အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း (၁၆၅)
ရက်အနည်းငယ် ကြာပြီးနောက်တွင် တုန်မင်ရွှမ်၏ လူရွေးပွဲရလဒ်များ ထွက်ပေါ်လာခဲ့သည်။
သူ ထိုဇာတ်ကောင်အတွက် ရွေးချယ်မခံခဲ့ရသော်လည်း သူ၏ သရုပ်ဆောင်ချက်မှာ အလွန်ကောင်းမွန်လွန်းသဖြင့် ဒါရိုက်တာက သူ့ကို အခြားဒါရိုက်တာတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သဖြင့် ဒုတိယမင်းသားနေရာကို ရရှိသွား၏။
ထိုဒါရိုက်တာသည် ရုပ်သံဇာတ်လမ်းတွဲများကို အဓိကရိုက်ကူးသူဖြစ်ပြီး သူ၏ ယခင်လက်ရာများလည်း ကြည့်ရှုနှုန်း အလွန်မြင့်မားကာ အနုပညာနယ်ပယ်အတွင်း နာမည်ကောင်းရရှိထားသူ ဖြစ်သည်။
ဤဇာတ်ကောင်ကို ရရှိခဲ့ခြင်းသည် တုန်မင်ရွှမ်အတွက် အမှန်တကယ်ပင် ကံကောင်းလှသည်ဟု ဆိုရမည်။
ယဲ့ယီ ရုံးခန်းအတွင်း၌ တုန်မင်ရွှမ်သည် ယဲ့ယီအပေါ် အတိုင်းထက်လွန် ကျေးဇူးတင်နေမိတော့သည်။
သူ ယဲ့ယီ၏ ခြေထောက်ကို ဖက်တွယ်ကာ အော်ဟစ် ငိုယိုပြောနေတော့၏။
“အစ်မယဲ့ အစ်မက ကျွန်တော့်ရဲ့ အစ်မအရင်းကြီးလိုပါပဲဗျာ၊ ကျွန်တော့်ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ”
ယဲ့ယီ သူ့ကို ရွံရှာဖွယ်ကောင်းသည့်အလား ကန်ထုတ်လိုက်၏။
“တော်စမ်းပါ၊ ကုမ္ပဏီအတွက် ပိုက်ဆံများများ ရှာပေးဖို့ပဲ ကြိုးစားစမ်းပါ”
တုန်မင်ရွှမ် ယဲ့ယီကို ဟန်ပါပါ အလေးပြုလိုက်၏။
“ကျွန်တော့်ရဲ့ အသက်ကို ကုမ္ပဏီအတွက် ပေးအပ်ထားပါတယ်”
တုန်မင်ရွှမ်၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲနေ၏။သူ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေမိသည်။
သူကဲ့သို့ သူတစ်ဦးအတွက် ဤအခွင့်အရေးမှာ အလွန်ပင် ရှားပါးလှပေသည်။ သူ ရွေးချယ်မခံရကြောင်း သိလိုက်တုန်းက အတော်ပင် စိတ်မကောင်း ဖြစ်ခဲ့ရသော်လည်း အခြားအခွင့်အရေးတစ်ခု ထပ်မံရရှိလာလိမ့်မည်ဟု မမျှော်လင့်ထားချေ။
အကယ်၍ လူရွေးပွဲမတိုင်ခင် ယဲ့ယီသာ သူ့ကို အမြဲအားပေး တိုက်တွန်းမနေခဲ့ပါက သူ ဤမျှ ကောင်းမွန်စွာ သရုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ ရှန်ကျီဟန်နှင့်လည်း တွေ့ဆုံနိုင်မည် မဟုတ်ပေ။
ရှန်ကျီဟန်ကို သတိရသွားသည်နှင့် တုန်မင်ရွှမ် ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် ယဲ့ယီကို ပြောလိုက်သည်။
“အစ်မယဲ့ ကျွန်တော့်ကို ထမင်းတစ်နပ် ကျွေးရမယ်နော်”
ယဲ့ယီ တုန်မင်ရွှမ် ဇာတ်ကောင်သစ်အတွက် အောင်ပွဲခံချင်သည်ဟု ထင်မှတ်ကာ ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်၏။
“ကောင်းပြီလေ၊ မင်းကို မာလာရှမ်းကော လိုက် ကျွေးမယ်”
တုန်မင်ရွှမ်: “...”
မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် သူသိထားသည့် အစ်မယဲ့ပင် ဖြစ်သည်။
တုန်မင်ရွှမ် ခေါင်းမော့ကာ မောက်မာသော လေသံဖြင့် ပြောလိုက်၏။
“အစ်မယဲ့က အဲ့လိုဆိုတော့ ကျွန်တော်လည်း မင်းသားကြီး ရှန်ကျီဟန်နဲ့ မိတ်ဆက်မပေးတော့ဘူး”
ယဲ့ယီ၏ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်သွားတော့၏။
“မင်း ရှန်ကျီဟန်နဲ့ ဖြစ်ကုန်ကြပြီလား”
တုန်မင်ရွှမ်: “...”
