မှုများ ပါဝင်လာသည်။
မိခင်ကြီးကု လည်း သူမသား၏ စိတ်နေစိတ်ထားကို နားလည်သဖြင့် ထိုအကြောင်းကို ချက်ချင်းပင် ရပ်လိုက်တော့၏။
ကုစဲ့၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ယဲ့ယီသည် သူ့နားသို့ ကပ်ကာ သူတို့နှစ်ဦးသာ ကြားနိုင်သည့် အသံဖြင့် တိုးတိုးလေးဖြင့် ပြောလိုက်၏။
“အမေ အဆင်ပြေပါတယ်”
ယဲ့ယီ၏အသံကို ကြားလိုက်ရသဖြင့် ကုစဲ့မှာ စိတ်လှုပ်ရှားစွာဖြင့် သူမကို ကြည့်လိုက်၏။ သို့သော်လည်း အပြင်ပန်းတွင်မူ ယဲ့ယီသည် ဘာမှမဖြစ်ခဲ့သလို အမူအရာကို ဆက်လက် ထိန်းသိမ်းထား၏။
အမှန်စင်စစ် ဆေးရုံမှ ဆင်းပြီးနောက် အသံကျယ်ကျယ် မထွက်သရွေ့ စကားပြောနိုင်ကြောင်း ဆရာဝန် သူမကို ပြောခဲ့ပြီးသား ဖြစ်၏။ သို့သော်လည်း ယဲ့ယီသည် ကုရှီချန်းကို ဘာပြောရမှန်း မသိသဖြင့် စကားမပြောနိုင်သေးသယောင် ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
သူတို့ ငါးဦးစလုံး စက္ကန့်အနည်းငယ် နေရခက်စွာ ထိုင်နေကြပြီးနောက်တွင် အစေခံက ညစာ အဆင်သင့်ဖြစ်ကြောင်း လာရောက် အသိပေးသည်။
ညစာစားနေစဉ်အတွင်း ယဲ့ယီ၏ရှေ့တွင် ဆန်ပြုတ်တစ်ပန်းကန်ကို ချထားပေး၏။ သို့သော်လည်း စားကောင်းမည့်ပုံပေါက်သည်။
ဆန်ပြုတ်မှာ အငွေ့ တထောင်းထောင်းနှင့် ပူနေဆဲပင်။ ကုရှီချန်းသည် ထိုဆန်ပြုတ်ပန်းကန်ကို ယူကာ အအေးခံရန် မှုတ်ပေးလိုက်ပြီးနောက် ယဲ့ယီ၏ရှေ့သို့ ပြန်လည် ချပေးလိုက်၏။
ယဲ့ယီသည် ရူသိုက်ဝိန်၏ သတ်ဖြတ်လိုသော အကြည့်စူးစူးများ သူမအပေါ်တွင် နောက်တစ်ကြိမ် ကျရောက်လာမှန်း ခံစားလိုက်ရပြန်သည်။ သူမ၏ နှလုံးသားမှာလည်း မျက်ရည်များဖြင့် စိုရွှဲနေလေ၏။
[ကျွန်မ ရှင်တို့ရဲ့ ကိစ္စတွေထဲမှာ တကယ် ဝင်မပါချင်တာပါ]
“အာချန်း... နင် ဒါကို အကြိုက်ဆုံးဆိုတာ ငါမှတ်မိသေးတယ်။ နည်းနည်းလောက် မြည်းကြည့်ဦး”
ထိုသို့ဆိုကာ ရူသိုက်ဝိန်သည် နံရိုးတစ်တုံးကို ကုရှီချန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
ကုရှီချန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အစေခံကို ပန်းကန်အသစ်တစ်လုံး ယူ ခိုင်းလိုက်လေသည်။ ယခင် ပန်းကန်နှင့် အထဲမှ နံရိုးကိုမူ သူသည် ဘေးသို့ တွန်းဖယ်ထားလိုက်၏။
“ရှီချန်း”
မိခင်ကြီးကုသည် ကုရှီချန်းကို မကျေမနပ် ကြည့်လိုက်သည်။
