← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃)

ဆုပေးပွဲအခမ်းအနား

မျက်စိတစ်မှိတ်အတွင်းမှာပင် အကယ်ဒမီဆုပေးပွဲ အခမ်းအနား ကျင်းပမည့်ရက်သို့ ရောက်ရှိလာသည်။

ဖျော်ဖြေရေးလောကတွင် အထင်ကရအရှိဆုံး ဆုတစ်ခုဖြစ်သည်နှင့်အညီ အကယ်ဒမီဆုပေးပွဲသည် နှစ်စဉ်နှစ်တိုင်း မီဒီယာများ၏ အထူးအာရုံစိုက်မှုကို ခံရလေ့ရှိသည်။ ထို့အပြင် ယခုနှစ်တွင် မည်သူက အကောင်းဆုံးမင်းသားဆုနှင့် အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားမည်ကို လူတိုင်းက စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြ၏။

ဂျက်နီစစ်မီဒီယာသည် ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ နှစ်ဦးစလုံး စကာတင်ခံထားရသဖြင့် သတင်းခေါင်းကြီးပိုင်းတွင် ထပ်မံနေရာယူနိုင်ခဲ့ပြန်သည်။

မနက်အစောကတည်းကပင် နန်ချင်ဝမ်သည် သူတို့နှစ်ဦးကို အခမ်းအနားတက် ဝတ်စုံများနှင့် အလှပြင်ဆင်မှုကို ပြင်ဆင်ပေးလျက် ရှိသည်။

ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ ကော်ဇောနီပေါ်တွင် အတူတူ လျှောက်လှမ်းရန် စီစဉ်ထား၏။ ကုရှီချန်းသည် ယဲ့ယီအတွက် ဝတ်စုံကို ကြိုတင် ပေးပို့ထားပြီး ဖြစ်သောကြောင့် တုန်မင်ရွှမ် ဝတ်စုံကိုလည်း ယဲ့ယီနှင့် လိုက်ဖက်မှုရှိစေရန် ညှိနှိုင်းပြင်ဆင်ခဲ့ရသည်။

နောက်ဆုံးတွင် ဒီဇိုင်းနာက တုန်မင်ရွှမ်အတွက် အဖြူရောင်ဝတ်စုံကို ရွေးချယ်ပေးခဲ့၏။

‘ချောမောသောကောင်လေး’ အသွင်ရှိသော တုန်မင်ရွှမ်သည် အဖြူရောင်ဝတ်စုံနှင့်ဆိုလျှင် ပို၍ပင် နုပျိုသွားပုံရပြီး ယဲ့ယီနှင့် ဘေးချင်းယှဉ်ရပ်လိုက်သောအခါ ချမ်းသာကြွယ်ဝသော မိသားစုမှ မောင်နှမနှစ်ဦးကဲ့သို့ ထင်မှတ်ရလေ၏။

ယနေ့ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း အလွန်ပင် သက်ဝင်လှုပ်ရှားနေကြပြီး အင်တာနက်အသုံးပြုသူများစွာက ယဲ့ယီတစ်ယောက် အမှန်တကယ် ဆုရရှိနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်နေကြသည်။

လန်ရွှယ်လည်း စကာတင်ခံရပြီး တိုင်ဆိုင်စွာဖြင့် သူမသည် ယဲ့ယီနှင့် တစ်ဆုတည်းဖြစ်သော ‘အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု’ အတွက် ပြိုင်ဆိုင်ရလေသည်။

သူတို့နှစ်ဦးအပြင် အဆိုပါဆုအတွက် အဓိက အပြိုင်အဆိုင်ဖြစ်နေသူမှာ သုံးနှစ်ဆက်တိုက် စကာတင်ခံရသော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် ထိပ်တန်းမင်းသမီးတစ်ဦး ဖြစ်လေသည်။

လူအများစုကတော့ ယခုနှစ်တွင် ထိုမင်းသမီးသာ ဆုရသင့်သည်ဟု ယူဆနေကြ၏။

နန်ချင်ဝမ်သည် ဤဆုပေးပွဲကို အလွန်ပင် အလေးအနက်ထား၏။ ဆုမရခဲ့လျှင်ပင် ကုမ္ပဏီတစ်ခုတည်းမှ နှစ်ဦးစလုံး စကာတင်ခံရခြင်းမှာ ရှားပါးလှသော အောင်မြင်မှုတစ်ခု ဖြစ်လေသည်။

ယနေ့ည အခမ်းအနားပြီးဆုံးသွားသည်နှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ တသီတတန်းကြီး ဝင်လာပေတော့မည်။

“အရမ်း စိတ်မလှုပ်ရှားကြနဲ့ဦး... ဆုမရတောင် စကာတင်ခံရတာနဲ့တင် ဂုဏ်ယူစရာ ကောင်းနေပြီ”

