← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း(၂၀၃)

သူမ စနစ်သည် သေလုမြောပါးဖြစ်နေရာမှ နောက်ဆုံးတွင် ပြန်လည်အသက်ဝင်လာပြီဖြစ်ကြောင်း ယဲ့ယီ အတည်ပြုလိုက်နိုင်လေပြီ။

“စနစ်.. နင် ငါ့အတွက် ဘယ်လိုဝှက်ဖဲတွေ ပြင်ဆင်ပေးထားလဲ”

ယဲ့ယီ အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်၏။

စနစ် အသက်ဝင်လာပြီဆိုမှတော့ သူမ ဝှက်ဖဲလည်း နောက်ဆုံးတွင် ထွက်ပေါ်လာတော့မည် မဟုတ်ပါလော။

ဘယ်လိုမျိုး ဝှက်ဖဲ ဖြစ်မည်နည်း။

စနစ်၏အဖြေကို မျှော်လင့်တကြီးဖြင့် ယဲ့ယီ လက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။

ယဲ့ယီ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမျှ မကြားရပေ။

“ပြန်သေသွားပြီလားမသိဘူး”

ယဲ့ယီ စိတ်ထဲကနေ တွေးလိုက်မိ၏။

ခဏအကြာတွင် ယဲ့ယီတစ်ယောက် လက်လျှော့တော့မည့်ဆဲဆဲမှာပင် စနစ်၏အသံသည် နောက်ဆုံး၌ တစ်ဖန်ပြန်၍ ထွက်ပေါ်လာခဲ့သည်။

“အိမ်ရှင်မှာ မိမိရဲ့ စိတ်ကူးအတွေးတွေကို အခြားသူတွေက ကြားနိုင်တဲ့ စွမ်းရည်ရှိပါတယ်”

ယဲ့ယီ ခေါင်းညိတ်လိုက်သည်။

“အခြားသူတွေရဲ့ စိတ်ကူးအတွေးတွေကို ကြားနိုင်တာက တကယ်တော့ ကောင်းပါတယ်...”

ခဏအကြာတွင် စနစ်က “မိမိရဲ့ စိတ်ကူးအတွေးတွေကို အခြားသူတွေက ကြားနိုင်တာ” ဟု ပြောခဲ့ခြင်းဖြစ်ပြီး “အခြားသူတွေရဲ့ စိတ်ကူးအတွေးတွေကို ကြားနိုင်တာ” ဟု ပြောခြင်းမဟုတ်ကြောင်း သူမ ချက်ချင်း သတိပြုမိသွားတော့သည်။

ထိုသို့ဆိုပါက သူမက အခြားသူများ၏အတွေးကို ကြားနိုင်ခြင်းမဟုတ်ဘဲ အခြားသူများက သူမကို ကြားနိုင်ခြင်းဖြစ်လေ၏။

အခြားသူများ၏ အတွေးကို ကြားနိုင်ခြင်းလောက် စိတ်ဝင်စားစရာမကောင်းသော်လည်း ဝှက်ဖဲတစ်ခု ဖြစ်နေသည်အတွက် ယဲ့ယီလည်း အများကြီး မညည်းညူတော့ပေ။

“ဒါဆို ဒီဝှက်ဖဲကို ငါက ဘယ်လိုဖွင့်ရမလဲ”

စနစ် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။

“ဒါက အသင် ဒီကမ္ဘာကို ပထမဆုံး ကူးပြောင်းလာတဲ့နေ့ကတည်းက ပွင့်နေခဲ့တာပါ”

ယဲ့ယီ : “နာနီ”

‘ဘယ်လိုတွေ ဖြစ်ကုန်တာလဲ’

“နင်ပြောချင်တာက ငါ ကူးပြောင်းလာကတည်းက ဒီဝှက်ဖဲက ပွင့်နေခဲ့တာပေါ့။ ဒါဆိုရင် ဘာလို့ ငါက ဒါကို မသိခဲ့ရတာလဲ”

ယဲ့ယီ ဝေဝါးသွားရ၏။

“နေဦး”

ယဲ့ယီ ရုတ်တရက် တစ်ခုခုကို သတိထားမိသွားသည်။

သူမ မရေမရာဖြင့် မေးလိုက်၏။

“နင်ပြောချင်တာက ငါ ပထမဆုံး ရောက်လာကတည်းက တစ်ယောက်ယောက်က ငါ့ရဲ့ စိတ်ကူးအတွေးတွေကို ကြားနိုင်ခဲ့တာတော့ မဟုတ်ပါဘူးနော်”

စနစ်က ဟုတ်မှန်ကြောင်း ထောက်ခံသည့်အနေဖြင့် အသံပြုလိုက်၏။

ယဲ့ယီ တိတ်ဆိတ်သွားတော့သည်။

“ချီးပဲ”

သူမ ဤကမ္ဘာတွင် ရှိနေခဲ့သည်မှာ တစ်နှစ်နီးပါးပင် ရှိနေပြီဖြစ်ရာ တစ်စုံတစ်ယောက်က သူမ၏ စိတ်ကူးအတွေးများကို တစ်နှစ်ပတ်လုံး နားထောင်နေခဲ့သည်ဟူသော သဘောပင် ဖြစ်၏။

