← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း(၂၀၁)

ယဲ့ယီနှင့် ကုရှီချန်းတို့ နှုတ်ထွက်သွားပြီးနောက် ရူသိုက်ဝိန်နှင့် စုမန်တို့လည်း တစ်ယောက်ပြီးတစ်ယောက် အစီအစဉ်မှ လိုက်လံနှုတ်ထွက်သွားခဲ့ကြလေသည်။

ထို့ကြောင့် ဖျော်ဖြေရေးအစီအစဉ်၏ လူကြိုက်များမှုမှာ ရုတ်တရက် ထိုးကျသွားခဲ့ရတော့သည်။

ဒါရိုက်တာဖြစ်သူမှာ စိတ်မကောင်းဖြစ်ရသော်လည်း ဘာမျှမတတ်နိုင်ခဲ့ပေ။

မည်သို့ပင်ညဆိုစေကာမူ လူတိုင်း ဤအစီအစဉ်တွင် ပါဝင်ရသည့် အကြောင်းရင်းမှာ ကနဦးကတည်းက ရှင်းလင်းထင်ရှားနေခဲ့လေသည်။

ကုရှီချန်း၏ အတင်းအကျပ် တောင်းဆိုမှုကြောင့် ယဲ့ယီသည် တစ်ကိုယ်လုံးကို အသေးစိတ် ဆေးစစ်မှု ခံယူခဲ့ရပြီး မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးမှသာ ဆေးရုံမှ ဆင်းခဲ့ရ၏။

ဆေးရုံမှ ဆင်းပြီးနောက် ကုရှီချန်းသည် ယဲ့ယီကို အိမ်သို့ ကားမောင်းပို့ခဲ့သည်။

မူလက ကုရှီချန်းသည် ယဲ့ယီ အိမ်တွင် နေကာ ယဲ့ယီကို အဖော်ပြုပေးချင်ခဲ့သော်လည်း သူမ ပြတ်သားသော တောင်းဆိုမှုကြောင့် ကုစဲ့ထံသို့သာ ပြန်သွားခဲ့ရလေသည်။

ယဲ့ယီလည်း ကုစဲ့ကို သွားရောက်ကြည့်ရှုချင်သော်လည်း ယခုအချိန်တွင် မိခင်ကြီးကု ကုမိသားစု နေအိမ်တွင် ရှိနေ၏။

ကုရှီချန်းသည် သူမအတွက်ကြောင့် ရူမိသားစုနှင့် လတ်တလောမှ ရန်ဖြစ်ထားခဲ့သဖြင့် သူမသာ ယခုအချိန်တွင် သွားလိုက်ပါက တစ်ဖက်လူကို သွားရောက် ရန်စသကဲ့သို့ ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ယဲ့ယီသည် ကုရှီချန်းကို ပြန်လွှတ်ရန်သာ ရွေးချယ်ခဲ့ရ၏။

ကုရှီချန်း ထွက်သွားပြီးနောက် ယဲ့ယီ ဘေးအိမ်ရှိ နန်ချင်ဝမ်၏ အိမ်သို့ သွားခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် နန်ချင်ဝမ် အိမ်၌ ရှိမနေခဲ့ပေ။

နန်ကျားကျားကို အဖော်ပြုပေးရန် အိမ်ထိန်းအမျိုးသမီးသာ ရှိနေခဲ့၏။

နန်ကျားကျားတစ်ယောက်တည်း ရှိနေသည်ကို မြင်သောအခါ ယဲ့ယီက ဝေခွဲမရဖြစ်စွာဖြင့် မေးလိုက်၏။

“ကျားကျား... သမီးရဲ့ မေမေက ဘယ်သွားလဲ”

နန်ကျားကျားက အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလေသည်။

“မေမေက ဒီရက်ပိုင်းတွေမှာ အချိန်ပို အလုပ်ဆင်းရမယ်လို့ ပြောတယ်။ သမီးကို အိပ်ရာဝင်ပုံပြင် မပြောပြပေးတာတောင် ကြာနေပြီ”

ယဲ့ယီတစ်ခဏမျှ မည်သို့ပြောရမည်မှန်း မသိဖြစ်သွားခဲ့သည်။

သူမ စိတ်ထဲမှသာ ပြောနိုင်တော့၏။

‘ငါကတော့ တော်တော် မကောင်းတာပဲ’

အကယ်၍ သူမသာ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ရန် အတင်းအကျပ် မလုပ်ခဲ့ပါက နန်ချင်ဝမ်အနေဖြင့် နေ့တိုင်း အချိန်ပို အလုပ်ဆင်းနေရမည် မဟုတ်ပေ။

ယဲ့ယီ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ကောင်းမွန်သော သူဌေးတစ်ယောက်အနေဖြင့် သူမ နန်ချင်ဝမ်ကို လစာတိုးပေးရမည်။

ယဲ့ယီ နန်ကျားကျားကို အချိန်အတော်ကြာအောင် အဖော်ပြုပေးခဲ့၏။

ကိုးနာရီခွဲခန့်တွင် နန်ကျားကျား အိပ်ပျော်သွားပြီးနောက်မှသာ နန်ချင်ဝမ်သည် အိမ်သို့ ပြန်ရောက်လာခဲ့သည်။

နန်ချင်ဝမ်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို မြင်သောအခါ ယဲ့ယီ ပို၍ပင် အားနာမိသွားခဲ့သည်။

