အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း(၁၉၉)
ကုရှီချန်း အိမ်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို လုံးဝ မသိရှိခဲ့ပေ။
လက်ရှိတွင် ယဲ့ယီ၏ အခန်းထဲသို့ ရောက်နေ၏။
ယဲ့ယီသည် ပြတင်းပေါက်မှတစ်ဆင့် ခိုးဝင်လာသော ကုရှီချန်းကို ကြည့်ရင်း ဆွံ့အသွားခဲ့ရသည်။
အတော်ကြာမှသာ သူမ နောက်ဆုံးတွင် စကားပြန်ပြောနိုင်တော့၏။
“ရှင် သေချင်နေတာလား”
ယဲ့ယီ အနည်းငယ် ပုံကြီးချဲ့၍ ပြောလိုက်ခြင်း ဖြစ်သည်။ ဤနေရာမှာ ဒုတိယထပ်မျှသာ ရှိသေးသဖြင့် သူ ပြုတ်ကျသွားလျှင်ပင် အလွန်ဆုံးရှိမှ လက်တစ်ဖက် သို့မဟုတ် ခြေထောက်တစ်ဖက်သာ ကျိုးသွားနိုင်ခြေ ရှိ၏။
ကုရှီချန်း ယဲ့ယီ အနားသို့ လျှောက်လာပြီး သူမလက်ကို ဆုပ်ကိုင်ကာ အလေးအနက်ပင် ပြောလိုက်သည်။
“ကိုယ်က ကိုယ့်အသက်ကို မလိုချင်ဘူး၊ မင်းကိုပဲ လိုချင်တာပါ”
ရိုးအီနေသော စကားလုံးများ ဖြစ်သော်လည်း ယဲ့ယီ ရင်ခုန်သွားရသည်ကို ဝန်ခံရလေမည်။
သို့သော်လည်း ယဲ့ယီ ကိုယ့်ကိုယ်ကိုယ် ချက်ချင်းပင် ပြန်လည်ထိန်းချုပ်လိုက်ပြီး မေးလိုက်လေ၏။
“ရှင် ဘာဖြစ်လို့ ရုတ်တရက်ကြီး ရောက်လာတာလဲ”
ယဲ့ယီသည် ကုရှီချန်း သန်းခေါင်ယံအချိန်ကြီးတွင် သူမ၏ ပြတင်းပေါက်ကို ကျော်တက်လာဝံ့လောက်အောင် သတ္တိရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ အကယ်၍ သူမသာ သူ့ကို မမှတ်မိခဲ့ပါက အောက်သို့ တွန်းချလိုက်မိလိမ့်မည်။
သန်းခေါင်ယံအချိန်ကြီးတွင် ဤသို့ ကြုံတွေ့ရသည်မှာ တကယ်ပင် ထိတ်လန့်စရာကောင်းလှပေသည်။
ကုရှီချန်း ယဲ့ယီကို သူ၏ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်ပြီး သူါခေါင်းကို သူမခေါင်းပေါ်တွင် တင်ကာ တိုးညင်းသောအသံဖြင့် ပြောလိုက်လေ၏။
“ကိုယ် မင်းကို လွမ်းလို့”
ယဲ့ယီကမူ တစ်ခဏအတွင်းမှာပင် တစ်ကိုယ်လုံး ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရ၏။
[အား... သူက ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေရတာလဲ။ မဟုတ်ဘူး... ငါ ကိုယ့်ကိုယ်ကိုယ် ထိန်းမှ ဖြစ်မယ်]
ယဲ့ယီသည် စိတ်ထဲမှနေ၍ တောက်ကျမ်းစာကို အကြိမ်ကြိမ် တိတ်တဆိတ် ရွတ်ဆိုနေမိသည်။
ကုရှီချန်းသည် ယဲ့ယီကို အချိန်အတော်ကြာအောင် ဖက်ထားပြီးမှသာ လွှတ်ပေးခဲ့သည်။
နောက်ဆုံးတွင် ယဲ့ယီက သူမ မေးချင်နေသော မေးခွန်းကို မေးလိုက်တော့၏။
“ရှင်က ဘာဖြစ်လို့ ရှောင်စဲ့ရဲ့ နောက်ကြောင်းကို ရုတ်တရက်ကြီး လူသိရှင်ကြား ထုတ်ပြောလိုက်ရတာလဲ။ အကယ်၍ ရှောင်စဲ့သာ သိသွားရင် သူ ဘယ်လောက်တောင် စိတ်ဒဏ်ရာ ရသွားမလဲဆိုတာ စဉ်းစားကြည့်ဦး”
ကုရှီချန်း ကုစဲ့၏ နောက်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ကတည်းက ယဲ့ယီ ဤအကြောင်းကို မေးမြန်းချင်နေခဲ့၏။
စုမန် ပထမဆုံးအကြိမ် ပေါ်လာစဉ်တုန်းက ကုရှီချန်းသည် ဤကိစ္စကို ရှင်းလင်းချက်မထုတ်သေးဘဲ သတင်းကိုသာ ဖိနှိပ်ထားခဲ့သဖြင့်ဤသည်မှာ သူ ကုစဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ရန် ရည်ရွယ်ချက် မရှိခဲ့ကြောင်းကို ပြသနေခဲ့သည်။
သို့သော်လည်း သူ အဘယ်ကြောင့် စိတ်ကူး ရုတ်တရက် ပြောင်းလဲသွားရသနည်း။
