← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခနး(၂၀၉)

ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ မရှုံးနိမ့်နိုင်သော ဒဏ္ဍာရီကြီးသည် တစ်စစီ အက်ကွဲပျက်စီးသွားခဲ့လေပြီ။

လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြရ၏။

ဟိုင်ထျန်ဖျော်ဖြေရေး၏ ယောက်ျားလေးအဖွဲ့က အံ့ဩစရာကောင်းသောကြောင့် အံ့အားသင့်ရခြင်း မဟုတ်ဘဲ သူတို့ မရှုံးစဖူး ရှုံးသွားသဖြင့် အံ့အားသင့်သွားရခြင်းဖြစ်၏။

လန်ရွှယ်၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် မည်းမှောင်သွားတော့သည်။

ယဲ့ယီ၏ နှုတ်ခမ်းထောင့်များကမူ မထိန်းနိုင်မသိမ်းနိုင်ဘဲ ပြုံးရောင်သမ်းနေခဲ့၏။ ဤသို့ဖြင့် သူမ၏ ပထမဆုံးသော အောင်ပွဲကို အပိုင်သိမ်းပိုက်နိုင်ခဲ့သည်။

“ကြည့်ရတာ နောက်ကျရင် သူတို့ကို ငါ ခဏခဏ တွေ့ရတော့မဲ့ပုံပဲနော်”

ယဲ့ယီ လန်ရွှယ်၏ နားနားသို့ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်၏။

လန်ရွှယ် ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြန်ပြောလိုက်သည်။

“နင် သိပ်ပြီးတော့ ဘဝင်မြင့်မနေနဲ့ဦး”

ယဲ့ယီကမူ ပျော်ပျော်ရွှင်ရွှင်ဖြင့် သီချင်းညည်းနေခဲ့သည်။

ရိုက်ကူးရေး ပြီးဆုံးသွားပြီးနောက် ယဲ့ယီတစ်ယောက် ရှန်ဟောင်နှင့် အခြားသူများကို သွားရောက်ရှာဖွေရန်ပင် မလိုပေ။ သူတို့သည် စင်နောက်တွင် သူမကို ကြိုတင်စောင့်ဆိုင်းနေကြလေပြီ။

ရှန်ဟောင်နှင့် သူ့အဖွဲ့အပြင် ဟိုင်ထျန်ဖျော်ဖြေရေးက ယောက်ျားလေးအဖွဲ့လည်း ထိုနေရာတွင် ရှိနေခဲ့ကြ၏။

ယခင်က သစ္စာဖောက်ကာ အခြားဘက်သို့ ကူးပြောင်းသွားခဲ့သောသူသည် ယဲ့ယီကို မြင်လိုက်ရသည့်အခါ ခေါင်းကိုပင် မမော့ဝံ့တော့ပေ။

သို့သော် ယဲ့ယီသည် သူ့ကို စိတ်ထဲထည့်ရန် ရည်ရွယ်ချက် လုံးဝမရှိပေ။ ထို့နောက် ရှန်ဟောင်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့တော့သည်။

ဤအစီအစဉ်သည် လွတ်လပ်မှု အပြည့်ပေးထားသဖြင့် စင်ပေါ်တွင် ဖျော်ဖြေရမည့် အချိန်မှလွဲ၍ ကျန်ရှိသော အချိန်များတွင် ဧည့်သည်များသည် ကိုယ့်အချိန်ဇယားကို စိတ်ကြိုက် စီမံခန့်ခွဲနိုင်သည်။

နေ့စဉ် လေ့ကျင့်ရေး လုပ်ငန်းစဉ်များကဲ့သို့သော အရာများကို ရုတ်တရက် ရိုက်ကူးရန် လိုအပ်လာလျှင်ပင် သူတို့ကို ကြိုတင်အကြောင်းကြားပေးလိမ့်မည် ဖြစ်သည်။

ရှန်ဟောင်နှင့် အခြားသူများကို အနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ယဲ့ယီ ခေါ်ဆောင်သွားပြီး ကောင်းကောင်းမွန်မွန် ပြုစုကျွေးမွေးလိုက်၏။

ဤထမင်းတစ်နပ် စားသောက်ပြီးနောက်တွင်မူ သူတို့ ဆက်လက်၍ အသည်းအသန် ကြိုးစားကြရဦးလေမည်။

သူတို့သည် ဤပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်ဆိုသော်လည်း ရှေ့တွင် ခက်ခဲသော တိုက်ပွဲများစွာ ရှိနေပါသေးသည်။

သူမ အားလပ်ချိန်တွင် ကုရှီချန်းထံသို့ သတိတရ ဖုန်းဆက်ကာ ကော်ပိုရေးရှင်း၏ လက်ရှိအခြေအနေကို စမ်းသပ်သည့်အနေဖြင့် လှမ်းမေးလိုက်၏။

“စိတ်မပူပါနဲ့၊ အခု ကုမ္ပဏီက အဆင်ပြေပါတယ်။ ချန်ကော်ပိုရေးရှင်းကို ရှောင်လိုက်ပြီးတဲ့နောက် အဲဒီလို အခြေအနေမျိုးတွေ တကယ်ပဲ ထပ်မဖြစ်တော့ဘူး”

ကုရှီချန်း ဤသို့ပြောသည်ကို ကြားရသည့်အခါ ယဲ့ယီ ချက်ချင်းပင် စိတ်အေးသွားရတော့သည်။

“ကျွန်မစကားကို နားထောင်ရင် ဘယ်တော့မှ မမှားစေရဘူး”

ဖုန်းတစ်ဖက်ရှိ ကုရှီချန်းက အသာအယာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် မေးမြန်းလိုက်၏။

