← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

အခန်း(၂၁၅)

“ဒါဆိုရင် စုမန် ပြန်လာရတဲ့ အကြောင်းရင်းက သူရဲ့ တခြားသားအတွက် ရှောင်စဲ့ရဲ့ နှလုံးကို လိုချင်လို့ပေါ့ ဟုတ်လား”

ယဲ့ယီ အေးစက်စွာ စကားဆိုလိုက်၏။

စုမန် ကုစဲ့၏ နှလုံးသားကို အလိုရှိနေခြင်းမှာ အခြေခံအားဖြင့် သူ့အသက်ကို လိုချင်နေခြင်းနှင့် ထပ်တူထပ်မျှ တူညီလှပေသည်။

တစ်နည်းအားဖြင့် ပြောရပါက သူမသည် အခြားသားတစ်ယောက်၏ အသက်ကို ဆွဲဆန့်ပေးရန်အတွက် သားတစ်ယောက်ကို သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့်သာ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။

ကုစဲ့၏ နှလုံးက သူမ အခြားသားနှင့် ကိုက်ညီမှု ရှိမရှိကိုပင် သူမ သေသေချာချာ မသိရှိထားချေ။

ဤအကြောင်းကို တွေးတောမိသည့်အခါ ယဲ့ယီ၏ အကြည့်များ အေးစက်သွားခဲ့ရသည်။

ရူသိုက်ဝိန်နှင့် စုမန်တို့ အကြံကို သူမ ခန့်မှန်းမိသွား၏။

စုမန်သည် ရူသိုက်ဝိန်ကို ကုရှီချန်းနှင့် လက်ထပ်နိုင်အောင် ကူညီပေးမည်ဖြစ်ပြီး ထို့နောက်တွင် သူတို့နှစ်ဦးသည် ကုစဲ့ကို သတ်ပစ်ရန် အခွင့်အရေး ရှာဖွေကြလိမ့်မည်။

ဤသည်မှာ ရက်စက်ကြမ်းကြုတ်လှပေသည်။

ကုရှီချန်း၏ မျက်နှာအမူအရာလည်း အလွန်အမင်း အေးစက်နေခဲ့သည်။

သူ့အတွက်မူ ကုစဲ့သည် သူ့ ကိုယ်ပိုင်သားအရင်းနှင့် တူညီလှပေသည်။

ထို့အပြင် ကုစဲ့၏ မွေးဖခင်ရင်းမှာ သူ့ကို ကယ်တင်ရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်၏။အကယ်၍ ကုစဲ့သာ သူ့ကြောင့် အသတ်ခံလိုက်ရမည်ဆိုပါက သူသေဆုံးသွားလျှင်ပင် ထိုအပြစ်ကို ဆေးကြောနိုင်မည်မဟုတ်ပေ။

ကုရှီချန်း သူ့ဖုန်းကို ထုတ်ယူကာ တစ်စုံတစ်ဦးထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။

“စုမန်ကို ငါ့အတွက် ရှာပေး”

ဖုန်းချလိုက်ပြီးနောက် ယဲ့ယီ ကုရှီချန်းကို စကားဆိုလိုက်သည်။

“ကျွန်မတို့ ရှောင်စဲ့ကို ဒီအကြောင်း လုံးဝ အသိပေးလို့ မဖြစ်ဘူးနော်”

ကုရှီချန်း ခေါင်းညိတ်လိုက်၏။

အကယ်၍ ကုစဲ့သာ သူ့မိခင် ပြည်တွင်းသို့ ပြန်လာရခြင်းမှာ မအေတူဖအေကွဲညီအတွက် သူ့နှလုံးကို ယူရန် ဖြစ်ကြောင်း သိရှိသွားပါက သူ အလွန်အမင်း စိတ်ထိခိုက်ကြေကွဲသွားပေလိမ့်မည်။

စုမန်သည် ရူသိုက်ဝိန် ဖမ်းဆီးခြင်းခံရပြီးနောက်တွင် ပုန်းနေခဲ့သည်။

ရူသိုက်ဝိန် မရှိတော့သည့်နောက်တွင် ကုရှီချန်းသည် သူမ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာရသည့် အကြောင်းရင်းများကို သေချာပေါက် စုံစမ်းစစ်ဆေးတော့မည် ဖြစ်ကြောင်း သူမ သိရှိထားသည်။

သူမကို အကာအကွယ်ပေးမည့် ရူမိသားစု မရှိတော့သည့်နောက်တွင် ကုရှီချန်းသည် အရာအားလုံးကို အနှေးနှင့်အမြန် ရှာဖွေတွေ့ရှိသွားလိမ့်မည်။ ထို့ကြောင့် သူမ လေယာဉ်လက်မှတ်တစ်စောင်ကို ဝယ်ယူခဲ့ပြီး လျှို့ဝှက်စွာ ထွက်ခွာရန် ပြင်ဆင်ခဲ့၏။

သူမ မျှော်လင့်မထားခဲ့ဘဲ လေဆိပ်တွင် ကုရှီချန်းလူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။

ကုရှီချန်းနှင့် ယဲ့ယီတို့ကို မြင်တွေ့ရသည့် အခါတွင်မှ စုမန် နောက်ဆုံး၌ တုန်လှုပ်ခြောက်ခြားသွားရတော့သည်။ သူမတွင် ယခင်ကလိုမျိုး ယုံကြည်ချက်အပြည့် ရှိနေသော အမူအရာမျိုး မရှိတော့ပေ။

“ကုရှီချန်း.. နင်က သူ့ကို ငါ့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့တာလေ။ နင် ငါ့ကို ထိခိုက်အောင် လုပ်လို့မရဘူး”

စုမန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

စုမန်၏ စကားကို ကြားရသည့်အခါ ကုရှီချန်း၏ မျက်နှာမှာ ပိုမို၍ မည်းမှောင်သွားခဲ့ရသည်။