ယဲ့ယီ အလွန်ပင် ဝေခွဲမရ ဖြစ်နေခဲ့သည်။
ကုရှီချန်း အက်ရှရှအသံဖြင့် ဆိုလေ၏။
“သူ့မှာ သူ့ရဲ့ အဖေအရင်းက ဘယ်သူလဲဆိုတာကို သိပိုင်ခွင့် အနည်းဆုံးတော့ ရှိသင့်တယ်လေ”
ယဲ့ယီ ဘာမှ ပြန်မပြောခဲ့ပေ။
မှန်ကန်ပါ၏။ ကလေးတစ်ယောက်အနေဖြင့် မိမိ၏ ဖခင်အရင်း မည်သူဖြစ်သည်ကို သိရှိပိုင်ခွင့် ရှိသည်။
ယခင်ကမူ လူတိုင်းက ကုစဲ့ ဤသက်ရောက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု စိုးရိမ်ခဲ့ကြခြင်းကြောင့် မပြောပြခဲ့ခြင်းဖြစ်၏။ သို့သော် ထိုသို့ ပြုလုပ်ခြင်းသည် ကုစဲ့အတွက်သာမက သူ၏ ဖခင်အရင်းအတွက်ပါ မတရားရာ ကျလွန်းလှ၏။
ယဲ့ယီ ရှေ့တိုးသွားပြီး ကုရှီချန်းကို ဖက်လိုက်သည်။
ယခုအချိန်တွင် သူမအနေဖြင့် မည်သည့်စကားကို ပြောရမည်မှန်း မသိတော့ပေ။
ကုရှီချန်း ကုစဲ့အပေါ် ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် သူသည် ကုစဲ့ကို သူ၏ ကိုယ်ပိုင်ရင်သွေးကဲ့သို့ အမှန်တကယ် သဘောထားကြောင်း ယဲ့ယီ မြင်တွေ့နိုင်၏။
အမှန်တွင် ဤအကြောင်းအရာကို လူသိရှင်ကြား ထုတ်ဖော်လိုက်ရခြင်းအတွက် သူကိုယ်တိုင်လည်း မကြေကွဲဘဲ မနေပေ။
အကယ်၍ ကုစဲ့ သူ့ကို အပြစ်တင်လာခဲ့ပါက မည်သို့ လုပ်မည်နည်း။
“ရှောင်စဲ့က ရှင့်ကို နားလည်ပေးမှာပါ”
ယဲ့ယီ တိုးတိုးလေး ပြောလိုက်သည်။
ကုစဲ့ ကုရှီချန်း၏ ဖုံးကွယ်ထားရသော အခက်အခဲများကို သေချာပေါက် နားလည်ပေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။
“အင်း”
ကုရှီချန်း အသံပြုလိုက်၏။
သူ့လက်ဖြင့် ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သော ကလေးကို ယုံကြည်သည်ဆိုသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံလာရသည့်အခါ မည်သူမျှ တည်ငြိမ်စွာ နေနိုင်မည် မဟုတ်ပေ။
ကုရှီချန်း ယဲ့ယီ၏ နားနားတွင် ရုတ်တရက် တိုးညင်းစွာ ပြောလိုက်ပြန်သည်။
“ကိုယ် နောက်ထပ် မစောင့်ချင်တော့ဘူး။ မင်း ကိုယ့်ကို ဘယ်တော့ကျမှ ကောင်လေးအဖြစ် တရားဝင်သတ်မှတ်ပေးမှာလဲ”
ကုရှီချန်း စကားလမ်းကြောင်းကို ဤဘက်သို့ မည်သို့ ဖြားယောင်းခေါ်ဆောင်သွားမှန်း ယဲ့ယီမသိလိုက်ပေ။သို့သော် စုမန်နှင့် ရူသိုက်ဝိန်တို့ ပေါ်လာပြီးနောက်ပိုင်းတွင် သူမ ခံစားချက်တို့ကို ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့၏။
တစ်စုံတစ်ယောက်ကို သူမ ကောင်လေးအဖြစ် သတ်မှတ်ပေးရန် အချိန် ရောက်လေပြီ။
“ကျွန်မကို နောက်ထပ် တစ်လလောက်ပဲ စောင့်ပေး၊ ဟုတ်ပြီလား”
ယဲ့ယီ ချော့မော့၍ ပြောလိုက်သည်။
တစ်လကြာပြီးနောက်တွင် သူမ အရာအားလုံးကို စီမံခန့်ခွဲနိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်ကျလျှင် တီဗီဇာတ်လမ်းတွဲလည်း ထုတ်လွှင့်ပြသပြီးလောက်လေပြီ။
နောက်ထပ် တစ်လ စောင့်ရဦးမည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ကုရှီချန်းသည် အနည်းငယ် မျက်နှာပျက်သွားခဲ့ရ၏။ထို့နောက် သူခေါင်းကို ငုံ့ကာ ယဲ့ယီ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်တော့၏။
အချိန် မည်မျှ ကြာသွားမှန်းမသိလိုက်ပေ။ ကုရှီချန်းက နောက်ဆုံးတွင် ယဲ့ယီကို လွှတ်ပေးလိုက်တော့၏။
