အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း(၁၈၉)
ရေကူးဝတ်စုံ အစုံအလင်ကို ကြည့်ရင်း ယဲ့ယီတစ်ယောက် သဘောကျရာတစ်စုံကိုသာ ပေါ့ပေါ့ပါးပါး ရွေးချယ်ပြီး အဝတ်လဲခန်းထဲ ဝင်သွားသည်။
အခြားသော အမျိုးသမီးဧည့်သည်များကမူ သူတို့ ထင်ထင်ပေါ်ပေါ် ရှိစေရန်အတွက် အချိန်အကြာကြီး သေသေချာချာ ရွေးချယ်နေကြ၏။
အမျိုးသားတွေဘက်ကလည်း သူတို့၏ ဝမ်းဗိုက်ကြွက်သားများကို ပြသနေသောကြောင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် အစီအစဉ်၏ ကြည့်ရှုသူများမှာ ရူးမတတ် ဖြစ်နေကြသည်။
ယဲ့ယီတစ်ယောက် ရေကူးဝတ်စုံဝတ်ပြီး ထွက်လာချိန်တွင် ပရိသတ်များ သူမ၏ အသွင်အပြင်ကိုတောင် သေချာမမြင်လိုက်ရသေးခင်မှာပင်...
အဝတ်တစ်ခုက သူမဆီ လွင့်ပျံလာပြီး သူမ ကို တင်းကျပ်စွာ ရစ်ပတ်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်နေသည့် အစီအစဉ်မှ ပရိသတ်များတောင် တုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။
“ခုနက ဖြတ်သွားတာ ဘာကြီးလဲ”
“သေရောပဲ၊ ယဲ့ယီ ဘာဝတ်ထားလဲဆိုတာတောင် မမြင်လိုက်ရဘူး”
“CEO ကုက ဘာလုပ်နေတာလဲ၊ သူ ယဲ့ယီကိုတောင် မပိုင်ဆိုင်ရသေးဘဲနဲ့ အခုကတည်းက ကြည့်ခွင့်မပေးတော့တာလား”
ဟုတ်ပါသည်။ ယဲ့ယီကို အဝတ်နှင့် ပတ်လိုက်သူမှာ တခြားသူမဟုတ်၊ ကုရှီချန်းပင် ဖြစ်သည်။
ယဲ့ယီတစ်ယောက် အပြင်ဘက်ကို ထွက်လာပြီးသည်နှင့် အဝတ်စတစ်ခု သူမဆီ ပျံသန်းလာသည်ကို မြင်ရသောအခါ အလွန်အမင်း ရှုတ်ထွေး သွား၏။
ဘာဖြစ်နေမှန်း သူမ သေချာမသိလိုက်ခင်မှာပင် သူမတစ်ကိုယ်လုံး အဝတ်နှင့် တင်းကျပ်စွာ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။
ယဲ့ယီ ကုရှီချန်းကို မော့ကြည့်လိုက်၏။ သူ ဘာလုပ်နေသည်ကို နားမလည်နိုင်ဖြစ်ရသည်။
ကုရှီချန်း သူမ၏ အကြည့်တို့ကို ခံစားမိပြီး တိုးညင်းစွာ ပြောလိုက်၏။
“မင်း ဝတ်ထားတာ ပါးလွန်းတယ်။ အအေးမိသွားလိမ့်မယ်”
ယဲ့ယီ “...”
