← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း(၁၅၉)

ကုရှီချန်းနှင့် ယဲ့ယီတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြစဉ် တစ်စုံတစ်ယောက် မဖိတ်ခေါ်ဘဲ ပေါ်လာလေသည်။

ကုန်းရှောင်ချင်း ရှေ့တိုးလာပြီး ကုရှီချန်း၏ ပခုံးကို တက်တက်ကြွကြွပင် ပုတ်လိုက်ရင်း မေးလိုက်၏။

“အစ်ကိုရှီချန်း အစ်ကိုလည်း ဒီကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ”

ထို့နောက် ယဲ့ယီကို မြင်လိုက်သောအခါ ထပ်မံမေးမြန်းလိုက်ပြန်သည်။

“အစ်ကိုရှီချန်း အစ်ကိုနဲ့ မမက သိကြတာလား”

ကုရှီချန်းနှင့် ယဲ့ယီတို့ စကားပင် မပြောနိုင်တော့ပေ။

သို့သော် ကုန်းရှောင်ချင်း ချက်ချင်းပင် တုံ့ပြန်လေ၏။ သူခေါင်းကို ကုပ်ကာ ပြောလိုက်၏။

“အစ်ကိုတို့ နှစ်ယောက် လက်ထပ်ခဲ့ဖူးတာကို ကျွန်တော် မေ့သွားတယ်”

ကုရှီချန်းနှင့် ယဲ့ယီတို့ ဤည၏ တိတ်ဆိတ်မှုထဲတွင်သာ နစ်မြုပ်နေကြလေတော့သည်။ ယဲ့ယီ ကုန်းရှောင်ချင်းကို မည်သို့ အကဲဖြတ်ရမည်ကိုပင် မသိတော့ပေ။

လက်ရှိတွင် ထောင်နံရံနောက်ကွယ်သို့ ရောက်ရှိနေသည့် သွမ့်ဟွေ့ကျိုမှလွဲလျှင် ဤမျှ ဦးနှောက်မရှိသောလူမျိုးကို သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။

ကုန်းရှောင်ချင်းကို မြင်လိုက်ရခြင်းက ကုရှီချန်း အွန်လိုင်းမှ ကိစ္စရပ်များကို ပြန်လည်သတိရစေပြီး ထိုကလေးက သူ့ချစ်သူကို ‘မမ’ ဟု ခေါ်ဆိုနေခြင်းက သူ့မျက်နှာကို ပို၍ပင် မည်းမှောင်ကျသွားစေတော့၏။

သို့သော် ကုန်းရှောင်ချင်း ထိုအရာကို လုံးဝ သတိမထားမိဘဲ ကုရှီချန်းကို တက်တက်ကြွကြွပင် ဆက်ပြောနေသည်။

“အစ်ကိုရှီချန်း လွန်ခဲ့တဲ့ ရက်ပိုင်းက အစ်မရူသိုက်ဝိန်ကို ကျွန်တော် တွေ့ခဲ့သေးတယ်။ သူက အစ်ကို့အတွက်ပဲ သီးသန့်ပြန်လာတာတဲ့။ အစ်ကိုတို့မင်္ဂလာသတင်းက နီးနေပြီလား”

တရားဝင်ချစ်သူဖြစ်သည့် ယဲ့ယီမှာမူ

[ငါ ဘာလို့ ရုတ်တရက်ကြီး တစ်ယောက်ယောက်ကို သတ်ချင်စိတ် ပေါက်လာတာလဲ]

“ငါ နဲ့ ရူသိုက်ဝိန်နဲ့ ဘာမှမဆိုင်ဘူး။ သူ ပြန်လာတာကလည်း ငါနဲ့ မဆိုင်ဘူး”

ကုရှီချန်း အေးစက်စွာ ပြောလိုက်သည်။

ကုန်းရှောင်ချင်း ကုရှီချန်းကို အလွန်နှလုံးသားမရှိသူဟု ထင်မှတ်နေသည့် အမူအရာဖြင့် ပြောတော့၏။

“အစ်ကိုရှီချန်း အစ်ကိုက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ အစ်မသိုက်ဝိန်က အစ်ကို့ကို ချစ်လာတာ နှစ်တွေ အများကြီး ရှိနေပြီ၊၊ သူ့ကို အခွင့်အရေး တစ်ခုလောက် မပေးနိုင်ဘူးလား”

“မင်း သူ့ကို သဘောကျတယ်ဆိုရင် မင်းဘာသာမင်းပဲ လက်ထပ်လိုက်လေ”

ကုန်းရှောင်ချင်း ချက်ချင်းပင် ခေါင်းခါလိုက်ပြီး ယဲ့ယီကို ပြုံးလျက် ကြည့်လိုက်၏။

“ကျွန်တော်က သူ့ကို မကြိုက်ပါဘူး။ ကျွန်တော် သဘောကျတာက ဒီမမကိုပါ”

