အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
အခန်း(၁၇၇)
ကုရှီချန်း ယဲ့ယီ၏ ကျောပြင်ကို ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူမ ထွက်ခွာသွားသည်ကိုသာ ငေးကြည့်နေနိုင်တော့သည်။
ယဲ့ယီ ဗီလာသို့ ပြန်ရောက်သောအခါ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။ သို့သော်လည်း ဘယ်ပြန်ညာပြန် လူးလှိမ့်နေပြီး လုံးဝ အိပ်မပျော်နိုင် ဖြစ်နေတော့၏။
အမှန်တကယ်တွင်မူ သူမသည် ကုရှီချန်း၏ အတွေးများကို နားလည်ပေးနိုင်ပါသည်။
သူ ကုစဲ့ကို သူ၏ အမွေဆက်ခံသူ တစ်ဦးအဖြစ် အမြဲတစေ ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်ပြီး အကယ်၍ လူအများက ကုစဲ့သည် သူ့သားအရင်း မဟုတ်ကြောင်း သိရှိသွားကြပါက သက်ရောက်မှုမှာ အမှန်တကယ် ကြီးမားလှပေလိမ့်မည်။
သို့သော်လည်း ယဲ့ယီသည် ကုရှီချန်း သူမအပေါ် ဖုံးကွယ်ထားသည့် အချက်ကိုသာ စိတ်ဆိုးမိခြင်းဖြစ်၏။
ယဲ့ယီ ကုတင်ပေါ်တွင် လူးလှိမ့်နေစဉ် သူမဘေးနားရှိ ဖုန်းမှာလည်း အဆက်မပြတ် မြည်နေခဲ့သည်။
သူမသည် ကုရှီချန်းက မက်ဆေ့ခ်ျများ ပို့နေခြင်း ဖြစ်လိမ့်မည်ဟု ထင်မိ၏။ ယခုအချိန်တွင် သူနှင့် စကားမပြောချင်သေးသဖြင့် နောက်ဆုံးတွင် ဖုန်းကိုသာ ပိတ်ပစ်လိုက်တော့သည်။
‘အိပ်ပြီ’
နောက်တစ်နေ့တွင် ယဲ့ယီ ကုမ္ပဏီသို့ သွားရန် အပြင်ထွက်လာသောအခါ ကုရှီချန်း၏ ကား သူမ အိမ်အောက်တွင် ရှိနေဆဲ ဖြစ်သည်ကို တွေ့ရှိလိုက်ရတော့သည်။
သူမ သူ့ကို လုံးဝ လျစ်လျူရှုရန် ရည်ရွယ်ထားသော်လည်း နောက်ဆုံးတွင်မူ ခြေလှမ်းများက ထိုဘက်သို့ ဦးတည်သွားမိ၏။
ယဲ့ယီ ထိုဘက်သို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ ကုရှီချန်း ကားမှန်ပြတင်းပေါက်ကို ချက်ချင်း ချလိုက်သည်။
ယဲ့ယီသည် ကုရှီချန်း၏ မျက်လုံးအောက်ရှိ မျက်ကွင်းညိုကြီးများကို ကြည့်ကာ သူ ဤနေရာတွင် တစ်ညလုံး စောင့်ဆိုင်းနေကြောင်း ထင်ရှားလှသဖြင့် ချက်ချင်းပင် ပို၍ စိတ်ဆိုးသွားလေ၏။
“ရှင် ကျွန်မကို အကျပ်ကိုင်ဖို့ စီစဉ်နေတာလား”
ကုရှီချန်း ပျာပျာသလဲ ရှင်းပြရှာ၏။
“ကိုယ် အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး”
ယဲ့ယီ သူ့ကို စိုက်ကြည့်လိုက်၏။
“ကျွန်မ ပြောနေတယ်နော်။ ကျွန်မက အဲဒီလို အကျပ်ကိုင်တာတွေကို လုံးဝ လက်မခံဘူး”
ကုရှီချန်း ခါးသီးစွာ ပြုံးလျက် ဝန်ခံလိုက်၏။
“ကိုယ် တကယ်ပဲ မင်းကို အကျပ်ကိုင်ဖို့ မရည်ရွယ်ပါဘူး။ ကိုယ် မင်းကို တောင်းပန်ချင်ရုံ သက်သက်ပါ၊ ဒီကိစ္စက ကိုယ့်ရဲ့ အမှားပါ”
“ကျွန်မ ရှင့်ကို ဒီအတိုင်း လွယ်လွယ်နဲ့ ခွင့်လွှတ်မယ်လို့ မထင်နဲ့”
ယဲ့ယီ နှာခေါင်းရှုံ့ကာ ထွက်ခွာသွားသည်။
သို့သော်လည်း ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူမနောက်သို့ ပြန်ဆုတ်လာ၏။
“မြန်မြန် ပြန်ပြီး အနားယူတော့၊ တစ်ခုခု ဖြစ်ရင် ကျွန်မ တာဝန်မယူနိုင်ဘူး”
ထိုသို့ ပြောပြီးနောက် သူမ နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားခတော့သည်။
ကုရှီချန်းသည် ယဲ့ယီ၏ ဝေးကွာသွားသော ကျောပြင်ကို ကြည့်ကာ သာယာစွာ ရယ်မောလိုက်မိ၏။ သူမသည် အမှန်တကယ်ပင် နှုတ်ကြမ်းသော်လည်း စိတ်ထားကောင်းသူလေး တစ်ဦးဖြစ်လေ၏။
ယဲ့ယီ ကုမ္ပဏီသို့ ရောက်သောအခါ နန်ချင်ဝမ်သည် သူမ ရုံးခန်းအတွင်း၌ စောင့်ဆိုင်းနေသည်။ ယဲ့ယီကို မြင်သည်နှင့် နန်ချင်ဝမ် ချက်ချင်း ရှေ့တိုးလာကာ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“ရှောင်ယီ… နင်နဲ့ ဥက္ကဌကုတို့ ရန်ဖြစ်ကြလို့လား၊ နင့်အိမ်အောက်မှာ တစ်ညလုံး ရပ်ထားတဲ့ အဲ့ကားက ဥက္ကဌကုရဲ့ ကားမလား”
