အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း (၁၅၇)
ကုန်းကော်ပိုရေးရှင်း၏ အလုပ်လုပ်ပုံမှာ အလွန်လျင်မြန်လှသည်။ နောက်ထပ် သုံးရက်အကြာတွင် ထုတ်ကုန်အသစ်အတွက် ယဲ့ယီအား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့လေသည်။
ထိုသတင်းကြောင့် လူအများကြားတွင် အတော်လေး ဂယက်ရိုက်သွားသည်။ လူအများသည် ကုန်းကော်ပိုရေးရှင်း၏ ထုတ်ကုန်သစ်အတွက် မျက်စိကျနေကြသော်လည်း ယဲ့ယီ စကားတစ်ခွန်းမှ မဟဘဲ ထိုအခွင့်အရေးကို ဆွဲယူသွားလိမ့်မည်ဟု မထင်ထားကြချေ။
ကုန်းကော်ပိုရေးရှင်းသည် အများပြည်သူကြားတွင် အမြဲတမ်း နာမည်ကောင်းရှိခဲ့သဖြင့် ၎င်းတို့၏ ကိုယ်စားလှယ် ဖြစ်လာသူတိုင်းသည် ပရိသတ်အသစ် အများအပြားကို ရနိုင်ပေလိမ့်မည်။
သို့သော်လည်း လူအများစုသည် ယဲ့ယီ ကိုယ်စားလှယ်ဖြစ်လာခြင်းကို လက်ခံနိုင်ကြ၏။ယဲ့ယီ၏ ရုပ်ရည်ကို ကြည့်ရုံဖြင့်ပင် ထိုထုတ်ကုန်ကို ယုံကြည်စေနိုင်သော စွမ်းအားရှိလေ၏။
ထိုအချိန်တွင် မားကက်တင်းအကောင့်တစ်ခုမှ ယဲ့ယီသည် ကုန်းကော်ပိုရေးရှင်း၏ ဒုတိယသခင်လေးနှင့် ပတ်သက်နေသည်ဟု သတင်းပေါက်ကြားစေလာသည်။
ဓာတ်ပုံများပင် ထွက်ပေါ်လာ၏။ ထိုဓာတ်ပုံများသည် ယဲ့ယီ ကြော်ငြာရိုက်ကူးနေစဉ် ကုန်းရှောင်ချင်း သူမအနီးတွင် ဇွတ်အတင်း ဝင်ထိုင်နေသည့်ပုံများ ဖြစ်ပြီး ဓာတ်ပုံထဲတွင် သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးပုံ ပေါက်နေတော့သည်။
ယဲ့ယီ ထိုဓာတ်ပုံများကို မြင်လိုက်ရသောအခါ ဆွံ့အသွားသည်။ သူမသည် နန်ချင်ဝမ်၏ အနီးတွင် ထိုင်နေခြင်းဖြစ်သော်လည်း နန်ချင်ဝမ်ကို ပုံထဲမှ ဖြတ်ထုတ်ထား၏။
ပုံမှန်အားဖြင့် ဓာတ်ပုံတစ်ပုံတည်းနှင့် ဘာမှ သက်သေမပြနိုင်သော်လည်း ကုန်းရှောင်ချင်းမှာမူ မီဒီယာများထံတွင် သူ ယဲ့ယီကို လတ်တလော လိုက်နေသည်ဟု လူသိရှင်ကြား ဝန်ခံလိုက်ပြန်၏။
ဤအရာက ယဲ့ယီကို မုန်တိုင်းဗဟိုချက်သို့ ချက်ချင်း တွန်းပို့လိုက်သလို ဖြစ်သွားစေတော့၏။
[ပြောစရာ စကားတောင် မရှိတော့ဘူးဟေ့။တစ်စုံတစ်ယောက်က အရှက်မရှိဘူးလား။ အစက စီအီးအိုကုနဲ့ တွဲနေပြီး အခုကျတော့ နောက်တစ်ယောက်ကို ထပ်ရွယ်နေပြန်ပြီ]
[အရှက်မရှိတဲ့ မြေခွေးမ။ စီအီးအိုကုနဲ့ ဒုတိယသခင်လေးကုန်း တို့က သူ့ကို ဘာကြည့်ကြိုက်တာလဲမသိဘူး]
[ဖောက်ပြန်တတ်တဲ့ ကောင်မ။ ကုန်းအိမ်တော်က သခင်ကြီးနဲ့ စီအီးအိုကုက နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ ညီအစ်ကိုတွေလို့ ကြားတယ်။ ယဲ့ယီ လှေလံနှစ်ဖက်နင်းရင်း မှောက်သွားမှာ မကြောက်ဘူးလား]
[ဒီအကြောင်း သိသွားရင် စီအီးအိုကုက ယဲ့ယီကို ဆက်မချစ်လောက်တော့ဘူး]
