အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း(၅၅)
ကုဟွား ခပ်ဖွဖွ ပြုံးလိုက်သည်။
“အထိန်းတော်တု... ကျွန်မတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်...တကယ်လို့ မောင်လေးကျင်းသာ ရှင့်ရဲ့လက်ထဲမှာ တစ်ခုခုဖြစ်သွားရင် ရှင့်အသက်ကိုတောင် ဆက်ပြီးထိန်းထားနိုင်မှာ မဟုတ်ဘူးနော်”
အထိန်းတော်တု ကြောက်ရွံ့ထိတ်လန့်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရသည်။
“ဒုတိယမမလေး... မမလေးလည်း သိတာပဲ... ဒါတွေအကုန်လုံးက ကိုယ်လုပ်တော်ပိုင် လုပ်ခဲ့တာလေ... ဒီအစေခံက ဘယ်လိုလုပ်ပြီး တားဆီးရဲပါ့မလဲ...”
ကုဟွား၏ မျက်နှာထက်မှ အပြုံးများ ရုတ်ချည်း ပျောက်ကွယ်သွားပြီး တည်ငြိမ်လေးနက်စွာ ပြောလိုက်၏။
“မောင်လေးကျင်းကို မကောင်းတဲ့ ဆေးတွေ တိုက်တာ... သူ့ရဲ့ လက်ကောက်ဝတ် ကျိုးသွားတာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ လက်တွေပေါ်က အမာရွတ်တွေ အကုန်လုံးက ရှင့်ရဲ့ စောင့်ရှောက်မှု ညံ့ဖျင်းတဲ့ သက်သေတွေပဲ... တစ်ခုခု ဖြစ်ပျက်သွားတာနဲ့ ကိုယ်လုပ်တော်ပိုင်က ရှင့်အပေါ်ပဲ အပြစ်ပုံချမှာ သေချာတယ်... အဲဒီအချိန်ကျရင် မှူးမတ်အိမ်တော်က ဂရုမစိုက်ရင်တောင် ကျွန်မကတော့ ရှင့်ကို လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး... ကျွန်မက ရှင့်ကို ရုံးတော်ဆီ တိုင်ကြားပြီး သခင်ကို နှိပ်စက်ညှင်းပန်းတဲ့ ပြစ်မှုနဲ့ အပြစ်ပေးခံရအောင် လုပ်ပစ်မှာ”
အထိန်းတော်တုက အလွန်အမင်း ထိတ်လန့်သွားရသဖြင့် ‘ဘုန်း’ ဟူသော အသံနှင့်အတူ ဒူးထောက်ကျသွားသည်။
“ဒုတိယမမလေး... ကျေးဇူးပြုပြီး ဒီအစေခံရဲ့ အသက်ကို ချမ်းသာပေးပါ...”
“ကျွန်မ ရှင့်ကို ခွင့်လွှတ်မလား... ခွင့်မလွှတ်ဘူးလားဆိုတာက ရှင်အနာဂတ်မှာ ဘာတွေ ဆက်လုပ်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်”
“ဒီအစေခံက ဒုတိယမမလေးရဲ့ စကားကို သေချာပေါက် နာခံပြီး သခင်လေးကျင်းကို အကောင်းဆုံး ပြုစုစောင့်ရှောက်ပါ့မယ်”
အထိန်းတော်တုက ကြမ်းပြင်ပေါ်သို့ ခေါင်းကို ပြင်းထန်စွာ ဆောင့်ချလျက် ဦးတိုက်လိုက်သည်။
ကုဟွားက သူမကို တွဲထူလိုက်ပြီး လေသံကို ပြန်လည်နူးညံ့လိုက်၏။
“ထပါ... အထိန်းတော်အနေနဲ့ မောင်လေးကျင်းကို စိတ်ပါလက်ပါ ပြုစုစောင့်ရှောက်သရွေ့... တကယ်လို့ ကိုယ်လုပ်တော်ပိုင်က မောင်လေးကျင်းကို ထပ်ပြီး နှိပ်စက်မယ်ဆိုရင် ရှင်က အမေနဲ့အဖေ့ကို သတင်းပို့လို့ ရတယ်... မောင်လေးကျင်း ကျန်းကျန်းမာမာ ရှိနေသရွေ့ အနာဂတ်မှာ ရှင့်အတွက် လစဉ်သုံးစွဲငွေကို ကျွန်မဘက်ကနေ အခုပေးတာနဲ့ တစ်ပုံစံတည်း ဆက်ပေးသွားမှာပါ”
အထိန်းတော်တု၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားရ၏။
“ဒီအစေခံက ဒုတိယမမလေးရဲ့ အမိန့်ကို သေချာပေါက် နာခံပါ့မယ်”
သူမ အခန်းထဲသို့ ဝင်လာတည်းက ဒုတိယမမလေးသည် တစ်နည်းနည်းဖြင့် ချမ်းသာကြွယ်ဝလာပုံရသည်ကို သတိထားမိပြီး ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူမ မသိရှိသော်လည်း မမလေး၏ ဝတ်စားဆင်ယင်မှုနှင့် အတူလိုက်ပါလာသော လူများ၏ ခန့်ညားထည်ဝါသော အမူအရာများကို ကြည့်ခြင်းအားဖြင့် သာမန်အခြေအနေမျိုး မဟုတ်မှန်း သူမ ကောင်းစွာ ရိပ်မိသည်။
ကုဟွား စကားလမ်းကြောင်းကို ပြောင်းလဲလိုက်၏။
“အထိန်းတော်တု...ရှင်က အစတုန်းက ပိုင်အိမ်တော်ကနေ ပါလာတဲ့ အိမ်ပါ အစေခံတစ်ဦးဖြစ်သလို ကျွန်မမွေးမိခင်ရဲ့ ဘေးနားမှာ အမြဲတမ်း ခစားခဲ့ရတာပဲ... ကျွန်မကို မွေးဖွားပေးခဲ့တဲ့ ဝမ်းဆွဲလက်သည်က ဘယ်သူလဲဆိုတာကို ရှင်သေချာပေါက် သိတယ်မလား”
“ဒီအစေခံက သေချာပေါက်...”
