အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း(၁၇၃)
ကုရှီချန်း နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိပြီး ကုမ္ပဏီကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ကုန်းရှောင်ကျောင်းကို သွားရှာတော့၏။
ကုန်းရှောင်ကျောင်း ကုရှီချန်းကို မြင်လိုက်ရသောအခါ ကျောရိုးထဲအထိ အေးစိမ့်သွားသည်။
ယဲ့ယီ ပရဟိတပွဲအကြောင်းကို ကုရှီချန်းကို ပြောပြလိုက်ပြီလားဟုပင် သံသယဝင်မိသွားတော့သည်။ သို့သော် ကံကောင်းထောက်မစွာ ကုရှီချန်း ပရဟိတပွဲအကြောင်းကို လုံးဝ ထုတ်မပြောခဲ့ပေ။
“ငါ မရှိတုန်းက ဘာမှ မဖြစ်ခဲ့ဘူးမလား”
ကုရှီချန်း ဆိုဖာပေါ်တွင် ထိုင်ရင်း သာမန်ကာလျှံကာ မေးမြန်းနေသကဲ့သို့ တည်ငြိမ်စွာ မေးလိုက်သည်။
သို့သော် ကုရှီချန်း၏ အမူအရာက ကုန်းရှောင်ကျောင်းကို အကြောင်းပြချက်မရှိ စိုးရိမ်ထိတ်လန့်သွားစေ၏။ သို့သော်လည်း သူ အတင်းအကျပ်ပင် စိတ်ကိုတည်ငြိမ်အောင် ထိန်းထားကာ ပြန်ပြောလိုက်သည်။
“ဘာဖြစ်ရမှာလဲ”
ကုရှီချန်း စကားမဆိုဘဲ ကုန်းရှောင်ကျောင်းကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီး ညည်းတွားလိုက်သည်။
“အင်း”
ကုန်းရှောင်ကျောင်း ကုရှီချန်းက ထိုကိစ္စကို သိ မသိ ခန့်မှန်း၍မရ ဖြစ်နေသည်။
အမှန်တကယ်တွင်မူ ကုန်းရှောင်ကျောင်း အနေဖြင့် ကုရှီချန်းကို ထိုအကြောင်း ပြောပြလိုက်လျှင်ပင် ကိစ္စကြီးကြီးမားမား ရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကုန်းရှောင်ချင်းသည်လည်း သားကောင်တစ်ဦးပင် မဟုတ်ပါလော။
သို့သော် ကုန်းရှောင်ကျောင်း စိုးရိမ်နေသည်မှာ ကုရှီချန်း ရူသိုက်ဝိန်ကို သွားရောက် ကလဲ့စားချေမည်ကို ဖြစ်၏။
ယဲ့ယီပြောသော စကားများ အမှန် ဟုတ်မဟုတ်ကို မသိရသေးသော်လည်း ကုန်းရှောင်ကျောင်း ဤကိစ္စကို ဖုံးကွယ်ထားရန်သာ ရွေးချယ်လိုက်သည်။
ကုရှီချန်း ဆက်လက် မေးမြန်းနေမည်ကို စိုးရိမ်သဖြင့် ကုန်းရှောင်ကျောင်း စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်တော့၏။
“ယဲ့ယီ အခု ရိုက်ကူးရေးအဖွဲ့ထဲ ဝင်သွားပြီ။ မင်း ဒီဇာတ်လမ်းတွဲမှာ ရင်းနှီးမြှုပ်နှံချင်လား”
“မလိုပါဘူး။ ငါ သူ့ကို ယုံတယ်”
ယဲ့ယီက သူ့ကိစ္စကို ဝင်ရောက် မစွက်ဖက် လိုကြောင်း ကုရှီချန်းသိ၏။
အကယ်၍ သူ ရင်းနှီးမြှုပ်နှံလိုက်ပါက နောင်တွင် ယဲ့ယီ မည်မျှပင် အောင်မြင်မှုများ ရရှိပါစေ အင်တာနက် အသုံးပြုသူများက သူမသည် သူ့ကို မှီခိုနေရသည်ဟုသာ ပြောဆိုကြလိမ့်မည်။
ထို့အပြင် ကုရှီချန်း ကိုယ်တိုင် ပြောခဲ့သကဲ့သို့ပင် သူ ယဲ့ယီကို ယုံကြည်၏။ ယဲ့ယီသည် သူမ၏ ကိုယ်ပိုင် အရည်အချင်းဖြင့် သူမ အလိုရှိသောအရာကို သေချာပေါက် ရယူနိုင်လိမ့်မည်ဟု သူ ယုံကြည်ထား၏။ နောက်ကွယ်မှနေ၍ သူမကို တိတ်တဆိတ် ကူညီပံ့ပိုးပေးရန်သာ လိုအပ်လေသည်။
ကုန်းရှောင်ကျောင်း ပြုံးလိုက်၏။
