အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း(၅၇)
ကုဟွားက မတရားမှုကို ခံစားရသကဲ့သို့ ဟန်ဆောင်ကာ ခေါင်းငုံ့လိုက်၏။
“သမီး အဖေ့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ နာခံပါ့မယ်”
ကုယွမ်၏ တွန့်ကွေးနေသော မျက်ခုံးများ ချက်ချင်းပင် ပြေလျော့သွားရသည်။
‘ဒီလိုပဲ ဖြစ်သင့်တာလေ’
သူ၏ လေသံကလည်း ပြန်လည်နူးညံ့သွားခဲ့၏။
“စိတ်မပူပါနဲ့ အဖေက မင်းရဲ့ဒေါသကို သေချာပေါက် ဖြေဖျောက်ပေးပါ့မယ်”
သူက လှည့်လိုက်ပြီး ကိုယ်လုပ်တော်ပိုင်ကို ခပ်အေးအေး အမိန့်ပေးလိုက်သည်။
“သင်းကို ဒီနေရာမှာတင် ရိုက်သတ်ပစ်လိုက် ပြီးရင် ခွေးစာကျွေးဖို့အတွက် သင်္ချိုင်းကုန်းဆီ လွှင့်ပစ်ခိုင်းလိုက်”
မျှော်လင့်ထားသည့်အတိုင်းပင် ကုယွမ်က ကိုယ်လုပ်တော်ပိုင်အပေါ် မည်သည့်အရေးယူမှုမျှ ပြုလုပ်မည်မဟုတ်ချေ။
ကုဟွားက သခင်မကြီးဝမ်ကို အလျင်အမြန် လှမ်းကြည့်လိုက်မိပြီး သူမ မိခင်အရင်းအတွက် ရင်ထဲ၌ သနားဂရုဏာ သက်မိသွားရသည်။
သူမက မြင့်မြတ်သော အဆင့်အတန်းရှိသည့် အိမ်တော်သခင်မကြီးတစ်ဦး ဖြစ်သော်လည်း ခင်ပွန်းသည်၏ လျစ်လျူရှုမှုကို ခံရကာ ကိုယ်လုပ်တော်တစ်ဦး၏ ဖိနှိပ်မှုကိုပင် ခံနေရသည်။
‘သူ့ဘဝက တကယ်ကို အရမ်းခက်ခဲပင်ပန်းနေလောက်မှာပဲ’
ကုဟွား ရင်ထဲ၌ ဝမ်းနည်းမိသွားရသဖြင့် သူမ၏ လက်ကလေးများဖြင့် လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
“ကောင်းပါပြီ... အမတ်မင်း”
ကိုယ်လုပ်တော်ပိုင်က သူမ၏ အောင်နိုင်မှုကို မဖုံးကွယ်နိုင်ဘဲ လက်ကိုင်ပုဝါကို အမျိုးသမီးလုထံ ဝှေ့ယမ်းပြလိုက်သည်။ အမျိုးသမီးလုကလည်း အမိန့်ကို နာခံရန်အတွက် ချက်ချင်းပင် လှည့်ထွက်သွားသည်။
ကုဟွားက တိုးညှင်းစွာ မေးမြန်းလိုက်၏။
“ကိုယ်လုပ်တော်ပိုင်... ခုနက ပြောတာ မနက်ဖြန် ကျွန်မကို ပိုင်မိသားစုက ဝမ်းကွဲမောင်နှမတွေဆီ ခေါ်သွားမယ်လို့ ပြောတာလားဟင်...”
“ဟုတ်တယ်လေ...”
