← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း(၁၇၁)

ကုစဲ့ ခေါင်းညိတ်ပြလိုက်၏။

“အဲ့အန်တီက အဘွားနဲ့ စကားလာပြောလေ့ရှိတယ်။ ပြီးတော့ သားအတွက်လည်း မုန့်တွေ ခဏခဏ ဝယ်လာပေးတယ်”

ထိုသို့ ပြောကြားပြီးနောက် ကုစဲ့ ယဲ့ယီ အထင်လွဲမှားသွားမည်ကို စိုးရိမ်သဖြင့် အထူးတလည် ထည့်သွင်းပြောဆိုလိုက်လေသည်။

“သား အဲ့အန်တီဝယ်ပေးတဲ့ ပစ္စည်းတွေ လုံးဝမယူဘူးနော်”

ယဲ့ယီ အလွန်အမင်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။

“တော်တယ်”

ချီးမွမ်းခြင်း ခံရသဖြင့် ကုစဲ့ အပြုံးကြီးတစ်ခုကို ချက်ချင်း ပြုံးပြလိုက်၏။

“မေမေ သားဆီကို ဘယ်တော့ လာလည်မှာလဲ။ သား တစ်ယောက်တည်း ပျင်းစရာကြီး ဖြစ်နေတယ်၊ ပြီးတော့ အဘွားကလည်း သားကို သဘောမကျဘူး”

ကုစဲ့ သနားစဖွယ် ဟန်ဆောင်နေခြင်း ဖြစ်သော်လည်း သူပြောသည်များမှာ အမှန်တရားများ ဖြစ်ကြ၏။

မိခင်ကြီးကု သူ့ကို မည်သည့်အခါမျှ သဘောမကျခဲ့ဖူးပေ။ သူတို့၏ ဆက်ဆံရေးပုံစံမှာ သူစိမ်းများကဲ့သို့ပင် ဖြစ်သည်။

ကုစဲ့ သူ့အဘွား သူ့ကို အဘယ်ကြောင့် သဘောမကြရသည်ကို နားမလည်ခဲ့ပေ။ သို့သော်လည်း ကုရှီချန်းက သူ့အား မိခင်ကြီးကု အတွေးများကို ဂရုမစိုက်ရန် ပြောကြားထားသဖြင့် သူ မိခင်ကြီးကုကို ဖားရန်အတွက် ဘယ်သောအခါမျှ အစပျိုးလုပ်ဆောင်လေ့မရှိချေ။

စင်စစ်အားဖြင့် သူ ငယ်ရွယ်စဉ်ကမူ အဘွားဖြစ်သူ၏ ချစ်ခြင်းမေတ္တာကို တောင်းတခဲ့ဖူး၏။ သို့သော်လည်း မိခင်ကြီးကု မျက်လုံးထဲတွင်မူ ကုရှီချန်း အစ်ကိုဖြစ်သူ၏ ကလေးများသာ ရှိနေခဲ့သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကုစဲ့မိခင်ကြီးကုအပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားတော့ပေ။

“ငါ အခုတလော ရုပ်ရှင်တစ်ကား လက်ခံထားလို့ အချိန်မရှိဘူး”

ယဲ့ယီ၏ မျက်နှာအမူအရာသည် အလွန်ပင် အေးစက်နေသော်လည်း သူမ စိတ်ထဲတွင်မူ ဝမ်းနည်းပူဆွေးမှုကြောင့် သေလုမတတ် ခံစားနေရလေ၏။

[အသည်းတုံးလေး။ အမေ မင်းကို မတွေ့ချင်လို့ မဟုတ်ပါဘူးကွယ်။ မင်းအဖေလည်း အိမ်မှာမရှိတော့ မင်းအဘွားကို အမေတစ်ယောက်တည်း မတွေ့ရဲဘူး]

ပြီးခဲ့သည့်အကြိမ်က မိခင်ကြီးကု သူမကို သဘောမကျဟု ယဲ့ယီ ခံစားခဲ့ရပြီး ထိုအချိန်၌ ကုရှီချန်း ရှိနေသောကြောင့်သာ သူမ စကားအများကြီး မပြောခဲ့ခြင်း ဖြစ်၏။

ယခုအခါ ကုရှီချန်း မရှိသဖြင့် အကယ်၍ သူမ ကုစဲ့ကို တွေ့ချင်သည်ဟု ပြောကြားလာပါက မိခင်ကြီးကု သူမအပေါ် မည်သို့ ထင်မည်ကို သူမ မသိနိုင်ချေ။

အထူးသဖြင့် ရူသိုက်ဝိန်သည် ဘေးနားမှ နေ၍ အောက်ဆီဂျင် လုပ်ပေးနေဦးမည်။သို့ဖြစ်သဖြင့် အကယ်၍ သူမသာ မိမိသဘောဖြင့် ကုအိမ်တော် တံခါးဝသို့ ရောက်ရှိသွားပါက ထိုအရာမှာ သူမကိုယ်သူမ အရှက်ခွဲရန် သွားရောက်သကဲ့သို့ ဖြစ်နေပေတော့မည်။

ကုစဲ့ ယဲ့ယီ၏ စကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားခဲ့၏။

သို့သော်လည်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ရန် ကြိုးပမ်းရင်း ပြောလိုက်သည်။

“ဒါဆိုရင် ဖေဖေ ပြန်လာတဲ့အခါ သားကို မေမေ့ဆီ ခေါ်သွားဖို့ ဖေဖေ့ကို ပြောလိုက်မယ်နော်”