[ဟင်း... ယဲ့ယီက တကယ် အစွမ်းထက်တာပဲ။ စီအီးအိုကုနဲ့ ဒုတိယသခင်လေးကုန်းတို့လို လူမျိုးတွေကို ကစားနိုင်တယ်ဆိုတော့ တကယ့် ပရိုကြီးပဲ]
[ယဲ့ယီက ပလေးဂဲကြီးပဲ။ သူတို့ထဲက တစ်ယောက်ယောက်ကို ရရင်တောင် တစ်သက်လုံး စားဝတ်နေရေး ပူစရာမလိုတော့ဘူး]
နန်ချင်ဝမ် အွန်လိုင်းမှ မှတ်ချက်များကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်၏။
“ရှောင်ယီ၊ ဒါကို ငါတို့ ရှင်းပြသင့်လား။ ဥက္ကဌကုသိသွားရင် မကောင်းဘူးနော်”
ကုရှီချန်း ယဲ့ယီကို ယုံကြည်သော်လည်း သူ့လက်တွဲဖော်ကို တခြားလူတစ်ယောက်က လူသိရှင်ကြား လိုက်နေခြင်းကို ဘာမှ ရှင်းပြခွင့်မရဘဲ ကြည့်နေရသည်မှာ သူ့အတွက် စိတ်မသက်မသာ ဖြစ်စေမည်မှာ အမှန်ပင်။
ယဲ့ယီ ခေါင်းညိတ်ပြလိုက်သည်။ သူမ နောက်မှ ကုရှီချန်းအား အကျိုးသင့် အကြောင်းသင့် သေချာရှင်းပြရလေမည်။ သူမ အကြောင်းမဲ့ သက်သက် အထင်လွဲခံရခြင်းကို မလိုလားပေ။
သို့သော် နန်ချင်ဝမ် ပြည်သူ့ဆက်ဆံရေးဌာနကို စေလွှတ်၍ ဖြေရှင်းခိုင်းသော အခါတွင်မူ အွန်လိုင်းမှ ဝေဖန်မှုများအားလုံးမှာ ရှင်းလင်းပြီးသား ဖြစ်နေကာ မူရင်းပို့စ်မှာလည်း ပျောက်ကွယ်သွားလေပြီ။
ထိုဖြစ်ရပ်သည် လုံးဝ မဖြစ်ပျက်ခဲ့ဖူးသည့် အလား။ကုရှီချန်းတစ်ယောက်သာ ဤမျှ သပ်သပ်ရပ်ရပ် လုပ်ဆောင်နိုင်လိမ့်မည်။
ယဲ့ယီသည် ကုရှီချန်းထံသို့ သူမအိမ်သို့ လာခဲ့ရန် တိုက်ရိုက်မက်ဆေ့ဂျ် ပို့လိုက်သည်။ ယဲ့ယီ၏ လည်ပင်းမှ ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက် သူမသည် နန်ချင်ဝမ်၏ အိမ်ဘေးရှိ ဗီလာကို ဝယ်ယူခဲ့သည်။ အစက ကုရှီချန်း ဝယ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ယဲ့ယီ သူမဘာသာ ဝယ်ယူရန်သာ ဇွတ်အတင်း ငြင်းဆိုခဲ့လေ၏။
ကိုယ့်ပိုက်ဆံနှင့် ဝယ်ထားသော အိမ်တွင် နေထိုင်ရခြင်းကသာ အလုံခြုံဆုံးဟု ခံစားရ၏။ ထိုမှသာ သူမပိုင်ဆိုင်သော ကိုယ်ပိုင်အိမ်ကလေး ဖြစ်ပေလိမ့်မည်။
အလုပ်ဆင်းပြီးနောက် ယဲ့ယီ အစားအသောက်များကို အိမ်အရောက် မှာယူလိုက်၏။ သူမ ကိုယ်တိုင်မချက်ဘဲ မှာယူရခြင်းသည် အဓိကအားဖြင့် သူမ ထမင်းဟင်း မချက်တတ်သောကြောင့် ဖြစ်သည်။
အစားအသောက်များ ရောက်ရှိချိန်တွင် ကုရှီချန်း ရောက်လာ၏။
ပုံမှန်အတိုင်းပင် ကုရှီချန်းသည် ယဲ့ယီအတွက် စံပယ်ပန်းစည်းကို ယူဆောင်လာခဲ့လေသည်။
[T/N etranကိုက စံပယ်ပန်းဖြစ်နေတာပါ။ တို့ဗမာမျိုးစံပယ်တွေဆို ပန်းစည်းလုပ်မရဘူးလေ။ တရုတ်မှာ စံပယ်ပန်းမျိုး ထပ်ရှိသေးတာလား မသိဘူး]
သူမကို လိုက်နေကြောင်း ကြေညာပြီးတည်းက သူတို့တွေ့တိုင်း စံပယ်ပန်းများ အမြဲတမ်း ပါလာလေ့ရှိ၏။
