← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း(၁၈၇)

သို့သော် ထိုအမျိုးသမီးဧည့်သည်၏ မျက်နှာကို မြင်လိုက်ရသောအခါ လူတိုင်း ဆွံ့အသွားရပြန်သည်။

ဤအမျိုးသမီးမှာ ဖျော်ဖြေရေးလောကမှ လူတစ်ဦး ဟုတ်ပုံ မရချေ။

ထိုမျက်နှာကို မြင်လိုက်ရုံမျှဖြင့် ယဲ့ယီ့၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

ထို့နောက် ကုရှီချန်းထံသို့ ကြည့်လိုက်သော သူမ၏ အကြည့်များတွင်မူ လူသတ်ချင်စိတ်များ ပြည့်နှက်နေတော့သည်။

‘ဒီခွေးသတောင်းစားကတော့ ဘာလို့ သူ့ကိုပါ ခေါ်လာရတာတုန်း’

[ဒီအစ်မက ဘယ်သူလဲ။ ငါ တစ်ခါမှ မမြင်ဖူးပါဘူး ]

[သူက ဒီဖျော်ဖြေရေးလောကထဲက လူမဟုတ်လောက်ဘူး၊ အခြားက ဖြစ်ရမယ် ]

[ဒီအစ်မကို ကြည့်ရတာ ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ။ သူက အလှူပွဲတုန်းက သန်းတစ်ရာ လှူဒါန်းခဲ့တဲ့ အမျိုးသမီး ဥက္ကဌမဟုတ်ဘူးလား ]

[အား... အမျိုးသမီး ဥက္ကဌပါလား! ငါ သူ့ကိုကြိုက်တယ်]

[ဒီအစ်မက ဘယ်သူ့အတွက် လာခဲ့တာလဲ မသိဘူး ]

[ရိုက်ကူးရေးအဖွဲ့က တကယ့်ကို အံ့ဩစရာကောင်းတယ်။ ဒီတစ်ခေါက်တော့ လူကြီးလူကောင်း နှစ်ယောက်ကို ဖိတ်ခေါ်နိုင်ခဲ့တာပဲ]

ဟူတ်ပါ၏။ အမျိုးသမီးဧည့်သည်မှာ ရူသိုက်ဝိန် ဖြစ်သည်။

ကုရှီချန်း ယဲ့ယီ့၏ အကြည့်ကို မြင်သောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။

သူမသည် သူ၏ နောက်ကွယ်တွင် ရည်းစားရှာပေးသည့် အစီအစဉ်သို့ လာခဲ့၏။ ယခုအခါတွင်မူ သူ့ကို မထီမဲ့မြင် လုပ်နိုင်သေးလေသည်။

ကုရှီချန်း၏ မျက်နှာထားလည်း မကောင်းတော့ချေ။

ယဲ့ယီလည်း ကုရှီချန်း၏ ဆိုးဝါးလှသော မျက်နှာထားကို မြင်သောအခါ ဒေါသမှာ ပိုမိုမြင့်တက်လာတော့သည်။

‘ဒီခွေးကောင်က သူ့ရဲ့ ငယ်သူငယ်ချင်းကို ဒီအစီအစဉ်ကို ခေါ်ရဲသေးတယ်ပေါ့။သူကများ ငါ့ကို မထီမဲ့မြင် လုပ်ရတယ်လို့။ဘယ်လို မျက်နှာကြီးလဲ’

သူတို့နှစ်ဦးလုံးတွင် မကောင်းသော မျက်နှာထားများ ရှိနေကြသဖြင့် အင်တာနက်အသုံးပြုသူများအတွက် ခန့်မှန်းရမည့် အကွက်များ ဖြစ်လာတော့၏။

[ကြည့်စမ်း... ယဲ့ယီက ဥက္ကဌကုကို မြင်တာနဲ့ မျက်နှာက ချက်ချင်း ပြောင်းသွားတာ။ ဒီနှစ်ယောက်ကြားထဲမှာ တစ်ခုခု ရှိနေတာ သေချာတယ်]