‘အဲ့တာ ဘာစကားလဲ’
“စကားပြောတာကို ဆင်ခြင်ပါဦး၊ ဘယ်လိုကြီး ပြောလိုက်တာလဲ”
ယဲ့ယီ ခေါင်းငြိမ့်လိုက်၏။
“ဒါဆိုရင် မေးပါရစေ။ ကျွန်မတို့ရဲ့ ကြယ်ပွင့်ကြီး တုန်မင်ရွှမ်က မင်းသားကြီး ရှန်ကျီဟန်နဲ့ ရင်းနှီးသွားပြီလားရှင့်”
“ဟဲဟဲ... ဘယ်သူ့ကို ပြောနေတာလဲ ကြည့်ဦးလေ။ ကျွန်တော် မင်းသားကြီး ရှန်ကျီဟန်ရဲ့ WeChat ကိုတောင် ရထားပြီ”
ယဲ့ယီ တုန်မင်ရွှမ်ကို လက်မထောင်ပြလိုက်သည်။
သူ၏ လူမှုဆက်ဆံရေး စွမ်းရည်မှာ အမှန်တကယ်ပင် အံ့မခန်း တော်လှပေသည်။ မူလက ယဲ့ယီ တုန်မင်ရွှမ်ကို အတွေ့အကြုံရစေရန်နှင့် ဒါရိုက်တာ၏ အသိအမှတ်ပြုမှုကို ရစေရန် လူရွေးပွဲသို့ လွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုကလေး ဇာတ်ကောင်တစ်ခုကို ရရှိလာသည့်အပြင် ရှန်ကျီဟန်နှင့်ပါ သိကျွမ်းလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
သူသည် အမှန်တကယ်ပင် ကံကောင်းသူ ဖြစ်၏။
တုန်မင်ရွှမ် မိုးထိအောင် ဘဝင်မြင့်နေတော့၏။ အကယ်၍ သူသာ ရှန်ကျီဟန်ကို ကုမ္ပဏီသို့ ခေါ်ဆောင်လာနိုင်ပါက သူ၏ အဆင့်အတန်းသည် အခြားသူများအားလုံး၏ အထက်တွင် ရှိလိမ့်မည်ဟု အိမ်မက် မက်နေတော့သည်။
တုန်မင်ရွှမ်၏ စွမ်းဆောင်မှုသည် အလွန်ပင် ကြီးမားလှသဖြင့် ယဲ့ယီ သူ့ကို စားပွဲဝိုင်းကြီးတစ်ခုဖြင့် ရက်ရက်ရောရော တည်ခင်းကျွေးမွေးခဲ့သည်။
ကုရှီချန်း ပေးထားသည့် ကတ်ကို အသုံးပြုခဲ့၏။
နောက်တစ်နေ့တွင် ယဲ့ယီ တုန်မင်ရွှမ်ကို ရှန်ကျီဟန်အား ကုမ္ပဏီသို့ ဖိတ်ခေါ်ခိုင်းလိုက်သည်။
ရှန်ကျီဟန် ရောက်ရှိလာသည်နှင့် တုန်မင်ရွှမ် အလွန်တက်ကြွစွာ နှုတ်ဆက်သည်။
သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သည့် သူငယ်ချင်းများကဲ့သို့ပင် ဖြစ်နေတော့၏။ သို့သော်လည်း အမှန်တကယ်တွင် လူရွေးပွဲပြီးဆုံးသည်မှာ နှစ်ရက် သုံးရက်မျှသာ ရှိသေးသည်။
ရှန်ကျီဟန် တုန်မင်ရွှမ်ကို နွေးထွေးစွာ ပြန်လည်ဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ဆက်ဆံရေးမှာ အမှန်တကယ်ပင် ကောင်းမွန်နေပုံရ၏။
ယဲ့ယီ တုန်မင်ရွှမ်၏ လူမှုဆက်ဆံရေး စွမ်းရည်ကို အထင်ကြီးသွားသည်။ အကယ်၍ သူတို့သည် ယခင်က သူစိမ်းများဖြစ်ကြောင်း သူမ မသိထားပါက သူတို့၏ အပြုအမူများကို ကြည့်ပြီး ငယ်သူငယ်ချင်းများဟုပင် ယုံကြည်မိပေလိမ့်မည်။
ရှန်ကျီဟန်နှင့် ကိစ္စရပ်များကို ဆွေးနွေးသည့်အခါ ယဲ့ယီ တုန်မင်ရွှမ်ကို တမင်တကာ ခေါ်ထား၏။
တုန်မင်ရွှမ်လည်း ရှန်ကျီဟန်ကို ကုမ္ပဏီသို့ ဝင်ရောက်ရန် ယဲ့ယီနှင့်အတူ ဝိုင်းဝန်းစည်းရုံးပေးသည်။
နောက်ဆုံးတွင် ရှန်ကျီဟန်သည် စိတ်လှုပ်ရှားစွာဖြင့် ‘ဂျက်နီစစ်’ နှင့် စာချုပ်ချုပ်ရန် သဘောတူလိုက်တော့၏။
