အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း(၁၆၁)
နောက်တစ်နေ့တွင်…
ယနေ့သည် ယဲ့ယီနှင့် လီစီကျစ်တို့ ချိန်းဆိုထားသော နေ့ဖြစ်သည်။
ယဲ့ယီ ကုမ္ပဏီသို့ ရောက်ရှိလာချိန်တွင် လီစီကျစ်၊ ရှန်ဟောင်နှင့် ကျန်အဖွဲ့ဝင်နှစ်ဦးဖြစ်သော လျုံယုနှင့် ယန်မင်တို့ ကုမ္ပဏီတွင် စောင့်ဆိုင်းနေကြလေပြီ။
လီစီကျစ်သည် အဖွဲ့ခေါင်းဆောင်ရာထူးကို ရယူရန် သန္နိဋ္ဌာန်ချထားပုံရပြီး ယုံကြည်မှု လွန်ကဲနေသော အမူအရာ ရှိနေ၏။
အခြားတစ်ဖက်တွင် ရှန်ဟောင်က အတော်လေး တည်ငြိမ်နေသည်ကို တွေ့ရလေသည်။
ယဲ့ယီ နန်ချင်ဝမ်နှင့် တုမ်မင်ရွှမ်တို့ကိုပါ သူမနှင့်အတူ ခေါ်ဆောင်လာ၏။
“စီအီးအိုယဲ့ ကျွန်တော့်ကို အရင်စခွင့်ပြုပါ”
လီစီကျစ်က မစောင့်နိုင်တော့ဘဲ ပထမဆုံးခြေလှမ်း လှမ်းလိုက်သည်။
ယဲ့ယီ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် လီစီကျစ်သည် သူ့ဖျော်ဖြေမှုကို စတင်လေတော့သည်။
လီစီကျစ်သည် လတ်တလော လူကြိုက်များနေသော အမျိုးသားအဖွဲ့ကကွက်တစ်ခုကို ကပြဖျော်ဖြေေတာ့၏။
သူသည် ကကွက်၏ အင်အားနှင့် အသေးစိတ်အချက်အလက်များကို အလွန်ပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သဖြင့် ယဲ့ယီ စိတ်ကျေနပ်စွာ ခေါင်းညိတ်မိပြီး သူမ လူရွေး မမှားခဲ့ကြောင်း သိလိုက်ရတော့သည်။
ကကွက်ပြီးဆုံးသွားသောအခါ လီစီကျစ်သည် ရှန်ဟောင်ကို ဝင့်ကြွားသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
ရှန်ဟောင်ကမူ လီစီကျစ်အား ပြုံးပြကာ ပထမဆုံး လက်ခုပ် တီးပေးလိုက်သည်။ သူတီးပြီးနောက် အခြားသူများကလည်း လိုက်လံလက်ခုပ်တီးကြ၏။
လီစီကျစ် ဂွမ်းပုံထဲသို့ လက်သီးနှင့် ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် ရှန်ဟောင်ကို မထီမဲ့မြင် ပြုလိုက်သေး၏။
“ကတာ ကောင်းတယ်”
ယဲ့ယီ လီစီကျစ်၏ ကကွက်ကို အမှန်အတိုင်း ဝေဖန်ပေးလိုက်ပြီး ယောကျာ်းလေးအိုင်ဒေါအဖွဲ့အပေါ် ပို၍ ယုံကြည်မှုရှိလာသည်။
နောက်ထပ် ဖျော်ဖြေရမည့်သူမှာ ရှန်ဟောင် ဖြစ်၏။
ရှန်ဟောင်သည် ဖျော်ဖြေမှုမစတင်မီ အားလုံးကို ဦးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လီစီကျစ် တိုးတိုးလေး ရေရွတ်လိုက်၏။
“ဟွန်း... ဟန်ဆောင်ကောင်းလိုက်တာ”
ရှန်ဟောင်လည်း အမျိုးသားအဖွဲ့ကကွက်တစ်ခုကို ကပြခဲ့သော်လည်း ကနေ စဉ်အတွင်း သီချင်းတစ်ပုဒ်ကိုပါ သီဆိုလိုက်သေးသည်။
ရှန်ဟောင် သီချင်းစဆိုလိုက်သည့် အခိုက်အတန့်တွင် လီစီကျစ် မှင်တက်သွားရတော့၏။
ယဲ့ယီနှင့် နန်ချင်ဝမ်တို့ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီး နှစ်ဦးသား စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြလေသည်။
ရှန်ဟောင်၏ ဖျော်ဖြေမှုပြီးဆုံးသွားသောအခါ ယဲ့ယီက ဦးဆောင်၍ လက်ခုပ်တီးပေးလိုက်ပြီး သူ့ကို စိတ်ကျေနပ်စွာ ကြည့်လိုက်၏။