ကိုယ်လုပ်တော်ပိုင်က သူမဘက်သို့ လှည့်လာပြီး သူမ၏လက်များကို ကြင်နာယုယစွာ ဆွဲကိုင်လိုက်၏။
“နင့်ရဲ့ အဘိုးနဲ့ အဘွားတို့က နင့်အကြောင်းကို ခဏခဏ ပြောနေရှာတာ... ပြီးတော့ နင့်ရဲ့ ဝမ်းကွဲအစ်ကိုကိုလည်း နင့်အတွက် ပစ္စည်းတွေ အများကြီး ယူလာခိုင်းထားတယ်... သူတို့နဲ့ တွေ့ပြီးမှပဲ ယုံမြို့စားအိမ်တော်ကို ပြန်ရင်လည်း နောက်မကျပါဘူး”
“ကောင်းပါပြီ”
ကိုယ်လုပ်တော်ပိုင် မျက်ခုံးပင့်မိသွားရသည်။
‘ဒီဟာမက ဒီလောက်အထိ နာခံနေတာလား’
“ကောင်းကောင်း အနားယူလိုက်ဦး”
ကုယွမ်က အချိန်ထပ်မဖြုန်းချင်တော့သဖြင့် လှည့်ထွက်သွားခဲ့သည်။
ကိုယ်လုပ်တော်ပိုင်က သူ၏နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့၏။
သခင်မကြီးဝမ်၏ မျက်နှာတစ်ခုလုံးက အားနာမှုများဖြင့် ပြည့်နှက်နေသည်။
“ဟွားအာ...”
ကုဟွားက မိခင်ဖြစ်သူကို ရင်ထဲ၌ သနားမိသွားရသဖြင့် အလျင်အမြန်ပင် ပြန်လည်နှစ်သိမ့်ပေးလိုက်၏။
“အမေ... သမီး ဘာမှမဖြစ်ပါဘူး... အမေလည်း စောစောအနားယူပါဦးနော်”
လူအုပ်ကြီးတစ်စုလုံး ပျာပျာသလဲ ထွက်ခွာသွားကြသည်ကို စောင့်ကြည့်ပြီးနောက် ကျိုးကျစ်လန်က မကျေမနပ် ဖြစ်သွားရသည်။
“ဒါက တကယ်ကို အနိုင်ကျင့်လွန်းတာ မဟုတ်ဘူးလား...ညီမလေးက ဘာလို့ ဒီလောက်အထိ အလျှော့ပေးလိုက်ရတာလဲ”
ကုဟွား၏ မျက်ဝန်းအစုံက မှေးမှိန်သွားရ၏။
“မိဘနှစ်ပါးလုံးက ညီမအတွက် မားမားမတ်မတ် ရပ်တည်ပေးချင်တဲ့စိတ် မရှိကြဘူး… တစ်ယောက်တည်း ဇွတ်အတင်းတိုက်ခိုက်နေလည်း ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူးလေ”
“အစေခံတစ်ယောက်က မမလေးတစ်ယောက်ကို အနိုင်ကျင့်တာကို ဒီတိုင်း လွှတ်ထားရမယ်ပေါ့လေ”
တုန့်ဟွားက သူမ၏ အင်္ကျီလက်စကို ပင့်တင်လျက် လက်သီးကို ဝှေ့ယမ်းပြလိုက်သည်။
ခုနကတင် သူမ၏ လက်သီးများက ယားယံနေခဲ့ခြင်း ဖြစ်၏။ ထိုနေရာ၌ပင် လက်သီးတစ်ချက် ပစ်ကျွေးပြီး အဖေဆိုသော လူကြီး၏ မျက်နှာကို ဖြတ်ရိုက်ပစ်ချင်စိတ် တကယ်ပင် ပေါက်ခဲ့မိသည်။
“ဒါပေါ့... သူ့ကို ဒီလောက်ထိ အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပါဘူး...”
ကျိုးကျစ်လန်က ကုဟွားကို လှမ်းကြည့်လိုက်မိသည်။ သူမ၏ လေသံက ရုတ်ချည်းပင် ရေခဲကဲ့သို့ အေးစက်သွားသည်ကို သတိပြုမိလိုက်၏။
မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဖယောင်းတိုင်မီးရောင်အောက်တွင် မိန်းမပျိုလေး၏ အသားအရေက နို့နှစ်ရောင်ကဲ့သို့ ဖွေးဥလျက်ရှိပြီး မျက်နှာသွင်ပြင်ကလည်း အလွန်အမင်း သေသပ်လှပသည်။
မူလက အလွန်နူးညံ့သိမ်မွေ့ပြီး အားနွဲ့ပုံရသော မိန်းမပျိုလေး၏ မျက်ဝန်းအစုံတွင် ယခုအခါ၌ ခိုင်မာပြတ်သားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသဖြင့် လူတစ်ယောက်လုံး လုံးဝ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမက ကုဟွားကို အပြင်ပန်းတွင် မြင်တွေ့ရသကဲ့သို့ အားနွဲ့ပြီး သနားစဖွယ် ကောင်းလှသူတစ်ဦးမျှသာ မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
နောက်တစ်နေ့တွင်...