“မင်း ချန်ကော်ပိုရေးရှင်းကို ရှောင်လိုက်ရုံနဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ”

ယဲ့ယီ ကြောင်သွားတော့၏။

ကုရှီချန်း သူမကို အလောတကြီး မတိုက်တွန်းဘဲ ယဲ့ယီ၏ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။

အချိန်အတော်ကြာမှသာ ယဲ့ယီ နောက်ဆုံးတွင် စကားဆိုလိုက်၏။

“အမှန်တော့.. ကျွန်မ ဗေဒင်ဆရာကြီးတစ်ယောက်ကို တွက်ခိုင်းထားတာလေ၊ ရှင့်ရဲ့ မွေးသက္ကရာဇ် ဇာတာ က ချန်ထျန်မင်းနဲ့ ဓာတ်မတည့်ဘူးတဲ့”

ဇာတ်လိုက်နှင့် ဗီလိန်တို့သည် သဘာဝအတိုင်း မတည့်ကြသည် မဟုတ်ပါလော။

ယဲ့ယီ လုံးလုံး လိမ်ညာနေခြင်းမျိုးတော့ မဟုတ်ပေ။

ကုရှီချန်းကမူ ပြုံးရုံသာ ပြုံးခဲ့သည်။

ကုရှီချန်း သူမကို ယုံ မယုံကို ယဲ့ယီ ခဏတာမျှ ဝေခွဲမရ ဖြစ်သွားမိ၏။

သို့သော် သူ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အရေးမကြီးပေ။

အဓိက အရေးကြီးဆုံးအချက်မှာ ကုရှီချန်းနှင့် ချန်ထျန်မင်းတို့ကို ဝေးဝေးတွင် ခွဲထားရန်သာ ဖြစ်သည်။

ယဲ့ယီ ထပ်မံ၍ တိုက်တွန်းလိုက်သည်။

“ရှင် ကျွန်မစကားကို သေချာပေါက် နားထောင်ရမယ်နော်၊ အဲဒီဆရာကြီးက တကယ်ကို အဟော အပြော ကောင်းတာ”

“ဟုတ်ပါပြီ”

ကုရှီချန်း သဘောတူလိုက်၏။

သို့သော် သူ စကားအရ ပြောခြင်းလည်း ဖြစ်နိုင်၏။

ဖုန်းချလိုက်ပြီးနောက်။

ကုရှီချန်း သူ့လက်ထောက်ကို ချက်ချင်းခေါ်လိုက်၏။

“ချန်ကော်ပိုရေးရှင်းရဲ့ ပိုင်ဆိုင်မှုတွေကို စသိမ်းဖို့ အမိန့်ထုတ်လိုက်”

ကုရှီချန်း အေးစက်စွာ အမိန့်ပေးလိုက်၏။

ယဲ့ယီသည် သူ့ကို သူ့အကျိုးအတွက်ကြောင့် ချန်ထျန်မင်းနှင့် ရှောင်ရှားစေချင်မှန်း သူ သိသော်လည်း စီးပွားရေးလောကတွင်မူ သူ၏ အကျိုးအမြတ်များကို ဘယ်သောအခါမှ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

ထပ်ခါတလဲလဲ အလျှော့ပေးလိုက်လျောနေခြင်းသည် ရန်သူကို ပို၍ပင် အတင့်ရဲလာစေရုံသာ ရှိလိမ့်မည်။

အကယ်၍ ချန်ထျန်မင်းတွင် နောက်ကွယ်၌ အကူအညီအချို့ တကယ်ရှိနေလျှင်ပင် သူဘယ်သောအခါမှ အရှုံးပေးလိမ့်မည် မဟုတ်ပေ။

ချန်ကော်ပိုရေးရှင်းသည် သူ့စီးပွားဖက်များကို လုယူသွားခဲ့သဖြင့် ချန်ကော်ပိုရေးရှင်းကို ဒေဝါလီခံသွားအောင် သူ လုပ်ပစ်မည်။

ချန်ကော်ပိုရေးရှင်း ဒေဝါလီခံသွားသည်နှင့် စီးပွါးဖက်များ အလိုလို ပြန်လည်ရောက်ရှိလာကြပေလိမ့်မည်။

…

ပြီးခဲ့သည့် အဖြစ်အပျက်ပြီးနောက် ယဲ့ယီအပေါ် ထားရှိသော လန်ရွှယ်၏ ရန်လိုမှုများသည် ပို၍ပင် ပြင်းထန်လာခဲ့၏။

သူမ ယဲ့ယီကို အထူးတလည် လာရောက်ရှာဖွေခဲ့၏။

“ယဲ့ယီ.. နင် သိပ်ပြီးတော့ ကျေနပ်မနေနဲ့ဦး၊ နင် ကံကောင်းလို့ ဒီတစ်ခေါက် နိုင်သွားတာ”

ယဲ့ယီကမူ လန်ရွှယ်၏ စကားများကို ပြုံးရုံသာပြုံးပြပြီး ဘာမှ ပြန်မပြောခဲ့ပေ။

လန်ရွှယ်ကမူ ယဲ့ယီသူမကို ရည်ရွယ်ချက်ရှိရှိ ရွဲ့နေသည်ဟု ထင်မှတ်ကာ ပို၍ပင် အမျက်ဒေါသတို့ တချောင်းချောင်း ထွက်သွားစေခဲ့သည်။

