အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း(၁၈၁)
ထမင်းစားသည့်အခါ ချန်ယွဲ့သည် ‘ဆုန့်ချယ်’ ၏ မျက်နှာချင်းဆိုင်တွင် တမင်တကာ ဝင်ထိုင်လိုက်ပြီး ဆုန့်ချယ် အပေါ် ထားရှိသော သူမ၏ အကြည့်များမှာ အလွန် သိသာလွန်းနေ၏။
ယဲ့ယီ: ‘အလိုလေး... ဆုန့်ချယ် ကြောင့်ကိုး’
သို့သော်လည်း တစ်စုံတစ်ဦးက ဆုန့်ချယ် နောက်သို့ တကောက်ကောက် လိုက်နေခြင်းသည် ယဲ့ယီအတွက် ပြဿနာများစွာမှ သက်သာရာရစေသဖြင့် ကောင်းပေသည်။
သို့သော် နှမြောစရာကောင်းသည်က သူမ တွေးထားသည်မှာ ရိုးရှင်းလွန်းသွား၏။
ဆုန်ချယ်သည် ချန်ယွဲ့၏ မျက်စပစ်ပြနေသော အကြည့်များကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ယဲ့ယီ ရှေ့တွင် ထိုင်နေသော ကောင်လေးနှင့် ခုံချင်းလဲကာ ယဲ့ယီ နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
ယဲ့ယီ: “...”
သူမ အပိုင်းပိုင်း မွှန်းပစ်တော့မည့်အတိုင်း စိုက်ကြည့်နေသော ချန်ယွဲ့၏ အကြည့်များကို ရင်ဆိုင်ရင်း ယဲ့ယီ ရင်ထဲတွင် အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။
သူမအနေဖြင့် ဤအစီအစဥ်ကို လုံးဝ လက်မခံခဲ့သင့်ပေ။
တိုက်ရိုက်စာတန်းများပေါ်ရှိ အွန်လိုင်းအသုံးပြုသူများမှာလည်း ပွဲကောင်းကြည့်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေကြသည်။
[ငါ ကြည့်ရတာ မမှားရင် ဒီချန်ယွဲ့က ဆုန့်ချယ် ကို ကြိုက်နေတာ ဟုတ်တယ်မလား။ ပြီးတော့ ဆုန့်ချယ် က ယဲ့ယီကို ပြန်ကြိုက်နေတာ။ အားပါးပါး... ဒီဆက်ဆံရေးက တကယ် ရှုပ်ထွေးတာပဲ။]
[ဒီအစီအစဥ်က ကြည့်ရတာ ပိုပိုပြီး မိုက်လာပြီ]
[ဒီယဲ့ယီက တကယ် အရှက်မရှိတာပဲ။ တွေ့တဲ့လူတိုင်းကို မြှူဆွယ်နေတယ်]
[ခွင့်လွှတ်ပါဦး၊ ငါတို့ယဲ့လေးကို ဆုန်ချယ်က အရင် လိုက်နေတာပါနော်]
[မရန်ဖြစ်ကြပါနဲ့တော့၊ ငြိမ်ငြိမ်လေး ပွဲကောင်းကြည့်ရတာ မကောင်းဘူးလား]
[ဒီနေ့တော့ ငါလည်း ပွဲကြည့်ပရိသတ် ဖြစ်သွားပြီ]
ထို့အပြင် ယဲ့ယီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆုန့်ချယ်သည် ယဲ့ယီကို ကြည့်ကာ မျက်စိတစ်ဖက်ကို ခဏခဏ မှိတ်ပြနေခဲ့သည်။
ဟုတ်ပါ၏။သူ မျက်စိမှိတ်ပြနေခြင်း ဖြစ်သည်။
ယဲ့ယီ ထမင်းကို ဆက်၍ မစားချင်တော့ပေ။ သူမအတွက် ထမင်းစားပွဲမှာ အလွန် စိတ်မသက်မသာ ဖြစ်ရ၏။
ထမင်းစားပြီးသည်နှင့် သူမ ပန်းကန်များကို ကူညီသိမ်းဆည်းပေးပြီး ပန်းကန်ဆေးရန် မီးဖိုချောင်ထဲသို့ ချက်ချင်း ဝင်လာခဲ့တော့သည်။
တိုက်ရိုက်စာတန်းပေါ်ရှိ ယဲ့ယီ၏ ပရိသတ်များကလည်း သူမအတွက် ချက်ချင်းပင် ရှေ့ကနေ ကာကွယ်ပြောဆိုပေးကြတော့သည်။
[တွေ့လား... ငါတို့ရဲ့ ယဲ့လေးက ဘာမှမလုပ်ဘဲ နေတဲ့သူ မဟုတ်ပါဘူးနော်]
[ဟုတ်ပါ့ တစ်ယောက်ယောက်က ဟင်းချက်ရင် နောက်တစ်ယောက်က ပန်းကန်ဆေးရမှာပေါ့၊ အိုကေလား]
[ငါတို့ ယဲ့လေးကို ပျင်းတယ်လို့ ပြောတဲ့သူရှိရင် ငါကတော့ ပြန်ပြောမှာပဲ]
ယဲ့ယီ မီးဖိုချောင်ထဲသို့ ဝင်လာသည်နှင့် ဆုန့်ချယ်လည်းလိုက် ဝင်လာခဲ့သည်။
[ဟာ... ဆုန့်ချယ် က တစ်စုံတစ်ယောက်ကို လိုက်ပိုး ဖို့အတွက် ပန်းကန်ကူဆေးပေးတော့မလို့လား]
[ငါဝန်ခံရလိမ့်မယ်... သခင်လေးဆုန့်ကတော့ တစ်ယောက်ယောက်ကို လိုက်ပြီဆိုရင် တကယ်ကို အတည်ပေါက်ကြီးပဲ ]
ထိုစဉ် ချန်ယွဲ့တစ်ယောက် ဆုန့်ချယ် ကူညီဖို့ ဝင်သွားသည်ကို မြင်သောအခါ သူမပါ နောက်ကနေ လိုက်ဝင်သွားတော့၏။
[အမလေး... ဒါ ဘာအကွက်ကြီးလဲ။ အာရုံတွေ နောက်ကုန်ပြီ]
[ဒီအပိုင်းကတော့ ရှယ်ပဲဟေ့၊ ရိုက်ကူးရေးအဖွဲ့ကို တကယ် လိုက်ခ်ပေးရမယ်]
[ဒါရိုက်တာကြီးရေ... ချစ်လိုက်တာရှင်]
ယဲ့ယီ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသော ဆုန့်ချယ်နှင့် ချန်ယွဲ့တို့ကို ကြည့်ရင်း ခဏတာမျှ ဆွံ့အသွား၏။
ချမ်းသာသော သခင်လေးတစ်ယောက် ဖြစ်သည့်အတိုင်း ဆုန့်ချယ်သည် ပန်းကန်ဆေးရိုး ထုံးစံမရှိသဖြင့် ယဲ့ယီ့အနားသို့ အထာကျကျ တိုးကပ်လာကာ အပြုံးချိုချို လေးကို ဆင်မြန်းလိုက်၏။
“ရှောင်ယီ... ငါ့ကို သင်ပေးပါလား”
ယဲ့ယီ “...”
