← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉)

ဒါတွေအားလုံး ယဲ့ယီကြောင့်ပဲ

ယဲ့ယီသည် ကုရှီချန်း၏ မပျော်မရွှင်ဖြစ်နေသော အမူအရာကို ကြည့်ကာ ကားပေါ်မှ ဆင်းတော့မည် အပြု ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့ကို အနားသို့ တိုးကပ်လာရန် လက်ဟန်ပြလိုက်သည်။

ကုရှီချန်းသည် ယဲ့ယီ သူ့ကို တစ်ခုခု ပြောစရာရှိသည်ဟု ထင်မှတ်ကာ နားထောင်ရန်အတွက် ခေါင်းကို အသာအယာ ငုံ့ပေးလိုက်သည်။

“မွ”

ယဲ့ယီသည် ကုရှီချန်း၏ ပါးပြင်ကို နမ်းလိုက်ပြီးနောက် ချက်ချင်းပင် ကားပေါ်မှ ပြေးဆင်းသွားတော့သည်။

ကုရှီချန်း သတိပြန်မဝင်လာနိုင်သေးခင်မှာပင် သူမသည် ကားတံခါးကို ပိတ်ကာ ဗီလာအိမ်၏ အဝင်ပေါက်ဆီသို့ အပြေးသွားလေတော့သည်။

ကုရှီချန်း သတိပြန်ဝင်လာသည့် အချိန်တွင်မူ ယဲ့ယီသည် နန်ချင်ဝမ်နှင့်အတူ ဗီလာထဲသို့ ဝင်သွားလေပြီ။ ကုရှီချန်းယဲ့ယီ နမ်းသွားသော နေရာလေးကို အသာအယာ စမ်းကြည့်ရင်း နှုတ်ခမ်းပေါ်တွင် ချိုမြိန်သော အပြုံးများ ဖြစ်တည်လာသည်။

ကုရှီချန်းသည် နန်ချင်ဝမ်ကို ယဲ့ယီ သူမ အိမ်တွင် လာရောက်နေထိုင်မည့် အကြောင်းကို ကြိုတင် အသိပေးထားသော်လည်း အကြောင်းရင်းကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

“ရှောင်ယီ နင် ငွေထုပ်ကြီးများ ကောက်ရလာလို့လား။ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ”

ယဲ့ယီသည် သူမ အပြုံးကို ချုပ်ထိန်းသော်လည်း နန်ချင်ဝမ်အား သူမ၏ ဆက်ဆံရေးအကြောင်းကို ပြောပြရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။

“မမချင်ဝမ် ကုရှီချန်းနဲ့ ကျွန်မ တွဲနေကြပြီ”

နန်ချင်ဝမ်သည် ဤစကားကြောင့် အံ့ဩသွားခြင်း မရှိဘဲ ယဲ့ယီကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်ကာ ဆိုလေ၏။

“နောက်ဆုံးတော့ နင် သဘောပေါက်သွားပြီပေါ့”

“ဟုတ်တယ်။ အခုလောလောဆယ်တော့ သူက တော်တော်လေး ကောင်းပါတယ်။ ခဏလောက် တွဲကြည့်မယ်၊ တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ သူ့ကို ကန်ထုတ်လိုက်ရုံပေါ့”

နန်ချင်ဝမ်ကတော့ ပြုံးရုံသာ ပြုံးနေမိ၏။ဘကုရှီချန်းသည် ယဲ့ယီကို ထိုကဲ့သို့ အခွင့်အရေး ပေးလိမ့်မည် မဟုတ်ကြောင်း သူမ ခံစားနေမိသည်။

“အရင်က ဉက္ကဌကုကြီးက နင့်ကို သူ့အိမ်မှာပဲ နေစေချင်တာ မဟုတ်လား၊ ဘာဖြစ်လို့ အခုမှ ရုတ်တရက်ကြီး ငါ့ဆီကို လွှတ်လိုက်ရတာလဲ”

ယဲ့ယီသည် မကျေနပ်ဟန်ဆောင်ကာ ပြောလိုက်၏။

“ဘာလဲ။ အစ်မ ကျွန်မကို မကြိုဆိုဘူးလား၊ ဒါဆိုရင် ကျွန်မ ပြန်သွားရမလား”

နန်ချင်ဝမ် ရယ်မောလျက် ယဲ့ယီ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

“ငါက နင့်ကို မကြိုဆိုဘဲ နေပါ့မလား၊ ဉက္ကဌကုကြီး ဘာလို့ စိတ်ပြောင်းသွားတာလဲဆိုတာ သိချင်ရုံပါ။ အရင်က နင့်ကို ငါ့ဆီခေါ်ဖို့ ပြောတုန်းက သူက မပို့ချင်ခဲ့ဘူးလေ။ဘာလို့ အခုမှ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ”

ယဲ့ယီသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို နန်ချင်ဝမ်အား အကျဉ်းချုပ် ပြောပြလိုက်သည်။ အကြောင်းစုံကို ကြားသိပြီးနောက် နန်ချင်ဝမ်သည် ယဲ့ယီကို တစ်စုံတစ်ခုကို ပြောလိုဟန်ဖြင့် ကြည့်လိုက်သော်လည်း စကားလုံးများသည် လည်ချောင်းဝတွင် ဆို့တစ်နေမိသည်။

“အစ်မချင်ဝမ် ပြောစရာရှိတာ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြော”

“နင်ပြောတဲ့ ပုံစံအရဆိုရင် ကုရှီချန်းမေမေကြီးက အဲဒီ ငယ်သူငယ်ချင်း မိန်းကလေးကိုပဲ ချွေးမအဖြစ် လိုချင်နေတာပေါ့။ ဒါဆိုရင် နင်ကတော့...”