ယဲ့ယီသည် ပြုံးဖြီးနေပြီး ရှန်ကျီဟန်၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ပြီး ပြောလိုက်၏။
“ဂျက်နီစစ် မီဒီယာကနေ ကြိုဆိုပါတယ်”
ရှန်ကျီဟန် လက်ဆွဲနှုတ်ဆက်ခြင်းကို တုံ့ပြန်သည့်အနေနှင့် တိုးညင်းစွာ ပြောလိုက်သည်။
“ဥက္ကဌယဲ့ ကျွန်တော့်ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့ပါ”
တုန်မင်ရွှမ်၏ ကူညီမှု အပြင် ရှန်ကျီဟန်ကို ဂျက်နီစစ် မီဒီယာသို့ ဝင်ရောက်ရန် ဆွဲဆောင်နိုင်ခဲ့သည့် အဓိကအချက်မှာ ယဲ့ယီပေးသည့် ကတိကြောင့် ဖြစ်လေ၏။
၎င်းမှာ ဂျက်နီစစ် မီဒီယာသည် သူ၏ အနုပညာရှင်များကို အရက်သောက်ပွဲများသို့ တက်ရောက်ရန် မည်သည့်အခါမျှ အတင်းအကျပ် မခိုင်းပါဟု ကတိပေးထားသောကြောင့်ဖြစ်လေသည်။
ယဲ့ယီ ရှန်ကျီဟန်ကိုသာမက သူ၏ မန်နေဂျာကိုပါ စာချုပ်ချုပ်ဆိုခဲ့သည်။
ရှန်ကျီဟန်ကို ပြန်လည်ပို့ဆောင်ပြီးနောက် ယဲ့ယီ တုန်မင်ရွှမ်၏ ပုခုံးကို လေးလံစွာ ပုတ်လိုက်ပြီးနောက် ကျေနပ်စွာပြော၏။
“တကယ့်ကို ကုမ္ပဏီရဲ့ စံပြဝန်ထမ်းပဲ၊ ဒီအတိုင်း ဆက်ကြိုးစား”
တုန်မင်ရွှမ် အလွန်ဂုဏ်ယူနေသော်လည်း ယဲ့ယီ၏ နောက်ထပ်စကားကြောင့် သူ ငိုချင်သွားရတော့သည်။
“မင်း နောက်လမှာ ရိုက်ကွင်းဝင်ရတော့မယ်။ အစ်မချင်ဝမ်က ပြောတယ်၊ ဒီလကစပြီး မင်း အစားအသောက်ကို ထိန်းရမယ်တဲ့၊ ပေါင်နှစ်ဆယ်လောက် ကျအောင် လုပ်ရမယ်”
တုန်မင်ရွှမ် မျက်နှာချက်ချင်းပင် ပျက်သွားကာ အားကိုးရာမဲ့သည့် ပုံစံဖြင့် အော်လိုက်တော့၏။
“မဖြစ်နိုင်တာ”
ယဲ့ယီ သူ့ကို အေးဆေးစွာ ကြည့်ပြီး ပြောလိုက်၏။
“ကန့်ကွက်ချင်ရင် အစ်မချင်ဝမ်ဆီ သွားပြောလေ”
“ကျွန်တော် လိမ်လိမ်မာမာနဲ့ ဝိတ်ချပါတော့မယ်”
တုန်မင်ရွှမ် နန်ချင်ဝမ်ဆီသို့ မသွားရဲပေ။
နန်ချင်ဝမ်သည် ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော်လည်း အလုပ်နှင့် ပတ်သက်လာလျှင် အလွန်ပြတ်သားပြီး ထိထိရောက်ရောက်လုပ်သူ ဖြစ်သည်။ ယဲ့ယီပင်သူမ၏ စကားကို နားထောင်ရ၏။
ယဲ့ယီသည် အလွန်ပင် စိတ်ကြည်လင်နေသဖြင့် ထိုထက် ပိုကောင်းအောင် လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူမ နန်ချင်ဝမ်ကို ကုမ္ပဏီအကောင့်မှတစ်ဆင့် ရှန်ကျီဟန်ကို ကြိုဆိုသည့်စာ တင်ခိုင်းလိုက်သည်။
ယဲ့ယီကလည်း ထိုပို့စ်ကို ချက်ချင်းပင် ပြန်လည်မျှဝေခဲ့လေသည်။
အစပိုင်းတွင် အချို့သောသူများက မယုံကြည်ကြသော်လည်း မကြာမီမှာပင် ရှန်ကျီဟန်ကိုယ်တိုင် ပြန်လည်မျှဝေလိုက်သောအခါ အမှန်ဖြစ်ကြောင်း သိသွားကြတော့၏။
လူမှုကွန်ရက်ပေါ်တွင် တင်ပြီးနောက် ယဲ့ယီပျော်ရွှင်စွာ အိပ်စက်သွားသည်။
