အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း(၁၉၁)
ရေလွှာလျှောစီးပြီးနောက် ယဲ့ယီနှင့် ကုရှီချန်းတို့ Surfစီးရန် ဆက်လက်သွားရောက်ခဲ့ကြလေသည်။
ယဲ့ယီသည် သံသယဖြစ်ဖွယ်များကို ရှောင်ရှားရန် မကြိုးစားခဲ့ပေ။ ဤသည်မှာ အချစ်ရေးအစီအစဉ်တစ်ခုဖြစ်နေသည့်အတွက် ရှောင်ကွင်းနေပါက သူမ၌ ဖုံးကွယ်စရာတစ်ခုခု ရှိနေမည်ဟု ထင်မှတ်စရာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် အချစ်အတွက် ပြိုင်ဘက် နှစ်ဦးကလည်း သူမကို ချောင်းမြောင်းနေသဖြင့် အခွင့်အရေးရပါက ကြွားဝါပြရလေမည်။
Surf စီးနေစဉ် ကုရှီချန်းက သူကျွမ်းကျင်ကြောင်းကို ထုတ်ဖော်ပြသခဲ့သည်။
ယဲ့ယီ ကုရှီချန်းကို လေးစားမိသည်မှာ အမှန်ပင်။ သူသည် ပိုက်ဆံတစ်ခုတည်း ရှာနိုင်သည် မဟုတ် ဝါသနာပါရာများတွင်ပင် ဤမျှကျွမ်းကျင်နေခြင်းမှာ အံ့အားသင့်စရာဖြစ်လေ၏။
ဘုရားသခင်သည် အမှန်ပင် ဘက်လိုက်လွန်းလှသည်။
အခြားသော အမျိုးသမီးဧည့်သည်များကလည်း ကုရှီချန်းကို လေးစားသည့်အကြည့်များဖြင့် ကြည့်နေကြသဖြင့် အခြားအမျိုးသားဧည့်သည်များ ဒေါသထွက်နေကြတော့သည်။
လူတိုင်း ကုရှီချန်း၏ အရိပ် အောက်တွင်သာ ကျရောက်နေကြ၏။
၎င်းတို့ထဲတွင် ဆုန့်ချယ်မှာ အနေရအခက်ဆုံး ဖြစ်နေသည်။
သူသည် ယဲ့ယီအတွက် ဤအစီအစဉ်သို့ လာခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ကုရှီချန်းကလည်း ရောက်နေ၏။
ထို့ပြင် ကုရှီချန်း၏ ယဲ့ယီအပေါ် ပြုမူပုံကို ကြည့်ခြင်းအားဖြင့် သူတို့ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း သူရိပ်မိလိုက်သည်။
ဆုန့်ချယ်တွင် အသိစိတ်ရှိသဖြင့် ကုရှီချန်း၏ မိန်းမကို သူ လုယူနိုင်မည်မဟုတ်ကြောင်း သိနေ၏။
သို့သော် ဆုန့်ချယ်လည်း surf စီးတတ်သည်။
ထို့ကြောင့် သူလည်း အနည်းငယ် အစွမ်းပြခဲ့သည်။
ယခုအခါ အခြားအမျိုးသားဧည့်သည် သုံးဦး၏ မျက်နှာပေးမှာ အလွန်ပင် မကောင်းတော့ပေ။
သူဌေးနှစ်ဦးနှင့်အတူ ဤအစီအစဉ်တွင် သူတို့ အဘယ့်ကြောင့် ပါဝင်ခဲ့ရသနည်း။
ယခုအခါ သူတို့သည် ကုရှီချန်းနှင့် ဆုန့်ချယ်တို့၏ အရိပ်အောက်သို့ ကျရောက်နေကြလေပြီ။
ဧည့်သည်များ ဒါရိုက်တာအပေါ် မကျေနပ်မှု အနည်းငယ်ရှိနေကြ၏။
