အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း(၁၈၃)
နောက်ဆုံးတွင် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ကြ၏။
ယဲ့ယီ၊ ချန်ယွဲ့၊ ကျောင်းစိစိနှင့် ဆုန့်ချယ်၊ လျုံဟောင်ချန်တို့က တစ်ဖွဲ့ ဖြစ်၏။
စုမန်၊ လီနာနှင့် ရှန်ကျီ၊ ဝမ်ဝူ၊ ကျန်းစိနျန်တို့က တစ်ဖွဲ့ ဖြစ်သည်။
အသင်းများ ခွဲပြီးနောက် ဂိမ်းကို စတင်ကစားကြတော့သည်။
ယဲ့ယီသည် Marksman နေရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သဖြင့် ထိုနေရာကို ရွေးချယ်လိုက်၏။
ဆုန့်ချယ်ကမူ Warrior ကို ရွေးသည်။
ကျောင်းစိစိက Mage ကို ယူပြီး ချန်ယွဲ့က Healer ကို ယူ၏။
လျုံဟောင်ချန်ကတော့ Jungler အဖြစ် တာဝန်ယူသည်။
ဤစီစဉ်မှုမှာ မည်သည့်ပြဿနာမျှ မရှိလှပေ။
ကျောင်းစိစိ ဂိမ်းကောင်းကောင်း မဆော့တတ်သော်လည်း သူမ ရှောင်ကွင်းရမည့်အချိန်ကို သိရှိပြီး Mid Lane တွင် အပြိုင်အဆိုင် ကစားနေခဲ့သည်။
ယဲ့ယီသည် တစ်ဖက်အသင်းမှ marksman နှင့် ရင်ဆိုင်ရပြီး ဂိမ်း စတင်ချိန်တွင်ပင် first blood ကို ရယူနိုင်ခဲ့၏။
ရန်သူ့ Support သည် ၎င်းတို့၏ marksman နောက်သို့ လိုက်ပါလာချိန်အထိ အားလုံး အဆင်ပြေချောမွေ့နေပုံရသည်။
ထိုအချိန်မှစ၍ ယဲ့ယီ နောက်ကျကျန်ခဲ့တော့၏။
သူတို့အသင်းမှ Support ကမူ ….
ချန်ယွဲ့သည် Mid lane ရှိ minions များကို ကူညီရှင်းလင်းပေးပြီးနောက် Side Lane သို့ သွားကာ ဆုန့်ချယ်ကို ကူညီတော့သည်။
ဆုန့်ချယ် ကစားနေသည့် ဇာတ်ကောင်မှာ အသက်သွေး အလွန်ထူသော ဇာတ်ကောင် ဖြစ်သည်။
ချန်ယွဲ့သည် healer အဖြစ် သူ့အနားတွင် ရှိနေသော်လည်း အသုံးမဝင်သည့်အပြင် ရန်သူ့ထံသို့ Kill ကိုပါ ပေးလိုက်သေး၏။
ရန်သူ့ဘက်မှ jungler လည်း ၎င်းတို့၏ marksman နှင့် ပူးပေါင်းကာ ယဲ့ယီကို လာရောက် တိုက်ခိုက်ကြသဖြင့် ယဲ့ယီ့၏ လမ်းကြောင်းမှာ သေမင်းတမန် လမ်းကြောင်းတစ်ခုကဲ့သို့ ဖြစ်လာတော့သည်။
တော်သေးသည်မှာ လျုံဟောင်ချန်နှင့် ကျောင်းစိစိတို့ လာရောက်ကူညီကြ၏။
ထိုအချိန်တွင် ဆုန့်ချယ်နှင့် ချန်ယွဲ့တို့မှာ Side lane တွင် ရန်သူ့ warrior၏ တိုက်ခိုက်ခြင်းကို ခံနေရ၏။
အတိအကျ ပြောရပါက ဆုန့်ချယ်မှာ ရန်သူ့နောက်သို့ ပါသွားပြီး ချန်ယွဲ့ကမူ သူ့နောက်သို့ ဇွတ်လိုက်နေခြင်း ဖြစ်၏။
နောက်ဆုံးတွင် ရန်သူ့ဘက်မှ warrior က မနေနိုင်တော့ဘဲ လှောင်ပြောင်လာတော့သည်။
“ဟေ့... ဟိုဘက်ကကောင်၊ sidelane မှာ healer ခေါ်ထားရအောင် မင်း အဲ့လောက်တောင် သတ္တိနည်းနေတာလား”
