အခန်း (၂၁၃-၂၁၄)
Vol. 21 Ch. 213-214
အခန်း(၂၁၃)
အင်တာနက်ပေါ်ရှိ ဝေဖန်ပြစ်တင်မှုများသည် တဖြည်းဖြည်းနှင့် ပိုမိုပြင်းထန်လာခဲ့ပြီး လူပုဂ္ဂိုလ်အလိုက် တိုက်ခိုက်မှုများအထိပင် ကူးစက်လာသည်။
ထိုသူများအားလုံးသည် ယဲ့ယီကိုသာ ပြစ်တင်ရှုတ်ချနေကြခြင်း ဖြစ်၏။
ဤဖြစ်ရပ်၏ သက်ရောက်မှုမှာ အလွန်အမင်း ဆိုးရွားလွန်းလှသဖြင့် ရိုက်ကူးရေးအဖွဲ့သည် ယဲ့ယီကို ဒိုင်အဖြစ် ဆောင်ရွက်နေခြင်းကို ယာယီရပ်ဆိုင်းထားရန် တောင်းဆိုလာခဲ့တော့သည်။
ယဲ့ယီ အနည်းငယ် ထိတ်လန့်သွား၏။
သူမ ထိတ်လန့်ရခြင်းမှာ အင်တာနက်ပေါ်က အခြေအနေများကြောင့်မဟုတ်ဘဲ အစီအစဉ်တွင် ဆက်လက်ပါဝင်ခွင့် မရတော့ခြင်းကြောင့် ဖြစ်သည်။ လန်ရွှယ်၏ ဇာတ်လိုက်မင်းသမီးအရှိန်အဝါ လွှမ်းမိုးမှုကို တွန်းလှန်ရန်အတွက် စနစ်၏ အကူအညီကို ရယူနိုင်တော့မည်မဟုတ်ပေ။
ယဲ့ယီ စိတ်ထဲမှ စနစ်နှင့် ဆွေးနွေးလိုက်သည်။
“စနစ်.. ငါ ဒီနေရာမှာ မရှိရင်တောင်မှ လန်ရွှယ်ရဲ့ ဇာတ်လိုက်အရှိန်အဝါ လွှမ်းမိုးမှုကို တွန်းလှန်နိုင်မဲ့ အခြားနည်းလမ်းများ ရှိဦးမလား”
စနစ် ပြန်လည်ဖြေကြားခဲ့သည်။
“အိမ်ရှင်ကို တွန်းလှန်နိုင်အောင် သုံးရက်ကြာ ကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ ဒီနေရာမှာပဲ ရနိုင်မှာပါ။ အခြားနေရာတွေမှာဆိုရင်တော့ ဇာတ်လိုက်ရဲ့ အရှိန်အဝါ လွှမ်းမိုးမှုကို ခံရပါလိမ့်မယ်”
ဤကာလအတွင်းမှာပင် စနစ်အနေဖြင့် လန်ရွှယ်၏ ဇာတ်လိုက်မင်းသမီးအရှိန်အဝါကို တွန်းလှန်နိုင်ရန်အတွက် သူမသည် လန်ရွှယ်နှင့် အတော်အတန် နီးကပ်သောနေရာတွင် ရှိနေရမည်ဟူသော အချက်ကို ယဲ့ယီ သဘောပေါက်နားလည်သွားခဲ့သည်။
အရာအားလုံးကို တားဆီးပိတ်နိုင်နေပြီဖြစ်ဆို့သော်လည်း ယခုအခါ သူမ ထွက်ခွါသွားရတော့ပေမည်။
စနစ်သည် သူမနှင့် ဆက်နွှယ်ထားခြင်း ဖြစ်သဖြင့် ၎င်းလည်း သူမနှင့် အတူတူ ထွက်ခွာသွားရမည်။
လန်ရွှယ်နှင့် ဝေးကွာလွန်းလှသည့်အခါ ဇာတ်လိုက်မင်းသမီး အရှိန်အဝါ၏ လွှမ်းမိုးမှုကို ထပ်မံ၍ မတွန်းလှန်နိုင်တော့ပေ။
သို့သော်လည်း ဂျက်နီစစ်မီဒီယာ ယောက်ျားလေးအဖွဲ့သာ အောင်မြင်စွာ ပွဲထွက်နိုင်မည်ဆိုပါက ထိုအချိန်တွင် တိုးတက်မှုအခြေအနေမှာ ငါးဆယ်ရာခိုင်နှုန်းခန့်သို့ ရောက်ရှိသွားလိမ့်မည်ဟု ယဲ့ယီ ခံစားမိသည်။
ဤဖြစ်ရပ်၏ ရိုက်ခတ်မှုကြောင့် တိုးတက်မှုအခြေအနေမှာ နှစ်ဆယ်ရာခိုင်နှုန်းအထိ ထိုးဆင်းကျဆင်းသွားခဲ့ရပြီး ဤကာလအတွင်း သူမ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးသည် အလဟဿ ဖြစ်သွားခဲ့သည်။
ယဲ့ယီ ဒေါသထွက်လွန်းသဖြင့် သေလုမတတ်ပင် ခံစားလိုက်ရ၏။
တစ်ညတာအတွင်းမှာတင် အောက်ခြေမူလအစသို့ ပြန်လည်ရောက်ရှိသွားရ၏။
ယခုအချိန်တွင် ဤအရာများကို တွေးတောနေခြင်းက အပိုပင် ဖြစ်သဖြင့် လက်ရှိရင်ဆိုင်နေရသော အခက်အခဲကို ဖြေရှင်းရန်သာ စဉ်းစားလိုက်တော့၏။
ရူသိုက်ဝိန်နှင့် ရူဖခင်ကြီးတို့ သူမထံသို့ လာရောက်ပြီးနောက်တွင် ယဲ့ယီသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိခင်ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ကုရှီချန်းကို အကူအညီတောင်းခံခဲ့၏။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ရူမိသားစုကို အသိအမှတ်ပြုရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
သူမသည် ထိုမျှလောက်အထိ အသုံးမကျသောလူစားမျိုး မဟုတ်ပေ။
