အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အခန်း(၁၈၅)
ချန်ယွဲ့၏ မျက်နှာအမူအရာကို ကြည့်ရင်း ယဲ့ယီ ကိုယ်ရောစိတ်ပါ လန်းဆန်းသွားတော့၏။
သူမသည် ခွေးအချင်းချင်း ကိုက်ကြသည့် ပွဲမျိုး ကြည့်ရသည်ကို အလွန်နှစ်သက်သည်။
အစားအစာများ လေလွင့်ခြင်းမှ ရှောင်ရှားရန်အတွက် ယဲ့ယီ အသိစိတ်ရှိစွာ ဟင်းသုံးပွဲကိုသာချက်ခဲ့လေသည်။
“ကျွန်တော်လည်း ရှောင်ယီ့ရဲ့ လက်ရာကို မြည်းကြည့်ချင်တယ်”
ထိုသို့ ဆိုကာ ဆုန့်ချယ်က ယဲ့ယီချက်ထားသော ဟင်းကို ကောက်ယူလိုက်သည်။
ယဲ့ယီ သူ့ထံသို့ သနားကရုဏာ သန်းနေသော အကြည့်မျိုးဖြင့် ကြည့်လိုက်မိ၏။
‘ ဘာလို့ ဒုက္ခရှာချင်နေတဲ့ လူမျိုးတွေ ရှိနေရတာလဲ ‘
ဆုန့်ချယ် ဟင်းတစ်လုတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် သူ၏မျက်နှာအမူအရာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။
သို့သော်လည်း သူ မျက်မှောင်ကျုံ့ ကာ မျိုချလိုက်ဆဲ၏။
သူ ယဲ့ယီ့ကို ကြည့်လိုက်သော အကြည့်တစ်ခုတည်းတွင်သာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေတော့သည်။
အထူးသဖြင့် အကြည့်အားဖြင့် အလွန် လှပါ၏။ သို့သော် ဟင်းတစ်ခွက်ကို အရာသာအားဖြင့် ဤမျှအထိ ဆိုးရွားအောင် မည်သို့ ချက်နိုင်ရသနည်း။
အခြားသူများကမူ ဆုန့်ချယ်၏ အကြည့် ဘာ ဆိုလိုသည်ကို သေသေချာချာ နားမလည်ကြပေ။
ယဲ့ယီ့၏ လက်ရာအောက်တွင် ကျရှုံးသွားပြီးဟု ထင်မှတ်နေကြတော့၏။
ဝမ်ဝူ အလွန်ပင် ဂုဏ်ယူစွာ ဆိုလိုက်၏။
“အရသာရှိတယ်မဟုတ်လား။ ဒါက ငါ့ရဲ့ အထူးစပယ်ရှယ် ဟင်းလေ။ ရှောင်ယီက အရမ်း သင်ယူ ချင်စိတ် ရှိနေတာကို မြင်ရတော့ ငါလည်း သင်ပေးဖြစ်သွားတာ”
ဆုန့်ချယ် ဝမ်ဝူကို ကြည့်ကာ တစ်စုံတစ်ခု ပြောလိုသော်လည်း ရပ်တန့်လိုက်သည်။
နောက်ဆုံးတွင် သူက ထူးဆန်းသော အမူအရာဖြင့်သာ ခေါင်းညိတ်လိုက်တော့၏။
“တကယ်ကို အရသာရှိပါတယ်”
ယဲ့ယီ စိတ်ထဲမှနေ၍ သူ့ကို လက်မထောင်ပြမိတော့သည်။
‘ ဒီလိုဟင်းကို အရသာရှိတယ်လို့ ပြောနိုင်လို့ မင်းကို ယောက်ျားကောင်းတစ်ယောက်အဖြစ် လေးစားသွားပြီ”
ဆုန့်ချယ် ထိုသို့ပြောသည်ကို မြင်သောအခါ အခြားသူများလည်း ယဲ့ယီချက်ထားသော ဟင်းများဆီသို့ ၎င်းတို့၏ တူများကို ဆန့်ထုတ်လိုက်ကြတော့သည်။