အထိန်းတော်တုက ရုတ်တရက် စကားစကို ဖြတ်တောက်လိုက်ပြီး မျက်ဝန်းထဲ၌ ထိတ်လန့်မှုများ ဖြတ်ပြေးသွားရ၏။
သူမ၏ မျက်လုံးများက ဝေ့ဝဲသွားရပြီး ချက်ချင်းပင် စကားကို ပြောင်းလဲလိုက်သည်။
“ဒုတိယမမလေး မွေးဖွားတဲ့နှစ်မှာ ဒီအစေခံက တိုက်တိုက်ဆိုင်ဆိုင် အိမ်ထောင်ကျသွားခဲ့တာမို့လို့ ကိုယ်လုပ်တော်ပိုင်ရဲ့ ဘေးနားမှာ ခစားမနေခဲ့ရပါဘူး”
ကုဟွားကသူမ၏ မျက်နှာအမူအရာ အားလုံးကို အကဲခတ်မိလိုက်သည်။
အထိန်းတော်ကုက တစ်စုံတစ်ခုကို သေချာပေါက် သိရှိထားသည်။ သို့သော် ယခုလက်ရှိတွင် အထိန်းတော်တုကို အမှန်တရား ဖွင့်ဟလာအောင် ပြုလုပ်နိုင်မည့် နည်းလမ်း သူမတွင် မရှိသေးချေ။
ကုဟွားက စကားလမ်းကြောင်းကို ထပ်ပြောင်းလိုက်၏။
“ကျွန်မ မောင်လေးကျင်းအတွက် မုန့်တချို့နဲ့ ခန္ဓာကိုယ်အတွက် အားဖြည့်ဆေးတချို့ ယူလာပေးတယ်... ပြန်ရင် သူ့အတွက် ယူသွားပေးလိုက်ပါ”
“ကောင်းပါပြီ... ဒါဆိုရင် ဒီအစေခံက သခင်လေးကို အရှေ့ခြံဝင်းဆီ ပြန်ခေါ်သွားပါတော့မယ်”
“သွားတော့”
အထိန်းတော်တု အထုပ်အပိုး ကြီးငယ်များကို သယ်ဆောင်လျက် ကုကျင်းဝမ်ကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်။
ကုဟွားက သူမမောင်လေး၏ တွန့်ဆုတ်နေသော မျက်ဝန်းလေးများကို ကြည့်ပြီး ရင်ထဲ၌ အပ်ဖြင့် ထိုးဆွခံလိုက်ရသကဲ့သို့ နာကျင်သွားရကာ သူမ မျက်နှာထက်မှ အပြုံးများကလည်း ဖြည်းဖြည်းချင်း မှေးမှိန်သွားရသည်။
ကျိုးကျစ်လန် သူမ၏အနားသို့ ချဉ်းကပ်လာပြီး တိုးညှင်းစွာ မေးမြန်းလိုက်၏။
“ဝမ်းဆွဲလက်သည်က ညီမလေးရဲ့ ကျန်းမာရေး ချို့တဲ့သွားအောင် တစ်ခုခု လုပ်ခဲ့လို့လား”
ကုဟွားက သူမ၏ အဆင့်အတန်း လုယူခံရမှု အဖြစ်မှန်ကို တိုက်ရိုက်မပြောရဲသေးသဖြင့် ဝေဝါးစွာသာ ပြန်လည်ဖြေကြားလိုက်၏။
“ဟုတ်ပါတယ်... ညီမ ငယ်ငယ်တုန်းက ကျန်းမာရေး သိပ်မကောင်းခဲ့ဘူး... ဒါပေမဲ့ အခုတော့ အများကြီး ပိုပြီး ကောင်းမွန်လာပါပြီ”
ကျိုးကျစ်လန်က မျက်မှောင်ကြုတ်လိုက်၏။
“ညီမလေးတို့ မိသားစုထဲက လူတိုင်းက ဘာလို့ ဒီလိုမျိုး ဖြစ်နေကြတာလဲ”
ကုဟွားက စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ ယခုအခြေအနေအရ ကြည့်မည်ဆိုလျှင် လောလောဆယ်တွင် မည်သည့်အရာကိုမျှ စုံစမ်း၍ ရနိုင်ဦးမည် မဟုတ်ချေ။
…
“မင်းပြောတာ... သမက်တော်က ကျောက်ချွန်းဥယျာဉ်ဆီကို မသွားခဲ့ဘူး ဟုတ်လား”
ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက အလွန်အမင်း ဆိုးရွားလျက် ရှိသည်။
“ဟုတ်ပါတယ်... သခင်မလေး ကြိုတင်မှာယူထားတဲ့ အခန်းက အလွတ်ကြီး ဖြစ်နေတာ... ကျောက်ချွန်းဥယျာဉ်က လူတွေပြောတာတော့ သမက်တော်ကို လုံးဝ မမြင်မိဘူးလို့ ပြောပါတယ်”
ပြန်လည်ဖြေကြားသူက ကိုယ်လုပ်တော်ပိုင်၏ အယုံကြည်ရဆုံး အစေခံဖြစ်သူ အမျိုးသမီးလု ဖြစ်သည်။
ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက မည်းမှောင်သွားရသည်။
“ဒါ သေချာပေါက် အဲဒီအပျက်မ လှည့်ကွက်ဆင်လိုက်တာပဲ ဖြစ်ရမယ်”
သူမအနေဖြင့် ထိုအပျက်မကို ရုအာ ခေါင်းပေါ်သို့ တက်နင်းခွင့် လုံးဝမပြုနိုင်ချေ။
အမျိုးသမီးလုကလည်း စိုးရိမ်တကြီး ဖြစ်နေရသည်။
“အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ... သမက်တော်က သခင်မလေးကို အပြစ်တင်တော့မှာလား”
ကိုယ်လုပ်တော်ပိုင်က မျက်စိပျက် မျက်နှာပျက်ဖြင့် အခန်းထဲ၌ ဟိုဟိုဒီဒီ လမ်းလျှောက်နေ၏။
“အစီအစဉ် ပြောင်းလဲသွားရင် ရုအာက ဘာလို့ သတင်းပို့ဖို့ လူမလွှတ်ရတာလဲ... ယုံမြို့စားအိမ်တော်မှာ တစ်ခုခု ဖြစ်သွားခဲ့လို့လား”
အမျိုးသမီးလုလည်း မတတ်သာတော့ဘဲ စိတ်ပျက်အားငယ်နေရသည်။
ထိုစဉ် ကိုယ်လုပ်တော်ပိုင်က ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်ပြီး ရင်ထဲ၌ ယုတ်မာကောက်ကျစ်သော အကြံအစည်တစ်ခု ဖြစ်ပေါ်လာသည်။
သူမက အမျိုးသမီးလုကို ဆွဲခေါ်လိုက်ပြီး နားရွက်နားသို့ တိုးညှင်းစွာ ကပ်ပြောလိုက်၏။
“နင် သွားပြီးတော့...”