နန်ချင်ဝမ် ယဲ့ယီနှင့် တုန်မင်ရွှမ်ကို အားပေးစကား ဆိုလိုက်သည်။

တုန်မင်ရွှမ်မှာမူ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ ဤသည်မှာ သူ အနုပညာလောကထဲ ရောက်ရှိလာပြီးနောက် ပထမဦးဆုံးအကြိမ် အဖြစ် ကော်ဇောနီပေါ် တွင် လျှောက်လှမ်းရခြင်း ဖြစ်သည့်အပြင် အကယ်ဒမီဆုပေးပွဲကဲ့သို့ ပွဲကြီးပွဲကောင်းဖြစ်နေသဖြင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

ဆုရနိုင်ခြေ နည်းပါးသည်ဟု သိထားသော်လည်း မျှော်လင့်ချက်တစ်ခုက ရင်ထဲတွင် ရှိနေဆဲပင်။

ယဲ့ယီသည် တုန်မင်ရွှမ် ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။

“စိတ်မလှုပ်ရှားနဲ့။ နောင်မှာ ဒီလိုပွဲတွေ အများကြီး ကြုံရဦးမှာ။ နောက်ကျရင် ကျင့်သားရသွားလိမ့်မယ်”

“အစ်မယဲ့ ကျတော့ နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား”

တုန်မင်ရွှမ် ယဲ့ယီ၏ တည်ငြိမ်လွန်းသော အမူအရာကို တအံ့တသြ ကြည့်ရင်း မေးလိုက်သည်။

ယဲ့ယီသည် သူထက် အနုပညာသက်တမ်း နှစ်နှစ်မျှ ပိုကြီးသော်လည်း အကယ်ဒမီအတွက် စကာတင်ခံရသည်မှာ သူမအတွက်လည်း ပထမဦးဆုံးအကြိမ်ပင် ဖြစ်လေသည်။

“စိတ်လှုပ်ရှားတာပေါ့... အပြင်က မသိသာအောင် ထိန်းထားတာလေ”

ယဲ့ယီ မျက်နှာသေလေးဖြင့် ပေါက်ကရ ပြောလိုက်သည်။

‘စိတ်လှုပ်ရှားတယ်တဲ့လား... မဖြစ်နိုင်တာ‘

သူမ ယခင်ဘဝက နိုင်ငံတကာဆုပေါင်းများစွာကို ဆွတ်ခူးခဲ့ဖူးသဖြင့် ဤကဲ့သို့သော အခမ်းအနားမျိုးမှာ သူမအတွက် ကျင့်သားရနေလေပြီ။

တုန်မင်ရွှမ်မှာမူ ယဲ့ယီစကားကို လုံးဝမယုံကြည်ပေ။ သူမကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

နောက်ဆုံးတွင် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကြီး စတင်ခဲ့လေသည်။ ယဲ့ယီနှင့် တုန်မင်ရွှမ်တို့လက်ရှိ ဂုဏ်သတင်းမှာ အလွန်အမင်း မကြီးမားသေးသဖြင့် သူတို့နှစ်ဦးကို အလယ်တန်းတွင် ထိုင်ခုံနေရာ ချပေးထားသည်။

ကော်ဇောနီပေါ် လျှောက်လှမ်းရန် အလှည့်မရောက်မီလေးတွင် တုန်မင်ရွှမ်သည် အသက်ပြင်းပြင်းရှူနေပြီး လက်များမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်နေ၏။

“မလောနဲ့ တည်တည်ငြိမ်ငြိမ်ပဲနေ”

ယဲ့ယီ၏ စကားများကို ကြားပြီးနောက် တုန်မင်ရွှမ် ပြန်ပြောချင်စိတ်ပေါက်သွား၏။

“တည်ငြိမ်လို့ မရနေတာ”

နောက်ဆုံးတွင် သူတို့အလှည့်သို့ ရောက်ရှိလာသည်။ တုန်မင်ရွှမ်သည် စိတ်လှုပ်ရှားနေသော်လည်း အခြေအနေကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။

သူ့လက်ကို တွဲထားသော ယဲ့ယီမှာမူ လုံးဝ စိတ်လှုပ်ရှားခြင်း မရှိဘဲ အလွန်ပင် တည်ငြိမ်နေ၏။

စင်အောက်မှနေ၍ ယဲ့ယီနှင့် တုန်မင်ရွှမ်တို့၏ အပြုအမူကို ကြည့်နေသော နန်ချင်ဝမ်သည် ယဲ့ယီကို ပို၍ပင် လေးစားမိသွားလေသည်။

သူမသာ ယဲ့ယီနှင့် အနီးကပ် မရှိခဲ့လျှင် ယဲ့ယီသည် ကော်ဇောနီပေါ်ကို အကြိမ်ပေါင်း ရာနှင့်ချီ၍ လျှောက်လှမ်းဖူးသူတစ်ဦးဟု သံသယဝင်မိပေလိမ့်မည်။

သူမ လျှောက်လှမ်းပုံမှာ အလွန်ပင် သဘာဝကျလွန်းလှ၏။ ဝါရင့်သရုပ်ဆောင်အချို့ပင် သူမလောက် တည်ငြိမ်မှု မရှိကြပေ။

ကော်ဇောနီပေါ် လျှောက်လှမ်းပြီးနောက် ဝန်ထမ်းများက သူတို့ကို သတ်မှတ်ထားသော ထိုင်ခုံများဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့လေသည်။