ဆုန့်ချယ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။
မှတ်ချက်များထဲက အင်တာနက်အသုံးပြုသူများကလည်း ဝေဖန်နေကြ၏။
[ဒီချန်ယွဲ့က ကစားတတ်ရဲ့လား။ healer ဖြစ်ပြီးတော့ marksman နောက်မလိုက်ဘဲ side lane နောက် လိုက်နေတယ်။ သူ့ဦးနှောက် တစ်ခုခုများ ဖြစ်လို့လား]
[မဟုတ်ဘူး... ငါ ဒါကို ဆက်မကြည့်နိုင်တော့ဘူး။ ဒါက ဘာမှ အသုံးမကျတဲ့ အသင်းဖော်ပဲ]
[ဂိမ်းဆော့တဲ့အခါ ဒီလို အသင်းဖော်မျိုးနဲ့ တွေ့ရတာ အမုန်းဆုံးပဲ။ စိတ်အနှောင့်အယှက် တကယ်ဖြစ်ရတယ် ]
စိတ်အနှောင့်အယှက် ဖြစ်ရ၏။ ယဲ့ယီလည်း စိတ်ထဲတွင် အလွန်ဒေါသထွက်နေ၏။
သူမ အသာစီး ရနေခဲ့သော်လည်း အသင်းမှ healer မှာ ဦးနှောက်မရှိသကဲ့သို့ side lane နောက်သာ လိုက်နေပြီး မည်သို့ကူညီရမည်ကို လုံးဝမသိချေ။
ရလဒ်အနေဖြင့် သူတို့ လူသုံးယောက်နှင့် လေးယောက်ကို ရင်ဆိုင်ရပြီး kill များစွာ ဆုံးရှုံးခဲ့ရသည်။
အစီအစဉ် ရိုက်ကူးနေခြင်းသာ မဟုတ်လျှင် ချန်ယွဲ့ ဦးနှောက်ပါရဲ့လားဟု အမှန်ပင် မေးမြန်းမိလိမ့်မည်။
အခြားသူများတွင်လည်း ထင်မြင်ချက်များ ရှိကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်နေခြင်းကြောင့်သာ အောင့်အည်းသည်းခံနေကြရသည်။
သူတို့ သုံးယောက်လုံး ရန်သူ့ဝန်းရံမှုကို ထပ်မံခံရပြီးနောက် လျုံဟောင်ချန် မအောင့်နိုင်တော့ဘဲ ပြောလိုက်၏။
“ချန်ယွဲ့... healer ဖြစ်ပြီးတော့ marksman နောက်ကို လိုက်ပေးလို့ ရမလား”
ချန်ယွဲ့ကမူ မကျေမနပ်ဖြင့် ပြန်ပြောသည်။
“ငါ လိုက်ချင်တဲ့သူနောက် ငါလိုက်တာ၊ နင့်အလုပ်လား”
လျုံဟောင်ချန် ဒေါသတကြီးဖြင့် ပြောလေ၏။
“ငါက နင့်အလုပ်ကို စွက်ဖက်ချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒါက အသင်းလိုက်ကစားရတဲ့ ဂိမ်းလေ။ အသင်းအဖွဲ့စိတ်ဓာတ်လေး နည်းနည်းလောက် ထားလို့မရဘူးလား”
ချန်ယွဲ့ ချက်ချင်းပင် စိတ်ဆိုးသွား၏။
“လျုံဟောင်ချန်... နင် ဘာသဘောလဲ။ ငါက ဆုန့်ချယ်ကို ကူညီနေတာ မဟုတ်ဘူးလား။ ဘာလို့ လာပြီး ရန်လုပ်နေတာလဲ”
[ဟာ... ဒီချန်ယွဲ့က ဒီလိုစကားမျိုးကို ဘယ်လိုမျက်နှာပြောင်တိုက်ပြီး ပြောရဲတာလဲ။ သူသာ ငါ့အသင်းဖော်ဆိုရင်တော့ သူ့ မိဘတွေအထိ သွားပြောမှာ]
[ဂိမ်းဆော့တဲ့အခါ ဒီလိုဦးနှောက်မရှိတဲ့ အသင်းဖော်မျိုးနဲ့ တွေ့ရတာ အမုန်းဆုံးပဲ]
[ ဟေး... ဒါက ဂိမ်းပြိုင်ပွဲ မဟုတ်ဘူးနော်။ ဒါက စုံတွဲ အစီအစဉ်ပဲဥစ္စာ။ ချန်ယွဲ့က ဆုန့်ချယ်နဲ့ ဆက်ဆံချင်တာ ဘာပြဿနာ ရှိလို့လဲ ]