အမျိုးသမီးလုက နားထောင်နေရင်း မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားရကာ အသံကိုနှိမ့်၍ ပြောလိုက်သည်။
“ကိုယ်လုပ်တော်... တကယ်လို့ ဒါကို ဖမ်းမိသွားရင် အမတ်မင်းနဲ့ သခင်မကြီးတို့ကို ရှင်းပြဖို့ ခက်ခဲလိမ့်မယ်နော်”
ကိုယ်လုပ်တော်ပိုင်က မထီမဲ့မြင်ဖြင့် ပြောလိုက်၏။
“အဲဒီမိန်းမပျက်သာ သူ့အပျိုစင်ဘဝ ဆုံးရှုံးသွားရင် ဘာအသံမှ ထွက်ရဲတော့မှာ မဟုတ်ဘူး”
အမျိုးသမီးလုက တုံ့ဆိုင်းနေဆဲဖြစ်သည်။
“ဒါပေမဲ့... သူ့နောက်ကို လိုက်လာတဲ့ အစေခံမ သုံးယောက်က အရမ်းရက်စက်ကြပါတယ်”
သူမတို့အားလုံးက ယုံမြို့စားအိမ်တော်မှ လူများဖြစ်ကြပြီး တစ်ယောက်ဆိုလျှင် အိမ်တော်ထိန်းချုပ်ကြီးကျိုး၏ ညီမအရင်း ဖြစ်နေသေးသည်။
“သူတို့က အခန်းခွဲပြီး အိပ်ကြတာ မဟုတ်ဘူးလား... ကုဟွားရဲ့ အခန်းထဲကို တစ်ခုခု မှုတ်သွင်းလိုက်ရင် ဘယ်သူမှ မသိဘဲ ကိစ္စပြတ်သွားမှာပဲ... အချိန်ဆွဲမနေနဲ့တော့...မြန်မြန်သွားစမ်း”
အမျိုးသမီးလုက အံကြိတ်လိုက်၏။
“ကောင်းပါပြီ... ဒီအစေခံ အခုချက်ချင်း သွားလိုက်ပါ့မယ်”
ညဉ့်နက်သန်းခေါင်အချိန်တွင် ဧည့်သည်ခြံဝင်းအတွင်းရှိ လူတိုင်းက အိပ်မောကျနေကြပြီ ဖြစ်သည်။
ရုတ်တရက် ခြံဝင်းတံခါးက ညင်သာစွာ ပွင့်ဟသွားပြီး အရိပ်မည်းတစ်ခုက တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်လာကာ အဓိကအခန်းဆီသို့ ကျွမ်းကျင်စွာဖြင့် လမ်းစရှာဖွေလာခဲ့၏။
ထိုအရိပ်မည်းက သူ့နားကို ပြတင်းပေါက်တွင် ကပ်လျက် နားစွင့်လိုက်သည်။ အတွင်း၌ မည်သည့်လှုပ်ရှားမှုမျှ မရှိကြောင်း သေချာသွားမှသာ ဝါးလုံးပြွန်အပါးလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ပြတင်းပေါက်စက္ကူကို တံတွေးဖြင့် အပေါက်တစ်ပေါက် ဖောက်ကာ ဝါးပြွန်ကို ထိုးသွင်းလျက် အတွင်းသို့ မေ့ဆေးများ မှုတ်သွင်းလိုက်သည်။
အရိပ်မည်းက နံရံဘေးတွင် ရေနွေးတစ်ခွက်စာ သောက်ရန် ကြာသည့်အချိန်ခန့် ဝပ်နေပြီးနောက် ပြတင်းပေါက်ကို ညင်သာစွာ ဖွင့်လှစ်ကာ ခြေဖွဖွဖြင့် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့၏။
အခန်းတွင်း၌ အမှောင်အတိ ကျနေခဲ့သည်။ အရိပ်မည်းက ကုတင်ရှိရာဆီသို့ သေသေချာချာ စမ်းတဝါးဝါး လျှောက်လှမ်းသွားလိုက်သည်။
“အားးး...”