ထို့အပြင် သူမ ဤအကြောင်းကို လုံးဝ မသိခဲ့ရပေ။

ယဲ့ယီ ရုတ်တရက် သေချင်စိတ်ပင် ပေါက်သွားတော့၏။

သို့သော် ယခုအချိန်တွင် သူမ အသိချင်ဆုံးအရာမှာ မည်သူက သူမ၏အတွေးများကို ကြားနေရသလဲဟူသောအချက်ပင် ဖြစ်သည်။

လူတိုင်းတော့ သေချာပေါက် ဖြစ်နိုင်မည်မဟုတ်ပေ။

အကယ်၍သာ လူတိုင်းကြားနေရပါက ယဲ့ယီအနေဖြင့် မြေကျင်းတစ်ကျင်းတူးပြီး ကိုယ့်ကိုယ်ကိုယ်သာ မြေမြှုပ်လိုက်ချင်တော့သည်။

ဤအရာမှာ ရှက်စရာ ကောင်းလွန်းလှ၏။

“စနစ်.. ငါ့ရဲ့ အတွေးတွေကို ဘယ်သူတွေ ကြားနိုင်တာလဲ”

ဘဝကြီးမှာ အဓိပ္ပာယ်မရှိတော့သကဲ့သို့ ခံစားချက်မျိုးဖြင့် ယဲ့ယီ မေးလိုက်၏။

သူမက လူအနည်းစုသာ ဖြစ်ပါစေဟု မျှော်လင့်နေမိသည်။

သို့မဟုတ်ပါက သူမ နောက်မှ မြစ်ထဲ ခုန်ချရုံသာ ရှိတော့သည်။

အသက်ရှင်ရကျိုးမနပ်တော့ပေ။

ကံကောင်းထောက်မစွာဖြင့် စနစ်၏စကားများက သူမကို အနည်းငယ် စိတ်သက်သာရာရစေခဲ့သည်။

“လက်ရှိမှာတော့ သင့်ရဲ့ အတွေးတွေကို ကြားနိုင်တဲ့လူတွေက ကုစဲ့နဲ့ ကုရှီချန်းတို့ ဖြစ်ကြပါတယ်”

ဤနာမည်နှစ်ခုကို ကြားလိုက်ရသည့်အခါ ယဲ့ယီ၏ရင်ထဲက ကျောက်တုံးကြီးသည် ရုတ်တရက် ဝုန်းခနဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

အနည်းဆုံးတော့ သူတို့သည် သူမဘက်က လူများ ဖြစ်ကြ၏။

ထို့ကြောင့် ထိုမျှလောက် အရှက်မရနိုင်တော့ပေ။

သို့သော်လည်း ကုရှီချန်းနှင့် ကုစဲ့တို့က သူမ အတွေးများကို ကြားနိုင်သည်ဟူသောအချက်ကို သိလိုက်ရသဖြင့် ထိုစဉ်က ကုရှီချန်း သူမအပေါ် ထားရှိသည့် သဘောထားများ အဘယ်ကြောင့် ထူးထူးခြားခြား ပြောင်းလဲသွားခဲ့သည်ကို ယဲ့ယီ ချက်ချင်း နားလည်သွားတော့သည်။

ထို့အပြင် ထိုအရာကြောင့် ကုရှီချန်းသည် သူမကို လိုက်ပိုးနေစဉ်အတွင်း သူမ ရည်ရွယ်ချက်များကို အမြဲတမ်း ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းလည်း ဖြစ်၏။

‘ဒါဆို သူက ဝှက်ဖဲကုဒ်တွေကို ရထားခဲ့တာပေါ့လေ’

“သူတို့က ငါ့အတွေးတွေကို အချိန်မရွေး ကြားနေရတာလား၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အခြေအနေတစ်ခုခုအောက်မှာပဲ ကြားရတာလား”

ယဲ့ယီ သူမ ရင်ထဲမှ လေးလံနေသည့် မေးခွန်းကို မေးလိုက်၏။

အကယ်၍ သူတို့သာ ၂၄ နာရီပတ်လုံး ကြားနေရပါက သူမအနေဖြင့် တကယ်ပင် မျက်နှာပြစရာ ရှိတော့မည်မဟုတ်ပေ။

“သူတို့က သင်နဲ့ တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှုရှိတဲ့အချိန်၊ ဥပမာ - နေရာတစ်ခုတည်းမှာ အတူရှိနေတာ ဒါမှမဟုတ် ဖုန်းပြောနေတာမျိုး ဖြစ်တဲ့အခါမှပဲ သင့်ရဲ့အသံကို ကြားနိုင်တာပါ”

အချိန်တိုင်း မဟုတ်မှန်း သိလိုက်ရသဖြင့် ယဲ့ယီ အနည်းငယ် စိတ်သက်သာရာရသွား၏။

သို့သော် ကုရှီချန်းနှင့်အတူ ရှိနေစဉ်က သူမ၏ စိတ်ကူးသက်သက် ရေရွတ်ချက်များကို ပြန်တွေးမိသည့်အခါ သူမသည် နောက်နောင်တွင် သူ့ကို စိုက်ကြည့်ဝံ့တော့မည်မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။