ဒါရိုက်တာမှာလည်း အားကိုးရာမဲ့နေ၏။
‘ကျွန်တော်လည်း မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ သူတို့က ပိုက်ဆံအများကြီး ပေးထားတာကိုး’
လူတိုင်း ညနေစောင်းသည်အထိ ပင်လယ်ကမ်းခြေတွင် နေခဲ့ကြပြီးမှ ပြန်လာခဲ့ကြသည်။
ယဲ့ယီနှင့် ကုရှီချန်း၊ လျုံဟောင်ချန်နှင့် ကျောင်းစိစိ တို့မှလွဲ၍ ကျန်သူများပြန်ခဲ့ကြ၏။ သူတို့ အချင်းချင်း ရင်းနှီးမှု မရှိကြသေးပေ။
ဆုန့်ချယ်သည် ချန်ယွဲ့ကို မရွေးချယ်ဘဲ စုမန်ကို ရွေးချယ်ခဲ့သဖြင့် ချန်ယွဲ့ စုမန်အပေါ် အငြိုးအတေး ထားသူတစ်ဉီးပေါ်လာလေ၏။
လူတိုင်း တစ်နေ့တာလုံး ပင်ပန်းလာကြသည်ကို ထောက်ထားသည့်အနေဖြင့် ဒါရိုက်တာအဖွဲ့သည် ညစာကို ဆက်လက် ကျွေးခဲ့၏။
ယခင်အပိုင်းများမှ ဧည့်သည်များ၏ ပရိသတ်များမှာ မှတ်ချက်ကဏ္ဍတွင် ချက်ချင်းပင် မကျေနပ်ချက်များကို စတင်ထုတ်ဖော်လာကြတော့သည်။
“မဖြစ်နိုင်တာ။ ဒါရိုက်တာအဖွဲ့က ဘက်လိုက်လွန်းတယ်။ ဒီတစ်ခေါက်က ဧည့်သည်တွေကို ဘာလို့ ဒီလောက်တောင် ကောင်းကောင်းကျွေးရတာလဲ”
“အရင်အပိုင်းတွေတုန်းကတော့ ဒါရိုက်တာအဖွဲ့က ပိုက်ဆံမရှိဘူးလို့ အမြဲပြောနေတာ။ အခုလို ကောင်းကောင်းစားဖို့ မပြောနဲ့၊ နေခဲ့ရတဲ့နေရာတွေတောင် စုတ်ပြတ်နေတာပဲ”
“ကုရှီချန်းတို့က သူဌေးတွေမို့လို့လား။ ဒါရိုက်တာက အရမ်းကို မျက်နှာလိုက်လွန်းတယ်။ဒီအစီအစဉ်ကို နောက်ထပ် ဘယ်တော့မှ မကြည့်ဘူး”
ဧည့်သည်များမှာမူ အွန်လိုင်းတွင် ဖြစ်ပျက်နေသည်များကို လုံးဝမသိရှိဘဲ ပျော်ရွှင်စွာ ညစာစားနေကြလေ၏။
ညစာစားပြီးနောက် အဖွဲ့လိုက် စကားပြောနေကြစဉ် ယဲ့ယီ သန့်စင်ခန်းသို့ သွားခဲ့သည်။ သူမ ထသွားပြီးနောက် ဝမ်ဝူလည် ထသွား၏။သို့သော်လည်း မည်သူမျှ သတိမထားမိကြပေ။
ယဲ့ယီ သန့်စင်ခန်းမှ ထွက်လာသောအခါ သူမကို စောင့်နေသော ဝမ်ဝူကို တွေ့လိုက်ရသဖြင့် သူမ အနည်းငယ် လန့်သွားသည်။
“အစ်ကိုဝမ်၊ ကျွန်မကို စောင့်နေတာလား”
ယဲ့ယီ မရေရာစွာ မေးလိုက်သည်။
ဝမ်ဝူက ခေါင်းညိတ်လိုက်သော်လည်း စကားမစတတ်ဘဲ ဖြစ်နေ၏။
ယဲ့ယီ သူ့ကို ကြည့်လိုက်ပြီး သူဘာပြောချင်သည်ကို စူးစမ်းနေသည်။ သူသည် ကင်မရာမရှိသည့်နေရာကို ရွေးချယ်ထားခြင်း ဖြစ်၏။
ယဲ့ယီ စိတ်မရှည်တော့ဘဲ ထွက်သွားရန် ပြင်ဆင်နေချိန်တွင် ဝမ်ဝူက နောက်ဆုံးတွင် စကားစလိုက်တော့သည်။
