အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း (၁၅၁)
ချစ်သူကောင်မလေး
မွန်းလွဲပိုင်းတွင် ကုရှီချန်းသည် ဂျက်နီစစ်မီဒီယာသို့ တိုက်ရိုက်ဦးတည်၍ ရောက်ရှိလာသည်။
ကံဆိုးချင်သောအခါ တုန်မင်ရွှမ်သည် ရုံးခန်းထဲမှ အပြင်သို့ ထွက်လာချိန် ကုရှီချန်းနှင့် သွားတိုးလေ၏။ သဝန်တိုနေသော ဥက္ကဌကုကြီး ပို၍ပင် စိတ်မကြည်မလင် ဖြစ်သွားရတော့သည်။
သူသည် တုန်မင်ရွှမ်၏ နှုတ်ဆက်မှုကိုပင် အသိအမှတ်မပြုဘဲ လျစ်လျူရှုထား၏။
တုန်မင်ရွှမ်မှာလည်း အပြစ်ကင်းစင်သော အမူအရာဖြင့် နှာခေါင်းကိုပွတ်ရင်း ရေရွတ်မိသည်။
“ဥက္ကဌကုက ဘာဖြစ်နေတာလဲ... ငါလည်း သူ့ကို စိတ်ဆိုးအောင် မလုပ်ထားပါဘူး”
ယဲ့ယီသည် ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာပျက်နေသော ကုရှီချန်းကို ရုံးခန်းတံခါးဝတွင် တွေ့လိုက်ရသည်။
“ဘာလို့ ရောက်လာတာလဲ”
“ဘာလဲ... ကိုယ် လာလို့ မရဘူးလား”
ယဲ့ယီသည် သိသိသာသာ မပျော်မရွှင်ဖြစ်နေသော ကုရှီချန်း၏ မျက်နှာကို နားမလည်စွာ ကြည့်လိုက်၏။
‘သူမနေ့ကတောင် ပျော်နေတာပါ။ ဒီနေ့ကျ ဘာဖြစ်သွားတာလဲ’
သူမ ညင်သာစွာ မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ... တစ်ယောက်ယောက်က ရှင့်ကို စိတ်ဆိုးအောင် လုပ်လိုက်လို့လား”
[ရှင့်မျက်နှာကလည်း မည်းမှောင်နေတာပဲ... တစ်ယောက်ယောက်က ရှင့်ဆီက သိန်းပေါင်းများစွာ အကြွေးယူထားသလိုမျိုးပဲ]
ကုရှီချန်းသည် ယဲ့ယီကို အလိုမကျသော အကြည့်ဖြင့် စိုက်ကြည့်နေသဖြင့် သူမ ပို၍ပင် ဝေခွဲမရ ဖြစ်သွားရပြန်သည်။
[နေပါဦး... ငါကပဲ သူ့ကို စိတ်ဆိုးအောင် လုပ်လိုက်တာလား]
ကုရှီချန်း နောက်ဆုံးတွင် ဖြည်းဖြည်းချင်း မေးလိုက်တော့၏။
“မင်း သူနဲ့ ဘယ်တုန်းက ကြော်ငြာရိုက်လိုက်တာလဲ”
[ကြော်ငြာ။ ဘာကြော်ငြာလဲ]
ထိုအခါမှ ယဲ့ယီလည်း ခဏတာ ပြန်စဉ်းစားလိုက်ရပြီး နောက်ဆုံးတွင် သတိရသွားတော့၏။
“ဪ... တုန်မင်ရွှမ်နဲ့ ရိုက်ထားတဲ့ စုံတွဲဝတ်စုံကြော်ငြာကို ပြောတာလား”
ကုရှီချန်းသည် ယဲ့ယီကို တာဝန်မကျေသော၊ နှလုံးသားမရှိသော လူတစ်ယောက်ကဲ့သို့ ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ကြည့်နေပြန်၏။
ကုရှီချန်း၏ ထိုအမူအရာကြောင့် ယဲ့ယီ အော်ဟစ်ရယ်မောမိတော့သည်။
ယဲ့ယီတစ်ယောက် ရယ်နေသည်ကို မြင်လိုက်ရသဖြင့် ကုရှီချန်း ပို၍ စိတ်ဆိုးသွားသည်။
ကုရှီချန်း မျက်နှာကြီးသည် ပို၍ မှောင်မည်းလာသည်ကို မြင်သောအခါ ယဲ့ယီလည်း သူမ ရယ်မောခြင်းကို ရပ်လိုက်ရသည်။ ထို့နောက် သူ့ဘေးနားသို့ သွားပြီး သူ့ခေါင်းကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။
“ဒါက ကြော်ငြာပဲလေနော်။ အတည်ကြီး မယူပါနဲ့။ ရှင် စုံတွဲဝတ်စုံ ဝတ်ချင်တယ်ဆိုရင် ကျွန်မ ရှင့်နဲ့အတူ ဝတ်ပေးမယ်လေ... ဟုတ်ပြီလား”
ကုရှီချန်းသည် သဝန်တိုနေချိန်တွင် ကလေးလေး တစ်ယောက်ကဲ့သို့ အလွန်ချစ်စရာကောင်းကြောင်း ယဲ့ယီ ရှာတွေ့သွားသည်။