“စုမန်.. မင်း ဘယ်လိုမျက်နှာမျိုးနဲ့ သူ့အကြောင်းကို ထုတ်ပြောရဲတာလဲ”

စုမန်၏ မျက်လုံးများသည် အပြစ်ရှိသကဲ့သို့ ဟိုဟိုဒီဒီ ရွေ့လျားနေခဲ့၏။

“စုမန်.. ကုစဲ့ကလည်း ရှင့်ရဲ့ ကလေးဆိုတာကို တစ်ခါလောက်ပဲဖြစ်ဖြစ် တွေးဖူးရဲ့လား။ ရှင် ဘယ်လိုလုပ်ပြီးတော့ သူ့အသက်ကို လိုချင်ရလောက်အောင်အထိ ရက်စက်နိုင်ရတာလဲ”

ယဲ့ယီသည် စုမန်၏ နှလုံးသားကို ဆွဲဖြဲကာ အတွင်းမှ ပုံစံမှန်ကို တွေ့ချင်နေ၏။

သူမအနေဖြင့် ကုစဲ့ကို သဘောမကျဘဲ နေနိုင်သော်လည်း အခြားသော ကလေးတစ်ဦးအတွက်နှင့်မူ သူ့ကို သတ်ပစ်ရန် မကြိုးစားသင့်ပေ။

စုမန် နှုတ်ဆိတ်နေခဲ့သည်။

“စုမန်.. နောက်တစ်ကြိမ် ပြန်မလာခဲ့နဲ့တော့။ ငါ မင်းကို နောက်ထပ် ပိုက်ဆံတစ်ပြားမှ ပေးမှာမဟုတ်ဘူး”

ကုရှီချန်း သူ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို အေးစက်စွာဖြင့် ကြေညာလိုက်၏။ ၎င်းမှာ သူ ပြသနိုင်သော ကရုဏာတရား၏ အတိုင်းအတာပင် ဖြစ်တော့သည်။

သို့သော်လည်း စုမန် မကျေမနက် ဖြစ်သွားခဲ့ရသည်။

“နင် ငါ့ကို ဘယ်လို ပိုက်ဆံမပေးမှာလဲ။နင် သူ့ကို ငါ့ကို ပြုစုစောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့တာလေ။ ကုရှီချန်း.. နင် ကတိဖျက်လို့မရဘူး”

ကုရှီချန်း သူမကို အေးစက်စွာသာ စိုက်ကြည့်နေခဲ့၏။

ယဲ့ယီ ဆက်လက်၍ နားမထောင်နိုင်တော့ဘဲ အေးစက်စွာ စကားဆိုလိုက်သည်။

“ရှင့်ရဲ့ တခြားသားတစ်ယောက်အတွက် ကုစဲ့ကို သတ်ဖို့ ကြံစည်ခဲ့တဲ့ အချိန်တုန်းက အကယ်၍ ကုစဲ့ရဲ့ အဖေသာ သိသွားရင် ဘာတွေးမလဲဆိုတာကို ရှင် စဉ်းစားခဲ့ဖူးလား။ စုမန်.. ကျွန်မ ရှင် ကုစဲ့အပေါ် ချစ်ပေးဖို့ မမျှော်လင့်ထားပါဘူး၊ ဒါပေမဲ့ ရှင် သူ့အပေါ် ဒီလိုမျိုး မဆက်ဆံသင့်ဘူးလေ။ နိုင်ငံရပ်ခြားက ရှင့်ရဲ့ သားကလည်း သားပဲ၊ ဒါပေမဲ့ ကုစဲ့ကကော သားမဟုတ်ဘူးလား။ သူ့ရဲ့ သွေးကြောထဲမှာလည်း ရှင့်ရဲ့ သွေးတွေ စီးနေတာပဲလေ”

စုမန်၏ မျက်လုံးများက ထပ်မံ၍ ဟိုဟိုဒီဒီ ရွေ့လျားသွားခဲ့ပြန်သည်။

နောက်ဆုံးတွင် သူမ အသနားခံသော လေသံဖြင့်သာ ပြောနိုင်တော့သည် ။

“ရှီချန်း.. နင် ငါ့အပေါ် ဒီလိုမျိုး မလုပ်ပါနဲ့။ ပိုက်ဆံသာ မရှိရင် ငါ့ သားလေး သေသွားလိမ့်မယ်”

စုမန်အပေါ် ထားရှိသော ယဲ့ယီ၏ အကြည့်များမှာ ပိုမို၍ အေးစက်သွားခဲ့ရသည်။ ယခုအချိန်အထိပင် သူမ၏ မျက်လုံးထဲ၌ နိုင်ငံရပ်ခြားက သားတစ်ဦးတည်းသာ ရှိနေခဲ့၏။

သူမသည် ကုစဲ့ကို တောင်းပန်ရန်ဟူသော အချက်ကို တစ်ခါမျှ မတွေးတောခဲ့ပေ။

သူမ ကုစဲ့ကို ဘယ်သောအခါကမှ ဂရုမစိုက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

“မင်းသားရဲ့ ရောဂါက ငါနဲ့ ဘာဆိုင်လဲ။ ငါ့မှာ မင်းကို ကူညီပေးဖို့ ဘာတာဝန်မှ မရှိဘူး”

ကုရှီချန်း ရက်ရက်စက်စက်ပင် ပြောလိုက်တော့သည်။

ကုရှီချန်းအနေဖြင့် သူမကို နောက်ထပ် ပိုက်ဆံပေးရန် အစီအစဉ် လုံးဝမရှိသည်ကို မြင်တွေ့ရသည့်အခါ စုမန်သည် ရုတ်တရက် ဒေါသတကြီးဖြင့် သောင်းကျန်းလေတော့သည်။