နန်ချင်ဝမ်မှာ ယဲ့ယီကို မည်သို့ ဆက်ပြောရမည်မှန်း မသိတော့ချေ။

အကယ်၍ မိခင်ကြီးကုကသာ ထိုမိန်းကလေးနှင့် လက်ထပ်ရန် အတင်းအကျပ် တိုက်တွန်းလာပါက ကုရှီချန်းအနေဖြင့် ငြင်းဆန်နိုင်မည်လော။

ချမ်းသာသော မိသားစုများ၏ အိမ်ထောင်ရေးမှာ များသောအားဖြင့် အကျိုးစီးပွားအပေါ်တွင်သာ အခြေခံတတ်ကြပြီး ထိုမိန်းကလေးသည် ကုရှီချန်းအတွက် ယဲ့ယီထက် များစွာသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည် မဟုတ်လော။

“ကုရှီချန်းက သူတစ်ပါး ခိုင်းတာကို အသာတကြည် လက်ခံမဲ့သူမျိုးလား။ သူ့ကို ကျွန်မ ယုံကြည်တယ်”

ကုရှီချန်းနှင့် တွဲရန် သဘောတူလိုက်သည့် အချိန်ကတည်းက သူမသည် ဤအချက်များကို ထည့်သွင်းစဉ်းစားခဲ့ပြီးဖြစ်ရာ အဆုံးသတ်တွင် သူ့ကို တစ်ကြိမ်လောက် ယုံကြည်မှုပေးရန် ဆုံးဖြတ်လိုက်သည်။

“နင် သေချာ စဉ်းစားပြီးပြီဆိုရင်လည်း ပြီးတာပါပဲ။ ဒါပေမဲ့ ဉက္ကဌကုနဲ့ နင့်ရဲ့ ပတ်သက်မှုကိုတော့ အခုလောလောဆယ် လူသိရှင်ကြား မထုတ်ပြန်သေးတာက အကောင်းဆုံးပဲ။ အကယ်ဒမီဆုပေးပွဲရဲ့ ကြေညာချက်ကလည်း မကြာခင် ထွက်လာတော့မှာဆိုတော့ တစ်ယောက်ယောက်က ဒါကို အသုံးချပြီး ပြဿနာရှာမှာကို ငါစိုးရိမ်တယ်”

ယဲ့ယီအနေဖြင့် လောလောဆယ် လျှို့ဝှက်ထားရန် သဘောတူလိမ့်မည်ကို နန်ချင်ဝမ် သိ၏။ သို့သော်လည်း ကုရှီချန်းသည် လျှို့ဝှက်ရည်းစားဘဝကို လိုလိုလားလား လက်ခံ မခံကိုတော့ သူမ သေချာမသိပေ။

“အဲဒီအကြောင်းကို ကုရှီချန်းနဲ့ ဆွေးနွေးပြီးပါပြီ။ ကျွန်မရဲ့ အလုပ် အခြေခိုင်တဲ့အထိ စောင့်ဖို့ သူ သဘောတူထားတယ်”

ကုရှီချန်းသည် လျှို့ဝှက်စွာ တွဲရန် သဘောတူလိုက်သည်ကို သိလိုက်ရသဖြင့် နန်ချင်ဝမ်မှာ စိတ်အေးသွားရသည်။

ကုရှီချန်း၏ သဘောတူညီချက်ကို ကြည့်ခြင်းအားဖြင့် သူသည် ယဲ့ယီကို အမှန်တကယ် ဂရုစိုက်ကြောင်း ပြသနေပြီး သူမသည် ယဲ့ယီအတွက် အမှန်တကယ် ဝမ်းသာမိသည်။

အခြားတစ်ဖက်တွင်မူ ကုရှီချန်း ပြန်ရောက်လာချိန်တွင် မိခင်ကြီးကုက သူ့ကို သီးသန့်စကားပြောရန် ခေါ်လိုက်လေသည်။

“ရှီချန်း အမှန်အတိုင်း ပြောစမ်း။ သိုက်ဝေ ပြောတာတွေက တကယ်ပဲလား”

မိခင်ကြီးကု သံသယ ရှိနေဆဲပင်။ မီးမရှိဘဲ မီးခိုးမထွက်နိုင်ဟူသော ဆိုရိုးစကားအတိုင်း အွန်လိုင်းမှ သတင်းများမှာ အမှန်ဖြစ်နိုင်ခြေ များသည်ဟု သူမ ခံစားမိသည်။

“မေမေ ဒါတွေက အမှန်မဟုတ်ပါဘူး။ အဲဒါက အရင်တုန်းက ရှောင်ယီနဲ့ သားကြားမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခလေး တစ်ခုပါ။ ဒီမီဒီယာတွေက လျှောက်ရေးနေကြတာ၊ အားလုံးကို လိုက်ယုံမနေပါနဲ့”