နန်ချင်ဝမ်သည် အလုပ်မသွားမီ ယဲ့ယီနှင့် ချိန်းရန် ရည်ရွယ်ထားသော်လည်း ကုရှီချန်း၏ ကားကို မြင်တွေ့ရသောအခါ ယဲ့ယီနှင့် ကုရှီချန်းတို့ကို သီးသန့်အချိန် ပေးနိုင်ရန်အတွက် ယဲ့ယီထံသို့ ဖုန်းမခေါ်ခဲ့ပေ။
နန်ချင်ဝမ် ဤအရာများကို သတိပြုမိလိမ့်မည်ဟု ယဲ့ယီ မထင်ထားခဲ့သဖြင့် အနည်းငယ် ရှက်ရွံ့သွားကာ ညည်းတွားလိုက်၏။
“သူ့ဘာသာသူ ကျွန်မကို ဖုံးကွယ်ထားတာကိုး”
နန်ချင်ဝမ် သတိကြီးစွာ မေးမြန်းလိုက်သည်။
“ဒါဆို ဒီကိစ္စက အမှန်ပဲလား”
ယဲ့ယီ ခေါင်းညိတ်ပြလိုက်ရင်း အတည်ပြုလိုက်၏။
“အဲ့အမျိုးသမီးက တကယ်ပဲ ကုစဲ့အမေအရင်းတဲ့”
သူမအနေဖြင့် ဤရလဒ်ကို ခန့်မှန်းထားခဲ့သော်လည်း နန်ချင်ဝမ် အလွန်အမင်း တုန်လှုပ်သွား၏။
သူမ ယဲ့ယီကို တုံ့ဆိုင်းသော အကြည့်၊ သနားကရုဏာစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
သူတို့နှစ်ဦးမှာ အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိရန် လက်တစ်ကမ်းအလို ဖြစ်နေချိန်တွင် ယခုအခါ ကုစဲ့၏ မိခင်အရင်းက လမ်းခုလတ်တွင် ပေါ်ပေါက်လာပြန်သည်။
ယဲ့ယီနှင့် ကုရှီချန်းတို့၏ အချစ်ခရီးလမ်းမှာ အဖုအထစ်များ အနည်းငယ် များပြားလှပေသည်။
ယခုအခါ ကုစဲ့ မိခင်အရင်း ပြန်လည်ရောက်ရှိလာပြီ ဖြစ်သဖြင့် ကုရှီချန်း ယဲ့ယီနှင့် ဆက်လက် ပေါင်းဖက်ဦးမည်လော။
အရင်က ကုစဲ့သည် ယဲ့ယီကို အလွန်အမင်း သဘောကျနှစ်သက်ခဲ့သော်လည်း ယခုအခါ သူ၏ မိခင်အရင်း ပြန်ရောက်လာပြီ ဖြစ်သဖြင့် ယဲ့ယီဟူသော မိထွေးဖြစ်သူကို အဖက်လုပ်ပါဉီးမည်လော။ မိထွေးဖြစ်ရခြင်းနှင့်ပင် အနည်းငယ် အနေရခက်လှပြီ။ ထို့အပြင် သူမနှင့် ကုရှီချန်းတို့လည်း ကွာရှင်းထားကြပြီး ဖြစ်သည်။
ယဲ့ယီသည် နန်ချင်ဝမ်၏ သနားကရုဏာစိတ်များကို လုံးဝ ဂရုမစိုက်ပေ။
ကုရှီချန်းသည် ကုစဲ့၏ ဖခင်အရင်း မဟုတ်ကြောင်း အချက်နှင့် ပတ်သက်၍မူ သူမလောလောဆယ်တွင် မည်သူ့ကိုမျှ ပြောပြရန် အစီအစဉ်မရှိဘဲ ကုရှီချန်း ကိုယ်တိုင် မည်သို့ ဖြေရှင်းမည်ကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။
“အခု လိုင်းပေါ်မှာ ဘာတွေ ပြောနေကြလဲ”
သူမ ရိုက်ကူးရေး အဖွဲ့ထဲတွင် ရှိစဉ်က နေ့စဉ် ရိုက်ကူးရေးဖြင့် အလုပ်ရှုပ်နေခဲ့သဖြင့် အင်တာနက်ပေါ်ရှိ ကိစ္စရပ်များကို နန်ချင်ဝမ်အား မေးမြန်းရန် လိုအပ်သေး၏။
“ဒီကိစ္စကို ကုကော်ပိုရေးရှင်းဘက်က ဖိတ်ထားပြီးသား။ ဒါပေမဲ့ ဟိုင်ထျန်ဖျော်ဖြေရေးဘက်ကတော့ တိတ်တဆိတ် ကောလာဟလတွေ ဖြန့်ပြီး ပြဿနာရှာနေတယ်”
ယခုအခါ ကုစဲ့၏ မိခင်အရင်းသည် သူမကို ဦးတည်ချက်ထား၍ လာရောက်ခြင်းဖြစ်ကြောင်း ယဲ့ယီ ရှင်းလင်းစွာ သိရှိလိုက်၏။
သူမသည် အထူးရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်ခြင်း ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
အရာရာတိုင်းမှာ တိုက်ဆိုင်လွန်းနေပြီး သူမ ဟိုင်ထျန်ဖျော်ဖြေရေး ကုမ္ပဏီသို့လည်း ဝင်ရောက်ခဲ့သေးသည်။
ဤအရာမှာ သူမ၏ အနုပညာလုပ်ငန်းကို တိုက်ခိုက်ရန် ရည်ရွယ်ချက် သေချာပေါက် ရှိနေကြောင်း ယဲ့ယီ သိလိုက်၏။
ယဲ့ယီ၏ ခန့်မှန်းချက် အမှန်တကယ်ပင် မှန်ကန်လှသည်။
ညနေပိုင်းတွင် နန်ချင်ဝမ်သည် ရသစုံအစီအစဉ် တစ်ခုအတွက် ဖိတ်ခေါ်ချက်တစ်စောင်ကို လက်ခံရရှိခဲ့သည်။ နန်ချင်ဝမ်၏ မျက်နှာအမူအရာ အလွန် ဆိုးဝါးနေခဲ့၏။