ကုဟွား မနက်စာ သုံးဆောင်နေစဉ်၌ အမျိုးသမီးလု ရောက်ရှိလာခဲ့၏။
“ဒုတိယမမလေး... ရထားလုံးက အပြင်မှာ အဆင်သင့် စောင့်ဆိုင်းနေပါပြီ... မမလေး ပြင်ဆင်ပြီးတာနဲ့ ဒီအစေခံနဲ့အတူ လိုက်ခဲ့ပေးပါဦး”
ကုဟွားက သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ကိုယ်လုပ်တော်က ကျွန်မကို ပိုင်မိသားစုက ဝမ်းကွဲမောင်နှမတွေဆီ တကယ်ပဲ ခေါ်သွားပေးမှာလားဟင်...”
“ဒါပေါ့... ဒါက အလိမ်အညာ ဖြစ်နိုင်ပါ့မလား”
အမျိုးသမီးလုက ပြုံးရွှင်စွာ ပြန်လည်ဖြေကြားလိုက်၏။
‘ပိုင်မိသားစုက ဝမ်းကွဲမောင်နှမတဲ့လား’
ကိုယ်လုပ်တော်ပိုင်က သူမကို အမြဲတမ်း သူခိုးတစ်ယောက်ကဲ့သို့ ကြိုတင်ကာကွယ်ထားလေ့ရှိပြီး အထူးသဖြင့် ပိုင်မိသားစုမှ ဝမ်းကွဲအစ်ကိုနှင့် ပတ်သက်လျှင် ပို၍ပင် ဆိုးရွားလှသည်။
နောင်တစ်ချိန်၌ ပိုင်မိသားစုကို ဆက်ခံမည့် တရားဝင်သား အကြီးဆုံးက သူမ၏ ဆွဲဆောင်ညှို့ယူခြင်း ခံရမည်ကို အလွန်အမင်း စိုးရိမ်သဖြင့် သူမအား မည်သည့်အခါမျှ အနားသို့ အကပ်မခံခဲ့ချေ။
ကုဟွားက ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကျွန်မ မနက်စာ စားပြီးမှပဲ သွားလိုက်ပါ့မယ်”
“ကိုယ်လုပ်တော်က ဒုတိယမမလေးအတွက် စားသောက်ဖွယ်ရာတွေ ကြိုတင်ပြင်ဆင်ပေးထားပါတယ်... မမလေးအနေနဲ့ မြန်မြန်ပြင်ဆင်ပြီး ဒီအစေခံနဲ့အတူတူ လိုက်ခဲ့တာ ပိုကောင်းပါလိမ့်မယ်”
စားသောက်ဖွယ်ရာ ဟုတ်လား...
‘အဲ့ထဲမှာ ဘာတွေ ထည့်ထားလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ’
ကုဟွား၏ မျက်နှာထက်မှ အပြုံးများက ရုတ်ချည်း ပျောက်ကွယ်သွားသည်။
“ဘာလဲ... ကျွန်မ ပြောတဲ့စကားကို နားမလည်ဘူးလား”
သူမ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လျှင် အမျိုးသမီးလုက ခဏမျှ ကြောင်အသွားရကာ ချက်ချင်းပင် အားနာသကဲ့သို့ ပြုံးပြလိုက်၏။
“ဒီအစေခံ နားလည်ပါပြီ”
ကိုယ်လုပ်တော်ပိုင်က ရန်သူကို ကြိုတင်ရိပ်မိမသွားစေရန်အတွက် သူမကို ရထားလုံးပေါ်သို့ အသာတကြည် လှည့်စားခေါ်ဆောင်လာခဲ့ရန်သာ မှာကြားခဲ့ခြင်း ဖြစ်သည်။
“သူတို့ အခု ဘာလှည့်ကွက်တွေ ထပ်သုံးဦးမလို့လဲ... ဒါက ဘယ်တော့မှ မပြီးနိုင်တော့ဘူးလား”
ကျိုးကျစ်လန်က မပျော်မရွှင် ဖြစ်နေရသည်။
ကုဟွားက ခေါင်းငုံ့လျက် ဆန်ပြုတ်ကိုသာ ဆက်လက်စားနေမိ၏။