ကုရှီချန်း၏ အမူအရာ အနည်းငယ် ပျော့ပြောင်းသွားလေ၏။ သို့သော်လည်း ယဲ့ယီသည် အတုအယောင် ကတိများပေးနေသည်ဟုသာ သူ ခံစားနေရသည်။
သူတို့နှစ်ဦး ဆက်ဆံရေးကို ယခုအချိန်တွင် လူသိရှင်ကြား မထုတ်ဖော်နိုင်သေးသဖြင့် စုံတွဲဝတ်စုံ ဝတ်ဆင်လျှင်ပင် မည်သူ့ကိုမျှ ပြသ၍ ရမည်မဟုတ်ပေ။
“ဒါ မင်းအတွက်”
ကုရှီချန်း လက်ဆောင်ဘူးတစ်ခုကို သူမထံ ပေးလိုက်သည်။
ထိုအခါမှ ယဲ့ယီလည်း ကုရှီချန်း လက်ဆောင်ဘူး ယူလာသည်ကို သတိပြုမိသွားတော့၏။
“ဒါက ဘာလဲ”
ယဲ့ယီသည် ဘူးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ပိုးသားပုဝါအဖြူလေးတစ်ထည်ကို တွေ့လိုက်ရလေသည်။
“ဒီပုဝါက မင်းရဲ့ ဝတ်စုံနဲ့ လိုက်တယ်။ နောက်ပြီး သန်ဘက်ခါကျရင် အကယ်ဒမီဆုပေးပွဲမှာ ကိုယ်လည်း လာခဲ့မယ်”
သန်ဘက်ခါတွင် အကယ်ဒမီဆုပေးပွဲ ကျင်းပတော့မည် ဖြစ်ရာ ယဲ့ယီ၏ လည်ပင်းမှ အမာရွတ်ကို လူများ မြင်သွားပါက မလိုအပ်သော ပြဿနာများ တက်လာနိုင်သည်။ ထို့ကြောင့် ကုရှီချန်းသည် ယဲ့ယီ၏ ဝတ်စုံနှင့် အဆင်ပြေစေရန် အထူးဒီဇိုင်းဆွဲထားသော ဤပုဝါလေးကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ယခင်ကလည်း သူ လက်ဆောင်များ ပေးဖူးသော်လည်း ယခုအခါ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပြောင်းလဲသွားပြီဖြစ်သောကြောင့် ယဲ့ယီ၏ ရင်ထဲတွင် ဖြစ်ပေါ်လာသော ခံစားချက်များမှာလည်း မတူတော့ပေ။
“ကျေးဇူးတင်ပါတယ်”
ယဲ့ယီသည် ကုရှီချန်းအပေါ် အမှန်တကယ် ကျေးဇူးတင်မိ၏။ ကုရှီချန်းသည် သူမကို ကူညီခဲ့သည်မှာ များလှလေပြီ။
ကုရှီချန်း ငုံ့ကာ ယဲ့ယီ၏ နဖူးကို အသာအယာ နမ်းလိုက်၏။
“ကိုယ်တို့ကြားမှာ ကျေးဇူးတင်စကားတွေ ပြောဖို့ မလိုပါဘူး... ကောင်မလေးရဲ့”
ကောင်မလေးဟု ကုရှီချန်း နှုတ်မှ ထွက်ပေါ်လာသော စကားလုံးကြောင့် ယဲ့ယီ၏ မျက်နှာလေး နီမြန်းသွားသည်။
မနေ့ညက ဗီဒီယိုခေါ်ခဲ့စဉ်ကလည်း သူသည် ဤသို့ ပြောခဲ့သော်လည်း ယခုလို လူချင်းတွေ့ပြီး ကြားရသည်မှာ ပို၍ ရင်ခုန်ရ၏။
“မင်း အလုပ်တွေ ဆက်လုပ်လေ။ ကိုယ် ဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေပါ့မယ်”
ထို့နောက် ကုရှီချန်းသည် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။
အစပိုင်းတွင် ယဲ့ယီသည် ကုရှီချန်း၏ အကြည့်အောက်တွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း တဖြည်းဖြည်းနှင့် အလုပ်ထဲသို့ အာရုံရောက်သွားသည်။
ယဲ့ယီသည် အလုပ်အပေါ် အလွန် တာဝန်ယူတတ်သူဖြစ်ကြောင်း သူတို့ အတူတူ ရုပ်ရှင်ရိုက်ကတည်းက ကုရှီချန်း သိထားပြီးသား ဖြစ်၏။ ထို့အပြင် အလုပ်လုပ်နေသော သူမ၏ အသွင်အပြင်လေးမှာ ယခုအချိန်တွင် ပို၍ ဆွဲဆောင်မှု ရှိနေလေတော့သည်။
သူတို့၏ ဆက်ဆံရေး ပေါက်ကြားမည်ကို စိုးရိမ်သဖြင့် ကုရှီချန်းသည် ခဏသာ နေခဲ့ပြီးနောက် ပြန်သွားသည်။