“ရှောင်ယီ… နင့်အတွက် ငါ ဒါကို ငြင်းလိုက်ပါ့မယ်။ ဒါက နင့်ကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး တိုက်ခိုက်နေတာ”
ယင်းအစီအစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်သည့် စုံတွဲသစ်ရှာဖွေရေး အစီအစဉ်တစ်ခု ဖြစ်သည်။
အစီအစဉ်၏ အပိုင်းတိုင်းတွင် အမျိုးသမီးဧည့်သည် ငါးဦးနှင့် အမျိုးသားဧည့်သည် ငါးဦးကို ဖိတ်ခေါ်၍ စုံတွဲများ ဖွဲ့စည်းပေးခြင်း ဖြစ်၏။
ထို့ပြင် ဤအပိုင်း၏ အမျိုးသမီးဧည့်သည်များထဲတွင် ကုစဲ့၏ မိခင်အရင်းဖြစ်သူ စုမန်လည်း ပါဝင်နေခဲ့၏။
“လက်ခံလိုက်ပါ။ ပိုက်ဆံရမဲ့ ဥစ္စာကို ဘာလို့ လက်မခံရမှာလဲ”
ယဲ့ယီလည်း ထိုစုမန်ဟူသော အမျိုးသမီးက ဘာတွေ လုပ်ချင်နေသည်ကို မြင်တွေ့ချင်နေခဲ့သည်။
“ဒါပေမဲ့…”
နန်ချင်ဝမ်ကမူ အနည်းငယ် စိုးရိမ်နေမိသည်။
ယဲ့ယီ သူမကို အားပေးနှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့၊ အစီအစဉ်တစ်ခုမှာ ပါဝင်ရုံ သက်သက်ပဲဥစ္စာကို”
“နင် အရင်ဆုံး ဥက္ကဌကုနဲ့ တိုင်ပင်ကြည့်သင့်တာပေါ့”
အကယ်၍ ကုရှီချန်းသာ သူမ ယဲ့ယီကို စုံတွဲသစ်ရှာဖွေရေး အစီအစဉ်တစ်ခုတွင် ပါဝင်ခွင့်ပြုခဲ့ကြောင်း သိရှိသွားပါက သူမအနေဖြင့် ဤအလုပ်ကို ဆက်လက် လုပ်ကိုင်နိုင်တော့မည်မဟုတ်ပေ။
“ကျွန်မ ဒီအစီအစဉ်မှာ သေချာပေါက် ပါရမယ်၊ အစ်မသာ လက်ခံလိုက်ပါ၊ တစ်ခုခု ဖြစ်လာရင် ကျွန်မ တာဝန်ယူပါတယ်”
ထိုအချိန်တွင် စုမန်သည် ကုကော်ပိုရေးရှင်းထံသို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။
“ပြောစမ်း… မင်းကို ဘယ်သူက ရည်ရွယ်ချက်ရှိရှိ ပြန်လာခိုင်းတာလဲ”
ကုရှီချန်း သူ၏ ရှေ့မှောက်ရှိ စုမန်ကို အေးစက်သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
စုမန်သည် ကုရှီချန်း၏ မျက်နှာအမူအရာကို လုံးဝ သတိမပြုမိသကဲ့သို့ ပြုံးလျက် ပြန်လည်တုံ့ပြန်လိုက်၏။
“ရှင်ကလည်း… ကိုယ်နိုင်ငံကိုယ် ပြန်လာဖို့ ဘယ်သူ့ခွင့်ပြုချက်တောင်းနေရမှာလဲ”
“စုမန်” ကုရှီချန်း၏ လေသံ လုံးဝ အေးစက်သွားသည်။
သို့သော်လည်း ထိုအချိန်တွင် စုမန် အမှန်တကယ်ပင် ရယ်မောလိုက်လေ၏။
“ကုရှီချန်း… ကုစဲ့က ကျွန်မရဲ့ သားဖြစ်ဆိုတာကို မမေ့ပါနဲ့၊ ကျွန်မသားကို လာတွေ့တာ ဘာမှားလို့လဲ၊ သူ့အဖေက ရှင့်အတွက်နဲ့ သေသွားခဲ့တာ၊ အခု ရှင်က သူ့ကို သူ့အမေနဲ့ မသိချင်ယောင်ဆောင်ခိုင်းဖို့ စီစဉ်နေတာလား”
စုမန် ပြုံးနေခဲ့ပြီး ကုရှီချန်းကို လုံးဝ အလေးမထားပေ။ စုမန် ဆက်လက် ပြုံးလိုက်၏။
“စိတ်မပူပါနဲ့၊ ကျွန်မ ရှင် နဲ့ ကလေးအုပ်ထိန်းခွင့်ကို လုယူမှာ မဟုတ်ပါဘူး၊ ကျွန်မ သူ့ကို တွေ့ချင်ရုံ သက်သက်ပါ”
“မင်းပြောတဲ့အတိုင်း ဟုတ်ပါစေ”
ကုရှီချန်း၏ စုမန်အပေါ် ကြည့်လိုက်သော အကြည့်ထဲတွင် ခြိမ်းခြောက်မှုများ ပါဝင်နေခဲ့သည်။
စုမန်ကမူ ရည်ရွယ်ချက်ရှိရှိ အလွန်အမင်း ထိတ်လန့် စိုးရိမ်နေဟန်လိုက်၏။
“ကျွန်မ ကြောက်ပါတယ်ရှင်၊ ကျောင်ယန် မသေခင်တုန်းက ရှင့်ကို ကျွန်မနဲ့ ကုစဲ့ကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ မှာခဲ့တာကို မမေ့ပါနဲ့။ ရှင် ကျွန်မအပေါ် တစ်ခုခု လုပ်ခဲ့ရင် သူ ရှင့် ကို လာရှာလိမ့်မယ်နော်”
ကုရှီချန်း လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး သူ့ ရှေ့မှောက်ရှိ လူကို အပြင်သို့ လွှင့်ပစ်လိုက်ချင်စိတ်များ ပေါက်ပွားနေခဲ့သည်။ သို့သော်လည်း သူ မလုပ်နိုင်ခဲ့ပေ။
