အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း(၁၇၅)
ကုရှီချန်း နှုတ်ခမ်းထောင့်လေးကို ကွေးညွတ်လိုက်ပြီး ဆိုလေ၏။
“ဘယ်နိုင်ငံက အဲဒီလို ပြဋ္ဌာန်းထားတာလဲ၊ ကိုယ် တကယ် မသိတာပါ”
“အဲဒါ ရှင်က ဘာမှမသိလို့ပဲ”
ယဲ့ယီ ယခုအချိန်တွင် အလွန်အမင်း ဒေါသထွက်နေသည်။
[ကျွန်မကတော့ ရှင် တစ်ခုခု ဖြစ်နေမလားလို့ စိုးရိမ်နေတာ၊ ရှင်ကတော့ ပြန်ရောက်နေတာ ကြာပြီပေါ့၊ ခွေးကောင်]
ယဲ့ယီ စိတ်ထဲမှ တွေးတောသံများကို ကြားရသောအခါ ကုရှီချန်း သူမကို အချစ်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူဖုန်းကို ကောက်ကိုင်ကာ မက်ဆေ့ခ်ျတစ်ခု ရိုက်နှိပ်လိုက်သည်။
ကုရှီချန်း ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် ဖုန်းကြည့်ရန် စိတ်ကူးရှိနေသေးသည်ကို မြင်သောအခါ ယဲ့ယီ ပို၍ပင် မကျေမနပ် ဖြစ်သွားရလေ၏။
[ရှင်က ဖုန်းကြည့်ဖို့တောင် စိတ်ကူးရှိသေးတယ်ပေါ့၊ ရတယ်၊ ရတယ်၊ ရှင် တခြားတစ်ယောက်ကို ရှာတွေ့သွားပြီ ထင်တယ်၊ ကျွန်မ အခုချက်ချင်း ရှင့်ကို လွှတ်ပစ်လိုက်မယ်]
ယဲ့ယီ စကားပြောရန် ပြင်ဆင်နေစဉ်မှာပင် သူမဖုန်းမှ မက်ဆေ့ခ်ျသံ မြည်လာခဲ့သည်။
သူမသည် ဖုန်းကို ထုတ်ယူကာ ကြည့်လိုက်သောအခါ ၎င်းမှာ WeChat မှ ကုရှီချန်း ပေးပို့လိုက်သော မက်ဆေ့ခ်ျ ဖြစ်နေသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
[ကြည့်လိုက်ပါဦးမယ်၊ ရှင် ဘာတွေ ပို့ထားလဲဆိုတာ။]
ယဲ့ယီ ဖွင့်ကြည့်လိုက်၏။
စကားပြောခန်းထဲတွင် ကြီးမားသော စာလုံး နှစ်လုံးသာ ရှိနေ၏။ “ချစ်တယ်”
ယဲ့ယီ၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားသည်။
ကုရှီချန်း ယဲ့ယီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
“သုံးရက် မပြည့်သေးဘူးလေ၊ ဒါကြောင့် ကိုယ်တို့ လမ်းမခွဲရသေးပါဘူး”
ယဲ့ယီ နှာခေါင်းရှုံ့လိုက်၏။
“ဒါလေးနဲ့တင် ကျွန်မ ရှင့်ကို ခွင့်လွှတ်မယ်လို့ မထင်နဲ့၊ ရှင် အကြောင်းပြချက်ကို သေသေချာချာ မရှင်းပြရင် ကျွန်မ အခုချက်ချင်း ရှင်နဲ့ ပြတ်မယ်”
သူမ အကဲစမ်းလိုက်သည်။
ကုရှီချန်း ယဲ့ယီ၏ ဆံပင်များကို ဖွဖွလေး ဖွပစ်လိုက်ပြီး ရှင်းပြလိုက်သည်။
“ကိုယ် မင်းကို အံ့အားသင့်စရာ လက်ဆောင် ပေးချင်လို့ပါ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုယ် ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေခဲ့လို့”
“ဘာကိစ္စလဲ၊ ကျွန်မကို ပြောပြလို့ ရမလား”
ယဲ့ယီ စူးစမ်းလိုသော ကလေးတစ်ယောက်ကဲ့သို့ အမူအရာမျိုး ပြုလုပ်လိုက်၏။
“ကိုယ် ရူကော်ပိုရေးရှင်းနဲ့ ပူးပေါင်းမှု အားလုံးကို ရပ်လိုက်ပြီ”
“သြော်”
[ငါက အကြီးစား အတင်းအဖျင်း သတင်းကြီးများလားလို့]
သို့သော် နောက်တစ်စက္ကန့်တွင် သူမ အခြေအနေ တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
“ဘယ်ရူမိသားစုလဲ၊ ရူသိုက်ဝိန်တို့ မိသားစုတော့ မဟုတ်ပါဘူးနော်”
ယဲ့ယီမှာ ထိုအရာသည် မဖြစ်နိုင်ကြောင်း ပြောရန် ပြင်ဆင်နေစဉ်မှာပင် ကုရှီချန်း ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရတော့၏။
“ရှင်တို့ မိသားစုနှစ်ခုက မိတ်ဆွေဟောင်းတွေ မဟုတ်ဘူးလား၊ ၊ရှင် ဘာလို့ အဲဒီလို လုပ်လိုက်ရတာလဲ”
