← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း(၁၆၇)

ပရဟိတပွဲ မကြာမီ စတင်ခဲ့လေသည်။

ဂါလာပွဲမစတင်မီ မိနစ်ပိုင်းအလိုတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော စီအီးအိုကို နောက်ဆုံးတွင် ယဲ့ယီ တွေ့မြင်ခဲ့ရလေ၏။

ထိုသူ မည်သူဖြစ်သည်ကို မြင်လိုက်ရသည့်ခဏ၌ ယဲ့ယီ၏ မျက်နှာအမူအရာကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲသွားတော့သည်။

ထိုစီအီးအိုသည် အခြားသူမဟုတ်ဘဲ ရူသိုက်ဝိန်ပင် ဖြစ်သည်။

စီအီးအိုဝတ္ထုများစွာကို ဖတ်ရှုဖူးသူတစ်ဦးအနေဖြင့် ရူသိုက်ဝိန် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ဂါလာပွဲအတွက် သက်သက်မဟုတ်ဘဲ သူမကို ဦးတည်ထားခြင်း ဖြစ်သည်ကို ရှင်းလင်းစွာ မြင်နေရ၏။

မီဒီယာများ၏ စောင့်ကြည့်မှုအောက်တွင် ရူသိုက်ဝိန် ယဲ့ယီဘေးရှိ ထိုင်ခုံဆီသို့ လျှောက်လှမ်းလာခဲ့သည်။

သို့သော်လည်း သူမ ချက်ချင်း ထိုင်မချလိုက်ဘဲ ပြုံးလျက် ယဲ့ယီထံ လက်ကမ်းပေးကာ ပြောလိုက်၏။

“မစ္စယဲ့ မတွေ့ရတာ ကြာပြီနော်”

‘သရုပ်ဆောင်ရုံသက်သက်ပဲ။ ဘာခက်လို့လဲ’

ယဲ့ယီ ရူသိုက်ဝိန်လက်ကို ဆွဲ၍ ပြုံးပြ နှုတ်ဆက်လိုက်သည်။

“မစ္စရူက ကျီချိန်ဖျော်ဖြေရေးရဲ့ စီအီးအိုအသစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားမိဘူး”

“ကျွန်မ မိသားစုက အနုပညာဘက်ကို ဦးတည် ချဲ့ထွင်ဖို့ စီစဉ်ထားတာလေ။ အဲ့တာကြောင့် ကုမ္ပဏီတစ်ခုကို အပျော်သဘောပဲ လွှဲပြောင်းယူလိုက်တာပါ။ နောင်ကျရင် ကျွန်မကို ကူညီပေးသွားပါဦး မစ္စယဲ့”

ရူသိုက်ဝိန် ဆက်တိုက် ပြုံးနေသော်လည်း သူမ ယဲ့ယီကို ကြည့်လိုက်သော မျက်လုံးများထဲတွင်မူ နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိနေ၏။

ယဲ့ယီသည် ထိုစကားမှာ သူမကို စစ်ကြေညာနေခြင်းဖြစ်ကြောင်း နားလည်လိုက်တော့သည်။

ဒုက္ခပေးမည့် အရင်းအမြစ်တစ်ခုပင်။

ရူသိုက်ဝိန် သူမ နေရာသို့ လျှောက်သွားကာ ထိုင်လိုက်၏။

ပရဟိတပွဲ တရားဝင် စတင်ခဲ့လေသည်။

ပထမဆုံး အစီအစဉ်မှာ လှူဒါန်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။

ပထမဦးစွာ လှူဒါန်းကြသူများမှာ ဤအသိုင်းအဝိုင်းအတွင်းရှိ ကြယ်ပွင့်များဖြစ်ကြပြီး လူတိုင်းသည် ယခင်နှစ်ကထက် ပိုမိုများပြားစွာ လှူဒါန်းကြသည်။

အနုပညာရှင်များ လှူဒါန်းမှုပြီးဆုံးပြီးနောက်တွင် ဖျော်ဖြေရေးကုမ္ပဏီ စီအီးအိုအသီးသီး လှူဒါန်းရမည့် အလှည့်သို့ ရောက်ရှိလာတော့သည်။

ယခင်နှစ်များက ထိုကဲ့သို့သော အစီအစဉ်မျိုး မရှိခဲ့ဖူးချေ။

ယခင်နှစ်များက စီအီးအိုများ တက်ရောက်လေ့မရှိသော်လည်း ယခုနှစ်တွင်မူ သူတို့အကုန် အကျပ်ကိုင်ခံရခြင်း ဖြစ်သည်။

မည်သို့ပင် အကြောင်းပြချက် ရှိစေကာမူ လှူဒါန်းမှုပမာဏမှာ တစ်ခုထက်တစ်ခု ပိုမိုကြီးမားလာသဖြင့် ယဲ့ယီ နှလုံးအောင့်လာတော့၏။