ကုရှီချန်းသည် လေးနက်သော မျက်နှာပေးဖြင့် မိခင်ဖြစ်သူကို လှည့်စားလိုက်သည်။

ကုရှီချန်းဘက်မှ ထိုသို့ ပြောလာသဖြင့် မိခင်ကြီးကုသည် ထိုသတင်းများမှာ မဟုတ်မှန်ကြောင်း ယုံကြည်သွားလေ၏။ သို့သော် သူမ နားမလည်နိုင်သည်မှာ သားဖြစ်သူသည် အဘယ်ကြောင့် ရူသိုက်ဝိန်ကို မချစ်ရသည့် အချက်ပင်။

“သားက သိုက်ဝေကို တကယ်ပဲ နည်းနည်းလေးတောင် မချစ်ဘူးလား၊ မင်းတို့ နှစ်ယောက်က ငယ်ငယ်တုန်းက အတူတူ ကစားခဲ့ကြတာ မဟုတ်လား”

“မေမေ သား ပြောပြီးပြီလေ။ သားက သူ့ကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာလို့။ အကယ်၍ အမေက သူ့ကို မိသားစုဝင်တစ်ယောက် ဖြစ်စေချင်တယ်ဆိုရင် မွေးစားလိုက်ပါ့လား။ သား လုံးဝ ကန့်ကွက်မှာ မဟုတ်ပါဘူး”

မိခင်ကြီးကုသည် ကုရှီချန်းကို မျက်စောင်းထိုးလိုက်သည်။

“ဒီနှစ်တွေတစ်လျှောက်လုံး သိုက်ဝေက သား အပေါ် ဘယ်လောက်တောင် ချစ်သလဲဆိုတာ ငါမြင်နေရလို့၊ သူ့အတွက် နည်းနည်း စိတ်မကောင်းဖြစ်မိလို့ ပြောတာပါ”

ကုရှီချန်းက တဲ့တိုးပင် ပြောချလိုက်တော့သည်။

“ဒါဆို မေမေက ကျွန်တော် မချစ်တဲ့သူကို အတင်းအကြပ် လက်ထပ်ခိုင်းဖို့ ရည်ရွယ်နေတာပေါ့”

“ငါ ဘယ်တုန်းက မင်းကို အတင်းအကြပ် ခိုင်းလို့လဲ၊ အမေက မင်းနဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးနေတာပါ။ ဒါ့အပြင် အရင်တုန်းက မင်းအဘိုး အဲဒီယဲ့ယီ ဆိုတဲ့သူနဲ့ လက်ထပ်ဖို့ ပြောတုန်းက မင်း ဘာလို့ သဘောတူခဲ့တာလဲ”

“မေမေ အဲဒါက မတူဘူးလေ”

မိခင်ဖြစ်သူ၏ အကြပ်ကိုင်မှုများကြောင့် ကုရှီချန်းမှာ ခေါင်းကိုက်လာရ၏။

သူမသည် အဘယ်ကြောင့် ရူသိုက်ဝိန်ကို ဤမျှ သဘောကျနေရသည်ကို သူ နားမလည်နိုင်တော့ပေ။

“သိုက်ဝေက တကယ်ကို မိန်းမကောင်းလေး တစ်ယောက်ပါ...”

မိခင်ကြီးကုသည် ရူသိုက်ဝိန် မည်မျှ ကောင်းမွန်ကြောင်းကို ဆက်လက် ချီးကျူးခန်းဖွင့်နေစဉ်မှာပင် ကုရှီချန်းသည် တံခါးကို အသာဖွင့်ကာ တိတ်တဆိတ် ထွက်ပြေးတော့၏။

သို့သော်လည်း သူ အပြင်သို့ လှမ်းလိုက်သည်နှင့် ရူသိုက်ဝိန်နှင့် တန်းတိုးလေတော့သည်။

ကုရှီချန်းသည် မူလက ရူသိုက်ဝိန်ကို ဟိုတယ်တစ်ခုသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသော်လည်း မိခင်ကြီးကုက ရူသိုက်ဝိန်ကို သူမနှင့်အတူ အဖော်လုပ်ရန် ဤအိမ်မှာပင် နေခိုင်းခဲ့သည်။ ထို့ကြောင့် ကုရှီချန်းအနေဖြင့် မတတ်သာဘဲ ခွင့်ပြုခဲ့ရတော့သည်။

“အာချန်း ငါတို့ စကားခဏလောက် ပြောလို့ရမလား”

ကုရှီချန်းနှင့် ရူသိုက်ဝိန်တို့သည် နောက်ဖေးဥယျာဉ်ရှိ နားနေဆောင်သို့ သွားလိုက်ကြ၏။

“ပြောစရာရှိတာ ပြော။ ငါ လုပ်စရာ စာရွက်စာတမ်းတွေ ကျန်သေးတယ်”

ကုရှီချန်းသည် ရူသိုက်ဝိန်နှင့် အချိန်အကြာကြီး ပတ်သက်ရန် အစီအစဉ် မရှိပေ။ ယခုအခါ သူ့တွင် ချစ်သူရှိနေပြီဖြစ်ရာ အခြားအမျိုးသမီးများနှင့် အကွာအဝေးတစ်ခုအထိ ထိန်းထိန်းသိမ်းသိမ်း နေရပေမည်။

“အာချန်း... ငါတို့တွေ ဘယ်အချိန်ကစပြီး ဒီလောက်တောင် စိမ်းကားသွားကြတာလဲ”

