အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း(၁၆၃)
ယဲ့ယီ ယန်နျန့်စီကို ဖယ်ထုတ်ပြီးနောက် လာမည့် လူရွေးပွဲအတွက် ပြင်ဆင်ရန် ရွေးချယ်ထားသော ဇာတ်ညွှန်းကို စတင်ဖတ်ရှုတော့သည်။
သို့သော် သူမ ဇာတ်ညွှန်းဖတ်ပြီး မကြာမီမှာပင် ကုရှီချန်း ရောက်ရှိလာသည်။ ကုမ္ပဏီရှိလူများမှာ ယခုအချိန်တွင် ကုရှီချန်း ယဲ့ယီထံသို့ လာနေကျမှန်း သိနေကြပြီဖြစ်ရာ မည်သူကမျှ တားဆီးခြင်း မပြုကြပေ။ ကုရှီချန်းသည် ယဲ့ယီ၏ ရုံးခန်းသို့ အဆင်ပြေချောမွေ့စွာပင် ရောက်ရှိလာ၏။
ထို့နောက် သူ ယဲ့ယီ ဘေးတွင် ချထားသော ပန်းများကို သူယူဆောင်လာသော ပန်းသစ်များဖြင့် အစားထိုးလိုက်၏။
ယဲ့ယီ ခေါင်းပင်မဖော်ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
“ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ”
“မင်းမှာ ရည်းစားရှိသေးတယ်ဆိုတာ မေ့သွားမှာ စိုးလို့လေ”
ကုရှီချန်း အနည်းငယ် စိတ်ကောက်နေသော လေသံဖြင့် ဆိုလေ၏။
ယဲ့ယီ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
သူမ ကုရှီချန်းထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံရန် အမှန်တကယ်ပင် သတိမရခဲ့ပေ။ကုရှီချန်းက သူ ယဲ့ယီအတွက် အထူးဝယ်ယူလာသော မုန့်များကို စားပွဲပေါ်သို့ တင်လိုက်သည်။
ယဲ့ယီ ထိုမုန့်များကို ချက်ချင်းပင် အံဆွဲထဲသို့ ထိုးထည့်လိုက်၏။ နန်ချင်ဝမ် တွေ့၍မရပေ။ မဟုတ်ပါက ထိုမုန့်များ သေချာပေါက် အသိမ်းခံရပေမည်။
အရည်အချင်းရှိသော မန်နေဂျာတစ်ဦးအနေဖြင့် နန်ချင်ဝမ်သည် ယဲ့ယီ၏ အစားအသောက်ကို အလွန်ပင် တင်းကျပ်စွာ စီမံခန့်ခွဲသူ ဖြစ်သည်။ ယဲ့ယီ မည်မျှပင်စားစား ဝမလာသော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသော်လည်း ကင်မရာထဲတွင် လူက ပိုဝသယောင် ပေါ်တတ်၏။ထိုအရာမှာ နောက်စရာမဟုတ်ပေ။
ယဲ့ယီ လက်ထဲမှ ဇာတ်ညွှန်းကို ချလိုက်ပြီး ဘေးနားရှိ ဆိုဖာပေါ်တွင် ကုရှီချန်းနှင့်အတူ သွားထိုင်လိုက်သည်။ သူမ ကုရှီချန်းအတွက် လက်ဖက်ရည်ကို ဖားသည့်အမူအရာဖြင့် ငှဲ့ပေးလိုက်ပြီး ဆိုလေ၏။
“ကျွန်မ အခုတလော နည်းနည်း အလုပ်ရှုပ်နေလို့ပါ”
[ကျွန်မမှာ ရည်းစားရှိနေတာကိုတောင် သတိမရဘူးလို့တော့ အမှန်အတိုင်း ပြောလို့မရလောက်ဘူး]
ကုရှီချန်း လက်ကို မြှောက်၍ ယဲ့ယီခေါင်းကို အသာအယာ ပုတ်ပေးလိုက်၏
“ကိုယ့်ရဲ့ မင်းသမီးလေး ယဲ့ယီက အခုတလော ဘာဇာတ်ကားမှ လက်မခံသေးဘူးနော်။ ဒါက လူသိရှင်ကြား လုံးဝ အသိပေးမှာ မဟုတ်ဘူးဆိုတဲ့ မင်းရဲ့ အစီအစဉ်လား”
“အဲ... ဟိုလေ၊ ကျွန်မ ဇာတ်ညွှန်းရွေးနေတာပါ၊ သိတယ်မလား။ ဇာတ်ကားတစ်ကားတည်းနဲ့တင် ဆုရအောင် ကြိုးစားနေတာ”
ယဲ့ယီ၏ မျက်လုံးများ ဟိုဟိုဒီဒီ ရောက်နေပြီး ကုရှီချန်းကို တိုက်ရိုက်မကြည့်ရဲပေ။
သူမပြောသည့် စကားများထဲတွင် အမှန်တရားအချို့ ပါဝင်သော်လည်း သူမ အခုတလော အပျော်အပါးလည်း မက်နေခဲ့၏။
ယဲ့ယီ ကုရှီချန်း ပခုံးကို ပုတ်လိုက်ပြီး စိတ်ရင်းမှန်သော လေသံဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မ ရှင့်ကို သေချာပေါက် ဂုဏ်ပုဒ်တစ်ခု ပေးပါ့မယ်”
ယဲ့ယီ ပြောပြီးနောက် အကြောင်းရင်းမရှိ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရ၏။