“မင်းကတော့ သူ့ကို တကယ် ယုံတာပဲ။ ဒါပေမဲ့ ငါ နားမလည်နိုင်တဲ့ အချက်တစ်ခု ရှိတယ်။ မင်း သူ့ကို ဘာ သဘောကျတာလဲ။ သိုက်ဝိန်ကရော ဘယ်နေရာမှာ သူ့ထက် ညံ့နေလို့လဲ။ မင်း ဘာလို့ သူ့ကိုမှ ရွေးချယ်ခဲ့ရတာလဲ”
ကုရှီချန်း၏ လေသံသည် အနည်းငယ် မကျေမနပ် ဖြစ်သွား၏။
“ငါ့အတွက်တော့ သူက အကောင်းဆုံးပဲ။ သူ ဘယ်သူနဲ့မှ ယှဉ်ဖို့ မလိုဘူး။ မင်း ရူသိုက်ဝိန်ကို အဲ့ဒီလောက်တောင် အထင်ကြီးနေရင် မင်းကိုယ်တိုင် သူ့ကို လက်ထပ်လိုက်ပါလား”
ကုရှီချန်း၏ တုံ့ပြန်မှုကြောင့် ကုန်းရှောင်ကျောင်း ဆွံ့အသွားသည်။ သူလည်း သူမကို လက်ထပ်ချင်ပါသည်၊၊ သို့သော် ကံဆိုးစွာ သူမက သူ့ကို လက်ထပ်ရန် အလိုမရှိပေ။
ကုရှီချန်း ကုန်းရှောင်ကျောင်း ကို ကြည့်ကာ ဆက်လက်ပြောသည်။
“မင်း လူတစ်ယောက်ကို သဘောကျရင် လိုက်ပိုးလေ၊၊ သူများနောက်ကနေ အရူးလို လိုက်လုပ်မနေနဲ့”
“သိုက်ဝိန်နဲ့ ငါက သူငယ်ချင်း သက်သက်ပါ၊ ပြီးတော့ သိုက်ဝိန် သဘောကျတဲ့လူက မင်းပဲလေ”
ကုန်းရှောင်ကျောင်း ကုရှီချန်း ဆိုလိုသည့် အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်သော်လည်း သူ ရူသိုက်ဝိန်ကို သဘောကျသည်ဟု ဝန်ခံရန် သတ္တိပင် မရှိသဖြင့် သူမကို မည်သို့ ဖွင့်ပြောရဲပါမည်နည်း။
သူတို့သည် ယခုအချိန်ထိ သူငယ်ချင်းကောင်းများ ဖြစ်နေကြဆဲ ဖြစ်သည်။ အကယ်၍ သူ ဤစကားများကို ပြောလိုက်ပါက သူငယ်ချင်းအဖြစ်ပင် ဆက်လက် ရှိနိုင်တော့မည်မဟုတ်ဟု သူ စိုးရိမ်နေမိသည်။
သူမအနားတွင် သူငယ်ချင်းတစ်ယောက်အဖြစ် နေရခြင်းကလည်း အဆင်ပြေပါ၏။
အကယ်၍ ယဲ့ယီသာ ကုန်းရှောင်ကျောင်း အတွေးများကို သိရှိပါက သူမ သူ့ကို သွမ့်ဟွေ့ကျိုနှင့် တစ်အုပ်စုတည်းအဖြစ် သေချာပေါက် သတ်မှတ်လိမ့်မည်။
သူတို့သည် လိုသုံးများသာဖြစ်ကြ၏။
ဤမျှအထိ ပြောပြီးနောက် ကုရှီချန်း ဘာမှ ထပ်မပြောလိုတော့ပေ။ သို့သော်လည်း ကုန်းရှောင်ထပ်မပြောလိုတော့ပေ။ သို့သော်လည်း ကုန်းရှောင်ကျောင်းကို သတိပေးလိုက်သည် ။
“အကယ်၍ ရူသိုက်ဝိန်က ငါ့ချစ်သူကို ထိခိုက်နစ်နာစေမဲ့ အရာတစ်ခုခု လုပ်ခဲ့ရင် အဲဒီအချိန်ကျမှ မင်း သူ့အတွက် လာပြီး အသနား မခံဖို့ ငါ မျှော်လင့်ပါတယ်”
ကုန်းရှောင်ကျောင်း ပြန်မပြောနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထိုအချက်ကို အာမ၊ မခံနိုင်သောကြောင့် ဖြစ်သည်။
ကုရှီချန်းလည်း ကုန်းရှောင်ကျောင်းထံမှ မည်သည့် အာမခံချက်ကိုမျှ မမျှော်လင့်ထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကုန်းရှောင်ကျောင်းသည် ရူသိုက်ဝိန်အတွက် အရာရာကို ဖုံးကွယ်ပေးရန် စတင် လုပ်ဆောင်နေသောကြောင့် ဖြစ်၏။
“ဘာပဲဖြစ်ဖြစ် သိုက်ဝိန်က ငါတို့နဲ့ အတူတူ ကြီးပြင်းလာခဲ့တာလေ။ သူ ယဲ့ယီကို ထိခိုက်စေမဲ့ အရာတွေ မလုပ်ဘူးလို့ ငါ ယုံတယ်”
ကုန်းရှောင်ကျောင်း နောက်ဆုံးတွင် ရူသိုက်ဝိန်ဘက်မှ ကာကွယ်၍ စကားဆိုလိုက်၏။
