အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း(၅၃)
သခင်မကြီးဝမ်က အသက်ရှူပင် မှားသွားရသည်။
ထိုစဉ် တံခါးပြင်ပမှ အမျိုးသမီးကျိုး၏ အသံထွက်ပေါ်လာ၏။
“သခင်မကြီး... ဧည့်သည်ခြံဝင်းဘက်က လူလွှတ်ပြီး နေရာထိုင်ခင်းတွေကို သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်ပြီးပြီလို့ သတင်းလာပို့ပါတယ်”
သခင်မကြီးဝမ်က တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“အမျိုးသမီးကျိုး တစ်ယောက်တည်း ဝင်လာခဲ့...”
အမျိုးသမီးကျိုးက တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာ၏။ လူတိုင်း၏ မျက်နှာအမူအရာများကို မြင်လျှင် သူမက မှင်တက်သွားရ၏။
ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ပြီဟု ရိပ်မိလိုက်သဖြင့် အမျိုးသမီးကျိုးက တံခါးကို အလျင်အမြန်ပင် ပြန်ပိတ်လိုက်ပြီး အနားသို့ သုတ်ခြေတင် လျှောက်လှမ်းလာခဲ့၏။
သူမက တစ်ချက်လှမ်းကြည့်ရုံဖြင့် ရှန်လီက ငွေအပ်တစ်ချောင်းကို အဝတ်စထဲသို့ သေသပ်စွာ ပြန်ထည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ... သခင်မကြီးရဲ့ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်နေလို့လဲ...”
သူမ၏ လေသံတွင် စိုးရိမ်ပူပန်မှုများ အများအပြား ပါဝင်နေခဲ့သည်။
အမျိုးသမီးကျိုးက သခင်မကြီးဝမ်၏ မိခင်ဘက်မှ ပါလာသော အိမ်ပါ အစေခံရင်း ဖြစ်၏။ သူမက သခင်မကြီးဝမ်၏ မိခင်အရင်းဖြစ်သူထံတွင် နှစ်ပေါင်းများစွာ ခစားခဲ့ရသော အစေခံထိန်းချုပ်ကြီးလည်း ဖြစ်သည်။ သခင်မကြီးဝမ်က သူမကို အားလုံးထက် ပိုမိုယုံကြည်အားကိုးပြီး သူမ၏ မိခင်အရင်းကဲ့သို့ပင် မှတ်ယူထားသည်။
သခင်မကြီးဝမ်က သူမ၏လက်ကို ဆွဲကိုင်လိုက်၏။ ရင်ထဲ၌ မတရားမှုများဖြင့် ပြည့်နှက်နေသဖြင့် ဆို့နင့်သောအသံဖြင့် ပြောလိုက်သည်။
“အမျိုးသမီးကျိုး... တစ်ယောက်ယောက်က ကျွန်မကို အဆိပ်ခတ်ထားတယ်...”
“အို...”
အမျိုးသမီးကျိုး၏ မျက်နှာက ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖျော့သွားရသည်။
“တစ်စုံတစ်ယောက်က သခင်မကြီးကို တကယ်ပဲ အဆိပ်ခတ်ရဲတယ် ဟုတ်လား...”
သခင်မကြီးဝမ်၏ မျက်ဝန်းထဲ၌ မျက်ရည်များ ဝဲတက်လာရ၏။
“ငါတို့ခြံဝင်းကတော့ တကယ်ပဲ မသန့်ရှင်းတော့ဘူး ထင်တယ်...”
အမျိုးသမီးကျိုးက ရိပ်မိနားလည်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမက လန်ယဲ့ဝမ်မိသားစုမှ ပါလာသော အဆင့်မြင့်အစေခံကြီးတစ်ဦးပင်ဖြစ်သည်။
သူမ၏ မျက်ဝန်းအစုံက ခက်ထန်ပြတ်သားသွားရသည်။
“သခင်မကြီး စိုးရိမ်ပူပန်မနေပါနဲ့... ဒီအစေခံက အခုချက်ချင်းပဲ သေသေချာချာ စုံစမ်းစစ်ဆေးပြီး သခင်မကြီးကို အဆိပ်ခတ်တဲ့လူကို မဖြစ်မနေ ဖမ်းဆီးပေးပါ့မယ်...”
ရှန်လီက ဆေးပုလင်းငယ်တစ်လုံးကို ကမ်းပေးလိုက်၏။
“သခင်မကြီး... လက်ရှိမှာ နှလုံးနဲ့ အဆုတ်ကို ကာကွယ်ပေးဖို့အတွက် ဒီဆေးကို အရင်ဆုံး သောက်သုံးထားလိုက်ပါ... ကျွန်မ ပြန်ရောက်တဲ့အခါကျမှ ဒါက ဘာအဆိပ်လဲဆိုတာကို သေသေချာချာ ထပ်မံစစ်ဆေးပေးပါ့မယ်... ဒါပေမဲ့ သခင်မကြီးအနေနဲ့ အစားအသောက်နဲ့ အသုံးအဆောင်မှန်သမျှကို အလွန်အမင်း သတိထားရပါမယ်... အဆိပ်နဲ့ ထပ်ပြီး လုံးဝ မထိတွေ့မိပါစေနဲ့”
အမျိုးသမီးကျိုးက ကျေးဇူးတင်လွန်းသဖြင့် ငိုပင်ငိုချင်လာရသည်။ သူမက ဆေးကို လက်နှစ်ဖက်ဖြင့် သေချာ လက်ခံယူလိုက်၏။
“ကောင်းပါပြီ... မိန်းကလေးကို အရမ်းကျေးဇူးတင်ပါတယ်...”