“ရှောင်ယီ၊ မင်းနဲ့ ဆွေးနွေးလို့ ရမလား”
ဝမ်ဝူက လေသံအေးအေးဖြင့် ပြောလိုက်သည်။
ယဲ့ယီ မျက်ခုံးပင့်လိုက်ပြီး ချက်ချင်း သဘောမတူဘဲ ဘာကိစ္စလဲဟု မေးလိုက်လေသည်။
“အစ်ကိုဝမ်၊ စိတ်ထဲရှိတာ ပြောလိုက်ပါ”
ယဲ့ယီသည် သူမ အသက်မွေးဝမ်းကျောင်းအကြောင်း မေးလိမ့်မည်ဟု ထင်ထားသော်လည်း ဝမ်ဝူ ပြောလိုက်သည့် စကားကြောင့် သူမ လုံးဝကို အံ့အားသင့်သွားသည်။
“ရှောင်ယီ၊ ကိုယ့်သဘောနဲ့ကိုယ် နောက်ဆုတ်ပေးလို့ မရဘူးလား”
ဝမ်ဝူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ယဲ့ယီကမူ သူ ဘာကိုဆိုလိုမှန်း ချက်ချင်း မသိလိုက်ဘဲ မေးလိုက်၏။
“ဘာကို နောက်ဆုတ်ရမှာလဲ”
“ရှောင်ယီ၊ ရူသိုက်ဝိန်နဲ့ ကုရှီချန်းက အလိုက်ဖက်ဆုံးပဲ။ မင်း ဘာလို့ သူတို့နှစ်ယောက်ကြားထဲ ဝင်ရှုပ်နေတာလဲ”
ဝမ်ဝူက ကြေကွဲစွာ ပြောလိုက်သည်။
ယဲ့ယီ: “…..”
ယခုမှ သူမ သဘောပေါက်သွားသည်။
ယဲ့ယီ လုံးဝ စကားမပြောနိုင်အောင် ဖြစ်သွားရလေသည်။
“မဟုတ်ဘူး၊ အစ်ကို ဘာပြောချင်တာလဲ။ ကျွန်မ သူတို့ကြား ဝင်ရှုပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
ယဲ့ယီ လုံးဝ နားမလည်နိုင်ပေ။ သူမ ဘာမှမလုပ်ခဲ့ဘဲနှင့် သူ့စကားမှာ သူမက အခြားသူ အိမ်ထောင်ရေးကို ဖျက်ဆီးနေသည့် မယားငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
ဝမ်ဝူ ဖြောင့်မတ်စွာ ပြောလိုက်၏။
“ရူသိုက်ဝိန်နဲ့ ကုရှီချန်းက ငယ်ငယ်လေးကတည်းက တွဲလာတဲ့သူတွေ။ သူက ကုရှီချန်းအတွက် အများကြီး စတေးခဲ့ရတာ။ မင်းလည်း မိန်းကလေးပဲ၊ ဒီခံစားချက်ကို နားလည်မယ်ထင်ပါတယ်”
ယဲ့ယီ ဘာမှမနားလည်နိုင်ပေ။
‘ငါနဲ့ ဘာဆိုင်လို့လဲ’
ယဲ့ယီ ပြန်ပြောတော့မည့် ဆဲဆဲတွင် ဝမ်ဝူ ဆက်ပြောလေ၏။
“ပြီးတော့ မင်း ကုရှီချန်းနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား။ တကယ်တမ်းပြောရရင် မင်းက မင်းသမီးတစ်ယောက်ပဲ။ ကုရှီချန်းက မင်းကို ဘယ်လိုလုပ်ပြီး ထပ်လက်ထပ်မှာလဲ။ မင်း စောစော လက်လျှော့လိုက်တာ ကောင်းမယ်။ မဟုတ်ရင် နောက်ဆုံး နာကျင်ရမဲ့သူက မင်းတစ်ယောက်တည်း ဖြစ်နေလိမ့်မယ်”
ဝမ်ဝူ ယဲ့ယီကို စေတနာအရင်းခံဖြင့် အကြံပေး လိုက်၏။