ဆုန့်ချယ်ကဲ့သို့ အရသာရှိလှသော အစားအစာများကို စားသုံးနေကျသူတစ်ဦးကပင် ကောင်းမွန်သည်ဟု ပြောဆိုနေသည့် ယဲ့ယီ၏ဟင်းများ မည်မျှအထိ အရသာရှိသည်ကို မြည်းစမ်းကြည့်ချင်နေကြ၏။
လူတိုင်း ဟင်းတို့ကို ပါးစပ်ထဲ ထည့်ပြီးနောက်တွင်မူ သူတို့၏ မျက်နှာအမူအရာများ အားလုံး ပြောင်းလဲကုန်ကြတော့သည်။
သူတို့ အားလုံးသည် ဆုန့်ချယ်ကို မကျေမနပ် ဖြစ်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြ၏။
ဆုန့်ချယ်မှာ သူ့နှာခေါင်းကို အားနာပါးနာဖြင့် ပွတ်သပ်လိုက်သည်။ သူသည် ယဲ့ယီ့ကို အားပေးလိုသောကြောင့်သာ ဤသို့ ပြုမူခဲ့ခြင်း မဟုတ်ပါလော။
အဓိက တရားခံဖြစ်သူ ယဲ့ယီလည်း အပြစ်မကင်းသော အမူအရာ ပေါ်လာ၏။ သူမသည် သူတို့ တကယ်စားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သူမသည် တကယ်ပင် ‘ မီးဖိုချောင် ဖျက်ဆီးသူ ‘ တစ်ဦး ဖြစ်လေ၏။ မည်သည့်ဟင်းပွဲမဆို သူမ၏ လက်ထဲသို့ ရောက်ရှိသွားပါက အလွန်ပင် အရသာ ဆိုးရွားသွားတတ်၏။ သို့သော်လည်း အပေါ်ယံကြည့်ပါက အံ့ဩစရာကောင်းလောက်အောင် လှပနေတတ်၏။
တိုက်ရိုက်ထုတ်လွှင့်မှုမှ အင်တာနက်အသုံးပြုသူများလည်း လူတိုင်း၏ မျက်နှာအမူအရာကို မြင်ပြီးနောက် ဝေဖန်ဆွေးနွေးလာကြသည်။
[ဒါ ဘာမျက်နှာကြီးလဲ။ အရမ်း ကောင်းနေလို့လား]
[ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ချမ်းသာတဲ့ သခင်လေး ဆုန့်ချယ်ကတောင် အရသာရှိတယ်လို့ ပြောတယ်ဆိုရင် အရမ်း အရသာရှိမှာ သေချာတယ်။ ယဲ့ယီ့ရဲ့ လက်ရာက ဒီလောက်ထိ ကောင်းလိမ့်မယ်လို့ ငါမထင်ထားမိဘူး]
[ဒါပေမဲ့ သူတို့ရဲ့ မျက်နှာက အရသာရှိတာကို စားနေရတဲ့ ပုံစံမျိုး မဟုတ်ဘူး။ အဲဒီအစား အရမ်းဆိုးတဲ့ အစာ တစ်ခုခုကို စားလိုက်ရသလိုပဲ]
[နင်တို့ ဘာသိလဲ။ သူတို့က အရသာ ရှိတဲ့ဟာတွေစားတိုင်း ဒီလိုပုံစံပဲ နေမှာပေါ့]
လျုံဟောင်ချန်သည် စားပွဲပေါ်မှ ရေခွက်ကို ယူကာ အငမ်းမရ သောက်လိုက်ပြီးနောက် ဝမ်ဝူကို မကျေမနပ်ဖြင့် ကြည့်လိုက်လေ၏။
“အစ်ကိုဝူ... အစ်ကို့ရဲ့ အထူးစပယ်ရှယ်ဟင်းကြီးက တကယ့်ကို ထူးခြားတာပဲနော်”
ဝမ်ဝူ မတရား စွပ်စွဲခံလိုက်ရ တော့သည်။
သူ၏ အထူးစပယ်ရှယ်ဟင်းမှာ ဘယ်သောအခါမှ ဤကဲ့သို့ မဟုတ်ပါချေ။
အဘယ်ကြောင့် ဤသို့သော ရလဒ် ထွက်လာရသည်ကို သူ တကယ် နားမလည်နိုင်တော့ပေ။
ယဲ့ယီများ တစ်ခုခု လုပ်လိုက်သည်လားဟုပင် သံသယဝင်မိ၏။ သို့သော်လည်း ပြန်စဉ်းစားကြည့်ပါက သူမ ဟင်းချက်နေစဉ်အတောအတွင်း သူ အမြဲတစေ လမ်းညွှန်ပြသပေးနေခဲ့၏။