သူသည် သူ၏ ညီအစ်ကိုကောင်းကို စုမန်နှင့် ကုစဲ့တို့ကို ကောင်းကောင်း စောင့်ရှောက်ပါမည်ဟု ကတိကဝတ် ပြုဖူးသည်။ ဤအချက်ကြောင့်ပင် စုမန် ယခုကဲ့သို့ ရဲတင်းနေရခြင်း ဖြစ်လေ၏။
“မင်း ဘယ်လောက်လိုလဲပြော။ ပြည်ပကို ပြန်ပို့ပေးမယ်၊ ကုစဲ့ရဲ့ ဘဝကို နောက်ထပ် လာပြီး မနှောင့်ယှက်နဲ့တော့”
စုမန် ပိုမို၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ကုရှီချန်း… ရှင်က အရာရာကို ငွေနဲ့ ဖြေရှင်းနိုင်တယ်လို့ ထင်နေတာလား၊ စိတ်မကောင်းပါဘူး၊ ကျွန်မက နောက်ပိုင်း ပြည်တွင်းမှာပဲ အခြေချဖို့ စီစဉ်ထားပြီးသား၊ ဒါနဲ့… ကျွန်မ အလုပ်တစ်ခုလည်း တွေ့ထားတယ်၊ နောင်ကျရင် ကျွန်မရဲ့ ရိုက်ကူးရေးအဖွဲ့ထဲကို ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံပေးဖို့ မမေ့နဲ့ဦးနော်”
စုမန် ဖျော်ဖြေရေးလောကအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ထားကြောင်း ကြားရသောအခါ ကုရှီချန်း သူ့လက်ထဲရှိ ဖန်ခွက်ကို ခွဲပစ်လိုက်တော့၏။
သူ သွားကို တင်းတင်းကြိတ်ကာ မေးလိုက်၏။
“မင်း ဘာလုပ်ချင်နေတာလဲ”
စုမန်က ကုရှီချန်းကို မျက်စိမှိတ်ပြလိုက်ရင်း ဆိုလေ၏။
“ခန့်မှန်းကြည့်လေ”
ထို့နောက် စုမန်သည် သူမ၏ လက်သည်းများကို ကစားရင်း အေးအေးလူလူပင် ပြောလိုက်၏။
“ရှင် ကုစဲ့ကို အဲဒီလောက်တောင် ဂရုစိုက်နေရင် ကျွန်မကိုပဲ လက်ထပ်လိုက်ပါလား။ ဒါဆိုရင် ရှင် ကျွန်မကိုလည်း စောင့်ရှောက်နိုင်သလို ကုစဲ့ကိုလည်း မထိခိုက်တော့ဘူး၊ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်ဘူးလား”
ကုရှီချန်း လက်ဖြင့်တုံ့ပြန်လိုသော စိတ်ဆန္ဒကို အတင်းအကျပ် ထိန်းချုပ်ထားကာ တစ်လုံးချင်းစီ ပြောလိုက်၏။
“အိပ်မက်တောင် မမက်နဲ့”
စုမန် သက်ပြင်းကို အရှည်ကြီး ချလိုက်တော့၏။
“ရှင်က ဘာလို့ အခုထိ ဒီလို စရိုက်မျိုး ရှိနေတာလဲ။ ရှင့်ကို အဲ့လောက်တောင် စွဲလန်းသွားစေတဲ့ အမျိုးသမီးက ဘယ်လိုမျိုးလဲဆိုတာ ကျွန်မ တကယ် သိချင်မိတယ်၊ သူ့ကြည့်ရတာ တော်တော်လေးတော့ လှပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဥက္ကဌကြီးကုက ရုပ်ရည်တစ်ခုတည်းကို ကြည့်တတ်တဲ့ လူမျိုး မဟုတ်ပါဘူးနော်”
ကုရှီချန်း လက်မောင်းရှိ သွေးကြောပြာကြီးများ ဖောင်းကြွလာ၏။သူ့ ဒေါသများကို အစွမ်းကုန် ချိုးနှိမ်ထားရလေ၏။
“စုမန်… မင်း သူ့ကို ထိရဲထိကြည့် ၊ငါမင်းကို ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်”
စုမန်ကမူ ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီးနောက် အပြင်သို့ လျှောက်လှမ်း ထွက်ခွာသွားတော့သည်။
စုမန် ထွက်ခွာသွားပြီးနောက် ကုရှီချန်းသည် သူ၏ လက်ထောက်ကို အတွင်းသို့ ခေါ်ယူလိုက်ကာ အမိန့်ပေးလိုက်၏။
“မင်းလူငှါးပြီး မင်းအစ်မယဲ့ကို ကွယ်ရာကနေ တိတ်တဆိတ် စောင့်ရှောက်ထား၊ ပြီးတော့ စုမန်နဲ့ ရူသိုက်ဝိန်တို့ကိုလည်း အနီးကပ် စောင့်ကြည့်ထား၊ တစ်ခုခု ထူးခြားတာ ဖြစ်ခဲ့ရင် ငါ့ကို ချက်ချင်း သတင်းပို့၊ ကြားလား”
အခန်း(၁၇၈)
ရက်အနည်းငယ် ကြာပြီးနောက် စုံတွဲအစီအစဉ် ရိုက်ကူးရေး ပြုလုပ်မည့်နေရာသို့ ယဲ့ယီ အောင်မြင်စွာ ရောက်ရှိလာသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကုရှီချန်းသည် သူမထံသို့ အဆက်မပြတ် ဝန်ခံတောင်းပန်နေခဲ့သော်လည်း ယဲ့ယီ သူ့ကို လုံးဝ လျစ်လျူရှုထားသည်။ သို့ဖြစ်၍ ကုရှီချန်း ယဲ့ယီ စုံတွဲသစ်ရှာဖွေရေး အစီအစဉ်တွင် ပါဝင်ရန် သွားရောက်နေခဲ့သည်ကို ယခုတိုင်အောင် မသိရှိသေးပေ။