“ဒီသီချင်းကို မင်းကိုယ်တိုင် ရေးထားတာ မဟုတ်လား”
ရှန်ဟောင် ခေါင်းညိတ်ပြ၏။
လီစီကျစ်သည် ရှေ့သို့ အပြေး လွှားလာပြီး ရှန်ဟောင်၏လက်ကို ဆွဲကာ မယုံနိုင်သလို အော်ဟစ်မေးမြန်းတော့သည်။
“မင်းက တကယ်ပဲ သီချင်းရေးတတ်တာလား”
တုမ်မင်ရွှမ် ရှေတိုးကာ သူတို့နှစ်ဦးကို လူစုခွဲပေးလိုက်၏။
“စိတ်မလောပါနဲ့။ အခု မလောသေးနဲ့”
လူစုခွဲပေးလိုက်သော်လည်း လီစီကျစ်သည် ရှန်ဟောင်ကို သစ္စာဖောက်ခံလိုက်ရသော သနားစရာ ဝိညာဉ်လေးတစ်ခုနှယ် စိုက်ကြည့်နေ၏။
အခြားအဖွဲ့ဝင်နှစ်ဦးမှာလည်း အံ့အားသင့်နေကြပြီး ရှန်ဟောင် သီချင်းရေးတတ်သည်ကို သူတို့လည်း သိပုံမရပေ။
ရှန်ဟောင် ရှင်းပြရန် ရည်ရွယ်ချက်မရှိဘဲ ယဲ့ယီကိုသာ တစ်ချက် ကြည့်လိုက်၏။
“ရှန်ဟောင်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်တာကို မင်းတို့ထဲက တစ်ယောက်ယောက် ကန့်ကွက်စရာ ရှိသေးလား”
ယဲ့ယီက သူတို့ သုံးဦးကို ဝေ့ကြည့်လိုက်သည်။
လျုံယုနှင့် ယန်မင်တို့ ခေါင်းခါပြကြ၏။ သူတို့သည် အစကတည်းက ရှန်ဟောင်ကို ခေါင်းဆောင်အဖြစ် သဘောကျနေသူများဖြစ်သဖြင့် ယခုတွင် ကန့်ကွက်စရာ လုံးဝမရှိတော့ပေ။
လီစီကျစ် တစ်ယောက်သာလျှင် ရှန်ဟောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
ယဲ့ယီ ထိုင်ရာမှ ထလိုက်ပြီး လီစီကျစ်အနားသို့ လျှောက်သွားကာ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
“အခုဆိုရင် ငါ ဘာလို့ သူ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့လဲဆိုတာ မင်းသိပြီပေါ့”
လီစီကျစ် ခေါင်းငုံ့ပြီး စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
သူ အစက အလွန်ပင် ယုံကြည်မှု ရှိကြောင်း ထင်ရှားလေသည်။ အကစွမ်းရည် တစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါက သူတို့နှစ်ဉီး ပုခုံးချင်း ယှဉ်နိုင်သော်လည်း ကံမကောင်းစွာ ရှန်ဟောင်က သီချင်းပါ ရေးတတ်နေ၏။
လျုံယုနှင့် ယန်မင်တို့သည် လီစီကျစ်ကို သွားရောက်နှစ်သိမ့်ပေးကြသော်လည်း ထိုနှစ်သိမ့်မှုများက လီစီကျစ်အား ပို၍ပင် စိတ်မကောင်း ဖြစ်စေခဲ့သည်။
ယဲ့ယီသည် သူတို့၏ စိတ်ခံစားချက်များကို ချိန်ညှိနိုင်ရန် အချိန်ပေးလိုက်ပြီး ရှန်ဟောင်ကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။
ယဲ့ယီ ရှန်ဟောင်ကို သူမ၏ ရုံးခန်းသို့ ခေါ်လာပြီး ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်၏။
“ဒီသီချင်းရဲ့ စာသားနဲ့ တေးသွားကို မင်းတစ်ယောက်တည်း ရေးခဲ့တာလား”
ရှန်ဟောင် ခေါင်းညိတ်ပြီး တိုးညှင်းသော အသံဖြင့် ဆိုလေ၏။
“ကျွန်တော်ကိုယ်တိုင် ရေးခဲ့တာပါ။ ကျွန်တော့်ရဲ့ အရင်ကုမ္ပဏီက သီချင်းတွေကိုလည်း ကျွန်တော်ပဲ ရေးခဲ့တာပါ”
ဤသို့ပြောပြီးနောက် ရှန်ဟောင်သည် ယဲ့ယီ၏ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။
