← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း(၁၉၅)

ဆုန့်ချယ်၏ ခံစားချက်ကို ထောက်ထားသောအားဖြင့် ယဲ့ယီ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော အခြားကစားနည်းများကို ထပ်မံမရွေးချယ်တော့ပေ။

သူမ ဆုန့်ချယ်ကို ခေါ်ဆောင်ကာ မြင်းစီးကစားစရာကို သွားရောက်စီးခဲ့သည်။

ဆုန့်ချယ်:”….”

သူ ဤအစီအစဉ်တွင် ပါဝင်ရန် အဘယ်ကြောင့် သဘောတူခဲ့ရသနည်း။ ယခုမှ နုတ်ထွက်မည်ဆိုလျှင် နောက်ကျသွားပြီလော။

မြင်းစီးကစားစရာ စီးနေသူအများစုမှာ ကလေးငယ်များသာ ဖြစ်ကြသဖြင့် ဆုန့်ချယ်နှင့် ယဲ့ယီတို့သည် ၎င်းတို့ကြားတွင် အလွန်ပင် ထင်ရှားနေခဲ့၏။

ဆုန့်ချယ်မှာ အလွန်ရှက်ရွံ့နေသဖြင့် ခေါင်းကိုပင် မမော့ရဲပေ။

မည်သူမျှ သူ့ကို မမှတ်မိခြင်းအတွက် သူ သက်ပြင်းချနိုင်ခဲ့သည်။

သို့သော် ထိုနေရာတွင် ရှိနေသူများက သူ့ကို မမှတ်မိကြသော်လည်း ၎င်းမှာ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်နေ၏။

ဆုန့်ချယ်သည် ဤအစီအစဉ်ပြီးဆုံးပါက သူ၏ သူငယ်ချင်းများက သူ့ကို မည်မျှ လှောင်ပြောင်ကြလိမ့်မည်ကို တွေးတောနေတော့၏။

သူ ယဲ့ယီကို မကျေနပ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော် ယဲ့ယီ သူ့အတွက် လုပ်ဆောင်ပေးခြင်းဖြစ်သဖြင့် သူ ဘာမျှမပြောနိုင်ပေ။

ယဲ့ယီမှာမူ ဘေးပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို လုံးဝ ဂရုမစိုက်ပေ။

မြင်းစီးကစားစရာ စတင်လည်ပတ်တော့မည့်အချိန်တွင် ယဲ့ယီသည် နန်ကျားကျားနှင့် နန်ချင်ဝမ်တို့ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

သူမ လှမ်းကြည့်လိုက်သောအခါ နန်ချင်ဝမ်ကလည်း ပြန်လှည့်ကြည့်ခဲ့သည်။

သူတို့ အကြည့်ချင်း ဆုံမိပြီးနောက် နန်ချင်ဝမ် နန်ကျားကျားကို ခေါ်ဆောင်ကာ သန့်စင်ခန်းဘက်သို့ ထွက်ခွာသွားခဲ့သည်။

ယဲ့ယီ ဆုန့်ချယ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ရှင် အရင်စီးနှင့်နော်၊ ကျွန်မ ဗိုက်နည်းနည်း မကောင်းလို့”

ထို့နောက် သူမလည်း သန့်စင်ခန်းသို့ ဦးတည်သွားခဲ့လေသည်။

ဆုန့်ချယ်တစ်ယောက်တည်း လေထဲတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ရတော့သည်။

လက်ထဲရှိ လက်မှတ်ကို ကြည့်ကာ ဆုန့်ချယ် လုံးဝ မျှော်လင့်ချက်မဲ့နေသော မျက်နှာပေးဖြင့် ပြောလိုက်၏။

“ကျွန်တော် မစီးလို့ မရဘူးလား”

ရလဒ်မှာမူ သေချာပေါက် မရပေ။

မူလ ယဲ့ယီနှင့်အတူ ရှိနေသဖြင့် ဆုန့်ချယ် အနည်းငယ် သက်သာရာရခဲ့သော်လည်း ယခုအခါ ယဲ့ယီ သန့်စင်ခန်းသွားသဖြင့် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့ရလေသည်။

သူသည် အလွန်ရှက်ရွံ့နေသဖြင့် ကြမ်းပြင်ကိုပင် ကုတ်ဖဲ့ကာ အခန်းတစ်ခု ဆောက်လုပ်ချင်စိတ် ပေါက်နေခဲ့ရသည်။

နောက်ဆုံးတွင် သူ လုံးဝ အလျော့ပေးလိုက်ရသည့် မျက်နှာပေးဖြင့် မြင်းစီးကစားစရာပေါ်တွင် ထိုင်နေခဲ့ရတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် သူ၏ မျှော်လင့်ချက်မဲ့နေသော ပုံစံကြောင့် ရယ်မောနေကြလေ၏။