သူမ ထိုညတွင် ကောင်းမွန်စွာ အိပ်ပျော်နေစဉ် အခြားသူများမှာမူ ဒေါသတကြီးဖြင့် အံကြိတ်နေကြရ၏။
ထိုသူများထဲတွင် ယဲ့ယီ၏ ပြိုင်ဘက် လန်ရွှယ်လည်း ပါဝင်လေသည်။
လန်ရွှယ်သည် ယဲ့ယီ၏ ပို့စ်ကို မြင်သောအခါ ဒေါသထွက်လွန်းသဖြင့် သူမ ဖုန်းကို ပစ်ပေါက်လိုက်၏။
သူမ မနက်ဖြန်တွင် ရှန်ကျီဟန်နှင့် တွေ့ဆုံကာ သူမ ကုမ္ပဏီသို့ ခေါ်ယူရန် လူကြီးများကို ပြောထားပြီးသား ဖြစ်သည်။ သို့သော် ယနေ့တွင် တစ်စုံတစ်ယောက်က လက်ဦးသွား၏။
ကြားဖြတ်လုယူခံရသည်မှာ ဆိုးလှပြီဖြစ်သော်လည်း ထိုသူမှာ ယဲ့ယီဖြစ်နေခြင်းက ပို၍ပင် ဆိုးဝါးစေသည်။
လန်ရွှယ် သွေးအန်မတတ် ဒေါသထွက်နေရတော့၏။
“ယဲ့ယီ... နင် စောင့်ကြည့်နေလိုက်”
လန်ရွှယ်အပြင် အခြားသော ဖျော်ဖြေရေးကုမ္ပဏီကြီးများလည်း အိပ်မပျော်ကြပေ။
ရှန်ကျီဟန်သည် အလွန်တန်ဖိုးရှိသော အနုပညာရှင်ဖြစ်ကြောင်း လူတိုင်းသိကြ၏။
ကုမ္ပဏီပေါင်းများစွာ သူ့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြသော်လည်း သူကမူ မည်သည့်အခါမျှ သဘောမတူခဲ့ပေ။
လူအများစုက ရှန်ကျီဟန်သည် ကိုယ်ပိုင်စတူဒီယို ထောင်တော့မည်ဟု ထင်မှတ်ထားကြသော်လည်း ယခုကဲ့သို့ အသစ်စက်စက် ကုမ္ပဏီလေးတစ်ခုနှင့် စာချုပ်ချုပ်ဆိုလိုက်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ရုတ်တရက်ဆိုသလို မည်သူမျှ ဂျက်နီစစ်မီဒီယာကို လျှော့မတွက်ရဲကြတော့ပေ။
အလားအလာရှိသော တုန်မင်ရွှမ်ကို စာချုပ်ချုပ်နိုင်ခဲ့ပြီး ယခုတွင် ရှန်ကျီဟန်ကိုပါ ရရှိခဲ့ပြန်ရာ ယဲ့ယီ၏ တိုးတက်လာသော သရုပ်ဆောင်စွမ်းရည်နှင့်ပေါင်းစပ်လိုက်ပါက ဂျက်နီစစ်မီဒီယာ၏ အဆင့်အတန်းမှာ လန်ရွှယ်၏ ကုမ္ပဏီနှင့် ရင်ဘောင်တန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိလာတော့၏။
…
နောက်တစ်နေ့ ယဲ့ယီ နိုးလာပြီးနောက် ဖုန်းကို စစ်ကြည့်သောအခါ သူမ၏ ပရိသတ်အဖွဲ့ များတွင် သူမကို Tag တွဲထားသည်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရ၏။
အထဲသို့ ဝင်ကြည့်လိုက်သောအခါ သူမသည် မည်သည့်သတင်းမျှ မပေါက်ကြားစေဘဲ ရှန်ကျီဟန်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့် အားလုံးက အံ့သြချီးကျူးနေကြခြင်း ဖြစ်၏။
ယဲ့ယီကမူ ဘာမှ ရှင်းမပြခဲ့ပေ။ အဓိကမှာ ရှန်ကျီဟန်ကို စာချုပ်ချုပ်ဆိုခဲ့ရသည်မှာ ဤမျှလွယ်ကူလိမ့်မည်ဟု သူမကိုယ်တိုင်ပင် မထင်ထားခဲ့သောကြောင့် ဖြစ်သည်။
ယနေ့သည် ယဲ့ယီ ရိုက်ကူးရေးအဖွဲ့နှင့် လူတွေ့စစ်ဆေးမှု သွားရောက်ရမည့်နေ့ ဖြစ်၏။
နန်ချင်ဝမ်နှင့်အတူ သူမ ချိန်းဆိုထားသည့်နေရာသို့ စောစီးစွာ ရောက်သွားသည်။ ထိုနေရာသို့ ရောက်သောအခါ ယန်နျန်စီကို တွေ့လိုက်ရသဖြင့် ယဲ့ယီ အံ့အားသင့်သွား၏။