အဆင့်တိုင်းကို စောင့်ကြည့်နေခဲ့ပါလျက်နှင့် အရသာက မည်သို့ ပြောင်းလဲသွားရသနည်း။
ချန်ယွဲ့ နှာခေါင်းရှုံ့လိုက်၏။
“ကျွန်မ ပြောသားပဲ၊ မကောင်းပါဘူးလို့။ ဒီလို ဟင်းမျိုးကို ဘယ်သူက စားနိုင်မှာလဲ”
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာမူ အံ့အားသင့်ကုန်ကြတော့၏။
[ဟာ... အရသာ မကောင်းဘူးဟုတ်လား။ ကြည့်ရတာတော့ အဲလိုပုံစံ မဟုတ်ပါဘူး]
[ဒီဟင်းပွဲရဲ့ အပြင်အဆင်က ဒီလောက်လှတာကို ဘယ်လိုလုပ် အရသာ မကောင်းဘဲ နေမှာလဲ။ ပြီးတော့ ဝမ်ဝူကလည်း ယဲ့ယီ့ကို တစ်ချိန်လုံး လမ်းညွှန်ပေးနေခဲ့တာလေ ]
[နင်တို့ ‘ မီးဖိုချောင် ဖျက်ဆီးသူ ‘ ဆိုတဲ့ စကားလုံးကို ကြားဖူးလားတော့ မသိဘူး ]
[ငါ့အမေကလည်း မီးဖိုချောင် ဖျက်ဆီးသူပဲ။ သူချက်တဲ့ ဟင်းတွေက ကြည့်ရတာ လှပေမဲ့ အရသာကတော့ တကယ် မကောင်းဘူး]
[ယဲ့ယီက ဟင်းမချက်တတ်ရင် အစာတွေကို ဘာလို့ အလဟသဖြစ်အောင် လုပ်နေရတာလဲ ]
[နေဦး... ငါမှတ်မိသလောက်တော့ ယဲ့ယီက အစကတည်းက ဟင်းမချက်တတ်ဘူးလို့ ပြောခဲ့သားပဲ။ ချန်ယွဲ့ကသာ ယဲ့ယီ့ကို ဇွတ်ချက်ခိုင်းခဲ့တာ]
“ကျွန်မ ဟင်းမချက်တတ်ဘူးလို့ အစကတည်းက ပြောသားပဲ၊ ရှင်တို့ကပဲ ဇွတ်ချက်ခိုင်းကြတာ မဟုတ်ဘူးလား”
ယဲ့ယီ အလွန်ပင် အပြစ်ကင်းစင်သော အမူအရာဖြင့် ဆိုလိုက်၏။
ချန်ယွဲ့၏ မုန်းတီးနေသော စိုက်ကြည့်မှုအောက်တွင် သူမ ဆက်လက်၍ ပြောလေ၏။
“ပြီးတော့ ရှင် ကလည်း အဲဒီအချိန်တုန်းက ကျွန်မ ချက်သမျှ အကုန်စားပေးမယ်လို့ ပြောခဲ့တယ်လေ။ စိတ်မပူပါနဲ့၊ ကျွန််မက နည်းနည်းပဲ ချက်ထားတာမလို့ အစားအစာတွေ အလသဟဖြစ်မှာ မဟုတ်ပါဘူး”
ချန်ယွဲ့ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်သွားတော့၏။
သူမအရှေ့ရှိ ဟင်းသုံးပွဲကို ကြည့်ရင်း၊ စောစောတုန်းက ခံစားခဲ့ရသော အရသာကို တွေးတောမိကာ သူမသည် ယဲ့ယီချက်သမျှ အကုန်စားပေးမည်ဟု ပြောခဲ့မိခြင်းကို အလွန်ပင် နောင်တရမိတော့သည်။
ဤအရာမျိုးကို မည်သူက စားနိုင်မည်နည်း။
ထို့အပြင် ယခုအခါမှ ယဲ့ယီ အစကတည်းက သူမကို တမင်သက်သက် ထောင်ချောက်ဆင်နေခဲ့ခြင်း ဖြစ်ကြောင်း ချန်ယွဲ့ သိသွားတော့၏။
သူမကို ဤဟင်းပွဲအားလုံးကို ကုန်အောင် စားမည်ဟူသော စကား ထွက်လာစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတိပြုမိတော့သည်။
