← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း(၂၀၅)

စားသောက်ဆိုင်ကို ကုရှီချန်း ကြိုတင်ဘွတ်ကင်လုပ်ထားခြင်းဖြစ်၏၊ သူသည် လုံခြုံမှုနှင့် အနှောင့်အယှက်ကင်းစေမည့် အလွန်ကောင်းမွန်သော ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့သည်။

နန်ချင်ဝမ်၊ နန်ကျားကျားတို့နှင့်အတူ ယဲ့ယီ ရောက်ရှိလာသည့်အခါ ကုရှီချန်းနှင့် ကုစဲ့တို့မှာ ထိုနေရာတွင် ကြိုတင်စောင့်ဆိုင်းနေကြလေ၏။

သို့သော် ပြီးခဲ့သည့်တစ်ခေါက်နှင့်မတူဘဲ ယခုတစ်ကြိမ်တွင်မူ ကုစဲ့သည် ယဲ့ယီကို မြင်လိုက်ရသည့်အခါ အရင်ကကဲ့သို့ အပြေးအလွှား လာရောက် မဖက််တော့ပေ။

ထိုအစား သူသည် ကုရှီချန်း၏နောက်တွင် ရပ်နေပြီး သူ၏မျက်လုံးဝိုင်းလေးများက ယဲ့ယီရှိရာဘက်သို့ အကြိမ်ကြိမ် ဝေ့ဝဲကြည့်ရှုနေသော်လည်း စိတ်ကိုထိန်းထားကာ မည်သည့်အရာမှ မပြုလုပ်ခဲ့ပေ။

ကုစဲ့သည် ယဲ့ယီ၏မျက်နှာရိပ်မျက်နှာကဲကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။

သူတို့မလာခင်က ယဲ့ယီသည် သူ့ကို ယခင်ကအတိုင်း ချစ်နေဆဲဖြစ်ကြောင်း ကုရှီချန်း ပြောပြခဲ့ဖူးသော်လည်း ကုစဲ့၏ရင်ထဲတွင် မလုံမလဲ ဖြစ်နေ၏။

သူသည် အသက်ငယ်သေးသည်ဆိုသော်ငြားလည်း သူ၏ မိခင်အရင်း နှင့် ယဲ့ယီတို့ ကြားက ဆက်ဆံရေးသည် သိပ်ပြီးမကောင်းလှကြောင်း အင်တာနက်ပေါ်တွင် မြင်ပြီးလေပြီ။

ယဲ့ယီက သူ့ကိုပါ မုန်းတီးသွားမည်ကို စိုးရိမ်နေမိခြင်း ဖြစ်၏။

ကုစဲ့ စိတ်ထဲတွင် ဘာတွေး နေသည်ကို ယဲ့ယီ မသိနိုင်ပေ။ ကုစဲ့ သူမအပေါ် အရင်လို မရင်းနှီးတော့သည်ကို မြင်ရသည့်အခါ အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားမိ၏။

သူ့မှာ မိခင်အရင်းတစ်ယောက် ရှိလာပြီဖြစ်၍ မိထွေးဖြစ်သူကို မလိုချင်တာမျိုး ဖြစ်နိုင်ပါမည်လော။

ဤအချိန်တွင် ကုစဲ့သည် ယဲ့ယီ၏ စိတ်ကူးအတွေးများကို မကြားနိုင်တော့ပေ။

ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် တစ်ယောက် ကို တစ်ယောက် မချစ်တော့ဟု အသီးသီး ထင်မြင်ယူဆမိကြပြီး ရက်စက်စွာ လှပရက်သော နားလည်မှုလွဲခြင်းတစ်ခု စတင်ဖြစ်ပေါ်လာတော့သည်။

ယဲ့ယီ စနစ်နှင့် စိတ်ထဲကနေ ဆက်သွယ်လိုက်သည်။

“စနစ်.. ငါ အခုကစပြီး ယုတ်မာကောက်ကျစ်တဲ့ မိထွေးပုံစံကို ဆက်ပြီး ဟန်ဆောင် မနေတော့ရင် ရပြီမလား”

မည်သို့ပင်ဆိုစေ အခြေအနေမှာ ဤအဆင့်အထိ ရောက်နေပြီ ဖြစ်သည်။ သူမသည် အမျိုးသမီးဇာတ်ရံတစ်ယောက် မဟုတ်တော့ဘဲ အမျိုးသမီးဇာတ်လိုက်လောင်း တစ်ယောက် ဖြစ်နေလေပြီ။

အမျိုးသမီးဇာတ်လိုက်လောင်းတစ်ယောက် ဖြစ်နေပါလျက်နှင့် ယုတ်မာကောက်ကျစ်သော မိထွေးအဖြစ် ဟန်ဆောင်နေရသည်မှာ မသင့်တော်လှပေ။

စနစ်သည် အတော်ကြာအောင် စဉ်းစားဆင်ခြင်နေပုံရပြီးမှ ယဲ့ယီကို အဖြေပေးလိုက်သည်။

“အိမ်ရှင်ယုတ်မာကောက်ကျစ်တဲ့ မိထွေးပုံစံမျိုးကို ဆက်ပြီး လုပ်နေဖို့ မလိုအပ်တော့ပါဘူး”

သူမအနေဖြင့် ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ကြောင်း ကြားလိုက်ရသည့်အခါ ယဲ့ယီ၏ နှုတ်ခမ်းထောင့်များ ထိန်းမနိုင်သိမ်းမနိုင်ဘဲ အလိုအလျောက် ပြုံးမိသွားတော့၏။