ရူသိုက်ဝိန်သည် ကုရှီချန်းကို မျက်ရည်လေး ဝဲကာ ကြည့်လိုက်လေ၏။

ကံမကောင်းစွာပင် ကုရှီချန်းသည် သူမ ဟန်ဆောင်မှုများကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိချေ။

“မင်း ပြောစရာ မရှိရင် ငါ သွားတော့မယ်”

ကုရှီချန်းသည် အမှန်တကယ်ပင် ထွက်သွားရန် ကြံစည်လိုက်သည်။ သူ အခန်းသို့ အမြန်ပြန်ကာ ချစ်သူလေးထံသို့ စာပို့ချင်လေပြီ။

ရူသိုက်ဝိန်သည် ကုရှီချန်း၏ အင်္ကျီအနားကို လှမ်းဆွဲလိုက်ပြီး ဆိုလိုက်၏။

“အာချန်း ငါ ဘာလို့ နင့်မျက်လုံးထဲမှာ ဘယ်တော့မှ မရှိရတာလဲ။ ငါ နင့်ကို ဒီလောက်ထိ ချစ်နေတာကို”

ရူသိုက်ဝိန်သည် သူ့အား လှမ်းဆွဲထားသဖြင့် ကုရှီချန်းသည် သူမအား ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။ သို့သော်လည်း စိတ်ရှည်လက်ရှည်ပင် ပြန်ပြောလိုက်သည်။

“မင်း ငါ့ကို ချစ်တာက မင်းကိစ္စလေ။ ငါ့မှာ ငါချစ်တဲ့သူ ရှိနေပြီလို့ ပြောပြီးသားပဲ”

“ဒါပေမဲ့ သူက မိသားစု အသိုင်းအဝိုင်းမရှိတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပဲလေ။ သူ နင့်အတွက် ဘာမှ မကူညီနိုင်ဘူး”

ရူသိုက်ဝိန်က စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်တော့၏။

ယဲ့ယီတွင် မိသားစု မရှိကြောင်းနှင့် သူမသည် သရုပ်ဆောင် မင်းသမီးတစ်ဦးမျှသာ ဖြစ်ကြောင်း ပြောလာသဖြင့် ကုရှီချန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွား၏။

“ဒါက မင်းတို့ ရူမိသားစုရဲ့ ဆိုဆုံးမမှုလား။ မိန်းကလေးရူ.ယ မင်း ငါ့ချစ်သူကို နောက်တစ်ခါ ထပ်ပြီး စော်ကားဦးမယ်ဆိုရင် ကျေးဇူးပြုပြီး ကုအိမ်တော်ကနေ ထွက်သွားပေးပါ။ ငါ့ချစ်သူကို မလေးစားတဲ့သူအတွက် ငါ့ဆီမှာ နေရာမရှိဘူး”

“အေး ပြီးတော့ ငါ သူနဲ့ တွဲနေတာက သူ့ကို ချစ်လို့ပဲ။ သူ့ဆီကနေ ဘာအကျိုးအမြတ်မှ ရဖို့ ငါ မျှော်လင့်မထားဘူး။ ငါ ကုရှီချန်းဆိုတဲ့လူက ဘယ်တုန်းကမှ အမျိုးသမီးတစ်ယောက်အပေါ် မှီခိုဖို့ မလိုဘူး။ ငါ့ဇနီးက ယဲ့ယီ တစ်ယောက်တည်းပဲ ဖြစ်ရမယ်။ မင်း ဒီလို ညစ်ပတ်တဲ့ အတွေးတွေကို ရပ်တန်းက ရပ်လိုက်တော့”

ထိုသို့ပြောပြီးနောက် ကုရှီချန်းသည် ရူသိုက်ဝိန်ကို လျစ်လျူရှုကာ ချက်ချင်းပင် ထွက်သွားလေတော့၏။

“ယဲ့... ယီ”

ရူသိုက်ဝိန် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ ကုရှီချန်း သူမအပေါ် ပြောဆိုခဲ့သော စကားတိုင်းအတွက် သူမသည် ယဲ့ယီအပေါ်တွင်သာ အပြစ်ပုံချလိုက်တော့သည်။

အကယ်၍ ယဲ့ယီသာ မရှိခဲ့ပါက သူမသည် အာချန်း၏ တစ်ဦးတည်းသော ဇနီး ဖြစ်လာမည် မဟုတ်လော။

‘ဒါတွေအားလုံးက ယဲ့ယီဆိုတဲ့ကောင်မ ကြောင့်ပဲ’

အခန်း (၁၅၀)

စုံတွဲဝတ်စုံများ

ကုရှီချန်း တစ်ယောက် ကိုယ်လက်သန့်စင်ပြီးနောက် ချက်ချင်း ဖုန်းဖွင့်ကာ ယဲ့ယီထံ စာတစ်စောင် ပေးပို့လိုက်၏။

အခြားတစ်ဖက်တွင်မူ ယဲ့ယီသည် ကုတင်ပေါ်တွင် လှဲနေပြီး ထိုစဉ် ကုရှီချန်းထံမှ စာရောက်ရှိလာလေ၏။

ကုရှီချန်း

“ကောင်မလေး... အိပ်ပြီလား”

ကုရှီချန်း ပို့လိုက်သောစာကို မြင်ပြီးနောက် ယဲ့ယီ မရယ်ဘဲ မနေနိုင်တော့ချေ။

‘ဒီလူ ဘာဖြစ်လို့ စာရိုက်တိုင်း ရှေ့က နာမည်တွေ ခံနေရတာလဲ။ ငါက မဝန်ခံမှာကို ကြောက်နေလို့လား’