ကုရှီချန်းက သူ့ရှေ့တွင်ပင် သူ့ကောင်မလေးကို လုယူရန် ကြိုးစားနေသည့် လူကို လက်စ ဖျောက်ပစ်လိုသည့်အလား လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

အစပိုင်းတွင် ယဲ့ယီသည် ကုန်းရှောင်ချင်း ကုရှီချန်းအား ရူသိုက်ဝိန်နှင့် တွဲပေးနေသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း ယခု ကုရှီချန်း ဒေါသထွက်ပြီး မျက်နှာပျက်နေသည့်ပုံကို မြင်ရသောအခါ အကြောင်းမဲ့ ရယ်ချင်စိတ် ပေါက်လာရတော့သည်။

[ဒီကလေးက EQ နိမ့်ရုံတင် မဟုတ်ဘူး၊ IQ ပါမရှိတာ]

ကုရှီချန်း အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ကုန်းရှောင်ချင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တော့၏။

“မင်း သူ့ကို သဘောကျတယ်လို့ ပြောလိုက်တာလား”

ကုန်းရှောင်ချင်း ကုရှီချန်း၏ သတ်ဖြတ်လိုသော အကြည့်များကို လုံးဝ သတိမပြုမိဘဲ ခိုင်မာစွာ ခေါင်းညိတ်ပြသည်။

“အင်း... ကျွန်တော် မမကို မြင်မြင်ချင်း ချစ်မိသွားတာ။ သူမှ သူပဲ”

‘မြင်မြင်ချင်း ချစ်မိသွားတာ’ ဟူသော စကားကို ကြားလိုက်ရသောအခါ ကုရှီချန်း မျက်နှာသည် အမည်းဆုံးအဆင့်ထိ မည်းမှောင်သွားတော့သည်။

ကုန်းရှောင်ချင်းနှင့် ယဲ့ယီတို့ ပထမဆုံး တွေ့ဆုံစဉ်က သူနှင့် ယဲ့ယီတို့ ကွာပင် မကွာရှင်းရသေးချေ။

ဤကလေးသည် သူ့မိန်းမကို လုယူရန် ကြိုးစားရာတွင် အလွန်ပင် စည်းကျော်လွန်နေလေသည်။

“မင်းတို့နှစ်ယောက် ပထမဆုံးတွေ့တုန်းက သူနဲ့ ငါ ကွာတောင် မကွာရှင်းရသေးဘူး မဟုတ်လား။ မင်း ငါ့မိန်းမကို လုဖို့ ကြိုးစားနေတာလား”

ကုရှီချန်း သူ့ဒေါသကို မနည်းထိန်းချုပ်ကာ ပြောလိုက်ရသည်။

ယဲ့ယီ ဘေးတွင် ရယ်ရလွန်း၍ သေတော့မတတ် ဖြစ်နေရရှာသည်။

[ဒီကုန်းအိမ်တော်က ဒုတိယသခင်လေးကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့တာလဲ။ တကယ်ကို ရယ်ရတယ်။ သူ ကုရှီချန်းရဲ့ ဒေါသကို တကယ်ပဲ မခံစားမိတာလား]

ကုန်းရှောင်ချင်း ဖြောင့်မတ်မှန်ကန်လှသည့် အမူအရာဖြင့် ပြောလိုက်၏။

“အဲဒီအချိန်တုန်းက အစ်ကိုက မမနဲ့ ကွာရှင်းတော့မှာ မဟုတ်ဘူးလား”

“အဲဒါကို ကုန်းရှောင်ကျောင်းက ပြောတာလား”

ကုရှီချန်း အံကြိတ်၍ မေးလိုက်သည်။ သူနှင့် ယဲ့ယီမှလွဲလျှင် ဤအကြောင်းကို သိသူမှာ ကုန်းရှောင်ကျောင်း တစ်ယောက်သာ ရှိသည်။

ယဲ့ယီလည်း ဤအချက်ကို သတိရသွားပြီး မကျေမနပ် တွေးလိုက်မိ၏။

[တစ်စုံတစ်ယောက်က အပြင်ပန်းမှာတော့ ငါ့ကို မကွာရှင်းဖို့ တားနေသလိုလိုနဲ့ တကယ်တမ်းကျတော့ သူ့ရဲ့ ညီအစ်ကိုရင်းကို ကြိုပြောထားပြီးသားပဲ။ ဟင်း တကယ့်ကို ဟန်ဆောင်ကောင်းတဲ့ လူကြီးပဲ]

ကုရှီချန်း ယခု ချက်ချင်းပင် သွားရောက်၍ ကုန်းရှောင်ကျောင်းကို သတ်ပစ်ချင်စိတ် ပေါက်နေတော့သည်။