ထို့နောက် သူမ ကုစဲ့၏ အနီးသို့ လျှောက်သွားပြီး လက်ဆန့်ကာ သူ့ပါးအိအိလေးကို ဆွဲဖဲ့လိုက်၏။

“ဘာဖြစ်လို့လဲ။ အခု မင်းရဲ့ မေမေအရင်း ပြန်လာပြီဆိုတော့ မိထွေးကို မလိုချင်တော့ဘူးပေါ့ ဟုတ်လား”

ကုစဲ့တစ်ယောက် ခဏမျှ ကြောင်အမ်းသွားပြီးနောက် နောက်တစ်စက္ကန့်တွင် ယဲ့ယီကို ချက်ချင်းပင် တင်းကျပ်စွာ ပြေးဖက်လိုက်တော့၏။

“အဲလို မဟုတ်ပါဘူး”

ယဲ့ယီ ပြုံးလိုက်ပြီး ကုစဲ့၏ခေါင်းလေးကို ပုတ်ပေးလိုက်၏။

ယခုတစ်ကြိမ်တွင်မူ သူမသည် ကုစဲ့ ခေါင်းကို ပေါ်ပေါ်ထင်ထင် ပုတ်ပေးနိုင်ခဲ့လေပြီ။

ယဲ့ယီနှင့် ကုစဲ့တို့၏ အပြန်အလှန် တုံ့ပြန်ပုံကို ကြည့်ရင်း ကုရှီချန်းလည်း မပြုံးဘဲ မနေနိုင်တော့ပေ။

ယခုအခါတွင် ယဲ့ယီ၏ရင်ထဲ၌ မည်သည့်စိုးရိမ်ပူပန်မှုမျှ ရှိမနေတော့ကြောင်း သူ ခံစားမိလိုက်သည်။

ယခင်က သူမသည် ကုစဲ့နှင့်အတူ ရှိနေသည့်အချိန်တိုင်းတွင် တစ်စုံတစ်ခုကို အမြဲတမ်း ချန်လှပ်ထားတတ်ကြောင်း ကုရှီချန်း သတိပြုမိခဲ့ဖူး၏။

သူမ ကုစဲ့အပေါ် တကယ်ကို ဂရုစိုက်ပါလျက်နှင့် စိတ်မာပြနေခဲ့ခြင်း ဖြစ်သည်။

ကုရှီချန်း နန်ချင်ဝမ်ကို နှုတ်ဆက်လိုက်၏။

ယခုအခါ သူတို့ကြားက ဆက်ဆံရေးသည် အလွန်ကောင်းမွန်နေပြီဖြစ်ရာ နန်ချင်ဝမ်သည် ကုရှီချန်းနှင့် ရင်ဆိုင်ရသည့်အခါ အစပိုင်းကလိုမျိုး စိုးရွံ့တုန်လှုပ်ခြင်း မရှိတော့ပေ။

ကုစဲ့က သူမကို အရင်အတိုင်း ချစ်နေဆဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ယဲ့ယီ၏ စိတ်လည်း ချက်ချင်းပင် ကောင်းမွန်သွားတော့သည်။

သူမသည် ကုစဲ့ အကြိုက်ဆုံး ဟင်းပွဲအမြောက်အမြားကို မှာယူလိုက်ပြီး နန်ကျားကျား အကြိုက်ဆုံး ဟင်းပွဲများကိုလည်း မှာပေးခဲ့၏။

ယဲ့ယီ နန်ကျားကျားကိုလည်း အလွန်သဘောကျဆဲဖြစ်ပြီး နန်ကျားကျားကို သူမ၏ ချွေးမလေးဖြစ်လာအောင် လှည့်စားရန် စိတ်ကူးရှိနေသေး၏။

နန်ကျားကျားသည် လက်ရှိတွင် အနည်းငယ် ဝဝဖီးဖီးလေး ဖြစ်နေသော်လည်း ဤကောင်မလေး ကြီးပြင်းလာပါက သေချာပေါက် အလှနတ်သမီးလေးတစ်ပါး ဖြစ်လာမည်ကို ယဲ့ယီ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

ထိုအချိန်ကျလျှင် သူမနှင့် ကုစဲ့တို့ ရရှိလာမည့် ကလေးများလည်း သေချာပေါက် အလွန်အမင်း ရုပ်ရည်ချောမောကြပေလိမ့်မည်။

ဤမြင်ကွင်းကို တွေးမိသည့်အခါ ယဲ့ယီ၏ စိတ်ခံစားချက်သည် ပို၍ပင် အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်သွားပြီး ကုမ္ပဏီကိစ္စရပ်များကြောင့် ဖြစ်ပေါ်နေသော စိတ်ညစ်မှုများအားလုံးပင် လွင့်စင်သွားတော့၏။

ယဲ့ယီတစ်ယောက် တဟိဟိနှင့် တစ်ကိုယ်တည်း ရယ်မောနေသည်ကို ကြည့်ပြီး နန်ချင်ဝမ်လည်း မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။

မကြာသေးမီက ယဲ့ယီတစ်ယောက် အလွန်အမင်း အလုပ်ရှုပ်နေခဲ့သဖြင့် ရူးသွားတာများ ဖြစ်နိုင်ပါမည်လော။

နန်ချင်ဝမ်သည် ဤအကြောင်းကို နှုတ်မှ ထုတ်ပြောဝံ့မည်မဟုတ်ပေ။ အကယ်၍သာ သူမ ပြောလိုက်ပါက ယဲ့ယီ သူမကို သတ်ပစ်လိမ့်မည်။