သို့သော် ယခုတစ်ခေါက်တွင် တုန်မင်ရွှမ်၏ ထိုင်ခုံမှာ ယဲ့ယီနှင့် ဘေးချင်းကပ် မဟုတ်တော့ပေ။ ယဲ့ယီသည် ရှေ့ဆုံးတန်းတွင် ထိုင်ခုံနေရာ ရရှိခဲ့လေသည်။ ထိုသို့ ရှေ့ဆုံးတွင် ထိုင်ရခြင်းမှာ သူမ၏ ကျော်ကြားမှုကြောင့် မဟုတ်ဘဲ သူမသည် ဂျက်နီစစ်မီဒီယာ၏ အကြီးအကဲ တစ်ဦးဖြစ်နေသဖြင့် အရင်းရှင်တစ်ဦးအနေနှင့် သတ်မှတ်ခံရခြင်းကြောင့် ဖြစ်၏။

လန်ရွှယ်၏ ထိုင်ခုံသည် ယဲ့ယီ၏ ဘယ်ဘက်တွင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေခဲ့သည်။ ဤသည်မှာ တမင်တကာ စီစဉ်ထားခြင်း ဖြစ်နိုင်သည်ဟု ယဲ့ယီ သံသယဝင်မိ၏။ သို့သော် တကယ်တမ်းတွင်မူ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ပုံရပြီး လန်ရွှယ်လည်း ယဲ့ယီကို တွေ့လိုက်ရသဖြင့် အံ့ဩသွားပုံရသည်။

သို့သော်လည်း သူမ ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

“ယဲ့ယီ မတွေ့တာ ကြာပြီနော်”

ယဲ့ယီသည် လန်ရွှယ်၏ သရုပ်ဆောင်စွမ်းရည်ကို အမှန်တကယ်ပင် ချီးကျူးမိသည်။ လန်ရွှယ်၏ စိတ်ထဲတွင် သူမကို အပိုင်းပိုင်း ဆွဲဖြဲချင်နေမည်မှာ သေချာ၏။သို့သော်လည်း အပြင်ပန်းတွင်မူ အလွန်ပင် ရင်းနှီးသည့်ပုံစံမျိုး ဖန်တီးထားနိုင်လေသည်။

ဤသရုပ်ဆောင်ချက်မျိုးကိုသာ ရုပ်ရှင်ထဲတွင်သာ ထည့်သုံးနိုင်မည်ဆိုပါက အော်စကာဆုမှာ လက်တစ်ကမ်းအကွာတွင် ရှိနေပေလိမ့်မည်။

တစ်ဖက်လူသည် အကောင်းဆုံး သရုပ်ဆောင်ပြနေသဖြင့် သူမဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးရမည် မဟုတ်လော။

ယဲ့ယီ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်မေးလိုက်၏။

“မတွေ့တာ ကြာပြီနော်။ ရွှယ်အာရော နေကောင်းသွားပြီလား”

ယဲ့ယီသည် လန်ရွှယ်၏ အနာကို တည့်တည့် ဆွပေးလိုက်ခြင်း ဖြစ်သည်။ လန်ရွှယ်၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ပျက်သွားသော်လည်း မီဒီယာများ ရှိနေသဖြင့် အတင်းအကျပ် ပြုံးလိုက်ရ၏။

“နေကောင်းသွားပါပြီ။ နင်လည်း ဥက္ကဌကုနဲ့ ကွာရှင်းလိုက်ပြီလို့ ကြားတယ်... နှမြောစရာပဲနော်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ့မှာ သင့်တော်တဲ့သူ ရှိရင် မိတ်ဆက်ပေးပါ့မယ်”

လန်ရွှယ်သည် ယဲ့ယီကို တမင်တကာ ဒေါသထွက်အောင် လုပ်လိုခြင်းဖြစ်သည်။ အကယ်၍ ယခင်က ယဲ့ယီသာဆိုလျှင် စကားများနေပြီ ဖြစ်သော်လည်း ယခု ယဲ့ယီကမူ။

ယဲ့ယီ ရယ်မောလိုက်ပြီး တဲ့တိုးပြောလိုက်တော့သည်။

“ရတာပေါ့... ဒါပေမဲ့ ရွှယ်အာ သေသေချာချာတော့ ရွေးပေးဦးနော်။ ငါ အတော်လေး ဇီဇာကြောင်တတ်တာ။ နင့်ရဲ့ အသိတွေထဲမှာ ငါကြိုက်မဲ့သူ မရှိလောက်ဘူးထင်တယ်။ ဒါ့ကြောင့် နင့်ရဲ့ စေတနာကို ငြင်းပါရစေ”

လန်ရွှယ်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွား၏။

‘ယဲ့ယီ ငါ့အသိုင်းအဝိုင်းကို တမင်သက်သက် စော်ကားနေတာလား‘

လန်ရွှယ်တစ်ယောက် အံကြိတ်လိုက်၏။

“ငါ့အသိတွေကတော့ အကုန်လုံး ထူးချွန်တဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ သူတို့က စံနှုန်းတွေ မြင့်ကြတော့ နင်နဲ့တော့ သိပ်မလိုက်ဖက်ဘူး ထင်တယ်”