ယန်နျန့်စီ၏ အတင်းအဖျင်းပြောတတ်သော သဘာဝကို သိထားသဖြင့် ယဲ့ယီ မမြင်ချင်ယောင်ဆောင်ရန် ကြံရွယ်ထားသော်လည်း ကံမကောင်းစွာ ယန်နျန့်စီက သူမကို မြင်သွားခဲ့လေသည်။
အခန်း(၁၆၆)
ယန်နျန့်စီက ရှေ့သို့ လှမ်းလာကာ ယဲ့ယီကို နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
“ယဲ့ယီ... နင်လည်း လူတွေ့စစ်ဆေးဖို့ လာတာလား၊ နင်လည်း ‘နျင်ရှ’ ရဲ့ ဇာတ်ကောင်အတွက် လာတာတော့ မဟုတ်ပါဘူးနော်”
နျင်ရှမှာ ထိုဇာတ်လမ်းတွဲ၏ မင်းသမီးအမည် ဖြစ်သည်။
ယဲ့ယီ ယန်နျန့်စီ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ပြန်မေးလိုက်၏။
“နင်ရော နျင်ရှ နေရာအတွက် လာတာလား”
ယန်နျန့်စီ ခေါင်းငြိမ့်၏။
“အေးလေ၊ နင်ရော မဟုတ်ဘူးလား”
ယဲ့ယီ ခေါင်းခါလိုက်သည်။
ယဲ့ယီသည် မင်းသမီးနေရာအတွက် လာခြင်းမဟုတ်ကြောင်း သိရသောအခါ ယန်နျန့်စီ စပ်စုချင်လာ၏။
“ဒါဆိုရင် ဘယ်ဇာတ်ကောင်အတွက်လဲ၊ ဒုတိယမင်းသမီးလား ဒါမှမဟုတ် တခြားနေရာလား”
ယဲ့ယီသည် ခဏမျှ မည်သို့ပြောရမှန်း မသိဖြစ်သွားလေ၏။
“အချိန်တန်ရင် သိရမှာပါ”
ယန်နျန့်စီသည် ယဲ့ယီ ရွေးချယ်မခံရပါက အရှက်ရမည်ကို ကြောက်နေသည်ဟု ထင်မှတ်ကာ ထပ်မမေးတော့ပေ။
ယန်နျန့်စီ လူတွေ့စစ်ဆေးမှုမှာ ယဲ့ယီထက် စော၏။ သူမ ပြန်ထွက်လာသောအခါ ယဲ့ယီကို အားပေးစကား ပြောလိုက်သည်။
“စိတ်မပူနဲ့၊ ဒီအဖွဲ့က ဒါရိုက်တာက စကားပြောရတာ အဆင်ပြေတယ်။ ငါ နေ့ခင်းကျရင် အလုပ်တစ်ခုရှိသေးလို့ အရင်သွားတော့မယ်။ နင့်ဆီက သတင်းကောင်းကို စောင့်နေမယ်နော်”
ရင်းနှီးလွန်းသည့် ပုံစံအရဆိုလျှင် ယန်နျန့်စီသည် တုန်မင်ရွှမ်နှင့် တစ်ထေရာတည်းပင် ဖြစ်၏။
သူမသည် ယခင်က အကောင်းဆုံး မင်းသမီးဆုအတွက် ယဲ့ယီကို ရန်ငြိုးထားခဲ့သော်လည်း ကိစ္စများ ပြီးပြတ်သွားသောအခါ သူမကိုယ်သူမ ယဲ့ယီ၏ သူငယ်ချင်းဟု သတ်မှတ်ထားပုံရ၏။
ယဲ့ယီ၏ လူတွေ့စစ်ဆေးမှု အချိန်သည် အတော်လေး နောက်ကျသဖြင့် သူမသည် ခဏကြာအောင် စောင့်ဆိုင်းခဲ့ရသည်။
သူမ သရုပ်ဆောင်လိုသည့် ဇာတ်ကောင်အမည်ကို ပြောလိုက်သောအခါ လူတွေ့စစ်ဆေးသူများ အားလုံး ဆွံ့အသွားကြ၏။
ခဏအကြာတွင် အလယ်၌ ထိုင်နေသောသူက မေးလိုက်သည်။
“ဘာလို့ ဒီဇာတ်ကောင်ကို ရွေးချယ်တာလဲ။ မင်းရဲ့ အသက်အရွယ်က ဒီဇာတ်ကောင်နဲ့ အတော်လေး ကွာနေတယ်”
ယဲ့ယီ ရွေးချယ်ထားသော ဇာတ်ကောင်မှာ မင်းသမီးနှင့်အတူ တွဲဖက်ပါဝင်ရမည့်သူဖြစ်ပြီး အသက်မှာ အနည်းဆုံး လေးဆယ်၊ ငါးဆယ်ခန့် ရှိရလေမည်။
အရေးကြီးဆုံးအချက်မှာ အနုပညာနယ်ပယ်ရှိ မည်သည့်မင်းသမီးမျှ မိမိအသက်ထက် ကြီးသောဇာတ်ကောင်ကို သရုပ်ဆောင်ရန် ဆန္ဒမရှိကြခြင်း ဖြစ်သည်။