ချန်ယွဲ့ သူမကို မည်သို့သော အကြည့်မျိုးဖြင့် စိုက်ကြည့်နေမည်ကို ယဲ့ယီ လှည့်မကြည့်ဘဲနှင့်ပင် သိနေပါ၏။
“ကြည့်ရင်းနဲ့ သူ့ဘာသာတတ်သွားလိမ့်မယ်”
ပြောပြီးသည်နှင့် ယဲ့ယီ ဆုန့်ချယ်ကို ဂရုမစိုက်တော့ဘဲ ပန်းကန်များကိုသာ ဆက်၍ ဆေးနေလိုက်တော့သည်။
ယဲ့ယီ ဆုန့်ချယ်ကို ပစ်ပယ်ထားသည်ကို မြင်သောအခါ ချန်ယွဲ့ ချက်ချင်းပင် စိတ်အားထက်သန်စွာ ရှေ့တိုးလာပြီး ဆိုလေ၏။
“ကျွန်မ သင်ပေးမယ်လေ”
ဆုန့်ချယ်က ယဉ်ကျေးစွာ ပြုံးပြလိုက်၏။
“မလိုပါဘူး၊ ရှောင်ယီ ပြောတာ မှန်ပါတယ်။ ကြည့်နေရင်းနဲ့ပဲ သင်လိုက်ပါ့မယ်”
ယဲ့ယီ: “……..”
‘ အစ်ကိုရာ... ကျေးဇူးပြုပြီး ကျွန်မအတွက် ဒရာမာတွေ လာမခင်းပါနဲ့တော့ ‘
ချန်ယွဲ့ ယဲ့ယီကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။
သိသာထင်ရှားစွာပင် သူမ ယဲ့ယီကို ဆူးတစ်ချောင်းအဖြစ် သတ်မှတ်လိုက်လေပြီ။ ယဲ့ယီကတော့ ပန်းကန်များကိုသာ အမြန်ဆေးပြီး ပြဿနာတောထဲမှ ရုန်းထွက်ချင်လှလေပြီ။
ခဏတာမျှ ကြည့်နေပြီးနောက် ဆုန့်ချယ် ယဲ့ယီ့ကို အတုယူကာ ပန်းကန် စဆေးတော့သည်။
ချန်ယွဲ့လည်း လိုက်ဆေး၏။
အမှန်တွင် ချန်ယွဲ့လည်း ပန်းကန်မဆေးတတ်ပေ။
ဆုန့်ချယ်အရှေ့တွင် ဟန်ဆောင်ပြချင်ရုံ သက်သက်သာ မဟုတ်ပါက သူမအနေဖြင့် ဤကဲ့သို့ အလုပ်မျိုးကို လှည့်ပင်ကြည့်မည် မဟုတ်ချေ။
ခွမ်း
ဆုန့်ချယ် လက်ထဲမှ ပန်းကန်မှာ မြဲမြံစွာ မကိုင်မိသဖြင့် ကြမ်းပြင်ပေါ်သို့ ကျကာ ကွဲသွားတော့၏။
ယဲ့ယီ : “...”
ဆုန့်ချယ် အားနာပါးနာဖြင့် ဆို၏။
“တောင်းပန်ပါတယ်၊ တမင်လုပ်တာ မဟုတ်ပါဘူး”
ချန်ယွဲ့ ချက်ချင်း ရှေ့တိုးလာပြီး ပြောလိုက်သည်။
“ရပါတယ်၊ ပန်းကန်တစ်ချပ်ထဲဟာကို။ ကွဲသွားတော့လည်း ကွဲသွားတာပေါ့။ လက်ကော ထိသွားသေးလား”
ချန်ယွဲ့ စကားပြောနေစဉ်တွင် သူမလက်ထဲ၌ ပန်းကန်ကို ကိုင်ထားဆဲ ဖြစ်သည်ကို မေ့သွားပုံရ၏။
ခွမ်း!
ချန်ယွဲ့ လက်ထဲမှ ပန်းကန်လည်း ကြမ်းပြင်ပေါ်သို့ ကျကာ ကွဲသွားပြန်၏။
ယဲ့ယီ : “...”