“ဝူးဝူးဝူး.. ဒါက သူ့ရှေ့တည့်တည့်မှာ အီးပါလိုက်တာနဲ့ ဘာကွာလို့လဲ”

ယဲ့ယီ သေချင်စိတ်ပေါက်သွား၏။

သူမ ဤကဲ့သို့ ဝှက်ဖဲမျိုးကို မလိုချင်ပေ။

သို့သော် ယခုအချိန်တွင် အရာအားလုံး နောက်ကျသွားခဲ့လေပြီ။

ယဲ့ယီသည် ထိုအရာကို ပိတ်ပစ်၍ ရနိုင်မရနိုင်ဟူသောအချက်ကိုသာ ပို၍ စိတ်ဝင်စားနေမိသည်။

“စနစ်.. ဒီဝှက်ဖဲကို ပိတ်ပစ်လို့ရလား”

“ရပါတယ်”

ယဲ့ယီ တွန့်ဆုတ်မှုမရှိဘဲ ထိုဝှက်ဖဲကို ပိတ်ပစ်ရန် ချက်ချင်း ရွေးချယ်လိုက်၏။

၎င်းက သူမကို ကူညီပေးခဲ့ဖူးသည်ဆိုသော်လည်း သူမအနေဖြင့် အခြားသူများက သူမ ဘာတွေးနေသည်ကို အချိန်တိုင်း သိရှိနေခြင်းမျိုးကို တကယ် မလိုလားပေ။

အဝတ်အစားအားလုံး အချွတ်ခံထားရသကဲ့သို့လုံခြုံမှုမရှိဟု ခံစားရစေသည်။

ဤအသုံးမဝင်သည့် ဝှက်ဖဲကို ပိတ်ပစ်ပြီးနောက်မှ ယဲ့ယီ အဓိကကျသော မေးခွန်းတစ်ခုကို မေးရန် နောက်ဆုံး၌ သတိရသွားတော့၏။

“စနစ်.. နင်က ဘာဖြစ်လို့ ငါ့ကို ရွေးချယ်ခဲ့တာလဲ”

ယဲ့ယီသည် ကိုယ်ကိုယ်ကိုယ့် ထူးခြား သည်ဟု မခံစားမိပေ။

သူမ ပျင်းသဖြင့် ဒီဝတ္ထုကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိခဲ့ရုံသာ ဖြစ်သည်။

သူမအနေဖြင့် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်နှစ်ယောက်စလုံးကို လူပိန်းများဟု ထင်မြင်မိသော်လည်း စိတ်ထဲကသာ ကဲ့ရဲ့မိခြင်းဖြစ်သဖြင့် အဘယ်ကြောင့် သူမကိုမှ ရွေးချယ်ရသနည်း။

“အိမ်ရှင်ကို မူလခန္ဓာကိုယ်ပိုင်ရှင်က ရွေးချယ်ခဲ့တာပါ၊ မူလပိုင်ရှင်ရဲ့ အိပ်မက်က သင်လို လူတစ်ယောက် ဖြစ်လာဖို့ပါပဲ”

“အဟမ်း”

ယဲ့ယီ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။

သူမသည် ပုံမှန်အားဖြင့် အတ္တကြီးသူဖြစ်သော်လည်း ဤကဲ့သို့ ဗြောင်ကျကျ ပြောသည်ကို ကြားရသည့်အခါ အနည်းငယ် ရှက်မိလေ၏။

“ဒါဆို မူလပိုင်ရှင်က ငါ့ကို ရွေးချယ်ခဲ့လို့ နင်တို့က ငါ့ရဲ့သဘောတူညီချက်မပါဘဲ ဒီကို ကူးပြောင်းပေးခဲ့တာပေါ့”

ယဲ့ယီ ဤအချက်ကို သဘောပေါက်သွားပြီး ရုတ်တရက် မကျေမနပ် ဖြစ်သွားလေ၏။

‘ငါ အရင်ဘဝတုန်းက အနားယူတော့မှာလေ’

စနစ်သည် မှတ်ဉာဏ်တစ်ခုကို ယဲ့ယီ၏စိတ်ထဲသို့ တိုက်ရိုက် ပေးပို့လိုက်၏။

“ငါတို့က သင် သေဆုံးသွားပြီးတဲ့နောက်မှသာ ရွေးချယ်ခဲ့တာပါ”

ယဲ့ယီ ထိုမှတ်ဉာဏ်ကို လက်ခံရရှိလိုက်၏။

သူမသည် ယခင်ဘဝတုန်းက အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးပြီးပြီးချင်းမှာပင် ကျောက်ကပ်ပျက်စီးသည့်ရောဂါ ဝေဒနာခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်၏။

ထို့နောက်တွင် စနစ်က သူမကို ရှာဖွေတွေ့ရှိခဲ့ပြီး သူမသည် ဤကမ္ဘာသစ်တွင် ဘဝသစ်တစ်ခု ရရှိရန်အတွက် စနစ်နှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်လေ၏။

သို့သော် ယဲ့ယီတွင် မေးခွန်းတစ်ခု ရှိနေသေးသည် ။

“စနစ်.. ဒါဆို ငါက ဘာလို့ ဒီအကြောင်းတွေကို အရင်က ဘာမှ မမှတ်မိရတာလဲ”

