အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း(၁၅၅)
တုန်မင်ရွှမ် ရှက်ကိုးရှက်ကန်း ပုံစံဖမ်းကာ ပြောလိုက်သည့်အခါ လူတိုင်း ဝိုင်း၍ ရယ်မောလိုက်ကြတော့၏။
“အို... ကျွန်တော်က အဲဒီလောက်လည်း မတော်ပါဘူးဗျာ”
တုန်မင်ရွှမ် စတင်ပေးလိုက်သဖြင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ဆိုကြလေသည်။ ယဲ့ယီ ကုရှီချန်းကို ရုတ်တရက် လှမ်းကြည့်လိုက်၏။ ပြောရလျှင် သူမ ကုရှီချန်း သီချင်းဆိုသည်ကို တစ်ခါမျှ မကြားဖူးသေးချေ။ သူ သီချင်းဆိုလျှင် မည်သို့ရှိမည်ကို သိချင်နေမိသည်။
ထိုသို့တွေးပြီးနောက် ယဲ့ယီအချစ်သီချင်းတစ်ပုဒ်ကို ရွေးလိုက်ကာ ကုရှီချန်းထံ မိုက်ခရိုဖုန်း ကမ်းပေးလိုက်လေသည်။
“အခြေအနေကလည်း ကောင်းနေပြီဆိုတော့... စီအီးအိုကုကြီးလည်း တစ်ပုဒ်လောက် ဆိုပါဦးလား”
ယဲ့ယီစကားကြောင့် လူတိုင်း လှမ်းကြည့်လိုက်ကြလေ၏။ တုန်မင်ရွှမ်လည်း အခြေအနေကို မြှောက်ပင့်ပေးရန် စောင့်နေသူဖြစ်သဖြင့် ယဲ့ယီစကားကို ကြားသည်နှင့် ဝင်ပြောလိုက်တော့၏။
“စီအီးအိုကု... ကျွန်တော်တို့ အစ်မယဲ့ ပျော်အောင် တစ်ပုဒ်လောက် ဆိုပြလိုက်ပါဗျာ”
ယဲ့ယီလည်း သူ မယူမချင်း မိုက်ခရိုဖုန်းကို မချဘဲ မြှောက်ပေးထားတော့၏။
ကုရှီချန်း အနည်းငယ် အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်၏။
“ကိုယ် အသံမကောင်းဘူး”
ယဲ့ယီ ကုရှီချန်း စကားကို လုံးဝမယုံကြည်ပေ။ သူအသံနှင့်ဆိုလျှင် ဘာသီချင်းဆိုဆို ကောင်းလိမ့်မည်။ အခန်းထဲရှိ အခြားသူများကလည်း ကုရှီချန်း အသံမကောင်းဘူးဟု ပြောသည်ကို မယုံကြည်ကြပေ။
နောက်ဆုံးတွင် ယဲ့ယီ၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည့် အကြည့်များကြောင့် ကုရှီချန်း မိုက်ခရိုဖုန်းကို ယူလိုက်ရတော့သည်။
ယဲ့ယီ ရွေးလိုက်သည့်သီချင်းမှာ လူနှစ်ယောက်တွဲ ဆိုရမည့် သီချင်းဖြစ်လေသည်။ တုန်မင်ရွှမ် လျင်မြန်စွာပင် ဖုန်းထုတ်၍ ဗီဒီယိုရိုက်ကူးလိုက်လေ၏။
အမျိုးသမီးအပိုင်းဖြင့် စတင်ခဲ့ပြီး ယဲ့ယီက မြူးမြူးကြွကြွ သီဆိုသွားရာ အတော်ပင် ကောင်းမွန်လှသည်။
အမျိုးသားအပိုင်း ရောက်လာသည့်အခါ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ကုရှီချန်းကို ကြည့်လိုက်ကြသော်လည်း သူ စ၍ ပါးစပ်ဟလိုက်သည်နှင့် အကုန်လုံး ငြိမ်ကျသွားကြတော့၏။
ကုရှီချန်းမှာ အမှန်တကယ်ပင် အသံမကောင်းသူ ဖြစ်နေသည်။ သာယာနာပျော်ဖွယ်ကောင်းသော အသံပိုင်ရှင်တစ်ဦး ယခုလို အသံမျိုးကို မည်သို့ ထုတ်နိုင်ပါမည်နည်း။
ယဲ့ယီ အလွန်ရယ်ချင်နေသော်လည်း သူမကိုယ်တိုင် ဇွတ်ဆိုခိုင်းထားခြင်းဖြစ်သဖြင့် ရယ်သံကို အောင့်ထားရပြီး ဆက်ဆိုနေရ၏။
သီချင်းဆုံးသွားသည့်အခါ လူတိုင်း မျက်နှာများမှာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် နီရဲနေကြတော့သည်။
