အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း(၁၉၇)
[ဟာ...ဇတ်လမ်းရဲ့ လှည့်ကွက်ကြီးက ကြီးလှချည်လား]
[ဒါ ဘယ်လိုအကွက်လဲ။ ကုစဲ့က စီအီးအိုကုရဲ့ သားအရင်း မဟုတ်ဘူး ဟုတ်လား]
[တကယ်တော့ အခုလို ပြောမှပဲ သတိထားမိတော့တယ်။ ကုစဲ့က အရမ်းချောပေမဲ့ စီအီးအိုကုနဲ့ လည်း မတူဘူး ]
[ဒါဆို စုမန်က စီအီးအိုကုနဲ့ ဘာမှမပတ်သက်ဘူးပေါ့]
[ဒါပေမဲ့ စုမန် အရင်က ပြောခဲ့တဲ့ စကားတွေအရဆိုရင်... ဘုရားရေ၊ သူက ကုစဲ့ကို အသုံးချပြီး သူဌေးအသိုင်းအဝိုင်းထဲ ဝင်ဖို့ ကြိုးစားနေခဲ့တာလား]
[အဲဒါကို ခန့်မှန်းနေဖို့တောင် လိုသေးလို့လား။ သိသာလွန်းနေတာပဲ]
[ကျွတ်.. ကျွတ်..ကျွတ် သေသွားတဲ့သူ့ ယောက်ျား သူ့ကို လာခြောက်မှာ မကြောက်ဘူးလား မသိဘူး]
[သူဌေးတွေရဲ့ အသိုင်းအဝိုင်းက နက်နဲလွန်းတယ် ]
ထိုနေရာရှိ လူအားလုံး၏ စုမန်အပေါ် ကြည့်သည့် အကြည့်များက စတင်ပြောင်းလဲလာခဲ့သည်။
သူတို့ နှုတ်မှ ဘာမျှမပြောသော်လည်း လူအများစု၏ မျက်ဝန်းထဲမှ အထင်သေးရွံရှာမှုများကိုမူ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။
စုမန် ရုတ်တရက် အရှက်ရသွားသော်လည်း သူမကိုယ်သူမ အမြန်ပင် ပြန်လည်ထိန်းချုပ်လိုက်ရသည်။
သူမက အတင်းအကျပ် ပြုံးလိုက်ရင်းဖြင့် ပြောလိုက်၏။
“ကျွန်မ ဒီနှစ်တွေမှာ ပြည်ပမှာပဲ နေခဲ့တာဆိုတော့ ရှီချန်းကပဲ ရှောင်စဲ့ကို စောင့်ရှောက်ပေးခဲ့လို့တာလေ။ကျွန်မအပေါ် ကျေးဇူးရှိပါတယ်။ ရှီချန်းကလည်း ရှောင်စဲ့ကို စိုးရိမ်လို့ ရှောင်စဲ့ရဲ့အကြောင်းကို လူသိရှင်ကြား ထုတ်မပြခဲ့တာပါ”
စုမန်က ဤသို့ပြောလိုက်သဖြင့် သူမ ယခင်က လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် ကုရှီချန်းနှင့် ကြိုတင်သဘောတူညီမှု ရယူထားပြီး ကုစဲ့အတွက်သာ ဖြစ်သည်ဟူသော ပုံစံမျိုး ဖြစ်သွားခဲ့၏။
ယဲ့ယီ စုမန်၏ စကားအပြောအဆို စွမ်းရည်ကို စိတ်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်ဖြစ်သွားတော့၏။
[ဒီလို စကားလုံးတွေကို စနစ်တကျ စီစဉ်ပြီး ပြောနိုင်တဲ့ စွမ်းရည်မျိုးနဲ့ ရှေ့နေ မဖြစ်ခဲ့တာ တကယ်ကို နှမြောဖို့ကောင်းတယ်။ ]
စုမန် ထိုသို့ပြောလိုက်သော်လည်း အခြားလူများက ယုံကြည်ခြင်း ရှိ၊ မရှိဆိုသည်မှာမူ သူတို့အပေါ်တွင်သာ မူတည်ပေသည်။
ကံကောင်းထောက်မစွာ နောက်ပိုင်းတွင် အားလုံးက စကားလမ်းကြောင်း ပြောင်းလိုက်ကြပြီး ဤကိစ္စကို ဆက်လက် မပြောဆိုကြတော့ပေ။
ညစာစားပြီးနောက် မနက်ဖြန်အတွက် တွဲရမည့် အဖော်များကို ကြေညာရမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။
ရိုက်ကူးရေးအဖွဲ့က အစီအစဉ်အတိုင်းပင် ဧည့်သည်များကို မဲဆွယ်စည်းရုံးရန် အချိန်ပေးခဲ့၏။
သို့သော်လည်း ယခုတစ်ကြိမ် မဲဆွယ်စည်းရုံးမှုတွင် ဧည့်သည်များသည် သိသိသာသာပင် ပျော်ရွှင်ခြင်း မရှိကြတော့ပေ။
အထူးသဖြင့် ဆုန့်ချယ် ဖြစ်သည်။
ဆုန့်ချယ်သည် ပရိသတ်များကို ဒူးထောက်မတတ် တောင်းဆိုနေပြီး သနားစရာကောင်းသော လေသံဖြင့် ပြောလိုက်လေ၏။