ရိုက်ကူးရေးအဖွဲ့ထံမှ ထွက်ခွာလာပြီးနောက် ယဲ့ယီ အိမ်သို့ တိုက်ရိုက်ပင် ပြန်လာခဲ့တော့သည်။ လက်ရှိအချိန်တွင် သူမကို စောင့်ကြည့်နေကြသည့် သတင်းထောက်များနှင့် ပါပါရာဇီများ မည်မျှလောက်အထိ ရှိနေမည်ကို မသိနိုင်သောကြောင့် သူမအနေဖြင့် အပြင်သို့ ထွက်ခွါနိုင်မည်မဟုတ်သေးပေ။
ယဲ့ယီ အိမ်သို့ ပြန်ရောက်ပြီး မကြာမီအချိန်မှာပင် နန်ချင်ဝမ် ရောက်ရှိလာခဲ့သည်။
“ရှောင်ယီ.. နင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းဖို့ အစီအစဉ် ရှိလဲ”
နန်ချင်ဝမ်သည် ယဲ့ယီနှင့် ရူသိုက်ဝိန်တို့ကြားက အတိတ်သမိုင်းကြောင်းကို သိရှိထားသဖြင့် ဆုံးဖြတ်ချက်ချမည့် အခွင့်အရေးကို ယဲ့ယီ၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်၏။
“ကျွန်မ ဒီမိသားစုနဲ့ ပတ်သက်မှုကို လုံးဝ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ကျွန်မအမေ အဲ့တုန်းက ဘာဖြစ်လို့ အိမ်ကနေ ထွက်ပြေးသွားခဲ့ရလဲဆိုတာကို စုံစမ်းပေးဖို့ ကုရှီချန်းကို အကူအညီတောင်းထားတယ်။ ဘယ်လိုထွက်လာမလဲဆိုတာကို အရင်ဆုံး စောင့်ကြည့်ကြတာပေါ့”
ယဲ့ယီ ဆိုဖာပေါ်တွင် လှဲလျောင်းရင်း စိတ်မပါလက်မပါဖြင့် ပြောလိုက်၏။
နန်ချင်ဝမ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဤလူ့အဖွဲ့အစည်းတွင် ‘မိဘအပေါ် သိတတ်ရိုသေခြင်း’ ဟူသော စကားလုံးက လူကို အလွန်အမင်း ဖိနှိပ်ချုပ်ချယ်ထားတတ်သည်။
လူကြီးမိဘများက တစ်စုံတစ်ခုကို မှားယွင်းစွာ ပြုလုပ်ခဲ့လျှင်ပင် နောက်မျိုးဆက်များအနေဖြင့် စိတ်ထဲတွင် မှတ်ထား၍မရပေ။ မဟုတ်ပါက သူတို့သည် မိဘအပေါ် မရိုသေမသိတတ်သောသူများအဖြစ် သတ်မှတ်ခြင်း ခံရလေမည်။
ယဲ့ယီ အိမ်တွင် နှစ်ရက်တိုင်တိုင် နေခဲ့ပြီးနောက် နောက်ဆုံးတွင် ကုရှီချန်းကို စောင့်မျှော်ခဲ့သည်။
ဤရက်ပိုင်း အတွင်း အင်တာနက်ပေါ်က ဝေဖန်မှုများကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် သူမသည် အင်တာနက်ပင် မသုံးတော့ဘဲ နေ့တိုင်း ဂိမ်းများသာ ကစားနေခဲ့သည်။
သူမ၏ ဦးနှောက်မှာပင် သံချေးတက်လုနီးပါး ဖြစ်နေခဲ့လေပြီ။
“ဘယ်လိုလဲ.. ရှင် တစ်ခုခု ရှာတွေ့ခဲ့လား”
ယဲ့ယီ စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်သည်။
ကုရှီချန်း ခေါင်းညိတ်လိုက်၏။
“မင်းအမေက အဲ့တုန်းက အိမ်ကနေ အတင်း နှင်ထုတ် ခံခဲ့ရတာပါ”
တိတိကျကျ နှင့် အကြောင်းအရင်း အပြည့်အစုံပြောရန်အတွက် ကုရှီချန်း ယဲ့ယီကို လှမ်းကြည့်လိုက်ပြီး စကားကို မည်သို့ စတင်ပြောရမည်ကို အနည်းငယ် ဝေခွဲမရ ဖြစ်နေပုံရ၏။
“ဘာဖြစ်လို့လဲ.. ပြောပြလို့မရတဲ့ ကိစ္စတစ်ခုခု ရှိနေလို့လား”
ကုရှီချန်း၏ အမူအရာကို ကြည့်ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိခင် အိမ်ကနေ ထွက်ပြေးရသည့် အကြောင်းရင်းမှာ အရှက်ရစရာ ကောင်းသောအရာတစ်ခုခု ဖြစ်နေမလားဟု ယဲ့ယီ သံသယဝင်မိသွားသည်။
ချစ်ခြင်းမေတ္တာအတွက် ခိုးရာလိုက်ပြေးခဲ့ခြင်းမျိုး ဖြစ်နေနိုင်ပါသလော။
“မင်းအမေက ရူမိသားစုရဲ့ သွေးသားအရင်းအချာ မဟုတ်ဘူး၊ သူ့ကို အဖိုးရူက မွေးစားခဲ့တာ။ မင်းအမေ အရွယ်ရောက်လာပြီးတဲ့နောက်မှာ ရူကော်လျန်က သူ့အပေါ် စိတ်ဝင်စားခဲ့ပေမဲ့ အဖိုးရူက သဘောမတူခဲ့ဘူး။အဲ့တာကြောင့် ရူကော်လျန်အနေနဲ့ လက်လျှော့ခဲ့ရတယ်”
ကုရှီချန်း ဤနေရာသို့ ပြောဆိုလာသည့်အခါ ယဲ့ယီ၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်ထပ်အခိုက်အတန့်တွင် ကုရှီချန်း ဆက်လက်ပြောကြားခဲ၏။
