← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အပိုင်း (၂၀၇)

ငွေးသုံး၍ မသမာသော နည်းဖြင့် ရောက်လာသူတစ်ဦးအနေဖြင့် ယဲ့ယီ စိတ်ထဲတွင် အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားနေရ၏။

သို့သော်လည်း သူဌေးတစ်ယောက်အနေဖြင့် သူမ ထိုအချက်ကို အခုအချိန်တွင် ဝန်ခံ၍ မဖြစ်ပေ။

“အစ်မက မင်းတို့ကို ကျောထောက်နောက်ခံပေးဖို့ သက်သက်ပဲ လာခဲ့တာပါ”

ယဲ့ယီ ဖြောင့်မတ်မှန်ကန်လှသောအမူအရာဖြင့် ပြောလိုက်သည်။

ထိုသုံးဦးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားဝမ်းနည်းသွားကြတော့၏။

သူတို့သူဌေးသည် မည်သည့်အရာကိုမျှ သိနားလည်ပုံမရသော်ငြားလည်း သူတို့အပေါ်တွင်မူ တကယ် ကောင်းရှာပေသည်။

“ဒါပေမဲ့ ဒီအစီအစဉ်က အကဲဖြတ်ဒိုင်တွေက မသမာမှုလုပ်ဖို့ နည်းလမ်းမရှိဘူးဗျ”

ရှန်ဟောင် အမှတ်မထင်ဘဲ အမှန်တရားကို ထုတ်ပြောမိသွားပြန်၏။

အကဲဖြတ်ဒိုင်များသည် သင့်တော်သော ဝေဖန်သုံးသပ်ချက်များကို ပေးရုံသက်သက်၊ အလှပြရုံသက်သက်သာ ရှိနေခြင်းဖြစ်သည်ဟုပင် ဆိုနိုင်သည်။

ဤအစီအစဉ်သည် အင်တာနက်တစ်ခွင်လုံး၏ မဲပေးမှုစနစ်ကို အသုံးပြုထားခြင်း ဖြစ်သည်။

အကဲဖြတ်ဒိုင်တစ်ဦးစီတွင် မဲငါးမဲစီ ရှိကြသည်ဆိုသော်လည်း ထိုမဲငါးမဲမှာ အခြေခံအားဖြင့် အသုံးမဝင်လှပေ။

အဘယ့်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် အသင်းနှစ်သင်း၏ အဆင့်သတ်မှတ်ချက်များအကြားတွင် အနည်းဆုံး မဲရာချီလောက် ကွာခြားလေ့ရှိသောကြောင့် ဖြစ်၏။

အကယ်၍ ကွာခြားချက်မှာ တကယ်ပဲ ငါးမဲ သို့မဟုတ် ခြောက်မဲခန့်သာရှိခဲ့ပြီး အကဲဖြတ်ဒိုင်တစ်ယောက်က တစ်စုံတစ်ခုကို ကြိုးကိုင်ရန် ကြိုးစားပါက အင်တာနက်အသုံးပြုသူများက မဲပေးမှုကို ပြန်လည်စတင်ရန် လျှောက်ထားနိုင်ကြသည်။

“မင်းက ဘာတွေတွေးနေတာလဲ။ ငါက မသမာမှုလုပ်မဲ့ လူမျိုးလား”

ယဲ့ယီ ရှန်ဟောင်၏ ခေါင်းကို ခပ်ဖွဖွလေး တစ်ချက်ပုတ်လိုက်၏။

ရှန်ဟောင် စကားပြန်မပြောသော်လည်း သူ့မျက်လုံးများကမူ သူ့ရင်ထဲက အတွေးများကို ဖော်ပြနေသည်။

ရှန်ဟောင် လေးနက်စွာ ပြောလိုက်သည်။

“ဥက္ကဋ္ဌယဲ့.. ဒီပွဲစဉ်မှာ ကျွန်တော်တို့က ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းက အဖွဲ့ကို စိန်ခေါ်ရမှာနော်”

သူ၏အသင်းဖော်နှစ်ဦးမှာ ခေါင်း ငုံ့ထားကြ၏။

သူတို့တစ်တွေ ထပ်မံရှုံးနိမ့်ရဦးမည်ကို သေချာနေကြသည့်ပုံစံမျိုး ဖြစ်နေ၏။

သူတို့ ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့နှင့် ထိပ်တိုက်တွေ့သည့် အကြိမ်တိုင်းတွင် မည်သည့်အခါမှ မနိုင်ခဲ့ဖူးချေ။

သူတို့တွေ ကွယ်ရာတွင် အသည်းအသန် ကြိုးစားလေ့ကျင့်နေခဲ့ကြသော်လည်း ရလဒ်မှာ ဘယ်သောအခါမှ မပြောင်းလဲခဲ့ပေ။

ယခုအခါ သူတို့ ယုံကြည်မှု လုံးဝ ပျောက်ဆုံးနေခဲ့ကြလေပြီ။

ရှန်ဟောင်အတွက်လည်း ထို့အတူပင် ဖြစ်၏။ အတိတ်တုန်းက သူသည် အသင်းဖော်များကို ဤအရာအားလုံးက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်နိုင်ကြောင်း ပြောပြီး နှစ်သိမ့်ပေးခဲ့ဖူးသည်။

သို့သော် ယခုအခါတွင်မူ သူ ကိုယ်ကိုယ်ကိုယ်ယ်ပင် လိမ်ညာ၍ မရတော့ပေ။

“ဥက္ကဌယဲ့.. ကျွန်တော် ဥက္ကဌရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေခဲ့ပါပြီ”

