← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း(၁၇၉)

ဆိုဖာ၏ အခြားတစ်ဖက်စွန်းသို့ ယဲ့ယီ လျှောက်လှမ်းသွားကာ ထိုင်လိုက်၏။

ဆုန့်ချယ်ကို နှုတ်ဆက်ရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ပေ။

သူမ ဆုန့်ချယ်အကြောင်းကို အနည်းငယ် သိရှိထားသည်။ သူသည် ရည်းစားရှုပ်သူတစ်ဉီးဖြစ်၏။

အနုပညာလောကအတွင်းရှိ နာမည်ကြီး အနုပညာရှင်များနှင့် ကောလာဟလ သတင်းများ မကြာခဏ ထွက်ပေါ်လေ့ရှိသည်။

စုံတွဲအစီအစဉ်များတွင် ပါဝင်ခြင်းမှာလည်း သူ၏ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူ မည်သည့် အနုပညာရှင်ကိုမဆို သဘောကျမိပါက ထိုသူနှင့်အတူ စုံတွဲအစီအစဉ်များတွင် ပါဝင်လေ့ရှိတတ်သည်။

ကြီးကျယ်ခမ်းနားစွာ ပိုးပန်း၏။

သို့သော်လည်း ထိုသူကို ရရှိပြီးနောက်တွင်မူ အလွန်ဆုံး အချိန်ခြောက်လအတွင်းမှာပင် လမ်းခွဲပစ်တတ်သည်။

သူကဲ့သို့လူမျိုးကို အနုပညာရှင်များစွာ သူနှင့် နီးစပ်ခွင့်ရရန် အပြေးအလွှား ကြိုးစားနေကြဆဲဖြစ်လေသည်။

ဆုန့်ချယ်သည် သူ၏ ချစ်သူမိန်းကလေးများအပေါ် အမြဲတစေ ရက်ရောတတ်ပြီး ကားများ၊ အိမ်များကိုလည်း ဘာမဟုတ်သကဲ့သို့ ဝယ်ယူပေးတတ်သည်။

သူနှင့် တွဲဖူးသော အမျိုးသမီးတိုင်းသည် ရက်ရောခံကြရ၏။

ယခုတစ်ကြိမ်တွင် သူ မည်သူ့ကို သဘောကျ၍ လာရောက်ခြင်းဖြစ်သည်ကို ယဲ့ယီ အနည်းငယ် စူးစမ်းချင်နေမိသည်။

ယဲ့ယီ ဤသို့ တွေးတောနေစဉ်မှာပင် ဆုန့်ချယ် သူမရှေ့မှောက်သို့ လျှောက်လာခဲ့ပြီး သူ၏ လက်ကို ကမ်းပေးလိုက်ကာ နှုတ်ဆက်လိုက်သည်။

“ရှောင်ယီ ၊မင်္ဂလာပါ”

ယဲ့ယီ : ???

ဒါရိုက်တာ : !!!

တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များမှာ ထပ်မံ၍ ဆူပွက်သွားခဲ့ရပြန်သည်။

“အမလေး… ဘုရားရေ၊ ဆုန့်ချယ်က ယဲ့ယီကို သဘောကျနေတာ ဖြစ်နိုင်မလား၊ ဆုန့်ချယ် ပါခဲ့တဲ့ စုံတွဲအစီအစဉ်တွေကို ကြည့်ဖူးတဲ့ ညီမလေးတွေ သိကြမှာပါ၊ သူ အရင်ဆုံး နှုတ်ဆက်တဲ့လူက သူ ပိုးချင်တဲ့လူပဲလေ”

“ဒီရာသီရဲ့ အစီအစဉ်က တကယ်ကို ကြည့်ရတာ တန်ဦးမှာပဲ”

“ဒါရိုက်တာက တကယ် ပြဿနာရှာတတ်တာပဲ”

ဒါရိုက်တာမှာမူ ငိုချင်စိတ်များ ပေါက်လာသည်။

ဆုန့်ချယ် ဤကဲ့သို့သော အကွက်ကို ထုတ်သုံးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဒါရိုက်တာသည် ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှ အစဉ်တစိုက် အားပေးနှစ်သိမ့်နေခဲ့၏။

ဤနေရာတွင် သူနှင့် ယဲ့ယီ နှစ်ဦးတည်းသာ ရှိနေသည်ကို မြင်တွေ့ရသဖြင့် ဆုန့်ချယ် တက်ကြွစွာ လာရောက်နှုတ်ဆက်ခြင်း ဖြစ်နိုင်ပေသည်။

ဆုန့်ချယ်နှင့် မည်သည့် ပတ်သက်မှုမျှ ယဲ့ယီ မပြုလိုသော်လည်း သူက တက်ကြွစွာ လာရောက်နှုတ်ဆက်နေသဖြင့် သူမအနေဖြင့် လုံးဝ လျစ်လျူရှုထား၍ မရနိုင်ပေ။

သူမ တည်ငြိမ်အေးစက်စွာသာ ပြန်လည် ဖြေကြားလိုက်သည်။

“မင်္ဂလာပါ”

သူမ၏ လေသံကား စိမ်းကားနေ၏။

အကယ်၍ သာမန်လူတစ်ယောက် ဆိုပါက ထိုနေရာတင်ပင် ထွက်သွားကြလိမ့်မည်။ သို့သော်လည်း ဆုန့်ချယ်မှာမူ ထွက်မသွားသည့်အပြင် ယဲ့ယီဘေးနားတွင်ပါ ဝင်ထိုင်လိုက်တော့သည်။