“အဖိုးရူ ကွယ်လွန်သွားပြီးတဲ့နောက်မှာ ရူကော်လျန်က မင်းအမေကို သူ့နဲ့ လက်ထပ်ဖို့ အတင်းအကျပ် ဖိအားပေးခဲ့တယ်။ မင်းအမေ ထွက်ပြေးသွားပြီးတဲ့နောက်မှာ သူရဲ့ နာမည်ကို ပြောင်းလဲပြီး ပုန်းနေခဲ့ရာကနေ မင်းအဖေနဲ့ ဆုံခဲ့ပြီး သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတာ”
ကုရှီချန်း၏ စကားကို ကြားပြီးနောက် ယဲ့ယီ မအော်မိဘဲ မနေနိုင်တော့ပေ။
“ဒါက တကယ့်ကို ဇာတ်လမ်းဆန်လွန်းတာပဲ”
ဤဝတ္ထု၏ စာရေးဆရာသည် ဇာတ်လမ်းကို ဖန်တီးသည့်အခါ ခေါင်းထဲတွင် ဇာတ်လမ်းဆန်သော အကြောင်းအရာများမှတစ်ပါး အခြားဘာမျှ မရှိဟု ယဲ့ယီ ပြင်းထန်စွာ သံသယဝင်မိသွားသည်။ ပို၍ ဇာတ်လမ်းဆန်သောအရာသာ ရှိပြီး အဆန်းပြားဆုံး ဇာတ်ကွက်များပင် ဖြစ်တော့သည်။
ကုရှီချန်း သက်ပြင်းချလျက် အကူအညီမဲ့စွာ ပြုံးလိုက်၏။
သူကိုယ်တိုင်လည်း ဤအရာအားလုံးသည် ဇာတ်လမ်းဆန်လွန်းလှသည်ဟု ခံစားမိသည်။
တစ်စုံတစ်ဦးက မွေးစားညီမအပေါ် ချစ်ကြိုက်မိသွားသည့် အဖြစ်အပျက်မျိုးကို ယခင်က ကြားဖူးခဲ့သော်လည်း ထိုအရာသည် သူမ အနီးနားတွင် အမှန်တကယ် ဖြစ်ပျက်လာသည့်အခါ ထိတ်လန့်အံ့သြရဆဲပင်။
ထို့အပြင် ယခုအခါ ရူသိုက်ဝိန်သည် ကုရှီချန်းကို ရရန်အတွက် ယဲ့ယီနှင့် ပြိုင်ဆိုင်နေခဲ့သည်။
ရူသိုက်ဝိန် ဤအကြောင်းကို သိ မသိကို ယဲ့ယီ အနည်းငယ် စပ်စုချင်မိသွားသည်။
သူမ သေချာပေါက် သိရှိထားလိမ့်မည်မဟုတ်ပေ။မဟုတ်ပါက သူမသည် ရူဖခင်ကြီးကို ခေါ်ဆောင်ပြီး သူမကို လာရောက်ရှာဖွေလိမ့်မည်မဟုတ်ချေ။
ရူသိုက်ဝိန် ဤအကြောင်းကို သိရှိသွားပြီးနောက်တွင် သူမ၏ မျက်နှာအမူအရာ မည်သို့ ဖြစ်သွားမည်ကို ယဲ့ယီ အနည်းငယ် မြင်တွေ့ချင်မိသွားသည်။
သူမ သေချာပေါက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်။
“ဒီအကြောင်းကို လူသိရှင်ကြား ချပြလိုက်ရမလား”
ကုရှီချန်း မေးမြန်းလိုက်သည်။
ယဲ့ယီ ခေါင်းညိတ်လိုက်၏၊ ဤကိစ္စကို နောက်မှ ရှင်းလင်းနေခြင်းထက် စောစောစီးစီး ရှင်းလင်းလိုက်ခြင်းက ပိုမိုကောင်းမွန်ပေသည်။
ယဲ့ယီ၏ စကားကို ကြားပြီးနောက် ကုရှီချန်းသည် ဤကိစ္စကို စီစဉ်ဆောင်ရွက်ရန်အတွက် တစ်စုံတစ်ဦးထံသို့ ချက်ချင်းပင် ဖုန်းခေါ်ဆိုလိုက်တော့သည်။
အရာအားလုံးကို စီစဉ်ပြီးသွားသည့်အခါ ကုရှီချန်း ယဲ့ယီကို ရုတ်တရက် စကားဆိုလိုက်သည်။
“ကိုယ့်အမေက မင်းကို တွေ့ချင်နေတယ်။ မင်းရော သူ့ကို သွားတွေ့ချင်လား”
ယဲ့ယီ ရုတ်တရက် အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားရ၏။ မိခင်ကြီးကု သူမကို တစ်စုံတစ်ခုသော အကြောင်းပြချက်မရှိဘဲနှင့် တွေ့ချင်မည် မဟုတ်ပေ။
သူတို့ ယခင်က တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးသော်လည်း ထိုစဉ်က တစ်ဦးနှင့်တစ်ဦး စကားတစ်လုံးမျှ မပြောခဲ့ကြသည့်အပြင် မိခင်ကြီးကုသည် သူမကို သဘောမကျမှန်း သိသာလှပေသည်။
သို့သော်လည်း ယခုအခါ သူမနှင့် ကုရှီချန်းတို့တွဲနေကြပြီ ဖြစ်သဖြင့် နောင်အနာဂတ်တွင် သူမနှင့် သေချာပေါက် ရှောင်လွှဲ၍ရမည်မဟုတ်ပေ။
ယဲ့ယီ စိတ်ကို တင်းကြပ်စွာ ထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဘယ်အချိန်လဲ”
ကုရှီချန်း ပြုံးလိုက်၏။
“ဒီညပဲ”
“ဟင်.. ဒီလောက်တောင် စောတာလား”
သူမအတွက် ပြင်ဆင်ရန် အချိန်အနည်းငယ်မျှပင် မချန်ထားပေးလိမ့်မည်ဟု ယဲ့ယီ မမျှော်လင့်ထားခဲ့ပေ။
အခန်း(၂၁၄)
“မင်းတို့ အနှေးနဲ့ အမြန်တွေ့မှာ ပဲလေ”
“ပြီးရော”
…