ယဲ့ယီ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ အမှန်တကယ်တွင်မူ သူမ ထုတ်မပြောခဲ့သော စကားတစ်ခွန်း ရှိနေသေး၏။
[ရှင့်ရဲ့ ငယ်သူငယ်ချင်းမလေးက ရှင့်ကို အပြစ်တင်မှာကို မကြောက်ဘူးလား]
ကုရှီချန်း ယဲ့ယီ၏ ခေါင်းကို အသာအယာ တောက်လိုက်၏။
“ကိုယ်တို့ မိသားစုနှစ်ခုက အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အိမ်နီးနားချင်း ဖြစ်ခဲ့ကြတာ သက်သက်ပဲ၊ ရူသိုက်ဝိန်နဲ့ ကိုယ်က ငယ်သူငယ်ချင်းတွေ မဟုတ်ပါဘူး၊ မင်းရဲ့ ဦးနှောက်သေးသေးလေးထဲမှာ ဘာတွေ တွေးနေတာလဲ”
“ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာရင် ငယ်သူငယ်ချင်းလို့ ခေါ်တာပဲလေ”
ယဲ့ယီ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
သူမသည် ‘ငယ်သူငယ်ချင်း’ ဟူသော စကားလုံးကို ပါးစပ်မှ ထုတ်မပြောခဲ့မိကြောင်းကိုပင် သတိမထားမိခဲ့ပေ။
ယဲ့ယီကို အခြေအနေများကို ရှင်းလင်းစွာ ပြောပြရန် လိုအပ်သည်ဟု ကုရှီချန်း ခံစားမိသည်။ သို့မဟုတ်ပါက သူမသည် သူနှင့် ရူသိုက်ဝိန်ကို ငယ်သူငယ်ချင်းများအဖြစ် ဆက်လက် ပြောဆိုနေလိမ့်ဉီးမည်။
“ရူသိုက်ဝိန်နဲ့ ကိုယ်က သာမန် အိမ်နီးနားချင်းတွေ သက်သက်ပါ။ ပြီးတော့ သူ ဆယ်နှစ်သမီးမှာတင် သူတို့ မိသားစုက ပြည်ပကို ပြောင်းသွားခဲ့တာ၊ ကိုယ်တို့ တွေ့ဖူးတဲ့ အကြိမ်အရေအတွက်က လက်တစ်ဖက်စာတောင် မပြည့်ပါဘူး”
ကုရှီချန်း ထိုသို့ ပြောသည်ကို ကြားရသောအခါ ယဲ့ယီတွင် မေးခွန်းအသစ်တစ်ခု ချက်ချင်း ပေါ်ပေါက်လာပြန်၏။
“ဒါဆိုရင် ရူသိုက်ဝိန်က ရှင့်ကို ဘာလို့ အဲဒီလောက်တောင် သဘောကျနေရတာလဲ”
ကုရှီချန်း ဆွံ့အသွားရ၏။
သူ ဤအတိုင်း ဆက်သွားပါက ယဲ့ယီ သူ့ကို မေးခွန်းပေါင်း တစ်သိန်းခန့် ဆက်တိုက် မေးမြန်းလာလိမ့်မည်ဟု ခံစားမိသဖြင့် စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်တော့သည်။
“မင်း အရေးမပါတဲ့ လူတွေအကြောင်းကိုပဲ ဆက်ပြီး ပြောနေဦးမယ်ဆိုရင် ကိုယ် မင်းကို အရသာရှိတာတွေ သွားမကျွေးတော့ဘူးနော်”
ယဲ့ယီ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့၏။
သူမ ရိုက်ကူးရေးအဖွဲ့ထဲတွင် ရောက်ရှိနေသည်မှာ လဝက်နီးပါး ရှိနေလေပြီ။
ရိုက်ကူးရေးအဖွဲ့၏ ထမင်းဘူးများမှာ မဆိုးရွားသော်လည်း နေ့တိုင်း စားသုံးနေရပါက ငြီးငွေ့ဖွယ်ကောင်းလှသည်။
သူမ ယခုအချိန်တွင် တကယ့် စားပွဲသောက်ပွဲကြီးတစ်ခုကို အမှန်တကယ် လိုလားနေမိ၏။
ယဲ့ယီ ဒါရိုက်တာနှင့် ယန်နျန့်စီထံသို့ မက်ဆေ့ခ်ျများ ပေးပို့လိုက်၏။
သူမတွင် လုပ်ဆောင်စရာ ကိစ္စတစ်ခု ရှိသဖြင့် ခဏ အပြင်သို့ သွားမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။
မနက်ဖြန် နံနက်တွင် ရိုက်ကူးရေး ပြန်လည်စတင်မည် ဖြစ်သောကြောင့် ကုရှီချန်း ယဲ့ယီကို အဝေးကြီးသို့ ခေါ်မသွားဘဲ အနီးနားရှိ စားသောက်ဆိုင်တစ်ခုသို့သာ ခေါ်ဆောင်သွား၏။
ဤအချိန်တွင် စားသောက်ဆိုင်၌ စားသုံးသူ အလွန်နည်းပါးလှသော်လည်း ဘေးကင်းစေရန်အတွက် ယဲ့ယီသည် သူမကိုယ်သူမ လုံခြုံစွာ ရုပ်ဖျက်ထားခဲ့ပြီး ကုရှီချန်းကိုလည်း ထိုကဲ့သို့ လုပ်ဆောင်စေသည်။
သူမ မနက်ဖြန်တွင် လူမှုကွန်ရက်၏ ရေပန်းအစားဆုံး သတင်းခေါင်းစဉ်များထဲသို့ ထပ်မံ မရောက်ချင်ပေ။