စနစ်:”ဘာလို့လဲဆိုတော့ အဓိကဌာနချုပ်မှာ စနစ်ချို့ယွင်းချက်တစ်ခု ဖြစ်ပွားခဲ့လို့ သင်ရဲ့ မှတ်ဉာဏ်တချို့ ဖျက်ပစ်ခြင်း ခံလိုက်ရတာပါ”

ယဲ့ယီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့၏။

ဤစနစ်ချို့ယွင်းချက်ကြောင့်သာ စနစ် ယခုအချိန်အထိ ပေါ်မလာခဲ့ခြင်းဖြစ်ကြောင်း သူမ သိလိုက်ရ၏။

ဇာတ်ကွက်တစ်ခုလုံး ပြီးဆုံးလုနီးပါးဖြစ်ခါမှ လာပေါ်နေလေ၏။

“ပြောစမ်းပါဦး.. ဒီကမ္ဘာမှာ ငါ့တာဝန်က ဘာလဲ”

ယဲ့ယီ တိုက်ရိုက်ပင် မေးလိုက်၏။

သူမနှင့် စနစ်တို့ ပြုလုပ်ခဲ့သည့် စည်းကမ်းချက်မှာ သူမအနေဖြင့် စနစ်၏တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ပါက ဤကမ္ဘာတွင် ထာဝရ နေထိုင်သွားနိုင်လေမည်။

“သင်က ဇာတ်လမ်းကြောင်းကို ပြောင်းသွားအောင် လုပ်ခဲ့တဲ့အတွက်ကြောင့် အခုအခါမှာ ကောင်းကင်ဘုံက ကမ္ဘာကြီးရဲ့ မျှခြေကို ထိန်းညှိနေပါတယ်။ ကံကြမ္မာရဲ့ သမီးနှစ်ယောက်ဟာ ကမ္ဘာတစ်ခုတည်းမှာ အတူတူ မတည်ရှိနိုင်တဲ့အတွက်ကြောင့် သင်က ဇာတ်လိုက်ရဲ့ အရှိန်အဝါကို ရရှိဖို့ အမျိုးသမီးဇာတ်လိုက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်”

“အကယ်၍ ငါ ရှုံးနိမ့်သွားရင်ကော ဘာဖြစ်မလဲ”

ယဲ့ယီ မေးလိုက်သော်လည်း သူမ၏စိတ်ထဲတွင် ကြိုတင်ခန့်မှန်းချက်တစ်ခု အကြမ်းဖျင်း ရှိနေပြီးသားဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် စနစ်၏နောက်ထပ်ထွက်ပေါ်လာသော စကားလုံးများမှာ

“အကယ်၍ သင် ရှုံးနိမ့်သွားခဲ့ရင်တော့ အပြီးတိုင် ဖျက်ဆီးခြင်း ခံရမှာပါ”

အခန်း(၂၀၄)

စနစ်ပြောသည့် ဖျက်ဆီးခြင်းဆိုသည်မှာ အစစ်အမှန်ဖြစ်ကြောင်း ယဲ့ယီ သိ၏။

သူမ၏ ယခင်ကမ္ဘာက ခန္ဓာကိုယ်လည်း ကြာမြင့်စွာကတည်းက မီးသင်္ဂြိုဟ်ခြင်း ခံခဲ့ရပြီးဖြစ်ရာ အကယ်၍ သူမ ဤကမ္ဘာတွင် ဆက်လက်မနေထိုင်နိုင်ပါက သူမ သေဆုံးသွားရုံသာ ရှိတော့သည်။

စနစ်က နောက်ထပ် ထိတ်လန့်စရာ ဗုံးတစ်လုံးကို ထပ်မံချလိုက်ပြန်သည်။

“ဗီလိန်က သင် နဲ့ အလွန်နီးစပ်လွန်းတဲ့အတွက် ဗီလိန်ကလည်း ဇာတ်လိုက်ရဲ့ အရှိန်အဝါကို ရဖို့ အမျိုးသားဇာတ်လိုက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ အကယ်၍ သင် ရှုံးနိမ့်သွားရင် ဗီလိန်ကလည်း အပြီးတိုင် ဖျက်ဆီးခြင်း ခံရမှာပါ”

ယဲ့ယီ တိတ်ဆိတ်သွားတော့သည်။

အကယ်၍ သူမတစ်ယောက်တည်းသာဆိုလျှင် သေရသည်မှာ ကိစ္စမရှိပေ။

သို့သော် ယခုအခါတွင် ကုရှီချန်းပါ ပါဝင်ပတ်သက်နေပြီဖြစ်ရာ သူမအနေဖြင့် သေချာပေါက် အောင်မြင်ရလေမည်။

မည်သို့ပင်ဖြစ်စေ ကုရှီချန်းသည် သူမကြောင့် လိုက်ပါပတ်သက်ခဲ့ရခြင်း မဟုတ်ပါလော။

“စနစ်.. ငါက ဇာတ်လိုက်ရဲ့ အရှိန်အဝါကို ဘယ်လိုမျိုး အောင်အောင်မြင်မြင် လုယူရမလဲ”

ယဲ့ယီ လေးနက်သောအသံဖြင့် မေးလိုက်၏။

“သင် အမျိုးသမီးဇာတ်လိုက်နဲ့ ရင်ဆိုင်ရတဲ့အခါ သူမပိုင်ဆိုင်တဲ့အရာတွေကို လုယူဖို့ လိုအပ်ပါတယ်”

ယဲ့ယီ “...”