ထိုစဉ် ကုဟွားက ရုတ်တရက် မေးမြန်းလိုက်၏။
“မောင်လေးသုံးက ဘယ်အချိန်လောက်မှ ကျောင်းဆင်းမှာလဲ မသိဘူးနော်... မှတ်မိသလောက်ဆိုရင် မောင်လေးကလည်း ခဏခဏ အားအင်ကုန်ပြီး နုံးချိနေတတ်တယ်မလား...”
ကုဟွား၏ စကားလုံးများကြောင့် သခင်မကြီးဝမ်နှင့် အမျိုးသမီးကျိုးတို့နှစ်ဦးလုံး ဆွံ့အမှင်တက်သွားကြရသည်။
‘တကယ်လို့ သူတို့က သခင်မကြီးဝမ်ကို အဆိပ်ခတ်ရဲကြရင် တရားဝင်ဇနီးက မွေးတဲ့ သခင်လေးကိုလည်း အဆိပ်ခတ်ရဲကြမှာပဲ’
“အမျိုးသမီးကျိုး... မြန်မြန်သွားပြီး ရွေ့အာကို ပြန်ခေါ်ခဲ့ချေ...”
သခင်မကြီးဝမ်၏ နှုတ်ခမ်းလွှာများက ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူစုတ်သွားရသည်။
အမျိုးသမီးကျိုးက ခေါင်းငြိမ့်လိုက်၏။
“ကောင်းပါပြီ... ကောင်းပါပြီ... ဒီအစေခံ ကိုယ်တိုင် သွားခေါ်လိုက်ပါ့မယ်...”
ကုဟွားက ရင်ထဲ၌ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိ၏။
သူမက ရှန်လီကို ခေါ်ဆောင်လာခဲ့စဉ်က ဤကဲ့သို့သော အဆိပ်ခတ်မှုအကြံအစည်ကြီးကို ဖော်ထုတ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သူမ၏ မွေးချင်းမောင်အရင်းဖြစ်ပြီး မှူးမတ်အိမ်တော်၏ တရားဝင်အမွေဆက်ခံမည့် သားဦးဖြစ်သူ ကုရွေ့ဝမ်က အမြဲတမ်း ကျန်းမာရေးချို့တဲ့လေ့ရှိသည်။
ဖခင်ဖြစ်သူက သူ့အတွက် မှူးမတ်ဘွဲ့ထူးကို ဆက်ခံခွင့်ပြုရန် ဧကရာဇ်ထံ တောင်းဆိုချင်သော်လည်း ကုရွေ့ဝမ်၏ ကျန်းမာရေးအခြေအနေကြောင့် အမြဲတမ်း စိတ်တိုင်းမကျဖြစ်ရကာ သခင်မကြီးဝမ်အပေါ်၌ သားတစ်ယောက်ကို စနစ်တကျ မပြုစု မပျိုးထောင်တတ်ဟုပင် အပြစ်တင်ကာ ဒေါသပုံချလေ့ရှိသည်။
သို့သော် ရယ်စရာကောင်းသည်မှာ ကိုယ်လုပ်တော်ပိုင်၏ သားဖြစ်သူ ကုမိသားစု၏ ဒုတိယသခင်လေး ကုကျင့်ဝမ်ကလည်း ရံဖန်ရံခါတွင် ကျန်းမာရေးချို့တဲ့တတ်ပြန်သည်။
ကုဟွား သေချာ သိရှိထားသည်မှာ ကိုယ်လုပ်တော်ပိုင်က ဖခင်ဖြစ်သူ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ကုကျင့်ဝမ်ကို တစ်ခါတစ်ရံတွင် တမင်သက်သက် ဆေးခတ်လေ့ရှိခြင်း ဖြစ်၏။
ထို့ကြောင့် ကုကျင့်ဝမ်က တစ်ခါတစ်ရံတွင် ခေါင်းကိုက်ဖျားနာခြင်း သို့မဟုတ် တစ်ရက်နှစ်ရက်မျှ အိပ်မောကျနေခြင်းမျိုး ဖြစ်ပေါ်တတ်သည်။
ယခင်က အဖေနှင့် အမေတို့၏ ဆက်ဆံရေး ရုတ်တရက် ပြန်လည်ကောင်းမွန်လာပြီး အဖေက အမေ့၏ ခြံဝင်းတွင် ရက်ဆက်နေထိုင်ခဲ့စဉ်က ကိုယ်လုပ်တော်ပိုင်သည် အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် သူမ သားအရင်း၏ လက်ကောက်ဝတ်ကို အတင်းအဓမ္မ ရိုက်ချိုးပစ်ခဲ့ဖူးသည်။
အကြောင်းရင်းမှာ အဖေ့ကို အမေ့၏ ကုတင်ပေါ်မှ သူမထံသို့ ပြန်လည် ခေါ်ဆောင်ရန်အတွက်သာ ဖြစ်သည်။