ကြမ်းပြင်ပေါ်မှ ပန်းကန်အကွဲစများကို ကြည့်ရင်း သူမ၏ ‘လူပိန်းများအပေါ် စိတ်ပျက်ဒေါသထွက်ခြင်း’ ရောဂါမှာ အထွတ်အထိပ်သို့ ရောက်လာတော့သည်။
ထို့ကြောင့် ဆုန့်ချယ်နှင့် ချန်ယွဲ့တို့ကို မီးဖိုချောင်ထဲမှ ချက်ချင်း နှင်ထုတ်လိုက်တော့၏။
“ဒီမှာ ကျွန်မတစ်ယောက်တည်း လုပ်လို့ရတယ်၊ လာပြီး မရှုပ်ကြပါနဲ့တော့”
ယဲ့ယီ့စကားကို ကြားသောအခါ ချန်ယွဲ့ လုံးဝ မကျေမနပ်ဖြစ်ကာ ဆိုလေသည်။
“နင့်ကို ဝိုင်းကူပေးနေတာကို ဘာသဘောလဲ”
“ကျွန်မကို လာပြီး အနှောင့်အယှက်ပေးဖို့ မလိုဘူး။ ရှင်တို့သာ မရှိရင် ကျွန်မ အခုလောက်ဆို ပန်းကန်ဆေးလို့ ပြီးနေပြီ”
ယဲ့ယီ အရှိကိုအရှိအတိုင်း ကွက်ကွက်ကွင်းကွင်း ပြောချလိုက်၏။
ချန်ယွဲ့ ယဲ့ယီကို စူးစူးဝါးဝါး ကြည့်ကာ ဆုန့်ချယ်ကို ဆွဲပြီး အပြင်သို့ ထွက်သွားတော့သည်။
“သခင်လေးဆုန့်... သွားကြစို့။ ကိုယ့်စေတနာနဲ့ မတန်ဘူး”
ယဲ့ယီကမူ ချန်ယွဲ့ ဘာပြောပြော ဂရုမစိုက်အားပေ။ သူမသည် ကြမ်းပြင်ပေါ်မှ ပန်းကန်ကွဲစများကိုသာ စတင်သိမ်းဆည်းနေတော့သည်။
[ယဲ့ယီကလည်း လွန်လွန်းပါတယ်။ သူတို့က စေတနာနဲ့ လာကူတာကို အဲလိုကြီး ပြောရလား ]
[ပန်းကန်နှစ်ချပ် ကွဲရုံတင်ဟာကို၊ သူကပဲ ကြီးကြီးကျယ်ကျယ် ဖြစ်နေရတယ်လို့ ]
[အင်း... ယဲ့ယီ ပြောတာလည်း မမှားပါဘူး၊ သူတို့က လာပြီး အလုပ်ရှုပ်အောင် လုပ်နေတာ ]
[ယဉ်ကျေးမှု မရှိလိုက်တာ။ ယဲ့ယီကို ကြိုက်တဲ့လူတွေ ဘာတွေးနေလဲ တကယ်ကို မသိတော့ဘူး]
[ ငါတို့ ဘာတွေးတွေး နင်တို့ အပူ မဟုတ်ပါဘူး။ အားယားနေရင် မှန်ထဲ က်ိုယ်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ဦး]
[ကြည့်စမ်း... ယဲ့ယီ့ရဲ့ ဖန်တွေကလည်း သူနဲ့တူတူပဲ၊ ပညာမတတ်တဲ့ ပုံစံတွေ ]
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များ မှာ ချက်ချင်းပင် အပြန်အလှန် အချေအတင် ဖြစ်ကုန်ကြတော့၏။
ထိုဘေးဒုက္ခပေးမည့် လူနှစ်ယောက်ကို မောင်းထုတ်ပြီးနောက် ယဲ့ယီ မိနစ်ပိုင်းအတွင်း ပန်းကန်ဆေးခြင်းကို အပြီးသတ်လိုက်၏။
သူမ အပြင်သို့ ထွက်လာသောအခါ ချန်ယွဲ့က နောက်တစ်ကြိမ် မျက်စောင်းထိုးပြန်သည်။
ယဲ့ယီ သက်ပြင်းချမိ၏။ သူမက ဘာမှပင် မလုပ်ရသေးပေ။
ယဲ့ယီ မီးဖိုချောင်ထဲမှ ထွက်လာသည်ကို မြင်သောအခါ စုမန့်သည် တမင်တကာပင် နောက်ပြောင်သော လေသံဖြင့် ပြောလိုက်လေ၏။
“မြန်လှချည်လား ရှောင်ယီရဲ့။ နင်က အိမ်မှာ ဒီလိုအလုပ်တွေကို ခဏခဏ လုပ်နေကျမို့ ထင်တယ်”
နောက်ပြောင်နေပုံ ပေါက်သော်လည်း ယဲ့ယီ့အပေါ် ကြည့်လိုက်သော သူမ၏ အကြည့်များတွင်မူ ကဲ့ရဲ့လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။
ချန်ယွဲ့ကလည်း စုမန့်၏ စကားကို ချက်ချင်း ထောက်ခံလိုက်၏။
“ဒါပေါ့... အဲဒါကြောင့်မို့လို့ စောစောက ငါတို့ကိုတောင် မကူညီခိုင်းတာနေမှာ”
စကားလုံးများက ရွဲ့စောင်းလွန်းလှပါ၏။
သူတို့က လာရောက် အနိုင်ကျင့်နေသည့်အတွက် ယဲ့ယီကလည်း အလျှော့ပေးမည့်သူ မဟုတ်ပေ။
“ပန်းကန်ဆေးတယ်ဆိုတာ လက်ရှိတဲ့သူတိုင်း လုပ်နိုင်တာပဲ မဟုတ်လား။ ဘာလဲ... အမြဲတမ်း လုပ်ရမှ မြန်မြန် ဆေးတတ်တာလား”
ယဲ့ယီ့ ပြန်လည်မေးခွန်းထုတ်မှုမှာ စုမန် ကို အလဲထိုးလိုက်ရုံသာမက ချန်ယွဲ့ကိုပါ ကဲ့ရဲ့လိုက်ခြင်း ဖြစ်သည်။
‘ ပန်းကန်ကိုတောင် သေချာမဆေးတတ်ဘဲနဲ့ လာပြီး စကားများမနေနဲ့ ‘ ဟူသော သဘောပင်။
ယဲ့ယီ့၏ တုံ့ပြန်မှုကြောင့် ချန်ယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
စုမုန်းကမူ ဟန်မပျက် ပြုံးနေဆဲပင်။
“နောက်တာပါအေ...”