အလွန်အေးစက်သော အသံဖြင့် ယဲ့ယီ အင်းဟုသာ တုံ့ပြန်ခဲ့သော်လည်း သူမ စိတ်ထဲတွင်မူ ကုစဲ့ကို သွားရောက်တွေ့ဆုံရန် နည်းလမ်းတစ်ခုခု ရှာဖွေ နေတော့၏။

[မနက်ဖြန် ငါ အစ်မချင်ဝမ်နဲ့အတူ သူ့ရဲ့ ကျောင်းကို သွားပြီး တွေ့ရမလား]

ကုစဲ့ ယဲ့ယီ စိတ်ကို ကြားလိုက်ရသည့်အခါတွင် သူ့မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။

သူ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ဝန်လေးသော ပုံစံဖြင့် ပြောလိုက်လေ၏။

“မေမေ... သား အိပ်ရတော့မယ်။ သား အချိန်ရရင် မေမေ့ဆီ ထပ်ပြီး ဖုန်းဆက်ပါ့မယ်။ ကောင်းသောညပါ”

“အင်း”

ယဲ့ယီ အေးစက်နေဆဲ ဖြစ်၏။

သို့သော်လည်း ကံကောင်းထောက်မစွာ ကုစဲ့သည် ယဲ့ယီ၏ စိတ်ကို ကြားနိုင်စွမ်း ရှိနေ၏။

[ဂွတ်နိုက်ပါ၊ ငါ့ရဲ့ ပူတူးတူးလေး]

ဖုန်းချပြီးနောက် ယဲ့ယီ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ဝင်ရောက်ကြည့်ရှုလိုက်၏။

လွန်ခဲ့သော နှစ်ရက်အတွင်း သူမ၏အမည်မှာ လူမှုကွန်ရက်စာမျက်နှာ၏ သတင်းခေါင်းစဉ်ကြီးများတွင် ပါဝင်နေခဲ့သည်။ လှူဒါန်းမှုကိစ္စရပ်ကြောင့် အင်တာနက်အသုံးပြုသူအများအပြားက သူမကို မုန်းတီးသူဘဝမှ ပရိတ်သတ်များအဖြစ်သို့ ကူးပြောင်းသွားကြပြီး ယဲ့ယီ၏ ပရိသတ်အဖွဲ့အစည်းမှာလည်း အတော်လေး ကြီးထွားလာလေသည်။

ယဲ့ယီ လူမှုကွန်ရက်စာမျက်နှာကို ခဏတာမျှ ကြည့်ရှုပြီးနောက် ပရိသတ်အုပ်စုထဲတွင် တစ်စုံတစ်ဦးက သူမအား tag တွဲထားသည်ကို မြင်တွေ့ရသဖြင့် ဝင်ရောက်ကြည့်ရှုလိုက်သည်။

ယဲ့ယီကို အနှောင့်အယှက်မဖြစ်စေရန်အတွက် ဂရုအက်ဒမင်က လူတိုင်းအား ယဲ့ယီကို tag မတွဲရန် အထူးတလည် မှာကြားထားခဲ့ဖူးသည်။

သို့သော်လည်း ယနေ့တွင် အက်ဒမင်ကိုယ်တိုင်က ယဲ့ယီအား tagတွဲထားခြင်းဖြစ်၏။ သူမ မထင်မှတ်ထားခဲ့ချေ။

ယဲ့ယီ ဝင်ရောက်ကြည့်ရှုလိုက်သောအခါ သူတို့သည် ပရိသတ်များ၏ နာမည်ကို မည်သို့သတ်မှတ်ရမည်ကို ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

ယခုအခါတွင် ပရိသတ်များ ပိုမိုများပြားလာသဖြင့် နာမည်တစ်ခု ရွေးချယ်ရန်အတွက် အချိန်တန်လေပြီ။

ပရိသတ် များရွေးချယ်ထားသော နာမည်အချို့ကို ယဲ့ယီ ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင်မူ “သစ်ရွက်ကလေး” ဟူသော နာမည်ကို ရွေးချယ်လိုက်သည်။

သူမ အတိတ်ဘဝမှလည်း ပရိသတ်များ၏ နာမည်မှာ ဤတစ်ခုပင် ဖြစ်သည်။

နောက်တစ်နေ့တွင်

ဒရိုင်ဘာသည် ထုံးစံအတိုင်း ကုစဲ့ကို ကျောင်းကြိုရန် သွားရောက်ခဲ့သော်လည်း ယခုအကြိမ်တွင်မူ ကုစဲ့က နန်ကျားကျား၏ မိဘ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းမည်ဟု အတင်းအကျပ် တောင်းဆိုလာ၏။

ကလေးနှစ်ဦး၏ ဆက်ဆံရေး အလွန်ကောင်းမွန်သဖြင့် ဒရိုင်ဘာသည် နန်ချင်ဝမ် နန်ကျားကျားကို လာရောက်ကြိုဆိုသည်အထိ ကုစဲ့နှင့်အတူ စောင့်ဆိုင်းပေးသည်။

“အစ်ကိုကုစဲ့... ဘာလို့ အိမ်မပြန်သေးတာလဲဟင်”

နန်ကျားကျား အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ကုစဲ့ကို ကြည့်ကာ မေးမြန်းလိုက်သည်။

