← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း(၅၁)

အမှန်တရားက သူတို့မျက်စိရှေ့တည့်တည့်တွင် ရှိနေခဲ့သည်။ အကယ်၍ သူတို့ သူမကို ယုံမြို့စားအိမ်တော်သို့ သွားခွင့်မပြုဘဲ ဆက်လက်တားဆီးနေပါက ယုံမြို့စားကြီးကို စိတ်ဆိုးအောင် ပြုလုပ်မိသကဲ့သို့ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ယုံမြို့စားကြီး၏ ကွယ်လွန်သူဇနီးသည်အပေါ် အလွန်အမင်း ချစ်မြတ်နိုးကြောင်းများကို မြို့တော်ရှိ မှူးမတ်မျိုးနွယ်စုများအကြား ကောင်းစွာသိရှိထားကြပြီး ဖြစ်သည်။

အကယ်၍ ကုအိမ်တော်မှ သမီးပျိုတစ်ဦးက ကွယ်လွန်သူဇနီးသည်နှင့် ပတ်သက်၍ ယုံမြို့စားကြီး၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လျှင် ၎င်းသည် တကယ်တမ်း၌ ကောင်းမွန်သောအရာပင် ဖြစ်သည်။ အကယ်၍ ယုံမြို့စားကြီးက ဝမ်ချန်မှူးမတ်အိမ်တော်အပေါ် ကျေးဇူးကြွေးတင်သွားခဲ့လျှင် မိသားစုနှစ်ခုလုံးသည် ပို၍ပင် ရင်းနှီးသွားကြပေလိမ့်မည်။

ကုယွမ် သူ့လက်ချောင်းများကို ပွတ်သပ်လိုက်မိ၏။

‘ရက်အနည်းငယ်ကြာရင် ယုံမြို့စားကြီး တောင်ဘက်နယ်စပ်ကို မပြန်ခင်မှာ ငါ သွားရောက်တွေ့ဆုံပြီး ငါ့ကို အမွေဆက်ခံသူ အမည်စာရင်း တင်သွင်းခွင့်ပြုဖို့အတွက် ဧကရာဇ်မင်းမြတ်ဆီမှာ စကားကောင်းပြောပေးဖို့အတွက် တောင်းဆိုကြည့်ရင်ရော ဘယ်လိုလဲ’

အမွေဆက်ခံသူကို အတည်ပြုနိုင်ခဲ့လျှင် မှူးမတ်ဘွဲ့ထူးကို နောက်ထပ်မျိုးဆက်တစ်ခုအထိ ဆက်ခံနိုင်မည့် အခွင့်အရေးက အလွန်ကြီးမားသွားပေလိမ့်မည်။

ကုယွမ်၏ စိတ်ထဲ၌ တွက်ချက်နေစဉ် ဘေးနားရှိ ကိုယ်လုပ်တော်ပိုင်က ဒေါသကြောင့် မငြိမ်မသက် ဖြစ်နေရ၏။

ဝူအချိန်(မွန်းတည့် ၁၁ နာရီတိတိ)တွင် ကုဟွားကို ကျောက်ချွန်းဥယျာဉ်ဆီသို့ မဖြစ်မနေ ပို့ဆောင်ပေးရမည်ဟု ရုအာက လူလွှတ်၍ ပြောကြားခဲ့ပြီးဖြစ်ရာ ယခု အချိန်က နီးကပ်နေပြီ ဖြစ်သည်။

‘တကယ်လို့ သမက်တော်က ငါတို့ကို အပြစ်မြင်ပြီး ရုအာအပေါ် ဒေါသပုံချလိုက်ရင် ဘယ်လိုလုပ်ကြမလဲ’

ထို့အပြင် ဤအပျက်မလေးသည် ယခုအကြိမ်တွင် အောင်မြင်သွားပြီး ယုံမြို့စားအိမ်တော်သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်ရောက်ရှိသွားပါက အနာဂတ်တွင် သူမကို ထိန်းချုပ်ရန် ပိုမိုခက်ခဲသွားပေလိမ့်မည်။

အကယ်၍ သူမက ယုံမြို့စားကြီးကို အမှန်တကယ် မြူဆွယ်နိုင်သွားပြီး သူ့မျက်နှာသာပေးမှုကို ရရှိသွားခဲ့လျှင် ၎င်းသည် ပြဿနာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

မည်သူမျှ သူမကို သတိမထားမိချိန်တွင် သူမက တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး ကုယွမ်၏ဘေးသို့ လျှောက်သွားကာ တိုးတိုးတိတ်တိတ် ကပ်ပြောလိုက်၏။

“အမတ်မင်း... ဟွားအာကို အိမ်တော်မှာ တစ်ရက်လောက် နေခွင့်ပြုပြီး မနက်ဖြန်ကျမှ ယုံမြို့စားအိမ်တော်ကို ပြန်ပို့ရင်ရော ဘယ်လိုပါလဲ... ဒီအစေခံက သူနဲ့ စကားပြောချင်လို့ပါ... တစ်လလောက် မတွေ့ရတာမို့ ဒီအစေခံက သမီးဖြစ်သူကို အရမ်း လွမ်းဆွတ်နေမိပါတယ်...”

သူမ၏ တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းများကို မြင်လျှင် ကုယွမ် ငြင်းပယ်ရန် စိတ်မပါတော့ချေ။ သူက ကျိုးချွန်းယွီကို လှမ်းကြည့်ကာ တိုင်ပင်ဆွေးနွေးလိုက်၏။

“အမေနဲ့ သမီး မတွေ့ရတာ တကယ်ပဲ တစ်လကျော်ရှိပြီဆိုတော့... ဟွားအာကို တစ်ညလောက် နေခွင့်ပြုပြီး မနက်ဖြန်မှ ပြန်ပို့ရင် ဘယ်လိုလဲ...”