ယဲ့ယီ မျက်ခုံးပင့်လိုက်၏။

‘ငါက မတန်ဘူးလို့ ပြောချင်နေတာလား’

“ဒါဆိုရင်တော့ တကယ် နှမြောစရာပဲနော်။ အဲဒီလူတွေကို ရွှယ်အာ အတွက်ပဲ သိမ်းထားလိုက်ပါ... နင့်ရဲ့ ခင်ပွန်းနဲ့သာ အဆင်ပြေအောင် နေပါနော်”

ယဲ့ယီသည် ထိုသို့ပြောလိုက်သောအခါ လန်ရွှယ်မှာ စိတ်မထိန်းနိုင်တော့ပေ။ သူမ၏ မျက်နှာအမူအရာကိုလည်း ဆက်လက် ဟန်မဆောင်နိုင်တော့ဘဲ မျက်နှာပျက်ပျက်ဖြင့် အခြားတစ်ဖက်မှ လူကိုသာ လှည့်၍ စကားပြောနေလိုက်တော့သည်။

ယဲ့ယီလည်း ဘာမှ မတတ်နိုင်ပေ။ သူမ စကားအနည်းငယ်သာ ပြောရသေးသော်လည်း တစ်ဖက်မိန်းကလေးမှာ ခံနိုင်ရည် မရှိတော့ချေ။ တစ်ဖက်လူ၏ ခံနိုင်ရည်မှာ အတော်လေး လေ့ကျင့်ယူဖို့ လိုအပ်နေသေးသည်။

ကုရှီချန်းလည်း အခမ်းအနားသို့ တက်ရောက်မည်ဟု ပြောထားသည်ကို သတိရကာ ယဲ့ယီသည် ပတ်ဝန်းကျင်ကို အသာအယာ ဝေ့ဝဲကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် သြဇာအာဏာရှိသူများ စုဝေးနေသည့် နေရာတွင် ကုရှီချန်းကို တွေ့လိုက်ရတော့သည်။ ယခုအချိန်တွင် ကုရှီချန်းသည် သူ၏ အေးစက်ခက်ထန်သော ‘အာဏာရှင် ဥက္ကဌကြီး’ ပုံစံသို့ ပြန်လည်ရောက်ရှိနေပြီး မည်သူမျှ မချဉ်းကပ်ရဲသော အရှိန်အဝါမျိုး ထွက်ပေါ်နေလေ၏။

ယဲ့ယီ လှမ်းကြည့်လိုက်သည့် အချိန်တွင် ကုရှီချန်းကလည်း သူမကို မြင်သွားပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းလေးမှာ မသိမသာ ပြုံးယောင်သန်းသွားသည်။ ယဲ့ယီသည် မီဒီယာများ မရိပ်မိအောင် ကုရှီချန်းကို မျက်စိတစ်ဖက် မှိတ်ပြရန် ကြံရွယ်ထားသော်လည်း ကုရှီချန်း နောက်မှ လှမ်းကြည့်နေသော အကြည့်တစ်ခုကို သတိထားမိလိုက်သည်။

ရူသိုက်ဝိန်လည်း ဤနေရာသို့ ရောက်ရှိနေပြီး ကုရှီချန်း၏ နောက်တန်းတွင် ထိုင်နေ၏။ ကုရှီချန်းသည် သူမကို ခေါ်လာခြင်းမဟုတ်မှန်း သိသော်လည်း ယဲ့ယီ ဘာကြောင့်မှန်းမသိ စိတ်တိုသွားရလေသည်။

သူမသည် ကုရှီချန်းထံမှ အကြည့်ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး စင်ပေါ်မှ စကားပြောနေသော အစီအစဉ်တင်ဆက်သူထံသို့သာ အာရုံစိုက်လိုက်တော့သည်။

ကုရှီချန်းသည် ယဲ့ယီတစ်ယောက် ကင်မရာများကို ရှောင်ရှားနေသည်ဟု ထင်မှတ်လိုက်သော်လည်း ယဲ့ယီသည် သူ့ဘက်သို့ လုံးဝ လှည့်မကြည့်တော့သည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။ စောစောက ယဲ့ယီသည် သူ့ကို မမြင်လိုက်ခြင်းများလားဟုပင် တွေးတောနေမိသည်။

ရူသိုက်ဝိန်သည် သူ့နောက်တွင် ထိုင်နေခြင်းကြောင့် ယဲ့ယီ စိတ်ဆိုးနေသည်ကို သူ လုံးဝ ထင်မထားပေ။ အမှန်အားဖြင့် ကုရှီချန်းမှာ ရူသိုက်ဝိန်တစ်‌ယောက် ထိုနေရာတွင် ရှိနေသည်ကိုပင် မသိရှိခဲ့ပေ။