“ကုရှီချန်း.. အဲ့တုန်းက သေသွားခဲ့တဲ့လူက ဘာဖြစ်လို့ နင် မဖြစ်ခဲ့ရတာလဲ။ နင် ဘာဖြစ်လို့ မသေသွားခဲ့ရတာလဲ။ ငါ့သားကို အသက်ရှင်စေချင်တာက ဘာများ မှားနေလို့လဲ။ နင်တို့လိုမျိုး သွေးအေးတဲ့ လူတွေအားလုံး သေသွားရမှာ”

ကုရှီချန်း သူမကို လျစ်လျူရှုလိုက်ပြီး စုမန်ကို လေယာဉ်ပေါ်သို့ တွန်းပို့လိုက်တော့၏။

ကိုယ့် ကလေးကို ကယ်တင်ချင်စိတ် ရှိနေခြင်းမှာ မမှားယွင်းပေ။ သို့သော်လည်း အခြားသော ကလေးတစ်ဦးအတွက်နှင့်မူ ကလေးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် သူမ မကြံစည်သင့်ပေ။

စုမန်ကို စေလွှတ်ပြီးနောက် ယဲ့ယီ ကုရှီချန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“ရှင့်ရဲ့ သူငယ်ချင်းက နားလည်ပေးမှာပါ”

ကုရှီချန်း ခေါင်းညိတ်လိုက်ပြီး အတိတ်ဟောင်းများကို စတင်ကာ လွမ်းဆွတ်တမ်းတမိသွားတော့သည်။

“အမှန်တော့ စုမန်က ကုစဲ့ရဲ့ အဖေကို သဘောမကျခဲ့ဘူး။ သူက စုမန်ကို လက်မလျှော့ဘဲတစ်ချိန်လုံး လိုက်ပိုးခဲ့လို့သာ စုမန်ရဲ့ စိတ်ကို ရခဲ့တာ။ အဲ့နောက်တော့ မတော်တဆမှုတစ်ခုကြောင့် ကုစဲ့ကိုရခဲ့တယ်လေ။သူတို့ လက်ထပ်ခဲ့ကြတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ပြီး မကြာခင်မှာတင် စုမန်က နောင်တရပြီး ကွာရှင်းဖို့ အတင်းအကျပ် တောင်းဆိုတော့တာပဲ။ ကွာရှင်းပြီးတဲ့နောက်မှာ သူက ကုစဲ့ကို မွေးဖွားခဲ့ပြီး ကလေးကို သူ့ အဖေဆီ ပစ်ချထားခဲ့တာ။ ကုစဲ့ရဲ့ အဖေက မိဘမဲ့တစ်ဦးလေ။ ကလေးကို ပြုစုစောင့်ရှောက်ဖို့အတွက် ကလေးထိန်း ငှားခဲ့ရတယ်။ နောက်ပိုင်း သူက ကိုယ့်ကို ကယ်တင်ရင်းနဲ့ သေသွားခဲ့တာ။ သူ မကွယ်လွန်ခင်မှာ ကုစဲ့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးဖို့နဲ့ စုမန်ကိုလည်း ကူညီစောင့်ရှောက်ပေးဖို့ ကိုယ့်ကို တောင်းဆိုခဲ့တယ်။ သူ စုမန်ကို တကယ်ပဲ ချစ်ခဲ့တာ။ စုမန်က သူ့ကို မချစ်ခဲ့ရင်တောင်မှ သူကတော့ ပြန်လာမဲ့အချိန်ကို တစ်ချိန်လုံး စောင့်နေခဲ့တာ။ နောက်ပိုင်းမှာ ကိုယ် ကုစဲ့ကို ခေါ်ပြီး စုမန်ကို သွားရှာခဲ့ပေမဲ့ သူက ကလေးကို မလိုချင်တော့ဘူးတဲ့။ ဒါကြောင့်မလို့ ကိုယ် သူ့ကို ပိုက်ဆံ ပေးပြီးတော့ နိုင်ငံခြားကို လွှတ်ခဲ့တာ။ အဲဒီနောက်ပိုင်း နှစ်တိုင်း ကိုယ် သူ့ဆီကို ပိုက်ဆံတွေ ပို့ခဲ့တယ်”

ယဲ့ယီ သက်ပြင်းချလိုက်မိသည်။

ကုစဲ့၏ ဖခင်သည် တကယ့်ကို သစ္စာရှိလှသော အမျိုးသားတစ်ဦး ဖြစ်ပါပေသည်။ စုမန်က သူ့ကို မချစ်ခဲ့ခြင်းကသာ နှမြောစရာ ကောင်းလှပေသည်။

ယဲ့ယီနှင့် ကုရှီချန်းတို့ နှစ်ဦးစလုံးသည် ကုစဲ့ကို ဤအကြောင်းအရာများနှင့် ပတ်သက်၍ အသိမပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ကုစဲ့က မေးမြန်းလာသည့် အခါတွင်မူ စုမန်တွင် နိုင်ငံရပ်ခြား၌ သူမ၏ ကိုယ်ပိုင်မိသားစု ရှိနေကြောင်းသာ သူတို့ ပြောပြခဲ့ကြ၏။ ကုစဲ့သည် အသက်ငယ်ရွယ်သေးသော်လည်း မိဘများ ကွာရှင်းထားကြသော ကလေးအမြောက်အမြားကို သိရှိထား၏။

သူ စုမန်၏ ထွက်ခွာသွားမှုကို လက်ခံနိုင်ခဲ့သည်။

မည်သို့ပင် ဖြစ်စေ သူသည် သူမနှင့်အတူ အချိန်အများကြီး ကုန်ဆုံးခဲ့ဖူးခြင်း မရှိသဖြင့် မည်သည့် သံယောဇဉ်မျှ များများစားစား ရှိမနေခဲ့ပေ။

ရူသိုက်ဝိန်နှင့် စုမန်တို့၏ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက်တွင် ယဲ့ယီနှင့် ကုရှီချန်းတို့ကြားမှ သံယောဇဉ်လည်း လုံးဝ တည်ငြိမ်ရင့်ကျက်သွားခဲ့လေပြီ။