ကုရှီချန်း ကုန်းရှောင်ကျောင်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ ပရဟိတပွဲကိစ္စကို ရှင်းလင်းစွာ စုံစမ်းစစ်ဆေးပြီးသွား၏။ ကုန်းရှောင်ချင်းကို ဆေးခတ်ခဲ့သူမှာ ရူသိုက်ဝိန် ဖြစ်သည်။
သို့သော်လည်း ညီအစ်ကို သံယောဇဉ်ကြီးလှသော ကုန်းရှောင်ကျောင်းက တရားခံကို ကာကွယ်ပေးနေ၏။
ကုန်းရှောင်ကျောင်း၏ အရည်အချင်းဖြင့် သာဆိုပါက ဤအရာများမှာ စုံစမ်း၍ မရနိုင်ခြင်း မဟုတ်ဘဲ သူကိုယ်တိုင်ကသာ စုံစမ်းစစ်ဆေးရန် မဝံ့ရဲခြင်းသာ ဖြစ်ရမည်ဟု ကုရှီချန်း ယူဆထားသည်။
ပြောစရာရှိသည်များကို ပြောပြီးပြီ ဖြစ်သဖြင့် ယခုအခါ ကုရှီချန်း တရားခံကို သွားရောက်၍ အကျိုးအကြောင်း မေးမြန်းရန် ပြင်ဆင်လိုက်တော့၏။
ကုရှီချန်း ရူသိုက်ဝိန်နှင့် သီးသန့် ကော်ဖီဆိုင်တစ်ခုတွင် တွေ့ဆုံရန် ချိန်းဆိုထားသည်။
ရူသိုက်ဝိန်သည် ကုရှီချန်း သူမကို တွေ့ဆုံရန် ခေါ်ယူသောအခါ မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရသော်လည်း သူမ သွားရောက်လိုက်၏။
“ရှီချန်း နင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ”
ကုရှီချန်း ထိုင်နေသည်ကို မြင်မြင်ချင်း ရူသိုက်ဝိန် ချက်ချင်း လျှောက်လာကာ စိတ်အားထက်သန်စွာ ပြောလိုက်၏။
ကုရှီချန်းကမူ စကားမဆိုဘဲ ရူသိုက်ဝိန်ကို မော့ကြည့်လိုက်သည်။ ရုတ်တရက် ရူသိုက်ဝိန် ဖိအားတစ်ခုကို ခံစားလိုက်ရသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းထားရင်း မေးလိုက်၏။
“နင် ငါ့ကို ဘာလို့ အဲ့လို ကြည့်နေတာလဲ။ ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား”
“ငါ့ချစ်သူကို နောက်တစ်ခါ ထပ်ပြီး ဒုက္ခမပေးဖို့ မင်းကို ငါ အရင်က ပြောဖူးတယ်”
ကုရှီချန်း ထိုသို့ ပြောလိုက်သောအခါ သူတို့ပတ်ဝန်းကျင် လေထုတစ်ခုလုံး အေးစက်သွားသည်။
“ရှီချန်း နင် ဘာတွေ ပြောနေတာလဲ။ ငါ နားမလည်ဘူး”
ရူသိုက်ဝိန် တည်ငြိမ်ချင်ယောင်ဆောင်နေ၏။
“မင်း လုပ်ခဲ့တဲ့တာတွေကို ငါ တကယ် မသိဘူးလို့ ထင်နေတာလား”
ကုရှီချန်း၏ လေသံမှာ အတိုင်းထက်အလွန် အေးစက်နေ၏။
ကုရှီချန်း၏ ဤကဲ့သို့သော အမူအရာကို မြင်သောအခါ ရူသိုက်ဝိန်သည် သူ ထိုကိစ္စကို သိရှိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့၏။
“ယဲ့ယီက နင့်ကို ပြောပြလိုက်တာလား၊၊ ရှောင်ချင်းက သူ့ကို သဘောကျတာလေ၊ ငါ သူတို့နှစ်ယောက်ကို တွဲပေးဖို့ ကြိုးစားတာ ဘာမှားလို့လဲ”
ကုရှီချန်း၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားတော့၏။
“မင်းက ငါ့ချစ်သူကို တခြားယောက်ျားတစ်ယောက်နဲ့ ပေါင်းပေးဖို့ ကြံစည်နေတာပေါ့။ ရူသိုက်ဝိန် မင်းဘာလို့ အဲ့လောက် သတ္တိတွေ ကောင်းနေရတာလဲ”
“ရှီချန်း သူက နင်နဲ့ လုံးဝ မတန်ဘူး။ ငါ တစ်ယောက်တည်းပဲ နင်နဲ့ အလိုက်ဖက်ဆုံးပဲ”
ရူသိုက်ဝိန် ကုရှီချန်းကို နက်ရှိုင်းသော အချစ်မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။