ယဲ့ယီသည် မှာယူထားသော ဟင်းလျာများကို ပန်းကန်များထဲသို့ လှလှပပ ပြောင်းထည့်လိုက်သဖြင့် သူမကိုယ်တိုင် ချက်ထားသကဲ့သို့ ထင်မှတ်ရ၏။ ထိုပန်းကန်တို့ကိုကြည့်ရင် သူမကိုယ်သူမ ဂုဏ်ယူနေတော့၏။
အစားအသောက်များ အဆင်သင့်ဖြစ်သောအခါ ယဲ့ယီနှင့်ကုရှီချန်းတို့ ထမင်းစားပွဲတွင် ထိုင်လိုက်ကြလေသည်။
“လိုင်းပေါ် ကိစ္စတွေကို ရှင် ဖြေရှင်းလိုက်တာလား”
ယဲ့ယီ စကားကိုမသွယ်ဝိုက်ဘဲ ကုရှီချန်းကို တဲ့တိုး မေးလိုက်တော့သည်။
ကုရှီချန်း အင်းဟု ခေါင်းညိတ်ကာ အဖြေပေးသည်။
ယဲ့ယီ ကုရှီချန်း၏ မျက်နှာအမူအရာကို ခိုးကြည့်လိုက်သော်လည်း သူ စိတ်ဆိုးနေပုံ မရပေ။
“ဒီကိစ္စအပေါ် ရှင် ဘယ်လိုမြင်လဲ”
ယဲ့ယီ ပြုံးပြုံးလေး မေးနေသော်လည်း အတွင်းစိတ်တွင်မူ
[သူသာ ငါ့အမှားလို့ ပြောရဲ ပြောကြည့် ချက်ချင်းပဲ သူ့ကို ဖြတ်ပစ်မယ်။ ဟွန့်...]
“ဒီကိစ္စက ကိုယ့်အမှားပါ”
“ဟင်”
ကုရှီချန်း၏ စကားကြောင့် ယဲ့ယီ ကြောင်သွားရသည်။ ‘
ဒါက ဘယ်လိုလုပ်ပြီး သူ့အမှား ဖြစ်နိုင်မှာလဲ’
ယဲ့ယီ မျက်လုံးကလေး အဝိုင်းသားနှင့် ကုရှီချန်းကို ကြည့်နေမိသည်။
[ဒါက ဘယ်လို လုပ်ကွက်လဲ]
ကုရှီချန်း ဆက်လက်ရှင်းပြသည်။
“ကိုယ် မင်းနဲ့ တွဲနေတယ်ဆိုတာကို ရှောင်ချင်းကို မပြောပြမိတာ ကိုယ့်အမှားပါ”
ထိုစကားကို ကြားသောအခါ ယဲ့ယီ ဘာပြောရမှန်း မသိတော့ပေ။
[ကုန်းရှောင်ချင်းက ကုစဲ့ရဲ့ မွေးနေ့ပွဲကတည်းက ရှင့်ဆီကနေ ကျွန်မကို လုဖို့ ကြံနေတာလို့ သူ့ကို ပြောပြသင့်လား]
ဒုန်း
ကုရှီချန်း လက်ထဲမှ ဖန်ခွက်သည် စားပွဲပေါ်သို့ ပြင်းထန်စွာ ကျသွားသဖြင့် ယဲ့ယီ လန့်ဖြန့်သွားရတော့သည်။
ကုရှီချန်း တည်ငြိမ်စွာပင် တစ်ရှူးဖြင့် ဖိတ်စင်သွားသော ရေများကို သုတ်လိုက်၏။
“တောင်းပန်ပါတယ်၊၊ ကိုယ် သေချာမကိုင်မိလို့”
ယခုအချိန်တွင် ကုရှီချန်း အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ကုန်းရှောင်ချင်းအား မည်သည့်နေရာတွင် မြေမြှုပ်ရမလဲဟု တွေးတောနေသည်။
ယဲ့ယီ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်၏။
“ကျွန်မမှာလည်း အပြစ်ရှိပါတယ်။ ကျွန်မ လူသိရှင်ကြား တွဲဖို့ သဘောမတူခဲ့လို့ ဒီလိုတွေ ဖြစ်ကုန်တာ”
ကုရှီချန်း၏ မျက်လုံးများ မည်းမှောင်ကျသွားတော့၏။
‘ယဲ့ယီ စကားက အခု လူသိရှင်ကြား တွဲချင်နေပြီလို့ ဆိုလိုတာလား’
သို့သော် ယဲ့ယီ နောက်ထပ်စကားများက ကုရှီချန်း၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။