မိခင်ကြီးကုလည်း ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ပြီး ယဲ့ယီကို အိမ်သို့ ဖိတ်ခေါ်ကာ ထမင်းအတူစားလေ့ ရှိသည်။

ယခုအခါ မိခင်ကြီးကုနှင့် ကုစဲ့တို့သည် အလွန်အမင်း ကောင်းမွန်သော ဆက်ဆံရေးရှိနေကြပြီ ဖြစ်သည်။

သူမ အားလပ်သည့် အချိန်များတွင် ကုစဲ့ကို ကျောင်းကနေ သွားရောက်ကြိုဆိုလေ့ပင် ရှိ၏။ ဤအချက်မှတစ်ဆင့် သူမသည် နန်ချင်ဝမ်နှင့် နန်ကျားကျားတို့ကိုလည်း သိကျွမ်းသွားခဲ့ရပြီး သူတို့ကို အိမ်သို့ လာရောက်လည်ပတ်ရန်အတွက် မကြာခဏ ဖိတ်ခေါ်လေ့ ရှိသည်။

တစ်ချိန်တည်းမှာပင် ယဲ့ယီသည် ရုပ်ရှင် အသစ်များကို စတင်ကာ လက်ခံရိုက်ကူးခဲ့သည်။

မကြာမီအချိန်မှာပင် ပန်းပေါင်းစုံဆုပေးပွဲ အခမ်းအနား ကျင်းပမည့် အချိန်သို့ ရောက်ရှိလာခဲ့၏။

ယဲ့ယီလည်း မျှော်လင့်ထားသည့်အတိုင်း ဆုအတွက် စကာတင်ခြင်းခံခဲ့ရသည်။ ပန်းပေါင်းစုံဆုပေးပွဲ ကျင်းပသည့် နေ့တွင် ယဲ့ယီသည် ကုရှီချန်း သူမအတွက် ပြင်ဆင်ပေးထားသော ပွဲတက်ဝတ်စုံကို ဝတ်ဆင်ခဲ့၏။

ယဲ့ယီ အထူးတလည် တုန်လှုပ်ခြောက်ခြားခြင်း မရှိခဲ့ပေ။

အကယ်၍ သူမ ယခုအကြိမ်တွင် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို မရရှိခဲ့လျှင်ပင် နောက်ထပ် အခွင့်အရေး ရှိသေး၏။

ထို့အပြင် သူမသည် သူတို့နှစ်ဦးကြားက လျှို့ဝှက် ပတ်သက်မှု ဤအတိုင်း ရှိနေခြင်းကလည်း အဆင်ပြေသည်ဟု ခံစားမိသည်။

သို့သော်လည်း ကုရှီချန်းကမူ ထိုသို့ မတွေးတောခဲ့ပေ။

ကုရှီချန်းသည် ယဲ့ယီထက်ပင် ပိုမို၍ တုန်လှုပ်ခြောက်ခြားနေခဲ့၏။ အခမ်းအနားတွင် ကုရှီချန်းသည် အခြားသော ဥက္ကဌများနှင့်အတူ ထိုင်နေခဲ့သော်လည်း သူ့မျက်လုံးများကမူ ယဲ့ယီထံသို့သာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။

သူ ကင်မရာများကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။မည်သို့ပင်ဆိုစေ သူ ယဲ့ယီကို လိုက်လံပိုးပန်းနေကြောင်း လူသိရှင်ကြား ချပြထားပြီး ဖြစ်သည် မဟုတ်ပါလော။

မကြာမီအချိန်မှာပင် ယခုနှစ်၏ ပန်းပေါင်းစုံဆုပေးပွဲ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ကြေညာရမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။

သူမအနေဖြင့် ဂရုမစိုက်ဟု ပြောခဲ့သော်လည်း ယဲ့ယီသည် ဤအခိုက်အတန့်တွင် အနည်းငယ် တုန်လှုပ်ခြောက်ခြားမှုကို ခံစားလိုက်ရ၏။

မည်သို့ပင်ဆိုစေ ၎င်းမှာ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူမ၏ ပထမဆုံးသော အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ဖြစ်လာနိုင်သည် မဟုတ်ပါလော။

လူတိုင်း၏ မျှော်လင့်စောင့်စားမှုများကြားတွင် အစီအစဉ်တင်ဆက်သူ ကြေညာလိုက်တော့၏။

“ယခုနှစ်ရဲ့ ပန်းပေါင်းစုံဆုပေးပွဲ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုရှင်ကတော့...”

လူတိုင်း၏ အကြည့်များသည် ဖန်သားပြင်အကြီးကြီးထံသို့ ရောက်ရှိသွားကြရသည်။

“ယဲ့ယီ.. ပါ။”

အစီအစဉ်တင်ဆက်သူ ထိုနောက်ဆုံး စကားလုံးနှစ်လုံးကို ပြောကြားလိုက်သည့် အခါတွင်မှ ယဲ့ယီ၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ရတော့သည်။

ကွင်းပြင်တစ်ခုလုံးတွင် မိုးကြိုးပမာ ပြင်းထန်လှသော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။

ဤအခိုက်အတန့်တွင် လက်ခုပ်သံများအားလုံးသည် ယဲ့ယီအတွက်သာ ဖြစ်တော့သည်။

ယဲ့ယီသည် သူမ ဝတ်စုံကို ပင့်မကာ စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ပြီး အစီအစဉ်တင်ဆက်သူထံမှ မိုက်ခရိုဖုန်းကိုလွှဲပြောင်းယူလိုက်သည်။

ယဉ်ကျေးလှသော အဖွင့်နှုတ်ဆက်စကား အချို့ကို ပြောကြားပြီးနောက်တွင် သူမသည် ကုရှီချန်း၏ အကြည့်အောက်၌ နောက်ဆက်တွဲစကားကို ဖြည်းညှင်းစွာ ဆက်လက်ပြောကြားခဲ့၏။