သူမ သူ့ကို စကားကြီးစကားကျယ် ပြောနေသည်ဟု ထင်သွားမည်လော။
ယဲ့ယီ အမှန်တကယ်ပင် အနည်းငယ် အံ့အားသင့်သွား၏။ ရှန်ဟောင်၏ ယခင်အဖွဲ့သည် လူကြိုက်များသော သီချင်းအချို့ ထွက်ရှိခဲ့သော်လည်း သီချင်းစာသားနှင့် တေးရေးအမည်များတွင် အခြားတစ်စုံတစ်ယောက်၏ အမည်များကိုသာ အမြဲတမ်း ဖော်ပြထားလေ့ရှိသည်။
သို့သော် ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်သဖြင့် ရှန်ဟောင်၏ ယခင်ကုမ္ပဏီသည် အခြားတစ်စုံတစ်ယောက်ကို မြှင့်တင်ပေးရန်အတွက် ဤသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်ကို ယဲ့ယီ ချက်ချင်း နားလည်လိုက်တော့၏။
ယဲ့ယီ ရှန်ဟောင် ဘာစိုးရိမ်နေမှန်း သိသဖြင့် အလေးအနက် ဆိုလိုက်လေသည်။
“စိတ်မပူပါနဲ့၊ မင်းရဲ့ ဖန်တီးမှုက အမြဲတမ်း မင်းအပိုင်ပဲ ဖြစ်မှာပါ”
ရှန်ဟောင် ယဲ့ယီကို ပြုံးပြလိုက်သည်။ ယခုတစ်ကြိမ်တွင် သူ လောင်းကြေးထပ်ခဲ့သည်မှာ မမှားခဲ့ကြောင်း သိလိုက်ရတော့သည်။
ယဲ့ယီ ရှန်ဟောင်အား ရှာဖွေရသည့် အဓိက ရည်ရွယ်ချက်ကို သတိရသွားပြီး သူမ မျက်နှာအမူအရာ တည်ကြည်သွားတော့သည်။
“ကုမ္ပဏီက မင်းကို ‘Debut, Idol!’ အစီအစဉ်မှာ ပါဝင်ဖို့ လွှတ်မယ်ဆိုတာ မင်းသိတယ် မဟုတ်လား”
နန်ချင်ဝမ် ရှန်ဟောင်နှင့် အခြားသူများကို ဤအကြောင်း ကြိုပြောထားပြီးသားဖြစ်၏။
“အင်း”
“ကျွန်တော်တို့ သတိထားရမဲ့ အချက်တွေ ရှိသေးလား”
ယဲ့ယီ ရှန်ဟောင်ကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
သူသည် သူမ ရွေးချယ်ခဲ့သော အဖွဲ့ခေါင်းဆောင်ပီပီ အတွေးအခေါ် ထက်မြက်လှပေသည်။
“ဒီ ရသစုံရှိုးမှာ ဟိုင်ထျန်ဖျော်ဖြေရေးက လူတွေလည်း ပါဝင်ကြလိမ့်မယ်။ သူတို့လည်း မင်းတို့နဲ့ အဖွဲ့ဝင်အရေအတွက် တူတဲ့ ယောကျာ်းလေးအဖွဲ့တစ်ဖွဲ့ ရှိတယ်။ သူတို့က မင်းတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်လိမ့်မယ်”
ရှန်ဟောင်၏ မျက်နှာ အမူအရာသည် တည်ကြည်သွားတော့သည်။ ဟိုင်ထျန်ဖျော်ဖြေရေး သည် ဤလောကတွင် ဘီလူးကြီးသဖွယ် ဖြစ်ပြီး သူ့ ကုမ္ပဏီနှင့် ပြိုင်ဘက်ဖြစ်နေသဖြင့် သူတို့ကို သေချာပေါက် ပစ်မှတ်ထားကြပေလိမ့်မည်။
ယဲ့ယီ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဆက်ပြော၏။
“ပြီးတော့ ဒီတစ်ခါ ဒိုင်တွေထဲမှာ လန်ရွှယ်လည်း ပါတယ်”
ရှန်ဟောင်မှာ စိတ်ဓာတ် ကျသွားပြီး ယဲ့ယီကို ဝမ်းနည်းသော မျက်နှာဖြင့် ကြည့်ကာ မေးလိုက်၏။
“စီအီးအိုယဲ့၊ အစ်မက ကျွန်တော်တို့ကို ရှင်သန်ခွင့် မပေးတော့ဘူးပဲ။ ရှေ့မှာ ဝံပုလွေ၊ နောက်မှာ ကျားတွေနဲ့ ဖြစ်နေပြီ”
ယဲ့ယီ အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရ၏။ ဤမျှ တိုက်ဆိုင်လိမ့်မည်ဟု မည်သူ သိနိုင်ပါမည်နည်း။
သို့သော် အလုပ်ရှင်တစ်ဦးအနေဖြင့် ဤကဲ့သို့သော ကိစ္စလေးအတွက် အပြစ်မကင်းသကဲ့သို့ မခံစားနိုင်ပေ။
