← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 21 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 21 Ch. 211-212

အခန်း(၂၁၁)

“ကုရှီချန်းကို ငါတို့ကုမ္ပဏီနဲ့ ပြန်ပြီးပူးပေါင်းဆောင်ရွက်ဖို့ ပြောလိုက်၊ မဟုတ်ရင် ငါတို့တွေ ဒီအကြောင်းကို သူ့ကို သွားပြောပြလိုက်မှာနော်”

ရူဖခင်ကြီး အခွင့်အရေးကို လက်လွတ်မခံဘဲ ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။

ယခုအချိန်တွင် သူ၏ အဓိက စိုးရိမ်ပူပန်မှုမှာ ကုမ္ပဏီသာ ဖြစ်သည်။

ကုကော်ပိုရေးရှင်းက ရူကော်ပိုရေးရှင်းနှင့် နောက်ထပ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုတော့ကြောင်း ကြေညာခဲ့သည့် အချိန်မှစ၍ ရူကော်ပိုရေးရှင်း၏ စတော့ရှယ်ယာများသည် ဆက်တိုက်ဆိုသလို ထိုးဆင်းကျဆင်းနေခဲ့သည်။

ယခုအခါတွင်မူ ၎င်းသည် ဒေဝါလီခံရလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေလေသည်။

ယဲ့ယီသည် ဦးနှောက်မရှိသော သားအဖနှစ်ဦးကို ကြည့်ပြီး ထိုနေရာမှ ချက်ချင်းပင် ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။

မထွက်ခွာမီတွင်လည်း သူမသည် သူတို့ကို နှုတ်ဆက်စကား တစ်ခွန်းကို မမေ့မလျော့ ချန်ထားခဲ့၏။

“ကုရှီချန်းကို သွားပြောပြဖို့ မမေ့နဲ့ဦးနော်၊ ဟုတ်ပြီလား”

ရူသိုက်ဝိန်နှင့် ရူဖခင်ကြီးတို့ အချိန်အတော်ကြာ တုံ့ပြန်နိုင်ကြသေးဘဲ ယဲ့ယီ လှည့်ထွက်သွားသည်ကိုသာ ငေးကြည့်နေမိကြသည်။

ယဲ့ယီ ထွက်ခွာသွားပြီးနောက် သူတို့ သတိပြန်ဝင်လာသည့် အချိန်တွင်မူ နောက်ကနေ လိုက်လံဖမ်းဆီးချင်သော်လည်း သူမသည် ဝေးလံသောနေရာသို့ ရောက်ရှိသွား၏။

ရူဖခင်ကြီး ရူသိုက်ဝိန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“နင်ပဲ သူ ငါတို့စကားကို သေချာပေါက် နားထောင်မှာဆို။ ငါ ပြောလိုက်မယ်၊ အကယ်၍ နင်သာ ကုရှီချန်းကို မကိုင်တွယ်နိုင်ဘူးဆိုရင် ငါ့အတွက် ရန်ပုံငွေတွေ ရအောင်လို့ နိုင်ငံရေးသမားနဲ့ လက်ထပ်ခိုင်းရလိမ့်မယ်”

ရူဖခင်ကြီး စကားပြောပြီးနောက် လက်အင်္ကျီကို ခါကာ ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။

ယနေ့တွင် သူသည် ပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် ယဲ့ယီ၏ ကော်ဖီဖြင့် ပက်ဖျန်းခြင်းကိုလည်း ခံခဲ့ရ၏။

၎င်းမှာ ရူဖခင်ကြီး၏ တစ်သက်တာတွင် အရှက်ရဆုံးနှင့် သနားစရာအကောင်းဆုံး အခြေအနေပင် ဖြစ်တော့သည်။

ယဲ့ယီနှင့် ရူဖခင်ကြီးတို့ နှစ်ဦးစလုံး ထွက်ခွာသွားပြီးနောက် ရူသိုက်ဝိန်တစ်ယောက်တည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့၏။

ရူသိုက်ဝိန်သည် သူမ လက်ထဲက ကော်ဖီခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

ရူဖခင်ကြီးသည် သူမကို နောက်ပြောင်နေခြင်း မဟုတ်မှန်း သူမ သိသည်။ အကယ်၍ ကုရှီချန်းက ရူကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ရန် ငြင်းဆန်နေဦးမည်ဆိုပါက ရူဖခင်ကြီးသည် သူမကို နိုင်ငံရေးအကျိုးအမြတ်အရ အဓမ္မ လက်ထပ်ခိုင်းလိမ့်မည်။

ထို့အပြင် လက်ထပ်ရမည့် အဖော်မှာ အသက် လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ် အဘိုးကြီး သို့မဟုတ် လေလွင့်ဖြုန်းတီးတတ်သော လူရှုပ်လူပွေတစ်ဦး ဖြစ်နေနိုင်ပေသည်။

မည်သို့ပင်ဆိုစေ မည်သူကများ ကုရှီချန်းကို ဆန့်ကျင်ရဲပါမည်နည်း။

“ယဲ့ယီ.. နင် ငါ့ကို အကျပ်ကိုင်လိုက်တာပဲ”

ရူသိုက်ဝိန်သည် အသံသွင်းဘောပင်ကို သူမ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်၏။

ယဲ့ယီ ပြန်ရောက်လာပြီးနောက် သူမသည် ရိုက်ကူးရေးအဖွဲ့နှင့် ထုံးစံအတိုင်း ဆက်လက် ဆောင်ရွက်ခဲ့သည်။