သူတို့နှစ်ဦး အတတ်နိုင်ဆုံး ဖုံးကွယ်ထားကြသော်လည်း သတင်းထောက်များ၏ ခေါင်းဆောင်ဟု သတ်မှတ်ထားသော တုန်မင်ရွှမ်ကမူ ထိုထူးခြားမှုကို ရိပ်မိသွားခဲ့သည်။
“အစ်မနန်ချင်ဝမ် ဥက္ကဌကုနဲ့ အစ်မယဲ့တို့ကြားမှာ တစ်ခုခု ဖြစ်နေတာလား။ သူတို့ကြားက ဆက်ဆံရေးက အခုတလော နည်းနည်း ထူးဆန်းနေသလိုပဲ”
“ဘယ်လို ထူးဆန်းတာလဲ”
နန်ချင်ဝမ် ဘာမှမသိသလို ဟန်ဆောင်ကာ မေးလိုက်သည်။
တုန်မင်ရွှမ်က သူ၏ လေ့လာဆန်းစစ်ချက်များကို နန်ချင်ဝမ်အား ရှင်းပြလေတော့သည်။
“ကြည့်လေ... ဥက္ကဌကုက အစ်မယဲ့ကို သဘောကျတာ အားလုံး သိနေကြတာပဲ။ ဒါပေမဲ့ အစ်မယဲ့က သူ့အပေါ် အမြဲတမ်း အေးတိအေးစက်ကြီးနဲ့။ ဒီနေ့ကျတော့ ဥက္ကဌကုက မျက်နှာပျက်ပျက်နဲ့ ရောက်လာပြီး ကျွန်တော့်နှုတ်ဆက်တာကိုတောင် မသိချင်ယောင်ဆောင်သွားတယ်”
“ဒါပေမဲ့ သူ ပြန်သွားတော့ သူ့မျက်နှာက ပြုံးပြုံးကြီး ဖြစ်နေတယ်၊၊ အဲ့အပြုံးတွေကိုတောင် မနည်းထိန်းနေရတာနော်။ ကျွန်တော် ထင်တာကတော့ သူတို့နှစ်ယောက် ခိုးတွဲနေကြပြီ ထင်တယ်”
ထိုစကားကြောင့် နန်ချင်ဝမ်မှာ သောက်နေသော ရေပင် သီးမလို ဖြစ်သွားရလေသည်။
တုန်မင်ရွှမ်၏ စူးစမ်းနိုင်စွမ်းသည် တကယ်ကို ထက်မြက်လွန်းသည်။ သူသည် ကွက်တိ ခန့်မှန်းနိုင်သည်။
သို့သော်လည်း သူမသည် ယခုအချိန်တွင် အမှန်အတိုင်း မပြောနိုင်သေးပေ။
“နင် ဘာတွေ လျှောက်တွေးနေတာလဲ... သူတို့ တွဲနေတယ်ဆိုရင် ယဲ့ယီက ငါ့ကို ပြောမှာပေါ့။ ပြီးတော့ နင် တော်တော် အ တာပဲ... ဥက္ကဌကုက ယဲ့ယီကို သဘောကျတယ်ဆိုတာ နင်ကိုယ်တိုင်ပြောခဲ့တာနော်။ နင်နဲ့ ယဲ့ယီ ရိုက်ထားတဲ့ ကြော်ငြာကလည်း နာမည်ကြီးနေတာလေ... နင်နဲ့တွေ့ရင် သူက မျက်နှာသာ ပေးပါဦးမလား”
တုန်မင်ရွှမ်မှာ ရုတ်တရက် သဘောပေါက်သွားလေ၏။
“ဪ... ဒါကြောင့် ဥက္ကဌကုက ကျွန်တော့်ကို မနှုတ်ဆက်တာကိုး... သူသဝန်တိုနေတာပဲ”
ထို့နောက် သူသည် ခဏ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်၏။
“ဒါပေမဲ့လည်း သူတို့ကြားမှာ တစ်ခုခု ရှိနေတာတော့ သေချာတယ်”
တုန်မင်ရွှမ်ကို ပို၍ မခန့်မှန်းစေရန် နန်ချင်ဝမ်မှာ သူ့ကို အလျင်အမြန် မောင်းထုတ်လိုက်ရ၏။
“မြန်မြန် သွားပြီး ဇာတ်ညွှန်းဖတ်စမ်း... ဆုပေးပွဲ ပြီးတာနဲ့ အစမ်းရိုက်ကူးမှုတွေ ရှိတယ်လေ။ နင် ပြင်ဆင်ပြီးပြီလား... တစ်နေ့လုံး သူများအတင်းတွေပဲ လျှောက်တွေးမနေနဲ့”
တုန်မင်ရွှမ်လည်း မတတ်သာဘဲ ဇာတ်ညွှန်းသွားဖတ်လိုက်ရသော်လည်း ယဲ့ယီနှင့် ကုရှီချန်းတို့ တစ်ခုခု ဖုံးကွယ်ထားကြသည်ဟု သူ ဆက်လက် ယုံကြည်နေဆဲပင်။
အလုပ်ဆင်းချိန်တွင် ယဲ့ယီနှင့် နန်ချင်ဝမ်တို့သည် အိမ်ပြန်ရန် ပြင်ဆင်နေကြစဉ် ကားပါကင်တွင် ရူသိုက်ဝိန်ကို တွေ့လိုက်ရ၏။
သူမသည် ထိုနေရာတွင် တမင်စောင့်နေသည့်ပုံ ပေါ်သည်။
“မမ... မမ အရင်ပြန်နှင့်”
နန်ချင်ဝမ် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် အရင်ပြန်သွားတော့သည်။