သန့်စင်ခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ယဲ့ယီ နန်ချင်ဝမ်နှင့် နန်ကျားကျားတို့ကို တွေ့လိုက်ရလေသည်။

နန်ကျားကျားသည် ယဲ့ယီကို မြင်သောအခါ ချက်ချင်းပင် ရှေလှမ်းကာ ထက်သန်စွာ နှုတ်ဆက်ခဲ့၏။

“အန်တီယဲ့ယီ”

ယဲ့ယီ နန်ကျားကျား၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး နန်ချင်ဝမ်ထံသို့ အကြည့်ပြောင်းလိုက်သည်။ ယခုအချိန်တွင် သန့်စင်ခန်းအတွင်း၌ သူတို့ သုံးဦးသာ ရှိနေကြလေသည်။

“ရှောင်ယီ၊ ကုမ္ပဏီမှာ ကိစ္စတစ်ခု ဖြစ်နေတယ်” နန်ချင်ဝမ်က အလွန်ပင် တည်ကြည်သော မျက်နှာပေးဖြင့် ပြောလေ၏။

သူမသည် ယနေ့ ယဲ့ယီနှင့် တွေ့ရန်အတွက် နန်ကျားကျားကို ရည်ရွယ်ချက်ရှိရှိ ကစားကွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။

နန်ချင်ဝမ်၏ စကားကို ယဲ့ယီ မျှော်လင့်ထားခဲ့သော်လည်း သူမ၏ မျက်နှာမှာ ညိုမှောင်သွားသည်။

“ဘာဖြစ်တာလဲ”

ယဲ့ယီ အဓိကအချက်ကို တိုက်ရိုက် မေးမြန်းလိုက်သည်။

သူတို့ ကင်မရာအပြင်ဘက်တွင် အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေပါက ပရိသတ်များက သံသယဖြစ်ကြလိမ့်မည်။

ထို့ကြောင့် စကားကို အကျဉ်းချုံး ပြောရမည်။

နန်ချင်ဝမ်က မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဓိကအချက်များကို ယဲ့ယီအား ပြောပြခဲ့သည်။

“ငါတို့ကုမ္ပဏီက လက်မှတ်ရေးထိုးထားတဲ့ အနုပညာရှင်အသစ်တွေကို ဟိုင်ထျန် ဖျော်ဖြေရေးက အယုံသွင်းပြီး ခေါ်သွားတယ်။ အခု ကုမ္ပဏီမှာ အနုပညာရှင်အသစ် မကျန်သလောက်ပဲ။ ပြီးတော့ ယောက်ျားလေးအဖွဲ့က လျုံယုကိုလည်း သူတို့ ခေါ်သွားကြတယ်”

“ပြီးတော့ ပြိုင်ပွဲမှာလည်း ဟိုင်ထျန် ဖျော်ဖြေရေးရဲ့ ယောက်ျားလေးအဖွဲ့က ငါတို့အဖွဲ့ကို နိုင်နေတယ်။ သူတို့က ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ”

“ကုမ္ပဏီရဲ့ ရှယ်ယာစျေးနှုန်းတွေကလည်း မကြာသေးခင်ကပဲ ထိုးကျနေတာ။ ရှယ်ယာရှင်တွေကလည်း မကျေနပ်ကြတော့ဘူး”

ယဲ့ယီသည် ရှန်ကျီဟန်ကို ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးနောက် လူအများအပြားသည် ဂျက်နီစစ်မီဒီယာတွင် လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ယဲ့ယီလည်း လာသမျှသူများကို လက်ခံခဲ့၏။ ထို့ပြင် ကုမ္ပဏီရှယ်ယာ၏ ခြောက်ဆယ်ရာခိုင်နှုန်းမှာ သူမ၏ လက်ထဲတွင် ရှိနေသည်။

နန်ချင်ဝမ်၏ စကားကို ကြားပြီးနောက် ယဲ့ယီ၏ မျက်နှာပေးမှာ ပိုမိုဆိုးရွားသွားရသည်။

ဟိုင်ထျန် ဖျော်ဖြေရေးသည် ဂျက်နီစစ်မီဒီယာ၏ တက်လမ်းကို ပိတ်ဆို့ရန် ကြိုးစားနေခြင်းမှာ ထင်ရှားလှပါ၏။

ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအတွက် အနုပညာရှင်များထက် အရေးကြီးသောအရာ မရှိပေ။

ဟိုင်ထျန် ဖျော်ဖြေရေးသည် သူမ၏ အားနည်းချက်ကို တိုက်ရိုက် တိုက်ခိုက်ရန် စီစဉ်နေခြင်း ဖြစ်၏။