ဤစုံတွဲအစီအစဉ်၏ နာမည်မှာ “နှလုံးသားထဲက အဖော်မွန်ကို ရှာဖွေခြင်း” ဟု ခေါ်သည်။
၎င်းသည် အလွန် ရှေးဆန်သော စုံတွဲအစီအစဉ်တစ်ခု ဖြစ်သည့်အပြင် “ဖူးစာဖက် ရှာဖွေရေး အစီအစဉ်” ဟုလည်း လူသိများကျော်ကြား၏။
ဤစုံတွဲအစီအစဉ်တွင် ပါဝင်ကြသော စုံတွဲငါးတွဲအနက် အနည်းဆုံး နှစ်တွဲမှာ နောက်ဆုံးတွင် အမှန်တကယ် လက်တွဲသွားကြတတ်သည်။
ထို့အပြင် ထိုကဲ့သို့ လက်တွဲသွားကြသူများသည် အစီအစဉ် ပြီးဆုံးပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် လက်ထပ်လေ့ရှိကြသဖြင့် ဤအစီအစဉ်ကို ယေဘုယျအားဖြင့် လက်တွဲဖော် ရှာဖွေရန်အတွက် ရွေးချယ်ကြခြင်း ဖြစ်ကြ၏။
ထိုအထဲတွင် လူပျိုကြီးအပျိုကြီး အထီးကျန်ဘဝဖြင့်သာ အရိုးထုတ်ရမည့် သူများလည်း ရှိကြလေသည်။
အနုပညာရှင် ဧည့်သည်များက လက်တွဲဖော်ကို စိတ်ကြိုက် ရွေးချယ်နိုင်သည့်အပြင် ရိုက်ကူးရေးအဖွဲ့က ပရိသတ်များနှင့် တိုက်ရိုက်ထိတွေ့ ဆက်သွယ်နိုင်မည့် အပိုင်းခုကိုလည်း အထူး စီစဉ်ဖန်တီးပေးထားသည်။
ကြည့်ရှုသူ ပရိသတ်များသည် မည်သည့် ဧည့်သည်နှစ်ဦးကို စုံတွဲအဖြစ် မြင်တွေ့ချင်သည်ကို မဲပေးရွေးချယ်နိုင်ပြီး မဲအများဆုံးရရှိသော စုံတွဲသည် ယာယီစုံတွဲအဖြစ် အတင်းအကျပ် တွဲခြင်းခံရပေမည်။
ယခု ရာသီအတွက်မူ ဒါရိုက်တာအဖွဲ့က အချို့သော ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပြီး မူလက ကြိုတင်ရိုက်ကူး ထားရှိသော စနစ်မှ ၂၄ နာရီပတ်လုံး တိုက်ရိုက်ထုတ်လွှင့်သည့် စနစ်သို့ ပြောင်းလဲလိုက်သည်။
ယဲ့ယီ ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာသောအခါ လူအများစုမှာ ရောက်နေကြသည်။
ယခုအခါ အနုပညာလောကအတွင်းရှိ လူအများစုကို ယဲ့ယီ သိရှိနေပြီ ဖြစ်ရာ ယခု ရောက်ရှိနေသော ဧည့်သည်အများစုကိုလည်း သိကျွမ်းနေ၏။
၎င်းတို့ထဲတွင် စုမန်လည်း ပါဝင်နေသည်။
မလာရောက်မီက ယဲ့ယီသည် စုမန်၏ နောက်ခံသမိုင်းကြောင်းကို စစ်ဆေးဖူး၏။
ကုစဲ့ကဲ့သို့ ချစ်စရာကောင်းသော ကလေးငယ်တစ်ဦးကို မွေးဖွားပေးနိုင်ခဲ့သည့်အတွက် စုမန်၏ ရုပ်ရည်လှပမှုမှာမူ ငြင်းဖွယ်ရာ မရှိပေ။
ယဲ့ယီသည် စုမန်နှင့် မည်သည့် ပတ်သက်ဆက်နွှယ်မှုကိုမျှ မပြုလုပ်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း သင်က ပြဿနာကို သွားမရှာလျှင်ပင် ပြဿနာက သင့်ထံသို့ လာရောက် ရှာဖွေတတ်သည် မဟုတ်လော။
စုမန် ရှေ့တိုးလာခဲ့ပြီး ယဲ့ယီကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်၏။
“ရှင်က ယဲ့ယီ ဖြစ်ရမယ်၊ ရှင့်အကြောင်းကို ကြားဖူးတာ ကြာပါပြီ၊ ကျွန်မက စုမန်ပါ”
ရိုက်ကူးရေးအတွင်းရှိ လေထုမှာ ချက်ချင်းပင် အနည်းငယ် သိမ်မွေ့ ထူးဆန်းသွားလေ၏။
ဒါရိုက်တာသည် ကင်မရာမန်းအား ကင်မရာကို ယဲ့ယီနှင့် စုမန်တို့ထံသို့ ချက်ချင်း အာရုံစိုက် စိုက်ခိုင်း လိုက်တော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍအတွင်းရှိ အင်တာနက် အသုံးပြုသူများလည်း အလွန်အမင်း သက်ဝင်လှုပ်ရှားလာခဲ့ကြသည်။
“ဝါး… ဒီနှစ်ယောက်က အစကတည်းက ထိပ်တိုက်တွေ့နေကြပြီပဲ”
“ယဲ့ယီတော့ သွားပြီ ထင်တယ်၊ အမေအရင်းက ပြန်ရောက်လာပြီလေ၊ သူကတော့ ကွာရှင်းထားပြီးသား မိထွေးတစ်ယောက် သက်သက်ပဲကို သူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
“ဒီမိန်းမက တကယ်ပဲ ကုစဲ့ရဲ့ အမေအရင်းလား”
“အဲဒီ မျက်နှာကို ကြည့်တာနဲ့တင် သိသာတယ် မဟုတ်ဘူးလား၊ဟုတ်မှာပေါ့”
“ဒါနဲ့ ပြောရဦးမယ်၊ ယဲ့ယီက ဒီစုံတွဲအစီအစဉ်ကို လာတယ်ဆိုကတည်းက စီအီးအိုကုနဲ့ သူကြားမှာ အခု ဘာပတ်သက်မှုမှ မရှိတော့ဘူးဆိုတဲ့ သဘောပေါ့”