[ဥက္ကဋ္ဌကုကလည်း ယဲ့ယီကို မြင်တော့ မျက်နှာက မကောင်းဘူး။ နှစ်ယောက်က ရန်ဖြစ်ထားကြတာ နေမှာ]

[အား... ငါအားပေးနေတဲ့ စုံတွဲက ဒီလိုပဲ လမ်းခွဲကြတော့မှာလား]

[ငါ ယဲ့ယီ့အတွက် ရှက်မိတယ်။ ဥက္ကဌကုက စုမန်အတွက် လာခဲ့တာ အသိသာကြီးပဲကို]

လူတိုင်း ချက်ချင်းပင် ရှေ့တိုးကာ ကုရှီချန်းကို နှုတ်ဆက်ကြ၏။ ယဲ့ယီ လည်း သဘာဝကျကျပင် ရှေ့တိုးလာပြီး အေးစက်လှသော လေသံဖြင့် မဆိုင်းမတွ ဆိုလိုက်လေ၏။

“ဥက္ကဌကြီး ကုကပါ ဒီလိုအစီအစဉ်မှာ ပါလာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး”

ကုရှီချန်းလည်း ယဲ့ယီ့၏ သဘောထားကို အနည်းငယ် မကျေမနပ် ဖြစ်မိသည်။

သူသည် သူမအတွက် သက်သက်မဲ့ လာခဲ့ခြင်း ဖြစ်သော်လည်း သူမကမူ သူ့ကို မျက်နှာ ရှစ်ခေါက်ချိုး လုပ်ပြနေ၏။

ကုရှီချန်း စိတ်ထဲတွင် မတရားသကဲ့သို့ ခံစားရသော်လည်း သူ ထုတ်မပြောခဲ့ပေ။

သူ ယဲ့ယီ့ထံသို့ မကျေမနပ် ဖြစ်နေသော အကြည့်မျိုးသာ ပြသလိုက်သည်။

သို့သော်လည်း ဤအကြည့်ကို ယဲ့ယီ့ကမူ စိန်ခေါ်မှုတစ်ခုအဖြစ် အဓိပ္ပာယ်ကောက်ယူလိုက်လေ၏။

သူမ၏ ဒေါသမှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

‘ လမ်းခွဲမယ်! သေချာပေါက် လမ်းခွဲမယ်! ‘

စုမန်က ရှေ့တိုးလာပြီး ကုရှီချန်းကို အလွန်ပင် စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်၏။

“ရှီချန်း... နင်လည်း ဒီကို ဘာလို့ ရောက်နေတာလဲ”

[ကြည့်စမ်း... ကြည့်စမ်း... ဥက္ကဌကုက စုမန်အတွက် လာခဲ့တာ သေချာတယ်။ ယဲ့ယီကတော့ လူရွှင်တော်တစ်ယောက်လိုပဲ]

[စုမန်ရဲ့ လေသံကို ကြည့်ရင် သူတို့ဆက်ဆံရေးက သာမန်မဟုတ်တာ သေချာတယ်]

[အဓိပ္ပာယ်မရှိတာ။ သူတို့မှာ ကလေးတစ်ယောက်တောင် ရှိနေတာပဲဥစ္စာ၊ ဆက်ဆံရေးက ဘယ်လိုလုပ် သာမန် ဖြစ်နိုင်မှာလဲ ]

[ဒါပေမဲ့ ကုရှီချန်းရဲ့ မျက်ဝန်းတွေက မပျော်ဘူးလို့ ပြောနေတယ်]

[နင်တို့က ဘာသိလဲ။ စုမန်က ဥက္ကဌကုကို စိတ်ဆိုးအောင် လုပ်ဖို့အတွက် ဒီအစီအစဉ်ကို ခိုး လာခဲ့တာ ဖြစ်ရမယ်၊ ပြီးတော့ ဥက္ကဌကုကလည်း သူ့မိန်းမကို ပြန်သိမ်းပိုက်ဖို့အတွက် သက်သက်မဲ့ လာခဲ့တာ ဖြစ်မှာပေါ့ ]