လစာတိုးပေးရမည်၊၊ သူမ သေချာပေါက် လစာတိုးပေးရမည်။

အကယ်၍ သူမသာ လစာတိုးမပေးပါက သူမ မသိစိတ် အေးချမ်းနိုင်မည် မဟုတ်ပေ။

နန်ချင်ဝမ် ယဲ့ယီကို မြင်လိုက်ရသဖြင့် အံ့ဩသွားပြီး မေးလိုက်၏။

“ရှောင်ယီ... နင် ဘာလို့ ဒီမှာ ရှိနေတာလဲ”

နန်ချင်ဝမ် တစ်နေ့ကုန် ကုမ္ပဏီမှ ကိစ္စရပ်များကို လိုက်လံဖြေရှင်းနေရသဖြင့် ဖုန်းကို ကြည့်ရန်ပင် အချိန်မရခဲ့ချေ။

ထို့ကြောင့် သူမ ယဲ့ယီ ရေထဲ ပြုတ်ကျသွားခဲ့သည့် ကိစ္စကို မသိရှိခဲ့ပေ။

ယဲ့ယီက နန်ချင်ဝမ်ကို အခြေအနေများကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

ထိုအကြောင်းကို ကြားပြီးနောက် နန်ချင်ဝမ် ချက်ချင်းပင် စိုးရိမ်တကြီး မေးမြန်း၏။

“ဒါဆို နင် အဆင်ပြေရဲ့လား”

ယဲ့ယီ ခေါင်းညိမ့်ပြလိုက်၏။

“ကျွန်မ အဆင်ပြေပါတယ်။ အခုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစီအစဉ်ကနေ စောစော နှုတ်ထွက်ခွင့် ရသွားတာပေါ့။ ကျွန်မကို ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေအကြောင်း ပြောပြပါဦး”

ကုမ္ပဏီအကြောင်းကို ပြောလိုက်သောအခါ နန်ချင်ဝမ်၏ မျက်နှာအမူအရာမှာ မှုန်မှိုင်းသွားသည်။

နန်ချင်ဝမ် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်၏။

“ကုမ္ပဏီက အခု လုံးဝကို ပရမ်းပတာ ဖြစ်နေတာ။ အရင်က ရှိပြီးသား ကြော်ငြာလက်ခံမှု တော်တော်များများက ပျက်သွားခဲ့ပြီ။ သူတို့ဆီက ကြားရတဲ့ သတင်းတွေအရဆိုရင် ဟိုင်ထျန်ဖျော်ဖြေရေးက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူမှန်သမျှက ဟိုင်ထျန်ဖျော်ဖြေရေးကို ဆန့်ကျင်တာပဲလို့ ဗြောင်ကျကျ ပြောထားတယ်”

နန်ချင်ဝမ် ခဏတာမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြေလေ၏။

“ပြီးတော့ ဟိုင်ထျန်ဖျော်ဖြေရေးကို ချန်လုပ်ငန်းစုက သိမ်းပိုက်လိုက်ပြီ၊ အခု ဟိုင်ထျန်ဖျော်ဖြေရေးရဲ့ လက်ရှိ ဥက္ကဋ္ဌက လန်ရွှယ် ဖြစ်နေတယ်”

“လန်ရွှယ်က ဥက္ကဋ္ဌ ဟုတ်လား”

ယဲ့ယီ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။

မူရင်းဝတ္ထုထဲတွင် ဤအကြောင်းအရာကို ဖော်ပြထားခြင်း မရှိပေ။

မူရင်းဝတ္ထုထဲတွင် လန်ရွှယ်သည် ဖျော်ဖြေရေးလောကရှိ သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်တွင်သာ အမြဲတမ်း အာရုံစိုက်ခဲ့ပြီး ချန်လုပ်ငန်းစု၏ စီးပွားရေးလုပ်ငန်းများကို တစ်ခါမျှ မထိတွေ့ခဲ့ဖူးချေ။

မူရင်းဝတ္ထု၏ နောက်ပိုင်းအဆင့်များတွင် ဟိုင်ထျန်ဖျော်ဖြေရေးကို ချန်လုပ်ငန်းစုက သိမ်းပိုက်ခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ထိုအချိန်က ဥက္ကဋ္ဌမှာ ချန်လုပ်ငန်းစုမှ စေလွှတ်လိုက်သော အခြားလူတစ်ဦးသာ ဖြစ်လေသည်။

ယခုအခါတွင် အဖြစ်အပျက်များ၏ တိုးတက်ပြောင်းလဲမှုမှာ မျှော်လင့်မထားသော ဘက်သို့ စတင်ဦးတည်လာခဲ့လေပြီ။

မူရင်းဇာတ်ကွက်မှာ လုံးဝ ပြိုလဲပျက်စီးသွားခဲ့ပြီဟု ပြောနိုင်ပေသည်။

ယဲ့ယီတွင် မကောင်းသော အာရုံတစ်ခု ရရှိလာခဲ့၏။

မိန်းမသုံးယောက် ရှိလျှင် ပွဲ ဖြစ်သည်ဟု ပြောလေ့ရှိကြ၏။ ယခုအခါတွင် ထိုမိန်းမသုံးယောက်စလုံး စုံစည်းမိသွားကြပြီဖြစ်သဖြင့် သူတို့ မည်သည့်အရာကို လုပ်ဆောင်ရန် ကြံစည်နေကြသည်ကိုမူ သူမ မသိရှိနိုင်သေးပေ။

အချိန်လွန်နေပြီဖြစ်သဖြင့် နန်ချင်ဝမ်ကို ဆက်လက်၍ အနှောင့်အယှက် မပေးတော့ဘဲ အိမ်သို့ပြန်ရန် စကားပြော ရပ်လိုက်တော့သည်။