ယဲ့ယီသည် မျက်နှာလေး နီရဲလျက်ဖြင့် ကုရှီချန်းကို တွန်းထုတ်လိုက်၏။
“ရှင် ပြန်တော့”
အကယ်၍ ကုရှီချန်းသာ မနက်ဖြန်တွင် သူမ၏ အခန်းထဲမှ ထွက်သွားသည်ကို မြင်လျှင် အွန်လိုင်းအသုံးပြုသူများ မည်မျှအထိ ရူးသွပ်သွားကြမည်ကို ယဲ့ယီ တွေးပင် မတွေးရဲတော့ပေ။
ကုရှီချန်း ဆက်နေချင်သေးသော်လည်း ယဲ့ယီ၏ ပြတ်သားသော တောင်းဆိုမှုကြောင့် သူ မချင့်မရဲဖြင့်သာ ထွက်ခွာသွားခဲ့ရတော့သည်။
ကုရှီချန်း ထွက်သွားပြီးနောက် ယဲ့ယီ ကုတင်ပေါ်တွင် အကြိမ်ကြိမ် လူးလှိမ့်နေမိ၏။
‘ဘုရားရေ... ငါ အချစ်နွံထဲ ကျသွားပြီလား’
သူမ အမှန်တကယ်ပင် အချစ်နွံထဲ ကျရောက်သွားခဲ့လေပြီ။
ယဲ့ယီ ကုတင်ပေါ်တွင် အချိန်အတော်ကြာအောင် တစ်ယောက်တည်း တခစ်ခစ် ရယ်မောနေမိ၏။
သူမ ယခင်က ကုရှီချန်း သူမအတွက် လုပ်ဆောင်ပေးခဲ့သော အရာများစွာအပေါ်တွင် ဤမျှလောက် ရင်မခုန်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ အုတ်တံတိုင်းကျော်လာခဲ့ရုံမျှဖြင့် အဘယ်ကြောင့် ဤမျှလောက် စိတ်လှုပ်ရှားသွားရသနည်း။
အမှန်တွင် ကုရှီချန်း တံတိုင်းကျော်လာခဲ့ခြင်းက ယဲ့ယီကို ရင်ခုန်စေခဲ့ခြင်း မဟုတ်ဘဲ ကုရှီချန်း စိတ်မကောင်းဖြစ်နေချိန်တွင် ပထမဆုံး စဉ်းစားမိသည့်အရာမှာ သူမကို လာရှာရန် ဖြစ်နေခြင်းကြောင့်ပင် ဖြစ်လေသည်။
ယဲ့ယီ ပထမဆုံးအကြိမ်အဖြစ် ကုရှီချန်း သူမကို အမှန်တကယ် လိုအပ်နေသည်ဟု ခံစားလိုက်ရ၏။
ထိုညတွင် သူတို့နှစ်ဦးစလုံး အလွန်ပင် ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ကြလေသည်။
မနက်ဖြန်မနက် အိပ်ရာမှ နိုးထလာကြသောအခါ နှစ်ဦးစလုံး အလွန်ပင် စိတ်ကြည်လင် လန်းဆန်းနေကြသည်။
သူတို့ မည်မျှအထိ ကောင်းမွန်နေသနည်းဆိုလျှင် အခြားလူများက သူတို့နှစ်ဦး ကွယ်ရာတွင် တစ်ခုခု ထူးထူးခြားခြား လုပ်ဆောင်ခဲ့ကြသည်ဟုပင် သံသယဝင်ရလောက်သည် အထိ ဖြစ်သည်။
ယနေ့အတွက် ချိန်းတွေ့မည့် နေရာကိုမူ မဲနှိုက်ခြင်းဖြင့် ဆုံးဖြတ်ရလေမည်။
မဲနှိုက်ရမည့် အရေးကြီးသော တာဝန်ကို ယခုတစ်ကြိမ်တွင်လည်း ယဲ့ယီထံသို့သာ လွှဲအပ်ခဲ့သည်။
ယခုတစ်ကြိမ်တွင် ယဲ့ယီ နှိုက်မိသောမဲမှာ လှေစီးရင်း ရှုခင်းကြည့်ရမည့် နေရာဖြစ်နေခဲ့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရူသိုက်ဝိန်လည်း ဤနေရာကိုပင် မဲနှိုက်မိခဲ့သည်။
သို့သော်လည်း ယဲ့ယီကမူ ဤအရာမှာ မရိုးသားဟု ခံစားနေရ၏။ နေရာတူလျှင်ပင် လှေတစ်စင်းတည်းတော့ အတူတူ ဖြစ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း အချို့သောအရာများသည် ထိုမျှလောက်အထိပင် တိုက်ဆိုင်လွန်းလှပေ၏။
သူတို့ ထိုနေရာသို့ ရောက်ရှိသွားသောအခါ ယနေ့အတွက် လှေတစ်စင်းတည်းသာ ကျန်ရှိတော့ကြောင်း သိလိုက်ရလေ၏။
ယဲ့ယီ ရူသိုက်ဝိန်နှင့် လှေတစ်စင်းတည်း အတူတူ မစီးချင်ပေ။
ဤမိန်းမ မကောင်းသောအကြံ ကြံစည်နေသည်ဟု သူမ အမြဲတမ်း ခံစားနေရ၏။
သို့သော်လည်း ယခုအခါတွင် အခြားနည်းလမ်းမရှိတော့ပေ။
နောက်ဆုံးတွင် ထိုအုပ်စု လှေတစ်စင်းတည်းပေါ်သို့ အတူတူ တက်ရောက်ခဲ့ကြလေသည်။