“အစ်ကိုကြီး၊ ခေါင်းပေါ်က နေလုံးကြီးကို တစ်ချက်လောက် မော့ကြည့်ပါဦး။ ဒီရာသီဥတုမှာ အအေးမိဖို့ထက် အပူပိုရှပ်မှာ”
ကုရှီချန်းကို လျစ်လျူရှုပြီး ယဲ့ယီ သူမကိုယ်ပေါ်က အဝတ်ကို ချွတ်ပစ်ဖို့ ပြင်လိုက်သည်။
သို့သော် သူမ ဆွဲဖြုတ်ဖို့ ကြိုးစားသော်လည်းကုရှီချန်း၏ လက်မှာ သူမပခုံးပေါ်တွင် တင်းတင်းကျပ်ကျပ် ဖိထားသောကြောင့် မရွေ့နိုင်ခဲ့ပေ။
ယဲ့ယီ ကုရှီချန်းကို စူးစိုက်ကြည့်လိုက်၏။
“ရှင် တကယ်ပဲ ဘာလုပ်ချင်နေတာလဲ”
ကုရှီချန်း တိုးတိုးလေးပြော၏။
“အခြားဝတ်စုံတစ်ခုခု သွားလဲလိုက်”
“ကျွန်မ ဘာလို့ ရှင်ခိုင်းတဲ့အတိုင်း လုပ်ရမှာလဲ”
ယဲ့ယီ လုံးဝ မကျေနပ်ခဲ့ပေ။
သူမ သူ့ကို လက်စားချေဖို့ပင် မလုပ်ရသေးပေ။ ယခုတော့ သူက သူမကို အမိန့်ပေးကာ ရဲတင်းနေလေပြီ။
ကုရှီချန်း စကားမပြောဘဲ ယဲ့ယီကို ငြိမ်သက်စွာသာ ကြည့်နေ၏။
နှစ်ယောက်သား ဤအတိုင်း စိုက်ကြည့်နေကြရင်း နောက်ဆုံးမှာတော့ ယဲ့ယီကသာ အလျှော့ပေးလိုက်ရတော့သည်။
“ရှင့် လက်ကို ဖယ်၊ ကျွန်မ သွားလဲလိုက်မယ် ဟုတ်ပြီလား”
ယဲ့ယီ စိတ်တိုတိုဖြင့် ပြောလိုက်သည်။
‘သူက တကယ်ပဲ လွန်လွန်းတယ်။ တကယ်သာ ဒီနေ့ မအေးဘူးဆိုရင် သူ့စကားကို နားထောင်မှာ မဟုတ်ဘူး’
ယဲ့ယီ၏ အတွေးကို ကြားလိုက်ရသည့် ကုရှီချန်းမှာ ခပ်ပြုံးပြုံးနှင့် လက်ကို လွှတ်ပေးလိုက်သည်။
ကုရှီချန်း၏ အင်္ကျီကို ဝတ်ထားလျက်နှင့် ယဲ့ယီတစ်ယောက် အဝတ်ပြန်လဲဖို့ ဝင်သွားခဲ့ရသည်။
မှတ်ချက်ကဏ္ဍရှိ အင်တာနက်အသုံးပြုသူများမှာမူ တစ်ခုခုကို သတိပြုမိသွားကြသည်။
[သူတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတယ်လို့ မင်းတို့ မခံစားမိကြဘူးလား]
[သူတို့နှစ်ယောက် ခိုးတွဲနေခဲ့တာ ဖြစ်ဖို့များတယ်။ မဟုတ်ရင် စီအီးအိုကုက ယဲ့ယီ ဘာဝတ်ဝတ် ဘယ်လိုလုပ်ပြီး ဂရုစိုက်နေမှာလဲ]
[မမျှော်လင့်ဘဲ ခွေးစာကျွေးတာကို ခံလိုက်ရသလိုပဲ]
[သူတို့နှစ်ယောက်ကတော့ သေချာပေါက် တွဲနေကြတာ။ စီအီးအိုကု ယဲ့ယီကို ကြည့်တဲ့အကြည့်ကို သေချာကြည့်ပါဦး၊ တစ်ခုခုတော့ သေချာပေါက် ရှိနေပြီ]
[ရယ်လိုက်ရတာ၊ သူတို့နှစ်ယောက် ဒီနေ့ အေးတယ်လို့ ဘယ်လိုလုပ်ပြီး ပြောထွက်တာလဲ]
[ကျွန်မ အားပေးတဲ့ CP က တကယ်တွဲနေတာကို ကျွန်မသိသားပဲ!!]
ယဲ့ယီ ပြန်ထွက်လာသည့်အခါတွင် ပိုပြီး သိုသိပ်သည့် ရေကူးဝတ်စုံကို ဝတ်ဆင်လာခဲ့သည်။
ကုရှီချန်း မျက်မှောင်ကြုတ်နေဆဲ ဖြစ်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ထုတ်လုပ်ရေးအဖွဲ့က သူတို့အတွက် ယနေ့တွင် ရေနှင့် ပက်သက်သည့် လှုပ်ရှားမှုအများအပြားကို စီစဉ်ထားလေသည်။
ဂျက်စကီးစီးခြင်း၊ ရေလွှာလှိုင်းစီးခြင်း အစရှိသည့် လှုပ်ရှားမှု အများကြီး ရှိသည်။
လုံခြုံရေးအတွက်လည်း ကယ်ဆယ်ရေးသမားတို့အပြင် အမျိုးသမီးဧည့်သည်များအနေဖြင့် သူတို့နှင့်အတူ လိုက်ပါဖို့အတွက် အမျိုးသားဧည့်သည်တစ်ယောက်ကို ရွေးချယ်နိုင်သေး၏။
ယခုအခါ ပရိသတ်များ စိတ်လှုပ်ရှားနေကြလေပြီ။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်! ဒါရိုက်တာကို ကြက်ပေါင်တစ်ချောင်း ပိုကျွေးလိုက်ပါဦး!”