ဟင်းပွဲများကို စောင့်ဆိုင်းနေစဉ်အတွင်း ကုရှီချန်းက ယဲ့ယီကို သူမ အဘယ်ကြောင့် ဤအစီအစဉ်တွင် ရုတ်တရက် ပါဝင်ရန် ဆုံးဖြတ်ခဲ့ရသနည်းဟု မေးမြန်းလိုက်၏။

ယဲ့ယီ ကုရှီချန်းကို အကြောင်းအရင်းအမှန်ကို ပြောပြ၍မရသဖြင့် အကြောင်းပြချက်တစ်ခုကို ဖြစ်သလို လုပ်ကြံဖန်တီးလိုက်၏။

“ကျွန်မရဲ့ ဝန်ထမ်းတွေကို စိတ်ဓာတ်ခွန်အား မြှင့်ပေးချင်လို့ပါ”

ကုရှီချန်း ထိုစကားကို မယုံကြည်ခဲ့ပေ၊

သူ ယဲ့ယီ၏ စိတ်ကို နားထောင်ရန် ပြင်ဆင်လိုက်၏။

သို့သော် ကုရှီချန်းသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ယဲ့ယီ၏ စိတ်ကူးအတွေးများကို လုံးဝ မကြားရတော့ပေ။

ကုရှီချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိ၏။

ယဲ့ယီသည် စိတ်ထဲတွင် တကယ်ပင် ဘာကိုမှ တွေးတောမနေတာမျိုး ဖြစ်နိုင်ပါမည်လော။

ယဲ့ယီ၏ မျက်နှာအမူအရာလေးကို ကြည့်ခြင်းအားဖြင့် ဤအရာသည် လုံးဝမဖြစ်နိုင်ကြောင်း ကုရှီချန်း သိ၏။

ယဲ့ယီတွင် တစ်စုံတစ်ခုသော ရည်ရွယ်ချက် ရှိနေရမည်။

သို့ပေမည့် အဘယ်ကြောင့် သူမ၏ စိတ်ကူးအတွေးများ ကို သူ မကြားရတော့သနည်း။

ကုရှီချန်းတစ်ယောက် လေးနက်စွာ တွေးတောမိတော့သည်။

သူမ စတင်ရောက်ရှိလာကတည်းက ယဲ့ယီ၏ စိတ်ကူးအတွေးများကို သူ မကြားရတော့သည်ကို ယခုမှသာ သူ သတိပြုမိတော့၏။

ဤသည်မှာ သူမ၏ စိတ်ကူးအတွေးများကို နောက်နောင်တွင် ကြားနိုင်တော့မည်မဟုတ်ဟူသော သဘောပင်။

ယဲ့ယီ၏ စိတ်ထဲက ရေရွတ်သံများကို မကြာခဏ ကြားရသည်ကို ကျင့်သားရနေခဲ့သဖြင့် ရုတ်တရက် မကြားရတော့သည့်အခါ ကုရှီချန်း အနည်းငယ် အဆင်မပြေဖြစ်သွားမိတော့၏။

ယခုအခါတွင် သူမ ဘာတွေးနေသည်ကို ကိုယ်ပိုင်အစွမ်းဖြင့်သာ ခန့်မှန်းရတော့လေမည်။

ဝှက်ဖဲကုဒ်ကြီးကမူ ပျောက်ကွယ်သွားခဲ့လေပြီ။

သို့သော်လည်း ကံကောင်းလှသည်မှာ ဤအတောအတွင်း ယဲ့ယီ၏ ဝါသနာနှင့် အခြားအရာများကို သူ တော်တော်များများ သိရှိနားလည်ထားပြီးသား ဖြစ်နေ၏။

ယဲ့ယီသည် ကုရှီချန်း၏ မျက်ဝန်းဘေးက ညိုမည်းနေသည့် ကွင်းများကို သတိပြုမိသွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

“ရှင် ဘာတွေလုပ်နေလို့လဲ။ ဘာလို့ မျက်ကွင်းတွေ ဒီလောက်တောင် ညိုနေရတာလဲ”

ကုရှီချန်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကုမ္ပဏီမှာ အလုပ်ကိစ္စ တွေ အများကြီး ရှိနေလို့ပါ”

စနစ်က သူမကို ပြောပြခဲ့သည်များကို ပြန်လည်တွေးတောရင်း ယဲ့ယီ စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။

“အဲဒါက ချန်ကော်ပိုရေးရှင်း နဲ့ မပတ်သက်ဘူး မဟုတ်လား”

ကုရှီချန်း ယဲ့ယီကို တအံ့တသဩ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလေသည်။

“ဟုတ်တယ်၊ ချန်ကော်ပိုရေးရှင်းနဲ့ ပတ်သက်နေတာ။ သိပ်မကြာသေးဘူး ဘာအကြောင်းကြောင့်လဲတော့မသိဘူး၊ အရင်က စီးပွါးဖက်တွေအားလုံးက ကုကော်ပိုရေးရှင်း ကနေထွက်ပြီး ချန်ကော်ပိုရေးရှင်းနဲ့ သွား ပူးပေါင်းနေကြတယ်”

“ချန်ကော်ပိုရေးရှင်းနဲ့ ကုကော်ပိုရေးရှင်း ကြားမှာ ကုကော်ပိုရေးရှင်းက အမြတ်ပိုရှိတာလေ။ ဘယ်လိုလူကများ ကုကော်ပိုရေးရှင်းကို စွန့်ပြီး ချန်ကော်ပိုရေးရှင်းကို ရွေးချယ်ရဲတာလဲ”