လှေမှာ သိပ်မကြီးလှသဖြင့် သူတို့အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်ရလေဉီးမည်။
သူမ ရှေ့တွင် ရှိနေသော ရူသိုက်ဝိန်ကို ကြည့်ရင်း ပို၍ပင် စိတ်မသက်မသာ ဖြစ်လာခဲ့၏။ ယနေ့တွင် ရူသိုက်ဝိန် ပြဿနာမရှာပါစေနှင့်ဟုသာ မျှော်လင့်နေမိတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များကမူ အားလုံး စုပေါင်း၍ ပွဲကြည့်နေကြသကဲ့သို့ ဖြစ်နေတော့၏။
[ဒါ ကံကြမ္မာပဲလား။ သိပ်ကို တိုက်ဆိုင်လွန်းနေတယ်]
[ကျွန်မကတော့ ဒါတွေအားလုံးကို ရိုက်ကူးရေးအဖွဲ့က တမင်သက်သက် စီစဉ်ထားတာလို့တောင် သံသယဝင်မိတယ် ]
ရိုက်ကူးရေးအဖွဲ့ : [ကျွန်တော်တို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ မလုပ်ပါဘူး၊ ကောလာဟလတွေ မဖြန့်ကြပါနဲ့]
လှေပေါ်သို့ တက်ပြီးနောက်တွင် ရူသိုက်ဝိန်သည် ပြဿနာရှာခြင်း မရှိခဲ့ပေ။ ထို့နောက် သူတို့ လေးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိ၏။
အခန်း(၂၀၀)
ရိုက်ကူးရေးအဖွဲ့လည်း မတတ်နိုင်တော့ပေ။
သူတို့သည် ယနေ့တွင် ဧည့်သည်များကို နောက်ဆုံး ချိန်းတွေ့ခွင့် ပေးနိုင်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ဤနှစ်တွဲ အချင်းချင်း ဆုံမိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ရိုက်ကူးရေးအဖွဲ့သည် မတရား စွပ်စွဲခံရခြင်း ဖြစ်၏။
သူတို့သည် မူလက ယနေ့အတွက် နေရာခြောက်နေရာ စီစဉ်ထားခဲ့သော်လည်း တစ်နေရာတွင် ရုတ်တရက် ပြဿနာပေါ်ပေါက်ခဲ့သဖြင့် နေရာနှစ်ခု ထပ်တူကျသွားရခြင်း ဖြစ်၏။
ယင်းကို ရူသိုက်ဝိန်နှင့် ယဲ့ယီတို့က တိုက်တိုက်ဆိုင်ဆိုင် နှိုက်မိလိမ့်မည်ဟု မည်သူ သိပါမည်နည်း။
ထို့အပြင် ကံဆိုးချင်သောအခါ ယနေ့အတွက် လှေကလည်း တစ်စင်းတည်းသာ ကျန်ရှိတော့သည်။
ကံကြမ္မာပင် ဖြစ်လိမ့်မည်။
လှေငယ်လေးသည် ဖြည်းညင်းစွာ ရွေ့လျားနေခဲ့၏။
ပတ်ဝန်းကျင် ရှုခင်းများကလည်း လှပလွန်းလေသည်။
သို့သော်လည်း ယဲ့ယီ ယခုအချိန်တွင် မခံစားနိုင်သေးပေ။
ရူသိုက်ဝိန်က သူမကို ပြုံးလျက်ဖြင့် ဆက်တိုက် စိုက်ကြည့်နေခဲ့သဖြင့် သူမကို ကြက်သီးထစေခဲ့သည်။
ထို့ပြင် သူမ ဘာမှလည်း ပြော၍မရသဖြင့် အောင့်အည်းသည်းခံနေရုံသာ ရှိတော့သည်။
ကံကောင်းထောက်မစွာ ကုရှီချန်း ယဲ့ယီ၏ စိတ်မသက်မသာ ဖြစ်နေမှုကို သတိပြုမိသွား၏။
သူမကို သူ၏ ဘေးနားသို့ ပိုမိုနီးကပ်စွာ ဆွဲခေါ်လိုက်တော့သည်။
ကုရှီချန်း၏ ဤလုပ်ရပ်ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များမှာ ပေါက်ကွဲထွက်သွားခဲ့တော့၏။
[!!!! စီအီးအိုကုရဲ့ လက်ကို ကြည့်ကြဦး။ သူ လုပ်လိုက်ပြီ ]
[ဘုရားရေ... ဘုရားရေ... သူတို့တွေ ထိနေကြပြီလား။ နောက်ကျရင် သူတို့ တစ်ခုခု လုပ်ကြတော့မှာလား။ဟီးဟီးဟီး ]
[ရုတ်တရက် ရောက်လာတဲ့ အတွဲတွေရဲ့ အချိုဓာတ်ကြောင့် ငါ အသက်ရှူတောင် ကျပ်ချင်သွားပြီ ]
[ရယ်ရလွန်းလို့ သေတော့မယ်၊ ရူသိုက်ဝိန်ရဲ့ မျက်နှာအမူအရာကို ကြည့်ကြဦး။ သူ ဒေါသထွက်လို့ သေတော့မယ် ]
[အပြောကတော့ လွယ်တာပေါ့၊ ဒါပေမဲ့ ကိုယ် သဘောကျတဲ့ လူက မျက်စိရှေ့တင် တခြားမိန်းကလေးတစ်ယောက်နဲ့ ပွတ်သီးပွတ်ကပ်လုပ်နေတာကို မြင်ရင် ဘယ်သူက ပျော်နိုင်မှာလဲ]