[ဝတ္ထုထဲက အကွက်တွေကို အပြင်မှာ တကယ် မြင်ရလိမ့်မယ်လို့ ငါမထင်ထားမိဘူး]

ကုရှီချန်းသည် စုမန် ထံသို့ အဓိပ္ပာယ်ပြည့်ဝသော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

သို့သော် ယဲ့ယီ့၏ ရှုထောင့်ကနေ ကြည့်လျှင်မူ ကုရှီချန်းသည် စုမန် ထံသို့ ကြင်နာလှသော အကြည့်မျိုးဖြင့် ပြသနေသကဲ့သို့ ဖြစ်နေတော့၏။

ယဲ့ယီ သွေးတိုးလာသကဲ့သို့ ခံစားလိုက်ရ၏။

[ဟွန့်... တကယ်ကို မျက်နှာပြောင်တိုက်လွန်းတယ် ]

ကုရှီချန်း: ???

ဘာကြောင့် ယဲ့ယီက သူ့ကို စိတ်ထဲကနေ ကျိန်ဆဲနေသည်ဟု ခံစားနေရသနည်း။

နောက်တစ်စက္ကန့်တွင်မူ ကုရှီချန်းသည် ယဲ့ယီ သူ့ကို ကျိန်ဆဲနေခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်သွားတော့သည်။

[ရှင့်ရဲ့ ညီအစ်ကိုကောင်းက မြေကြီးအောက်ကနေ တက်လာပြီး ရှင်နဲ့ စာရင်းလာရှင်းမှာကို မကြောက်ဘူးလား။ ရှင့်အနောက်မှာလည်း ငယ်သူချင်းက လိုက်လာသေးတယ်။ တစ်ပြိုင်နက်တည်း နှစ်ယောက်လုံးကို သိမ်းပိုက်ဖို့ ကြံစည်နေတာကိုး…. ရှင်က တကယ်ကို ပလေးဘွိုင်းကြီးပဲ]

ယဲ့ယီ့၏ စိတ်ထဲမှ အတွေးများကို ကြားရမှသာ ကုရှီချန်း အနောက်သို့ လှည့်ကြည့်လိုက်တော့၏။

ထိုအချိန်မှသာ သူ ရူသိုက်ဝိန် နှင့် မလှမ်းမကမ်းတွင် ရပ်နေသည်ကို သတိပြုမိတော့သည်။

ကုရှီချန်းသည် ယခုအခါမှ ယဲ့ယီ ဘာကြောင့် သူ့ကို မျက်နှာဆိုးကြီး ပြသနေသည်ကို နားလည်သွားတော့၏။

သူလည်း ယနေ့ အခြားအမျိုးသမီးဧည့်သည်မှာ ရူသိုက်ဝိန် ဖြစ်မှန်း လုံးဝ မသိရှိခဲ့ချေ။

စုမန် ကုရှီချန်းကို ကျော်ဖြတ်ကာ ရှေ့တိုးလာပြီး ရူသိုက်ဝိန်ကို စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လိုက်၏။

“သိုက်ဝိန်... မတွေ့ရတာ ကြာပြီနော်”

ရူသိုက်ဝိန်ကလည်း ပြုံးပြလိုက်၏။

“မန်မန် ...”

မှတ်ချက်များ

[ဟင်... ဒီနှစ်ယောက်က တကယ် သိနေကြတာလား]

[အမလေး ဘုရားရေ... ဒါဆို ဒီအပိုင်းက လူဟောင်းတွေ ပြန်ဆုံတဲ့ ပွဲကြီးပေါ့]

[အခု စုမန်မှာ ရူသိုက်ဝိန်ရဲ့ ကျောထောက်နောက်ခံ ရှိနေပြီဆိုတော့ ယဲ့ယီကတော့ ရှုံးဖို့ ကံပါလာပြီ ထင်တယ်]

[သူက ကုမိသားစုရဲ့ ဇနီးကတော်အဖြစ် တစ်ချိန်က နေရာယူခဲ့ဖူးတာပဲ ]