ဆိုင်ထဲသို့ ရောက်ရှိသွားသောအခါ ယဲ့ယီ အရသာရှိသော ဟင်းလျာများစွာကို မှာယူလိုက်၏။
သူမ ကောင်းမွန်သော အစားအစာများကို တောင့်တနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ကုရှီချန်းကမူ ယဲ့ယီကို အချစ်မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့ပြီး သူ့မျက်ဝန်းများထဲတွင် နူးညံ့ပျော့ပျောင်းမှုများ လျှံထွက်နေသည်။
“ရှင့်ရဲ့ ကုမ္ပဏီ ကိစ္စတွေကို ဖြေရှင်းပြီးပြီလား”
ယဲ့ယီ စားသောက်ရင်း မေးလိုက်၏။
ကုရှီချန်း ယဲ့ယီ၏ ပန်းကန်ထဲသို့ အစားအစာများကို ဆက်တိုက် ထည့်ပေးရင်း ပြော၏။
“ဖြေရှင်းပြီးပါပြီ၊ ကိစ္စအသေးအမွှားလေးပါပဲ”
ကုရှီချန်း ထိုသို့ ပြောဆိုခဲ့သော်လည်း ယဲ့ယီကမူ ကုရှီချန်း ကိုယ်တိုင် ကိုယ်ကျ ဖြေရှင်းရသော မည်သည့်ကိစ္စမဆို သေးငယ်သောအရာ မဟုတ်နိုင်ကြောင်း သိရှိထားသည်။
သို့သော် သူမ ကုမ္ပဏီ ကိစ္စရပ်များကို ကောင်းစွာ နားမလည်သဖြင့် သူမ လုပ်ဆောင်နိုင်သည်မှာ ကုရှီချန်းကို အနားယူရန် သတိပေးရုံသာ တတ်နိုင်၏။
ကုရှီချန်း၏ မျက်ဝန်းအောက်ရှိ အညိုကွင်းများကို မြင်သောအခါ ယဲ့ယီ ဂရုတစိုက်ဖြင့် ပုစွန်တစ်ကောင်ကို အခွံနွှာပေးလိုက်သည်။
“ရှင်လည်း အများကြီး စား၊ ပြန်ရောက်ရင် ကောင်းကောင်း အနားယူဖို့ မမေ့နဲ့နော်”
ကုရှီချန်း ပုစွန်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် ယဲ့ယီအတွက်လည်း ပုစွန်တစ်ကောင်ကို ကိုယ်တိုင် အခွံနွှာပေးလိုက်၏။
သူတို့နှစ်ဦး တိတ်ဆိတ်စွာ စားသောက်နေကြတော့သည်။ သူတို့ အတူတူရှိခဲ့ကြသည်မှာ ကြာမြင့်ခြင်း မရှိသေးသော်လည်း သူတို့ဆက်ဆံရေး ပုံစံမှာ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြသော လင်မယား များကဲ့သို့ လိုက်ဖက်နေတော့၏။
“ဒီဇာတ်လမ်းတွဲကို မင်း ဘယ်လောက်ကြာကြာ ရိုက်ရဦးမှာလဲ”
ယဲ့ယီ ခဏတာမျှ တွေးတောလိုက်ပြီး ပြန်ဖြေလိုက်သည်။
“နောက်ထပ် တစ်လလောက်တော့ ကြာဦးမယ် ထင်တယ်။ ကျွန်မရဲ့ ဇာတ်ကောင်က အရန်ဇာတ်ကောင် သက်သက်ပဲဆိုတော့ ဇာတ်ဝင်ခန်း သိပ်မများပါဘူး”
ကုရှီချန်း ခေါင်းညိတ်လိုက်ပြီး ယဲ့ယီ၏ ပန်းကန်ထဲသို့ အစားအစာများကို ဆက်လက် ထည့်ပေးနေခဲ့သည်။
ညစာသည် ညဆယ်နာရီခန့်အထိ ကြာမြင့်ခဲ့၏။
ယဲ့ယီ သူမ၏ ဗိုက်မှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည်ဟု ခံစားလိုက်ရတော့သည်။
အကယ်၍ သူမ ဝိတ်တက်လွယ်သော ခန္ဓာကိုယ်မျိုး မဟုတ်ခဲ့ပါက ဤကဲ့သို့ စားသောက်ဝံ့လိမ့်မည်မဟုတ်ပေ။
ကုရှီချန်း ယဲ့ယီကို ရိုက်ကူးရေးအဖွဲ့သားများ တည်းခိုရာ ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။
ကားပေါ်မှ ဆင်းခါနီးတွင် ယဲ့ယီ ကုရှီချန်း၏ နှုတ်ခမ်းကို အသာအယာ နမ်းရှိုက်လိုက်ပြီးနောက် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်လိုက်လေ၏။
သို့သော် ကုရှီချန်းကမူ သူမကို ဤမျှလောက်ဖြင့် လွယ်လွယ်ကူကူ လွှတ်မပေးပေ။
ကုရှီချန်း ယဲ့ယီကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ခေါင်းငုံ့ကာ နက်ရှိုင်းစွာ နမ်းရှိုက်လိုက်တော့သည်။
အတော်ကြာမှသာ သူမကို လွှတ်ပေး၏။
ယဲ့ယီ၏ မျက်နှာမှာ အလွန် နီမြန်းနေတော့သည်။