ကုစဲ့ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွား၏။ သို့သော်လည်း သူ့မျက်နှာအမူအရာကို လျင်မြန်စွာ ပြန်လည်ထိန်းညှိလိုက်ပြီး အလွန်တည်ကြည်လေးနက်သော ပုံစံဖြင့် ပြောလိုက်၏။

“နင်က မိန်းကလေးလေ၊၊ ငါက နင့်ကို ကာကွယ်ပေးရမယ်။ နင့်မေမေ လာကြိုပြီးမှ ငါ ပြန်မယ်”

နန်ကျားကျား ကျောင်းတွင် ဆရာမများ အဖော်ရှိနေသဖြင့် ဘာမှမဖြစ်နိုင်ကြောင်း ပြောချင်သော်လည်း ကုစဲ့၏ တည်ကြည်လေးနက်သော ပုံစံကို မြင်တွေ့ရသည့်အခါတွင်မူ သူမ နောက်ဆုံး၌ မပြောတော့ချေ။

စင်စစ်အားဖြင့် သူမသည်လည်း ကုစဲ့ သူမနှင့်အတူ အဖော်လုပ်ပေးသည်ကို အတော်လေး သဘောကျနေ၏။

ကုစဲ့သည် နန်ကျားကျားကို အဖော်လုပ်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ကျောင်းတံခါးဝတွင် သူမနှင့်အတူ မတ်တတ်ရပ်နေခဲ့၏။ သူ့မျက်လုံးများကမူ ပြင်ပသို့ ဆက်တိုက် ဝေ့ဝဲကြည့်ရှုနေခဲ့လေသည်။

နောက်ဆုံးတွင်မူ

နန်ချင်ဝမ် အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာသည်။

ကုစဲ့ နန်ချင်ဝမ်ကို မြင်လိုက်ရသည့်အခါတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားသော်လည်း နန်ချင်ဝမ်၏ နောက်တွင် သူ မြင်တွေ့လိုသောသူ မပါလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူခေါင်းကို စိတ်ပျက်လက်ပျက်ဖြင့် ငုံ့ချလိုက်မိတော့၏။

ကုစဲ့ ပြန်လည်ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် နန်ချင်ဝမ် သူ့ကို တားလိုက်၏။

“ရှောင်စဲ့... ကားထဲကို အန်တီနဲ့အတူ လိုက်ခဲ့။ တစ်ယောက်ယောက်က သားကို စောင့်နေတယ်”

နန်ချင်ဝမ်၏ စကားကို ကြားလိုက်ရသည့် ခဏတွင် ကုစဲ့၏ မျက်လုံးလေးများ ချက်ချင်း တောက်ပသွားပြီး နန်ချင်ဝမ်နှင့်အတူ ကားထဲသို့ ဝင်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

သို့သော်လည်း ဒရိုင်ဘာက သူ့ကို တားဆီးလိုက်သည်။

“သခင်လေး ကျွန်တော့်ရဲ့ မျက်စိအောက်ကနေ ပျောက်သွားလို့မဖြစ်ဘူးနော်”

နန်ချင်ဝမ်လည်း ဒရိုင်ဘာ၏ စိုးရိမ်ပူပန်မှုကို နားလည်သဖြင့် ပြုံးလျက် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မတို့နဲ့အတူ လိုက်ခဲ့ပေးလေ”

ထိုသို့ဖြင့် ဒရိုင်ဘာ၏ လိုက်ပါစောင့်ကြပ်မှုဖြင့် ကုစဲ့သည် နန်ချင်ဝမ်၏ ကားဘေးသို့ ရောက်ရှိလာသည်။

ကားမှန်များကို ပိတ်ထားသဖြင့် ပြင်ပမှနေ၍ အတွင်း၌ မည်သူရှိသည်ကို မမြင်နိုင်ချေ။

ဒရိုင်ဘာ ကားတံခါးကို အရင်ဆုံး ဖွင့်လိုက်ပြီး အတွင်း၌ ရှိနေသူမှာ ယဲ့ယီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည့်အခါမှသာ စိတ်အေးသွားခဲ့၏။ ထို့နောက် ကုစဲ့ကို ကားထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။

ကုစဲ့ ကားထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ယဲ့ယီကို ဖက်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

“မေမေ”

ယဲ့ယီ အလွန်အေးစက်သော အသံဖြင့် တုံ့ပြန်လိုက်၏။

“အင်း”

ထို့နောက် သူမ နောက်ကွယ်မှ လက်ဆောင်သေတ္တာတစ်ခုကို ထုတ်ယူကာ ကုစဲ့ကို ပေးလိုက်၏။

“ဒါ မင်းအတွက်။ မင်းအဖေရဲ့ ရှေ့မှာ ငါ့အတွက် စကားကောင်းလေးတွေ ပြောပေးဖို့ မမေ့နဲ့ဦး”

ယဲ့ယီ စကားကို အလွန် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ အဓိကမှာ သူမ စကားလုံးများက မူရင်းပုံစံနှင့် ကိုက်ညီမှုရှိမရှိကို မသိရှိသောကြောင့် ဖြစ်၏။

ကံကောင်းထောက်မစွာ ဘာမှမဖြစ်ခဲ့ချေ။

ကုစဲ့ကို လာဘ်ထိုးခြင်းသာ ဖြစ်ပြီး သူ့အတွက် အထူးတလည် ဝယ်ယူပေးခြင်း မဟုတ်ပေ။

ကုစဲ့ လက်ဆောင်ကို လက်ခံလိုက်ပြီး ယဲ့ယီကို ပြုံးပြလိုက်၏။

“ကျေးဇူးတင်ပါတယ် မေမေ။ စိတ်ချပါ မေမေ၊ သား သူများ လာဘ်ထိုးတာကို လုံးဝလက်ခံမှာ မဟုတ်ဘူး”