အနုပညာရှင်များ အကြောက်ဆုံးအရာမှာ အသက်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းခံရခြင်း ဖြစ်ပြီး အသက်ကြီးသော မင်းသမီးများစွာသည်ပင်အသက်အရွယ်ကြီးရင့်မှုကို ဝန်မခံလိုသဖြင့် ငယ်ရွယ်သော မိန်းကလေးများအဖြစ်သာ သရုပ်ဆောင်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ယဲ့ယီ၏ တောင်းဆိုမှုသည် အမှန်တကယ်ပင် မမျှော်လင့်ထားသော ကိစ္စဖြစ်လေ၏။
လူတွေ့စစ်ဆေးသူ၏ မေးခွန်းကို ယဲ့ယီက တည်ကြည်စွာ ဖြေကြားလိုက်သည်။
“အချို့လူတွေက အသက်ကြီးနေရင်တောင် မိန်းကလေးငယ်လေးတွေအဖြစ် သရုပ်ဆောင်နိုင်သေးတာပဲ။ ကျွန်မရဲ့ အသက်က ပြဿနာမဟုတ်ဘူးလို့ ထင်ပါတယ်၊ သရုပ်ဆောင်တယ်ဆိုတာ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တာပါ”
ဘေးနားရှိ လူတစ်ဦးက ပြုံးလိုက်၏။
“မင်းက မင်းရဲ့ သရုပ်ဆောင်မှုအပေါ် အတော်လေး ယုံကြည်ချက်ရှိပုံရတယ်၊ ဒါဆိုရင် မင်းရဲ့ စွမ်းရည်ကို ပြစမ်းပါဦး”
ယဲ့ယီ ခေါင်းငြိမ့်ကာ သူမ၏ သရုပ်ဆောင်မှုကို စတင်တော့သည်။
သူမသည် စိတ်မနှံ့သော အမျိုးသမီးတစ်ဦးဘဝမှ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သမီးဖြစ်သူကို တွေ့လိုက်ရချိန်တွင် သတိပြန်ဝင်လာကာ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည့် ခက်ခဲသော အခန်းကို ရွေးချယ်သရုပ်ဆောင်လိုက်၏။
ယဲ့ယီ၏ သရုပ်ဆောင်မှု ပြီးဆုံးသွားသောအခါ ခုနက စကားပြောခဲ့သောသူက ပထမဆုံး လက်ခုပ်တီး၍ ချီးကျူးတော့သည်။
ထို့နောက် ကျန်ရှိသူများကလည်း လိုက်လံ လက်ခုပ်တီးကြ၏။ ဘေးတွင်ထိုင်နေသောသူက ယဲ့ယီထံ တိုက်ရိုက် လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်သည်။
“မင်္ဂလာပါ၊ ကျွန်တော်က ဒီဇာတ်ကားရဲ့ ဒါရိုက်တာပါ၊ ကျွန်တော်တို့ အဖွဲ့ကနေ မင်းကို တရားဝင် ကြိုဆိုပါတယ်”
ယဲ့ယီ ပြုံး၍ ပြန်လည် လက်ဆွဲနှုတ်ဆက် လိုက်၏။
“အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာ”
“ဒါပေမဲ့ ကျွန်တော် သိချင်တာက ဘာလို့ ဒီဇာတ်ကောင်ကို ရွေးရတာလဲ။ ခက်တာကို ခဏထားဦး၊ မင်းလို မိန်းကလေးတစ်ယောက်က တခြားနေရာတွေမှာ အများကြီး သရုပ်ဆောင်လို့ ရတာပဲ၊ ဒီလို အဘွားကြီးနေရာမှာ သရုပ်ဆောင်ရတာ မင်းရဲ့ ရုပ်ရည်နဲ့ဆို နှမြောဖို့ကောင်းတယ်”
“ကျွန်မ နောက်နှစ်ရဲ့ အကောင်းဆုံး မင်းသမီးဆုအတွက် ဒီဇာတ်ကောင်ကို ရွေးချယ်ခဲ့တာပါ”
ယဲ့ယီ သူမ၏ ရည်ရွယ်ချက်ကို ပွင့်လင်းစွာ ပြောလိုက်၏။ အနုပညာနယ်ပယ်တွင် ရည်မှန်းချက်ရှိခြင်းမှာ မှားယွင်းသောကိစ္စ မဟုတ်ဟု သူမ ယူဆထား၏။
ဒါရိုက်တာမှာ ယဲ့ယီ၏ စကားကို ကြားပြီး အံ့အားသင့်သွားသည်။