သို့သော် ကံဆိုးစွာ ကုရှီချန်းသည် သူမ၏ အချစ်များကို လုံးဝ ရွံရှာမုန်းတီးနေ၏။
“ရူသိုက်ဝိန် ဒါက နောက်ဆုံး သတိပေးတာပဲ။ နောက်တစ်ခါ ထပ်ဖြစ်လာရင် မင်းကို ငါကိုယ်တိုင် ထောင်ထဲ ပို့ဖို့လည်း ဝန်မလေးဘူး”
ကုရှီချန်း ထိုသို့ ပြောကြားပြီးနောက် ချက်ချင်းပင် ထရပ်ကာ ထွက်ခွာသွားတော့သည်။
ကုရှီချန်း ထွက်ခွာသွားပြီးနောက် ရူသိုက်ဝိန်ဖုန်း မြည်လာသည်။ ထိုဖုန်းမှာ ပြည်ပတွင် ရောက်ရှိနေသော သူမ၏ ဖခင်ဖြစ်သူထံမှ ဖြစ်ပြီး ဖုန်းလိုင်း ချိတ်ဆက်မိသည်နှင့် ဆဲဆိုကြိမ်းမောင်းသံများ စတင် ထွက်ပေါ်လာတော့၏။
“နင် ဘာတွေ လျှောက်လုပ်လိုက်တာလဲ။ ကုကော်ပိုရေးရှင်းက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘာလို့ ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်တာလဲ၊၊ ဒါ ဘယ်လောက်တောင် ဆုံးရှုံးမှုကြီးမားလဲ နင်သိရဲ့လား၊ နင် ကုမ္ပဏီကို ဒေဝါလီခံစေချင်နေတာလား”
တစ်ဖက်မှ လူ ဆက်လက် ပြောဆိုချင်နေသေးသော်လည်း ရူသိုက်ဝိန် ဖုန်းချလိုက်တော့၏။
ဤသည်မှာ ကုရှီချန်း သူမကို ပေးလိုက်သော သတိပေးချက်ဖြစ်ကြောင်း သူမ သိရှိလိုက်၏။
သို့သော်လည်း သူမ ယဲ့ယီကို ဤမျှဖြင့် လွယ်လွယ်ကူကူ လွှတ်မပေးနိုင်ပေ။
ယဲ့ယီ သေချာပေါက် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်စေရမည်။
ကုရှီချန်း အိမ်သို့ ပြန်ရောက်သောအခါ မိခင်ဖြစ်သူ၏ မေးမြန်းခြင်းကို ခံရသည်။
“မင်းအစ်ကိုဆီက ကြားတယ်။ မင်း ရူမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်တယ်ဆို မင်း ဘာတွေ လုပ်နေတာလဲ”
ကုရှီချန်း အေးစက်စွာ ပြန်ပြောလိုက်၏။
“သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာက ကုကော်ပိုရေးရှင်းအတွက် ဘာအကျိုးအမြတ်မှ မပေးနိုင်ဘူး။ အဲ့လိုမှတော့ ဘာလို့ ဆက်ပြီး ပူးပေါင်းနေရဦးမှာလဲ”
မိခင်ကြီးကု ခဏတာမျှ ဘာပြောရမှန်းမသိ ဖြစ်သွားပြီး နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီး ချလိုက်တော့၏။
“ဒါပေမဲ့ သိုက်ဝိန်က… မင်းတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြတာပဲလေ။ မင်း ဒီလိုလုပ်လိုက်တော့ သိုက်ဝိန် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ”
“အဲဒါ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”
ကုရှီချန်း ထိုသို့ဆိုကာ နောက်သို့ လှည့်မကြည့်ဘဲ အပေါ်ထပ်သို့ တိုက်ရိုက် တက်သွားတော့၏။
မိခင်ကြီးကုသည် ကုရှီချန်း အဘယ်ကြောင့် ရူကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်ရသည်ကို အမှန်တကယ် နားမလည်နိုင် ဖြစ်နေရလေ၏။
‘တစ်ခုခုတော့ သေချာပေါက် ဖြစ်ခဲ့လိမ့်မယ်’
မိခင်ကြီးကု အချိန်ရပါက ရူသိုက်ဝိန်ကို ဖြစ်ပျက်ခဲ့သမျှ အခြေအနေ အရပ်ရပ်ကို မေးမြန်းရမည်ဟု ဆုံးဖြတ်လိုက်တော့၏။
အခန်း(၁၇၄)
နောက်တစ်နေ့တွင် ရူသိုက်ဝိန် မိခင်ကြီးကုထံ လာလည်သောအခါ မိခင်ကြီးကုက ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းလေတော့သည်။