ကုရှီချန်း ယဲ့ယီ၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးကာ မှာကြားလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်”
“ရှင်လည်း အလုပ်တွေ အကြာကြီး မလုပ်နဲ့နော်”
ကုရှီချန်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
ယဲ့ယီ ကားတံခါးကို တွန်းဖွင့်ကာ ဆင်းလိုက်၏။
ထို့နောက် သတင်းထောက်များ၏ ရိုက်ကူးခြင်းကို ရှောင်ရှားရန်အတွက် တံခါးကို လျှပ်စီးကဲ့သို့ မြန်ဆန်သော နှုန်းဖြင့် ပိတ်လိုက်လေသည်။
သူမသည် ဤကဲ့သို့သော အချိန်တွင် ပတ်ဝန်းကျင်၌ မည်သူမျှ ရှိလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် မထင်မှတ်ဘဲ သူမ လှေကားထောင့်တွင် ရိုက်ကူးရေးအဖွဲ့မှ အမျိုးသမီး သရုပ်ဆောင်တစ်ဦးနှင့် တိုးမိသွား၏။
ထိုအမျိုးသမီး သရုပ်ဆောင်သည် ယဲ့ယီ ကားပေါ်မှ ဆင်းလာသည်ကို သေသေချာချာ မြင်တွေ့လိုက်ရသဖြင့် အတင်းအဖျင်း စူးစမ်းလိုသော အမူအရာဖြင့် မေးလိုက်၏။
“ယဲ့ယီ၊ ဘယ်သူက နင့်ကို လာရှာတာလဲ၊ နင့်ရဲ့ ရည်းစားလား”
“ကျွန်မ မန်နေဂျာပါ”
ယဲ့ယီ၏ လေသံမှာ အေးစက်နေသည်။
သူမ ထိုအမျိုးသမီး သရုပ်ဆောင်အပေါ် အငြိုးအတေး ရှိ၍ မဟုတ်ပေ။ ထိုမိန်းကလေးက ချက်ချင်းပင် ရည်းစားလားဟု မေးမြန်းခြင်းမှာ သူမကို ထောင်ချောက်ဆင်နေခြင်းဖြစ်လေသည်။
အနုပညာလောကတွင် မင်းသားဖြစ်စေ၊ မင်းသမီးဖြစ်စေ အချစ်ရေးကို လူသိရှင်ကြား ကြေညာရန်အတွက် ကုမ္ပဏီနှင့် မန်နေဂျာတို့နှင့် သေချာပေါက် တိုင်ပင်ဆွေးနွေးရလိမ့်မည်။
အကယ်၍ ယဲ့ယီ ခုနကသာ အတည်ပြုလိုက်ပါက တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်ကူးမိသည်နှင့် ယဲ့ယီကို စောင့်ကြိုနေမည်မှာ အင်တာနက်တစ်ခွင်လုံး၏ ထပ်မံ တိုက်ခိုက်ခြင်းကို ခံရမည့် အခြေအနေသာ ဖြစ်တော့၏။
အင်တာနက် အသုံးပြုသူများသည် အမှန်တရားကို ဂရုမစိုက်ကြဘဲ သူတို့ မြင်တွေ့ရသောအရာကိုသာ ယုံကြည်ကြသည်။
ယဲ့ယီ၏ တင်းမာသော အမူအရာကို မြင်သောအခါ ထိုအမျိုးသမီး သရုပ်ဆောင် ဘာမှ ထပ်မပြောရဲတော့ဘဲ တိတ်တဆိတ် ထွက်ခွါသွားတော့သည်။
ကံကောင်းထောက်မစွာ ကုရှီချန်း ယနေ့ မောင်းနှင်လာသော ကားသည် အလွန်မဆန်းပြားသော ကားတစ်စီးသာ ဖြစ်၏။
ဓာတ်ပုံရိုက်ကူးခြင်း ခံရလျှင်ပင် ကားထဲက လူသည် ကုရှီချန်း ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မိကြမည်မဟုတ်ပေ။
အခန်းသို့ ပြန်ရောက်ပြီးနောက် ယဲ့ယီသည် ကိုယ်လက်သန့်စင်မှုကို အကျဉ်းချုံး လုပ်ဆောင်လိုက်ပြီး အိပ်စက်ရန် ပြင်ဆင်လိုက်၏။
သို့သော် မအိပ်စက်မီ သူမ ကုရှီချန်းထံသို့ မက်ဆေ့ခ်ျတစ်ခု ပေးပို့လိုက်သည်: “ရှင် အိမ်ပြန်ရောက်ပြီလား”
ပြန်ကြားစာ ချက်ချင်း ရောက်ရှိလာခဲ့သည် : “ရောက်ပြီဗျ”
ယဲ့ယီက နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပေးပို့သည် : “အဲ့တာဆိုရင် စောစော အိပ်တော့၊အကြာကြီး မနေနဲ့နော်၊ကျွန်မအိပ်တော့မယ်”
ကုရှီချန်း: “ဟုတ်ပါပြီ ၊ဂွတ်နိုက်ပါဗျ”
ယဲ့ယီလည်း ပြန်နှုတ်ဆက်လိုက်ပြီး အိပ်စက်ရန် ပြင်လေတော့၏။
မနက်ဖြန် နံနက် တွင် စောစော ထ၍ ရုပ်ရှင် ရိုက်ကူးရဦးမည်။
ကုရှီချန်း ယဲ့ယီကို အမှန်အတိုင်းမပြောခဲ့ပေ။ ယခု သူသည် ကုမ္ပဏီ၌သာ ရှိနေပြီး နိုင်ငံခြား အစည်းအဝေးတစ်ခု ပြုလုပ်နေ၏။