“နင် ကုရှီချန်းကိုပဲ အားကိုးနေတာ မဟုတ်ဘူးလား။ ငါ နင့်ကို ပြောပြလိုက်ဦးမယ်၊ ကုရှီချန်းရဲ့ ကုမ္ပဏီက စီးပွါးဖက်တွေအားလုံးက ငါတို့ကုမ္ပဏီကို ပြောင်းကုန်ကြပြီ။ ကုကော်ပိုရေးရှင်းက အနှေးနဲ့အမြန် ဒေဝါလီခံရမှာ သေချာတယ်”

လန်ရွှယ် ရက်ရက်စက်စက် ပြောလိုက်၏။

ယခု ကုရှီချန်း၏ အခြေအနေကြောင့် ယဲ့ယီ အနည်းငယ် စိုးရိမ်မိသည်မှာ အမှန်ပင်။ သို့သော်လည်း ကုရှီချန်း ချန်ထျန်မင်းကို ရှောင်ရှားနေသရွေ့ ဘာမှဖြစ်မလာနိုင်ပေ။

ကုရှီချန်း၏ စွမ်းဆောင်ရည်များနှင့်ဆိုလျှင် သေချာပေါက် မည်သည့်ပြဿနာမျှ ရှိလာလိမ့်မည်မဟုတ်ကြောင်း သူမ ယုံကြည်ထား၏။

သို့သော်လည်း ယဲ့ယီ၏ တွေးတောနေသော မျက်နှာအမူအရာလေးမှာ လန်ရွှယ်၏ မျက်လုံးထဲတွင်မူ ကြောက်ရွံ့တုန်လှုပ်နေသည့် ပုံစံမျိုးအဖြစ် မြင်တွေ့သွားခဲ့၏။

သူမ လှောင်ပြောင်လိုက်၏။

“အခုမှ ကြောက်နေရင်တော့ နောက်ကျသွားပြီ။ နင် တန်ဖိုးတစ်ခု ပြန်ပေးဆပ်စေရမယ်လို့ ငါ ပြောခဲ့သားပဲ”

လန်ရွှယ်၏ မောက်မာဝင့်ကြွားနေသော ပုံစံကို ကြည့်ရင်း သူမအနေဖြင့် အနည်းငယ်မျှ လိုက်ဖက်ညီအောင် သရုပ်မဆောင်ပေးပါက မသင့်တော်ဟု ယဲ့ယီ ခံစားလိုက်ရ၏။

“ကြောက်ပါတယ်ရှင်~”

ယဲ့ယီ ရွဲ့ပြောလိုက်၏။

“နင် စောင့်ကြည့်နေလိုက်”

လန်ရွှယ် ယဲ့ယီကို ရက်စက်စွာ စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားတော့သည်။

ယဲ့ယီကမူ လက်ကို ဖြစ်သလို ဝေ့ယမ်းပြလိုက်၏။

သူမ ကြောက်ပြလိုက်ရုံနှင့် လန်ရွှယ်က သူမကို လွှတ်ပေးမည့်အတိုင်းပင်။

ရိုက်ကူးရေးအဖွဲ့သည် အလွန်အမင်း ဂရုစိုက်တတ်လှသဖြင့် အကဲဖြတ်ဒိုင်များအတွက် တစ်ဦးချင်း သီးသန့်အခန်းများကို ပြင်ဆင်ပေးထားခဲ့သည်။

ယဲ့ယီ သူမ၏အခန်းသို့ ပြန်ရောက်ပြီးနောက် ကုတင်ပေါ်တွင် တိုက်ရိုက်ပင် လှဲချလိုက်တော့၏။

သူမ စတင်အိပ်ပျော်တော့မည့် ဆဲဆဲမှာပင် သူမ ဖုန်း မြည်လာခဲ့သည်။

ယဲ့ယီ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သည့်အခါ သူငယ်ချင်းအဖြစ် အပ်ထားသော တောင်းဆိုချက်တစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရပြီး တောင်းဆိုချက်စာသားနေရာတွင် စကားလုံးသုံးလုံးတည်းသာ ရေးသားထား၏။

ရူသိုက်ဝိန်။

ယဲ့ယီ တောင်းဆိုချက်ကို လက်ခံလိုက်၏။

ယဲ့ယီသည် ယခုအချိန်တွင် ရူသိုက်ဝိန် ဘာလုပ်ချင်နေသည်ကို အတော်လေး စပ်စုချင်နေမိသည်။

သူငယ်ချင်းအဖြစ် လက်ခံပြီးသွားသည်နှင့် ရူသိုက်ဝိန် ယဲ့ယီထံသို့ ဓာတ်ပုံတစ်ပုံ ချက်ချင်း ပေးပို့လာခဲ့သည်။

ယဲ့ယီ ထိုဓာတ်ပုံထဲမှ အကြောင်းအရာကို မြင်ပြီး ကြောင်သွားရတော့၏။

ရူသိုက်ဝိန် မက်ဆေ့ခ်ျတစ်ခု ထပ်မံပေးပို့လာခဲ့သည်:

မနက်ဖြန် မွန်းလွဲပိုင်းကျရင် ငါ နင့်ကို ** ကဖေးမှာ စောင့်နေမယ်။ အကယ်၍ နင် ရောက်မလာဘူးဆိုရင်တော့ ငါ ဒီအချက်အလက်တွေကို ကုရှီချန်းရဲ့လက်ထဲကို တိုက်ရိုက် ပို့ပေးလိုက်မယ်။