နန်ချင်ဝမ် ထွက်သွားသည်ကို မြင်သောအခါ ရူသိုက်ဝိန် ရှေ့တိုးလာပြီး နှုတ်ဆက်လေ၏။
“မိန်းကလေး ယဲ့... ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်”
“မိန်းကလေးရူကကျွန်မကို တမင်စောင့်နေတာ အကြောင်းရှိလို့လား”
ရူသိုက်ဝိန် ခပ်ဖျော့ဖျော့ပြုံးကာ ယဲ့ယီကို ကြည့်လိုက်၏။
“မိန်းကလေး ယဲ့ရဲ့ ဒဏ်ရာက မြန်မြန်ဆန်ဆန် ပျောက်သွားတာပဲနော်... မနေ့က စကားမပြောနိုင်ဘူးဆိုပြီး ဒီနေ့တော့ ပြောနိုင်နေပြီပဲ”
ယဲ့ယီသည် သူမ အလိမ် ပေါ်သွားသော်လည်း အနည်းငယ်မျှပင် ရှက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
“မိန်ကလေးရူမှာ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ... မရှိရင် ကျွန်မ သွားတော့မယ်”
“ဒီလောက် မလောပါနဲ့ မိန်းကလေးယဲ့။ ကျွန်မတို့ တစ်နေရာရာမှာ သေချာစကားပြောကြရအောင်”
ယဲ့ယီ ရူသိုက်ဝိန်နောက်သို့ လိုက်ပါသွားပြီး ကော်ဖီဆိုင် တစ်ဆိုင်သို့ ရောက်ရှိသွားလေသည်။ ကော်ဖီမှာပြီးနောက် ရူသိုက်ဝိန်က သူမ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောဆိုတော့သည်။
“မင်းသာ ရှီချန်းနဲ့ ဝေးဝေးမှာ နေပေးမယ်ဆိုရင် သန်ဘက်ခါ ဆုပေးပွဲမှာ မင်းကို အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရအောင် လုပ်ပေးနိုင်သလို နောင်မှာလည်း ဖျော်ဖြေရေးလောကမှာ မင်းရဲ့ အောင်မြင်မှုကို ကျွန်မ အာမခံနိုင်တယ်”
ရူသိုက်ဝိန်က သူမအနားသို့ ချဉ်းကပ်လာကတည်းက ကုရှီချန်းထံနှင့် ဝေးဝေးနေရန် ပြောမည်ကို ယဲ့ယီ သိထားပြီးဖြစ်သည်။
သူမသည် ကော်ဖီတစ်ငုံ သောက်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။
“မိန်းကလေးရူရဲ့ ကမ်းလှမ်းချက်တွေက တကယ်ကို ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ကုရှီချန်းနဲ့ အတူရှိနေမယ်ဆိုရင်လည်း အဲဒီအရာတွေကို ကျွန်မ ရနိုင်တာပဲ... ဒီထက်တောင် ပိုရနိုင်သေးတယ်။ ကျွန်မ ဘာကြောင့် လက်ခံရမှာလဲ”
အချော့နည်းဖြင့် ပြောမရမှန်း သိသွားသောအခါ ရူသိုက်ဝိန် ဟန်ဆောင်နေခြင်းကို ရပ်လိုက်တော့သည်။
“မင်းကို ကုမိသားစုထဲ ထပ်ဝင်ခွင့်ပေးမယ်လို့ မင်း တကယ် ထင်နေတာလား... အရင်က မင်း အိမ်ထောင်ကျခဲ့တာက ကံကောင်းလို့ပဲ။ အခု မင်းက ကွာရှင်းထားတဲ့သူဆိုတော့ အဲဒီနေရာက မင်းအတွက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူ”
“ရှီချန်းက မင်းကို တကယ်သဘောကျနေတယ်လို့ မင်း ထင်နေတာလား... သူက မင်းကို ကစားနေတာပဲ။ ရှီချန်းနဲ့ ငါက ငယ်သူငယ်ချင်းတွေ ပြီးတော့ မိသားစုချင်းကလည်း သဘောတူထားပြီးသား။ ရှီချန်းရဲ့ ဘေးမှာ ငါကပဲ တစ်ဦးတည်းသော မိန်းကလေး အဖြစ် ရှိနေခဲ့တာ”