[ဒါက ဘာလို့ အသဲခွဲတဲ့ လူဆိုးမလေးတွေ ပြောလေ့ရှိတဲ့ စကားတွေနဲ့ တူနေရတာလဲ]
ကုရှီချန်း: ‘မင်းလည်း အဲ့ဒါကို သိနေတာပဲ’
“ဒါနဲ့ ဘာလို့ ကုစဲ့လေးကို ခေါ် မလာတာလဲ”
ယဲ့ယီ သူမ၏ ချစ်လှစွာသော သားလေးကို ရုတ်တရက် သတိရသွားလေသည်။
[သားလေးကို မတွေ့ရတာ ကြာပြီ၊ တကယ်ပဲ လွမ်းနေတာ။]
ထောင့်တစ်နေရာတွင် အမေ့ခံထားရသော ကုစဲ့လေး: ‘ဖေဖေကလည်း မချစ်၊ မေမေကလည်း မချစ်၊ သားကတော့ ဘယ်သူမှ မလိုချင်တဲ့ ဂေါ်ဖီထုပ်လေး ဖြစ်နေပါပြီ’
“သူ အခုတလော အိုလံပစ် သင်္ချာပြိုင်ပွဲအတွက် ပြင်ဆင်နေတယ်”
ယဲ့ယီ စိတ်ထဲမှနေ၍ ကုစဲ့လေးအား လက်မထောင်ပြလိုက်သည်။
[ငါ့သားပီပီ ဉာဏ်ရည်ကတော့ ရှယ်ပဲ၊ ခုနစ်နှစ်သားလေးနဲ့ အိုလံပစ် သင်္ချာပြိုင်ပွဲ ဝင်နိုင်နေပြီ။ ငါ ခုနစ်နှစ်တုန်းက ဘာလုပ်နေလဲ။ အိမ်ဆောက်တမ်း ကစားနေတုန်း ထင်တယ်။]
ကုရှီချန်း မပြောလိုက်သည်မှာ ကုစဲ့ အမှန်တကယ်တွင် သင်္ချာပြိုင်ပွဲအတွက် ပြင်ဆင်ရန်ပင် မလိုပေ။ သူ့ကို ခေါ်မလာရသည့် တစ်ခုတည်းသော အကြောင်းရင်းကား ကုစဲ့လေး သူတို့နှစ်ဦးတည်းရှိမည့် ကမ္ဘာလေးကို လာရောက် မနှောင့်ယှက်စေချင်သောကြောင့်သာ ဖြစ်၏။
“ဒီတစ်ခါ မင်းကို လာတွေ့တာက တခြားကိစ္စတစ်ခု ရှိလို့ပါ”
ယဲ့ယီ ကုရှီချန်းကို စပ်စုသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဘာကိစ္စလဲ”
“ကိုယ် မနက်ဖြန် စာချုပ်ကိစ္စတစ်ခု ကိုင်တွယ်ဖို့ နိုင်ငံခြားသွားရမယ်။ တစ်ပတ်လောက် ကြာလိမ့်မယ်”
“အင်း... သွားလေ”
လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ ကုရှီချန်း စကားမပြောသဖြင့် ယဲ့ယီ သံသယဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ။ တခြား ရှိသေးလို့လား”
“မရှိပါဘူး”
ကုရှီချန်း ထိုသို့ပြောသော်လည်း သူ့မျက်နှာအမူအရာမှာ သိပ်မကောင်းလှပေ။
ကုရှီချန်း၏ အမူအရာကို ကြည့်ပြီး ယဲ့ယီသည် သူမ မပြောသင့်သည်ကို ပြောမိသွားသလားဟု တွေးမိသွား၏။
[ကျွန်မ ဘာမှတောင် မပြောရသေးဘူး။ သူက အလုပ်ကိစ္စနဲ့ သွားမှာပဲလေ။]
ကုရှီချန်း စိတ်ဆိုးနေရခြင်းက ယဲ့ယီ ဘာမှ မပြောခြင်းကြောင့်ပင် ဖြစ်သည်။
ယေဘုယျအားဖြင့် ရည်းစားဖြစ်သူ အလုပ်ကိစ္စဖြင့် ခရီးသွားမည်ဆိုလျှင် ချစ်သူမိန်းကလေးအနေဖြင့် အနည်းငယ် တွန့်ဆုတ်နေသည်ကို ပြသသင့်သည် မဟုတ်ပါလော။
သို့သော် ကံမကောင်းစွာ ကျွန်ုပ်တို့၏ မမယဲ့မှာ သာမန်လူ မဟုတ်ပေ။
ယဲ့ယီ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ကုရှီချန်း သက်ပြင်းချလိုက်၏။
သူ လက်ဆန့်ကာ ယဲ့ယီ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။
“ကိုယ် မရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်”
ယဲ့ယီ လိမ္မာစွာ ခေါင်းညိတ်ပြလိုက်၏။
“စိတ်မပူပါနဲ့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သေချာပေါက် ဂရုစိုက်မှာပါ”
[တခြားလူတွေကို နှိပ်စက်ရင် နှိပ်စက်မယ်၊ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်တော့မှ မနှိပ်စက်ဘူး]
ကုရှီချန်း တစ်ခုခုကို သတိရသွားပြီး တည်ကြည်သော လေသံဖြင့် ဆိုလေသည်။
“ပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ ယောကျ်ားတွေနဲ့ ဝေးဝေးနေဖို့ မမေ့နဲ့ဦး”
“အင်း... အင်း...”