ချက်တင်ဘောက်စ်ထဲမှ ထွက်လာပြီးနောက် ယဲ့ယီတစ်ယောက် လေးနက်စွာ တွေးတောမိတော့သည်။

သူမ ရူသိုက်ဝိန်ကို သွားရောက်တွေ့ဆုံရန် တကယ်ပင် လိုအပ်နေလေပြီ။

နောက်တစ်နေ့တွင်။

အစီအစဉ်၏ ရိုက်ကူးရေးအချိန်ကို နံနက်ပိုင်းတွင် သတ်မှတ်ထားခဲ့သည်။

အစီအစဉ် ရိုက်ကူးပြီးဆုံးပြီးနောက် ယဲ့ယီသည် ရူသိုက်ဝိန် ပေးပို့ထားသော လိပ်စာအတိုင်း ထွက်လာခဲ့၏။

ယဲ့ယီ ရောက်ရှိလာသည့်အခါ ရူသိုက်ဝိန်မှာ ထိုနေရာတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ပြီးခဲ့သည့်တစ်ခေါက်နှင့် နှိုင်းယှဉ်ပါက ရူသိုက်ဝိန်၏ စိတ်သည် သိသိသာသာ ပိုမိုကောင်းမွန်နေပုံရ၏။

ထို့အပြင် ရူသိုက်ဝိန်၏ ဘေးတွင် အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် ရှိပုံရသော သက်ကြီး အမျိုးသားတစ်ဦး ထိုင်နေခဲ့၏။

သူ ယဲ့ယီကို မြင်လိုက်ရသည့် ခဏတွင် ထိုအမျိုးသားသည် မတ်တတ်ထရပ်လိုက်ပြီး သူမ မျက်နှာကို ဖြတ်ရိုက်ရန် လက်ရွယ်လိုက်တော့သည်။

အခန်း(၂၁၀)

သို့သော် ယဲ့ယီ ရှောင်တိမ်းလိုက်၏။

ယဲ့ယီ ရှောင်တိမ်းရဲသည်ကို မြင်ရသည့်အခါ ထိုအသက်ကြီးပိုင်း အမျိုးသားက ဒေါသတကြီး ပြောလိုက်သည်။

“မင်းက ရှောင်ရဲသေးတယ်ပေါ့။ မင်း ဒီမိသားစုကို ဘယ်လောက်ထိ ထိခိုက်အောင် လုပ်ခဲ့လဲဆိုတာ မင်း သိရဲ့လား”

ရူသိုက်ဝိန် ယဲ့ယီကို ပြုံးစိစိမျက်နှာပေးဖြင့် ကြည့်လိုက်၏။

“ဝမ်းကွဲညီမလေး”

ရူသိုက်ဝိန်၏ ခေါ်ဝေါ်လိုက်သော အသုံးအနှုန်းကို ကြားရသည့်အခါ ယဲ့ယီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီးနောက် သူမ အေးစက်စွာ ပြောလိုက်၏။

“လာပြီး ဆွေမျိုးတွေ လျှောက်မစပ်ပါနဲ့”

ယဲ့ယီ၏ စကားလုံးများကို ကြားလိုက်ရသဖြင့် ရူဖခင်ကြီး၏ ဒေါသမှာ ပို၍ပင် ထွက်လာခဲ့သည်

“အကယ်၍ မင်း ရဲ့ အမေသာ မင်း ဆွေမျိုးတွေကို ငြင်းပယ်နေတာကို သိရင် သေနေရာကနေ ပြန်ရှင်လာလောက်အောင်အထိ ဒေါသထွက်မိမှာပဲ”

“အဖေ.. ဝမ်းကွဲညီမလေးက လက်မခံနိုင်သေးတာက သဘာဝကျပါတယ်”

ရူသိုက်ဝိန် ယဲ့ယီဘက်မှ ကာကွယ်ပေးသည့်အနေဖြင့် ဝင်ပြောလိုက်၏။

ယဲ့ယီ ဆက်ပြီး နားမထောင်နိုင်တော့သဖြင့် ရူသိုက်ဝိန်၏ စကားကို ဖြတ်ပြောလိုက်သည် ။

“တော်စမ်း၊ ရှင်တို့နှစ်ယောက် ဒီမိသားစု ဇာတ်လမ်းတွေကို လာ ပြောနေတာကို ကျွန်မ မကြားချင်ဘူး။ ရှင်တို့က ကျွန်မရဲ့ ဆွေမျိုးတွေဖြစ်ကြောင်း ဘာသက်သေ ရှိလို့လဲ။ ရှင်တို့မှာ ကျွန်မအမေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ရှိနေရင်တောင်မှ အဲဒါက ဘာကိုမှ သက်သေမပြနိုင်ဘူး”

အမှန်တွင် ယဲ့ယီ ရူသိုက်ဝိန်ကို လိုင်းပေါ်တွင် သူငယ်ချင်းအဖြစ် လက်ခံခဲ့သည့် အကြောင်းအရင်းမှာ ရူသိုက်ဝိန်၏ စကားကြောင့်ဖြစ်၏။

သူမက ယဲ့ယီ၏ အမေသည် ရူဖခင်ကြီး၏ ညီမငယ်ဖြစ်ပြီး ရူသိုက်ဝိန်၏ အဒေါ်အရင်းခေါက်ခေါက် ဖြစ်ကြောင်း ပြောခဲ့သောကြောင့်ပင်။

ထို့အပြင် ရူသိုက်ဝိန် ယဲ့ယီထံ ပေးပို့ခဲ့သည့်အရာမှာ မိသားစုဓာတ်ပုံတစ်ပုံ ဖြစ်သည်။

ထိုဓာတ်ပုံထဲမှ အမျိုးသမီးမှာ ယဲ့ယီ၏ အမေ တကယ်ပင် ဖြစ်နေခဲ့သည်။

သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင်မူ သူမ အမေသည် သူမ၏ မိသားစုအကြောင်းကို တစ်ခါမျှ ထည့်သွင်းပြောဆိုခဲ့ဖူးခြင်း မရှိချေ။