သူသည် ရူသိုက်ဝိန်ကို မချစ်လျှင်ပင် ဤကဲ့သို့ မပြုမူသင့်ပေ။ ရူသိုက်ဝိန်မှာ သူမ မျက်နှာကို မည်သည့်နေရာတွင် ထားရတော့မည်နည်း။
“အန်တီ အာချန်းက အသန့်အရှင်း ကြိုက်တာကို သမီးက မေ့သွားတာ သမီးအပြစ်ပါ။ သူ့ကို အပြစ်မတင်ပါနဲ့”
ထိုအချိန်တွင် ကုစဲ့သည် ရည်ရွယ်ချက်ရှိရှိဖြင့် နံရိုးတစ်တုံးကို ကုရှီချန်းအတွက် ထည့်ပေးလိုက်လေ၏။
ကုရှီချန်းသည် အနည်းငယ် မလိုလားသလို ရှိသော်လည်း ထိုနံရိုးကို စားလိုက်သည်။
ယခုအခါ မျက်စိရှိသူတိုင်း မြင်နိုင်ပေပြီ။ ကုရှီချန်း အသန့်အရှင်းရူးသွပ်မှုကြောင့် မဟုတ်ဘဲ ရူသိုက်ဝိန်ကိုသာ သိသိသာသာ ရွံရှာနေခြင်း ဖြစ်လေ၏။
[ကျွတ်.. ကျွတ်…ကျွတ် ဘယ်လောက်တောင် ရက်စက်လိုက်သလဲ]
ယဲ့ယီသည် သူမ စိတ်ထဲမှ တိတ်တဆိတ် ဝေဖန်လိုက်သော်လည်း ကုရှီချန်း ထိုသို့ ပြုမူနေသည်ကို မြင်လိုက်ရသဖြင့် သူမ နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော ကျေနပ်မှုလေး တစ်ခု ဖြစ်ပေါ်သွားသည်။
ဤတစ်ကြိမ်တွင်မူ ရူသိုက်ဝိန်တစ်ယောက် သူမ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ သူမ မျက်နှာမှာ ဒေါသကြောင့် မှောင်မည်းသွားလေ၏။
မိခင်ကြီးကုသည် ရူသိုက်ဝိန်ကို နှစ်သိမ့်ရန်အတွက် သူမ ပန်းကန်ထဲသို့ အသားတစ်တုံး ထည့်ပေးလိုက်၏။
“သိုက်ဝေ... သူ့ကို ဂရုမစိုက်နဲ့။ အန်တီတို့ပဲ စားကြရအောင်”
ရူသိုက်ဝိန်မှာ သူမ ဒေါသကို မျိုသိပ်ကာ တိတ်ဆိတ်စွာဖြင့် စားသောက်နေပြီး စိတ်ထဲတွင်မူ ယဲ့ယီကို အကြိမ်ပေါင်း ထောင်ချီ၍ ကျိန်ဆဲနေမိတော့သည်။
‘ အကယ်၍ ဒီမိန်းမသာ ပေါ်မလာခဲ့ရင် အာချန်း ငါ့ကို ဒီလိုမျိုးဆက်ဆံမှာ မဟုတ်ဘူး’
ထိုအချိန်တွင် ကုရှီချန်းက သူမအတွက် ဒုက္ခလှလှကြီးတစ်ခု ဖန်တီးပေးလိုက်ပြီဖြစ်ကြောင်း ယဲ့ယီ မသိသေးပေ။
အခန်း (၁၄၈)
အသည်းနှလုံးမရှိသော လူကြီး
ညစာ စားသောက်ပြီးနောက် ကုရှီချန်းသည် ယဲ့ယီကို ခေါ်၍ ထွက်ခွာလာခဲ့သည်။
ကားပေါ်သို့ ရောက်ပြီးနောက် ကုရှီချန်း ယဲ့ယီကို အားနာသံလေးဖြင့် ပြောလိုက်၏။
“ကိုယ် မင်းကို အရင်ဆုံး နန်ချင်ဝမ်တို့ဆီ လိုက်ပို့ပေးမယ်။ ပြီးတော့မှ အိမ်ကိစ္စအတွက် တခြားနည်းလမ်းနဲ့ ကူညီပေးဖို့ စဉ်းစားပေးတာပေါ့”