“ပရိသတ်ကြီးတို့ခင်ဗျာ... ဘုရားကျောင်း ဆယ်ကျောင်း ဖျက်ဆီးတာက အိမ်ထောင်ရေးတစ်ခုကို ဖြိုခွဲတာထက် ပိုမြတ်ပါသေးတယ်။ ကျေးဇူးပြုပြီး ပြဿနာမရှာကြပါနဲ့တော့”
သူ၏မျက်နှာပေါ်တွင် “ကျွန်တော် ယဲ့ယီနဲ့ တစ်ဖွဲ့တည်း မနေချင်ဘူး” ဟူသော စကားလုံးကို ရေးထိုးထားချင်စိတ် ပေါက်နေခဲ့၏။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာမူ ရယ်မော၍ မဆုံးနိုင်အောင် ဖြစ်နေကြသည်။
[ရယ်ရလွန်းလို့ သေတော့မယ်၊ ဆုန့်ချယ်က ယဲ့ယီကြောင့် စိတ်ဒဏ်ရာ ရသွားတာလား ]
[ဘယ်လိုလုပ်ရမလဲ။ သူက ယဲ့ယီနဲ့ တစ်ဖွဲ့တည်း မနေချင်လေလေ၊ ကျွန်မက သူတို့ကို ပိုပြီး အတူတူ ရှိစေချင်လေလေပဲ]
[ဟားဟားဟား... မင်းတို့တွေ ဒီလောက် မရက်စက်ကြပါနဲ့ဦး]
[အားလုံးက တကယ်ကို ရက်စက်လွန်းတယ်]
[အားလုံးပဲ မဲကို ပုံမှန်အတိုင်း ပေးကြရအောင်။ မဟုတ်ရင် မနက်ဖြန်က ဒီနေ့လိုပဲ ပျင်းစရာကောင်းနေလိမ့်မယ် ]
[ကျွန်မကတော့ ယဲ့ယီနဲ့ စီအီးအိုကုကို မဲပေးတယ် ]
[ကျွန်မကတော့ စုမန်နဲ့ ဝမ်ဝူကို မဲပေးတယ်။ ဝမ်ဝူက စုမန်ကို သဘောကျပုံရလို့ သူတို့ကို ကူညီပေးတဲ့အနေနဲ့ပါ ]
[နင် တစ်မဲပေး၊ ငါ တစ်မဲပေးရင် စီအီးအိုကု မနက်ဖြန် လက်ထပ်စာချုပ် ရတော့မှာ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် မဲပေးခြင်းကို စတင်လိုက်ကြလေသည်။
ဆုန့်ချယ်သည် အလွန်ပင် ပူပင်သောက ရောက်နေလေ၏။
သူ ယဲ့ယီနှင့် နောက်ထပ်တစ်ကြိမ် ချိန်းမတွေ့ချင်တော့ပေ။
အကယ်၍ သူသာ ယဲ့ယီနှင့် ထပ်မံ၍ တစ်ဖွဲ့တည်း ဖြစ်သွားပါက သူ့မျက်နှာကို ဘယ်နား သွားထားရမှန်း သိတော့မည်မဟုတ်ပေ။
အရေးအကြီးဆုံး အချက်မှာ သူသာ ယဲ့ယီနှင့် ထပ်မံ၍ အတူရှိနေပါက ကုရှီချန်းက ယနေ့ညတွင် တံတိုင်းကို ကျော်တက်လာပြီး သူ့ကို ဓားဖြင့် လာခုတ်မည်ကို စိုးရိမ်နေ၏။
ဆုန့်ချယ်အပြင် ထိုနေရာတွင် အပူပန်ဆုံး ဖြစ်နေသူမှာ ကျောင်းစိစိ ဖြစ်၏။
ကျောင်းစိစိသည် ကုရှီချန်းနှင့် တစ်ဖွဲ့တည်း မကျပါစေနှင့်ဟု စိတ်ထဲမှနေ၍ အဖန်ဖန် ဆုတောင်းနေခဲ့သည်။
လျုံဟောင်ချန် နှင့် အတူ မရှိနိုင်လျှင်ပင် ကိစ္စမရှိပေ။
ကုရှီချန်းနှင့် တစ်ဖွဲ့တည်း မကျလျှင် ရပါပြီ။
ကုရှီချန်းနှင့် ချိန်းတွေ့ရသည်မှာ အလွန် ပျင်းစရာကောင်းလွန်းလှသည်။
တိတိကျကျပြောရပါက ချိန်းတွေ့ခြင်းဟုပင် မခေါ်ဆိုနိုင်ဘဲ သူဌေးဖြစ်သူက ဝန်ထမ်းကို ခေါ်ကာ လုပ်ငန်းခွင် စစ်ဆေးရေး ဆင်းနေသည့်ပုံစံမျိုးနှင့် ပိုတူနေခဲ့၏။
ကျောင်းစိစိသည် တကယ်ပင် သနားစရာကောင်းလှသည်။
ဤကဲ့သို့ လုပ်ငန်းရှင်ကြီးမျိုးကို သူမ မကိုင်တွယ်နိုင်ပေ။
ကုရှီချန်းနှင့် ယဲ့ယီတို့မှာမူ လက်ရှိတွင် လူတိုင်း၏ ရှောင်ဖယ်ခြင်းကို ခံနေရသည်ကို မသိရှိကြသေးပေ။
မကြာမီတွင်ပင် မဲခွဲမှုရလဒ်များ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့၏။
ယဲ့ယီ နှင့် ကုရှီချန်း။
စုမန် နှင့် ဝမ်ဝူ။
ကျောင်းစိစိ နှင့် လျုံဟောင်ချန်။
ချန်ယွဲ့ နှင့် ဆုန့်ချယ်။