ရှန်ဟောင် တိုးညှိသောအသံဖြင့် ပြောလိုက်၏။

ယဲ့ယီ သူ့ကို မည်မျှအထိ တန်ဖိုးထားသည်ကို သူ သိ၏။ထို့အပြင် ယဲ့ယီက သူ့ကို ယုံကြည်မှု ရှိလာအောင် လုပ်ပေးခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဤအခြေအနေနှင့် ရင်ဆိုင်ရခြင်းကြောင့် သူကိုယ်သူ အပြစ်တင်နေမိ၏။ သူတို့အဖွဲ့ ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းထက် နိမ့်ကျသည်ဟု ဘယ်သောအခါမှ မထင်ခဲ့ဖူးချေ။

အကယ်၍ မတော်တဆမှုများ ဖြစ်မလာခဲ့ပါက သူတို့ သေချာပေါက် နိုင်နိုင်စွမ်း ရှိသည်။

သို့သော် ရှန်ဟောင်သည် ယခုအချိန်တွင် ထိုစကားလုံးများကို ထုတ်ပြောရန် မျက်နှာမရှိတော့ပေ။

ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းသာ ဖြစ်လေ၏။

ကျန်သည့်အရာများမှာ ဆင်ခြေသက်သက်သာ ဖြစ်ပေလိမ့်မည်။

ယဲ့ယီ ရှန်ဟောင်၏ ပခုံးကို ပုတ်ပေးလိုက်သည်။

“ဒါက မင်းရဲ့အမှားမဟုတ်ပါဘူး။ ဒီတစ်ခေါက်တော့ သေသေချာချာသာ ပြင်ဆင်ထား၊ဘာမတော်တဆမှုမှ ဖြစ်မလာစေရဘူးလို့ အစ်မ အာမခံတယ်”

ရှန်ဟောင်နှင့် အခြားသူများ၏ သူတို့ကိုယ့်သူတို့ အပြစ်တင်နေမှုကို ကြည့်ရင်း ယဲ့ယီလည်း စိတ်ထဲတွင် အလွန်အမင်း မသက်မသာ ဖြစ်မိသည်။

အဘယ့်ကြောင့်ဆိုသော် ဤအရာသည် နောက်ဆုံးတွင် သူမနှင့် သက်ဆိုင်နေရသောကြောင့်ပင်။

ရှန်ဟောင်သည် သူတို့ ပြီးခဲ့သည့် အကြိမ်အနည်းငယ်တုန်းကလည်း ဤကဲ့သို့တွေးခဲ့ကြဖူးသော်လည်း ရလဒ်မှာ အမြဲတမ်း အတူတူဖြစ်ကြောင်းကို ယဲ့ယီအား ပြောပြချင်နေမိသည်။

သို့သော်လည်း ယဲ့ယီ၏ ယုံကြည်မှုအပြည့်ရှိသော မျက်ဝန်းများကို ကြည့်ပြီး ရှန်ဟောင် နောက်ဆုံးတွင် ထိုစကားကို ထုတ်မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်တော့၏။

“စိတ်အေးအေးထားပါ၊ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီး မပေးကြနဲ့။ ဆက်ပြီး လေ့ကျင့်ထားကြဦး၊ အစ်မကတော့ အခြားအကဲဖြတ်ဒိုင်တွေကို သွားကြည့်လိုက်ဦးမယ်”

ယဲ့ယီ သူတို့ကို နှစ်သိမ့်ပေးပြီးနောက် ထွက်ခွာလာခဲ့သည်။

သူမအနေဖြင့် သူမ၏မိတ်ဆွေဟောင်းကြီးကို သွားရောက်တွေ့ဆုံရန် ရှိသေးသည်မဟုတ်ပါလော။

သူမ ဤအစီအစဉ်တွင် ပါဝင်နေသည်ကို လန်ရွှယ်သေချာပေါက် သိရှိပြီးသား ဖြစ်လိမ့်မည်။

သူမ လန်ရွှယ်အား တွေ့သည့်အခါ လန်ရွှယ် မည်သို့ တုံ့ပြန်မည်ကို သိချင်နေမိ၏။

သို့သော်လည်း ယဲ့ယီ ခန့်မှန်းကြည့်စရာပင်မလိုဘဲ သိနေသည့် အချက်တစ်ချက်မှာ လန်ရွှယ် သူမကို သေချာပေါက် လှောင်ပြောင်ကဲ့ရဲ့လိမ့်မည်။

အကဲဖြတ်ဒိုင်များ နားနေသည့် နေရာသို့ ယဲ့ယီတိုက်ရိုက်ပင် ထွက်လာခဲ့တော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အကဲဖြတ်ဒိုင် သုံးဦးစလုံးမှာ ထိုနေရာတွင် ရှိနေကြ၏။

သူတို့ ယဲ့ယီကို မြင်လိုက်ရသည့်အခါ မျက်နှာများတွင် အထင်သေးမှုများ ထင်ဟပ်လာကြ၏။ အထူးသဖြင့် လန်ရွှယ်၏ မျက်ဝန်းများထဲတွင်မူ မုန်းတီးစက်ဆုပ်မှုများက လျှံထွက်လုမတတ် ဖြစ်နေခဲ့သည်။

“ဒီဘက်ခေတ်မှာတော့ ဘယ်သူမဆို အကဲဖြတ်ဒိုင် လုပ်လို့ရနေတာပဲ”