ကုရှီချန်း၏စီစဉ်မှုအပေါ် ယဲ့ယီတွင် မည်သည့် ကန့်ကွက်မှုမျှ မရှိပေ။ အမှန်အတိုင်း ပြောရမည်ဆိုပါက ကုရှီချန်းသည် သူမကို လမ်းဘေးတွင် ပစ်ချထားခဲ့လျှင်ပင် သူမအနေဖြင့် ဘာမှပြောစရာ ရှိလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ယခုအချိန်တွင် သူမနှင့် ကုရှီချန်းမှာ တစ်ဦးနှင့်တစ်ဦး မည်သို့မျှ မသက်ဆိုင်တော့ဘဲ အလွန်ဆုံးရှိလှ သူငယ်ချင်းအဆင့်သာ မဟုတ်လော။
“ခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်”
ယဲ့ယီ ခဏတာ ဝေခွဲမရ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် စကားစလိုက်သည်။
သူမအတွက် အခြေအနေများကို ရှင်းပြပေးရာတွင် ကုရှီချန်း၌ တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိကောင်းရှိနိုင်သော်လည်း မည်သို့ပင််ဖြစ်စေ သူသည် သူမကို အမှန်တကယ် ကူညီခဲ့ခြင်း ဖြစ်လေသည်။
အကယ်၍ ရူသိုက်ဝိန်သာ သူမ ယခင်က ကုစဲ့ကို နှိပ်စက်ခဲ့ကြောင်း သိသွားပါက ထိုအကြောင်းအရာများကို အွန်လိုင်းပေါ်သို့ တင်ကာ ပြသနာရှာနိုင်သည်။
သူမ စကားပြောနိုင်သည်ကို ကုရှီချန်းသည် အံ့ဩပုံမပြသည်ကို မြင်လိုက်ရသဖြင့် သူသည် ထိုအကြောင်းကို သိနေသည်မှာ ကြာပြီဖြစ်ကြောင်း ယဲ့ယီ သိရှိလိုက်၏။
သူသည် ကုအိမ်တော်တွင် ရှိစဉ်က သူမကို ဖွင့်မပြောဘဲ ဖုံးကွယ်ပေးထားခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
ကုရှီချန်းမှာ ချက်ချင်း ပြန်မဖြေသေးပေ။ သူသည် ယဲ့ယီ ဘာတွေးနေသည်ကို အနည်းငယ် သိချင်နေမိသည်။ သို့သော်လည်း သူမ စိတ်ထဲတွင် ကျေးဇူးတင်စိတ်မှအပ အခြားအတွေးများ ရှိမနေခြင်းကြောင့် အံ့ဩသွားမိသည်။
ကုရှီချန်းမှာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
‘ငါလုပ်နေတာတွေက သူ့အတွက် မသိသာသေးတာလား’
ကုရှီချန်းဘက်မှ စကားမပြောသဖြင့် ယဲ့ယီသည် သူမ၏ ကျေးဇူးတင်စကားမှာ ရိုးသားမှု ကင်းမဲ့နေသည်ဟု ထင်မှတ်ကာ ဖြည့်စွက်ပြောလိုက်လေ၏။
“ကျွန်မ ဒဏ်ရာတွေ ပျောက်သွားရင် ရှင့်ကို ထမင်းတစ်နပ် ပြန်ကျွေးပါ့မယ်”
ထိုအချိန်တွင် နန်ချင်ဝမ်၏ အိမ်အသစ်သို့ ရောက်ရှိလာခဲ့သည်။ ကုရှီချန်းသည် ကားတံခါးကို ချက်ချင်း မဖွင့်ပေးဘဲ ယဲ့ယီကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။