ရူသိုက်ဝိန် နှင့် ကျောင်စိနျန်။
လီန နှင့် ရှန်ကျစ်
ယခုတစ်ကြိမ်တွင်မူ အွန်လိုင်းအသုံးပြုသူများသည် နောက်ဆုံး၌ သဘောကောင်းခဲ့ကြ၏။
ဆုန့်ချယ်သည် သူနှင့် ချန်ယွဲ့ တစ်ဖွဲ့တည်း ကျသွားသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်မိသွားခဲ့၏။
ဤမိန်းမသည် ပထမဆုံးနေ့ကတည်းက သူ့ကို လိုက်ကပ်နေခဲ့ခြင်းဖြစ်ပြီး သူမ ရည်ရွယ်ချက်မှာ သိသာလွန်းလှ၏။ သူသည် သူမကို တကယ်ပင် သဘောမကျပေ။
သို့သော်လည်း ယဲ့ယီနှင့် တစ်ဖွဲ့တည်း မကျတော့သည်ကို တွေးမိကာ သူ့စိတ်ထဲတွင် အနည်းငယ်မျှတော့ စိတ်သက်သာရာ ရသွားခဲ့လေ၏။
ကျောင်းစိစိနှင့် လျုံဟောင်ချန်ဟူသော အတွဲနုနုထွတ်ထွတ် လေးမှာမူ ယခုတစ်ကြိမ်တွင် နောက်ဆုံး၌ အတူတူ ရှိခွင့်ရသွားခဲ့သဖြင့် သူတို့မျက်နှာမှ အပြုံးများကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
ထိုနှစ်ယောက်အပြင် အလွန်ပင် စိတ်ကြည်လင် နေပုံရသော အခြားလူတစ်ယောက်လည်း ရှိနေသေး၏။
ထိုသူမှာ ကုရှီချန်းပင် ဖြစ်သည်။
ကုရှီချန်း မည်သည့်အရာကိုမျှ ထုတ်မပြသော်လည်း သူ ပျော်နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ အွန်လိုင်းအသုံးပြုသူများလည်း စနောက်ကျီစယ်ခြင်းကို မရပ်တန့်နိုင်ကြတော့ပေ။
[ယို... ယို... ယို... စီအီးအိုကုရဲ့ ယွစိ ယွစိ ပုံစံကို ကြည့်ပါဉီး။သူမပြုံးမိအောင် မနည်းထိန်းထားနေရတယ်]
[အတည်ပြုလိုက်ပါပြီ၊ စီအီးအိုကုကတော့ အချစ်ရူးကြီးပါပဲ။ ယဲ့ယီ ဘယ်လောက်တောင် တည်ငြိမ်နေလဲ ကြည့်ဦး၊ သူကတော့ မပြုံးမိအောင် မနည်းအောင့်ထားရတယ်]
[စီအီးအိုကု... ကျေးဇူးပြုပြီး သိက္ခာအတွက် နည်းနည်းလောက် ထိန်းပါဦး။ ရှင်က ဘာပဲပြောပြော စီအီးအိုတစ်ယောက်ပဲဟာကို၊ အဲဒီအပြုံးကြီးကို ဖျောက်လိုက်စမ်းပါ ]
[ကျွန်တော်က အိမ်ထိန်းပါ : “သခင်လေး ဒီလောက်အထိ ပျော်နေတာကို မမြင်ရတာ ကြာပါပြီ။” ]
[အမှန်ပဲ၊ အချစ် ရှိ၊ မရှိဆိုတာ မေးစရာတောင်မလိုဘူး]
[ငါနဲ့အတူ လိုက်ဆိုကြစို့ - ဒါဟာ အချစ်ပဲ~ ]
ကုရှီချန်း ပျော်ရွှင်နေသော်လည်း အချို့သော လူများမှာမူ ထိုမျှလောက် မပျော်ရွှင်နိုင်ကြပေ။
ရူသိုက်ဝိန်သည် ဒေါသထွက်လွန်းသဖြင့် သူမ သွားများကိုပင် ကြိတ်ထားမိပြီး ယဲ့ယီကို အကြည့်ဖြင့်တင် သတ်ပစ်ချင်စိတ် ပေါက်နေခဲ့၏။
လူတိုင်း အခန်းများသို့ ပြန်သွားကြပြီးနောက် တိတ်တဆိတ် စတင်၍ ဆက်သွယ်ကြလေသည်။
အခန်းထဲသို့ ပြန်ရောက်ပြီးနောက် စုမန်သည် ကုရှီချန်းကို မေးခွန်းထုတ်ရန်အတွက် မနေနိုင်တော့ဘဲ စာပို့လိုက်တော့သည်။
စုမန် : ကုရှီချန်း၊ ဒါက ဘာသဘောလဲ။
ကုရှီချန်း သူမထံသို့ ချက်ချင်းပင် စာပြန်ပို့လာခဲ့သည်။
ကုရှီချန်း :?
ကုရှီချန်း ပို့လိုက်သော မေးခွန်းသင်္ကေတကို ကြည့်ပြီး စုမန် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။
စုမန် : ရှင် အရင်က ကုစဲ့အကြောင်းကို လူသိရှင်ကြား ထုတ်မပြဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ အခုကျတော့ ဒါက ဘာလုပ်တာလဲ?