လန်ရွှယ် သူမကို ရံဖန်ရံခါ လာရောက်ရန်စနေဆဲ ဖြစ်သော်လည်း ယဲ့ယီသည် သူမ အဆင့်အတန်းအထိ လိုက်ပြီး အချိန်အကုန်မခံချင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် မကြာမီအချိန်တွင် လန်ရွှယ်အနေဖြင့် သူမကို လာရောက်ရန်စရန် အားလပ်ချိန် ရှိတော့မည်မဟုတ်ပေ။

ဇာတ်လိုက်၏ အရှိန်အဝါ ကောင်းချီးပေးမှုများ မရှိတော့သည့်နောက်တွင် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့၏ အဆင့်သတ်မှတ်ချက်များသည် တဖြည်းဖြည်းနှင့် ပိုမိုဆိုးရွားလာခဲ့သည်။

သူတို့သည် အောက်ဆုံးအဆင့် နေရာများသို့ပင် ဆိုက်ရောက်သွားခဲ့ကြ၏။

လန်ရွှယ်သည် အဖွဲ့ဝင်များကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခဲ့သော်လည်း ထိုအရာမှာ အနည်းငယ်မျှ အထောက်အကူမပြုခဲ့ပေ။

၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဖန်တီးမှုမီဒီယာ၏ ယောက်ျားလေးအဖွဲ့ အဆင့်သတ်မှတ်ချက်မှာမူ ရှေ့သို့ တိုးတက်လာခဲ့ပြီး ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ အဖွဲ့ကို လုံးဝ ကျော်ဖြတ်သွားခဲ့တော့သည်။

နောက်ထပ်တစ်နေ့ ပြိုင်ပွဲပြီးဆုံးသွားသည့်အခါ ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့သည် နောက်ဆုံးအဆင့်သို့ ပြုတ်ကျသွားခဲ့၏။

လန်ရွှယ်၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖန့်သွားခဲ့၏။သူမကို ပို၍ပင် ဒေါသထွက်စေသည့်အချက်မှာ ဂျက်နီစစ်မီဒီယာ၏ အဖွဲ့သည် ထိပ်ဆုံး သုံးနေရာအတွင်းသို့ ဝင်ရောက်သွားခဲ့လေ၏။

ကိုယ့် ကျရှုံးမှုမှာ မုန်းတီးစရာကောင်းလှသော်လည်း ရန်သူ၏ အောင်မြင်မှုကို ကြည့်နေရခြင်းမှာ ပို၍ နာကျည်းရလေသည်။

ယဲ့ယီ လန်ရွှယ်၏အနားသို့ လျှောက်လှမ်းသွားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် သေးသိမ်သောလေသံဖြင့် စကားဆိုလိုက်သည်။

“အို.. နင်တို့ အဖွဲ့ကတော့ ပြိုင်ပွဲကနေ ပြုတ်တော့မဲ့ပုံပဲနော်”

ဤစကားလုံးများသည် လန်ရွှယ် ထိုစဉ်တုန်းက ယဲ့ယီကို လှောင်ပြောင် သရော်ခဲ့သည့် စကားလုံးများနှင့် ထပ်တူထပ်မျှ တူညီလှ၏။ လှောင်ပြောင်ခြင်းခံရသည့် ပစ်မှတ်သာ ပြောင်းလဲသွားခြင်း ဖြစ်သည်။

“နင် သိပ်ပြီးတော့ ဘဝင်မြင့်မနေနဲ့ဦး”

လန်ရွှယ် ယဲ့ယီကို စိုက်ကြည့်ပြီး ထွက်ခွာသွားတော့သည်။

သူမသည် ယောက်ျားလေးအဖွဲ့၏ အဖွဲ့ဝင်များကို သွားရောက်အပြစ်တင် ဆူပူမည့်ပုံစံမျိုး ဖြစ်နေ၏။

ယဲ့ယီလည်း သူမ၏အခန်းသို့ ပြန်လာခဲ့ပြီး ထိုနေရာတွင် စနစ်နှင့် စတင်ကာ ဆက်သွယ်ပြောဆိုတော့သည်။

“စနစ်.. လက်ရှိ တိုးတက်မှုအခြေအနေက ဘယ်လောက်ရှိသွားပြီလဲ”

စနစ် နိုးထလာကတည်းက တိုးတက်မှုပြ ဘားတစ်ခု ရှိလာခဲ့သည်။

ဤတိုးတက်မှုပြဘားသည် တစ်ရာရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်နှင့် ယဲ့ယီအနေဖြင့် ကံကြမ္မာအရှိန်အဝါကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဟု အဓိပ္ပာယ်ရပေမည်။

စနစ် ယဲ့ယီကို စတင်အစီရင်ခံခဲ့သည်။

“လက်ရှိ တိုးတက်မှုအခြေအနေက သုံးဆယ်ရာခိုင်နှုန်း ရှိနေပါပြီ။ ဆက်ပြီးတော့ ကြိုးစားပါဦး အိမ်ရှင်”

ယဲ့ယီ စနစ်နှင့် စကားပြောခြင်းကို ရပ်တန့်ရန် ပြင်ဆင်လိုက်သည့် ဆဲဆဲမှာပင် စနစ်က ၎င်း၏ အစီရင်ခံစာကို ဆက်လက်ပြောကြားသည်ကို ကြားလိုက်ရ၏။

“ဗီလိန်ရဲ့ ကံကြမ္မာအရှိန်အဝါ သိမ်းပိုက်မှု တိုးတက်မှုကတော့ ခြောက်ဆယ်ရာခိုင်နှုန်း ရှိနေပါတယ်”

ယဲ့ယီ ကြောင်အမ်းသွားရတော့၏။

“နင်ပြောတဲ့ ဗီလိန်ဆိုတာ ကုရှီချန်းကို ပြောတာ မဟုတ်လား”

စနစ်: “ဟုတ်ပါတယ် အိမ်ရှင်”