ကုဟွား သူမကိုယ်တိုင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသော မောင်လေးကို အလွန်အမင်း သနားမိရသည်။ သူက ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေသည့် အခါတိုင်းတွင် သူမက ဘေးနား၌ အမြဲရှိနေပေးပြီး ချော့မြှူပေးရလေ့ရှိသည်။
အချို့သော အချိန်များ၌ သူတို့နှစ်ဦးမှာ ရှင်သန်နိုင်ရန်အတွက် တစ်ဦးကိုတစ်ဦး မှီခိုအားထားနေကြရသကဲ့သို့ ခံစားရ၏။
ကိုယ်လုပ်တော်ပိုင်၏ ပြစ်မှုများက အကြိမ်တစ်ထောင်မက သေဒဏ်ပေးရန် ထိုက်တန်သော်လည်း ကလေးငယ်လေးကမူ အပြစ်ကင်းစင်သည်။
ကျင့်ဝမ်ကလည်း အလွန် လိမ္မာရေးခြားရှိသော ကလေးတစ်ဦး ဖြစ်၏။
နှစ်ပေါင်းများစွာအတွင်း အကြောင်းပြချက်မရှိဘဲ မကြာခဏ ဆေးခတ်ခံခဲ့ရခြင်းကြောင့် ကုကျင့်ဝမ်၏ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းချို့တဲ့သွားခဲ့ရသည်။
ကုဟွား မူလ၌ ရှန်လီအား ကုကျင့်ဝမ်၏ ကျန်းမာရေးကို စစ်ဆေးခိုင်းပြီး တိတ်တဆိတ် ပြန်လည်ပြုစုပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။
သို့သော် သခင်မကြီးဝမ် အဆိပ်မိနေသည်ကို တိုက်တိုက်ဆိုင်ဆိုင် ဖော်ထုတ်နိုင်ခဲ့ပြီးနောက် သူမ မောင်လေးအရင်းဖြစ်သူကလည်း အဆိပ်ခတ်ခံနေရနိုင်ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။
မောင်လေးသုံး ကွယ်လွန်သွားမှသာ ကိုယ်လုပ်တော်ပိုင်၏ သားအရင်း ကုကျင့်ဝမ်က မှူးမတ်အိမ်တော်၏ အမွေဆက်ခံသူ ဖြစ်လာနိုင်မည်ဖြစ်သည်။
အထက်သို့ တက်လှမ်းနိုင်ရန်အတွက် ကိုယ်လုပ်တော်ပိုင်က မည်သည့်ယုတ်မာသော နည်းလမ်းမျိုးကိုမဆို အသုံးပြုရဲသည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် အမျိုးသမီးကျိုးက ကုရွေ့ဝမ်ကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
အသက်တစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေးသည် မားမားမတ်မတ်ရှိသော ကိုယ်ဟန်အနေအထားနှင့်အတူ နူးညံ့သိမ်မွေ့ပြီး ပညာရှိဆန်သော အသွင်အပြင် ရှိနေသည်။
သူက မြင်သူတိုင်းကို မြင်မြင်ချင်းပင် အလိုအလျောက် သဘောကျနှစ်သက်စေမည့် ကလေးမျိုး ဖြစ်သည်။
သူ တွေ့ရခဲသော ဒုတိယအစ်မကို အံ့သြတကြီး ကြည့်လိုက်ပြီးနောက် မိခင်ဖြစ်သူကို ရိုသေလေးစားစွာ နှုတ်ဆက်ဂါရဝပြုလိုက်၏။
ထို့နောက် ကုဟွားဘက်သို့ လှည့်ကာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။
“ဒုတိယအစ်မ...”
ကုဟွားက ထိန်းမနိုင်သိမ်းမရ မျက်ရည်များ ဝဲတက်လာရသဖြင့် အလျင်အမြန်ပင် သုတ်ဖယ်လိုက်ရင်း ရှန်လီကို လှမ်းကြည့်လိုက်၏။
“မိန်းကလေးရှန်... ကျေးဇူးပြုပြီးတော့...”
ရှန်လီက အကြောစမ်းခေါင်းအုံးလေးကို ထုတ်ယူလိုက်သည်။
သခင်မကြီးဝမ်က ယခု၌ ရှန်လီကို အပြည့်အဝ ယုံကြည်ကိုးစားနေပြီ ဖြစ်၍ ဇဝေဇဝါ ဖြစ်နေသော သူမ၏သားဖြစ်သူကို ဆွဲခေါ်လိုက်၏။
“သားလိမ္မာလေး... မင်းရဲ့လက်ကို ဒီပေါ်တင်လိုက်... အစ်မရှန်ကို မင်းရဲ့ သွေးကြော စမ်းသပ်ခိုင်းလိုက်ဦး...”