ရူသိုက်ဝိန်အပေါ် ထားရှိသည့် စုမန်၏ သဘောထားကို မြင်မှသာ ကုရှီချန်းသည် စုမန် အဘယ်ကြောင့် နိုင်ငံထဲသို့ ရုတ်တရက် ပြန်လာခဲ့သည်ကို နားလည်သွားတော့၏။

အရာအားလုံးမှာ ရူသိုက်ဝိန်၏ လက်ချက် ဖြစ်ပုံရ၏။

သို့သော်လည်း ယခုမှသာ ရူသိုက်ဝိန်နှင့် စုမန်တို့ ခင်ကြခြင်းဖြစ်ကြောင်း ကုရှီချန်း သိရခြင်း ဖြစ်၏။

သူတို့သည် စုမန် နိုင်ငံခြားသို့ သွားရောက်ပြီးနောက်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ရမည်။

စုမန် သွားရောက်ခဲ့သည့် နိုင်ငံမှာ ရူသိုက်ဝိန် အခြေချခဲ့သည့် နေရာ ဖြစ်လေ၏။

ကုရှီချန်းနှင့် ရူသိုက်ဝိန်တို့ ရောက်ရှိလာချိန်မှာ မနက်စာ စားသုံးရမည့် အချိန်နှင့် အချိန်ကိုက် ဖြစ်နေလေတော့၏။

လူအုပ်ကြီးသည် တစ်နေရာတည်းတွင် ဝိုင်းဖွဲ့ကာ မနက်စာ စားသုံးရန် ပြင်ဆင်ကြ၏။

“ဥက္ကဌကုနဲ့ မိန်းကလေးရူတို့က ဒီအစီအစဉ်ကို အသုံးချပြီးတော့ သူတို့ဆက်ဆံရေးကို ကြေညာဖို့ စီစဉ်နေကြတာလားမသိဘူး”

ဆုန့်ချယ် နောက်ပြောင်သော လေသံဖြင့် ဆိုလိုက်သည်။

ရူသိုက်ဝိန် ကုရှီချန်းကို သဘောကျကြောင်း သူတို့၏ အသိုင်းအဝိုင်းထဲမှ လူတိုင်းသိကြ၏။ ထို့ကြောင့် ဆုန့်ချယ်လည်း ထိုအကြောင်းကို အလိုလို သိနေ၏။

ထို့အပြင် ရူသိုက်ဝိန်သည် ကုရှီချန်းနှင့်အတူ ရောက်လာခြင်း ဖြစ်သောကြောင့် သူတို့နှစ်ဦး တွဲနေကြပြီဟု စိတ်ထဲမှ အလိုလို ထင်မှတ်လိုက်တော့၏။

ခွမ်း!

ကြမ်းပြင်ပေါ်သို့ ဖန်ခွက်တစ်ခွက် ရုတ်တရက် ကျကွဲသွားတော့သည်။

လူတိုင်း အသံလာရာ အရပ်သို့ လှမ်းကြည့်လိုက်ကြ၏။

ထိုအခါမှသာ ထိုသူမှာ ယဲ့ယီ ဖြစ်ကြောင်း သတိပြုမိကြတော့၏။

ယဲ့ယီကမူ အလွန်တည်ငြိမ်စွာ ခွက်ကို ကောက်ယူလိုက်ပြီး ပြောသည်။

“တောင်းပန်ပါတယ်... ကျွန်မ လက်ချော်သွားလို့ပါ”

လူတိုင်း အထူးတလည် ဂရုစိုက်မနေဘဲ သူမ တကယ်ပင် လက်ချော်သွားခြင်း ဖြစ်သည်ဟု ယူဆလိုက်ကြ၏။

သို့သော်လည်း ကုရှီချန်းတစ်ယောက်သာ ယခုအချိန်တွင် ယဲ့ယီ့ နှလုံးသားမှာ မည်မျှအထိ ဒေါသထွက်နေသည်ကို သိရှိနေခဲ့၏။