[တကယ်တော့ ရူသိုက်ဝိန်က တော်တော် သနားဖို့ကောင်းပါတယ်၊ ကြွေကျတဲ့ ပန်းက စိတ်ရှိပေမဲ့ စီးဆင်းနေတဲ့ ရေက အလိုမရှိဘူး ဖြစ်နေတာ ]
[အချစ်မှာ ဘယ်သူ အရင်လာလဲဆိုတာ ခွဲခြားလို့မရဘူး၊ သူမှ စီအီးအိုကုကို သူ့အပေါ် သဘောကျအောင် မလုပ်နိုင်တာကိုး ။ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ ]
ကုရှီချန်း၏ လက် ယဲ့ယီကို ထိမိသွားသည့် အခိုက်အတန့်တွင် ရူသိုက်ဝိန်၏ မျက်ဝန်းထဲမှ ဓားမြှောင်များမှာ ယဲ့ယီကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် လှီးဖြတ်ပစ်ချင်စိတ် ပေါက်နေသည့်အလား ပျံသန်းထွက်ပေါ်လာတော့မတတ် ဖြစ်နေခဲ့တော့၏။
ယဲ့ယီ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရသည်။
[မေမေရေ... ကြောက်စရာကောင်းတဲ့ အကြည့်ကြီးပဲ]
ယဲ့ယီ၏ စိတ်ထဲမှ အတွေးသံကို ကုရှီချန်း ကြားလိုက်ရသဖြင့် ရူသိုက်ဝိန် ရှိရာဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။
သူ့မျက်ဝန်းများထဲတွင် သတိပေးမှုများ ပြည့်နှက်နေခဲ့သည်။
ရူသိုက်ဝိန် လက်သီးကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ယဲ့ယီကို ရေထဲသို့ တွန်းချပစ်ချင်သည့် စိတ်ဆန္ဒကို အချိန်အတော်ကြာအောင် ထိန်းချုပ်လိုက်ရရှာ၏။
ကျောင်စိနျန်လည်း သူတို့ သုံးယောက်ကြားမှ အခြေအနေကို အလိုလိုပင် ခံစားမိသွားခဲ့သဖြင့် သူ မသိမသာကလေး ငြိမ်ကုတ်နေလိုက်တော့၏။
ချမ်းသာသော မိသားစုများကြားမှ ကိစ္စရပ်များတွင် သူကဲ့သို့သော သာမန်လူတစ်ယောက်အနေဖြင့် ဝင်ရောက်မပတ်သက်မိသည်မှာအကောင်းဆုံး ဖြစ်ပေသည်။
ကုရှီချန်း ရူသိုက်ဝိန်ကို သတိပေးသည့် အကြည့်တစ်ချက် ပေးလိုက်ပြီးနောက်တွင် ရူသိုက်ဝိန် ယဲ့ယီကို ထပ်မံ၍ မကြည့်ရဲတော့ပေ။
သို့သော်လည်း ယဲ့ယီသည် အကြောင်းပြချက်မရှိဘဲ ကျောပြင်တစ်ခုလုံး စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က သူမကို လုပ်ကြံရန် ကြံစည်နေသကဲ့သို့ ခံစားနေရ၏။
ယခုအချိန်တွင် ယဲ့ယီ အချိန် မြန်မြန် ကုန်ဆုံးသွားစေချင်လှပြီ။
ဤနေရာတွင် နောက်ထပ် တစ်မိနစ်မျှပင် ဆက်၍ မနေချင်တော့ပေ။
ကံကောင်းထောက်မစွာ ရေကန်မှာ သိပ်မကြီးလှသဖြင့် သူတို့ တစ်နာရီခန့်အတွင်းမှာပင် လှည့်ပတ်ကြည့်ရှု၍ ပြီးစီးသွားခဲ့၏။
ကျန်ရှိသော အချိန်များကိုမူ ပတ်ဝန်းကျင်တွင် လှည့်ပတ်သွားလာနိုင်ကြပေသည်။
လှေပေါ်မှ ဆင်းကြသောအခါ အမျိုးသားနှစ်ဦးက အရင် ဆင်းသွားကြပြီးနောက် ရူသိုက်ဝိန်နှင့် ယဲ့ယီတို့က နောက်မှ လိုက်ဆင်းခဲ့ကြသည်။
ယဲ့ယီသည် ရူသိုက်ဝိန်၏ ရှေ့တွင် အနည်းငယ် ရောက်နေသဖြင့် သူမက အရင် ဆင်းခဲ့လေ၏။
ယဲ့ယီသည် သူမ၏ အသက်ကယ်အင်္ကျီကို ချွတ်ကာ လှေငယ်လေးပေါ်တွင် တင်လိုက်ပြီး ကမ်းစပ်သို့ လှမ်းတက်ရန် ခြေထောက်ကို မလိုက်လေ၏။
ယဲ့ယီ၏ ခြေထောက်တစ်ဖက် ကမ်းစပ်သို့ ရောက်ခါနီးအချိန်မှာပင် လှေက ရုတ်တရက် ယိမ်းထိုးသွားခဲ့သည်။
ယဲ့ယီ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။
သူမ ရေကန်ထဲသို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားခဲ့တော့၏။
“ယဲ့ယီ!!!”