“မထွက်သေးတဲ့ အနုပညာရှင်တွေကို စိတ်အေးအောင် တတ်နိုင်သမျှ ဖျောင်းဖျထား။ သူတို့ တကယ်ထွက်သွားချင်ရင်လည်း ဆွဲမထားပါနဲ့တော့။ ရှယ်ယာရှင်တွေကိုတော့ လောလောဆယ် အချိန်ဆွဲထားပါ၊ဒီအစီအစဉ် ပြီးတဲ့အထိ ထိန်းထားကြတာပေါ့”

ယဲ့ယီ စိတ်မကြည်တော့ပေ။

ယောက်ျားလေးအဖွဲ့၏ အဖွဲ့ဝင်လေးဦးစလုံးမှာ သူမကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ပြဿနာများ ဖြစ်ပွားလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ယဲ့ယီယခုအချိန်တွင် စိတ်လုံးလုံး မကြည်တော့ပေ။

ကုမ္ပဏီတစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် သူမ ပိုမိုကြိုးစားရဦးလေမည်။

သူမတွင် အတိတ်ဘဝက အတွေ့အကြုံများ ရှိသော်လည်း ၎င်းတို့မှာ သရုပ်ဆောင်ခြင်းဆိုင်ရာ အတွေ့အကြုံများသာ ဖြစ်၏။

ကုမ္ပဏီတစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်လျှင် သူမတွင် လိုအပ်ချက်များစွာ ရှိနေသေးသည်။ ဤဖျော်ဖြေရေးအစီအစဉ် ပြီးဆုံးပါက ကုမ္ပဏီစီမံခန့်ခွဲမှုကို သေချာပေါက် သင်ယူရမည်ဟု သူမ တွေးလိုက်တော့၏။

အချိန်အတော်အတန် ကုန်ဆုံးသွားသည်ကို မြင်သောအခါ ယဲ့ယီ သန့်စင်ခန်းမှ ထွက်ခွါလာခဲ့သည်။

မထွက်ခွာမီ သူမ နန်ချင်ဝမ်ကို ရှန်ဟောင်အား ထိန်းထားရန် မှာကြားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှန်ဟောင်သည် ဤယောက်ျားလေးအဖွဲ့၏ အဓိကဗဟိုချက်ဖြစ်ပြီး သူရှိနေသရွေ့ ဤအဖွဲ့သည် တစ်ဆစ်ချိုး အောင်မြင်နိုင်သေး၏။

ယဲ့ယီ သန့်စင်ခန်းမှ ထွက်လာသောအခါ ဆုန့်ချယ်သည် မြင်းစီးကစားစရာပေါ်တွင် ထိုင်နေဆဲ ဖြစ်၏။

သူကမူ လုံးဝ အလျော့ပေးထားသည့် ပုံစံပေါက်နေတော့၏။

ယဲ့ယီက ဘေးတွင်ရပ်ကာ မြင်းစီးကစားစရာ ရပ်သည်အထိ စောင့်ဆိုင်းနေခဲ့သည်။

သူမတွင် ဖုန်းသာ ပါလာပါက ဆုန့်ချယ်ကို အမှတ်တရအနေဖြင့် ဓာတ်ပုံ ရိုက်မိလိမ့်မည်။

ဆုန့်ချယ်သာ ယဲ့ယီ၏ အတွေးကို သိပါက ရိုက်ကူးရေးအဖွဲ့ ဖုန်းများ မပေးထားခြင်းအတွက် အလွန်ပင် ကျေးဇူးတင်နေလိမ့်မည်။

သူသည် ဤကဲ့သို့သော အရှက်ရဖွယ် အတိတ်သမိုင်းကို မသိမ်းဆည်းထားလိုပေ။

ကံမကောင်းစွာဖြင့်ပင် စိတ်အားထက်သန်သော ပရိသတ်များက ဤအရာအားလုံးကို ဗီဒီယိုဖြတ်ညှပ်ကပ် ပြုလုပ်ပြီးသွားခဲ့လေပြီ။

ဖျော်ဖြေရေးအစီအစဉ် ပြီးဆုံးသည့်အခါဆုန့်ချယ်သည် ဤအစီအစဉ်တွင် ပါဝင်ခဲ့ခြင်းအတွက် နောင်တရလေတော့မည်။

ခဏမျှကြာသော် မြင်းရုပ်လည်း ရပ်တန့်သွားခဲ့သည်။

ဆုန့်ချယ်သည် ဤဒုက္ခပေးသောနေရာမှ ထွက်ခွာရန် အလွန်ပင် စိတ်အားထက်သန်နေခဲ့၏။

သို့သော် ယဲ့ယီ၏ လက်မှတ်မှာ မသုံးရသေးသဖြင့် သူက ဘေးတွင် စောင့်ဆိုင်းပေးခဲ့သည်။

သိက္ခာကျရမည်ဆိုပါက တူတူကျရမည်။သူတစ်ယောက်တည်း သိက္ခာမကျနိုင်ပေ။

ကံမကောင်းစွာ ယဲ့ယီကမူ သူ၏ အတွေးကို မသိရှိဘဲ သူ ကစားရသည်ကို အားမရသေးဟု ထင်မှတ်နေခဲ့၏။