ကျိုးချွန်းယွီက ကုဟွားကို လှမ်းကြည့်လိုက်သည်။

“ဒုတိယ မမလေးကု ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ...”

ကုဟွားက ကိုယ်လုပ်တော်ပိုင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

‘သူနဲ့ ကုဝမ်ရုတို့က ငါ့ကို မဖြစ်မနေ အိမ်ကို ပြန်လာစေချင်နေတာ ဘယ်လိုအကြံဆိုးတွေကိုများ ဖုံးကွယ်ထားကြတာလဲ’

သို့သော် အကယ်၍ သူမက ယနေ့တွင် ယုံမြို့စားအိမ်တော်သို့ ပြန်ရန် ဇွတ်အတင်း ပြောဆိုနေပါက သူမသည် ကုယွမ်နှင့် မိခင်ဖြစ်သူတို့ကို အလွယ်တကူ သံသယဝင်စေလိမ့်မည်။

သူမသည်လည်း ဤအခွင့်အရေးကို အသုံးချကာ အိမ်တော်အတွင်း စုံစမ်းစစ်ဆေးပြီး လွန်ခဲ့သော နှစ်များစွာက သူမ အဆင့်အတန်းလုယူခံရမှုနှင့် ပတ်သက်၍ မည်သည့်သက်သေအထောက်အထားများ ရှိနေမလားဟု ရှာဖွေလိုသည်။

ထို့ပြင် ရှန်လီကို ဤနေရာသို့ ခေါ်ဆောင်လာခြင်း၌လည်း ရည်ရွယ်ချက်များ ရှိနေသေးသည်။

“သမီးက အဖေ့ရဲ့ စကားကို နာခံပါ့မယ်...”

သူမက အမြဲတမ်းကဲ့သို့ လိမ္မာရေးခြားရှိနေသည်ကို မြင်လျှင် ကုယွမ် သဘာဝအတိုင်းပင် သဘောကျနှစ်ခြိုက်သွား၏။

“ဒါဆိုရင်တော့ ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့...”

သူက ပြုံးလိုက်ပြီး ကျိုးချွန်းယွီကို ခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးတင်လက်ဆောင်အဖြစ် ငွေတုံးတွေ ပေးဖို့ မလိုပါဘူး... အဲဒါက အရမ်း ယဉ်ကျေးလွန်းရာ ရောက်ပါတယ်... စာမူအချို့ ကူးရေးပေးရုံတင်ပဲလေ...”

ကျိုးချွန်းယွီက ငွေတုံးများ ထည့်ထားသော သေတ္တာကို ကိုယ်တိုင်ယူဆောင်ကာ အမျိုးသမီးကျိုးထံသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။

“မဖြစ်မနေ ပေးရမှာပါ... တကယ်လို့ ဝမ်ချန်မှူးမတ်မင်းက ငွေတွေကို ငြင်းပယ်ခဲ့ရင် အဲဒါတွေကို ဒုတိယ မမလေးကုရဲ့ မင်္ဂလာခန်းဝင် တင်တောင်းပစ္စည်းတွေထဲမှာ ဖြည့်စွက်ပေးဖို့ မြို့စားကြီးက အမိန့်ပေးထားတာ ဖြစ်ပါတယ်... ဒါကြောင့် သခင်မကြီးအနေနဲ့ အဲဒီကိစ္စအတွက် သိမ်းဆည်းပေးထားဖို့ တောင်းဆိုချင်ပါတယ်...”

သခင်မကြီးဝမ်က ကုဟွားအတွက် ဝမ်းမြောက်သွားရသဖြင့် ရွှင်လန်းစွာ ပြောလိုက်၏။

“ဒါဆိုရင်တော့ ငါကပဲ ဟွားအာကိုယ်စား ယုံမြို့စားကြီးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ...”

အမျိုးသမီးကျိုးက ၎င်းကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်ချေသည်။

ကုယွမ်၏ ရင်ထဲ၌ အလွန်အမင်း တစ်ဆို့သွားရ၏။

‘ဟူး... ပါးစပ်နားအထိ ရောက်နေတဲ့ ပျံလွှားငှက်က မျက်စိရှေ့တင်ပဲ ပျံသန်းသွားရပြန်ပြီ’

ကျိုးကျစ်လန်က ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ထပ်မံဖြည့်စွက်လိုက်ပြန်သည်။

“ကိုယ်လုပ်တော်ပိုင် ယုံမြို့စားအိမ်တော်ကို လာတဲ့နေ့တုန်းက သခင်မလေးက ဒုတိယမမလေးကုအတွက် ခင်ပွန်းတစ်ယောက် ရှာဖွေပေးထားပြီးဖြစ်လို့ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးနေကြပြီလို့ ပြောခဲ့ပါတယ်... မမလေးရဲ့ မင်္ဂလာခန်းဝင် တင်တောင်းပစ္စည်းတွေထဲမှာ ဖြည့်စွက်ပေးလိုက်တာက ကွက်တိပါပဲ...”

ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက ဖြူဖျော့သွားရ၏။

သခင်မကြီးဝမ်နှင့် ကုယွမ်တို့နှစ်ဦးလုံး ထိတ်လန့်တုန်လှုပ်နေသော ကိုယ်လုပ်တော်ပိုင်ကို လှမ်းကြည့်လိုက်ကြပြီး သူတို့မျက်နှာအမူအရာများက ချက်ချင်းပင် ပြောင်းလဲသွားကြသည်။

သူမ ခင်ပွန်းရှေ့တွင် သခင်မကြီးဝမ်က တမင်တကာ ပြောလိုက်၏။

“ကိုယ်လုပ်တော်ပိုင်... နင်က မှူးမတ်အိမ်တော်က သမီးပျိုတွေရဲ့ အိမ်ထောင်ရေးကိစ္စကို ကိုယ်တိုင် ဆုံးဖြတ်နေတာလား...”

ကိုယ်လုပ်တော်ပိုင် အလျင်အမြန်ပင် ဒူးထောက်လိုက်၏။

“ဒီအစေခံ မဝံ့ရဲပါဘူး... အဲဒါက... ဒီအစေခံက ဟွားအာ မလျော်ကန်တဲ့ အတွေးတွေ ရှိနေမှာစိုးလို့ တမင်တကာ ပြောခဲ့တာ ဖြစ်ပါတယ်... ဒီအစေခံက သူ့ကို အမျိုးသမီးကျင့်ဝတ်တွေကို လိုက်နာဖို့နဲ့ မတွေးသင့်တာတွေကို မတွေးဖို့ သတိပေးရုံတင် ဖြစ်ပါတယ်...”

ကုဟွားက အံ့သြသွားဟန်ဖြင့် ကြည့်လိုက်၏။

“ကိုယ်လုပ်တော်ပိုင် အဲဒီညက ယုံမြို့စားအိမ်တော်ကို လာတုန်းက အမေက သမီးအတွက် ကောင်းမွန်တဲ့ အိမ်ထောင်တစ်ခု ရှာဖွေပေးထားတယ်လို့ ကိုယ်တိုင် ပြောခဲ့တာလေ... ဒီအကြောင်းကို အမေက မသိခဲ့တာလား...”

သခင်မကြီးဝမ်၏ မျက်နှာက ညိုမှောင်သွားပြီး လှောင်ပြုံးပြုံးလိုက်၏။

“အမတ်မင်း... ကိုယ်လုပ်တော်ပိုင်က မှူးမတ်အိမ်တော်ရဲ့ အိမ်တွင်းရေးကို စီမံခန့်ခွဲနေရုံတင်မကဘဲ သမီးပျိုတွေရဲ့ အိမ်ထောင်ရေးကိုပါ ဆုံးဖြတ်နေတာပဲ... ဒါဆိုရင်တော့ ဒီမှူးမတ်အိမ်တော်မှာ ကျွန်မ လုပ်စရာအလုပ် ဘာမှမရှိတော့ဘူးပဲ...ဟုတ်တယ်မလား...”

ကုယွမ်သည် ဘက်လိုက်တတ်သူဖြစ်သော်လည်း အပြင်ပန်း၌ သဘာဝအတိုင်းပင် သူ့ကိုယ်သူ ရပ်တည်ပြရပေမည်။

သူ၏ လေသံက ချက်ချင်းပင် ဆိုးရွားသွားပြီး အော်ဟစ်လိုက်၏။

“ကိုယ်လုပ်တော်ပိုင်... မင်း ဘာတွေ လျှောက်လုပ်နေတာလဲ... သူက မင်းရဲ့ သမီးအရင်း ဖြစ်နေရင်တောင်မှ ဆုံးဖြတ်ရမှာက သခင်မကြီးပဲ... အိမ်တော်က သမီးပျိုတွေရဲ့ အိမ်ထောင်ရေးကို ဝင်စွက်ဖက်ဖို့ ဘယ်အချိန်တုန်းက မင်းအလှည့် ရောက်သွားရတာလဲ...”

ကိုယ်လုပ်တော်ပိုင်က ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ဘဲ ဖြစ်နေရသည်။

“ဒီအစေခံက ဘယ်လိုလုပ် ဝံ့ရဲပါ့မလဲ... ဒီအစေခံက မိခင်တစ်ယောက်အနေနဲ့ အလွန်အမင်း စိုးရိမ်ပူပန်သွားမိလို့ပါ...”

ကုဟွားက ကိုယ်လုပ်တော်ပိုင်ကို ဤမျှအလွယ်တကူ လွတ်မြောက်ခွင့် မပေးလိုချေ။

သူမက တိတ်ဆိတ်စွာဖြင့် ကျိုးကျစ်လန်၏ အင်္ကျီလက်ကို ဆွဲကာ သူမကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။

ကျိုးကျစ်လန်က ချက်ချင်းပင် သဘောပေါက်သွားပြီး ကုဟွား သူမအား မည်သည့်အရာကို ပြောစေချင်သည်ကို အလျင်အမြန်ပင် နားလည်လိုက်သည်။

“အိမ်တော်ထိန်းချုပ်ကြီးကျိုး... တုန့်ဟွားရယ် မိန်းကလေးရှန်လီရယ်နဲ့ ကျွန်မတို့က မမလေးကုနဲ့အတူ အဖော်ပြုပေးဖို့ မှူးမတ်အိမ်တော်မှာပဲ နေခဲ့ပါ့မယ်... သခင်မလေးရဲ့ လက်ထဲက မမလေးကုရဲ့ ကျွန်စာချုပ်ကို တစ်စုံတစ်ယောက်ကနေတစ်ဆင့် ယူဆောင်လာပေးဖို့ မနက်ဖြန်ကျရင် ဒုက္ခရှာပေးပါဦး... တရားဝင်ဇနီးသည်ရဲ့ ကိုယ်ပိုင်တံဆိပ်တုံးနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ဝမ်ချန်မှူးမတ်မင်းနဲ့ မှူးမတ်ကတော်ကြီးတို့ကို စစ်ဆေးခိုင်းရပါမယ်... တကယ်လို့ အတုဖြစ်နေခဲ့ရင်...”