သူမ မနက်ဖြန် ကုမ္ပဏီသို့ သွားရောက်မှသာ အသေးစိတ်အချက်အလက်များကို ဆွေးနွေးရလေမည်။

ဤကဲ့သို့သော ရှုပ်ထွေးလှသည့် ကိစ္စရပ်များကို ဖြေရှင်းရမည်ကို တွေးမိရုံမျှဖြင့် ယဲ့ယီ၏ ဦးနှောက် ပေါက်ကွဲထွက် လုနီးပါး ခံစားလိုက်ရတော့၏။

ဟုတ်ပါ၏။

သူဌေးလုပ်ရသည်မှာလည်း လွယ်ကူလှသည် မဟုတ်ပေ။

ပြန်ရောက်ပြီးနောက် ယဲ့ယီ ကုရှီချန်းထံသို့ စာတစ်စောင် ပေးပို့လိုက်၏။ သို့သော်လည်း အချိန်မှာ အလွန်ပင် နှောင်းနေပြီဖြစ်သဖြင့် သူ စာပြန်ပို့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း မမျှော်လင့်ထားဘဲ စာပို့လိုက်သည်နှင့် တစ်ပြိုင်နက် ကုရှီချန်းက ဗီဒီယိုဖုန်းခေါ်ဆိုမှုကို စတင်လာခဲ့၏။

ဖုန်းတစ်ဖက်တွင် ကုရှီချန်းသည် ကုလားထိုင်တစ်လုံးတွင် ထိုင်နေပြီး သူသည် ရုံးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်သည့်ပုံစံမျိုး ပေါက်နေခဲ့၏။

“ရှောင်စဲ့ကော ဘယ်လိုနေလဲ”

ယဲ့ယီ စိုးရိမ်တကြီး မေးလိုက်သည်။

“စိတ်ချပါ... သူ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူက မင်းကို တွေ့ချင်တယ်လို့ ပြောနေတယ်။ မင်း ဘယ်အချိန် အားလဲ”

ကုရှီချန်း တိုးညင်းသောအသံဖြင့် မေးလိုက်၏။

ယဲ့ယီလည်း ကုစဲ့နှင့် အမှန်တကယ် တွေ့ချင်သော်လည်း စုမန် ပေါ်လာသောကြောင့် သူမအနေဖြင့် ဤအကြောင်းကို အစပြု၍ မပြောနိုင်ခဲ့ခြင်း ဖြစ်လေ၏။

မည်သို့ပင် ဆိုစေကာမူ ယခုအခါတွင် သူ၏ မိခင်အရင်း ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

သူမက အစပြု၍ ကုစဲ့ကို သွားရောက်တွေ့ဆုံမည်ဆိုပါက အနည်းငယ် စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှပေသည်။

သို့သော်လည်း ကုစဲ့ကိုယ်တိုင်က သူမနှင့် တွေ့ဆုံချင်သည်ဟု တောင်းဆိုလာခဲ့သဖြင့် ယဲ့ယီငြင်းပယ်လိမ့်မည် မဟုတ်ပေ။

ယဲ့ယီ အချိန်ကို တွက်ချက်လိုက်ရင်း ပြန်ဖြေလိုက်၏။

“ဒီတစ်ပတ် ပိတ်ရက်ကျရင် လုပ်ကြရအောင်။ ကျွန်မ ကျားကျားတို့ကိုပါ ဖိတ်လိုက်မယ်၊ အားလုံး အတူတူ ထမင်းစားကြတာပေါ့”

လူတစ်ယောက် စိတ်မကောင်းဖြစ်နေချိန်တွင် သူငယ်ချင်းများ ဘေးနား၌ ရှိနေသည်က အကောင်းဆုံးဖြစ်၏။ ထို့နောက် နန်ကျားကျားနှင့် ကုစဲ့တို့သည် အလွန်ပင် ကောင်းမွန်သော ဆက်ဆံရေး ရှိကြလေသည်။

“အင်း”

ကုရှီချန်း သဘောတူလိုက်၏။

သိူ့သော် သူ့လက်များကမူ စာရွက်စာတမ်းများကို ဆက်လက်၍ စီမံခန့်ခွဲနေဆဲ ဖြစ်သည်။

ကုရှီချန်း၏ အာရုံစိုက်နေသော ပုံစံကို ကြည့်ရင်း ယဲ့ယီသည် စိတ်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်ဖြစ်သွားခဲ့ရသည်။

[သူ ငွေရှာနိုင်တာ မဆန်းပါဘူး၊ ညနက်သန်းခေါင်အထိ အလုပ်လုပ်နေတာပဲ၊ သူ အဲဒီငွေတွေကို ရဖို့ ထိုက်တန်ပါတယ်။ ဒါနဲ့ နေပါဦး... ငါလည်း အချိန်ရရင် ကုရှီချန်းဆီကနေ ကုမ္ပဏီစီမံခန့်ခွဲမှု ပညာရပ်အချို့ကို သင်ယူဖို့ အချိန်ရှာရမယ်]

ယဲ့ယီ စိတ်ထဲမှ အတွေးသံကို ကြားလိုက်ရသဖြင့် ကုရှီချန်းသည် သူ့လက်ထဲမှ စာရွက်စာတမ်းများကို ချထားလိုက်ကာ ပြောလိုက်လေ၏။

“အခုတလော ဂျက်နီစစ် မီဒီယာမှာ ပြဿနာအချို့ ရှိနေတယ်လို့ ကြားတယ်”