[ ဟုတ်တယ်... ဟုတ်တယ်။ ဂိမ်းကြည့်ချင်ရင် ဂိမ်းသမားတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြည့်လေ။ ဒီမှာ လာပြီး ဘာအရေးမပါတာတွေ လာရှာနေတာလဲ]
လျုံဟောင်ချန်သည် ချန်ယွဲ့၏ စကားကြောင့် ဆွံ့အသွားရတော့သည်။
တော်သေးသည်မှာ ဆုန့်ချယ်ကိုယ်တိုင်လည်း ဆက်၍ မခံစားနိုင်တော့ဘဲ ရန်သူ့ဘက်က အဆက်မပြတ် လှောင်ပြောင်နေမှုကြောင့် ချန်ယွဲ့ကို ပြောလိုက်တော့၏။
“ငါ့ healer မလိုဘူး၊ marksman နောက်ကို လိုက်သွား”
ချန်ယွဲ့ မကျေမနပ် ဖြစ်နေသော်လည်း နောက်ဆုံးတွင် ယဲ့ယီ့နောက်သို့ လိုက်ပါသွားတော့သည်။
သို့သော် သူမသည် သာမန်ကာလျှံကာသာ ‘ လိုက်ပါ ‘ ခြင်း ဖြစ်၏။
သူမသည် ယဲ့ယီ့ hero ၏ အနောက်တွင်သာ အမြဲပုန်းကွယ်နေပြီး မည်သည့် Skill ကိုမျှ မသုံးတတ်ဘဲ လမ်းလျှောက်ထွက်နေသည့်အလား ပြုမူနေသည်။
ယဲ့ယီ ရန်သူ့သတ်ဖြတ်မှုကို ခံရပြီးနောက် ချန်ယွဲ့က အထင်သေးသော အမူအရာဖြင့် ပြောလိုက်၏။
“နင်လည်း အဲ့လောက် မဆော့တတ်ပါဘူး။နင့် rankကို တခြားလူကို တင်ခိုင်းထားတာလား”
ယဲ့ယီ ဆက်၍ မအောင့်နိုင်တော့ပေ။
“ကျွန်မ မဆော့တတ်ဘူး ဟုတ်လား။ ရှင်က healer ဖြစ်ပြီးတော့ ကျပ်မပြည့်သလို side lane နောက်ပဲ လိုက်နေတာလေ။ အခု ရှင် ကျွန်မ နောက်လိုက်နေပြီ၊ ဒါပေမဲ့ ရှင်ရဲ့ skill ခလုတ်တွေပေါ်မှာ အဆိပ်တွေ ရှိနေလို့လား။ ဘာလဲ... skill တစ်ခု သုံးလိုက်ရင် ရှင်က သေသွားမှာ စိုးလို့လား”
မူလက မည်သည့်အရာကိုမျှ ယဲ့ယီ မပြောလိုဘဲ ပြဿနာများကို ရှောင်ရှားလို၏။
သို့သော် ဤချန်ယွဲ့ကမူ တကယ်ပင် ပိန်းလွန်းလှပါဘိ။
ယဲ့ယီ့၏ ပြောဆိုခြင်းကို ခံရသဖြင့် ချန်ယွဲ့၏ မျက်နှာ မကောင်းတော့ဘဲ ခံပြင်းစွာဖြင့်ဆိုလိုက်၏။
“ငါက ဆုန့်ချယ်နောက်ပဲ လိုက်ချင်ရုံတင်ဟာကို၊ အဲဒါ ဘာပြဿနာ ရှိလို့လဲ”
“ရှင် သူ့ကို လိုက်ပိုးချင်တာ ပြဿနာမရှိဘူး၊ ဒါပေမဲ့ ဂိမ်းထဲမှာ လာပြီး ဒုက္ခမပေးနဲ့လေ။ ဒါက အသင်းလိုက်ကစားရတဲ့ ဂိမ်း၊ ရှင် လင်လိုက်ရှာရမဲ့ ဂိမ်းမဟုတ်ဘူး”
ယဲ့ယီ အမှန်ပင် ဒေါသထွက်နေပြီး စကားပြောနေစဉ်တွင်ပင် skill များကို အသုံးပြုကာ ရန် သူ့ marksman ၏ အသက်ကို ရယူလိုက်တော့သည်။
ချန်ယွဲ့က နောက်ထပ် တစ်ခုခု ပြောလိုသော်လည်း ယဲ့ယီ သူမကို ဂရုမစိုက်တော့ဘဲ ဂိမ်းကို အမြန်ဆုံး အဆုံးသတ်ရန်သာ အာရုံစိုက်လိုက်တော့၏။
ဂိမ်းပြီးဆုံးသွားသောအခါ လူတိုင်း နောက်ထပ်တစ်ပွဲ ကစားရန် ဆန္ဒမရှိကြတော့ပေ။
ချန်ယွဲ့မှလွဲ၍….