သူမက မျက်နှာတစ်ခုလုံး ဖြူဖျော့နေသော ကိုယ်လုပ်တော်ပိုင်ကို တမင်တကာ လှမ်းကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆက်ပြောလိုက်၏။

“ကိုယ်လုပ်တော်တစ်ယောက်က တရားဝင်ဇနီးသည်ရဲ့ ကိုယ်ပိုင်တံဆိပ်တုံးကို ခိုးယူတာက ကြီးလေးတဲ့ ပြစ်မှုဖြစ်ပါတယ်...”

ကုယွမ်က မျက်မှောင်ကြုတ်လိုက်၏။

“အဲဒီလို စာရွက်စာတမ်းမျိုး တကယ်ပဲ ရှိတာလား...”

ကုဟွားက အလွန်အမင်း မတရားခံလိုက်ရသကဲ့သို့ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလျက် ရှိနေသည်။

“သမီးက အဖေနဲ့ အမေတို့ရဲ့ အလိုဆန္ဒလို့ ထင်မှတ်ခဲ့တာကြောင့် သဘာဝအတိုင်း မလွန်ဆန်ရဲဘဲ လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ခဲ့တာ ဖြစ်ပါတယ်...”

ကုယွမ်က အလွန်အမင်း ဒေါသထွက်သွားရ၏။

“ရိုင်းစိုင်းလိုက်တာ... မင်းက ဘာပဲဖြစ်ဖြစ် မှူးမတ်အိမ်တော်ရဲ့ သမီးပျိုတစ်ယောက်ပဲ... ကျွန်တစ်ယောက်အဖြစ် ဘယ်လိုလုပ် အဆင့်ချခံရမှာလဲ... ငါတို့ ကုမိသားစုရဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ဖြူစင်တဲ့ ဂုဏ်သိက္ခာကို လုံးဝ မငဲ့ကွက်ကြတော့ဘူးလား...”

သခင်မကြီးဝမ်ကလည်း အလေးအနက် ထောက်ခံလိုက်၏။

“ဒီကိစ္စကို သေချာရှင်းလင်းအောင် စုံစမ်းရပါမယ်... တကယ်လို့ ကိစ္စက အမှန်ဖြစ်ပြီး အပြင်ကို သတင်းပေါက်ကြားသွားရင် ကျွန်မတို့ ကုအိမ်တော်က ကွယ်ရာမှာ လက်ညှိုးထိုး ကဲ့ရဲ့ခြင်းကို ခံရပါလိမ့်မယ်...”

ကိုယ်လုပ်တော်ပိုင်၏ ခြေထောက်များ ပျော့ခွေသွားရပြီး နောက်တစ်ကြိမ် ဒူးပြန်ထောက်လုနီးပါးပင် ဖြစ်သွားရသည်။

ကုဟွား သက်ပြင်းတစ်ချက် ချလိုက်မိ၏။

အတိတ်ဘဝ၌ သူမက ကိုယ့်ကိုယ်ကိုယ် အလွန် သူရဲဘောကြောင်ခဲ့မိသည်ဟု အပြစ်တင်ခဲ့ဖူးပြီး ကိုယ်လုပ်တော်ပိုင်က သူမကို လှည့်စားကာ အတုပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု လုံးဝ မတွေးမိခဲ့ချေ။ သူတို့အား သူမကို သေကြောင်းကြံစည်နိုင်မည့် အခွင့်အရေးကို ပေးအပ်မိလိုက်ခြင်း ဖြစ်ခဲ့သည်။

ကျိုးချွန်းယွီ ထွက်ခွာသွားပြီးနောက် ကုယွမ် အမျိုးသမီးများ၏ သေးသိမ်သော ရန်ပွဲများကို စိတ်မရှည်တော့သဖြင့် ကုဟွားကို လှမ်းကြည့်လိုက်၏။

“သခင်မကြီး... ဒီကိစ္စကို မင်းပဲ ကိုင်တွယ်လိုက်ပါ... ငါ့မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးလို့ အရင်သွားနှင့်မယ်...”

“ကောင်းပါပြီ...”

သခင်မကြီးဝမ်က သူ့အား လိုက်ပါပို့ဆောင်ပြီး ရိုသေစွာ ဦးညွတ်လိုက်ပြီးနောက် ကိုယ်လုပ်တော်ပိုင်နှင့် ကုဟွားတို့ထံသို့ လှည့်ကြည့်လိုက်၏။

“ကိုယ်လုပ်တော်ပိုင်... နင့်ရဲ့ ခြံဝင်းက သိပ်မကျယ်သလို ဟွားအာရဲ့ အခန်းဟောင်းကလည်း အရမ်း ရိုးရှင်းလွန်းတယ်... သူတို့ ဒီနေ့ည ဧည့်သည်ခြံဝင်းမှာ နေထိုင်ဖို့ စီစဉ်လိုက်ပါ...”

ကိုယ်လုပ်တော်ပိုင်က ငြင်းပယ်ရန် အကြောင်းပြချက်မရှိသဖြင့် စိတ်ကို ပြန်လည်စုစည်းလိုက်ရ၏။

“ကောင်းပါပြီ... ဒီအစေခံ အခုပဲ သွားရောက်စီစဉ်ပေးပါ့မယ်...”