“ကျွန်မအနေနဲ့ ကျွန်မရဲ့ အနားမှာ တစ်ချိန်လုံး အဖော်ပြုပေးခဲ့တဲ့ လူတစ်ယောက်ကို အထူးတလည် ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်၊ သူကတော့ ကျွန်မရဲ့ ချစ်သူ.. ကုရှီချန်းဖြစ်ပါတယ်”

လူတိုင်း၏ အကြည့်များသည် စင်မြင့်ထက်မှနေ၍ ကုရှီချန်းထံသို့ ရွေ့လျားသွားကြရတော့သည်။ ကင်မရာသမားလည်း လိမ္မာပါးနပ်စွာ ကင်မရာကို ကုရှီချန်းထံသို့ တိုက်ရိုက်ပင် လှည့်လိုက်၏။

ကုရှီချန်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး စင်မြင့်ထက်က ယဲ့ယီကို ကြင်နာယုယစွာဖြင့် စကားဆိုလိုက်သည်။

“မင်းရဲ့ အနားမှာ ရှိနေခွင့်ရတာက ကိုယ့်အတွက် ဂုဏ်ယူစရာတစ်ခုပါပဲ.. ကိုယ့်ရဲ့ ချစ်သူလေး”

ထိုညတွင် လူမှုကွန်ရက်စာမျက်နှာ ပလက်ဖောင်းတစ်ခုလုံး ပေါက်ကွဲသွားခဲ့ရတော့သည်။

လူအများစုက သူတို့နှစ်ဦး အတူတကွ ရှိနေကြပြီ ဖြစ်ကြောင်း သံသယဝင်ထားခဲ့ကြသော်လည်း တရားဝင် ကြေညာချက်ကြောင့် လူတိုင်းကို ထိတ်လန့်အံ့ဩသွားစေခဲ့၏။

နောက်ဆုံးတွင် လူသိရှင်ကြား ချပြနိုင်ခဲ့ပြီ ဖြစ်သဖြင့် ဥက္ကဌကုသည် သူ့ချစ်ခြင်းမေတ္တာများကို ဖုံးကွယ်မှုမရှိ ထုတ်ဖော်ပြသနိုင်ခဲ့လေ၏။ ‘ချစ်ခြင်းမေတ္တာ၏ ချိုမြိန်လှသော ရနံ့များ’ ကို ထုတ်လွှင့်နေခဲ့တော့သည်။

ယဲ့ယီ၏ ယခု အဓိက လုပ်ငန်းတာဝန်မှာမူ ယခင်က ကိုယ်ကိုယ်ကိုယ်ထက် သာအောင် ကျော်ဖြတ်ရလေမည်။

ဇာတ်လိုက်မင်းသမီး၏ အရှိန်အဝါ လွှမ်းမိုးမှုများ မရှိတော့သည့်နောက်တွင် ပါရမီရှင် ချန်ဟောင်နှင့် အခြားသူများသည် မည်သည့်ပြဿနာမျှမရှိဘဲ အောင်မြင်စွာဖြင့် ပွဲဦးထွက်နိုင်ခဲ့ကြသည်။

ယဲ့ယီ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် သူတို့သည် မကြာမီအချိန်မှာတင် နိုင်ငံတစ်ခုလုံးတွင် ရေပန်းစားကျော်ကြားလာခဲ့ကြ၏။

ယဲ့ယီလည်း စီးပွါးဖြစ်ကာ စည်းစိမ်ဥစ္စာ အမြောက်အမြားကို ရရှိခဲ့သည်။

ယဲ့ယီကို အပျော်ရွှင်ဆုံး ဖြစ်စေသည့်အချက်မှာ တိုးတက်မှုအခြေအနေမှာ ခုနစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ခြင်းပင်။

ဤကိစ္စရပ်သည် ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိနေပုံရ၏။

အခန်း(၂၁၆)

နောက်ထပ်အဆင့်မှာမူ ဟိုင်ထျန်ဖျော်ဖြေရေးလုပ်ငန်းနှင့် ဆက်လက်၍ ပြိုင်ဆိုင်သွားရန် ဖြစ်သည်။

၎င်း၏ အရှိန်အဟုန်မှာ အနည်းငယ် နှေးကွေးနေခဲ့သော်လည်း အနည်းဆုံးတွင် လျော့မသွားခဲ့ပေ။ ချန်ထျန်မင်း၏ ကိစ္စရပ်များနှင့် ပတ်သက်၍မူ ယဲ့ယီ အများကြီး အာရုံမစိုက်ခဲ့ပေ။ကုရှီချန်း၏ မြင့်မားသော စွမ်းဆောင်ရည်များကြောင့် ဤကိစ္စမှာ သူ့အတွက် ဖွဲသာသာ ဖြစ်ပေသည်။

အလုပ်ရှုပ်နေကြသည့် ကြားထဲကပင် နှစ်သစ်ကူး အချိန်အခါသို့ ရောက်ရှိလာခဲ့သည်။

နှစ်သစ်ကူးအကြို ညစာစားပွဲအတွက် မိခင်ကြီးကု၏ တောင်းဆိုချက်အရ ယဲ့ယီ၊နန်ချင်ဝမ်နှင့် သူမ သမီးတို့အားလုံး ကုမိသားစုအိမ်သို့ သွားရောက်ခဲ့ကြ၏။

တရုတ်နှစ်သစ်ကူးပွဲတော်ကို သူတို့ အတူတကွ ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲခဲ့ကြ၏။

နှစ်သစ်ကူးပွဲတော် ပြီးဆုံးသွားသည့်နောက်တွင် ယဲ့ယီသည် သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ဆက်လက်၍ ကြိုးစားအားထုတ်ခဲ့သည်။

မကြာသေးမီက ယဲ့ယီ ရုပ်ရှင်ကား သစ်တစ်ခုကို လက်ခံရိုက်ကူးခဲ့ပြီး ရိုက်ကူးရေးအဖွဲ့နှင့်အတူ တစ်ချိန်လုံး နေထိုင်နေခဲ့သဖြင့် ကုရှီချန်းနှင့် မဆုံတွေ့ရသည်မှာ သုံးလကျော်ပင် ရှိနေခဲ့လေပြီ။