မကြာမီ ရူသိုက်ဝိန် လှူဒါန်းရမည့် အလှည့်သို့ ရောက်ရှိလာခဲ့၏။

သို့သော်လည်း သူမ ချက်ချင်း မလှူဒါန်းသေးချေ။

ထို့ပြင် စီအီးအိုယဲ့ကို သူမ စူးစူးစိုက်စိုက် ကြည့်နေ၏။

“ကျွန်မ စီအီးအိုယဲ့ လှူဒါန်းမဲ့ ပမာဏရဲ့ နှစ်ဆကို လှူဒါန်းပါမယ်”

ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သတင်းထောက်အားလုံး သူတို့၏ ကင်မရာများကို ယဲ့ယီထံသို့ ချက်ချင်း ချိန်ရွယ်လိုက်ကြပြီး ပွဲတက်ရောက်လာသူအားလုံးကလည်း ယဲ့ယီကို လှည့်ကြည့်လိုက်ကြလေသည်။

ယဲ့ယီ: “...”

‘ဒီနေ့ အပြင်မထွက်ခင် ဘာလို့ မျက်ခွံတွေ တဆတ်ဆတ် တုန်နေရတာလဲလို့ စဉ်းစားနေတာ။ လခွမ်း ကြောင့်ကိုး‘

ရူသိုက်ဝိန် သူမ၏ ပိုက်ဆံအိတ်ကို သွေးထွက်သံယို ဖြစ်အောင် လုပ်ချင်နေခြင်းလော။

လူတိုင်း ယဲ့ယီကို မျက်လုံးအဝိုင်းသားများဖြင့် စိုက်ကြည့်နေကြပြီး သူမ လှူဒါန်းမည့် ပမာဏကို စောင့်ဆိုင်းနေကြတော့သည်။

ရူသိုက်ဝိန် ယဲ့ယီကို မဲ့ပြုံးဖြင့် ကြည့်နေ၏။

သူမ စောစောစီးစီးကပင် စုံစမ်းစစ်ဆေးထားပြီးဖြစ်၏။

ယဲ့ယီ၏ ကုမ္ပဏီတွင် လူတစ်ယောက်မျှ မရှိသလောက်ဖြစ်သဖြင့် ယဲ့ယီ ငွေ မည်မျှအထိ ထုတ်ပေးနိုင်မည်ကို သူမ စောင့်ကြည့်ချင်နေ၏။

ယဲ့ယီ သူမ၏နှုတ်ခမ်းကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်လေ၏။

“ကျွန်မ ယွမ် သန်း ၁၀၀ လှူပါတယ်”

ပွဲခင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။

လူတိုင်း ယဲ့ယီကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ရူသိုက်ဝိန် ထိတ်လန့်သွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာကာ ယဲ့ယီကို ဟန်ဆောင်ပြုံးဖြင့် ကြည့်လိုက်ပြန်၏။

“စီအီးအိုယဲ့ နောက်နေတာလား”

အခြားသူများကလည်း ထိုအခါမှ သတိပြန်ဝင်လာကြပြီး ယဲ့ယီ နောက်ပြောင်နေခြင်းသာ ဖြစ်ရမည်ဟု ထင်မှတ်ကာ တီးတိုးစကားဆိုလာကြတော့၏။

ယဲ့ယီ ထိုအတင်းအဖျင်းစကားများကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။

“ကျွန်မ ယွမ် သန်း ၁၀၀ လှူဒါန်းပါတယ်၊ ဒါပေမဲ့ သုံးစွဲမှု အသေးစိတ် အချက်အလက်တိုင်းကို ပြည်သူလူထုထံ ချပြရပါမယ်”

ယဲ့ယီ နောက်ပြောင်နေသည့် ပုံစံမျိုးမဟုတ်သည်ကို မြင်သောအခါ ရူသိုက်ဝိန် အနည်းငယ် ထိတ်လန့်သွားရသည်။

သူမ ငွေကြေး မချို့တဲ့သော်လည်း ယခုလောလောဆယ်တွင် ယွမ် သန်း ၂၀၀ ကို ချက်ချင်း မထုတ်ပေးနိုင်ချေ။

“စီအီးအိုယဲ့...