ယဲ့ယီကတော့ သူမ ဟန်ဆောင်မှုများကို ဖော်ထုတ်မနေတော့ဘဲ ဘေးသို့လျှောက်ကာ ထိုင်လိုက်တော့သည်။
ပထမဆုံးနေ့ ဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့တွင် ထူးထူးခြားခြား စီစဉ်ထားခြင်း မရှိဘဲ ယနေ့တွင် တည်းခိုခန်း၌သာ အနားယူရန် လိုအပ်၏။
ယဲ့ယီ ထိုင်လိုက်သည်နှင့် ဆုန့်ချယ်က သူမထံသို့ လိမ္မော်သီးတစ်လုံး ပေးလာ၏။
“ဒီလိမ္မော်သီးက တော်တော်ချိုတယ်၊ မြည်းကြည့်ပါလား”
ယဲ့ယီ လှမ်းမယူဘဲ အေးစက်စွာပင် ပြန်ပြောလိုက်၏။
“ကျွန်မ လိမ္မော်သီး မကြိုက်ဘူး”
ဆုန့်ချယ်က လှီးထားသော ပန်းသီးပန်းကန်ကို ထပ်မံ ပေးပြန်သည်။
ယဲ့ယီကမူ အေးစက်စွာပင် ငြင်းပယ်ဆဲဖြစ်ပြီး ဆုန့်ချယ် နောက်ထပ် ပစ္စည်းများ မပေးနိုင်စေရန်အတွက် ပြတ်ပြတ်သားသား ပြောလိုက်တော့၏။
“ကျွန်မ အခုလောလောဆယ် ဘာအသီးမှ မစားချင်သေးဘူး”
ထိုအခါမှသာ ဆုန့်ချယ်လည်း လက်လျှော့သွားတော့၏။
အခန်း(၁၈၂)
ယဲ့ယီအပေါ် ထားရှိသည့် ဆုန့်ချယ်၏ သဘောထားကို ကြည့်ရင်း ချန်ယွဲ့ ဒေါသတဖြစ်လာတော့၏။
သူမ ဤအစီအစဉ် တွင် ပါဝင်ခဲ့ခြင်းမှာ ဆုန့်ချယ်ကြောင့် ဖြစ်သည်။
ဆုန့်ချယ်သည် လူရှုပ်လူပွေတစ်ယောက် ဖြစ်သော်လည်း အလွန်ချမ်းသာကြွယ်ဝသူ ဖြစ်၏။ သို့သော်လည်း ချန်ယွဲ့က ဆုန့်ချယ်တစ်ယောက် သူမနှင့်ကျမှ အခြေတကျ ရှိသွားလိမ့်မည်ဟု တွေးထင်နေခဲ့သည်။
လူရှုပ်လူပွေများကို နှစ်သက်မိသည့် အမျိုးသမီးတိုင်းသည် ကိုယ်နှင့်ကျမှ ထိုသူ အခြေတကျ ဖြစ်သွားပြီး ကိုယ်တစ်ဦးတည်းကိုသာ ထာဝရ ချစ်မြတ်နိုးသွားလိမ့်မည်ဟု စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။
ချန်ယွဲ့ သူမ ရုပ်ရည်ရူပကာနှင့် ပတ်သက်၍ အမြဲတမ်း ယုံကြည်မှု ရှိခဲ့သူ ဖြစ်သည်။
သူမကို ဝိုင်းဝန်းပိုးပန်းသူများ မပြတ်ခဲ့သော်လည်း သူမက မည်သူ့ကိုမျှ စိတ်မဝင်စားခဲ့ချေ။
ယခုတစ်ကြိမ်တွင် ဆုန့်ချယ်ကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယဲ့ယီ ပေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။
တကယ်တော့ ယဲ့ယီမှာမူ အပြစ်ကင်းလှပါ၏။
ဆုန့်ချယ် စိတ်ဝင်စားလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။
‘ ဟူး .. လှလွန်းတာကလည်း ပြဿနာတစ်ရပ်ပဲကိုး ‘
ညစာစားပြီးနောက် ဧည့်သည်အားလုံး တစ်နေရာတည်းတွင် စုဝေးကာ စကားစမြည် ပြောဆိုကြ၏။
ကျောင်းစိစိနှင့် လျုံဟောင်ချန်တို့ စုံတွဲလေးမှာမူ လူသိရှင်ကြား ဖြစ်နေသည့်အတိုင်း ဖုံးကွယ်ရန် ဆန္ဒမရှိကြသဖြင့် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ကြည့်ရုံနှင့် သိနိုင်ပါ၏။
သူတို့နှစ်ဦးမှာ အမြဲတစေပင် ချစ်ကြည်နူးပြနေကြသည်။
အခြားသူများထံမှမူ ထူးခြားသည့်အချက်ကို မတွေ့ရပေ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ယဲ့ယီ့အနား ကပ်နေသည့် ဆုန့်ချယ်နှင့် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို နည်းမျိုးစုံဖြင့် ကြားဖြတ်နှောင့်ယှက်ရန် ကြိုးစားနေသည့် ချန်ယွဲ့တို့မှလွဲ၍ ဖြစ်၏။
အခြားသော ဧည့်သည်များမှာ သာမန်ကာလျှံကာ စကားပြောနေကြသော်လည်း စုမန် တစ်ယောက်သာ မပါဝင်ချေ။