ဝန်ထမ်းတစ်ယောက်၏ အလုပ်သည် အလုပ်ရှင်ပေးသော တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ရန်ဖြစ်ပြီး အလုပ်ရှင်ကို မေးခွန်းထုတ်ရန် မဟုတ်ပေ။
ယဲ့ယီ ချောင်းတစ်ချက်ဟန့်လိုက်၏။
“ဒီတစ်ခါ ဖိအား များနေပေမဲ့ ဒီရှိုးက အွန်လိုင်းမဲပေးစနစ်နဲ့ အဆုံးအဖြတ်ပေးမှာ။ မင်းတို့သာ ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် ဒါတွေက ပြဿနာ မဟုတ်တော့ပါဘူး”
“ဒါဆို စီအီးအိုယဲ့... တကယ်လို့ ကျွန်တော်တို့ ပြုတ်သွားရင်ရော”
ယဲ့ယီ ရှန်ဟောင်ကို လှပသော အပြုံးတစ်ခု ပြုံးပြလိုက်သဖြင့် ထိုအပြုံးက ရှန်ဟောင် ကျောရိုးထဲအထိ စိမ့်တက်သွားတော့၏။
“တကယ်လို့ မင်းတို့ ပထမဆုံးအကျော့မှာတင် ပြုတ်သွားရင်တော့ မင်းတို့ အားလုံးကို ငါ့အတွက် ဝက်သွားကျောင်းခိုင်းမယ်”
ဝက်ကျောင်းရမည့် အကြောင်းကို တွေးမိလိုက်သောအခါ အနည်းငယ် အသန့်ကြိုက်တတ်သော ရှန်ဟောင် မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
သူ့အသံ အလွန် မာကျောသွားတော့၏။
“စိတ်မပူပါနဲ့ စီအီးအိုယဲ့၊ ကျွန်တော်တို့ ပထမဆုံးအကျော့မှာတင် လုံးဝ မပြုတ်စေရပါဘူး”
သူ့ စကားနောက်ကွယ်တွင် ‘အနည်းဆုံးတော့ ဒုတိယအကျော့အထိ ရောက်အောင်သွားပြီးမှ ပြုတ်ပါမယ်’ ဟု ဆိုလိုသော်လည်း ထိုစကားကို ထုတ် မပြောရဲပေ။
မဟုတ်ပါက ယဲ့ယီ သူတို့ကို ယခုပင် ဝက်ကျောင်းရန် စေလွှတ်လိမ့်မည်။
ယဲ့ယီ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့သားတွေရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်း စီမံခန့်ခွဲဖို့ မမေ့နဲ့ဦး။ မင်းတို့ မပြုတ်ခင်မှာတင် အဖွဲ့ထဲမှာ ပရမ်းပတာတွေ ဖြစ်နေတာကို ငါ မမြင်ချင်ဘူး”
ယဲ့ယီ တိုက်ရိုက် မပြောသော်လည်း သူမ လီစီကျစ်ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း ရှန်ဟောင် သိလိုက်လေသည်။
လီစီကျစ်သည် မာန်မာန ကြီးလွန်းသူ ဖြစ်သဖြင့် ဤကဲ့သို့ ထိုးနှက်ချက်မျိုးကို ခံလိုက်ရပြီးနောက် ချက်ချင်း လက်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
ဤသည်မှာလည်း ရှန်ဟောင်အား ခေါင်းဆောင်တစ်ဦးအနေဖြင့် ယဲ့ယီ စမ်းသပ်ခြင်း ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ထူးချွန်သော စွမ်းရည်ရှိရုံသာမက အရေးကြီးဆုံးမှာ အဖွဲ့သားများကို စည်းလုံးအောင် လုပ်ဆောင်နိုင်ရလေမည်။
ရှန်ဟောင် ထွက်သွားပြီးနောက် နန်ချင်ဝမ်နှင့် တုမ်မင်ရွှမ်တို့ အတူတူ ဝင်လာကြ၏။
တုမ်မင်ရွှမ် ရုံးခန်းထဲသို့ ဝင်လာသည်နှင့် ယဲ့ယီကို ဖားသည့်အမူအရာဖြင့် လက်မထောင်ပြလိုက်၏။
“အစ်မယဲ့... အစ်မက လူရွေး တကယ်တော်တာပဲ။ ရှန်ဟောင်က သီချင်းတောင် ရေးတတ်တယ်ဆိုတော့ ကုမ္ပဏီအတွက် လူတစ်ယောက်စာ သက်သာသွားတာပေါ့”
ယဲ့ယီ တုမ်မင်ရွှမ်ကို စိုက်ကြည့်လိုက်၏။
“ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက ဝန်ထမ်းတွေကို နှိပ်စက်တဲ့ လူစားမျိုးလား”