နာကျင်စူးရှသော အော်ဟစ်သံတစ်ခုက ညဉ့်ကောင်းကင်ယံကို ဖောက်ထွင်းသွားရသည်။
အခန်းတွင်း၌ ချက်ချင်းပင် မီးများ ထိန်လင်းသွားခဲ့၏။
တုန့်ဟွားက လက်ထဲ၌ သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။
မြေပြင်ပေါ်၌ ခေါင်းမှ သွေးများ စီးကျလျက် သူ၏ခေါင်းကို အုပ်ထားသော လူတစ်ယောက် ရှိနေပြီး အခန်းတွင်းရှိ မိန်းကလေး လေးယောက်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် မော့ကြည့်နေခဲ့သည်။
ကုဟွားက ဖယောင်းတိုင်ကို ကိုင်ဆောင်လျက် တံခါးဝတွင် မတ်တတ်ရပ်ကာ သူ့ကို ခပ်အေးအေး စိုက်ကြည့်နေ၏။
ဤလူက ကိုယ်လုပ်တော်ပိုင်၏ ရထားလုံးမောင်းသမား လောင်လျို ဖြစ်ပြီး သူက ရုပ်ဆိုးဆိုးနှင့် မုဆိုးဖိုတစ်ဦး ဖြစ်သည်။
ရှန်လီက ကုလားထိုင်ပေါ်တွင် ထိုင်လျက် လက်ထဲ၌ မီးခိုးတလူလူ ထွက်နေသော အမွှေးတိုင်လေးကို ကစားနေ၏။
ကျိုးကျစ်လန်၏ မျက်နှာထက်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သူမက ဓားမြှောင်ကို ဆွဲထုတ်ကာ ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်သော်လည်း ကုဟွားက သူမကို လှမ်းတားလိုက်၏။
“တစ်ယောက်ယောက် လာကြစမ်း”
တံခါးပြင်ပမှ နိုးနိုးကြားကြား ရှိနေသော အစေခံမလေးနှစ်ဦးက အလျင်အမြန် ပြေးဝင်လာကြပြီး မြင်တွေ့လိုက်ရသော အခြေအနေကြောင့် လန့်ဖျတ်သွားကြသည်။
“အဖေနဲ့ အမေ့ကို သွားပြီး သတင်းပို့လိုက်ကြ... ငါ့ရဲ့ အခန်းထဲကို သူခိုးတစ်ယောက် ခိုးဝင်လာတယ်လို့ ပြောလိုက်”
“ဟုတ်ကဲ့ပါ”
အစေခံမလေးများက အချိန်ဆွဲမနေရဲကြဘဲ သတင်းပို့ရန်အတွက် ချက်ချင်းပင် လမ်းခွဲ၍ ထွက်ခွာသွားကြသည်။
လောင်လျိုက မျှော်လင့်ချက်မဲ့သွားရသည်။ သူသည် မြေပြင်ပေါ်မှ လူးလဲထရပ်လိုက်ပြီး တုန့်ဟွားကို အတင်းအဓမ္မ ဝင်တိုက်လျက် တံခါးပြင်ပသို့ ထွက်ပြေးရန် ကြိုးစားသည်။ သူ၏ ရှေ့ခြေတစ်ဖက် တံခါးဝသို့ လှမ်းထွက်လိုက်သည်နှင့် ရှန်လီက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်၏။
သူမ၏ လက်ကို မြှောက်ကာ အပ်ကို စိုက်ချလိုက်ခြင်း ဖြစ်သည်။ မြန်ဆန်၊ ရက်စက်ပြီး တိကျလှသည်။ အပ်တစ်ချောင်းက လောင်လျို၏ ကျောရိုးပေါ်သို့ စိုက်ဝင်သွားခဲ့၏။
လောင်လျို၏ တစ်ကိုယ်လုံးက လေလျှော့လိုက်သော ဘောလုံးတစ်ခုကဲ့သို့ ပျော့ခွေသွားရသည်။ ‘ဘုန်း ‘ဟူသော အသံနှင့်အတူ သူသည် တံခါးခုံပေါ်သို့ လဲကျသွားကာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
သူ၏ ပါးစပ်ကသာ ဇွတ်အတင်း အော်ဟစ်နိုင်ခဲ့သည်။
“ဒုတိယမမလေး... အသက်ချမ်းသာပေးပါဦး... ဒီအစေခံ အခန်းမှားပြီး ဝင်မိတာပါ”
ကုဟွားက သူ၏ ထိတ်လန့်ဖွယ် အော်ဟစ်သံများကို မကြားချင်တော့ချေ။
“တုန့်ဟွား... သူ့ရဲ့ပါးစပ်ပေါက်ကို ပိတ်လိုက်”
တုန့်ဟွားက ဘေးနားရှိ မည်သည့်အဝတ်စမှန်းမသိသော အဝတ်စတစ်ခုကို အလွယ်တကူ ကောက်ယူလိုက်ပြီး လောင်လျို၏ ပါးစပ်ထဲသို့ ထိုးသွင်းပိတ်ဆို့လိုက်သည်။
ရှန်လီက လျှောက်လှမ်းသွားကာ ဒူးကွေးထိုင်လိုက်ပြီး သုံးလက်မခန့် ရှည်လျားသော ငွေအပ်ဆယ်ချောင်းကို ကိုင်ဆောင်လျက် သူ၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။
“အခန်းထဲကို မေ့ဆေးတွေ မှုတ်သွင်းပြီး ဒုတိယမမလေးကုကို စော်ကားဖို့ ကြံစည်ရဲတယ်ပေါ့လေ... နောင်ကျရင် ဘယ်လို ပြန်လည်ဖြေကြားရမလဲဆိုတာကို နင် သေသေချာချာ တွေးထားတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင်တော့ အပ်တစ်ချောင်းတည်းနဲ့တင် နင့်ကို သေချင်စိတ်ပေါက်သွားအောင် ငါ လုပ်ပေးနိုင်တယ်”
လောင်လျိုက အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားရသဖြင့် မျက်ဖြူပင် လန်တက်သွားရသည်။
မကြာမီအချိန်အတွင်း၌ သခင်မကြီးဝမ်က အမျိုးသမီးကျိုး၏ တွဲပေးထားမှုနှင့်အတူ လူအုပ်တစ်အုပ်ကို ခေါ်ဆောင်၍ အလျင်အမြန် ရောက်ရှိလာခဲ့၏။
အခြေအနေကို မြင်လိုက်ရလျှင် သူမက မှင်တက်သွားရသည်။
“ဒါက ဘာတွေဖြစ်နေကြတာလဲ...”