လန်ရွှယ် ယဲ့ယီကို ရည်ရွယ်ချက်ရှိရှိ ဝေ့ဝဲကြည့်ရင်း အခြားအကဲဖြတ်ဒိုင်နှစ်ဦးကို ပြောလိုက်၏။

အခြားအကဲဖြတ်ဒိုင်နှစ်ဦးလည်း ယဲ့ယီကို ပို၍ပင် အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ယဲ့ယီကမူ မည်သည့် မသက်မသာဖြစ်မှုကိုမျှ မခံစားရဘဲ အလွန်သဘာဝကျကျပင် သူတို့၏အနီးသို့ လျှောက်သွားခဲ့၏။

“မင်္ဂလာပါ အကဲဖြတ်ဒိုင်တို့။ ရွှယ်အာ.. မတွေ့ရတာ ကြာပြီနော်၊ ငါ့ကို သတိရနေလား”

ယဲ့ယီ လန်ရွှယ်၏ အနီးသို့ လျှောက်သွားပြီး အလွန်အမင်း ရင်းနှီးလှသော လေသံဖြင့် စကားဆိုလိုက်၏။

အခြေအနေကို သေသေချာချာ မသိသောလူဆိုလျှင် သူတို့နှစ်ဦးကို ဆက်ဆံရေး အလွန်ကောင်းမွန်ကြသည်ဟု ထင်မှတ်မှားစရာပင်။

လန်ရွှယ်၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားတော့၏။

‘ငါသာ နင့်ကို သတိရနေမယ်ဆိုရင် ငါ ရူးသွားလို့ပဲ ဖြစ်လိမ့်မယ်’

စင်နောက်ကွယ်တွင် ကင်မရာများ မရှိသဖြင့် လန်ရွှယ် ယဲ့ယီနှင့် ဟန်ဆောင်နေရန် အားမထုတ်တော့ပေ။

“ဘာလဲ ဥက္ကဌယဲ့။ နင့်ရဲ့ စုံတွဲအစီအစဉ်မှာ မအောင်မြင်တော့လို့ လူစိတ်ဝင်စားမှု ရအောင် ဒီကို လာရှာနေတာလား”

လန်ရွှယ် လှောင်ပြောင် သရော်လိုက်၏။

ယဲ့ယီ ခေါင်းခါလိုက်ပြီး လေးနက်စွာ ပြောလိုက်သည် ။

“ငါက ငါ့ရဲ့ ဝန်ထမ်းတွေကို ကျောထောက်နောက်ခံပေးဖို့ လာခဲ့တာ”

“ဖူးးး”

ထိုနေရာတွင် ရှိနေကြသော လူအချို့မှာ ဝုန်းခနဲ ရယ်မောမိသွားကြတော့သည်။

လန်ရွှယ် ယဲ့ယီကို ပို၍ပင် မထင်မဲ့မြင်ပြုသော အမူအရာဖြင့် ကြည့်လိုက်၏။

“နင်က မသမာတဲ့ လမ်းကြောင်းကို သုံးဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်။ ဒီအစီအစဉ်က နင် ကြိုးဆွဲလို့ရမဲ့ နည်းလမ်း လုံးဝမရှိဘူး”

“ငါတို့က အရည်အချင်းကိုပဲ အားကိုးတာပါ”

ယဲ့ယီ အလွန်လေးနက်နေဆဲ ပုံစံဖြင့် ပြောလိုက်သည်။

“ဟားဟားဟားဟား”

သူတို့ သုံးဦးစလုံး အကျယ်ကြီး ရယ်မောလိုက်ကြတော့၏။

“ပြုတ်တော့မဲ့ နင့်ရဲ့ ယောက်ျားလေးအဖွဲ့နဲ့တင် နင်က အရည်အချင်းအကြောင်း ပြောရဲသေးတယ်ပေါ့။ နင်ကတော့ ငါ့ကို ရယ်ရလွန်းပြီး သေအောင်သတ်နေတာပဲ”

လန်ရွှယ် မည်သည့်ချန်လှပ်မှုမျှမရှိဘဲ လှောင်ပြောင်လိုက်လေသည်။

“အချိန်ကျရင် နင် သိလာရမှာပါ”

ယဲ့ယီ လန်ရွှယ်နှင့် ပြိုင်ငြင်းရန် မရည်ရွယ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လူတိုင်းလည်း နောက်ဆုံးကျလျှင် သိရှိသွားကြမည်သာ ဖြစ်သည်။

ယဲ့ယီစကားကို လျှောက်ပြောနေခြင်းမျိုး မဟုတ်ပေ။

သူမ မလာခင်က ရှန်ဟောင်နှင့် အခြားသူများ၏ ပြိုင်ပွဲဗီဒီယိုများကို သေသေချာချာ ကြည့်ရှုခဲ့ဖူးသဖြင့် သူတို့တွင် စစ်မှန်သော အရည်အချင်း ရှိကြလေသည်။

သို့သော် အရေးကြီးသော အချိန် ရောက်လာသည့် အကြိမ်တိုင်းတွင် တစ်စုံတစ်ယောက်၌ အမြဲတမ်း ပြဿနာတစ်ခုခု ရှိနေတတ်၏။

၎င်းမှာ ရုတ်တရက် လဲကျသွားခြင်း သို့မဟုတ် အသံတုန်ခါ၍ ပျက်သွားခြင်းမျိုး ဖြစ်သည်။

ထို့အပြင် ဤအရာများသည် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့နှင့် ရင်ဆိုင်ရသည့်အခါမှသာ ဖြစ်ပွားလေ့ရှိပြီး အခြားအဖွဲ့များနှင့် ယှဉ်ပြိုင်သည့်အခါတွင်မူ သူတို့ဖျော်ဖြေမှုမှာ အလွန်ပြီးပြည့်စုံနေတတ်၏။