ယဲ့ယီ ရေထဲသို့ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် ကုရှီချန်းသည် သူမ နောက်သို့ ချက်ချင်းပင် ခုန်ချလိုက်တော့သည်။
ရူသိုက်ဝိန်ကမူ ချက်ချင်း အော်ဟစ်လေတော့၏။
“မြန်မြန်... သူတို့ကို ကယ်ကြပါဦး။ အာချန်းက ရေမကူးတတ်ဘူး”
ဝန်ထမ်းများသည် ကင်မရာများကို ချက်ချင်းပိတ်ပစ်လိုက်ကြပြီး သူတို့ကို ကယ်ဆယ်ရန် လုပ်ကြတော့၏။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာမူ ငြိမ်သက်သွားခဲ့လေ၏။
[ငါ ခဏလေးပဲ ထွက်သွားတာကို ဘာဖြစ်လို့ မျက်နှာပြင်က ရုတ်တရက်ကြီး မည်းမှောင်သွားရတာလဲ]
[တစ်ယောက်ယောက် ရေထဲ ပြုတ်ကျသွားလို့ ထင်တယ်]
[ဘယ်သူလဲ။ ဘယ်သူ ရေထဲ ပြုတ်ကျသွားတာလဲ]
[ယဲ့ယီ ထင်တယ်၊ ပြီးတော့ စီအီးအိုကုက သူ့နောက်ကို ခုန်ချသွားတာ]
[ဟာ... ဒီရေကန်က တော်တော်လေး နက်တာ။ သူတို့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ် ]
[သူ ဘာလို့ ရုတ်တရက်ကြီး ရေထဲ ပြုတ်ကျသွားရတာလဲ]
ရေထဲသို့ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် ယဲ့ယီ စိတ်ထဲမှနေ၍ ကျိန်ဆဲမိသွားခဲ့သည်။
သူမ ရေမကူးတတ်ပေ။
ယဲ့ယီ အပေါ်သို့ ပြန်တက်ရန် အသည်းအသန် ကြိုးစားခဲ့သော်လည်း သူမ ခန္ဓာကိုယ်က အောက်သို့သာ ဆက်တိုက် နစ်မြုပ်နေခဲ့သည်။
သူမ အသက်ရှူကျပ်၍ သေတော့မည်ဟု ခံစားလိုက်ရချိန်မှာပင် လူရိပ်တစ်ခုက သူမရှိရာသို့ ကူးခတ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
နောက်ဆုံးတွင် ကုရှီချန်း ယဲ့ယီကို ကမ်းစပ်သို့ ဆွဲခေါ်လာနိုင်ခဲ့သည်။
ဝန်ထမ်းများသည် သူတို့၏ အခြေအနေကို မေးမြန်းရန် ချက်ချင်းပင် ရှေ့တိုးလာခဲ့ကြ၏။
“စီအီးအိုကု... ဘယ်လိုနေသေးလဲ။ အဆင်ပြေရဲ့လား”
“ယဲ့ယီကော ဘယ်လိုနေလဲ”
“မြန်မြန်... ၁၂၀ ကို ဖုန်းခေါ်လိုက်ကြဦး”
လူအုပ်ကြီးတစ်ခုလုံး ရှုပ်ယှက်ခတ်သွားခဲ့ရသည်။
ရူသိုက်ဝိန် ရှေ့တိုးလာပြီး ကုရှီချန်းကို စိုးရိမ်တကြီး မေးလိုက်လေ၏။
“အာချန်း... အဆင်ပြေရဲ့လား။ နင် ရေမကူးတတ်ဘူးလို့ ပြောထားတယ်မဟုတ်လား။ ဘာဖြစ်လို့ အခုနက ချက်ချင်း ခုန်ချလိုက်ရတာလဲ”
ကုရှီချန်း ရူသိုက်ဝိန်ကို အေးစက်သော အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် သတိမေ့မြောနေသော ယဲ့ယီကို ပွေ့ချီကာ လူနာတင်ကားပေါ်သို့ တက်သွားခဲ့လေသည်။
ရူသိုက်ဝိန် ကုရှီချန်း၏ ထိုအကြည့်ကြောင့် ထိတ်လန့်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူမ၏ နှလုံးသားကို တိတ်တဆိတ် ပြန်လည်နှစ်သိမ့်နေမိ၏။
‘မဖြစ်နိုင်ပါဘူး။ယဲ့ယီ လှေပေါ် က ဆင်းနေတုန်း လှေကို ငါ တမင်သက်သက် တွန်းလိုက်ပြီး ယဲ့ယီကို ရေထဲ ပြုတ်ကျအောင် လုပ်ခဲ့တာ ငါဆိုတာ သူမသိနိုင်ပါဘူး’
ရူသိုက်ဝိန် ယဲ့ယီကို သင်ခန်းစာတစ်ခု ပေးချင်ရုံမျှသာ ဖြစ်၏။
ထို့ပြင် သူမ ဤသို့ လုပ်ဝံ့ရသည့် အကြောင်းရင်းမှာ ကုရှီချန်း ရေမကူးတတ်သည်ကို သိထားသောကြောင့် ဖြစ်၏။
သို့သော်လည်း ကုရှီချန်းက ယဲ့ယီအတွက် ရေထဲသို့ တိုက်ရိုက် ခုန်ချလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ကုရှီချန်း ယဲ့ယီနှင့်အတူ ဆေးရုံသို့ လိုက်ပါသွားခဲ့ပြီး ရူသိုက်ဝိန်ကမူ အစီအစဉ်ကို ဆက်လက်ရိုက်ကူးရန်အတွက် ပြန်သွားခဲ့ရလေသည်။