ကုဟွား၏ မျက်ဝန်းအစုံက နီမြန်းလျက် ရှိသည်။
သူမက သခင်မကြီးဝမ်ကို သနားစဖွယ် အရိုအသေပြုလိုက်ရင်း ဆို့နင့်စွာ ရေရွတ်လိုက်၏။
“အမေ...”
အခန်း(၅၆)
သခင်မကြီးဝမ်က သူမကို မြင်လျှင် ရင်ထဲ၌ နာကျင်သွားရသည်။ သူမက ကုဟွား၏လက်ကို ဆွဲကိုင်လိုက်ပြီး သူမ၏ လက်ကလေးများ အေးစက်နေသည်ကို ခံစားလိုက်ရသဖြင့် သမီးဖြစ်သူက ကြီးမားသော မတရားမှုကို ခံစားလိုက်ရကြောင်း သိရှိလိုက်၏။
သူမက ခေါင်းကို လှည့်လိုက်ပြီး အမျိူးသမီးကျိုးအား ခပ်အေးအေး အမိန့်ပေးလိုက်သည်။
“အဲဒါ ဘယ်လိုမျိုး ယုတ်မာတဲ့ သတ္တဝါလဲဆိုတာ သွားကြည့်စမ်း...”
အမျိုးသမီးကျိုးက ရှေ့သို့လှမ်း၍ တစ်ချက်ကြည့်လိုက်ပြီးနောက် သခင်မကြီးဝမ်၏ ဘေးနားသို့ ပြန်လည်ရောက်ရှိလာကာ တိုးညှင်းစွာ ကပ်ပြောလိုက်၏။
“သူက ကိုယ်လုပ်တော်ပိုင်ရဲ့ ရထားလုံးမောင်းသမား လောင်လျိုပါ”
သခင်မကြီးဝမ်၏ မျက်နှာက အလွန်အမင်း ဆိုးရွားသွားရသည်။ သူမက ဒေါသကြောင့် တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေပြီး အချိန်အတော်ကြာအောင် စကားမဆိုနိုင်ဘဲ ဖြစ်သွားရသည်။
ဤကိစ္စတွင် ကိုယ်လုပ်တော်ပိုင် ပါဝင်ပတ်သက်နေသဖြင့် သူမအနေဖြင့် ဇွတ်အတင်း စီရင်၍ မဖြစ်နိုင်ချေ။
သို့သော် ဤကိစ္စသည် မှူးမတ်အိမ်တော်မှ သမီးပျိုတစ်ဦး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသဖြင့် သူမက အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရပေမည်။
“သူကို ကြိုးနဲ့တုတ်ပြီး ဘေးနားကို ဆွဲထုတ်သွားလိုက်ကြ...”
အမျိုးသမီးကျိုးက သန်မာထွားကြိုင်းသော အစေခံအိုကြီးနှစ်ဦးကို ဦးဆောင်ကာ ထိုလူကို သေသေချာချာ တုတ်နှောင်၍ ဘေးသို့ ဆွဲထုတ်သွားသည်။
သူ၏ ကျောရိုးပေါ်ရှိ ငွေအပ်ကလေး လှုပ်ရှားသွားသည့် အခါတိုင်းတွင် လောင်လျိုသည် အလွန်အမင်း နာကျင်လွန်းသဖြင့် လည်ပင်းကြောများ တောင့်တင်းသွားကာ အကြောပြိုင်းပြိုင်း ထလာရသည်။
သခင်မကြီးဝမ်က ကုဟွားကို အခန်းတွင်းသို့ ဆွဲခေါ်သွားပြီး ညင်သာစွာ မေးမြန်းလိုက်၏။
“သမီးမှာ ဒဏ်ရာရသွားသေးလား...”
ကုဟွားက ခေါင်းယမ်းပြလိုက်သည်။
“မိန်းကလေးရှန် ထွန်းညှိလိုက်တဲ့ အမွှေးတိုင်က မေ့ဆေးရဲ့ အာနိသင်ကို တိုက်တိုက်ဆိုင်ဆိုင် ပြယ်သွားစေလို့ပါ...”
“မေ့ဆေး ဟုတ်လား...”