တုမ်မင်ရွှမ်က စကားမပြောသော်လည်း သူ၏ မျက်နှာအမူအရာကမူ ‘ဟုတ်တယ်၊ အစ်မက အဲဒီလို လူစားမျိုးပဲ’ ဟု ပြောနေသကဲ့သို့ပင်။
အခန်း(၁၆၂)
ယဲ့ယီ စိတ်တိုလွန်းသဖြင့် ရှေ့တိုး၍ သူ့ကို ရိုက်နှက်ချင်စိတ် ပေါက်သွားရတော့သည်။
နန်ချင်ဝမ် ယဲ့ယီ စားပွဲပေါ်သို့ စာရွက်စာတမ်း အထပ်လိုက်ကို တင်လိုက်၏။
“ဒါတွေက မကြာသေးခင်က ရှာထားတဲ့ နင်နဲ့ သင့်တော်မဲ့ ဇာတ်ညွှန်းအချို့ပဲ။ ဘယ်ဟာ သရုပ်ဆောင်ချင်လဲဆိုတာ ကြည့်လိုက်ပါဦး”
တုမ်မင်ရွှမ် အံ့သြသော အမူအရာဖြင့်ဟန်ဆောင်ကာ စနောက်လိုက်လေ၏။
“အိုး... အစ်မယဲ့၊အစ်မ နောက်ဆုံးတော့ အလုပ်လုပ်ဖို့ ပြင်နေပြီပေါ့။ ကျွန်တော်ကတော့ အစ်မ နှစ်သစ်ကူးပြီးမှ လုပ်တော့မယ် ထင်နေတာ”
ယဲ့ယီ၏ လက်သီးများ တင်းတင်းဆုပ်သွားတော့သည်။ သူပြောပုံမှာ သူမသည် အလွန်ပင် ပျင်းရိနေသကဲ့သို့ ဖြစ်နေသည်။ သူမ ကုမ္ပဏီကိစ္စများကို ကိုင်တွယ်ဖြေရှင်းရင်း အလုပ်ရှုပ်နေခဲ့ရသည် မဟုတ်လော။
ရုတ်တရက်ပင် ယဲ့ယီ တစ်ခုခုကို သတိရသွားပြီး တုမ်မင်ရွှမ်ကို ခြောက်ခြားဖွယ်ကောင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“မင်း မနက်ဖြန် လူရွေးပွဲ ရှိတယ်ဆိုတာ ငါ မှတ်မိတယ်နော်။ တကယ်လို့ ကောင်းကောင်း မလုပ်နိုင်ရင်တော့ ဟင်းဟင်း”
ယဲ့ယီ သူမလက်ဝါးများကို ဆန့်ထုတ်လိုက်ရာ လက်ဆစ်သံများ ဖျောက် ခနဲ မြည်သွားတော့သည်။
တုမ်မင်ရွှမ် ကျောပြင်တွင် အအေးဓာတ်များ စိမ့်ဝင်သွားပြီး အမြန်ပင် ပြေးထွက်သွားတော့၏။
“ကျွန်တော် ဇာတ်ညွှန်းသွားဖတ်တော့မယ်”
ယဲ့ယီ နန်ချင်ဝမ် ယူဆောင်လာသော ဇာတ်ညွှန်းများကို စတင် ရွေးချယ်လေတော့သည်။
ယဲ့ယီ ကြည့်နေစဉ်အတွင်း နန်ချင်ဝမ် ဘေးမှနေ၍ ကောင်းမွန်သော ဇာတ်ညွှန်းအချို့ကို မိတ်ဆက်ပေးနေသည်။
“ဒါက နာမည်ကြီး ဒါရိုက်တာယန်ရဲ့ လက်ရာ၊ သရုပ်ဆောင်တွေကလည်း အရမ်းတောင့်တယ်...”
“ဒါကတော့ ဒါရိုက်တာကျန်းရဲ့ လက်ရာ၊ ဇာတ်လမ်းက ကောင်းပြီး ဆွဲဆောင်မှု ရှိတယ်...”
“ဒါကလည်း ကောင်းတယ်၊ ဇာတ်ကောင်ရဲ့ စရိုက်က ပီပြင်တယ်...”
ယဲ့ယီ ထိုဇာတ်ညွှန်းများကို အလေးအနက် ကြည့်ရှုနေ၏။ သူမ ယခင်ဘဝတွင် ဤကဲ့သို့သော ဇာတ်ညွှန်းမျိုးစုံကို ရိုက်ကူးဖူးပြီးသား ဖြစ်သဖြင့် သူမ၏ အရည်အချင်းကို စိန်ခေါ်နိုင်မည့် ထူးခြားသော အရာတစ်ခုကိုသာ ရှာဖွေလိုသည်။
ထိုအချိန်တွင် သူမ၏ မျက်လုံးများကို တောက်ပသွားစေသော ဇာတ်ညွှန်းတစ်ခုကို တွေ့လိုက်ရတော့သည်။ ထိုဇာတ်ကောင်မှာ ဇာတ်ပို့ဇာတ်ကောင်မျှသာ ဖြစ်သော်လည်း ဇာတ်လမ်းတစ်ခုလုံးတွင် ပါဝင်ပတ်သက်နေသူ ဖြစ်သည်။
ထိုဇာတ်ကောင်မှာ သူမ၏ ကလေးပျောက်ဆုံးသွားပြီးနောက် ရူးသွပ်သွားသော မိခင်တစ်ဦး ဖြစ်လေသည်။ မရူးသွပ်မီ သူမသည် ချမ်းသာသော မိသားစုမှ သမီးပျိုလေးတစ်ဦး ဖြစ်သော်လည်း စိတ်မမှန်တော့သည့်နောက် စိတ်ကျန်းမာရေးဆေးရုံတွင် ပိတ်လှောင်ခံထားရသူ ဖြစ်၏။