ယခုတစ်ကြိမ်တွင် ပြည်ပရုံးခွဲ၌ ဖြစ်ပွားခဲ့သော ပြဿနာရပ်များသည် အလွန်တရာ လက်ဝင်လှ၏။
မူလက ကုရှီချန်း ထိုနေရာတွင် အချိန်အနည်းငယ် ပိုမိုကြာမြင့်စွာ နေထိုင်ပြီးမှ ပြန်လာရန် စီစဉ်ထားခဲ့သော်လည်း ယဲ့ယီအပေါ် လုပ်ကြံသည့် ယုတ်မာသော အစီအစဉ်ကို သိရှိသွားခဲ့ပြီးနောက်တွင် သူသည် ချက်ချင်းပင် အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်၏။
အချိန်ကွာခြားမှုများကြောင့် အချို့သော အစည်းအဝေးများကို ညဘက်တွင်သာ ပြုလုပ်နိုင်ခဲ့သည်။
ကုရှီချန်း ညဥ့်နက် သန်းခေါင်ကျော် အချိန် နှစ်နာရီအထိ တိုင်အောင် အလုပ်များကို ကြိုးစားလုပ်ဆောင်ပြီးမှသာ အိပ်စက် အနားယူတော့၏။
အခန်း(၁၇၆)
တစ်လတာအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ယဲ့ယီလည်း နောက်ဆုံးတွင် သူမ၏ ရိုက်ကူးရေးလုပ်ငန်းအားလုံးကို အောင်မြင်စွာ ပြီးဆုံးသွား၏။
ဇာတ်ကားရိုက်ကူးမှု ပြီးဆုံးသည့်နေ့တွင် နန်ချင်ဝမ် ယဲ့ယီကို လာရောက်ကြိုဆိုခဲ့သည်။
ကုရှီချန်းလည်း လာရောက်လိုသော်လည်း ယဲ့ယီက သူ့ကို လာခွင့်မပြုခဲ့ပေ။
နန်ချင်ဝမ် ယဲ့ယီထံသို့ ပန်းစည်းတစ်စည်း ပေးလိုက်ပြီး ပြုံးလျက် ဂုဏ်ပြုလိုက်၏။
“ဇာတ်ကားရိုက်တာ အောင်မြင်စွာ ပြီးသွားတဲ့အတွက် ဝမ်းသာပါတယ် ရှောင်ယီ”
သို့သော်လည်း နန်ချင်ဝမ်၏ အပြုံးမှာ အတင်းအကျပ် လုပ်ယူထားရသကဲ့သို့ ဖြစ်နေသည်ကို ယဲ့ယီ သတိပြုမိလိုက်သည်။
ယဲ့ယီ တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
“အစ်မ… တစ်ခုခု ဖြစ်လို့လား”
နန်ချင်ဝမ် ယဲ့ယီ၏ ဇာတ်ကားရိုက်ကူးမှု ပြီးဆုံးသည့် မင်္ဂလာနေ့ရက်တွင် စိတ်အနှောင့်အယှက် မဖြစ်စေရန် ရည်ရွယ်ထားသော်လည်း ယဲ့ယီ၏ ဇွတ်အတင်း မေးမြန်းမှုကို မလွန်ဆန်နိုင်တော့သဖြင့် နောက်ဆုံးတွင် ပြောပြလိုက်ရတော့၏။
“ဟိုင်ထျန်းဖျော်ဖြေရေး ကုမ္ပဏီက မကြာသေးခင်ကမှ လူသစ်တစ်ယောက်ကို စာချုပ်ချုပ်လိုက်တယ်”
“သူက ကျွန်မနဲ့ တူလို့လား”
သူမသည် ဝတ္ထုများ ဖတ်ရှုသည့်အခါမျိုးတွင် ဤကဲ့သို့သော ဇာတ်ကွက်မျိုးကို မကြာခဏ တွေ့မြင်ဖူး၏။
ခေါင်းဆောင်မင်းသမီးနှင့် ရုပ်ချင်းဆင်တူသော လူတစ်ယောက်ကို ရှာဖွေကာ ခေါင်းဆောင်မင်းသားကို မြှူဆွယ်ဖြားယောင်းခိုင်းသည့် အကွက်မျိုး ဖြစ်လေ၏။
နန်ချင်ဝမ် ခေါင်းခါယမ်းပြလိုက်သည်။
ယဲ့ယီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေ၏။
“သူ သရုပ်ဆောင်တာ အရမ်းကောင်းလို့လား”
သို့သော်လည်း အကယ်၍ သရုပ်ဆောင်ချက် ကောင်းမွန်ရုံ သက်သက်မျှသာ ဆိုပါက နန်ချင်ဝမ်အနေဖြင့် ဤကဲ့သို့သော မျက်နှာအမူအရာ ရှိနေစရာ အကြောင်းမရှိဟု သူမ ပြန်လည် စဉ်းစားမိသည်။
ဟိုင်ထျန်ဖျော်ဖြေရေး ကုမ္ပဏီတွင် ရုပ်ရှင်ဧကရာဇ်များနှင့် အကောင်းဆုံး မင်းသမီးများစွာ ရှိနေပြီးဖြစ်ရာ နန်ချင်ဝမ်အနေဖြင့် ထိုကဲ့သို့သော ကိစ္စရပ်များကို ဂရုစိုက်နေမည် မဟုတ်ပေ။
ထို့အပြင် နန်ချင်ဝမ်၏ တုံ့ဆိုင်းနေသော အမူအရာကို ကြည့်ခြင်းဖြင့် ယင်းကိစ္စသည် သူမနှင့် သေချာပေါက် ဆက်စပ်ပတ်သက်နေလိမ့်မည်။
ဟိုင်ထျန်ဖျော်ဖြေရေး ကုမ္ပဏီတွင် အသစ်လက်မှတ်ရေးထိုးလိုက်သော အနုပညာရှင်တစ်ယောက်က သူမနှင့် မည်သို့ ဆက်စပ်နိုင်မည်ကို ယဲ့ယီ အမှန်တကယ် စိတ်ကူး၍ မရနိုင်တော့ပေ။