[ငါ့ရဲ့ အသည်းတုံးလေးနဲ့အတူ ထာဝရ ရှိနေချင်လိုက်တာ]

“အဲဒီမိန်းမကို ငါ့အတွက် သေချာ စောင့်ကြည့်ပေးဖို့ မမေ့နဲ့ဦး”

ယဲ့ယီသည် သူမပုံစံနှင့် ကိုက်ညီသော စံနှုန်းဘောင်အတွင်းမှနေ၍ ကုစဲ့အား စကားအနည်းငယ် ပိုမိုပြောဆိုရန် ကြိုးပမ်းလိုက်၏။

[အသဲလေး... အိမ်မှာ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်နော်။ ပြီးတော့ ဘယ်သူမှ အနိုင်မကျင့်စေနဲ့။ မဟုတ်ရင် ငါ့နှလုံးသားလေး ကြေကွဲပြီး သေသွားလိမ့်မယ်။ မင်းအဖေ ပြန်လာရင်တော့ ငါ သားဆီကို လူသိရှင်ကြား လာတွေ့နိုင်ပြီ]

ကုစဲ့ ယဲ့ယီကို ကြည့်ကာ အလွန်တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“စိတ်ချပါ မေမေ။ သားရဲ့ စိတ်ထဲမှာ မေမေတစ်ယောက်ပဲ ရှိတာပါ”

ယဲ့ယီ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သဖြင့် ငိုပင်ငိုချင်လာ၏။

[ဘုရားရေ... ဒါက ဘယ်လို နတ်သူငယ်လေးလဲ ။ ငါ တကယ်ကို ငိုချင်လာပြီ။ တကယ်လို့ သူသာ ငါ့ရဲ့ သားအရင်းလေး ဖြစ်ခဲ့ရင်... ဖူး... ဖူး... သူက ငါ့ရဲ့ သားအရင်းပဲလေ၊ ဟွန်း...]

ကုစဲ့ ယဲ့ယီ၏ စိတ်ကို ကြားလိုက်ရသဖြင့် သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုကြီးမားလာသည်။

‘ဒါက အမေရှိတဲ့ ခံစားချက်မျိုးလား’

‘မေမေက လိမ်ပြောပေမဲ့လည်း မေမေက ငါ့ကို ချစ်သားပဲ’

‘ဖေဖေ မေမေ့ကို မြန်မြန် ချော့နိုင်ပါစေ’

ယဲ့ယီနှင့် ကုစဲ့တို့ စကားအနည်းငယ်သာ ပြောရသေးစဉ် ဒရိုင်ဘာ လာရောက်တိုက်တွန်းသည်။

အဓိကမှာ အိမ်တွင် မိခင်ကြီးကုက ကုစဲ့ကို အတူတကွ ထမင်းစားရန် စောင့်ဆိုင်းနေသောကြောင့် ဖြစ်၏။

အကယ်၍ အချိန် ကြာမြင့်သွားပါက မိခင်ကြီးကု သေချာပေါက် မကျေမနပ် ဖြစ်ပေလိမ့်မည်။

မိခင်ကြီးကု ကုစဲ့ကို သဘောမကျသော်လည်း စည်းကမ်းကို အလွန်အမင်း တန်ဖိုးထားသူတစ်ဦး ဖြစ်သဖြင့် ညစာစားသည့်အခါတွင် ကုစဲ့ကို မဖြစ်မနေ စောင့်ဆိုင်းလေ့ရှိသည်။

ဟင်းလျာများအားလုံး ပြင်ဆင်ပြီးစီးသွားသော်လည်း ကုစဲ့ကို ကြိုသော ကား ပြန်လည်ရောက်ရှိမလာသေးသည်ကို မြင်သောအခါ မိခင်ကြီးကု မကျေနပ်တော့ပေ။

“ဘာတွေဖြစ်နေတာလဲ။ ပုံမှန်ဆိုရင် သူတို့ ဒီအချိန်မှာ ပြန်ရောက်နေပြီလေ”

အိမ်ထိန်း သူမအား နှစ်သိမ့်ပေးလိုက်သည်။

“တစ်ခုခုကြောင့် ကြာနေတာ ဖြစ်ပါလိမ့်မယ်။ မေမေကြီး အရင်ဆုံး သုံးဆောင်လိုက်ပါလား”

“ထပ်ပြီး ခဏလောက် စောင့်ကြည့်လိုက်ဦး။ ခဏနေလို့မှ ပြန်မရောက်သေးရင် ညည်း ဒရိုင်ဘာဆီ ဖုန်းဆက်ကြည့်လိုက်”

မိခင်ကြီးကုလည်း သူမ သားဖြစ်သူ ကုစဲ့အပေါ် မည်မျှအထိ ဂရုစိုက်သည်ကို သိရှိထားသဖြင့် တစ်ခုခု ဖြစ်သွားမည်ကို အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။

ကံကောင်းထောက်မစွာ ကုစဲ့ကို ကြိုသော ကား ခဏမျှ ကြာသောအခါ ပြန် ရောက်လာခဲ့၏။

အခန်း(၁၇၂)

ကုစဲ့ ကားပေါ်မှ ဆင်းလိုက်သောအခါ မိခင်ကြီးကု ထမင်းစားပွဲတွင် ထိုင်နေကာ သူ့ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ကို မြင်လိုက်ရလေသည်။