“အိုဟို၊ ကြည့်ကောင်းတဲ့ ပွဲတစ်ခုတော့ ရှိလာတော့မှာပဲ”
“ကုရှီချန်း ဘယ်သူ့ကို ရွေးမလဲဆိုတာကိုတော့ ငါစိတ်ဝင်စားမိတယ်။ တစ်ယောက်က ငယ်သူငယ်ချင်း၊ တစ်ယောက်က သူ့ကလေးရဲ့ အမေ၊နောက်တစ်ယောက်က သူ့ရဲ့ ဇနီးဟောင်း။ ဒီဆက်ဆံရေးကတော့ တကယ့်ကို ရှုပ်ထွေးလွန်းတယ်”
“ဒါကို ပြောစရာလိုသေးလား? စီအီးအို ကုကတော့ ကျွန်မရဲ့ ယဲ့ပေါင်ကိုပဲ ရွေးမှာ သေချာတယ်။ စီအီးအိုကုက ကျွန်မရဲ့ ယဲ့ပေါင်အပေါ် ဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာ ရှင်တို့ မမြင်သေးလို့ပါ”
“ငါ့ကို မေးရင်တော့ ရူသိုက်ဝိန်နဲ့ စီအီးအိုကုက အလိုက်ဖက်ဆုံးပဲ။ ငယ်သူငယ်ချင်းတွေ၊ အပြစ်ကင်းစင်တဲ့ အတိတ်ဟောင်းတွေ၊ နောက်ပြီး သူတို့မိသားစု နောက်ခံတွေကလည်း တူကြတယ်။ ယဲ့ယီကတော့ နောက်မှ ရောက်လာတဲ့သူသက်သက်ပဲ”
“တကယ်တော့ စုမန်က အသင့်တော်ဆုံးလို့ ထင်တယ်၊ မဟုတ်ဘူးလား။ ကုစဲ့လေးက အရမ်းချစ်ဖို့ကောင်းတယ်၊ သူသာ သူ့အမေနဲ့ အဖေနဲ့ အတူနေနိုင်ရင် သူက ကမ္ဘာပေါ်မှာ အပျော်ဆုံးကလေး ဖြစ်လာမှာ သေချာတယ်”
ဒါရိုက်တာ၏ အစီအစဉ်မှာ အမျှော်အမြင်ရှိလှ၏။
အတင်းအကျပ် စေခိုင်းပါက လူမုန်းများမည်။ သူတို့ကိုယ်တိုင် ရွေးချယ်ခိုင်းလိုက်ပါက သူနှင့် ဘာမှ မသက်ဆိုင်တော့ပေ။
ရူသိုက်ဝိန် ကုရှီချန်းထံသို့ လျှောက်သွားလေသည်။
အွန်လိုင်းတွင် ပရိသတ်များမှာလည်း ပွဲကြည့်ရန် စောင့်ဆိုင်းနေကြ၏။
“သူလာနေပြီ၊ လာနေပြီဟေ့”
“ပွဲကောင်းတော့ ကြည့်ရတော့မယ်ဟေ့”
“စီအီးအိုကု ဘယ်သူ့ကို ရွေးမလဲမသိဘူး။ ရွေးရခက်မှာ သေချာတယ်”
“ဒီအပိုင်းကတော့ စိတ်ဝင်းစားစရာအကောင်းဆုံးပဲ။နောက်ကျရင်လဲ ဒီလို အစီအစဉ်မျိုး ရှိပါ့မလား”
“နင်တို့တွေ လျောက်တွေးမနေနဲ့။ စီအီးအိုကု အားယားနေတယ် ထင်လို့လား၊ ရတုန်းလေး ကြည့်ထားကြ”
ပရိသတ်များ ဆွေးနွေးနေကြချိန် ရူသိုက်ဝိန် ကုရှီချန်းရှေ့သို့ ရောက်လာ၏။
ကုရှီချန်းဘေးတွင် ရပ်နေသည့် ယဲ့ယီကို လုံးဝ ဂရုမစိုက်ဘဲ သူမ ကုရှီချန်းကို ပြုံးလျက်ဖြင့် မေးလိုက်၏။
“ရှီချန်း၊ ငါနဲ့အတူ လိုက်ခဲ့ပေးလို့ ရမလား”
ဘေးတွင် ရပ်နေသည့် ယဲ့ယီမှာလည်း မျက်နှာပျက်သွားတော့သည်။
“ကောင်းလိုက်တာ၊ သူ ငါ့ကို တရားဝင် ဇနီးမယားလို့တောင် ထည့်မတွက်ဘူးပေါ့လေ”
ကုရှီချန်း စကားမပြောခင်မှာပင် ယဲ့ယီ ကုရှီချန်းကို တောက်ပစွာ ပြုံးပြလိုက်သည်။
သူမ ချွဲနွဲ့သောအသံဖြင့် ပြောလိုက်သည်။