[လူရှုပ်ကောင်! သေရမယ်။ လူရှုပ်ကောင်! လမ်းခွဲမယ်! ရှင်နဲ့ လမ်းခွဲမယ်! အဲဒီအချိန်တုန်းက ရှင့်ကို ဒီလောက် လွယ်လွယ်လေး သဘောတူခဲ့မိတာ ကျွန်မမှားတာပဲ။တကယ့်ကို မျက်စိကန်းခဲ့တာ]

ရူသိုက်ဝိန် ကုရှီချန်းထံသို့ ရှက်ကိုးရှက်ကန်း ကြည့်လိုက်၏။

ဤသည်မှာ စကားတစ်ခွန်းမှ မဟဘဲ အရာအားလုံးကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသကဲ့သို့ ဖြစ်နေတော့၏။

တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များလည်း ထပ်မံ၍ ဆူပူ ဆွေးနွေးလာကြပြန်၏။

[အေးပါကွာ ... သူတို့ ဆက်ဆံရေးကြီးက ရှုပ်ထွေးလိုက်တာ]

[ဒါဆို ဥက္ကဌကုက ရူသိုက်ဝိန်အတွက် ဒီအစီအစဉ်ကို ပါတာပေါ့။ ပြီးတော့ ရူသိုက်ဝိန်နဲ့ စုမန်ကလည်း သူငယ်ချင်းကောင်းတွေ ဖြစ်နေသေးတယ်။ ချမ်းသာတဲ့ မိသားစုတွေကြားမှာ အချစ်ကို အလှည့်ကျ ကစားတာက ခေတ်စားနေတာလား]

[နောက်ဆုံးရသတင်း - ရူသိုက်ဝိန်နဲ့ ကုရှီချန်းက ငယ်သူငယ်ချင်းတွေတဲ့!!! ]

[ဟာ!!! ]

[ဒီနေ့တော့ ငါ ဖရဲသီးခင်းထဲက တောဝက်တစ်ကောင်လိုပဲ၊ အတင်းအဖျင်း သတင်းတွေက တော်တော်လေး များလွန်းတယ်။ အကုန်လုံးကို မဖတ်နိုင်တော့ဘူး၊ တကယ်ကို မဖတ်နိုင်တော့ဘူး ]

[ဒါရိုက်တာကြီးကို နောက်ထပ် ကြက်ပေါင်တစ်ကင် ထပ်တိုးပေးရမယ်။ ဒီဇာတ်လမ်းကိုဝတ္ထုရေးလို့ရလောက်တယ်။အရမ်းကို ရှုပ်ထွေးလွန်းတယ် ]

[ဒါရိုက်တာကြီး... ရှင် ကျွန်မကို မပြောပြရသေးတာ ရှိသေးလား]

ဒါရိုက်တာ မှတ်ချက်များကို ကြည့်ရင်း သက်ပြင်းချမိတော့သည်။

သူလည်း ရူသိုက်ဝိန်နှင့် ကုရှီချန်းတို့ကြားတွင် ဤကဲ့သို့ ဆက်သွယ်မှု ရှိနေလိမ့်မည်ဟု အမှန်ပင် မသိခဲ့ချေ။

သူ ရူသိုက်ဝိန်ကို အစီအစဉ်တွင် ပါဝင်ရန် သဘောတူခဲ့ခြင်းမှာ သူမကိုယ်တိုင် လာရောက်တောင်းဆိုခဲ့ခြင်းကြောင့် ဖြစ်၏။

ကုရှီချန်း ပါဝင်လာသည့်အတွက် အမျိုးသမီးဧည့်သည် တစ်ဦး လိုအပ်နေချိန်နှင့် တိုင်ဆိုင်နေခဲ့လေသည်။

ထို့အပြင် ရူသိုက်ဝိန်သည် ယခင်အလှူပွဲတုန်းကလည်း လူသိရှင်ကြား ရှိခဲ့သူ ဖြစ်ပြီး သူမသည် ဤအစီအစဉ်ထဲသို့ ငွေကြေးအချို့ပါ ရင်းနှီးမြှုပ်နှံခဲ့သဖြင့် သူ သဘောတူခဲ့ခြင်း ဖြစ်၏။

