အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း(၁၉၃)
အွန်လိုင်းအသုံးပြုသူများကို တကယ်ပင် တရားမျှတပြီး ဘက်မလိုက်သူများဟု ဆိုရပေမည်။
လူတိုင်းကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်သည့်အတွက် လူတိုင်းကို မပျော်မရွှင်ဖြစ်အောင် လုပ်လိုက်ခြင်းက ပိုကောင်းသည်ဟု သူတို့ တွေးခဲ့ကြလိမ့်မည်။
သူတို့၏ အဓိကရည်ရွယ်ချက်မှာ မျှတမှုနှင့် ဘက်မလိုက်မှုသာ ဖြစ်လေသည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘက်လိုက်ခြင်း မရှိခဲ့ကြပေ။
အလွန်ကောင်းမွန်သည့် စုံတွဲအစီအစဉ်တစ်ခုမှာ သူတို့ကြောင့် ဤကဲ့သို့ ပျက်စီးသွားခဲ့ရသည်။
သို့သော် ဤအရာကပင် အာရုံစိုက်မှုကို ပိုမိုရရှိစေခဲ့ပြီး အနုပညာရှင်များကို စိတ်မဝင်စားသူများပင် အတင်းအဖျင်းများကို ကြည့်ရှုရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဝင်လာကြစေသည်။
ဤလောကတွင် စိတ်ဝင်စားစရာအကောင်းဆုံးအရာမှာ ဘာလဲဟု မေးမြန်းပါက အတင်းအဖျင်းစကားများသာ ဖြစ်လေသည်။
ပွဲများကို ကြည့်ရှုလိုသည့် စိတ်မှာ လူတိုင်း၏ အရိုးထဲအထိ စွဲမြဲနေသည့် ဗီဇတစ်ခုဖြစ်ရာ မည်သူမျှ အတင်းအဖျင်းများ၏ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်ကြပေ။
လမ်းလျှောက်နေစဉ် ရှေ့တွင် ရန်ဖြစ်သံကြားပါက ဘာကြောင့် ရန်ဖြစ်နေကြသည်ကို သိချင်သည့်စိတ်မျိုးပင် ဖြစ်သည်။
အတင်းအဖျင်းများ၏ ရှေ့မှောက်တွင် အခြားအရာအားလုံးမှာ အရေးမကြီးတော့ပေ။
ထိုညတွင် ဧည့်သည်များသည် သူတို့၏ အခန်းများသို့ စောစောပြန်သွားခဲ့ကြသည်။
အစီအစဉ်အဖွဲ့က ပေးထားသည့် လက်ကိုင်ဖုန်းများသည် ပြင်ပလောကနှင့် ဆက်သွယ်၍မရသော်လည်း ဧည့်သည်အချင်းချင်း ဆက်သွယ်နိုင်၏။
ထို့ပြင် ဧည့်သည်များ၏ ကိုယ်ရေးကိုယ်တာကို လေးစားသည့်အနေဖြင့် အစီအစဉ်အဖွဲ့သည် စာပေးပို့သည့် မှတ်တမ်းများကို စစ်ဆေးခြင်းမပြုပေ။
ဧည့်သည်များ သူတို့ပြောချင်သည့်အရာကို ပြောဆိုနိုင်သည်။
ယဲ့ယီ အခန်းသို့ ရောက်သည်နှင့် စာအချို့ကို လက်ခံရရှိခဲ့သည်။
ဝမ်ဝူသည် လက်မလျှော့သေးဘဲ သူမကို စိတ်ရှည်စွာ ဖျောင်းဖျနေဆဲပင် ဖြစ်သည်။
ဝမ်ဝူ: “ငါပြောမယ်၊ ပရိသတ်တွေက မင်းနဲ့ ဆုန့်ချယ်ကို တွဲပေးထားတာပဲ။ ဒါက မင်းတို့နှစ်ယောက် တကယ်လိုက်တယ်ဆိုတာ ပြနေတာ။ တကယ်တော့ ဆုန့်ချယ်ကလည်း ကောင်းပါတယ်။ ဒါကြောင့် ကုရှီချန်းအပေါ်မှာပဲ စိတ်မစွဲလမ်းနေပါနဲ့တော့။ သူ မင်းနဲ့ တကယ်မလိုက်ဖက်ဘူး”
ယဲ့ယီ ပြောစရာ စကားတို့ ပျောက်ဆုံးသွား၏။
ယဲ့ယီ ချက်ချင်းပင် စာပြန်လိုက်၏။
“ပရိသတ်တွေက အစ်ကိုနဲ့ စုမန်ကိုလည်း တွဲပေးထားတာပဲ။ ဒါဆို အစ်ကိုတို့နှစ်ယောက်လည်း လိုက်ဖက်တယ်လို့ ပြောလို့ရတာပေါ့”
အခြားတစ်ဖက်မှ အလျင်အမြန်ပင် စာပြန်လာခဲ့သည်။
ဝမ်ဝူ: “တကယ်တော့ အစ်ကိုလည်း သူနဲ့ တော်တော်လေး လိုက်တယ်လို့ ထင်တယ်”
ယဲ့ယီ: “…..”