ယဲ့ယီ ကုရှီချန်းကို တအံ့တဩ ကြည့်လိုက်ရင်း မေးလိုက်၏။

“ရှင် ဘယ်လိုလုပ် သိတာလဲ”

သို့သော်လည်း ကုရှီချန်းအနေဖြင့် ဤကဲ့သို့သော အကြောင်းအရာများကို သိရှိထားခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ကြောင်း သူမ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

“ချန်လုပ်ငန်းစုရဲ့ အခုတစ်ကြိမ် ရည်မှန်းချက်က ဂျက်နီစစ်မီဒီယာတစ်ခုတည်း မဟုတ်ဘူး၊ သူတို့က ဂျက်နီစစ်မီဒီယာကို အသုံးချပြီး ကုကော်ပိုရေးရှင်းကိုပါ ပစ်မှတ်ထားချင်နေတာ”

ကုရှီချန်း ဤကိစ္စ၏ အဆုံးစွန်သော ရည်ရွယ်ချက်ကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်၏။

ပထမတွင် ယဲ့ယီသည် သူမ၏ ဂျက်နီစစ်မီဒီယာက ကုကော်ပိုရေးရှင်းနှင့် မည်သို့ ဆက်စပ်သွားသည်ကို အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။

အခန်း(၂၀၂)

သို့သော်လည်း သူမ ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။

ဤကုမ္ပဏီသည် မူလကတည်းက ကုရှီချန်းက သူမအား ပေးအပ်ခဲ့သောအရာ ဖြစ်၏။

ထို့ပြင် လက်ရှိတွင် သူမနှင့် ကုရှီချန်းတို့၏ ဆက်ဆံရေးအရ ဂျက်နီစစ်မီဒီယာတွင် အမှန်တကယ် တစ်ခုခု ဖြစ်ပွားခဲ့ပါက ကုရှီချန်းအနေဖြင့် လျစ်လျူရှုထားလိမ့်မည် မဟုတ်မည်မှာ သေချာ၏၊

[ဘုရားရေ... ဒါက တကယ်ကို ကြီးမားတဲ့ စစ်တုရင်ကစားပွဲကြီးတစ်ခုကို ကစားနေကြတာပဲ]

ဤလူများ ဘာလုပ်ချင်နေကြသည်ကို ယဲ့ယီ မနေနိုင်တော့ဘဲ စတင်တွေးတောမိတော့သည်။

မူလက ၎င်းမှာ အမျိုးသမီးများကြားမှ စစ်ပွဲတစ်ခုမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကုရှီချန်း၏ စကားကို ကြားရသောအခါတွင်မူ ဤကိစ္စသည် ထိုမျှလောက် မရိုးရှင်းနိုင်ကြောင်း သိသွားတော့၏။

ယဲ့ယီ အနည်းငယ် စိုးရိမ်ပူပန်လာ၏။

မည်သို့ပင်ဆိုစေကာမူ ချန်ထျန်မင်းနှင့် လန်ရွှယ်တို့သည် ဤစာအုပ်၏ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်များ ဖြစ်ကြပြီး သူတို့သည် ကောင်းကင်ဘုံ၏ အကာအကွယ်ပေးမှုကို သေချာပေါက် ရရှိထားကြလိမ့်မည်။

အကယ်၍ သူတို့ ကုရှီချန်းကို ပစ်မှတ်ထားနေကြသည်ဆိုပါက ကုရှီချန်း၏ စွမ်းရည်များက မည်မျှပင် ထက်မြက်ပါစေ ဇာတ်လိုက်များ၏ အရောင်အဝါကို အမှန်တကယ် ကျော်လွန်နိုင်ပါမည်လော။

ယဲ့ယီ၏ မျက်နှာအမူအရာ လေးနက်မှုန်မှိုင်းသွားသည်ကို မြင်သောအခါ ကုရှီချန်း သူမကို အားပေးနှစ်သိမ့်ရန်အတွက် စကားဆိုလာခဲ့သည်။

“စိတ်မပူပါနဲ့၊ ကိုယ် ဒီကိစ္စကို သေချာပေါက် ဖြေရှင်းပေးမယ်”

ယဲ့ယီ၏ စိတ်ထဲတွင် လတ်တလော တွေးတောနေခဲ့သော မူရင်းဝတ္ထုထဲမှ ဇာတ်ကွက်များကို မကြားနိုင်ခဲ့သဖြင့် ယဲ့ယီ မည်သည့်အရာကို စိုးရိမ်နေသည်ကို ကုရှီချန်း မသိရှိခဲ့ပေ။

သူသည် ယဲ့ယီ ကုမ္ပဏီကိစ္စရပ်များကို စိုးရိမ်နေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။

ယဲ့ယီလည်း စကားအများကြီး ဆက်မပြောတော့ပေ။ လက်ရှိတွင် သူမအနေဖြင့် အခြေအနေကို ကြည့်ပြီး တစ်လှမ်းချင်းစီ သွားရုံသာရှိတော့၏။

ယဲ့ယီ ကုရှီချန်းကို စောစောအိပ်ရန် ပြောကြားခဲ့ပြီးနောက် သူမကိုယ်တိုင်လည်း အနားယူလိုက်တော့၏။

ကုရှီချန်းသည် ယဲ့ယီ၏ ရှေ့တွင်မူ အပေါ်ယံအားဖြင့် သဘောတူခဲ့သော်လည်း ဖုန်းချပြီးနောက်တွင်မူ သူ၏ စာရေးစားပွဲ၌ ကုမ္ပဏီကိစ္စရပ်များကို ဆက်လက်၍ စီမံခန့်ခွဲနေခဲ့သည်။