ယဲ့ယီသည် တိတ်တဆိတ်ပင် သူနှင့် အကွာအဝေးတစ်ခုအထိ ခွါလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုရှိ အင်တာနက် အသုံးပြုသူများလည်း စိတ်လှုပ်ရှားစရာများကို ကြည့်ရှုနေကြပြီး ကိစ္စရပ်များ ပိုမိုကြီးလာသည်ကိုသာ မြင်တွေ့ချင်နေကြလေ၏။

“အကယ်၍ စီအီးအိုကုသာ ဒီစုံတွဲအစီအစဉ်ကို ပါခဲ့ရင်တော့ ပြည့်စုံသွားပြီ”

“မပြောနဲ့ဦး၊ အခု အခြေအနေက ဘာလဲဆိုတာ ငါ တကယ် သိချင်မိတယ်၊ စီအီးအိုကုက ယဲ့ယီကို သဘောကျတာလား၊ စုမန်ကို သဘောကျတာလား”

“ရုပ်ရည်ပိုင်းအရဆိုရင်တော့ ယဲ့ယီက သေချာပေါက် နိုင်တာပေါ့၊ ဒါပေမဲ့ စုမန်မှာက သားတစ်ယောက် ရှိတယ်လေ”

“ဒါနဲ့ စုမန်က စီအီးအိုကုအတွက် သားတစ်ယောက် မွေးပေးခဲ့ပြီးပြီလေ။ ယဲ့ယီက နောက်ပိုင်းမှ စီအီးအိုကုကို ဘာလို့ လက်ထပ်ခဲ့ရတာလဲ၊ ပြီးတော့ အရင်က စုမန်အကြောင်း လည်း လုံးဝ မရှိခဲ့ဘူး”

“မင်းတို့ ငါ့ကို မေးရင်တော့ စုမန်နဲ့ စီအီးအို ကုတို့ကြားမှာ ပြဿနာတစ်ခုခု ဖြစ်ပြီး သူ ကလေးမွေးပြီးတာနဲ့ ထွက်သွားတာ ဖြစ်ရမယ်၊ အဲဒီနောက်မှာ စီအီးအိုကုက မိသားစုရဲ့ အတင်းအကျပ် တိုက်တွန်းမှုကြောင့် ယဲ့ယီကို လက်ထပ်ခဲ့ရတာပေါ့၊ ဝတ္ထုတွေထဲမှာ ဒီလိုပဲ ရေးကြတာလေ”

အင်တာနက် အသုံးပြုသူများ၏ စိတ်ကူးစိတ်သန်းများမှာ တစ်ယောက်ထက်တစ်ယောက် ပိုမိုဆန်းကြယ်နေကြပြီး နောက်ပိုင်းတွင် အချို့သော သူများက ဒါရိုက်တာကို ကုရှီချန်းအား ဖိတ်ခေါ်ပေးရန်အထိ တောင်းဆိုလာကြတော့သည်။

ဒါရိုက်တာ : မင်းတို့ ငါ့ကို သေစေချင်ရင်လည်း ပေါ်တင်ပြောကြပါကွာ။

ဆုန့်ချယ် ယဲ့ယီကို တက်ကြွစွာ စကားစလိုက်သည်။

“ရှောင်ယီ… မင်းကို မေးခွန်းတစ်ခုလောက် မေးလို့ ရမလား”

ယဲ့ယီသည် မရပါဘူးဟု ပြောချင်သော်လည်း အစီအစဉ် ပြီးဆုံးပြီးနောက် နန်ချင်ဝမ်၏ အပြစ်ပေးခြင်းကို မခံရစေရန်အတွက် ပြန်လည် ဖြေကြားလိုက်သည်။

“မေး”

“မင်းနဲ့ ကုရှီချန်းတို့ကြားမှာ လက်ရှိ ဘယ်လို ဆက်ဆံရေး ရှိနေတာလဲ”

ယဲ့ယီ : “...”

တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များ

“အမလေး… ဘုရားရေ၊ ဒီလိုမျိုး ပေါ်တင်ကြီး ထုတ်မေးတာလား”

“လူတော်ကြီးပဲ… လူတော်ကြီးပဲ၊ ငါတော့ သူ့ကို လူတော်ကြီးလို့ပဲ ခေါ်ရတော့မယ်”

“သူငယ်ချင်းရာ… မင်းက တကယ့်ကို သတ္တိခဲကြီးပဲ”

“ငါ ဆုံးဖြတ်လိုက်ပြီ၊ ငါ ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ မှတ်ချက်ထဲမှာပဲ အခြေချတော့မယ်၊ ဘယ်အတင်းအဖျင်း သတင်းကိုမှ အလွတ်မခံနိုင်ဘူး”

“ငါ ရိုက်ကူးရေးအဖွဲ့ကို အရမ်း သဘောကျသွားပြီ၊ ဒီတစ်ခေါက်က တကယ်ကို ကောင်းလွန်းတယ် ဟုတ်တယ်မလား”

“ဒါရိုက်တာကျန်း… ကျွန်မ ရှင့်ကို ချစ်တယ်!!!!!!!!!”

“သူတို့ ကုရှီချန်းကိုပါ ဖိတ်နိုင်ရင် သိပ်ကောင်းမှာပဲ”

“ရှင် ဘယ်လိုထင် လို့လဲ”

ဆုန့်ချယ်၏ ထောင်ချောက်အတွင်းသို့ ယဲ့ယီ လွယ်လွယ်ကူကူ မဝင်ရောက်ဘဲ မေးခွန်းပြန်မေးလိုက်၏။

ဆုန့်ချယ် ပြုံးလိုက်၏။

“အကယ်၍ မင်းနဲ့ ကုရှီချန်းကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့ဘူးဆိုရင်တော့ ငါ မင်းကို လိုက် ပိုးပန်းတော့မယ်”

ယဲ့ယီ : !!!