မိခင်ကြီးကု ကုစဲ့ကို မကျေမနပ် ကြည့်လိုက်၏။

“ဒီနေ့ ဘာလို့ ဒီလောက်တောင် နောက်ကျမှ ပြန်ရောက်ရတာလဲ”

ကုစဲ့ ဆင်ခြေများစွာ ပေးမနေဘဲ လိမ္မာယဉ်ကျေးစွာပင် ဝန်ခံတောင်းပန်လိုက်၏။

“တောင်းပန်ပါတယ် အဘွား၊ နောက်တစ်ခါ ဒါမျိုး မဖြစ်စေရပါဘူး”

မိခင်ကြီးကုက စဲ့တစ်ယောက် ကျောင်းတွင် အတန်းဖော်များနှင့် အချိန်ဆွဲနေခဲ့သည်ဟုသာ ထင်မှတ်လိုက်သဖြင့် ဘာမှ ထပ်မပြောတော့ဘဲ ညစာ စားရန် ပြင်ခိုင်းလိုက်တော့သည်။

ညစာ စားနေစဉ်အတွင်း အဘွားအိုနှင့် မြေးဖြစ်သူ တို့သည် ထုံးစံအတိုင်း တိတ်ဆိတ်နေကြပြီး မိသားစုဝင်များနှင့် လုံးဝမတူဘဲ စိမ်းကားနေကြ၏။

ထမင်းစားပြီးနောက် ကုစဲ့ မိခင်ကြီးကုနှင့် တစ်ခွန်းမှ စကားမဆိုဘဲ အိမ်စာလုပ်ရန် သူ့အခန်းထဲသို့ လိမ္မာစွာ ပြန်သွားသည်။

အိမ်ထိန်းမှာ ယင်းအခြေအနေကို အသားကျနေလေပြီ။ သို့သော်လည်း ထုံးစံအတိုင်း မိခင်ကြီးကုကို မေးလိုက်၏။

“မေမေကြီး၊ ခဏနေရင် သခင်လေးအတွက် နွားနို့ သွားပို့ပေးရမလား”

“ပို့ပေးလိုက်”

မိခင်ကြီးကု ပြန်ဖြေရင်း စားပွဲပေါ်မှ သစ်သီးများကို လက်ညှိုးထိုးကာ မှာကြားလိုက်ပြန်၏။

“ဒီသစ်သီးတွေကို လှီးပြီး သူ့ဆီ ယူသွားပေးလိုက်၊ ဒါပေမဲ့ ငါ ခိုင်းတာလို့တော့ မပြောနဲ့”

သူမသည် သူ့ကို အထူးတလည် ဂရုစိုက်နေခြင်း မဟုတ်ဘဲ အပြင်လူများက ကုမိသားစုသည် ကလေးကို နှိပ်စက်ညှဉ်းပန်းနေသည်ဟု ထင်မြင်သွားကြမည်ကို စိုးရိမ်၍သာ ဖြစ်လေ၏။

ရက်အနည်းငယ် ကြာပြီးနောက် ယဲ့ယီ ရိုက်ကူးရေးအဖွဲ့ထဲသို့ ဝင်ရောက်ကာ ရိုက်ကူးရေးကို စတင်ခဲ့သည်။

သူမ ကုမ္ပဏီရှိ ကိစ္စအရပ်ရပ်ကို နန်ချင်ဝမ်ထံ ယုံကြည်စွာ လွှဲအပ်ခဲ့၏။ နန်ချင်ဝမ်ကဲ့သို့ လူမျိုးကို ရရှိခဲ့ခြင်းမှာ ရတနာသိုက်ကြီး တူးဖော်ရရှိသကဲ့သို့ ယဲ့ယီ ခံစားမိသည်။ နန်ချင်ဝမ်၏ လုပ်ငန်းကျွမ်းကျင်မှု အရည်အချင်းမှာ အလွန်တရာ ထူးချွန်ပြောင်မြောက်၏။

ရိုက်ကူးရေးအဖွဲ့ထဲ ရောက်သည်နှင့် ယန်နျန့်စီ ယဲ့ယီကို ရှာဖွေကာ မေးတော့သည်။

“အခုတော့ နင် ဘယ်ဇာတ်ကောင်နေရာက သရုပ်ဆောင်ရလဲဆိုတာ ငါ့ကို ပြောပြလို့ ရပြီမလား”

ယန်နျန့်စီသည် ယဲ့ယီ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်ကို အမြဲတစေ စူးစမ်းချင်နေ၏။ သို့သော်လည်း ယဲ့ယီက မပြောပြသည့်အပြင် ဒါရိုက်တာကလည်း ခွင့်မပြုကြောင်း သိထားသဖြင့် ထပ်မံ၍ အတင်းအကျပ် မမေးမြန်းပေ။

ယခုမူ ဇာတ်အဖွဲ့ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် အတင်းအဖျင်း သတင်းများကို အလွန်ဝါသနာပါသော လူတစ်ယောက်အနေဖြင့် ယင်းလျှို့ဝှက်ချက်ကို ချက်ချင်း အဖြေရှာရန် လိုအပ်နေတော့သည်။

ယဲ့ယီ ယန်နျန့်စီကို ကြည့်ကာ တုံ့ဆိုင်းနေပြီးနောက်မှ ဖြည်းညှင်းစွာ ပြောလိုက်တော့သည်။