ယဲ့ယီ ဒေါသထွက်ကာ ရယ်မောလိုက်ရသည်။
“ကျွန်မက ကုရှီချန်းနဲ့ မထိုက်တန်ဘူး၊ ရူသိုက်ဝိန်ကမှ တန်တယ်လို့ ပြောချင်တာလား”
“ရှောင်ယီ၊ အစ်ကို့စကားကို နားထောင်ပါ။ အခု နောက်ဆုတ်လိုက်တာက အကောင်းဆုံးရွေးချယ်မှုပဲ”
ဝမ်ဝူ ကြိုးစားပြောဆိုနေသည်။ နေ့လည်ပိုင်း အပန်းဖြေနေစဉ်က ရူသိုက်ဝိန်နှင့် စကားပြောဖြစ်ခဲ့သဖြင့် ရူသိုက်ဝိန်အပေါ် ပိုမိုသနားမိသွားခြင်းဖြစ်၏။
ဝမ်ဝူ၏ မျက်လုံးထဲတွင် ရူသိုက်ဝိန်မှာ အချစ်အတွက် ရူးသွပ်စွာ ပေးဆပ်နေသည့် သနားစရာ မိန်းကလေးတစ်ယောက် ဖြစ်နေသည်။
“ကျွန်မက နောက်မဆုတ်ဘူးဆိုရင်ရော”
ယဲ့ယီ အေးစက်စွာ မေးလိုက်သည်။
သူမ တကယ်မနုတ်ထွက်ပါက ရလဒ်က ဘာဖြစ်မည်ကို သိချင်နေသည်။
ရူသိုက်ဝိန် တစ်နေ့လည်အတွင်း ဝမ်ဝူကို သူမ၏ အမာခံပရိသတ်အဖြစ် ပြောင်းလဲလိုက်နိုင်ခြင်းအတွက် သူမ အံ့ဩနေမိသည်။
“ရှောင်ယီ၊ မင်းဘာလို့ သူများဆက်ဆံရေးကြား ဝင်ရှုပ်နေရတာလဲ”
ဝမ်ဝူ မကျေနပ်သည့်အကြည့်ဖြင့် ကြည့်သည်။
ယဲ့ယီ သူ့ကို စိတ်တိုသွားတော့၏။
“အစ်ကို ကျွန်မကို သူတို့ကြား ဝင်ရှုပ်တယ်လို့ပဲ ပြောနေတယ်။ ကျွန်မ မေးပါရစေ၊ သူတို့ ဘယ်တုန်းက တွဲခဲ့ကြတာလဲ။ ကျွန်မ ဘာလို့ မသိရတာလဲ”
ယဲ့ယီမှာ ဒေါသထွက်ရလွန်း၍ ရယ်မောမိသည်။
သူမကိုယ်တိုင်က တကယ့်လက်တွဲဖော်အစစ် ဖြစ်သော်လည်း ဘာမှမပြောရသေးခင်မှာပင် အခြားသူတစ်ယောက်က ဝင်ရောက်စွက်ဖက်ရန် ကြိုးစားနေ၏။
ဝမ်ဝူသည် ယဲ့ယီ၏ သရော်သည့်လေသံကို သတိမပြုမိဘဲ ဆက်လက်ရှင်းပြလေသည်။
“သူတို့က ငယ်သူငယ်ချင်းတွေ၊ သူတို့ပဲ တွဲသင့်တာ။ မင်းနဲ့သာ လက်မထပ်ခဲ့ရင် ကုကတော်ဖြစ်လာမဲ့သူက ရူသိုက်ဝိန်ပဲ”
“ငယ်သူငယ်ချင်းဖြစ်တိုင်း တွဲရမယ်လို့ ဘယ်သူပြောလဲ။ ငယ်ငယ်က သူငယ်ချင်းတွေ မရှိတဲ့သူ ဘယ်သူရှိလဲ။ အစ်ကို ပြောပုံအရဆိုရင် ငယ်သူငယ်ချင်းတိုင်း တွဲရတော့မှာပေါ့။ ပြီးတော့ အစ်ကိုက ‘ရူသိုက်ဝိန်’ အကြောင်းပဲ အမြဲပြောနေတာ၊ အစ်ကိုတို့က အတော်လေး ရင်းနှီးပုံရတယ်နော်”
ယဲ့ယီ၏ ဒေါသတို့ပေါက်ကွဲသွားပြီး လေသံမှာလည်း အေးစက်လာသည်။
မူလက ယဲ့ယီ ဝမ်ဝူ အကြောင်းကို စုံစမ်းခဲ့ရာ ဝမ်ဝူမှာ ဖော်ရွေသည့် လူကောင်း တစ်ယောက်ဟု သိထား၏။ ထို့ကြောင့် သူမ သူအဆင့်အတန်းနှင့် ပြိုင်ပြောမလိုခဲ့ပေ။