ဝမ်ဝူသည် ယဲ့ယီနှင့် ကုရှီချန်း မည်မျှ မလိုက်ဖက်ကြောင်းနှင့် ရူသိုက်ဝိန်က ကုရှီချန်းအတွက် မည်မျှ ပေးဆပ်ခဲ့ရကြောင်းကို စိတ်ပျက်ဖွယ် ဆက်တိုက် ပြောဆိုနေခဲ့သည်။
နောက်ပိုင်းတွင် သူသည် သူကိုယ်တိုင်နှင့် စုမန်အကြောင်းကိုပါ ထည့်သွင်းပြောဆိုလာပြီး သူ စုမန်ကို သဘောကျမိသွားကြောင်း ဝန်ခံလာ၏။
ယဲ့ယီ သူ့ကို ပြောစရာ စကားမရှိတော့သဖြင့် လျစ်လျူရှုထားရန်သာ ရွေးချယ်လိုက်တော့သည်။
ဝမ်ဝူအပြင် အခြားသူအချို့ကလည်း ယဲ့ယီထံသို့ စာများ ပေးပို့ခဲ့ကြသည်။
အမျိုးသမီးများကို ဦးစားပေးရမည်ဟူသော စည်းမျဉ်းအရ ယဲ့ယီသည် ကျောင်းစိစိ၏ စာတိုကို အရင်ဆုံး ဖွင့်ဖတ်လိုက်သည်။
ကျောင်စိစိ: “မမယဲ့၊ စိတ်မပူပါနဲ့၊ ညီမ ကုရှီချန်းနဲ့ နီးနီးကပ်ကပ် မနေပါဘူး”
ကောင်းကင်သို့ ကျိန်ဆိုနေသည့် memeတစ်ခုကိုပါ ပူးတွဲပို့ထားသည်။
ယဲ့ယီ ထိုအရာများကို ဂရုမစိုက်သဖြင့် စိတ်ထဲမထားရန် ကျောင်စိစိကို ပြန်ပြောလိုက်သည်။
ယဲ့ယီ၏ စာကို မြင်သောအခါ ကျောင်းစိစိ ချက်ချင်းပင် သက်ပြင်းချနိုင်သွား၏။
သူမသည် ယဲ့ယီနှင့် ကုရှီချန်းတို့၏ အခြေအနေကို အနည်းငယ် သိရှိထားသဖြင့် ကြားထဲတွင် ဝင်ရောက် မပက်သက်ချင်ပေ။
ဧည့်သည်အမျိုးသားများ မှလွဲ၍ ကျန်ရှိသော အမျိုးသမီးအားလုံး ယဲ့ယီထံ စာတိုများ ပေးပို့ခဲ့ကြသည်။
ယဲ့ယီသည် စုမန်နှင့် ရူသိုက်ဝိန်တို့၏ စာတိုများကို နောက်ဆုံးမှ ဖတ်ရန် ချန်ထားခဲ့ပြီး ချန်ယွဲ့၏ စာကို အရင်ဖွင့်ဖတ်လိုက်သည်။
ချန်ယွဲ့၏ စာမှာ ယဲ့ယီ ခန့်မှန်းထားသည့်အတိုင်းပင် ဆုန့်ချယ်အနားသို့ မချဉ်းကပ်ရန် သတိပေးထားခြင်း ဖြစ်၏။
ယဲ့ယီ သူမကို လျစ်လျူရှုလိုက်ပြီး စုမန်၏ စာတိုကို ဆက်လက်ဖွင့်ဖတ်သည်။
စုမန်: “ ငါ့သားက နင့်ကို သဘောကျလို့ နင့်ကို ပြန်လက်ထပ်ချင်နေတာလို့ ကြားတယ်။ ဟုတ်လား။ အခုတော့ နင် လက်လျှော့လိုက်လို့ရပြီ။ ငါပြန်ရောက်လာပြီဆိုတော့ ကုရှီချန်းက နင်ကို ပြန်လက်ထပ်ချင်ဦးမလား။ မင်း စောစောစီးစီး လက်လျှော့ လိုက်ဖို့ အကြံပေးချင်တယ်”
စုမန်၏ စာတိုကို ဖတ်ပြီးနောက် သူမ အမြဲတမ်း စူးစမ်းလိုနေသည့် အရာတစ်ခုကို ယဲ့ယီ မေးမြန်းလိုက်သည်။
“ရှင်နဲ့ ရူသိုက်ဝိန်ကြားမှာ ဘယ်သူက ကုရှီချန်းကို တကယ်သဘောကျတာလဲ”
ယဲ့ယီသည် ဤမေးခွန်းကို တကယ်ပင် စူးစမ်းချင်နေခဲ့၏။
မူလက စုမန် ကုရှီချန်းကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု ထင်ခဲ့သော်လည်း စုမန်နှင့် ရူသိုက်ဝိန်တို့၏ ဆက်ဆံရေးကို မြင်ပြီးနောက် သံသယဖြစ်လာခဲ့သည်။
သို့မဟုတ် စုမန်သည် သူမ သားအတွက် မိထွေးတစ်ယောက်ကို ကိုယ်တိုင် ရွေးချယ်ပေးရန် စီစဉ်နေခြင်းလော။