ချန်ယွဲ့က ဆုန့်ချယ်ကို စိတ်အားထက်သန်စွာ ဆိုလိုက်လေ၏။
“ဒီတစ်ပွဲကျရင် ရှင်က marksman လုပ်၊ ကျွန်မက healer လုပ်ပေးမယ်လေ၊ ဟုတ်ပြီလား”
လူတိုင်းက သူမကို ‘ အသိစိတ်လေး ရှိပါဦး ‘ ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြလေ၏။
ချန်ယွဲ့လည်း ချက်ချင်းပင် အရှက်ရသွားတော့သည်။
အခန်း(၁၈၄)
ဆုန့်ချယ် အလွန်အေးစက်သော လေသံဖြင့် တိုတို တုတ်တုတ်ပင် ပြန်ပြောလိုက်၏။
“မလိုပါဘူး”
ထိုလူငါးယောက်နှင့် နှိုင်းယှဉ်လျှင် အခြားအသင်းမှ လူငါးယောက်မှာမူ ထူးခြားစွာပင် စည်းလုံးညီညွတ်နေကြပြီး နောက်ထပ်ဂိမ်းတစ်ပွဲ ကစားရန်ပင် အစီအစဉ်ဆွဲနေကြလေသည်။
ချန်ယွဲ့၏ ပြုမူပုံများကြောင့် လူတိုင်း ဂိမ်းဆက်ကစားချင်စိတ် ကုန်ဆုံးသွားကြ၏။ စကားတို့ကို သာကြုံရာ ကျပန်းပြောနေကြတော့၏။
ကျောင်းစိစိနှင့် လျုံဟောင်ချန်တို့မှာမူ လူသိရှင်ကြားပင် ချစ်ကြည်နူးပြနေကြ၏။
ကျန်ရှိနေသော လူသုံးယောက်ကြား အခြေအနေမှာမူ အလွန်ပင် ထူးဆန်းနေတော့သည်။
ဆုန့်ချယ်သည် ယဲ့ယီ့ထံသို့ အမြဲတမ်း ကပ်ချင်နေသော်လည်း သူ စကားစလိုက်တိုင်း ချန်ယွဲ့က ကြားမှ ဝင်ရောက်နှောင့်ယှက်တတ်သည်။
ဤအချက်သည် ဆုန့်ချယ်ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေ၏။ သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သောကြောင့် သူ ဘာမှထုတ်မပြောနိုင်ချေ။ သူ ချန်ယွဲ့ကို ကောင်းကောင်း မဆက်ဆံခဲ့ပေ။
ချန်ယွဲ့ကမူ ထိုအရာအားလုံးကို ယဲ့ယီ့အပေါ်သာ အပြစ်တင် လွှဲချလိုက်ပြီး ယဲ့ယီရှိနေသောကြောင့်သာ ဆုန့်ချယ် သူမကို သတိမထားမိခြင်း ဖြစ်သည်ဟု တွေးတောနေခဲ့သည်။
ယဲ့ယီ စိတ်ထဲကနေ ငိုနေမိတော့၏။
‘ ငါ့နှယ်... ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ ‘
ယဲ့ယီ ဆုန့်ချယ်ကို အရေးမလုပ်လိုသော်လည်း ဆုန့်ချယ်ကမူ သူမနှင့် စကားပြောနိုင်ရန် အကြောင်းအမျိုးမျိုး ရှာကြံနေခဲ့သည်။
ဘေးနားတွင်လည်း ပြဿနာရှာမည့် ချန်ယွဲ့က ရှိနေသေး၏။ ၎င်းတို့၏ ဆက်ဆံရေးမှာ အလွန်ပင် ရှုပ်ထွေးလှပါဘိ။
သို့သော်လည်း သူတို့၏ ရှုပ်ထွေးလှသော ဆက်ဆံရေးကြောင့်ပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုနှုန်းမှာ မြင့်တက်နေခြင်း ဖြစ်လေ၏။ မည်သူကများ အတင်းအဖျင်း သတင်းများကို မနှစ်သက်ဘဲ နေမည်နည်း။