သူမ အလွန်ပင် စိတ်အားထက်သန်စွာ မေးလိုက်လေ၏။

“ရှင် ထပ်စီးချင်သေးရင် ကျွန်မရဲ့ လက်မှတ်ကိုပါ ရှင့်ကို ပေးလို့ရတယ်နော်၊ ကျွန်မ အပြင်ကနေပဲ ကြည့်နေပါ့မယ်”

ဆုန့်ချယ်က “...”

‘မင်းရဲ့ ဘယ်မျက်လုံးက ငါထပ်စီးချင်နေတယ်လို့ မြင်နေတာလဲ’

မှတ်ချက်များတွင် ရယ်မောနေကြတော့သည်။

[အမလေး ရယ်ရလွန်းလို့ သေတော့မယ်။ယဲ့ယီရဲ့ လေသံက ကလေးချော့နေတဲ့အတိုင်းပဲ]

[ဟားဟားဟား ၊ချစ်လှစွာသော မိခင်နဲ့ သားလေးပေါ့]

[ဆုန့်ချယ်ရဲ့ မျက်နှာပေးလေးက တကယ်ရယ်ရတယ်။ ယဲ့ယီ သူ့ကိုယ်သူ့ စတေးပြီး လက်မှတ်ပေးလိမ့်မယ်လို့ သူ မထင်ထားဘူး ထင်တယ်]

[ဆုန့်ချယ် :မင်းကို ကျေးဇူးတင်ပါတယ်လို့ မင်းကြောင့် ငါ နွေးထွေးသွားရပြီ]

[ယဲ့ယီ တကယ် ရယ်ရတယ်။ သူ ဒီစကားကို ဘယ်လိုပြောထွက်တာလဲ]

[တကယ်တော့ ယဲ့ယီက အခြားသူကို တော်တော်လေး ဂရုစိုက်တတ်ပါတယ်၊ ဂရုစိုက်တာ ကောင်းပါတယ်၊ နောက်တစ်ခါတော့ ထပ်မဂရုစိုက်ပါနဲ့တော့]

နောက်ဆုံးတွင် ဆုန့်ချယ် ယဲ့ယီ၏ စေတနာကို ငြင်းပယ်လိုက်ရသည်။

“မင်းပဲ သွားကစားပါ”

“ရှင် တကယ်ကစားချင်ရင် ကျွန်မ ပေးနိုင်ပါတယ်”

ယဲ့ယီ အလေးအနက် ပြောလေသည်။

ဆုန့်ချယ်သည် ယဲ့ယီ သူ့ကို ရည်ရွယ်ချက်ရှိရှိ နောက်ပြောင်နေခြင်းလားဟုပင် သံသယဖြစ်လာ၏။သို့သော်လည်း သူမ၏ မျက်နှာပေးကို ကြည့်လျှင် အလွန်ပင် အလေးအနက်ရှိနေပြီး နောက်ပြောင်နေသည့်ပုံ မပေါ်ပေ။

ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆုန့်ချယ် ဒုတိယအကြိမ် သေချာပေါက် မစီးတော့ပေ။

ယနေ့တွင် သူ့သိက္ခာအားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ နောင်တွင် ဤအသိုင်းအဝိုင်းအတွင်း မည်သို့ ရှင်သန်ရမည်ကိုပင် မသိတော့ပေ။

အခန်း(၁၉၆)

ဆုန့်ချယ် တကယ်မစီးချင်ကြောင်း အတည်ပြုပြီးနောက် ယဲ့ယီ လက်မှတ်ကိုယူကာ သူမကိုယ်တိုင် သွားရောက်စီးခဲ့သည်။

ဝယ်ယူပြီးသားဖြစ်သဖြင့် အလဟဿ မဖြစ်စေလိုသောကြောင့်ပင်။

ယခုတစ်ကြိမ်တွင်မူ ဆုန့်ချယ် ယဲ့ယီကို ပြင်ပမှ စောင့်ဆိုင်းပေးရမည့် အလှည့်ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ချိန်းတွေ့ရသည့် ခံစားချက် အနည်းငယ် ရရှိလာခဲ့လေ၏။

ကစားပြီးနောက် သူတို့နှစ်ဦးစလုံး အခြားအရာများကို မကစားချင်တော့သဖြင့် ကျန်ရှိသော ပိုက်ဆံများဖြင့် အစားအစာများ ဝယ်ယူခဲ့ကြသည်။