“စီအီးအိုကု၊ ကျွန်မ နည်းနည်း ကြောက်နေတယ်။ ကျွန်မနဲ့အတူ လိုက်ပေးလို့ ရမလား”
ကုရှီချန်းက ခဏလေးပင် မတွန့်ဆုတ်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ယီနှင့်အတူ ကမ်းခြေဆီသို့ လျှောက်သွားတော့သည်။
ငယ်သူငယ်ချင်းဖြစ်သူကို လုံးဝ ဂရုစိုက်ဟန် မပြပေ။
ရူသိုက်ဝိန် ဒေါသထွက်လွန်း၍ မျက်နှာပင် စိမ်းဖန့် သွားရတော့သည်။
ရူသိုက်ဝိန်၏ အမူအရာကို ကြည့်ပြီး ယဲ့ယီ စိတ်ထဲတွင် ခိုးပျော်ရွှင်နေမိ၏။
“ဒီ မိဖုရားခေါင်ကြီး မသေမချင်း၊ ရှင်တို့အားလုံးက မယားငယ်တွေပဲ ဖြစ်မှာ”
နောက်ဆုံးတွင် ရူသိုက်ဝိန် တခြားသူတစ်ယောက်ကိုသာ ကျပန်း ရွေးလိုက်ရတော့သည်။
သို့သော် ကုရှီချန်း၏ ရူသိုက်ဝိန်အပေါ်ထားရှိသော သဘောထားကြောင့် အွန်လိုင်း ပရိသတ်ကြီးများက သူတို့ ဆက်ဆံရေးကို ခန့်မှန်းနေကြ၏။
“စီအီးအိုကုက ရူသိုက်ဝိန်ကို မကြိုက်ဘူးလို့ ငါ ဘာလို့ ထင်နေရတာလဲ”
“ရူသိုက်ဝိန်က တစ်ဖက်သတ် ကြိုက်နေတာပဲ။ ပန်းတွေက ကြွေချင်ပေမဲ့ ရေစီးကြောင်းကတော့ စိတ်မဝင်စားဘူး”
“ငါ့ထင်တာတော့ ယဲ့ယီ ကံကောင်းတယ်။ ကွာရှင်းပြီးတာတောင် ကုရှီချန်းကို လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်တုန်းပဲ”
“သူက လှတာကိုး၊ ဘယ်သူက လှတဲ့သူကို မကြိုက်ဘဲ နေပါ့မလဲ”
ယဲ့ယီ ကုရှီချန်းကို ရေလွှာလျှောစီးရန် ခေါ်သွားသည်။
ထိုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော အားကစားတို့ကို ယဲ့ယီ အမြဲ စိတ်ဝင်စားခဲ့သည်။
ကုရှီချန်းကမူ မျက်မှောင်ကြုတ်လျက်ပြောလေ၏။
“ဒါက အန္တရာယ်များလွန်းတယ်”
ကုရှီချန်း၏ စကားကို ကြားသောအခါ ယဲ့ယီက ချက်ချင်းပင် တုံ့ပြန်လိုက်၏။
“ဒီမှာ အသက်ကယ်သမားတွေ အများကြီးပဲ၊ ဘာမှ မဖြစ်ဘူး”
ထို့နောက် တစ်ခုခုကို သတိရသွားကာ ကုရှီချန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ထပ်ပြောလိုက်ပြန်၏။
“ရှင် ကြောက်နေတာလား။ ကြောက်ရင် ဒီမှာပဲ စောင့်နေလေ”
ကုရှီချန်း ‘မင်းက တော်တော် ဂရုစိုက်တတ်တာပဲ’
အွန်လိုင်းမှ ပရိသတ်များ :
“ဒီနှစ်ယောက်ကြားမှာ သေချာပေါက် တစ်ခုခုရှိတယ်။ စီအီးအိုကုကို ယဲ့ယီကလွဲရင် ဘယ်သူက ဒီလိုမျိုး စကားပြောရဲမှာလဲ”
“အတည်ပြုလိုက်ပြီ၊ ဒီနှစ်ယောက် သေချာပေါက် တွဲနေကြပြီ”
“သူတို့က လင်မယားဟောင်းတွေပဲလေ၊ ဆက်ဆံရေးကောင်းတာက သဘာဝပဲ။ ဒါပေမဲ့ သူတို့ တွဲနေတယ်လို့တော့ ပြောလို့မရဘူး”