သူတို့ အလုပ်သိမ်းခါနီး အချိန်တွင် ဒါရိုက်တာက ယဲ့ယီထံသို့ ဝတ်စုံတစ်ထည်ကို ရုတ်တရက် ယူဆောင်လာပေးခဲ့ပြီး နောက်ဆုံး ဇာတ်ကွက်တစ်ခု ထပ်မံဖြည့်စွက်ရန် လိုအပ်ကြောင်း ပြောကြားလာခဲ့သည်။

ယဲ့ယီ နာခံစွာဖြင့် မိတ်ကပ်ဆရာ၏ နောက်သို့လိုက်ကာ ပြင်ဆင်လိုက်၏။

သူမ မိတ်ကပ်ပြင်ဆင်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည့် အချိန်တွင်မူ ရိုက်ကူးရေးကွင်းပြင်ရှိ မီးလုံးများအားလုံး ရုတ်တရက် ငြိမ်းသွားလေ၏။

ယဲ့ယီ လုံးဝကို ကြောင်အမ်းသွားရ၏။

သူမ ဖုန်းဓာတ်မီးကို ဖွင့်ရန် ပြင်ဆင်လိုက်သည့် ဆဲဆဲမှာပင် ရှေ့မှ မီးမိန်မိန်လေး လင်းလာသည်ကို တွေ့လိုက်ရ၏။

“Happy birthday to you, happy birthday to you”

ရိုက်ကူးရေးအဖွဲ့ဝင်များ မွေးနေ့သီချင်းကို စတင် သီဆိုကြတော့သည်။

သူတို့ ဖြည်းညှင်းစွာ ဘေးသို့ ဖယ်ပေးလိုက်ကြသည့်အခါ ကုရှီချန်း မွေးနေ့ကိတ်မုန့်တစ်ခုကို သူမထံသို့ တွန်းရွေ့ ယူဆောင်လာနေသည်ကို ယဲ့ယီ မြင်တွေ့လိုက်ရ၏။

ယဲ့ယီ ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များပင် ကျဆင်းလာခဲ့ရသည်။ သူမ ယခုတလော အလွန်အမင်း အလုပ်ရှုပ်နေခဲ့သဖြင့် ယနေ့သည် သူမ၏ မွေးနေ့ဖြစ်မှန်းပင် မေ့လျော့နေခဲ့၏။

တိုက်ဆိုင်လှစွာပင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မွေးနေ့လည်း သူမနှင့် တစ်ရက်တည်းပင် ဖြစ်နေခဲ့သည်။

ကုရှီချန်း ယဲ့ယီ ဆီသို့လှမ်းသွားပြီး သူမကို ကြင်နာယုယစွာ စိုက်ကြည့်လိုက်သည်။

“ရှောင်ယီ.. မွေးနေ့မှာ ပျော်ရွှင်ပါစေ”

ယဲ့ယီ စိတ်လှုပ်ရှားစွာဖြင့် ကုရှီချန်း၏ လည်ပင်းကို ဖက်လိုက်၏။

“ကျေးဇူးတင်ပါတယ်”

ကုရှီချန်း ပြုံးလိုက်သည်။

“ကိုယ်တို့ကြားထဲမှာ ကျေးဇူးတင်စကားတွေ ပြောနေဖို့ မလိုပါဘူး။ ကိုယ် မင်း အတွက် လက်ဆောင်တစ်ခုလည်း ပြင်ထားသေးတယ်၊ မနက်ဖြန်ကျရင် လိုင်းတက်ကြည့်လိုက်။အဲ့ကျရင် သိလိမ့်မယ်”

ဤသို့ဖြင့် ယဲ့ယီသည် ဤကမ္ဘာတွင် သူမ ပထမဆုံးသော မွေးနေ့ကို ကုရှီချန်း၊ရိုက်ကူးရေးအဖွဲ့ဝင်များနှင့်အတူ ကုန်ဆုံးခဲ့တော့သည်။

ကုရှီချန်း သူမအတွက် ပြင်ဆင်ပေးထားသော လက်ဆောင်ကို ယဲ့ယီ စိတ်ဝင်စားနေ၏။

သူမ နောက်တစ်နေ့တွင် လူမှုကွန်ရက်စာမျက်နှာကို ဖွင့်ကြည့်လိုက်သည့် အခါ၌မူ ကုကော်ပိုရေးရှင်းက ချန်အုပ်စုကို အောင်မြင်စွာ ဝယ်ယူသိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရတော့သည်။

ယဲ့ယီ မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားရ၏။

သူမ စိတ်ထဲကနေ စနစ်နှင့် ဆက်သွယ်လိုက်သည်။

“စနစ်.. ကုရှီချန်းဘက်က တိုးတက်မှုအခြေအနေက ဘယ်လောက်ရှိသွားပြီလဲ”

စနစ် ပြန်လည်ဖြေကြားခဲ့သည်။

“အိမ်ရှင်.. ဗီလိန်ရဲ့ တိုးတက်မှုအခြေအနေက တစ်ရာရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ။ ဗီလိန်က အောင်မြင်စွာနဲ့ ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပြီး ဇာတ်လိုက်မင်းသားအသစ် ဖြစ်လာခဲ့ပါပြီ။ ဇာတ်ကွက်ရဲ့ အကြောင်းရင်းတွေကြောင့် အိမ်ရှင်ရဲ့ တိုးတက်မှုအခြေအနေကလည်း ရှစ်ဆယ့်ငါးရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်”

ယဲ့ယီ “...”