“ မင်းသာ ကြားထဲက မပါရင် ကုကတော်နေရာက ငါ့နေရာပဲ။ သူ ချစ်တာ ငါတစ်ယောက်တည်းပဲ... မင်းကတော့ သူ့အတွက် ခဏတာ အပျော်သဘောပဲ။ မင်းကို အသိဝင်ဖို့ ငါ သတိပေးပါရစေ... မဟုတ်ရင်တော့ အဲဒီနေရာက ဘယ်သူမဆို ယူထိုင်လို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာ မင်း သိသွားစေရမယ်”
အခန်း (၁၅၂)
သတိပေးချက်
ယဲ့ယီသည် ကော်ဖီ တစ်ငုံသောက်လိုက်ပြီးနောက် အလွန်တည်ငြိမ်သော လေသံဖြင့် တစ်ခွန်းတည်းသာ ပြန်ပြောလိုက်သည်။
“ဪ”
ယဲ့ယီ၏ ထိုကဲ့သို့ ဂရုမစိုက်သော လေသံသည် ရူသိုက်ဝိန်ကို ဒေါသထွက်စေခဲ့၏။
“ယဲ့ယီ နင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့”
ယဲ့ယီသည် ရူသိုက်ဝိန်၏ ခြိမ်းခြောက်မှုများကို စိတ်ထဲ၌ မထားပေ။ ယခင်ဘဝက သူမသည် ထိုသို့သော အဖြစ်အပျက်မျိုးစုံကို ကြုံတွေ့ခဲ့ဖူးသည်။
ထိုစဉ်က စီးပွားဖက်တစ်ဦး၏ ဇနီးသည်က သူမသည် ခင်ပွန်းဖြစ်သူကို ဖြားယောင်းနေသည်ဟု စွပ်စွဲကာ ဖျော်ဖြေရေးလောကတွင် သူမ ရပ်တည်၍မရအောင် လုပ်ပစ်မည်ဟု ကြုံးဝါးခဲ့ဖူး၏။ သို့သော်လည်း နောက်ဆုံးတွင် သူမသည် ထိုလောကထဲ၌ ကိုယ်ပိုင်နေရာတစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့သည် မဟုတ်လော။
ထို့အပြင် ကုရှီချန်း၏ ဖွင့်ပြောမှုကို လက်ခံလိုက်သည့် အချိန်မှစ၍ ယဲ့ယီ အနေဖြင့် သူ့ကို စွန့်လွှတ်ရန် မဖြစ်နိုင်တော့ပေ။ ကုရှီချန်းကိုယ်တိုင်က လမ်းခွဲချင်သည်ဟု မပြောသရွေ့ အခြားသူများ ဘာပြောပြော သူမ ဂရုမစိုက်ပေ။
“ကျွန်မကို ကုရှီချန်းနဲ့ လမ်းခွဲစေချင်တယ်ဆိုရင်တော့ မိန်းကလေးရူအနေနဲ့ ကုရှီချန်းကိုပဲ သွားပြောဖို့ အကြံပေးချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကို သူက အရင်လိုက်ခဲ့တာလေ”
ယဲ့ယီ ထိုသို့ပြောလိုက်သောအခါ ရူသိုက်ဝိန်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး ယဲ့ယီကို အကြည့်ဖြင့် သတ်ပစ်ချင်နေသည့်အလား စိုက်ကြည့်နေတော့၏။
“ယဲ့ယီ... နင် စောင့်ကြည့်နေလိုက်”
ထိုသို့ ပြင်းထန်သော စကားတစ်ခွန်းကို ချန်ထားခဲ့ကာ ရူသိုက်ဝိန်သည် ကော်ဖီဆိုင်ထဲမှ တန်းတန်းမတ်မတ် ထွက်သွားသည်။ ယဲ့ယီကမူ မထွက်သွားခင် သူမ၏ ကော်ဖီကို အကုန် သောက်လိုက်သေး၏။ မသောက်ဘဲ ထားခဲ့လျှင် နှမြောစရာ ကောင်းသည်မဟုတ်လော။
ကော်ဖီသောက်ပြီးမှသာ ယဲ့ယီသည် အေးအေးလူလူပင် တက္ကစီငှား၍ ပြန်လာလေသည်။
သူမ အိမ်သို့ ပြန်ရောက်သောအခါ ကုရှီချန်းနှင့် ကုစဲ့တို့ပါ ရောက်နေသည်ကို တွေ့လိုက်ရတော့သည်။ ယဲ့ယီကို မြင်သည်နှင့် ကုစဲ့သည် ချက်ချင်း ရှေ့ပြေးထွက်လာကာ သူမကို အားရပါးရ ဖက်ထားတော့သည်။ သူမ၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး အလွှတ်မပေးတော့ပေ။
ယဲ့ယီ သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။
“ ငါ လမ်းလျှောက်လို့ ရတော့ဘူးလေ”
ထိုသို့ မတတ်သာဟန်ဖြင့် ပြောလိုက်မှသာ ကုစဲ့သည် မလွှတ်ချင်လွှတ်ချင် အမူအရာဖြင့် ခြေထောက်ကို လွှတ်ပေးလိုက်တော့သည်။