“ဟေ့ အပေါ်က အစ်ကိုရေ၊ ရှင့် ဦးနှောက်ကို အိမ်မှာ ချန်ခဲ့တာလား။ သူတို့ကသာ သာမန်သူငယ်ချင်းတွေဆိုရင် စီအီးအိုကုက ခုနက ရူသိုက်ဝိန်ကို ဘာလို့ မရွေးတာလဲ။ ငယ်သူငယ်ချင်းတွေပဲလေ”
အခန်း(၁၉၀)
နောက်ဆုံးတွင် ကုရှီချန်း ယဲ့ယီနှင့်အတူ ရေလွှာလျှောစီးရန် လိုက်ပါသွားရတော့သည်။
ထုတ်လုပ်ရေးအဖွဲ့ စီစဉ်ပေးထားသော နည်းပြမှာ ရှေ့တက်လာပြီး သင်ပေးရန် ပြင်လိုက်၏။ သို့သော်လည်း ကုရှီချန်း၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။
ယဲ့ယီ ကုရှီချန်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။
“ရှင် ဒါကိုလည်း တတ်တယ်ပေါ့”
ကုရှီချန်းကမူ မျက်နှာအမူအရာ မပြောင်းဘဲ ခပ်အေးအေးပင် ပြန်ဖြေ၏။
“အင်း၊ နိုင်ငံခြားမှာ ပညာသင်တုန်းက နည်းနည်း ဆော့ဖူးတယ်”
ယဲ့ယီ ကုရှီချန်း ထိုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော အားကစားတို့ကို တတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကုရှီချန်း အလွန်တည်ငြိမ်သဖြင့် ထိုကဲ့သို့သော အရာမျိုးကို ဆော့မည့်သူနှင့် မတူပေ။
မှတ်ချက်အပိုင်းတွင်လည်း ဆွေးနွေးမှုများ ပွက်လောရိုက်နေလေ၏။
[စီအီးအိုကု ဒါကိုလည်း တတ်မယ်လို့ မထင်ထားဘူး။ အိုဘုရားရေ ဒါက ကြိုက်ချင် စရာကြီး]
[ဘာလို့ ဒီလောက်တော်တဲ့သူက ငါ့ယောက်ျား မဖြစ်ရတာလဲ]
[စီအီးအိုကုက လုပ်ငန်းကိစ္စပဲ အာရုံစိုက်မယ်ထင်တာ၊ ဒီလောက်အကုန်လုံး ကျွမ်းလိမ့်မယ်လို့ မထင်ထားဘူး]
[ယဲ့ယီကို မနာလိုရတဲ့ နောက်တစ်ရက်ပေါ့လေ]
ရူသိုက်ဝိန်နှင့် ဝမ်ဝူတို့လည်း ရေလွှာလျှောစီးရန် ရွေးချယ်လိုက်ကြသည်။
သူတို့ ကုရှီချန်းနှင့် ယဲ့ယီတို့၏ စကားပြောသံကို ကြားလိုက်ရ၏။
ဝမ်ဝူ အံ့အားသင့်စွာ ပြော၏။
“စီအီးအိုကု ဒါကိုလည်း တတ်လိမ့်မယ်လို့ မထင်ထားမိဘူး။ သူ့နဲ့ယှဉ်ရင် ကျွန်တော်က အများကြီး နောက်ကျကျန်ခဲ့ပြီ”
ရူသိုက်ဝိန် ခပ်ဖွဖွလေး ပြုံးလျက် ပြန်ပြောလိုက်၏။
“ရှီချန်း ကျောင်းတက်တုန်းက ဒီလို ကစားနည်းတွေကို ကြိုက်တယ်။ ဒါပေမဲ့ ကုမ္ပဏီကို တာဝန်ယူပြီးနောက်ကျတော့ သူက လုပ်ငန်းကိစ္စတွေနဲ့ပဲ အချိန်ကုန်နေခဲ့တာ”
ကုရှီချန်း၏ နောက်ကျောပြင်ကို ကြည့်ပြီး ရူသိုက်ဝိန် လွမ်းဆွတ်စွာ ပြောလေ၏။
“ဘွဲ့ရပြီးကတည်းက ရှီချန်းနဲ့ ကျွန်မ ဒီလိုမျိုး အတူမကစားဖြစ်ကြတော့ဘူး”
အွန်လိုင်းမှ ပရိသတ်များ ရူသိုက်ဝိန်၏ စကားထဲမှ အဓိပ္ပာယ်ကို ချက်ချင်းပင် ရိပ်မိသွားတော့၏။