ယဲ့ယီ ကုရှီချန်း ပုခုံးကို ပုတ်ပေးလိုက်ပြီး မျက်နှာသေဖြင့်ပင် လိမ်ပြောလိုက်၏။
“ရှင် ဆိုတာကောင်းသားပဲ”
အကယ်၍ ကုရှီချန်းသာ ယဲ့ယီ စိတ်ထဲမှ စကားများကို မကြားနိုင်လျှင် သူမစကားကို ယုံမိတော့မည်။
[ရှင် ဆိုတာကောင်းသားပဲ။ နောက်တစ်ခါတော့ မဆိုပါနဲ့တော့]
အခြားသူများလည်း လက်ခုပ်ဝိုင်းတီးလိုက်ကြသည်။
“စီအီးအိုကုက တော်တော်အဆိုကောင်းတာပဲ”
“ဒါဟာ တကယ့် တေးသီးငှက်သံလိုပဲ”
“ကျွန်တော့်နားတွေတောင် ကိုယ်ဝန်ရှိသွားသလို ခံစားရတယ်”
ယဲ့ယီမှာမူ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပေ။
[မျက်နှာလုပ်တဲ့သူတွေ။ နားတွေ ကိုယ်ဝန်ရှိသွားတယ်လို့ ပြောတဲ့သူကလည်း ဒီလောက် ဆိုးဝါးတဲ့အသံနဲ့ ကိုယ်ဝန်ရှိနိုင်တယ်ဆိုရင် ရှင့်ရဲ့နားတွေက တော်တော်လေးကို ကိုယ်ဝန်ရလွယ်တာပဲ]
ကုရှီချန်း မျက်နှာ ချက်ချင်းပင် ပျက်သွားတော့၏။ သူမကိုယ်တိုင် ဇွတ်ဆိုခိုင်းပြီး ယခုအခါတွင်မူ သူဆိုတာ ဆိုးလှသည်ဟု အပြစ်တင်နေပြန်သည်။
ကုရှီချန်း မျက်နှာပျက်သွားသည်ကို မြင်သောအခါ ယဲ့ယီက နားမလည်နိုင်သလို ခံစားလိုက်ရသည်။
[တခြားသူတွေက ချီးကျူးနေတာကို သူက ဘာလို့ မျက်နှာကြီး ပုပ်နေရတာလဲ။ သူကိုယ်တိုင်လည်း သူဆိုတာ ဆိုးတယ်ဆိုတာ သိသွားလို့များလား]
ကုရှီချန်း မျက်နှာမှာ ပို၍ပင် ဆိုးရွားသွားတော့သည်။
လူတိုင်းက အနည်းနှင့်အများ သောက်ထားကြသဖြင့် အပြန်လမ်းအတွက် အငှားယာဉ်မောင်းများကို ခေါ်လိုက်ကြသည်။ ယဲ့ယီ အားလုံး ဘေးကင်းစွာ အိမ်ပြန်ရောက်စေရန် ရောက်သည့်အခါ မက်ဆေ့ခ်ျပို့ဖို့ မှာကြားလိုက်၏။
အိမ်ပြန်ရောက်သောအခါ နန်ချင်ဝမ်သည် အမူးပြေဟင်းရည်တစ်အိုးကို အထူးတလည် ချက်ပေးခဲ့လေသည်။
ဟင်းရည်သောက်နေစဉ် နန်ချင်ဝမ် လေးပင်သောလေသံဖြင့်ဆိုလိုက်၏။
“ရှောင်ယီ... ဒီညလည်း နင် ထိပ်တန်းသတင်းပေါ် ထပ်ရောက်ဦးမှာပဲ”
“မျှော်လင့်ထားပြီးသားပါ။ ရပါတယ်၊ ကျွန်မ ကျင့်သားရနေပါပြီ”
နန်ချင်ဝမ် သက်ပြင်းရှည်ကြီး ချလိုက်သည်။
ယဲ့ယီ၏ ယခင် သရုပ်ဆောင်မှုများမှာ အမှန်တကယ်ပင် ညံ့ဖျင်းခဲ့သဖြင့် အင်တာနက်အသုံးပြုသူများ သူမကို သံသယရှိနေကြခြင်းမှာ မဆန်းပေ။ သူမ အရည်အချင်းကို အမှန်တကယ် သက်သေပြရန်အတွက် ကောင်းမွန်သော လက်ရာများကို ဆက်လက်ဖန်တီးရုံသာ ရှိတော့သည်။
သူမ၏ အလုပ်များကို ပိုမိုမြင်တွေ့လာရသည့်အခါမှသာ အင်တာနက်အသုံးပြုသူများ အရည်အချင်း အစစ်အမှန် ကို သိရှိလာကြပေလိမ့်မည်။
နန်ချင်ဝမ် ခန့်မှန်းသည့်အတိုင်းပင် ထိုည၌ ယဲ့ယီသည် ထိပ်တန်းသတင်း ပေါ်သို့ တစ်ကျော့ပြန် ရောက်ရှိသွားခဲ့၏။
အင်တာနက်အသုံးပြုသူ အများအပြားက သူတို့၏ ပြင်းထန်သော သံသယများကို ထုတ်ဖော်ခဲ့ကြသည်။
[မဖြစ်နိုင်တာ၊ ယဲ့ယီက ဒီနှစ်ရဲ့ အကောင်းဆုံးမင်းသမီးတဲ့လား။ နောက်နေတာလား၊ သူနဲ့ မတန်ဘူး]