ကုရှီချန်း၏ ယနေ့ လုပ်ရပ်များသည် စုမန်အတွက် အထိနာစေခဲ့၏။ သူမ၏ ပါးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
သူမသည် ကုစဲ့၏ နောက်ကြောင်းကို ရှင်းပြရန် မတွေးခဲ့ဖူးသလို ကုရှီချန်းနှင့် လက်ထပ်ရန်လည်း မလိုလားခဲ့ပေ။
သူမ ကုစဲ့နှင့် ကုရှီချန်းတို့၏ ဆက်ဆံရေးကို အသုံးချပြီး သူမ လိုချင်သောအရာများကို ရယူရန်သာ အလိုရှိခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ကုရှီချန်းက ဤကိစ္စကို ရုတ်တရက် လူသိရှင်ကြား ထုတ်ဖော်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ကုရှီချန်း သူမ၏ စာကို ပြန်မဖြေသည်ကို မြင်သောအခါ စုမန် ကုရှီချန်းထံသို့ စာများ ဆက်တိုက် ထပ်မံပေးပို့လိုက်ပြန်၏။
စုမန် : ဟို ယဲ့ယီက ရှင့်ကို တစ်ခုခု ပြောလိုက်လို့လား။ ရှင် ကျွန်မနဲ့ ကုစဲ့ကို စောင့်ရှောက်ပေးမယ်လို့ ပြောခဲ့တာကို မမေ့ပါနဲ့။ ရှင်က ဒီသတင်းကို ရုတ်တရက် လူသိရှင်ကြား ထုတ်ပစ်လိုက်တော့ နောက်ဆို ကုစဲ့ကို ဘယ်လိုမျက်နှာမျိုးနဲ့ နေခိုင်းမှာလဲ။
အခန်း(၁၉၈)
သူမ စာ ရောက်သွားပြီးနောက် ကုရှီချန်း နောက်ဆုံးတွင် သူမထံသို့ စာပြန် ပို့လာခဲ့သည်။
ကုရှီချန်း : မင်းသာ နိုင်ငံထဲကို ပြန်မလာခဲ့ရင် ဒီကိစ္စကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။
ရိုးရှင်းသော စကားတစ်ခွန်းတည်းဖြင့်ပင် ကုရှီချန်းသည် စုမန်၏ စကားအားလုံးကို ချက်ချင်း ပုတ်ချလိုက်လေသည်။
ကုရှီချန်းသည် စုမန်ကို လိမ်ညာပြောဆိုခဲ့ခြင်း မဟုတ်ပေ။
အကယ်၍ စုမန်သာ ရုတ်တရက် နိုင်ငံထဲသို့ ပြန်မလာခဲ့ဘဲ သူမက ကုစဲ့၏ မိခင်အရင်းဖြစ်ကြောင်းကို ထုတ်မပြောခဲ့ပါက ကုစဲ့သည် ကုရှီချန်း၏ သားအရင်း မဟုတ်ကြောင်းမှာ လူသိရှင်ကြား ဖြစ်လာစရာ အကြောင်းမရှိပေ။
ယခင်က ဤအကြောင်းကို ယဲ့ယီကို ပြောပြရန် ကုရှီချန်း မစဉ်းစားဖူးခဲ့ချေ။
သို့သော်လည်း စုမန်၏ ရုတ်တရက် ပြန်လည်ရောက်ရှိလာမှုသည် အေးချမ်းမှု အားလုံးကို ဖျက်ဆီးပစ်ခဲ့၏။
ကုရှီချန်းသည် ကုစဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို လူသိရှင်ကြား ဖော်ထုတ်ရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း ယဲ့ယီ၏ စိတ်ထဲမှ အတွေးသံက သူ့ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့၏။
ယခုအခါတွင် လူတိုင်း ကုစဲ့ကို သူနှင့် စုမန်တို့မှ မွေးဖွားလာသော ကလေးဟုပင် ထင်မှတ်နေကြလေပြီ။
အကယ်၍ ကုစဲ့၏ ဖခင်အရင်းသာ ဤသတင်းကို သိရှိသွားပါက မည်မျှအထိ ဝမ်းနည်းနာကျင်နေမည်နည်း။
ကုစဲ့၏ ဖခင်အရင်း စုမန်အပေါ် ထားရှိသော ခံစားချက်များကို ကုရှီချန်း သိလေ၏။
ကုစဲ့ကိုလည်း ဤအမှောင်ထုထဲတွင် ဆက်၍ ပိတ်လှောင်မထားချင်တော့ပေ။ သူ၏ ဖခင်အစစ် မည်သူဖြစ်ကြောင်း သိပိုင်ခွင့်ရှိလေသည်။
ထို့အပြင် ကုစဲ့ကဲ့သို့ လိမ္မာသော ကလေးတစ်ဦး သေချာပေါက် နားလည်ပေးနိုင်လိမ့်မည်ဟု ကုရှီချန်း ယုံကြည်ထားလေသည်။
ကုမိသားစု၏ ဗီလာအိမ်ကြီး၌
ကုစဲ့ အခန်းအောင်းနေခဲ့သည်မှာ ကြာလေပြီ။
သူ ကျောင်းမှ ပြန်ရောက်ရောက်ချင်း မစောင့်နိုင်တော့ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့၏။