ယဲ့ယီ သူမ နားကြားပင် မှားသွားသလားဟု သံသယဝင်မိသွားသည်။

“အခုတင်ပဲ ကုရှီချန်းရဲ့ တိုးတက်မှုအခြေအနေက ခြောက်ဆယ်ရာခိုင်နှုန်းလို့ ပြောလိုက်တာလား။ ကုရှီချန်းမှာလည်း ဘာဖြစ်လို့ တိုးတက်မှုပြဘား ရှိနေရတာလဲ”

စနစ် :“ယခင်က အိမ်ရှင်ကို ပြောပြခဲ့ဖူးသလိုပါပဲ၊ အိမ်ရှင်ရဲ့ လွှမ်းမိုးမှုကြောင့် ဗီလိန်ကလည်း ဇာတ်လိုက်မင်းသားနဲ့အတူ ဇာတ်လိုက်အရှိန်အဝါကို လုယူဖို့ ပြိုင်ဆိုင်နေတာ ဖြစ်ပါတယ်”

ယဲ့ယီ ထိုအချက်ကို နားလည်နိုင်သော်လည်း သူမ နားမလည်နိုင်သော အချက်တစ်ချက် ရှိနေခဲ့သည်။

“ဒါဆိုရင် အဲဒီ ခြောက်ဆယ်ရာခိုင်နှုန်းဆိုတာက ဘာကို ဆိုလိုတာလဲ”

သူမသည် သုံးဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိရန်အတွက် ဤမျှလောက် ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရသော်လည်း ကုရှီချန်းကမူ ဘယ်လိုလုပ်၍ ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိနေရသနည်း။ ၎င်းမှာ သူမ၏ တိုးတက်မှုထက် နှစ်ဆပင် ပိုများနေခဲ့သည်။

စနစ် :“ဒါက ဗီလိန်ရဲ့ ကံကြမ္မာအရှိန်အဝါ တန်ဖိုးဟာ ဇာတ်လိုက်မင်းသားထက် သာလွန်သွားပြီဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ အိမ်ရှင်လိုပဲ ဇာတ်လိုက်မင်းသားဟာ သူတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဗီလိန်ကို ရှုံးနိမ့်ခဲ့ရပါတယ်”

ယဲ့ယီ ယခုမှပင် နားလည်သွားရတော့သည်။

သို့သော် သူမ အလွန်အမင်း ထိတ်လန့်အံ့သြသွားရ၏။

ကုရှီချန်းတွင် ဇာတ်လိုက်အရှိန်အဝါ၏ လွှမ်းမိုးမှုကို တွန်းလှန်ရန်အတွက် စနစ်ကဲ့သို့သော အခွင့်ထူးခံအရာမျိုး ရှိမရှိကို သိရှိထားရလေမည်။

ဇာတ်လိုက်အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင် ကုရှီချန်းသည် ချန်ထျန်မင်းကို တကယ်ပင် ချေမှုန်းပစ်နိုင်ခဲ့သည်။

ဤအရာသည် မယုံနိုင်စရာ ကောင်းလှပေသည်။

ကုရှီချန်း၏ စွမ်းဆောင်ရည်မှာ အားကောင်းလွန်းလှသဖြင့် ဇာတ်လိုက်အရှိန်အဝါကပင် သူ့ကို မလွှမ်းမိုးနိုင်ခဲ့ချေ။

ယဲ့ယီအနေဖြင့် စကားတစ်လုံးတည်းသာ ပြောနိုင်တော့သည်။

‘မိုက်လိုက်တာ’

ကုရှီချန်းနှင့် နှိုင်းယှဉ်ပါက သူမသည် အမှိုက်စလေးတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

ယဲ့ယီ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် အားမရဘဲ စိတ်ဓာတ်ကျသလို ခံစားလိုက်ရ၏။

ကုရှီချန်းသည် စနစ်မရှိဘဲနှင့်ပင် ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

သူမကမူ စနစ်၏ အကူအညီ ရှိနေပါလျက်နှင့် သုံးဆယ်ရာခိုင်နှုန်းသာ ရှိသေး၏။

နှိုင်းယှဉ်လိုက်ရခြင်းက စိတ်ပျက်စရာ ကောင်းလှပေသည်။

ယဲ့ယီတစ်ယောက် စိတ်ဓာတ်ကျနေစဉ်မှာပင် ကုရှီချန်း ဖုန်းဆက်လာခဲ့သည်။

၎င်းမှာ ယဲ့ယီ အစီအစဉ်တွင် ပါဝင်ကတည်းက ကုရှီချန်း ပထမဆုံးအကြိမ် ဆက်သွယ်လာသော ဖုန်းခေါ်ဆိုမှုလည်း ဖြစ်လေ၏။

ယဲ့ယီ ဖုန်းလက်ခံ လိုက်သည့်အခါ ကုရှီချန်း၏ အေးမြသော အသံက ထွက်ပေါ်လာခဲ့၏။

“တောင်းပန်ပါတယ်၊ ကိုယ် အခုတလော ကုမ္ပဏီကိစ္စတွေကို ဖြေရှင်းနေရလို့ အလုပ်ရှုပ်နေတာ၊ မင်းဆီကို ဖုန်းမဆက်နိုင်ခဲ့ဘူး”

“ရပါတယ်”

ယဲ့ယီ သဘောထားကြီးစွာ ပြောလိုက်၏။

သို့သော် သူမ စိတ်ထဲမှ မကျေမနပ် ရေရွတ်မိနေသည်။

‘ရှင့်ရဲ့ တိုးတက်မှုက ခြောက်ဆယ်ရာခိုင်နှုန်းတောင် ရှိနေပြီပဲဥစ္စာ၊ ကျွန်မက ဘာများ ထပ်ပြောနိုင်ဦးမှာလဲ’