စုမန် သည် အပြင်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ပြုံးနေသော်လည်း အမျိုးသားဧည့်သည် အားလုံးအပေါ် ထားရှိသည့် သဘောထားမှာ အတူတူပင် ဖြစ်သည်။ ကုရှီချန်းနှင့် သူမ၏ ဆက်ဆံရေးကြောင့်လည်း မည်သည့်အမျိုးသားမျှ သူမအနားသို့ မချဉ်းကပ်ရဲကြပေ။
ယဲ့ယီ အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ စုမန်သည် သူမကို ရည်ရွယ်၍ ရောက်လာပါက အဘယ်ကြောင့် ချစ်ရေးဆိုသည့် အစီအစဉ်ကို ရွေးချယ်ရသနည်း။
စုမန် လက်တွဲဖော်ရှာရန် လာခဲ့ခြင်း မဟုတ်ကြောင်း ယဲ့ယီ သိနေ၏။
ဤအပိုင်း၏ ကြည့်ရှုနှုန်း ကို ကြည့်ရင်း ဒါရိုက်တာမှာမူ ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးပျော်နေတော့သည်။
သူတို့၏ ရည်ရွယ်ချက် ဘာပင်ဖြစ်စေကာမူ ငွေရနေသရွှေ့ သူ ဂရုမစိုက်ပေ။ ယခုအခါတွင် ကုရှီချန်းပါ ဤအစီအစဉ်တွင် ပါဝင်လာမည့် အချက်ကို သူ လက်ခံနိုင်သွားသည်။ ထိုအချိန်ကျလျှင် ကြည့်ရှုနှုန်းမှာ နှစ်ဆတိုးလာမည်မှာ သေချာလှ၏။
ယနေ့တွင် လုပ်စရာ အထူးတလည် မရှိသဖြင့် အားလုံး စုဝေးစကားပြောနေကြသော်လည်း ခဏကြာသောအခါ ပျင်းရိလာကြသဖြင့် တစ်စုံတစ်ယောက်က ဂိမ်းကစားရန် အကြံပြုလိုက်၏။
ထို့နောက် သူတို့ (Truth or Dare) ဂိမ်းကို ရွေးချယ်လိုက်ကြသည်။
ယဲ့ယီ “...”
သူမ မကစားချင်ပေ။ သို့သော်လည်း ဤအရာမှာ ငြင်းဆန်၍ရသည့် အခြေအနေ မဟုတ်သဖြင့် နောက်ဆုံးတွင် အားလုံးနှင့်အတူ ဝိုင်းဖွဲ့ကာ အလိုက်သင့် ပါဝင်လိုက်ရတော့သည်။
လူတိုင်း စားပွဲအလယ်တွင် ရေပုလင်းတစ်ပုလင်းကို ထားရှိကြပြီး ပုလင်းဦးခေါင်း ညွှန်ပြသည့်သူသည် မေးခွန်းကို ဖြေဆိုရမည် ဖြစ်သည်။
ပထမဆုံး ပုလင်းကို စတင်လှည့်ရမည့်သူမှာ ချန်ယွဲ့ ဖြစ်ပြီး ကံမကောင်းစွာ ပုလင်းဦးခေါင်းမှာ ယဲ့ယီ့ထံသို့ တည့်တည့်မတ်မတ် ညွှန်ပြသွားတော့၏။
ချန်ယွဲ့၏ မျက်ဝန်းထဲမှ မနာလိုမုန်းတီးမှုများကို ကြည့်ရင်း သူမအနေဖြင့် မမေးသင့်သည်များကို မမေးပါစေနှင့်ဟုသာ ယဲ့ယီ စိတ်ထဲက ဆုတောင်းနေမိ၏။
သို့သော် ချန်ယွဲ့မေးသည့် မေးခွန်းမှာ လွန်လွန်ကဲကဲ မရှိလှပေ။
“ဒီမှာရှိနေတဲ့ အမျိုးသားဧည့်သည်တွေထဲမှာ နင်သဘောကျတဲ့သူ ရှိလား။ အမှန်အတိုင်း ဖြေရမယ်နော်”
ယဲ့ယီ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် ပြတ်သားစွာပင် ပြောလိုက်၏။
“မရှိပါဘူး”
ချန်ယွဲ့သည် ယဲ့ယီ့ မျက်နှာအမူအရာကို အကဲခတ်လိုက်၏။ သူမ၏ အကြည့်များ အလွန်ပြတ်သားနေသည်ကို မြင်မှသာ ယဲ့ယီ့စကားကို အနည်းငယ် ယုံကြည်သွားတော့သည်။
သို့သော်လည်း သူမ ယဲ့ယီကို အလွန်မုန်းတီးနေဆဲပင်။ ယဲ့ယီသာ မရှိလျှင် ဆုန့်ချယ် သဘောကျမည့်သူမှာ သူမသာ ဖြစ်ရမည် မဟုတ်ပါလော။
ချန်ယွဲ့ တွေးနေသည်ကိုသာ ယဲ့ယီ သိပါက ချက်ချင်းပင် တုံ့ပြန်မိလိမ့်မည်။
‘ မမရာ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ’
ချန်ယွဲ့၏ ရုပ်ရည်မှာ အသင့်အတင့် ရှိသည်ဆိုသော်လည်း ဤနေရာရှိ အမျိုးသမီးဧည့်သည်များမှာ သူမထက် ရုပ်ရည်ပိုင်းတွင် လုံးဝ လျော့နည်းခြင်း မရှိကြပေ။