ထိုသို့ပြောပြီးနောက် သူမက ကုဟွားကို လိုက်ပါလာရန် အရိပ်အမြွက်ပြလျက် လှမ်းကြည့်လိုက်၏။

ကုဟွားက သူမကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

သခင်မကြီးဝမ်က ၎င်းကို သတိထားမိလိုက်၏။

“နင် အမြန်သွားပါ... ဧည့်သည်ခြံဝင်း အဆင်သင့်ဖြစ်ပြီဆိုရင် တစ်ယောက်ယောက်ကို လွှတ်ပြီး သတင်းပေးလိုက်... ဒီနေ့ ဟွားအာနဲ့ ငါ ငါ့ရဲ့ခြံဝင်းထဲမှာပဲ နေ့လယ်စာ အတူတူ စားကြမယ်...”

ကိုယ်လုပ်တော်ပိုင်က မတတ်သာသည့်အဆုံး အရင်ဆုံး ထွက်ခွာသွားရသည်။

အခန်း(၅၂)

ကုဟွား မော့ကြည့်လိုက်သည်။

မိခင်ဖြစ်သူ၏ မျက်ဝန်းများကို စိုက်ကြည့်မိရင်း သူမ မျက်ဝန်းအစုံက ထပ်မံ၍ စိုစွတ်လာရပြန်သည်။

သခင်မကြီးဝမ် အမိန့်ပေးလိုက်၏။

“အမျိုးသမီးကျိုး... မီးဖိုချောင်ကို သွားပြီး ဟင်းလျာကောင်းကောင်းလေးတွေ ပိုပြီးပြင်ဆင်ခိုင်းလိုက်ပါ... ပြီးတော့ မိန်းကလေးကျိုးတို့ သုံးယောက်လုံး အတူတူစားဖို့အတွက်လည်း စီစဉ်လိုက်ပါဦး...”

အမျိုးသမီးကျိုး နာခံကြောင်းပြကာ မီးဖိုချောင်သို့ ကိုယ်တိုင်သွား၍ အမိန့်ပေးလိုက်သည်။

သခင်မကြီးဝမ် ကုဟွား၏လက်ကို ဆွဲကိုင်လိုက်၏။

“သမီးလိမ္မာလေး... ထိုင်ပြီး စကားပြောကြတာပေါ့...”

“တစ်ယောက်လောက်... ကောင်မလေးသုံးယောက်အတွက် ထိုင်ခုံတွေ ယူခဲ့ပေးစမ်း...”

အစေခံမလေးများက ချက်ချင်းပင် ချည်ထိုးထိုင်ခုံပုလေးများကို ယူဆောင်လာပေးသဖြင့် ကျိုးကျစ်လန်နှင့် အခြားနှစ်ဦးတို့လည်း ထိုင်လိုက်ကြ၏။

ဤသည်မှာ သခင်မကြီးဝမ်က သူမအပေါ် ပထမဆုံးအကြိမ် နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံခြင်း ဖြစ်သည်။

ကုဟွားက မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အဝငိုကြွေးပစ်လိုက်ချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်ပေါ်လာရ၏။

သို့သော် မိခင်ဖြစ်သူကို ထိတ်လန့်သွားစေမည်စိုးသဖြင့် သူမ မျက်ရည်များကို မျိုသိပ်လျက် ဇွတ်အတင်း ပြန်လည်အောင့်အည်းထားလိုက်ရသည်။

သခင်မကြီးဝမ်က သူမအား ကြင်နာယုယစွာ စကားစမြည် ပြောလာ၏။ သူမသည် အဓိကအားဖြင့် ကုဝမ်ရု၏ အခြေအနေများကိုသာ မေးမြန်းခြင်း ဖြစ်သည်။

ကုဝမ်ရုရဲ့ နေ့စဉ်ဘဝက ဘယ်လိုရှိလဲ...

စိတ်ခံစားချက်ရော ကောင်းရဲ့လား...

ခင်ပွန်းသည်ကရော သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား အစရှိသဖြင့်...

ကုဟွား ရင်ထဲ၌ မသက်မသာ ခံစားလိုက်ရသည်။

အကယ်၍ မိခင်ဖြစ်သူက သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရသော သမီးဖြစ်သူ ပြုလုပ်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို သိရှိသွားခဲ့လျှင် မည်မျှအထိ ရင်ကွဲနာကျရပါမည်နည်း။

သူမ နားထောင်ကောင်းမည့် စကားများကိုသာ ရွေးချယ်ပြောဆိုလိုက်၏။

ဥပမာအားဖြင့် အစ်မတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အစားကောင်းကောင်းစားပြီး အိပ်စက်ခြင်းလည်း မှန်ကန်ကြောင်း၊ ကျင်းခွေ့နှင့် ယန်ကျစ်တို့ကလည်း သူမကို အလွန် ဂရုတစိုက် ပြုစုစောင့်ရှောက်နေကြကြောင်း စသည်ဖြင့် ဖြစ်သည်။

ထို့အပြင် သူမ ခဲအိုသည်လည်း အစ်မနှင့်အတူ နေ့တိုင်းလာရောက် စားသောက်လေ့ရှိပြီး ညအိပ်ညနေ ခဏခဏ နေလေ့ရှိကြောင်း၊ ယုံမြို့စားအိမ်တော်မှ လူများကလည်း အစ်မအပေါ် အလွန်ရိုသေလေးစားကြကြောင်း သူမက ပြောပြလိုက်၏။