‘ဒါဆိုရင် ကုရှီချန်းက နှုတ်ဆိတ်နေပြီးတော့ ကိစ္စကြီးတွေကို တိတ်တဆိတ် လုပ်ဆောင်နေခဲ့တာပေါ့ ဟုတ်လား’

ကုရှီချန်း၏ ဤကြီးကျယ်လှသော လက်ဆောင်ကို ယဲ့ယီ အလွန်အမင်း သဘောကျမိသည်။

ချန်ထျန်မင်း၏ အကူအညီများ မရှိတော့သည့်နောက်တွင် လန်ရွှယ်သည် ဇာတ်လိုက်မင်းသမီးတစ်ဦးအနေဖြင့် မည်သည့် အားသာချက်မျှ ရှိမနေတော့ပေ။

ချန်ဂရု ဝယ်ယူသိမ်းပိုက်ခြင်း ခံရပြီးနောက်တွင် ချန်ထျန်မင်းသည် ဤရိုက်ခတ်မှုဒဏ်ကို မခံစားနိုင်ဘဲ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားခဲ့ပြီး လန်ရွှယ်ကမူ သူနှင့် ကွာရှင်းရန် ရွေးချယ်ခဲ့ကာ ဖျော်ဖြေရေးလောကတွင် သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန်အတွက် ပြည်တွင်း၌ ကျန်ရစ်ခဲ့သည်။

သို့သော်လည်း ချန်အုပ်စု မရှိတော့သည့်နောက်တွင် သူမသည် ဥက္ကဋ္ဌ ရာထူးနေရာမှ မကြာမီအချိန်မှာတင် မောင်းထုတ်ခြင်း ခံလိုက်ရတော့၏။

ကံကောင်းလှစွာပင် ကျန်ရှိသော ဇာတ်လိုက်မင်းသမီး၏ အရှိန်အဝါ လွှမ်းမိုးမှု အနည်းငယ်ကြောင့် သူမအနေဖြင့် ဇာတ်ကားအချို့ရရှိနေခဲ့သေးသည်။

ယဲ့ယီ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တည်ငြိမ်စွာ တိုးတက်လာသည်နှင့်အမျှ တိုးတက်မှုအခြေအနေလည်း တဖြည်းဖြည်းနှင့် တိုးပွားလာခဲ့သည်။

နောက်ပိုင်းတွင် လန်ရွှယ် ယဲ့ယီကို လာရောက်ရှာဖွေခဲ့သေး၏။

ဤသည်မှာ သူမကို လှောင်ပြောင်သရော်ရန် မဟုတ်ဘဲ ယဲ့ယီကို တောင်းပန်ရန်အတွက် ဖြစ်သည်။

သို့သော်လည်း ယဲ့ယီသည် အမှားအမှန်ခွဲခြားတတ်သော သူတော်စင်တစ်ဦး မဟုတ်သဖြင့် သူမ၏ တောင်းပန်မှုကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ချခဲ့သည်။

ဇာတ်လိုက်မင်းသမီး၏ အရှိန်အဝါသည် တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သဖြင့် ယဲ့ယီအနေဖြင့် လန်ရွှယ်ကို အများကြီး အာရုံမစိုက်တော့ပေ။

သူမသည် အာရုံစိုက်မှုများကို သရုပ်ဆောင်လုပ်ငန်းပေါ်သို့သာ ပုံအောထားခဲ့၏။

သူမ၏ ရည်မှန်းချက်မှာ ပြည်တွင်း၌သာ မဟုတ်ချေ။

နှစ်နှစ်တာမျှ ကြိုးစားအားထုတ်ခဲ့ပြီးနောက်တွင် ယဲ့ယီသည် နောက်ဆုံး၌ နိုင်ငံတကာ စင်မြင့်ထက်သို့ အောင်မြင်စွာဖြင့် တက်လှမ်းနိုင်ခဲ့သည်။

သူ့အတွက် အချိန်မရှိဟု တစ်ချိန်လုံး ညည်းတွားနေခဲ့သော ကုရှီချန်းကို နှစ်သိမ့်ပေးရန်အတွက် ယဲ့ယီ နောက်ကွယ်မှ စီစဉ်ရိုက်ကူးသူအဖြစ် လုပ်ကိုင်ရန် ရွေးချယ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူမ လိုချင်သော ဆုတံဆိပ် အများစုကို ရရှိခဲ့ပြီး ဖြစ်သဖြင့် အနားယူရန် အချိန်တန်လေပြီ။

ယဲ့ယီ “အနားယူ” ပြီးနောက်တွင် မိခင်ကြီးကုသည် သူတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် လက်ထပ်ရန်အတွက် စတင် တိုက်တွန်းတော့သည်။

နောက်ဆုံးတွင် ချစ်သူများနေ့ ၌ ကုရှီချန်း ယဲ့ယီကို လက်ထပ်ခွင့် တောင်းခဲ့၏။

ယဲ့ယီ ငြင်းဆန်ခြင်း မပြုခဲ့ပေ။

ယခုအခါ သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တည်ငြိမ်နေပြီ ဖြစ်သဖြင့် မိသားစုတစ်ခုကို စတင်ထူထောင်ရန် အချိန်တန်လေပြီ။

သူတို့နှစ်ဦး မကြာမီအချိန်မှာတင် မင်္ဂလာပွဲကို ကျင်းပခဲ့ကြတော့၏။

ယခုအကြိမ်တွင် မည်သူမျှ ယဲ့ယီသည် ကုရှီချန်းနှင့် မထိုက်တန်ဟု မပြောကြတော့ပေ။ သူတို့သည် တကယ့်ကို ပြီးပြည့်စုံသော စုံတွဲတစ်တွဲပင် ဖြစ်နေတော့သည်။

ကုရှီချန်းကိုယ်တိုင် မင်္ဂလာဝတ်စုံများကို ဒီဇိုင်းဆွဲပေးခဲ့ပြီး စုစုပေါင်း ဝတ်စုံ တစ်ဆယ်ကျော် ချုပ်ခဲ့၏။