စုမန် ယဲ့ယီ၏ စာတိုကို အလျင်အမြန်ပင် ပြန်လည်ဖြေကြားခဲ့သည်။
“ငါတို့ထဲက ဘယ်သူက ကုရှီချန်းကို သဘောကျလဲဆိုတာ အရေးမကြီးပါဘူး၊ ဒါပေမဲ့ ကုကတော်ဆိုတဲ့ နေရာကတော့ နင်မဟုတ်တာ သေချာတယ်”
ယဲ့ယီ စုမန်၏ စာတိုကို ကြည့်ကာ စဉ်းစားမိသည်။
စုမန်က ကုရှီချန်းကို သဘောကျသည်ဟု ပြောရအောင်လည်း ရူသိုက်ဝိန်နှင့် သူမ၏ ဆက်ဆံရေးကို ကြည့်ပါက ထိုသို့မဟုတ်ပုံရသည်။
သို့သော် သဘောမကျဘူးဟု ပြောရအောင်လည်း ကုရှီချန်းအပေါ် ထားရှိသည့် သူမ သဘောထားမှာ အနည်းငယ် ထူးဆန်းနေသည်။
နောက်ဆုံးတွင် ယဲ့ယီ စုမန်ထံသို့ စာပြန်ပို့လိုက်၏။
“ရှင်သာ သားကို အားကိုးပြီး ကုရှီချန်းကို တကယ်လက်ထပ်လိုက်ရင် ရှင့်ခင်ပွန်းဟောင်းက စိတ်တိုပြီး ညဘက်မှာ ရှင့်ကို လာခြောက်လိမ့်မယ်”
ယဲ့ယီ၏ စာတိုကို မြင်သောအခါ စုမန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည်။
ကုရှီချန်း ယဲ့ယီကို ဤအကြောင်းအရာများ ပြောပြလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အကြောင်းမှာ ကုရှီချန်းသည် ကုစဲ့မှာ သူ့သားအရင်းမဟုတ်ကြောင်း မီဒီယာများကို တစ်ခါမျှ ရှင်းလင်းခဲ့ခြင်း မရှိသဖြင့် စုမန်က ကုရှီချန်းသည် ယဲ့ယီကိုလည်း ပြောပြလိမ့်မည်မဟုတ်ဟု ယူဆထားခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအခါ ကုရှီချန်းက ယဲ့ယီကို ပြောပြခဲ့လေပြီ။
ကုရှီချန်း၏ နှလုံးသားထဲတွင် ယဲ့ယီ၏ အဆင့်မတန်းမှာ လျှော့တွက်၍မရကြောင်း ထင်ရှားလှ၏။
စုမန်ထံမှ ပြန်စာမလာသည်ကို မြင်သောအခါ ယဲ့ယီ ရူသိုက်ဝိန်၏ စာတိုကို ဖွင့်ဖတ်လိုက်သည်။
ရူသိုက်ဝိန် ပေးပို့ထားသော စာကို မြင်လိုက်ရသောအခါ ယဲ့ယီ၏ မျက်နှာမှာ ချက်ချင်း ညိုမှောင်သွားရသည်။
ရူသိုက်ဝိန်: “ဥက္ကဋ္ဌယဲ့၊ မင်းက စုံတွဲအစီအစဉ်မှာ ပါဖို့ စိတ်ကူးရှိနေသေးတာပဲ။ မင်းရဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး စိတ်အေးလက်အေး ရှိနေပုံရတယ်”
ယဲ့ယီ မကောင်းသော နိမိတ်ကို ခံစားလိုက်ရသဖြင့် မေးလိုက်သည်။
“ဘာကို ဆိုလိုတာလဲ”
ရူသိုက်ဝိန် ချက်ချင်းပင် စာပြန်လာ၏။
“ငါပြောခဲ့သားပဲ၊ မင်း ကုရှီချန်းကို လက်မလွှတ်ချင်ရင် မင်း တန်ဖိုးတစ်ခု ပေးဆပ်စေရမယ်လို့။ ကုရှီချန်း မင်းကြောင့် ငါ့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ခဲ့တာ မဟုတ်ဘူးလား။ မင်းရဲ့ ကုမ္ပဏီလေးကို သုံးပြီး ဒီဆုံးရှုံးမှုကို ပြန်ကာမိအောင် လုပ်ရမှာပေါ့”
ရူသိုက်ဝိန်သည် ယခုအခါ သူမ၏ ကုမ္ပဏီကို တိုက်ခိုက်လိမ့်မည်ဟု ယဲ့ယီ မထင်ထားခဲ့ပေ။
‘မဟုတ်သေးပါဘူး’