ဤအချက်က အရာအားလုံးသည် လန်ရွှယ်၏ ဇာတ်လိုက်အရှိန်အဝါ၏ လွှမ်းမိုးမှုများကြောင့် ဖြစ်နေရခြင်းဖြစ်ကြောင်း ပို၍ပင် အတည်ပြုပေးနေလေ၏။

တစ်ချိန်တည်းမှာပင် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့၏ အလုံးစုံသောစွမ်းဆောင်ရည်မှာ အဖွဲ့အားလုံးကြားတွင် ထူးထူးခြားခြား ထင်ပေါ်ကျော်ကြားနေခြင်းမျိုး မဟုတ်သော်လည်း သူတို့၏ ပြိုင်ဘက်များသည် အမြဲတမ်း သေးငယ်သော မတော်တဆမှုတစ်ခုခုကို ခံရလေ့ရှိသည်။

ထို့ကြောင့် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့သည် လက်ရှိတွင် အဆင့်အမြင့်ဆုံး ဖြစ်နေခဲ့ခြင်း ဖြစ်၏။

ယဲ့ယီ၏ ရဲတင်းလှသော စကားလုံးများကို လန်ရွှယ် လုံးဝမယုံကြည်ဘဲ သူမကို အထင်သေးသော အကြည့်တစ်ချက် ပေးလိုက်၏။

အခန်း(၂၀၈)

“နောက်ကျရင် ပိုပြီးတော့ အရှက်မရစေဖို့အတွက် နင့်ကို စောစောစီးစီး နှုတ်ထွက်လိုက်ဖို့ ငါ အကြံပြုချင်တယ်”

“ရွှယ်အာ ပြောတာ မှန်တယ်။ အကဲဖြတ်ဒိုင်တစ်ယောက် ဖြစ်လာရုံနဲ့ တစ်စုံတစ်ခုကို ပြောင်းလို့ရမယ်လို့ မင်း ထင်နေတာလား။ ပြုတ်ရမယ့်လူတွေကတော့ ပြုတ်ရဦးမှာပဲ။ မင်း ရောက်လာတာက သူတို့ကို ပိုပြီးတော့ ရယ်စရာဖြစ်အောင် လုပ်လိုက်သလိုပဲ”

အမျိုးသမီး အကဲဖြတ်ဒိုင်တစ်ဦးက ဝင်ပြောလိုက်၏။

အခြား အမျိုးသားအကဲဖြတ်ဒိုင်ကမူ စကားပြန်မပြောသော်လည်း လန်ရွှယ်၏ စကားလုံးများကို သေချာပေါက် ထောက်ခံနေသည့်ပုံစံမျိုး ဖြစ်နေ၏။

ထိုအမျိုးသမီးအကဲဖြတ်ဒိုင်သည် လုပ်ငန်းနယ်ပယ်အတွင်း ထင်ရှားကျော်ကြားသော အဆိုတော်တစ်ဦးဖြစ်ပြီး အမျိုးသားအကဲဖြတ်ဒိုင်မှာမူ ကမ္ဘာကျော် အကပညာရှင်တစ်ဦး ဖြစ်လေ၏။

အမျိုးသားအကဲဖြတ်ဒိုင်သည် အရည်အချင်းမရှိဘဲ ငွေဖြင့် ကြိုးကိုင်ချင်သည့် လူများကို အလွန်မုန်းတီးသူဖြစ်သဖြင့် သူ့မျက်စိထဲတွင် ယဲ့ယီသည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်နေသည်။

ယဲ့ယီ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူမသည် အကဲဖြတ်ဒိုင် သုံးဦးစလုံးကို စော်ကားလိုက်သကဲ့သို့ ဖြစ်သွား၏။

သို့သော်လည်း ယဲ့ယီသည် လန်ရွှယ် ဇာတ်လိုက်အရှိန်အဝါ၏ သက်ရောက်မှုများကို တန်ပြန်ရန်အတွက်သာ ဤအစီအစဉ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သဖြင့် အခြားသူများ ဘာပြောပြော သူမ လုံးဝ ဂရုမစိုက်ပေ။

သူတို့ ကြိုက်သလို ပြောနိုင်ကြသည်။ မည်သူမျှ သူမကို နာကျင်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ယဲ့ယီ ဘေးတစ်ဖက်သို့ လျှောက်သွားပြီး ထိုင်လိုက်၏။

လန်ရွှယ်နှင့် အကဲဖြတ်ဒိုင်နှစ်ဦးမှာမူ ယဲ့ယီ၏အနီးသို့ လုံးဝမကပ်ချင်ကြပေ။ အဆိပ်အတောက်တစ်ခုခုကို ရှောင်ရှားနေကြသကဲ့သို့ အခြားတစ်ဖက်တွင် သွားရောက်ထိုင်နေကြလေ၏။

ထိုအရာကို ယဲ့ယီ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သူမလည်း သူတို့နှင့် အနီးကပ် မရှိချင်ပေ။

တစ်ယောက်တည်း နေရသည်က ပို၍ပင် သက်တောင့်သက်သာ ရှိလှပေသည်။

အစီအစဉ် စတင်ရန် ဆယ်မိနစ်ခန့်သာ လိုတော့သည့်အချိန်တွင် သူတို့ မကြာမီ စင်ပေါ်သို့ တက်ကြရတော့လေမည်။