တိုက်ရိုက်ထုတ်လွှင့်မှုရှိ အင်တာနက် အသုံးပြုသူများ

“ငါ သွားပြီ၊ ဆုန့်ချယ် တကယ်ပဲ ယဲ့ယီကို သဘောကျနေတာပဲ”

“အား… ဆုန့်ချယ်၊ ဝေးဝေးသွားပါ၊ ငါတို့ စုံတွဲကို ဘယ်သူမှ လာဖျက်လို့ မရဘူး”

“အပေါ်က စုံတွဲပရိသတ်တွေ စိတ်ကူးယဉ်နေတုန်းလား၊ ယဲ့ယီ စုံတွဲအစီအစဉ်ကို လာတက်နေပြီလေ၊ သူနဲ့ ကုရှီချန်းကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့တာ သေချာလို့ပေါ့”

“ယဲ့ယီက တကယ် ကံကောင်းတာပဲ၊ အစက ကုရှီချန်း ရှိခဲ့ပြီး အခုတော့ နောက်ထပ် ဆုန့်ချယ်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ”

“ရှင် နောက်နေတာလား”

ယဲ့ယီက မရေမရာ မေးလိုက်သည်။

ဆုန့်ချယ်ကမူ သူမကို ကြည့်ကာ အလွန်တည်ကြည် လေးနက်စွာ ဆိုလိုက်၏။

“ငါ ဘယ်တော့မှ မနောက်တတ်ဘူး”

ယဲ့ယီသည် အနေရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်မိ၏။

ကောက်ကျစ်လှသော ကံကြမ္မာပါပင်။

သူမ ဤကဲ့သို့သော စုတ်ပြတ်သတ်သည့် စုံတွဲအစီအစဉ်တွင် မပါဝင်ခဲ့သင့်ပေ။ စုမန် တစ်ယောက်တည်း ရှိနေခြင်းကပင် လုံလောက်နေပြီ ဖြစ်ရာ အခုတော့ ဆုန့်ချယ်တစ်ယောက်ပါ ထပ်တိုးလာ၏။

အကယ်၍ ကုရှီချန်းနှင့် သူမ ဆက်ဆံရေးကို ဝန်မခံပါက ဆုန့်ချယ်ကို ဖယ်ရှားရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း အကယ်၍ သူမက ရှင်းလင်းစွာ ပြောဆိုလိုက်ပါက ချစ်သူရှိနေပါလျက် စုံတွဲအစီအစဉ်သို့ လာရောက်ခြင်းအပေါ် အင်တာနက် အသုံးပြုသူများက သူမကို ဆဲဆိုကြိမ်းမောင်းပြီး သတ်ကြလိမ့်မည်။

ယဲ့ယီ ယခုအခါ အမှန်တကယ်ပင် ကုန်းကောက်စရာမရှိအောင် အကျပ်ရိုက်နေတော့၏။

သူမသည် စူးစမ်းလိုစိတ်နှင့် ဒေါသမာနကြောင့် ဤအစီအစဉ်ကို လက်ခံမိခဲ့ခြင်းအပေါ် အလွန်အမင်း နောင်တရနေမိသည်။

သူမ ဤအစီအစဉ်ကို လက်ခံခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ကုရှီချန်းအပေါ် စိတ်ဆိုးဒေါသထွက်မိခြင်းကြောင့် ဖြစ်သော်လည်း ယခုအခါ သူမကိုယ်တိုင် အကျပ်ရိုက်ခံနေရ၏။

ဆုန့်ချယ်၏ တည်ကြည်သော မျက်နှာထားကို ကြည့်ရင်း ယဲ့ယီ ပြောလိုက်တော့၏။

“တောင်းပန်ပါတယ်၊ ကျွန်မ ရှင့်ကို သဘောမကျဘူး”

ယဲ့ယီ၏ ငြင်းပယ်မှုကို ရင်ဆိုင်ရသော်လည်း ဆုန့်ချယ်သည် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

“ကိစ္စမရှိပါဘူး၊ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ မင်း ငါ့ရဲ့ စိတ်ရင်းမှန်ကို သေချာပေါက် ခံစားမိလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်”

ဆုန့်ချယ် ဤကဲ့သို့သော ယုံကြည်မှု ရှိနေရခြင်းမှာ သူ၏ အိမ်တွင် ငွေကြေးချမ်းသာခြင်းကြောင့်သာ မဟုတ်ပေ။ သူ့တွင် အနုပညာလောကရှိ အမျိုးသား အနုပညာရှင်များထက်ပင် ပိုမိုခန့်ညားလှပသော ရုပ်ရည်အသွင်အပြင် ရှိနေသောကြောင့် ဖြစ်၏။

အကယ်၍ သူ၏ အိမ်တွင် ငွေကြေး မချမ်းသာလျှင်ပင် သူ၏ ဤမျက်နှာတစ်ခုတည်းဖြင့် လူအများအပြား၏ နှလုံးသားကို လွယ်လွယ်ကူကူ ဖမ်းစားနိုင်၏။

ယဲ့ယီသည် အနေရခက်သော အပြုံးကိုသာ ပြသနေမိပြီး စိတ်ထဲတွင်မူ အလွန်အမင်း စိတ်ပျက် အားလျော့နေခဲ့သည်။