ရူသိုက်ဝိန် ဝယ်ယူထားသော ကုမ္ပဏီသည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဖြစ်သော်လည်း ၎င်းသည် ဂျက်နီစစ် မီဒီယာကို ဖိနှိပ်နိုင်စွမ်း လုံးဝမရှိပေ။
ထို့ပြင် သူမ မိသားစုကုမ္ပဏီ၏ အဓိက လုပ်ငန်းများသည် ပြည်ပတွင် ရှိနေခြင်းဖြစ်ရာ ပြည်တွင်းအထိ ဖြန့်ကျက် နိုင်မည်မဟုတ်ပေ။
ပြည်တွင်းတွင် ထိုသို့သော စွမ်းရည်ရှိပြီး ရူသိုက်ဝိန်နှင့် ပူးပေါင်းနိုင်ခြေ အများဆုံးဖြစ်နိုင်သည်မှာ ဟိုင်ထျန် ဖျော်ဖြေရေး ဖြစ်ရမည်။
ဤအရာကို တွေးမိသောအခါ ယဲ့ယီ၏ မျက်နှာမှာ ပိုမိုညိုမှောင်သွားရ၏။
လန်ရွှယ်နှင့် သူမကြားရှိ ရန်ငြိုးများအရ ၎င်းတို့သည် ရူသိုက်ဝိန်နှင့် ပူးပေါင်းပါက သူမအတွက် အလွန် အခြေအနေမကောင်းနိုင်ပေ။
သူမသာ ယခု လကလျှော့လိုက်ပါက ဂျက်နီစစ်မီဒီယာကို ပိုမို အခက်အခဲတွေ့စေလိမ့်မည်။
ယဲ့ယီသည် စိုးရိမ်ပူပန်မှုကို မအောင့်နိုင်ဘဲ ဖြစ်သွားသည်။
သူမ နန်ချင်ဝမ်၏ စွမ်းရည်ကို ယုံကြည်သော်လည်း ကုမ္ပဏီ၏ အခြေအနေကို ဘာမျှမသိရခြင်းက သူမကို နေမထိထိုင်မသာ ဖြစ်စေသည်။
အဓိကအချက်မှာ ယခုအချိန်တွင် နန်ချင်ဝမ်နှင့် ဆက်သွယ်ရန် နည်းလမ်းမရှိခြင်းပင် ဖြစ်သည်။
အခန်းပြင်ပတွင် ကင်မရာများ နေရာအနှံ့ ရှိနေ၏။
ထွက်ခွာသွားရန် နည်းလမ်းမရှိပေ။
သူမသာ အစီအစဉ်အဖွဲ့ကို သွားရောက်ရှာဖွေပါက ပရိသတ်များ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။
ယဲ့ယီ တွေးလေလေ ပိုမို စိုးရိမ်ပူပန်လေလေ ဖြစ်လာသည်။
သူမ ယခုတစ်ကြိမ်တွင် အလျင်စလို ဖြစ်သွား၏။ ရူသိုက်ဝိန် လန်ရွှယ်နှင့် ဆက်သွယ်မိသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ယဲ့ယီ အလွန် စိုးရိမ်ပူပန်နေစဉ်အတွင်း သူမ၏ ဖုန်း ထပ်မြည်လာခဲ့သည်။
ယဲ့ယီ ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ ၎င်းသည် ကုရှီချန်းထံမှ ပေးပို့သော စာတိုဖြစ်ကြောင်း တွေ့လိုက်ရသည်။
အခန်း(၁၉၄)
စာတစ်ခုတည်း မဟုတ်ပေ။ သူ အခန်းသို့ ရောက်သည်နှင့် ချက်ချင်း အစောဆုံး ပေးပို့ထားခြင်း ဖြစ်ရမည်။
အစီအစဉ်အဖွဲ့က ပေးထားသည့် ဖုန်းသည် ဖုန်းခေါ်ဆို၍ ရပါက ကုရှီချန်း တိုက်ရိုက်ပင် ဖုန်းခေါ်ဆိုခဲ့လိမ့်မည်။
အစီအစဉ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီတစ်ခုက ပြုလုပ်ထားသည့် စာပေးပို့ရုံသာ ရသည့် ဆော့ဖ်ဝဲလ်ငယ်လေးတစ်ခုကို သုံးစေခဲ့ခြင်း ဖြစ်၏။
၎င်းသည် အသံဖိုင်ပင် ပေးပို့၍မရပေ။
ယဲ့ယီသည် ထိုသို့သော ဆော့ဖ်ဝဲလ်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။ ၎င်းကို ဖန်တီးထားပါက တကယ်သုံးမည့်သူ ရှိပါမည်လော။
သို့သော် ယခုအချိန်တွင် ထိုဆော့ဖ်ဝဲလ်အကြောင်း ဆွေးနွေးရမည့်အချိန် မဟုတ်သဖြင့် ယဲ့ယီ ကုရှီချန်း၏ စာကို အရင်ဆုံး ပြန်လည်ဖြေကြားလိုက်သည်။