အစီအစဉ် စတင်သည်နှင့် ယဲ့ယီ သူတို့၏နောက်က လိုက်ပါကာ အကဲဖြတ်ဒိုင်များအတွက် သတ်မှတ်ထားသော ထိုင်ခုံများဆီသို့ ထွက်လာခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ယီ၏ ထိုင်ခုံမှာ လန်ရွှယ်၏ ဘေးတည့်တည့်တွင် ဖြစ်နေ၏။

လန်ရွှယ် စိတ်ထဲမှနေ၍ အလွန်အမင်း စက်ဆုပ်ရွံရှာနေမိသော်လည်း မျက်နှာပေါ်တွင်မူ ၎င်းကို ထုတ်မပြခဲ့ပေ။

ဤအစီအစဉ်သည် တိုက်ရိုက်ထုတ်လွှင့်မှု ပုံစံကို အသုံးပြုထားခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်နေကြသော အင်တာနက်အသုံးပြုသူများ ယဲ့ယီကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြတော့၏။

[ယို ယို ယို.. ဒါက ဟို ယဲ့ ဆိုတဲ့လူ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး အကဲဖြတ်ဒိုင်ခုံမှာ သွားထိုင်နေရတာလဲ။ ငွေပေးထားတာ သိသာတယ်]

[အဲဒါကို ပြောနေဖို့ လိုသေးလို့လား။ မြင်သာနေတာပဲ]

[ငါတော့ ပြောရဦးမယ်၊ ယဲ့ယီက တကယ်အရေခွံ ထူတာပဲ။ မင်းသမီးတစ်ယောက်က အိုင်ဒေါလ်ရွေးချယ်ပွဲ အစီအစဉ်မှာ အကဲဖြတ်ဒိုင်လုပ်ဖို့ ဘယ်လိုမျက်နှာမျိုးနဲ့များ သတ္တိရှိနေရတာလဲ]

[လန်ရွှယ်ကကော မင်းသမီးတစ်ယောက် မဟုတ်ဘူးလား။ ဘာလို့ သူကျတော့ ရပြီး ယဲ့ယီကျတော့ မရရတာလဲ]

[အပေါ်ကလူက အင်တာနက် သိပ်မသုံးဘူး ထင်တယ်။ ငါတို့ရဲ့ ရွှယ်အာက ငယ်ငယ်ကတည်းက အကပညာကို သင်ယူခဲ့ဖူးတာ နင်မသိဘူးလား။ သူက အဓိက ဆုတံဆိပ် အများကြီးကိုတောင် ဆွတ်ခူးထားခဲ့ဖူးတာနော်]

[ယဲ့ယီက သူ့ကုမ္ပဏီက အနုပညာရှင်တွေအတွက် လမ်းကြောင်းခင်းပေးဖို့ လာတာလို့ ငါ လောင်းရဲတယ်]

[အဲဒီအကြောင်း ပြောရရင်တော့ ဂျက်နီစစ် မီဒီယာရဲ့ ယောက်ျားလေးအဖွဲ့က ဒီနောက်ဆုံး ပွဲစဉ်ပဲ ကျန်တော့တာလေ၊ ပြီးတော့ သူတို့က ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းက အဖွဲ့နဲ့ ပြိုင်ရမှာ။ ကြည့်ရတာ သူတို့ ထပ်ပြီး ရှုံးဦးမှာ သေချာတယ်]

[ဟင်း.. ဒါက ရှင်းနေတာပဲ။ ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းက အဖွဲ့နဲ့ တွေ့တဲ့ အကြိမ်တိုင်း သူတို့ ဘယ်တုန်း နိုင်လို့လဲ ]

[ယဲ့ယီတော့ အရှက်ကွဲရုံပဲ ရှိတော့တယ်]

အင်တာနက်အသုံးပြုသူများ ဆွေးနွေးနေကြသည်ကို ယဲ့ယီ မသိပေ။ သူမသည် လက်ရှိတွင် ရှန်ဟောင်နှင့် အခြားသူများ၏ ဖျော်ဖြေမှုကို အလွန်လေးနက်စွာ စောင့်ဆိုင်းနေ၏။

ယနေ့သည် ရှန်ဟောင်အဖွဲ့၏ ပွဲစဉ်ဖြစ်ပြီး သူတို့သည် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့နှင့် ယှဉ်ပြိုင်ရန် မဲနှိုက်ရွေးချယ်ခြင်း ခံထားရသည်။

အကယ်၍ သူတို့၏ မဲအရေအတွက်က ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းထက် ကျော်လွန်ပါက သူတို့ အောင်အောင်မြင်မြင် ပြန်လည်ရှင်သန်နိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက သူတို့ လုံးဝ အပြီးတိုင် ပြုတ်သွားရတော့လေမည်။

ယဲ့ယီသည် ရှန်ဟောင်နှင့် အခြားသူများအပေါ် ယုံကြည်မှု ရှိသည်ဆိုသော်လည်း စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်နေမိ၏။

မည်သို့ပင်ဆိုစေ ဤအရာသည် ရိုးရှင်းသော ပြိုင်ပွဲတစ်ခုသက်သက် မဟုတ်ဘဲ သူမဘဝနှင့်ပါ သက်ဆိုင်နေလေ၏။