သို့သော် ဤသို့ သဘောကောင်းပြတိုင်း သူမကို စော်ကားချင်တိုင်း စော်ကားလို့ ရသည်ဟု ဆိုလိုချင်းမဟုတ်ပေ။
ဝမ်ဝူမှာ တစ်စုံတစ်ရာ ပြောရန် ပြင်ဆင်နေချိန်တွင် နောက်မှ အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။
“ကျွန်တော် ဘယ်သူနဲ့ တွဲနေတယ်ဆိုတာ ခင်ဗျားကို အစီရင်ခံနေရမှာလား”
ကုရှီချန်း မည်သည့်အချိန်က ရောက်နေမှန်း မသိဘဲ နောက်တွင် ရှိနေ၏။
သူ့မျက်နှာမှာ အလွန်ပင် ဆိုးရွားနေ၏။ သူတို့စကားပြောသံများကို ကြားခဲ့ပုံရသည်။
ကုရှီချန်း ဝမ်ဝူကို အေးစက်စက် ကြည့်လိုက်ရာ ဝမ်ဝူမှာ ချက်ချင်း စကားမပြောရဲတော့ဘဲ အလျင်အမြန် ထွက်ခွါသွားတော့သည်။
ဝမ်ဝူ ထွက်သွားပြီးနောက် ကုရှီချန်း ယဲ့ယီကို ကြည့်ကာပြောလိုက်၏။
“သူများပြောတာတွေကို နားမထောင်ပါနဲ့”
သူ ယဲ့ယီကို ခက်ခက်ခဲခဲ လိုက်ထားရသဖြင့် အခြားသူတို့၏ စကားကြောင့် သူတို့ ဆက်ဆံရေးကို မထိခိုက်စေလိုပေ။
ယဲ့ယီ အသံပြုလိုက်၏။
“အင်း”
အခန်း(၁၉၂)
“ရှင့်ကို ဘယ်သူက အပြင်မှာ မိန်းကလေးတွေနဲ့ စကားပြောခိုင်းလို့လဲ”
ကုရှီချန်း ယဲ့ယီ၏ ခေါင်းကို ပုတ်လိုက်၏။
“မင်းကို သဘောကျတဲ့သူတွေကလည်း မနည်းဘူးလေ။ပြီးတော့ အဲဒီ ဆုန့်ချယ်က ဘာဖြစ်နေတာလဲ”
“သူပဲ ကျွန်မကို တစ်ဖက်သက် သဘောကျနေတာလေ၊ ကျွန်မ ဘာလုပ်နိုင်မှာလဲ။ ကျွန်မကိုက သဘာဝအတိုင်း လှလွန်းနေတာကို။ ဘယ်တတ်နိုင်မလဲ”
ယဲ့ယီ ကြွားလုံးထုတ်လိုက်၏။
ကုရှီချန်းကမူ သူမကို ချစ်စနိုးဖြင့် ကြည့်လိုက်သည်။
ယဲ့ယီ ကုရှီချန်းကို ဆွဲကာ ထွက်လာ၏။
“သွားကြမယ်၊ ကြာနေရင် သူတို့က တစ်ခုခုဖြစ်ကြတယ် ထင်နေဦးမယ်”
မလိုအပ်သည့် ပြဿနာများမှ ရှောင်ရှားရန်အတွက် ယဲ့ယီက ကုရှီချန်း၏ ရှေ့မှ ဦးဆောင်သွားသည်။
သို့သော် လူတိုင်း အကြည့်များက သူတို့နှစ်ဦးကိုသာ စူးစိုက်နေကြ၏။
ကုရှီချန်းနှင့် ယဲ့ယီကို ကြည့်ကာ ဆုန့်ချယ်စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။
သူ့တွင် မျှော်လင့်ချက် မရှိတော့ပေ။
“မင်းတို့နှစ်ယောက် သန့်စင်ခန်းကို တူတူသွားကြတာ တိုက်ဆိုင်လိုက်တာ”
စုမန် ရယ်မောကာ ပြောလိုက်သည်။
သို့သော် သူမ လေသံတွင် မကောင်းသည့် ရည်ရွယ်ချက်များ ပါဝင်နေသည်။