ကုမိသားစုအိမ်သို့ သွားရာလမ်းတစ်လျှောက်တွင် ယဲ့ယီ၏ စိတ်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်မှုများ ရှိနေခဲ့၏။
အကယ်၍ မိခင်ကြီးကု ပိုက်ဆံသုံးပြီး ကုရှီချန်းထံမှ ထွက်ခွာသွားရန် သူမကို အတင်းအကျပ် ဖိအားပေးလာခဲ့လျှင် သူမ ဘာလုပ်သင့်ပါသနည်း။
ပိုက်ဆံကို ယူပြီး ထွက်ခွာသွားရမည်လော။ သို့မဟုတ် ပိုက်ဆံကိုလည်း ယူပြီး ဆက်တွဲရမည်လော။
ရွေးချယ်ရခက်ခဲလှသော ကိစ္စပင် ဖြစ်သည်။
ကုမိသားစုအိမ်သို့ ရောက်ရှိလာသည့်အခါ ကုစဲ့နှင့် မိခင်ကြီးကုတို့သည် သူတို့ကို ကြိုဆိုရန်အတွက် အတူတကွ ထွက်လာခဲ့ကြ၏။
တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ကုစဲ့နှင့် မိခင်ကြီးကုတို့ကြားက ပတ်သက်မှုသည် ယခင်ကထက် ပိုမိုကွဲပြားခြားနားနေသလိုမျိုး ယဲ့ယီ ခံစားလိုက်ရသည်။
သူတို့ ပိုမိုနီးကပ်သွားကြသကဲ့သို့မျိုး ခံစားရခြင်း ဖြစ်၏။
ယဲ့ယီ မိခင်ကြီးကုကို နှုတ်ဆက်လိုက်သည်။
မိခင်ကြီးကုက ပြုံးလျက် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“မင်းက ကဗျာရဲ့ သမီးလေး ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ မင်း သူနဲ့ ဒီလောက်အထိ တူနေတာကို ငါ ဘာဖြစ်လို့ အရင်က သတိမထားမိခဲ့ရတာလဲ “
ယဲ့ယီ အနည်းငယ် ကြောင်အမ်းသွားရ၏။
“ကျွန်မအမေကို သိတာလား”
ကဗျာ ဆိုသည်မှာ ယဲ့ယီ မိခင်၏ ငယ်နာမည် ဖြစ်၏။
မိခင်ကြီးကု ပြုံးလိုက်သည်။
“အထဲကို အရင်ဝင်ပြီးမှ စကားပြောကြတာပေါ့”
မိခင်ကြီးကု ယဲ့ယီကို ဆိုဖာပေါ်တွင် ထိုင်စေပြီးနောက် ယဲ့ယီ၏ မိခင်နှင့် သူမကြားက အတိတ်သမိုင်းကြောင်းများကို စတင်ပြောပြတော့သည်။
အဖြစ်မှန်မှာ မိခင်ကြီးကုနှင့် ယဲ့ယီ၏ မိခင်တို့သည် နှစ်ပေါင်းများစွာတိုင်အောင် အတန်းဖော်များ ဖြစ်ခဲ့ကြပြီး သူတို့သည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို အတူတူ တက်ရောက်ခဲ့ကြ၏။
သို့သော်လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးနောက်တွင် ယဲ့ယီ၏ မိခင်သည် ရူကော်လျန်ကို ရှောင်တိမ်းရန်အတွက် နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ရွေးချယ်ခဲ့သဖြင့် သူတို့နှစ်ဦး အဆက်အသွယ် ပြတ်တောက်သွားခဲ့ရခြင်း ဖြစ်သည်။
မိခင်ကြီးအနေဖြင့် ရူသိုက်ဝိန်ကို ဤမျှလောက်အထိ သဘောကျခဲ့ရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာလည်း ယဲ့ယီ၏ မိခင်ကြောင့် ဖြစ်သည်ဟု ပြောနိုင်ပေသည်။
မိခင်ကြီးကု၏ စကားကို ကြားပြီးနောက် ယဲ့ယီ ဘာပြန်ပြောရမှန်း မသိတော့ပေ။
စကားလုံး နှစ်လုံးတည်းသာ ရှိတော့သည်။
‘ဇာတ်လမ်းဆန်လိုက်တာ’
ဤသည်မှာ တကယ်ပင် ဇာတ်လမ်းဆန်လွန်းလှပေသည်။
စာအုပ်ထဲက ဇာတ်ကောင်အားလုံးသည် တစ်ဦးနှင့်တစ်ဦး ပတ်သက်ဆက်နွှယ်နေကြပုံရသည် မဟုတ်ပါလော။
စာရေးဆရာသည် ပါရမီရှင်လေး ဖြစ်တော့သည်။
“ရူကော်လျန်က ကဗျာ အပေါ် ဒီလိုမျိုး စိတ်ရှိနေခဲ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အံ့သြစရာ တော့မရှိပါဘူး၊ ဒါကြောင့်မို့လို့ သူက အဲ့တုန်းက စကားတစ်ခွန်းမျှ မချန်ထားခဲ့ဘဲ နိုင်ငံရပ်ခြားကို ထွက်ခွာသွားခဲ့တာကိုး”
မိခင်ကြီးကု မကျေမနပ်ဖြင့် ဒေါသတကြီး စကားဆိုလိုက်၏။
မိခင်ကြီးကုလည်း ဤအရာအားလုံးကို ကုရှီချန်းထံမှတစ်ဆင့် သိရှိခဲ့ရခြင်း ဖြစ်သည်။
ယဲ့ယီသည် သူငယ်ချင်းဟောင်း၏ ကလေးဖြစ်မှန်း သိရှိသွားပြီးနောက်တွင် ယဲ့ယီမှာ မိခင်ကြီးကု မျက်လုံးထဲတွင် ပိုမို၍ သဘောကျနှစ်သက်ဖွယ် ကောင်းလာခဲ့သည်။