မကြာမီ ပြိုင်ပွဲ စတင်ခဲ့လေပြီ။

ရှန်ဟောင်နှင့် သူ့အဖွဲ့၏ ဖျော်ဖြေမှုကို နောက်ပိုင်းအချိန်ဇယားတွင် သတ်မှတ်ထားပြီး ရှေ့ပိုင်းတွင်မူ အခြားပြုတ်သွားသော အဖွဲ့များ ဖြစ်ကြလေသည်။

အကဲဖြတ်ဒိုင်တစ်ဦးအနေဖြင့် ယဲ့ယီသည် သူတို့ဖျော်ဖြေမှုများအပြီးတွင် ဝေဖန်သုံးသပ်ချက်များ ပေးရန်နှင့် ထို့နောက် မဲတစ်မဲ ပေးရလေမည်။

ဝေဖန်သုံးသပ်ချက် ပေးနေသည့် လုပ်ငန်းစဉ်အတွင်း လန်ရွှယ်သည် ယဲ့ယီအား ဝေဖန်ခိုင်းခြင်းဖြင့် သူမကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲရန် ကြိုးစားခဲ့၏။

သို့သော် သူမ အံ့သြသွားရသည်မှာ ယဲ့ယီ၏ ဝေဖန်သုံးသပ်ချက်များသည် အလွန်အမင်း ယုတ္တိတန်ပြီး အကျိုးအကြောင်း ညီညွတ်နေလေ၏။ သူမ ဤအရာများကို တကယ်ပင် သိနားလည်ထားသကဲ့သို့ပင်။

ဤအရာသည် ဖန်သားပြင်ရှေ့က ကြည့်ရှုသူပရိသတ်များကိုလည်း ယဲ့ယီ အကဲဖြတ်ဒိုင်တစ်ဦး ဖြစ်လာခြင်းအပေါ် အနည်းငယ် ပိုမိုလက်ခံလာစေသည်။

လန်ရွှယ် ဒေါသထွက်လွန်းသဖြင့် သူမ၏ မျက်နှာအမူအရာကိုပင် မနည်းထိန်းချုပ်နေရ၏။ ယဲ့ယီ ဤကဲ့သို့သော ဝေဖန်သုံးသပ်ချက်မျိုးကို ပေးနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သို့သော် လန်ရွှယ် မသိရှိခဲ့သည့်အချက်မှာ ဤအရာအားလုံးသည် ယဲ့ယီ၏ သရုပ်ဆောင်မှုသက်သက်သာ ဖြစ်လေ၏။ သူမသည် ဤကဲ့သို့သော အရည်အချင်းပြိုင်ပွဲ အစီအစဉ်အချို့ကို ကြည့်ရှုထားခဲ့ဖူးသဖြင့် အချို့သော ဗန်းစကားများကို အလွတ်မှတ်သားထားခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင် ဆိုစေ ဗန်းစကား အများစုမှာ အတူတူပင်ဖြစ်သဖြင့် မည်သူမျှ သေသေချာချာ စိစစ်မနေသရွေ့ ပြဿနာရှိလာမည် မဟုတ်ပေ။

အကယ်၍ သူတို့ သေသေချာချာ စိစစ်လျှင်ပင် ကိစ္စမရှိပေ။

သူမသည် နယ်ပယ်ပြင်ပကလူတစ်ယောက်ဖြစ်သဖြင့် အသေးစိတ်အချက်အလက်များကို နားမလည်သည်မှာ ပုံမှန်ကိစ္စပင် ဖြစ်လေသည်။

ယဲ့ယီ၏ သရုပ်ဆောင်မှု စွမ်းရည်ပြသချက်သည် အမျိုးသားအကဲဖြတ်ဒိုင်၏ သူမအပေါ် ထားရှိသော အထင်အမြင်ကို သိသိသာသာ မြင့်တက်လာစေ၏။

သူသည် အစပိုင်းက သူမတွင် အကဲဖြတ်ဒိုင်လုပ်ရန် အရည်အချင်းမရှိဟု ထင်မှတ်ထားခဲ့သဖြင့် သူမကို မုန်းတီးခဲ့ခြင်း ဖြစ်လေ၏။

သို့သော် ယဲ့ယီ၏ ဝေဖန်သုံးသပ်ချက်ကို ကြားပြီးနောက်တွင်မူ သူမသည် တကယ်ပင် အရည်အချင်းရှိသော လူတစ်ယောက် ဖြစ်ကြောင်း သူ စိတ်ထဲက အလိုအလျောက် ခံစားလိုက်ရတော့သည်။

သို့မဟုတ်ပါက သူမ မည်သို့ကြောင့် ဤမျှအထိ ကောင်းမွန်စွာ ဝေဖန်နိုင်ပါမည်နည်း။

ထို့ကြောင့် နောက်ဆက်တွဲ ဝေဖန်သုံးသပ်ချက်များတွင် အမျိုးသားအကဲဖြတ်ဒိုင်သည် ပြဿနာတစ်ခုခုကို သတိပြုမိသည့် အကြိမ်တိုင်းတွင် ယဲ့ယီထံသို့ အလိုအလျောက် လှည့်ကြည့်လေ့ရှိ၏။

ယဲ့ယီတစ်ယောက် လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။

သူမသည် ဤအရာများကို လုံးဝ နားမလည်ပေ။

သို့သော်လည်း ဇာတ်ခုံပေါ်တွင် ဆက်ကပြရဦးလေမည်။

ထို့ကြောင့် ယဲ့ယီ အားနာပါးနာဖြင့် ပြောလိုက်၏။

“ကျွန်မက ဒါတွေကို သေသေချာချာ လေ့လာထားတာမျိုး မဟုတ်လို့ ဗန်းစကားတွေကိုတော့ သိပ် နားမလည်ပါဘူးရှင့်”