ဤအကြောင်းများကို ကြားရလျှင် သခင်မကြီးဝမ် စိတ်ထဲ၌ အလွန် သက်သာရာရသွားပြီး ကုဟွားကို ပိုမိုလိမ္မာရေးခြားရှိသော သမီးကောင်းလေးတစ်ဦးဟု တွေးမိလာခဲ့သည်။

“ရုအာ အိမ်တော်မှာ ရှိတုန်းက သမီးနဲ့ အတူတူ အဖော်စပ်ပြီး ကစားဖို့ကို အနှစ်သက်ဆုံးပဲ... စာဖတ်တဲ့ အခါမှာလည်း သမီးကို အထူးတလည် ဘေးကနေ လိုက်ပါစေခဲ့တာ...အရင်က သမီးက စကားသိပ်မပြောတတ်တာကို ရုအာက ဘာလို့ ဒီလောက်ထိ သဘောကျနေရတာလဲလို့ တွေးမိခဲ့သေးတယ်... အခုကြည့်ရတာ သမီးက တကယ်ပဲ လိမ္မာရေးခြားရှိတဲ့ကလေးမလေးပဲ... အမေ့အနေနဲ့ အရင်က သမီးအပေါ် ဂရုစိုက်မှု အလွန် နည်းပါးခဲ့မိတာကို အပြစ်မတင်နဲ့ဦးနော်...”

ကုဟွား၏ နှာခေါင်းထဲ၌ စို့တက်လာပြီး အသံကို ထိန်းလျက် ပြောလိုက်၏။

“သမီးက အမေ့အပေါ် ဘယ်လိုလုပ် အပြစ်တင်ရဲပါ့မလဲ... အမေဆိုတာ သားသမီးတွေအပေါ် အမြဲတမ်း ချစ်မြတ်နိုးတာပဲလေ...”

သူမ စကားလုံးများထဲတွင် သွယ်ဝိုက်သောအဓိပ္ပာယ်များ ကွယ်ဝှက်နေခဲ့သည်။

သို့သော် သခင်မကြီးဝမ် ၎င်းကို သဘောမပေါက်နိုင်ခဲ့ချေ။

“ဒါကတော့ သဘာဝအတိုင်းပဲပေါ့... မင်းတို့အားလုံးက အမေ့ရဲ့ သားသမီးတွေပဲမို့လို့ အမေကတော့ သဘာဝအတိုင်း ချစ်တာပေါ့...”

ကုဟွား မျက်ဝန်းများကို အနည်းငယ် နှိမ့်ချလိုက်မိ၏။

ကုဝမ်ရုက သူမနှင့် အဖော်လုပ်ကစားခြင်းကို မည်သည့်အခါကမျှ မနှစ်သက်ခဲ့ဖူးပေ။

သူမက မွေးမိခင်အရင်းဖြစ်သော ကိုယ်လုပ်တော်ပိုင်နှင့်သာ အတူရှိရသည်ကို နှစ်သက်ပြီး ထိုယုတ်မာသောအမျိုးသမီးနှစ်ဦးသည် ကုဟွားကို မည်သို့ နှိပ်စက်ရမည်ကို တိုင်ပင်ဆွေးနွေးလေ့ရှိကြခြင်း ဖြစ်သည်။

ကုဟွား စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်၏။

သူမသည် မော့ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

“အမေ... ရှန်လီက နန်းတွင်းသမားတော်ဟောင်းကြီး ဖြစ်ခဲ့တဲ့ သမားတော်ကြီးစွန်းရဲ့ နောက်ဆုံး တပည့်အရင်းပါ... သူ့ဆေးပညာက အရမ်း အဆင့်မြင့်တယ်... အမေ့ရဲ့ မျက်နှာအရောင်အဆင်း မကောင်းတာကို သမီး သတိထားမိလို့ သူ့ကို တစ်ချက်လောက် စစ်ဆေးကြည့်ခိုင်းခွင့်ပြုပါလား...”

ကုဟွားက ဤအကြောင်းကို ထပ်မံ၍ အဆိုပြုလာခြင်း ဖြစ်ပြီး သခင်မကြီးဝမ်ကလည်း စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် သမီးဖြစ်သူ၏ သားသမီးဝတ္တရားအရ ရိုသေမှုကို မငြင်းပယ်ရက်ချေ။

ထို့ကြောင့် သူမက ခေါင်းငြိမ့်လိုက်၏။

“ဒါဆိုရင်တော့ မင်းကို ဒုက္ခပေးရဦးမှာပဲ...”

ကုဟွားက ရှန်လီကို လှမ်းကြည့်လိုက်သည်။

ရှန်လီက သူမ၏ အဝတ်အိတ်ထဲမှ အကြောစမ်းခေါင်းအုံးလေးကို ထုတ်ယူလိုက်ပြီး သခင်မကြီးဝမ်က သူမ၏လက်ကို ၎င်းပေါ်သို့ တင်လိုက်သည်။

ရှန်လီက သွေးကြောကို စမ်းသပ်စစ်ဆေးပြီး သေချာစွာ အကဲဖြတ်နေစဉ် သူမ၏ လှပသော မျက်ခုံးများက ပိုမို၍ တွန့်ချိုးလာသဖြင့် ကုဟွား ရင်၌ ထိတ်လန့်တုန်လှုပ်လျက် တဒိန်းဒိန်းခုန်လာရသည်။

“သခင်မကြီး... တခြားလက်တစ်ဖက်ကို ပြောင်းပေးပါဦး...”