ယခု တစ်ခေါက် ရိုက်ကူးရေး အချိန်ကာလမှာ တစ်ပတ် ဖြစ်သဖြင့် သူမ ဤတစ်ပတ်တာ ကို မည်သို့ ကုန်လွန် ဖြတ်သန်းရပါမည်နည်း။

ယဲ့ယီ ပိုမိုစိုးရိမ်မိသည်မှာ အကယ်၍ ကုရှီချန်းသာ သူမက သူ့ကွယ်ရာတွင် စုံတွဲအစီအစဉ်တစ်ခုတွင် ပါဝင်နေပြီး ပိုးပန်းနေသူပင် ရှိနေပြီဖြစ်ကြောင်း သိရှိသွားပါက သူမကို သေချာပေါက် အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိမ့်မည် ။

ဆုန့်ချယ် ယဲ့ယီကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော စိတ်ဓာတ်များ ပြည့်နှက်နေခဲ့သည်။

သူသည် သူ၏ ရည်းစားဟောင်းနှင့်အတူ ရုပ်ရှင်ရုံသို့ သွားရောက်စဉ်က ယဲ့ယီ၏ ရုပ်ရှင်ကားကို တိုက်ဆိုင်စွာ မြင်တွေ့ခဲ့ရ၏။

ထို့နောက် သူ ယဲ့ယီကို ပထမဆုံးအကြိမ် မြင်မြင်ချင်း သဘောကျနှစ်သက်သွားခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင် ယဲ့ယီနှင့် ကုရှီချန်းတို့ကြားရှိ ပတ်သက်မှုများကို ကြားသိရသဖြင့် သူ လက်လျှော့ခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေများ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ယဲ့ယီသည် ယခုတစ်ခေါက် စုံတွဲအစီအစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း သိရှိပြီးနောက် သူ ချက်ချင်းပင် စာရင်းပေးသွင်းခဲ့လေ၏။

သူမနှင့် ကုရှီချန်းကြားတွင် ဆက်ဆံရေး မရှိတော့သဖြင့် သူမကို သေချာပေါက် အရယူနိုင်ရမည်ဟု စိတ်ပိုင်းဖြတ်ထားလေသည်။

ထိုအချိန်တွင် ကုကော်ပိုရေးရှင်း၌ အစည်းအဝေး ပြုလုပ်နေသော ကုရှီချန်း ရုတ်တရက် နှာချေလိုက်မိ၏။

ကုရှီချန်း ရုတ်ချည်းပင် အလွန်ဆိုးဝါးသော အတိတ်နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရတော့သည်။

အခန်း (၁၈၀)

ကုရှီချန်းသည် သူနှင့် ယဲ့ယီတို့ စကားပြောခန်းလေးကို တစ်ချက် ကြည့်လိုက်မိသည်။

လွန်ခဲ့သော သုံးရက်က သူ ပို့ထားသည့် မက်ဆေ့ခ်ျကို သူမ ယနေ့အထိ ပြန်မဖြေသေးပေ။

ထိုနေ့ကစ၍ ယဲ့ယီ သူ့ကို လုံးဝ ဥပေက္ခာပြုထားသည်။ ဖုန်းခေါ်လျှင်လည်း မကိုင်၊ မက်ဆေ့ခ်ျပို့လျှင်လည်း မပြန်သည့်အပြင် သူမရှိရာ ကုမ္ပဏီအထိ သွားရောက်တွေ့ဆုံသော်လည်း အတွေ့မခံခဲ့ချေ။

ဤအရာအားလုံး သူ့အမှားကြောင့်ဖြစ်ကြောင်း ကုရှီချန်း ကောင်းကောင်းသိသဖြင့် ယဲ့ယီ စိတ်ဆိုးပြေစေရန် နည်းမျိုးစုံဖြင့်သာ ဆက်လက် ကြိုးစားနေရတော့သည်။

ကုရှီချန်း နေရာမှ ထရပ်လိုက်ပြီး အတွင်းရေးမှူးအား ညွှန်ကြားလိုက်၏။

“အခုလုပ်ဖို့ရှိတဲ့ အစည်းအဝေးကို ညနေပိုင်းဆီ ရွှေ့လိုက်”

ထို့နောက် ကုမ္ပဏီမှ ချက်ချင်း ထွက်ခွာလာခဲ့၏။

သူ ‘ဂျက်နီစစ် မီဒီယာ’ ကုမ္ပဏီ အဆောက်အအုံဆီသို့ ကားမောင်း၍ လာခဲ့လေသည်။

တံခါးဝရှိ လုံခြုံရေးဝန်ထမ်းမှာ ကုရှီချန်း လာနေကျဖြစ်သဖြင့် ရိုးအီနေပြီဖြစ်၍ မည်သည့်အရာမျှ မမေးမြန်းတော့ဘဲ တိုက်ရိုက် ပေးဝင်လိုက်လေသည်။

ကုရှီချန်း ယဲ့ယီ၏ ရုံးခန်းရှေ့သို့ အောင်မြင်စွာ ရောက်ရှိလာသော်လည်း ဆန်းဆန်းပြားပြားပင် ရုံးခန်းထဲ၌ ယဲ့ယီ ရှိမနေခဲ့ပေ။

သူ ကြုံရာ ဝန်ထမ်းတစ်ဦးကို ဆွဲခေါ်ကာ မေးမြန်းလိုက်၏။

“မင်းတို့ရဲ့ စီအီးအိုယဲ့ ဘယ်သွားလဲ”