သူ သူ့မိန်းမကို ပြန်လိုက်ရာတွင် ကူညီပေးရန် ပြောပြခဲ့ခြင်း ဖြစ်သော်လည်း နေ

ာက်ဆုံးတွင် ကုန်းရှောင်ကျောင်းကသာ သတင်းဖြန့်သူ ဖြစ်နေလေသည်။

ကုန်းကော်ပိုရေးရှင်းတွင် ရှိနေသော ကုန်းရှောင်ကျောင်းမှာမူ မရပ်မနား နှာချေနေတော့၏။

“ဘယ်သူကများ ငါ့အတင်း ပြောနေတာလဲ မသိဘူး”

ယဲ့ယီသည် သူမသာ ဝင်မပြောပါက ကုရှီချန်းက ကုန်းရှောင်ချင်းကို ပွဲထဲမှ ကန်ထုတ်လိုက်တော့မည်ဟု ခံစားနေမိသည်။

သူမ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဝင်ပြောလိုက်ရတော့သည်။

“ဒုတိယသခင်လေးက စီအီးအိုကုနဲ့ ကျွန်မတို့ လက်ထပ်ခဲ့ဖူးတာကို သိနေမှတော့ ကျွန်မ ရှင်နဲ့ တွဲဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲလေ”

ဤငတုံးလေး နားမလည်မည်ကို စိုးရိမ်သဖြင့် ယဲ့ယီ ထပ်မံပြောကြားလိုက်သည်။

“ပြီးတော့ ရှင့်ကို တကယ် မကြိုက်ဘူး။ ကုရှီချန်းနဲ့ ကျွန်မ ဘယ်တုန်းကမှ လက်မထပ်ခဲ့ဘူး ဆိုရင်တောင် ရှင့်ကို ကြိုက်မှာ မဟုတ်ဘူး။ ရှင်က ကျွန်မ ကြိုက်တဲ့ ပုံစံမျိုး မဟုတ်ဘူး”

ကုန်းရှောင်ချင်း ဝမ်းနည်းသော အကြည့်ဖြင့် ယဲ့ယီကို ကြည့်လိုက်၏။

“ဘာလို့လဲ။ ကျွန်တော်က မကောင်းလို့လား”

“ရှင်က အရမ်းကောင်းပါတယ်၊ ကျွန်မကသာ ရှင်နဲ့ မတန်တာပါ”

ယဲ့ယီ မျက်တောင်မခတ်ဘဲ ပြောလိုက်၏။

ပုံမှန်ဆိုပါက ဤစကားကို ကြားသူတိုင်း အဓိပ္ပာယ်ကို နားလည်ကြမည်ဖြစ်သော်လည်း ကုန်းရှောင်ချင်းကမူ နားမလည်ပေ။

“ကျွန်တော်က မမကို အထင်မသေးပါဘူး”

ထိုစကားတစ်ခွန်းက ယဲ့ယီကို ဆွံ့အသွားစေသည်။

[နင်ကပဲ ငါ့ကို အထင်မသေးဘူးလို့ ပြောရဲသေးတယ်ပေါ့။ သူ့ကို တကယ်ပဲ ရိုက်သတ်ပစ်ချင်တယ်]

“မမ... ကျွန်တော် မမကို တကယ်ကြိုက်တာပါ။ ကျွန်တော့် ကောင်မလေး ဖြစ်ပေးလို့ မရဘူးလား”

ကုန်းရှောင်ချင်း ယဲ့ယီကို အလွန်ပင် ရိုးသားဖြူစင်လှသော အမူအရာဖြင့် တောင်းဆိုလိုက်သည်။

ကုရှီချန်း မျက်နှာသည် အမည်းဆုံးအဆင့်သို့ ရောက်ရှိနေပြီး သူထုတ်လွှတ်နေသော အေးစက်သည့် အငွေ့အသက်များမှာ လူကို ခဲသွားစေနိုင်သည့်အလား ရှိနေတော့သည်။

“ကုန်း ရှောင် ချင်း”

ကုရှီချန်း အသံကို ကြားလိုက်ရသောအခါမှ ကုန်းရှောင်ချင်း သူ၏ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရတော့သည်။

သို့သော် သူ ဇွဲမလျှော့သေးပေ။

“အစ်ကို ရှီချန်း အစ်ကို မမနဲ့ ကွာရှင်းပြီးသားပဲလေ။ ကျွန်တော် မမကို လိုက်တာက အစ်ကိုက ဘာလို့ အရေးလုပ်နေတာလဲ”

ကုရှီချန်း အံကြိတ်လျက် ပြောလိုက်၏။

“ငါ အရေး လုပ် တယ်”

ကုန်းရှောင်ချင်းက နားမလည်နိုင်ဘဲ ပြန်မေး၏။

“အစ်ကိုတို့ ကွာရှင်းပြီးပြီပဲ။ ဘာလို့ အရေးလုပ်နေသေးတာလဲ”