ကုရှီချန်းသည် သူ့စားပွဲပေါ်က စာရွက်စာတမ်းများကို ကြည့်ရင်း စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်၏။

“ရူကော်လျန်က တကယ်ပဲ မင်းရဲ့ ဦးလေးလား”

အခန်း(၂၁၂)

ကုရှီချန်းက ဤသို့ပြောသည်ကို ကြားရသည့်အခါ ယဲ့ယီသည် ရူသိုက်ဝိန် သူ့ကို သွားပြောပြထားမှန်း သိလိုက်တော့၏။

“ဟုတ်တယ်”

“ဒါဆိုရင် မင်း သူတို့အပေါ် ဘာတွေတွေးထားလဲ။ သူတို့ကို ဆွေမျိုးအဖြစ် အသိအမှတ်ပြုချင်လား”

ကုရှီချန်း ဆက်လက်မေးမြန်းလိုက်၏။

“ကျွန်မ သိသလောက်တော့ ကျွန်မအမေက အဲ့တုန်းက မိသားစုနဲ့ အဆက်အသွယ် ဖြတ်ခဲ့ပြီး ကျွန်မကိုလည်း သူရဲ့ အမေဘက်က မိသားစုအကြောင်း တစ်ခါမှ မပြောပြခဲ့ဖူးဘူး။ အကယ်၍ ကျွန်မက သူတို့ကို ဆွေမျိုးအဖြစ် သွားပြီး အသိအမှတ်ပြုလိုက်ရင် ကျွန်မအမေ ဆန္ဒကို ဆန့်ကျင်ရာ ရောက်မသွားဘူးလား”

ယဲ့ယီ နောက်ပြောင်သလို လေသံမျိုးဖြင့် ပြောလိုက်၏။

ထိုစကား၏ ဆိုလိုရင်းမှာ သူမသည် သူတို့ကို ဆွေမျိုးအဖြစ် အသိအမှတ်ပြုရန် အစီအစဉ် လုံးဝမရှိဟု ပြောလိုက်ခြင်းပင်။

ကုရှီချန်းအနေဖြင့် ယဲ့ယီ၏ ရပ်တည်ချက်ကို သိရှိသွားပြီးနောက် နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို မည်သို့လုပ်ရမည်ကို သိရှိသွား၏။

ဦးလေးကို အသိအမှတ်ပြုရန် ယဲ့ယီ အစီအစဉ်မရှိသရွေ့ သူလည်း မည်သည့် ကရုဏာမျှ ပြသနေရန် မလိုတော့ပေ။

ယဲ့ယီက ရုတ်တရက် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ရူသိုက်ဝိန်က ရှင့်ကို အသံသွင်းထားတာတစ်ခုကော ပေးသေးလား”

ကုရှီချန်း စာရွက်စာတမ်းများ၏ ဘေးတွင် ရှိနေသော အသံသွင်းဘောပင်ကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည်ဖြေကြားခဲ့၏။

“ပေးတယ်”

“ရှင် အဲဒါကို နားထောင်ပြီးပြီလား”

ယဲ့ယီ ဆက်လက်မေးမြန်းလိုက်၏။

ကုရှီချန်း မျက်မှောင်ကြုတ်လိုက်သည်။

“ကိုယ် နားမထောင်ချင်ဘူး”

ဖုန်းတစ်ဖက်မှ ယဲ့ယီ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

ရူသိုက်ဝိန်ကမူ ကုရှီချန်း ထိုအသံသွင်းချက်ကို ကြားပြီးနောက် ဒေါသထွက်သွားလိမ့်မည်ဟုထင်ထားသော်လည်း ကုရှီချန်းကမူ ၎င်းကို နားထောင်ရန်ပင် အစီအစဉ်မရှိချေ။ ထိုအရာကို သူမ မျှော်လင့်ထားမိလိမ့်မည်မဟုတ်ပေ။

ယဲ့ယီ၏ ရယ်မောသံကို ကြားရသဖြင့် ကုရှီချန်း ဝေခွဲမရစွာ မေးမြန်းလိုက်၏။

“အဲဒီထဲမှာ ဘာတွေ အသံသွင်းထားလို့လဲ”

ယဲ့ယီ ပြုံးလျက် ပြောလိုက်၏။

“ရှင် နားထောင်ကြည့်ရင် သိမှာပေါ့”

ကုရှီချန်း အသံသွင်းဘောပင်ကို နှိပ်လိုက်၏။

ယဲ့ယီ၏ အသံ အထဲမှ ထွက်ပေါ်လာခဲ့သည်။

“ကျွန်မခေါင်းထဲမှာ အပေါက်တစ်ခုခု ရှိနေရင်တောင်မှ ကုရှီချန်းလိုမျိုး ရွှေမင်းသားကြီးကို စွန့်လွှတ်ပြီး အခြားလူကို ရွေးမှာ မဟုတ်ဘူး”

ယဲ့ယီ၏ အသံ ပြီးဆုံးသွားပြီးနောက် ရူသိုက်ဝိန်၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

“ကုရှီချန်း.. ယဲ့ယီက နင့်ရဲ့ ပိုက်ဆံကိုပဲ မက်လို့ နင့်အနားမှာ ရှိနေတာ။ နင် သူ လှည့်စားတာကို မခံပါနဲ့”

အသံသွင်းချက်ကို နားထောင်ပြီးနောက် ယဲ့ယီကုရှီချန်းကို ပြုံးလျက် မေးမြန်းလိုက်၏။

“အကယ်၍ ကျွန်မ ရှင့်ဆီက ပိုက်ဆံကိုပဲ မက်လို့ ရှင့်အနားမှာ တကယ်ပဲ ရှိနေတာဆိုရင် ရှင် ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ”