ဒီငွေတွေကို ပွဲချင်းပြီး ပေးဆောင်ရမှာနော်”

ရူသိုက်ဝိန်အနေဖြင့် ယဲ့ယီ ထိုမျှလောက် များပြားသော ငွေကြေးကို မထုတ်ပေးနိုင်ပါစေနှင့်ဟုသာ ဆုတောင်းနေရတော့သည်။

မည်သူ ထင်ပါမည်နည်း။ နောက်တ

နောက်တစ်ခဏတွင် ယဲ့ယီသည် ဝန်ထမ်းများနှင့်အတူ ကတ်ဖြင့် ငွေပေးချေလိုက်လေ၏။

ယခုအခါတွင်မူ လူတိုင်း၏အကြည့်မှာ ရူသိုက်ဝိန်ထံသို့ ရောက်ရှိသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် စောစောကပင် ယဲ့ယီထက် နှစ်ဆ လှူဒါန်းမည်ဟု ပြောကြားခဲ့သောကြောင့် ဖြစ်သည်။

ရူသိုက်ဝိန် အံကြိတ်လျက်သာ ပြောလိုက်ရတော့၏။

“ကျွန်မ ခဏနေရင် လှူဖို့ ဘဏ်ကို ဆက်သွယ်လိုက်ပါမယ်”

ယဲ့ယီ ပြန်လည်ရောက်ရှိလာသောအခါ ရူသိုက်ဝိန်သည် ကင်မရာများ မမြင်နိုင်သော နေရာတစ်ခုတွင် သူမ အသံကို နှိမ့်ချကာ မေးမြန်းလိုက်သည်။

“နင် ဒီလောက်များပြားတဲ့ ငွေတွေကို ဘယ်ကရတာလဲ”

ယဲ့ယီကမူ တောက်ပစွာ ပြုံးပြလိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်လေသည်။

“ကုရှီချန်း ငါ့ကို ပေးထားတာလေ”

ထိုစကားမှာ နှလုံးသားကို ဓားနှင့် မွှန်းလိုက်သကဲ့သို့ပင်။ ရူသိုက်ဝိန်၏ မျက်နှာလည်း ချက်ချင်း မည်းမှောင်သွားပြီး ယဲ့ယီကို ဒေါသတကြီး စိုက်ကြည့်နေတော့၏။

ယဲ့ယီကမူ ထိုအရာကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

လှူဒါန်းမှု အစီအစဉ် ပြီးဆုံးသွားသောအခါ ယဲ့ယီနှင့် ရူသိုက်ဝိန်တို့ နှစ်ဦးစလုံး စင်မြင့်ပေါ်သို့ ခေါ်ယူကာ ကျေးဇူးတင်စကား ပြောကြားခြင်း ခံရ၏။ သို့သော် ရူသိုက်ဝိန်၏ မျက်နှာအမူအရာသည် ဆိုးရွားလွန်းနေတော့သည်။

လှူဒါန်းမှု ပြီးဆုံးပြီးနောက်တွင်မူ လူတိုင်း လွတ်လပ်စွာ သွားလာနိုင်ကြပြီဖြစ်ရာ တုန်မင်ရွှမ်နှင့် အခြားသူများက ယဲ့ယီ၏ဘေးသို့ ချက်ချင်း ရောက်ရှိလာကြလေသည်။

တုန်မင်ရွှမ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။

“အစ်မယဲ့. ဒီလောက်များပြားတဲ့ ငွေတွေကို ဘယ်ကရတာလဲ။ တရားမဝင်တာတစ်ခုခု သွားလုပ်ထားတာတော့ မဟုတ်ပါဘူးနော်”

ယဲ့ယီ တုန်မင်ရွှမ်ကို စိုက်ကြည့်လိုက်၏။

“နင် ဘယ်လိုထင်လို့လဲ”

တုန်မင်ရွှမ်ကမူ ယဲ့ယီကို ယုံကြည်သော်လည်း နားမလည်နိုင်သေးပေ။

“ဒါပေမဲ့ အစ်မဆီမှာ ဘာလို့ ဒီလောက် ပိုက်ဆံတွေ အများကြီး ရှိနေရတာလဲ”

နောက်တစ်ခဏတွင် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အသံကို နှိမ့်ချလျက် ပြောလိုက်လေသည်။

“ဒါ... စီအီးအိုကု အစ်မကို ပေးထားတာ မဟုတ်လား”

ယဲ့ယီ ခဏတာမျှ စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။

“ဒီလိုပါပဲ”

“ဒီလိုပါပဲ ဆိုတာ ဘာကို ပြောချင်တာလဲ”

တုန်မင်ရွှမ် မနားလည်နိုင်ချေ။

“ငါတို့ ကွာရှင်းတုန်းက ကုရှီချန်း ငါ့ကို ကတ်တစ်ခု ပေးခဲ့တာလေ”

ယဲ့ယီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

တုန်မင်ရွှမ်: “...”