ကုရွေ့ဝမ်က နာခံစွာဖြင့် သူ၏လက်ကောက်ဝတ်ကို ၎င်းပေါ်သို့ တင်လိုက်သည်။
ရှန်လီက အလျင်အမြန်ပင် ကောက်ချက်ချလိုက်၏။
“သခင်မကြီးနဲ့ အတူတူပါပဲ... အပ်နဲ့ စမ်းသပ်ဖို့တောင် မလိုတော့ပါဘူး... အဆိပ်ပမာဏက အတူတူလောက်ပဲဆိုပေမဲ့ သခင်လေးက အသက်ငယ်သေးတော့ အဆိပ်သင့်မှုက ပိုပြီး ပြင်းထန်နေပါတယ်...”
သခင်မကြီးဝမ်၏ ရင်ထဲ၌ အေးစက်သွားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားရပြီး သတိလစ်မေ့မြောလုနီးပါး ဖြစ်သွားရသည်။
“အတူတူပဲ ဟုတ်လား... အမေလည်း အဆိပ်မိနေတာလား... ကျွန်တော်တို့ကို ဘယ်သူက အဆိပ်ခတ်တာလဲ...”
ထိုလူငယ်လေး၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားရသည်။ သူ အပြင်ပန်းတွင် တည်ငြိမ်အောင် ဇွတ်အတင်း ကြိုးစားနေသော်လည်း သခင်မကြီးဝမ်၏လက်ကို ဆွဲကိုင်ထားသော လက်ကလေးများ အနည်းငယ် တုန်ယင်နေခြင်းက သူ၏ စိုးရိမ်ထိတ်လန့်မှုများကို ဖော်ပြနေခဲ့သည်။
ကုဟွား၏ နှလုံးက လည်ချောင်းဝအထိ ဆို့တက်လာသကဲ့သို့ ခံစားလိုက်ရ၏။
“မိန်းကလေးရှန်... ဒီဆေးက သားအမိ နှစ်ဦးလုံးအတွက် လုံလောက်ရဲ့လား...”
“နှစ်ယောက်လုံးအတွက် နှစ်ရက်စာတော့ လုံလောက်ပါတယ်...”
သခင်မကြီးဝမ်၏ မျက်နှာတွင် သွေးရောင် လုံးဝ မရှိတော့ချေ။
ရှန်လီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
“ဒါက ဘာအဆိပ်လဲဆိုတာကို ကျွန်မ သေသေချာချာ စစ်ဆေးအတည်ပြုပြီး ကွက်တိဖြစ်စေမဲ့ အဆိပ်ဖြေဆေးကို ဖော်စပ်ဖို့ လိုအပ်ပါတယ်... နှစ်ရက်ဆိုရင် လုံလောက်တာမို့ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး...”
ကုဟွားက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။
“အမေ... လောလောဆယ်တော့ ဒီအကြောင်းကို တခြားဘယ်သူ့ကိုမှ သိခွင့်ပေးလို့ မဖြစ်ပါဘူး... အဖေအပါအဝင်ပေါ့...”
သခင်မကြီးဝမ်က မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလျက် ခေါင်းညိတ်လိုက်သည်။
“ငါ သိပါတယ်...”
သူမ ခင်ပွန်းက ကိုယ်လုပ်တော်ပိုင်အပေါ် ဘက်လိုက်တတ်ခြင်းမှာ တစ်နှစ်နှစ်နှစ်မျှသာ ရှိသေးသည့် ကိစ္စမဟုတ်ပေ။ အထူးသဖြင့် လွန်ခဲ့သော တစ်နှစ်အတွင်း မှူးမတ်အိမ်တော်၏ အသုံးစရိတ်မှာ ဝင်ငွေထက် ပိုမိုများပြားနေသဖြင့် ပိုင်မိသားစု၏ ငွေကြေးထောက်ပံ့မှုကို လိုအပ်နေချိန်တွင် သူမ၏ ခင်ပွန်းက ကိုယ်လုပ်တော်ပိုင်ကို ပိုမို၍ပင် အလိုလိုက် အကြိုက်ဆောင်ထားခဲ့သည်။
ခိုင်လုံသော သက်သေအထောက်အထား မရှိဘဲနှင့် သူမ ခင်ပွန်းက လုံးဝ ယုံကြည်မည် မဟုတ်ချေ။ ထိုအစား ရန်သူကိုသာ လူသိရှင်ကြား သတိပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
သို့မဟုတ်ရင်လည်း...