[ဒါဆို ကျွန်မက မော်ဒယ်လ်ယောကျ်ားလေးတွေ သွားရှာလို့ ရမလား]
ယဲ့ယီ စိတ်ထဲမှ အသံကို ကြားလိုက်ရသော ကုရှီချန်းမှာ ယဲ့ယီကို အိတ်ကပ်ထဲ ထည့်ပြီး ခရီးဆောင်သွားချင်စိတ် ပေါက်သွားရတော့သည်။
သို့မဟုတ်ပါက သူ ခရီးက ပြန်လာသည့်အချိန်တွင် သူ့ခေါင်းပေါ်တွင် မနာလိုလွန်း၍ အစိမ်းရောင်များ တောက်ပနေမည်ကို စိုးရိမ်သွား၏။
ကုရှီချန်း ယဲ့ယီ၏ ပါးလေးကို အားရပါးရ ဆွဲညှစ်လိုက်၏။
“မော်ဒယ်လ်ကောင်လေးတွေ သွားရှာလို့ မရဘူး၊ ယောကျ်ားတွေနဲ့ ဝေးဝေးနေ။ ကြားလား”
ယဲ့ယီသည် ကုရှီချန်းကို သရဲမြင်လိုက်သကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
[ဟာ... သွားပြီ၊ ငါ မော်ဒယ်လ်ကောင်လေး ရှာချင်နေတာကို သူ ဘယ်လို သိသွားတာလဲ]
ကုရှီချန်းသည် ယဲ့ယီ၏ စိတ်ထဲမှ အံ့သြမှုကို လျစ်လျူရှုကာ အနက်ရောင် ကတ်တစ်ကတ်ကို ထုတ်လိုက်၏။
ကုရှီချန်း ထိုကတ်ကို ယဲ့ယီရှေ့သို့ တင်ပေးလိုက်ပြီး ပြော၏။
“ဒါက ကိုယ့်ရဲ့ ကတ်အပိုပဲ၊ မင်း ဝယ်ချင်တာ အကုန်ဝယ်”
ယဲ့ယီ သူ့ ပိုက်ဆံကိုသုံးကာ မကောင်းမှုများ လုပ်မည်ကို တားဆီးရန်အတွက် ကုရှီချန်း အထူးသဖြင့် ဖြည့်စွက်ပြောလိုက်သည်။
“မော်ဒယ်လ်ကောင်လေးတွေ ငှားလို့ မရဘူး၊ ပြီးတော့ တခြားယောကျ်ားတွေအတွက် ပိုက်ဆံသုံးလို့ မရဘူး”
ကုရှီချန်း အနက်ရောင်ကတ်ကို ထုတ်လိုက်ချိန်တွင် ယဲ့ယီ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့၏။
“ယူလို့ ဘယ်ဖြစ်မလဲ”
ယဲ့ယီ ထိုသို့ပြောသော်လည်း သူမ လက်မှာသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် အနက်ရောင်ကတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဖြစ်၏။
[ဒါက သူဌေးက ထောက်ပံ့ပေးထားတဲ့ ခံစားချက်မျိုးလား။ ငါ ရုတ်တရက်ကြီး အရမ်း ပျော်သွားပြီ၊ နောက်မှ ဈေးဝယ်မယ်၊ ဈေးဝယ်မယ်၊ ဈေးဝယ်မယ်]
ယဲ့ယီ၏ ပိုက်ဆံမက်သော ပုံစံလေးကို ကြည့်ပြီး ကုရှီချန်း ခေါင်းခါလိုက်မိသည်။ ယဲ့ယီ၏ စိတ်ထဲတွင် ပိုက်ဆံသည်သာ အရေးအကြီးဆုံး ဖြစ်နေသည်ဟု သူ အဘယ်ကြောင့် ခံစားနေရသနည်း။
ကုရှီချန်း ခံစားချက်က မှန်ကန်သည်ဟု ဆိုရပေမည်။
ဆိုရိုးစကားအတိုင်းပင် သူတစ်ပါး အစာကို စားထားလျှင် ပါးစပ်ပျော့တတ်သလို သူတစ်ပါး ပိုက်ဆံကို ယူထားလျှင်လည်း လက်ပျော့တတ်ပေသည်။
ကုရှီချန်း အနက်ရောင်ကတ်ကို လက်ခံပြီးနောက် ယဲ့ယီ သူ့အတွက် တစ်ခုခု လုပ်ပေးသင့်သည်ဟု ခံစားလိုက်ရ၏။