သူ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ရန်အတွက် နှစ်ရက်မျှ ထွက်ခွာသွားခဲ့စဉ်အတွင်း ချန်လုပ်ငန်းစုသည် ကုကော်ပိုရေးရှင်းထံမှ စာချုပ်အချို့ကို ဆက်တိုက် လုယူသွားခဲ့၏။

ထို့ပြင် ဤစီးပွားရေးမိတ်ဖက်များသည် မူလက ကုကော်ပိုရေးရှင်းနှင့် စာချုပ်ချုပ်ဆိုထားပြီးသား ဖြစ်သော်လည်း ကုကော်ပိုရေးရှင်းနှင့် သဘောတူညီချက်များကို ဖျက်သိမ်းရန်အတွက် စာချုပ်ပါ ကတိကဝတ်များကို ချိုးဖောက်ရန်ပင် ဝန်မလေးခဲ့ကြပေ။

ကုရှီချန်းသည် ဤစီမံကိန်းများတွင် ကုကော်ပိုရေးရှင်းနှင့် ချန်လုပ်ငန်းစုတို့ သူတို့အပေါ် ပေးစွမ်းနိုင်သည့် အကျိုးအမြတ်များကို ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့၏။

သိသာထင်ရှားစွာပင် ကုကော်ပိုရေးရှင်းက ပိုမို၍ ပေးစွမ်းနိုင်၏။ သူတို့အနေဖြင့် ချန်လုပ်ငန်းစုကို ရွေးချယ်ရန်အတွက် ကုကော်ပိုရေးရှင်းကို စွန့်ခွာရမည့် အကြောင်းပြချက် လုံးဝ မရှိပေ။

ကုရှီချန်း ထိုကိစ္စကို အဖြေရှာ၍ မရနိုင်ခဲ့ဘဲ ဖြစ်နေတော့၏။

စီးပွားရေးသမားတစ်ယောက်၏ ရှုထောင့်မှ ရပ်တည်ကြည့်မည်ဆိုပါက ပိုမိုကြီးမားသော အကျိုးအမြတ်များကို စွန့်လွှတ်ကာ သေးငယ်သော အကျိုးအမြတ်များကို ရွေးချယ်စရာ အကြောင်းပြချက် လုံးဝ မရှိချေ။

သူတို့၏ ဦးနှောက်ကို မြည်းကန်ခံ ထားရမှသာ ဤသို့ ဖြစ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဤစီးပွားရေးမိတ်ဖက်များသည် အမှန်တကယ်ပင် လုပ်ခဲ့ကြသည်။

တစ်ယောက် သို့မဟုတ် နှစ်ယောက်တည်းဆိုလျှင် ကိစ္စမရှိသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် စီးပွားရေးမိတ်ဖက် အများစုမှာ ဤကဲ့သို့ ဖြစ်နေခဲ့ကြ၏။

အချို့ဆိုလျှင် ယခင်က ချန်လုပ်ငန်းစုကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ကုကော်ပိုရေးရှင်းကို စွန့်ခွာကာ ချန်လုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်ချင်သည့် စိတ်ကူးများပင် ရှိနေကြလေသည်။

ဤလူများ ခြိမ်းခြောက်ခံထားရခြင်း ရှိ၊ မရှိကို ကုရှီချန်း လူလွှတ်၍ စုံစမ်းစစ်ဆေးခိုင်းခဲ့သည်။

သို့သော်လည်း ရလဒ်မှာ ဤလူများသည် မည်သည့်ခြိမ်းခြောက်မှုကိုမျှ ခံထားရခြင်းမရှိပေ။ အချို့ဆိုလျှင် ချန်ထျန်မင်းနှင့် ဆုံပင်မဆုံဖူးကြသော်လည်း သူနှင့်သာ ပူးပေါင်းဆောင်ရွက်ချင်နေကြခြင်း ဖြစ်၏။

ချန်ထျန်မင်းတွင် သူတို့ကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုခု ရှိနေသည့်အလားပင်။

ကုရှီချန်းသည် ဤကိစ္စရပ်များကို ညသန်းခေါင် နှစ်နာရီကျော်သည်အထိ ဆက်လက်ဖြေရှင်းခဲ့ပြီးမှသာ အနားလိုက်တော့၏။

နောက်တစ်နေ့ မနက်စောစောတွင် သူ ကုမ္ပဏီသို့ အစောကြီး သွားခဲ့၏။

ကုရှီချန်းကဲ့သို့ပင် ယဲ့ယီလည်း မနက်စောစောတွင် ကုမ္ပဏီသို့ သွားခဲ့လေသည်။

ကုမ္ပဏီသို့ ရောက်ရှိပြီးနောက်တွင် ကုမ္ပဏီ၏ လေထုအခြေအနေမှာ အလွန်ပင် မှုံမှိုင်းညှိုးငယ်နေသည်ကို ယဲ့ယီ တွေ့ရှိခဲ့ရ၏။

ရုံးခန်းသို့ ရောက်သောအခါ နန်ချင်ဝမ်အပြင် တုမ်မင်ရွှမ်နှင့် ကျီချန်ဖန်တို့ပါ ရှိနေကြသည်ကို တွေ့လိုက်ရ၏။

တုမ်မင်ရွှမ်တွင် လတ်တလော၌ ဖျော်ဖြေရေးအစီအစဉ်တစ်ခု ရှိနေသင့်သည်ကို သတိရလိုက်သဖြင့် ယဲ့ယီ ဝေခွဲမရဖြစ်စွာ မေးလိုက်၏။