ကုရှီချန်း အသာအယာ ရယ်မောလိုက်၏။

“ဒါဆိုရင်တော့ ကိုယ်က အရမ်း ချမ်းသာနေတဲ့အတွက်ကြောင့် မင်းက အခြားလူနောက်ကို လိုက်မသွားတော့ဘူးဆိုပြီး ဝမ်းသာရမှာပေါ့”

ဤအခိုက်အတန့်တွင် ယဲ့ယီ၏ နှုတ်ခမ်းထောင့်များ ပုံမှန်ထက် ပိုမို၍ ပြုံးနေခဲ့ပြီး ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေခဲ့သည်။

သူမ ရွေးချယ်ခဲ့သော အမျိုးသားပီသပါပေသည်။

ယဲ့ယီ သူမ၏ အပြုံးကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး တိုးညင်းသော လေသံဖြင့် စကားဆိုလိုက်သည်။

“နောက် သုံးလကြာရင် ပန်းပေါင်းစုံဆုပေးပွဲအခမ်းအနား ရှိတယ်နော်”

ယဲ့ယီ ကျန်ရှိသော စကားများကို ထည့်သွင်းပြောဆိုခြင်း မပြုခဲ့သော်လည်း ကုရှီချန်းအနေဖြင့် သူမ၏ စကားလုံးများနောက်ကွယ်က ဆိုလိုရင်းကို နားမလည်ဘဲ မနေပေ။

“ကိုယ် မျှော်လင့်နေပါတယ်”

ယဲ့ယီနှင့် ကုရှီချန်းတို့ ဖုန်းမချမီ အချိန်အတော်ကြာ စကားပြောခဲ့ကြ၏။

ယဲ့ယီသည် ကုရှီချန်းကို ကုမ္ပဏီအကြောင်းလည်း ထပ်မံမမေးမြန်းခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ့တိုးတက်မှုအခြေအနေမှာ ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိနေလေပြီ။

သူမကိုယ်သူမသာ အရင်ဆုံး စိုးရိမ်ပူပန်သင့်သည်။

ယဲ့ယီ ဖုန်းချလိုက်ပြီးနောက် သူမ ကုမ္ပဏီအကြောင်း မေးမြန်းရန် နန်ချင်ဝမ်ထံသို့ ဖုန်းဆက်လိုက်၏။

ကုမ္ပဏီသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဟု သူမသိရှိလိုက်ရ၏။

ဇာတ်လိုက်မင်းသမီး၏ အရှိန်အဝါ လွှမ်းမိုးမှုများ မရှိတော့သည့်နောက်တွင် ကုမ္ပဏီသည် ပြန်လည်၍ ချောမွေ့စွာ လည်ပတ်နိုင်ခဲ့လေပြီ။

အရာအားလုံးသည် ကောင်းမွန်သော လမ်းကြောင်းဆီသို့ ဦးတည်ရွေ့လျားနေပုံရ၏။

ယဲ့ယီ ရိုက်ကူးခဲ့သော ရုပ်သံဇာတ်လမ်းတွဲလည်း စတင်ထုတ်လွှင့်ပြသခဲ့သည်။

အစပိုင်းတွင် လူတိုင်း ယဲ့ယီသည် နာမည်ကြီးစေရန်အတွက်သာ အသက် ကြီးရင့်သော ဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။

သို့သော် ယဲ့ယီ သရုပ်ဆောင်ထားသော ဇာတ်ကောင်ကို မြင်တွေ့ရပြီးနောက်တွင်မူ သရုပ်ဆောင်နေသူမှာ ယဲ့ယီ ဖြစ်သည်ကိုပင် မယုံကြည်နိုင်ကြတော့ပေ။

အကယ်၍ ထိုရင်းနှီးကျွမ်းဝင်လှသော မျက်နှာလေးသာ မဟုတ်ပါက ယဲ့ယီမှန်းပင် သူတို့ စိတ်ကူးမိကြလိမ့်မည်မဟုတ်ပေ။

ယဲ့ယီ၏ ထူးချွန်ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်သည် သူမအတွက် ပရိသတ် အမြောက်အများ လိုင်းလုံးကြီးများသဖွယ် ရောက်လာစေ၏။

အင်တာနက်ပေါ်တွင် သူမ၏ သရုပ်ဆောင်စွမ်းရည်အပေါ် သံသယဝင်နေကြသော အသံများလည်း လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

ထိုအခိုက်အတန့်မှာပင် တစ်စုံတစ်ဦးက ယဲ့ယီသည် ရူမိသားစု၏ ဝမ်းကွဲညီမငယ် ဖြစ်ကြောင်း သတင်းများကို ရုတ်တရက် ပေါက်ကြားစေခဲ့သည်။

အတင်းအဖျင်း သတင်းများကို စောင့်ကြည့်နေကြသော အင်တာနက်အသုံးပြုသူများသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြရသည်။

အဘယ်ကြောင့်ဆိုသော် ရူသိုက်ဝိန်၏ ကုရှီချန်းအပေါ် ထားရှိသော သံယောဇဉ်ကို စုံတွဲအစီအစဉ်တွင် လူသိရှင်ကြား သိသွားကြ၏။

ထို့အပြင် ယဲ့ယီနှင့် ကုရှီချန်းတို့သည် လည်း ချစ်သူရည်းစားများ ဖြစ်နိုင်သည်ဟု သံသဝင်နေကြ၏။

ယခုအခါ သူတို့သည် ညီအစ်မဝမ်းကွဲများ ဖြစ်နေကြကြောင်း ဖော်ထုတ်လိုက်သည့်အခါ ဤအတင်းအဖျင်းသတင်းမှာ အင်တာနက်အသုံးပြုသူများကို လုံးဝ အံ့အားသင့်သွားစေ၏။