ဆေးရုံသို့ ပို့ဆောင်ပြီးနောက်တွင် ယဲ့ယီ ခဏမျှ သတိမေ့မြောနေခဲ့ပြီးမှ ပြန်လည်နိုးထလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ပြင်းထန်သော ဒဏ်ရာမျိုး မရှိဘဲ မတော်တဆ ရေမွန်းသွားခြင်းမျှသာ ဖြစ်လေ၏။
ယဲ့ယီ နိုးလာသောအခါ ကုရှီချန်း သူမ၏ ကုတင်ဘေးတွင် စောင့်ကြပ်ပေးနေသည်ကို မြင်လိုက်ရပြီး သူသည် အဝတ်အစားများကိုပင် လဲလှယ်ရန် အချိန်မရခဲ့ရှာပေ။
ယဲ့ယီ နိုးလာသည်ကို မြင်သောအခါ ဆရာဝန်ကို ခေါ်ရန်အတွက် ကုရှီချန်း အပြင်သို့ ချက်ချင်း ထွက်သွား၏။
ဆရာဝန် ဝင်လာပြီး ယဲ့ယီ ဘာမှမဖြစ်ကြောင်း အတည်ပြုပေးပြီးနောက်မှသာ ကုရှီချန်း နောက်ဆုံး၌ စိတ်သက်သာရာ ရသွားခဲ့တော့သည်။
ကုရှီချန်း ရှေ့တိုးကာ ယဲ့ယီကို ဖက်ထားချင်သော်လည်း သူ့အဝတ်အစားများကို ကြည့်ပြီးနောက် သူ ရပ်တန့်လိုက်ရသည်။
ရေစိုရွှဲနေသော ကုရှီချန်းကို ကြည့်ရင်း ယဲ့ယီတိုးညင်းစွာ ပြောလိုက်လေ၏။
“ကျွန်မ ဘာမှမဖြစ်ပါဘူး။ ရှင် မြန်မြန် သွားပြီး အဝတ်အစားလဲလိုက်ဦး၊ အအေးမိလိမ့်မယ်”
ကုရှီချန်း ယဲ့ယီကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ထွက်ခွါသွားခဲ့လေသည်။
သို့သော်လည်း မကြာမီမှာပင် သူ ပြန်လည်ရောက်ရှိလာခဲ့၏။
သူ၏ ဆံပင်များမှ ရေစက်များ တဖေါက်ဖေါက် နေဆဲဖြစ်သဖြင့် သူသည် သာမန်ကာလျှံကာ အဝတ်လဲပြီး ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိသာလှပေသည်။
ကုရှီချန်းက ရှေ့တိုးလာပြီး ယဲ့ယီ လက်ကို ဆုပ်ကိုင်လိုက်သည်။
“စိတ်ချပါ၊ ကိုယ် ရူသိုက်ဝိန်ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်”
အမှန်တွင် ယဲ့ယီလည်း ဤကိစ္စ နောက်ကွယ်တွင် ရူသိုက်ဝိန် ရှိနေမည်ကို ခန့်မှန်းမိပြီးသား ဖြစ်၏။သို့သော်လည်း သူမတွင် သက်သေမရှိသဖြင့် ကုရှီချန်းကို အလွယ်တကူ မပြောနိုင်ပေ။
ကုရှီချန်း သူမအတွက် ကလဲ့စားချေပေးချင်ပါလည်း သူမ တားဆီးလိမ့်မည် မဟုတ်ပေ။
ကုရှီချန်းသည် ယဲ့ယီ၏ ရှေ့တွင်ပင် ဖုန်းကို တိုက်ရိုက် ခေါ်ဆိုလိုက်တော့သည်။
“သတင်းလွှင့်လိုက်စမ်း... ကုကော်ပိုရေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီမှန်သမျှ ရူကော်ပိုရေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် မရှိစေရဘူး”
ကုရှီချန်း၏ စကားများသည် လုပ်ငန်းလောကအတွင်း ရူကော်ပိုရေးရှင်းကို ပိတ်ပင်တားဆီးလိုက်ခြင်းနှင့် အတူတူပင်။
မည်သူမျှ ရူကော်ပိုရေးရှင်းအတွက်နှင့် ကုကော်ပိုရေးရှင်းကို သွားရောက် အပြစ်ပြုဝံ့ကြမည် မဟုတ်ပေ။
ဖုန်းချပြီးနောက် ကုရှီချန်း ယဲ့ယီ၏ ကုတင်ဘေးတွင် ထိုင်လိုက်ပြီး ပြောလိုက်လေ၏။
“ကိုယ် မင်းကို ဒီ အစီအစဉ်ကနေ နှုတ်ထွက်ခိုင်းလိုက်ပြီ”
သူ ယတိပြတ် ပြောလိုက်ခြင်းဖြစ်ပြီး ယဲ့ယီကို ငြင်းခုံရန် အခွင့်အရေး လုံးဝ မပေးခဲ့ပေ။
အကယ်၍ သူ ယဲ့ယီကို ရူသိုက်ဝိန်နှင့်အတူ ဆက်လက်၍ ရှိနေခွင့် ပေးထားမည်ဆိုပါက ရူသိုက်ဝိန်က နောက်ထပ် ဘာများ လုပ်ဦးမည်ကို မည်သူ သိနိုင်မည်နည်း။