ယဲ့မိသားစုနှင့် ကုမိသားစုတို့သည် ရိုးရာအစဉ်အလာအရ ခင်မင်ရင်းနှီးကြသော မိသားစုများ ဖြစ်ကြသော်လည်း ယဲ့ယီ၏ မိခင်က သူမ၏ နာမည်ကို ပြောင်းလဲခဲ့ခြင်းကြောင့်လည်းကောင်း... ထို့အပြင် သူတို့သည် နိုင်ငံရပ်ခြားတွင် တစ်ချိန်လုံး နေထိုင်ခဲ့ကြခြင်းကြောင့်လည်းကောင်း သူတို့နှစ်ဦး ပြန်လည်၍ ဆုံတွေ့နိုင်ခြင်း မရှိခဲ့ကြပေ။
နောက်ပိုင်းတွင် မိခင်ကြီးကုသည် သူမ သားအကြီးဆုံးနှင့်အတူ နိုင်ငံရပ်ခြားသို့ သွားရောက်ခဲ့ပြီးနောက် ယဲ့ယီ၏ မိဘများသည် မတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ကြသဖြင့် သူတို့နှစ်ဦး အချင်းချင်း ပြန်လည်၍ အသိအမှတ်ပြုရန် အခွင့်အရေး မရရှိခဲ့ကြပေ။
“ဘယ်သူက ထင်မှာလဲ။ အကယ်၍ မင်းအမေသာ အခုထိ ရှိနေဦးမယ်ဆိုရင်ပေါ့။ ငါတို့တွေ အဲ့တုန်းက ငါတို့ရဲ့ ကလေးတွေကို ပေးစားမယ်လို့ နောက်ခဲ့ဖူးသေးတယ်၊ အခုတော့ အဲဒါက တကယ်ပဲ လက်တွေ့ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”
မိခင်ကြီးကု ယဲ့ယီနှင့် ကုရှီချန်းတို့ကို ကြည့်ရင်း ပြုံးလျက် စကားဆိုလိုက်၏။
ယဲ့ယီလည်း အရာအားလုံးသည် ဤမျှလောက်အထိ တိုက်ဆိုင်မှုများ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“မင်းတို့တွေ ဘယ်တော့ လက်ထပ်ဖို့ အစီအစဉ် ရှိလဲ”
မိခင်ကြီးကု၏ စကားလမ်းကြောင်းပြောင်းခြင်းသည် အလွန်အမင်း ရုတ်တရက် ဆန်လွန်းလှပေသည်။
ယဲ့ယီ အနည်းငယ် ကြောင်အမ်းသွားရ၏။
သူမသည် ရုတ်တရက် အိမ်ထောင်ပြုရန် တိုက်တွန်းခြင်းကို ခံနေရ၏။
မိခင်ကြီးကုက ဆက်လက်၍ ပြောနေခဲ့သည်။
“မင်းတို့လည်း အသက်မငယ်ကြတော့ဘူးလေ။ စောစောစီးစီး လက်ထပ်လိုက်ကြပြီးတော့ ကုစဲ့အတွက် အဖော်ရအောင်လို့ ညီလေး ညီမလေးတစ်ယောက်လောက် မွေးပေးလိုက်စမ်းပါဦး”
ကုစဲ့ ကြားဖြတ်၍ ဝင်ပြောလိုက်သည်။
“သားက ညီမလေး လိုချင်တာ”
ယဲ့ယီ လုံးလုံး ဆွံ့အသွားရတော့သည်။
ကောင်းလေစွ။ ယခုအခါ အိမ်ထောင်ပြုရန် တိုက်တွန်းနေရုံတင်မကဘဲ ကလေးမွေးဖွားရန်အတွက်ပါ တိုက်တွန်းခံနေရလေပြီ။
ကုရှီချန်း သူတို့၏ စကားကို သဘောမတူဘဲ ယဲ့ယီကိုသာ လှမ်းကြည့်လိုက်သည်။
“ဒါက ကျွန်တော်အပေါ်မှာ မူတည်တာမဟုတ်ဘူး၊ ရှောင်ယီ အပေါ်မှာပဲ မူတည်တာ”
ထို့ကြောင့် ယဲ့ယီသည် မျက်လုံး သုံးစုံ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရတော့သည်။
ယဲ့ယီ စိတ်မသက်မသာဖြင့် ဟန်ဆောင်ပြုံးလိုက်သည်။
“ဒါက အလောတကြီး လုပ်ဖို့မလိုပါဘူး”
မိခင်ကြီးကုအနေဖြင့် သူမနှင့် ကုရှီချန်းတို့ အတူတကွ ရှိနေခြင်းကို တားဆီးပိတ်ဆို့ခြင်း မပြုသည့်အပြင် သူတို့ကို ကလေးမွေးဖွားရန်အတွက်ပါ စတင်တိုက်တွန်းလာလိမ့်မည်ဟု ယဲ့ယီ မမျှော်လင့်ထားခဲ့ပေ။
ဤအရာအားလုံးသည် မြန်ဆန်လွန်းလှသဖြင့် သူမအနေဖြင့် ဤမျှလောက်များပြားလှသော သတင်းအချက်အလက်များကို ခဏမျှ ဦးနှောက်ထဲတွင် လက်ခံနိုင်ခြင်း မရှိသေးပေ။
မိခင်ကြီးကု၏ ထပ်တလဲလဲ အတင်းအကျပ် တိုက်တွန်းမှုများကြောင့် ယဲ့ယီသည် ကုမိသားစုအိမ်တွင် ခေါ်ထားခြင်း ခံလိုက်ရတော့သည်။
ကုရှီချန်း၏ အခန်းထဲသို့ ဝင်ရောက်လာပြီးနောက်တွင်မှ ယဲ့ယီ တဖြည်းဖြည်းနှင့် သတိပြန်ဝင်လာခဲ့၏။
‘ငါ ခြင်္သေ့ တွင်းထဲဝင်လာတာလား’
ယဲ့ယီ ဤနေရာတွင် ချန်ထားရစ်ခဲ့ဖူးသော ညအိပ်ဝတ်စုံကို ကုရှီချန်း ယူဆောင်လာပေးခဲ့သည်။
“မင်းရဲ့ ပစ္စည်းတွေအားလုံးကို ကိုယ် သိမ်းထားတယ်”
ယဲ့ယီ အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။