[ပွဲတော်တော်ညစ်ထားတာပဲ! သေချာပေါက် ညစ်ထားတာ]
[ယဲ့ယီရဲ့ သရုပ်ဆောင်ချက်နဲ့ အကောင်းဆုံးမင်းသမီးဆုဆိုတာ တော်တော်ရယ်ရတယ်။ ဆုပေးပွဲလုပ်နေမဲ့အစား သူ့ကိုပဲ တိုက်ရိုက်ပေးလိုက်ပါလား]
[ဆုရွေးချယ်ခံရတဲ့ စာရင်းထွက်ကတည်းက ငါခန့်မှန်းမိပါတယ်။ ပိုက်ဆံရှိတော့ စွမ်းအားက တအားကြီးတာကိုး]
သုံးနှစ်ဆက်တိုက် ဆုနှင့်လွဲချော်ခဲ့သော မင်းသမီးတစ်ဦးကမူ သူမ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တိုက်ရိုက်ပင် တင်လိုက်လေသည်။
“ကျွန်မ မကျေနပ်ဘူး”
ထိုမင်းသမီး၏ ပရိသတ်များသည် ယဲ့ယီ လူမှုကွန်ရက်စာမျက်နှာသို့ သွားရောက်ကာ ဆဲဆိုကြလေတော့သည်။
[ကိုယ်လုံးတီးပြပြီး အဆင့်တက်လာတဲ့ အမှိုက်မ၊ ဖျော်ဖြေရေးလောကကနေ ထွက်သွားစမ်း]
[ဒီဆုအတွက် ငါ့မမ ဘယ်လောက်တောင် စတေးခဲ့ရလဲ မင်းသိလား။ မင်းမှာ အရှက်မရှိဘူးလား။ သူများရဲ့ဆုကို ကိုင်ထားရတာ မင်းလိပ်ပြာရောလုံရဲ့လား]
[ဖျော်ဖြေရေးလောကကနေ ထွက်သွား။ ဒီလောကက မင်းတို့လို အရင်းရှင်တွေ ကစားဖို့ မဟုတ်ဘူး]
[ငါ့မမက လန်ရွှယ်ကို ရှုံးရင်တောင် ငါခံနိုင်သေးတယ်။ ဒါပေမဲ့ ယဲ့ယီလား။ သူနဲ့ တန်လို့လား]
[ယဲ့ယီ... သေလိုက်စမ်း]
အစွန်းရောက်ပရိသတ်များသည် ယဲ့ယီ၏ ပရိသတ်များကိုပင် စတင်စော်ကားလာကြလေသည်။
[ယဲ့ယီကို ကြိုက်တဲ့သူတိုင်းက အရူးတွေပဲ။ မင်းတို့လို ဦးနှောက်မရှိတဲ့သူတွေပဲ သူ့ကို ကြိုက်မှာ]
[မင်းတို့မှာ ဦးနှောက်မရှိဘူးလား။ လူပေါင်းများစွာထဲကမှ ဒီလိုလူမျိုးကို အားပေးနေရတယ်လို့]
[လူမိုက်တစ်စုပဲ]
ပရိသတ်များသည် အလွန်အမင်း စော်ကားခံရသဖြင့် အားပေးမှုကို ရပ်တန့်သွားတော့၏။
သို့သော် ယဲ့ယီကို ထောက်ခံသည့် အင်တာနက်အသုံးပြုသူများလည်း ရှိပါသေးသည်။ ယဲ့ယီ၏ ထိပ်တန်းပရိသတ်တစ်ဦး လူမှုကွန်ရက်တွင် စာတစ်စောင် တင်ခဲ့၏။
သစ်ရွက်စိမ်းလေး: ကျွန်တော့် ယဲ့လေးရဲ့ အရင်က သရုပ်ဆောင်ချက်တွေက တကယ်ပဲ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီဆုနဲ့ သူ တကယ်ထိုက်တန်ပါတယ်။ ယဲ့လေးကို မထိုက်တန်ဘူးလို့ ပြောနေတဲ့သူတွေကို ကျွန်တော် မေးချင်တာက ‘ညီမလေးရဲ့အပြုံး’ ကို ကြည့်ဖူးကြလို့လား။ အဲဒါကို ကြည့်ဖူးရင် မင်းတို့ ဒီလိုပြောမှာ မဟုတ်ဘူး။ ယဲ့လေးက ဘယ်သူ့ဆုကိုမှ ခိုးယူခဲ့တာ မဟုတ်ဘူး၊ သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရယူခဲ့တာပါ။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ကတော့ ယဲ့လေးကို အမြဲတမ်း ထောက်ခံသွားမှာပါ @ယဲ့ယီ”
ဤစာထွက်လာသည်နှင့် ထိုပရိသတ်မှာ အဆက်မပြတ် ဆဲဆိုခြင်းကို ခံလိုက်ရ၏။ သို့သော်လည်း ရုပ်ရှင်ကြည့်ဖူးသည့် လူအနည်းငယ်ကမူ ယဲ့ယီသည် သူမ အရည်အချင်းဖြင့် ဆုရခဲ့ခြင်းဖြစ်သည်ဟု ခံစားခဲ့ကြရသည်။