သို့သော်လည်း ယဲ့ယီသည် ငြင်းခုံရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။
“မင်းရဲ့ သဘောတူညီချက်မပါဘဲ ကိုယ်ဆုံးဖြတ်လိုက်လို့ ကိုယ့်ကို အပြစ်မတင်တော့ဘူးလား”
ကုရှီချန်း တိုးတိုးလေး မေးလိုက်သည်။
ယဲ့ယီ ပြုံးလိုက်၏။
“ကျွန်မရည်းစားက ကျွန်မ ကောင်းဖို့အတွက် လုပ်ပေးတာပဲဟာကို၊ ကျွန်မက ဘာလို့ ငြင်းရမှာလဲ”
ကုရှီချန်း အနည်းငယ် စိတ်ပျော်ရွှင်လာလေ၏။
ရိုက်ကူးရေးအဖွဲ့လည်း မကြာမီမှာပင် ယဲ့ယီနှင့် ကုရှီချန်းတို့ အစီအစဉ်မှ နှုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်လေသည်။
ပရိသတ်များ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြတော့၏။
[အား... ယဲ့ယီနဲ့ စီအီးအိုကုတို့ နှစ်ယောက်စလုံး မရှိတော့ရင် ငါက ဘာကို ဆက်ကြည့်ရမှာလဲ]
[အမှန်ပဲ... အမှန်ပဲ... ငါက အစကတည်းက ယဲ့ယီနဲ့ စီအီးအိုကုကြောင့် လာကြည့်တာလေ။ အခု ငါ့ရဲ့ ပျော်ရွှင်မှုကို လုယူသွားပြီဆိုတော့ ငါ ဘာကို ကြည့်ရတော့မှာလဲ]
[သူတို့က ဘာလို့ ရုတ်တရက်ကြီး နှုတ်ထွက်သွားရတာလဲ။ ဘာဖြစ်လို့လဲဆိုတာ တစ်ယောက်ယောက် ပြောပြနိုင်မလား ]
[အပေါ်ကလူက အစီအစဉ်ကို သေချာမကြည့်တာ သိသာတယ်၊ ယဲ့ယီ ရေထဲ ပြုတ်ကျသွားတာလေ]
[ဘာ... ဘုရားရေ၊ သူ အဆင်ပြေရဲ့လား ]
[ငါ့ရဲ့ ယဲ့ပေါင်လေး အဆင်ပြေရဲ့လား။ ဒီလို မတော်တဆမှုမျိုး ဘယ်လိုလုပ် ဖြစ်သွားရတာလဲ။ ရိုက်ကူးရေးအဖွဲ့က ဘာတွေ လုပ်နေတာလဲ။ သူတို့ ငါတို့ကို သေချာပေါက် ရှင်းလင်းချက် ပေးရမယ်]
နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့ ပေးခဲ့သော ရှင်းလင်းချက်မှာ မတော်တဆမှုတစ်ခုကြောင့်ဟူ၍ ဖြစ်သည်။
အချို့သော အွန်လိုင်းအသုံးပြုသူများသည် ဤကိစ္စ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနိုင်သည်ဟု ထင်မှတ်ကာ စတင်ခန့်မှန်းလာကြတော့၏။
[ဘာဖြစ်လို့ ယဲ့ယီတစ်ယောက်တည်း ရေထဲ ပြုတ်ကျရတာလဲ။ ငါ မှတ်မိသလောက်ဆိုရင် လှေပေါ်မှာ ရူသိုက်ဝိန်လည်း ရှိနေတာလေ၊ သူက တမင်သက်သက် လုပ်လိုက်တာများလား]
[အပေါ်ကလူကတော့ တော်တော်လေး အတွေးလွန်နေတာပဲ၊ ယဲ့ယီက သူ့ဘာသာ ခြေလှမ်းမမြဲလို့ ပြုတ်ကျတာကို ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ]
[ဟူး... ယဲ့ယီ မရှိတော့ရင် ငါတော့ ဆက်ကြည့်ဖို့ စိတ်မပါတော့ဘူး]
[ဘယ်သူက ကြည့်ချင်တော့မှာလဲ။ မကြည့်တော့ဘူး... မကြည့်တော့ဘူး ]
ဒါရိုက်တာသည် ထိုးဆင်းသွားသော ကြည့်ရှုနှုန်းများကို ကြည့်ရင်း မျက်ရည်ပင် ကျလုနီးပါး ဖြစ်နေခဲ့ရ၏။
အကယ်၍ ကုရှီချန်းကိုယ်တိုင် သူနှင့် ယဲ့ယီတို့ နောက်ပိုင်း ရိုက်ကူးရေးမှ နှုတ်ထွက်မည်ဟု အပြတ်မပြောခဲ့ပါက ဒါရိုက်တာသည် ဆေးရုံအခန်းထဲအထိ ပြေးသွားပြီး ယဲ့ယီကို အတင်းအကျပ် ဆွဲခေါ်လာမိမည်မှာ အမှန်ပင်။
သူ၏ ငွေတွင်းကြီး ဤကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသဖြင့် ဒါရိုက်တာ ကြေကွဲနေခဲ့ရရှာသည်။
‘တောက်... ‘
သူ ယနေ့အတွက် လှေစီးရမည့် အစီအစဉ်မျိုးကို မစီစဉ်ခဲ့သင့်ပေ။