ယဲ့ယီ အကြာကြီး စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဖြည်းဖြည်းချင်း မေးလိုက်၏။
“ဒါဆို ကျွန်မ ရှင့်ပိုက်ဆံကိုသုံးပြီး ရှင့်အတွက် တစ်ခုခု ဝယ်ပေးလို့ ရမလား”
[ကျွန်မမှာ ကိုယ်ပိုင်ပိုက်ဆံ မရှိလို့ မဟုတ်ဘူး။ ကုရှီချန်းရဲ့ ပိုက်ဆံကို သုံးရတာက ပိုပြီး တွက်ချေကိုက်လို့ပါ]
ကုရှီချန်း ဝမ်းသာရမလို ဝမ်းနည်းရမလို ခဏမျှ ဝေခွဲမရ ဖြစ်သွားတော့သည်။
သူမ သူ့ကို ဂရုစိုက်သည်ဟု ပြောမည်ဆိုလျှင်လည်း သူမ ကိုယ်ပိုင်ပိုက်ဆံကို သုံးရန် တွန့်ဆုတ်နေ၏။ သူမက သူ့ကို ဂရုမစိုက်ဘူးဟု ပြောမည်ဆိုလျှင်လည်း သူ့အတွက် တစ်ခုခု ဝယ်ပေးရမည်ကိုတော့ သိနေပြန်သည်။
ကုရှီချန်း ပြုံးလိုက်၏။
“ကိုယ် ဘာမှ မလိုပါဘူး၊ မင်းအတွက်ပဲ ဝယ်ပါ”
“မွ”
ယဲ့ယီ ကုရှီချန်း၏ ပါးကို နမ်းလိုက်၏။
“ချစ်တယ်”
ကုရှီချန်း ယဲ့ယီကို ကြင်နာယုယစွာ ကြည့်လိုက်၏။ သူ့မျက်လုံးထဲမှ နူးညံ့မှုများသည် လျှံကျတော့မတတ်ပင်။
သို့သော် ကံမကောင်းစွာ ယခုအချိန်တွင် ယဲ့ယီ စိတ်ထဲ၌ ဤပိုက်ဆံဖြင့် ဘာဝယ်ရမည် ဆိုသည်ကသာ ပြည့်နှက်နေပြီး ကုရှီချန်းကို ကြည့်ရန် အချိန်မရှိပေ။
နောက်ဆုံးတွင် ယဲ့ယီ အလုပ်မှ စောစောဆင်းကာ ကုရှီချန်းကို ကောင်းကောင်းမွန်မွန် ကျွေးမွေးရန် ဆုံးဖြတ်လိုက်တော့၏။
ယခင်တစ်ခေါက် အတွေ့အကြုံအရ ယခုတစ်ကြိမ်တွင် ယဲ့ယီ သူမနှင့် ကုရှီချန်းကို သူတို့ မိဘများပင် မှတ်မိမည်မဟုတ်သော ပုံစံမျိုးဖြင့် ပြင်ဆင်လိုက်လေသည်။
ကုရှီချန်းလည်း ယဲ့ယီ သူ့အား နေကာမျက်မှန်နှင့် နှာခေါင်းစည်း တပ်ပေးသည်ကို ငြိမ်ခံနေ၏။
သူတို့နှစ်ဦး ခိုးကြောင်ခိုးဝှက် ပုံစံမျိုးဖြင့် စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့လေသည်။ ယဲ့ယီ ရွေးချယ်ခဲ့သော ဆိုင်မှာ အတော်လေး အဆင့်မြင့်ပြီး ဈေးနှုန်းလည်း မနည်းလှပေ။
သူမ ဤနေရာကို ရွေးရသည့် အဓိက အကြောင်းရင်းသည် အခြားနေရာက အစားအသောက်များကို ကုရှီချန်း အသားမကျမည် စိုးသောကြောင့် ဖြစ်၏။
သူမ ယခင်ကတည်းက ဤနေရာတွင် စားချင်ခဲ့သော်လည်း ပိုက်ဆံမသုံး ရက်သောကြောင့် မလာဖြစ်ပေ။
ယဲ့ယီ ဘာစားရမှန်း မသိသဖြင့် နာမည်ကြီး ဟင်းလျာအချို့ကိုသာ မှာယူလိုက်သည်။
ဟင်းပွဲများ အားလုံး စုံလင်သွားသောအခါ သူမ တစ်ယောက်တည်းသာ စားနေပြီး ကုရှီချန်းကမူ သူမ ပန်းကန်ထဲသို့ ဟင်းများကိုသာ အမြဲ ထည့်ပေးနေသည်။
ယဲ့ယီ ဤထမင်းတစ်နပ်ကို အလွန်ပင် စိတ်ကျေနပ်သွား၏။
အခန်း(၁၆၄)