သူတို့ ကွာရှင်းစဉ်က ကုရှီချန်း ယဲ့ယီကို ကတ်တစ်ခု ပေးခဲ့သော်လည်း ယဲ့ယီကမူ စစ်ဆေးခြင်းမပြုခဲ့ချေ။

မနေ့ကမှ သူမ သွားရောက်စစ်ဆေးခဲ့ရာ ထိုကတ်ထဲတွင် ယွမ် သန်း ၅၀၀ ရှိနေကြောင်း သိရှိခဲ့ရ၏။

တုန်မင်ရွှမ် သတိကြီးစွာ မေးလိုက်သည်။

“ဒါပေမဲ့ အစ်မယဲ့ ဘာဖြစ်လို့ ဒီလောက်များတဲ့ ငွေတွေကို ထုတ်သုံးနိုင်ရတာလဲ။ ဒါ အစ်မ စရိုက်နဲ့ မတူဘူး”

တုန်မင်ရွှမ်သည် ယဲ့ယီ မည်မျှအထိ ငွေမက်သည်ကို ကောင်းစွာသိ၏။

ယနေ့တွင် ယဲ့ယီ ပိုမိုလှူဒါန်းလိမ့်မည်ကို သူ သိရှိထားသော်လည်း ယဲ့ယီက ယွမ် သန်း ၁၀၀ ကို ရုတ်ချည်း လှူဒါန်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

ယဲ့ယီ တုန်မင်ရွှမ် ခေါင်းကို ပုတ်လိုက်ပြီး စနောက်သော လေသံဖြင့် ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ အစ်မက ချမ်းသာလို့ပေါ့”

ယဲ့ယီ ဤမျှလောက် များပြားသော ငွေကြေးကို လှူဒါန်းရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းအားဖြင့် ရူသိုက်ဝိန်ကို ပြဿနာရှာရန် ဖြစ်သော်လည်း လက်တွေ့တွင်မူ သူမ အမှန်တကယ် လှူဒါန်းချင်သော အရာလည်း ဖြစ်သည်။

သူမ၏ အတိတ်ဘဝက ဆင်းရဲနွမ်းပါးသော တောင်ပေါ်ဒေသအချို့သို့ ရောက်ရှိခဲ့ဖူးပြီး ထိုနေရာရှိ ကလေးငယ်များ၏ ခက်ခဲပင်ပန်းလှသော ဘဝများကို မြင်တွေ့ခဲ့ရသဖြင့် သူမသည် နှစ်စဉ် ငွေကြေးအမြောက်အမြားကို လှူဒါန်းလေ့ရှိသည်။

အကယ်၍ သူမ ယွမ် သန်းအနည်းငယ်သာ လှူဒါန်းပြီး ထိုရန်ပုံငွေများ၏ အသေးစိတ်စာရင်းကို တောင်းခံမည်ဆိုပါက ကိစ္စအသေးအမွှားလေးကို ပုံကြီးချဲ့နေသည်ဟု သေချာပေါက် စွပ်စွဲခံရပေလိမ့်မည်။

သို့သော်လည်း သူမက ယွမ် သန်း ၁၀၀ ကို လှူဒါန်းလိုက်မည်ဆိုပါက သူတို့ ခိုးယူချင်လျှင်ပင် ခိုးယူနိုင်တော့မည်မဟုတ်ပေ။

ယဲ့ယီ တုန်မင်ရွှမ်ကို ထပ်မံရှင်းပြရန် အစီအစဉ်မရှိတော့ဘဲ မုန့်အချို့ကို စားသုံးရန် ထောင့်စွန်းတစ်ခုဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် နေ့စဉ် ဝိတ်ချစာများကိုသာ စားသုံးခဲ့ရသဖြင့် သူမ၏ မျက်နှာမှာ စိမ်းဖတ်ဖတ်ပင် ဖြစ်လုနီးပါး ဖြစ်နေလေပြီ။

နန်ချင်ဝမ် ဘေးတွင်မရှိသဖြင့် သူမ ပိုမိုစားသုံးရမည်။

“ယဲ့ယီ... တိုက်ဆိုင်လိုက်တာ”

ယဲ့ယီသည် မုန့်ကို အရသာရှိရှိ စားသုံးနေစဉ်မှာပင် ရုတ်တရက် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ယန်နျန့်စီပင် ဖြစ်သည်။

ယန်နျန့်စီ ပြုံးလျက် ပြောလိုက်သည်။

“နင်လည်း အရွေးခံရတယ်လို့ ငါ ကြားတယ်။ နင် ဘာဇာတ်ကောင်နေရာက သရုပ်ဆောင်ရမှာလဲ”

ဤဇာတ်ကောင်နေရာနှင့် ပတ်သက်၍ ဒါရိုက်တာက ပရိသတ်ကို အံ့အားသင့်စရာတစ်ခု ပေးရန် စီစဉ်ထားသဖြင့် ယဲ့ယီ ပါဝင်သရုပ်ဆောင်မည်ဟုသာ ပြောကြားခဲ့ပြီး မည်သည့်ဇာတ်ကောင်ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

အခန်း(၁၆၈)

ယန်နျန့်စီနှင့် ယဲ့ယီတို့ စကားပြောဆိုနေကြစဉ်မှာပင် စားပွဲထိုးတစ်ဦး ရုတ်တရက် လျှောက်လာသည်။