သူတို့နှစ်ဦး ခုံတန်းတစ်ခုတွင် ထိုင်ကာ စကားပြောခဲ့ကြ၏။

သို့သော် အခြေအနေမှာ အနည်းငယ် အနေရခက်နေခဲ့သည်။

ကုရှီချန်းသာ ရောက်မလာခဲ့ပါက ဆုန့်ချယ်သည် ယဲ့ယီနှင့် ဤကဲ့သို့ သီးသန့်အချိန် ကုန်ဆုံးခွင့်ရခြင်းအတွက် အလွန်ပင် ပျော်ရွှင်မိလိမ့်မည်။

သို့သော် ယခုအခါ သူသည် ယဲ့ယီနှင့် အကွာအဝေးတစ်ခုတွင်သာ နေလိုတော့၏။

သူတို့နှစ်ဦးသည် အစားအစာများကိုသာ ထိုင်စားနေကြပြီး စကားတစ်ခွန်းမျှ မပြောကြပေ။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ ဆက်လက်မကြည့်ရှုနိုင်တော့ပေ။

[ဒီနေ့ ဧည့်သည်တွေ ဘာဖြစ်နေကြတာလဲ။ စကားမပြောတတ်တော့ဘူးလား]

[ဆုန့်ချယ်ရဲ့ ယဲ့ယီအပေါ်ထားတဲ့ အခု သဘောထားက ပထမနေ့နဲ့ လုံးဝ ကွာနေတာ၊တကယ်ရယ်ရတယ်]

[တကယ်တော့ ဒါက ချိန်းတွေ့တဲ့ အစီအစဉ်လေ၊ ရင်ခုန်စရာလေးတွေ မရှိသင့်ဘူးလား။ဒါက ဘယ်လို အစီအစဉ်လဲ။ ချိန်းတွေ့တဲ့ အငွေ့အသက် လုံးဝမရှိဘူး]

[အဓိကကတော့ ဒီတစ်ခေါက်က ဧည့်သည်တွေရဲ့ ဆက်ဆံရေးက ရှုပ်ထွေးလွန်းလို့ပါ၊ ဟားဟား]

[ရုပ်သံဇာတ်လမ်းတွဲတွေတောင် ဒီလောက်မရှုပ်ထွေးဘူး၊ ဒါကို ဝတ္ထုတစ်ပုဒ်အဖြစ် ရေးလို့ရတယ်]

[ဆုန့်ချယ်က ယဲ့ယီအနားကို လုံးဝ မကပ်ရဲဘူး၊ မသိတဲ့သူဆိုရင် ယဲ့ယီကို မိစ္ဆာတစ်ကောင်လို့ ထင်နေမှာ]

သူတို့နှစ်ဦး ထိုနေရာတွင် ထိုင်နေကြသည့်ပုံမှာ သိသူများက ချိန်းတွေ့နေသည်ဟု ပြောနိုင်သော်လည်း မသိသူများကမူ သူစိမ်းများဟု ထင်မှတ်ကြလိမ့်မည်။

ဤဘက်နှင့် နှိုင်းယှဉ်လျှင် အခြားအဖွဲ့များ၏ အခြေအနေမှာလည်း သိပ်မထူးလှပေ။

လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ဝေးဝေးနေကြ၏။

ဝမ်ဝူနှင့် စုမန်တို့အဖွဲ့သာ အနည်းငယ် ပိုမိုကောင်းမွန်လေသည်။

သူတို့ နှိုက်မိသော ချိန်းတွေ့မည့်နေရာမှာ ပန်းခြံတစ်ခု ဖြစ်သည်။

သူတို့နှစ်ဦး ပန်းခြံအတွင်း လမ်းလျှောက်ကာ စကားပြောဆိုခဲ့ကြပြီး အခြားအဖွဲ့လေးခုနှင့် နှိုင်းယှဉ်လျှင် သူတို့၏ အခြေအနေမှာ အလွန်ပင် သဟဇာတဖြစ်နေခဲ့၏။

ဝမ်ဝူသည် စုမန်နှင့် စကားပြောရန် အကြောင်းအရာများကို အမြဲ ရှာဖွေနေခဲ့သည်။

စုမန်၏ သဘောထားမှာ အေးစက်နေသော်လည်း သူမက အလိုက်သင့် ပြန်လည်ဖြေကြားပေး၏။

လမ်းအတော်အတန် လျှောက်ပြီးနောက် စုမန်က မပြောရသေးခင်မှာပင် ဝမ်ဝူက အနားယူရန် အရင်တောင်းဆိုခဲ့၏။ သူသည် အလွန်ပင် အလိုက်သိတတ်သည်။