မကြာမီ အချိန်တွင် ညနေစောင်းသို့ ရောက်ရှိလာတော့သည်။
ညနေပိုင်းတွင် ယဲ့ယီသည် ပုံမှန်အတိုင်း ပန်းကန်ဆေးရန် ရွေးချယ်လိုက်၏။ သို့သော်လည်း တစ်စုံတစ်ယောက်ကမူ သူမကို တမင်သက်သက် ပြဿနာရှာရန် ကြံစည်နေခဲ့၏။
မနက်ခင်းက ကဲ့သို့ ဆိုဖာပေါ်တွင် ယဲ့ယီထိုင်နေသည်ကို မြင်သောအခါ ချန်ယွဲ့သည် ယဲ့ယီနှင့် ဆုန့်ချယ်တို့ကို နှစ်ယောက်တည်း ရှိမနေ စေချင်ပေ။ ထို့ကြောင့် သူမ တမင်တကာပင် ပြောလိုက်၏။
“ယဲ့ယီ... နင့် ဟင်းချက်ကျွမ်းမကျွမ်း ငါ တော်တော်လေး စိတ်ဝင်စားမိတယ်။ ဒီညနေစာကို နင်ပဲ တာဝန်ယူလိုက်ပါလား”
သူမ စကားပြောနေစဉ်တွင် ယဲ့ယီ့ထံသို့ တမင်သက်သက် ရန်စသော အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်၏။
ယဲ့ယီ စကားပြန်မပြောရသေးမီ စုမန် ကလည်း ကြားမှနေ၍ ထောက်ခံလေ၏။
“ကျွန်မလည်း တော်တော်လေး သိချင်မိသား။ ရှောင်ယီ... နင့်ရဲ့ အရည်အချင်းတွေကို သိမ်းမထားပါနဲ့တော့”
သူတို့နှစ်ဦးကို ရှုပ်ထွေးလှသော အမူအရာဖြင့် ယဲ့ယီ ကြည့်လိုက်ကာ ပြန်မေးလိုက်၏။
“သေချာလို့လား”
ချန်ယွဲ့ ယဲ့ယီကို ကဲ့ရဲ့လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
“ဘာလဲ... နင်က အလုပ်မလုပ်ချင်လို့ ဆင်ခြေပေးနေတာတော့ မဟုတ်ပါဘူးနော်”
ယဲ့ယီ နားမလည်နိုင်တော့ပေ။ သူမသည် ဤအစီအစဉ်တွင် အေးအေးဆေးဆေးသာ ပါဝင်လိုခြင်း ဖြစ်၏။သို့သော်လည်း အဘယ်ကြောင့် တစ်စုံတစ်ယောက်က အမြဲတမ်း ပြဿနာလာရှာနေရသနည်း။
“ကျွန်မ ဟင်းချက် မကောင်းဘူး”
ယဲ့ယီ အလွန်တည်ငြိမ်စွာ ပြောလိုက်၏။
သို့သော် ချန်ယွဲ့ကမူ ယဲ့ယီ တမင်သက်သက် ဆင်ခြေပေးနေသည်ဟု ထင်မှတ်လိုက်၏။
“စိတ်မပူပါနဲ့၊ နင် ချက်ရုံသာ ချက်စမ်းပါ။ ဘယ်လောက်ပဲ ဆိုးဆိုး ငါအကုန်စားပေးမယ်”
ဤစကားမှာ ယဲ့ယီ စောင့်ဆိုင်းနေခဲ့သည့် စကားပင် ဖြစ်၏။
“ရှင် ပြောတာနော်။ ခဏနေကျလို့ အရသာမကောင်းရင်တော့ ကျွန်မကို လာအပြစ်မတင်နဲ့ဦး”
ယဲ့ယီ တမင်သက်သက် ပြဿနာရှာမည်ကို ချန်ယွဲ့ စိုးရိမ်နေ၏။ သို့ဖြစ်သဖြင့် အနည်းငယ် စိုးရိမ်စွာ ပြောလိုက်၏။
“နင် ငါ့ကို တမင်သက်သက် ဒုက္ခပေးဖို့တော့ မကြံနဲ့နော်”
ယဲ့ယီ သူမကို စိတ်ချစေမည့် အကြည့်မျိုး ပြသလိုက်၏။
“ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာလေ၊ ကျွန်မက ရှင့်ကို ဘာလို့ တမင်ဒုက္ခပေးရမှာလဲ”