နန်ချင်ဝမ် ဝေခွဲမရစွာဖြင့် မေးလိုက်၏။

သူမသည် စီးပွားရေးကိစ္စရပ်များကို အများကြီး နားမလည်သော်လည်း ချန်ကော်ပိုရေးရှင်းနှင့် ကုကော်ပိုရေးရှင်းအကြား မည်သည့်အဖွဲ့အစည်းက ပိုမို အင်အားကြီးသည်ဟူသောအချက်ကိုမူ အနည်းငယ် သိရှိထားလေ၏။

‘ဘယ်လိုလူကများ အင်အားကြီးတဲ့နေရာကို စွန့်ပြီး ဘာမဟုတ်တာနဲ့ သွား ပူးပေါင်းမှာလဲ’

ဤအကြောင်းအရာကို ဆွေးနွေးသည့်အခါ ကုရှီချန်းကိုယ်တိုင်လည်း အလွန်အမင်း ဇဝေဇဝါ ဖြစ်နေရ၏။

“ယုတ္တိရှိရှိ ပြောရရင်တော့ အဲဒီအတိုင်း ဖြစ်နေတာပါပဲ၊ ဒါပေမဲ့ အဲ့ဒီစီးပွားဖက်တွေက သူတို့အမြတ် အရှုံးခံပြီးတော့ကို ချန်ကော်ပိုရေးရှင်းကို ရွေးချယ်ချင်နေကြတာ”

ကုရှီချန်း ဤသို့ပြောလိုက်သည်နှင့် နန်ချင်ဝမ်တစ်ယောက် ဆွံ့အသွားရတော့သည်။

ဤလူများအားလုံး လူပိန်းများ ဖြစ်ကုန်ကြပြီလော။

နန်ချင်ဝမ်နှင့် ကုရှီချန်းတို့ အကြောင်းအရင်းကို မသိကြသော်လည်း ယဲ့ယီကမူ သိရှိနေသည်။

အခန်း(၂၀၆)

၎င်းမှာ ချန်ထျန်မင်း၏ “ဇာတ်လိုက်အရှိန်အဝါ” က အစွမ်းပြနေခြင်းဖြစ်ကြောင်း အလွန်ထင်ရှားလှပေသည်။

ယဲ့ယီ စနစ်နှင့် စိတ်ထဲကနေ ဆက်သွယ်လိုက်သည်။

“စနစ်.. နင် ချန်ထျန်မင်းရဲ့ ဇာတ်လိုက်အရှိန်အဝါကိုပါ ပိတ်ဆို့ပေးလို့ မရဘူးလား”

စနစ်ကမူ သွေးအေးစွာဖြင့် ပြန်လည်ဖြေကြား၏။

“မရပါဘူး။ မလုပ်နိုင်ဘူး”

ယဲ့ယီ အလွန်အမင်း အကူအညီမဲ့သွားရသည်။ သူမ ကုရှီချန်း၏ စွမ်းဆောင်ရည်ကို ယုံကြည်ပါသော်လည်း….

လူသားတို့၏ ကြိုးပမ်းအားထုတ်မှုသည် စိတ်ကူးယဉ်ဆန်သော အရာများနှင့် တကယ်ပင် ယှဉ်ပြိုင်နိုင်ပါမည်လော။

အမှန်တွင် ယဲ့ယီ ကုရှီချန်းကို စနစ်အကြောင်း ပြောပြရန် စဉ်းစားခဲ့ဖူး၏။ ထိုသို့ဖြင့် သူတို့အတူတကွ နည်းလမ်းတစ်ခုခု ရှာဖွေနိုင်မည်ဟု တွေးခဲ့ဖူးသည်။

သို့သော် စနစ်က အကယ်၍ ဤကမ္ဘာပေါ်က မည်သူမဆို စနစ်၏တည်ရှိမှုကို သိရှိသွားပါက ထိုသူသည် အပြီးတိုင် ဖျက်ဆီးခြင်း ခံရလိမ့်မည် ဟုပြောခဲ့၏။

ထို့ကြောင့် ယဲ့ယီ ဤစိတ်ကူးကို စွန့်လွှတ်လိုက်ရခြင်း ဖြစ်သည်။

“ရှင်ပြောတာကို ကြားရတာ တကယ်လက်တွေ့မကျသလိုခံစားရတယ်။ ဒါဆို နောက်ကျရင် ချန်ကော်ပိုရေးရှင်းနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို ရှောင်သင့်တယ်”

ယဲ့ယီ စနောက်သည့်လေသံဖြင့် ပြောလိုက်၏။

ကုရှီချန်းအနေဖြင့် သူမ၏ စကားလုံးများနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်နိုင်ပါစေဟုသာ သူမ မျှော်လင့်မိတော့သည်။

နန်ချင်ဝမ် ဝင်ပြောလေသည်။

“ပြောရဦးမယ်၊ အဲဒါက တကယ်ပဲ လက်တွေ့မကျဖူးလို့ ကျွန်မလည်း ခံစားရတယ်။ ဂျက်နီစစ် မီဒီယာလည်း ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းနဲ့ ထိပ်တိုက်တွေ့တဲ့ အကြိမ်တိုင်း သေချာပေါက် ပြဿနာတစ်ခုခု ရှိနေတတ်တာပဲ”

နန်ချင်ဝမ်နှင့် ယဲ့ယီတို့ ပြောဆိုပြီးနောက်တွင် ကုရှီချန်းတစ်ယောက် လေးနက်စွာ တွေးတောမိသွားတော့သည်။

အတိတ်က သဘာဝလွန်စွမ်းအားများအကြောင်း ပြောဆိုချက်များကို သူ လုံးဝမယုံကြည်ခဲ့ချေ။ သို့သော်လည်း ယဲ့ယီ၏ စိတ်ကူးအတွေးများကို ကြားနိုင်ခဲ့သည့် အချိန်ကစ၍ သူ ဤကိစ္စရပ်များကို အနည်းငယ် စတင်လေ့လာစုံစမ်းခဲ့ဖူး၏။