အင်တာနက်အသုံးပြုသူ တော်တော်များများ သူတို့နှစ်ဦးကို စတင်သဘောကျလာကြ၏။

နောက်ဆုံးတွင် တစ်နေ့တာလုံးမှာ ဤကဲ့သို့ပင် ကုန်ဆုံးသွားခဲ့ရ၏။

လူတိုင်း တည်းခိုဆောင်သို့ ပြန်လာခဲ့ကြသည်။

သို့သော် အများစုမှာ ပျော်ရွှင်ပုံမရကြပေ။

အထူးသဖြင့် ကျောင်းစိစိ ဖြစ်ပြီး သူမ ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ ဖြစ်နေလေသည်။

သူတို့ မည်သည့်ရုပ်ရှင်ကို ကြည့်ရှုခဲ့သဖြင့် မိန်းမငယ်တစ်ဦးကို ဤမျှလောက်အထိ ထိတ်လန့်စေခဲ့သနည်းဟု ယဲ့ယီ စပ်စုမိသည်။

သို့သော် ယဲ့ယီ အတွေးလွန်နေခြင်းသာ ဖြစ်လေ၏။

ကျောင်းစိစိ သည် ထိတ်လန့်နေခြင်း မဟုတ်ဘဲ ကုရှီချန်းကြောင့် စကားမပြောနိုင်အောင် ဖြစ်နေရခြင်း ဖြစ်သည်။

သူတို့ နှိုက်မိသောနေရာမှာ ရုပ်ရှင်ရုံ ဖြစ်သော်လည်း အချိန်ပြည့် အတွင်း၌ နေရန်မလိုပေ။

သို့သော် ကုရှီချန်းသည် သူ၏ ထိုင်ခုံမှ တစ်ခါမျှ မထသွားခဲ့ပေ။

ကုရှီချန်း မလှုပ်ရှားသဖြင့် ကျောင်းစိစိလည်း ထွက်သွား၍မရပေ။

ထို့ကြောင့် သူမ ကုရှီချန်းနှင့်အတူ တစ်နေ့လည်လုံး ရုပ်ရှင်ကြည့်ခဲ့ရသည်။

သန့်စင်ခန်းသွားခြင်းမှလွဲ၍ သူမ ထိုင်ခုံမှ လုံးဝ မထခဲ့ရပေ။

ဤသည်မှာ သူမကို မူးဝေစေခဲ့သည်။

ကုရှီချန်း မည်သို့ကြောင့် ဆက်တိုက် ကြည့်ရှုနိုင်ပြီး ဤမျှ စိတ်ဝင်စားနေရသည်ကို သူမ နားမလည်နိုင်ပေ။

သူမ တကယ်နားမလည်နိုင်ပေ။

ကျောင်းစိစိသည် ယဲ့ယီကို လေးစားသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

ဤမျှ ပျင်းစရာကောင်းသော လက်တွဲဖော်ကို လက်ခံနိုင်ခြင်းအတွက် သူမသည် တော်ရုံ မိန်းကလေးမျိုး မဟုတ်နိုင်ပေ။

ယဲ့ယီနှင့် ကုရှီချန်းတို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း လူတိုင်း သူတို့နှစ်ဦး တွဲနေကြပြီဖြစ်ကြောင်း အတည်ပြုထားကြလေသည်။

ညစာစားချိန်တွင် လူတိုင်းသည် ယနေ့ ချိန်းတွေ့ခြင်း အကြောင်းအရာများကို ဖုံးကွယ်ထားကြပြီး အခြားအကြောင်းအရာများသို့ စကားလွှဲခဲ့ကြ၏။

ယနေ့ည၏ ဟင်းလျာများကို ဧည့်သည်များ ကိုယ်တိုင် ချက်ပြုတ်ခဲ့ကြသည်။

ကုရှီချန်းလည်း ချက်ပြုတ်ခဲ့သည်။

ယဲ့ယီ ထမင်းနှစ်ပန်းကန် စားခဲ့၏။

ကုရှီချန်း၏ လက်ရာကို မလွန်ဆန်နိုင်ပေ။

“ဥက္ကဌကုရဲ့ လက်ရာက တကယ်ကို အံ့ဩဖို့ကောင်းတယ်။ နောင်ကျရင် ဥက္ကဌကုကို လက်ထပ်ရမဲ့သူက တကယ် ကံကောင်းတာပဲ”

လျုံဟောင်ချန် အလေးအနက်ထားကာ ပြောလိုက်သည်။

အခြားသူများကလည်း ထောက်ခံကြလေ၏။

ကုရှီချန်း ဘာမှပြန်မပြောဘဲ ယဲ့ယီကို ပြုံးကာ ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ကြင်နာမှုများ ရှိနေ၏။