ထိုမှတ်ချက်များ ထွက်လာသည်နှင့် ယဲ့ယီ ဝယ်ထားသော တိုက်ခိုက်ရေးသမားများဟု ချက်ချင်းပင် အစွပ်စွဲခံရပြန်၏။
ထိုညတွင် လူမှုကွန်ရက်စာမျက်နှာမှာ အကြိမ်ကြိမ် ပျက်ကျသွားခဲ့ရ၏။
တစ်ဖက်တွင်မူ ဇာတ်လိုက်ဖြစ်သူ ယဲ့ယီမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် ယဲ့ယီ နိုးလာ၍ လူမှုကွန်ရက်ကို ဖွင့်လိုက်သောအခါ မက်ဆေ့ခ်ျများစွာ တဖွဲဖွဲ တက်လာသဖြင့် ဖုန်းမှာ ခဏမျှ ဟန်းသွားခဲ့ရသည်။ အချိန်အတန်ကြာမှသာ ပုံမှန် ပြန်ဖြစ်သွားလေ၏။
ယဲ့ယီ ဆဲဆိုမှုများကို ကြည့်ရန်မဟုတ်ဘဲ သူမ၏ ပရိသတ်များအတွက်သာ လူမှုကွန်ရက်သို့ ဝင်ခဲ့ခြင်းဖြစ်သည်။
ယဲ့ယီသည် ထိုထိပ်တန်းပရိသတ်၏ ပို့စ်ကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် နွေးထွေးသွားတော့၏။
ယခင်ဘဝတွင်လည်း သူမကို အမှန်တကယ် ချစ်မြတ်နိုးသည့် ဤပရိသတ်များကြောင့်သာ သူမ ဆက်လက်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သဖြင့် သူမ၏ ဂုဏ်သိက္ခာကို အမြဲတမ်း တန်ဖိုးထားခဲ့သည်။
ယဲ့ယီ ထိုပရိသတ်၏ ပို့စ်ကို ပြန်လည် ဖြေကားခဲ့၏။ “@သစ်ရွက်စိမ်းလေး၊ အခုလို ချစ်ပေးလို့ကျေးဇူးတင်ပါတယ်”
ထို့နောက် သူမအား စိုးရိမ်ကြောင်း ပြောကြားထားသည့် ပရိသတ်အချို့၏ မက်ဆေ့ခ်ျများကိုလည်း တစ်ခုချင်း ပြန်လည်ဖြေကြားပေးခဲ့သည်။
ရုတ်တရက် “သစ်ရွက်စိမ်းလေး” ထံမှ မက်ဆေ့ခ်ျတစ်ခု ရောက်လာ၏။
“ယဲ့လေး... ပရိသတ်ဂရုထဲကို ဝင်ချင်လား။ အားလုံးက မင်းအတွက် စိုးရိမ်နေကြတာ”
ယဲ့ယီ ခဏတာစဉ်းစားပြီး သဘောတူလိုက်ရာ တစ်ဖက်မှ ဂရုနံပါတ်ကို ချက်ချင်း ပေးပို့လာသည်။
ယဲ့ယီ ဂရုထဲဝင်ရန် လျှောက်ထားလိုက်သောအခါ ဂရုပိုင်ရှင်က ချက်ချင်းပင် ခွင့်ပြုပေးလိုက်၏။
ယဲ့ယီ ဂရုထဲရောက်သွားသည်နှင့် လူတိုင်းက တစ်ညီတစ်ညွတ်တည်း ကြိုဆိုလိုက်ကြသည်။
“ကြိုဆိုပါတယ်၊ ကျွန်မတို့ရဲ့ ယဲ့လေး”
ယဲ့ယီကို ပထမဆုံး ကြိုဆိုသူမှာ ဂရုပိုင်ရှင် သစ်ရွက်စိမ်းလေးဖြစ်၏။
ကြိုဆိုပြီးနောက် အဖွဲ့ဝင် အများအပြားက သူမ အခြေအနေကို စတင်မေးမြန်းကြပြီး အင်တာနက်ပေါ်က စကားများကြောင့် စိတ်မထိခိုက်ရန် အားပေးကြလေသည်။
ယဲ့ယီ ပရိသတ်များ၏ မက်ဆေ့ခ်ျများကို တစ်ခုချင်း သေချာစွာ ပြန်လည်ဖြေကြားပေးပြီး သူမ စိတ်မထိခိုက်ကြောင်း ပြောပြခဲ့သည်။
ဤအုပ်စု တွင် လူပေါင်း ရာဂဏန်းမျှသာ ရှိသော်လည်း ယဲ့ယီသည် သူတို့၏ ID များကို လူမှုကွန်ရက်ပေါ်တွင် ခဏခဏ မြင်ဖူးနေခဲ့သည်။ သူမ တင်သမျှ ပို့စ်တိုင်း၏အောက်တွင် သူတို့မှတ်ချက်များ ရှိနေတတ်ပြီး အများအပြားမှာ သူမကို မက်ဆေ့ခ်ျပို့၍ အားပေးခဲ့သူများ ဖြစ်ကြ၏။
နောက်ပိုင်းတွင် သစ်ရွက်စိမ်းလေးက ယဲ့ယီကို ဤဂရုထဲရှိ လူတိုင်းမှာ ပရိသတ်ဟောင်းများ ဖြစ်ကြပြီး အချို့မှာ သူမ ပွဲဦးထွက်ကတည်းက အားပေးလာသူများ ဖြစ်ကြကြောင်း ပြောပြလေ၏။