[အမလေး.. ဒါက တကယ်လား။ တိုက်ဆိုင်လွန်းတာပဲ]

[အကယ်၍ ဒါက အမှန်ပဲဆိုရင် ငါတို့တွေ ပွဲကောင်းကြီး ကြည့်ရတော့မယ်။ ညီအစ်မနှစ်ယောက်က တစ်ယောက်တည်းကို လုနေကြတာပေါ့၊ ငါ ဒီလိုမျိုး ဇာတ်ကွက်တွေကို တီဗီထဲမှာပဲ မြင်ဖူးတာ]

[ငါ သိချင်တာက ဒီနှစ်ယောက်ထဲက ဘယ်သူက နောက်ဆုတ်သွားမလဲဆိုတာပဲ]

[ငါ့ရဲ့ လျောက်ပြီးမှန်းရရင်တော့ ယဲ့ယီပဲ ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူက မိဘတွေ မရှိကြတော့ဘူးလေ၊ သူ့အနေနဲ့ နောက်ကျရင် ရူမိသားစုကို အားကိုးရမှာဆိုတော့ ရူသိုက်ဝိန်ကို သေချာပေါက် ဖားရလိမ့်မယ်]

[အဲဒါကတော့ အမြဲတမ်း မှန်ချင်မှ မှန်မှာပါ၊ အကယ်၍ ရူသိုက်ဝိန်က သူ့ရဲ့ ဝမ်းကွဲညီမလေးကို သနားလို့ လိုလိုလားလား နောက်ဆုတ်ပေးလိုက်ရင်ကော]

[ဥက္ကဌကုကတော့ စော်ကြည်ဘဲ ဟေ့ ]

ဤကိစ္စသည် အင်တာနက်ပေါ်တွင် တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ခိုင်လုံသော သက်သေအထောက်အထားများ မရှိသေးသော်လည်း အင်တာနက်အသုံးပြုသူများသည် ထိုအရာကို အခြေခံအားဖြင့် ယုံကြည်နေကြ၏။

လန်ရွှယ်လည်း ဤအကြောင်းကို သိရှိသွားခဲ့၏။

သူမ ဤအကြောင်းကို သိလိုက်ရသည့် ခဏတွင် လန်ရွှယ်၏ ပထမဆုံးသော အတွေးမှာ သူမ ရူသိုက်ဝိန်၏ လှည့်စားခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။

ရူသိုက်ဝိန်သည် ယဲ့ယီကို ဖယ်ရှားပစ်ရန်အတွက် သူတို့ အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပထမဆုံး စတင်ပြောဆိုခဲ့သူ ဖြစ်သည်။

ယခုတွင် ယဲ့ယီနှင့် ရူသိုက်ဝိန်တို့သည် အမှန်တကယ်တော့ ညီအစ်မဝမ်းကွဲများ ဖြစ်နေကြ၏။

လန်ရွှယ်သည် ရူသိုက်ဝိန်ကို တိုက်ရိုက် အပြင်သို့ ချိန်းဆိုလိုက်တော့သည်။

ထိုတွေ့ဆုံမှုတွင် ရူသိုက်ဝိန်အပြင် သူတို့နှင့်အတူ ပူးပေါင်းပါဝင်လာသူမှာ စုမန် ဖြစ်၏။

ရူသိုက်ဝိန်ကို မြင်တွေ့ရသည့်အခါ လန်ရွှယ်သူမကို တိုက်ရိုက်ပင် မေးလိုက်၏။

“ရူသိုက်ဝိန်.. နင် ငါ့ကို ကစားနေတာ မဟုတ်လား”

“ငါလည်း မကြာသေးခင်ကမှ ယဲ့ယီနဲ့ ငါ့ကြားမှာ ဒီလိုမျိုး ပတ်သက်မှု ရှိနေတာကို သိခဲ့ရတာပါ”

ရူသိုက်ဝိန် အေးအေးလူလူပင် ပြောလိုက်၏။

လန်ရွှယ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဒါဆိုရင် ငါက နင်တို့ ညီအစ်မနှစ်ယောက်ကြားထဲမှာ အရုပ်တစ်ခုလိုမျိုး အသုံးချခံလိုက်ရတာပေါ့၊ ဟုတ်လား”

ရူသိုက်ဝိန် သူမကို နှစ်သိမ့်လိုက်သည်။

“သူက ငါ့ရဲ့ ညီမဝမ်းကွဲ ဖြစ်နေရုံနဲ့ ငါ သူ့အပေါ် ဘာမှမလုပ်တော့ဘူးလို့ ဘယ်သူပြောလဲ”

ရူသိုက်ဝိန်၏ စကားကို ကြားရသည့်အခါ လန်ရွှယ် ကြောင်အမ်းသွားရပြီး မယုံကြည်နိုင်စွာ ပြောလိုက်မိသည်။

“နင်က နင့်ရဲ့ ဆွေမျိုးအရင်းအချာကိုတောင်မှ ပစ်မှတ်ထားရဲတာလား”

“သူ့လိုမျိုး လူစားက ငါ့ရဲ့ မိသားစုဝင် ဖြစ်လာဖို့ မထိုက်တန်ပါဘူး။ ငါ့ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ ဘယ်သူမဆို.. တစ်ယောက်မှ ချန်ထားမှာ မဟုတ်ဘူး”

ရူသိုက်ဝိန်၏ လေသံမှာ ယဲ့ယီအပေါ် အထင်သေးရွံရှာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ရူသိုက်ဝိန်အပေါ် ပြန်လည်၍ အကဲဖြတ်ရန် လန်ရွှယ် မဖြစ်မနေ စဉ်းစားခန်း ဖွင့်လိုက်ရတော့သည်။