“မင်း အသက်က ဒီနှစ်မှ သုံးဆယ်အောက်ပဲ ရှိသေးတာ မဟုတ်လား၊ ဒီလောက်အစောကြီးနဲ့ အကောင်းဆုံး မင်းသမီးဆုကို မှန်းနေတာလား”
ယဲ့ယီ ပြုံးပြလိုက်၏။
“ဒီနယ်ပယ်ထဲမှာ အဲ့ဒီနေရာကို မရောက်ချင်တဲ့သူ ဘယ်သူရှိလို့လဲရှင်”
ဒါရိုက်တာ အားရပါးရ ရယ်မောလိုက်ပြီး ယဲ့ယီကို ချီးကျူးသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ကောင်းတယ်၊ ကောင်းတယ်၊ မင်းလို ရည်မှန်းချက်ရှိတဲ့ လူငယ်တွေကို ငါသဘောကျတယ်၊ ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်”
ယဲ့ယီ တိုက်ရိုက်ပြန်မဖြေဘဲ ပြန်မေးလိုက်၏။
“ဒါရိုက်တာကြီးက ကိုယ်ရိုက်ကူးမဲ့ ဇာတ်ကားအပေါ်မှာ ယုံကြည်မှု မရှိလို့လား”
ထိုစကားကို ကြားသောအခါ လူတွေ့စစ်ဆေးသူများ၏ မျက်နှာများ ချက်ချင်းပျက်သွား၏။ သူတို့ ဒါရိုက်တာ ဒေါသထွက်မည်ကို စိုးရိမ်သွားကြ၏။
သို့သော် သူတို့ ထင်မှတ်မထားသည်မှာ ဒါရိုက်တာသည် ဒေါသမထွက်ရုံသာမက ယဲ့ယီအပေါ် ပို၍ပင် ကျေနပ်သွားသည်။
“ဟားဟား... ငါ့မှာ ယုံကြည်မှု ရှိတာပေါ့၊ မင်းကသာ ငါ့ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် လုပ်နိုင်ပါ့မလား”
ယဲ့ယီ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောတော့ပေ။ စကားထက် လက်တွေ့လုပ်ပြနိုင်မှသာ အောင်မြင်မည်ဟု သူမ သိထား၏။
ယဲ့ယီ ပြန်ရောက်လာသောအခါ နန်ချင်ဝမ် စိုးရိမ်တကြီးဖြင့် မေးသည်။
“ဘယ်လိုလဲ။ လူရွေးပွဲ အောင်ခဲ့လား”
ယဲ့ယီ တမင်တကာ စိတ်မကောင်းသော မျက်နှာပေးဖြင့် ခေါင်းငုံ့ကာ ဘာမှ မပြောဘဲ နေလိုက်၏။
နန်ချင်ဝမ် ယဲ့ယီပုခုံးကို ပုတ်ပေးကာ နူးညံ့စွာနှစ်သိမ့်လိုက်၏။
“ရပါတယ်၊ တခြား ဇာတ်ညွှန်းတွေကို ထပ်ရှာကြတာပေါ့”
ယဲ့ယီ ဘာမှ မပြောသေးဘဲ ပုခုံးများ တုန်ခါလာ၏။ နန်ချင်ဝမ်ကမူ ယဲ့ယီ ငိုနေသည်ဟု ထင်မှတ်ကာ အိတ်ထဲမှ တစ်ရှူးထုတ်ရန် ပြင်နေစဉ်မှာပင် ယဲ့ယီ၏ ရယ်သံကို ကြားလိုက်ရတော့၏။
နန်ချင်ဝမ် ယဲ့ယီ၏ နောက်ပြောင်ခြင်းကို ခံလိုက်ရမှန်း သိလိုက်ရတော့သည်။
ယဲ့ယီ ခဏတာမျှ ရယ်မောနေပြီး နန်ချင်ဝမ် စကားမပြောဘဲ နေသည်ကို မြင်သောအခါ သူမ စိတ်ဆိုးသွားပြီဟု ထင်မှတ်ကာ ချက်ချင်း တောင်းပန်ရန် ပြင်လိုက်လေသည်။
နန်ချင်ဝမ်ကမူ သူမကို မှုံတေတေ စိုက်ကြည့်နေ၏။
“မကြာခင် ရိုက်ကွင်းဝင်ရတော့မှာ ဆိုတော့ ရှေ့တစ်ပတ်လုံး နင် သားသတ်လွတ်ပဲ စားရမယ်”
အသားကို အလွန်ကြိုက်သော ယဲ့ယီမှာ ဆွံ့အသွားတော့သည်။
နောက်တစ်စက္ကန့်တွင် သူမ မျက်ရည်နှစ်စက် ညှစ်ထုတ်ကာ နန်ချင်ဝမ်ကို သနားစဖွယ် ကြည့်ပြီး အသနားခံတော့၏။
“ကျွန်မ မှားသွားပါပြီ၊ အသားမစားရရင် ကျွန်မ သေလိမ့်မယ်။ ကျွန်မ ဒီလို ညှိုးနွမ်းသွားတဲ့အထိ မမ စိတ်ရက်နိုင်လို့လား”