ရူသိုက်ဝိန်အနေနှင့် ဤအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမှာ သူမ၏ မိသားစုကုမ္ပဏီမှာ ပြည်ပတွင် အခြေစိုက်ထားသော်လည်း ပြည်တွင်း၌ စီးပွားရေးမိတ်ဖက်များစွာ ရှိနေသေး၏။ ထို့ကြောင့် စကားတစ်ခွန်းသာ လိုလေသည်။

အခန်း (၁၅၄)

အစီအစဉ်တင်ဆက်သူ ယနေ့ည၏ ဆုရရှိသူစာရင်းကို စတင်ကြေညာတော့သည်။

ပထမဆုံးကြေညာသည့်ဆုမှာ ယခုနှစ်အတွက် “အကောင်းဆုံးမျက်နှာသစ်ဆု” ဖြစ်ပြီး ထိုဆုကို ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းမှ အသစ်စက်စက် ပွဲထွက်လာသည့် မင်းသမီးလေးတစ်ဦးက ဆွတ်ခူးသွားလေသည်။

ကင်မရာမျက်ကွယ်တွင် လန်ရွှယ် ယဲ့ယီကို ရန်စသော အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်လေသည်။ ယဲ့ယီ အတော်ပင် ဆွံ့အသွားရလေ၏။

ဟိုင်ထျန်ဖျော်ဖြေရေးသည် လုပ်ငန်းနယ်ပယ်၏ ထိပ်သီးခေါင်းဆောင်ဖြစ်ရာ ဆုတစ်ခုတည်း ရရုံမျှနှင့် အဘယ်ကြောင့် ဤမျှ ကြွားဝါနေရသနည်းဟု သူမ တွေးနေမိသည်။

ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပနေခဲ့သည်။ ဟိုင်ထျန်ဖျော်ဖြေရေးမှ တစ်ဦးဦး ဆုရသည့်အခါတိုင်း လန်ရွှယ်သည် ယဲ့ယီကို တမင်တကာ ရန်စသော အကြည့်များဖြင့် ကြည့်နေသဖြင့် ယဲ့ယီ အတော်ပင် စိတ်ပျက်သွား၏။

ချန်ထျန်မင်းသည် ရှယ်ယာရှင်တစ်ဦးမျှသာ ဖြစ်သည်ကို သူမ မှတ်မိနေသဖြင့် လန်ရွှယ် အဘယ်ကြောင့် ဤမျှ အောက်ခြေလွတ်နေရသည်ကို နားမလည်နိုင်တော့ပေ။

ထို့အပြင် ယဲ့ယီသည် သတိရှိသူလည်း ဖြစ်သည်။ သူမ၏ ဂျက်နီစစ်မီဒီယာသည် လက်ရှိတွင် ဟိုင်ထျန်ဖျော်ဖြေရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။ လန်ရွှယ် အဘယ်ကြောင့် ဂျက်နီစစ်မီဒီယာကို ဟိုင်ထျန်၏ စိတ်ကူးယဉ်ပြိုင်ဘက်အဖြစ် ဇွတ်အတင်း သတ်မှတ်နေရသနည်း။

မကြာမီမှာပင် ယခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ကြေညာမည့်အချိန်သို့ ရောက်ရှိလာတော့သည်။ မရေမတွက်နိုင်သော မီဒီယာများသည် ကင်မရာများကို ယဲ့ယီနှင့် လန်ရွှယ်တို့ထံ တစ်ပြိုင်နက်နီးပါး ရွယ်လိုက်ကြ၏။

ကင်မရာပေါင်းများစွာကို ကြည့်ရင်း ယဲ့ယီ အကူအညီမဲ့သလို စားလိုက်ရသည်။ ယနေ့ သူမ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ ရေပန်းစားသောသတင်းများ ထဲတွင် သေချာပေါက် ပါဝင်လာမည်ဖြစ်ပြီး ဆဲဆိုကဲ့ရဲ့ခံရဖို့အခွင့်အလမ်းကလည်း အလွန်များနေသည်။

“ဒီနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရှင်ကတော့...”

လူပေါင်းများစွာသည တင်ဆက်သူ၏နှုတ်ဖျားမှ ထွက်ပေါ်လာမည့် နာမည်ကို စိတ်လှုပ်ရှားစွာစောင့်စားနေကြတော့သည်။

“ယဲ့ယီ ဖြစ်ပါတယ်”

တင်ဆက်သူ၏အသံ ဆုံးသွားသည်နှင့် မီးမောင်းအလင်းတန်းတို့သည် ယဲ့ယီပေါ်သို့ ကျရောက်လာသည်။ ထိုအခိုက်အတန့်တွင် ယဲ့ယီသည် လူအများ၏ အာရုံစိုက်မှုခံရသည့် ခံစားချက်ကို တစ်ဖန် ပြန်လည်ရရှိလိုက်သည်။

သို့သော် သူမသည် အလျင်အမြန်ပင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်ကာ ဆုလက်ခံရယူရန် ပြုံးရွှင်စွာ စင်ပေါ်သို့ လျှောက်လှမ်းသွား၏။