သူမ၏ ကလေးမှာ နောင်တွင် ဇာတ်လိုက်မင်းသမီး ဖြစ်လာခဲ့သည်။ ဇာတ်လိုက်မင်းသမီးကို တွေ့လိုက်ရချိန်တွင် နှစ်ပေါင်းများစွာ ရူးသွပ်နေခဲ့သော ဤအမျိုးသမီးသည် တစ်ခါမှ မရူးသွပ်ခဲ့ဖူးသကဲ့သို့ ရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သို့သော် ထိုဇာတ်ကောင်သည် နောက်ဆုံးတွင် ဇာတ်လိုက်မင်းသမီးကို ကယ်တင်ရင်း သေဆုံးသွားခဲ့၏။
ဇာတ်လမ်းထဲတွင် ဤဇာတ်ကောင်၏ အခန်းကဏ္ဍမှာ သေးငယ်သည်ဟု ထင်ရသော်လည်း ဇာတ်လမ်းတစ်လျှောက်လုံး ယှက်နွယ်နေလေသည်။
ယဲ့ယီကို စိတ်ဝင်စားစေသော အချက်မှာ ဇာတ်ကောင်၏ စရိုက်ပင် ဖြစ်သည်။ ပထမဦးစွာ အရူးမတစ်ဦးအဖြစ် ထို့နောက် ထိပ်တန်းမိသားစုမှ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ရပေမည်။
ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးအဖြစ် သရုပ်ဆောင်ရသည်မှာ လွယ်ကူသကဲ့သို့ အရူးမတစ်ဦးအဖြစ် သရုပ်ဆောင်ရသည်မှာလည်း မခက်ခဲပေ။ သို့သော် ရူးသွပ်သွားပြီးမှ ပြန်လည် အသိဝင်လာသော အမျိုးသမီးတစ်ဦး၏ စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရန်မှာ အလွန် ခက်ခဲလှသည်။
သရုပ်ဆောင်ချက် လွန်ကဲသွားပါက ပရိသတ်က အချိတ်အဆက် မမိသကဲ့သို့ ခံစားရမည်ဖြစ်ပြီး သရုပ်ဆောင်ချက် ညံ့ဖျင်းပါကလည်း အရူးမတစ်ဦး၏ ခံစားချက်ကို ဖော်ဆောင်နိုင်မည် မဟုတ်ပေ။
ယဲ့ယီ ထိုဇာတ်ညွှန်းကို နန်ချင်ဝမ်ထံ ပေးလိုက်သည်။ ယဲ့ယီ ရွေးချယ်လိုက်သော ဇာတ်ညွှန်းကို မြင်လိုက်ရသောအခါ နန်ချင်ဝမ် ဘာပြောရမှန်း မသိဘဲ တုံ့ဆိုင်းသွားရတော့သည်။
အတော်ကြာမှ သူမ ပြန်ပြော၏။
“ဒီဇာတ်ကောင်ရဲ့ အသက်အရွယ်က နင်နဲ့ သိပ်မလိုက်ဘူး။ ပြီးတော့ ဒီအခန်းက နင့်ရဲ့ ပုံရိပ်ကို တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး”
နန်ချင်ဝမ်သည် ယဲ့ယီအတွက် သီးသန့်ပုံရိပ်တစ်ခု တည်ဆောက်ပေးရန်နှင့် သူမ၏ အနာဂတ်လမ်းကြောင်းကို ထိုအတိုင်း ဖော်ဆောင်ရန် စီစဉ်ထားသော်လည်း ယဲ့ယီ၏ ရွေးချယ်မှုသည် သူမ လုံးဝကို မမျှော်လင့်ထားသော အရာဖြစ်နေ၏။
ယဲ့ယီလည်း နန်ချင်ဝမ်၏ စိုးရိမ်မှုကို သိသည်။ လူသစ်တစ်ယောက်အတွက် ဤအခန်းကဏ္ဍမှာ အမှန်တကယ်ပင် မသင့်တော်လှပေ။ သို့သော် ယဲ့ယီကမူ သူမကိုယ်သူမ စိန်ခေါ်လိုသည့်အတွက်ကြောင့် ဤဇာတ်ညွှန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင် သူမသည် တစ်စုံတစ်ယောက်အား သူမ၏မင်းသားလေးအဖြစ် တရားဝင်အဆင့်အတန်းတစ်ခု ပေးလိုသောကြောင့်လည်း ဖြစ်လေသည်။
ဤအခန်းကဏ္ဍမှာ ထိုအချိန်တွင် လူပြောအများဆုံး မဖြစ်လာနိုင်သော်လည်း ဆုရရှိနိုင်မည့် အခွင့်အလမ်း အလွန် မြင့်မားလှသည်။
“ဒီတစ်ခုပဲ ယူမယ်”
ယဲ့ယီ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်ရသောအခါ နန်ချင်ဝမ် ဘာမှ ထပ်မပြောတော့ပေ။ ယဲ့ယီတွင် ဤ