ဤသည်မှာ အရှိန်အဝါကို လုယူခြင်းမဟုတ်ဘဲ ယုတ်မာကောက်ကျစ်သည့် အမျိုးသမီးဇာတ်ရံတစ်ယောက် လုပ်မည့် အလုပ်မျိုး ဖြစ်နေ၏။

စနစ် “လန်ရွှယ်နဲ့ ချန်ထျန်မင်းတို့က ကောင်းကင်ဘုံတရားက သတ်မှတ်ပေးထားတဲ့ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက် ဖြစ်နေသေးတာကြောင့်မလို့ ကောင်းကင်ဘုံက သူတို့ဘက်ကနေ မျက်နှာသာပေးနေမှာပါ။ သူတို့နဲ့ ရင်ဆိုင်ရတဲ့အခါ ဒီကမ္ဘာပေါ်က လူတိုင်းဟာ သူတို့ဘက်ကိုပဲ ယိမ်းကြပါလိမ့်မယ်”

ဤအကြောင်းကို ကြားလိုက်ရသည့်အခါ ယဲ့ယီသည် ယခင်က တုမ်မင်ရွှမ်နှင့် အခြားသူများ သူမကို ပြောပြခဲ့ဖူးသည်များကို ပြန်လည်သတိရမိသွား၏။

သူတို့သည် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းနှင့် ကြုံတွေ့ရသည့် အကြိမ်တိုင်းတွင် သူမ၏ကုမ္ပဏီက အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်။

ထို့အပြင် လက်ရှိတွင် လန်ရွှယ်က ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ဥက္ကဋ္ဌ ဖြစ်နေခဲ့သည်။

“စနစ်.. နင်ပြောတော့ သူ့မှာ ကောင်းကင်ဘုံတရားရဲ့ အကူအညီရှိတယ်ဆို၊ အဲဒါကို ငါက ဘယ်လိုလုပ် လုယူနိုင်မှာလဲ”

ယဲ့ယီ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ အထိုင်းအမှိုင်း ဖြစ်ပေါ်လာတော့၏။

ဗီလိန်တစ်ယောက်အနေဖြင့် တရားသောဘက်တော်သားများကို အနိုင်ယူရန်မှာ တကယ်ကို ခက်ခဲလှပေသည်။

“သင်က အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့ကို ရင်ဆိုင်ရတဲ့အခါ ငါ ကောင်းကင်ဘုံတရားရဲ့ အကူအညီတွေကို ယာယီပိတ်ဆို့ပေးထားနိုင်ပါတယ်။ ဒါပေမဲ့ သင် နိုင်မနိုင်ဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်”

ယဲ့ယီ အလွန်အမင်း ခေါင်းကိုက်သွားလေ၏။

သို့သော်လည်း သူမ လန်ရွှယ်နှင့် မတည့်သည်မှာ ကြာပြီဖြစ်ရာ အနည်းဆုံးတော့ ယခုအခါတွင် လန်ရွှယ်၌ မည်သည့်ဝှက်ဖဲမျှ မရှိတော့ပေ။

သူမအနေဖြင့် အမျိုးသမီးဇာတ်လိုက်၏ အရှိန်အဝါကို လုယူရမည်ဖြစ်သောကြောင့် ပထမဆုံးလုပ်ရမည့်အရာမှာ သူမ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှ မစပြုရလေမည်။

ယဲ့ယီသည် နန်ချင်ဝမ် သူမ၏စာပွဲပေါ်တွင် ပြင်ဆင်ပေးထားသည့် ကုမ္ပဏီအတွင်း မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို သေသေချာချာ ပြန်လည်စစ်ဆေးကြည့်ရှုလိုက်၏။

ဤအချိန်အတောအတွင်း ကုမ္ပဏီ၏ အနုပညာရှင် အများစုသည် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းသို့ ကူးပြောင်းစည်းရုံးခြင်း ခံခဲ့ကြရသည်။

ကျန်ရှိနေခဲ့သူများမှာ တုမ်မင်ရွှမ်ကဲ့သို့ ယဲ့ယီနှင့် ဆက်ဆံရေးကောင်းမွန်သူများ သို့မဟုတ် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း လုံးဝအလိုမရှိသည့် လူများသာ ဖြစ်ကြသည်။

စည်းရုံးခေါ်ဆောင်ခြင်းခံရသည့် အနုပညာရှင်များ၏ စာရင်းကို ကြည့်ရင်း ယဲ့ယီ၏ရင်ထဲတွင် အလွန်အမင်း နာကျင်သွားရ၏။

ဤလူများအားလုံးသည် သူမကိုယ်တိုင် သေသေချာချာ ရွေးချယ်ပေးခဲ့သူများဖြစ်ပြီး ယခုအခါတွင် လန်ရွှယ်အတွက် အခမဲ့အသုံးတော်ခံများ ဖြစ်သွားခဲ့ကြရလေပြီ။