သူမ အဘယ်ကြောင့် စာကို ချက်ချင်း ပြန်မပို့နိုင်ခဲ့ကြောင်း ရှင်းပြလိုက်၏။
သို့သော် ရူသိုက်ဝိန်၏ ကိစ္စနှင့် ပတ်သက်၍ ကုရှီချန်းကို ပြောပြရန် သင့်၊ မသင့် ယဲ့ယီ မသေချာပေ။
အကြောင်းမှာ ရူသိုက်ဝိန်၏ နောက်ကွယ်တွင် ရူမိသားစု ရှိနေသောကြောင့်ပင် ဖြစ်သည်။
ကုရှီချန်းသည် သူမအတွက်ကြောင့် ရူမိသားစုနှင့် လုံးဝ မျက်နှာပျက်ရမည်ဆိုပါက ကြည့်ရဆိုးနိုင်ပေသည်။
ခဏတာ စဉ်းစားပြီးနောက် ယဲ့ယီ ဤကိစ္စကို ကုရှီချန်းအား မပြောပြရန် ဆုံးဖြတ်လိုက်တော့၏။
သူမသည် နောက်နေ့တွင် နန်ချင်ဝမ်ထံ ဖုန်းခေါ်ဆိုပြီး ကုမ္ပဏီအခြေအနေကို မေးမြန်းရန် နည်းလမ်းရှာရမည်။
ကံကောင်းသည်မှာ ဤအစီအစဉ် ရိုက်ကူးချိန်မှာ တစ်ပတ်သာ ကြာမြင့်မည် ဖြစ်သည်။
နှစ်ရက် ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ကျန်ရှိသော ငါးရက်ကို သူမ အောင့်အီးနိုင်ပါသည်။
နန်ချင်ဝမ်၏ စွမ်းရည်ဖြင့် ဤငါးရက်ကို ထိန်းထားနိုင်ရန် ဖြစ်နိုင်ပါသေး၏။
…
နောက်တစ်နေ့။
ညစာစားပြီးနောက် လူတိုင်းသည် ယနေ့၏ ချိန်းတွေ့ခြင်းအတွက် စတင်ပြင်ဆင်ကြလေသည်။
ယနေ့ ချိန်းတွေ့မည့်နေရာကို မဲနှိုက်၍ ရွေးချယ်ရမည်ဖြစ်သည်။
ဆုန့်ချယ် မဲနှိုက်ရမည့် အရေးကြီးသောအလုပ်ကို ယဲ့ယီထံ အပ်နှံခဲ့သည်။
ယဲ့ယီ နှိုက်မိသည်မှာ ကစားကွင်း ဖြစ်၏။
ယဲ့ယီ ကစားကွင်း မဲနှိုက်မိသည်ကို မြင်သောအခါ ဆုန့်ချယ်၏ နှုတ်ခမ်းမှာ တွန့်သွားလေ၏။
သူသည် ကစားကွင်းတွင် တစ်ခါမျှ ချိန်းတွေ့ခြင်း မပြုခဲ့ဖူးပေ။
သို့သော် ယနေ့ ချိန်းတွေ့မည့်နေရာမှာ အရေးမကြီးတော့ပေ။
အကြောင်းမှာ ဆုန့်ချယ်သည် ယခုအခါ ယဲ့ယီကို လုံးဝ လက်လွှတ်လိုက်၏။
သူသည် ကုရှီချန်းနှင့် ပြိုင်လုရန် သတ္တိမရှိပေ။
သူသည် ကျန်ရှိသော ရက်အနည်းငယ်ကို အေးချမ်းစွာ ကုန်ဆုံးလိုပြီး ကုရှီချန်းက သူ့အပေါ် ရန်ငြိုးမထားရန်သာ မျှော်လင့်နေတော့သည်။
သူ၏ အကြောင်းကြောင့် ကုကော်ပိုရေးရှင်းက သူ၏ မိသားစုကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပါက ဖခင်ဖြစ်သူ သူ့ကို အရေခွံဆုတ်ပေလိမ့်မည်။
ကျန်ရှိသော သူများတွင်လည်း မတူညီသော အတွေးကိုယ်စီ ရှိနေကြပြီး ယနေ့ ချိန်းတွေ့ခြင်းအပေါ် စိတ်ပါလက်ပါ ရှိသူတစ်ဦးမျှ မရှိပေ။
ကုရှီချန်းနှင့် ကျောင်းစိစိတို့ နှိုက်မိသော ချိန်းတွေ့မည့်နေရာမှာ ရုပ်ရှင်ရုံ ဖြစ်၏။
ကျန်သူများ နှိုက်မိသည့် နေရာများလည်း များသောအားဖြင့် စုံတွဲငယ်များ သွားလေ့ရှိသည့် နေရာများသာ ဖြစ်ကြသည်။
အစီအစဉ်အဖွဲ့ကလည်း ရက်ရောစွာ ချိန်းတွေ့မည့် ဧည့်သည်စုံတွဲတိုင်းကို ချိန်းတွေ့ရန် ရန်ပုံငွေအဖြစ် ငွေကျပ် ယွမ်နှစ်ရာစီ ထောက်ပံ့ပေးခဲ့သည်။