“မင်ရွှမ်... မင်းက ဒီအချိန်ဆို ဖျော်ဖြေရေးအစီအစဉ်တစ်ခုမှာ ရှိနေရမှာ မဟုတ်ဘူးလား”

ယဲ့ယီ၏ စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်မှုန်မှိုင်းသွားခဲ့ကြသည်။

တုမ်မင်ရွှမ် မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်တော့သည်။

“ပြောမနေပါနဲ့တော့။ အဲဒီ လူ ဒါရိုက်တာက နောက်ဆုံးကျမှ စာချုပ်ကို ဖျက်သိမ်းလိုက်တာ။ ပြီးတော့ ကျွန်တော့်နေရာမှာ အစားထိုးဖို့အတွက် သူက ဟိုင်ထျန်းဖျော်ဖြေရေးက အနုပညာရှင်တစ်ယောက်ကို ရှာခဲ့တယ်လေ”

တုမ်မင်ရွှမ် ပြောလေလေ ပို၍ပင် ဒေါသထွက်လေလေ ဖြစ်နေခဲ့သည်။

“အရေးအကြီးဆုံး အချက်က အဲဒီ အမျိုးသားအနုပညာရှင်က လူသစ်သက်သက်ပဲ ရှိသေးတာ။ အခုတလောမှ ပွဲထွက်လာတဲ့ အဆင့်မျိုးလေ။ အဲဒီ ဒါရိုက်တာရဲ့ ဦးနှောက်ထဲမှာ ဘာတွေ ပြည့်နေလဲတော့ မသိဘူး၊ သူက ကျွန်တော့်ကို အစားထိုးပြီး အဲဒီအနုပညာရှင်ကိုပဲ ပေးဝင်မယ်လို့ အတင်းအကျပ် လုပ်နေခဲ့တာ”

တုမ်မင်ရွှမ် အမှန်တကယ်ပင် ဒေါသအလွန်ထွက်နေခဲ့သည်။

မူလက ထိုဒါရိုက်တာကိုယ်တိုင်က သူ့ကို ဤဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးမိနစ်ကျမှ စိတ်ပြောင်းသွားခဲ့ခြင်း ဖြစ်၏။

ထို့ပြင် သူသည် ပြိုင်ဘက်ကုမ္ပဏီမှ အနုပညာရှင်တစ်ယောက်ကိုသာ ဖိတ်ခေါ်ခဲ့ပြီး ထိုလူမှာလည်း ကလေးအသစ်တစ်ယောက်မျှသာ ရှိသေး၏။

တုမ်မင်ရွှမ် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ယဲ့ယီ ကျီချန်ဖန်ကို ကြည့်လိုက်သည်။

ကျီချန်ဖန်၏ မျက်နှာအမူအရာမှာလည်း အလွန်ပင် လေးနက်မှုန်မှိုင်းနေခဲ့သည်။

ယဲ့ယီ မမေးမြန်းမီမှာပင် သူက အစပြု၍ စကားဆိုလာခဲ့သည်။

“ကုမ္ပဏီမှာ ပြဿနာတွေ ရှိနေကတည်းက ငါ သိတဲ့ ဒါရိုက်တာတစ်ယောက်ကို စဆက်သွယ်ခဲ့တယ်။ သူက အရင်က ငါ့ကို သူ့ရဲ့ ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ပေးဖို့ အမြဲတမ်း ပြောခဲ့တာ။ ဒါပေမဲ့ သူက ငါ့ထက် ပိုပြီး သင့်တော်တဲ့ လူတစ်ယောက်ကို ရှာတွေ့သွားပြီလို့ ပြောတယ်”

“ငါကတော့ တော်တော် တော်တဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးကျတော့ အဆင့်နိမ့် သရုပ်ဆောင်တစ်ယောက် ဖြစ်နေခဲ့တယ်။ အဲဒီအပေါ်မှာ ဒေါသမထွက်ပါဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ ငါ့ကို block သွားတယ်။သူ့ကို သိခဲ့တာ ဆယ်နှစ်နီးပါး ရှိနေပြီ။ သူ ဒီရုပ်ရှင်အတွက် ပိုပြီး သင့်တော်တဲ့လူကို ရှာတွေ့သွားခဲ့ရင်တောင် ငါနဲ့ ဆက်ဆံရေးကို ဒီလိုမျိုး ဖြတ်တောက်လိုက်ဖို့ မလိုဘူး မဟုတ်ဘူးလား”

ကျီချန်ဖန်လည်း တွေးမိလေလေ ပို၍ပင် ဒေါသထွက်လေလေ ဖြစ်နေခဲ့ရပြီး သူသည် တစ်နေ့တွင် ဤကဲ့သို့ နောက်ကျောကို ဓားဖြင့် အထိုးခံရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဤသည်မှာ သူ နည်းနည်းမျှ လက်မခံနိုင်သော အရာ ဖြစ်၏။

နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော သူငယ်ချင်းဟောင်းတစ်ဦး ဤကဲ့သို့သော ကိစ္စသေးသေးလေးတစ်ခုအတွက်ကြောင့် သူ့ကို ဆန့်ကျင်သွားခဲ့ခြင်း ဖြစ်လေသည်။

အဓိကမှာ သူသည် မည်သည့်အမှားမျှ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

သူ အခြားလူတစ်ယောက်ကို ရွေးချယ်ခဲ့လျှင်ပင် သူသည် သဘောထားသေးသိမ်သော လူစားမျိုး မဟုတ်ပေ။