သူမ၏ ခင်ပွန်းက အမှန်တရားကို သိရှိသွားလျှင်ပင် ကိုယ်လုပ်တော်ပိုင်အပေါ် မည်သည့်အရာမျှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အဆုံး၌ သူမတို့၏ အသက်အန္တရာယ်ထက် ငွေကြေးနှင့် မှူးမတ်အိမ်တော်၏ အနာဂတ်က ပိုမိုအရေးကြီးနေလိမ့်သည်။
မည်သူမျှ အစားစားချင်စိတ် မရှိကြချေ။ အရသာကိုပင် မသိရှိဘဲ နေ့လယ်စာကို ပြီးစလွယ် စားသောက်ပြီးနောက် အမျိုးသမီးကျိုးက အစေခံမလေးများကို စေခိုင်းကာ ကုဟွားနှင့် အခြားသူများကို ဧည့်သည်ခြံဝင်းသို့ ခေါ်ဆောင်၍ အနားယူစေသည်။
ကုဟွားက ခဏမျှ စဉ်းစားလိုက်ပြီးနောက် သခင်မကြီးဝမ်ကို အရိုအသေပေးလိုက်၏။
“အမေ... မောင်လေးကျင်းရဲ့ ကျန်းမာရေးကလည်း မကြာခဏ ချို့တဲ့တတ်ပါတယ်... သမီးက မောင်လေးကျင်းကိုလည်း တစ်ချက်လောက် စစ်ဆေးကြည့်ချင်ပါတယ်... ဒါပေမဲ့ သမီးက ကိုယ်လုပ်တော်ပိုင်ကို ဒီအကြောင်း သိမသွားစေချင်ပါဘူး... အမေ့အနေနဲ့ သမီးကို ဒီကိစ္စလေး ကူညီပေးပါဦးနော်...”
အခန်း(၅၄)
သခင်မကြီးဝမ်၏ မျက်နှာက သွေးဆုတ်ဖြူလျော်သွားရပြန်သည်။
အကယ်၍ မှူးမတ်အိမ်တော်၏ သခင်လေးနှစ်ဦးလုံး၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့မည်ဆိုလျှင် သူမအနေဖြင့်လည်း တရားဝင်ဇနီးအဖြစ် ဆက်လက်ရပ်တည်နေစရာ အကြောင်းမရှိတော့ချေ။
သူမက အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်၏။
“ကောင်းပြီ... ကျင်းဝမ် ကျောင်းဆင်းတာနဲ့ သူ့ကို ဧည့်သည်ခြံဝင်းဆီကို တိုက်ရိုက်ခေါ်လာဖို့ တစ်စုံတစ်ယောက်ကို လွှတ်ပြီး ကြိုခိုင်းလိုက်ပါ့မယ်...”
“အမေ့ကို ကျေးဇူးတင်ပါတယ်...”
ကုဟွားက ရင်ထဲ၌ မချိတင်ကဲဖြစ်လျက် နှုတ်ဆက်ရန် အရိုအသေပြုလိုက်သော်လည်း အပြင်ပန်းတွင်မူ စိတ်ခံစားချက်များကို အလွန်အမင်း မပြသရဲခဲ့ချေ။
ဧည့်သည်ခြံဝင်းအတွင်းသို့ ကုဟွား ခြေလှမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်လုပ်တော်ပိုင်က သန်မာထွားကြိုင်းသော အစေခံအိုကြီးများနှင့်အတူ ကြိုတင်စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူမက ကုဟွားကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး မျက်ဝန်းထဲအထိ မရောက်သော ဟန်ဆောင်အပြုံးတစ်ခုသို့ ချက်ချင်း ပြောင်းလဲလိုက်၏။
“မင်းတို့ အဲဒီမိန်းကလေးသုံးယောက်ကို အနားယူဖို့ သူတို့အခန်းတွေဆီ ခေါ်သွားပေးလိုက်ကြ... ငါ ဟွားအာနဲ့ တိတ်တဆိတ် စကားပြောစရာ ရှိလို့...”
ကျိုးကျစ်လန်က အလွန်ပင် ထက်မြက်လှသည်။
ဤကဲ့သို့သော အခြေအနေကို မြင်တွေ့လိုက်ရလျှင် သူမက ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွား၏။
သူမက ကုဟွား၏ ဘေးနားတွင် မတ်တတ်ရပ်လိုက်၏။
“ကျွန်မတို့က ဒုတိယမမလေးနောက်ကို လိုက်ဖို့ အမိန့်ရထားတာပါ... ဒုတိယမမလေး ရှိတဲ့နေရာက ကျွန်မတို့ ရှိမဲ့နေရာပါပဲ...”
ကိုယ်လုပ်တော်ပိုင် နှာခေါင်းရှုံ့လျက် ခပ်အေးအေး ပြောလိုက်သည်။
“သူ့ကို ငါကိုယ်တိုင် မွေးထားတာ... သူ့အတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့် ငါ့မှာ ရှိသေးတယ်...”
သူမက သန်မာထွားကြိုင်းသော အစေခံအိုကြီးများကို အကြည့်တစ်ချက် ပေးလိုက်ပြီး သူမတို့အားလုံးက ကုဟွားကို ဖမ်းရန်အတွက် ရှေ့သို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။
ကုဟွား၏ မျက်နှာအမူအရာ ပြောင်းလဲသွားရပြီး နောက်သို့ အလျင်အမြန်ပင် ဆုတ်ခွာလိုက်၏။
‘ရွှတ် ‘ဟူသော အသံနှင့်အတူ ကျိုးကျစ်လန်က သူမ၏ ခါးမှ ဓားမြှောင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ပြေးဝင်လာသော အစေခံများထံသို့ တည့်တည့် ချိန်ရွယ်လိုက်သည်။
သူမက ခက်ထန်စွာ အော်ဟစ်လိုက်၏။
“ဘယ်သူကများ ရှေ့ကို တစ်လှမ်းတိုးလာရဲလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”
တုန့်ဟွားကလည်း ဘေးနားရှိ တံမြက်စည်းတစ်ချောင်းကို အလွယ်တကူပင် လှမ်းကိုင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ရှေ့တွင် ကန့်လန့်ဖြတ် ဆွဲကိုင်လိုက်သည်။
“ဒီအဒေါ်ကြီးက ရန်မဖြစ်ရတာတောင် တော်တော်ကြာခဲ့ပြီပဲ... လာခဲ့လိုက်ကြစမ်း...”