သို့သော် ဒါရိုက်တာကိုယ်တိုင်လည်း ကုရှီချန်းနှင့် ရူသိုက်ဝိန်တို့ တကယ်ပဲ တွဲမတွဲကို တော်တော်လေး စိတ်ဝင်စားမိသည်။

“ကျွန်တော် သူနဲ့ဘာမှ မပက်သက်ဘူး”

အခန်း(၁၈၈)

ကုရှီချန်း လူတိုင်း၏ စူးစမ်းလှသော အကြည့်များအောက်တွင် အေးစက်စွာ ထုတ်ပြောလိုက်တော့၏။

ချက်ချင်းပင် အခန်းတွင်းရှိ လေထုမှာ တိတ်ဆိတ်သွားတော့သည်။

အစားအစာများကိုသာ အာရုံစိုက်ကာ အတည်ပေါက် စားသုံးနေသည့် ယဲ့ယီမှလွဲ၍ ဖြစ်၏။ သူမ မည်သည့်အရာကိုမျှ ဂရုမစိုက်သကဲ့သို့ ပုံစံမျိုး ဖြစ်နေသော်လည်း သူမ၏ စိတ်ထဲက အတွေးများမှာမူ အလွန်ပင် လှုပ်ရှားနေခဲ့၏။

[ကျွန်မ မယုံပါဘူး။ ရှင်တို့ အတူတူ လာခဲ့ကြတာကို ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ။ ဟူးးးး ... ငါကိုယ်တိုင်က လှေနံနှစ်ဖက်နင်းခံရမဲ့နေ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဝမ်းနည်းစရာပဲ၊ နှလုံးသားလေးတော့ ကွဲပါပြီ]

ကုရှီချန်း : “...”

ယဲ့ယီ ဆက်လက်၍ အတွေးလွန်မနေစေရန်အတွက် ကုရှီချန်းသည် သူ့ရည်ရွယ်ချက်ကို ဆက်လက်ဖုံးကွယ်မထားတော့ဘဲ ပြောလိုက်တော့၏။

“ကျွန်တော် ဒီအစီအစဉ်ကို ပါဝင်ရတာက ယဲ့ယီ့အတွက် ပါ ”

အခန်းတွင်းရှိ လေထုမှာ ချက်ချင်းပင် ထပ်မံ၍ တိတ်ဆိတ်သွားရပြန်သည်။

[ဟာ! ဟာ! ငါအားပေးနေတဲ့ စုံတွဲက အစစ်အမှန်ကြီး ဖြစ်နေပါလား!!! ]

[ငါ နားကြားမှားတာလား။ သူ ယဲ့ယီ့အတွက် ဒီအစီအစဉ်ကို ပါဝင်လာခဲ့တာလို့ ပြောလိုက်တာလား ]

[ငါအားပေးနေတဲ့ စုံတွဲက အတည်တွဲ နေတယ် ဆိုတာ ငါသိသားပဲ။ ငါ့ရဲ့ ဥက္ကဌကုက ဘယ်လိုလုပ် လှေနံနှစ်ဖက်နင်းမှာလဲ။ သူ သဘောကျတဲ့သူက ငါ့ရဲ့ ယဲ့ပေါင်တစ်ယောက်တည်းပဲ ရှိတာ! ]

[ဒီလို ပြောင်းလဲသွားတာက တကယ့်ကို မထင်မှတ် စရာပဲ။ ဒါဆို အခုက ဘာအခြေအနေကြီးလဲ]

လူတိုင်း ယဲ့ယီ့ထံသို့ လှမ်းကြည့်လိုက်ကြရာ အချို့က အားကျမှုများ၊ အချို့ကမူ မနာလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေကြတော့သည်။

ယဲ့ယီ ချောင်းတစ်ချက် ဟန့်လိုက်၏။

“ရှင်တို့ မစားကြဘူးဆိုရင် မနက်စာတွေ အကုန်အေးကုန်တော့မယ်”

ယခုအချိန်တွင် အစားအစာများ အေးစက်သွားမည့် အချက်ကို မည်သူကများ ဂရုစိုက်အားတော့မည်နည်း။