ဝန်ထမ်းကလည်း အမှန်အတိုင်းဖြေ၏။

“စီအီးအိုယဲ့က ဖျော်ဖြေရေး အစီအစဥ်တစ်ခုမှာ ပါဝင်ရိုက်ကူးဖို့ သွားပါတယ်ရှင့်”

“ဖျော်ဖြေရေး အစီအစဥ် ဟုတ်လား”

ကုရှီချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ယဲ့ယီသည် ဇာတ်ကားရိုက်ကူးပြီးလျှင် အခြား ဖျော်ဖြေရေး အစီအစဥ်များ ရှိကြောင်း သူ့ကို ကြိုတင်ပြောဆိုထားခြင်း မရှိခဲ့ပေ။

ကြည့်ရသည်မှာ ဤသည်ကို မကြာသေးမီကမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပုံရသည်။

မိန်းကလေးတစ်ဦး စိတ်ဆိုးနေသည့်အခါ ပြန်ချော့ရသည်မှာ မည်မျှ ခက်ခဲကြောင်း ကုရှီချန်း ယခုမှပင် ပထမဆုံးအကြိမ် သိရှိလိုက်တော့သည်။

ယခုဆိုလျှင် သူမသည် အလုပ်အချိန်ဇယားကိုပင် သူ့အား အသိမပေးတော့ချေ။

ကုရှီချန်း ကုမ္ပဏီမှ ချက်ချင်း ပြန်မလှည့်သေးဘဲ နန်ချင်ဝမ် ရုံးခန်းဆီသို့ ဦးတည်လိုက်သည်။ နန်ချင်ဝမ် အစည်းအဝေး သွားနေသဖြင့် ရုံးခန်းထဲတွင် မည်သူမျှ ရှိမနေခဲ့ပေ။

သူ အခြားသူများကို လှမ်းခေါ်ခိုင်းခြင်းမျိုး မလုပ်ဘဲ နန်ချင်ဝမ် ပြန်လာမည့်အချိန်ကို ရုံးခန်းထဲ၌သာ အသာတကြည် ထိုင်စောင့်နေလိုက်၏။

နန်ချင်ဝမ် အစည်းအဝေးပြီး၍ အပြင်ထွက်လာသောအခါ တစ်စုံတစ်ဦး သူမ ရုံးခန်းထဲတွင် စောင့်ဆိုင်းနေကြောင်း အကြောင်းကြားချက် ရရှိခဲ့သည်။ သူမ စိတ်ထဲ အနည်းငယ် ထူးဆန်းသွား၏။

ယေဘုယျအားဖြင့် စီးပွားဖက်များ ဖြစ်ပါက လာရောက်တွေ့ဆုံလိုလျှင် မက်ဆေ့ခ်ျ ကြိုပို့လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သည့်သတင်းစကားမျှ မရရှိခဲ့ပေ။

မသင်္ကာစိတ်များဖြင့် နန်ချင်ဝမ် ရုံးခန်းသို့ ပြန်လာခဲ့၏။

ရုံးခန်းတံခါးကို ဖွင့်ကာ ကုရှီချန်းကို မြင်လိုက်ရသည့် ခဏ၌ပင် နန်ချင်ဝမ်သည် အခြေအနေ မဟန်တော့ကြောင်း ရိပ်မိသွားပြီး ချက်ချင်း ပြန်လှည့်ထွက်ရန် ပြင်လိုက်၏။ သို့သော်လည်း ကုရှီချန်းက သူမကို လှမ်းမြင်သွားသည်။

ထို့ကြောင့် နန်ချင်ဝမ်လည်း တည်ငြိမ်သယောင် ဟန်ဆောင်ကာ ရှေ့သို့ တိုးသွားပြီး နှုတ်ဆက်လိုက်တော့၏။

“ဥက္ကဌကု... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲရှင့်”

“ယဲ့ယီ ဘယ်ဖျော်ဖြေရေး အစီအစဥ်မှာ သွားပြီး ပါနေတာလဲ”

နန်ချင်ဝမ် ချက်ချင်းပင် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

အကယ်၍ သူမသာ အမှန်အတိုင်း ပြောပြလိုက်ပါက ကုရှီချန်းတစ်ယောက် ကုမ္ပဏီတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟု သံသယဝင်မိ၏။

မူလက နန်ချင်ဝမ် စဥ်းစားထားသည်မှာ ကုရှီချန်း ယဲ့ယီ ဘယ်သွားသလဲဟု မေးမြန်းလာပါက ဆင်ခြေတစ်ခုခု ပေးရန် ဖြစ်သည်။ သို့သော် ကုရှီချန်းကမူ စကားစတင်ကတည်းက ယဲ့ယီ မည်သည့်အစီအစဥ်တွင် ပါဝင်နေသလဲဟု ကွက်တိ မေးမြန်းလာခဲ့၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ယဲ့ယီ ဖျော်ဖြေရေး အစီအစဥ်တစ်ခုတွင် ပါဝင်နေသည်ကို သူ သိရှိထားပြီးဖြစ်ကြောင်း ထင်ရှားလှ၏။

သို့သော် ထိုအစီအစဥ်မှာ စုံတွဲရွေးပွဲ အစီအစဥ် ဖြစ်နေသည်ကိုသာ သူ မသိသေးခြင်း ဖြစ်ပေလိမ့်မည်။

နန်ချင်ဝမ် ထစ်ငေါ့နေပြီး ချက်ချင်း ပြန်မဖြေသည်ကို မြင်သောအခါ ကုရှီချန်း၏ မျက်နှာမှာ ညိုမှောင်သွားတော့၏။