“ငါ နျင်ဇီရွဲ့နေရာက သရုပ်ဆောင်မှာ”

ယန်နျန့်စီ ချက်ချင်း သဘောမပေါက်ဘဲ ထိုနာမည်ကို ရင်းနှီးနေသကဲ့သို့သာ ခံစားရသဖြင့် မေးပြန်၏။

“ငါ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့ မျိုးရိုးတူတာပဲ။ ဒါရိုက်တာက နောက်ဆုံးမှ ထပ်တိုးလိုက်တဲ့ ဇာတ်ကောင်လား”

ယဲ့ယီ ယန်နျန့်စီကို မည်သို့ ရှင်းပြရမှန်းမသိ ဖြစ်နေကာ တဲ့တိုးကြီး ငါ နင့်အမေနေရာက သရုပ်ဆောင်မှာဟု ပြောရန်လည်း အဆင်မပြေသဖြင့် ခေါင်းခါရမ်းပြလိုက်၏။

ယဲ့ယီ ခေါင်းခါပြသည်ကို မြင်သောအခါ ယန်နျန့်စီ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။

“အသစ်တိုးတဲ့ ဇာတ်ကောင် မဟုတ်ဘူးလား၊ ဒါပေမဲ့ ဇာတ်ညွှန်းထဲမှာ ဒီလိုဇာတ်ကောင်မျိုး မပါတာ ငါမှတ်မိပါတယ်၊ မဟုတ်သေးပါဘူး၊ ဒါရိုက်တာကို သွားမေးမှ ဖြစ်မယ်”

ထိုသို့ ဆိုကာ ယန်နျန့်စီသည် ယဲ့ယီ မည်သည့်နေရာက သရုပ်ဆောင်သည်ကို အတိအကျ သိရှိရန် ဇွတ်အတင်း ကြိုးစားလေတော့သည်။

ယန်နျန့်စီ၏ ကျောပြင်ကို သနားကရုဏာစိတ်ဖြင့် ယဲ့ယီ ကြည့်ကာ စိတ်ထဲမှ တွေးနေမိတော့၏။

“ညီမလေးရေ… နင် အဲဒီမေးခွန်းကို မေးမိတဲ့အတွက် နောင်တရမှာ သေချာတယ်”

မကြာမီ အချိန်အတွင်းမှာပင် ယန်နျန့်စီ ပြန်ရောက်လာသည်။

သူမ သွားစဉ်က အပြုံးမျက်နှာဖြင့် သွားခဲ့သော်လည်း ပြန်လာချိန်တွင်မူ မျက်နှာအမူအရာမှာ လုံးဝ မကောင်းတော့ချေ။

ယန်နျန့်စီ ယဲ့ယီကို အလွန်အမင်း မကျေမနပ် ဖြစ်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“နင် ဘယ်နေရာက သရုပ်ဆောင်လဲဆိုတာ ငါ့ကို ဘာလို့ မပြောပြတာလဲဆိုတာ မဆန်းတော့ပါဘူး။ နင် ငါ့အမေနေရာက သရုပ်ဆောင်မှာကိုး”

ယဲ့ယီ ယန်နျန့်စီကို တည့်တည့်မကြည့်ရဲဘဲ အပြစ်မကင်းသော စိတ်ဖြင့် ဆင်ခြေသာ ပေးလိုက်တော့၏။

“နင်က ဒီဇာတ်လမ်းရဲ့ ခေါင်းဆောင်မင်းသမီး ဖြစ်နေမှန်း ငါ တကယ်မသိခဲ့လို့ပါ”

“ငါ နင့်ကို ညီအစ်မလို ဆက်ဆံတာ။ နင်ကတော့ ငါ့အမေ လုပ်ချင်နေတာပေါ့လေ”

ယန်နျန့်စီ ယဲ့ယီ၏ လက်မောင်းကို ဆိတ်ဆွဲလိုက်သော်လည်း အသာအယာလေးသာ လုပ်လိုက်၏။

“ဒါက သရုပ်ဆောင်တာပဲလေ၊ အတည်ကြီး သဘောမထားပါနဲ့”

ယဲ့ယီကမူ ယန်နျန့်စီ စိတ်ကြိုက် လုပ်ချင်သလို လုပ်ရန် လွှတ်ထားပေးလိုက်သည်။

သူမနှင့် ယန်နျန့်စီတို့၏ ဆက်ဆံရေး ယခုကဲ့သို့ ကောင်းမွန်နေရသည်မှာ ယန်နျန့်စီသည် အလွန်အမင်း ပွင့်လင်းရွှင်ပျသူ ဖြစ်ပြီး ယဲ့ယီကို အချိန်မရွေး လာရောက် နှောင့်ယှက်တတ်သောကြောင့် ဖြစ်လေသည်။

ယဲ့ယီသည် ထိုကဲ့သို့ ပူပင်သောကကင်းပြီး ပရိယာယ်မရှိသော လူမျိုးကို သဘောကျသဖြင့် သူတို့နှစ်ဦးမှာ သဘာဝကျကျပင် သူငယ်ချင်းကောင်းများ ဖြစ်လာခဲ့ကြ၏။

ယန်နျန့်စီသည် အမှန်တကယ်တွင် ယဲ့ယီထက် အသက်အနည်းငယ် ပိုကြီးသော်လည်း နေ့စဉ် ဆက်ဆံရေးတွင်မူ ယန်နျန့်စီ၏ စရိုက်မှာ ကလေးတစ်ယောက်နှင့် ပိုတူနေတတ်၏။