သူမ ထင်မှတ်ထားခဲ့သည်မှာ ရူသိုက်ဝိန်သည် ယဲ့ယီက သူမ၏ ဆွေမျိုးဖြစ်မှန်း သိရှိသွားပြီးနောက်တွင် အကယ်၍ ယဲ့ယီသည် ကုရှီချန်းကို စွန့်လွှတ်ရန် ငြင်းဆန်နေဦးမည်ဆိုပါက အနည်းဆုံးတော့ ယဲ့ယီကို ပစ်မှတ်ထားနေခြင်းများကို ရပ်တန့်လိမ့်မည်ဟု ထင်ထားခဲ့၏။

သူမ ရူသိုက်ဝိန်ကို လျှော့တွက်မိခဲ့လေ၏။

ဤအမျိုးသမီးသည် သူမ စိတ်ကူးထားခဲ့သည်ထက် ပိုမို၍ ရက်စက်ကြမ်းကြုတ်လှသည်။

“ဒါဆိုရင် နောက်ကျရင် ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ”

လန်ရွှယ် ရူသိုက်ဝိန်၏ မိသားစုကိစ္စများကို ဆက်ပြီး စိတ်မဝင်စားချင်တော့ပေ။

ယခုအခါ သူမ ဂရုစိုက်သည့်အချက်မှာ ယဲ့ယီကို မည်သို့ ဖယ်ရှားပစ်ရမည်ဟူသောအချက်သာ ဖြစ်သည်။

ယဲ့ယီ ထိုအစီအစဉ်သို့ သွားရောက်ခဲ့သည့် အချိန်မှစ၍ သူမကိုယ်တိုင်လည်း အလွန်အမင်း ကံဆိုးမှုများနှင့် စတင်ကြုံတွေ့လာခဲ့ရသည်။

ယဲ့ယီကို သေချာပေါက် ဖယ်ရှားပစ်ရလေမည်။

ရူသိုက်ဝိန် သူမ၏ လက်သည်းများကို ကစားရင်း အေးအေးလူလူ ပြောလိုက်၏။

“ဘာလို့ အလောတကြီး ဖြစ်နေရတာလဲ။ လူတစ်ယောက်ကို လုံးဝ ခြေမှုန်းဖျက်ဆီးပစ်ဖို့ဆိုရင် အရင်ဆုံး သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရမယ်လေ”

“အခု ကုရှီချန်းက ယဲ့ယီ သူ့ပိုက်ဆံကိုဘဲ မက်တာကို သိသွားပြီလေ။ သူ့ကို အရင်လို ဆက်ဆံတော့မှာ မဟုတ်ဘူး”

“အကယ်၍ ယဲ့ယီက သူဆွေမျိုး အရင်းအချာတွေကိုတောင် စွန့်လွှတ်တယ် ဆိုတဲ့ သတင်းကို ပေါက်ကြားသွားအောင် လုပ်လိုက်ရင် ကုရှီချန်း သူ့ကို ဆက်ကြိုက်ဦးမယ် ထင်လား”

ရူသိုက်ဝိန်၏ အစီအစဉ်ကို ကြားပြီးနောက် လန်ရွှယ် အလွန်အမင်း စိတ်ကျေနပ်သွားရသည်။

ဤအရာမှာ သူမ ယဲ့ယီကို တစ်ဆင့်ပြီးတစ်ဆင့် ဖျက်ဆီးပစ်ချင်နေသည့် ပုံစံမျိုး အတိအကျပင် ဖြစ်သည်။

လန်ရွှယ်သည် ရူသိုက်ဝိန်၏ ဘေးတွင် ရှိနေသော စုမန်ကို လှမ်းကြည့်လိုက်၏။

သူမသည် စုမန်နှင့် ရူသိုက်ဝိန်တို့ကြားက ပတ်သက်မှုကို အမြဲတမ်း စပ်စုချင်နေခဲ့၏။

“ရန်သူက တစ်ယောက်တည်းပဲဆိုတော့ သူရဲ့ ရည်ရွယ်ချက်ကိုရော ထည့်မပြောသင့်ဘူးလား”

လန်ရွှယ် စကားဆိုလိုက်၏။

ရူသိုက်ဝိန် ခေါင်းညိတ်လိုက်သည်။

“သိပ်ဟုတ်တာပေါ့။ ငါ လိုချင်တာက ကုရှီချန်း စုမန် လိုချင်တာက ကုရှီချန်းရဲ့ စည်းစိမ်တွေလေ။ ဘာဖြစ်လို့လဲဆိုတော့... ငါ နင့်ကို ပြောဖို့ မလိုဘူး ထင်တယ်၊ ဟုတ်တယ်မလား”

လန်ရွှယ်သည် စုမန်ကို အကဲဖြတ်သည့်အနေဖြင့် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။

“ငါ သိသလောက်ကတော့ ကုရှီချန်းက နောက်ကျရင် ကုကော်ပိုရေးရှင်းကို ကုစဲ့ဆီ လွှဲပေးမှာလေ။ အဲဒီအချိန်ကျရင် သူက မွဲနေမှာမလို့လား။ဒီအကြောင်းပြချက်က နည်းနည်းတော့ အဓိပ္ပာယ်မရှိသလိုပဲ”

စုမန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။

လန်ရွှယ်က ဤကဲ့သို့သော မေးခွန်းမျိုးကို ရုတ်တရက် မေးမြန်းလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

စုမန် အေးစက်စွာ ပြောလိုက်၏။

“ဘာဖြစ်လို့ ဒီလောက်အထိ အများကြီး မေးနေရတာလဲ။ ကိုယ့်ကိစ္စကိုသာ လုပ်စမ်းပါ”