သာမန်အတိုင်းသာ ပြုမူ ရလေမည်။
ယဲ့ယီ့စကားကို ကြားမှသာ ချန်ယွဲ့လည်း အနည်းငယ် သက်ပြင်းချနိုင်သွားတော့သည်။
အမှန်ပင် တိုက်ရိုက်ထုတ်လွှင့်နေခြင်း မဟုတ်ပါလော။
“ဒါဆိုလည်း အမြန်သွားချက်တော့၊ ငါ ဗိုက်ဆာနေပြီ”
ချန်ယွဲ့က အစေခံတစ်ဦးကို အမိန့်ပေးနေသည့်အလား ဆိုလိုက်လေသည်။
သို့သော်လည်း ယဲ့ယီသည် သူမနှင့်အဆင့်အတန်းချင်းမတူသဖြင့် ပြန်စိတ်ဆိုးရန် အစီအစဉ်မရှိပေ။
သူမ ပြောခဲ့သော စကားများအတွက် နောက်ပိုင်းတွင် ပြန်ပေးဆပ်ရလိမ့်မည်။
ယဲ့ယီ မီးဖိုချောင်ထဲသို့ တန်းဝင်သွားတော့၏။
အခြားသော အပြစ်မဲ့သူများကို မထိခိုက်စေရန်အတွက် ယဲ့ယီ မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်ကာ လှမ်းမေးလိုက်၏။
“ဘယ်သူ ကျွန်မကို လာကူမလဲ။ ခဏနေကျရင် ကျွန်မချက်တာကို ရှင်တို့တွေ သဘောမကျမှာ စိုးလို့”
ချန်ယွဲ့ကမူ ယဲ့ယီသည် တမင်သက်သက် ပြဿနာရှာနေခြင်းသာ ဖြစ်သည်ဟု စိတ်ထဲက ကျိန်ဆဲနေမိ၏။
‘ဟင်းလေးတစ်နပ် ချက်တာကို သူများတွေကို ဘာလို့ လာကူခိုင်းနေရတာလဲ’
လက်တွေ့တွင် ယဲ့ယီ မပြောလည်း အခြားသူများက ကူညီကြလေမည်။
လူဆယ်ယောက်စာ ဟင်းချက်ရန်အတွက် တစ်ဦးတည်း လုပ်ဆောင်ပါက အချိန်အတော်ကြာမြင့်မည် မဟုတ်ပါလော။
ဆုန့်ချယ်လည်း ကူညီရန် ထရပ်ရန် ပြင်သော်လည်း ချန်ယွဲ့က တားဆီးလိုက်၏။
“သခင်လေးဆုန့်... ရှင် အခု မီးဖိုချောင်ထဲ သွားရင် အလုပ်ရှုပ်အောင် လုပ်သလိုပဲ ဖြစ်လိမ့်မယ်။ ဒီမှာပဲ စောင့်ကြစို့လေ”
ချန်ယွဲ့သည် ဆုန့်ချယ်နှင့် ယဲ့ယီတို့ အတူတူ မရှိစေရန်သာ စဉ်းစားနေခဲ့သဖြင့် သူမ ဘာပြောနေသည်ကိုပင် သတိမထားမိချေ။
ဆုန့်ချယ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။
ခဏမျှ ကြာသောအခါမှ ချန်ယွဲ့သည် သူမပြောလိုက်သော စကားကို သတိပြုမိပြီး ဆုန့်ချယ်ကို ချက်ချင်းပင် တောင်းပန်လိုက်တော့၏။
“အဲ့လို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး”
ဆုန့်ချယ် နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း သူ့မျက်နှာထားမှာမူ မကောင်းမွန်သေးချေ။
ချန်ယွဲ့ ယဲ့ယီ့ကို စိတ်ထဲကနေ ထပ်မံကျိန်ဆဲမိပြန်၏။