ကုရှီချန်းမှာမူ ယဲ့ယီ မဝန်ခံဘဲ နေမည်ကို အမှန်တကယ်ပင် စိုးရိမ်နေလေသည်။ ယဲ့ယီသည်လည်း ကုရှီချန်းထံသို့ စာတစ်စောင် ပြန်လည် ပေးပို့လိုက်၏။

ယဲ့ယီ

“အိပ်သေးဘူး ကောင်လေးရေ”

ကောင်လေးဟူသော စကားလုံးကို မြင်လိုက်ရသဖြင့် ကုရှီချန်း နှုတ်ခမ်းမှာ အပေါ်သို့ ကွေးညွှတ်သွားကာ ပြုံးနေမိသည်။

သူသည် ယဲ့ယီထံသို့ စာများ ဆက်လက် ပေးပို့သည်။

“အခု ဆယ်နာရီတောင် ထိုးနေပြီပဲ။ ဘာလို့ မအိပ်သေးတာလဲ”

ယဲ့ယီထံမှ ပြန်စာကို ချက်ချင်း ရရှိခဲ့သည်။

“ညက အခုမှ စတာလေ။ ဒီအချိန်မှာ ဘယ်လူငယ်က အိပ်မှာလဲ”

ကျန်းမာရေးကို အထူးလိုက်စားသော ကုရှီချန်းမှာ ထိုစကားလုံးများကြောင့် ရင်ဝကို အချက်လိုက် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ကုရှီချန်း

“စောစောအိပ် ပြီး စောစောထတာက ကျန်းမာရေးအတွက် ကောင်းတယ်လေ”

ယဲ့ယီ

“ကျွန်မကတော့ နောက်ကျမှအိပ် နောက်ကျမှထလည်း ကျန်းမာရေးက မဆိုးပါဘူး”

ကုရှီချန်းမှာ သူမကို ပြန်လည် ချေပရန် စကားလုံး ရှာမရ ဖြစ်သွားလေ၏။

ခဏမျှ စဉ်းစားပြီးနောက် ကုရှီချန်းသည် ရူသိုက်ဝိန် သူ့ကို လာရောက်ရှာဖွေခဲ့သည့် အကြောင်းကို ယဲ့ယီအား ပြောပြရန် ဆုံးဖြတ်လိုက်၏။ စိတ်ရင်းမှန်သော ချစ်သူတစ်ဦးအနေဖြင့် သူ့အခြေအနေအရပ်ရပ်ကို ချစ်သူထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည် မဟုတ်လော။

သူသည် ရူသိုက်ဝိန်ကို လျစ်လျူရှုခဲ့ကြောင်းနှင့် ရူသိုက်ဝိန် ထိတွေ့ခဲ့သော အဝတ်အစားများကိုပင် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီဖြစ်ကြောင်း အလေးပေး ပြောဆိုလိုက်သည်။

ကုရှီချန်းသည် သူမအား အလိုက်သိစွာ သတင်းပို့လာသဖြင့် ယဲ့ယီမှာ ဤချစ်သူကို ယခင်ထက်ပင် ပို၍ကျေနပ်သွားသည်။ သူမသည် ကုရှီချန်းထံသို့ စာပြန်လိုက်၏။

“ကောင်းတယ်၊ ဒီအတိုင်းပဲ ဆက်ကြိုးစားပါ ကိုယ့်ကောင်လေး”

ကုရှီချန်း

“ကိုယ်က ဒီလောက်တောင် ကောင်းကောင်း လုပ်ခဲ့တာဆိုတော့ ဘာဆုပေးမှာလဲ”

ယဲ့ယီ

“ဘာဆု လိုချင်လို့လဲ”

ကုရှီချန်းသည် ယဲ့ယီကို စာဖြင့် ပြန်မဖြေတော့ဘဲ ဗီဒီယိုကော တိုက်ရိုက် ခေါ်ဆိုလိုက်၏။ ဗီဒီယိုကော ဝင်လာသည့်အချိန်တွင် ယဲ့ယီမှာ ကုတင်ပေါ်တွင် လှဲနေဆဲ ဖြစ်ရာ သူမသည် ချက်ချင်းပင် ငါးတစ်ကောင် ရေပေါ်သို့ ခုန်တက်လိုက်သကဲ့သို့ ကုတင်ပေါ်မှ ဝုန်းခနဲ ထလိုက်မိတော့သည်။

ယခုအခါ သူတို့နှစ်ဦးမှာ ချစ်သူများ ဖြစ်နေကြပြီဖြစ်ရာ သူမအနေဖြင့် မျက်နှာအသွင်အပြင်ကို အနည်းငယ် ဂရုစိုက်ရမည် မဟုတ်လော။ ယဲ့ယီသည် သူမ ရုပ်ကို အမြန်ပင် ပြင်ဆင်လိုက်ပြီးနောက် ဖုန်းကို လက်ခံလိုက်လေ၏။

ကုရှီချန်းမှာ ရေချိုးပြီးခါစဖြစ်သဖြင့် သူသည် ရေချိုးဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ဆံပင်များမှာလည်း စိုစွတ်နေဆဲပင် ဖြစ်လေသည်။

တစ်ဖက်လူ၏ မသိမသာ မြင်နေရသော ရင်ဘက်ကြီးကို ကြည့်ရင်း ယဲ့ယီတစ်ယောက် ကိုယ့်တံတွေးကို မြိုချလိုက်မိလေသည်။

‘အားး အရမ်းချောလွန်းတယ်’

ကုရှီချန်း အသာအယာ ရယ်မောလိုက်၏။

“မြင်ရတာကို သဘောကျရဲ့လား... ကောင်မလေး”

ယဲ့ယီမှာ တံတွေးမြိုချနေသည်ကို အမြန်ထိန်းလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်ရသည်။

“အင်း... အဲ့တာက အရမ်း…..”