“အစ်မ… တစ်ခုခု ဖြစ်ခဲ့ရင်လည်း ကျွန်မကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပါ၊ ကျွန်မ ခံနိုင်ရည် ရှိပါတယ်”
နန်ချင်ဝမ် သက်ပြင်း အရှည်ကြီး ချလိုက်ပြီး ပြောချင်စိတ်မရှိဘဲ ပြောလိုက်ရတော့သည်။
“ဟိုင်ထျန်ဖျော်ဖြေရေးရဲ့ အဲဒီလူသစ်က ကုစဲ့နဲ့ အများကြီး ရုပ်ချင်းတူနေတယ်၊ ငါ ကြားရသလောက်တော့ သူက ကုစဲ့ရဲ့ အမေရင်းတဲ့”
ယခုမူ နန်ချင်ဝမ် အဘယ်ကြောင့် ဤကဲ့သို့သော မျက်နှာအမူအရာ ရှိနေရသည်ကို ယဲ့ယီ နားလည်သွား၏။
နန်ချင်ဝမ်ကို မဆိုနှင့် သူမကိုယ်တိုင်ပင် အနည်းငယ် အံ့ဩတုန်လှုပ်သွားသည်။
“ရုပ်ချင်း တူနေရုံ သက်သက်ပဲ ဖြစ်နိုင်မလား”
ဤကမ္ဘာလောကကြီးတွင် ရုပ်ချင်းတူသည့် လူများစွာ ရှိကြသည်မဟုတ်လော။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး နင် စီအီးအိုကုကိုပဲ ကိုယ်တိုင် မေးကြည့်တယ်။ ငါလည်း အသေးစိတ်အချက်အလက်တွေကို သိပ်မသိရသေးဘူး”
အမှန်တကယ်တွင်မူ နန်ချင်ဝမ်က ဤကိစ္စသည် ဆယ်ပုံကိုးပုံခန့် အမှန်တရား ဖြစ်နိုင်ပြီး ကုမိသားစုလည်း DNA စစ်ဆေးခြင်း ပြုလုပ်ရန်အတွက် လူများကို စတင် ဆက်သွယ်နေကြောင်း ပြောပြချင်နေခဲ့သည်။
သို့သော်လည်း အချို့သော အကြောင်းအရာများကိုမူ ကုရှီချန်း ကိုယ်တိုင်ကသာ ယဲ့ယီကို ပြောပြခြင်းက ပိုမိုသင့်တော်ပေလိမ့်မည်။
ယဲ့ယီသည် ကုစဲ့က ကုရှီချန်း၏ ရင်သွေးအရင်းအချာ မဟုတ်ကြောင်းကို သိရှိထားသော်လည်း မူရင်းဝတ္ထုစာအုပ်ထဲတွင်မူ ကုရှီချန်းနှင့် ကုစဲ့၏ အဖေအရင်းတို့သည် စစ်မြေပြင်မှ ရဲဘော်ရဲဘက်များ ဖြစ်ကြသည်ဟု ရေးသားထားလေသည်။
ကုစဲ့၏ အဖေအရင်းသည် ကုရှီချန်းကို ကာကွယ်ရင်း အသက်စွန့်သွားခဲ့သဖြင့် နောက်ပိုင်းတွင် ကုရှီချန်းက ကုစဲ့ကို မွေးစားခဲ့ခြင်း ဖြစ်၏။
မူရင်းစာအုပ်ထဲတွင် ကုစဲ့၏ မိခင်ဖြစ်သူအကြောင်းကို တစ်ကြိမ်တစ်ခါမျှ ဖော်ပြခဲ့ခြင်း မရှိသဖြင့် ယဲ့ယီ ထိုအမျိုးသမီးမှာ ဤလောကတွင် မရှိတော့ဟု စိတ်ထဲမှ ကောက်ချက်ချထားမိသည်။
ယဲ့ယီ၏ စိတ်အခြေအနေမှာလည်း ရုတ်တရက် လေးလံထိုင်းမှိုင်းသွား၏။
အစောပိုင်းကာလက ကုရှီချန်း ကုစဲ့ သူမကို သဘောကျနှစ်သက်သည့်အတွက်ကြောင့်သာ သူမကို ကွာရှင်းမပေးလိုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကုစဲ့၏ အမေအရင်း ပေါ်ပေါက်လာပါက
သို့သော်လည်း ယဲ့ယီ ကုရှီချန်းကို အခြေအနေ မည်သို့ ရှိသည်ကို လူကိုယ်တိုင် တိုက်ရိုက် မေးမြန်းလိုသေး၏။
ရုပ်ချင်း တူနေရုံ သက်သက်လည်း ဖြစ်နိုင်သည် မဟုတ်လော။
ညနေပိုင်းတွင် ကုရှီချန်းသည် ယဲ့ယီ၏ ဇာတ်ကားရိုက်ကူးမှု ပြီးဆုံးခြင်းကို အထိမ်းအမှတ်ပြု ဂုဏ်ပြုရန်အတွက် ညစာ အတူစားရန် လာရောက်ကြိုဆိုသည်။
ညစာ စားနေစဉ်အတွင်း ယဲ့ယီသည် စိတ်လွင့်မျောနေပြီး စားချင်သောက်ချင်စိတ် လုံးဝ မရှိဘဲ ဖြစ်နေ၏။
ကုရှီချန်း ယဲ့ယီ၏ အခြေအနေ မမှန်ကန်သည်ကို မြင်တွေ့ရသဖြင့် စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယဲ့ယီ စိတ်ထဲတွင် အလွန်တရာ ဝေခွဲမရ ဖြစ်နေပြီး မည်သို့ စတင် စကားစရမည်ကို ခဏတာမျှ မသိဘဲ ဖြစ်နေခဲ့သည်။
အချိန်အတော်ကြာ စိတ်ထဲတွင် ရုန်းကန်နေပြီးနောက် နောက်ဆုံးတွင် သူမ စကားပြောလိုက်တော့၏။
“ဟိုင်ထျန်ဖျော်ဖြေရေးက အဲဒီလူသစ်က တကယ်ပဲ ကုစဲ့ရဲ့ အမေအရင်းလား”