ကုရှီချန်း၏ တွေးတောနေသော ပုံစံကို ကြည့်ပြီး ကုရှီချန်း၏ ဉာဏ်ရည်ဉာဏ်သွေးနှင့်ဆိုလျှင် သူမ ဆိုလိုသည့်အရာကို သေချာပေါက် နားလည်လိမ့်မည်ကို ယဲ့ယီ သိလိုက်၏။

ထို့ကြောင့် သူမ စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။

“နားချိန်မှာ အလုပ်ကိစ္စတွေကို မဆွေးနွေးကြပါနဲ့ဦး၊ အရင်ဆုံး စားကြရအောင်”

ကုရှီချန်း ခေါင်းညိတ်လိုက်၏။

ထို့နောက် သူတို့ စတင်စားသောက်ကြတော့သည်။

ဟန်ဆောင်ရမည့် ပုံစံ၏ ကန့်သတ်ချက်များ မရှိတော့သဖြင့် ယခုတစ်ကြိမ်တွင်မူ ကုစဲ့အတွက် ဟင်းပွဲများကို ယဲ့ယီ ပွင့်ပွင့်လင်းလင်း ခပ်ထည့်ပေးနိုင်ခဲ့၏။

ကုစဲ့ကမူ အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားပြီး မျက်ရည်ပင် ဝဲလုမတတ် ဖြစ်သွားရ၏။

သူ ယခင်က ယဲ့ယီ၏ အတွေးများကို ကြားနိုင်ခဲ့ဖူးသည် ဆိုသော်ငြားလည်း ထိုအရာမှာ ယခုကဲ့သို့ ဗြောင်ကျကျနှင့် ပွင့်ပွင့်လင်းလင်း သူ့အပေါ် ကောင်းပြပေးသည့်အရာနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်ပေ။

လူကြီးများကလည်း စုမန်အကြောင်းကို ထည့်သွင်းပြောဆိုခြင်းမပြုရန် နားလည်မှု ရှိထားကြသည်။

သူမကို လုံးဝမတည်ရှိခဲ့ဖူးသကဲ့သို့ သဘောထား ထား၏။

စားသောက်ပြီးနောက် ယဲ့ယီ နန်ချင်ဝမ်နှင့် နန်ကျားကျားတို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့၏။

ကုရှီချန်းသည် ဒရိုင်ဘာကို ကုစဲ့အား အိမ်သို့ ပြန်လည်ပို့ဆောင်ခိုင်းပြီး သူကိုယ်တိုင်ကမူ သူတို့ကို အိမ်အထိ လိုက်လံပို့ဆောင်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ယဲ့ယီက ငြင်းပယ်ခဲ့သည်။

ယခုအချိန်သည် ကုစဲ့၏ စိတ်အခြေအနေ ထိခိုက်ခံမရဆုံး အချိန်ဖြစ်သဖြင့် ကုရှီချန်း၏ အနီးကပ်စောင့်ရှောက်မှုကို သူ အလိုအပ်ဆုံးသူ ဖြစ်လေသည်။

ကုအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ကုရှီချန်းကုမ္ပဏီကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် စာကြည့်ခန်းသို့ ထွက်လာခဲ့၏။

သူ စာကြည့်ခန်းတွင် အလုပ်လုပ်နေစဉ်မှာပင် တံခါးကြားမှ ခေါင်းလေးတစ်လုံး ရုတ်တရက် ပြူထွက်လာခဲ့သည်။

“ဝင်ခဲ့လေ”

ကုရှီချန်း ခေါင်းကိုပင် မော့မကြည့်သော်လည်း မည်သူဖြစ်သည်ကိုမူ သိပြီးသား ဖြစ်သည်။

ကုစဲ့ ဝင်လာပြီးနောက်တွင် တံခါးကို ပြန်ပိတ်လိုက်ပြီး ကုရှီချန်း၏ ဘေးနားသို့ လျှောက်သွားခဲ့၏။

“ညဉ့်နက်သန်းခေါင်ကြီး မအိပ်ဘဲနဲ့ အဖေ့ဆီကို ဘာလာလုပ်တာလဲ”

ကုရှီချန်း လက်ထဲက စာရွက်စာတမ်းများကို ကိုင်တွယ်ရင်း မေးလိုက်၏။

ကုစဲ့ ကုရှီချန်းကို တစ်ချက်ကြည့်ပြီး သတိကြီးစွာ မေးလိုက်လေ၏။

“ဖေဖေ.. ဖေဖေက နောက်ကျရင် မေမေ့ကို လက်ထပ်မှာလား”

ကုရှီချန်း လက်ထဲက စာရွက်စာတမ်းများကို ချထားလိုက်ပြီး တိုးညင်း သောအသံဖြင့် မေးလိုက်သည်။

“မင်းက ဘယ်မေမေကို ပြောတာလဲ”

ကုရှီချန်း စိတ်ထဲမှ တွေးလိုက်မိသည်မှာ အကယ်၍ ကုစဲ့က စုမန်အကြောင်းကို ပြောခြင်းဖြစ်ပါက သူ သူ့ကို ချက်ချင်းပင် အပြင်သို့ လွှင့်ပစ်လိုက်မည် ဖြစ်၏။