ယဲ့ယီ ရယ်ရလွန်း၍ သေတော့မတတ်ပင်။

[ဒီကလေးကတော့ တကယ် ကျပ်မပြည့်ဘူးပဲ။ တကယ်လို့ ငါသာ သူနဲ့ တွဲလိုက်ရင် လူတွေ ကုရှီချန်းကို ဘယ်လိုမြင်ကြမလဲ။ သူ့ဇနီးဟောင်းက သူနဲ့ ရင်းနှီးတဲ့ ညီအစ်ကိုရဲ့ ညီနဲ့ လက်ထပ်လိုက်တယ်ဆိုတော့ အားး တကယ်ကို အနေရခက်တဲ့ ကိစ္စပဲ]

ကုရှီချန်း သည်းမခံနိုင်တော့ပေ။

သူ ယဲ့ယီအား လူသိရှင်ကြား မထုတ်ပြောရန် ကတိပေးထားခြင်း မရှိခဲ့ပါက သူရှေ့တွင်ပင် သူ့မိန်းမကို လုရန် ကြိုးစားနေသည့် လူကို ဤနေရာမှ ကန်ထုတ်မိပေလိမ့်မည်။

ကုရှီချန်း ဤငထုံငထိုင်းနှင့် ဆက်ပြောနေပါက သူ ဒေါသထွက်၍ သေသွားနိုင်သည်ဟု ခံစားလိုက်ရ၏။ သူ ဖုန်းထုတ်ကာ ကုန်းရှောင်ကျောင်းထံ တိုက်ရိုက်ခေါ်ဆိုလိုက်၏။

“မင်းရဲ့ ဒီညီ ငထုံကောင်ကို မြန်မြန်လာခေါ်သွားတော့”

ဖုန်းလက်ခံရရှိသော ကုန်းရှောင်ကျောင်း အလွန်ပင် ကြောင်သွားရလေသည်။

‘ငါ့ညီငထုံကောင် ကုန်းရှောင်ချင်းလား ‘

‘ကုန်းရှောင်ချင်း ပွဲမှာ မဟုတ်လား။ ကုရှီချန်းက ဘာလို့ သူ့ကို လာခေါ်ခိုင်းရတာလဲ ‘

အကြောင်းရင်းကို မသိသော်လည်း ကုန်းရှောင်ကျောင်း ချက်ချင်းပင် ထွက်လာသည်။

ကုရှီချန်း သူ့အစ်ကိုကို ဖုန်းဆက်ခေါ်သည်ကို မြင်သောအခါ ကုန်းရှောင်ချင်း ဇဝေဇဝါ ဖြစ်သွားရ၏။

“အစ်ကိုရှီချန်း ဘာလို့ ကျွန်တော့်အစ်ကိုကို လာခေါ်ခိုင်းရတာလဲ။ ပြီးတော့ ကျွန်တော်က ငထုံကောင် မဟုတ်ပါဘူး”

ကုရှီချန်း စကားပင် ဆက်မပြောလိုတော့ပေ။ ဤနေရာသာ တခြားလူ၏ အိမ်မဟုတ်ခဲ့ပါက သူ ကုန်းရှောင်ချင်းကို အသေအလဲ ထိုးနှက်မိလိမ့်မည်။

ယဲ့ယီ ဤပွဲသည် သတင်းထောက်များ မရှိသည့် သီးသန့်ပွဲဖြစ်နေခြင်းကိုသာ ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။ မဟုတ်ပါက သူမ ဘယ်လိုမှ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။

ကုန်းရှောင်ကျောင်း မရောက်လာမီအထိ ကုန်းရှောင်ချင်းသည် ယဲ့ယီကို အဆက်မပြတ် ဖွင့်ပြောနေခဲ့ပြီး ကုရှီချန်းကလည်း ကြားဖြတ်၍ အမြဲတားဆီးနေခဲ့သည်။

ယဲ့ယီမှာမူ ကုရှီချန်း ဤမျှ စိတ်ပျက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ ရယ်မောနေမိ၏။

ကုန်းရှောင်ကျောင်း ရောက်လာသောအခါ အကြောင်းရင်းကိုပင် မမေးနိုင်သေးမီ ကုရှီချန်းက ကုန်းရှောင်ချင်းကို ကားထဲသို့ ဇွတ်အတင်း ထည့်လိုက်သည်။

“မင်း ညီကို ခေါ်ပြီး ထွက်သွားတော့။ ပြီးတော့ သူ မပိုင်တဲ့အရာတွေကို မျက်စိမကျဖို့ ပြောလိုက်ဦး။ မင်းနဲ့ ငါကတော့ နောက်မှ စာရင်းရှင်းကြတာပေါ့။ အခု သွားတော့”

ကုန်းရှောင်ကျောင်း ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း ကုရှီချန်း မျက်နှာသည် အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်နေသည်ကို မြင်ရသောအခါ ပါးနပ်စွာပင် ချက်ချင်း မောင်းထွက်သွားတော့သည်။