“ငါတို့တွေ ဆွေမျိုးတော်စပ်မှု စစ်ဆေးခြင်း လုပ်လို့ရတာပဲ”

ရူသိုက်ဝိန် ယဲ့ယီ၏ တုံ့ပြန်မှုအပေါ် အနည်းငယ်မျှ အံ့သြခြင်းမရှိဘဲ ပြောလိုက်၏။

သူမကိုယ်တိုင်လည်း ယဲ့ယီသည် သူမအဒေါ်၏ သမီးဖြစ်ကြောင်း ပထမဆုံး သိရှိခဲ့ရစဉ်က အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ဖူးသည်။

ရူသိုက်ဝိန်၏ မျက်နှာအမူအရာကို ကြည့်ပြီး ဤအရာမှာ မှန်ကန်နိုင်ခြေ အလွန်များကြောင်း ယဲ့ယီ သိလိုက်၏။

ထို့ကြောင့် သူမ စိတ်ထဲကနေ စနစ်နှင့် ဆက်သွယ်လိုက်သည်။

“စနစ်.. ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ”

စနစ် သူမကို ချက်ချင်းပင် ရှင်းပြသည်။

“မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေက တကယ်ပဲ ရူမိသားစုရဲ့ သမီးတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မိသားစုနဲ့ အဆက်အသွယ် ဖြတ်ပြီးတဲ့နောက် မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အဖေနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရှေ့မှာ ရှိနေတဲ့လူဟာ တကယ်ပဲ သင့် ဦးလေးပါပဲ အိမ်ရှင်”

စနစ်ထံမှ အတည်ပြုချက်ကို ရရှိပြီးနောက် ယဲ့ယီ ပြောစရာ စကားလုံးပင် ပျောက်ကွယ်သွားရတော့သည်။

‘ဒီစာအုပ်ရဲ့ စာရေးဆရာက ခေါင်းထဲမှာ တကယ့်ကို ရှုပ်ထွေးတဲ့ ဇာတ်ကွက်မျိုးစုံ ရှိနေခဲ့တာပဲ’

“မလိုတော့ပါဘူး။ ရှင်တို့ ကျွန်မဆီကို လာရှာကတည်းက ဒါကို အတည်ပြုပြီးသား ဖြစ်နေမှာပဲ”

စနစ်ထံမှ အဖြစ်မှန်ကို သိရှိရပြီးဖြစ်၍ ယဲ့ယီအချိန်ထပ်ပြီး မဖြုန်းချင်တော့ပေ။

ယဲ့ယီ ဤမျှလောက် မြန်မြန်ဆန်ဆန် လက်ခံလိမ့်မည်ဟု ရူသိုက်ဝိန် မမျှော်လင့်ထားခဲ့သဖြင့် ပြုံးကာ ပြောလိုက်၏။

“ဒါဆိုရင် အခုကစပြီး ငါတို့တွေ မိသားစုဝင်တွေ ဖြစ်သွားကြပြီပေါ့”

“အဲဒီမှာတင် ရပ်လိုက်စမ်း။ ရှင်တို့ ကျွန်မရဲ့ ဆွေမျိုး တကယ်ပဲ ဖြစ်နေရင်တောင်မှ ဘာဖြစ်လဲ။ ကျွန်မအမေက ရှင်တို့အကြောင်း ကျွန်မကို တစ်ခါမှ မပြောပြခဲ့ဖူးဘူး၊ ပြီးတော့ ကျွန်မကလည်း ရှင်တို့နဲ့ မပတ်သက်ချင်ဘူး”

ယဲ့ယီသည် ရူမိသားစုနှင့် မည်သည့်ပတ်သက်မှုမျှ မရှိချင်ပေ။

ထို့အပြင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမေသည် သူတို့နှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး သူမကိုပင် တစ်ခါမျှ ထည့်မပြောခဲ့ဖူးခြင်းမှာ သူမအနေဖြင့် သူတို့နှင့် မပတ်သက်ချင်သောသဘောပင် ဖြစ်သည်။

“အဲဒါက မင်းအပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး၊ အမျိုးဆိုတာ ဖြတ်လို့မရဘူးလေ”

ရူဖခင်ကြီး အေးစက်စွာ ပြောလိုက်၏။

ယဲ့ယီ မျက်စောင်းထိုးကြည့်လိုက်သည်။

“ရှင်တို့က ကျွန်မရဲ့ မိဘတွေလည်း မဟုတ်ဘူး၊ ကျွန်မမှာ ရှင်တို့တွေကို လုပ်ကျွေးပြုစုရမဲ့ တာဝန် လုံးဝမရှိဘူး။ ပြောစမ်းပါဦး၊ကျွန်မဆီကနေ ဘာလိုချင်လို့လဲ”

ရူဖခင်ကြီးသည် ယဲ့ယီ၏ စကားလုံးများကြောင့် အလွန်အမင်း ဒေါသထွက်သွားရသည်။

သူ့အမြင်တွင် သူက သူမကို အသိအမှတ်ပြုရန် အဆင်သင့်ဖြစ်နေခြင်းအပေါ် ကျေးဇူးတင်သင့်သည်ဟု ထင်ထားခဲ့သော်လည်း သူမက ဤကဲ့သို့ ငြင်းပယ်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကျေးဇူးကန်းလိုက်တာ”

ယဲ့ယီ မဆိုင်းမတွဘဲ ပြန်လည်တုံ့ပြန်လိုက်၏။

“အဲဒီကျေးဇူးကို ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်ပါ။ ပြောစရာရှိရင် ပြော၊ ကျွန်မမှာ ရှင်တို့နဲ့ ဒီမှာ ဖြုန်းနေဖို့ အချိန်မရှိဘူး”