ကုရှီချန်း တိတ်ဆိတ်သွားသည်။ ယဲ့ယီလည်း စကားထပ်မဆိုတော့ဘဲ သူတို့နှစ်ဦးစလုံး အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြ၏။
စကားလုံးမရှိသော ကာလတစ်ခု ကုန်ဆုံးပြီးနောက် နောက်ဆုံးတွင် ကုရှီချန်း သူမ ကြိုက်နှစ်သက်တတ်သော ဝက်နံရိုးကြော်တစ်တုံးကို ယဲ့ယီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရင်း ညင်သာစွာ ဆို၏။
“အရင်ဆုံး ထမင်းကို ကောင်းကောင်းစားလိုက်ပါ။ ပြီးရင် ဒီကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကိုယ် မင်းကို ပြောပြပါမယ်”
ကုရှီချန်း ဤကဲ့သို့ ပြောသည်ကို ကြားရသောအခါ ယဲ့ယီ ဆက်လက်၍ ဇွတ်အတင်း မမေးမြန်းတော့ဘဲ စိတ်အေးချမ်းစွာပင် ထမင်းကို ဆက်လက် စားသောက်လိုက်တော့သည်။
[ကုရှီချန်း… ရှင် ကျွန်မကို စိတ်ပျက်အောင် မလုပ်မိဖို့ မျှော်လင့်ပါတယ်]
စိတ်ထဲတွင် အကြောင်းကိစ္စတစ်ခု ရှိနေသောကြောင့် ယဲ့ယီ ညစာကို အပြည့်အဝ မစားသောက်နိုင်ခဲ့ပေ။
ကုရှီချန်းလည်း သူမကို ဆက်လက်၍ အတင်းအကျပ် မကျွေးတော့ပေ။
ညစာ စားပြီးနောက် ကုရှီချန်း ယဲ့ယီကို လူကိုယ်တိုင် ကားမောင်း၍ ပြန်လည်ပို့ဆောင်ပေးသည်။
လမ်းခရီးတစ်လျှောက်တွင် ကုရှီချန်း ဤကိစ္စကို ထုတ်မပြောခဲ့သလို ယဲ့ယီကလည်း မမေးမြန်းခဲ့ပေ။
ယဲ့ယီ နေထိုင်ရာ ဗီလာအိမ်ရာသို့ ရောက်ရှိပြီးနောက်တွင် ကုရှီချန်း ဖြည်းညှင်းစွာ စကားစလိုက်တော့၏။
“ကုစဲ့က ကိုယ့်ကလေး မဟုတ်ပါဘူး”
“အင်း”
ယဲ့ယီ ခေါင်းညိတ်ပြလိုက်သည်။
[ဒီအချက်ကို ကျွန်မ အစောကြီးကတည်းက သိထားပြီးသားပါ]
ကုရှီချန်းသည် ယဲ့ယီ၏ စိတ်ထဲမှ ရေရွတ်သံကို ကြားရသောအခါ အလွန်အမင်း အံ့ဩသွားသည်။
ကုစဲ့၏ မူရင်းဇာစ်မြစ် မည်သူမည်ဝါဖြစ်ကြောင်းကို သူ၏ မိသားစုဝင်များသာ သိရှိကြပြီး ကုန်းရှောင်ကျောင်းပင် မသိရှိပေ။
ယဲ့ယီ မည်သို့ သိရှိနေရသနည်း။
သို့သော်လည်း ယခင်က ယဲ့ယီ၏ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်သံ အချို့ကို ကြားဖူးထားခဲ့သဖြင့် ယဲ့ယီ ဤအချက်ကို သိရှိနေခြင်းအပေါ် ကုရှီချန်း တုန်လှုပ်မှု များစွာ လျော့နည်းသွားခဲ့ရသည်။
ကုရှီချန်း ဆက်လက် ပြောကြားသည်။
“ကုစဲ့အဖေက ကိုယ့်ကို ကာကွယ်ရင်း သေသွားခဲ့တဲ့ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တစ်ယောက်ပဲ။ ကုစဲ့ရဲ့ အဖေအရင်းက သူ့မိသားစုထဲမှာ ဘယ်သူမှ မရှိတော့တဲ့ မိဘမဲ့တစ်ယောက်ပဲ၊ အဲဒီအချိန်တုန်းက ကုစဲ့က အသက်နှစ်နှစ်ပဲ ရှိသေးတယ်၊ ဒါကြောင့် ကိုယ် သူ့ကို မွေးစားခဲ့တာ”
ယဲ့ယီ ကုရှီချန်း၏ စကားထဲမှ ပြဿနာတစ်ခုကို ကြားလိုက်ရသဖြင့် မေးလိုက်၏။
“သူ့မိသားစုထဲမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ရှင်ပြောတာနော်။ ဒါဆို ကုစဲ့ရဲ့ အမေကရော”
“ကုစဲ့ရဲ့ အမေက ကုစဲ့ အသက်တစ်နှစ်သား အရွယ်မှာပဲ သူ့အဖေနဲ့ ကွာရှင်းခဲ့တာ၊ ကိုယ်လည်း သူ့ကို ရှာခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက ကုစဲ့ကို မွေးဖို့ အလိုမရှိခဲ့ဘူး၊ ကိုယ် သူ့ကို ငွေပမာဏတစ်ချို့ ပေးပြီးတဲ့နောက် သူက နိုင်ငံခြားကို ထွက်သွားခဲ့တာ”
“ဒါဆို ဟိုင်ထျန်ဖျော်ဖြေရေးက အဲဒီလူသစ်က တကယ်ပဲ ကုစဲ့ရဲ့ အမေအရင်းပေါ့ ဟုတ်လား”