ပွဲမှ ထွက်လာပြီးနောက် ကုန်းရှောင်ကျောင်းက ကုန်းရှောင်ချင်းကို မေးလိုက်၏။

“မင်း အစ်ကိုရှီချန်းကို ဘယ်လိုများ ရန်စလိုက်တာလဲ။ သူ မင်းကြောင့်နဲ့ တကယ့်ကို ဒေါသထွက်နေတာ။ ပြီးတော့ မပိုင်တဲ့အရာကို မျက်စိမကျနဲ့ဆိုတာက ဘာကို ပြောတာလဲ။ မင်း သူ့ဆီက တစ်ခုခု ခိုးလိုက်တာလား”

အခန်း(၁၆၀)

ကုန်းရှောင်ချင်း ဝမ်းနည်းပက်လက်ဖြင့် ဆိုလေ၏။

“ကျွန်တော်က မမကို တကယ်ကြိုက်တာပါ။ ကျွန်တော့်ရဲ့ အချစ်ကို ဖွင့်ပြောတာ ဘာမှားလို့လဲ”

ကုန်းရှောင်ကျောင်းလည်း ထိုကိစ္စမှာ ဘာမှ မမှားဟု ထင်သော်လည်း ကုန်းရှောင်ချင်း မိန်းမတစ်ယောက်ကို လိုက်ခြင်းက ကုရှီချန်းကို မည်သို့ သွားထိခိုက်စေသည်ကို စဉ်းစားမရ ဖြစ်နေသည်။

ရုတ်တရက် ကုန်းရှောင်ကျောင်း မသေမချာ ဖြင့်မေးလိုက်၏။

“မင်းပြောတဲ့ မမဆိုတာ ယဲ့ယီတော့ မဟုတ်ဘူးမလား”

ကုန်းရှောင်ချင်း ခေါင်းညိတ်ပြသည်။ ကုန်းရှောင်ကျောင်းမှာ မျက်စိရှေ့တွင် အမှောင်အတိ ကျသွားပြီး ထိုနေရာမှာတင် အသက်ထွက်တော့မတတ် ခံစားလိုက်ရ၏။

ကုန်းရှောင်ချင်း ဆက်လက်၍ ပြောဆိုနေ၏။

“မမက အရင်က အစ်ကိုရှီချန်းနဲ့ တွဲခဲ့ဖူးတယ် ဆိုပေမဲ့ အခု ကွာရှင်းပြီးသားပဲလေ။ ကျွန်တော်က သူ့မိန်းမကို လုတာမှ မဟုတ်တာ။ အစ်ကိုရှီချန်းက ဘာလို့ ဒေါသထွက်နေတာလဲ”

သူ၏ ရိုးအလှသော ညီငယ်ကို ကြည့်ရင်း ကုန်းရှောင်ကျောင်း ဘာပြောရမှန်းပင် မသိတော့ပေ။

ကုရှီချန်း ဤကလေးကို အသေမရိုက်လိုက်ခြင်းပင် ထူးဆန်းလှသည်။

‘ကုရှီချန်းရဲ့ မိန်းမကို မျက်စိကျရဲအောင် ဘယ်သူကများ သူ့ကို သတ္တိတွေ ပေးလိုက်တာလဲ‘

“ဒါက နိုင်ငံခြား မဟုတ်ဘူး။ မင်းသာ ယဲ့ယီနဲ့ တကယ်တွဲလိုက်ရင် လူတွေက အစ်ကိုရှီချန်းအပေါ် ဘယ်လို ထင်ကြမလဲ”

ကုန်းရှောင်ကျောင်း အကျိုးသင့်အကြောင်းသင့် ရှင်းပြရန် ကြိုးစားလိုက်၏။

သို့သော် ကုန်းရှောင်ချင်း ပြောလိုက်သည့်စကားကြောင့် ကုန်းရှောင်ကျောင်း အံ့ဩသွားရလေသည်။

“ဒါဆို ကျွန်တော် မမကို ခေါ်ပြီး နိုင်ငံခြားမှာ သွားနေမယ်လေ”

ကုန်းရှောင်ကျောင်း: ‘ပြဿနာက ဘယ်မှာနေတာနဲ့ မဆိုင်ဘူးဟ’

“ဒါပေမဲ့ ယဲ့ယီကရော သူ့အိမ်ကို ထားခဲ့ပြီး မင်းနဲ့အတူ နိုင်ငံခြားကို လိုက်မယ် ထင်လို့လား”

ကုန်းရှောင်ချင်း ခဏတာမျှ စဉ်းစားပြီးမှ ဆိုလေ၏။

“ဒါဆို နောက်ဆိုရင် အစ်ကိုရှီချန်း နဲ့ အဆက်အသွယ် မလုပ်တော့ဘူးလေ”

ကုန်းရှောင်ကျောင်းမှာမူ ဆက်လက် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်မိတော့သည်။

“ယဲ့ယီ မင်းကို ကြိုက်လို့လား။ မင်း သူ့အတွက်နဲ့ ရှီချန်းကိုတောင် အဆက်အသွယ် ဖြတ်ဖို့ ပြင်နေတယ်ပေါ့။ မင်းက ငါ့ရဲ့ တော်တော် ကောင်းတဲ့ ညီပဲကွာ”