အခန်း (၁၅၆)
လူအများစုက ယဲ့ယီကို သဘောကျကြသည်မှာ အဓိကအားဖြင့် ရသစုံအစီအစဉ်နှင့် ယခုရုပ်ရှင်ကြောင့်သာ ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သူမ၏ စစ်မှန်သော ပုံစံကို ချစ်ကြခြင်းပင် ဖြစ်သည်။
ပရိသတ်များ သူမအပေါ် ဤမျှ ယုံကြည်မှုရှိသည်ကို မြင်ရသောအခါ ယဲ့ယီ ဤကမ္ဘာလောကထဲတွင် နောက်ဆုံး၌ သူမအတွက် နားခိုစရာ နေရာကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
ယခင် သူမ ဤကမ္ဘာနှင့် လုံးဝ တစ်သားတည်း မကျနိုင်သလို အမြဲ ခံစားခဲ့ရဖူးသည်။ ဤနေရာရှိ အရာအားလုံးမှာ သူမနှင့် မသက်ဆိုင်သလိုပင်။ နာမည်မှလွဲ၍ သူမသည် “ယဲ့ယီ” နှင့် မည်သို့မျှ မပတ်သက်ဟု ခံစားခဲ့ရပြီး ဤနေရာသည် စာအုပ်တစ်အုပ်သာ ဖြစ်သည်ဟု မသိစိတ်က အမြဲ တွေးတောနေခဲ့မိသည်။
ယခုမူ ဤနေရာရှိ အရာအားလုံး သက်ရှိထင်ရှား ရှိနေပြီး အသက်ဝင်နေသည်ဟု သူမ ခံစားလိုက်ရတော့သည်။ ဤသည်မှာ လူမသိသေးသော အပြိုင်ကမ္ဘာ တစ်ခုလည်း ဖြစ်နိုင်ပေသည်။
ယဲ့ယီ သူမ၏ ပရိသတ်များကို ဤဆုရရှိခြင်းမှာ ကုမ္ပဏီများ၏ နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်မှု လုံးဝမပါဝင်ကြောင်း အာမခံပြီး နောင်အနာဂတ်တွင်လည်း ယခုထက်ပို၍ ကြိုးစားသွားမည်ဟု ကတိပေးခဲ့သည်။ သူမအနေဖြင့် ပရိသတ်အုပ်စုထဲတွင် ဤသို့ တမင်တကာ ပြောဆိုရခြင်းမှာ တစ်ဖက်တွင် သူတို့ကို စိတ်အေးစေရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ မသမာသူများ သူမ၏စကားကို အဓိပ္ပာယ်ကောက်လွဲ၍ အသုံးချခြင်းမှ ကာကွယ်ရန် ဖြစ်လေသည်။
အုပ်စုထဲရှိ လူတိုင်းက အမာခံပရိသတ်များဟု ဆိုကြသော်လည်း ရုပ်ဖျက်ထားသော အစွန်းရောက်ပရိသတ်များ ရှိမရှိကို မည်သူမျှ မသိနိုင်ပေ။
ယဲ့ယီ ပရိသတ်များနှင့် အကြာကြီး စကားပြောခဲ့ပြီးနောက် သူတို့၏ တိုက်တွန်းမှုကြောင့်သာ အလုပ်ပြန်လုပ်ရတော့၏။
ထိုအခါမှသာ ယဲ့ယီသည် သူမအနေဖြင့် မကြာသေးမီက အနုပညာအလုပ်များကို အမှန်တကယ် သိပ်မလုပ်ဖြစ်ခဲ့သည်ကို သတိပြုမိလေသည်။ ကုမ္ပဏီကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် သူမကိုယ်တိုင်က အနုပညာရှင်တစ်ဦး ဖြစ်သည်ကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ရသည်။ ပရိသတ်များ သတိပေးခံရပြီးနောက် ရှင်းပြ၍မရသော အပြစ်မကင်းသည့် စိတ်ကြောင့် ယဲ့ယီ ဂရုထဲမှ အမြန်ထွက်ခဲ့လေသည်။
သို့သော်လည်း သူမအနေဖြင့် ပရိသတ်များအတွက် တစ်ခုခု ပိုလုပ်ပေးသင့်သည်ကို သိ၏။ ပရိသတ်ဟောင်းများ ရှိသော်လည်း ယခုလက်ရှိ ပရိသတ်များ အသုံးပြုနေသော ပုံရိပ်များမှာ ရသစုံအစီအစဉ်နှင့် ရုပ်ရှင်များထဲမှ ဖြတ်တောက်ထားသော ပုံများသာ များပြားနေပြီး သူမကိုယ်တိုင် တင်ထားသော ဓာတ်ပုံဟူ၍ မရှိသလောက်ပင် ဖြစ်လေသည်။ ယဲ့ယီ သူမဖုန်းကင်မရာကို ဖွင့်၍ သူမမျက်နှာကို ကြည့်လိုက်ရာ ဤမျှ လှပသောမျက်နှာကို ဓာတ်ပုံမရိုက်ဘဲ ထားခြင်းမှာ အလွန်ပင် နှမြောစရာကောင်းသည်ဟု ခံစားလိုက်ရတော့သည်။ ထို့ကြောင့် သူမ ဓာတ်ပုံရိုက်ရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။