အလုံပိတ်ထားသော ကားအတွင်းခန်းထဲတွင် သူတို့နှစ်ဦးကြားရှိ လေထုမှာ အနည်းငယ် ထူးခြားဆန်းပြားလာသည်။ ယဲ့ယီ၏ ပါးပြင်များသည် သူမကိုယ်တိုင်ပင် သတိမထားမိဘဲ အနည်းငယ် နီမြန်းလာခဲ့သည်။
ကုရှီချန်းသည် ယဲ့ယီ၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်ပြီး သက်ပြင်းချကာ မေးလိုက်၏။
“မင်း ကိုယ့်အပေါ် တကယ်ပဲ ဘာခံစားချက်မှ မရှိဘူးလား”
ယဲ့ယီသည် ထိုမေးခွန်းကို ရှောင်လွှဲလိုသဖြင့် မသိစိတ်မှ အကြည့်လွှဲလိုက်သော်လည်း ကုရှီချန်းက သူမကို ခေါင်းလွှဲခွင့်မပေးပေ။ သူသည် သူမထံမှ အဖြေတစ်ခု မရမချင်း လက်လျှော့မည့်ပုံ မပေါ်ချေ။
ယဲ့ယီသည် ကုရှီချန်းကို မလွှဲမရှောင်သာ ကြည့်လိုက်သည်။ သူ့မျက်နှာကို ကြည့်ရင်း သူမ စိတ်ထဲတွင် ရင်ခုန်နေမိသည်။
[သူ့မျက်နှာကိုပဲ သဘောကျတာလို့ ပြောရင် ခုချက်ချင်းပဲ ငါ့ကို ကားပေါ်ကနေ ကန်ချလိုက်မလား မသိဘူး]
ယဲ့ယီ၏ စိတ်ထဲမှ အတွေးကို ကြားလိုက်ရချိန်တွင် ကုရှီချန်း၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
‘ငါ လုပ်ပေးခဲ့တာကြမမြင်ဘဲ မျက်နှာက ရုပ်ရည်ကိုပဲ ဂရုစိုက်နေတာပေါ့။ တကယ့်ကို အပေါ်ယံကြည့်တတ်တဲ့ မိန်းမပဲ’
သို့သော်လည်း သူ ပြန်လည် စဉ်းစားကြည့်လိုက်သည့်အခါတွင် ဤအချက်မှာ သူ၏ ဆွဲဆောင်မှုရှိခြင်းကို သက်သေပြနေခြင်းပင် မဟုတ်လော။ ထိုအခါမှ သူ့အမူအရာမှာ ပြန်လည် ပြေလျော့သွားတော့၏။
ကုရှီချန်း၏ မျက်နှာအမူအရာမှာ ခဏအတွင်း မည်းမှောင်သွားလိုက်၊ နောက်တစ်ခဏတွင် ဂုဏ်ယူဝင့်ကြွားသည့် ပုံစံဖြစ်သွားလိုက်နှင့် ထပ်ခါတလဲလဲ ပြောင်းလဲနေသည်ကို ကြည့်ရင်း ယဲ့ယီမှာ ရှုပ်ထွေးသွားရသည်။
“ဒါဆို ရူသိုက်ဝိန်ကရော ဘယ်လိုလုပ်မလဲ၊ သူ ရှင့်ကို ချစ်လာတာ ဒီလောက်တောင် ကြာနေပြီကို”
ယဲ့ယီ ထုတ်မပြောဖြစ်သေးသော စကားတစ်ခွန်း ကျန်ရှိနေသေးသည်။
[ပြီးတော့ သူ့က ရှင့်အမေ စိတ်တိုင်းကျ ရွေးထားတဲ့ ချွေးမလောင်းလေ]
“သူ့ ကိုယ့်ကို ချစ်တာက ကိုယ်နဲ့ ဘာဆိုင်လို့လဲ”
ကုရှီချန်းမှာ ယဲ့ယီ တစ်ယောက် ရူသိုက်ဝိန်ကို ဘာကြောင့် ထည့်တွေးနေရသည်ကို နားမလည်နိုင် ဖြစ်နေမိသည်။ ရူသိုက်ဝိန်သည် ငယ်စဉ်ကတည်းက သူ့ကို ချစ်လာခဲ့လျှင်ပင် သူသည် သူမကို ပြန်ချစ်ရမည်ဟု မည်သူက စည်းကမ်းထုတ်ထားသနည်း။
ထို့အပြင် မိခင်ဖြစ်သူမှ ရူသိုက်ဝိန်ကို သဘောကျနေပါက သူမကို မွေးစားသမီးအဖြစ်လည်း သတ်မှတ်နိုင်သည် မဟုတ်လော။