သူ အနည်းငယ် ဝေခွဲမရဖြစ်ခဲ့သော်လည်း ဒေါသမထွက်ခဲ့ပေ။

သို့သော်လည်း သူနောက်ဆုံး၌ block ခံခဲ့ရ၏။

စိတ်ပျက်စရာကောင်းလှသည်။

သိပ်ကို စိတ်ပျက်စရာကောင်းလှပေသည်။

ယဲ့ယီ စမ်းသပ်သည့်အနေဖြင့် စကားဆိုလိုက်သည်။

“အဲဒီ သရုပ်ဆောင်ကလည်း ဟိုင်ထျန်ဖျော်ဖြေရေးကပဲမလား”

ကျီချန်ဖန် ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါတင် မဟုတ်ဘူး။ သူတို့ကုမ္ပဏီရဲ့ သူဌေးက ဟို လန်ရွှယ်နဲ့ တော်တော်လေး ခင်ကြတယ်လို့ကြားတယ်”

ယဲ့ယီ : “...”

‘ဒါဆို ဒါက ဟိုင်ထျန်းဖျော်ဖြေရေးနဲ့ ဆက်စပ်နေတုန်းပဲ မဟုတ်ဘူးလား’

ဘေးတွင် ရှိနေသော နန်ချင်ဝမ်လည်း မျက်နှာမကောင်းပေ။

“ဒီကာလအတွင်းမှာ ငါတို့ ဟိုင်ထျန်ဖျော်ဖြေရေးက လူတွေနဲ့ ဆုံမိတိုင်း ဘာကိစ္စပဲဖြစ်ဖြစ် ငါတို့ဘက်က လုံးဝကို ရှုံးနေတယ်။ လက်ရှိ ယောက်ျားလေးအဖွဲ့ဆိုရင်လည်း အတူတူပဲ၊ သူတို့ အရင်က ကောင်းကောင်း ဖျော်ဖြေနိုင်ခဲ့ကြပေမဲ့ ဟိုင်ထျန်ဖျော်ဖြေရေးက ယောက်ျားလေးအဖွဲ့နဲ့ ဆုံမိတာနဲ့ သေချာပေါက် ပြဿနာတစ်ခုခု ပေါ်လာတာပဲ”

နန်ချင်ဝမ်သည် လတ်တလောတွင် ဤကိစ္စအတွက်ကြောင့် သေလုမတတ် စိုးရိမ်ပူပန်နေခဲ့ရ၏။

စင်ပေါ်သို့ မတက်မီ သူတို့ မည်မျှပင် ပြင်ဆင်ထားပါစေ ဟိုင်ထျန်းဖျော်ဖြေရေးမှ ယောက်ျားလေးအဖွဲ့နှင့် ဆုံတွေ့မိသည်နှင့် တစ်ပြိုင်နက် သေချာပေါက် ပြဿနာတစ်ခုခု ပေါ်ပေါက်လာတတ်၏။

ပထမတွင် နန်ချင်ဝမ်သည် တစ်စုံတစ်ယောက်က ငွေပေး၍ လုပ်ထားခြင်း ရှိ၊ မရှိကိုပင် သံသယဝင်ခဲ့၏။

သို့သော်လည်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ မတော်တဆမှုများသာ ဖြစ်နေခဲ့၏။

ထိုအရာမှာ လုပ်ကြံဇာတ်မဟုတ်ကြောင်း သူမ အသေအချာ သိထား၏။

တစ်စုံတစ်ယောက်က ကွယ်ရာမှနေ၍ ဟိုင်ထျန်ဖျော်ဖြေရေးမှ လူများကို လျှို့ဝှက်စွာ ကူညီပေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။

လူတိုင်း၏ စကားသံများကို ကြားပြီးနောက် ယဲ့ယီ လေးနက်စွာ တွေးတောနေခဲ့သည်။

အကယ်၍ ထိုအရာမှာ တစ်ကြိမ်၊နှစ်ကြိမ်မျှသာဆိုလျှင် မတော်တဆမှုတစ်ခု ဖြစ်နိုင်သော်လည်း အကြိမ်ကြိမ် ဖြစ်ပွါးနေခဲ့ပါက သေချာပေါက် တစ်ခုခု မှားယွင်းနေလေပြီ။

ထို့အပြင် နန်ချင်ဝမ်ကိုယ်တိုင်ကလည်း ၎င်းမှာလူလုပ်ထားသည့် အရာမဟုတ်ကြောင်း အတည်ပြုပေးထားခဲ့သည်။

ဤသည်မှာ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်များ၏ အရောင်အဝါ စတင်၍ သက်ရောက်မှုရှိလာခြင်း ဖြစ်နိုင်သည်ဟု ယဲ့ယီ သံသယဝင်မိ၏။

ဖြစ်နိုင်သည်မှာ ဇာတ်ကွက်မှာ အလွန်အမင်း ပြိုလဲပျက်စီးသွားခဲ့ပြီဖြစ်သဖြင့် ဤကမ္ဘာမြေ၏ ကောင်းကင်ဘုံက ကူညီပေးနေခြင်းလော။

အကယ်၍ ထိုသို့ ဖြစ်နေခဲ့မည်ဆိုပါက ယဲ့ယီလည်း ပြောစရာ စကားမရှိတော့ပေ။

လန်ရွှယ်နှင့် ချန်ထျန်မင်းတို့ကဲ့သို့သော လူစားမျိုးက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက် ဖြစ်ရန် မည်သို့ ထိုက်တန်ပါသနည်း။