ကျေးဇူးကန်းတတ်သော ကောင်လေးကို အနားတွင် ထားနေစရာ မလိုပေ။

ကံကောင်းသည်မှာ ကုစဲ့၏အဖြေက ကုရှီချန်းကို စိတ်ပျက်မသွားစေခဲ့ပေ။

ကုစဲ့ တိုးညှင်းစွာ ပြောလိုက်သည်။

“မေမေ ယဲ့ယီကိုပါ”

“မင်းက ဘာဖြစ်လို့ အဲဒါကို မေးတာလဲ”

ကုရှီချန်းက ထိုခေါင်းသေးသေးလေးထဲတွင် သူ ဘာတွေးနေသည်ကို မသိသဖြင့် ကုစဲ့ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်၏။

ကုစဲ့ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလေသည်။

“သား အတွက်ကြောင့်နဲ့ ဖေဖေက မေမေ စုမန်ကို လက်ထပ်လိမ့်မယ်လို့ တချို့လူတွေ ပြောနေကြတာကို ကြားမိလို့ပါ”

ကုရှီချန်း ရုတ်တရက် ရယ်မောလိုက်တော့သည်။

“အဖေက မင်းအတွက်ကြောင့်နဲ့ အဖေ့ရဲ့ တစ်သက်တာ ပျော်ရွှင်မှုကို စွန့်လွှတ်မဲ့အဆင့်အထိတော့ မရောက်သေးပါဘူး”

“ဒါပေမဲ့ သူတို့ပြောတော့ ဖေဖေက ကျွန်တော့်ဖေဖေအရင်းကို မေမေ စုမန်ကို သေသေချာချာ စောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့ဖူးတယ်ဆို”

ကုရှီချန်းသည် ကုစဲ့လေး၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို ကြည့်ပြီး သူခေါင်းကို ပုတ်ပေးကာ မေးလိုက်၏။

“ဒါဆို မင်းကကော ဘယ်လိုလဲ။အဖေကို မင်းရဲ့ မေမေ စုမန်နဲ့ လက်ထပ်စေချင်တာလား။ ဒါမှမဟုတ် မင်းရဲ့ မေမေ ယဲ့ယီကိုလား”

ကုစဲ့သည် ကုရှီချန်းက ဤမေးခွန်းကို သူ့ထံသို့ ပြန်လည် ဉီးတည်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ခဏမျှ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်။

အချိန်အတော်ကြာမှ သူ အလွန်လေးနက်စွာ ပြောလိုက်၏။

“ဖေဖေက မေမေ ယဲ့ယီကို သဘောကျတာပဲ၊ ဖေဖေက မေမေ ယဲ့ယီကိုပဲ လက်ထပ်သင့်ပါတယ်”

ကုရှီချန်း ပြုံးလိုက်ပြီး ကုစဲ့၏ခေါင်းကို မြတ်နိုးစွာ ပွတ်သပ်ပေးလိုက်၏။

ဤကောင်လေးကို သူ ပျိုးထောင်ခဲ့ရသည်မှာ ကောင်းမွန်သည်ဟု ဆိုရပေမည်။

ကုရှီချန်း ကုစဲ့ကို အကျိုးအကြောင်းဖြင့် အမှန်တရားကို လေးနက်စွာ ရှင်းပြလေတော့သည်။

“အိမ်ထောင်ပြုတယ်ဆိုတာ အရမ်းလေးနက်တဲ့ ကိစ္စတစ်ခုပဲ၊ ဘာလို့လဲဆိုတော့ မင်းက မင်းရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး အတူတူ ဖြတ်သန်းသွားမယ့် လူတစ်ယောက်ကို ရွေးချယ်ရမှာမလို့ပဲ”

အိမ်ထောင်ရေးဆိုသည်မှာ အပြန်အလှန် ချစ်ခင်ကြသည့် လူနှစ်ဦးက မိသားစုသေးသေးလေးတစ်ခုကို အတူတကွ တည်ဆောက်ကြခြင်း ဖြစ်၏။

အချစ်မပါသော အိမ်ထောင်ရေးသည် မပျော်ရွှင်နိုင်ပေ။ထို့ကြောင့် သဘောကျသော လူကိုသာ လက်ထပ်သင့်သည်။

အကယ်၍ သင်က ဖြစ်သလိုပင် အခြေချလိုက်မည်ဆိုပါကဆို ထို အိမ်ထောင်ရေးမျိုးမှာ အခွံသက်သက်ပင် ဖြစ်နေလိမ့်မည်။

ကုစဲ့ ကုရှီချန်းကို နားလည်သလိုလိုနှင့် မရေမရာ ကြည့်နေမိ၏။

အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ဤအရာကို နားလည်နိုင်လိမ့်မည်ဟု ကုရှီချန်း မမျှော်လင့်ထားပေ။

“သားမှာ သဘောကျတဲ့ လူတစ်ယောက် ရှိလာတဲ့အခါကျရင် သား သိလာလိမ့်မယ်”

ဇာတ်လမ်းအစပိုင်းက ကုရှီချန်းလိုမျိုးပင်၊ သူသည် အိမ်ထောင်ရေးကို ဘယ်သောအခါမှ လေးလေးနက်နက် မစဉ်းစားခဲ့ဖူးချေ။

ယဲ့ယီကို လက်ထပ်ခဲ့ခြင်းမှာလည်း မိသားစုနှစ်ခုအကြားက ခင်မင်ရင်းနှီးမှုကြောင့်သာ ဖြစ်သည်။

အကယ်၍ ထိုစဉ်က အဖြစ်အပျက်သာ ဖြစ်မလာခဲ့ပါက သူ ယဲ့ယီနှင့် တစ်ဦးကိုတစ်ဦး ရိုသေလေးစားမှုရှိသော ဘဝတစ်ခုကိုသာ ထာဝရ ဖြတ်သန်းသွားခဲ့ရပေလိမ့်မည်။