သို့သော်လည်း သူမ ပြောခဲ့ပြီးပြီ ဖြစ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ပရိသတ်များအရှေ့တွင် အစားအစာများကို လေလွင့်အောင် မလုပ်နိုင်ချေ။
သို့သော် ဤအရာအားလုံးကို သူမတစ်ဦးတည်း ကုန်အောင် စားရမည်ဆိုပါက သူမ တကယ်ပင် သေသွားနိုင်သည်ဟု ခံစားနေရ၏။
ထို့ကြောင့် အရွက်ဟင်းတစ်ပွဲကို စုမန် ရှေ့သို့ တွန်းပို့လိုက်၏။
“နင်လည်း စောစောတုန်းက ယဲ့ယီ့ရဲ့ လက်ရာကို မြည်းကြည့်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဟင်းသီးဟင်းရွက် စားတာက ဝိတ်မတက်ဘူး ။ရော့”
ဟင်းအားလုံရကို စားရမည်ဆိုလျှင်ပင် သူမတစ်ဦးတည်း မဖြစ်သင့်ချေ။
စုမန်လည်း ထိုသို့ ပြောခဲ့သဖြင့် သူမတွင်လည်း တာဝန်ရှိ၏။
အခန်း(၁၈၆)
စုမန်၏ မျက်နှာမှာ သူမရှေ့ရှိ ဟင်းသီးဟင်းရွက်များကို ကြည့်ရင်း စိမ်းရာမှ ဖြူလျော်သွားတော့၏။
ချန်ယွဲ့ သူမကိုပါ စားခိုင်း လိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သို့သော် ယခုအခါ ချန်ယွဲ့သည် မည်သူ မည်ဝါ ဖြစ်သည်ကို ဂရုမစိုက်အားတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ဤဒုက္ခကို တစ်ဦးတည်း ခံစားရသည် မဟုတ်ပေ။
သူတို့နှစ်ဦးကို ကြည့်ရင်း ယဲ့ယီ၏ ရင်ထဲတွင် အလွန် လန်းဆန်းသွားတော့၏။
အမှန်လည်း ဤအစီအစဉ်က တော်တော်လေး ပျော်စရာကောင်းလှပါ၏။
အခြားသူများကမူ သူတို့နှစ်ဦးကို သနားကရုဏာ သန်းနေသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။သို့သော်လည်း မည်သူမျှ ကူညီရန် ဆန္ဒမရှိကြချေ။
ယဲ့ယီ ဟင်းပွဲ၏ အရသာမှာ တကယ်ကို ဖော်ပြရခက်လှသည်။
ယခုအခါမှ ယဲ့ယီ အဘယ်ကြောင့် အစကတည်းက သူတို့ကို ကူညီခိုင်းရသည်ကို သိရှိသွားကြတော့၏။
ဤသို့ခိုင်းခြင်းသည် ကူညီခိုင်းခြင်း မဟုတ်ဘဲ သူတို့ကို ကယ်တင်ပေးခြင်းသာ ဖြစ်နေသည်ကိုမူ မသိခဲ့ကြချေ။
တော်သေးသည်မှာ အခြားသူများကမူ ဟင်းကောင်းကောင်း ချက်တတ်ကြ၏။
ချန်ယွဲ့နှင့် စုမန် တို့မှလွဲ၍ လူတိုင်း ပျော်ရွှင်စွာ စားသောက်နိုင်ခဲ့ကြသည်။
အပျော်ရွှင်ဆုံးသူမှာမူ ယဲ့ယီ ဖြစ်လေ၏။
သူတို့ကသာ အစကတည်းက ပြဿနာမရှာခဲ့ပါက ယဲ့ယီလည်း သူတို့ကို ဒုက္ခပေးမည် မဟုတ်ပေ။
‘ ငါကို လာမစော်ကားရင် ငါကပြန်လုပ်စရာ အကြောင်းမရှိဘူး။လာစော်ကားလို့ကတော့ အဆတစ်ရာမက ပြန်လုပ်ပစ်မယ်’