“ရူသိုက်ဝိန် စကားအရဆိုရင် သူတို့နှစ်ယောက်က တက္ကသိုလ်ကျောင်း တူတာပဲ”
“စီအီးအိုကုက M နိုင်ငံက ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ တက်ခဲ့တာ၊ ရူသိုက်ဝိန်လည်း ထိပ်တန်းကျောင်းသူ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး”
“ငယ်သူငယ်ချင်းတွေ၊ လိုက်ကလည်းလိုက်၊သူတို့နှစ်ယောက် တွဲသင့်တာ။ ယဲ့ယီဆိုတာ နောက်မှ ရောက်လာတဲ့သူပဲ”
“ယဲ့ယီ စီအီးအိုကုနဲ့ ဘာများ တူလို့လဲ။ ဒီလောက်တော်တဲ့ ငယ်သူငယ်ချင်းကို ပစ်ထားပြီး ဘာမဟုတ်တဲ့ ယဲ့ယီကို ဘာလို့ ကြိုက်ရတာလဲ”
“ငယ်သူငယ်ချင်းက နောက်မှ ရောက်လာတဲ့သူကို မနိုင်ဘူး။ ငါတော့ ငိုချင်လာပြီ”
ဝမ်ဝူလည်း ရူသိုက်ဝိန်၏ စကားကို အလိုက်သင့် ထောက်ခံလိုက်တော့သည်။
“မင်းနဲ့ စီအီးအိုကုက ကျောင်းချင်းတူ လိမ့်မယ်လို့ မထင်ထားဘူး။ ထိပ်တန်းကျောင်းသူလေးပေါ့လေ”
“ရှီချန်းကမှ တကယ့် ထိပ်တန်းကျောင်းသားပါ။ ကျွန်မကတော့ ကံကောင်းလို့ပါ။ သူ့လိုပဲ တက္ကသိုလ်တက်နိုင်ဖို့အတွက် ကျွန်မ လေ့ကျင့်ခန်းတွေ နဲ့ စကားလုံးတွေ အလွတ်ကျက်နေရတာ။ ကံကောင်းလို့ နောက်ဆုံးတော့ သူ့တက်တဲ့ တက္ကသိုလ် ရခဲ့တယ်”
ရူသိုက်ဝိန် ပြောသည့်အခါ သူမ လေသံမှာ အမှတ်တရများဖြင့် ပြည့်နှက်နေသည်။
၎င်းမှာ ပရိသတ်များစွာ၏ စိတ်ကို ဖမ်းစားသွား၏။
“ဘုရားရေ၊ ကျွန်မ သူ့အတွက် အရမ်း စိတ်မကောင်းဖြစ်မိတယ်။ သူ စီအီးအိုကုအတွက် အများကြီး စတေးခဲ့ရတာကို နောက်ဆုံးကျတော့ စီအီးအိုကု တခြားသူနဲ့ အိမ်ထောင်ပြုတာကို ကြည့်နေရတယ်။ ဘယ်လောက်တောင် စိတ်နာစရာကောင်းလိုက်လဲ”
“ယဲ့ယီက တတိယလူပါ။ သူသာ ဝင်မပါလာရင် စီအီးအိုကုက ဒီလို မိန်းကလေးမျိုးကို ဘယ်လို မကြိုက်ပဲ နေမှာလဲ”
“ဘာလို့ ငယ်သူငယ်ချင်းတွေက နောက်မှ ရောက်လာတဲ့သူကို မနိုင်ရတာလဲ”
“ယဲ့ယီက စီအီးအိုကုကို ဆွဲဆောင်ဖို့ တစ်ခုခု လုပ်ထားမှာပဲ။ မဟုတ်ရင် စီအီးအိုကုက ဒီလောက်တော်တဲ့ ငယ်သူငယ်ချင်းကို ပစ်ထားပြီး သူ့ကို ဘာလို့ ကြိုက်မှာလဲ”
ဝမ်ဝူလည်း ရူသိုက်ဝိန်ကို သနားစဖွယ် ကြည့်လိုက်၏။
“ဒါဆို မင်း ဒီအစီအစဉ်ကိုလည်း စီအီးအိုကုကြောင့် ပါတာပေါ့”
ရူသိုက်ဝိန် မဖုံးကွယ်တော့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။
“အင်းး…ကျွန်မ ပြန်ကြိုးစား ကြည့်ချင်သေးတယ်”
ဤစကားများကို ကြားရသောအခါ ပရိသတ်များ ပိုမို နာကျင်သွားကြ၏။
“သနားစရာလေးပါကွာ။ စီအီးအိုကုက သူ့ကို ဘာလို့ နည်းနည်းလေးတောင် ပြန်မကြိုက်ရတာလဲ”