“သိုက်ဝိန်… မင်းနဲ့ ရှီချန်းတို့ တစ်ခုခု အဆင်မပြေဖြစ်ကြလို့လား။ ဘာလို့ ရှီချန်းက မင်းတို့မိသားစု ကုမ္ပဏီနဲ့ ပူးပေါင်းမှုကို ရုတ်တရက်ကြီး ရပ်လိုက်ရတာလဲ”
ရူသိုက်ဝိန် မိခင်ကြီးကု ဤကိစ္စကို သူမဘာသာ စတင်မေးမြန်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမအနေဖြင့် ဤကဲ့သို့သော အခွင့်အရေးကောင်းကို အလဟဿ အဆုံးရှုံးမခံနိုင်ပေ။ ထို့ကြောင့် သူမ အလွန် စိတ်ဖိစီးနေရသော အမူအရာကို လုပ်ဆောင်ပြီး ပြောလိုက်၏။
“ရှီချန်းလည်း သူ့အကြောင်းနဲ့သူ ရှိမှာပါ”
သို့သော် သူမ တစ်ကိုယ်လုံး အမူအရာမှာမူ လုံးဝ စိတ်ပျက်အားငယ်နေပုံ ပေါက်နေ၏။
ထက်မြက်လှသော မိခင်ကြီးကုသည် ရူသိုက်ဝိန်၏ စကားများနောက်ကွယ်တွင် တစ်ခုခု ရှိနေသည်ကို အလွယ်တကူပင် ရိပ်မိလိုက်သည်။
မိခင်ကြီးကု ရူသိုက်ဝိန် လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်၏။
“သိုက်ဝိန်၊ မင်း စိတ်ထဲမှာ တစ်ခုခု ရှိနေရင် အန်တီကို ပြောနော်။ အန်တီ မင်းအတွက် သေချာပေါက် ရပ်တည်ပေးမယ်”
ရူသိုက်ဝိန် မျက်ဝန်းများမှာ နီမြန်းလျက် သတိကြီးစွာ ပြောလိုက်၏။
“အဲဒါက… ရှီချန်းရဲ့ ရည်းစားက သမီးနဲ့ ရှီချန်းရဲ့ ဆက်ဆံရေးက အရမ်းရင်းနှီးတယ် ထင်လို့နေမှာပါ”
မိခင်ကြီးကု၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားပြီး လေသံမှာလည်း အလွန်အမင်း မကျေမနပ် ဖြစ်သွားတော့သည်။
“အို… တကယ့်ကို သေးသိမ်ပြီး အမြင်မကျယ်တဲ့ မိန်းမပဲ၊ ရှီချန်းကလည်း ခက်ပါတယ်၊ ဘာလို့ အဲဒီလို အသုံးမကျတဲ့ မိန်းမမျိုးကိုမှ အသည်းအသန် သဘောကျနေရတာလဲ၊ မင်း ဘယ်လောက်တောင် ကောင်းလဲဆိုတာကို သူ ဘာလို့ မမြင်နိုင်ရတာလဲ”
“ရှီချန်း သူ့ကို သဘောကျမှတော့ သူလည်း သူ့အရည်အချင်းနဲ့သူ ရှိမှာပါ၊ သမီးကိုယ်တိုင်ကပဲ ရှီချန်းနဲ့ မထိုက်တန်တာပါ၊ အန်တီ… သမီးကြောင့်နဲ့ ရှီချန်းကို စိတ်မဆိုးပါနဲ့နော်”
သူမ၏ စကားများသည် ယဲ့ယီဘက်မှ ကာကွယ်ပြောဆိုပေးနေသကဲ့သို့ ရှိသော်လည်း မိခင်ကြီးကု၏ နားထဲတွင်မူ ယဲ့ယီကို ပိုမို၍ မုန်းတီးသွားစေရန်သာ ဆော်သြလိုက်သကဲ့သို့ ဖြစ်သွားတော့၏။
မည်သို့ပင် ဆိုစေကာမူ ရူသိုက်ဝိန်က မိခင်ကြီးကု မျက်စိအောက်တွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်ပြီး အစောပိုင်းကတည်းက သူမ သဘောကျခဲ့သော ချွေးမလောင်းလည်း ဖြစ်သည်။
ကုရှီချန်း ရူသိုက်ဝိန်ကို သဘောမကျဘဲ ယဲ့ယီကို သဘောကျနေခြင်းက မိခင်ကြီးကုကို ယဲ့ယီသည် လှည့်ကွက်များ သုံးပြီး ကုရှီချန်းကို မြှူဆွယ်ထားခြင်း ဖြစ်သည်ဟုသာ တွေးတောမိစေ၏။
“အန်တီ ဒီယဲ့ယီနဲ့ သေချာပေါက် စကားပြောရမယ် ထင်တယ်။ အခုတော့ အဲဒီမိန်းမကြောင့်နဲ့ ရှီချန်းက ရူကော်ပိုရေးရှင်းနဲ့ ပူးပေါင်းမှုကို ဖြတ်လိုက်ပြီ။ နောက်ကျရင် သူ ဘာတွေ ထပ်လုပ်ဦးမယ်ဆိုတာ ဘယ်သူသိမှာလဲ”