ယဲ့ယီ ထိုအကြောင်းကို တွေးမိလေလေ ပို၍ ဒေါသထွက်လာလေလေဖြစ်ပြီး နောက်ဆုံး၌ ဆက်၍ပင် မကြည့်နိုင်တော့ပေ။

သူမသည် ယောက်ျားလေးအဖွဲ့ ၏ အခြေအနေကို နားလည်နိုင်ရန်အတွက် နန်ချင်ဝမ်ကို ရှာဖွေရန် တိုက်ရိုက်ပင် ထွက်လာခဲ့တော့၏။

သူမသည် ဤယောက်ျားလေးအဖွဲ့ကို အသုံးပြု၍ ဇာတ်လိုက်အရှိန်အဝါ လုယူပွဲ၏ ပထမဆုံးသော စိန်ခေါ်သံကို ကြွေးကြော် ရလေမည်။

ယဲ့ယီတစ်ယောက် နန်ချင်ဝမ်၏ ရုံးခန်းသို့ ရောက်ရှိသွားသည့်အခါ နန်ချင်ဝမ် မျက်နှာပျက်လျက် ရှိနေသည်ကို တွေ့လိုက်ရ၏။

“မမချင်ဝမ်.. ဘာဖြစ်လို့လဲ”

ယဲ့ယီ ရှေ့လှမ်းရင်း မေးလိုက်သည်။

နန်ချင်ဝမ် သက်ပြင်းအရှည်ကြီးကို ချလိုက်သည်

“ယောက်ျားလေးအဖွဲ့က ပြိုင်ပွဲမှာ ထပ်ပြီး ရှုံးသွားပြန်ပြီ။ အကယ်၍ သူတို့ နောက်ထပ်ပွဲစဉ်မှာသာ မနိုင်ဘူးဆိုရင်တော့ ဘာအခွင့်အရေးမှ ကျန်တော့မှာ မဟုတ်ဘူး”

ယဲ့ယီသည် အခြေအနေများ ဤမျှအထိ ဆိုးရွားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ခဏမျှ တိတ်ဆိတ်သွားမိသည်။

“မမချင်ဝမ်.. ကျွန်မကို ဒီအစီအစဉ်ထဲကို ပို့ပေးလို့ရမလား”

ယဲ့ယီ အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်မှ စကားစလိုက်၏။

နန်ချင်ဝမ်သည် ယဲ့ယီ ဘာလုပ်ချင်နေသည်ကို နားမလည်နိုင်ဖြစ်သွားရသည်။

“နင်က ဘာလုပ်မလို့လဲ...”

“ကျွန်မက တကယ့်အခြေအနေ ဘာဖြစ်နေတာလဲဆိုတာကို သိရအောင် အဲ့နေရာကို သွားကြည့်ချင်လို့ပါ”

ယဲ့ယီ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

သို့သော် နန်ချင်ဝမ်ကို သူမ သွားကြည့်ရုံသက်သက် သွားခြင်းမဟုတ်ဘဲ အဓိကအကြောင်းအရင်းမှာ စနစ်အား လန်ရွှယ်၏ အမျိုးသမီးဇာတ်လိုက်အရှိန်အဝါ၏ လွှမ်းမိုးမှုများကို ပိတ်ဆို့ခိုင်းရန်အတွက် ဖြစ်ကြောင်းကိုမူ သူမ ထည့်မပြောခဲ့ပေ။

“ဒါကတော့ ခက်လိမ့်မယ်။ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ထုတ်လုပ်ရေးအဖွဲ့က သဘောတူလိမ့်မှာ မဟုတ်ဘူး”

နန်ချင်ဝမ် ယဲ့ယီကို အမှန်အတိုင်း ပြောပြလိုက်၏။

ယဲ့ယီ ကုရှီချန်းထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်သည်။

ကုရှီချန်းသည် ယဲ့ယီ ဘာကြောင့် ပါဝင်ချင်ရသလဲဟူသောအချက်ကို လုံးဝမေးမြန်းခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူညီခဲ့၏။

အကယ်၍ ယခင်ကဆိုပါက ယဲ့ယီအနေဖြင့် ကုရှီချန်းထံမှ အကူအညီတောင်းရသည်မှာ ရှက်နေနိုင်သော်လည်း ယခုအခါတွင် သူတို့နှစ်ယောက်စလုံးသည် တစ်လှေတည်း စီးနေကြရလေပြီ။ သို့ဖြစ်သဖြင့် ဤကဲ့သို့သော အသေးအဖွဲကိစ္စရပ်များအတွက် စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။

ကုရှီချန်း လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့ပြီး ညနေပိုင်းရောက်သည့်အခါ ထုတ်လုပ်ရေးအဖွဲ့ထံမှ ဖိတ်ခေါ်စာကို ယဲ့ယီ လက်ခံရရှိခဲ့တော့သည်။

ကုရှီချန်းသည် လန်ရွှယ်ကဲ့သို့ပင် ယဲ့ယီကိုလည်း အကဲဖြတ်ဒိုင် တစ်ဦးအဖြစ် ပါဝင်နိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်၏။

၎င်းမှာ ယဲ့ယီအား လန်ရွှယ်နှင့် ထိပ်တိုက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပို၍ အဆင်ပြေချောမွေ့စေခဲ့သည်။