အကယ်၍ သူမသည် အမှန်တကယ် ကုစဲ့၏ မိခင်အရင်း ဖြစ်ပါက အဘယ်ကြောင့် ယခုအချိန်ကျမှ ပြန်လည်ရောက်လာရသနည်း။
ကုရှီချန်း ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ယီ၏ နှလုံးသား ရုတ်တရက် နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုအမျိုးသမီး၏ ရုတ်တရက် ပြန်လည်ရောက်ရှိလာခြင်းသည် မရိုးသားသော ရည်ရွယ်ချက်များ သေချာပေါက် ရှိနေလိမ့်မည်ဟု သူမ ခံစားနေမိ၏။
အကယ်၍ သူမ ကုစဲ့ကို အမှန်တကယ် ဂရုစိုက်ပါက အတိတ်ကာလက မည်သို့ စွန့်ပစ်သွားနိုင်ပါမည်နည်း။
သူမ ကုရှီချန်းကိုသာ ရည်ရွယ်ချက်ရှိရှိ ဦးတည်နေခြင်း ဖြစ်နိုင်ပေသည်။
“ဒါကို ကျွန်မကို ဘာလို့ အရင်ကတည်းက မပြောပြခဲ့တာလဲ”
ယဲ့ယီ ပြန်လည် မေးခွန်းထုတ်လိုက်၏။
ယဲ့ယီသည် ကုရှီချန်း သူ၏ကိစ္စရပ်များကို သူမအပေါ် ဖုံးကွယ်ထားတတ်သည့် စရိုက်ကို အမှန်တကယ် သဘောမကျပေ။
“ကိုယ် အစက အဲ့အမျိုးသမီးကို ငွေပေးပြီး ကုစဲ့ရဲ့ ဘဝထဲကနေ ဝေးဝေးမှာ နေခိုင်းဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ သူက ကိုယ့်အမေဆီကို တိုက်ရိုက် သွားလိမ့်မယ်လို့ ကိုယ် ထင်မထားခဲ့ဘူး၊၊ ကိုယ် မင်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး”
ထိုသို့ ဆိုကာ ကုရှီချန်း လက်ဆန့်ထုတ်ပြီး ယဲ့ယီကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
ယဲ့ယီ မရုန်းကန်ပေ။ ကုရှီချန်း ကုစဲ့ကို ငဲ့ညှာသောအားဖြင့် စဉ်းစားနေခြင်းဖြစ်ကြောင်း သူမ သိရှိသည်။
သို့သော်လည်း သူမသည် အမှောင်ထဲတွင် အပိတ်လှောင်ခံထားရသည့် ခံစားချက်မျိုးကို အမှန်တကယ် သဘောမကျပေ။ အကယ်၍ နန်ချင်ဝမ်သာ သူမကို မပြောပြခဲ့ပါက သူ သူမကို ဆက်လက်၍ ဖုံးကွယ်ထားရန် စီစဉ်နေမည် မဟုတ်လော။
ယဲ့ယီ လက်ဖြင့် ကုရှီချန်းကို တွန်းထုတ်လိုက်သည်။
“ကျွန်မ ပင်ပန်းနေပြီ၊၊ အိမ်ပြန်ပြီး အိပ်တော့မယ်”
ကုရှီချန်း ယဲ့ယီကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး လွှတ်မပေးပေ။ သူ့လေသံထဲတွင် စိုးရိမ်ထိတ်လန့်မှု အချို့ လွင့်ပါနေတော့၏။
“တောင်းပန်ပါတယ်။ ကိုယ် မင်းကို မဖုံးကွယ်ထားသင့်ဘူး”
ကုရှီချန်းသည် ထိုအမျိုးသမီး ငွေကြေးအတွက်သာ လာရောက်ခြင်း ဖြစ်သည်ဟု ထင်မှတ်ထားသဖြင့် ငွေဖြင့် တိုက်ရိုက် ဖြေရှင်းပြီး မောင်းထုတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထိုအမျိုးသမီးက ကိစ္စရပ်များကို ဤမျှအထိ ကြီးကျယ်အောင် လုပ်ဆောင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူ ယဲ့ယီကို မပြောပြခဲ့ခြင်းမှာ အဓိကအားဖြင့် ယဲ့ယီ စိတ်ရှုပ်ထွေးပြီး အတွေးလွန်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ယဲ့ယီ ကုရှီချန်းကို ကြည့်ကာ အလွန်တည်ငြိမ် လေးနက်စွာ မေးလိုက်သည်။
“အကယ်၍ ဒီနေ့ ကျွန်မ ရှင့်ကိုမမေးခဲ့ရင် ရှင် ကျွန်မကို တစ်သက်လုံး ပြောပြဖို့ စိတ်ကူးမရှိဘူးမလား”
ကုရှီချန်း တိတ်ဆိတ်သွားသည်။ ယဲ့ယီသည် ကုရှီချန်းကို အားဖြင့် တွန်းထုတ်လိုက်ပြီးနောက် ကားတံခါးကို ဖွင့်ကာ ထွက်ခွာသွားတော့၏။
မထွက်ခွာမီ သူမ ကုရှီချန်းအတွက် စကားတစ်ခွန်း ချန်ထားခဲ့၏။
“ကုရှီချန်း… ကျွန်မ ဘဝမှာ လူတွေ ကျွန်မအပေါ် ဖုံးကွယ်ထားတာကို အမုန်းဆုံးပဲ”