ဤအပိုင်းတွင် ပါဝင်သည့် အမျိုးသားနှင့် အမျိုးသမီး ဧည့်သည်များမှာ ယခင်အပိုင်းများအားလုံးထက် ရုပ်ရည်အရှိဆုံး အဖွဲ့ ဖြစ်၏။
ယဲ့ယီ့အလှည့် ရောက်သောအခါ သူမ ပုလင်းကို သာမန်ကာလျှံကာသာ လှည့်လိုက်၏။
ဤအရာသည် ကံကြမ္မာ၏ စီမံမှု ဖြစ်ပေလိမ့်မည်။
ပုလင်းဦးခေါင်း ညွှန်ပြသည့် အရပ်မှာ စုမန်ထံသို့ ဖြစ်နေတော့သည်။
ယခုအခါ လူတိုင်းမှာ ပွဲကောင်းကြည့်ရတော့လေမည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရှုနေသည့် ပရိသတ်များမှာလည်း ယဲ့ယီ မည်သည့်မေးခွန်း မေးမည်ကို ပိုမိုသိချင်နေကြသည်။
[ယဲ့ယီက စုမန်ကို ဥက္ကဌကုကို သဘောကျလားလို့ မေးမှာ။ ငါလောင်းကြေးထပ်ရဲတယ်]
[+၁... ငါလည်း အဲ့လိုပဲ ထင်တယ် ]
[ဒီအပိုင်းကတော့ တကယ့်ကို ပွဲကောင်းပဲဟေ့။ ဒါရိုက်တာကြီးကို ကြက်ပေါင်ကျွေးရမယ်]
[ယဲ့ယီမေးမယ့် မေးခွန်းက ဥက္ကဌကုနဲ့ ပတ်သက်မှာ သေချာတယ်၊ ဒါပေမဲ့ စုမန်က အမှန်အတိုင်း ဖြေပါ့မလား မသိဘူး ]
နှမြောစရာကောင်းသည်မှာ ယဲ့ယီသည် ပုံသေအတိုင်း ဘယ်သောအခါမှ မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။
“ရှင် သဘောကျတဲ့သူ ရှိလား”
ဤမေးခွန်းကို မေးလိုက်သောအခါ အားလုံး စိတ်ပျက်သွားကြ၏။
[ဒါလေးပဲ မေးတာလား။ ပျင်းစရာကြီး]
[ကုရှီချန်းကို သဘောကျလားလို့ ဘာလို့ တိုက်ရိုက်မမေးလိုက်တာလဲ]
ဒါရိုက်တာမှာမူ သက်ပြင်းချနိုင်သွားတော့သည်။
ယဲ့ယီ ကုရှီချန်း၏ နာမည်ကို ထုတ်ပြောမိမည်ကို သူ အမှန်ပင် စိုးရိမ်နေခဲ့၏။
သူ လူစိတ်ဝင်စားမှုကို လိုချင်သည် ဆိုသော်လည်း အချို့သောအရာများကိုမူ ထုတ်မပြောသင့်ချေ။
စုမန်က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
“မရှိသေးပါဘူး။ လောလောဆယ်တော့ ဘယ်သူ့ကိုမှ သဘောမကျသေးဘူး၊ ဒါပေမဲ့ အနာဂတ်မှာတော့ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ”
စုမန် ဤသို့ပြောစဉ်တွင် အခြားသူများမှာ နားမလည်နိုင်သော အကြည့်မျိုးဖြင့် ယဲ့ယီ့ကို ကြည့်လိုက်သေး၏။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များလည်း စုမန်၏ အဖြေကို ကြားပြီးနောက် ဝေဖန်ဆွေးနွေးလာကြသည်။
[စုမန် စကားတွေက ဥက္ကဌကုကို ရည်ရွယ်နေတာလို့ ဘာလို့ ခံစားရတာလဲ]
[သေချာတာပေါ့။ သူက ယဲ့ယီကို တမင်သက်သက် ရန်စနေတာပဲ။ ယန်း ငွေ့တွေတောင် ထွက်နေပြီ]
[ကျွတ် ကျွတ် ကျွတ် ... အမျိုးသမီးနှစ်ယောက်ရဲ့ စစ်ပွဲက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ ]
စုမန် ရန်စနေသည်ကို ယဲ့ယီ သိသော်လည်း သူမ လုံးဝ ဂရုမစိုက်ပေ။ ထို့အပြင် စုမန် အနည်းငယ် ထူးဆန်းသည်ဟု ယဲ့ယီ အမြဲတမ်း ခံစားနေရသည်။
သူမသည် ကုရှီချန်းကြောင့် နိုင်ငံထဲ ပြန်လာခဲ့သည် ဆိုပါက ယခင်ကတည်းကလည်း အခွင့်အရေးများစွာ ရှိခဲ့သည် မဟုတ်ပါလော။
သူမအနေဖြင့် ကုရှီချန်းကို တစ်သက်လုံး တာဝန်ယူခိုင်း၍ ရနိုင်သော်လည်း ကုစဲ့ကို စွန့်ပစ်ကာ နိုင်ငံခြားသို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ ယဲ့ယီ့အနေဖြင့် စုမန်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်ဟု ခံစားနေရ၏။