သခင်မကြီးဝမ်၏ လေသံက လုံးဝ ပြောင်းလဲသွားရသည်။
လန်ယဲ့ဝမ်မျိုးနွယ်စုတွင် မွေးဖွားခဲ့ပြီး မြို့တော်ရှိ အရပ်ဘက်အရာရှိကြီးများ၏ အကြီးအကဲဖြစ်သော ဝမ်ချန်မှူးမတ်အိမ်တော်သို့ လက်ထပ်ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သဖြင့် သူမက အိမ်တွင်းရေး လှည့်ကွက်မှန်သမျှကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
သို့သော် အပြင်ခြံဝင်းမှ နိမ့်ကျသော အစေခံတစ်ယောက်က အတွင်းခြံဝင်းထဲသို့ တိတ်တဆိတ် ခိုးဝင်ပြီး အဖိုးတန်သော သမီးပျိုတစ်ဦးကို မေ့ဆေးခတ်ရဲလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးဖူးခဲ့ချေ။
၎င်းက တကယ်ပင် ရူးမိုက်လွန်းလှသည်။
‘ဒါပေမယ့် တကယ်လို့ ဒါကို ကိုယ်လုပ်တော်ပိုင် လုပ်ခဲ့တာဆိုရင် သူက ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ရတာလဲ’
‘ကုဟွားက သူ့သမီးအရင်း မဟုတ်ဘူးလား’
‘သူ့သမီးရဲ့ ဘဝကို ဖျက်ဆီးပစ်လိုက်တာက ကိုယ်လုပ်တော်ပိုင်အတွက် ဘာအကျိုးကျေးဇူးတွေများ ရှိလာနိုင်မှာမို့လို့လဲ’
ရက်စက်လှပါသည်ဆိုသော ကျားဆိုးပင်လျှင် ကိုယ့်သားသမီးကို ပြန်မစားတတ်ချေ။
သခင်မကြီးဝမ်ကအလျင်အမြန်ပင် ဆုံးဖြတ်ချက်ချလိုက်၏။
“ဒီကိစ္စကို အကြီးအကျယ် ချဲ့ကားလိုက်ရင် သမီးရဲ့ ဖြူစင်တဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်... သင်းကို ရိုက်သတ်ပစ်လိုက်တာက သမီးရဲ့ ဒေါသကို ပြေပျောက်စေလိမ့်မယ်...”
ကုဟွားက ခေါင်းခါယမ်းလိုက်သည်။
“အမေ... အဓိက လက်သည်တရားခံကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်... မဟုတ်ရင် အနာဂတ်မှာ မှူးမတ်အိမ်တော်ရဲ့ သမီးပျိုတွေက ဘေးကင်းနိုင်ပါတော့မလား... တကယ်လို့ နောက်တစ်ကြိမ် ရှိလာခဲ့ပြီး သူတို့က ဒီလောက်အထိ ကံမကောင်းခဲ့ရင်တော့ မှူးမတ်အိမ်တော်ရဲ့ ဂုဏ်သိက္ခာက လုံးဝကို ပျက်စီးသွားရပါလိမ့်မယ်...”
သူမ ကိုယ်လုပ်တော်ပိုင်ကို ဤမျှအလွယ်တကူ အလွတ်မပေးနိုင်ပေ။
ယနေ့ညတွင် သူမက ကိုယ်လုပ်တော်ပိုင်ဘက်မှ လှုပ်ရှားလာလိမ့်မည်ဟု ကံကောင်းထောက်မစွာ ကြိုတင်ရိပ်မိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကိုယ်လုပ်တော်ပိုင်နှင့် ကုဝမ်ရုတို့က သူမအား ယုံမြို့စားအိမ်တော်မှ အတင်းအဓမ္မ ထွက်ခွာခိုင်းသည့် နောက်ကွယ်က ရည်ရွယ်ချက်ကို ပိုမို၍ သံသယဝင်ခဲ့မိသည်။
သူမ၏ သံသယများကို ကျိုးကျစ်လန်နှင့် အခြားနှစ်ဦးတို့အား ပြောပြခဲ့ခြင်း ဖြစ်၏။
သူတို့ လေးယောက်လုံး တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ကျိုးကျစ်လန်နှင့် တုန့်ဟွားတို့ တိတ်တဆိတ် စောင့်ကြပ်နေခဲ့ကြကာ ရှန်လီက အခန်းတွင်း၌ ကုဟွားနှင့်အတူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ရှန်လီက မေ့ဆေးအနံ့ကို ရရချင်း၌ပင် အဆိပ်ဖြေအမွှေးတိုင်ကို ချက်ချင်း ထွန်းညှိလိုက်ခြင်း ဖြစ်သည်။
ဒါမှမဟုတ်ရင်တော့...
ထိုစကားကို ကြားလိုက်ရလျှင် သခင်မကြီးဝမ် ထိတ်လန့်သွားရသည်။
ကုဟွား ပြောသည်က အလွန်ပင် မှန်ကန်လှ၏။
သို့သော် ဤကိစ္စတွင် ကိုယ်လုပ်တော်ပိုင် ပါဝင်ပတ်သက်နေသဖြင့် ကုယွမ် တစ်ယောက်တည်းသာ လာရောက်ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
မိခင်ဖြစ်သူ စိုးရိမ်ပူပန်နေသည်ကို ကုဟွား ရိပ်မိလိုက်သဖြင့် တိုးညှင်းစွာ ကပ်ပြောလိုက်၏။
“အမေ... ဒီအခွင့်အရေးကို အသုံးချပြီး အရာအားလုံးကို နေရာတကျ ပြန်ဖြစ်အောင် လုပ်ရပါမယ်... အမေ့အနေနဲ့ မှူးမတ်အိမ်တော်ရဲ့ အိမ်တွင်းရေးရာ အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်သင့်နေပါပြီ”