“ဒါပေမဲ့ အခုချိန်က လူသိရှင်ကြား ထုတ်ပြောဖို့ မသင့်တော်သေးဘူးလေ။ ကျွန်မရဲ့ အလုပ်ကို ထားလိုက်ဦး။ ရှင်က ဘာမှမလုပ်တတ်တဲ့ ရည်းစားကို ရထားတယ်လို့ လူတွေအပြောခံရမှာကို ရှင်လဲ မလိုလားဘူး မဟုတ်လား။ ပြီးတော့ စဉ်းစားကြည့်ပါဦး။ ကျွန်မ အကောင်းဆုံးမင်းသမီးဆု ရတဲ့အချိန်မှ လူသိရှင်ကြား ကြေညာလိုက်ရင် အင်တာနက်တစ်ခွင်လုံးက ကျွန်မတို့ကို ကောင်းချီးပေးကြမှာ။ အဲဒီအခါကျရင် ရှင် မျက်နှာပွင့်တာပေါ့၊၊မဟုတ်ဘူးလား”
ယဲ့ယီ အကြောင်းပြချက်များကို အလွန်ယုတ္တိရှိရှိ ပြောဆိုနေသဖြင့် သူမကိုယ်သူမပင် ယုံကြည်သွားမိသည်။
ကုရှီချန်းကမူ ယဲ့ယီ သူ့ကို အတုအယောင်ကတိများဖြင့် ချော့နေသည်ကို သိသော်လည်း ဘာမှ မပြောဘဲ ငြိမ်၍သာ ကြည့်နေမိ၏။
“အရင်က ရူသိုက်ဝိန် ကိုယ့်ဆီ လာခဲ့သေးတယ်”
ကုရှီချန်းက ရုတ်တရက် ဆိုလိုက်သည်။
ယဲ့ယီ ချက်ချင်းပင် သတိရှိသွားပြီး မေးလိုက်၏။
“သူက ရှင့်ဆီ ဘာလာလုပ်တာလဲ”
[ကျွန်မနောက်ကွယ်မှာ တခြားမိန်းမနဲ့ တွေ့ရဲတယ်ပေါ့။ စောက်ကလေး၊ နင်တော့ သေဖို့ပြင်ထားတော့]
ကုရှီချန်း အေးအေးဆေးဆေးပင် ပြောလိုက်၏။
“သူ ရှောင်ချင်းဆီ သွားရှာတုန်းက မင်းကို သူနဲ့အတူ တွေ့ခဲ့တယ်တဲ့။ ပြီးတော့ မင်းတို့နှစ်ယောက် ဒီည အတူတူ ထမင်းစားဖို့ ချိန်းထားကြတယ်လို့ ပြောတယ်”
ယဲ့ယီ ကုရှီချန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး မေးလိုက်သည်။
“ပြီးတော့ရော”
[အဲဒီတော့ ရှင် သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တကယ်ယုံသွားတာပေါ့ ဟုတ်လား။ ရှင်တော့ သေပြီသာမှတ်]
ယဲ့ယီ အမူအရာကို မြင်သောအခါ ကုရှီချန်း ရုတ်တရက် ရယ်မောလိုက်တော့သည်။
“ကိုယ် သူ့ကို ယုံမယ်လို့ မင်းတကယ် ထင်နေတာလား”
ယဲ့ယီ နှာခေါင်းရှုံ့လိုက်၏။
“ဘယ်သူသိမှာလဲ၊ ရှင်တို့က ငယ်သူငယ်ချင်းတွေပဲလေ။ ကျွန်မက နောက်မှရောက်လာတဲ့သူဆိုတော့ ရှင်တို့ရဲ့ နှစ်ပေါင်းများစွာ ခံစားချက်တွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
ယဲ့ယီ၏ စကားများမှာ အလွန်ပင် ခါးသီးနေပြီး သူမ သဝန်တိုနေကြောင်းကို မျက်နှာတွင် အထင်းသား ပေါ်နေတော့၏။
ယဲ့ယီ၏ သဝန်တိုနေသော အမူအရာလေးကို မြင်ရသောအခါ ကုရှီချန်း မျက်နှာပေါ်မှ အပြုံးမှာ ပိုမိုနက်ရှိုင်းလာတော့သည်။
ကုရှီချန်း ရယ်နေဆဲဖြစ်သည်ကို မြင်သောအခါ ယဲ့ယီ ရုတ်တရက် ဒေါသထွက်သွားတော့၏။
ထို့နောက် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
“စိတ်ချပါ၊ ကိုယ် သူ့ကို လုံးဝ မယုံပါဘူး။ ကိုယ် သူ့စကားကို နားထောင်ပေးခဲ့တာကလဲ သူ မင်းကို ထပ်ပြီး ဒုက္ခမပေးနိုင်အောင် ကာကွယ်ဖို့အတွက်ပါပဲ”
ကုရှီချန်း အလေးအနက် ရှင်းပြလိုက်သည်။