“တကယ့် သွေးချောင်းစီးမဲ့ စစ်မြေပြင်ကြီးပဲ၊ ငါတော့ ဒါမျိုး ကြည့်ရတာ အကြိုက်ဆုံး”
“ရိုက်ကူးရေး အဖွဲ့က လူခေါ်တတ်လိုက်တာ တကယ်ပဲ”
စုမန် ယဲ့ယီကို မဲ့ပြုံးတစ်ချက် ပြုံးကာ ကြည့်လိုက်လေ၏။ သူမ၏ မျက်ဝန်းများထဲတွင် ယဲ့ယီအပေါ် အထင်သေး ရွံရှာမှုများ ပြည့်နှက်နေသည်။
ဤကဲ့သို့သော အမျိုးသမီးမျိုး ကုရှီချန်းကဲ့သို့ သံမဏိပင်အိုကြီးကို အပွင့် ပွင့်လာအောင် လုပ်ဆောင်နိုင်သည်မှာ အလွန်ပင် ထူးဆန်း၏။
တစ်ဖက်လူ သွေးပူစမ်း၍ တက်ကြွစွာ လာရောက်နှုတ်ဆက်နေသဖြင့် ယဲ့ယီလည်း သဘာဝကျကျပင် အေးစက်စွာ မဆက်ဆံဘဲ အပြုံးပန်းကို ဆင်မြန်းလိုက်ကာ ပြန်လည်နှုတ်ဆက်လိုက်၏။
“တွေ့ရသာ ဝမ်းသာပါတယ် အစ်မ စုမန်”
သူတို့နှစ်ဦးစလုံးမှာ ပြုံးနေကြသော်လည်း ထိုအပြုံးများမှာ မျက်ဝန်းများထဲအထိ ရောက်ရှိခြင်း မရှိကြပေ။ သူတို့အကြည့်များသည် လေထုထဲတွင် ဆုံစည်းသွားခဲ့ကြပြီး ယမ်းငွေ့များ လွင့်ပျံနေသကဲ့သို့ ဖြစ်နေတော့၏။
“အော်ဒါနဲ့….. ကျွန်မ သားလေး ကုစဲ့ကို အခုလို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တဲ့အတွက် ညီမလေးယဲ့ယီကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ။ အလုပ်ရှုပ်စေခဲ့ပြီ”
စုမန် တိုက်ရိုက်ပင် အကွက်ကြီးတစ်ကွက်ကို စတင် ထုတ်သုံးလိုက်တော့သည်။
ရိုက်ကူးရေးအဖွဲ့မှ လူများမှာ တုန်လှုပ်သွား၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များမှာလည်း ဆူပွက်သွားကြသည်။
“အမလေး… ဘုရားရေ ဘုရားရေ၊ ဒါက အတည်ပြုလိုက်တာလား၊ အရင်ကတော့ ငါ ဒါကို အမှန် ဟုတ်မဟုတ် သံသယဝင်နေတာ၊ အခုတော့ သူကိုယ်တိုင် ဝန်ခံလိုက်ပြီပဲ”
“ပြီးပြီ… ပြီးပြီ၊ ယဲ့ယီတော့ ဒီတစ်ခါ သေချာပေါက် ရှုံးပြီ၊ စုမန်ရဲ့ လက်ထဲမှာ ကုစဲ့ဆိုတဲ့ ဖဲချပ်အကြီးကြီး ရှိနေတာလေ၊ ယဲ့ယီမှာ ဘာရှိလို့ သွားယှဉ်မှာလဲ”
“မိဘတွေ ဘယ်နှစ်ယောက်လောက်ကများ ကလေးအတွက်နဲ့ မကွာရှင်းဘဲ နေခဲ့လဲ၊ စီအီးအိုကုက ကုစဲ့အတွက်နဲ့ စုမန်နဲ့ ပြန်ပေါင်းဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး “
“အို… ဘုရားသခင်၊ ဒါက ဘယ်လို ဇာတ်ကွက်ကြီးလဲ၊ အစီအစဉ်က အစကတည်းက ဒီလောက်ထိ အကွက်ကြီးတွေ သုံးနေတာလား”
ရိုက်ကူးရေးအဖွဲ့မှ လူများလည်း စုမန် ကုစဲ့၏ အမေအရင်း အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
အစောပိုင်းကာလက ဤကိစ္စသည် အင်တာနက်ပေါ်တွင် လှိုင်းတံပိုးတစ်ခု ဖြစ်ပွားခဲ့ဖူးသော်လည်း နောက်ဆုံးတွင် ကုကော်ပိုရေးရှင်းဘက်က ဖိနှိပ် ချေဖျက်ပေးခဲ့သည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့က ဤကိစ္စသည် ကောလာဟလအမှားသာ ဖြစ်လိမ့်မည်ဟု အမြဲ ထင်မြင်ထားကြခြင်း ဖြစ်သည်။
သူတို့ ယဲ့ယီနှင့် စုမန် နှစ်ဦးစလုံးကို ဖိတ်ခေါ်ရန် သဘောတူခဲ့ခြင်းမှာ ရေပန်းစားမှုကို အသုံးချရန် သက်သက်သာ ဖြစ်သော်လည်း ယခုအခါ အခြေအနေများ၏ ပြောင်းလဲမှုမှာ အမှန်တကယ်ပင် မထင်မှတ်ထားစရာ ဖြစ်လာခဲ့ရတော့၏။
စုမန် သူမကို သတိပေး ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း ယဲ့ယီ အလိုလိုပင် သိရှိ၏။ သို့သော်လည်း သူမသည် ကြောက်ရွံ့တတ်သူ မဟုတ်ပေ။
သူမ ပြုံးလျက်ပင် ဆက်လက် ပြောဆိုလိုက်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူး၊ ကျွန်မလည်း သူ့ကို အများကြီး မစောင့်ရှောက်ပေးဖြစ်ခဲ့ပါဘူး။ ဒါနဲ့… အစ်မက အရင်တုန်းက ပြည်ပမှာပဲ အမြဲ နေနေတာလား၊ ကုစဲ့ အမေအရင်းက ဒီလောကမှာ ရှိနေသေးတယ်ဆိုတာကို ကျွန်မအခုမှပဲ သိရတော့တယ်၊ ကျွန်မ အမြဲတမ်း ထင်နေခဲ့တာက…”