ဆုံးဖြတ်ပြီးသည်နှင့် လက်တွေ့လုပ်ဆောင်တော့၏။ ယဲ့ယီ ဓာတ်ပုံရိုက်ကူးရေးအဖွဲ့နှင့် ချက်ချင်းဆက်သွယ်ပြီး ထိုနေ့မှာပင် စတင်ရိုက်ကူးခဲ့လေသည်။ နောက်တစ်နေ့တွင်မူ ပုံများကို အချောသပ်ပြင်ဆင်နိုင်ရန် အချိန်ပိုဆင်း၍ လုပ်ဆောင်ခဲ့သည်။ ယဲ့ယီသည် ထူးခြားဆန်းပြားသော အပြင်အဆင်ဖြင့် ဓာတ်ပုံများကို ရိုက်ကူးခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်း၏။
’အလွန်လှပရမည်’
ယဲ့ယီသည် အရာရာတိုင်းအတွက် ဝေဖန်တိုက်ခိုက်ခံခဲ့ရဖူးသော်လည်း သူမ၏ ရုပ်ရည်ကိုမူ မည်သူမျှ မတိုက်ခိုက်ဝံ့ကြပေ။ မည်သို့မျှ ရှောင်လွှဲ၍မရသော သဘာဝအလှတရား ဖြစ်နေသည်မှာ အမှန်ပင်။ မည်သည့် ခွဲစိတ်ပြုပြင်မှုမျှ မပါဝင်သော သူမ၏ ပြိုင်ဘက်ကင်း အလှတရားကြောင့် အစွန်းရောက်ပရိသတ်များပင် အပြစ်ရှာရန် အကြောင်းပြချက် ရှာမတွေ့နိုင်ခဲ့ကြချေ။
ယဲ့ယီသည် သူမ၏ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရက်ရက်ရောရောပင် ပို့စ်နှစ်ခု တင်ပေးလိုက်၏။ တစ်ခုမှာ ဓာတ်ပုံ ကိုးကွက်ပါ ဓာတ်ပုံအစုအဝေးဖြစ်ပြီး နောက်တစ်ခုမှာ ရိုက်ကူးရေးနောက်ကွယ်မှ ဗီဒီယိုအတိုလေး ဖြစ်လေသည်။
အကယ်ဒမီဆုနှင့် ပတ်သက်သည့် ဂယက်များမှာ မငြိမ်သေးသဖြင့် ယဲ့ယီ ပို့စ်တင်လိုက်သည်နှင့် ကြည့်ရှုသူအရေအတွက်မှာ သန်းတစ်ရာကို ချက်ချင်းပင် ကျော်လွန်သွားခဲ့သည်။
သတင်းကြားသည်နှင့် မရေတွက်နိုင်သော အစွန်းရောက် ပရိသတ်များ ပြေးလွှားရောက်ရှိလာကြတော့၏။
[အိုးဟိုး... ကြည့်ရတာ တစ်ယောက်ယောက်ကတော့ သူဒီဆုနဲ့ မထိုက်တန်ဘူးဆိုတာ သိနေပုံပဲ၊ အဲဒါကြောင့် သူ့ရဲ့ ရုပ်ရည်ကို သုံးပြီး ပရိသတ်တွေကို ပြန်ဆွဲဆောင်ဖို့ ကြိုးစားနေတာပေါ့]
[လှနေတော့ရော ဘာထူးမှာလဲ။ မင်းက အိုင်ဒေါ မဟုတ်ဘူး၊ မင်းသမီးလေ။ သရုပ်မဆောင်တတ်ဘဲ ဘာလို့ မင်းသမီး လုပ်နေတာလဲ]
[ပြောရရင် ယဲ့ယီက တကယ် ကြည့်ကောင်းနေတုန်းပါပဲ]
[သူများဆုကို ခိုးယူပြီးတာတောင် လိုင်းပေါ်မှာ ပို့စ်တင်ရဲသေးတယ်ပေါ့။ တကယ့်ကို အရှက်မရှိတာပဲ]
[ဒီမျက်နှာက ဓားအောက်ကို ဘယ်နှခေါင်းလောက် ရောက်ခဲ့မှန်း ဘယ်သူသိမှာလဲ။ ဦးနှောက်မရှိတဲ့သူတွေပဲ ပလတ်စတစ်ခွဲစိတ်ပြုပြင်ထားတဲ့သူကို ကြိုက်မှာပေါ့]
[ဒီမျက်နှာက တကယ်တော့ တော်တော်လေး ကြည့်ကောင်းတယ်၊ စီအီးအိုကုကြီးကို မြှူဆွယ်နိုင်တာ မဆန်းပါဘူး]
ဤမှတ်ချက်များကို ကြည့်ရင်း ယဲ့ယီ လက်ယားလာကာ တိုက်ရိုက် ပြန်လည်တုံ့ပြန်လေတော့သည်။