သို့သော်လည်း ယဲ့ယီ ထိုသို့ပြောဆိုလိုက်သဖြင့် သူတို့လည်း ခေါင်းငုံ့ကာ မနက်စာကို ဆက်လက်စားသုံးလိုက်ကြရတော့သည်။

မည်သို့ပင်ဆိုစေကာမူ အစားအစာများကို လေလွင့်အောင် မလုပ်နိုင်ချေ။

ထိုအချိန်အတောအတွင်း ကုရှီချန်းသည် ယဲ့ယီ့ကို စိုက်ကြည့်နေခဲ့၏။ သူမ ယခုအချိန်တွင် ဘာတွေးနေသည်ကို တော်တော်လေး သိချင်မိသည်။

[အနည်းဆုံးတော့ သူ့မှာ အသိစိတ် နည်းနည်းရှိသေးတာပဲ၊ ဒါပေမဲ့ ငါ သူ့ကို ဒီလောက်အလွယ်လွယ်လေး ခွင့်လွှတ်လိမ့်မယ်လို့တော့ မထင်နဲ့]

ကုရှီချန်း စိတ်ထဲမှ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်မိတော့၏။

မိန်းကလေးတစ်ယောက်ကို ချော့ရသည်မှာ စီးပွားရေး ဆွေးနွေးပွဲတစ်ခု လုပ်ဆောင်ရသည်ထက်ပင် ပိုမိုမောပန်းလှသည်။

ချန်ယွဲ့ ယဲ့ယီ့ထံသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် မထိန်းချုပ်နိုင်သော မနာလိုမှုများ ပြည့်နှက်နေတော့သည်။

ကုရှီချန်း ရှိနေသရွှေ့ ယဲ့ယီသည် သူမနှင့် ပြိုင်၍ ဆုန့်ချယ်ကို လုယူမည် မဟုတ်ပေ။

သို့သော်လည်း ဆုန့်ချယ် ဆယ်ယောက်ပေါင်းလျှင်ပင် ကုရှီချန်း တစ်ယောက်ကို မယှဉ်နိုင်ချေ။

သူမအနေဖြင့် ကုရှီချန်းကိုသာ ပိုင်ဆိုင်နိုင်ပါက မည်သူကများ ဆုန့်ချယ်ကို ဂရုစိုက်အားတော့မည်နည်း။

ချန်ယွဲ့မှာမူ မနာလိုမှုများကြောင့် ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။

‘ဘာလို့ ယဲ့ယီက ဒီလောက်အထိ ကံကောင်းနေရတာလဲ၊မတရားဘူး’

မနက်စာစားပြီးနောက် ရိုက်ကူးရေးအဖွဲ့သည် နောက်ဆုံးတွင် ယနေ့အတွက် လှုပ်ရှားမှုအချို့ကို စီစဉ်ပေးလိုက်တော့သည်။

ထို့အပြင် ယနေ့၏ လှုပ်ရှားမှုများမှာလည်း အသင်းလိုက် လှုပ်ရှားမှုများသာ ဖြစ်၏။

အခြားသော အကြောင်းရင်းကြောင့် မဟုတ်ဘဲ ဒါရိုက်တာသည် ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ကို ကျပန်းအလိုက် အဖွဲ့ခွဲပေးရန် မရဲချေ။ သူတို့၏ ဆက်ဆံရေးများမှာ အလွန်ပင် ရှုပ်ထွေးလွန်းလှသည်။

ရိုက်ကူးရေးအဖွဲ့သည် သူတို့ကို ကမ်းခြေသို့ သွားရန် စီစဉ်ပေးလိုက်၏။

အချစ်အငွေ့အသက်တို့သည် ဂန္တဝင်ဆန်လှသော ကမ်းခြေတွင် အလွယ်ကူဆုံး စတင် ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလော။

မှတ်ချက်များထဲက ပရိသတ်များကလည်း ရွေးချယ်လိုက်သော နေရာအပေါ် အလွန်ပင် စိတ်ကျေနပ်နေကြလေ၏။