ရူဖခင်ကြီး ထပ်မံ၍ ဒေါသပေါက်ကွဲရန် ပြင်ဆင်လိုက်သော်လည်း ရူသိုက်ဝိန်က သူ့ကို တားဆီးလိုက်၏။

ရူသိုက်ဝိန် ပြုံးလျက် ပြောလိုက်သည်။

“အခုတော့ အဒေါ် နဲ့ ဦးလေးတို့ နှစ်ယောက်စလုံး မရှိကြတော့ဘူးလေ၊ ညီမလေး.. နင် အခုကစပြီး ငါ့အိမ်ကို ပြောင်းလာသင့်တယ်။ ငါ နင့်ကို ငါ့ရဲ့ ညီမအရင်းလေးတစ်ယောက်လိုမျိုး သေသေချာချာ ပြုစုစောင့်ရှောက်ပါ့မယ်”

ယဲ့ယီ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည် ။

“လုံးဝကို မလိုအပ်ပါဘူးရှင်။ ကျွန်မမှာ အိမ်ရှိပါတယ်”

ရူသိုက်ဝိန် စိတ်မဆိုးဘဲ ဆက်ပြောသည်။

“တစ်ယောက်တည်း နေရတာက မိသားစုအဖော်မရှိလို့ နောက်ဆုံးကျရင် အထီးကျန်ရတာပဲ။ အခုကစပြီး ငါတို့တွေက နင့်ရဲ့ ကျောထောက်နောက်ခံ ဖြစ်ပေးပါ့မယ်”

ယဲ့ယီ ယခုမှသာ မြင်တွေ့လိုက်ရတော့၏။ ရူသိုက်ဝိန်သည် သံယောဇဉ် ဝှက်ဖဲကို အသုံးပြုပြီး ကစားနေခြင်း ဖြစ်သည်။

သူမ ပြုလုပ်ခဲ့သမျှ အရာအားလုံးပြီးနောက်တွင် ယဲ့ယီက သူမကို ခွင့်လွှတ်လိမ့်မည်ဟု အဘယ်ကြောင့် ထင်မှတ်နေရသနည်း။ ယဲ့ယီနားမလည်နိုင်တော့ပေ။

သူမ မ ‘အ’ သေးပေ။

“ကျွန်မကို လာပြီး သံယောဇဉ် တွေ လာမပြပါနဲ့၊ အဲဒါက အသုံးမဝင်ဘူး။ ဘာလိုချင်တာလဲ”

ယဲ့ယီ ရူသိုက်ဝိန်၏ စကားကို ဆက်ပြီး နားမထောင် ချင်တော့ပေ။

ရုသိုက်ဝိန် ပြောလေ ပို၍ ပျို့အန်ချင်စရာ ကောင်းလေလေ ဖြစ်သည်။

‘မူလခန္ဓာကိုယ်ပိုင်ရှင် အကူအညီလိုအပ်နေစဉ်တုန်းက သူတို့ ဘယ်မှာ ရှိနေခဲ့ကြလို့လဲ‘

ဤကဲ့သို့ ရုတ်တရက် လာရောက်ပြီး ကြင်နာပြနေခြင်းနောက်ကွယ်တွင် ယုတ်မာသော ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိနေရမည်။

သူမ ဤမျှလောက် နှိမ့်ချသော လေသံဖြင့် ပြောနေပါလျက်နှင့် ယဲ့ယီက သူမနှင့် မပတ်သက်ချင်သေးသည်ကို မြင်ရသည့်အခါ ရူသိုက်ဝိန်လည်း ဆက်ပြီး ဟန်ဆောင်မနေတော့ပေ ။

“ကုရှီချန်းက ကုမ္ပဏီအပေါ် ဘာတွေလုပ်နေလဲဆိုတာ နင် သိသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က မိသားစုတစ်ခုတည်းလေ၊ နင် ကုရှီချန်း ငါတို့ကုမ္ပဏီကို ပစ်မှတ်ထားနေတာတွေကို ရပ်တန်းကရပ်ဖို့အတွက် သွားပြီး ဖျောင်းဖျပေးသင့်တယ်”

ယဲ့ယီ “...”

ရူသိုက်ဝိန် ရူးသွားပြီလော။

‘သူ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဦးနှောက်မရှိတဲ့ စကားမျိုးကို ပြောထွက်ရတာလဲ’

ကုရှီချန်းသည် သူမ ဒေါသကို ဖြေပေးရန် ရူမိသားစုကို ပစ်မှတ်ထားနေခြင်းဖြစ်၏။

ယခုအခါ သူတို့ ကုရှီချန်းကို ရပ်တန်းကရပ်ရန် သွားပြောခိုင်းနေ၏။

ရူသိုက်ဝိန် သူမ၏ ဦးနှောက်ကို အိမ်တွင် မေ့ကျန်ခဲ့နိုင်၏။ယဲ့ယီ အပြင်းအထန် သံသယဝင်မိတော့သည်။

ရူဖခင်ကြီးသည် ယဲ့ယီ၏ ‘ဦးနှောက်မရှိသူကို ကြည့်သကဲ့သို့’ ကြည့်နေသော အကြည့်ကို သတိမပြုမိဘဲ ဆက်ပြောသည်။

“သိုက်ဝိန်က ငယ်ငယ်ကတည်းက ကုရှီချန်းကို သဘောကျခဲ့တာ။ မင်း သူနဲ့ လမ်းခွဲလိုက်ပါ။ အချိန်တန်ရင် ဦးလေး မင်းအတွက် သင့်တော်တဲ့ အိမ်ထောင်ဖက်တစ်ယောက် ရှာပေးပါ့မယ်”

ယဲ့ယီ “...”