မှတ်ချက်အပိုင်းတွင်လည်း စတင်ဆွေးနွေးနေကြသည်။
[ယဲ့ယီ သန့်စင်ခန်းသွားပြီး မကြာခင်မှာပဲ ကုရှီချန်း လိုက်သွားတယ်။ ဒီနှစ်ယောက် နောက်ကွယ်မှာ တစ်ခုခုလုပ်နေတာလား]
[အပေါ်ကလူ၊ ခင်ဗျား အတွေးလွန်နေပြီ]
[ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်တာ သေချာတယ်။ တိုးတိုးလေး ပြောစရာရှိလို့ သွားတာ ဖြစ်မှာပေါ့]
[ငါတော့ သိချင်တယ်]
[+၁ ငါရောပဲ]
ယဲ့ယီ စုမန်ကို ဂရုမစိုက်ချင်ပေ။ သူမနှင့် စကားပြောခြင်းမှာ အချိန်ကုန်ရုံသာရှိသည်။
ယဲ့ယီ သူမကို လျစ်လျူရှုထားသည်ကို မြင်သောအခါ စုမန် ကုရှီချန်းဘက်သို့ အကြည့်ပြောင်းလိုက်လေသည်။
“ရှီချန်း၊ အရင်တုန်းက ဆုက ဒီမိန်းမချောလေးကို ကျေနပ်အောင် ဝယ်ပေးထားတာတော့ မဟုတ်ပါဘူးနော်”
သူမ နောက်သလိုလို ပြောလိုက်သည်။
စုမန်စကားထွက်လာသည်နှင့် တပြိုင်နက် ကျန်ရှိနေသူအားလုံး၏ မျက်နှာပေးများ ပြောင်းလဲသွားသည်။
စုမန်ရည်ညွှန်းနေသည်မှာ ယဲ့ယီရရှိခဲ့သည့် အကောင်းဆုံးမင်းသမီး ဆုကို ပြောနေခြင်းဖြစ်၏။
မှတ်ချက်အပိုင်းတွင်လည်း ဆွေးနွေးနေတော့၏။
[ယဲ့ယီရဲ့ အကယ်ဒမီ ဆုက ကုရှီချန်း ပိုက်ဆံနဲ့ ဝယ်ပေးထားတာ သေချာတယ်]
[သူသာ ကုရှီချန်းကို အားမကိုးရင် ဒီဆုကို ဘယ်လိုလုပ်ရနိုင်မှာလဲ]
[ယဲ့ယီရဲ့ သရုပ်ဆောင်မှုနဲ့ အကောင်းဆုံးမင်းသမီးလား၊ သူနဲ့ တန်ရဲ့လား]
[ငါ့ ယဲ့ယီရဲ့ ရုပ်ရှင်ကို သွားကြည့်ပြီးမှ ပြောပါ။ မကြည့်ဘဲနဲ့ ဘာကို ဝေဖန်နေတာလဲ]
[ဟုတ်ပ ယဲ့ယီက ရထိုက်တယ်]
[တစ်ချို့လူတွေကသာ မနာလိုနေတာ]
[ဟုတ်ပ ဟုတ်ပ၊ ယန်နျန့်စီကလည်း ငါ့ ယဲ့ယီရဲ့ အရည်အချင်းကို အသိအမှတ်ပြုထားတာ။ မနာလိုသူတွေကတော့ အမြင်စောင်းနေတုန်းပဲ]
လေထုမှာ အလွန်ပင် အနေရခက်နေပြီး မည်သူမျှ စုမန်၏စကားကို မထောက်ခံရဲကြပေ။
ယဲ့ယီကိုသာ ခိုးကြည့်နေကြတော့၏။
စုမန်က ယဲ့ယီကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ကုရှီချန်း သူမကို မကာကွယ် ပေးဟု ထင်နေ၏။
“အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး မကျေနပ်ချက်ရှိရင် သွားတိုင်လို့ရပါတယ်။ ဒါပေမဲ့ အခုပြောတဲ့အတိုင်း မဖြစ်ခဲ့ဖူးဆိုရင် ဘယ်လို လျော်ကြေးပေးမှာလဲ”