ဘေးတွင်ရပ်နေသော ရူသိုက်ဝိန်ကမူ လက်များကို တင်းတင်းဆုပ်ထားမိသည်။

ထိုအချိန်တွင် ချန်ယွဲ့က ရုတ်တရက် စကားပြောလာ၏။

“မမစု၊ အရင်တုန်းက ဥက္ကဌကုက မမအတွက် ခဏခဏ ချက်ကျွေးဖူးမှာပေါ့နော်”

ချန်ယွဲ့၏ စကားထွက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြလေသည်။

ချန်ယွဲ့သည် ချက်ပြုတ်ခြင်းအကြောင်းကို ပြောနေခြင်း မဟုတ်ဘဲ စုမန်နှင့် ကုရှီချန်းတို့၏ ဆက်ဆံရေးကို စပ်စုနေခြင်း ဖြစ်၏။

စုမန် စိတ်ထဲတွင် ချန်ယွဲ့ကို ကျိန်ဆဲလိုက်သည်။

‘ဒီမိန်းမက ဘာလို့ ရုတ်တရက် ငါ့ကို ပစ်မှတ်ထားလာရတာလဲ’

လူတိုင်း အသက်ရှူအောင့်ထားကာ စုမန်နှင့် ကုရှီချန်းတို့ကို ကြည့်ရှုနေကြတော့၏။

သူတို့ မည်သို့ ပြန်လည်ဖြေကြားမည်ကို သိချင်နေကြသည်။

သို့သော် ကုရှီချန်း ပြန်မဖြေလျှင်ပင် မည်သူမျှ သူ့ကို အကျပ်ကိုင်ရဲမည် မဟုတ်ပေ။

စုမန် ကုရှီချန်းကို ကြည့်၏။ သူ စကားပြောမည့်ပုံ မပေါ်သည်ကို မြင်သောအခါ သူမ တိုက်ရိုက်ပင် ပြန်ပြောလိုက်ရ၏။

“ဟုတ်တာပေါ့”

မှတ်ချက်များ

[ဒါဆို ဥက္ကဌကုနဲ့ စုမန်ရဲ့ ဆက်ဆံရေးက ကောင်းတာပေါ့။ ဒါပေမဲ့ ဒါဆိုရင် စုမန် ဘာလို့ ပြည်ပမှာ နှစ်အတော်ကြာ နေခဲ့တာလဲ]

[ဒါက ဇာတ်လမ်းတွဲတွေထဲကအတိုင်း အပြင်မှာ ဖြစ်လာတာလား]

[နေပါဦး၊ ရူသိုက်ဝိန်နဲ့ စုမန်ရဲ့ ဆက်ဆံရေးက ဘာလဲ။ ရူသိုက်ဝိန်က ဥက္ကဌကုကို သဘောကျနေတာလေ]

[ဦးနှောက်ကြီး ပေါက်တော့မယ် လုံးဝ စဉ်းစားလို့မရတော့ဘူး]

ကုရှီချန်း သူမကို တားခြင်းမရှိသည်ကို မြင်သောအခါ စုမန် ဆက်ပြောလေသည်။

“ရှီချန်းရဲ့ လက်ရာက အမြဲတမ်း ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မ မစားရတာ နှစ်အတော်ကြာသွားပြီ။ ရှီချန်း၊ နောက်ကျရင် ကျွန်မကို လာပြီး ထမင်းစားခွင့်ပြုနိုင်မလား”

စုမန် ကုရှီချန်းကို ကြည့်ကာ ပြုံးလိုက်လေသည်။

ကုရှီချန်းသည် သူမ၏ တောင်းဆိုမှုကို သေချာပေါက် သဘောတူလိမ့်မည်ဟု သူမ ယုံကြည်နေ၏။

ယဲ့ယီကမူ ဘေးမှနေ၍ စိတ်ထဲတွင် ညည်းညူလိုက်တော့၏။

[ကျွတ် ကျွတ် ကျွတ် ကြည့်ရတာ သူ ကုရှီချန်းကို လုံးဝ တွယ်ကပ်ထားဖို့ ကြံစည်နေတာပဲ။ သူ့ရဲ့ ခင်ပွန်းဟောင်းသာ ဒါကို မြင်ရင် စိတ်တိုပြီး ပြန်ရှင်လာမလား မသိဘူး]

ကုရှီချန်း စုမန်၏ စကားကို ချက်ချင်း ပြန်မဖြေခဲ့ပေ။

စုမန်က စိတ်မလောဘဲ ကုရှီချန်းကို ကြည့်နေ၏။ယဲ့ယီကိုလည်း မျက်လုံးထောင့်မှ ခိုးကြည့်လိုက်သည်။

‘သူ နင့်ကို ကြိုက်ရင်တောင် ဘာဖြစ်လဲ၊ သူ ငါ့ရဲ့ တောင်းဆိုမှုကို ငြင်းမှာ မဟုတ်ဘူး’