ဤသားအဖနှစ်ဦး တစ်ယောက်တစ်လှည့် စကားပြောနေကြသည်ကို ကြည့်ရင်း ယဲ့ယီ မထိန်းနိုင်ဘဲ မေးလိုက်မိ၏။

“ရှင်တို့နှစ်ယောက်စလုံး ဦးနှောက်မရှိကြတာလား”

ရူသိုက်ဝိန်နှင့် ရူဖခင်ကြီးတို့၏ မျက်နှာအမူအရာများသည် ကြည့်ရဆိုးသွား၏။ အထူးသဖြင့် ရူဖခင်ကြီးဖြစ်သည်။

ဤသည်မှာ မျိုးဆက်သစ် လူငယ်တစ်ဦးက သူ့ကို ဦးနှောက်မရှိသူဟု ပထမဆုံး ခေါ်ခြင်း ဖြစ်လေ၏။

ရူဖိခင်ကြီး ယဲ့ယီကို ပါးရိုက်ရန် ရွယ်လိုက်ပြန်၏။

ယဲ့ယီသည် ထိုနေရာတွင် ငြိမ်ခံနေမည့်လူ မဟုတ်သဖြင့် သူမသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။

သူမ စားပွဲပေါ်က ကော်ဖီခွက်ကိုလည်း ကောက်ကိုင်လိုက်သည်။

ရူသိုက်ဝိန်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် သူမသည် ထိုကော်ဖီဖြင့် ရူဖခင်ကြီး၏ မျက်နှာတည့်တည့်သို့ တိုက်ရိုက်ပင် ပက်လိုက်တော့၏။

သူမ ဂရုတစိုက်ဖြင့် မေးလိုက်သေး၏။

“အခုကော နည်းနည်း အိပ်ချင်ပြေသွားပြီ မလား”

“ယဲ့ ယီ”

ရူဖခင်ကြီး၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းသွားပြီး ယဲ့ယီကို ထိုနေရာတွင်တင် တစ်စစီ ဆုတ်ဖြဲပစ်ချင်စိတ်များ ပေါက်ဖွားလာခဲ့သည်။

ယဲ့ယီ စားပွဲပေါ်က အခြား ကော်ဖီတစ်ခွက်ကို ထပ်မံကောက်ကိုင်လိုက်ပြန်သည်။

ယဲ့ယီ ကော်ဖီခွက်ကို ထပ်မံကောက်ကိုင်လိုက်သည်ကို မြင်ရသည့်အခါ ရူသိုက်ဝိန်သည် သူမကို ပက်လိမ့်မည်ဟု ထင်မှတ်ပြီး အလိုအလျောက် ရူဖခင်ကြီး၏ နောက်ကွယ်သို့ ပုန်းကွယ်လိုက်၏။

ရူဖခင်ကြီး၏ မျက်နှာအမူအရာမှာ ပို၍ပင် ကြည့်ရဆိုးသွားတော့သည်။

သို့သော် ယဲ့ယီသည် ရူသိုက်ဝိန်ကို ပက်ခြင်းမပြုဘဲ ထိုကော်ဖီကို အေးအေးလူလူ စတင်သောက်လိုက်၏။

ယဲ့ယီ၏ သက်တောင့်သက်သာ ရှိလှသော ပုံစံကို ကြည့်ပြီး ရူဖခင်ကြီး ဒေါသပို၍ပင် ထွက်လာခဲ့သည်။

“ကုရှီချန်းက မက်းကို တကယ်ပဲ လက်ထပ်လိမ့်မယ်လို့ ထင်နေတာလား။ မင်းရဲ့ အဆင့်အတန်းကို ပြန်ကြည့်ဦး၊ မင်းနဲ့ တန်လို့လား”

ရူဖခင်ကြီး ယဲ့ယီကို ရည်ရွယ်ချက်ရှိရှိ ရန်စလိုက်၏။

ယဲ့ယီကမူ အလွန်အမင်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။

“ကုရှီချန်းက ကျွန်မကို လက်ထပ်မလား၊ မလက်ထပ်ဘူးလားဆိုတာတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ သေချာပေါက် အာမခံနိုင်တဲ့ အချက်တစ်ချက်ကတော့ သူ ရှင့်သမီးကိုတော့ လုံးဝ လက်ထပ်မှာ မဟုတ်ဘူး”

ယဲ့ယီ၏ စကားလုံးများသည် ရူသိုက်ဝိန်၏ နှလုံးသားတည့်တည့်သို့ ဓားဖြင့် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

“ယဲ့ယီ.. နင်က တကယ်ပဲ ဆွေမျိုးတွေကို မျက်နှာလွှဲထားတော့မှာလား။ အကယ်၍ ကုရှီချန်းသာ နင် ဒီလောက်ထိ သွေးအေးပြီး နှလုံးသားမရှိတဲ့ လူစားမျိုးဖြစ်မှန်း သိသွားရင် သူ နင့်ကို ဆက်ပြီး သဘောကျနေဦးမယ်လို့ ထင်နေလား”

ရူသိုက်ဝိန် အေးစက်စွာ ပြောလိုက်၏။

ယဲ့ယီ ရေရွတ်လိုက်သည်။

“အို…”

“ဒါဆိုရင်လည်း ကုရှီချန်းကို သွားပြောလိုက်လေ”

ရူသိုက်ဝိန်တစ်ယောက် ကြောင်အမ်းသွားရသည်။

ယဲ့ယီ စည်းမျဉ်းများအတိုင်း ကစားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