မိခင်ကြီးကု၏ ယဲ့ယီအပေါ် ထားရှိသော အထင်အမြင်မှာ ပိုမို ဆိုးရွားသွားခဲ့၏။
သူမသည် ယဲ့ယီ၏ နောက်ကြောင်းကို မူလကတည်းက မကျေနပ်ခဲ့သဖြင့် ယခုအခါတွင်မူ ပို၍ပင် မုန်းတီးသွားတော့သည်။
သူမ ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်သောအခါ ရူသိုက်ဝိန်၏ မျက်ဝန်းထဲတွင် ပြုံးယောင်သန်းသွား၏။သို့ သော်လည်း မျက်နှာပေါ်တွင်မူ မည်သည့် အရိပ်အယောင်မျှပင် မပြသပေ။
မိခင်ကြီးကုသည် အမြဲတမ်း ပြတ်သားစွာ လုပ်ဆောင်တတ်သူ ဖြစ်၏။
ယဲ့ယီနှင့် စကားပြောရန် ဆုံးဖြတ်ပြီးသည်နှင့် သူမ ယဲ့ယီကို ဆက်သွယ်ရန် အချက်အလက်များကို ချက်ချင်း စတင် ရှာဖွေတော့သည်။
သို့သော် ရူသိုက်ဝိန် သူမကို တားဆီးလိုက်၏။
“အန်တီ၊ ယဲ့ယီက အခုအချိန်မှာ အန်တီ့ကို တွေ့ဖို့ အချိန်ရှိမှာ မဟုတ်လောက်ဘူး”
ထိုစကားကို ကြားသောအခါ မိခင်ကြီးကုသည် ပို၍ပင် မကျေမနပ် ဖြစ်သွားလေ၏။
“ဘာလဲ… အန်တီက သူ့ကို တွေ့ချင်တာတောင် သူ အချိန်အားလား၊ မအားလားဆိုတာကို ကြည့်နေရဦးမှာလား”
မိခင်ကြီးကုသည် ဤကဲ့သို့သော မလေးစားမှုကို မည်သည့်အခါကမျှ မခံခဲ့ရဖူးပေ။
ပုံမှန်အားဖြင့် တခြားလူများကသာ သူမကို တွေ့ခွင့်ရရန် တောင်းပန်တိုးလျှိုးကြရခြင်း ဖြစ်သည်။
ဤသည်မှာ တစ်စုံတစ်ယောက်ကို သူမ တွေ့ဆုံချင်သော်လည်း ထိုလူ၏ အချိန်အားမအားကို ထည့်သွင်းစဉ်းစားပေးရသည့် ပထမဆုံးအကြိမ် ဖြစ်လေ၏။
ရူသိုက်ဝိန် နှုတ်ခမ်းထောင့်များ ပြုံးယောင်သမ်းသွား၏။
ထို့နောက် ယဲ့ယီအတွက် စေတနာရှိဟန်ဖြင့် ရှင်းပြပေးလိုက်၏။
“အန်တီ အွန်လိုင်းမှာ တွေ့တာတော့ ယဲ့ယီ မကြာသေးခင်ကမှ ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့ ရိုက်ကူးရေးအဖွဲ့ထဲ ဝင်သွားတယ်လို့ သိရတယ်၊ အခုအချိန်ဆို သူ့ကို ဆက်သွယ်လို့ ရမှာ မဟုတ်ဘူး”
“ဇာတ်လမ်းတွဲ ရိုက်တယ် ဟုတ်လား၊ ဟင်း ငါ့အမြင်တော့ သူ ရှီချန်းရဲ့ ပိုက်ဆံကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးချနေတာပဲ ဖြစ်မှာ”
ရူသိုက်ဝိန်၏ ရှင်းပြချက်ကို ကြားရသောအခါ မိခင်ကြီးကု၏ ဒေါသမှာ ပိုမို ကြီးထွားလာသည်။
ယခုအခါ သူမ ယဲ့ယီအပေါ် ထားရှိသော အထင်အမြင်မှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွား၏။ ပြီးခဲ့သည့်အကြိမ် တွေ့ဆုံစဉ်ကမူ သူမ ယဲ့ယီ၏ ရုပ်ရည်ကြောင့် သူမအပေါ် အတော်လေး သဘောကျမိခဲ့သေးသည်။
သူမ အမှန်တကယ်တွင် ယောက်ျားများကို မြှူဆွယ်တတ်သော မြေခွေးမတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
မိခင်ကြီးကုသည် သူမ ငယ်ရွယ်စဉ် အချိန်ကတည်းက သန်မာထက်မြက်ပြီး အရည်အချင်းရှိသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။
သူမသည် ယောက်ျားများကို မှီခိုပြီး အထက်သို့ တက်လှမ်းရန် ကြိုးစားသော အမျိုးသမီးများကို အမုန်းတီးဆုံး ဖြစ်၏။
ရူသိုက်ဝိန်၏ ရှင်းပြချက်များကြောင့် မိခင်ကြီးကု ယဲ့ယီကို ထိုကဲ့သို့သော လူစားမျိုးအဖြစ် သတ်မှတ်လိုက်သည်။