ကုရှီချန်းသည် သူမကို မဖော်ထုတ်တော့ဘဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

“ရှင့်ရဲ့ အဲဒီ ငယ်သူငယ်ချင်းက ရှင့်အိမ်မှာပဲ တစ်သက်လုံး နေသွားဖို့ စိတ်ကူးနေတာလား”

ယခုအခါ ကုရှီချန်းနှင့် တွဲနေပြီဖြစ်သဖြင့် ယဲ့ယီသည် ရူသိုက်ဝိန်နှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်လာသည်။ ချစ်ရသူသည် သူ့ကို သဘောကျနေသော မိန်းကလေးတစ်ဦးနှင့် တစ်မိုးအောက်တွင် အတူနေထိုင်သည်ကို မည်သူက အလိုရှိမည်နည်း။

ယဲ့ယီ ထိုသို့ပြောလာသဖြင့် သူမ လေသံမှာ သိသိသာသာပင် သဝန်တိုနေဟန် ပေါက်နေ၏။ သို့သော်လည်း ကုရှီချန်းမှာမူ သူမ အမူအရာအပေါ် အလွန်ပင် ကျေနပ်နေမိ၏။ သူမ သဝန်တိုနေခြင်းမှာ သူ့ကို ဂရုစိုက်ကြောင်း သက်သေပြနေခြင်းနှင့် အတူတူပင်။

“ဘာလဲ။ သဝန်တိုနေတာလား”

ယဲ့ယီမှာ သွယ်ဝိုက်မနေဘဲ တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တော့သည်။

“ကျွန်မ ဖောက်ပြန်ခံရမှာ စိုးလို့ပါ”

ကုရှီချန်း အလိုလိုက်သော လေသံဖြင့်ဆိုလေ၏။

“စိတ်ချပါ၊ ကိုယ်လည်း ဒီအချိန်အတွင်း ဒီမှာ နေမှာ မဟုတ်ပါဘူး။ သူ အလွန်ဆုံးနေမှ နှစ်ပတ်ပေါ့”

ရူသိုက်ဝိန်သည် ယခုအချိန်တွင် ကုအိမ်တော်၌ နေထိုင်နိုင်ခြင်းမှာ မိခင်ကြီးကု၏ တောင်းဆိုမှုကြောင့် ဖြစ်သည်။ မိခင်ကြီးကု ထွက်ခွာသွားသည်နှင့် သူမအနေဖြင့် ဆက်လက်နေထိုင်ရန် အကြောင်းပြချက် ရှိတော့မည် မဟုတ်ချေ။

ယဲ့ယီသည် ကုရှီချန်းကို ချီးကျူးစကား ပြောရန် ပြင်လိုက်စဉ်မှာပင် အဓိက ပြဿနာတစ်ခုကို ရုတ်တရက် သတိရသွားတော့၏။

“ရှင်က ရှောင်စဲ့ကို တစ်ယောက်တည်း ထားခဲ့ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်၊၊ ရှင့်အမေက ရှောင်စဲ့ကို သိပ်ပြီး သဘောကျပုံ မရဘူး”

ကုရှီချန်း အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ စကားပြောလာ၏။

“ကိုယ့်အမေက ရှောင်စဲ့ကို သိပ်ပြီး သဘောမကျတာ မှန်ပေမဲ့ သူ့ကို နာကျင်အောင်တော့ လုပ်မှာ မဟုတ်ပါဘူး”

မိခင်ကြီးကု ကုစဲ့ကို အဘယ်ကြောင့် သဘောမကျရသည်ကို ယဲ့ယီ နားလည်ပေးနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကုစဲ့သည် သူမ၏ မြေးအရင်းအချာ မဟုတ်ပေ။ ထို့အပြင် ကုရှီချန်းသည် ကုကော်ပိုရေးရှင်း၏ အမွေဆက်ခံသူမှာ ကုစဲ့ဖြစ်ကြောင်း မီဒီယာများကို ကြေညာခဲ့ဖူး၏။ မိသားစုပိုင် လုပ်ငန်းကြီးမှာ ပြင်ပလူတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားမည်ကို လူကြီးတစ်ဦးအနေဖြင့် စိုးရိမ်ပူပန်မိသည်မှာ နားလည်ပေးနိုင်သော ကိစ္စပင် ဖြစ်သည်။

ကုရှီချန်းသည် ယဲ့ယီ ဘေးတွင် မရှိသဖြင့် သူမ၏ စိတ်ထဲမှ အတွေးများကို မကြားနိုင်ပေ။ သူသည် ကုစဲ့မှာ သူ့သားအရင်းမဟုတ်သည်ကို ယဲ့ယီ မသိသေးကြောင်း မှတ်ယူထားပြီး ထို့အပြင် ဤကိစ္စကိုလည်း သူမအား ပြောပြရန် အစီအစဉ် မရှိသေးပေ။ သူသည် ကုစဲ့ကို မွေးစားခဲ့သည့် နေ့မှစ၍ ကုစဲ့မှာ သူ့သားအရင်းပင် ဖြစ်လေသည်။