ညစာစားပြီးနောက် အဖွဲ့ခွဲဝေသည့်အပိုင်းသို့ ရောက်ရှိလာတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။
[ငါ့ရဲ့ ဟောင်ချန်နဲ့ စိစိကတော့ တွဲကြမှာ သေချာတယ်! ]
[ဆုန့်ချယ်က ယဲ့ယီကို ရွေးမလား၊ ဒါမှမဟုတ် ချန်ယွဲ့ကို ရွေးမလား။အား ငါသိချင်နေပြီ]
[ယဲ့ယီပဲ ဖြစ်မှာပေါ့။ ဆုန့်ချယ်ရဲ့ သဘောထားက ဒီလောက်အထိ ထင်ရှားနေတာကို]
[ပြဿနာက ယဲ့ယီက ဆုန့်ချယ်နဲ့ မတွဲချင်တဲ့ ပုံစံပဲ။ သူ ဘယ်သူ့ကို ရွေးမလဲဆိုတာ ငါပိုသိချင်မိတယ် ]
[ရွေးရခက်မဲ့ ပုံစံပဲ ]
ယဲ့ယီလည်း မနက်ဖြန်တွင် မည်သူနှင့် တွဲရမည်ကို တွေးတောနေခဲ့သည်။
ဆုန့်ချယ် မဟုတ်သည်မှာ သေချာ၏။
သူသည် ကိုင်တွယ်ရ အလွန်ခက်ခဲသဖြင့် ချန်ယွဲ့ထံသို့သာ လွှဲပြောင်းပေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
သို့သော် အခြားအမျိုးသား နှစ်ယောက်နှင့်လည်း အလွန်မရင်းနှီးပေ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယဲ့ယီသည် ဝမ်ဝူကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်တော့၏။
ဝမ်ဝူမှာ အတော်လေး ရိုးသားဖြောင့်မတ်သူ ဖြစ်သဖြင့် ပြဿနာကင်းနိုင်မည်။
ရွေးချယ်မည့်သူကို ဆုံးဖြတ်ပြီးနောက် ယဲ့ယီသည် စုမန်ကို ထပ်မံ ကြည့်လိုက်မိပြန်သည်။
သူမသည် စုမန် မည်သူ့ကို ရွေးချယ်မည်ကိုလည်း တော်တော်လေး သိချင်မိ၏။
သို့သော်လည်း အဖွဲ့ဝင်များကို စတင်ရွေးချယ်ရမည့် အချိန်တွင် ဒါရိုက်တာက ယနေ့တွင် အဖွဲ့တွဲခြင်း ရှိမည်မဟုတ်ကြောင်း ရုတ်တရက် ကြေညာလိုက်တော့သည်။
“ဘာလို့လဲ”
ဒါရိုက်တာ၏ စကားကို ကြားလိုက်သည်နှင့် ချန်ယွဲ့ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့၏။
သူမ ဆုန့်ချယ်နှင့် တွဲချင်နေသည် မဟုတ်ပါလော။
ယနေ့တွင် အဖွဲ့မရွေးပါက သူမအနေဖြင့် ဆုန့်ချယ်နှင့် နီးစပ်အောင် မည်သို့ ပြုလုပ်နိုင်တော့မည်နည်း။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာလည်း ဝေခွဲမရ ဖြစ်ကုန်ကြတော့၏။
[ဘယ်လိုကြီးလဲ။ ဒီအပိုင်းက စည်းမျဉ်းတွေကို ပြောင်းလဲလိုက်တာလား ]
[ဒါရိုက်တာက ဘာတွေ ထပ်လုပ်ပြန်ပြီလဲ ]
[သူတို့ ပုံမှန်ဆိုရင် ဒီညမှာ အဖွဲ့ရွေးပြီး မနက်ဖြန်ကျရင် အတူတူ သွားရမှာ မဟုတ်ဘူးလား။ အခုက ဘာဖြစ်တာလဲ]