သခင်မကြီးဝမ်က လက်ကို ပြောင်းပေးလိုက်၏။ အချိန်အတော်ကြာ သွေးကြောစမ်းပြီးနောက် ရှန်လီက အခြေအနေကို စိတ်ထဲ၌ သဘောပေါက်သွားရသည်။

“ရပါပြီ...”

သခင်မကြီးဝမ်က လက်ကို ပြန်ရုတ်လိုက်၏။ သူမက ဤမိန်းမပျိုလေးအနေဖြင့် အိမ်တော်သမားတော် ပြောဆိုလေ့ရှိသည့် ကောက်ချက်မျိုးထက် ပိုမိုသိရှိလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ခန္ဓာကိုယ်ထဲတွင် စိုစွတ်မှုများလွန်းခြင်းနှင့် စိုးရိမ်ပူပန်မှုများပြားသဖြင့် အားအင်များ ပိတ်ဆို့ကာ နုံးချိနေခြင်းဟူ၍သာ ဖြစ်သည်။

သူမက ပြုံးလိုက်၏။

“ငါက နည်းနည်း ပျင်းရိတတ်သလို မနေ့ညကလည်း အိပ်လို့မကောင်းတာကြောင့် ဒီနေ့ မျက်နှာအရောင်အဆင်း နည်းနည်း ပျက်နေတာပါ... ဒါက ပြဿနာသေးသေးလေးမို့ ဘာမှမဖြစ်ပါဘူး...”

“သခင်မကြီးက အဆိပ်မိနေတာပါ”

ရှန်လီ ခေါင်းအုံးသေးသေးလေးကို ပြန်လည်သိမ်းဆည်းရင်း တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။

ဤအသံကို ဘေးပတ်ပတ်လည်တွင် ထိုင်နေကြသော လူအနည်းစုသာ ကြားနိုင်ပြီး အမိန့်နာခံရန် တံခါးဝတွင် မတ်တတ်ရပ်နေကြသော အစေခံမလေးများက မကြားနိုင်ကြချေ။

ဤစကားတစ်ခွန်းကြောင့် လူအချို့က အသံပင်မထွက်ရဲဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“အဆိပ်မိနေတာ ဟုတ်လား...”

သခင်မကြီးဝမ်က ထိတ်လန့်တုန်လှုပ်မှုကြောင့် လေသံ ပြောင်းလဲသွားကာ အသံကိုနှိမ့်၍ မေးလိုက်မိ၏။

ကုဟွား၏ နှလုံးက တဒိန်းဒိန်း ဆောင့်ခုန်လာရသည်။

ဤသည်က ကိုယ်လုပ်တော်ပိုင်နှင့် သူမ၏သမီး ပြုလုပ်ခဲ့သည်မှာ သေချာ၏။

‘သေချာပေါက် သူတို့ပဲ ဖြစ်ရမယ်’

အံ့သြစရာမရှိတော့ပေ။ ယခင်ဘဝ၌ မိခင်ဖြစ်သူ အမြဲတမ်း ကျန်းမာရေးကောင်းမွန်ခဲ့သော်လည်း ကုဟွား မသေမီအချိန်တွင် မိခင်ဖြစ်သူက ပြင်းထန်စွာ နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေကြောင်း ကြားသိခဲ့ရသည်။

သခင်မကြီးဝမ်က အသေးစိတ် ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း ကုဟွားက သူမ၏လက်ကို အလျင်အမြန်ပင် ဖိချလိုက်ပြီး ဘေးနားရှိ အစေခံမလေးများထံသို့ အကြည့်တစ်ချက် ပို့လိုက်၏။

သခင်မကြီးဝမ်က ချက်ချင်းပင် သဘောပေါက်သွားသည်။

“နင်တို့အားလုံး အပြင်ကို ခဏထွက်နေလိုက်ကြ... ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ ဝင်လာခွင့်မပြုဘူး...”

အစေခံမလေးများက အပြင်သို့ထွက်ကာ တံခါးပိတ်လိုက်သည်နှင့် အခန်းတွင်းရှိ လေထုက ချက်ချင်းပင် လေးလံထိုင်းမှိုင်းသွားရသည်။

ရှန်လီက မျက်ခုံးပင့်လိုက်၏။

“ကျွန်မက အဆိပ်အကြောင်း လေ့လာရတာကို အကြိုက်ဆုံးပဲ... ကျွန်မအတွက်တော့ အဆိပ်ခတ်တာက အရမ်းရိုးရှင်းလွန်းတဲ့အရာပဲ... ကျွန်မရဲ့ အကဲဖြတ်ချက်က ဘယ်တော့မှ မမှားနိုင်ဘူး...”

ကုဟွားက မိခင်ဖြစ်သူ၏လက်ကို ဆွဲကိုင်ထားရင်း တုန်ယင်နေသောအသံဖြင့် ရှန်လီကို မေးလိုက်၏။

“ဒါကို ကုသလို့ ရမလား...”

“ရတာပေါ့... ဒါက ထူးခြားဆန်းပြားတဲ့ အဆိပ်မျိုး မဟုတ်ဘူး... အပ်စိုက်တာ အနည်းငယ်နဲ့ ဆေးနှစ်ကြိမ်လောက် သောက်လိုက်ရုံနဲ့တင် အဆိပ်တွေ ပြယ်သွားမှာပါ...”

သခင်မကြီးဝမ်က အခုထက်ထိ တပ်အပ်မယုံကြည်နိုင်သေးချေ။

“ဒါက တကယ်ပဲ အဆိပ်ဆိုတာ သေချာရဲ့လား... ငါက နုံးနေရုံတင် ဖြစ်နိုင်တာပဲလေ...”