ကံဆိုးစွာ ကုရှီချန်း ထိုစကားများကို ပြောလိုက်သည်ကို ကွက်တိ မြင်တွေ့သွားခဲ့ရသည်။
ကုစဲ့၏ ကမ္ဘာငယ်လေးမှာ တစ်ပြိုင်နက်တည်း ပြိုလဲပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ မိခင်အရင်းဟု အခိုင်အမာ ပြောဆိုသူတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့ဖူးသော်လည်း ကုစဲ့သည် သူ ကုရှီချန်း၏ သားအရင်း မဟုတ်နိုင်ဟု တစ်ခါမျှ မသံသယဖြစ်ခဲ့ဖူးပေ။
အဘယ်ကြောင့်ဆိုသော် ကုရှီချန်း သူ့အပေါ်တွင် အလွန် ကောင်းမွန်လှပြီး အလုပ်များနေလျှင်ပင် သူ့ကို အဖော်ပြုပေးရန်အတွက် အချိန်ကို မရရအောင် ဖဲ့ပေးတတ်၏။
ကုစဲ့သည် သူ ကုရှီချန်း၏ သားမဟုတ်ကြောင်းကို လက်မခံနိုင်ပေ။
ကုစဲ့ အခန်းထဲတွင် တစ်ယောက်ထဲ တိတ်တဆိတ် ငိုကြွေးနေမိ၏။
သူသည် ငိုတတ်သော ကလေးတစ်ယောက် မဟုတ်ချေ။သို့သော်လည်း ယခုအချိန်တွင်မူ မျက်ရည်များကို တားဆီးထားနိုင်ခြင်း မရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ရှိသေး၏။ ဤအရာအားလုံး၏ သက်ရောက်မှုမှာ အလွန် ကြီးမားလွန်းလှသည်။
ထို့ပြင် ယခုအချိန်တွင် သူ အားကိုးရာမဲ့နေပြီး မျက်ရည်များကို တိတ်တဆိတ် သုတ်နေ၏။
ထိုအချိန်၌ သူ၏ လက်ပတ်ဖုန်းနာရီ မြည်လာခဲ့သည်။
ကုစဲ့ မူလက ထိုအရာကို ဂရုစိုက်ရန် စိတ်မပါခဲ့ပေ။
သို့သော်လည်း ဆက်တိုက် မြည်နေခဲ့၏။
ကုစဲ့ ဖုန်းကို ယူကြည့်လိုက်၏။
နန်ကျားကျားထံမှ ခေါ်ဆိုလာသော ဖုန်းဖြစ်သည်။
မူလက ဖုန်းကို ချက်ချင်း ချပစ်ရန် ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ဖုန်းကို လက်ခံဖြေကြားလိုက်လေ၏။
ဖုန်း၏ အခြားတစ်ဖက်မှ သွမ့်ကျားကျား၏ ဂရုတစိုက်ရှိသော အသံလေး ထွက်ပေါ်လာခဲ့သည်။
“အစ်ကို ကုစဲ့... ဝမ်းမနည်းပါနဲ့နော်”
နန်ကျားကျား၏ ဘေးတွင် နန်ချင်ဝမ်က သူမမည်သို့ပြောရမည်ကို ပါးစပ်လှုပ်ပြကာ သင်ကြားပေးနေခဲ့သည်။
နန်ချင်ဝမ်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ပြီး ချက်ချင်းပင် နန်ကျားကျားကို ကုစဲ့ထံသို့ ဖုန်းခေါ်ဆိုခိုင်းခဲ့ခြင်း ဖြစ်၏။
ယခုအခါ ယဲ့ယီနှင့် ကုရှီချန်းတို့ နှစ်ဦးစလုံးမှာ အစီအစဉ်တွင် ပါဝင်ရန် ထွက်ခွာသွားကြပြီ ဖြစ်ရာ ကလေးငယ်သည် သေချာပေါက် ရင်ဖွင့်တိုင်ပင်မည့်သူ လိုအပ်နေလိမ့်မည်။
ထို့ကြောင့် နန်ကျားကျားသည် အသင့်တော်ဆုံး ဖြစ်ပေသည်။
ကုစဲ့ အက်ရှရှအသံဖြင့် ပြန်ဖြေလေ၏။
“ကျားကျား... ငါက ဖေဖေ့ရဲ့ ကလေး မဟုတ်ဘူးတဲ့”
နန်ကျားကျား၏ ဘေးမှ နန်ချင်ဝမ်သည် ဤစကားကို ကြားလိုက်ရသောအခါ မျက်ရည်များ ဝဲတက်လာခဲ့၏။
မိခင်တစ်ယောက်အနေဖြင့် သူမသည် ဤကဲ့သို့သော စကားမျိုးကို ကြားရသည်ကို မခံစားနိုင်ပေ။
သူမလည်း ကုစဲ့က ကုရှီချန်း၏ ကလေး မဟုတ်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဤအရာမှာ လူတိုင်းကို အံ့အားသင့်စေခဲ့၏။
နန်ကျားကျားသည် သူမ မိခင်က ယခင်က ပြောပြထားသည်များကို သတိရလိုက်ပြီး ကုစဲ့ကို နှစ်သိမ့်ပေးရှာသည်။
“အစ်ကို ကုစဲ့... ဝမ်းမနည်းပါနဲ့။ ကျားကျားရဲ့ ဖေဖေလည်း ကျားကျားကို မလိုတော့ဘူးလေ”
နန်ချင်ဝမ်၏ မျက်ရည်များ ချက်ချင်းပင် ပိုမိုပြင်းထန်စွာ စီးဆင်းလာခဲ့တော့၏။