“အမလေး သူက တစ်ယောက်ဆိုတစ်ယောက်ပဲတော့”
“ယဲ့ယီ နင်အရှုံးပေးလိုက်ပါတော့။ဒီ သခင်မလေးက သနားစရာလေး”
သို့သော် ပရိသတ်အားလုံး သူမကို စာနာနေကြခြင်း မဟုတ်ပေ။
[သူ ကြိုက်တိုင်း ပြန်ကြိုက်ရမယ်လို့ ဘယ်သူ ပြောလဲ။ စီအီးအိုကုက သူ့ကို ကြိုက်ပါလို့ ပြောနေတာမှ မဟုတ်တာ]
[ +1၊ ဒါက သူတို့ကိုယ်ပိုင် ဇာတ်လမ်းလေ။ ငယ်သူငယ်ချင်းတွေဆိုလဲဘာဖြစ်လဲ။ငယ်သူငယ်ချင်း ဖြစ်တိုင်း တွဲရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ]
[ပြီးတော့ ငါ့ယဲ့ယီ တတိယလူ ဆိုတာ ဘာပြောတာလဲ။ ရူသိုက်ဝိန်နဲ့ စီအီးအိုကုက တွဲခဲ့ဖူးလို့လား။ စီအီးအိုကုက သူ့ကို မကြိုက်ဘူးဆိုတာ ရှင်းနေတာပဲ]
[တစ်ယောက်ယောက်က ကိုယ့်ကို မကြိုက်မှန်း သိရက်နဲ့ ကပ်တွယ်နေတာက ရှက်စရာ မဟုတ်ဘူးလား]
[သူ လုပ်သမျှက သူဆန္ဒနဲ့သူ လုပ်တာလေ။ စီအီးအိုကု ခိုင်းထားတာမှ မဟုတ်တာ။ တကယ်ပဲ]
ဝမ်ဝူ အွန်လိုင်းမှ မှတ်ချက်များကို မမြင်ရပေ။ သူ ရူသိုက်ဝိန်အတွက် အလွန် စိတ်မကောင်းဖြစ်နေသည်။
ဝမ်ဝူ အားပေးလိုက်၏။
“စိတ်ဓာတ်မကျပါနဲ့၊ တစ်နေ့ကျရင် သူက မင်းနဲ့ ပြန်ပြီး စိတ်ချင်းဆက်မိမှာပါ”
ရူသိုက်ဝိန် ခေါင်းညိတ်ပြီး ဝမ်ဝူကို ပြုံးပြလိုက်သည်။
ဝမ်ဝူ ယဲ့ယီထံ သွားပြောရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ယီ ရူသိုက်ဝိန်ကို နားလည်ပေးလိမ့်မည်ဟု ထင်နေ၏။
ယခုအချိန်တွင် ယဲ့ယီ သူမ မလုပ်သည့်အပြစ်အတွက် အပြစ်တင်ခံရတော့မည်ကို မသိသေးပေ။
ထိုအချိန်တွင် ယဲ့ယီမှာ ကုရှီချန်း၏ ခါးကို ဖက်ထားပြီး လှိုင်းများပေါ်တွင် ပျော်ရွှင်စွာ စီးမျောနေ၏။
“ရှင် ဒီအစီအစဉ်ကို ဘာလို့ လာတာလဲ”
ယဲ့ယီ ရုတ်တရက် မေးလိုက်သည်။
ထိုအချိန်တွင် ကင်မရာမှာ သူတို့နှင့် အလွန်ဝေးနေသဖြင့် သူတို့၏ အသံကို ဖမ်းယူနိုင်ခြင်း မရှိပေ။
ကုရှီချန်း အသံဩဩကြီးဖြင့် ပြောလိုက်၏။
“ကိုယ် မင်းကို ပြောပြီးသား မဟုတ်ဘူးလား”
ကုရှီချန်း၏ အဖြေကို ကြားရသောအခါ ယဲ့ယီမှာ မသိမသာ ပျော်ရွှင်သွားရသည်။
“ရှင်လည်း နည်းနည်းတော့ အသိတရားရှိသားပဲ”
သို့သော် နောက်တစ်စက္ကန့်တွင် ကုရှီချန်း၏ စကားတစ်ခွန်းကြောင့် သူမ ဘာပြန်ပြောရမှန်း မသိတော့ပေ။
“ဒါဆိုရင် မင်းကရော ဘာလို့ ကိုယ့်နောက်ကွယ်မှာ ဒီရည်စားရှာပေးတဲ့ အစီအစဉ်မှာ လာပါရတာလဲ။ ပြော”
ကုရှီချန်း၏ အသံမှာ တည်ငြိမ်နေသော်လည်း ယဲ့ယီမှာမူ ကျောရိုးထဲအထိ ချမ်းတက်သွားရသည်။