ယဲ့ယီ သူမ၏ စကားကို အဆုံးမသတ်ခဲ့ပေ။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုရှိ အင်တာနက် အသုံးပြုသူများ သူမ ဆိုလိုသည့် အဓိပ္ပာယ်ကို မည်သို့မသိဘဲ နေပါမည်နည်း။
“အမှန်အတိုင်း ပြောရရင် ငါလည်း ကုစဲ့ရဲ့ အမေအရင်းက သေသွားပြီလို့ပဲ အမြဲ ထင်နေခဲ့တာ။ သူက အခုမှ ရုတ်တရက်ကြီး ပေါ်လာလိမ့်မယ်လို့ ထင်မထားဘူး”
“ဒါနဲ့ ပြောရဦးမယ်၊ ဒါက တကယ် တိုက်ဆိုင်လွန်းတယ်၊ ယဲ့ယီနဲ့ စီအီးအိုကုတို့ ကွာရှင်းပြီး မကြာခင်မှာပဲ အမေအရင်းက ပေါ်လာရတယ်လို့”
“ငါ့ ခံစားချက်အရတော့ စီအီးအိုကုက စုမန်အပေါ် သံယောဇဉ် ရှိနေသေးတာ ဖြစ်ရမယ်၊ မဟုတ်ရင် စုမန်က ဒီကိစ္စကို ဒီလောက် လူအများရှေ့မှာ တိုက်ရိုက် ဝန်ခံရဲပါ့မလား”
“နားမလည်နိုင်တော့ဘူး၊ တကယ် နားမလည်နိုင်ဘူး”
စုမန်၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်း မရှိခဲ့ပေ။
“ကျွန်မက အရင်တုန်းက ပြည်ပမှာပဲ အမြဲ ရှိနေခဲ့တာမလို့ ရှင် မသိတာကလည်း သဘာဝကျပါတယ်”
သူတို့နှစ်ဦးမှာ ထိုနေရာတွင် ဓားချင်းယှဉ်နေကြတော့၏။
ရိုက်ကူးရေးအဖွဲ့က လူများ ချက်ချင်းပင် စကားလမ်းကြောင်းကို ပြောင်းပေးလိုက်ကြရသည်။
“ဧည့်သည်တော်တွေ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် ကြရအောင်ပါ”
အကယ်၍ သူတို့သာ ဝင်မတားပါက ထိုအမျိုးသမီးနှစ်ဦး ကွင်းအတွင်း၌ပင် ရန်ပွဲ ဆင်နွှဲကြတော့မည်ဟု ဒါရိုက်တာ သံသယဝင်နေမိသည်။
ဒါရိုက်တာသည် ဟိုင်ထျန်းဖျော်ဖြေရေး၏ စကားကို နားထောင်ကာ ယဲ့ယီကို ဤအစီအစဉ်သို့ ဖိတ်ခေါ်မိခဲ့ခြင်းအပေါ် ယခုအခါ စတင်၍ နောင်တရနေတော့၏။
ဤအမျိုးသမီးနှစ်ဦးမှာ တောင်တစ်ခုတည်းတွင် အတူတူ မအောင်းနိုင်သော ကျားနှစ်ကောင်နှင့် တူပေသည်။
ဒါရိုက်တာ၏ စကားကို ကြားရသောအခါ စုမန်သည် ယဲ့ယီကို ဒုက္ခပေးနေခြင်းကို ရပ်တန့်လိုက်ပြီး ကင်မရာဆီသို့ ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်တော့၏။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ဟိုင်ထျန်းဖျော်ဖြေရေး ကုမ္ပဏီရဲ့ အနုပညာရှင် စုမန် ဖြစ်ပါတယ်၊ နောင်ကျရင်လည်း အားလုံးက ပံ့ပိုးကူညီပေးကြပါဦးနော်”
ပတ်ဝန်းကျင် လေထုမှာ ချက်ချင်းပင် အနေရခက်သွားခဲ့ရပြန်သည်။
ဒါရိုက်တာက ဧည့်သည်အချင်းချင်း မိတ်ဆက်ခိုင်းခြင်း ဖြစ်သော်လည်း စုမန်ကမူ တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များကိုသာ တိုက်ရိုက် မိတ်ဆက်သွားလေ၏။
‘ဒါက ဘယ်လိုမျိုး စုံတွဲအစီအစဉ်လဲ‘
ဒါရိုက်တာ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဆိုးဝါးသွားခဲ့၏။ သို့သော်လည်း အခြေအနေများက ဤအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူလည်း ဘာမှ ထပ်မံ၍ မပြောရဲတော့ပေ။
စုမန်မှတစ်ပါး အခြားသော သူများမှာမူ အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြသည်။
ယဲ့ယီနှင့် စုမန်တို့အပြင် အခြားသော အမျိုးသမီးဧည့်သည် သုံးဦးမှာ :ရေပန်းစားနေသော မင်းသမီးငယ်လေး ကျောင်စီစီ၊ ကျော်ကြားသော အဆိုတော် ချန်ယွဲ့ နှင့် မင်းသမီး လီနာ တို့ ဖြစ်ကြသည်။
အမျိုးသားဧည့်သည် ငါးဦးမှာမူ :ရေပန်းစားသော မင်းသားငယ်လေး လျုံဟောင်ချန်၊ လူသိများသော မင်းသား ရှန်ကျဲ့၊ လူချမ်းသာ သူဌေးသားလေး ဆုန့်ချယ်၊ မင်းသား ဝမ်ဝူ နှင့် အဆိုတော် ကျန်းစီနျန် တို့ ဖြစ်ကြသည်။