နန်ချင်ဝမ်သည် နန်ကျားကျားကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။
ထို့နောက် သူမ ဖုန်းနာရီကို လွှဲယူလိုက်၏။
“ရှောင်စဲ့... အန်တီ နန်ချင်ဝမ်ပါ”
ဖုန်း၏ အခြားတစ်ဖက်မှ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
နန်ချင်ဝမ် ဆက်လက်၍ ပြောလိုက်သည်။
“ရှောင်စဲ့... မင်းက စီအီးအိုကုရဲ့ သားအရင်း မဟုတ်ပေမဲ့လည်း စီအီးအိုကုက မင်းကို ချစ်ပါတယ်။ မိသားစု သံယောဇဉ် အားလုံးက သွေးသားတော်စပ်မှုတစ်ခုတည်းအပေါ်မှာတင် တည်ဆောက်ထားရတာ မဟုတ်ပါဘူး။ အန်တီ ပြောတာကို မင်း နားလည်ရဲ့လား”
ကုစဲ့၏ ငိုရှိုက်သံလေးက ဖုန်းအခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
“ဒါပေမဲ့ အန်တီ... နောက်ကျရင် ဖေဖေ့မှာ သူ့ကလေးအရင်း ရှိလာရင် သားကို မချစ်တော့ဘဲ နေမှာလားဟင်”
နန်ချင်ဝမ်၏ နှလုံးသား ကြေကွဲမတတ် ခံစားလိုက်ရ၏။
ကုစဲ့ကို ပို၍ပင် သနားမိသွားသည်။
“ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်မှာလဲ။ မင်းရဲ့ ဖေဖေက မင်းကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာလေ၊ ဒါက သူ မင်းကို ချစ်တယ်ဆိုတာကို သက်သေပြနေတာပဲ။ သူက မင်းကို အမြဲတမ်း ချစ်နေမှာပါ။ မင်းက မင်းရဲ့ ဖေဖေကို မယုံဘူးလား”
ကုစဲ့ ဘာမှ ပြန်မပြောခဲ့ပေ။
သူ ဤမျှလောက် စိတ်မကောင်းဖြစ်နေရသည့် အကြောင်းရင်းမှာ သူ ကုရှီချန်းကို အလွန်အမင်း ယုံကြည်အားကိုးခဲ့သောကြောင့်ပင် ဖြစ်၏။ ယင်းကပင် သူသည် ကုရှီချန်း၏ သားမဟုတ်ဟူသော အချက်ကို မယုံရဲအောင် ဖြစ်စေခဲ့၏။
နန်ချင်ဝမ်လည်း စကားဆက်မပြောတော့ပေ။
အချို့သော အရာများသည် ကုရှီချန်း ပြန်လာပြီး သူကိုယ်တိုင် ကလေးကို ရှင်းပြသည်အထိ စောင့်ဆိုင်းရန် လိုအပ်သေးလေသည်။
သို့သော်လည်း ကုစဲ့ကဲ့သို့ ထက်မြက်သော ကလေးတစ်ဦးသည် သေချာပေါက် နားလည်သဘောပေါက်သွားလိမ့်မည်ဟု နန်ချင်ဝမ် ယုံကြည်ထားသည်။
နန်ချင်ဝမ် ဖုန်းနာရီကို နန်ကျားကျားထံသို့ ပြန်ပေးလိုက်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
သူမသည် ကလေးနှစ်ယောက် အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောနိုင်ရန်အတွက် အချိန်ပေးလိုက်ခြင်း ဖြစ်၏။
နန်ကျားကျားနှင့် ကုစဲ့တို့ အချိန်အတော်ကြာအောင် စကားပြောခဲ့ကြပြီးနောက် နန်ကျားကျား အပြင်သို့ ထွက်လာသောအခါတွင်လည်းနန်ချင်ဝမ်က သူတို့ ဘာပြောခဲ့ကြသလဲဆိုသည်ကို မမေးခဲ့ပေ။
နန်ကျားကျား နန်ချင်ဝမ်၏ ခြေထောက်ကို ပြေးဖက်လိုက်ရင်း တိုးတိုးလေး ပြောရှာ၏။
“မေမေ... အစ်ကိုကုစဲ့ ငိုတယ်”
နန်ချင်ဝမ် နန်ကျားကျား၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်၏။
“ကျားကျား... နောက်ဆိုရင် သမီးက အစ်ကိုကုစဲ့အပေါ် ပိုပြီး ကောင်းပေးရမယ်၊ ဟုတ်ပြီလား”
နန်ကျားကျား အလေးအနက်ပင် ခေါင်းညိတ်ပြလိုက်သည်။
“အင်း... နောင်ကျရင် အစ်ကိုကုစဲ့က ကျားကျားကို အရင်က ကာကွယ်ပေးခဲ့သလိုမျိုး ကျားကျားကလည်း အစ်ကို ကုစဲ့ကို ပြန်ပြီး ကာကွယ်ပေးမှာ။”
နန်ကျားကျားကို ချစ်ခင်မြတ်နိုးသော မျက်ဝန်းများဖြင့် နန်ချင်ဝမ် ကြည့်လိုက်၏။
အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီးသည့်တိုင်အောင် သူမ၏ သမီးငယ်လေးသည် အခြားလူများကို အမြဲတမ်း အလင်းရောင် ပေးစွမ်းနိုင်သည့် နတ်သမီးလေးတစ်ပါးဖြစ်နေဆဲပင်။
အခြားတစ်ဖက်တွင်မူ ကုစဲ့သည် ကိုယ့်ကိုယ်ကိုယ် အခန်းထဲတွင်သာ ဆက်လက်၍ ပိတ်လှောင်ထားလေ၏။
ညစာစားချိန်တွင် မိခင်ကြီးကု ကုစဲ့ကို မတွေ့ရသဖြင့် မေးလိုက်လေ၏။
“ကုစဲ့ ဘယ်မှာလဲ”
ဘေးမှ အစေခံများ စကားပြောရန် တုံ့ဆိုင်းနေကြသည်။
နောက်ဆုံးတွင် မိခင်ကြီးကု၏ ပြင်းထန်သော တောင်းဆိုမှုကြောင့် အစေခံက မိခင်ကြီးကုအား ဤကိစ္စကို ပြောပြလိုက်ရတော့သည်။
အစေခံ၏ စကားကို ကြားပြီးနောက် မိခင်ကြီးကု ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
နောက်ဆုံးတွင် သူမ ပြောလိုက်၏။
“ကြက်ဥပြုတ် နှစ်လုံး ပြုတ်ခိုင်းလိုက်၊ ပြီးတော့ ကုစဲ့ ကြိုက်တတ်တဲ့ ပုစွန်ဆန်ပြုတ် တစ်ပန်းကန် လုပ်ခိုင်းလိုက်”
ထိုသို့ ပြောပြီးနောက် သူမ ဘာသာ ညစာကို ဆက်လက်၍ သုံးဆောင်နေခဲ့သည်။
အစေခံများက ဆန်ပြုတ်နှင့် ကြက်ဥများကို ချက်ပြုတ်ပြီးနောက် မိခင်ကြီးကုက ဘယ်နေရာသို့ ပို့ရမည်ကို မပြောခဲ့သဖြင့် အစေခံက သူမ၏ ညွှန်ကြားချက်ကို လာရောက်မေးမြန်းခဲ့၏။
“စားပွဲပေါ်မှာ တင်ထားလိုက်”
မိခင်ကြီးကု အစေခံကို ချက်ပြုတ်ထားသမျှအားလုံး စားပွဲပေါ်တွင် တင်ထားခိုင်းလိုက်၏။
ထို့နောက် သူမကိုယ်တိုင် ထိုအရာများကို သွားယူလိုက်သည်။
ဘေးမှ အစေခံက မြင်သောအခါ ကူညီရန် ရှေ့တိုးလာခဲ့သော်လည်း မိခင်ကြီးကု၏ ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။
မိခင်ကြီးကုသည် ဆန်ပြုတ်နှင့် ကြက်ဥများကို ကုစဲ့၏ အခန်းတံခါးဝသို့ ကိုယ်တိုင် သယ်ဆောင်သွားခဲ့သည်။
မိခင်ကြီးကု တံခါးကို ခပ်ဖွဖွ ခေါက်လိုက်၏။
အတွင်းမှ မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။
သူမက ထပ်မံ၍ ခေါက်လိုက်ရာ နောက်ဆုံးတွင် တံခါး ပွင့်လာခဲ့သည်။
ကုစဲ့သည် မျက်လုံးများ နီရဲလျက်ဖြင့် သူမကို ကြည့်လိုက်လေ၏။
မိခင်ကြီးကု၏ လက်ထဲမှ ဆန်ပြုတ်ကို မြင်သောအခါ ကုစဲ့ တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
“အဘွား... သား ဗိုက်မဆာဘူး”
ဤသို့ ပြောလိုက်ချိန်တွင် သူ မိခင်ကြီးကုကိုပင် တည့်တည့်မကြည့်ရဲပေ။
သူသည် မိခင်ကြီးကုက သူ့ကို တစ်ခါမျှ သဘောမကျခဲ့ဖူးသဖြင့် ယခုအခါတွင် သူမကို အဘွားဟု ခေါ်ဆိုလိုက်ပါက သူမ စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်နေ၏။
သို့သော်လည်း မိခင်ကြီးကုသည် ကုစဲ့၏ အခေါ်အဝေါ်ကို ပြင်ဆင်ပေးခြင်း မရှိဘဲ မေးလိုက်လေ၏။
“အထဲဝင်ခဲ့လို့ ရမလား”
ကုစဲ့ မငြင်းခဲ့ပေ။
အဘွားအိုကု အထဲသို့ ဝင်သွားပြီးနောက် ဆန်ပြုတ်ကို ဘေးတွင် ချထားလိုက်ပြီး ကုစဲ့ ပုံမှန် အိမ်စာလုပ်လေ့ရှိသော ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။
ကုစဲ့ကမူ ဘာမှမပြောဘဲ ဘေးတွင် လိမ္မာယဉ်ကျေးစွာ မတ်တပ်ရပ်နေခဲ့သည်။
မိခင်ကြီးကု ကုစဲ့ကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် မေးလိုက်လေ၏။
“မင်း ငိုနေတာလား”
ကုစဲ့ ခေါင်းကိုသာ ငုံ့ထားပြီး ဘာမှ ပြန်မပြောခဲ့ပေ။
မိခင်ကြီးကု ဆက်မေးပြန်သည်။