ယဲ့ယီသည် ကုရှီချန်းနှင့် မိနစ်အနည်းငယ်ကြာ ပေါ့ပေါ့ပါးပါး စကားပြောဖြစ်ခဲ့ကြသည်။ သူတို့နှစ်ဦး စကားပြောရင်းနှင့် မသိလိုက်ဘဲ ဆယ့်နှစ် ထိုးသွားခဲ့ရာ ယဲ့ယီလည်း အိပ်ငိုက်လာတော့၏။

“ကျွန်မ အိပ်တော့မယ်။ နောက်နေ့မှ ထပ်ပြောကြတာပေါ့”

ထိုသို့ပြောပြီးနောက် ယဲ့ယီသည် ဖုန်းချလိုက်ပြီး ခေါင်းနှင့် ခေါင်းအုံး ထိလိုက်သည်နှင့် တစ်ပြိုင်နက် အိပ်ပျော်သွားတော့သည်။

ကုရှီချန်းမှာ ဖုန်းကျသွားသည်ကို ကြည့်ကာ အကူအညီမဲ့စွာဖြင့် သက်ပြင်းချမိလေ၏။

ထို့နောက် စာရိုက်သည့် နေရာတွင် စကားလုံး နှစ်လုံးကို ဖြည်းညှင်းစွာ ရိုက်နှိပ်လိုက်လေသည်။

“ဂွတ်နိုက်”

……….

ယဲ့ယီ နိုးလာသည့်အခါ ကုရှီချန်း ပို့ထားသောစာကို မြင်လိုက်ရ၏။ သူမသည် “မောနင်း “ ဟု ပြန်စာပို့လိုက်ပြီး ကုမ္ပဏီသို့ သွားရန် ပြင်ဆင်လိုက်တော့သည်။

သူဌေးတစ်ဦး ဖြစ်လာလျှင်ပင် အလုပ်သွားရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်သေးချေ။

ယနေ့တွင် ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ ရိုက်ကူးထားသော ကြော်ငြာကို ထုတ်လွှင့်ပြသခဲ့သည်။ ကုန်အမှတ်တံဆိပ်ဘက်မှ ဆိုရှယ်မီဒီယာပေါ်တွင် တင်လိုက်သည်နှင့် ဂျက်နီစစ်မီဒီယာမှ ပြန်လည် ဝေမျှခဲ့ပြီး ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ကလည်း ချက်ချင်းပင် ပြန်လည် ဝေမျှလိုက်ကြ၏။

မကြာသေးမီက ယဲ့ယီကို စောင့်ကြည့်နေသူများစွာ ရှိနှင့်ပြီး ဖြစ်၏။ ယဲ့ယီ ဝေမျှပြီးနောက် ခဏအကြာမှာပင် ထိုဗီဒီယိုကို ကြည့်ရှုသူ အရေအတွက်မှာ ထောင်ဂဏန်းကို ကျော်လွန်သွားခဲ့သည်။ ယခင် ရုပ်ရှင်၏ လွှမ်းမိုးမှုနှင့် ပေါင်းစပ်လိုက်သည့်အခါ လူအများမှာ ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ကို စုံတွဲအဖြစ် စတင်၍ သဘောကျလာတော့၏။

[တကယ်တော့ လူငယ်လေးတစ်ယောက်နဲ့ တွဲရတာကလည်း တော်တော်လေး ချိုမြိန်မဲ့ပုံပဲ ဟားဟား]

[ကျွန်မကတော့ ကျွန်မတို့ စီအီးအိုကုဘက်မှာပဲ ရှိနေမှာပါ။ ဒီလို ချောချောလေးတွေက အာဏာရှိတဲ့ စီအီးအို တစ်ယောက်ရှေ့မှာတော့ ယှဉ်လို့တောင် မရဘူး ဟုတ်တယ်မလား]

[အာဏာရှိတဲ့ အမျိုးသမီးစီအီးအို နဲ့ အလိုလိုက်ခံရတဲ့ ခင်ပွန်းငယ်လေး ဆိုတာကလည်း သဘောကျဖို့ မကောင်းဘူးလား]

[မသိဘူး၊ မသိဘူး၊ ကု-ယဲ့ စုံတွဲကမှ တရားဝင် စုံတွဲပဲ]

[ကျွန်မကတော့ တုန်မင်ရွှမ်ကို အားပေးတယ်။ ကု-ယဲ့ ဆိုတာက အတိတ်က ကိစ္စဖြစ်သွားပြီ၊ ယဲ့-တုန် ကမှ အလိုက်ဖက်ဆုံးပဲ]

[နေပါဦး၊ တုန်မင်ရွှမ်က ဘယ်အချက်နဲ့ ကျွန်မတို့ စီအီးအိုကုကို ယှဉ်နိုင်လို့လဲ။ အလုပ်အကိုင်လား၊ ရုပ်ရည်လား၊ ဘယ်အချက်မှာ သူ စီအီးအိုကု ကို အနိုင်ယူနိုင်မှာလဲ]

[ကျွန်မတို့ ကိုကိုက ငယ်တယ်လေ]