ထမင်းစားပြီးနောက် ယဲ့ယီ အိမ်သို့ ချက်ချင်းမပြန်ဘဲ ကုရှီချန်းကို ခေါ်ကာ ရုပ်ရှင်သွားကြည့်သေးသည်။
သူတို့ တွဲလာသည်က တစ်လနီးပါး ရှိပြီဖြစ်သော်လည်း ရုပ်ရှင် အတူတူ မကြည့်ဖူးသေးပေ။ ထို့ကြောင့် ယခုအခွင့်အရေးသည် စိတ်အပန်းဖြေရန် အကောင်းဆုံးပင် ဖြစ်၏။
ကုရှီချန်းကို ရည်းစားပီသသော စွမ်းအားများ ပြသခွင့်ပေးရန်အတွက် ယဲ့ယီသည် ထိတ်လန့်စရာ သရဲကားတစ်ကားကို အထူးတလည် ရွေးချယ်သည်။
လူမှတ်မိမည်ကို စိုးရိမ်သဖြင့် ယဲ့ယီ လက်မှတ်ဝယ်သည့်အခါ လူပြတ်ပြီး ရုပ်ရှင်ကြည့်ရန်လည်း အဆင်ပြေမည့် ထောင့်ကျကျ နေရာနှစ်ခုကို ရွေးချယ်ခဲ့လေသည်။
ရုပ်ရှင်မစတင်မီ သူမ ပြောင်းဖူးပေါက်ပေါက်နှင့် ကိုကာကိုလာကိုပင် သွားဝယ်လိုက်၏။
ထိုအရာအားလုံးကို ယဲ့ယီ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ယဲ့ယီ ကိုယ်တိုင် သွားဝယ်ရသည့် အကြောင်းမှာ ကုရှီချန်းသည် ရုပ်ရှင်ရုံသို့ တစ်ခါမှ မရောက်ဖူးသောကြောင့် ဖြစ်၏။
သူတို့ ရုပ်ရှင်ကြည့်ချင်လျှင် ယေဘုယျအားဖြင့် သီးသန့်ရုပ်ရှင်ရုံကိုသာ ငှားရမ်းကြည့်ရှုလေ့ ရှိကြသည်။
ရုပ်ရှင်မစမီ သူတို့ နေရာတွင် ကြိုတင်ထိုင်နေကြပြီး ယဲ့ယီသည် ပြောင်းဖူးပေါက်ပေါက်ကို ပျော်ရွှင်စွာ စားနေရင်း ကုရှီချန်းကိုလည်း တစ်ခါတစ်ရံ ခွံကျွေးနေ၏။
ကုရှီချန်းသည် ပြောင်းဖူးပေါက်ပေါက်ကို မကြိုက်သော်လည်း ယဲ့ယီ ခွံကျွေးသည်ကိုမူ လိမ္မာစွာပင် စားသည်။
ရုပ်ရှင်စတော့လေမည်။
ယဲ့ယီ၏ စိတ်ထဲတွင် စကားလုံးများကို ကြိုတင် လေ့ကျင့်နေခဲ့သည်။
[ခဏနေရင် ကြောက်စရာကောင်းတဲ့ အခန်းတွေ ရောက်လာတဲ့အခါ ကုရှီချန်းရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်မယ်။ သူ့ကို ရည်းစားပီသတဲ့ စွမ်းအားတွေ ပြခွင့်ပေးမယ်။ ငါ တကယ်ကို အလေးအနက် စဉ်းစားပေးတတ်တာပဲ၊ ငါ့လို ရည်းစားမျိုး ရထားတာ သူ့ဘိုးဘွားတွေ နံ့သာတွေ အမွှေးတိုင်တွေ ထွန်းခဲ့လို့ပဲ ဖြစ်မှာ]
ကုရှီချန်း နှုတ်ခမ်းများ ပြုံးရောင်သမ်းသွားလေ၏။
‘ကျေးဇူးအများကြီး တင်ပါတယ်’
ရုပ်ရှင် စတင်လာသည်။
ယဲ့ယီ အင်တာနက်တွင် အထူးတလည် ရှာဖွေထား၏။ ဤရုပ်ရှင်၏ ပထမပိုင်းသည် မကြောက်ရသော်လည်း ဒုတိယပိုင်းမှာ အလွန် ထိတ်လန့်စရာ ကောင်းလိမ့်မည်။
ယဲ့ယီ ပြောင်းဖူးပေါက်ပေါက် စားရင်း ရုပ်ရှင်ကြည့်ကာ ကုရှီချန်းကို တစ်ခါတစ်ရံ ဝေဖန်ထောက်ပြနေသည်။
“ဒီသရဲက ကြည့်ရတာ အတုမှန်း သိသာတယ်၊ ကြည့်ပါဦး သူ့ခြေထောက်တွေက မြေကြီးပေါ် ထိနေတာပဲ...”