ယဲ့ယီ ထိုသို့ ပြောလိုက်သော်လည်း အမျိုးသားအကဲဖြတ်ဒိုင်သည် မကောင်းပြောခြင်းမျိုး မပြုလုပ်ခဲ့သည့်အပြင် သူမကိုပင် စတင်ချီးကျူးတော့၏။

“မလေ့လာထားဘဲနဲ့တောင်မှ အဓိကကျတဲ့ ပြဿနာတွေကို ထောက်ပြနိုင်တယ်ဆိုတော့... ယဲ့ယီ..မင်း တကယ်ကို ပါရမီပါတာပဲ။ အရင်က ငါ မင်းကို အထင်သေးခဲ့မိတယ်”

ယဲ့ယီ မနည်းအောင့်အီးကာ ရယ်ချင်စိတ်ကို ထိန်းထားရပြီး တတ်နိုင်သမျှ နှိမ့်ချသော အမူအရာလေးဖြင့် နေလိုက်၏။

ဤလှည့်ကွက်ကြီးမှာ အောင်မြင်သွားခဲ့လေပြီ။

ယဲ့ယီတစ်ယောက် လှည့်ကွက်ဖြင့် အောင်မြင်နေချိန်မှာပင် အခြားတစ်ယောက်ကတော့ မပျော်မရွှင် ဖြစ်နေခဲ့၏။

လန်ရွှယ် ဒေါသထွက်လွန်းသဖြင့် သေလုမတတ် ဖြစ်နေရလေ၏။

ယဲ့ယီ ဤအရာများကို နားလည်သည်ဟု ပြောဖူးသည်ကို သူမ တစ်ခါမှ မကြားခဲ့ဖူးချေ။

ထိုအချိန်တွင် ယဲ့ယီ စိတ်ထဲတွင် စနစ်က လန်ရွှယ်၏ ဇာတ်လိုက်အရှိန်အဝါ ပြသမှုကို ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ပြောကြားသည်ကို ကြားလိုက်ရလေ၏။

ယဲ့ယီ အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။

သို့သော် အမျိုးသားအကဲဖြတ်ဒိုင်၏ လေးစားအသိအမှတ်ပြုသော အကြည့်များကို မြင်ရသည့်အခါ သူမ နားလည်သွားတော့သည်။

ကြည့်ရသည်မှာ သူမ မလာခင်က ဤအမျိုးသားအကဲဖြတ်ဒိုင်သည် လန်ရွှယ်ကို အလွန်လေးစား အသိအမှတ်ပြုခဲ့ပုံရ၏။

ယခုအခါ အမျိုးသားအကဲဖြတ်ဒိုင် သူမကို စတင်လေးစားလာခဲ့ပြီဖြစ်သဖြင့် အမျိုးသမီးဇာတ်လိုက်အနေဖြင့် သဘာဝကျကျပင် အကောင်းဆုံး ဖြစ်ချင်နေပြီး သူမကဲ့သို့သော ယုတ်မာကောက်ကျစ်သည့် အမျိုးသမီးဇာတ်ရံတစ်ယောက်ကို လူအများကြားတွင် ထင်ပေါ်ကျော်ကြားခွင့် လုံးဝပေးနိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ယဲ့ယီ၏ စိတ် အလွန်အမင်း သာယာလှပနေခဲ့လေသည်။

မကြာမီတွင် ရှန်ဟောင်အဖွဲ့က ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေအဖွဲ့ကို စိန်ခေါ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။

ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းမှ အဖွဲ့က အရင်ဆုံး ဖျော်ဖြေခဲ့ကြ၏။

သူတို့၏ ဖျော်ဖြေမှုမှာ သာမန်မျှသာဖြစ်ပြီး အထူးတလည် ကောင်းမွန်ခြင်းမျိုး မရှိခဲ့ပေ။

အထူးသဖြင့် စနစ်က လန်ရွှယ်၏ ဇာတ်လိုက်အရှိန်အဝါကို ပိတ်ဆို့ထားသောကြောင့် ဖြစ်လေ၏။

အမျိုးသားအကဲဖြတ်ဒိုင်သည် ဤယောက်ျားလေးအဖွဲ့၏ ဖျော်ဖြေမှုမှာ ထင်သလောက် မကောင်းလှကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။

‘အရင်တုန်းက ငါ ဘာဖြစ်လို့ သူတို့ကို ဒီလောက်တောင် သဘောကျခဲ့မိတာလဲ’

ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းမှ အဖွဲ့ ပြီးဆုံးသွားပြီးနောက်တွင် ရှန်ဟောင်အဖွဲ့၏ အလှည့်သို့ ရောက်ရှိလာခဲ့လေသည်။

ဖျော်ဖြေမှု မစတင်မီမှာပင် လန်ရွှယ် ယဲ့ယီကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။

“ရှောင်ယီ.. နင် သေသေချာချာ ကြည့်ထားဦးနော်။ ဘာပဲဖြစ်ဖြစ် နောက်ကျရင် သူတို့ ဖျော်ဖြေတာကို နင် ထပ်ပြီး မြင်ရတော့မှာ မဟုတ်ဘူးလေ”