ထိုစားပွဲထိုးသည် ယဲ့ယီဘေးသို့ တိုက်ရိုက်လျှောက်လာပြီး တိုးတိုးတိတ်တိတ် ပြောကြား၏။

“မစ္စယဲ့ အပေါ်ထပ်မှာ လူတစ်ယောက်က မစ္စယဲ့ကို ရှာနေပါတယ်။ သူက ကုစဲ့ရဲ့ အမေအရင်း ဘယ်သူလဲဆိုတာ သိတယ်လို့ ပြောပါတယ်”

စားပွဲထိုး၏ စကားများကို ကြားရပြီးနောက် ယန်နျန့်စီ စောစောက ပြောပြခဲ့သော သတင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဤစားပွဲထိုးကို လွှတ်လိုက်သူက ရူသိုက်ဝိန်ပင် ဖြစ်ကြောင်း ယဲ့ယီ အခြေခံအားဖြင့် အတည်ပြုလိုက်နိုင်သည်။

ယဲ့ယီ ရူသိုက်ဝိန် ပြောမည့်အရာကို စိတ်ဝင်စားမိသော်လည်း သူမ ကလေးတစ်ယောက် မဟုတ်ချေ။

‘အရင်တုန်းကလည်း မရှာဘူး၊ ဒီလိုနေ့မျိုးမှမဖြစ်မနေ ရှာတယ်ဆိုကတည်းက သေချာပေါက် ရည်ရွှယ်ချက် မကောင်းဘူး’

“အဲဒီစားပွဲထိုး နင့်ကို ဘာပြောသွားတာလဲ”

ယန်နျန့်စီ စူးစမ်းလိုသော မျက်လုံးများဖြင့် ယဲ့ယီကို ကြည့်ကာ မေးမြန်းလိုက်သည်။

“သူငယ်ချင်းတစ်ယောက်က ငါ့ကို ရှာနေလို့ပါ။ အော် ဒါနဲ့ နာရီဝက်လောက်ကြာရင် တုန်မင်ရွှမ်နဲ့ ရှန်ကျီဟန်တို့ကို အပေါ်ထပ်က အခန်းအမှတ် ၆၀၂ မှာ ငါ့ကို လာတွေ့ဖို့ ပြောပေးပါဦး”

ယဲ့ယီ စကားကို ကြားသောအခါ ယန်နျန့်စီကအတင်းအဖျင်းစပ်စုလိုသော မျက်နှာအမူအရာဖြင့် သူမကို ကြည့်လိုက်၏။

“အဲဒါ ရူသိုက်ဝိန်နဲ့ ဒုတိယသခင်လေးကုန်းတို့ သွားကြတဲ့ အခန်းမဟုတ်ဘူးလား။ နင်ပြောတဲ့ အသိမိတ်ဆွေဆိုတာ သူတို့ကို ပြောတာလား”

ယဲ့ယီ ထပ်မံရှင်းပြခြင်းမပြုဘဲ ခေါင်းသာညိတ်ပြလိုက်ပြီး အပေါ်ထပ်သို့ တိုက်ရိုက်တက်လှမ်းသွားခဲ့သည်။

ယန်နျန့်စီ၏ အတင်းအဖျင်းစပ်စုလိုသော ဝိညာဉ်မှာ ပြင်းထန်စွာ တောက်လောင်လာပြီး ယဲ့ယီ မှာကြားခဲ့သည့်အတိုင်း တုန်မင်ရွှမ်နှင့် အခြားသူများကို သွားရောက်ရှာဖွေ၏။

တုန်မင်ရွှမ်နှင့် အခြားသူများကမူ ယဲ့ယီတွင် သူတို့ကို ပြောပြစရာ အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေသည်ဟု ထင်မှတ်ကြသည်။

အကယ်၍ ယဲ့ယီ သူတို့ကို မဖြစ်မနေ နာရီဝက်စောင့်ပြီးမှ တက်လာရန် အထူးတလည် မှာကြားထားခြင်း မရှိပါက သူတို့ ထိုခဏ၌ပင် အပေါ်ထပ်သို့ တက်သွားကြပေလိမ့်မည်။

ထိုအတောအတွင်း ယဲ့ယီသည် အခန်းအမှတ် ၆၀၂ ၏ တံခါးဝသို့ ရောက်ရှိလာ၏။

သူမသည် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။

အခန်းအတွင်း၌ ရူသိုက်ဝိန်၏ အရိပ်အယောင်ကို မတွေ့ရချေ။

ယဲ့ယီ ပြန်ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခုက ရုတ်တရက် ပြေးထွက်လာပြီး သူမကို ဖက်တွဲလိုက်လေသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ကုန်းရှောင်ချင်းပင် ဖြစ်သော်လည်း သူ့မျက်နှာမှာ ပုံမှန်မဟုတ်သော နီမြန်းခြင်းများဖြင့် နီရဲနေ၏။