ယဲ့ယီ နှုတ်ခမ်း မှာ မထိန်းနိုင်ဘဲ ပြုံးယောင်သန်းသွားသော်လည်း မျက်နှာအမူအရာကိုမူ ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်နေဆဲပင်။
“ရှင်ဘာသာ ဘယ်သူနဲ့တွေ့တွေ့ ကျွန်မနဲ့ ဘာဆိုင်လဲ”
[ဒီနေ့အတွက်တော့ ရှင့်အသက်ကို ချမ်းသာပေးလိုက်မယ်]
ကုရှီချန်း ယဲ့ယီ၏ ပန်းကန်ထဲသို့ အသားတစ်တုံး ထည့်ပေးလိုက်၏။
“ကိုယ်ရဲ့ မင်းသမီးလေး သဝန်တိုနေမှာကို ကိုယ် ကြောက်နေမိတာ။ တကယ်လို့ သူက ကိုယ့်ကို တရားဝင် မင်းသားလေး ဖြစ်ခွင့် မပေးတော့ ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
အခန်း(၁၅၈)
ယဲ့ယီ ကုရှီချန်း စကားကြောင့် အံ့ဩသွား၏။
“အဲဒါက ရှင့်ရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်ပတယ်”
သူတို့နှစ်ဦးမှာ ဤသို့ စကားတပြောပြောနှင့် စားသောက်နေကြသည်မှာ ချစ်သူစုံတွဲလေးများကဲ့သို့ဖြစ်နေတော့၏။
ထိုကိစ္စများမှာ အွန်လိုင်းအသုံးပြုသူများကြားတွင် တဖြည်းဖြည်း မေ့ပျောက်သွား၏။ သို့သော်လည်း ယဲ့ယီမှာမူ ကုန်းရှောင်ချင်းနှင့် ထပ်မံတွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အကြောင်းမှာ ကုမ္ပဏီတစ်ခု၏ စီအီးအိုက ကျင်းပသော ညစာစားပွဲသို့ ယဲ့ယီ ဖိတ်ကြားခံရသောကြောင့် ဖြစ်သည်။
ယဲ့ယီသည် မိတ်ဆွေဖွဲ့နိုင်မည့် ဤအခွင့်အရေးကို လက်လွှတ်မခံလိုသော်လည်း ထိုပွဲသို့ ကုန်းရှောင်ချင်းပါ တက်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ယဲ့ယီ၏ ပထမဆုံး တုံ့ပြန်မှုမှာ ကုန်းရှောင်ချင်းကို မြင်မြင်ချင်းပင် ထွက်ပြေးရန် ပြင်လိုက်ခြင်း၏။ ထိုကလေးမှာ အလွန်ပင် ဒုက္ခပေးလွန်းသည်။
ကံဆိုးစွာပင် ကုန်းရှောင်ချင်း သူမကို တွေ့သွားပြီး တက်တက်ကြွကြွပင် လာရောက်နှုတ်ဆက်လေတော့သည်။
“အစ်မ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက တကယ့် ကံကြမ္မာပဲ”
“ဟားဟား”
ယဲ့ယီ စိတ်ထဲမပါဘဲ ဟန်ဆောင်ပြုံးလိုက်သည်။
‘ဘာကံကြမ္မာမှ မဟုတ်ဘူး’
ကုန်းရှောင်ချင်း ယဲ့ယီနှင့် ဆက်လက်စကားပြောရန် ကြိုးစားသော်လည်း သူမက သူနှင့် အဝေးသို့ ရှောင်ထွက်သွားသည်။
သူမ ထိပ်တန်းသတင်းများတွင် ထပ်မံ မပါဝင်လိုတော့ပေ။
ယဲ့ယီ ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထိုင်ကာ အစားအသောက်များကို စားနေစဉ်တွင် ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး သူမ၏ရှေ့တွင် လာရပ်၏။
“ယဲ့ယီ”
သူမ၏ နာမည်ခေါ်သံကြောင့် ယဲ့ယီ မော့ကြည့်လိုက်ရာ ထိုအမျိုးသမီးမှာ အတော်လေး လှပပြီး တစ်နေရာရာတွင် တွေ့ဖူးသလို ခံစားနေရ၏။
“တစ်ခုခု လိုအပ်လို့လားရှင့်”