သူတို့ကို ဆက်လက်၍ စိတ်မပူစေရန် ဒါရိုက်တာက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးမှ ပြောလိုက်၏။
“မနက်ဖြန်ကျရင် ဧည့်သည်အသစ် နှစ်ယောက် ထပ်ရောက်လာမှာမလို့ပါ”
ယခုအခါ လူတိုင်းမှာ ဝေခွဲမရ ဖြစ်ကုန်ကြပြန်၏။
[အပိုင်းတိုင်းမှာ ဧည့်သည် ငါးတွဲပဲ ရှိတာ မဟုတ်ဘူးလား]
[အတည်ပေါက် ခန့်မှန်းရရင် ဒါရိုက်တာက ဥက္ကဌကုကို တကယ် ဖိတ်လိုက်တာလား]
[အိပ်မက်မက်မနေစမ်းပါနဲ့။ ဥက္ကဌကုရဲ့ အဆင့်အတန်းက ဘာမို့လို့ ဒီလို စုံတွဲ အစီအစဉ်မျိုးမှာ ပါရမှာလဲ]
[အဲလိုလည်း ပြောလို့မရပါဘူး။ ဥက္ကဌကုက အရင်တုန်းကလည်း ယဲ့ယီနဲ့အတူ အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား]
[တကယ်လို့ ဥက္ကဌကုသာ ဟုတ်ရင် ငါ ဒီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာပဲ တစ်သက်လုံး နေသွားတော့မယ်၊ ဟုတ်ပြီလား ]
[မျှော်လင့်နေပါတယ်]
ယဲ့ယီလည်း မနက်ဖြန် ရောက်လာမည့် ဧည့်သည်များကို အနည်းငယ် စိတ်ဝင်စားမိ၏။
သို့သော်လည်း ဘာကြောင့်ရယ်မသိဘဲ သူမ မကောင်းသော အငွေ့အသက်တစ်ခု ခံစားနေရသည်။
တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်သကဲ့သို့ ခံစားနေရခြင်း ဖြစ်၏။
ချန်ယွဲ့လည်း ဆူပူအော်ဟစ်ခြင်းကို ရပ်တန့်လိုက်ရသည်။
သူမလည်း မနက်ဖြန် မည်သူရောက်လာမည်ကို သိချင်နေခဲ့၏။ သူမသည် အမျိုးသားဧည့်သည်ကို စိတ်ဝင်စားခြင်း မဟုတ်ဘဲ အမျိုးသမီးဧည့်သည်ကိုသာ စိတ်ဝင်စားခြင်း ဖြစ်သည်။
ယဲ့ယီတစ်ယောက်တည်းနှင့်တင် အခြေအနေမှာ လုံလောက်နေပြီ ဖြစ်သဖြင့် နောက်ထပ် ပြိုင်ဘက်တစ်ယောက် ထပ်မံရောက်ရှိလာပါက သူမအနေဖြင့် ဆုန့်ချယ်ကို သိမ်းပိုက်နိုင်မည့် အခွင့်အရေးမှာ ပိုမိုနည်းပါးသွားလိမ့်မည်။
အခြားသူများလည်း ထပ်တူပင် တွေးတောနေကြသည်။
လူဦးရေ ပိုမိုများပြားလာခြင်းက ရွေးချယ်စရာ ပိုမိုများပြားလာသည်ကို ဆိုလိုသော်လည်း ပြိုင်ဆိုင်မှုကလည်း ပိုမိုပြင်းထန်လာလိမ့်မည်။
လူတိုင်းတွင် ကိုယ်ပိုင်အကွက်များ ရှိနေကြလေပြီ။
၂၄ နာရီပတ်လုံး တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သောကြောင့် လူတိုင်း ညစာစားပြီးသည်နှင့် ကိုယ့်အခန်းထဲသို့ ချက်ချင်း မပြန်နိုင်ကြဘဲ ကင်မရာရှေ့တွင် အချိန်အနည်းငယ် ဆက်လက် ရှိနေရဦးမည်။
ဧည့်သည်များ၏ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုကို အာမခံရန်အတွက် အခန်းများထဲတွင် ကင်မရာများ တပ်ဆင်ထားခြင်း မရှိချေ။
တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့ အခန်းထဲ ဝင်သွားသည်နှင့် ကင်မရာရှေ့တွင် ပေါ်လာမည် မဟုတ်ပေ။
ဤအစီအစဉ်တွင် ပါဝင်သူတိုင်းသည် လူသိရှင်ကြား သိစေချင်သည့်အတွက် လာရောက်ကြခြင်း ဖြစ်သဖြင့် မည်သူက စောစောစီးစီး ထွက်ခွါသွားချင်ပါမည်နည်း။
အခြားသူများ မပြန်ကြသေးသဖြင့် ယဲ့ယီလည်း သူမ အခန်းသို့ မပြန်နိုင်သေးပေ။
ထို့ကြောင့် လူစုသည် ဧည့်ခန်းထဲတွင် ဆက်လက်၍ စကားပြောနေကြတော့သည်။
အခြားသော ဧည့်သည်များမှာ အချင်းချင်း ရင်းနှီးအောင် လုပ်နေကြသော်လည်း ယဲ့ယီကမူ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ငိုက်နေခဲ့၏။
ဆုန့်ချယ် အဘယ်ကြောင့် သူမကို လာရောက် မနှောင့်ယှက်သနည်း။
သူ ချန်ယွဲ့၏ ဆွဲထားခြင်းကို ခံနေရခြင်းကြောင့် ဖြစ်၏။ချန်ယွဲ့သည် ဆုန့်ချယ်နှင့် စကားပြောနိုင်ရန် အကြောင်းအရာ မျိုးစုံကို အစဉ်မပြတ် ရှာဖွေနေခဲ့၏။
ဆုန့်ချယ် အလွန်ပင် စိတ်ပျက်နေသော အမူအရာ ပြသနေသည့်တိုင်အောင် သူမက ဆက်လက်၍ စကားပြောနေခဲ့သည်။
မှတ်ချက်များထဲက ပရိသတ်များမှာမူ ဆက်၍ မကြည့်နိုင်တော့ချေ။
[ငါ အများကြီး မပြောချင်ပေမဲ့ ချန်ယွဲ့က တကယ့်ကို အတင်းတွယ်ကပ်နေတာပဲ။ ဆုန့်ချယ် သူ့ကို စကားမပြောချင်တာကို သူ မမြင်ဘူးလား]
[ကျွတ် ကျွတ် ကျွတ် ... မိန်းကလေးတစ်ယောက် ဖြစ်ပြီးတော့ နည်းနည်းလောက်တောင် အိန္ဒြေမရှိဘူးလား]
[ချန်ယွဲ့က ဆုန့်ချယ်ရဲ့ ပိုက်ဆံကိုပဲ ကြည့်နေတာလို့ ငါထင်တယ်။ သူ့ ရည်ရွယ်ချက်က အသိသာကြီးပါအေ]
[ဘယ်သူက မမြင်ဘဲ နေမှာလဲ။ သူ့ရဲ့ လှည့်ကွက်သေးသေးလေးတွေက သူ့မျက်နှာပေါ်မှာ အထင်းသား ပေါ်နေတာ]
[ငါ တကယ်ကို နားမလည်နိုင်တော့ဘူး။ သူက လူရှုပ်တစ်ယောက်လေ၊ ဘာကို သဘောကျနေတာလဲ]
[လူရှုပ် ဖြစ်တော့ ဘာဖြစ်လဲ။ သူက ချမ်းသာတာပဲလေ။ တကယ်တော့ ချန်ယွဲ့ လုပ်နေတာ မမှားဘူးလို့ ငါထင်တယ်။ သူဌေးသားကိုဘယ်သူက မကြိုက်ဘဲ နေမှာလဲ]
လူစုသည် ညဉ့်နက်သည်အထိ စကားပြောဆိုကြပြီးမှ နောက်ဆုံးတွင် အနားယူရန် အခန်းသို့ ပြန်ရန် ပြင်ဆင်ကြတော့သည်။
အခန်းထဲ ပြန်ရောက်ပြီးနောက် ယဲ့ယီ ခေါင်း နှင့် ခေါင်းအုံး ထိလိုက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားတော့၏။
မနက်ဖြန်တွင်မူ...