“အခု ကျွန်တော် သူ့ကို လိုက်နေတာပဲ မဟုတ်လား”

ကုန်းရှောင်ချင်း ဝမ်းနည်းသလို ပြောလိုက်သည်။

ကုန်းရှောင်ကျောင်း ခေါင်းကိုက်လာတော့၏။

‘ငါတို့မိသားစုက ဒီလိုငတုံးမျိုးကို ဘယ်လိုများ ပြုစုပျိုးထောင်လိုက်မိတာလဲ’

“အစ်ကိုရှီချန်းကလည်း သူ့ကို ကြိုက်နေတာ မင်းမသိဘူးလား”

“ဒါဆို သူတို့ ဘာလို့ ကွာရှင်းလိုက်ကြတာလဲ”

ကုန်းရှောင်ကျောင်း: ‘...’

“ကိုယ့်ကိစ္စမဟုတ်ရင်မပါနဲ့။ မင်းရဲ့ ဒီစိတ်ကူးကို လက်လျှော့လိုက်တော့”

ကုရှီချန်း နောက်မှ စာရင်းရှင်းမည်ဟု ပြောခဲ့သော စကားကို ပြန်စဉ်းစားမိပြီး ကုန်းရှောင်ကျောင်း ထိတ်လန့်သွားရသည်။

သူလည်း ခဏလောက် ရှောင်နေရမည် ထင်၏။

အခြားတစ်ဖက်တွင် ကုရှီချန်းသည် ကုန်းရှောင်ချင်းကို ပို့ပြီးနောက်တွင်လည်း မျက်နှာကြီး မည်းသည်းနေဆဲဖြစ်သည်။

ယဲ့ယီမ ကုရှီချန်းနှင့် ကုန်းရှောင်ချင်းတို့ အပြင်ထွက်သွားစဉ်တွင် မိတ်ဆွေဖွဲ့ရန် အလုပ်ရှုပ်နေခဲ့သည်။ ကုန်းရှောင်ချင်း မရှိတော့သဖြင့် သူမ ဘာမှ စိတ်ပူစရာ မလိုတော့ပေ။

ကုရှီချန်းကမူ ဘေးတွင် ထိုင်လျက် ယဲ့ယီကို မကျေမနပ် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

အချို့လူများက ယဲ့ယီသည် ကုရှီချန်း၊ ကုန်းရှောင်ချင်းတို့နှင့် အတူရှိနေသည်ကို သတိပြုမိကြပြီး သူတို့ပတ်သက်မှုကို စူးစမ်းရန် ကြိုးစားနေကြသည်။ ယဲ့ယီကမူ ပူးပေါင်းဆောင်ရွက်မှု တစ်ခုသာ ဖြစ်ကြောင်း ပြောဆိုလိုက်၏။

လူအများစုသည် သူမစကားကို မယုံကြသော်လည်း ဘာမှ ထပ်မပြောတော့ပေ။

လူအများ ယဲ့ယီမှတစ်ဆင့် ကုရှီချန်းနှင့် နီးစပ်ခွင့်ရရန် မျှော်လင့်နေကြပြီး သူမကို အခွင့်အရေးများစွာ ကမ်းလှမ်းလာကြသည်။

ထိုကမ်းလှမ်းမှုများသည် အစစ်အမှန်ဖြစ်စေ အတုအယောင်ဖြစ်စေ ယဲ့ယီ အားလုံးကို လက်ခံလိုက်လေသည်။

မည်သည့်နေရာတွင်မဆို ရန်သူထက် မဟာမိတ်များ ရှိထားခြင်းက ပို၍ကောင်းသောကြောင့် ဖြစ်၏။

ပွဲပြီးခါနီးတွင် ယန်နျန့်စီ ယဲ့ယီ၏ WeChat ကို သူငယ်ချင်းအဖြစ်အပ်ခဲ့ပြီး ယဲ့ယီ သရုပ်ဆောင်ချက်က ထိုဆုနှင့် မထိုက်တန်ပါက သူမ ဆက်လက်စာရင်းရှင်းမည် ဖြစ်သော်လည်း တကယ်တမ်း အရည်အချင်းရှိပါက လူသိရှင်ကြား တောင်းပန်မည်ဟု ပြောလေသည်။

ပွဲပြီးဆုံးသောအခါ ယဲ့ယီ အိမ်သို့ တိုက်ရိုက်ပြန်လာလိုက်သည်။

အိမ်ရောက်သောအခါ ကုရှီချန်းသည် သူမနှင့် စာရင်းရှင်းရန် စောင့်နေသကဲ့သို့ ဗီလာ၏ အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရတော့၏။