ယခင်ကမူ သူမသည် ကုရှီချန်း၏ အချစ်ရေးကိစ္စရပ်များကို မည်သည့်အခါကမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
အဓိကမှာ သူမ သားဖြစ်သူ၏ စရိုက်ကို သိထားသောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ ဤကဲ့သို့သော မြေခွေးမမျိုးကို ကုမိသားစုအတွင်းသို့ ဝင်ရောက်လာရန် သူမ လုံးဝ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
တစ်ဖက်တွင် ရိုက်ကူးရေးကွင်း၌ ယဲ့ယီ တဟတ်ဟတ်နှင့် နှာချေနေခဲ့လေ၏။
ယန်နျန့်စီ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“နင် ဖျား နေတာလား”
ယဲ့ယီ ခေါင်းခါယမ်းလိုက်၏။
“မဟုတ်လောက်ပါဘူး၊ ဖြစ်နိုင်တာကတော့ တစ်ယောက်ယောက်က ငါ့ကွယ်ရာမှာ ငါ့ကို ကျိန်ဆဲနေတာ နေမှာပါ”
“ဒါဆို နင့်ကို ကွယ်ရာမှာ ကျိန်ဆဲနေတာ ဘယ်သူ ဖြစ်မလဲ”
ယန်နျန့်စီ စနောက်လိုက်သည်။
ယဲ့ယီ လက်ကို ဝှေ့ယမ်းလိုက်၏။
“ငါ့ကို မုန်းတဲ့လူတွေ အများကြီးပဲဟာ၊ ငါ ဘယ်လိုလုပ် သိမှာလဲ”
ယန်နျန့်စီသည် ယဲ့ယီ၏ ဂရုမစိုက်တတ်သော အမူအရာကြောင့် သဘောကျသွားသည်။
အမှန်အတိုင်း ပြောရပါက သူမသည် ယဲ့ယီ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို အမှန်တကယ် လေးစားမိ၏။
အကယ်၍ သူမသာ အင်တာနက်တစ်ခွင်လုံး၏ တိုက်ခိုက်ခြင်းကို ဤမျှအထိ ခံရမည်ဆိုပါက ကြောက်လန့်တကြားဖြင့် ဤအနုပညာလောကမှ ထွက်ခွာသွားခဲ့သည်မှာ ကြာလေပြီ။
သို့သော် ယဲ့ယီကမူ ဘာမှမဖြစ်ခဲ့သကဲ့သို့ ပြုမူနေသည့်အပြင် အခြေအနေကိုပင် ပြောင်းလဲပစ်နိုင်၏။
နားနေချိန်အတွင်း ယဲ့ယီ သူမဖုန်းကို ကြည့်လိုက်သောအခါ ကုရှီချန်းထံမှ မက်ဆေ့ခ်ျ တစ်စောင်မျှ ရောက်မလာသေးသည်ကို သတိပြုမိလိုက်သည်။
ယခင်ကမူ သူ မည်မျှပင် အလုပ်ရှုပ်နေပါစေ ကုရှီချန်းသည် သူမထံသို့ ‘မင်္ဂလာနံနက်ခင်းပါ’ ဟူသော နှုတ်ခွန်းဆက်စကားကို အနည်းဆုံး ပေးပို့တတ်သည်။
သို့သော် ယခုမူ ကုရှီချန်းသည် သုံးရက်တိုင်တိုင် သူမထံသို့ မက်ဆေ့ခ်ျ တစ်စောင်မျှ ပေးပို့ခြင်း မရှိခဲ့ပေ။
ယဲ့ယီသည် ကုရှီချန်း သူမ၏ ကွယ်ရာတွင် တခြားတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားပြီဟု ပြင်းထန်စွာ သံသယဝင်မိသွားတော့၏။
သို့သော် သူမလည်း သူ့ထံသို့ အရင် စတင်၍ မက်ဆေ့ခ်ျ မပို့ခဲ့ပေ။ ကုရှီချန်းအနေဖြင့် သူမကို မည်သည့်အချိန်မှ သတိရကာ ဂရုစိုက်လာမည်ကို သူမ စောင့်ကြည့်ချင်နေသည်။
အကယ်၍ သူ ယနေ့အထိ မက်ဆေ့ခ်ျ မပို့သေးပါက သူမ သူ့ကို လွှတ်ပစ်လိုက်တော့မည်။
နိုင်ငံတကာ စည်းမျဉ်းများအရ သုံးရက်ထက်ကျော်လွန်၍ အဆက်အသွယ် မလုပ်ပါက အလိုအလျောက် လမ်းခွဲပြီးသား ဖြစ်သည်ဟု သတ်မှတ်ထားသည် မဟုတ်လော။
ယဲ့ယီ ဖုန်းမျက်နှာပြင် ကို စိုက်ကြည့်နေခဲ့သော်လည်း မက်ဆေ့ခ်ျအသစ်များ ပေါ်ပေါက်မလာခဲ့ပေ။
ခဏအကြာတွင် ရိုက်ကူးရေးအဖွဲ့သားတစ်ဦးက ယဲ့ယီကို ဇာတ်ဝင်ခန်း ရိုက်ကူးရန် လာရောက်ခေါ်ယူတော့သည်။