နှစ်ဖက်စလုံး ဆိုရှယ်မီဒီယာပေါ်တွင် အပြင်းအထန် ငြင်းခုံလာကြတော့သည်။ တုန်မင်ရွှမ်မှာမူ သူ၏ ငယ်ရွယ်မှုကြောင့် ကုရှီချန်းကို အနိုင်ရရှိသွားခဲ့လေ၏။

တုန်မင်ရွှမ် တစ်ယောက် ထိုသတင်းကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ ယဲ့ယီထံသို့ ပြေးလာပြီး ဝေမျှလိုက်လေ၏။

“အစ်မယဲ့... ကြည့်ပါဦး၊ ကျွန်တော်တို့ နှစ်ယောက်ကို စုံတွဲအဖြစ် သဘောကျနေတဲ့သူတွေ တော်တော်များတယ်။ အစ်မ ကျွန်တော်နဲ့အတူ ပရိသတ်တွေအတွက် ဟန်ဆောင်ပြီး တွဲချင်လား၊ ကျွန်တော်က ဟိုလိုကြီး မတွဲချင်ပေမဲ့ ပူးပေါင်းပေးနိုင်ပါတယ်နော်”

တုန်မင်ရွှမ်၏ အမူအရာသည် အလွန်ပင် အရှက်ကင်းမဲ့လွန်းလှသဖြင့် ယဲ့ယီ သူ့ကို တည့်တည့်ပင် မကြည့်နိုင်တော့ချေ။

ယဲ့ယီနှင့် ကုရှီချန်းတို့ တွဲနေကြပြီဖြစ်ကြောင်း သိရှိထားသော နန်ချင်ဝမ်မှာမူ တုန်မင်ရွှမ်၏ ဂုဏ်ယူနေသော မျက်နှာပေးကို ကြည့်ကာ သူ့စိတ်ထဲမှနေ၍ တုန်မင်ရွှမ်အတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်မိလေသည်။

‘သူ ငယ်ပါသေးတယ်’

အခြားတစ်ဖက်တွင်မူ ကုရှီချန်းလည်း ထိုသတင်းများကို တွေ့ရှိသွား၏။ မူလက သူသည် ဤကိစ္စကို ထွေထွေထူးထူး ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုအခါ သူသည် တရားဝင် ချစ်သူဖြစ်နေပြီဖြစ်သဖြင့် ဤသို့သော တွေ့ရာလူတစ်ယောက်က သူနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

သို့သော်လည်း ကျွန်မတို့ ကိုကိုက ငယ်တယ်လေ ဟူသော မှတ်ချက်ကို မြင်လိုက်ရသည့်အခါ သူ့ခုခံနိုင်စွမ်းမှာ လုံးဝ ပျက်စီးသွားရတော့၏။ သူသည် ယခုနှစ်တွင် အသက် (၂၉) နှစ်သာ ရှိသေး၏။ (၃၀) ပင် မပြည့်သေးသော်လည်း တုန်မင်ရွှမ်မှာမူ (၂၃) နှစ်သာ ရှိသေးသည် မဟုတ်လော။

ဆိုရိုးစကား ရှိလေ၏။ သုံးနှစ်ဆိုလျှင်ပင် ကွာဟချက် တစ်ခု ရှိနေလေပြီ။ သူနှင့် တုန်မင်ရွှမ်ကြားတွင် ကွာဟချက် နှစ်ခု ရှိနေသကဲ့သို့ ယဲ့ယီမှာမူ တုန်မင်ရွှမ်ထက် တစ်နှစ်သာ ကြီးလေသည်။

ကျွန်ုပ်တို့၏ စီအီးအိုကုကြီးသည် သူ့အသက်အရွယ်ကြောင့် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်နေလေ၏။

ယဲ့ယီအနေဖြင့် တုန်မင်ရွှမ်အပေါ် စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု သူ ခံစားရသော်လည်း တုန်မင်ရွှမ်သည် အမှန်တကယ်ပင် ငယ်ရွယ်သေး၏။ မိမိ၏ ဇနီးလောင်းရှေ့တွင် တစ်နေ့လုံး လှည့်ပတ်သွားလာနေသော လူငယ်လေးတစ်ဦးကို တွေးမိလိုက်သည်နှင့် ကုရှီချန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

ပို၍ အရေးကြီးသည်မှာ ယဲ့ယီနှင့် တုန်မင်ရွှမ်တို့သည် စုံတွဲဝတ်စုံများကို ဝတ်ဆင်ထားကြခြင်းပင်။ တရားဝင် ချစ်သူဖြစ်သော သူကိုယ်တိုင်ပင် ယဲ့ယီနှင့် စုံတွဲဝတ်စုံ မဝတ်ရသေးသော်လည်း တုန်မင်ရွှမ်က သူ့ထက် အရင် ဝတ်ခွင့်ရခဲ့သည်။

ကုရှီချန်းတစ်ယောက် တွေးမိလေ ပို၍ ဒေါသထွက်လေ ဖြစ်နေမိသည်။

အခြားတစ်ဖက်တွင်မူ တုန်မင်ရွှမ်မှာ အဆက်မပြတ် နှာချေနေမိသည်။

“ဘယ်သူက ငါ့ကွယ်ရာမှာ ငါ့ကို ကျိန်ဆဲနေတာလဲမသိဘူး”

All Chapters