ယဲ့ယီ သက်ပြင်းချလိုက်ပြီး ကားရပ်ကာ ဆင်းလာသည်။

ထို့နောက် ကုရှီချန်းထံသို့ တိုက်ရိုက် ပြေးဝင်ဖက်လိုက်၏။

ကုရှီချန်း ယဲ့ယီကို မြဲမြဲဖမ်းထားလိုက်ပြီး ဆူလိုက်တော့သည်။

“လဲကျမှာ မကြောက်ဘူးလား”

ယဲ့ယီကမူ သူမခြေထောက်များကို ကုရှီချန်းခါးတွင် ပတ်လိုက်ပြီး လက်နှစ်ဖက်ကိုလည်း လည်ပင်းတွင် သိုင်းဖက်ကာ ပြုံးလျက် ကြည့်လိုက်၏။

“ရှင် ကျွန်မကို လဲကျခွင့် ပေးမှာမလို့လား”

ကုရှီချန်း မျက်နှာမှာ မည်းမှောင်နေသေးသော်လည်း သူ ပင်ကိုယ်အသိစိတ်အရ ယဲ့ယီကို မ ယူကာ အထဲသို့ ပွေ့ချီ၍ ခေါ်ဆောင်သွားသည်။

အထဲရောက်သောအခါ သူ ယဲ့ယီကို အောက်သို့ ချက်ချင်းချလိုက်ပြီး ဆိုဖာပေါ်တွင် စကားတစ်ခွန်းမှ မဆိုဘဲထိုင်နေလေ၏။

သူမတွင် အပြစ်ရှိမှန်း သိသဖြင့် ယဲ့ယီသည် ကုရှီချန်း၏ လက်မောင်းကို ကိုင်ကာ ချော့တော့၏။

“စိတ်ဆိုးနေတုန်းလား။ စိတ်မဆိုးပါနဲ့တော့။ ရှင်က တစ်ဦးတည်းသော တရားဝင်ခင်ပွန်းပါ”

ကုရှီချန်း ယဲ့ယီကို တစ်ချက်ကြည့်လိုက်၏။

“ဒါဆို မင်းက တခြား ကောင်တွေ ထားဖို့ စဉ်းစားနေတာပေါ့ ဟုတ်လား”

ယဲ့ယီ ရယ်မောလိုက်ပြီး ကုရှီချန်း၏ ပါးကို ဆွဲညှစ်လိုက်သည်။

“ကျွန်မတို့ရဲ့ စီအီးအိုကုကြီးက တကယ်ကို သဝန်တိုတတ်တာပဲ။ စိတ်ချပါ၊ ကျွန်မရဲ့ နန်းဆောင်ထဲမှာ ရှင့်တစ်ယောက်တည်းအတွက်ပဲ နေရာရှိတာပါ”

ကုရှီချန်း အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားသော်လည်း သူ ဝမ်းနည်းသလို အသံဖြင့် မေးလိုက်သည်။

“ဒါဆို ကိုယ်တို့ စီအီးအိုယဲ့ကြီးက ကိုယ့်ကို ဘယ်တော့မှ တရားဝင် မင်းသားလေး ဖြစ်ခွင့်ပေးမှာလဲ”

ယဲ့ယီသည် လေလုံးများဖြင့် ဆက်လက်ချော့မြှူရန် ပြင်လိုက်စဉ် ကုရှီချန်း၏ ဝမ်းနည်းနေသော မျက်လုံးလေးများကို မြင်လိုက်ရသည်။

ကုရှီချန်း ယနေ့ ခံစားခဲ့ရသည်များကို တွေးတောမိပြီး ယဲ့ယီ အလေးအနက် ပြောလိုက်သည်။

“ကျွန်မ အကောင်းဆုံး မင်းသမီးဆုရတဲ့နေ့ကျရင် အားလုံး ရှေ့မှာ ရှင့်ကို တရားဝင် ထုတ်ပြမယ်ဆိုရင် ဘယ်လိုလဲ”

ထိုအခါမှ ကုရှီချန်း မချင့်မရဲ ခေါင်းညိတ်ပြပြီး ထပ်မံမေးလိုက်သည်။

“စမ်းကြည့်ချင်လား”

ယဲ့ယီမှာ ကြောင်သွားရ၏။

[ဘာကို စမ်းရမှာလဲ]

ကုရှီချန်း ယဲ့ယီ၏ နားရွက်နားသို့ ကပ်ကာ တိုးညှင်းသော အသံဖြင့် ဆိုလိုက်၏။

“စီအီးအိုယဲ့က ကိုယ် အစွမ်းအစ မရှိဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီတော့ ကိုယ်ကအစွမ်းအစရှိမရှိ ဆိုတာကို သက်သေပြရမှာပေါ့”

ယဲ့ယီ၏ မျက်နှာ ချက်ချင်းပင် နီရဲသွားတော့သည်။

သူမ ကုရှီချန်းကို တွန်းထုတ်လိုက်၏။

“ရှင်..ရှင် မြန်မြန်ပြန်တော့။ ကုစဲ့ ရှင့်ကို လွမ်းနေလိမ့်မယ်”