ရှန်လီက ငွေအပ်တစ်ဆုပ်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။
ထိုအစေခံအိုကြီးများသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မမြင်ခဲ့ဖူးကြသဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ ရပ်တန့်သွားကြသည်။
ကိုယ်လုပ်တော်ပိုင်က ငွေအပ်ကို ကိုင်ဆောင်ထားသော ရူးကြောင်ကြောင် မိန်းမပျိုအပြင် ကျန်ရှိသော မိန်းမပျိုနှစ်ဦးမှာလည်း တစ်ယောက်ထက်တစ်ယောက် ပိုမိုခက်ထန်နေကြလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
သူမက တုန်ယင်နေသော လက်ညှိုးဖြင့် ကုဟွားကို ငေါက်ငေါက်ထိုးလိုက်၏။
“ပုန်ကန်နေတာ... ပုန်ကန်နေတာ... နင့်ရဲ့ အတောင်ပံတွေက တကယ်ပဲ စုံနေပြီပေါ့ ဟုတ်လား... နင်က ကိုယ့်ကိုမွေးထားတဲ့ အမေရင်းကို နှိပ်စက်ဖို့အတွက် အပြင်လူတွေဘက်ကနေ လက်ဝါးချင်းရိုက်ပြီး အားပေးအားမြှောက် လုပ်နေတာလား...”
ကုဟွားက သူမနှင့်အတူ လုံးဝ လိုက်သွားမည်မဟုတ်ချေ။
ကိုယ်လုပ်တော်ပိုင်အနေဖြင့် မည်သို့ယုတ်မာသော အကြံအစည်များကို ကြံစည်နေသည်ကို မည်သူမျှ မသိနိုင်ပေ။
သူမ တည်ငြိမ်စွာ ပြောလိုက်၏။
“ကိုယ်လုပ်တော်ပိုင်... အချိန်တွေက ပြောင်းလဲသွားခဲ့ပါပြီ... စကားတွေကို ဆင်ခြင်ပြီး တိတ်တဆိတ် နေထိုင်ဖို့ ကျွန်မ အကြံပြုချင်ပါတယ်...”
ကိုယ်လုပ်တော်ပိုင်က သူမကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီးနောက် အစေခံအိုကြီးများနှင့်အတူ ဒေါသတကြီး ခြေဆောင့်ကာ ထွက်ခွာသွားသည်။
ကုဟွား၏ ရင်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမက ကျိုးကျစ်လန်နှင့် တုန့်ဟွားတို့ကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းအစုံတွင် အားကျလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
“အစ်မတို့အားလုံးက သိုင်းပညာ တတ်ကြတာလား...”
ကျိုးကျစ်လန် သူမ၏ခါးတွင် ချိတ်ဆွဲထားသော သားရေအိတ်ထဲသို့ ဓားမြှောင်ကို ပြန်လည်ထည့်သွင်းလိုက်ရင်း ပြုံးပြလိုက်၏။
“ညီမလေး မေ့သွားတာလား... ယုံမြို့စားကြီးအိမ်တော်ဆိုတာ စစ်သူကြီးမျိုးနွယ်စုပဲလေ... အိမ်တော်ထဲက လူတိုင်းက သိုင်းပညာ အနည်းအကျဉ်းစီတော့ တတ်ကြတာပေါ့... မတိုက်ခိုက်ရတာ ကြာလို့ လက်တွေခြေတွေ နည်းနည်း တောင့်တင်းနေတာပဲ ရှိတာ...”
ကုဟွားက ကျိုးကျစ်လန်၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး အမာခံပရိသတ်မလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
“မမကျိုး... အချိန်ရရင် ညီမကို သိုင်းကွက်နည်းနည်းလောက် သင်ပေးပါဦးနော်...”
၎င်းတို့ကို လိုအပ်သည့်အချိန်တွင် ကိုယ်ခံပညာအဖြစ်တထုတ်သုံးနိုင်ပေမည်။
“ရတာပေါ့... ညီမလေးက မမကို စာရေးတာ သင်ပေးရင် မမက ညီမလေးကို ဓားသိုင်းသင်ပေးမယ်...”
“အင်း... အင်း... အင်း...”