ယဲ့ယီနှင့် ဆုန့်ချယ်တို့သည် ဒေသတွင်းရှိ အတော်လေး နာမည်ကြီးသော ကစားကွင်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
လမ်းခရီးတစ်လျှောက်တွင် ယဲ့ယီ နန်ချင်ဝမ်နှင့် မည်သို့ ဆက်သွယ်ရမည်ကို တွေးတောနေခဲ့၏။
ဆုန့်ချယ်မှာမူ ပထမနေ့က ယဲ့ယီအပေါ် ထားရှိသည့် ထက်သန်မှုများမှ လုံးဝ ပြောင်းလဲသွားကာ အလွန်ပင် တိတ်ဆိတ်နေခဲ့လေသည်။
ဤအရာမှာ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကို ရယ်မောစေခဲ့သည်။
[LMAO ဆုန့်ချယ်က အခု ယဲ့ယီကို စကားပြောဖို့တောင် ကြောက်နေတာလား]
[ကုရှီချန်းရဲ့ သဘောထားက တော်တော်လေး ထင်ရှားနေပြီလေ၊ သူက ဘယ်လိုလုပ်ပြီး ကုရှီချန်းနဲ့ ပြိုင်လုရဲမှာလဲ]
[ဒါပေမဲ့ တခြားအချက်တွေကို ဖယ်ထားရင် သူတို့နှစ်ယောက်က တော်တော်လေး လိုက်ပါတယ်]
[ပထမနေ့က ယဲ့ယီကို ဆက်ဆံတဲ့ ဆုန့်ချယ်ရဲ့ ပုံစံကို တွေးမိရင် သူ့အတွက် ရှက်မိတယ်၊ ဟားဟား]
[သူ ပထမနေ့ကတင် စလိုက်တာကို ဒုတိယနေ့မှာ ကုရှီချန်း ရောက်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ]
[ကုရှီချန်းရဲ့ အကြည့်က လူသတ်နိုင်လောက်တယ်]
သူတို့ နောက်ဆုံးတွင် ကစားကွင်းသို့ ရောက်ရှိခဲ့ကြ၏။
လက်ထဲရှိ ငွေနှစ်ရာကို ကြည့်ကာ ယဲ့ယီက ဆုန့်ချယ်ကို မေးလိုက်သည်။
“ရှင် ဘာကစားချင်လဲ”
ဆုန့်ချယ်:”…..”
တာဝန်များ ပြောင်းပြန်ဖြစ်သွားပြီလော။
သူက သူမကို မေးရမည် မဟုတ်ပါလော။
ဆုန့်ချယ် ဘာမျှမကစားချင်ပေ။ သူ၏ အသက်အရွယ်အရ ကစားကွင်းသို့ လာရောက်လည်ပတ်ရန် ဝါသနာမပါတော့ပေ။
ယဲ့ယီသည် ကစားကွင်းရှိ ကစားစရာများ၏ လက်မှတ်စျေးနှုန်းများကို သွားရောက်စစ်ဆေးခဲ့ရာ များသောအားဖြင့် နှစ်ဆယ်ယွမ် ကျသင့်လေမည်။
၎င်းသည် သူတို့ ကစားစရာ လေးခုခန့် ကစားနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော် ရိုးရိုးသားသား ပြောရပါက ယဲ့ယီလည်း ဘာမျှမကစားချင်ပေ။
သူတို့နှစ်ဦးစလုံး ခဏတာ တိတ်ဆိတ်သွားကြသည်။
နောက်ဆုံးတွင် ယဲ့ယီက အရင်ဆုံး အတွင်းသို့ ဝင်ရန် ဆုံးဖြတ်လိုက်၏။
ကံကောင်းထောက်မစွာ ယနေ့သည် ပိတ်ရက်ဖြစ်သဖြင့် ကစားကွင်းတွင် လူအများအပြား ရှိနေသည်။
အများစုမှာ ကလေးများကို ခေါ်ဆောင်လာသည့် မိဘများ ဖြစ်ကြ၏။
ဘေးကင်းစေရန်အတွက် သူတို့နှစ်ဦးစလုံး ရုပ်ဖျက်ထားကြပြီး လမ်းသွားလမ်းလာများက မေးမြန်းပါက ဗီဒီယိုတိုများ ရိုက်ကူးနေခြင်းဖြစ်ကြောင်း ပြောဆိုကြလေသည်။
ဤလောကတွင် ဗီဒီယိုတို ရိုက်ကူးသူ အများအပြား ရှိနေသဖြင့် မည်သူမျှ သူတို့ကို အလွန်အကျွံ အာရုံမစိုက်ကြပေ။
ရံဖန်ရံခါသာ ကြည့်ရှုကြပြီး အနည်းဆုံးတော့ သူတို့ကို မမှတ်မိကြပေ။