အနည်းဆုံး အမျိုးသားဇာတ်လိုက်တစ်ယောက်သည် ကုရှီချန်းကဲ့သို့ ဖြစ်သင့်ပေသည်။

သို့သော်လည်း ယခုအခါတွင် ကုရှီချန်း၏ ဇာတ်ကောင်စရိုက်မှာ ဗီလိန်ကြီးအဖြစ် ထင်ရှားနေခဲ့လေပြီ။

ဤ ရက်စက်ကြမ်းကြုတ်သည့် အမျိုးသမီးဇာတ်ပို့ သူမ ကလည်း ဗီလိန်ကြီးနှင့် ပတ်သက်မိသွားခဲ့ပြီဖြစ်သဖြင့် ယခုအခါတွင် ဇာတ်လိုက်များနှင့် ဗီလိန်များကြားမှ တိုက်ပွဲတစ်ခု ဖြစ်လာခဲ့လေပြီ။

ယဲ့ယီသည် ယခုအခါတွင် သူမ ရုတ်တရက်မူလကမ္ဘာသို့ ပြန်လည်ပို့ဆောင်ခြင်း ခံရမည်ကိုပင် အနည်းငယ် စိုးရိမ်ပူပန်မိသွားခဲ့၏။

အကယ်၍ အရင်ကဆိုပါက သူမ ပြန်သွားချင်စိတ် ပြင်းပြနေခဲ့မည် ဖြစ်သော်လည်း ယခုအခါတွင်မူ ထွက်ခွာသွားရန် အနည်းငယ် နှမြောတွန့်တိုမိနေသည်။

အခြားသော ကူးပြောင်းလာသူများတွင် အနည်းဆုံးတော့ အစွမ်းထက်သည့် လက်နက်တစ်ခုခု ရှိကြသော်လည်း သူမတွင် စနစ်တစ်ခု ရှိနေ၏။ သို့သော်လည်း ဤစနစ်သည် သူမ ဇာတ်ကောင်စရိုက်ကို ချိုးဖောက်သည့် အခါမျိုးတွင်သာ လျှပ်စစ်ရှော့ခ်တိုက်လေ့ရှိပြီး ကျန်ရှိသော အချိန်များတွင်မူ သက်ရောက်မှုမရှိချေ။

ယဲ့ယီ ဤစနစ်၏ ရည်ရွယ်ချက် မည်သည့်အရာဖြစ်သည်ကိုပင် မသိရှိခဲ့ပေ။

ယဲ့ယီ မနေနိုင်ဘဲ စိတ်ထဲတွင် ပြောမိလေ၏။

[စနစ်ရေ... စနစ်၊ ငါ့ကို ပြောပြပါဦး၊ နင် ငါ့ကို ဒီကမ္ဘာထဲကို ဘာအတွက်ကြောင့် ခေါ်လာခဲ့ရတာလဲ]

ဤစနစ် သူမကို ဤနေရာသို့ အဘယ်ကြောင့်ခေါ်ဆောင်လာခဲ့သည်ကို ယဲ့ယီ နားမလည်နိုင်ဘဲ ရှိနေခဲ့၏။

အကယ်၍ ၎င်းက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကို အပြစ်ပေးရန်အတွက်ဆိုပါက အဘယ်ကြောင့် ယခုအခါတွင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်၏ အရောင်အဝါတို့ စတင် သက်ရောက်နေရသနည်း။

သူမ တကယ်ပင် နားမလည်နိုင်တော့ပေ။

ထိုအခိုက်အတန့်၌ ယဲ့ယီ၏ စိတ်ထဲတွင် စက်ရုပ်ဆန်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

“စနစ် ၁၀၂၈ စတင်လည်ပတ်နေပါပြီ”

ယဲ့ယီ မျက်လုံးများ ပြူးသွားတော့၏။

ကံကောင်းထောက်မစွာ နန်ချင်ဝမ်နှင့် အခြားလူများသည် ယဲ့ယီ၏ ပုံမှန်မဟုတ်သော အမှုအရာကို သတိမပြုမိခဲ့ကြပေ။

ယဲ့ယီ သူမ စိတ်ခံစားချက်ကို ပြန်လည်ထိန်းချုပ်လိုက်ရင်း လူတိုင်းကို ပြောလိုက်၏။

“ရှင်တို့ အရင်ထွက်သွားကြဦး၊ ကျွန်မ ဖြေရှင်းမဲ့ နည်းလမ်းကို စဉ်းစားလိုက်ဦးမယ်”

သူတို့ သုံးယောက်စလုံး ထရပ်ကာ ထွက်ခွါသွားခဲ့ကြလေသည်။

သူတို့ သုံးယောက် ထွက်သွားပြီးနောက်မှသာ ယဲ့ယီ စိတ်ထဲမှနေ၍ ဆက်လက်မေးမြန်းလိုက်သည်။

“စနစ်... နင် အသက်ရှင်နေသေးတာလား”

စက်ရုပ်ဆန်သော အသံက ထပ်မံ၍ ထွက်ပေါ်လာခဲ့၏။

“စနစ် ၁၀၂၈ စတင်လည်ပတ်နေပါပြီ။ လေးစားရပါသော အိမ်ရှင်ခင်ဗျာ... မင်္ဂလာပါ၊ ကျွန်တော်က မင်းရဲ့ စနစ် ၁၀၂၈ ပါ။ မင်းမှာ မေးစရာ မေးခွန်းတစ်ခုခု ရှိပါသလား”

All Chapters