သူမကို ပလတ်စတစ်ခွဲစိတ်ပြုပြင်ထားသည်ဟု ဆိုသူအား ပြန်ပြောလိုက်၏။
“စိတ်မကောင်းပါဘူး၊ ကျွန်မက သဘာဝအတိုင်း လှပနေတာပါ။ ရှင်ကတော့ အိပ်မက်ထဲမှာတောင် ဒီလောက်လှအောင် မနာလိုဖြစ်နိုင်မှာ မဟုတ်ပါဘူး”
သူမ ကုရှီချန်းကို ရုပ်ရည်ဖြင့် မြှူဆွယ်ခဲ့သည်ဟု ဆိုသူအားလည်း ပြန်လည်တုံ့ပြန်ခဲ့၏။
“ကျွန်မရဲ့ အလှတရားက သူ့ကို ရူးသွပ်စေခဲ့တာ မှန်ပေမဲ့ ကျွန်မရဲ့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အရည်အချင်းကိုတော့ ကျေးဇူးပြုပြီး လျစ်လျူမရှုလိုက်ပါနဲ့ဦး”
ယဲ့ယီသည် အစွန်းရောက်ပရိသတ်များနှင့် အားရပါးရ ဆဲဆိုတိုက်ခိုက်ခဲ့လေ၏။ နောက်ဆုံးတွင် အစွန်းရောက်ပရိသတ်များ ယဲ့ယီအား “အရှက်မရှိသော လျှာထက်သူ” ဟု အကဲဖြတ်လိုက်ကြတော့သည်။
ဖျော်ဖြေရေးလောကတွင် အစွန်းရောက်ပရိသတ်များကို ဗြောင်ကျကျ ပြန်လည်တိုက်ခိုက်ဝံ့သည့် ပထမဆုံးသော အနုပညာရှင်အဖြစ် ယဲ့ယီသည် ထိပ်သီးသတင်း ပေါ်သို့ တစ်ဖန် ရောက်ရှိသွားပြန်၏။
#ယဲ့_ပြန်ကန်သူ
နန်ချင်ဝမ် ယဲ့ယီလုပ်ဆောင်ခဲ့သမျှကို သိရှိသွားချိန်တွင် အခြေအနေမှာ ပြုပြင်၍မရနိုင်လောက်အောင် ဖြစ်နေခဲ့လေပြီ။ နန်ချင်ဝမ် အလွန်ဒေါသထွက်သဖြင့် ယဲ့ယီကိုပင် ရိုက်နှက်ချင်စိတ် ပေါက်သွားတော့သည်။ စကားနားမထောင်သော အနုပညာရှင်နှင့် တွေ့လျှင် ဘာလုပ်ရမည်နည်း။ ကံမကောင်းစွာ ဤအနုပညာရှင်မှာ သူမ၏ အထက်လူကြီး အလုပ်ရှင် လည်း ဖြစ်နေပြန်သည်။
ယဲ့ယီ အခြားအရာများ ထပ်မလုပ်နိုင်စေရန် နန်ချင်ဝမ်သည် သူမအတွက် ကုန်ပစ္စည်းကြော်ငြာ တစ်ခုကို ချက်ချင်းပင် လက်မှတ်ထိုးပေးလိုက်တော့၏။
ထိုကြော်ငြာမှာ ကုန်းကော်ပိုရေးရှင်းမှ အသစ်ထုတ်လုပ်လိုက်သော အရေပြားထိန်းသိမ်းရေး ပစ္စည်းဖြစ်သည်။ သူတို့၏ အဓိကလုပ်ငန်းမှာ ဆေးဘက်ဆိုင်ရာဖြစ်ပြီး အရေပြားထိန်းသိမ်းမှုကဏ္ဍသို့ မကြာသေးမီကမှ စတင်ခြေဆန့်လာခြင်း ဖြစ်လေသည်။
[အရေးပြားထိန်းသိမ်း=စကင်ကဲ]
ထို့အပြင် ကုန်းကော်ပိုရေးရှင်းဘက်ကပင် ဤကြော်ငြာအတွက် ကမ်းလှမ်းလာခဲ့၏။ သူတို့သည် ယဲ့ယီ၏ မျက်နှာကို သဘောကျ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု နန်ချင်ဝမ် ခံစားမိ၏။ သို့မဟုတ်ပါက ကြော်ငြာလောကတွင် ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်၌ ယဲ့ယီ၏ လက်ရှိ အနေအထားနှင့် ဤကဲ့သို့ ကမ်းလှမ်းချက်မျိုးမှာ ရရှိရန် မလွယ်ကူပေ။
ယဲ့ယီ ကြော်ငြာရိုက်ကူးရန် မငြင်းဆိုခဲ့ပေ။ သူမအနေဖြင့် အလုပ်ပြန်လုပ်ရန် တကယ်ပင် လိုအပ်နေသည်။ နန်ချင်ဝမ်၏ စီစဉ်မှုအောက်တွင် တုန်မင်ရွှမ်သည် ကြော်ငြာများစွာကို လက်ခံခဲ့ပြီးဖြစ်ကာ အနားယူနေသည့် ကျီချန်ဖန်ပင် အလုပ်ထဲသို့ ဆွဲခေါ်ခံခဲ့ရ၏။
အကယ်၍ ယဲ့ယီသာ အလုပ်ရှင် မဟုတ်ပါက သူမကို ယခင်ကတည်းက ပိုက်ဆံရှာခိုင်းလိမ့်မည်။
ရက်အနည်းငယ် ကြာပြီးနောက်...