ယခုအခါတွင် ရူသိုက်ဝိန် မည်သည့်အရာကို လုပ်ဆောင်ချင်နေသည်ကို ယဲ့ယီ အတိအကျ နားလည်သွားသည်။

သူမအား ဤနေရာသို့ မျှားခေါ်ပြီး ကုန်းရှောင်ချင်းနှင့် ပတ်သက်မှုတစ်ခုခု ဖြစ်ပွားစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။

ကုန်းရှောင်ချင်း၏ ပုံစံကို ကြည့်ခြင်းအားဖြင့် သူ ဆေးခတ်ခံထားရသည်မှာ သေချာ၏။

သို့သော်လည်း သူ ရူသိုက်ဝိန်၏ လှည့်စားသည်ကို ခံရသည်လော သူ့သဘောဆန္ဒအလျောက် ပူးပေါင်းပါဝင်နေခြင်းလော။

ကုန်းရှောင်ချင်း ယဲ့ယီကို တင်းကျပ်စွာ ဖက်ထားပြီး သူ့လက်များက စတင်လှုပ်ရှားလာခဲ့သည်။

ယဲ့ယီက တံတောင်ဆစ်ဖြင့် တွန်းတိုက်လိုက်သဖြင့် သူ လက်လွှတ်လိုက်ရပြီးနောက် ကိုယ်ခံပညာကို အသုံးပြုကာ ကုန်းရှောင်ချင်းကို ကြမ်းပြင်ပေါ်သို့ ဖိနှိပ်ချုပ်ကိုင်လိုက်၏။

ယန်နျန့်စီ တုန်မင်ရွှမ်တို့နှင့်အတူ ရောက်ရှိလာသောအခါ သူတို့ မြင်တွေ့လိုက်ရသည်မှာ ကုန်းရှောင်ချင်းသည် မုန့်လိပ်တစ်ခုကဲ့သို့ တုတ်နှောင်ခံထားရပြီး ယဲ့ယီမှာမူ ဘေးတွင် ဘေးကင်းလုံခြုံစွာ ထိုင်နေလေ၏။

“အစ်မယဲ့... ဘာတွေဖြစ်နေတာလဲ”

တုန်မင်ရွှမ် တုတ်နှောင်ခံထားရသော ကုန်းရှောင်ချင်းကို လက်ညှိုးထိုးကာ မေးမြန်းလိုက်သည်။

“သူ ဆေးခတ်ခံထားရတယ်”

ယဲ့ယီ၏ စကားကြောင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ဘာ”

ဆေးခတ်ခံထားရသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အတူတူရှိနေခြင်း၏ ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းလှသည်။

ယန်နျန့်စီ ရှေ့သို့ လှမ်းလာပြီး ယဲ့ယီလက်ကို ဆွဲကိုင်ကာ သေချာစွာ စစ်ဆေးလျက် စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“နင် ဘာမှမဖြစ်ဘူးမလား”

ယဲ့ယီ ခေါင်းခါပြလိုက်သည်။

သူမသည် မိုက်မဲသောသူ မဟုတ်ချေ။

ရူသိုက်ဝိန် သူမကို အခန်းတစ်ခုတွင် ရှာဖွေခိုင်းခြင်းသည် ပုံမှန်မဟုတ်သော အကြံအစည်တစ်ခုခု ရှိနေသည်မှာ ထင်ရှားလှ၏။

သူမအနေဖြင့် အပေါ်ထပ်သို့ တိုက်ရိုက်တက်လာရန် သတ္တိရှိရခြင်း၏ အကြောင်းရင်းမှာ အတိတ်ဘဝက သိုင်းကားတစ်ကား ရိုက်ကူးရန်အတွက် ကိုယ်ခံပညာကို အထူးတလည် သင်ကြားခဲ့ဖူးသဖြင့် သာမန်လူများအနေဖြင့် သူမကို မည်သို့မျှ အနိုင်ကျင့်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူမသည် မိုက်မဲသူမဟုတ်ပေ။ ထို့ကြောင့်ပင် ယန်နျန့်စီကို လွှတ်၍ တုန်မင်ရွှမ်နှင့် အခြားသူများကို သွားရောက်ရှာဖွေခိုင်းခြင်း ဖြစ်သည်။

ရှန်ကျီဟန်နှင့် ကျီချန်ဖန်တို့ကလည်း ယဲ့ယီကို စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ယဲ့ယီကို ဤနေရာသို့ ခေါ်ဆောင်ခဲ့သောသူသည် သူမအား သေချာပေါက် ဖျက်ဆီးပစ်ချင်နေခြင်း ဖြစ်သော်လည်း ကံကောင်းထောက်မစွာ ယဲ့ယီ ကြိုတင်ရိပ်မိခဲ့၏။