ယဲ့ယီ ယဉ်ကျေးစွာ မေးလိုက်သည်။
ထိုအမျိုးသမီးမှာ ယဲ့ယီ သူမကို မမှတ်မိသည်ကို မယုံကြည်နိုင်သည့်ဟန်ဖြင့် တအံ့တဩ မေးလိုက်၏။
“ရှင် ကျွန်မ ကို မမှတ်မိဘူးလား”
ယဲ့ယီ ဝေခွဲမရဖြစ်သွား၏။
“ကျွန်မ မှတ်မိရမှာလား”
အမျိုးသမီး ယဲ့ယီကို မျက်စောင်းထိုးရင်း ပြောလိုက်လေ၏။
“ကျွန်မနာမည် ယန်နျန့်စီ”
ယဲ့ယီ ကြောင်နေဆဲပင်။ ထိုနာမည်သည် အနည်းငယ် ရင်းနှီးနေသော်လည်း မည်သူမှန်း မမှတ်မိသေးပေ။
ယဲ့ယီ၏ တုံ့ပြန်မှုကြောင့် ယန်နျန့်စီ ပို၍ပင် ဒေါသထွက်သွားတော့၏။
“ရှင် ကျွန်မ ရသင့်တဲ့ဆုကို လုယူသွားပြီးတော့ ကျွန်မကို မသိဘူးလို့ ပြောနေတာလား”
ယဲ့ယီ ချက်ချင်းပင် မှတ်မိသွားတော့သည်။ ထိုသူသည် သုံးနှစ်ဆက်တိုက် ဇကာတင်ဝင်သော မင်းသမီးပင်။
ယဲ့ယီ ယန်နျန့်စီကို အပြစ်ကင်းစင်စွာ ကြည့်လိုက်၏။
“အဲဒီဆုက ရှင့်အတွက်ပဲလို့ ဘယ်သူက စည်းကမ်းထုတ်ထားလို့လဲ။ ကျွန်မက ဘယ်လိုလုပ်ပြီး လုယူရမှာလဲ”
“ရှင့်ရဲ့ သရုပ်ဆောင်မှုနဲ့ဆိုရင် ကုရှီချန်းသာ မကူညီခဲ့ရင် ရှင် ဘယ်လိုလုပ် ဒီဆုကို ရနိုင်မှာလဲ။ ကျွန်မ အဲဒီဆုရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ သိလား။ နောက်ဆုံးတော့ ရှင်က နောက်ဖေးပေါက်ကနေ ဝင်ပြီး ကျွန်မဆီကနေ လုသွားတာပဲ”
ယန်နျန့်စီက ယဲ့ယီကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုသည့်အလား စိုက်ကြည့်နေသည်။
“ကျွန်မ တကယ်ပဲ နောက်ပေါက်ကနေ မဝင်ခဲ့ဘူးလို့ ပြောရင် ရှင်က ယုံမှာလား”
ယန်နျန့်စီ အမူအရာသည် ယဲ့ယီ စကားကို လုံးဝမယုံကြည်ကြောင်း ပြနေ၏။
ယဲ့ယီလည်း ဘာမှမတတ်နိုင်တော့ပေ။ သူမ တကယ်ပင် မည်သူ့ အကူအညီမှ မယူခဲ့ပေ။
“ကျွန်မ ဒီဆုအတွက် အကြာကြီး ကြိုးစားခဲ့တာ။ တကယ်လို့ ကျွန်မက ကိုယ့်အစွမ်းအစနဲ့ မယူချင်ဘဲ တခြားနည်းနဲ့ ယူချင်တယ်ဆိုရင် ဟိုးအရင်ကတည်းက ရနေပြီ။ အဲဒါကို ရှင်က လုယူသွားတယ်”
ယဲ့ယီ ယခုပွဲသို့ သူမ အဘယ်ကြောင့် ဖိတ်ကြားခံရသည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
ပွဲစီစဉ်သူ၏ မျိုးရိုးနာမည်မှာ ယန် ဖြစ်သည်။ ယန်နျန့်စီက သူမကို စာရင်းရှင်းရန်အတွက် ဖိတ်ခိုင်းခြင်း ဖြစ်ရမည်။
ယဲ့ယီ သက်ပြင်းချလိုက်ပြီး အလေးအနက် ဆိုလိုက်သည်။
“ရှင် ဘာသာ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကျွန်မ တကယ်ပဲ နောက်ပေါက်ကနေ မဝင်ခဲ့ဘူး”
“မဖြစ်နိုင်တာ။ ရှင့်ရဲ့ အရင်က သရုပ်ဆောင်ချက်တွေကို ကျွန်မ ကြည့်ဖူးတယ်။ အဲဒီလို သရုပ်ဆောင်ချက်မျိုးနဲ့ဆိုရင် ရှင် ဘယ်လိုလုပ်ပြီး နောက်ပေါက်ကမဝင်ဘဲနဲ့ ဆုရနိုင်မှာလဲ”
ယဲ့ယီ ကူကယ်ရာမဲ့သွားတော့၏။