ကုစဲ့သည် ပြီးခဲ့သည့် နှစ်ရက်အတွင်း စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။ ယဲ့ယီကို အတူတူပြန်ခေါ်လာပြီး နေထိုင်မည်ဟု ကုရှီချန်း ပြောစဉ်က သူသည် အလွန်ပျော်ရွှင်ခဲ့ရသော်လည်း နောက်ဆုံးတွင် ယဲ့ယီက ပြန်မလာဘဲ အခြားအမျိုးသမီးနှစ်ဦးသာ အိမ်ထဲသို့ ရောက်လာခဲ့လေသည်။
ဘွားဘွားကုသည် ကိစ္စမရှိသော်လည်း ကျန်အမျိုးသမီးတစ်ဦးမှာမူ သူ့ဖခင်အပေါ် မရိုးသားသော ရည်ရွယ်ချက်ရှိနေသည်မှာ သိသာလှပေသည်။
ကုရှီချန်းသည် ထိုအမျိုးသမီး၏ ဖြားယောင်းမှုထဲ ပါသွားမည်ကို ကုစဲ့မှာ အလွန်စိုးရိမ်ခဲ့ရသည်။ သို့သော်လည်း ကံကောင်းထောက်မစွာ ကုရှီချန်းသည် အပြင်သို့ အိမ်ပြောင်းရွှေ့သွားခဲ့လေသည်။ သို့သော်လည်း သူ့ကိုတော့ ထိုအိမ်တွင် ထားခဲ့လေ၏။
ထိုအမျိုးသမီးသည် သူ အိမ်စာလုပ်နေချိန်တွင် နေ့တိုင်းလာနှောင့်ယှက်နေသည့်အပြင် သူ အိပ်ယာဝင်ချိန်၌လည်း ပုံပြင်များ ပြောပြမည်ဟု ဇွတ်အတင်း လုပ်ဆောင်နေလေသည်။
ကုစဲ့မှာ ကျောင်းတွင် တစ်နေကုန် နေချင်စိတ် ပေါက်လာရတော့သည်။ အိမ်တွင် နေရသည်မှာ သူ့အတွက် ကြောက်စရာကောင်းလွန်းနေ၏။
ကုရှီချန်း ရှေ့တိုးလာပြီး ကုစဲ့ကို မချီကာ ဘေးသို့ ဖယ်ထားလိုက်ပြီးနောက် စိုးရိမ်တကြီးဖြင့် သူ့ကောင်မလေးကို မေးလိုက်၏။
“ရူသိုက်ဝိန် မင်းဆီ လာတာလား။ သူ မင်းကို တစ်ခုခု လုပ်လိုက်သေးလား”
ကုရှီချန်း၏ စိုးရိမ်နေသော မျက်နှာကို မြင်သောအခါ ယဲ့ယီ၏ ရင်ထဲတွင် နွေးထွေးသွားပြီး သူ့ကို ပြုံးပြလိုက်သည်။
“စိတ်မပူပါနဲ့... သူက ကျွန်မကို ရှင့်ဆီက ထွက်သွားဖို့ပဲ ပြောတာပါ”
ကုရှီချန်း၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
‘ရူသိုက်ဝိန်... ငါက ယဲ့ယီကို ရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာကို သင်းက ယဲ့ယီကို ငါ့ဆီက ထွက်သွားခိုင်းနေတာပေါ့’
“မင်း...”
ကုရှီချန်း စိတ်မအေးဖြစ်နေသည်ကို ရိပ်မိသဖြင့် ယဲ့ယီသည် သူ့ခေါင်းကို ပွတ်သပ်ပေးကာ ပြောလိုက်၏။
“စိတ်မပူပါနဲ့ ကျွန်မက မက်လုံးပေးရုံနဲ့ စိတ်ယိုင်သွားမဲ့ လူစားမျိုး မဟုတ်ပါဘူး”
[ငွေတွင်းကြီးက ဒီမှာရှိနေတာကို... ကျွန်မ မအ ပါဘူး]
ကုရှီချန်းသည် ယဲ့ယီ၏ စကားကို ကြားမှသာ သက်ပြင်းချနိုင်တော့၏။ သို့သော်လည်း သူမကို အလေးအနက် ပြန်ပြောလိုက်သည်။
“ဘယ်သူ ဘာပြောပြော နားမထောင်နဲ့နော်... ကိုယ်တို့ ကိစ္စတွေမှာ သူတို့ ဝင်စွက်ဖက်စရာ မလိုဘူး”
အခြားသူများ၏ သွေးထိုးမှုကို နားယောင်ပြီး အမျိုးသမီးဇာတ်ဆောင်က အမျိုးသားဇာတ်ဆောင်ကို စွန့်ခွာသွားသည့် ဝတ္ထုများကို ကုရှီချန်း သတိရမိသဖြင့် ယဲ့ယီလည်း ထိုသို့ ဖြစ်သွားမည်ကို သူ စိုးရိမ်နေမိသည်။
“စိတ်မပူပါနဲ့... ရှင်က ကျွန်မ ရွေးချယ်ထားတဲ့သူပဲ။ ရှင့်ကို တခြားသူလက်ထဲ ထည့်ပေးရလောက်အောင် ကျွန်မ မအပါဘူး”