အဘယ်ကြောင့် သူ့ကို သူမနှင့် လက်ထပ်ရန် အတင်းအကြပ် တိုက်တွန်းနေရသနည်း။
ကုရှီချန်း၏အဖြေကို ကြားလိုက်ရသဖြင့် ယဲ့ယီမှာ စိတ်ထဲတွင် မချင့်မရဲ ဖြစ်သွား၏။
[တကယ့်ကို အသည်းနှလုံးမရှိတဲ့ လူကြီးပဲ]
ကုရှီချန်းသည် ယဲ့ယီကို ထပ်မံ ထွက်ပြေးခွင့် မပေးချင်တော့သဖြင့် အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်တော့၏။
“မင်း ကိုယ့်အပေါ် ခံစားချက် ရှိမရှိကိုသာ ပြောစမ်းပါ။ ကျန်တဲ့ကိစ္စအားလုံးကို ကိုယ် ဖြေရှင်းပါ့မယ်”
ဤအခြေအနေတွင် ယဲ့ယီသည် သူမ၏ နှလုံးသားကို ရိုးသားစွာ ရင်ဆိုင်သင့်ပြီဟု ခံစားလိုက်ရတော့သည်။
“ကျွန်မ ရှင့်အပေါ် ခံစားချက် ရှိတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ရှင့်ကို မလက်ထပ်ရရင် သေသွားတော့မဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး”
ယဲ့ယီ၏အဖြေကို ကြားလိုက်ရသောအခါတွင် ကုရှီချန်းသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲနှင့် အားရပါးရ ရယ်မောလိုက်တော့သည်။ ယဲ့ယီသည် ထိုမြင်ကွင်းကို ကြည့်ရင်း ခဏတာ မှင်တက်သွားရလေသည်။
“ဒါဆိုရင် ကိုယ်နဲ့ အရင်ဆုံး တွဲကြည့်လို့ ရမလား။ ကိုယ်က လက်ထပ်ဖို့ကို အလောမကြီးပါဘူး”
ကုရှီချန်းသည် ပထမဆုံးအကြိမ်အဖြစ် ရိုကျိုးသော လေသံဖြင့် ပြောလိုက်လေ၏။
စီးပွားရေးလောကတွင် ကုရှီချန်းသည် မိမိလိုချင်သမျှကို ရအောင်ယူနိုင်သော ယုံကြည်ချက် အပြည့်ရှိသူ ဖြစ်သည်။ သို့သော် အချစ်ရေးတွင်မူ သူသည် အတွေ့အကြုံမရှိသူ တစ်ဦးသာ ဖြစ်ပြီး သူ ချစ်ရသူ၏ ငြင်းပယ်ခြင်းကို ခံရမည်ကိုလည်း စိုးရိမ်နေမိသည်။
ကုရှီချန်း ပထမမေးခွန်းကို မေးကတည်းက ယဲ့ယီ ကြိုသိနေခဲ့၏။ သို့သော်လည်း သူ တရားဝင် ဝန်ခံလာသည့်အခါတွင်မူ သူမ ကြောင်တောင်တောင် ဖြစ်သွားရသည်။
ကုရှီချန်းသည် ယဲ့ယီကို လေးနက်စွာ စိုက်ကြည့်နေပြီး သူမကို အဖြေပြန်ပေးရန်လည်း အတင်းအကြပ် မတိုက်တွန်းချေ။
အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ယီ နှေးကွေးစွာ ပြောလိုက်လေ၏။
“ရှင်နဲ့ တွဲကြည့်ဖို့ ကျွန်မ သဘောတူပါတယ်။ ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားရအောင်၊၊ အကယ်၍ နောင်မှာ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဘူးဆိုရင် လမ်းခွဲရမှာပဲနော်”