နန်ချင်ဝမ် ယဲ့ယီ၏ ခေါင်းကို ပုတ်ကာ အနူးညံ့ဆုံး လေသံဖြင့် အသည်းခွဲမည့် စကားကို ပြောလိုက်တော့သည်။
“အင်း... လုပ်ရက်နိုင်တာပေါ့”
ယဲ့ယီ: “ဝူးဝူး ….ဝူး”
သူမ ထပ်မံ ရုန်းကန်ချင်သေးသော်လည်း နန်ချင်ဝမ် ပြတ်ပြတ်သားသား ပြောလိုက်၏။
“ညှိလို့မရဘူး၊ နင် ဒီရက်ပိုင်း ညဘက်တွေမှာ ခိုးပြီး မာလာရှမ်းကော မှာစားနေတာ ငါမသိဘူး မထင်နဲ့”
ယဲ့ယီ နန်ချင်ဝမ်ကို တအံ့တဩ စိုက်ကြည့်လိုက်၏။
“ဟင်... အစ်မ ဘယ်လို သိသွားတာလဲ”
သူမ အိမ်တွင် တိတ်တဆိတ် မှာစားခဲ့ခြင်း ဖြစ်ပြီး ပစ္စည်းပို့သူကိုပင် နန်ချင်ဝမ် မမြင်အောင် သတိထားရန် အထူးမှာကြားခဲ့သဖြင့် နန်ချင်ဝမ် မသိနိုင်ဟု ထင်ထား၏။
နန်ချင်ဝမ်ကမူ ခပ်အေးအေးပင် ပြန်ပြော၏။
“တံခါးဝက အမှိုက်ပုံးကို ငါတို့ နှစ်အိမ်ပဲ သုံးတာလေ။ ကျားကျား မှာစားတာ ဖြစ်နိုင်ပါ့မလား”
ယဲ့ယီ: ‘ငါပေါ့သွားတယ်’
ယခုမူ ယဲ့ယီတွင် ပြောစရာစကား မရှိတော့ပေ။
သူမကိုယ်သူမ အလွန် လျှို့ဝှက်သည်ဟု ထင်ထားခဲ့သော်လည်း နန်ချင်ဝမ်က သိသိကြီးနှင့် မပြောဘဲ နေခဲ့ခြင်းသာဖြစ်လေ၏။
နောက်ဆုံးတွင် ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ ဝိတ်ချရန် အစားအစာများကို အတူတူ စားရကာ သူတို့၏ မျက်နှာများမှာပင် ထိုဟင်းသီးဟင်းရွက်များကဲ့သို့ စိမ်းဖန့်နေတော့၏။
ကုရှီချန်း ခရီးထွက်သွားပြီး ငါးရက်အကြာတွင် ယဲ့ယီ သူ၏ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့သည်။
ကုရှီချန်း ခရီးထွက်သွားကတည်းက ယဲ့ယီသူ့ဆီမှ မည်သည့်သတင်းမျှ မရရှိခဲ့ပေ။
သူ့ အနားယူမှုကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် သူမလည်း အလောတကြီး ဆက်သွယ်ခြင်း မပြုခဲ့ပေ။
ကုရှီချန်း ဖုန်းဆက်လာသောအခါ သူ ဘာကြောင့် မဆက်သွယ်နိုင်ခဲ့ကြောင်း အရင်ဆုံး ရှင်းပြသည်။
နိုင်ငံခြားမှ ဘဏ်ခွဲတစ်ခုတွင် ပြဿနာတက်နေသဖြင့် သူအလွန်အလုပ်များနေကာ ဖုန်းကိုပင် စစ်ဆေးရန် အချိန်မရှိခဲ့ခြင်း ဖြစ်ပြီး ပြန်လာမည့်ရက်ကိုလည်း နောက်ဆုတ်လိုက်ရကြောင်း ပြောလာ၏။
ယဲ့ယီ စိတ်ထဲ မထားပေ။ မည်သို့ပင်ဖြစ်စေ သူမ မကြာခင် ရိုက်ကွင်းဝင်ရတော့မည် ဖြစ်သဖြင့် ကုရှီချန်း ပြည်တွင်း၌ ရှိနေလျှင်ပင် သူတို့ အတူတူရှိရန် အချိန်သိပ်ရှိမည် မဟုတ်ပေ။
စကားသိပ်မပြောရသေးခင်မှာပင် ကုရှီချန်းက အလုပ်ပြန်လုပ်ရန် ရှိနေသဖြင့် ဖုန်းချခါနီးတွင် ယဲ့ယီကို တစ်ခုခုဖြစ်ပါက သူ့ကို ဖုန်းဆက်ရန် မမေ့ဘဲ မှာကြားသွားခဲ့သည်။
ယဲ့ယီမှာမူ သကြားလုံး တစ်လုံးကို စားလိုက်ရသကဲ့သို့ သူမ၏ နှလုံးသားတစ်ခုလုံး ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားလေတော့၏။