ဤသို့ ရွေးချယ်ရသည့် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိလိမ့်မည်ဟု သူမ ယုံကြည်လိုက်သည်။
နောက်တစ်နေ့တွင် တုမ်မင်ရွှမ်သည် လူရွေးပွဲ အတွက် ပြင်ဆင်နေ၏။
ယဲ့ယီ ကုမ္ပဏီသို့ စောစောစီးစီး ရောက်ရှိလာသည်။တုမ်မင်ရွှမ် မျက်ကွင်းများညိနေသည်ကို မြင်လိုက်ရသောအခါ ယဲ့ယီ လန့်သွားရ၏။
“ဟယ်... မင်း တစ်ညလုံး မအိပ်ဘူးလား”
တုမ်မင်ရွှမ် စိတ်ဓာတ်ကျစွာ ပြော၏။
“ကျွန်တော် အိပ်လို့ မရဘူး”
ယနေ့ ထိပ်တန်းသရုပ်ဆောင် အများအပြားနှင့်အတူ လူရွေးပွဲ ပြိုင်ရမည်ကို တွေးမိတိုင်း သူ အလွန်ပင် ရင်ခုန်နေမိ၏။
ယဲ့ယီ တုမ်မင်ရွှမ်ကို မကျေမနပ် ကြည့်ကာ ဆိုလိုက်၏။
“သတ္တိရှိစမ်းပါ”
တုမ်မင်ရွှမ်ကမူ ကြောက်လန့်နေသော ငုံးငယ်လေးကဲ့သို့ ခေါင်းငုံ့ကာ တိုးတိုးလေး ပြော၏။
“ကျွန်တော် မလုပ်နိုင်ဘူးလို့ ခံစားနေရတယ်”
တုမ်မင်ရွှမ် အခြေအနေ မဟန်သည်ကို မြင်ရသောအခါ ယဲ့ယီ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
“ဒီတစ်ခါ ဖိအား တကယ်ပဲ နည်းနည်းများတယ်၊ ရပါတယ်... ကျရှုံးခဲ့ရင်တောင် အနည်းဆုံးတော့ ကြိုးစားခဲ့တာပဲ၊ အနည်းဆုံးတော့ နင် ဒီခြေလှမ်းကို လှမ်းခဲ့တာပဲ”
တုမ်မင်ရွှမ် ယဲ့ယီကို သနားစဖွယ် ကြည့်ကာ မေးလိုက်၏။
“အစ်မယဲ့ တကယ်လို့ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ရင် အစ်မ ကျွန်တော့်ကို အထင်မသေးဘူး မဟုတ်လား”
ယဲ့ယီ ရယ်ချင်စိတ်ကို အောင့်ထားရင်း ပြုံးလျက် ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ မင်းအသုံးမကျတဲ့လူ ဖြစ်နေရင်တောင် ငါ မင်းကို အထင်မသေးပါဘူး”
“အစ်မကသာ အသုံးမကျတဲ့လူ”
တုမ်မင်ရွှမ် အော်ပြောလိုက်ကာ ယဲ့ယီ ပြန်မတုံ့ပြန်နိုင်ခင် အမြန် ပြေးထွက်သွားလေတော့သည်။
ယဲ့ယီ တုမ်မင်ရွှမ်၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းခါလိုက်၏။
“ဒီကလေးတော့ သတ္တိတွေ ရှိလာပြီ”
တုမ်မင်ရွှမ်ကို ပို့ဆောင်ပြီးနောက် ယဲ့ယီ ရုံးခန်းသို့ ပြန်သွားကာ အလုပ်များကို ဆက်လက်ကိုင်တွယ်လေသည်။ ကုမ္ပဏီသို့ အနုပညာရှင်သစ်အချို့ ရောက်ရှိလာခဲ့ပြီး ယဲ့ယီသည် ထိုသူများကို မည်သည့်လမ်းကြောင်းသို့ ပို့ဆောင်ပေးရမည်ကို စဉ်းစားရ၏။
ကုမ္ပဏီမှာ စတင်တည်ထောင်စ အဆင့်တွင်သာ ရှိသေးသည်။ သူမနှင့် တုမ်မင်ရွှမ်တို့ ပိုက်ဆံအတော်အတန် ရရှိထားသော်လည်း လုံလောက်ရန် အလှမ်းဝေးနေဆဲပင်။
ယဲ့ယီ ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီလိုက်၏။
“ကောင်းကင်ကြီးရယ်... ဘာလို့ ကျွန်မကို တစ်ညတည်းနဲ့ ချမ်းသာအောင် မလုပ်ပေးနိုင်ရတာလဲ။ အဲဒါ မဖြစ်နိုင်ရင်လည်း နှစ်ညလောက် စောင့်ပေးလို့ ရပါတယ်”
ယဲ့ယီ ကုလားထိုင်ပေါ်တွင် ပျင်းရိနေစဉ် သူမဖုန်း မြည်လာသည်။ မမှတ်မိသော နံပါတ်တစ်ခု ဖြစ်၏။ ယဲ့ယီ ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာလေ၏။
“ယဲ့ယီ၊ ကျွန်မ အရှုံးပေးပါတယ်”