အမှန်တကယ်တွင်မူ ယန်နျန့်စီသည် ဤဇာတ်ကောင်နေရာတွင် ယဲ့ယီ သရုပ်ဆောင်သည့်အတွက် သူမကို စိတ်မဆိုးပေ။ သူမသည် ဇာတ်လမ်း နှင့် လက်တွေ့ဘဝကို သဲသဲကွဲကွဲ ခွဲခြားသိမြင်နိုင်သည်။

သို့သော်လည်း ယဲ့ယီ ဤဇာတ်ကောင်ကို သရုပ်ဆောင်မည်ဟူသော အကြောင်းကို ဒါရိုက်တာထံမှ ကြားသိရသောအခါ ယန်နျန့်စီ အနည်းငယ်တော့ အံ့ဩသွား၏။

ယန်နျန့်စီသည် ယဲ့ယီ အဘယ်ကြောင့် ဤဇာတ်ကောင်ကို ရွေးချယ်သရုပ်ဆောင်ချင်ရသည်ကို အလွန်စူးစမ်းချင်နေသည်။

“ယဲ့ယီ နင် ဘာလို့ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ချင်ရတာလဲ။ ဒီဇာတ်ကောင်ရဲ့ အသက်အရွယ်နဲ့ နင့်ရဲ့ အပြင်က အသက်က တော်တော်ကြီး ကွာနေတာလေ။ လူတွေက နုချင်လို့ အသက်ကို လျှော့ပြဖို့ အသေအလဲ ကြိုးစားနေချိန်မှာ နင်ကတော့ ပြောင်းပြန်ဖြစ်နေတယ်။ နင်က တကယ် လူထူးဆန်းပဲ”

ယန်နျန့်စီ၏ စကားနှင့် ပတ်သက်၍ ယဲ့ယီ ပြုံးရုံသာ ပြုံးကာ ဖြေကြားလိုက်၏။

“ငါတို့က သရုပ်ဆောင်တွေလေ၊ ငယ်တဲ့နေရာက သရုပ်ဆောင်နိုင်ရင် ဘာလို့ ကြီးတဲ့နေရာက သရုပ်မဆောင်နိုင်ရမှာလဲ၊ ငါကတော့ ဒါကို စိန်ခေါ်မှုတစ်ခုလို့ ထင်တယ်”

ယန်နျန့်စီ ယဲ့ယီ၏ ပခုံးကို ဖက်ကာ ပြုံးလိုက်သည်။

“နင်က တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ လူပဲ၊ အမှန်အတိုင်း ပြောရရင် နင်က လူတစ်ယောက်လုံး လုံးဝ ပြောင်းလဲသွားသလိုပဲ၊ နင် အရင်က သရုပ်ဆောင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ငါ ကြည့်ဖူးတယ်၊ အဲဒီတုန်းက သရုပ်ဆောင်ချက်က နည်းနည်း… တကယ်ပဲ အခု သရုပ်ဆောင်ချက်နဲ့ လုံးဝ ယှဉ်လို့ မရဘူး”

“ရုတ်တရက် အမြင်မှန်ရသွားတာလို့ပဲ သဘောထားလိုက်ပါ”

ယန်နျန့်စီ အလွန်အားကျသွား၏။

“ငါလည်း နင့်လိုမျိုး ရုတ်တရက် အမြင်မှန်ရသွားရင် သိပ်ကောင်းမှာပဲ”

“နင် သရုပ်ဆောင်တာလည်း ကောင်းပါတယ်”

ယဲ့ယီ စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

ယန်နျန့်စီသည် အမှန်တကယ် ပါရမီပါသော မင်းသမီးတစ်ယောက် ဖြစ်ပြီး သူမ၏ လက်ရှိ အဆင့်အတန်းမှာ သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေ၏။

သူမ၏ မိသားစု သြဇာအာဏာဖြင့်ဆိုလျှင် သူမကို ကျော်ကြားအောင် လုပ်ရန်မှာ အလွန်လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

“ကောင်းတယ် ဟုတ်လား။ ငါ သရုပ်ဆောင်တာတကယ်သာ ကောင်းရင် နှစ်တိုင်း ဆုပေးပွဲတွေမှာ ဒုတိယနေရာနဲ့ပဲ ညားမနေဘူး”

ယန်နျန့်စီ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

သူမ ယခုနှစ်တွင်မူ ဧကန်မုချ ဆုရရှိတော့မည်ဟု ထင်မှတ်ထားသော်လည်း ယဲ့ယီ ရုတ်တရက် ပေါ်ပေါက်လာသဖြင့် သူမ စိတ်ရင်းမှန်ဖြင့် အရှုံးပေးလိုက်ရတော့၏။

“အဲဒါက အရင်တုန်းက အချိန် မကျသေးလို့ပါ။ နင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ အဲဒီဆုကို နင် အနှေးနဲ့ အမြန်ရမှာပဲ”

ယန်နျန့်စီ စိတ်ခံစားလွယ်သူ မဟုတ်သဖြင့် ယဲ့ယီ၏ စကားကို ကြားပြီးနောက် ချက်ချင်းပင် စိတ်ဓာတ် ပြန်လည်တက်ကြွလာကာ ကြွေးကြော် လိုက်တော့၏။

“နင်ပြောတာ မှန်တယ်၊ အဲဒါက အကောင်းဆုံး မင်းသမီးဆုပဲလေ၊ ငါ အနှေးနဲ့ အမြန် ရအောင်ယူပြမယ်”