“ယဲ့ယီ၊ နင့်ရဲ့ ဇာတ်ဝင်ခန်း ရိုက်ဖို့ အချိန်ရောက်ပြီ”
ယဲ့ယီသည် ထိုအကြောင်းကို ထပ်မံ တွေးတောနေရန် အချိန်မရှိတော့သဖြင့် ဤကိစ္စကို စိတ်ထဲမှ ခဏ မေ့ပျောက်ထားလိုက်တော့သည်။
ယနေ့တွင် ရိုက်ကူးရမည့် ဇာတ်ဝင်ခန်း အရေအတွက်မှာ ပုံမှန်ထက် ထူးထူးခြားခြား များပြားလှ၏။
ရိုက်ကူးရေး ပြီးဆုံးချိန်တွင် ညကိုးနာရီကျော်ပင် ရှိနေလေပြီ။
ယဲ့ယီသည် မူလက အနားယူဖို့ တန်းပြန်ရန် ရည်ရွယ်ထားသော်လည်း ဇာတ်အဖွဲ့သားတစ်ဦးက တစ်စုံတစ်ယောက်က သူမကို လာရောက်ရှာဖွေနေကြောင်း ပြောကြားသည်။
ယဲ့ယီ နန်ချင်ဝမ်က သူမကို လာရောက်တွေ့ဆုံခြင်း ဖြစ်မည်ဟု ထင်မှတ်ကာ ချက်ချင်းပင် လိုက်ပါသွားခဲ့သည်။
သို့သော် သူမ၏ ရှေ့မှောက်ရှိ ကားကို ကြည့်ရင်း သူမ ဇဝေဇဝါ ဖြစ်သွား၏။
နန်ချင်ဝမ်၏ ကား ဤကဲ့သို့ ပုံစံမျိုး မဟုတ်ကြောင်း သူမ မှတ်မိနေသည်။
‘နန်ချင်ဝမ် ကားအသစ် ဝယ်လိုက်တာလာ:’
မကောင်းသော ရည်ရွယ်ချက်ရှိသူများ၏ ရန်မှ ကာကွယ်ရန်အတွက် ယဲ့ယီ ပထမဦးစွာ သူမ၏ ဖုန်းဗီဒီယိုကင်မရာကို ဖွင့်လှစ်လိုက်သည်။ အကယ်၍ မကောင်းသော ရည်ရွယ်ချက်ရှိသူ ဖြစ်နေပါက အနည်းဆုံးတော့ သက်သေအထောက်အထား ချန်ထားနိုင်မည်။
သို့သော် နီးကပ်စွာ လျှောက်လှမ်းသွားပြီး ကားမောင်းသူနေရာမှ လူကို မြင်လိုက်ရသောအခါ ယဲ့ယီ ကားထဲတွင် မည်သူရှိနေသည်ကို ချက်ချင်း သိရှိသွားတော့၏။
ယဲ့ယီ ကားထဲသို့ အမြန်ဆုံး ဝင်ရောက်လိုက်သည်။ သတင်းထောက်များ ကားထဲမှ လူကို ဓာတ်ပုံရိုက်ကူးမိခြင်းမှ ကာကွယ်ရန်အတွက် သူမ၏ လှုပ်ရှားမှုများမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှလေသည်။
ကားထဲသို့ ရောက်ရှိသွားသောအခါ ယဲ့ယီသည် သူမ လွမ်းဆွတ်နေခဲ့ရသော လူသားကို မြင်တွေ့လိုက်ရတော့၏။
သို့သော် သူမ သူ့ကို ချက်ချင်း ဖက်ခြင်း မပြုဘဲ နှာခေါင်းရှုံ့ပြီး အေးစက်စွာ မေးလိုက်၏။
“ဥက္ကဌကု ဘယ်တုန်းက ပြန်ရောက်တာလဲ”
“မနေ့ကတင် ပြန်ရောက်တာ”
ကုရှီချန်း လွန်ခဲ့သော နှစ်ရက်ကတည်းက ပြန်ရောက်နေပြီ ဖြစ်ကြောင်း ကြားရသောအခါ ယဲ့ယီ ပို၍ပင် ဒေါသထွက်သွားခဲ့ရသည်။
‘ဒါဆိုရင် ရှင်က ပြန်ရောက်ရောက်ချင်း ကျွန်မကို အရင် လာမရှာတဲ့အပြင် မက်ဆေ့ခ်ျ တစ်စောင်တောင် မပို့ဘူးပေါ့’
ယဲ့ယီ တွေးလေလေ ပို၍ ဒေါသထွက်လေလေဖြစ်ကာ ကားတံခါးကို ဖွင့်၍ ဆင်းရန် ချက်ချင်း ပြင်ဆင်လိုက်တော့၏။
ကုရှီချန်း သူမကို ဤကဲ့သို့ မည်သို့ ထွက်ခွာခွင့် ပြုပါမည်နည်း။
သူက သူမ၏ လက်ကို ချက်ချင်းပင် ဆွဲလိုက်သည်။
ယဲ့ယီ ကုရှီချန်းကို စိုက်ကြည့်ကာ ဆိုလေ၏။
“လွှတ်၊ ကျွန်မတို့ လမ်းခွဲပြီးပြီ”
ကုရှီချန်းကမူ အနည်းငယ် သဘောကျသွားကာ မေးလေ၏။
“ဘယ်တုန်းကလဲ၊ ကိုယ် မသိလိုက်ပါလား”
“နိုင်ငံတကာ စည်းမျဉ်းတွေအရ သုံးရက်တိုင်တိုင် အဆက်အသွယ် မလုပ်ရင် အလိုအလျောက် လမ်းခွဲပြီးသားပဲ”
ယဲ့ယီ ဒေါသတကြီးဖြင့် ပါးဖောင်းကာ ပြောလိုက်၏။