ကိုယ်လုပ်တော်ပိုင်က သူမကို မည်သည့်နည်းလမ်းဖြင့်မဆို ဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အစီအစဉ်တစ်ခု ပျက်စီးသွားလျှင် နောက်ထပ်အစီအစဉ်တစ်ခုကို ထပ်မံဖန်တီးဦးမည်သာ ဖြစ်၏။
သူမက ကုဟွားကို ယုံမြို့စားအိမ်တော်သို့ ပြန်ခွင့်မပြုဘဲ သူမ သမီးအရင်းအတွက် ပြဿနာများ ဖန်တီးလာမည်ကို အလွန်အမင်း စိုးရိမ်နေခြင်း ဖြစ်သည်။
သူမ မနက်စာ စားပြီးခါစ၌ သခင်မကြီးဝမ်ထံတွင် ခစားသော အမျိုးသမီးကျိုး ရောက်ရှိလာခဲ့၏။
သူမက သစ်သားသေတ္တာလေးကို ကိုင်ဆောင်လာသည်။
“သခင်မကြီးက ပြောပါတယ်...ဒီငွေတုံးတွေက အစတည်းက ယုံမြို့စားအိမ်တော်ကနေ မမလေးအတွက် ပေးအပ်လိုက်တဲ့ လက်ဆောင်မို့လို့ မမလေးကိုယ်တိုင်ပဲ သိမ်းဆည်းထားသင့်တယ်လို့ မှာလိုက်ပါတယ်”
ကုဟွားက ငွေတုံးတစ်ထောင်ပါရှိသော သေတ္တာလေးကို ကြည့်ရင်း ရင်ထဲ၌ ဝမ်းနည်းဝမ်းသာ ခံစားလိုက်ရသည်။
“အမျိုးသမီးကျိုး... ကျေးဇူးပြုပြီး ဒီဟာကို အမေ့အပေါ် ကျွန်မရဲ့ သားသမီးဝတ္တရားအရ ကန်တော့တဲ့အနေနဲ့ ပြန်လည်ပေးအပ်ပေးပါဦး...အမေ့ကို ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ဖို့လည်း ပြောပေးပါဦးနော်”
ကုဟွားက ၎င်းကို ပြန်လည်တွန်းပို့လိုက်၏။
မိခင်ဖြစ်သူ၏ ဘဝက အလွန်ပင် ခက်ခဲပင်ပန်းလှမှန်း သူမ ကောင်းစွာ သိရှိထားသည်။ ဤငွေကြေးများ ရှိနေမှသာ မိခင်ဖြစ်သူအတွက် အနည်းငယ် အဆင်ပြေချောမွေ့နိုင်မည် ဖြစ်၏။
ဤမျှအထိ လိမ္မာယဉ်ကျေး၍ အလိုက်သိလှသော ကိုယ်လုပ်တော်ဖွား သမီးဖြစ်သူကို ကြည့်ပြီး အမျိုးသမီးကျိုးက မည်သည့်စကားဆိုရမှန်းပင် မသိတော့ချေ။
အကြီးဆုံး မမလေး ကိုယ်တိုင်ပင် သခင်မကြီးအပေါ်တွင် ဤဒုတိယမမလေးကဲ့သို့ သားသမီးဝတ္တရား မကျေပွန်ခဲ့ချေ။
‘တကယ်လို့ ဒီဒုတိယမမလေးသာ သခင်မကြီးရဲ့ သမီးအရင်း ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ’
အမျိုးသမီးကျိုးက စကားဆိုရန် တုံ့ဆိုင်းနေမိပြီး နောက်ဆုံး၌ သက်ပြင်းတစ်ချက်ချလျက် ထွက်ခွာသွားသည်။
မကြာမီအချိန်အတွင်း၌ပင် အမျိုးသမီးလုက သူမကို လာရောက်၍ ထပ်မံတိုက်တွန်းပြန်၏။
“ကိုယ်လုပ်တော်ပိုင်က ဒီလောက်အထိ အတင်းအဓမ္မ တိုက်တွန်းနေတာက အိမ်တော်ထိန်းချုပ်ကြီးကျိုး ရောက်လာမှာကို စိုးရိမ်နေလို့များလား...”