ဖြေကြားပြီးနောက် စုမန်က ပုလင်းကို စတင်လှည့်၏။
ယခုတစ်ကြိမ်တွင် ပုလင်းက လျုံဟောင်ချန်ထံသို့ ညွှန်ပြသွား၏။ စုမန်က ရိုးရှင်းသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ဒီမှာရှိတဲ့ မိန်းကလေးတွေထဲမှာ နင်သဘောကျတဲ့သူ ရှိလား”
လျုံဟောင်ချန် ပြတ်သားစွာ ပြောလိုက်၏။
“ရှိပါတယ်”
သူ၏ အကြည့်များက ကျောင်းစိစိရှိရာ အရပ်သို့ စိုက်ကြည့်နေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ သူတို့စုံတွဲကို အားပေးရင်း ရူးသွပ်ကုန်ကြတော့သည်။
[ငါအားပေးနေတဲ့ စုံတွဲက အစစ်ကြီး ဖြစ်နေပါလား]
[အား... သူ့အကြည့်တွေက သံယောဇဉ်တွေ ပြည့်နေတာပဲ။ အားပေးရတာ တန်လိုက်တာ ]
[ဒီချစ် သက်သေတွေကို ငါ အရင်ဆုံး သိမ်းလိုက်ပြီ]
[ဒီနှစ်ယောက်က တွဲနေကြတာ သေချာတယ်။ ဒီအစီအစဉ်ကို လာတာ ကြေညာဖို့ ဖြစ်ရမယ် ]
ကျောင်းစိစိမှာမူ လျုံဟောင်ချန်၏ စိုက်ကြည့်မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့၏။
သူတို့နှစ်ဦး ထိုနေရာ၌ လူအားလုံးကို ချစ်သက်သေများဖြင့် ဝေမျှပေးလိုက်ကြ၏။
နောက်ထပ် မေးခွန်းဖြေရမည့်သူမှာ ဆုန့်ချယ် ဖြစ်သည်။
လျုံဟောင်ချန်က ချက်ချင်းပင် ပြဿနာရှာရန် စကားစလိုက်၏။
“သခင်လေးဆုန့်... မေးပါရစေ။ မင်းရဲ့ ရည်းစားဟောင်းတွေထဲမှာ မင်းအချစ်ဆုံးက ဘယ်သူလဲ”
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များက အော်ဟစ်လိုက်ကြ၏။
“ဟန်ကျလိုက်တာ”
[ဒါ ငါမေးချင်တဲ့ မေးခွန်းပဲ၊ တော်တယ်ဟေ့ ]
[ဟားဟားဟား... ဒီကောင်လေးက မေးတတ်လိုက်တာ]
[ဒီအပိုင်းကို ကြည့်ရတာ တကယ်တန်တယ်။ ဒါတွေက ငါတို့ ပိုက်ဆံမပေးဘဲ သိခွင့်ရှိတဲ့ အရာတွေ ဟုတ်ရဲ့လား]
[ဒါရိုက်တာကြီးကို နောက်ထပ် ကြက်ပေါင်တစ်ချောင်း ထပ်တိုးပေးဟေ့]
[ဒါရိုက်တာ :မင်းတို့က တကယ် သဘောကောင်းကြတာပဲ ]
လျုံဟောင်ချန်၏ မေးခွန်းကို ရင်ဆိုင်ရသော်လည်း ဆုန့်ချယ်ကမူ ရှက်ရွံ့ခြင်းမရှိဘဲ အတည်ပေါက်ပင် ပြန်ဖြေလိုက်၏။
“အားလုံးက အချစ်ဆုံးတွေချည်းပါပဲ။ ငါ သူတို့တစ်ယောက်ချင်းစီနဲ့ အတူရှိနေတဲ့ အချိန်တုန်းကတော့ တွဲနေတဲ့လူကို အချစ်ဆုံးပဲ”
ယဲ့ယီသည် စိတ်ထဲကနေ မချင့်မရဲ ရေရွတ်မိ၏။
‘ လူရှုပ်တွေရဲ့ စကားအသုံးအနှုန်းပဲ ‘
သို့သော်လည်း ဆုန့်ချယ်ပြောသည်မှာ အမှန်တရား ဖြစ်၏။ သူသည် လူရှုပ်တစ်ယောက် ဖြစ်သော်လည်း တွဲနေစဉ်အတောအတွင်း မည်သည့်အခါမျှ လေလံနှစ်ဖက် မနင်းခဲ့ဖူးပေ။
လမ်းခွဲသည့်တိုင်အောင် အဆင်ပြေပြေ လမ်းခွဲခဲ့ကြပြီး အမျိုးသမီးများအပေါ် အလွန်ရက်ရောကာ လမ်းခွဲပြီးနောက်တွင်ပင် အချို့သောအကျိုးခံစားခွင့်များကို ပေးအပ်တတ်သေးသည်။
ဤအချက်သည် ချန်ယွဲ့က ဆုန့်ချယ်ကို ပစ်မှတ်အဖြစ် သတ်မှတ်ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
ငွေကြေးနှင့် အာဏာရှိပြီး ကိုယ်တစ်ဦးတည်းကိုသာ ငွေသုံး၍ ချစ်ပေးမည့်သူမျိုးကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
ရှိနေသော အမျိုးသားဧည့်သည်များ အားလုံး ဆုန့်ချယ်ကို လက်မထောင်ပြကြ၏။
ဤလူသည် တကယ်ကို ပွင့်လင်းလွန်းသော လူရှုပ်လူပွေတစ်ယောက် ဖြစ်ပေသည်။