ယဲ့ယီနှင့် ဆုန့်ချယ်တို့ ကစားကွင်းအတွင်း အချိန်အတော်ကြာ လျှောက်လည်ပြီးနောက် နောက်ဆုံးတွင် စွန့်စားရသည့် ရိုလာကိုစတာစီးရန် ဆုံးဖြတ်လိုက်ကြလေသည်။
သူတို့၏ ရွေးချယ်မှုမှာ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။
[သူတို့ ချားရဟတ်ကြီး စီးမယ်လို့ ထင်ထားတာ၊ ချိန်းတွေ့ဖို့ဆိုရင် ချားရဟတ်ကြီးက အရိုမန်တစ်ဆုံးပဲလေ]
[မင်း ဘာတွေးနေတာလဲ။ ဒီနှစ်ယောက်က ချိန်းတွေ့နေတဲ့ပုံနဲ့ တူလို့လား။ သူတို့ တကယ် ချိန်းတွေ့ရင် ဆုန့်ချယ် ချွေးပြန်နေမှာ]
[ဒီစုံတွဲတင် မဟုတ်ပါဘူး၊ အခြားဧည့်သည်တွေလည်း ပုံမှန်မဟုတ်ကြဘူး]
[ကုရှီချန်း ချက်ချင်းပဲ ကျောင်းစိစိကို ခေါ်ပြီး စစ်ကားသွားကြည့်တာ တကယ်ရယ်ရတယ်။ ကျောင်းစိစိ စကားမပြောနိုင်အောင် ဖြစ်သွားရရှာတယ်]
[ဟားဟား၊ ဒီတစ်ခေါက် အစီအစဉ်က ချိန်းတွေ့ဖို့ မဟုတ်ဘဲ ဒုက္ခခံဖို့ လာကြတာနဲ့ တူတယ်]
ရိုလာကိုစတာကို ယဲ့ယီက ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း လက်မှတ်မဝယ်ခင် ဆုန့်ချယ်၏ သဘောထားကို မေးမြန်းခဲ့သည်။
“ရှင် ရိုလာကိုစတာ စီးရဲလား”
ယဲ့ယီ၏ မေးခွန်းကြောင့် ဆုန့်ချယ်မှာ စကားမပြောနိုင်အောင် ဖြစ်သွားသည်။
အွန်လိုင်းအသုံးပြုသူ အများအပြား၏ ရှေ့မှောက်တွင် သူ မစီးရဲလျှင်ပင် မစီးရဲကြောင်း ထုတ်ဖော်ပြောဆို၍မရပေ။
ယဲ့ယီလည်း အလိုက်သိစွာ ပြောလိုက်၏။
“စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့။ မစီးရဲရင် ကျွန်မတို့ မြင်း သွားစီးကြတာပေါ့”
ဆုန့်ချယ်: “...”
‘ကျေးဇူးပဲ’
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာမူ အလွန်ပင် ရယ်မောနေကြတော့သည်။
[ဟားဟား၊ ယဲ့ယီ ပြောလိုက်တာက မစီးရဲရင် ကလေးတွေစီးတဲ့ မြင်းသွားစီးမယ်တဲ့... မင်းက တကယ်ကို ကြင်နာတတ်တာပဲ]
[ဆုန့်ချယ် ဘယ်လို ပြန်ပြောရမလဲ။ သူ ကြောက်တယ်လို့ ပြောရင် ယဲ့ယီက သူ့ကို မြင်းသွားစီးခိုင်းတော့မှာလေ။ ဒါဆို ဆုန့်ချယ်ရဲ့ သိက္ခာ ဘယ်နားသွားထားမလဲ]
[တကယ်တော့ ယဲ့ယီက တော်တော်လေး အလိုက်သိပါတယ်။ ဟုတ်တယ်လေ၊ ရိုလာကိုစတာ မစီးနိုင်ရင် သိပ်ကြောက်စရာ မကောင်းတာပဲ ကစားပေါ့]
[ရယ်ရလွန်းလို့ သေတော့မယ်၊ သူက မြင်းစီးကစားစရာကို တွေးမိပေမဲ့ ချားရဟတ်ကြီးကိုတော့ မတွေးမိဘူးပေါ့]
ယဲ့ယီသည် သူမပြောလိုက်သော စကားတွင် ဘာမျှမှားယွင်းမှု မရှိဟု ထင်မြင်ပြီး ဆုန့်ချယ် စကားမပြောသည်ကို မြင်သောအခါ သူ ရှက်နေသည်ဟု ထင်မှတ်ကာ အလိုက်သိစွာ ထပ်ပြောလိုက်၏။
“သွားစို့၊ မြင်း သွားစီးကြမယ်”
သူမ ကလေးတစ်ယောက်ကို ချော့မော့သကဲ့သို့ ပြောလိုက်သည်။
ဆုန့်ချယ် “...”