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များလည်း ကုရှီချန်းကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

ကုရှီချန်း တကယ် သဘောတူ မတူကို လူတိုင်း စူးစမ်းနေကြလေ၏။

လူတိုင်း၏ အကြည့်များရှေ့တွင် ကုရှီချန်း နောက်ဆုံး၌ ဖြည်းညှင်းစွာ စကားပြောလာတော့သည်။

“လာလို့ရပါတယ် ၊ မရီး”

သူ့စကား၏ ပထမပိုင်းကို ကြားသောအခါ စုမန် အပြုံးကို မထိန်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်းကို ကြားလိုက်ရသောအခါ သူမ၏ အပြုံးမှာ မျက်နှာပေါ်တွင် ခဲသွားခဲ့ရသည်။

စုမန် ကုရှီချန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာလည်း လုံးဝ ဝေခွဲမရဖြစ်သွားကြရသည်။

[ဘုရားရေ၊ ဒါက ဘာအခြေအနေလဲ။ ဥက္ကဌကုက စုမန်ကို ဘာလို့ မရီးလို့ ခေါ်တာလဲ]

[ဥက္ကဌကုရဲ့ အစ်ကိုက ပြည်ပက မျိုးရိုးမြင့်အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ မဟုတ်ဘူးလား။ ဘာတွေဖြစ်ကုန်တာလဲ။ စုမန်က ဥက္ကဌကု အစ်ကိုရဲ့ မယားငယ် ဖြစ်နေတာလား]

[နေပါဦး၊ ကုစဲ့က ဥက္ကဌကုရဲ့ သားအရင်း ဟုတ်၊ မဟုတ်ကို ငါတစ်ယောက်တည်းပဲ သိနေတာလား]

[ဒါက တကယ်ပဲ ဘာကြီးလဲ။တစ်ယောက်ယောက် လာရှင်းပြပေးပါဦး]

နေရာတွင် ရှိနေသူအားလုံး တုန်လှုပ်သွားကြလေသည်။

ယဲ့ယီပင် တုန်လှုပ်သွားခဲ့ရသည်။

ကုရှီချန်း သူမအား စုမန်၏ ကိစ္စကို ပြောပြခဲ့ဖူးသော်လည်း ဤအရာကို မထင်မှတ်ထားခဲ့ပေ။

ကုရှီချန်းက ကုစဲ့အတွက် ဤကိစ္စကို ဖုံးကွယ်ထားလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခု သူ၏ ‘မရီး’ ကိစ္စကြောင့် သူမပင်လျှင် ဇဝေဇဝါ ဖြစ်သွားရလေ၏။

[ကုရှီချန်း ဘာလုပ်ဖို့ ပြင်နေတာလဲ။ စုမန်ကို ဖော်တော့မလို့လား]

ယဲ့ယီ စိတ်ထဲ၌ တွေးမိလေ၏။

စုမန်က ကုရှီချန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

“ရှီချန်း၊ နင်...”

သူမသည် ကုရှီချန်းကို သူ ဘာကြောင့် ထိုသို့ပြောရသနည်းဟု မေးမြန်းချင်သော်လည်း လူအများရှေ့တွင် စကားမပြောတတ်ဘဲ ဖြစ်နေ၏။

အခြားဧည့်သည်များလည်း စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော်လည်း မည်သူမျှ ကုရှီချန်းကို ဦးစွာ မမေးရဲကြပေ။

ကံကောင်းထောက်မစွာ ကုရှီချန်း သူတို့ကို ရှင်းပြခဲ့လေသည်။

“စုမန်က ကျွန်တော့် ရဲဘော်ရဲဘက် ဇနီးပါ၊ ကုစဲ့က ကျွန်တော့်ရဲ့ သားမဟုတ်ပါဘူး။ သူ ကျွန်တော့်ကို ကာကွယ်ရင်း သေသွားခဲ့ပြီးနောက် ကျွန်တော် ကုစဲ့ကို မွေးစားခဲ့တာပါ”

“ကုစဲ့က ကျွန်တော့်ရဲ့ သွေးသားမဟုတ်ပေမဲ့ ကုကော်ပိုရေးရှင်းရဲ့ အမွေဆက်ခံသူက သူပဲ ဖြစ်မှာပါ။ဒီအချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး”

ကုရှီချန်း၏ စကားပြီးဆုံးသွားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြလေသည်။

လူတိုင်း စုမန်ကို မသိမသာ လှမ်းကြည့်လိုက်ကြ၏။

ထိုအချိန်တွင် စုမန်သည် ကုရှီချန်း ဤကိစ္စကိုထုတ်ဖော်လိုက်ခြင်းအပေါ် တုန်လှုပ်မှုများအတွင်း နစ်မြုပ်နေလေတော့၏။

All Chapters