“လူဆိုတာ ခဏလေးအတွင်းမှာ ပြောင်းလဲသွားနိုင်တာပဲလေ။ ရှင် ကျွန်မရဲ့ အရင်လက်ရာတွေကို ကြည့်ဖူးတယ်ဆိုပေမဲ့ ဒီတစ်ခါ ကျွန်မဆုရတဲ့ ကားကိုရော ကြည့်ပြီးပြီလား”
ယန်နျန့်စီ ခေါင်းခါပြသည်။ ယဲ့ယီ၏ ယခင် သရုပ်ဆောင်ချက်များကို မြင်ဖူးသဖြင့် သူမ ထိုရုပ်ရှင်ကို သွားမကြည့်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
“အဲဒါဆိုရင် ရှင် ပြန်သွားပြီး ကျွန်မရဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါ။ ကြည့်ပြီးရင် ရှင် နားလည်သွားလိမ့်မယ်”
ယန်နျန့်စီ ယဲ့ယီကို မယုံကြည်သလို ကြည့်လိုက်လေ၏။
“ကျွန်မ ကြည့်ကြည့်မယ်၊ ဒါပေမဲ့ ရှင် နောက်ဖေးပေါက်က မဝင်ဘူးဆိုတာကိုတော့ ကျွန်မ အခုထိ မယုံသေးဘူး”
“ရှင့်သဘောပါပဲ”
ယန်နျန့်စီ မေးခွန်းများ မေးပြီးလျှင် ထွက်သွားလိမ့်မည်ဟု ယဲ့ယီ ထင်ထားသော်လည်း သူမ ယဲ့ယီဘေးတွင် ဝင်ထိုင်လိုက်ပြန်၏။
ထို့နောက် ယန်နျန့်စီ စပ်စုလိုသော မျက်နှာဖြင့် မေးလေ၏။
“ပြောစမ်းပါဦး။ ရှင်နဲ့ ကုရှီချန်း တကယ်ပဲ တွဲနေကြတာလား။ ပြီးတော့ ကုန်းရှောင်ချင်းနဲ့ကရော ဘယ်လို ပတ်သက်တာလဲ”
ထိုအချိန်တွင် ယဲ့ယီမှာ ဒုတိယမြောက် တုမ်မင်ရွှမ်ကို တွေ့နေရသလို ခံစားလိုက်ရတော့သည်။
“ကျွန်မ ကုန်းရှောင်ချင်းနဲ့ ဘာမှမပတ်သက်ဘူး”
“ဒါဆို ရှင် ကုရှီချန်းနဲ့ ပတ်သက်နေတာပေါ့”
ယဲ့ယီ : ‘အေးပါကွာ’
ယန်နျန့်စီ ခုနလေးတင် ဆုကိစ္စနှင့် ဒေါသထွက်နေပြီး အခုကျတော့ အတင်းအဖျင်းများ မရပ်မနား စပ်စုနေပြန်သည်။
“ဒါနဲ့ ပြောဦးမယ်၊ ကုရှီချန်း ရှင့်ကို ကြိုက်နေတာပဲကို ရှင်တို့ နှစ်ယောက် ဘာလို့ ကွာရှင်းလိုက်ကြတာလဲ”
“ကျွန်မ သူ့ကို မကြိုက်လို့ ကွာရှင်းလိုက်တာရော မဖြစ်နိုင်ဘူးလား”
“ဘာလို့လဲ။ ကုရှီချန်းက ချောတယ်လေ။ ဒီလောကထဲက မင်းသားတွေထက်တောင် ချောသေးတယ်။ ပြီးတော့ ချမ်းလည်း ချမ်းသာတယ်။ ရှင် ဘာလို့ သူ့ကို မကြိုက်တာလဲ”
ယန်နျန့်စီသည် စူးစမ်းလိုသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေလေ၏။
အကယ်၍သာ တုမ်မင်ရွှမ် ဖြစ်နေခဲ့ပါက ယဲ့ယီ ပါးရိုက်လိုက်မည်မှာ ကြာလှလေပြီ။ သို့သော် နုနယ်လှပသည့် မိန်းကလေးတစ်ယောက် ဖြစ်နေသည့် အတွက် သူမ တကယ်ပဲ လက်မပါနိုင်တော့ပေ။
ထိုမိန်းကလေးက အတင်းအဖျင်း ပြောရသည်ကို အနည်းငယ် ဝါသနာပါရုံသာ ဖြစ်လေသည်။
“ဘာလို့လဲဆိုတော့ သူက အစွမ်းအစ မရှိလို့လေ”
ယဲ့ယီ အကြောင်းပြချက်တစ်ခုကို တိုက်ရိုက်ပင် လုပ်ကြံပြောဆိုလိုက်သည်။
ယန်နျန့်စီ အံ့သြလွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်တော့သည်။