စင်အောက်တွင်မူ လန်ရွှယ်၏မျက်နှာမှာ ဒေါသကြောင့် စိမ်းဖန်နေတော့သည်။ ယဲ့ယီ ဆုရသွားနိုင်သည်ဟု သူမ ကြိုတင်ခန့်မှန်းထားသော်လည်း လက်တွေ့မြင်လိုက်ရသည့်အခါတွင်မူ မနာလိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

ယဲ့ယီသည် မည်သို့သောနည်းလမ်းဖြင့် ဆုရခဲ့သည်ဖြစ်စေ သူမကို အနိုင်ယူသွားပြီ မဟုတ်လော။

စင်ပေါ်တွင် တင်ဆက်သူက ပြုံးရွှင်စွာ ယဲ့ယီအား မိုက်ခရိုဖုန်းကို ကမ်းပေးလိုက်ပြီး မေးလိုက်၏။

“ယခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိသွားတဲ့ ယဲ့ယီကို ဂုဏ်ပြုပါတယ်။ တစ်ခုခု ပြောကြားချင်တာ ရှိပါသလား”

ယဲ့ယီ မိုက်ခရိုဖုန်းကို ယူပြီးနောက် လန်ရွှယ်ကို တမင်တကာ တစ်ချက်ကြည့်လိုက်ပြီးမှ အေးအေးဆေးဆေးပင် ပြောလိုက်လေ၏။

“ဒီဆုကို ရရှိတဲ့အတွက် ကျွန်မ အလွန်ပဲ ဂုဏ်ယူမိပါတယ်။ ပထမဆုံးအနေနဲ့ ရိုက်ကူးရေးအဖွဲ့သားအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့ ကြိုးစားအားထုတ်မှုတွေကြောင့်သာ ကျွန်မ ဒီဆုကို ရရှိခဲ့တာပါ။ ဒုတိယအနေနဲ့ကတော့ ကျွန်မကို ပေါ်ပင် သတင်း တွေပေါ် ခဏခဏ ရောက်အောင် လုပ်ပေးခဲ့တဲ့ လန်ရွှယ်ကို အထူးပဲ ကျေးဇူးတင်ချင်ပါတယ်။ လန်ရွှယ်သာ မရှိရင် ကျွန်မ ဒီလောက်အထိ လူသိများလာမှာ မဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ် လန်ရွှယ်”

စင်အောက်မှ လန်ရွှယ်မျက်နှာ ဒေါသကြောင့် စိမ်းပုပ်နေတော့၏။ သို့သော် ကင်မရာအားလုံး သူမထံ ချိန်ထားသဖြင့် ယဲ့ယီကို အပိုင်းပိုင်းဆွဲဖြဲပစ်ချင်နေသော်လည်း အတင်းအကျပ် ပြုံးပြနေရသည်။

ယဲ့ယီ စင်ပေါ်မှ ဆင်းလာသောအခါ လန်ရွှယ်က သူမနားနားသို့ ကပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သိပ်ပြီး မာန်တက်မနေနဲ့။ ဒီဆုကို နင်ရခဲ့ရင်တောင် နောက်ဆက်တွဲလာမဲ့အရာအားလုံးကို နင်ရင်ဆိုင်နိုင်စွမ်းရှိမရှိ ကြည့်ကြသေးတာပေါ့”

ယဲ့ယီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး လန်ရွှယ်ကို ပြုံးပြကာ ပြန်ပြောလိုက်တော့၏။

“စိတ်မပူပါနဲ့၊ ငါက ခံနိုင်ရည် ရှိပါတယ်။ အင်တာနက်က တိုက်ခိုက်မဲ့သူတွေကို စိတ်ကြိုက်သာ ဝယ်လိုက်စမ်းပါ။ အဲဒီအခါကျရင် ငါ သတင်းတွေ ထပ်တက်မတက်ဆိုတာကတော့ နင်နဲ့ပဲ ဆိုင်လိမ့်မယ်”

လန်ရွှယ် အလွန်အမင်း ဒေါသထွက်သွားသဖြင့် ရှေ့တိုးကာ ယဲ့ယီ၏မျက်နှာကို ဆွဲကုတ်ပစ်ချင်စိတ်များ ပေါက်သွားတော့သည်။

ဆုပေးပွဲ အခမ်းအနားပြီးဆုံးသောအခါ ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ နန်ချင်ဝမ် ပြင်ဆင်ပေးထားသော ကားပေါ်သို့ တက်ခဲ့ကြလေသည်။ ကားထဲရောက်မှသာ ကုရှီချန်း ထိုနေရာသို့ ရောက်ရှိနေသည်ကို ယဲ့ယီ သတိပြုမိလေ၏။

ကုရှီချန်း တုန်မင်ရွှမ်ကို မြင်လိုက်ရသည့်အခါ အေးစက်စက် အငွေ့အသက်များ စတင်ထုတ်လွှတ်လိုက်သဖြင့် တုန်မင်ရွှမ် ကြောက်လန့်တကြားဖြင့် နန်ချင်ဝမ်၏ နောက်သို့ ဝင်ပုန်းနေတော့သည်။

သဝန်တိုနေသော အမျိုးသားတစ်ဦးမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