“ဘာကြောင့် ငိုနေရတာလဲ။ လိုင်းပေါ်က ဟာတွေကြောင့်လား”
ကုစဲ့ကမူ ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး စကားပြောရန် ငြင်းဆန်နေခဲ့သည်။
“ခေါင်း မော့စမ်း။ ခေါင်းကြီး ငုံ့ထားတာက ဘယ်လိုပုံစံပေါက်နေလဲ။ မသိတဲ့လူဆိုရင် ငါက ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတဲ့ အတိုင်းပဲ”
မိခင်ကြီးကု မကျေမနပ် ပြောလိုက်သည်။
ထိုအခါမှ ကုစဲ့ ခေါင်းကို မော့လိုက်၏။ သူ့မျက်ဝန်းများမှာ နီရဲနေပြီး မျက်ရည်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်လေသည်။
မိခင်ကြီးကုသည် ဘေးမှ တစ်ရှူးအချို့ကို ဆွဲယူကာ ကုစဲ့၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။
“ဘာလို့ ငိုနေရတာလဲ။ မင်း ဒီလိုပုံစံမျိုးနဲ့ဆိုရင် နောင်ကျရင် ကုမ္ပဏီကို ဘယ်လိုလုပ် ဆက်ခံမှာလဲ”
ကုစဲ့ တိုးညင်းသောအသံလေးဖြင့် ပြောရှာ၏။
“သားက ဖေဖေ့ရဲ့ ကလေး မဟုတ်ဘူးလေ၊ သားမှာ ကုမ္ပဏီကို ဆက်ခံဖို့ အရည်အချင်း မရှိပါဘူး”
မိခင်ကြီးကု ပြုံးလိုက်၏။
“မင်းရဲ့ ဖေဖေက နောင်ကျရင် ကုမ္ပဏီရဲ့ ဆက်ခံသူက မင်းပဲဖြစ်မယ်လို့ ပြောပြီးသားပဲ။ မင်းမှာ အရည်အချင်း ရှိ၊ မရှိဆိုတာက သူ့အပေါ်မှာပဲ မူတည်တယ်”
“ဖေဖေ့မှာ နောင်ကျရင် သူ့ရဲ့ ကိုယ်ပိုင်ကလေးတွေ ရှိလာမှာပါ”
မိခင်ကြီးကု ကုစဲ့ကို ကြည့်လိုက်ပြီး အလွန်ပင် တည်ကြည်လေးနက်စွာဖြင့် ပြောလေ၏။
“မင်းက ငါတို့ ကုမိသားစုရဲ့ အိမ်ထောင်စုစာရင်းထဲကို ဝင်ထားပြီးကတည်းက မင်းက ကုမိသားစုရဲ့ ကလေးပဲ။ ဒါမှမဟုတ် မင်းက ကုမိသားစုဝင်တစ်ယောက် မဖြစ်ချင်တော့တာလား”
ကုစဲ့က ချက်ချင်းပင် ငြင်းချက်ထုတ်လိုက်၏။
“အဲ့လို မဟုတ်ပါဘူး”
ကုစဲ့ ဆက်လက်၍ ပြောလေသည်။
“သားက ဖေဖေ့ရဲ့ ကလေး မဟုတ်ဘူးလေ၊ သားက ကုမ္ပဏီကို ဆက်ခံဖို့ မထိုက်တန်ပါဘူး”
မိခင်ကြီးကု ရုတ်တရက် ပြုံးလိုက်၏။
“မင်းကတော့ တော်တော်လေး ခေါင်းမာတာပဲ။ ငါ ပြောပြီးပြီလေ၊ မင်းက ငါ့ရဲ့ ကုမိသားစု အိမ်ထောင်စုစာရင်းထဲ ဝင်ထားကတည်းက မင်းက ငါ့ရဲ့ ကုမိသားစုဝင်ပဲ။ မင်းက ကုမိသားစုဝင် ဖြစ်နေမှတော့ ဘာဖြစ်လို့ ကုမ္ပဏီကို ဆက်ခံဖို့ အရည်အချင်း မရှိရမှာလဲ”
ကုစဲ့ မိခင်ကြီးကုကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
မိခင်ကြီးကု ကုစဲ့၏ အကြည့်ကို ဂရုမစိုက်ဘဲ ကြက်ဥတစ်လုံးကို အခွံနွှာလိုက်ပြီးနောက် ကုစဲ့ကို သူမ၏ အနားသို့ ဆွဲခေါ်လိုက်သည်။
“ယောက်ျားကောင်းတစ်ယောက်က ကိစ္စသေးသေးလေးတစ်ခုကြောင့်နဲ့ မငိုရဘူး”
မိခင်ကြီးကု ပြောရင်း ကြက်ဥကို ယူကာ ကုစဲ့၏ မျက်ဝန်းတစ်ဝိုက်တွင် လှိမ့်ပေးလိုက်သည်။
ကုစဲ့ ထိုနေရာတွင် ငေးငိုင်စွာ မတ်တပ်ရပ်နေမိပြီး မိခင်ကြီးကု လုပ်သမျှကို ငြိမ်ခံနေခဲ့သည်။
ပြီးသွားသောအခါ မိခင်ကြီးကု မတ်တပ်ရပ်လိုက်ပြီး စားပွဲပေါ်မှ ဆန်ပြုတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ဆန်ပြုတ် သောက်လိုက်ဦး။ ပြီးရင် စောစောအိပ်ပြီး မနက်ဖြန် ကျောင်းကို ပုံမှန်အတိုင်း သွား”
ထိုသို့ ပြောပြီးနောက် သူမ အပြင်သို့ ထွက်ခွါသွားခဲ့လေသည်။
ကုစဲ့သည် မိခင်ကြီးကု ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေခဲ့တော့သည်။