“ဒီလူတွေကတော့ ဦးနှောက် မရှိကြဘူးပဲ၊ အန္တရာယ်ရှိမှန်း သိရက်နဲ့ သွားနေကြသေးတယ်။ သူတို့ကို မသတ်ရင် ဘယ်သူ့ကို သတ်မှာလဲ...”
ယဲ့ယီ တတွတ်တွတ် ဝေဖန်နေပြီး သူမကိုယ်တိုင် စီစဉ်ထားသော ဇာတ်ညွှန်းကိုမူ လုံးဝ မေ့သွားခဲ့လေသည်။
သူမ သတိရလိုက်ချိန်တွင် ရုပ်ရှင်မှာ ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
[အာ... သွားပြီ၊ မေ့သွားတာ ရုပ်ရှင်တောင် ပြီးတော့မယ်]
ထိုအချိန်တွင် သူတို့ရှေ့တွင် ထိုင်နေသော မိန်းကလေးတစ်ဦးက အော်ဟစ်လိုက်တော့သည်။ ယဲ့ယီလည်း အလိုက်သင့် အော်လိုက်ပြီး ကုရှီချန်း ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေ၏။
ကုရှီချန်းမှာမူ ရုပ်ရှင် ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။
ထိုအချိန်တွင် ပိတ်ကားပြင်ပေါ်မှ ပြသနေသည်မှာ ဘေးအန္တရာယ်မှ လွတ်မြောက်လာသော မင်းသားနှင့် မင်းသမီးတို့ နမ်းနေကြသည့် အခန်းဖြစ်ပြီး ရှေ့တန်းမှ မိန်းကလေး အော်လိုက်သည်မှာ ပိုးဟပ်တစ်ကောင် မြင်လိုက်သောကြောင့် ဖြစ်လေသည်။
သို့သော် ကုရှီချန်း ယဲ့ယီကိုအရှက်မခွဲဘဲ အလိုက်သင့်ပင် ကျောကို ပုတ်ပေးလိုက်သည်။
ယဲ့ယီ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိ၏။
[ငါ တုံ့ပြန်မှု မြန်လို့ တော်သေးတယ်၊ မဟုတ်ရင် ဒီရုပ်ရှင်က အလကား ကြည့်လိုက်သလို ဖြစ်တော့မှာ]
သူတို့ ရုပ်ရှင်ရုံမှ ထွက်လာချိန်တွင် ယဲ့ယီသည် အခြားမိန်းကလေးများကဲ့သို့ ကုရှီချန်း၏ လက်မောင်းကို တွယ်ကပ်ကာ အားနည်းသော ပုံစံဖြင့် ပြောလိုက်လေသည်။
“ဝူး... ဝူး... စောစောက ရုပ်ရှင်က အရမ်း ကြောက်စရာကောင်းတာပဲ”
“ဟုတ်တယ်၊ အရမ်း ကြောက်စရာကောင်းတယ်”
ကုရှီချန်း၏ နှုတ်ခမ်းများကမူ ပြုံးချင်နေသည်ကို မတားဆီးနိုင်ဘဲ သူ့လေသံတွင် ရယ်သံများ ပါဝင်နေလေ၏။
သို့သော် ယဲ့ယီသည် သူမ၏ သရုပ်ဆောင်မှုအပေါ် အာရုံရောက်နေသဖြင့် ကုရှီချန်း၏ ရယ်သံကို မကြားလိုက်ပေ။
“အရမ်း ကြောက်ဖို့ကောင်းတာ၊ ကျွန်မရဲ့ နှလုံးသားလေးတောင် အပြင်ကို ထွက်ကျမတတ်ပဲ”
ယဲ့ယီ ဆက်လက် သရုပ်ဆောင်နေ၏။
ကုရှီချန်းကမူ သူမကို အလိုက်သင့် ရင်ခွင်ထဲ ထည့်ပေးထားပြီး တယုတယ ပြောသည်။
“မကြောက်နဲ့တော့နော်”
ယဲ့ယီသည် သူမ၏ သရုပ်ဆောင်မှုက အလွန်ကောင်းသည်ဟု ထင်နေသော်လည်း ကုရှီချန်းလည်း သူမနှင့်အတူ အလိုက်သင့်လေး သရုပ်ဆောင်ပေးနေသည်ကို မသိရှာပေ။
အကယ်၍ ရုပ်ရှင်ထဲမှ လူများ ဦးနှောက်များ ထွက်ကျလာချိန်တွင် ထိုဦးနှောက်များ ဘာနှင့် ပြုလုပ်ထားသည်ကို ယဲ့ယီ ကုရှီချန်းအား ရှင်းမပြခဲ့ပါက ကုရှီချန်း သူမကို ယုံကြည်ကောင်း ယုံကြည် သွားနိုင်၏။
ကုရှီချန်း ယဲ့ယီကို အိမ်ပြန်ပို့ပေးခဲ့သည်။