ကုဟွား၏ စကားကြောင့် အမျိုးသမီးလု၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားရသည်။
“ကိုယ်လုပ်တော်က စေတနာကောင်းနဲ့ ပြုလုပ်ပေးတာပါ... မမလေးကို ပိုင်မိသားစုရဲ့ အကြီးဆုံးသခင်လေးနဲ့ တွေ့ဆုံစေချင်လို့ပါ”
‘သူ့မှာ ဘာစေတနာကောင်းတွေများ ရှိနိုင်မှာလဲ’
ထိုအခိုက်အတန့်တွင် ကုယွမ်၏ အနီးကပ်အစေခံ ဖြစ်သူက အလျင်အမြန် ပြေးဝင်လာခဲ့၏။
“ဒုတိယမမလေး... အမတ်မင်းက မမလေးကို အရှေ့ခန်းမဆောင်ဆီ လာခဲ့ဖို့ မိန့်ကြားလိုက်ပါတယ်”
ကုဟွားက မတ်တတ်ထရပ်လိုက်သည်။
“ကောင်းပါပြီ”
သူမက ကျိုးချွန်းယွီ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူမ အရှေ့ခန်းမဆောင်ဆီသို့ ရောက်ရှိသွားချိန်တွင် ကျိုးချွန်းယွီက သူမ လိုချင်နေသော အရာကို ယူဆောင်လာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ကုဝမ်ရု၏ လက်ထဲတွင် ရှိနေသော ကျွန်စာချုပ် ဖြစ်၏။
သူမ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး ရှေ့သို့ လှမ်းတက်ကာ အဓိကထိုင်ခုံများတွင် ထိုင်နေကြသော သူမ၏ ဖခင်နှင့် သခင်မကြီးဝမ်တို့ကို အရိုအသေပြုလိုက်၏။
ကိုယ်လုပ်တော်ပိုင်က မြေပြင်ပေါ်တွင် ဒူးထောက်လျက် ငိုယိုနေသည်။
“သမီးက အဖေနဲ့ အမေ့ကို ဂါရဝပြုပါတယ်”
ကုယွမ်၏ မျက်နှာက အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်လျက် ရှိသည်။
သူက တည်တင်းနေသော မျက်နှာဖြင့်သာ နေနေပြီး မည်သည့်စကားမျှ မဆိုချင်ဘဲ ရှိနေ၏။
သခင်မကြီးဝမ်က ညင်သာစွာ ပြောလိုက်သည်။
“ထပါ... ထိုင်ပြီးမှပဲ စကားပြောကြတာပေါ့”
ကုဟွားက နာခံစွာဖြင့် ဝင်ထိုင်လိုက်၏။
သခင်မကြီးဝမ်က ကုယွမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“အမတ်မင်း...ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမှာလဲ... အိမ်တော်သခင်မကြီးရဲ့ တံဆိပ်တုံးကို အတုပြုလုပ်ပြီး ကျွန်စာချုပ်အတုကို ဖန်တီးတာက ဒီကိစ္စက အရမ်းကို...”
“ဒါက မိသားစုအတွင်းရေးကိစ္စပဲ... မင်းက ဘယ်လောက်အထိ ကြီးကျယ်အောင် လုပ်ဖို့ ကြံစည်နေတာလဲ... အိမ်တော်သခင်မကြီးတစ်ဦး အနေနဲ့ ကိုယ်လုပ်တော်တစ်ယောက်ကိုတောင် သေသေချာချာ မထိန်းသိမ်းနိုင်ဘူး...တကယ်လို့ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် အိမ်တော်သခင်မကြီးဆိုတဲ့ မင်းရဲ့ ဂုဏ်သိက္ခာက ကောင်းမွန်နိုင်ပါဦးမလား... လူတွေက မင်းရဲ့ နောက်ကွယ်ကနေ လက်ညှိုးထိုးပြီး ကဲ့ရဲ့ကြလိမ့်မယ်”
ကုယွမ်က သခင်မကြီးဝမ်၏ စကားကို အလျင်အမြန်ပင် ဖြတ်တောက်လိုက်သည်။
သခင်မကြီးဝမ်က ဒေါသကြောင့် ဆို့နင့်သွားရကာ မျက်နှာတစ်ခုလုံးကလည်း ဆိုးရွားသွားရသည်။