အစီအစဉ်သို့ သွားရမည့်အချိန်ကိုမူ လာမည့် တနင်္လာနေ့အဖြစ် သတ်မှတ်လိုက်ကြသည်။

သို့သော်လည်း ထုတ်လုပ်ရေးအဖွဲ့သည် ယဲ့ယီအကဲဖြတ်ဒိုင်အသစ် ဖြစ်လာကြောင်းကို ချက်ချင်းပင် လူသိရှင်ကြား ကြေညာခဲ့၏။

ဤသည်မှာ ယဲ့ယီကို ပစ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ အဓိကအားဖြင့် ကြည့်ရှုသူနှုန်းထား အချို့ကို ရရှိရန်အတွက်သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စုံတွဲအစီအစဉ် မှ ရရှိလာသော ယဲ့ယီ၏ ရေပန်းစားမှုနှုန်းမှာ မြင့်မားနေဆဲ ဖြစ်သည်မဟုတ်ပါလော။

ဤသတင်း ပြန့်နှံ့သွားပြီးနောက်တွင် လူမှုကွန်ရက်စာမျက်နှာ တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။

လူအများအပြားသည် အစီအစဉ်၏ တရားဝင်အကောင့်သို့ ပြေးသွားကြပြီး ဘာဖြစ်နေသလဲဆိုသည်ကို အလုအယက် မေးမြန်းကြတော့၏။

“မဟုတ်ဘူးလေ.. ဒါက ဘာအခြေအနေကြီးလဲ။ ထုတ်လုပ်ရေးအဖွဲ့က ဘာဖြစ်လို့ ယဲ့ယီကို အကဲဖြတ်ဒိုင်အဖြစ် ရွေးရတာလဲ”

“ကျွန်တော် မှတ်မိသလောက်တော့ ယဲ့ယီက မင်းသမီးတစ်ယောက်လေ။ မင်းသမီးတစ်ယောက်ကို အရည်အချင်းပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်အဖြစ် လုပ်ခိုင်းတယ်ဆိုတော့ ထုတ်လုပ်ရေးအဖွဲ့က ရူးသွားပြီလား”

“တစ်ယောက်ယောက်က လုပ်ပိုင်ခွင့်အာဏာကို နောက်တစ်ကြိမ် ထပ်သုံးလိုက်တာလို့ ငါ လောင်းရဲတယ်။ ဂျက်နီစစ်ဖျော်ဖြေရေးလုပ်ငန်းက ယောက်ျားလေးအဖွဲ့လည်း ဒီပြိုင်ပွဲမှာ ပါနေတာပဲလေ”

“အဲဒီ ယောက်ျားလေးအဖွဲ့အကြောင်း ပြောရရင်တော့ ငါ ရယ်ရလွန်းလို့ သေတော့မယ်။ လူတွေအားလုံးက ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းရဲ့ ဆွဲဆောင်တာကို ခံလိုက်ရတာလေ”

“ယဲ့ယီက သူ့ရဲ့ ယောက်ျားလေးအဖွဲ့အတွက် ကြိုးဆွဲပေးဖို့ ကြိုးစားနေတာ သေချာတယ်”

“ပွဲကောင်းတစ်ပွဲ ကြည့်ချင်နေတာ ငါတစ်ယောက်တည်းပဲလား။ ဒီအစီအစဉ်ရဲ့ ဖိတ်ကြားခံဧည့်သည်တွေထဲက တစ်ယောက်က ယဲ့ယီရဲ့ ရန်ဘက်ဖြစ်တဲ့ လန်ရွှယ်ဆိုတာကို မမေ့ကြနဲ့ဦး”

“ကျွတ် ကျွတ် ကျွတ်.. နင်တို့ ဘာပဲပြောပြော ယဲ့ယီရှိတဲ့နေရာမှာတော့ အတင်းအဖျင်းသတင်းတွေက ရှိနေမှာပဲ။ ငါတော့ ဒီအစီအစဉ်ကို သေချာပေါက် ကြည့်ရမယ်”

ထုတ်လုပ်ရေးအဖွဲ့၏ ဤကြော်ငြာလှိုင်းလုံးသည် တကယ်ပင် ကြည့်ရှုသူနှုန်းထား အမြောက်အမြားကို ရရှိစေခဲ့၏။ သို့သော်လည်း ယဲ့ယီ၏ လူမှုကွန်ရက်စာမျက်နှာပေါ်က ပို့စ်များအောက်တွင်မူ တိုက်ခိုက်သူ အုပ်စုတစ်စုက သူမကို ဆက်တိုက် လှောင်ပြောင်ကဲ့ရဲ့နေကြဆဲ ဖြစ်၏။

“ယို ယို ယို.. တစ်စုံတစ်ယောက်က သူ့ရဲ့ ယောက်ျားလေးအဖွဲ့ ပြုတ်တော့မယ့်အခြေအနေကို မြင်လို့ ကြိုးဆွဲဖို့ ပြင်ဆင်နေတာလား”

“ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်။ တစ်စုံတစ်ယောက်ကတော့ အရာအားလုံးမှာ ဝင်ပါချင်နေတာပဲ”