သခင်မကြီးဝမ်ကလည်း ဤအရာသည် အခွင့်ကောင်းတစ်ခု ဖြစ်မှန်း နားလည်လိုက်သည်။
သူမကလည်း အိမ်တော်သခင်မကြီးတစ်ဦး၏ အခွင့်အာဏာကို ပြန်လည်မရယူချင်သည် မဟုတ်ပေ။
သို့သော် မနက်ဖြန်က ပိုင်အိမ်တော်ဘက်မှ ထောက်ပံ့ပေးမည့် ငွေကြေးများကို ကိုယ်လုပ်တော်ပိုင် သွားရောက်ထုတ်ယူရမည့် နေ့ရက်ဖြစ်နေသည်။
လစဉ်လတိုင်း ဤနေ့ရက်သို့ ရောက်ခါနီးတိုင်းတွင် ကိုယ်လုပ်တော်ပိုင်က ပိုမိုမျက်နှာသာပေးခံရလေ့ရှိပြီး တစ်နေ့လုံး အာဏာပြ စိုးမိုးနေလေ့ရှိသည်။
မိခင်ဖြစ်သူ တုံ့ဆိုင်းနေသည်ကို မြင်လျှင် ကုဟွားက ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာရ၏။
“အမေ... အကယ်၍ သမီးသာ ဒီနေ့ညမှာ တစ်ခုခု ဖြစ်သွားခဲ့ရင် မနက်ဖြန် သမီး ယုံမြို့စားအိမ်တော်ကို ပြန်နိုင်တော့မှာ မဟုတ်ဘူး... မိန်းကလေးကျိုးနဲ့ အခြားနှစ်ယောက်ကလည်း သက်သေတွေပဲ... အဲဒီအခါကျရင် မှူးမတ်အိမ်တော်အနေနဲ့ ဒီကိစ္စကို လုံးဝ ဖုံးကွယ်ထားနိုင်မှာ မဟုတ်တော့ဘူးနော်”
သခင်မကြီးဝမ်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားရ၏။
“အမျိုးသမီးကျိုး... အမတ်မင်း ရောက်လာပြီလားဆိုတာကို မြန်မြန်သွားကြည့်လိုက်ဦး”
အမျိုးသမီးကျိုး တံခါးပြင်ပသို့ လှမ်းထွက်လိုက်သည်နှင့် အဝေးမှ နီးကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။
ကုယွမ်နှင့် ကိုယ်လုပ်တော်ပိုင်တို့က ခြံဝင်းအတွင်းသို့ အတူတကွ ဝင်ရောက်လာကြ၏။
“ညဉ့်နက်သန်းခေါင် ဘာတွေ ဆူညံပွက်လောရိုက်နေကြတာလဲ”
ညဉ့်နက်သန်းခေါင်အချိန်တွင် အိပ်ရာမှ အတင်းနှိုးခြင်း ခံလိုက်ရသဖြင့် ကုယွမ်က ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
ကိုယ်လုပ်တော်ပိုင်က ဘေးနားတွင် ကြိုးဖြင့် တင်းတင်းကျပ်ကျပ် တုတ်နှောင်ခြင်း ခံထားရသော လောင်လျိုကို တစ်ချက်တည်းနှင့် လှမ်းမြင်လိုက်၏။
သူမက ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားပြီး သူ၏ နှာခေါင်းတည့်တည့်ကို လက်ညှိုးထိုးလျက် ဆဲရေးတိုင်းထွာလိုက်သည်။
“နင် တော်တော်ယုတ်မာတဲ့ သတ္တဝါပါလား... ငါက မနက်ဖြန် ဟွားအာကို ခေါ်ပြီး ပိုင်အိမ်တော်က ပို့ပေးတဲ့ ငွေတွေကို သွားထုတ်ဖို့အတွက် ရထားလုံး အဆင်သင့်ပြင်ထားခိုင်းတာလေ... နင်က ဘယ်လိုတောင် လောဘဇောတွေတက်ပြီး ငါ့ရဲ့ ဟွားအာကို စော်ကားဖို့ ကြံစည်ရဲရတာလဲ...နင့်ကို ငါ ဆီပူအိုးထဲထည့်ပြီး အကြောတွေဆွဲထုတ် အရေခွံခွာပစ်မယ်”
လောင်လျိုက အစပိုင်းတွင် ကိုယ်လုပ်တော်ပိုင် ရောက်ရှိလာသည်ကို မြင်လိုက်ရစဉ်က သူ၏ ကယ်တင်ရှင် ရောက်လာပြီဟု ထင်မှတ်ခဲ့မိသည်။ သူက မျက်လုံးများကို ပြူးကျယ်အောင် ဖွင့်လျက် ပါးစပ်မှ “ဝူး ဝူး ဝူး” ဟူသော အသံများကို အတင်းပြုလုပ်နေမိ၏။
သို့သော် သူမ၏ ကြမ်းတမ်းသော ဆဲရေးတိုင်းထွာသံများကို ကြားလိုက်ရပြီးနောက်၌ သူက ခဏမျှ မှင်တက်သွားရကာ သူမအနေဖြင့် ‘ဘုရားပြီး ငြမ်းဖျက်’ဆိုသည့်အတိုင်း သူ့ကို အစဖျောက် သတ်ပစ်ရန် ကြံစည်နေကြောင်း ချက်ချင်းပင် သဘောပေါက်သွားရသည်။
သူက ကိုယ်လုပ်တော်ပိုင်ရှိရာဆီသို့ အတင်းအဓမ္မ တွားသွားရန် ကြိုးစားရင်း ပြင်းထန်စွာ ရုန်းကန်နေသည်။
ကိုယ်လုပ်တော်ပိုင် အလျင်အမြန်ပင် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။
ငယ်ရွယ်သော အစေခံနှစ်ဦးက ရှေ့သို့ လှမ်းတက်လာကာ ထိုလူကို ဘယ်ညာတွဲလျက် အပြင်သို့ အတင်းအကျပ် ဆွဲထုတ်သွားကြသည်။
ကုဟွား၏ မျက်ဝန်းအစုံက မှောင်မှိုင်းသွားရ၏။
သူမက ကုယွမ်အား မတရားမှုကို ခံစားလိုက်ရသကဲ့သို့ အရိုအသေပြုလိုက်ရင်း လျင်မြန်စွာ ရေရွတ်လိုက်သည်။