“ဘာလဲ... ပြောဖို့ အဆင်မပြေလို့လား”

နန်ချင်ဝမ်မှာ ကိုယ့်ကိုယ်ကိုယ်သာ သတ်သေချင်စိတ် ပေါက်သွားရ၏။ ဤအကြောင်းကို သူမ မည်သို့ ပြောထွက်နိုင်ပါမည်နည်း။

“မင်း မပြောရင်လည်း ငါဘာသာ စုံစမ်းလို့ရတယ်”

နန်ချင်ဝမ် နှုတ်ဆိတ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ကုရှီချန်းသည် ဖုန်းကို ထုတ်ကာ ကိုယ်တိုင် ရှာဖွေရန် ပြင်ဆင်လိုက်တော့သည်။

ယဲ့ယီသည် အနုပညာရှင်တစ်ဦး ဖြစ်သဖြင့် သူမ၏ အလုပ်အချိန်ဇယားကို စုံစမ်းရန်မှာ အလွန်လွယ်ကူလှ၏။ ကုရှီချန်း ကိုယ်တိုင် ရှာဖွေတော့မည်ကို မြင်သောအခါ နန်ချင်ဝမ်လည်း စိတ်ကို တင်းထားလိုက်ပြီး အမှန်အတိုင်း ဖွင့်ပြောလိုက်ရတော့သည်။

“ရှောင်ယီက စုံတွဲရွေးပွဲ အစီအစဥ်မှာ သွားပြီး ပါနေတာပါ”

ထိုခဏတွင် ကုရှီချန်း၏ ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်တုန်ရီသွားပြီး သူ့မျက်နှာထက်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်စက် အမူအရာတစ်ခု ပေါ်လာတော့သည်။

“သူက... ရည်စားရှိတာတောင် စုံတွဲရွေးပွဲ အစီအစဥ်မှာ သွားပြီး ပါတယ် ဟုတ်လား”

နန်ချင်ဝမ်တစ်ယောက် မည်သည့်စကားတစ်ခွန်းမျှ ထပ်မံ မဟရဲတော့ပေ။ ယဲ့ယီကို ဤကဲ့သို့ အစီအစဥ်မျိုးတွင် ပါဝင်ခွင့်ပြုခဲ့မိသည့်အတွက် သူမကိုယ်သူမ အလွန် နောင်တရမိသွားသည်။

“ဒါ သူကိုယ်တိုင် ပါချင်လို့ သွားတာလား”

ကုရှီချန်း ဆက်လက် မေးမြန်းပြန်သည်။

နန်ချင်ဝမ်ကတော့ ဆက်၍ ငြိမ်သက်နေဆဲပင်။

သို့သော် သူမ ပြန်မဖြေလျှင်ပင် ကုရှီချန်း အဖြေကို သိရှိပြီးသား ဖြစ်သည်။ သူမကိုယ်တိုင် သွားချင်စိတ် ရှိ၍သာ ဖြစ်ရမည်။ မဟုတ်လျှင် ယဲ့ယီကို ဤကဲ့သို့ အစီအစဥ်မျိုး သွားရန် မည်သူကမျှ အတင်းအကျပ် အမိန့်မပေးရဲချေ။

ယဲ့ယီကိုယ်တိုင် သွားလိုခြင်း ဖြစ်သည်ဟု တွေးမိသောအခါ ကုရှီချန်း၏ မျက်နှာ ပို၍ပင် ခက်ထန်လာတော့သည်။

သူတို့နှစ်ဦး လမ်းခွဲထားကြသည်လည်း မဟုတ်ဘဲနှင့် သူမသည် လူအများရှေ့တွင် စုံတွဲရွေးပွဲ အစီအစဥ်သို့ ပေါ်တင် သွားရဲသည်အထိ သူ့ကို လုံးဝ ထည့်မတွက်ခဲ့ခြင်း ဖြစ်၏။

မီးသွေးကဲ့သို့ မည်းမှောင်နေသော ကုရှီချန်း၏ မျက်နှာကို ကြည့်ရင်း နန်ချင်ဝမ် ယဲ့ယီအတွက် ရင်ထဲကနေ ကျိတ်၍ ဆုတောင်းပေးလိုက်မိသည်။

‘ရှောင်ယီရေ... နင် ကိုယ်တိုင် မီးမွှေခဲ့တာဆိုတော့ ဥက္ကဌကုရဲ့ဒေါသကို ခံဖို့သာ ပြင်ဆင်ထားလိုက်တော့’

ကုရှီချန်းကမူ မည်သည့်စကားမျှ မပြောဘဲ ထိုင်နေဆဲဖြစ်၏။ သူ၏ လွှမ်းမိုးထားသော ဖိအားများအောက်တွင် နန်ချင်ဝမ်လည်း စကားမဟရဲရှာဘဲ သူမကိုယ်သူမ လူမရိပ်မိစေရန် ငြိမ်ကုပ်နေလိုက်ရတော့၏။

အချိန်အတော်ကြာပြီးမှ ကုရှီချန်း အေးအေးလူလူပင် ဆိုလာ၏။

“အဲဒီ စုံတွဲရွေးပွဲ အစီအစဥ်ရဲ့ အချက်အလက် အားလုံးကို ကျွန်တော်ဆီ ပေးပါ”

နန်ချင်ဝမ်လည်း ငြင်းဆန်ခြင်း မပြုဝံ့ဘဲ ထိုအစီအစဥ်၏ အချက်အလက် အားလုံးကို ကုရှီချန်းထံ ရိုရိုသေသေ ကမ်းပေးလိုက်ရသည်။