ခဏလောက် သူမ ဘာပြောရမှန်း မသိဖြစ်သွား၏။
အချိန်အကြာကြီး စဉ်းစားပြီးနောက် သူမကမေးခွန်းဖြင့် ပြန်ပစ်ပေါက်လိုက်၏။
“ကျွန်မလည်း ရှင် ဒီအစီအစဉ်မှာ ရူသိုက်ဝိန်နဲ့ ဘာလို့ လာပါတာလဲဆိုတာ မေးချင်တယ်။ ဘာလဲ၊ ရည်စား ပြောင်းချင်နေတာလား”
ကုရှီချန်းမှာ အနည်းငယ် အားကိုးရာမဲ့သွားရသည်။
သူမသည် အကြောင်းအရာပြောင်းရာတွင် အလွန် တော်ပါ၏။
သို့သော် ကုရှီချန်းကသာ ဤမေးခွန်းကို ရှင်းရှင်းလင်းလင်း မဖြေပါက ယဲ့ယီ သူ့ကို ခွင့်လွှတ်မှာ မဟုတ်ကြောင်း သိနေ၏။
“ကိုယ် သူနဲ့ လာတာ မဟုတ်ဘူး။ သူ ဒီအစီအစဉ်မှာ ပါမယ်ဆိုတာ ကိုယ် မသိဘူး”
ကုရှီချန်း အမှန်အတိုင်း ပြောလိုက်သည်။
ကုရှီချန်း အမှန်ပြောနေမှန်း ယဲ့ယီ သိသော်လည်း သူမမှာ မကျေနပ်သေးပေ။
“သူက ရှင့်အတွက် လာတာ သေချာတယ်။ ရှင်ကလည်း ကျွန်မအတွက် ပြဿနာတွေကို ဆွဲခေါ်လာတတ်လိုက်တာ”
ကုရှီချန်းမှာ အားကိုးရာမဲ့သွားပြန်သည်။ သို့သော် ယဲ့ယီ၏ စကားက ကုရှီချန်းကို အချက်တစ်ချက် သတိရစေ၏။
ရူသိုက်ဝိန် သူ့အတွက် လာတာ ဖြစ်ရမည်။
သို့သော် သူ ဒီအစီအစဉ်မှာ ပါဝင်မည်ကို ရူသိုက်ဝိန် ဘယ်လိုသိသနည်း။ လူအနည်းငယ်သာ သိသော အကြောင်းအရာဖြစ်သဖြင့် ကုမ္ပဏီထဲမှ လူတစ်ယောက်ယောက်ကို ရူသိုက်ဝိန် အကျပ်ကိုင်ထားခြင်း ဖြစ်ရမည်။
ကုရှီချန်း သူ့ကုမ္ပဏီမှ လူတစ်ယောက်က သူ့ကို သစ္စာဖောက်သည့်အတွက် အလွန် ဒေါသထွက်နေ၏။
သို့သော် သူ ရူသိုက်ဝိန်ကို ပို၍ သတိထားရမည်။
ကုကော်ပိုရေးရှင်း မှ လူကို အကျပ်ကိုင်နိုင်သဖြင့် ရူသိုက်ဝိန်၏ စွမ်းဆောင်ရည်မှာ သူ ထင်ထားသည်ထက် များစွာ သာလွန်နေကြောင်းကို ပြသနေသည်။
ယဲ့ယီ ကုရှီချန်း၏ အတွေးများကို မသိပေ။
သူမ ကုရှီချန်းခါးကို တင်းကျပ်စွာ ဖက်ထားပြီး အော်ဟစ်နေတော့၏။
“မြန်မြန်၊ မြန်မြန် သွား! “
သို့သော် သူမ ဘယ်လောက်ပင် အော်ဟစ်ပါစေ လုံခြုံမှုအတွက် ကုရှီချန်းက အရှိန်ကို မမြှင့်ပေးပေ။
နောက်ပိုင်းတွင် ယဲ့ယီကိုယ်တိုင် မောင်းချင်သောအခါ ကုရှီချန်း၏ ပြတ်ပြတ်သားသား ငြင်းပယ်ခြင်းကို ခံရလေသည်။
သူမ အကြိမ်ကြိမ် တောင်းဆိုပြီးနောက် ကုရှီချန်း နောက်ဆုံးတွင် လိုက်လျောပေးလိုက်၏။
သို့သော် သူ သူမနှင့်အတူ လိုက်ပါမှသာ ခွင့်ပြုမည်ဖြစ်သည်။
နောက်ဆုံးတွင် ယဲ့ယီ ရေလွှာလျှောကို ကိုယ်တိုင်မောင်းခွင့် ရသွားပြီး ကုရှီချန်းကမူ သူမနောက်တွင် ထိုင်ကာ သူမ အရှိန်ခိုးတင်ရန် ကြိုးစားတိုင်း တားဆီးနေရတော့၏။