ကုဟွား အလွန်အမင်း ဝမ်းမြောက်သွားရသည်။
သူတို့ ဧည့်သည်ခြံဝင်းအတွင်း၌ ညစာစားသောက်ပြီးနောက် သခင်မကြီးဝမ်၏ အစေခံမလေးက ကျောင်းဆင်းခါစ ဖြစ်သော ကုကျင်းဝမ်ကို ခေါ်ဆောင်၍ ရောက်ရှိလာခဲ့၏။
ကုကျင်းဝမ်က ကုရွေ့ဝမ်ထက် တစ်နှစ်မျှသာ ငယ်သော်လည်း အရပ်က ခေါင်းတစ်ဝက်ခန့် ပို၍ပုနေသည်။
သူက ပိန်လှီသေးငယ်လှသဖြင့် ကြည့်ရသည်မှာ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်သာ တူညီနေသည်။
သူက ကုဟွားကို မြင်လိုက်သည်နှင့် ပုံမှန်အတိုင်းပင် အနားသို့ ပြေးဝင်လာချင်သော်လည်း စိမ်းသက်နေသော မျက်ဝန်း သုံးစုံက သူ့ကို တစ်ပြိုင်နက်တည်း စိုက်ကြည့်နေသည်ကို ရုတ်တရက် သတိထားမိသွား၏။
သူက စိုးရိမ်ထိတ်လန့်သွားသဖြင့် ခြေလှမ်းများ ရပ်တန့်သွားကာ မျက်ဝန်းအစုံက နီမြန်းလာရပြီး တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“ဒုတိယအစ်မ... အစ်မ ပြန်လာတာလား...”
ကုဟွား၏ နှလုံးသားထဲ၌ စူးခနဲ နာကျင်သွားရသည်။ သူမက ရှေ့သို့ လှမ်းလိုက်ပြီး သူ့ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
“ညစာ စားပြီးပြီလား...”
သူက ခေါင်းငြိမ့်ပြလိုက်သည်။
“စားပြီးပါပြီ...”
ကုဟွားက ညင်သာစွာ ပြောလိုက်၏။
“အစ်မရှန်ကို မင်းရဲ့သွေးကြော စမ်းသပ်ခွင့် ပြုလိုက်ဦးနော်...”
ကုကျင်းဝမ်က ရှန်လီကို တည့်တည့်ပင် မကြည့်ရဲချေ။ သူက အကြောစမ်းခေါင်းအုံးလေးပေါ်သို့ သူ၏လက်ကို နာခံစွာ တင်လိုက်သည်။
ရှန်လီက သူ၏လက်ကောက်ဝတ်ပေါ်ရှိ အမာရွတ်များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
“ဒါက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ...”
ကုဟွား၏ ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားရပြီး ပြောပြရန် ခက်ခဲနေမိသည်။
ကုကျင်းဝမ်၏ မျက်နှာလေးက နီမြန်းသွားပြီး သူ၏လက်ကို နောက်သို့ ပြန်ဆွဲယူရန် ကြိုးစားလိုက်သော်လည်း ရှန်လီက သူ၏သွေးကြောကို ဖိချထားလိုက်၏။
“ဘာလို့ ပြန်ဆွဲနေတာလဲ... ငြိမ်ငြိမ်နေစမ်း...”
အတန်ကြာပြီးနောက် သူမက ထပ်မံအမိန့်ပေးလိုက်ပြန်သည်။
“နောက်လက်တစ်ဖက် ပြောင်းပေးဦး...”
လက်နှစ်ဖက်လုံးကို စစ်ဆေးပြီးနောက် သူမက တည်ငြိမ်စွာ ပြောလိုက်၏။
“ကြီးကြီးမားမား ပြဿနာမဟုတ်ဘူးဆိုပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ကျန်းမာလာအောင် ပြန်လည်ပြုစုပေးဖို့အတွက်တော့ အားစိုက်ထုတ်ရလိမ့်မယ်...”
ကုကျင်းဝမ်က ဖြစ်ပျက်နေသည်များကို သေချာမသိရှိသဖြင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေမိသည်။
ရှန်လီက မျက်မှောင်ကြုတ်လျက် ဤကြောက်တတ်သော ကောင်ငယ်လေးကို စိုက်ကြည့်လိုက်၏။
“ကောင်လေး... မင်း နေ့တိုင်း ခြေလှမ်းငါးထောင် ပြေးရမယ်... မဟုတ်ရင် မင်း အရမ်း အသက်တိုလိမ့်မယ်...”
“ခြေလှမ်းငါးထောင်တောင်လား...”
ကုကျင်းဝမ်က ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားရသည်။
“သူက ပြေးမိလိုက်တာနဲ့တင် အားနည်းလွန်းလို့ အသက်ကို ပြင်းပြင်းရှူရတာ... ပြီးတော့ ပုံမှန်လည်း ကိုယ်လက်လှုပ်ရှားမှုက မရှိသလောက်ပဲ...”
ကုဟွားက အလျင်အမြန် ဝင်ရောက်ရှင်းပြလိုက်၏။
“အဲဒါကြောင့်မို့လို့ ပိုပြီးတော့တောင် ပြေးရမှာပေါ့... အရင်ဆုံး ဖြည်းဖြည်းချင်း အရှိန်ယူပြီးပြေး... ခံနိုင်ရည်ရှိသွားပြီဆိုမှ အရှိန်မြှင့်ပြီး ပြေးရမယ်... ဒီလောက်အထိ အရပ်ပုပြီး ကြီးပြင်းလာရင် အနာဂတ်မှာ မိန်းမရမှာတောင် မဟုတ်ဘူးနော်...”