[ငါ့ဘက်က ဘာမှ နစ်နာတာမှ မရှိတာ၊ စမ်းကြည့်တာပေါ့။ ဒီလောက် ချောတဲ့သူနဲ့ ပထမဦးဆုံး ရည်းစားထား ရတာကလည်း မဆိုးပါဘူး]
ယဲ့ယီသည် ကုရှီချန်း မကြာသေးမီက သူမအတွက် လုပ်ဆောင်ပေးခဲ့သမျှကို အပြင်ပန်းတွင် ထုတ်မပြောခဲ့သော်လည်း သူမ၏ နှလုံးသားထဲတွင်မူ အားလုံးကို မှတ်သားထားခဲ့သည်။
ဤကဲ့သို့ ထူးချွန်ထက်မြက်သော လူတစ်ဦးက သူမကို လိုက်ပိုးနေခြင်းအပေါ် စိတ်လှုပ်ရှားမိသည်မှာ သဘာဝပင် ဖြစ်လေ၏။
ကုရှီချန်းသည် ရုတ်တရက် လက်လှမ်းကာ ယဲ့ယီကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမနားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်လေ၏။
“ကျေးဇူးတင်ပါတယ်... ကိုယ့်ရဲ့ ချစ်သူလေး”
ကုရှီချန်း စကားပြောလိုက်ရာ သူ၏ ပူနွေးသော အသက်ရှုသံများက ယဲ့ယီ၏ နားတစ်ဝိုက်ကို ရိုက်ခတ်သွားသဖြင့် သူမ၏ နားရွက်များပင် အရည်ပျော်ကျမတတ် ခံစားလိုက်ရသည်။
ယနေ့တွင် ကုရှီချန်းသည် သူမဘက်မှ မဆိုင်းမငံ့ ကာကွယ်ပေးခဲ့သည့် အချိန်မှသာ ယဲ့ယီသည် သူမ ခံစားချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ကုရှီချန်းသည် သူမ ကုစဲ့ကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ကြောင်း မဆိုင်းမတွ ပြောလိုက်သည့်အချိန်က သူမသည် မူလယဲ့ယီ မဟုတ်တော့ကြောင်း သူ သိနေလောက်ပြီမှန်း ယဲ့ယီ ခန့်မှန်းမိလိုက်သည်။
သို့သော်လည်း ကုရှီချန်းဘက်မှ မမေးမြန်းသရွေ့ သူမအနေဖြင့် မည်သည့်အရာမှ ပြောပြရန် အစီအစဉ် မရှိပေ။ အဓိကမှာ ထိုအကြောင်းကို မည်သို့ ရှင်းပြရမည်ကို သူမကိုယ်တိုင်လည်း မသိသောကြောင့် ဖြစ်၏။
ခဏအကြာတွင် ယဲ့ယီညကုရှီချန်းကို တွန်းဖယ်လိုက်ပြီး ဆိုလိုက်၏။
“ဒါကို အခုလောလောဆယ် လူသိရှင်ကြား ထုတ်မပြောရဘူးနော်”
ကုရှီချန်းသည် ယဲ့ယီကို အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ကြည့်လိုက်သည်။ သူသည် သူ၏ ကြေညာချက်အတွက် စာသားများကိုပင် စဉ်းစားထားပြီးဖြစ်သော်လည်း ယခုအခါ ယဲ့ယီက လျှို့ဝှက်သော ဆက်ဆံရေးကိုသာ လိုလားနေလေ၏။
“မင်းက ကိုယ့်ကို လူရှေ့ထုတ်ပြဖို့ ရှက်စရာကောင်းတယ်လို့ ထင်နေတာလား”