ကုရှီချန်း ယဲ့ယီ၏ ပေါက်ကွဲမတတ်ဖြစ်နေသော နီတွတ်နေသည့် မျက်နှာလေးကို ကြည့်ကာ ပြုံးလိုက်၏။

ထို့နောက် ယဲ့ယီကို ဆွဲဖက်ကာ သူမ နှုတ်ခမ်းကို နမ်းလိုက်ပြီး အက်ရှရှအသံဖြင့် ပြော၏။

“တစ်နေ့ကျရင် ကိုယ် ဘယ်လောက်တောင် အစွမ်းအစရှိလဲ ဆိုတာ မင်း သိအောင် လုပ်ပေးမယ်”

ကုရှီချန်း ထွက်သွားပြီးနောက် ယဲ့ယီ ရေချိုးခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။

သူမ၏ နီရဲနေသော မျက်နှာကို ကြည့်ရင်း ပါးကို ပုတ်ကာ ကိုယ့်ကိုယ်ကိုယ် ဆူပူလိုက်မိ၏။

“ယဲ့ယီ နင်ဘာလို့ ဒီလောက်တောင် စိတ်ပျော့ရတာလဲ။ စကားလေးတစ်ခွန်းတည်းနဲ့ ဒီလောက် ဖြစ်နေတာလား”

သို့သော် သူမ ကိုယ့်ကိုယ်ကိုယ် သတိပေးလေလေ စိတ်ထဲတွင် ထိုဘက်သို့ ပိုရောက်သွားလေပင် ဖြစ်၏။

“ကုရှီချန်းက အစွမ်းအစရှိမှာပါနော် ဟုတ်တယ်မလား”

ယဲ့ယီ၏ အတွေးများ ပို၍ ဝေးကွာသွားတော့သည်။ နောက်ဆုံးတွင် သူမ လူကြီးဆန်သော အတွေးများကို မတွေးမိစေရန် ဖုန်းကို ဖွင့်ကာ ဆိုရှယ်မီဒီယာကို ကြည့်လိုက်တော့သည်။

ပြောရမည်ဆိုပါက လတ်တလောတွင် လန်ရွှယ် ပြဿနာ လာမရှာတော့ပေ။ ကုန်းရှောင်ချင်းနှင့် ကိစ္စမှာလည်း ရူသိုက်ဝိန် ဖြန့်လိုက်ခြင်းသာ ဖြစ်သည်။ လန်ရွှယ် ဝင်မပါသည်မှာ ရှားပါးလှ၏။

ယဲ့ယီသည် သူမ အကောင့်ပွားဖြင့် လန်ရွှယ်၏ ဆိုရှယ်မီဒီယာ ပရိုဖိုင်းကို ဝင်ကြည့်လိုက်၏။ မကြည့်လိုက်ပါက မသိဘဲနေတော့မည်၊ ကြည့်လိုက်သောအခါ သူမ အတော်လေး အံ့ဩသွားရသည်။

လန်ရွှယ်သည် လတ်တလောတွင် Survival Show အစီအစဉ် တစ်ခု၌ ဒိုင်လူကြီး အဖြစ် ဆောင်ရွက်နေပြီး ထိုရှိုးမှာ ယဲ့ယီက သူမ၏ ခေါ်ယူထားသည့် အိုင်ဒေါလေးယောက်ကို ပါဝင်စေရန် ရည်ရွယ်ထားသော ရှိုးဖြစ်နေသည်။

ဤရှိုးတွင် ယောကျာ်းလေးအဖွဲ့ နှင့် မိန်းကလေးအဖွဲ့ အများအပြား ပါဝင်ကြပြီး နောက်ဆုံးတွင် တစ်ဖွဲ့တည်းသာ ပွဲဉီးထွက်ခွင့် ရရှိမည်။

၎င်း၏ ဂုဏ်သိက္ခာမှာ အလွန်မြင့်မားသည်။

ယဲ့ယီ ပါဝင်သူများကို ကြည့်လိုက်သောအခါ ဟိုင်ထျန်ဖျော်ဖြေရေး မှ ယောကျာ်းလေးအဖွဲ့တစ်ဖွဲ့လည်း ပါဝင်နေသည်ကို တွေ့လိုက်ရပြီး ထိုအဖွဲ့မှာလည်း အဖွဲ့ဝင်လေးဦးပါသော အဖွဲ့ဖြစ်နေ၏။

ယဲ့ယီသည် ဟိုင်ထျန်ဖျော်ဖြေရေးနှင့် ဤသို့ ထိပ်တိုက်တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့သော်လည်း ဂျက်နီစစ်မီဒီယာကို တည်ထောင်ခဲ့သည့် နေ့ကတည်းက သူမ ဟိုင်ထျန်ဖျော်ဖြေရေးနှင့် မလွဲမသေ ပက်သက်ရလိမ့်မည်ကို သိရှိထားပြီးသား ဖြစ်လေ၏။

All Chapters