ယဲ့ယီ လန်ရွှယ်၏ စကားလုံးများကို လျစ်လျူရှုထားခဲ့ပြီး တည်ငြိမ်စွာပင် နေလိုက်၏။

သို့သော်လည်း သူမ၏ လက်နှစ်ဖက်မှာမူ အလိုအလျောက် တင်းကျပ်စွာ ဆုပ်ထားမိလေ၏။

ဇာတ်လိုက်အရှိန်အဝါ၏ လွှမ်းမိုးမှုများ မရှိတော့ပါက ရှန်ဟောင်နှင့် အခြားသူများ တကယ်ပင် နိုင်နိုင်ပါမည်လော။

ယဲ့ယီကိုယ်တိုင်လည်း မရေရာခဲ့ပေ။

ယုံကြည်ပါက အရာအားလုံး ဖြစ်နိုင်သည် မဟုတ်ပါလော။

ရှန်ဟောင်နှင့် အခြားသူများ လှည့်ကြည့်လိုက်သည့်အခါတွင် သူတို့ကို ယုံကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ယဲ့ယီကြည့်နေသည်ကို မြင်လိုက်ရလေ၏။

ရှန်ဟောင်သည် အရင်က အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသဖြင့် မည်သည့်ယုံကြည်မှုမျှ ရှိမနေခဲ့ပေ။

သို့သော် ယဲ့ယီ၏ ယုံကြည်မှုအပြည့်ရှိသော အကြည့်များကို မြင်လိုက်ရသည့်အခါ သူ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

‘ဒီတစ်ခေါက်တော့ တကယ်ပဲ ကွဲပြား နိုင်ပါတယ်’

ရှန်ဟောင် အကျယ်ကြီး အော်ပြောလိုက်၏။

“ကြိုးစားထား”

သူ့အသင်းဖော်နှစ်ဦးမှာလည်း ရှန်ဟောင်၏ ယုံကြည်မှုများ ကူးစက်သွားပြီး သူ့နှင့်အတူ အော်ဟစ်လိုက်ကြတော့သည်။

“ကြိုးစားကြစို့”

သူတို့ကို ကြည့်ပြီး ယဲ့ယီလည်း သူမ နှုတ်ခမ်းများကို ပြုံးရုံလေး ကွေးညွှတ်လိုက်မိ၏။

သူတို့ သူမကို စိတ်ပျက်စေလိမ့်မည် မဟုတ်ပေ။

လန်ရွှယ်သည် ဤမြင်ကွင်းကို အထင်သေးသော မျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သည်။

‘သူတို့ ဘယ်လောက်ပဲ အားပေး အားပေး၊ နောက်ဆုံးကျရင် ရှုံးမှာပဲ’

သူမ ကုမ္ပဏီမှ ယောက်ျားလေးအဖွဲ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးထားသည်ဟု လန်ရွှယ် ခံစားရ၏။ပြိုင်ပွဲ စတင်ကတည်းက သူတို့ မရှုံးခဲ့ဖူးချေ။

ပွဲထွက်ခွင့်နေရာများသည် သေချာပေါက် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း ပိုင်ဆိုင်ရမည်။

လူတိုင်းသည် စင်ပေါ်က ဖျော်ဖြေမှုကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြလေ၏။

သူတို့ အရာအားလုံးကို ပြောင်းလဲပစ်ပြီး ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ မရှုံးနိမ့်နိုင်သော ဒဏ္ဍာရီကြီးကို အနိုင်ယူနိုင်မလားဆိုသည်ကို စောင့်ဆိုင်းနေကြတော့သည်။

ယဲ့ယီကမူ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့၏။

စနစ်က သူမကို ဇာတ်လိုက်အရှိန်အဝါကို ပိတ်ဆို့ထားကြောင်း ပြောခဲ့သည်ဆိုသော်ငြားလည်း မတော်တဆမှုတစ်ခုခု ဖြစ်လာမည်ကို သူမ စိုးရိမ်နေမိ၏။

ကကွက်တစ်ခုပြီးတစ်ခု၊ အသင်းအဖွဲ့ ပုံစံပြောင်းလဲမှုတစ်ခုပြီးတစ်ခု ပြီးနောက်….

နောက်ဆုံးတွင် ဖျော်ဖြေမှု ပြီးဆုံးသွားခဲ့၏။

သူတို့ တစ်ချက်ကလေးပင် မမှားခဲ့ကြချေ။

ရှန်ဟောင်သည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ဝဲလျက် သူ၏အသင်းဖော်နှစ်ဦးကို ဖက်ကာ ငိုကြွေးလိုက်တော့၏။

သူတို့ ရလဒ်ကို မသိရသေးလျှင်ပင် အနည်းဆုံး ဤတစ်ခေါက် သူတို့ မည်သည့် အမှားအယွင်းမျှ မပြုလုပ်ခဲ့ကြပေ။

ဖြစ်ပျက်သွားသမျှ အရာအားလုံးကို လန်ရွှယ် မယုံကြည်နိုင်ပေ။၊

‘သူတို့ တကယ်ပဲ ချောချောမွတ်မွတ် ပြီးသွားကြတာလား’

ယခင်က ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းနှင့် ရင်ဆိုင်ရသော မည်သည့်ယောက်ျားလေးအဖွဲ့မျှ ဖျော်ဖြေမှုကို အမှားအယွင်းမရှိဘဲ မပြီးဆုံးနိုင်ခဲ့ကြဖူးချေ။

အနိုင်ရရှိသူမှာ ရှင်းလင်းသွားခဲ့လေပြီ။

ဂျက်နီစစ် မီဒီယာသည် ဒီရေစီးကြောင်းကို အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့၏။

သူတို့၏ မဲအရေအတွက်သည် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းထက် မဲပေါင်း နှစ်ရာကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့တော့သည်။

All Chapters