‘ခြင်္သေ့တွင်း ဖြစ်နေလဲ ဘာဖြစ်လဲ။ ဖြစ်ပါစေတော့’
ပြောရမည်ဆိုပါက မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် ကုရှီချန်းတို့သည် တစ်နှစ်ကျော်ကြာ အတူတကွ ရှိနေခဲ့ကြသော်လည်း သူတို့နှစ်ဦးကြားက ပတ်သက်မှုသည် စက္ကူဖြူတစ်ရွက်ထက်ပင် ပိုမို၍ သန့်ရှင်းစင်ကြယ်နေခဲ့သည်။
ထိုစဉ်တုန်းက မူလခန္ဓာကိုယ်ပိုင်ရှင်သည် သူမ ဘဝကိုပေးအပ်ရန် ကြိုးစားခဲ့ဖူးသော်လည်း သူမသည် ကုရှီချန်း၏ ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။
ကုရှီချန်းလည်း ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လာရောက်လှဲလျောင်းသည့်အခါ ကုရှီချန်း၏ လှုပ်ရှားမှုများကို ယဲ့ယီ စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေခဲ့သည်။
သို့သော်လည်း မမျှော်လင့်ထားသည်မှာ ကုရှီချန်းသည် သူမ၏ ဘေးတွင် လာရောက်လှဲလျောင်းရုံမှတစ်ပါး အခြားမည်သည့် အရာမှ မပြုလုပ်ခဲ့ပေ။
ယဲ့ယီ ကုရှီချန်းကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်ရာ ကုရှီချန်း လည်း သူမကို ကံအားလျော်စွာ လှမ်းမြင်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ”
ကုရှီချန်း၏ မေးခွန်းကို ရင်ဆိုင်ရသည့်အခါ ယဲ့ယီ ဘာပြန်ပြောရမှန်း မသိတော့ပေ။
သူမအနေဖြင့် စိတ်ထဲက အတွေးများကို အမှန်အတိုင်း ထုတ်ပြော၍မရပေ။
သူမ စိတ်မသက်မသာဖြင့် ပြုံးလျက်သာ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ အိပ်ကြရအောင်”
ယဲ့ယီ၏ မျက်လုံးများ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ ရွေ့လျားနေသည်ကို မြင်ရသည့်အခါ ကုရှီချန်းသည် သူမ ဘာတွေးနေသည်ကို ချက်ချင်းပင် သိရှိသွားခဲ့၏။
သူ အသာအယာ ရယ်မောလိုက်၏။
“မလောပါနဲ့၊ ကိုယ်က ကိုယ်တို့ရဲ့ မင်္ဂလာဦးညအတွက် သိမ်းထားချင်လို့ပါ”
ယဲ့ယီ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွား၏။ထို့နောက် သူမ မျက်နှာကို စောင်ထဲသို့ အရှိန်အဟုန်ဖြင့် ဝှက်လိုက်တော့သည်။
သို့သော်လည်း ကုရှီချန်းက ဆွဲထုတ်ခြင်းကို ထပ်မံခံလိုက်ရပြန်သည်။
“မင်း ခဏနေရင် အသက်ရှူကျပ်သွားလိမ့်မယ်”
ကုရှီချန်း ယဲ့ယီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး သူမ၏ မျက်နှာပေါ်သို့ အနမ်းတစ်ပွင့် ပေးလိုက်၏။
“အများကြီး လျှောက်မတွေးနဲ့တော့၊ အိပ်တော့နော်”
ယဲ့ယီက လိမ္မာသိတတ်စွာ မျက်လုံးများကို မှိတ်လိုက်တော့သည်။
နောက်တစ်နေ့ အစားစားသောက်သည့် အချိန်တွင် အိမ်ထိန်း ယူဆောင်လာပေးသော အားဖြည့်စွပ်ပြုတ်နှင့် မိခင်ကြီးကု၏ အဓိပ္ပာယ်ပါလှသော မျက်နှာပေးတို့ကို မြင်တွေ့ရသည့်အခါ သူမ သေချာပေါက် အတွေးလွန်နေမှန်း သိလိုက်ရတော့၏။
သို့သော်လည်း ကုရှီချန်းကမူ မည်သည့်အရာကိုမျှ မရှင်းလင်းဘဲ ထိုစွပ်ပြုတ်များကိုသာ အကုန် သောက်လိုက်၏။
မိခင်ကြီးကု ယဲ့ယီကို နောက်ထပ် ရက်အနည်းငယ်မျှ ဆက်လက်နေစေချင်သော်လည်း ယဲ့ယီသည် ထွက်ခွါခဲ့၏။
ကုရှီချန်းသည် ယဲ့ယီ၏ မိခင်နှင့် ပတ်သက်သော ကိစ္စရပ်များကို အင်တာနက်ပေါ်တွင် ပိုက်ကွန်ကျဲလိုက်ပြီ ဖြစ်သဖြင့် ယခုအခါ ထိုပိုက်ကွန်ကို သိမ်းဆည်းရမည့် အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
ယဲ့ယီသည် ယခင်ကတည်းက မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေခဲ့သူ ဖြစ်သဖြင့် ဤကိစ္စ ထွက်ပေါ်လာသည်နှင့် ၎င်းသည် အင်တာနက်အသုံးပြုသူများ၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိခဲ့တော့သည်။