လူတိုင်း ထပ်မံ၍ စကားအချို့ ဆိုချင်နေကြစဉ်မှာပင် လှေကားထစ်များဆီမှ ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။

ယဲ့ယီ ယန်နျန့်စီကို ထောင့်စွန်းတစ်ခုဆီသို့ ချက်ချင်း ဆွဲခေါ်သွားခဲ့ပြီး တုန်မင်ရွှမ်နှင့် အခြားသူများကိုမူ ထိုနေရာတွင်ပင် ထားရစ်ခဲ့လေ၏။

ရူသိုက်ဝိန် မီဒီယာအဖွဲ့များနှင့်အတူ ရောက်ရှိလာသောအခါ တုန်မင်ရွှမ်နှင့် အခြားသူများ တံခါးဝတွင် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေကြသည်ကို မြင်တွေ့လိုက်ရလေသည်။

ရူသိုက်ဝိန်သည် မိမိ စီစဉ်ထားသော ကိစ္စရပ်များ သေချာပေါက် အောင်မြင်သွားပြီဟု မသိစိတ်ကပင် တွေးတောလိုက်မိသဖြင့် သူမ နှုတ်ခမ်းစွန်းများက မနေနိုင်ဘဲ ပြုံးရောင်သမ်းသွားတော့၏။

ထို့နောက် သူမ တုန်မင်ရွှမ်တို့ဆီ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး မေးလိုက်သည်။

“စားပွဲထိုး ပြောတာတော့ တစ်ယောက်ယောက်က ဒီနေရာမှာ အကူအညီတောင်းပြီး အော်ဟစ်သံ ကြားရတယ်ဆိုလို့။ ဘာဖြစ်လို့လဲ”

ရူသိုက်ဝိန်၏ နောက်ကွယ်မှ မီဒီယာများသည် အတွင်းပိုင်းမြင်ကွင်းကို ချက်ချင်း ရိုက်ကူးချင်သဖြင့် သူတို့၏ လက်မောင်းများကို ဆန့်တန်းလိုက်ကြသော်လည်း ကံမကောင်းစွာ တုန်မင်ရွှမ်၊ ရှန်ကျီဟန်နှင့် ကျီချန်ဖန်တို့က တံခါးဝကို လုံးဝပိတ်ဆို့ထားသဖြင့် အတွင်းပိုင်းကို မည်သို့မျှ မမြင်နိုင်ချေ။

ယဲ့ယီနှင့် ယန်နျန့်စီတို့မှာမူ ထောင့်စွန်းတစ်ခုတွင် ဝပ်စောင်းလျက် ထိုနေရာသို့ တိတ်တဆိတ် ချောင်းကြည့်နေကြသည်။

ယန်နျန့်စီ သူမ အသံကို နှိမ့်ချကာမေးလိုက်လေ၏။

“ကြည့်ရတာ ရူသိုက်ဝိန်က နင့်ကို ဒုက္ခပေးချင်တာပဲ။ ဒါပေမဲ့ သူ ဘာဖြစ်လို့ ကုန်းရှောင်ချင်းကို ဆေးခတ်ရတာလဲ”

“သူကိုယ်သူ သံသယကင်းအောင် လုပ်ဖို့ပေါ့”

ယဲ့ယီ တိုးတိုးတိတ်တိတ် ပြန်လည်ဖြေကြားသည်။

ယဲ့ယီအနေဖြင့် ရူသိုက်ဝိန်တွင် ကောင်းမွန်သော အစီအစဉ်တစ်ခု ရှိနေသည်ကို မချီးကျူးဘဲ မနေနိုင်ချေ။

ကုန်းရှောင်ချင်း သူမအား လူသိရှင်ကြား လိုက်လံပိုးပန်းနေခြင်းကို ကုရှီချန်း ဖိနှိပ်ထားသော်လည်း လူအတော်များများကမူ ထိုအကြောင်းကို သိရှိကြလေသည်။

အကယ်၍ ယနေ့တွင် သူမနှင့် ကုန်းရှောင်ချင်းတို့ကြား တစ်ခုခု တကယ်ဖြစ်ပွားခဲ့မည်ဆိုပါက ရူသိုက်ဝိန်သည် အပြစ်အားလုံးကို ကုန်းရှောင်ချင်းထံသို့ လွှဲချပစ်နိုင်လိမ့်မည်။

ထို့ပြင် ကုရှီချန်းအနေဖြင့်လည်း ကုန်းရှောင်ချင်းနှင့် အငြိုးအတေးများကို သွားရောက်ဖြေရှင်းနိုင်မည်မဟုတ်သဖြင့် ယဲ့ယီကို ကုရှီချန်း၏ ဘေးနားမှ အောင်မြင်စွာ မောင်းထုတ်နိုင်လိမ့်မည်။ မစ္စကု၏ ရာထူးကိုလည်း သူမကသာ ရယူနိုင်ပေလိမ့်မည်။