“ဟင်း ဒါက တကယ့် အကြီးစားသတင်းပဲ။ ဒါပေမဲ့ ကုရှီချန်းက ကြည့်ရတာ အစွမ်းအစရှိတဲ့ပုံ မပေါက်ပါဘူး”
“ကြည့်ရုံနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ”
ယဲ့ယီ ဆက်လက်၍ လိမ်ညာပြောဆိုနေတော့သည်။
ထို့နောက် သူမက လေးနက်သည့် အမူအရာဖြင့် မှာကြားလိုက်သေး၏။
“ဒါကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော်”
ယန်နျန့်စီ ခေါင်းညိတ်ပြလိုက်ပြီးမှ ချက်ချင်းပင် ပြန်ခါပြလေသည်။
သူမ ယဲ့ယီ နောက်သို့ လက်ညှိုးထိုးပြလိုက်၏။
ယဲ့ယီ ယန်နျန့်စီ ညွှန်ပြရာသို့ လှည့်ကြည့်လိုက်သောအခါ ကုရှီချန်းမှာ မျက်နှာထား တင်းတင်းနှင့် ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။
[သူ ဒါကို ကြားသွားတာတော့ မဟုတ်လောက်ပါဘူး]
ကုရှီချန်း ကြားသွားရုံသာမက အလွန်ပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်း ဖြစ်၏။
သူ ယဲ့ယီကို တွေ့၍ လာကြည့်ရာမှ ယန်နျန့်စီနှင့် ပြောနေသော စကားများကို အမှတ်မထင် ကြားလိုက်ရခြင်း ဖြစ်လေသည်။
အစပိုင်းတွင် ယဲ့ယီ ကုန်းရှောင်ချင်းနှင့် ဘာမှမပတ်သက်ကြောင်း ပြောသဖြင့် ကုရှီချန်း အတော်လေး ပျော်သွားသေးသည်။
သို့သော် နောက်တစ်ခဏတွင်မူ သူ အစွမ်းအစမရှိကြောင်း ယဲ့ယီက ပြောလိုက်သည်ကို ကြားလိုက်ရတော့၏။
ယဲ့ယီ ကုရှီချန်းကို ဖားသော အပြုံးဖြင့် ပြုံးပြလိုက်၏။
“စီအီးအိုကု တိုက်ဆိုင်လိုက်တာ။ ရှင်လည်း ဒီမှာ ရှိနေတာပဲ”
ယန်နျန့်စီ ပွဲကြည့်ချင်သေးသော်လည်း ကုရှီချန်း အကြည့်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လိမ္မာပါးနပ်စွာ ထွက်သွားတော့သည်။
ဤနေရာမှာ ဆက်နေရန် မသင့်တော်မှန်း သူမ သိလိုက်သည်။
ယန်နျန့်စီ ထွက်သွားပြီးနောက် ကုရှီချန်း ယဲ့ယီရှေ့တွင် ရပ်ကာ သူမကို ငုံ့ကြည့်လိုက်သည်။
သူ အံကြိတ်ကာ ပြောလိုက်၏။
“ကိုယ် အစွမ်းအစ မရှိဘူးလို့ ပြောတာ ကြားလိုက်သလားလို့ “
ယဲ့ယီ အပြစ်မကင်းသဖြင့် ကုရှီချန်းကို မကြည့်ရဲတော့ပေ။
“ကျွန်မ နောက်လိုက်တာပါ။ ရှင်က အစွမ်းအစရှိပါတယ်၊ အစွမ်းအစအရှိဆုံးပါ”
ကုရှီချန်း ယဲ့ယီကို ခေါင်းမော့စေပြီး သူ့မျက်လုံးများကို စေ့စေ့ကြည့်စေကာ စကားတစ်လုံးချင်းစီကို အလေးအနက် ဆိုလိုက်တော့သည်။
“မင်းက မစမ်းကြည့်ဘဲနဲ့ ကိုယ် အစွမ်းအစ ရှိမရှိ ဘယ်လိုလုပ် သိမှာလဲ”
ယဲ့ယီ မျက်နှာသည် ချက်ချင်းပင် ရဲတက်သွားတော့သည်။
[ဒါက ဘယ်လို အရှက်မရှိတဲ့ စကားတွေလဲ။ အား... ငါတော့ မဖြူစင်တော့ဘူး]
ယဲ့ယီ ကုရှီချန်းကို စကားဖြင့် စနောက်ရသည်ကို ကြိုက်သော်လည်း အမှန်တကယ်တွင်မူ သူမသည် အလွန်ပင် အရှက်သည်းသူတစ်ဦး ဖြစ်လေ၏။