‘ကုရှီချန်းက သူ့ကို မုန်းသွားမှာကို တကယ်ပဲ မကြောက်တာလား’

ယဲ့ယီသည် သူမ ရှေ့တွင် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ရူသိုက်ဝိန် ခံစားရသဖြင့် ဆက်ပြောလိုက်သည်။

“နင် ကုရှီချန်းနဲ့ လမ်းခွဲဖို့ သဘောတူသရွေ့ ငါ ဒီအကြောင်းကို သူ့ကို မပြောပြဘဲ နေပေးလို့ရတယ်။ နင်က ငါတို့ ရူမိသားစုရဲ့ သမီးပျိုလေးအဖြစ် ရှိနေဦးမှာပဲ။ နင် အိမ်ထောင်ပြုတဲ့အခါကျရင် ငါ့ရဲ့ မိဘတွေကို နင့်အတွက် မင်္ဂလာ လက်ဖွဲ့ပေးလိမ့်မယ်”

“တော်ပြီ တော်ပြီ တော်ပြီ”

ရူသိုက်ဝိန် ဆက်ပြီး ပြောတော့မည့်အရာကို မြင်ရသည့်အခါ ယဲ့ယီ ချက်ချင်း ရပ်တန့်ခိုင်းလိုက်တော့သည်။

“နားထောင်စမ်းပါဦး အစ်မကြီးရဲ့၊ အစ်မကြီးက ဦးနှောက်ကို အိမ်မှာ မေ့ကျန်ခဲ့တာလား။ ဒါမှမဟုတ် အစ်မကြီးမှာ ဉီးနှောက် မရှိတာလား။ ကျွန်မ ဘာဖြစ်လို့ ရှင့်စကားကို နားထောင်ရမှာလဲ။ ကျွန်မခေါင်းထဲမှာ အပေါက်တစ်ခုခု ရှိနေရင်တောင်မှ ကုရှီချန်းလိုမျိုး ရွှေမင်းသားကြီးကို စွန့်လွှတ်ပြီး အခြားလူကို ရွေးချယ်မှာ မဟုတ်ဘူး။ ရှင်ရဲ့ သံချေး တက်နေတဲ့ ဦးနှောက်လေးကို သုံးပြီးမှ စကားပြောလို့ရမလား”

ယဲ့ယီ ရူသိုက်ဝိန်၏ အကျိုးအကြောင်း ဆင်ခြင်မှုကို နားမလည်နိုင်တော့ပေ။ ဤစကားများသည် ဉာဏ်ရည်မမီလွန်းလှပေ။

“နင်က တကယ်ပဲ ကုရှီချန်းရဲ့ ပိုက်ဆံကို မက်လို့ သူ့အနားကို ကပ်ခဲ့တာပဲ”

ရူသိုက်ဝိန် ယဲ့ယီ၏ စကားကို ကြားရသည့်အခါ ရယ်မောလိုက်တော့သည်။

ယဲ့ယီ “...”

‘ကိုယ်ကြားချင်တာပဲ ကြားနေတာကိုး’

ယဲ့ယီ စကားပြန်မပြောသည်ကို မြင်ရသည့်အခါ ရူသိုက်ဝိန်သည် သူမ ယဲ့ယီ၏ အားနည်းချက်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီဟု ထင်မှတ်သွားတော့သည်။

သူမ စိတ်ထဲမှ မထိန်းနိုင်ဘဲ စတင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်လာခဲ့၏။

“အမှန်အတိုင်း ပြောရရင်တော့ ငါ အခုတင် နင်ပြောခဲ့တဲ့ စကားတွေကို အသံသွင်းထားပြီးပြီ။ အကယ်၍ ကုရှီချန်းသာ နင် သူ့ပိုက်ဆံကိုပဲ မက်လို့ သူ့အနားကို ကပ်ခဲ့တာဆိုတာ သိသွားရင် သူ နင့်ကို ဘယ်လိုမျိုး ဆက်ဆံမလဲဆိုတာ စဉ်းစားကြည့်စမ်း”

ယဲ့ယီ ထိုအရာကို အလွန်လေးနက်စွာ စဉ်းစားခန်း ဖွင့်လိုက်မိသည်။

ကုရှီချန်း၏စရိုက်အရ သအကယ်၍ ရူသိုက်ဝိန်သာ ထိုစကားကို သူ့ကို သွားပြောပြပါက ကုရှီချန်း အလွန်အမင်း ပျော်ရွှင်သွားလောက်ပေသည်။

သူမအနေဖြင့် ကုရှီချန်း၏ မျက်နှာအမူအရာနှင့် သူ ဘာပြောလိမ့်မည်ဟူသောအချက်ကို အလွယ်တကူ ပုံဖော်ကြည့်နိုင်သည်။

ဥပမာအားဖြင့် “သူက ငါ့ကို ချစ်လို့ ငါ့ပိုက်ဆံကိုပဲ သဘောကျတာပေါ့။ အခြားလူတွေရဲ့ ပိုက်ဆံကို သဘောကျလို့လား”

စုံတွဲအစီအစဉ်မှ ပြန်လာကတည်းက ကုရှီချန်း၏ ကိုယ့်ကိုယ်ကိုယ် စိတ်ညှို့ပေးနိုင်စွမ်း မှာ အဆင့် တစ်ခုသို့ မြင့်တက်လာခဲ့လေသည်။

ကုရှီချန်းတစ်ယောက် တကယ့် အချစ်ရူးကြီး ဖြစ်နေခဲ့ပြီဟုသာ ယဲ့ယီ ခံစားလိုက်ရတော့သည်။

All Chapters