ရှန်လီက ခေါင်းငုံ့လျက် သူမ အိတ်ထဲမှ အဝတ်ထုပ်လေးတစ်ခုကို ထုတ်ယူလိုက်၏။ သူမ ထိုင်နေသော ချည်ထိုးထိုင်ခုံပုလေးကို သခင်မကြီးဝမ်၏ ဘေးနားသို့ တိုးရွှေ့လိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။

အဝတ်ထုပ်ကို ဖြန့်ချလိုက်သောအခါ အလျားမတူညီဘဲ စနစ်တကျ စီတန်းထားသော ငွေအပ်ကလေးများကို မြင်တွေ့လိုက်ရသည်။

ရှန်လီသည် အပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူမ၏အိတ်ထဲမှ ဆေးပုလင်းငယ်လေးတစ်ခုကို နှိုက်ယူကာ အပ်ဖျားပေါ်သို့ ဆေးအနည်းငယ် လောင်းထည့်လိုက်ရင်း သခင်မကြီးဝမ်အား လက်ကမ်းပေးရန် အရိပ်အမြွက်ပြလိုက်၏။

သခင်မကြီးဝမ်က အဘယ်ကြောင့်မှန်းမသိ သူမအပေါ် ယုံကြည်စိတ်များ ဖြစ်ပေါ်လာရသဖြင့် နာခံစွာ လက်ကို ကမ်းပေးလိုက်မိသည်။

နှစ်လက်မခန့် ရှည်လျားသော အပ်ကို ကိုင်ဆောင်လျက် ရှန်လီက သခင်မကြီးဝမ်၏ လက်မနှင့် လက်ညှိုးကြားရှိ (ဟယ်ကုအကြောမှတ်) ကို ဖိလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“ကျွန်မ အပ်စိုက်ပါတော့မယ်... အပ်ကို ပြန်နှုတ်လိုက်တဲ့အခါ အပ်ဖျားက မည်းနေခဲ့ရင် သခင်မကြီး အဆိပ်မိနေတာ မှန်ကန်ကြောင်း သက်သေပြပါလိမ့်မယ်...”

သခင်မကြီးဝမ်က အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားနေရသဖြင့် လက်ဖဝါးများတွင် ချွေးများပင် ထွက်ပေါ်လာရသည်။

ကုဟွားက သူမ၏လက်ကို အနည်းငယ် ပိုမိုတင်းကြပ်စွာ ဆွဲကိုင်လိုက်၏။

“အမေ မကြောက်ပါနဲ့နော်... မိန်းကလေးရှန်ရဲ့ အပ်စိုက်ပညာက အရမ်းထူးချွန်တာမို့ နည်းနည်းမှ မနာပါဘူး...”

သခင်မကြီးဝမ်က ခေါင်းငြိမ့်လိုက်သည်။

သူမက နာကျင်မှုကို ကြောက်ရွံ့ခြင်း မဟုတ်ဘဲ အမှန်တကယ် အဆိပ်မိနေမည်ကို စိုးရိမ်သဖြင့် ရင်ထဲ၌ ထိတ်လန့်နေမိခြင်း ဖြစ်သည်။

မိန်းမပျိုလေးများသည် အသက်ကို အောင့်ထားကြပြီး မျက်လုံးများ ပြူးကျယ်လျက် ငွေအပ်ကလေးက လက်မနှင့် လက်ညှိုးကြားမှတစ်ဆင့် လက်ကောက်ဝတ်ဆီသို့ အပ်တစ်ချောင်းလုံး နစ်မြုပ်သွားသည်အထိ စိုက်ဝင်သွားသည်ကို စောင့်ကြည့်နေကြသည်။

ငွေအပ်ကို ပြန်လည်နှုတ်ယူလိုက်သောအခါ သူမတို့အားလုံးသည် အပ်ဖျားဆီသို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြပြီး တိုးညှင်းစွာ ရေရွတ်လိုက်မိကြ၏။

“မည်းနေပြီ...”

သခင်မကြီးဝမ်နှင့် ကုဟွားတို့ နှစ်ဦးလုံး၏ မျက်နှာများက ဖြူဖျော့သွားရသည်။

အပ်ဖျားတွင် အမည်းရောင် သန်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သခင်မကြီးဝမ်က ယခုမူ မယုံကြည်ဘဲ မနေနိုင်တော့ချေ။ ငွေအပ်က အကြောင်းပြချက်မရှိဘဲ အလိုအလျောက် မည်းသွားစရာ အကြောင်းမရှိပေ။

ရှန်လီက အပ်ဖျားကို သူမ၏နှာခေါင်းနားသို့ ကပ်လျက် သေချာစွာ အနံ့ခံကြည့်ပြီးနောက် အမည်းရောင်၏ အရောင်ရင့်မှုကို အနီးကပ် စစ်ဆေးလိုက်၏။

“ကံကောင်းတာက အဆိပ်မိနေတာ သိပ်မကြာသေးဘူး... အဆိပ်ခတ်တဲ့လူက ရုတ်တရက်ကြီး ပေါ်သွားမှာ စိုးရိမ်လို့ ဆေးပမာဏကို ခပ်ပါးပါးပဲ ခတ်ထားတာ ဖြစ်ရမယ်... သူတို့က သခင်မကြီးကို ဘယ်သူမှ သတိမထားမိဘဲ အဆိပ်သင့်ပြီး ဖြည်းဖြည်းချင်း သေဆုံးသွားစေချင်နေတာ”

All Chapters