ကုရှီချန်း ယဲ့ယီကို ကြည့်ကာ အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ဆိုလိုက်၏။

“မင်း ကိုယ့်ကို သတိတောင်မထားမိဘူးနော်”

“ကျွန်မ ရှင်ရှိနေတာကို သတိထားမိပါတယ်”

ကုရှီချန်း ပို၍ပင် ဝမ်းနည်းသွားရသည်။ သူမ သတိထားမိလျှင် အဘယ်ကြောင့် သူထိုင်နေသည့်နေရာကို မကြည့်ခဲ့ရသနည်း။ သို့သော် ပြီးပြည့်စုံသော ရည်းစားတစ်ဦးအနေဖြင့် ကုရှီချန်း အလွန်မကျေမနပ် ဖြစ်နေသော်လည်း ယဲ့ယီ စိတ်မရှည်ဖြစ်ကာ သူ့ကို ပစ်သွားမည်ကို စိုးရိမ်သဖြင့် ဘာမျှ ပြန်မပြောပေ။

ကုရှီချန်း ယဲ့ယီ အနှစ်သက်ဆုံးဖြစ်သော စံပယ်ပန်းစည်းကို သူ့နောက်မှ ထုတ်လိုက်ပြီး သူမထံ ပေးလိုက်တော့သည်။

“ဂုဏ်ပြုပါတယ်၊ ကိုယ့်ရဲ့ အကောင်းဆုံးမင်းသမီးလေး”

ယဲ့ယီ ပန်းများကို ယူလိုက်ပြီး ကုရှီချန်း ပါးပြင်ကို နမ်းလိုက်ကာ ပြန်လည်ပြောကြားလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ကျွန်မရဲ့ အကောင်းဆုံးမင်းသားကြီး”

တုန်မင်ရွှမ်နှင့် နန်ချင်ဝမ်:”ငါတို့ ဒီနေရာမှာ မရှိသင့်ဘူး၊ ကားအောက်မှာပဲ သွားနေရအောင်”

တုန်မင်ရွှမ် နောက်ဆုံးတွင် တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိသွားပြီး နန်ချင်ဝမ်ကို မေးလိုက်၏။

“ဘာတွေဖြစ်နေတာလဲ၊ အစ်မယဲ့နဲ့ ဒီလူနဲ့က တွဲနေကြတာလား”

နန်ချင်ဝမ် ခေါင်းငြိမ့်ပြလိုက်ရာ တုန်မင်ရွှမ်၏မျက်နှာမှာ ထိပ်တန်းအတင်းအဖျင်းသတင်းကြီးတစ်ခုကို သိလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။

နန်ချင်ဝမ် တုန်မင်ရွှမ် နားနားသို့ကပ်ကာ တိုးတိုးလေး သတိပေးလိုက်လေသည်။

“ဒါကိုသာ အပြင်မှာ လျှောက်ပြောလို့ကတော့ မင်းရဲ့ အစ်မယဲ့က မင်းကို သတ်လိမ့်မယ်”

တုန်မင်ရွှမ် ကြောက်လန့်တကြားဖြင့် ကျုံ့သွားတော့၏။ ယဲ့ယီ ဤကဲ့သို့လုပ်နိုင်စွမ်းရှိလေသည်။ ဤမျှကြီးမားသော သတင်းကို သူတစ်ပါးအား မျှဝေခွင့်မရှိခြင်းမှာ အမှန်တကယ် ဝေဒနာတစ်ရပ်ပင် ဖြစ်တော့၏။

ကုရှီချန်း စားသောက်ဆိုင်တစ်ဆိုင်ကို ကြိုတင်ဘိုကင်လုပ်ထားသည်။ ကုမ္ပဏီသို့ ပြန်၍ မိတ်ကပ်များ ဖျက်ပြီးနောက် သူတို့အုပ်စု အတူတကွ စားသောက်ရန် ထွက်လာကြသည်။

တုန်မင်ရွှမ်နှင့် နန်ချင်ဝမ်တို့အပြင် ထိုရုပ်ရှင်၏ ဒါရိုက်တာ လီရှန့်နှင့် ကုမ္ပဏီမှ မူလဝန်ထမ်းနှစ်ဦးလည်း ပါဝင်သည်။

သူတို့ ကျီချန်ဖန်ကိုလည်း ဖိတ်ကြားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုလူကြီးမင်းမှာ ကျန်းမာရေး ဂရုစိုက်ရမည်ဟု ဆိုကာ ငြင်းဆို၏။

ကုရှီချန်း လူလွှတ်၍ ကုစဲ့နှင့် နန်ကျားကျားတို့ကိုလည်း ခေါ်ဆောင်လာသည်။ ကုစဲ့သည် ယဲ့ယီကို မြင်သည်နှင့် ထုံးစံအတိုင်း သူမခြေထောက်ကို ပြေးဖက်လေရာ ကုရှီချန်း ပြန်လည်မချီကာ ဘေးသို့ ရွှေ့လိုက်ရပြန်သည်။