နန်ချင်ဝမ်နှင့်အတူ ယဲ့ယီ ကုန်းကော်ပိုရေးရှင်းမှ သတ်မှတ်ထားသော ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာသည်။ ထိုနေရာသို့ ရောက်သောအခါ သူမ အသိအကျွမ်းတစ်ဦးဖြစ်သော ကုန်းရှောင်ချင်းကို တွေ့လိုက်ရသည်။ ဤလူ သူမကို မမှတ်မိပါစေနှင့်ဟုသာ ယဲ့ယီ ဆုတောင်းနေမိ၏။ သို့သော်လည်း ကြောက်မှ တည့်တည့်တိုးလေ ဆိုသကဲ့သို့ပင် ဖြစ်လာခဲ့သည်။
ကုန်းရှောင်ချင်း အလွန်တက်ကြွစွာဖြင့် ရှေ့တိုးလာပြီး ယဲ့ယီအား နှုတ်ဆက်လိုက်၏။
“မမ... မတွေ့တာ ကြာပြီနော်”
ယဲ့ယီမှာ စိတ်မသက်မသာဖြစ်သော်လည်း ယဉ်ကျေးသော အပြုံးတစ်ခုဖြင့် ပြန်မေးလိုက်၏။
“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
“ကျွန်တော်ကိုယ်တိုင်ပဲ ဒီကြော်ငြာအတွက် မမကို ရှာခိုင်းလိုက်တာမို့လို့ပါ”
ယဲ့ယီ နန်ချင်ဝမ်ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ နန်ချင်ဝမ်မှာလည်း ဘာမျှမသိခဲ့သဖြင့် အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်ကြည့်နေသည်။
ကုန်းရှောင်ချင်းသည် ထိုစဉ်က စားသောက်ပွဲတွင် နောက်ပြောင်နေခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု ယဲ့ယီ ဆက်လက်၍ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိသည်။ သူ သူမကို ကြော်ငြာအတွက် ခေါ်ရခြင်းမှာလည်း ကုရှီချန်း မျက်နှာကြောင့်သာ ဖြစ်နိုင်ပေသည်။
“အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးကုန်း။ ဘယ်အချိန် စရိုက်မှာလဲ”
ယဲ့ယီ အလုပ်ကို အမြန်လက်စသတ်၍ ဤပြဿနာများသော နေရာမှ ချက်ချင်း ထွက်သွားချင်နေတော့သည်။
ကုန်းရှောင်ချင်းသည် ယဲ့ယီ ဘေးနားတွင် လာထိုင်ပြီး သူမ ပုခုံးကို အထာကျကျ ဖက်ရန် ကြိုးစားသော်လည်း ယဲ့ယီက ရှောင်တိမ်းလိုက်၏။ ကုန်းရှောင်ချင်း အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်၏။
“ရိုက်ဖို့ မလောပါနဲ့ဉီး။ မမ... ကျွန်တော့်ကို ဘာလို့ ပြန် လက်မခံတာလဲ။ အင်တာနက်ပေါ်မှာ မမရဲ့ သတင်းတွေကို မတွေ့ရင် ကျွန်တော် မမကို ရှာတွေ့မှာ မဟုတ်ဘူး”
ယဲ့ယီ အမျိုးသားတစ်ဦးအပေါ် ဟန်ဆောင်မှုများသူ ဟူသော စကားလုံး သုံးနှုန်းရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးများပင် ဖျာထသွားရ၏။
ကုန်းရှောင်ချင်းနှင့် အနည်းငယ် ခပ်ခွာခွာနေပြီးနောက် ယဲ့ယီ ဆိုလိုက်၏။
“သခင်လေးကုန်း ကျွန်မတို့ အဲဒီလောက် မရင်းနှီးပါဘူး”
ကုန်းရှောင်ချင်းက ချက်ချင်းပင် ပို၍ စိတ်မကောင်းဖြစ်သွား၏။
“မမ... ဒါက ကျွန်တော်တို့ ဒုတိယအကြိမ်မြောက် ဆုံတာလေ”
ယဲ့ယီ စိတ်ထဲတွင် အတော်ပင် ဆွံ့အသွားရသည်။
‘ဒုတိယအကြိမ်ပဲ ဆုံဖူးတာဟဲ့။ မသိတဲ့သူဆိုရင် အကြိမ်နှစ်ဆယ်လောက် ဆုံဖူးတယ်လို့ ထင်ကုန်တော့မှာပေါ့’
“သခင်လေးကုန်း ရှင်သာ ဒီလိုမျိုး ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင် ကျွန်မ ဒီကြော်ငြာကို မရိုက်တော့ဘူး”
“မလုပ်ပါနဲ့ မမရယ်။ အခုချက်ချင်း စရိုက်ကြတာပေါ့။ ဒါပေမဲ့ ရိုက်ပြီးသွားရင်တော့ ကျွန်တော်နဲ့အတူ ထမင်းတစ်နပ်လောက် အတူတူ စားလို့ ရမလား”
သူမ တိုက်ရိုက် ငြင်းဆိုလိုက်လျှင် ကုန်းရှောင်ချင်း ဆက်လက် နှောင့်ယှက်နေမည်ကို ယဲ့ယီ စိုးရိမ်သဖြင့် ဟန်ဆောင်ပြောလိုက်၏။
“ရိုက်ပြီးမှပဲ ပြောကြတာပေါ့”
ရိုက်ကူးရေး ပြီးဆုံးသွားသောအခါ ယဲ့ယီသည် ချက်ချင်း လစ်ထွက်ရန် ကြံစည်နေသော်လည်း ကုန်းရှောင်ချင်း လမ်းပိတ်ထားခဲ့သည်။
သူမရှေ့မှ လူငယ်လေးကို ကြည့်ရင်း ယဲ့ယီ အကူအညီမဲ့နေတော့၏။
“သခင်လေးကုန်း... ဒီလောက်နဲ့ပဲ တော်ပါတော့လား။ ကျွန်မက ကျွန်မထက် ငယ်တဲ့သူတွေကို သဘောမကျဘူး”