ကုရှီချန်း၏ စိတ်မကောင်းဖြစ်နေသော အမူအရာလေးကို ကြည့်ရင်း ယဲ့ယီသည် ထူးဆန်းစွာပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။ သူမသည် လက်လှမ်းကာ သူ့ဆံပင်များကို ကလေးတစ်ယောက်ကို ချော့မြူသလို ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီး ရှင်းပြလိုက်၏။
“မဟုတ်ပါဘူး။ ကျွန်မရဲ့ လုပ်ငန်းက အခုမှ စတင်နေတုန်းမို့လို့ ကျွန်မက ရှင့်အပေါ် မှီခိုနေရတယ်လို့ လူတွေ ပြောတာကို မခံချင်ဘူး”
ကုရှီချန်းသည် ယဲ့ယီ၏ စိုးရိမ်ပူပန်မှုများကို နားလည်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် မပျော်မရွှင် ဖြစ်နေဆဲပင်။
ယဲ့ယီသည် ကုရှီချန်း၏ ပါးကို ဆွဲညှစ်လိုက်ပြီးဆိုလိုက်၏။
“ရှင် ဒီလောက်တောင် ချစ်ဖို့ကောင်းမှန်း အရင်က မသိခဲ့ဘူး။ သိခဲ့ရင် ကျွန်မ ရှင်နဲ့ ဟိုးအရင်ကတည်းက တွဲဖို့ သဘောတူခဲ့မှာ”
ကုရှီချန်း၏ ပြောင်းလဲသွားသော အမူအရာမှာ အလွန်ပင် ကွာခြားလှသည်ဟု ယဲ့ယီ ခံစားမိသည်။ တစ်ခဏတွင် သူသည် အေးစက်သော စီအီးအို ကြီး ဖြစ်နေပြီး နောက်တစ်ခဏတွင်မူ ခွေးပေါက်လေးတစ်ကောင်နှင့် တူနေပြန်တော့၏။
ကုရှီချန်း၏နားရွက်များမှာ နီမြန်းသွားရလေသည်။သူသည် ချက်ချင်းပင် သူ၏ ခက်ထန်သော အမူအရာအဖြစ်သို့ ပြန်လည် ပြောင်းလဲလိုက်တော့သည်။
‘ငါ အပျော်လွန်သွားပြီး ပုံစံပျက်သွားတာပဲ”
သူသည် စိတ်ထဲတွင်သာ ပြန်လည် ဆင်ခြေပေးနေမိ၏။
သို့သော်လည်း ယခုအခါ သူ မည်မျှပင် အေးစက်ချင်ယောင် ဟန်ဆောင်နေပါစေ ယဲ့ယီသည် သူ့ကို ထိုးဖောက် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူမသည် ကုရှီချန်း၏ ဤကဲ့သို့ ချစ်စရာကောင်းသည့်အခြမ်းကို စောစောစီးစီး မြင်တွေ့နိုင်ရန်အတွက် သူ့ကို စောစောကတည်းက သဘောတူခဲ့သင့်သည်ဟု ခံစားနေမိသည်။
“ကျွန်မ ဆင်းတော့မယ်”
ယဲ့ယီသည် ကားတံခါးကို ဖွင့်ပေးရန် ကုရှီချန်း၏ လက်ကို တို့လိုက်၏။
ကုရှီချန်း၏ အေးစက်သော အမူအရာမှာ ချက်ချင်းပင် ပျက်စီးသွားပြီး ယခင်ကကဲ့သို့ သနားစရာကောင်းသော အမူအရာလေးသို့ ပြန်လည် ရောက်ရှိသွားလေသည်။ သူသည် ယဲ့ယီကို မကျေမနပ်ဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။ ထိုအကြည့်မှာ သူမသည် တာဝန်မဲ့သော မိန်းမယုတ်တစ်ဦးကဲ့သို့ပင်။
သို့သော်လည်း နောက်ဆုံးတွင် သူသည် မလိုလားသော်လည်း ကားတံခါးကို ဖွင့်ပေးလိုက်ရတော့သည်။