ယဲ့ယီ အာဏာရှင်ဆန်သော အမျိုးသမီး စီအီးအိုတစ်ယောက်၏ အရှိန်အဝါမျိုးဖြင့် ပြောလိုက်သည်။
ထိုအခါ ကုရှီချန်း၏ နားရွက်လေးများမှာ ရှက်သွေးဖြာကာ နီမြန်းသွားပြန်၏။
နန်ချင်ဝမ်၊ ကုစဲ့ နှင့် သွမ့်ကျားကျားတို့မှာမူ ဘေးတွင် အရေးလုပ် မခံရပေ။
’ငါတို့တော့ ခွေးစာကျွေးခံနေရတာပဲ’
ကုရှီချန်းနှင့် ကုစဲ့တို့သည် နန်ချင်ဝမ် အိမ်တွင် အတော်ကြာအောင် နေထိုင်ပြီးမှ ပြန်သွားကြသည်။ ပြန်ခါနီးတွင် သားအဖနှစ်ယောက်စလုံး မခွဲရက် မခွာရက် ဖြစ်နေကြသဖြင့် နန်ချင်ဝမ်မှာ ရယ်မောကာ စနောက်လိုက်၏။
“ယဲ့ယီ... နင့်ရဲ့ ဆွဲဆောင်မှုကတော့ မသေးဘူးပဲ။ ငါတို့ဥက္ကဌကုကိုတော့ အချစ်နွံထဲ နစ်သွားအောင် လုပ်နိုင်တယ်ပေါ့”
ယဲ့ယီလည်း ဂုဏ်ယူစွာပင် ဆံနွယ်များကို သပ်တင်ရင်း ပြန်ပြောလိုက်သည်။
“ဒါပေါ့... ကျွန်မပဲလေ”
“ဒါပေမဲ့ ယဲ့ယီ... ဥက္ကဌကုရဲ့ ငယ်သူငယ်ချင်းကတော့ နင့်ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးထင်တယ်”
နန်ချင်ဝမ် စိုးရိမ်တကြီး ပြော၏။
ကုရှီချန်းသည် ယဲ့ယီကို ကာကွယ်ပေးမည်မှာ သေချာသော်လည်း မတော်တဆမှုများ ဖြစ်လာမည်ကို သူမ ကြောက်နေမိသည်။
“ရေလာရင် မြေနဲ့တားမှာပေါ့... စိတ်မပူပါနဲ့”
ယဲ့ယီသည် လုံးဝ အရေးမစိုက်ပေ။
အများဆုံးအနေဖြင့် ရူသိုက်ဝိန်သည် သူမ အလုပ်ကို နှောင့်ယှက်ရုံသာ တတ်နိုင်လိမ့်မည်။ အင်တာနက်တစ်ခွင်မှ အပယ်ခံရသည့် အခြေအနေကိုပင် ကျော်ဖြတ်ခဲ့ဖူးသည့် သူမအတွက် ဤအရာမှာ ဘာမှ မဟုတ်ပေ။
ကုရှီချန်း ပြန်ရောက်သောအခါ ရူသိုက်ဝိန်ကို တိုက်ရိုက် သွားရောက်ရှာဖွေခဲ့သည်။ ကုရှီချန်းသည် မိမိကို လာရှာသည်ဟု သိလိုက်ရသဖြင့် ရူသိုက်ဝိန်မှာ အချိန်အတော်ကြာ ပျော်ရွှင်သွားခဲ့ရသည်။
သို့သော်လည်း ယဲ့ယီထံ သွားရောက်ခြင်း ရှိမရှိ မေးမြန်းလာသဖြင့် သူမ စတင် ထိတ်လန့်သွားတော့သည်။
“ရှီချန်း... ငါ သူ့ ဆီသွားတာက နင် ဒီနှစ်တွေအတွင်း ဘာတွေလုပ်နေလဲ သိချင်လို့ပါ”
ရူသိုက်ဝိန်က ကုရှီချန်း၏ မျက်လုံးများကို မကြည့်ရဲဘဲ တိုးတိုးလေး ဖြေလိုက်၏။
ကုရှီချန်း၏ လေသံမှာ အေးစက်ကာ ခံစားချက် ကင်းမဲ့နေသည်။
“မစ္စရူအနေနဲ့ ကျွန်တော့်ကိစ္စတွေကို အများကြီး စိတ်မပူပေးဖို့ တောင်းဆိုပါရစေ။ မစ္စရူ သာ ကျွန်တော့်ချစ်သူကို ထပ်ပြီး ဒုက္ခပေးမယ်ဆိုရင် ကျွန်တော့်ဘက်က မိသားစုချင်း ခင်မင်မှုကို ငဲ့ညှာနေမှာ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့”
ရူသိုက်ဝိန်မှာ မျက်ရည်များ ချက်ချင်း ကျဆင်းလာခဲ့သည်။
“ရှီချန်း... နင် သူ့ကို တကယ်ပဲ အဲဒီလောက်တောင် ချစ်တာလား။ ငါတို့ အတူတူ ကြီးလာခဲ့ကြတာလေ”
ကုရှီချန်းက ရူသိုက်ဝိန်ကို အားနာခြင်းမရှိဘဲ အရှိကိုအရှိအတိုင်း ပြောချလိုက်လေသည်။
“စစ်တပ်ထဲမှာ ငါနဲ့အတူ ကြီးပြင်းလာတဲ့ မိန်းကလေးက မင်း တစ်ယောက်တည်း မဟုတ်ဘူး။ မင်းပြောတဲ့အတိုင်းသာဆိုရင် အားလုံးကို ငါက လက်ထပ်ရမှာလား”
“ငါ...”