ပြည်သူလူထု၏ ဝေဖန်မှုများသည် ပြောင်းပြန် ဖြစ်သွားခဲ့ရပြီး ရူကော်ပိုရေးရှင်း၏ စတော့ရှယ်ယာများသည် ဆက်တိုက်ဆိုသလို ထိုးဆင်းကျဆင်းသွားခဲ့ကာ နောက်ဆုံးတွင် ဒေဝါလီခံရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့တော့သည်။
ထို့အပြင် ဒေဝါလီမခံရမီ အချိန်တွင် တစ်စုံတစ်ဦးက သူတို့ကို အခွန်ရှောင်တိမ်းမှုဖြင့် တိုင်ကြားခဲ့သဖြင့် ရူဖခင်ကြီးသည် ထောင်ထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။
ရူသိုက်ဝိန်၏ မိခင်လည်း ဤရိုက်ခတ်မှုဒဏ်ကို မခံစားနိုင်တော့ဘဲ အဆောက်အဦးပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့၏။
ရူမိသားစုတွင် ရူသိုက်ဝိန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
သူတို့ ယခင်က ဝယ်ယူခဲ့ဖူးသော ဖျော်ဖြေရေးကုမ္ပဏီလည်း သူမကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်ကနေ တိုက်ရိုက်ပင် ထုတ်ပယ်လိုက်သဖြင့် မြင့်မြတ်လှသော မိန်းကလေးတစ်ဦး၏ ဘဝမှနေ၍ ရုတ်တရက် အရာအားလုံး ဆုံးရှုံးသွားသော အထီးကျန် ဝိညာဉ်လေးတစ်ခု ဖြစ်သွားခဲ့ရတော့သည်။
သူမလည်း အင်တာနက်ပေါ်က ဆဲဆိုပုတ်ခတ်မှုများကို ခံစားခဲ့ရပြီး လူတိုင်းက သူမကို “အဖေတူသမီး” ဟု ကျိန်ဆဲနေကြခဲ့သည်။
သူမ၏အဖေက ယဲ့ယီ၏ မိခင်ကို အတင်းအကျပ် လက်ထပ်ရန် ကြိုးစားခဲ့ပြီး သူမကမူ ယဲ့ယီ၏ အမျိုးသားကို လုယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ရူသိုက်ဝိန်သည် ယခုအခါ လူတိုင်းက ရွံရှာမုန်းတီးသောသူတစ်ဦး ဖြစ်သွားခဲ့ရလေပြီ။
သူမနှင့် နီးကပ်စွာ ရှိနေခဲ့သော စုမန်လည်း ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ blacklist လုပ်ခြင်းကို ခံလိုက်ရ၏။
လန်ရွှယ်သည် ရူသိုက်ဝိန် ပျက်စီးသွားသည်ကို မြင်တွေ့ရပြီးနောက်တွင် သူမကို မဆိုင်းမတွဘဲ စွန့်လွှတ်လိုက်တော့သည်။
ယဲ့ယီ ရူသိုက်ဝိန်ကို နောက်တစ်ကြိမ် ပြန်လည်တွေ့ရှိခဲ့ရသည့် အချိန်မှာမူ အရည်အချင်းစစ် ပြိုင်ပွဲအစီအစဉ်၏ ရိုက်ကူးရေး ကွင်းပြင်တွင် ဖြစ်သည်။
ဤကိစ္စရပ်များကို ဖြေရှင်းပြီးနောက်တွင် သူမသည် ရိုက်ကူးရေးအဖွဲ့ထံသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့၏။
ဤပြဿနာကို ဖြေရှင်းပြီးနောက် တိုးတက်မှုအခြေအနေမှာ လေးဆယ်ရာခိုင်နှုန်းအထိ အောင်မြင်စွာ တိုးတက်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဤအရာမှာ ဇာတ်လိုက်မင်းသမီး၏ လက်ဝဲလက်ယာ လက်ရုံးများကို ရှင်းလင်းလိုက်ခြင်းနှင့် အတူတူပေ။
အစီအစဉ် ရိုက်ကူးနေစဉ် ကာလအတွင်းမှာပင် ရူသိုက်ဝိန် ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ယဲ့ယီထံသို့ ရုတ်တရက် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့၏။
အကယ်၍ ယဲ့ယီသာ လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့ပါက ထိုဓားသည် သူမ၏ ခေါင်းကို တိုက်ရိုက်ပင် စိုက်ဝင်သွားခဲ့လေမည်။
ယဲ့ယီ လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူမ၏ ပခုံးတွင်မူ ဒဏ်ရာရရှိသွားခဲ့၏။
အလွန်အမင်း နာကျင်လွန်းလှသဖြင့် သူမ၏ မျက်နှာလေး ရှုံ့မဲ့သွားခဲ့ရသည်။
မကြာမီအချိန်မှာပင် ကွင်းပြင်ရှိ လုံခြုံရေးဝန်ထမ်းများ ရှေတိုးလာကြပြီး ရူသိုက်ဝိန်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြတော့သည်။
ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် တိုင်အောင် ရူသိုက်ဝိန်သည် ယဲ့ယီကို ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။
“ယဲ့ယီ.. နင်လိုမျိုး ကောင်မက ဘာဖြစ်လို့ သေ မသွားရတာလဲ”
ယဲ့ယီကမူ ရူသိုက်ဝိန်၏ အော်ဟစ်ဆဲဆိုသံများကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။
ယဲ့ယီ ဒဏ်ရာရရှိသွားကြောင်း သိရှိရသည့်အခါ ကုရှီချန်း ထိုနေရာသို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့တော့သည်။
နောက်ဆုံးတွင် ရူသိုက်ဝိန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုဖြင့် ကုရှီချန်းကြောင့် ထောင်ထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
သူမ ထောင်ထဲသို့ ရောက်ရှိပြီး မကြာမီအချိန်မှာပင် ရူသိုက်ဝိန်တစ်ယောက် ရူးသွပ်သွားခဲ့ပြီ ဖြစ်ကြောင်း ယဲ့ယီ ကြားသိခဲ့ရ၏။
ဤအရာအားလုံးအတွက် ယဲ့ယီအနေဖြင့် စကားတစ်ခွန်းတည်းသာ ပြောနိုင်တော့သည်။
‘ကိုယ့်သေတွင်း ကိုယ်တူးတာ’
ဒဏ်ရာရရှိပြီးနောက်တွင် ထိုအစီအစဉ်၏ ရိုက်ကူးရေးမှနေ၍ ယဲ့ယီ နုတ်ထွက်ခဲ့သည်။
ယခုအခါတွင်မူ သူမ နုတ်ထွက်ခဲ့ရခြင်း၏ အဓိကအကြောင်းမှာ ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်း၏ ယောက်ျားလေးအဖွဲ့သည် ပြိုင်ပွဲမှ ပြုတ်သွားခဲ့သောကြောင့်ပင်။
လန်ရွှယ်၏ ဇာတ်လိုက်အရှိန်အဝါသည် နောက်ထပ် လွှမ်းမိုးနိုင်ခြင်း မရှိတော့ပေ။
ယခုအခါ ရူသိုက်ဝိန် ထောင်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် စုမန်နှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း စုံစမ်းစစ်ဆေးသင့်ပြီဟု ယဲ့ယီ ခံစားမိ၏။
သူမ ပြောစရာပင် မလိုဘဲ ကုရှီချန်းသည် တစ်စုံတစ်ဦးကို လျှို့ဝှက်စွာ စေလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းထားခဲ့ပြီး ဖြစ်၏။
အတိအကျ ပြောရမည်ဆိုပါက သူသည် စုမန် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် ပထမဆုံးနေ့ကတည်းက စုံစမ်းစစ်ဆေးနေခဲ့ခြင်း ဖြစ်သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့သေးခြင်းသာ ဖြစ်သည်။
ရူမိသားစု ဒေဝါလီခံရပြီးနောက်တွင် အချို့သောအရာများသည် နောက်ဆုံးတွင် ရေပေါ်သို့ ပေါ်ထွက်လာခဲ့တော့သည်။
စုံစမ်းစစ်ဆေးမှု ရလဒ်များကို မြင်တွေ့ရသည့်အခါ ယဲ့ယီနှင့် ကုရှီချန်းတို့ နှစ်ဦးစလုံး၏ မျက်နှာအမူအရာများသည် အလွန်အမင်း မည်းမှောင်သွားခဲ့ရ၏။
အဖြစ်မှန်မှာ စုမန် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်မှာ ကုရှီချန်းအတွက် မဟုတ်ခဲ့ချေ။
သူမ၏ ပစ်မှတ်မှာ ကုစဲ့ ဖြစ်နေခဲ့သည်။
နိုင်ငံရပ်ခြားသို့ သွားရောက်ပြီးနောက် စုမန်သည် နိုင်ငံခြားသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် မွေးဖွားခဲ့သည်။
သို့သော်လည်း ကံမကောင်းစွာ သူမ သားသည် မွေးရာပါ နှလုံးရောဂါ ဝေဒနာကို ခံစားနေရသဖြင့် နှလုံးအစားထိုးကုသမှု ခံယူရန် အရေးပေါ် လိုအပ်နေခဲ့၏။
ထိုစဉ်က ရူသိုက်ဝိန်က သူမထံသို့ ချဉ်းကပ်လာခဲ့ပြီး သူတို့သည် မိခင်တစ်ဦးတည်းမှ မွေးဖွားလာကြသူများ ဖြစ်ကြသဖြင့် ကုစဲ့၏ နှလုံးသည် ကိုက်ညီမှု ရှိနိုင်ခြေ အလွန်များပြားကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် သူမသည် အခြားသော သားတစ်ယောက်၏ အသက်အတွက် ရူသိုက်ဝိန်နှင့်အတူ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်တော့၏။