[ဒါရိုက်တာကြီးက နောက်ဆုံးတော့လည်း ပိုက်ဆံသုံးပြီပေါ့။ ကမ်းခြေ သွားမယ်ဆိုတော့ ဥက္ကဌကုရဲ့ ဗိုက်က ကြွက်သား တွေကို မြင်ရတော့မှာလား။ ဟိဟိဟိ။ ]

[အဟွတ် အဟွတ် .. အိန္ဒြေရှိစမ်းပါ။ ဗိုက်က ကြွက်သားတွေက အရေးမကြီးပါဘူး၊ ပင်လယ်ကိုပဲ အဓိက ကြည့်ချင်တာပါ]

[ ဒါရိုက်တာကြီးက ငါတို့ကို တကယ် နားလည်ပေးတာပဲ။ ဒါရိုက်တာလီကတော့ အစီအစဉ်အားလုံးရဲ့ အကောင်းဆုံးဖန်တီးသူ ပဲ]

[အခြားဘယ်ဒါရိုက်တာက ဒီလောက်ကောင်းနိုင်ဦးမှာလဲ။ ငါတို့ ကြည့်ချင်တာမှန်သမျှကို သူက ပြပေးတာပဲဥစ္စာ။ သူက တကယ့်ကို နိုင်ငံတော်ရဲ့ အကောင်းဆုံး ဒါရိုက်တာပဲ ]

ကမ်းခြေသို့ သွားရောက်ရမည် ဖြစ်သောကြောင့် ရေကူးဝတ်စုံများကို ဝတ်ဆင်ရပေမည်။

ရိုက်ကူးရေးအဖွဲ့သည် ငွေကြေးအမြောက်အမြား အသုံးပြုကာ ဧည့်သည်များ စိတ်ကြိုက်ရွေးချယ်နိုင်ရန်အတွက် ရေကူးဝတ်စုံများစွာ ပြင်ဆင်ပေးထားခဲ့၏။

ယခုအခါ ဒါရိုက်တာ၏ ငွေကြေးသုံးစွဲမှုမှာ အလွန်ပင် ရက်ရောသည်။

ထိုသို့ ဖြစ်ရသည်မှာလည်း မတတ်နိုင်ချေ။ ငွေကြေးအလုံအလောက် ရှိနေခြင်းကြောင့်သာ သူ ဤမျှအထိ ပြတ်သားနိုင်ခြင်း ဖြစ်သည်။

သူတို့သည် လူတိုင်း၏ ညစာအတွက်ပင် လျှံပယ်လှသော စားသောက်ပွဲကြီးတစ်ခုကို စီစဉ်ပေးထားခဲ့သေး၏။

ဤအရာမှာ ယခင်အပိုင်းများတွင် မရှိခဲ့ဖူးသော ဝန်ဆောင်မှု ဖြစ်သည်။

ဆိုရိုး စကားရှိသည် မဟုတ်ပါလော။

‘ ချမ်းသာရင် ကိုယ်လုပ်ချင်တာကိုယ် လုပ်လို့ရတယ်

ကုရှီချန်း ရိုက်ကူးရေးအဖွဲ့ထဲသို့ သန်းတစ်ရာ ထည့်သွင်းခဲ့ခြင်းကို မဆိုနှင့် နောက်ပိုင်းတွင် ရူသိုက်ဝိန်ကလည်း ငါးသန်း ထပ်မံ ထည့်သွင်းခဲ့သေး၏။

ရိုက်ကူးရေးအဖွဲ့ကိုယ်တိုင် ရရှိခဲ့သော ငွေကြေးမှာပင် ယခင်အပိုင်းများအားလုံးထက် အဆပေါင်းများစွာ ရှိနေခဲ့လေပြီ။

ယခုအခါ ဤအစီအစဉ်မှာ ရေပန်းစားမှုဇယား ၏ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားခဲ့ပြီ ဖြစ်သည်။

ဒါရိုက်တာမှာ ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးပျော်နေပြီး ဧည့်သည်များအပေါ်တွင်လည်း အလွန်ကောင်းမွန်စွာ ဆက်ဆံပေးနေတော့၏။

All Chapters