လန်ရွှယ် စုမန်ကို ပြုံးစိစိမျက်နှာပေးဖြင့် ကြည့်လိုက်၏။

စုမန် ဤကဲ့သို့ ဖြစ်သွားသည်ကို မြင်ရသည့်အခါ ဤအကြောင်းနောက်ကွယ်တွင် လူသိရှင်ကြား ပြောပြ၍မရသော လျှို့ဝှက်ချက်တစ်ခုခု သေချာပေါက် ရှိနေရမည် ဖြစ်ကြောင်း လန်ရွှယ် သိလိုက်၏။

လန်ရွှယ်အနေဖြင့် ဆက်လက်၍ အတင်းအကျပ် မေးမြန်းနေပါက ရူသိုက်ဝိန်နှင့် စုမန်တို့ ဒေါသထွက်သွားနိုင်၏။

မည်သို့ပင်ဆိုစေ ၎င်းမှာ သူမနှင့် မသက်ဆိုင်သော ကိစ္စဖြစ်သဖြင့် သူမ ဆက်လက်၍ မမေးမြန်းတော့ပေ။

လန်ရွှယ် ပြုံးလျက် ရူသိုက်ဝိန်ကို စကားဆိုလိုက်သည်။

“ဒါဆိုရင်တော့ ရူမိန်းကလေးရဲ့ သတင်းကောင်းကို မျှော်လင့်နေပါ့မယ်”

ရူသိုက်ဝိန်၏ လုပ်ဆောင်မှု အရှိန်အဟုန်မှာ အလွန်အမင်း မြန်ဆန်လှပေသည်။

ဤကိစ္စသည် အင်တာနက်ပေါ်တွင် အထွတ်အထိပ်သို့ ရောက်ရှိအောင် ပေါက်ကွဲနေသည့် အချိန်တွင် ရူကော်ပိုရေးရှင်းသည် ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။

ထိုဗီဒီယိုထဲမှ လူမှာ ရူဖခင်ကြီး ဖြစ်သည်။

ဗီဒီယိုထဲတွင် ရူဖခင်ကြီးသည် ယဲ့ယီ၏ အမေအကြောင်းကို ထည့်သွင်းပြောကြားခဲ့၏။

သူက ထိုစဉ်တုန်းက သူ၏ညီမငယ်သည် မိသားစုနှင့် အနည်းငယ်မျှ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အိမ်မှ ထွက်ပြေးသွားခဲ့ပြီး လုံးဝ ပျောက်ကွယ်သွားခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

သူသည် သူ့ညီမငယ်ကို တစ်ချိန်လုံး လိုက်လံရှာဖွေနေခဲ့၏။

မကြာသေးမီကမှ သူ သတင်းအချက်အလက်အချို့ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့ရပြီး သူ၏ညီမငယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းနှင့် သမီးတစ်ယောက်တည်းသာ ချန်ရစ်ခဲ့မှန်း သိရှိခဲ့ရသည်။

ထို့ကြောင့် သူ ယဲ့ယီကို လိုက်လံရှာဖွေခဲ့ပြီး သူ့ညီမငယ်အတွက် သူမ၏ တစ်ဦးတည်းသော ကလေးကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးချင်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ယဲ့ယီ သူ့ကို ဆွေမျိုးအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည့်အပြင် သူ့ကိုလည်း ဆဲဆိုစော်ကားခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ယဲ့ယီ ဤသို့ စော်ကားခဲ့သော်လည်း သူ ခွင့်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် သူမကို အိမ်သို့ ပြန်လာစေချင်သေးကြောင်း ပြောခဲ့သည်။

ထို့ကြောင့် သူသည် အင်တာနက်အသုံးပြုသူများကို ယဲ့ယီအား မိသားစုထံသို့ ပြန်လည်ရောက်ရှိလာအောင် ဝိုင်းဝန်းကူညီ ဖျောင်းဖျပေးကြပါရန် တောင်းဆိုချင်ကြောင်း ပြောကြားခဲ့သည်။

ဤဗီဒီယို ထုတ်ပြန်ပြီးနောက်တွင် ၎င်းသည် အင်တာနက်တစ်ခွင်လုံးသို့ အရှိန်အဟုန်ဖြင့် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့တော့သည်။

ထိုအချိန်မှာပင် အခြားသော ဗီဒီယိုတစ်ခုလည်း ရုတ်တရက် ဖော်ထုတ်ခြင်း ခံလိုက်ရပြန်သည်။

ထိုဗီဒီယိုထဲတွင် ပြသထားသည်မှာ ယဲ့ယီသည် ရူဖခင်ကြီး၏ မျက်နှာသို့ ကော်ဖီဖြင့် ပက်ဖျန်းလိုက်သည့် အခိုက်အတန့်ကို တိတိကျကျပင် ဖော်ပြထား၏။

ဤဗီဒီယို ထွက်ပေါ်လာသည်နှင့် ယဲ့ယီ၏ လူမှုကွန်ရက်စာမျက်နှာ အကောင့် ပေါက်ကွဲသွားခဲ့ရတော့သည်။

၎င်းသည် ရှာဖွေမှုအများဆုံး သတင်းများ၏ ထိပ်ဆုံးနေရာသို့ပင် ရောက်ရှိသွားခဲ့၏။

#ယဲ့ယီကသူမ၏ဦးလေးအရင်းအပေါ်ကော်ဖီဖြင့်ပက်ဖျန်းခဲ့ခြင်း

#ယဲ့ယီကသူမ၏ဆွေမျိုးအရင်းအချာကိုငြင်းပယ်ခြင်း

ခဏအတွင်းမှာပင် အင်တာနက်ပေါ်မှ ဆဲဆို ပုတ်ခတ် ဝေဖန်မှုများ၏ မုန်တိုင်းဒဏ်ကို ယဲ့ယီ ခံစားလိုက်ရတော့၏။

All Chapters