ကုစဲ့၏ ခေါင်းသေးသေးလေးထဲတွင် မေးခွန်းကြီးတစ်ခု ရှိနေဆဲ ဖြစ်၏။

‘သဘောကျရတဲ့ လူဆိုတာ တကယ်တော့ ဘယ်လိုမျိုးလဲ’

မကြာမီ တနင်္လာနေ့သို့ ရောက်ရှိလာခဲ့လေပြီ။

အစီအစဉ်ရိုက်ကူးရေးအဖွဲ့၏ ရိုက်ကူးရေးကွင်းပြင်သို့ ယဲ့ယီ ချောမောစွာ ရောက်ရှိလာခဲ့၏။

ရိုက်ကူးရေး မစတင်မီမှာပင် ယဲ့ယီ ရှန်ဟောင်ကို ရှာဖွေရန် အရင်ဆုံး ထွက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လေ့ကျင့်ရေးစခန်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် မိုဘိုင်းလ်ဖုန်းများကို သိမ်းဆည်းခြင်း ခံရသောကြောင့် ရှန်ဟောင်သည် ယဲ့ယီ လာမည်ကို မသိရှိခဲ့ပေ။

ထို့ကြောင့် သူ ယဲ့ယီကို မြင်လိုက်ရသည့်အခါ အလွန်အမင်း အံ့ဩသွားလေ၏။ ထို့အပြင် ယဲ့ယီက သူတို့ကို အပြစ်တင်ရန် လာရောက်ခြင်းဖြစ်သည်ဟု ထင်မှတ်သွားမိ၏။

“ဥက္ကဌယဲ့” ရှန်ဟောင်သည် ကျန်ရှိနေသေးသော အသင်းဖော်နှစ်ဦးကို ဦးဆောင်ကာ ယဲ့ယီကို နှုတ်ဆက်ရန် ရှေ့သို့ လှမ်းလာခဲ့သည်။

ကျန်ရှိနေသော လူသုံးဦးကို ကြည့်ပြီး ယဲ့ယီ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိ၏။

ယဲ့ယီ၏ ဤသက်ပြင်းချသံက ထိုလူသုံးဦးကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။

ရှန်ဟောင်ကလွဲ၍ ကျန်သည့်နှစ်ယောက်ကမူ ခေါင်းကို ငုံ့ထားကြပြီး ယဲ့ယီကို မော့ပင်မကြည့်ဝံ့ကြပေ။

ခေါင်းရှောင်ရင်လည်း တစ်ချက်၊ ခေါင်းမရှောင်ရင်လည်း တစ်ချက်ဟု တွေးမိသဖြင့် ရှန်ဟောင် ယဲ့ယီကို တိုက်ရိုက်ပင် တောင်းပန်လိုက်တော့၏။

“ဥက္ကဌယဲ့.. ကျွန်တော်တို့ တောင်းပန်ပါတယ်”

ကျန်ရှိနေသော အသင်းဖော်နှစ်ဦးကလည်း ရှန်ဟောင်၏နောက်က လိုက်ပြီး အော်ပြောလေကြသည်။

“ဥက္ကဌယဲ့.. ကျွန်တော်တို့ တောင်းပန်ပါတယ်”

ကံကောင်းသည်မှာ ဤနေရာသည် သူတို့အဖွဲ့ လေ့ကျင့်သည့် နေရာဖြစ်နေ၏။

သို့မဟုတ်ပါက ယဲ့ယီအနေဖြင့် တကယ်ကို မျက်နှာပြစရာ ရှိတော့မည်မဟုတ်ပေ။

“မင်းတို့က ဘာအတွက် တောင်းပန်နေကြတာလဲ”

ယဲ့ယီ ထိုသုံးယောက်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်မိ၏။

“ဥက္ကဌယဲ့.. ကျွန်တော်တို့ ဒီတစ်ခေါက် ပြိုင်ပွဲမှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ကြဘူး”

ရှန်ဟောင် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

ယဲ့ယီသည် နောက်ဆုံး၌ သူတို့ ဘာဖြစ်နေကြသည်ကို နားလည်သွားတော့၏။

“အစ်မ သက်ပြင်းချတာက မင်းတို့ကြောင့် မဟုတ်ပါဘူး၊ အများကြီး မတွေးကြပါနဲ့”

ယဲ့ယီ သက်ပြင်းချရသည့် အကြောင်းအရင်းမှာ အမှန်ပင် သူတို့ကြောင့် မဟုတ်ပေ။

လန်ရွှယ်၏ ဇာတ်လိုက်အရှိန်အဝါသာ မရှိခဲ့ပါက သူမ၏ ယောက်ျားလေးအဖွဲ့သည် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလာလိမ့်မည်မဟုတ်ကြောင်း သူမတွေးပြီး ညည်းတွားမိခြင်းသာ ဖြစ်၏။

ယဲ့ယီက သူတို့ကို အပြစ်တင်ရန် လာခြင်းမဟုတ်ကြောင်း ကြားလိုက်ရသဖြင့် သူတို့ စိတ်သက်သာရ ရသွား၏။သို့သော်လည်း သူတို့ စိတ်ဓာတ်ကျနေဆဲပင်။

“ကျွန်တော်လည်း ဘာလို့လဲတော့မသိဘူး၊ ဒါပေမဲ့ ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းက အဖွဲ့တွေနဲ့ တွေ့တဲ့ အကြိမ်တိုင်းမှာ ကျွန်တော်တို့ သေချာပေါက် ရှုံးရတာပဲ။ ကျွန်တော်တို့ အရင်က အကြိမ်ကြိမ် အခါခါ လေ့ကျင့်ထားခဲ့ရင်တောင်မှ အရေးကြီးတဲ့ အချိန်ကျရင် ပြဿနာတစ်ခုခုက သေချာပေါက် ရှိနေတတ်တယ်”