သူတို့နှစ်ဦး ခဏတာမျှ ထပ်မံ စကားစမြည် ပြောဆိုနေကြပြီးနောက် ဇာတ်ကားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခေါ်ယူခြင်း ခံခဲ့ရသည်။

ဒါရိုက်တာသည် နောက်ဆုံးတွင် ယဲ့ယီ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သရုပ်ဆောင်မည်ကို တရားဝင် ကြေညာခဲ့၏။

ဒါရိုက်တာသည် မူလက ဇာတ်လမ်းတွဲ ထုတ်လွှင့်ချိန်မှသာ ပရိသတ်ကို အံ့အားသင့်စရာ လက်ဆောင်အဖြစ် ပေးရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ပရဟိတပွဲကြောင့် ယဲ့ယီ၏ ရေပန်းစားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ထို့ကြောင့် ဒါရိုက်တာ ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို လက်လွတ်မခံဘဲ အသုံးချရမည်ဟု တွေးလိုက်တော့၏။

ဇာတ်ကောင်နေရာကို ကြေညာလိုက်သည်နှင့် ယဲ့ယီသည် လူမှုကွန်ရက်၏ ရေပန်းအစားဆုံး သတင်းခေါင်းစဉ်များထဲသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။

ယဲ့ယီ၏ လူမှုကွန်ရက် အကောင့်အောက်ရှိ မှတ်ချက်များမှာလည်း ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားခဲ့ရ၏။

လူအများအပြားက သူတို့၏ နားမလည်နိုင်မှုကို ထုတ်ဖော်ပြသခဲ့ကြသည်။

“ယဲ့ယီ ဘာတွေ လုပ်နေတာလဲ၊၊ သူများတွေ နုအောင် ပြင်နေချိန်မှာ သူကတော့ အိုစာအောင် လုပ်နေတယ်ပေါ့ ဟုတ်လား”

“ပြောစရာ စကားပျောက်သွားပြီ။ ရိုက်ကူးရေးအဖွဲ့က ဘာတွေ တွေးပြီး ယဲ့ယီကို ဒီဇာတ်ကောင်နေရာ ပေးတာလဲ။ ယဲ့ယီက ယန်နျန့်စီထက်တောင် အသက်ငယ်သေးတယ်။ သူတို့က ပရိသတ်တွေကို အရူးတွေလို့ မှတ်နေတာလား”

“ငါ့အမြင်တော့ ယဲ့ယီက အများနဲ့ မတူဘဲ ထူးခြားချင်ယောင်ဆောင်ပြီး ရည်ရွယ်ချက်ရှိရှိ လူပြောသူပြောများအောင် လုပ်နေတာ ထင်တယ်”

“ဒါပေမဲ့ ဒီဇာတ်ကောင်ကို သရုပ်ဆောင်လို့ သူ ဘာအကျိုးအမြတ် ရမှာမလို့လဲ။ ရေပန်းစားရုံ သက်သက်ပဲလား”

“ငါတော့ နားမလည်နိုင်တော့ဘူး။ တကယ် နားမလည်နိုင်ဘူး”

“ယဲ့ယီက ဒီဇာတ်ကောင်နဲ့ တကယ်ပဲ ဆုရချင်နေတာလား။ ဒီဇာတ်ကောင်ကို ကောင်းကောင်း သရုပ်ဆောင်နိုင်ရင်တော့ ဆုရဖို့ အခွင့်အလမ်းက တော်တော်များတယ်”

“သူလားဆုရမှာ။ အရင်က အကောင်းဆုံး မင်းသမီးဆု တစ်ခါ ရဖူးရုံနဲ့ ကိုယ့်ကိုယ်ကိုယ် တကယ့် ပါရမီရှင်ကြီးလို့ ထင်နေတာလား။ အဲဒီ ဆုကလည်း အဆက်အသွယ်တွေ သုံးပြီး ရခဲ့တာပဲလေ”

အွန်လိုင်းပေါ်ရှိ ထင်မြင်ချက်များမှာ ကွဲပြားနေကြသော်လည်း လူတိုင်းကမူ ယဲ့ယီသည် ဤဇာတ်ကောင်နှင့် လုံးဝ မကိုက်ညီဟု ယူဆနေကြသည်။

သို့သော်လည်း အင်တာနက် အသုံးပြုသူများ မည်သို့ပင် ပြောစေကာမူ ဤဇာတ်လမ်းတွဲသည် ရိုက်ကူးရေးပင် မစတင်ရသေးမီ အမှန်တကယ် ကျော်ကြားသွားခဲ့လေပြီ။

ဒါရိုက်တာ ယဲ့ယီကို ကြည့်ရင်း ပိုမို ကျေနပ် အားရလာ၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ လူစိတ်ဝင်စားမှု ရရှိခြင်းက ကြော်ငြာစရိတ်ကို သက်သာစေသောကြောင့် ဖြစ်လေသည်။

ယဲ့ယီ ရိုက်ကူးရေးအဖွဲ့ထဲသို့ ဝင်ရောက်ပြီးနောက် နေ့စဉ် အလွန်အမင်း အလုပ်ရှုပ်နေခဲ့သဖြင့် ကုရှီချန်းနှင့် စကားပြောရန် ရံဖန်ရံခါမှသာ အချိန်လု၍ ဖန်တီးရ၏။

ယင်းကြောင့် ကုရှီချန်း ပြည်တွင်းသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူမ မသိရှိခဲ့ပေ။

All Chapters