ရူသိုက်ဝိန် ဆွံ့အသွားရသည်။
ကုရှီချန်းနှင့် သူမသည် ငယ်သူငယ်ချင်းဟု အမြဲ ပြောဆိုလေ့ရှိသော်လည်း အမှန်စင်စစ် ကလေးဘဝက စစ်တပ်ထဲတွင် နှစ်အနည်းငယ်မျှသာ အတူတူ ရှိခဲ့ဖူးခြင်း ဖြစ်သည်။ ထို့အပြင် ဝင်းထဲတွင် ကလေးပေါင်း မြောက်များစွာ ရှိပြီး ကုရှီချန်းသည် ရူသိုက်ဝိန်နှင့် လုံးဝ ရင်းနှီးခြင်း မရှိခဲ့ပေ။ မိခင်ကြီးကုကသာ ရူသိုက်ဝိန်ကို ပို၍ သဘောကျနေခြင်း ဖြစ်၏။
“လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ မင်း ဒီမှာ ဆက်နေဖို့ မသင့်တော်ဘူး။ မနက်ဖြန်ကျရင် ဟိုတယ်တစ်ခု စီစဉ်ပေးဖို့ လူလွှတ်လိုက်မယ်။ ဒီကိစ္စကို ငါ အမေကို ပြောပြလိုက်မယ်”
မူလက ကုရှီချန်းသည် မိခင်ကြီးကုကို ငဲ့ညှာသောအားဖြင့် ရူသိုက်ဝိန် နေထိုင်သည်ကို သည်းခံခဲ့သော်လည်း ယခုအခါ သူမသည် ယဲ့ယီကို ရန်မူရဲသဖြင့် ဆက်လက် လက်ခံထားရန် မဖြစ်နိုင်တော့ပေ။ ရူသိုက်ဝိန် ဆက်လက် ငြင်းဆန်ချင်သော်လည်း ကုရှီချန်း၏ အေးစက်သော မျက်နှာကို မြင်လိုက်ရသဖြင့် ဘာမှ မပြောရဲတော့ပေ။
ရူသိုက်ဝိန်ကို သတိပေးပြီးနောက် ကုရှီချန်းသည် မိခင်ကြီးကုထံသို့ သွားသည်။ သို့သော် ရူသိုက်ဝိန်ကို အိမ်ကနေ ဖယ်ထုတ်ချင်ကြောင်း ကြားသိလိုက်ရသော မိခင်ကြီးကု ချက်ချင်း မကျေမနပ် ဖြစ်သွားရသည်။
“မင်းက သိုက်ဝိန်ကို အိမ်ကနေ နှင်ထုတ်လိုက်ရင် ငါက ရူမိသားစုကို ဘယ်လို မျက်နှာပြရမှာလဲ။ မင်း သူ့ကို သဘောမကျရင်တောင် မိသားစုနှစ်ခုက မျိုးဆက်ပေါင်းများစွာ ခင်လာခဲ့တာပဲ။ မင်း လုပ်တာ လွန်လွန်းတယ်”
သို့သော်လည်း ကုရှီချန်းသည် သူ၏ ဆုံးဖြတ်ချက် အပေါ် ခိုင်ခိုင်မာမာ ရှိနေသည်။
“အမေ... သူက အပျိုတစ်ယောက်လေ ကျွန်တော်တို့နဲ့ အတူနေတာက သူရဲ့ ဂုဏ်သိက္ခာအတွက် မကောင်းဘူး။ ကျွန်တော် ဟိုတယ်မှာ စီစဉ်ပေးထားပြီးပြီ။ အမေ သူ့ကို အဖော်လုပ်စေချင်ရင်တော့ နေ့ဘက်မှာ သူ ဒီကို လာလို့ရပါတယ်”
မိခင်ကြီးကုသည် သားဖြစ်သူ၏ စရိုက်ကို သိထားသဖြင့် သူ ဤသို့ ပြောလာလျှင် ပြောင်းလဲရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်သည်။
သို့သော်လည်း ရူသိုက်ဝိန်၏ နေထိုင်ခြင်းကို ယခင်က ဘာမှမပြောခဲ့သော ကုရှီချန်းသည် ယခုမှ အဘယ့်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရသည်ကို သူမ နားမလည်နိုင် ဖြစ်နေမိသည်။
ကုရှီချန်း ထွက်သွားပြီးနောက် မိခင်ကြီးကုသည် ရူသိုက်ဝိန်ထံ သွားရောက်ကာ မေးမြန်းလိုက်၏။
ရူသိုက်ဝိန် မျက်ရည်ဝဲလျက် ဝမ်းနည်းပက်လက် ပြောသည်။
“သမီး ဒီမှာနေတာ အဆင်မပြေတာ အမှန်ပါပဲ။ ရှီချန်းရဲ့ ချစ်သူက သူ့ကို နားလည်မှု လွဲသွားနိုင်တယ်လေ”
ထိုအခါမှ မိခင်ကြီးကုလည်း ဘာတွေဖြစ်နေသည်ကို သိသွားတော့၏။ ယဲ့ယီအပေါ် ထားရှိသည့် သူမ အမြင်မှာ ချက်ချင်းဆိုသလို ပို၍ ဆိုးရွားသွားတော့သည်။ သားဖြစ်သူသည် ထိုကဲ့သို့ စိတ်ထားကျဉ်းမြောင်းသော အမျိုးသမီးတစ်ယောက်အား မည်သည့်နေရာမှ ကြည့်ကြိုက်နေသည်ကို သူမ တွေးမရ ဖြစ်နေတော့၏။