ကုရှီချန်း စုမန်ကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။
ကုရှီချန်းက လူအများရှေ့တွင် သူမကို မျက်နှာပျက်စေလိမ့်မည်ဟု စုမန် မထင်ထားခဲ့သဖြင့် သူမ မျက်နှာမှာ ဖြူလျော့သွားရသည်။
နောက်ဆုံးတွင် ယဲ့ယီကိုသာ ဒေါသတကြီး ကြည့်လိုက်ရတော့၏။
ယဲ့ယီ ဆွံ့အသွား၏။
“လုပ်ရဲရင် ကုရှီချန်းကို ဒေါသထွက်ပါလား၊ ပြောတဲ့သူက ကုရှီချန်းလေ”
ဤလူများသည် ကုရှီချန်းကို မလုပ်ရဲသဖြင့် အားလုံးကို သူမအပေါ် ပုံချနေခြင်းဖြစ်လေသည်။
ယဲ့ယီ ကင်မရာမမိသည့်နေရာတွင် ကုရှီချန်းကို မျက်စောင်းထိုးလိုက်၏။
‘ရှင်လုပ်လိုက်တဲ့ အရှုပ်ထုတ်တွေ’
ကုရှီချန်း၏ တုံ့ပြန်မှုကြောင့် စုမန် စားသောက်နေစဉ်အတွင်း စကားမပြောရဲတော့ချေ။
ညစာစားပြီးနောက် ဒါရိုက်တာက နောက်တစ်နေ့အတွက် ချိန်းတွေ့မည့်သူများကို ရွေးချယ်နိုင်ကြောင်း ကြေညာလိုက်သည်။
သို့သော်!
ဧည့်သည်များသည် သူတို့ဘာသာ မရွေးချယ်နိုင်ပေ။ ပရိသတ်များက မဲပေးရွေးချယ်ပေးရမည်ဖြစ်သည်။
အစီအစဉ်အဖွဲ့က မဲဆွယ်ရန် အခွင့်အရေးပေးလိုက်သည်။
လျုံဟောင်ချန်က စတင်မဲဆွယ်သည်။
“ပရိသတ်များ ကျွန်တော်နဲ့ ကျောင်းစိစိကို မဲပေးပေးကြပါ။ လူတိုင်းက ကျွန်တော်တို့ရဲ့ မြားနတ်မောင်တွေပါ”
ကျောင်းစိစိမှာ ရှက်ရွံ့သွားရသည်။
သူမအလှည့်တွင်မူ ရှက်ရွံ့စွာ ပြောလိုက်လေ၏။
“ကျေးဇူးပြုပြီး ပံ့ပိုးပေးကြပါ”
သူတို့နှစ်ဦးမှာ သူတို့ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ထို့နောက် ယဲ့ယီအလှည့် ဖြစ်၏။
သို့သော်လည်း သူမမှာ ဘာကိုမျှ မဲဆွယ်စရာ မရှိဟု ထင်ကာ စကားအရ ပြောလိုက်လေ၏။
“ကြိုက်သလိုသာ မဲပေးကြပါ”
ကုရှီချန်း ယဲ့ယီကို မကျေနပ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
စုမန်အလှည့်တွင် သူမက ဆုန့်ချယ်ကို အသည်းအသန် အချစ်များကို ဖွင့်ပြောပစ်လိုက်သည်။
သို့သော် ဆုန့်ချယ်ကမူ အဖက်မလုပ်ပေ။
ကျန်သူများမှာလည်း မည်သူနှင့် တွဲလိုသည်ကို တိတိကျကျ မပြောဘဲ ပရိသတ်သဘောအတိုင်းသာ ထားလိုက်ကြတော့သည်။
ထို့နောက် အစီအစဉ်အဖွဲ့က ရလဒ်များကို တွက်ချက်ပြီးသည်အထိ စောင့်နေကြ၏။
လျုံဟောင်ချန်က သူနှင့် ကျောင်းစိစိကိုသာ မဲပေးကြလိမ့်မည်ဟု ယုံကြည်နေ၏။