ရှန်ဟောင် မကျေမနပ်ဖြင့် ပြောလိုက်၏။

သူသည် အသင်းခေါင်းဆောင်တစ်ဦးအနေဖြင့် စင်ပေါ်မတက်မီ အကြိမ်တိုင်းတွင် သူ၏အသင်းဖော်များကို ဦးဆောင်ကာ သေသေချာချာ လေ့ကျင့်လေ့ရှိ၏။

ယုတ္တိရှိရှိ ပြောရလျှင် မည်သည့်ပြဿနာမျှ မရှိသင့်ပေ။

သို့သော် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းက အဖွဲ့များနှင့် တွေ့သည့်အခါတိုင်းတွင် သေချာပေါက် ပြဿနာတစ်ခုခု ရှိနေတတ်ပြန်၏။

ထို့အပြင် ရှန်ဟောင်သည် အခြားအဖွဲ့များနှင့် တွေ့ဆုံသည့်အခါတွင် မည်သည့်ပြဿနာမျှ မရှိတတ်ကြောင်းကိုလည်း သတိပြုမိခဲ့၏။

ရှန်ဟောင်သည် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းက လူများက သူတို့ကို ပစ်မှတ်ထားရန်အတွက် တစ်စုံတစ်ရာသော အောက်လမ်းနည်း များကို အသုံးပြုထားခြင်းလောဟုပင် သံသယဝင်မိနေတော့၏။

“နောက်ကျရင် အဲဒီလိုမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး”

ယဲ့ယီ သူတို့ကို နှစ်သိမ့်ပေးလိုက်၏။

သို့သော် ယဲ့ယီ ဤသို့ပြောလိုက်သည့်အခါ သူတို့ မျက်နှာများ ပို၍ပင် ပျက်ယွင်းသွားကြတော့သည်။

ဤတစ်ခေါက်သည် နောက်ဆုံးပွဲစဉ် ဖြစ်နေပြီဖြစ်သဖြင့် တကယ်ပင် နောက်နောင်ဆိုတာ ရှိနိုင်ပါဦးမည်လော။

သူတို့၏ စိတ်ပျက်အားငယ်နေသော ပုံစံကို ကြည့်ပြီး ယဲ့ယီက ပြုံးကာ ပြောလိုက်လေ၏။

“စိတ်ဓာတ်မကျပါနဲ့၊ အစ်မ မင်းတို့ကို ကျောထောက်နောက်ခံပေးဖို့ လာခဲ့တာပဲ”

“ဥက္ကဌယဲ့.. အစ်မက ကျွန်တော်တို့ကို ကယ်တင်ဖို့အတွက် ပိုက်ဆံသုံးခဲ့တာလား”

ရှန်ဟောင်၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ယဲ့ယီသည် သူတို့ကို ကယ်တင်ရန်အတွက် ပိုက်ဆံသုံးပြီး ကြိုးဆွဲပေးခဲ့သည်ဟူသောအချက်ပင် ဖြစ်၏။

ယဲ့ယီ “...”

‘ဒါက ဘာစကားလဲ၊ ဘာကို ဆိုလိုတာလဲ’

“အဟမ်း အဟမ်း”

ယဲ့ယီ အသာအယာ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး အလွန်လေးနက်စွာ ပြောလိုက်တော့သည်။

“နောက်ကျရင် အစ်မက ဒီအစီအစဉ်မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်သွားမှာလေ”

ယဲ့ယီ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တိတ်ဆိတ်သွားကြတော့သည်။

ရှန်ဟောင်သည် ယဲ့ယီကို စကားပြောချင်သော်လည်း အောင့်ထားရသည့် ပုံစံမျိုးဖြင့် ကြည့်နေမိ၏။

‘တွေ့လား၊ ငါ သိသားပဲ၊ ယဲ့ယီက သေချာပေါက် ပိုက်ဆံသုံးခဲ့တာပဲ’

“ဒါက ဘာမျက်နှာပေးတွေလဲ”

ယဲ့ယီ သူတို့၏ ထူးဆန်းသော မျက်နှာအမူအရာများကို ကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။

“ဥက္ကဌယဲ့.. အစ်မက ဒီအကဲဖြတ်ဒိုင်အဖြစ် လုပ်မယ်ဆိုတာ သေချာလို့လား”

ရှန်ဟောင် အမှတ်မထင်ဘဲ အမှန်တရားကို ဗြောင်ကျကျ ထုတ်ပြောမိသွားတော့သည်။

ရှန်ဟောင် ယဲ့ယီကို အထင်သေး၍ မဟုတ်ပေ။

အဓိကအားဖြင့် ဤအစီအစဉ်၏ ဖိတ်ကြားခံဧည့်သည် သုံးဦးစလုံးသည် ဂီတ သို့မဟုတ် အကပညာရပ်တွင် အောင်မြင်မှု အသီးသီး ရှိကြသူများ ဖြစ်သောကြောင့်ပင်။

လန်ရွှယ် မင်းသမီးတစ်ယောက် ဖြစ်သည်ဆိုသော်လည်း သူမသည် ငယ်စဉ်ကတည်းက အကပညာကို သင်ယူခဲ့ဖူးပြီး ဆုတံဆိပ် တော်တော်များများကိုလည်း ဆွတ်ခူးထားခဲ့ဖူးသူ ဖြစ်လေ၏။

All Chapters