လူတိုင်း အလွန်စောစီးစွာ ထကြပြီး မနက်စာကို အတူတူ ပြင်ဆင်ကြလေသည်။
သို့သော်လည်း ယခင်က အတွေ့အကြုံကြောင့် ယခုတစ်ကြိမ်တွင် မည်သူမျှ ယဲ့ယီ့ကို လက်ဖျားနှင့်ပင် မခိုင်းရဲကြတော့ချေ။
ယဲ့ယီလည်း အားနေရသည်ကို ဝမ်းမြောက်မိသဖြင့် ဘေးနားတွင် အလိုက်သင့် ထိုင်ကာ အနားယူနေခဲ့သည်။
သူမ ရံဖန်ရံခါတွင် အဝေးသို့ လှမ်းကြည့်လိုက်မိ၏။
ယနေ့ ရောက်ရှိလာမည့် ဧည့်သည်အသစ်များကို သူမတော်တော်လေး စိတ်ဝင်စားမိသည်။
မနက်စာ အဆင်သင့် ဖြစ်သည်နှင့် ရိုက်ကူးရေးအဖွဲ့က ဧည့်သည်များကို သွားရောက်ခေါ်ဆောင်ရန် စေလွှတ်ထားသော ကားမှာ ဆိုက်ရောက်လာတော့၏။
လူတိုင်း လှမ်းကြည့်လိုက်ကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ပရိသတ်များလည်း အလွန်ပင် စိတ်ဝင်စားနေကြ၏။
ကားတံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာတော့သည်။
ထိုလူ၏ မျက်နှာကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြတော့၏။
မှတ်ချက်များမှာ သုံးစက္ကန့်မျှ တိတ်ဆိတ် သွားခဲ့သည်။ ထို့နောက် နောက်တစ်စက္ကန့်တွင်မူ မှတ်ချက်များဖြင့် ပြည့်နှက်သွားတော့၏။
[ဟာ! ဟာ! ဟာ! ]
[အမလေး ဘုရားရေ... ကုရှီချန်း ပါလား!!! ]
[ဒါရိုက်တာကြီး... ရှင်ကတော့ ကျွန်မရဲ့ အရှင်သခင်ပဲ!!! ]
[ဘုရားရေ... ငါ အမြင်မှားနေတာလား။ ကုရှီချန်းကို တကယ် မြင်လိုက်ရတာလား!!! ]
[ဒါရိုက်တာကြီးကို ကြက်ပေါင် ကျွေးရမယ်!! ]
[အမလေး... ဒါ ဘာလို နတ်ဘုရား ရိုက်ကူးရေးအဖွဲ့မျိုးလဲ။ ကုရှီချန်းကိုတောင် ဖိတ်နိုင်ရတယ်လို့]
ထိုလူသစ်ကို မြင်လိုက်သောအခါ ယဲ့ယီ သူမ၏ ကျောရိုးထဲမှ ရုတ်တရက် စိမ့်ခနဲ ခံစားလိုက်ရ၏။ ထို့နောက် အားနာပါးနာဖြင့် ဟန်ဆောင်ပြုံးလိုက်ရတော့၏။
သို့သော်လည်း ကုရှီချန်း ကားပေါ်က ဆင်းပြီးနောက် အနောက်တွင် အခြားကားတစ်စီး ထပ်မံ လိုက်ပါလာခဲ့သည်။
ထင်ရှားလှပါ၏။ ထိုအရာမှာ အခြားအမျိုးသမီး ဧည့်သည် ဖြစ်ပေလိမ့်မည်။
ကုရှီချန်း အရင်ဆုံး ပေါ်ထွက်လာခြင်း ဖြစ်သောကြောင့် လူတိုင်းသည် နောက်ထပ် ရောက်ရှိလာမည့် အမျိုးသမီးဧည့်သည်ကို အလွန်အမင်း စိတ်မဝင်စားကြတော့ပေ။