ကားပေါ်မှ ဆင်းရန် ယဲ့ယီ တံခါးလက်ကိုင်ကို ဆွဲလိုက်သော်လည်း တံခါး ပွင့်မလာသည်ကို တွေ့လိုက်ရ၏။
သူမ အားစိုက်ပြီး ထပ်ဆွဲသော်လည်း ပွင့်မလာသေးပေ။
သူမ ဘာဖြစ်သလဲဟု မေးရန် ကုရှီချန်းဘက်သို့ လှည့်လိုက်၏။
သူမ လှည့်လိုက်ချိန်တွင် ကုရှီချန်း မျက်နှာနှင့် တိုက်ရိုက် တိုးလေတော့သည်။
သူမ ဘာမှ မလုပ်နိုင်ခင်မှာပင် ကြီးမားသော လက်တစ်စုံက သူမ ခေါင်းကို အသာအယာ ဖိကိုင်လိုက်၏။ နောက်တစ်ခဏတွင် သူမ၏ နှုတ်ခမ်းပေါ်တွင် နူးညံ့သော အရာတစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးသွားရသည်။
ကုရှီချန်းသည် သူ၏ အားနေသော လက်တစ်ဖက်ဖြင့် ယဲ့ယီ၏ မျက်လုံးများကို အသာအယာ ဖုံးအုပ်ပေးလိုက်ရာ ယဲ့ယီကလည်း အလိုက်သင့်ပင် မျက်လုံးမှိတ်ထားလိုက်သည်။
အချိန်မည်မျှ ကြာသွားမှန်း မသိသော်လည်း ကုရှီချန်း ယဲ့ယီကို လွှတ်ပေးလိုက်တော့သည်။
ယဲ့ယီ မျက်နှာသည် ရင့်မှည့်နေသော အသီးတစ်လုံးကဲ့သို့ နီမြန်းနေလေသည်။
သူမ ကုရှီချန်းကို မကြာခဏ စနောက်လေ့ရှိသော်လည်း ကုရှီချန်း အနည်းငယ် ပြန်လည် တုံ့ပြန်လိုက်သည်နှင့် သူမ ချက်ချင်း ကြောင်သွားတတ်၏။
ယဲ့ယီ မျက်နှာနီနီဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။
“ကား... ကားတံခါး ဖွင့်ပေးပါဦး”
ကုရှီချန်း ယဲ့ယီအနားသို့ တိုးကပ်လာပြီး အက်ရှရှ အသံဖြင့် မေးလိုက်သည်။
“မင်း ဘာကို ကြောက်နေတာလဲ”
ယဲ့ယီ နောက်ဆုတ်ချင်သော်လည်း ဆုတ်စရာ နေရာမရှိတော့သဖြင့် အံကြိတ်ကာ ပြောလိုက်၏။
“ကျွန်မ ဘာကို ကြောက်ရမှာလဲ။ ကျွန်မ အိပ်ချင်နေရုံလေးပါ”
ကုရှီချန်း ယဲ့ယီကို မပြုံးတပြုံး အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤကျဉ်းမြောင်းသော နေရာလေးတွင် သူတို့နှစ်ဦးကြားရှိ လေထုမှာ အလွန်ပင် ထူးခြားဆန်းပြားနေ၏။
[သူ ငါ့ကို ကလေးတွေ မကြည့်သင့်တဲ့ အရာတစ်ခုခု လုပ်ဖို့ ကြံနေတာ မဟုတ်ဘူး မလား။ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ]
ယဲ့ယီ၏ နှလုံးသားမှာ လည်ချောင်းဝအထိ ရောက်နေသကဲ့သို့ ခံစားနေရ၏။
ကုရှီချန်း တကယ် တစ်ခုခု လုပ်တော့မည်ဟု သူမ ထင်နေစဉ်မှာပင် ကုရှီချန်းက သူမ နားဘေးမှ ဖရိုဖရဲ ဖြစ်နေသော ဆံနွယ်လေးများကို အသာအယာ သပ်တင်ပေးလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်၊ တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်၊ ကြားလား”
[တကယ် တစ်ခုခု ဖြစ်ခဲ့ရင်လည်း ရှင် ပြန်လာတဲ့အချိန်မှာ အရာအားလုံးက နောက်ကျကုန်မှာပေါ့။]
ကုရှီချန်း ယဲ့ယီကို ကြည့်ကာ အလေးအနက်ထား၍ ပြောလိုက်သည်။
“တကယ် တစ်ခုခု ဖြစ်လာရင် ကိုယ် အမြန်ဆုံး ပြန်လာခဲ့မယ်။ ကိုယ်ကို ယုံပါနော်၊ ဟုတ်ပြီလား”