ယဲ့ယီသာ မရှိလျှင် သူမအနေဖြင့် စကားအမှား ပြောမိလိမ့်မည် မဟုတ်ပေ။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များလည်း ယဲ့ယီ တမင်သက်သက် ပြဿနာရှာမည်ကို စိတ်ဝင်စားနေကြ၏။သို့သော်လည်း ယဲ့ယီ အမှန်တကယ်ပင် အတည်ပေါက် ဟင်းချက်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် သူမ ချက်နေသည်မှာလည်း စားချင်စဖွယ် ရှိလှ၏။
မကြာမီ ဟင်းပွဲအားလုံး ပြီးဆုံးသွားသည်။
ယဲ့ယီသည် သူမချက်ထားသော ဟင်းပွဲများကို ချန်ယွဲ့နှင့် စုမန်တို့၏ ရှေ့တွင် သီးသန့် အဆင်သင့် ချပေးလိုက်သည်။
“ကျွန်မချက်တာ ဘယ်လိုလဲ မြည်းကြည့်ပါဦး”
ယဲ့ယီက ပြုံးစိစိ အမူအရာဖြင့် သူတို့ကို ကြည့်ကာ ဆိုလိုက်၏။
ယဲ့ယီ့၏ အကြည့်ကို မြင်သောအခါ သူမတွင် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ဟု ချန်ယွဲ့ ခံစားနေရသည်။
သူမ ဟင်းပွဲများကို သေသေချာချာ အကဲခတ်လိုက်ပြီး မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးမှသာ တူကို ကိုင်လိုက်တော့၏။
စုမန်လည်း အရွက် တစ်ဖတ်ကို ကောက်ယူလိုက်သည်။
ထို့နောက်တွင်မူ...
နောက်တစ်စက္ကန့်၌ သူတို့နှစ်ဦးလုံး အမှိုက်ပုံးရှိရာသို့ ပြေးသွားကြပြီး ပါးစပ်ထဲက အစားအစာများကို ထွေးထုတ်လိုက်ကြတော့သည်။
“ယဲ့ယီ!”
ချန်ယွဲ့ ဒေါသတကြီး အော်ဟစ်လိုက်၏။
ယဲ့ယီကမူ အပြစ်ကင်းသော အမူအရာဖြင့် လှမ်းမေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ချန်ယွဲ့ ခံပြင်းစွာဖြင့် ဆိုလေ၏။
“ငါ နင့်ကို ဟင်းပဲချက်ခိုင်းတာလေ။ နင် မချက်ချင်တတ်ရင်လည်း မချက်ပါနဲ့လား။ ဘာလို့ ငါတို့ကို ဒီလို လာနောက်နေရတာလဲ”
မှတ်ချက်များထဲက အင်တာနက်အသုံးပြုသူများမှာမူ ဝေခွဲမရ ဖြစ်ကုန်ကြတော့၏။
[ဘယ်လိုကြီး လဲ။ ယဲ့ယီ အစာထဲ တစ်ခုခု ထည့်လိုက်တာလား]
[မဖြစ်နိုင်တာ။ သူ ဟင်းချက်နေတဲ့ တစ်လျှောက်လုံး ငါတို့ စောင့်ကြည့်နေတာပဲ။ အဆင့်တိုင်း ချက်သွားတာတွေက အားလုံး မှန်ပါတယ်ဟ ]
[ယဲ့ယီက ဟင်းပွဲတွေထဲ ဘာမှမထည့်ဘူးဆိုတာ ငါအာမခံရဲတယ် ]
[ဒါပေမဲ့ ချန်ယွဲ့နဲ့ စုမန် တို့ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ဟန်ဆောင်နေတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒီဟင်းက တကယ်ပဲ အဲလောက်အထိ ဆိုးနေလို့လား]
ဝမ်ဝူ ချန်ယွဲ့ကို မကျေမနပ်ဖြင့် ကြည့်လိုက်၏။
“ရှောင်ယီ့ရဲ့ ဒီဟင်းတွေက ငါကိုယ်တိုင် သင်ပေးထားတာ၊ ပြီးတော့ ချက်တဲ့ အဆင့်တိုင်းကိုလည်း ငါစောင့်ကြည့်နေခဲ့တာ။ နင်တို့ မစားချင်ရင်လည်း မစားချင်ဘူးလို့ ပြောလေ။ ဘာလို့ တခြားလူကို လာပြီး မဟုတ်မမှန် စွပ်စွဲနေရတာလဲ”