၎င်းတို့အနက် ကျောင်စီစီနှင့် လျုံဟောင်ချန်တို့သည် ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် အတူတူ ပါဝင်သရုပ်ဆောင်ထားကြပြီး ဖြစ်သဖြင့် သူတို့အတွဲမှာ လက်ရှိတွင် အလွန်ရေပန်းစားနေ၏။
ဤအစီအစဉ်တွင် တရားဝင် တွဲနိုင်မည့် အလားအလာအရှိဆုံး စုံတွဲလည်း ဖြစ်၏။
ရိုက်ကူးရေးအဖွဲ့သည် အစောပိုင်းတွင် ဧည့်သည်များကို အချင်းချင်း ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရန် အချိန်အနည်းငယ် ပေးအပ်ထား၏။
ညနေပိုင်းတွင်မူ ဧည့်သည်များသည် နောက်တစ်နေ့တွင် ကိုယ် အတူတကွ ချိန်းတွေ့လိုသော လက်တွဲဖော်ကို ရွေးချယ်နိုင်ပေသည်။
ရိုက်ကူးရေး အဖွဲ့သည် ဧည့်သည်များ ကွယ်ရာတွင် တိတ်တဆိတ် ဆက်သွယ်မှုများ မပြုလုပ်နိုင်စေရန်အတွက် လူတိုင်း၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းထားခဲ့သည်။
နေ့လယ်စာ စားချိန်သို့ နီးကပ်လာပြီ ဖြစ်သဖြင့် အမျိုးသားဧည့်သည်များအနေဖြင့် ကိုယ့်စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရန် အခွင့်အရေး ရရှိလာခဲ့ကြသည်။
သူတို့အားလုံးသည် မီးဖိုချောင်အတွင်းသို့ ကူညီရန် အပြေးအလွှား သွားခဲ့ကြသော်လည်း ချွင်းချက် ရှိနေခဲ့သည်။
ဆုန့်ချယ်သည် ဆိုဖာ ရှေ့တွင် ထိုင်နေခဲ့ပြီး ဝင်ရောက်ကူညီရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
အခြားသော အမျိုးသားဧည့်သည်များ ဝေဖန်ချင်နေကြသော်လည်း မည်သူမျှ ထုတ်မပြောရဲခဲ့ကြပေ။
မည်သို့ပင် ဆိုစေကာမူ ဆုန့်ချယ်သည် ဤစုံတွဲအစီအစဉ်သို့ အပျော်သဘောသာ လာရောက်ပါဝင်ခြင်း ဖြစ်သဖြင့် သူကဲ့သို့သော ချမ်းသာသော သူဌေးသားတစ်ဦးအား ထမင်းချက်ခိုင်းရန် မျှော်လင့်၍ မရနိုင်ပေ။
တိုက်ရိုက်ထုတ်လွှင့်မှု စနစ် ဖြစ်သောကြောင့် အမျိုးသမီးဧည့်သည်များလည်း ဘာမှမလုပ်ဘဲ မနေနိုင်ကြသဖြင့် မီးဖိုချောင်အတွင်းသို့ အတူတူ ဝင်ရောက်ကူညီကြသည်။
သို့သော်လည်း မီးဖိုချောင်မှာ မကျယ်ဝန်းလှသဖြင့် လူအများအပြား မဆံ့ခဲ့ပေ။
ထို့အပြင် မီးဖိုချောင်၏ အဖျက်သမားတစ်ဦး ဖြစ်သော ယဲ့ယီလည်း နောက်ဆုံးတွင် ထိုအပျော်အပါးများထဲသို့ ဝင်ရောက်မရှုပ်ရန်သာ ရွေးချယ်လိုက်တော့သည်။
အခြေအနေ မကောင်းပါက သူမ ထမင်းစားပြီးနောက် ပန်းကန်ဆေးသည့် အလုပ်ကိုသာ လုပ်ဆောင်လိုက်လျှင် ရသည် မဟုတ်လော။
စုမန်ကမူ မီးဖိုချောင်အတွင်းသို့ ခြေတစ်လှမ်း အသာစီးဖြင့် ဝင်ရောက်သွား၏။
တိုက်ရိုက်ထုတ်လွှင့်မှုရှိ အင်တာနက် အသုံးပြုသူများသည် ယဲ့ယီတစ်ယောက် ဆုန့်ချယ်ကဲ့သို့ ဆိုဖာပေါ်တွင် ထိုင်ကာ အနားယူနေသည်ကို မြင်တွေ့ရသောအခါ ချက်ချင်းပင် သူမကို အပြစ်တင် ဝေဖန်ကြတော့သည်။
“ယဲ့ယီက ဘာမှမလုပ်ဘဲ နေဖို့ စီစဉ်နေတာလား၊ ဆုန့်ချယ်ကတော့ သူ့မှာ ချမ်းသာတဲ့ နောက်ခံအင်အား ရှိလို့ ဘာမှမလုပ်တာလေ၊ သူက ဘာအရည်အချင်း ရှိလို့လဲ”
“ဟို… ယဲ့ယီကလည်း ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုမဟုတ်ဘူးလား”
“သူ့ အဲ့လို ကုမ္ပဏီအသေးလေးနဲ့ ဆုန့်အုပ်စုကြီးကို သွားယှဉ်လို့ ရပါ့မလား”
“အခြား အမျိုးသမီးဧည့်သည်တွေ အားလုံးက ကူညီနေကြတာကို သူတစ်ယောက်တည်းက ဒီမှာ ထိုင်ပြီး နားနေတယ်၊ တကယ်ကို သတ္တိတာပဲ”
“ငါကတော့ အခွင့်အရေးသမား၊ သူများဆီက အမြတ်ထုတ်တတ်တဲ့လူတွေကို အမုန်းဆုံးပဲ”
“ဒါပေမဲ့ ထမင်းချက်ဖို့အတွက် အဲဒီလောက် လူအများကြီး မလိုဘူး ထင်တာပဲ”