ရူသိုက်ဝိန်၏ နောက်ကွယ်မှ သတင်းထောက်အုပ်စုကြီးကို မြင်သောအခါ တုန်မင်ရွှမ်လည်း ဤကိစ္စအားလုံးမှာ ရူသိုက်ဝိန်၏ လက်ချက်ဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူ၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏။

“ကျွန်တော်တို့ ဘာအကူအညီတောင်းသံမှ မကြားရပါဘူး။ စားပွဲထိုး နားကြားမှားတာ ဖြစ်ပါလိမ့်မယ်”

တုန်မင်ရွှမ် မျက်နှာအမူအရာကို မြင်သောအခါ ရူသိုက်ဝိန် ယဲ့ယီ သေချာပေါက် အတွင်း၌ ရှိနေမည်ဟု ပိုမိုယုံကြည်သွားခဲ့သည်။

သူမ တုန်မင်ရွှမ်ကို မေးလိုက်၏။

“ဘာဖြစ်လို့ ကျွန်မတို့ကို ဝင်ကြည့်ခွင့်မပေးရတာလဲ။ ရှင်တို့ သုံးယောက်က ဒီလိုမျိုး လမ်းပိတ်ထားတာ ကြည့်ရတာ အတွင်းထဲမှာ ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု ရှိနေလို့လား”

ပတ်ဝန်းကျင်ရှိ သတင်းထောက်များလည်း သတင်းခေါင်းစဉ်ကြီးတစ်ခု၏ အနံ့အသက်ကို ချက်ချင်းရရှိသွားကြပြီး ရူသိုက်ဝိန်၏ စကားကို ထောက်ခံကာ အတွင်းသို့ ဝင်ရောက်ကြည့်ရှုရန် အတင်းအကျပ် တောင်းဆိုလာကြတော့၏။

ထိုအခိုက်အတန့်တွင် ရှန်ကျီဟန် ရှေ့သို့ လှမ်းထွက်လာပြီး ဆိုလိုက်၏။

“အထဲမှာ ဘာအကူအညီတောင်းသံမှ မကြားခဲ့ဘူး။အားလုံးပဲ လူစုခွဲကြပါ”

ရှန်ကျီဟန်အနေဖြင့် သူစကားမပြောခဲ့ပါက ပိုမိုကောင်းမွန်ပေလိမ့်မည်။

သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းက အတွင်း၌ တစ်ခုခု သေချာပေါက် ရှိနေမည်ဟု ခံစားလိုက်ကြရသည်။

နောက်ဆုံးတွင်မူ သတင်းထောက်အုပ်စုကြီးသည် တုန်မင်ရွှမ်တို့အား တွန်းဖယ်ကာ အတွင်းသို့ အတင်းအကျပ် တိုးဝင်သွားခဲ့ကြပြီး အတွင်းပိုင်းမြင်ကွင်းကို ရူးသွပ်စွာ ဓာတ်ပုံရိုက်ကူးကြတော့၏။

ရူသိုက်ဝိန်လည်း ဝင်ရောက်လာခဲ့သည်။

တုန်မင်ရွှမ်ကမူ ရူသိုက်ဝိန်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။

ရူသိုက်ဝိန် ပိုမိုပျော်ရွှင်လာခဲ့၏။

သို့သော်လည်း သူမ အခန်းထဲသို့ ဝင်ရောက်လာပြီး ကုတင်ပေါ်တွင် ကောက်ညှင်းထုပ်ကဲ့သို့ တုတ်နှောင်ခံထားရသော ကုန်းရှောင်ချင်းကို မြင်လိုက်ရသည့်အခါတွင်မူ ဆွံ့အ သွားရတော့၏။

“ဒါ... ဒါက ဘာတွေဖြစ်နေတာလဲ”

တုန်မင်ရွှမ် ချက်ချင်းပင် ဆင်ခြေတစ်ခု ပေးလိုက်သည်။

“ကျွန်တော်တို့က အပေါ်ထပ်ကို အဝတ်အစားလဲဖို့ လာတာ။ ဘယ်သူ ထင်မှာလဲ... တံခါးဖွင့်လိုက်တာနဲ့ ဒုတိယသခင်လေးကုန်းက ကျွန်တော်တို့ဆီ ခုန်အုပ်လာတာနဲ့ပဲ သူ့ကို အရင်ဆုံး ကြိုးတုတ်ထားလိုက်ရတာ”

ရူသိုက်ဝိန်သည် တုန်မင်ရွှမ် လိမ်ညာနေခြင်းဖြစ်ကြောင်း သိရှိသော်လည်း ယခုအခါတွင် မည်သည့်အရာမျှ မပြောနိုင်တော့ဘဲ အခန်းအတွင်း၌ ယဲ့ယီ၏ အရိပ်အယောင်ကိုသာ လိုက်လံရှာဖွေနေတော့သည်။

All Chapters