ကုရှီချန်းသည် ပါဝင်မည့် ဧည့်သည်များ စာရင်းတွင် ‘စုမန်’ ဟူသော အမည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာထားမှာ ပို၍ပင် ကြည့်ရဆိုးသွားတော့သည်။

သို့သော်လည်း ယဲ့ယီအပေါ် ရှိနေသည့် ရင်ထဲက ဒေါသများမှာမူ အတော်အတန် လျော့ပါးသွား၏။

ယဲ့ယီသည် ဤအစီအစဥ်သို့ စုမန်ကြောင့် လာရောက်ခြင်း ဖြစ်ပုံရသည်။ ဤသည်မှာ ယဲ့ယီ သူ့အပေါ် ဂရုစိုက် နေဆဲဖြစ်ကြောင်း သက်သေပင်။

သို့သော် ကုရှီချန်းကမူ စုမန် ယဲ့ယီအပေါ် တစ်ခုခု လုပ်ဆောင်လာမည်ကို စိုးရိမ်နေ၏။

နန်ချင်ဝမ်သည် ကုရှီချန်း၏ မျက်နှာအမူအရာ တရိပ်ရိပ် ပြောင်းလဲနေသည်ကို ဘေးမှကြည့်ရင်း သူ ဘာတွေးနေသည်ကို လုံးဝ ခန့်မှန်းရခက်နေတော့၏။

“ဒီအစီအစဥ်ရဲ့ ဒါရိုက်တာ ဖုန်းနံပါတ်ကို ပေး”

ကုရှီချန်း၏ စကားကို ကြားရသောအခါ နန်ချင်ဝမ် ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ချက်ချင်း ပေါ်လာ၏။

“ဥက္ကဌကု... ရှင် ဘာလုပ်မလို့လဲ”

ကုရှီချန်းသည် ဧည့်သည်စာရင်းရှိ ‘ယဲ့ယီ’ ဟူသော စာလုံးနှစ်လုံးကို စိုက်ကြည့်ရင်း တိုးညင်းသော လေသံဖြင့် ဆိုလိုက်၏။

“ကျွန်တော့်ရဲ့ ရည်းစားက စုံတွဲရွေးပွဲ အစီအစဥ်ကို သွား ပါနေတာဆိုတော့... ကျွန်တော်က သူ့ရည်းစားတစ်ယောက် အနေနဲ့ သေချာပေါက် လိုက်သွားရမှာပေါ့”

နန်ချင်ဝမ်: သွားပါပြီ... ယဲ့ယီတော့ ဒီတစ်ခါ နင်တော့ တကယ် သွားပြီပဲ။

နန်ချင်ဝမ် ရင်ထဲကနေ ယဲ့ယီအတွက် ထပ်မံ ဆုတောင်းပေးလိုက်မိသည်။

‘ဘုရားသခင် စောင်မပါစေ... အာမင်’

နန်ချင်ဝမ် ဒါရိုက်တာ၏ ဖုန်းနံပါတ်ကို ကုရှီချန်းထံ တိုက်ရိုက် ပေးအပ်လိုက်လေသည်။ သူမအနေဖြင့် ယဲ့ယီကို သစ္စာဖောက်ခြင်း မဟုတ်ပေ။ အဓိကမှာ သူမ မပေးလျှင်ပင် ကုရှီချန်း သေချာပေါက် စုံစမ်း၍ ရနိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ သူမဘက်မှ ပူးပေါင်းဆောင်ရွက်မှု ပိုမို ပြသခဲ့ပါက နောက်ပိုင်းတွင် ကုရှီချန်း၏ ယဲ့ယီအပေါ် ဒေါသထွက်မှုမှာ အနည်းငယ် လျော့နည်းသွားနိုင်သည် မဟုတ်ပါလော။

သူမ ယဲ့ယီ၏ ကောင်းကျိုးကို မျှော်ကိုး၍ လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

ကုရှီချန်းသည် နန်ချင်ဝမ် ရှေ့တွင်ပင် ဒါရိုက်တာထံ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်ပြီး သူကိုယ်တိုင် ထိုစုံတွဲရွေးပွဲ အစီအစဥ်တွင် ပါဝင်လိုကြောင်း ပြောကြားလိုက်သည်။

ဒါရိုက်တာ လန့်ဖြတ်သွားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားပြီး အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဟနိုင် ဖြစ်သွားရ၏။

အချိန်အတော်ကြာမှသာ သူက တုန်တုန်ရီရီဖြင့် ငြင်းဆိုလိုက်၏။

“ဥက္ကဌကု... ကျွန်တော်တို့ အစီအစဥ်မှာ ပါဝင်မဲ့ ဧည့်သည်စာရင်းက အပြည့် ဖြစ်နေပါပြီ”

ဧည့်သည်စာရင်း ပြည့်နေသည်ကို မဆိုနှင့် အကယ်၍ ကုရှီချန်းသာ ဤအစီအစဥ်ထဲ ရောက်လာပါက ၎င်းမှာ သွေးချောင်းစီးမည့် စစ်တလင်းပြင်ကြီး ဖြစ်လာပေလိမ့်မည်။

“သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်၊ ဧည့်သည်အခြေအနေကို ခင်ဗျားဘာသာ အဆင်ပြေအောင် ဖြေရှင်းလိုက်”

ဒါရိုက်တာ: “...”