“အင်း”
ကုရှီချန်း၏ မျက်နှာအမူအရာကို ကြည့်ပြီး ယဲ့ယီ သူ့အပေါ် အကြောင်းရင်းမရှိသော ယုံကြည်မှုတစ်ခု ရရှိသွားလေသည်။
ကုရှီချန်း ကားတံခါး ဖွင့်ပေးလိုက်၏။
“ပြန်တော့နော်၊ ညမအိပ်ဘဲ မနေနဲ့၊ စောစောနား၊ကြားလား”
ယဲ့ယီ ကားပေါ်မှ ကြောင်တောင်တောင်ဖြင့် ဆင်းလာခဲ့ပြီး လက်နှင့် ခြေထောက်ကို စည်းချက်ညီ ပြိုင်တူ လှုပ်ရှားကာ အိမ်ထဲသို့ လျှောက်သွားခဲ့သည်။
ကုတင်ပေါ်တွင် လှဲလိုက်ချိန်မှသာ သူမ ရုတ်တရက် သတိဝင်လာတော့၏။
“နေဦး... ကုရှီချန်းက ငါ သူ့ကို သံသယဖြစ်နေတာ ဘယ်လိုသိတာလဲ။ ချစ်သူတွေကြားမှာ စိတ်ချင်းဆက်သွယ်နိုင်တာလား။ ဒါဆို ငါကျ ဘာလို့ သူ ဘာတွေးနေလဲဆိုတာ မခံစားမိရတာလဲ”
ယဲ့ယီ စဉ်းစားလေ ပိုပြီး နားမလည်လေ ဖြစ်လာသည်။
နောက်ဆုံးတွင်
သူမသည် ဤအရာအားလုံးမှာ တိုက်ဆိုင်မှုသာ ဖြစ်လိမ့်မည်ဟု သတ်မှတ်လိုက်တော့၏။
နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ယီ နိုးလာပြီး ဖုန်းဖွင့်ကြည့်လိုက်သောအခါ ကုရှီချန်း ပို့ထားသော မက်ဆေ့ဂျ်ကို တွေ့လိုက်ရလေသည်။
အဓိက အကြောင်းအရာမှာ သူ ထွက်ခွာသွားပြီ ဖြစ်ကြောင်းနှင့် သူမအား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန် မှာကြားထားခြင်း ဖြစ်၏။
ကုရှီချန်း နိုင်ငံခြားသို့ အလုပ်ကိစ္စဖြင့် သွားရသည်ကို ယဲ့ယီအပြင် သိနေသော နောက်ထပ်လူတစ်ဦးလည်း ရှိသေးသည်။
ရူသိုက်ဝိန်သည် မိခင်ကြီးကုထံမှ ကုရှီချန်း တစ်ပတ်ကြာ နိုင်ငံခြားသွားမည်ဖြစ်ကြောင်း သိထား၏။
ဤသည်မှာ သူမအတွက် ယဲ့ယီကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာသည်။
“ယဲ့ယီ... ဒီတစ်ခါတော့ နင့်ကို ဘယ်သူ ကူညီနိုင်ဦးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
ရူသိုက်ဝိန်သည် သူမလက်ထဲမှ ဖုန်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
သူမ အစက ယဲ့ယီကို ထည့်မတွက်ထားပေ။ ကုရှီချန်း သူမကို မကြိုက်မှန်း သူမ သိသော်လည်း ကုရှီချန်း တခြားမည်သူ့ကိုမျှ ကြိုက်လာလိမ့်မည်မဟုတ်ဟုလည်း သူမ ယုံကြည်ထားခဲ့သည်။
သို့သော် ယဲ့ယီမှာ ခြွင်းချက် ဖြစ်လာ၏။
ထိုအချိန်အတွင်း သူမ ယဲ့ယီကို ဖယ်ရှားပစ်ချင်ခဲ့သော်လည်း ကုရှီချန်းက ယဲ့ယီကို အလွန် ကောင်းမွန်စွာ ကာကွယ်ထားသဖြင့် သူမ အခွင့်အရေး မရခဲ့ပေ။
ယခုတစ်ကြိမ်တွင် ကုရှီချန်း နိုင်ငံခြားသွားနေချိန်၌ သူမ ယဲ့ယီကို လုံးဝ ပျက်စီးသွားအောင် ဤအခွင့်အရေးကို အရယူရတော့မည်။
ကုရှီချန်းသည် အညစ်အကြေး စွန်းထင်နေသော အမျိုးသမီးတစ်ဦးကို လက်ခံမည်မဟုတ်ပေ။
ထိုအချိန်ကျလျှင် ကုကတော်နေရာမှာ သူမ ရူသိုက်ဝိန်အတွက်သာ ဖြစ်လာပေလိမ့်မည်။