ယဲ့ယီ: “ဟင် ဘာလဲဟ”
“ရှင် နံပါတ်မှားခေါ်တာလား”
ယဲ့ယီ ဇဝေဇဝါဖြင့် မေးလိုက်သည်။
တစ်ဖက်တွင် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ယဲ့ယီ ဖုန်းချရန် ပြင်လိုက်စဉ်မှာပင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
“ယဲ့ယီ ရှင် ကျွန်မအသံကို တကယ်ပဲ မမှတ်မိတာလား”
“မမှတ်မိဘူး၊ ကျွန်မက ရှင့်အသံကို မှတ်မိရမှာလား”
တစ်ဖက်မှ အသံမှာ အနည်းငယ် ပျော့ပြောင်းသွား၏။
“ဟုတ်ပါတယ်လေ၊ ကျွန်မတို့ အဲလောက်ထိလည်း မရင်းနှီးသေးဘူးပဲ”
ယဲ့ယီသည် ထိုသူမှာ နံပါတ်မှားခေါ်ခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်ကာ ဖုန်းချရန် ပြင်လိုက်ပြန်သည်။
တစ်ဖက်မှလူက သူမကိုယ်သူမ စတင်မိတ်ဆက်လေတော့သည်။
“ကျွန်မ ယန်နျန့်စီပါ။ ရှင့်ရဲ့ ရုပ်ရှင်ကို ကျွန်မ ကြည့်ပြီးပါပြီ၊ ရှင် နောက်ပေါက်က ဝင်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျွန်မ ယုံကြည်သွားပါပြီ။ ကျွန်မ ရှင့်ကို ရှုံးခဲ့တာကို ဝန်ခံပါတယ်။ ရှင့်ကို ဆိုရှယ်မီဒီယာပေါ်မှာလည်း တောင်းပန်ထားပြီးသားပါ၊ ကျွန်မကို ပြန်ပြီး reply လုပ်ပေးဖို့ မမေ့နဲ့ဦးနော်၊ မဟုတ်ရင် ကျွန်မ အနေရခက်လိမ့်မယ်။ ပြီးတော့ ဒါ ရှင့်ရဲ့ WeChat နံပါတ် မဟုတ်လား။ ကျွန်မ ရှင့်ကို အပ်ထားတယ်”
ယဲ့ယီမှာ ကြောင်အမ်းအမ်းဖြင့် အင်းဟုသာ ပြန်ပြောလိုက်မိ၏။
ဖုန်းချပြီးနောက်မှသာ ယန်နျန့်စီ၏ စကားများကို ဖြည်းဖြည်းချင်း နားလည်လိုက်သည်။
‘ငါ့ကို တောင်းပန်တာလား‘
ပွဲတုန်းက ယန်နျန့်စီ ပြောခဲ့သည်မှာ အကယ်၍ ယဲ့ယီသာ နောက်ပေါက်က ဝင်ခဲ့ခြင်း မဟုတ်ပါက လူသိရှင်ကြား တောင်းပန်ပါမည် ဟူ၍ ဖြစ်သည်။
ယဲ့ယီ စနောက်နေသည်ဟု ထင်ထားသော်လည်း သူမ တကယ် လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဖုန်းချပြီးသည်နှင့် WeChat တွင် သူငယ်ချင်းအဖြစ် လက်ခံရန် တောင်းဆိုချက် ရောက်လာ၏။
ယဲ့ယီ လက်ခံလိုက်သည်နှင့် ယန်နျန့်စီ၏ မက်ဆေ့ဂျ်များမှာ တစ်သီတစ်တန်းကြီး ရောက်လာတော့သည်။
ယန်နျန့်စီ :ရှင့်ရဲ့ သရုပ်ဆောင်ချက်တွေက ဘယ်လိုလုပ် ဒီလောက် တိုးတက်လာတာလဲ။
ယန်နျန့်စီ : ရှင်တစ်ခုခုကို ခိုး သင်ခဲ့တာလား။ ကျွန်မကိုလည်း မိတ်ဆက်ပေးပါဦး၊ ကျွန်မ ပိုက်ဆံပေးပါ့မယ်။
ယန်နျန့်စီ : ရှင် တစ်ခုခုကို ယုံကြည်ပြီး လုပ်နေတာတော့ မဟုတ်ဘူး မလား။
ယန်နျန့်စီ: ရှင် အခု ဘယ်မှာလဲ။
ယန်နျန့်စီ :ကျွန်မ မက်ဆေ့ဂျ်တွေကို ဘာလို့ ပြန်မဖြေတာလဲ။
ယဲ့ယီမှာ ခေါင်းကိုက်သလို ခံစားလိုက်ရပြီး သူမ WeChat ကို လက်မခံခဲ့သင့်ကြောင်း နောင်တရမိသွားသည်။
မက်ဆေ့ဂျ်အချို့ကို ပြီးစလွယ် ပြန်ဖြေလိုက်ပြီးနောက် အလုပ်ရှုပ်နေသည်ဟု အကြောင်းပြကာ စကားဖြတ်လိုက်ရတော့၏။
ယန်နျန့်စီ၏ အတင်းအဖျင်း ပြောနိုင်စွမ်းမှာ တုမ်မင်ရွှမ်နှင့် အပြိုင်ပင် ဖြစ်နေတော့၏။