ဝမ်ဝူသည် ပုံမှန်အားဖြင့် ဟင်းချက်ရသည်ကို နှစ်သက်သူ ဖြစ်သဖြင့် ယဲ့ယီ မီးဖိုချောင်ထဲ ဝင်သွားပြီးနောက် သူက ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူအမုန်းဆုံးအရာမှာ ကိုယ်တိုင် ဟင်းမချက်ဘဲ အခြားသူများ ချက်ပေးသော အစားအစာကို အပြစ်ရှာတတ်သည့် လူမျိုးပင် ဖြစ်၏။
ချန်ယွဲ့မှာမူ ဆွံ့အသွားရတော့သည်။
ယဲ့ယီ ဝမ်းနည်းပူဆွေးသည့် အမူအရာကို လုပ်ပြလိုက်လေ၏။
“ကျွန်မ ဟင်းချက်တာ မတော်ဘူးလို့ စောစောက ပြောသားပဲ။ ရှင်ကပဲ ဘယ်လောက်ဆိုးဆိုး အကုန်စားပေးမယ်လို့ ပြောခဲ့တာလေ”
ချန်ယွဲ့ ယဲ့ယီကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
‘ခွေးတောင် ဒီလိုအစာမျိုး စားနိုင်မှာ မဟုတ်ဘူး’
စုမန်သည် ထိုအချိန်တွင် စကားတစ်ခွန်းမျှ ထုတ်မပြောခဲ့ပေ။
သို့သော်လည်း ယဲ့ယီက သူမကို မည်သို့ ချန်ထားခဲ့ပါမည်နည်း။ လူတိုင်းကို တန်းတူ ဆက်ဆံရမည် မဟုတ်ပါလော။
ယဲ့ယီ နောက်ထပ် ဟင်းတစ်ပွဲကို စုမန် ရှေ့သို့ တွန်းပေးလိုက်၏။
“အစ်မ က ဟင်းသီးဟင်းရွက် မကြိုက်ဘူးမဟုတ်လား။ ဒါဆိုလည်း ဒီအသားဟင်းလေး မြည်းကြည့်ပါဦး”
စုမန်၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
မူလက ယဲ့ယီသည် ရုပ်ရည်သာ ရှိသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှအထိ အကွက်ချ စီစဉ်တတ်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။
စုမန်က ဟန်မပျက် ပြုံးလိုက်ပြီး ဆိုလေ၏။
“နှမြောစရာပဲ... ငါက လောလောဆယ် ဝိတ်ချနေတာမလို့ ရှောင်ယီ့ရဲ့ စေတနာကို ငြင်းရတော့မှာပဲ”
ယဲ့ယီ စုမန်ကို ပြုံးစိစိဖြင့် ကြည့်လိုက်ပြီးနောက် သူမချက်ထားသော ဟင်းပွဲအားလုံးကို ချန်ယွဲ့ ရှေ့သို့ တွန်းပို့လိုက်ကာ ဆိုလိုက်တော့၏။
“အစ်မက ဝိတ်ချနေတယ် ဆိုတော့မှတော့ ဒီဟင်းပွဲတွေကို ကုန်အောင် စားပေးဖို့ အစ်မချန်ယွဲ့ကိုပဲ ဒုက္ခပေးရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် အစားအစာတွေကို အလဟသဖြစ်အောင် မလုပ်သင့်ဘူးလေ”
ချန်ယွဲ့ စုမန်ကို စိုက်ကြည့်လိုက်၏။
‘အဲ့ ကောင်မကတော့’
အစောတုန်းက သူမကိုယ်တိုင် ပြောခဲ့ခြင်း မဟုတ်ပါလော။ ယခုတော့ အရာအားလုံးကို သူမအပေါ်သို့ လွှဲချလာ၏။