ပရိသတ်များ ထပ်မံ ရယ်မောကြပြန်သည်။
ယဲ့ယီက သူ့ကို ကလေးများ စီးကျသည့် မြင်းဆီသို့ တကယ်ခေါ်သွားမည်ကို စိုးရိမ်သဖြင့် ဆုန့်ချယ် အလျင်အမြန်ပင် ပြောလိုက်၏။
“ဒါပဲ ကစားကြတာပေါ့”
ယဲ့ယီ ဆုန့်ချယ်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“ရှင် အမြင့်ကြောက်တာမျိုး ရှိရင် သေချာပေါက် ပြောရမယ်နော်၊ ရှက်စရာ မဟုတ်ပါဘူး။”
ဆုန့်ချယ်: “…..”
‘မမရေ တကယ်မကြောက်ပါဘူးလို့ အားးး’
နောက်ဆုံးတွင် ဆုန့်ချယ်က သူ အမြင့်မကြောက်ကြောင်း ယဲ့ယီကို ထပ်ခါတလဲလဲ အာမခံပြီးနောက်မှ ယဲ့ယီ လက်မှတ်ဝယ်ခဲ့လေသည်။
သူ မကြောက်ဟု ပြောခဲ့သော်လည်း ရိုလာကိုစတာ စတင်လှုပ်ရှားသောအခါ ဆုန့်ချယ် အော်ဟစ်ခြင်းကို မထိန်းနိုင်ခဲ့ပေ။
အမှန်တွင် သူတစ်ယောက်တည်း မဟုတ်ဘဲ အခြားစီးနင်းသူများလည်း အော်ဟစ်နေကြသည်။
ယဲ့ယီမှလွဲ၍ ဖြစ်သည်။
ယဲ့ယီမှာမူ ရိုလာကိုစတာ စီးနေခြင်း မဟုတ်ဘဲ အမြန်ရထား စီးနေသကဲ့သို့ အလွန်ပင် တည်ငြိမ်နေခဲ့၏။
ဆုန့်ချယ်က ယဲ့ယီ အော်ဟစ်ခြင်းမရှိသည်ကို ခိုးကြည့်မိပြီး သူ၏ သိက္ခာအတွက် အော်ဟစ်လိုစိတ်ကို အတင်းအကျပ် အောင့်အီးထားခဲ့ရသည်။
ယဲ့ယီက သူ အသံမထွက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ကူညီဖျောင်းဖျပေးလေ၏။
“ကျွန်မကို အားနာနေစရာ မလိုပါဘူး၊ အော်ချင်ရင် အော်လိုက်ပါ”
ဆုန့်ချယ်: ‘မင်းက တကယ်ကို ကြင်နာတတ်တာပဲ’
ပရိသတ်များမှာမူ အလွန်ပင် ရယ်မောနေကြသည်။
ကင်မရာသမားက သူတို့နောက်သို့ လိုက်မစီးသော်လည်း မိုက်ခရိုဖုန်းများကိုမူ ဖြုတ်ထားခြင်း မရှိပေ။
သူတို့နှစ်ဦး၏ စကားပြောသံများသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ရှင်းလင်းစွာ ရောက်ရှိလာခဲ့သည်။
[ဟားဟားဟား၊ ယဲ့ယီက တကယ်ကို အံ့ဩဖို့ကောင်းတယ်]
[ရက်စက်ပြီး နှလုံးသားမရှိတာ၊ ဒါထက် ပိုတာမရှိဘူး]
[ဆုန့်ချယ်: မင်းက တကယ်ကို ကြင်နာတတ်လိုက်တာ]
[ယဲ့ယီရဲ့ အတွေးအခေါ်က တကယ်ကို အံ့ဩဖို့ကောင်းတယ်၊ ငါ ဘာကိုမှ မလေးစားဘူး၊ သူကိုပဲ လေးစားတယ်]
နောက်ပိုင်းတွင် ဆုန့်ချယ်သည် သိက္ခာအတွက် အဆုံးအထိ အသံတစ်ချက်မျှ ထပ်မထွက်ခဲ့ပေ။
သို့သော် သူ ရိုလာကိုစတာပေါ်မှ ဆင်းလာသောအခါ တုန်ရင် နေသော သူ၏ ခြေထောက်များက သူ၏ စိတ်တွင်းခံစားချက်ကို ဖော်ပြနေခဲ့လေသည်။
ယဲ့ယီကမူ သူ့ကို အလိုက်သိစွာဖြင့် တွဲပေးခဲ့၏။
ဆုန့်ချယ်မှာမူ လုံးဝ မျှော်လင့်ချက်မဲ့နေသည့် ပုံစံဖြစ်သွားရတော့သည်။