‘ကျွန်တော့်ကို ငွေနောက် လိုက်မဲ့လူလို့ ထင်နေတာလား... ဟုတ်တော့ဟုတ်ပါတယ်၊ ငွေမက်တယ်ဗျာ’

နောက်ဆုံးတွင်တော့ ဒါရိုက်တာသည် ကုရှီချန်း၏ တောင်းဆိုမှုကို သဘောတူ လက်ခံလိုက်ရတော့သည်။

သူ သဘောမတူချင်ပါသော်လည်း တစ်ဖက်ကပေးသည့်ပမာဏမှာ များလွန်းလှသည် မဟုတ်လော။

ထို့အပြင် အခြားတစ်ဖက်မှ တွေးကြည့်လျှင်လည်း ကုရှီချန်းသာ ဤအစီအစဥ်တွင် ပါဝင်လာပါက ကြည့်ရှုနှုန်းမှာ သေချာပေါက် ကောင်းကင်သို့ ထိုးတက်သွားပေလိမ့်မည်။

သူသည် အစီအစဥ် အောင်မြင်ရန်နှင့် ပရိသတ်များအတွက် အကျိုးကျေးဇူး ရရှိစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး ငွေမျက်နှာတစ်ခုတည်းကြောင့် လုံးဝ မဟုတ်ချေ။

ဒါရိုက်တာသည် ကုရှီချန်း၏ ပါဝင်လိုသည့် တောင်းဆိုမှုကို ဤမျှ လွယ်လွယ်ကူကူဖြင့် သဘောတူလိုက်သည်ကို မြင်သောအခါ နန်ချင်ဝမ်အနေဖြင့် ယဲ့ယီတစ်ယောက် ကုရှီချန်းကို မြင်လိုက်ရသည့်အခါ မည်ကဲ့သို့ မျက်နှာအမူအရာ ဖြစ်သွားမည်ကို ကြိုတင်၍ ပုံဖော်ကြည့်နေမိတော့သည်။

‘နင့်ဘာသာ သေတွင်းတူးခဲ့တာဆိုတော့လည်း ခံပေဉီးပေါ့’

ထိုအချိန်တွင် ယဲ့ယီမှာမူ သူမထံသို့ အန္တရာယ်များ နီးကပ်လာနေပြီဖြစ်ကြောင်း မသိရှာသေးပေ။

ကုရှီချန်း ကုမ္ပဏီမှ ထွက်ခွာသွားပြီးနောက် နန်ချင်ဝမ်လည်း သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်တော့သည်။

ကုရှီချန်း ကုမ္ပဏီကို ပြဿနာမရှာသဖြင့် တော်သေး၏။

ယဲ့ယီနှင့် ပတ်သက်၍မူ...

‘အို… သူတို့က ချစ်သူရည်းစား တွေပဲ ၊ကုတင်ခေါင်းရင်း ရန်ဖြစ်ရင် ကုတင်ခြေရင်းမှာ ပြန်တည့်သွားကြမှာပါ။ ကြီးကြီးမားမား ပြဿနာတော့ မရှိနိုင်ပါဘူး”

……

ဖျော်ဖြေရေး အစီအစဥ် ရိုက်ကူးရေး နေရာတွင် ….

ဧည့်သည်များအဖွဲ့သည် နောက်ဆုံးတွင် နေ့လည်စာကို ချက်ပြုတ်ပြီးစီးသွား၏။

လူတိုင်းမှာ ကျွမ်းကျင်အဆင့် ထမင်းချက်များ မဟုတ်ကြသဖြင့် အိမ်တွင် ချက်စားနေကျ သာမန် ဟင်းလျာအချို့ကိုသာ ချက်ပြုတ်ခဲ့ကြ၏။ သို့သော်လည်း ပုံစံမှာမူ ကြည့်ကောင်းလှပေသည်။

ဟင်းပန်းကန်များကို စားပွဲပေါ်သို့ ချသည့်အခါ ယဲ့ယီသည် ကူညီ၍ သယ်ပေးရန် ရည်ရွယ်ခဲ့၏။ သို့သော်လည်း သရော်စကားလုံးများနှင့် ရင်ဆိုင်လိုက်ရတော့သည်။

“ဟယ်... အချို့လူတွေကျတော့လည်း အခွင့်အရေး ယူတတ်လိုက်တာ။ ဟင်းချက်တုန်းကတော့ တစ်စက်ကလေးတောင် ဝင်မကူညီဘဲ ဟင်းတွေ အကုန်ကျက်သွားပြီဆိုမှ ဟန်ဆောင်ပန်ဆောင် လာလုပ်နေတယ်”

ဤသို့ လှောင်ပြောင် သရော်လိုက်သူမှာ အဆိုတော် ‘ချန်ယွဲ့’ ပင် ဖြစ်သည်။

ရုတ်တရက် အကြောင်းမဲ့ သရော်ခြင်း ခံလိုက်ရသည့် ယဲ့ယီ: ???

သူမ မှတ်မိသရွေ့ ချန်ယွဲ့အပေါ် မည်သည့် အမှားမျှ မလုပ်ခဲ့ဖူးချေ။ ရုတ်တရက်ကြီး ဤကဲ့သို့ ရန်လိုနေရခြင်းမှာ ဘာကြောင့်ပါနည်း။

ထမင်းစားချိန် ရောက်သည့်အခါမှသာ ယဲ့ယီ ချန်ယွဲ့၏ အကြောင်းရင်းမရှိသော ရန်လိုမှုများ မည်သည့်နေရာမှ ရောက်လာသည်ကို သဘောပေါက်သွားတော့၏။

All Chapters