“အဖေ... မှူးမတ်အိမ်တော်က ပုံမှန်ဆိုရင် ဟိုင်အချိန်(ည ၁၀ နာရီ) မှာတင် တံခါးတွေအကုန်လုံးကို ပိတ်ထားတာပါ... သူက အပြင်ခြံဝင်းက ရထားလုံးမောင်းသမား သက်သက်ပဲလေ... ဘယ်လိုလုပ်ပြီး အတွင်းခြံဝင်းထဲကို ဝင်လာနိုင်မှာလဲ... ပြီးတော့ ဧည့်သည်ခြံဝင်းက ပုံမှန်ဆိုရင် အလွတ်ကြီးပါ... တကယ့် အရေးကြီးတဲ့ ဧည့်သည်တွေလာမှသာ ခေတ္တတည်းခိုကြတာ... သူက ဒီမှာ တည်းခိုနေတာ မှူးမတ်အိမ်တော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်မဟုတ်ဘဲ သမီးဖြစ်နေမှန်း ဘယ်လိုလုပ်ပြီး သိတာလဲ... ပြီးတော့ မှူးမတ်အိမ်တော်ရဲ့ အစေခံတစ်ယောက်က အိမ်တော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်ကို စော်ကားဖို့ ဘယ်လိုလုပ်ပြီး သတ္တိရှိပါ့မလဲ... အချက်တိုင်းက လုံးဝ အဓိပ္ပာယ်မရှိပါဘူး...သူက တကယ်ပဲ အသက်ကို မနှမြောတာလား”
ကုယွမ်၏ ဒေါသများက ပို၍ ဆွပေးခြင်း ခံလိုက်ရသည်။
သူ ရောက်လာခဲ့ရခြင်းက ဤကိစ္စကြီးကို အရေးမပါသကဲ့သို့ အသာတကြည် ဖုံးကွယ်ပစ်ရန် ဖြစ်သည်။
‘သူတို့က ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်နဲ့ ယုံမြို့စားအိမ်တော်က အစေခံတချို့သာသာပဲ မဟုတ်ဘူးလား... မြင့်မြတ်တဲ့ အမတ်မင်းတစ်ယောက်ဖြစ်တဲ့ ငါ့ကို ဒီနေရာအထိ လာရောက်ဖြေရှင်းခိုင်းရုံတင်မကဘဲ ကိစ္စကိုပါ ဇွတ်အတင်း ကြီးကျယ်အောင် လုပ်ခိုင်းနေကြတာလား’
‘တကယ်လို့ ကိစ္စသာ အကြီးအကျယ် ပေါက်ကြားသွားပြီး မှူးမတ်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကျဆင်းသွားခဲ့ရင် ဘယ်သူက အကျိုးအမြတ် ရမှာမလို့လဲ’
ကုယွမ်က မျက်မှောင်ကြုတ်လျက် သူမကို စိုက်ကြည့်လိုက်၏။
“မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ...”
သခင်မကြီးဝမ်က သတ္တိမွေးကာ ပြောလိုက်သည်။
“အမတ်မင်း... ဟွားအာ ပြောတာ မှန်ပါတယ်...တကယ်လို့ ကျွန်မတို့ ဒါကို သေသေချာချာ စုံစမ်းစစ်ဆေးတာ မလုပ်ရင် အနာဂတ်မှာ တစ်စုံတစ်ယောက်က ယုတ်မာတဲ့ စိတ်ကူးတွေ ထပ်ပြီး မွေးမြူလာရင် ဘယ်လိုလုပ်ကြမလဲ... မှူးမတ်အိမ်တော်မှာ အိမ်ထောင်မပြုရသေးတဲ့ သမီးပျိုနှစ်ယောက် ကျန်ပါသေးတယ်”
ကုယွမ်က သခင်မကြီးဝမ်ကို တည်တင်းသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်၏။
သခင်မကြီးဝမ်က ရင်ထဲ၌ စိတ်ပျက်ကာ အားမလိုအားမရမှုများဖြင့် ပြည့်နှက်သွားရသည်။
သူမအနေဖြင့် ခင်ပွန်းသည်က အိမ်တွင်းရေး အရှုပ်တော်ပုံများကို အပြင်လူများအား ပြသရသည်ကို အလွန်အမင်း မုန်းတီးမှန်း သိရှိထားသည်။
သခင်မကြီးဝမ် နောက်ဆုတ်သွားသည်ကို မြင်လျှင် ကုဟွားက နှုတ်ဆိတ်နေလိုက်သည်။
သူမဖခင်၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း ဤအခိုက်အတန့်၌ ဖခင်ဖြစ်သူ မည်သည်ကို တွေးနေသည်အား သူမ ကောင်းစွာ နားလည်လိုက်သည်။
သူမ၏ ဖခင်က တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး သူမ အပေါ်တွင်လည်း အမြဲတမ်း လျစ်လျူရှုထားခဲ့သူ ဖြစ်သည်။
ဖခင်၏ စိတ်နှလုံးထဲတွင် ကိုယ်လုပ်တော်ပိုင် ယူဆောင်လာပေးမည့် ငွေကြေးထောက်ပံ့မှုများနှင့် နှိုင်းယှဉ်လျှင် သမီးဖြစ်သူက လက်ထဲမှ အသုံးချခံ နယ်ရုပ်လေးတစ်ခုမျှသာ ဖြစ်သည်။ အသုံးဝင်နေလျှင် ဂရုစိုက်မည်ဖြစ်ပြီး အသုံးမဝင်လျှင် လွှင့်ပစ်လိုက်မည်သာ ဖြစ်၏။
ကုဟွား ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်သည်။
အခြေအနေက ဤသို့ဖြစ်နေလျှင် သူမအနေဖြင့် အရင်ဦးဆုံး ချဉ်းကပ်ပုံနည်းလမ်းကို ပြောင်းလဲပစ်ရမည်။
အကယ်၍ တစ်နေ့နေ့တွင် ကုယွမ်ကိုယ်တိုင်က ကိုယ်လုပ်တော်ပိုင်ကို စွန့်ပစ်လိုက်မည့်နေ့ ရောက်လာလျှင် ကိုယ်လုပ်တော်ပိုင် မည်သို့ ခံစားရမည်ကို သူမ သိချင်လှသည်။