အခြားသော အမျိုးသမီးဧည့်သည်တစ်ဦး၏ ပစ်မှတ်မှာလည်း ဆုန့်ချယ်ပင် ဖြစ်သော်လည်း သူမက ချန်ယွဲ့ကဲ့သို့ မရဲရင့်ချေ။
နောက်ထပ် မေးခွန်းဖြေရမည့်သူမှာ ချန်ယွဲ့ ဖြစ်၏။
ဆုန့်ချယ်က သာမန်မေးခွန်းတစ်ခု မေးလိုက်၏။
“မင်း ရည်းစား ဘယ်နှစ်ယောက် ထားခဲ့ဖူးလဲ”
ချန်ယွဲ့ ဆုန့်ချယ်ကို ညှို့ဓာတ်ပြည့်ဝသော အကြည့်များဖြင့် ကြည့်ကာ ချွဲနွဲ့သော လေသံဖြင့် ပြော၏။
“နှစ်ယောက်ပဲ ထားဖူးပါတယ်။ ပထမတစ်ယောက်တုန်းကတော့ ကျွန်မက ငယ်သေးလို့ အချစ်ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ ဒုတိယတစ်ယောက်ကျတော့ စရိုက်ချင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့တာ”
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ ရယ်မောကုန်ကြတော့သည်။
[အေးပါကွာ၊ ဒါက ငါ့ရည်းစားဟောင်း ငါ့ကို ပြောခဲ့တဲ့ စကားတွေအတိုင်းပဲ ]
[အပေါ်ကလူရေ... နင့်ရည်းစားနဲ့ ချန်ယွဲ့နဲ့က ဆရာတစ်ယောက်တည်းဆီမှာ ပညာသင်ခဲ့တာ နေမှာ]
[ကျွတ် ကျွတ် ကျွတ် ... ချန်ယွဲ့ရဲ့ အဖြေက အတုကြီး ဖြစ်လွန်းမနေဘူးလား]
[မိန်းမရှုပ်တွေရဲ့ စကားတွေပဲ]
[အမှန်အတိုင်း ပြောရရင် ဒီလိုကြည့်ရင် ချန်ယွဲ့နဲ့ ဆုန့်ချယ်က တော်တော်လိုက်ဖက်တာပဲ ဟားဟားဟား]
ချန်ယွဲ့သည် ဆုန့်ချယ်ထံသို့ အကြည့်ချင်း ဆုံနိုင်ရန် အဆက်မပြတ် ကြိုးစားနေသော်လည်း ကံမကောင်းစွာ ဆုန့်ချယ်က သူမကို တုံ့ပြန်ရန် စိတ်ကူးမရှိချေ။
ထို့နောက် နောက်ထပ် မေးခွန်းအချို့ကို မေးမြန်းခဲ့ကြသော်လည်း အခြေအမြစ်မရှိသော မေးခွန်းများသာ ဖြစ်ကြသည်။
ယဲ့ယီလည်း အနည်းငယ် စိတ်ပျက်မိ၏။
ဤလူများ အားလုံးသည် ‘ truth or dare ‘ ဂိမ်းကို ဘာကြောင့် ဤမျှ နှစ်သက်နေကြသည်ကို သူမ နားမလည်နိုင်တော့ပေ။
ယခင်အစီအစဉ်တုန်းကလည်း ဤဂိမ်းကို ကစားခဲ့ကြပြီး ယခုအစီအစဉ်တွင်လည်း ထပ်တူပင် ဖြစ်နေသည်။
‘ဒီဂိမ်းမှလွဲပြီး တခြားကစားစရာ ဂိမ်းမရှိတော့ဘူးလား‘
ဂိမ်းများ ရှိသော်လည်း ‘ truth or dare’ ဂိမ်းသည်သာ အကြောင်းအရာ အကောင်းဆုံး ဖန်တီးနိုင်ခြင်းကြောင့် ဖြစ်၏။
နောက်ထပ် အနည်းငယ် ဆက်ဆော့ပြီးနောက် လူတိုင်း စိတ်မဝင်စားတော့သဖြင့် တစ်စုံတစ်ယောက်၏ အကြံပြုချက်အရ ဗီဒီယိုဂိမ်း ကစားရန် ပြင်ဆင်ကြတော့သည်။
ယဲ့ယီ ဗီဒီယိုဂိမ်း ကစားရန် စိတ်ဝင်စား၏။
သူမသည် အားလပ်ချိန်များတွင် ဂိမ်းကစားရသည်ကို နှစ်သက်သည်။
သို့သော်လည်း အသင်းဖော်အညံ့များနှင့် တွေ့ဆုံရန် အလွန်လွယ်ကူတတ်လေ၏။ ထိုသို့မဟုတ်လျှင်မူ ဤဂိမ်းသည် အလွန်ပျော်စရာကောင်းလှသည်။
လူဆယ်ယောက် ဖြစ်သဖြင့် အသင်းနှစ်သင်း အတိအကျ ခွဲနိုင်၏။
သို့သော် အသင်းတစ်သင်းတွင် မိန်းကလေး သုံးယောက် ပါဝင်ရမည်ဖြစ်ပြီး ယဲ့ယီမှလွဲ၍ ကျန်မိန်းကလေး လေးယောက်မှာ ဂိမ်းမဆော့တတ်ကြသဖြင့် အသင်းခွဲဝေမှုတွင် ပြဿနာ ရှိလာတော့သည်။
ယခုအခါ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သဖြင့် ဂိမ်းရှုံးပါက အလွန်အရှက်ရစရာ ဖြစ်လိမ့်မည်။
လူတိုင်းက ကျွမ်းကျင်မှု ရှိသောသူကို ကိုယ့်အသင်းထဲတွင် ရှိစေချင်ကြ၏။