အကယ်၍ ယဲ့ယီကသာ မငြင်းဆန်ခဲ့ပါက ကုရှီချန်း ပို၍ပင် ဒီဇိုင်းဆွဲပေးဦးမည် ဖြစ်သည်။

ကုစဲ့နှင့် နန်ကျားကျားတို့သည် မင်္ဂလာပွဲတွင် ပန်းကြဲပေးသော ကလေးငယ်များအဖြစ် ဆောင်ရွက်ပေးခဲ့ကြ၏။

ယဲ့ယီသည် ကုရှီချန်းဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး ဧည့်သည်တော်များ၏ အကြည့်အောက်၌ ထိုစကားလုံးများကို ဖြည်းညှင်းစွာ ပြောကြားလိုက်လေသည်။

“ကျွန်မ သဘောတူပါတယ်”

ယဲ့ယီ ထိုစကားလုံးများကို ပြောကြားလိုက်သည့် အခိုက်အတန့်မှာပင်...

သူမ၏ ဦးနှောက်ထဲတွင် စက်ရုပ်ဆန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အိမ်ရှင်အနေနဲ့ ဇာတ်လိုက်မင်းသမီးအသစ် ဖြစ်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ စနစ် ၁၀၂၈ ဟာ စတင်ပြီးတော့ ဆက်နွှယ်မှုကို ဖြတ်တောက်နေပါပြီ”

ဤအခိုက်အတန့်တွင် သူမသည် ဤကမ္ဘာ၏ လူသားတစ်ဦးဖြစ် သွားခဲ့လေပြီ။

…

မင်္ဂလာဆောင်ပြီးနောက်တွင် ကုရှီချန်းသည် ဇနီးသည်၏ စကားကို တစ်သိမ်မသွေး နားထောင်သော ‘မယက’ သူတစ်ဦး ဖြစ်သွားခဲ့ပြီး နေ့တိုင်း ယဲ့ယီ၏အနားတွင်သာ ဝဲလည် နေခဲ့တော့သည်။

အကယ်၍ ကုစဲ့သာ အသက်မငယ်သေးပါက သူသည် ကုမ္ပဏီကို သူ၏လက်ထဲသို့ ချက်ချင်း လွှဲပြောင်းပေးပြီး အနားယူလေမည်။

မင်္ဂလာဆောင်ပြီးနောက်တွင် မိခင်ကြီးကုသည် သူတို့ကို ကလေးယူရန် ထပ်မံ၍ တိုက်တွန်းခဲ့ပြန်သည်။

ယဲ့ယီသည် သူမအနေဖြင့် အနားယူထားခြင်း ဖြစ်သဖြင့် ကလေးတစ်ယောက်နှင့် အတူတူ ဆော့ကစားရခြင်းကလည်း ကောင်းမွန်သည်ဟု ခံစားမိသောကြောင့် သူမနှင့် ကုရှီချန်းတို့သည် ကလေးယူရန် အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ကြလေ၏။

ကုရှီချန်း၏ မမောမပန်းနိုင်သော ကြိုးစားအားထုတ်မှုများကြောင့် ယဲ့ယီသည် ဆောင်းဦးရာသီတစ်ခုတွင် သူမနှင့် ကုရှီချန်းတို့၏ ပထမဆုံးသော ကလေးငယ် ဖြစ်သည့် ‘ကုယွဲ့’ ကို နောက်ဆုံး၌ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့လေ၏။

ဇနီးသည်အပေါ် သနားကရုဏာ သက်မိသောကြောင့် ကုရှီချန်းသည် ကုယွဲ့ကို မွေးဖွားပြီးနောက်တွင် သားကြောဖြတ်ခြင်းကို ပြုလုပ်ခဲ့၏။ ယဲ့ယီကို ကလေးမွေးဖွားခြင်း ဝေဒနာကို နောက်ထပ်တစ်ကြိမ် မခံစားစေချင်တော့ပေ။

ကုမ္ပဏီနှင့် ပတ်သက်၍မူ ၎င်းကို ကုစဲ့၏ လက်ထဲသို့ လွှဲပြောင်းပေးအပ်လိုက်ရုံဖြင့် လုံလောက်လှပေသည်။

ကုစဲ့လည်း မျှော်လင့်ထားသည့်အတိုင်းပင် ညီမလေးကို အလွန်အမင်း အလိုလိုက်ပြီး ကာကွယ်တတ်သော အစ်ကိုကြီးတစ်ဦး ဖြစ်လာ၏။ တစ်ခြား ယောက်ျားလေးများက်ို သူ့အဖိုးတန်ညီမငယ်လေး၏ အနားသို့ ကပ်ခွင့်ပင် မပြုပေ။

ကုယွဲ့ကို မွေးဖွားပြီး တစ်နှစ်အကြာတွင် နန်ချင်ဝမ်လည်း သူမ၏ ဘဝလက်တွဲဖော် အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မကြာမီအချိန်မှာတင် မင်္ဂလာဆောင်ခဲ့ကြတော့သည်။

နန်ကျားကျားတွင်လည်း သူမ၏ ကိုယ်ပိုင်ဖခင်တစ်ဦး ရှိလာခဲ့လေပြီ။

ကုစဲ့ အသက် ဆယ့်ရှစ်နှစ် အရွယ်သို့ ရောက်ရှိလာသည့် အခါတွင်မူ ကုရှီချန်းသည် ကုမ္ပဏီကို သူ၏လက်ထဲသို့ ချက်ချင်းပင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ယဲ့ယီနှင့် ကမ္ဘာပတ်လေတော့၏။

ကုစဲ့ကမူ သူ၏ အားကိုး၍မရသော မိဘနှစ်ဦးနှင့် ပတ်သက်၍ ဘာမှမတတ်နိုင်တော့ပေ။ သို့သော်လည်း ကံကောင်းထောက်မစွာပင် နန်ကျားကျားသည် သူ့အနားတွင် တစ်ချိန်လုံး ရှိနေပေးခဲ့လေတော့သည်။

All Chapters