“အဲဒီ အကဲဖြတ်ဒိုင်တွေအားလုံးမှာ အရည်အချင်း တစ်ခုခုစီ ရှိကြတာ။ ယဲ့ယီမှာကော ဘာရှိလို့လဲ။ သူတစ်ယောက်တည်းနဲ့ အကဲဖြတ်ဒိုင် လုပ်ချင်နေတယ်ဟုတ်လား။ သူကော တန်လို့လား”

“ငါတော့ စကားတောင် မပြောနိုင်တော့ဘူး။ ငါတို့ရဲ့ ရွှယ်အာကို ပစ်မှတ်ထားနေတာကို ရပ်ပေးလို့ မရဘူးလား”

လူမှုကွန်ရက်စာမျက်နှာတစ်ခုလုံး ပွက်ပွက်ညံ သောင်းကျန်းနေခဲ့သည်။

သို့သော် ယဲ့ယီကမူ ထိုအရာများကို လျစ်လျူရှုထားခဲ့၏။

အဆဲခံရခြင်းဆိုသည်မှာ သူမအတွက် ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။

သို့သော် အချက်တစ်ခုကတော့ မှန်ကန်နေပါသည်။ အကဲဖြတ်ဒိုင်တစ်ဦးအနေဖြင့် ယဲ့ယီသည် တစ်စုံတစ်ခုကိုတော့ သိနားလည်ထားရန် လိုအပ်ပေသည်။

အစီအစဉ်၏ နောက်ပိုင်းအပိုင်းများတွင် အကဲဖြတ်ဒိုင်များသည် သူတို့ရွေးချယ်ထားသော အဖွဲ့များနှင့်အတူ ပူးတွဲဖျော်ဖြေကြရလေမည်။

ယဲ့ယီသည် နန်ချင်ဝမ်ကို သူမအတွက် အကဆရာ တစ်ဦးကို ရှာဖွေပေးရန် ချက်ချင်း တောင်းဆိုလိုက်တော့သည်။

သူမသည် ယခင်ဘဝတုန်းက သရုပ်ဆောင်ရန်အတွက် အကပညာကို အနည်းငယ် သင်ယူခဲ့ဖူးသည်ဆိုသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဖြစ်ရာ ထိုအရာတို့ကို မေ့နေလေပြီ။

သူမအနေဖြင့် အစက ပြန်လည်၍ လေ့ကျင့်ရတော့မည်။

သူမသည် တစ်ညတည်းနှင့် ဆရာတစ်ဦး မဖြစ်လာနိုင်သော်လည်း အနည်းဆုံး ကြည့်ရမဆိုးစေရန်အတွက် အခြေခံအုတ်မြစ်တစ်ခုကိုတော့ တည်ဆောက်နိုင်ရလေမည်။

အကလေ့ကျင့်ခြင်းအပြင် ယဲ့ယီသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များကိုလည်း ဖျောင်းဖျနှစ်သိမ့်ပေးရသေး၏။

ကံကောင်းထောက်မစွာ ရှန်ကျီဟန်နှင့် တုမ်မင်ရွှမ်တို့က အခြေအနေများကို ထိန်းကျောင်းပေးထားသောကြောင့် အစုရှယ်ယာရှင်များတွင် သဘောထားအချို့ ရှိကြသော်လည်း သူတို့ ယဲ့ယီကို အခက်အခဲ မဖြစ်စေခဲ့ပေ။ထို့အပြင် သူတို့က လက်ရှိကိစ္စရပ်များကိုသာကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်သာ တောင်းဆိုခဲ့ကြသည်။

ကုမ္ပဏီတွင် ကျန်ရှိနေသေးသော အနုပညာရှင်များကို ယဲ့ယီ နှစ်သိမ့်ပေးခဲ့ပြီး အနုပညာရှင်အသစ်များ ခေါ်ယူခြင်းအတွက်မူ အစီအစဉ်ပြီးဆုံးသည်အထိ စောင့်ဆိုင်းရလေ။

အကယ်၍ ယောက်ျားလေးအဖွဲ့သာ အောင်အောင်မြင်မြင် ပွဲထွက် နိုင်ခဲ့ပါက လန်ရွှယ်၏ အမျိုးသမီးဇာတ်လိုက်အရှိန်အဝါလည်း အားနည်းသွားလိမ့်မည်။

ထိုသို့ဆိုလျှင် စည်းရုံးခေါ်ဆောင်ခြင်းခံရမည့်အရေးကို စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။

ယဲ့ယီသည် အလွန်အမင်း အလုပ်ရှုပ်နေခဲ့သဖြင့် ကုရှီချန်းထံသို့ ဆက်သွယ်ရန်ပင် အချိန်မရှိခဲ့ပေ။

ကုရှီချန်းလည်း အလွန်အမင်း အလုပ်ရှုပ်နေခဲ့ပြီး နှစ်ယောက်စလုံးသည် အလုပ်များကို အသီးသီး လုပ်ဆောင်နေခဲ့ကြသည်။

သို့သော်လည်း ပိတ်ရက်တွင်မူ နှစ်ယောက်စလုံး သူတို့၏ အလုပ်များကို ခဏတာ နားထားကြလေ၏။

All Chapters