သို့သော် ရလဒ်များ ထွက်လာသောအခါ သူ အံ့အားသင့်သွားရသည်။
ပထမအဖွဲ့ - ယဲ့ယီနှင့် ဆုန့်ချယ်။
ဒုတိယအဖွဲ့ - စုမန်နှင့် ဝမ်ဝူ။
တတိယအဖွဲ့ - ကျောင်းစိစိနှင့် ကုရှီချန်း။
စတုတ္ထအဖွဲ့ - ရူသိုက်ဝိန်နှင့် လျုံဟောင်ချန်
ပဉ္စမအဖွဲ့ - ချန်ယွဲ့နှင့် ကျောင်စိနျန်
ရလဒ်များ ကြေညာပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြရသည်။
အချိန်အတော်ကြာသည်အထိ မည်သူမျှ စကားမပြောကြပေ။ လျုံဟောင်ချန် မျက်နှာပျက်လျက် ပြောလိုက်၏။
“မင်းတို့က တကယ်ပဲ ဒုက္ခပေးတတ်ကြတယ်နော်”
အွန်လိုင်းမှ ပရိသတ်များမှာမူ အလွန်ပင် ပျော်ရွှင်နေကြလေ၏။
“ဟားဟား၊ ဘာလို့ လူတိုင်း ဒီလောက်တောင် နောက်နေရတာလဲ။ ငါက ကျပန်းရွေးတယ် ထင်နေတာ”
“အနှစ်ချုပ်ရရင်တော့ ဘယ်သူမှ သူတွဲချင်တဲ့သူနဲ့ တွဲလို့မရဘူးပေါ့”
“ဒီလို ရည်စားရှာပေးတဲ့ အစီအစဉ်က သူတို့ကြိုက်တဲ့ လူနဲ့တွဲခွင့် မပေးဘူးဆိုတော့….ရက်စက်လိုက်တာ”
“အခု သူတို့ရဲ့ မျက်နှာပေးတွေကို ကြည့်ရတာ တစ်မျိုးပဲ၊စိတ်ကျေနပ်စရာကောင်းနေတယ်”
“အဲ့လို ပြောလိုလဲမရပါဘူး အနည်ဆုံးတော့ ဆုန်ချယ့် ကသူ ကြိုက်တဲ့လူနဲ့ တွဲခွင့်ရသွားတာလေ”
“ဟားဟားဟား အဲ့လောက် ရက်စက်တာ မရှိတော့ဘူး”
“ဆုန်ချယ့်: ကျေးဇူးတင်တယ်ဗျို့”
ဒါရိုက်တာမှာလည်း ရလဒ်ကို ကြည့်ကာ တိတ်ဆိတ်သွားရသည်။
ပရိသတ်များ ဒုက္ခပေးမည်ကို သိသော်လည်း ဤမျှလောက်ထိ ဖြစ်လာမည်ဟု မထင်ထားပေ။
ဧည့်သည်အားလုံး၏ မျက်နှာပေးမှာ အလွန်ပင် မကောင်းကြပေ။
ကုရှီချန်းက ဆုန့်ချယ်ကို အေးစက်စက် ကြည့်နေသည်။
ဆုန့်ချယ်မှာလည်း အနေရခက်ကာ ဤအစီအစဉ်ကို လာမိသည်ကို နောင်တရနေ၏။
‘ယဲ့ယီနဲ့ ကုရှီချန်းကြားတွင် ဘာမှမရှိတော့ဘူးလို့ ဘယ်သူပြောခဲ့တာလဲ၊ ကောလဟာလတွေကလည်း တကယ် တတ်နိုင်လွန်းတယ်’
ကျန်သူများ၏ အခြေအနေမှာလည်း အတူတူပင်ဖြစ်၏။လူတိုင်း ရုပ်ဆိုးအကျည်းတန်နေကြ၏။
သူတို့ မပျော်ရွှင်ကြသော်လည်း အွန်လိုင်းမှ ပရိသတ်များမှာမူ အလွန်ပင် ပျော်ရွှင်နေကြလေသည်။
တိုက်ရိုက်ကြည့်ရှုမှု လူဦးရေမှာလည်း အဆမတန် တိုးပွါးလာခဲ့သည်။
ပျော်ရွှင်မှု အပြုံးများသည် ပျောက်ကွယ်မသွားပေ။ပရိသတ်ကြီးတို့၏ အပြုံးများကြီး ဒါရိုက်တာကြီး မျက်နှာဆီသို့ ရောက်ရှိသွားလေတော့၏။