စားသောက်နေစဉ်အတွင်း ဒါရိုက်တာလီရှန့် မတ်တပ်ရပ်လိုက်ပြီး ယဲ့ယီကို မျက်ရည်ဝဲလျက် ကြည့်လိုက်လေ၏။

“ရှောင်ယီ... ‘နတ်ဘုရားတို့ သတ်ဖြတ်ခြင်း’ လိုမျိုး လက်ရာတစ်ခုကို ဖန်တီးနိုင်အောင် အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဤရုပ်ရှင်မှာ ဆု မရရှိသေးသော်လည်း ဝင်ငွေမှာ စာရင်းဇယားများတွင် အမြဲတမ်း နံပါတ်တစ်နေရာမှာ ရှိနေခဲ့သည်။ ဆုရရှိဖို့ဆိုသည်မှာ အချိန်တစ်ခုသာ လိုတော့၏။

ယဲ့ယီ ပြုံးလျက် ပြန်ပြောလိုက်၏။

“ဒါဟာ ကျွန်မတို့အားလုံးရဲ့ ကြိုးစားမှုရလဒ်ပါ။ နောင်အနာဂတ်မှာလည်း ဒီထက်ကောင်းတဲ့ လက်ရာတွေကို အတူတူ ဖန်တီးကြတာပေါ့”

ထို့ကြောင့် အားလုံး မတ်တပ်ရပ်၍ စားသောက်ပွဲဖြင့် ဂုဏ်ပြုလိုက်ကြလေသည်။

ဂျက်နီစစ်ဖျော်ဖြေရေး၏ ပထမဆုံးသော လက်ရာနှင့် ပထမဆုံးသော ဆုဖလားအတွက် ဖြစ်လေ၏။

ယဲ့ယီသည် သူမ ယခင်ဘဝတွင် ဆုများစွာ ရရှိခဲ့ဖူးသော်လည်း ထိုစဉ်က ကုမ္ပဏီအတွက်သာ အလုပ်လုပ်ပေးခဲ့ရခြင်း ဖြစ်၏။ အစပိုင်းတွင် သူမ မန်နေဂျာမှလွဲ၍ မည်သူမျှ သူမအတွက် ဤကဲ့သို့ စုဝေးကာ ဂုဏ်ပြုပေးခြင်းမျိုး မရှိခဲ့ဖူးပေ။

ကျော်ကြားလာပြီးနောက်ပိုင်းတွင်လည်း စုဝေးပွဲတိုင်းမှာ အကျိုးစီးပွားနှင့်သာ ဆက်နွယ်နေခဲ့သည်။ သူမကို အမှန်တကယ် ဂရုစိုက်သည့်သူများနှင့် ဤကဲ့သို့ အေးအေးဆေးဆေး စားသောက်နိုင်သည့်အချိန်မှာ အလွန်ပင် ရှားပါးလှ၏။

ညစာစားပြီးနောက် တုန်မင်ရွှမ် အကြံပြုချက်အရ လူတိုင်း သီချင်းဆိုရန် KTV သို့ သွားခဲ့ကြလေသည်။

ကလေးနှစ်ဦးကိုမူ အိမ်သို့ ပြန်ပို့လိုက်၏။အိမ်သစ်သို့ ပြောင်းရွှေ့ပြီးကတည်းက နန်ချင်ဝမ်သည် နန်ကျားကျား၏ နေ့စဉ်ဘဝကို ပြုစုစောင့်ရှောက်ရန် ကလေးထိန်းတစ်ဦး ငှားရမ်းထားသည်။ ကုမ္ပဏီကိစ္စများမှာ နောင်တွင် ပို၍သာ များပြားလာတော့မည်။ ယဲ့ယီကး အချိန်မရွေး အလုပ်နားနိုင်သည်ဟု ဆိုထားသော်လည်း နန်ချင်ဝမ်မှာမူ သူမ အလုပ်အပေါ် အလွန် အလေးအနက်ထားသူ ဖြစ်လေသည်။

KTV သို့ ရောက်သောအခါ ပတ်ဝန်းကျင်ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် ပထမဆုံး သီချင်းတစ်ပုဒ်ဖြင့် တုန်မင်ရွှမ် အစပြုလိုက်၏။

သူဆိုပြီးနောက် သူ နန်ချင်ဝမ်ကို တမင်တကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်ကာမေးလိုက်လေ၏။

“အစ်မနန်... ကျွန်တော့်အသံ ဘယ်လိုလဲ”

အမှန်စင်စစ် တုန်မင်ရွှမ်သည် ယဲ့ယီကို မျက်စိမှိတ်ပြချင်သော်လည်း ကုရှီချန်း သူ့ကို သတ်မည်ကို ကြောက်သဖြင့် မလုပ်ဝံ့ခြင်း ဖြစ်သည်။

နန်ချင်ဝမ် ပြုံးလျက် မှတ်ချက်ပေးလိုက်၏။

“မဆိုးပါဘူး၊ မဆိုးပါဘူး။ မင်း အဆိုတော်ဖြစ်အောင် ကြိုးစားကြည့်လို့ ရတာပဲ”

All Chapters