ကုကျင်းဝမ်၏ မျက်နှာလေး တစ်ခုလုံး နီရဲသွားသည်ကို မြင်လိုက်ရလျှင် ကုဟွားမပြုံးဘဲ မနေနိုင်တော့ချေ။
သူမ ညင်သာစွာ ပြောလိုက်၏။
“မောင်လေးအတွက် အစ်မက အရသာရှိတဲ့ မုန့်တွေ ယူလာပေးတယ်... အစ်မတုန့်ဟွားနောက်ကို လိုက်ပြီး သွားစားလိုက်ဦးနော်...”
ကုကျင်းဝမ်က တုန့်ဟွား၏ နောက်မှ နာခံစွာ လိုက်ပါသွားပြီး ခြေလှမ်းတိုင်း၌ သူ၏ ဒုတိယအစ်မကို လှည့်ကြည့် လှည့်ကြည့် ပြုလုပ်နေသည်။
ကုဟွား ပြန်လှည့်ကြည့်ချင်စိတ်ကို မနည်းအောင့်အည်းထားလိုက်ရ၏။
သူမက တံခါးဝတွင် ရပ်နေသော အသက်ကြီးကြီး အစေခံအမျိုးသမီးတစ်ဦးကို လှမ်းပြောလိုက်သည်။
“အထိန်းတော်တု... အထဲဝင်ခဲ့ပါဦး... ကျွန်မ မေးစရာ မေးခွန်းနည်းနည်း ရှိလို့ပါ...”
အထိိန်းတော်တုက ကုကျင်းဝမ်၏ နို့ထိန်းအစေခံဖြစ်ပြီး သူမွေးဖွားစဥ်တည်းက ပြုစုစောင့်ရှောက်လာခဲ့သူ ဖြစ်သည်။
သူမက ရိုသေစွာ ဦးညွှတ်လိုက်၏။
“ဒီအစေခံက ဒုတိယမမလေးကို ဂါရဝပြုပါတယ်...”
ကုဟွားက ပြုံးလိုက်ပြီး သူမကို ပိုးဖဲအိတ်လေးတစ်အိတ် ကမ်းပေးလိုက်၏။
“မောင်လေးကို ဂရုစိုက်ပေးရတာ အထိန်းတော်ကြီး တကယ်ပဲ ပင်ပန်းသွားပါပြီ...”
အထိန်းတော်တုက အိတ်ကို လက်ထဲ၌ တိတ်တဆိတ် ချိန်တွယ်ကြည့်လိုက်ရာ အနည်းဆုံး ငွေတစ်တုံးခွဲခန့် ရှိပေလိမ့်မည်။ ၎င်းက သူမ၏ နှစ်တစ်ဝက်စာ လစာထက်ပင် သာလွန်နေသည်။
သူမ၏ မျက်နှာထက်တွင် ချက်ချင်းပင် ပန်းတစ်ပွင့်ကဲ့သို့ အပြုံးများ ပွင့်လန်းသွားရသည်။
“ဒုတိယသခင်လေးကို ပြုစုစောင့်ရှောက်ရတာက ဒီအစေခံရဲ့ တာဝန်ပါပဲ... ဒုတိယမမလေးရဲ့ ဆုလာဘ်နဲ့တော့ ဒီအစေခံက တကယ်ပဲ မထိုက်တန်ပါဘူး...”
ကုဟွားက သူမ၏ လေသံကို ပြောင်းလဲလိုက်၏။
“မောင်လေးရဲ့ ကျန်းမာရေးက အရမ်း အားနည်းနေတယ်... တကယ်လို့ သူ့မှာ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့မယ်ဆိုရင် အရင်ဆုံး အပြစ်ပေးခံရမှာက အထိန်းတော်တုပဲ ဖြစ်လိမ့်မယ်ထင်တယ်...အဲဒီလို မထင်ဘူးလား ...”
အထိန်းတော်တုက အလျင်အမြန် ခေါင်းညိတ်လိုက်၏။
“မှန်ပါတယ်... ဒုတိယ သခင်လေးက အစားလည်း နည်းပြီး အရပ်လည်း လုံးဝ ရှည်မလာဘူး ဖြစ်နေတာ...”
“ဟမ့်... မကောင်းတဲ့ ဆေးဝါးတွေကို အလွန်အမင်း သောက်သုံးခဲ့ရလို့ နေမှာပေါ့ ဟုတ်တယ်မလား...”
ရှန်လီက ကြားဖြတ်၍ ခပ်အေးအေး ဝင်ပြောလိုက်၏။
အထိန်းတော်တု၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားရသည်။
“ဒုတိယ သခင်လေးက မကြာခဏ ဖျားနာတတ်လို့ ဆေးကို နည်းနည်းလောက် ပိုပြီး သောက်ရတာပါ...”
“ဆေးကို ပိုသောက်ခဲ့ရတာ မဟုတ်ဘူး... ဆေးအမှားတွေကို ပိုပြီး သောက်သုံးခဲ့ရတာ...”
ရှန်လီက အမှန်ပြင်ပေးလိုက်၏။
အထိန်းတော်တု၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားရသည်။