ကုဟွားက မိခင်ဖြစ်သူအတွက် ရင်ထဲ၌ စာနာမိသွားရပြီး သူမ၏ မျက်ဝန်းအစုံကလည်း နီမြန်းလာခဲ့၏။
ကုယွမ်က ကိုယ်လုပ်တော်ပိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ကိုယ်လုပ်တော်ပိုင်က အရမ်း မိုက်မိုက်မဲမဲ ပြုမူခဲ့တယ်... သူ့ကို နှစ်ဝက်စာ လစာဖြတ်တောက်မှာဖြစ်ပြီး သူ့ရဲ့ အမှားကို ပြန်လည်သုံးသပ်ဖို့အတွက် ဘိုးဘွားခန်းမဆောင်မှာ နေ့တစ်ဝက် ဒူးထောက်ပြီး အပြစ်ပေးခံရမယ်”
ကုဟွားက သူမ၏ ဖခင်ကို အေးစက်စွာ စိုက်ကြည့်နေမိ၏။
‘ဒါဆိုရင် လှည့်စားခံခဲ့ရရုံတင်မကဘဲ ငါ့ရဲ့ အပျိုစင်ဘဝကိုပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတဲ့ လှည့်ကွက်တွေနဲ့ ကျွန်စာချုပ်ကိုပါ အတင်းအဓမ္မ လက်ခံခဲ့ရတာတွေ အားလုံးအတွက် ရရှိလိုက်တဲ့ နောက်ဆုံးရလဒ်က ဒီလောက်အထိ ပေါ့ပါးတဲ့ အပြစ်ပေးမှု သက်သက်ပဲပေါ့လေ’
‘ငါ့ကို သေတွင်းထဲ တွန်းပို့ခဲ့တဲ့ အဓိက လက်သည်တရားခံကို ဘာမှမဖြစ်ခဲ့သလိုမျိုး အသာတကြည် လွှတ်ပေးလိုက်ရတော့မှာလား’
အခန်း(၅၈)
ကိုယ်လုပ်တော်ပိုင် နူးညံ့စွာ ငိုရှိုက်နေသည်။
“ဒီအစေခံက အကြီးဆုံးမမလေးရဲ့ ကောင်းကျိုးအတွက်ပဲ အရာအားလုံးကို လုပ်ခဲ့တာပါ။ ဟွားအာ အမှားတွေလုပ်မိပြီး အကြီးဆုံးမမလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးရိမ်လို့သာ ဒီလို ဆိုးယုတ်တဲ့ အကြံအစည်မျိုးကို မတတ်သာဘဲ သုံးခဲ့ရတာပါ။ ဒါတွေအကုန်လုံးက ဒီအစေခံရဲ့ မိုက်မဲမှုတွေပါပဲ။ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူး”
သူမက ရုအာ၏ ကောင်းကျိုးအတွက်ဟု ဆင်ခြေပေးရဲသေးသည်ကို မြင်လျှင် သခင်မကြီးဝမ် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာရ၏။
သူမက ခင်ပွန်းဖြစ်သူ၏ မကျေနပ်သော မျက်နှာထားကို လျစ်လျူရှုကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
“ဒါက ရုအာရဲ့ ကောင်းကျိုးအတွက် ဟုတ်လား။ တကယ်လို့ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် ပထမဆုံး လက်ညှိုးထိုး ကဲ့ရဲ့ခံရမှာက ရုအာပဲ မဟုတ်ဘူးလား။ ရုအာက မှူးမတ်အိမ်တော်ရဲ့ အဆင့်အတန်းမြင့်တဲ့ တရားဝင် သမီးအရင်းပဲ။ သူက သဘောထားနူးညံ့ပြီး သီလသမာဓိရှိတယ်။ လူတိုင်းအပေါ် ကြင်နာတတ်သလို သူ့ညီမအပေါ်မှာလည်း အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ။ သူ ဘာဖြစ်လို့ သူ့ညီမရဲ့ ဘဝတစ်ခုလုံးကို ပျက်စီးစေမဲ့ ကျွန်စာချုပ်အတုကို ဖန်တီးရမှာလဲ။ နင်ကိုယ်တိုင်ကသာ ယုတ်မာတဲ့ စိတ်ကူးတွေ မွေးမြူပြီး သူ့ကို သွေးထိုးလှုံ့ဆော်ခဲ့တာ။ ဒါမှမဟုတ်ရင်လည်း သူ့ကို လှည့်စားပြီး ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ ကိစ္စကို လုပ်ခိုင်းခဲ့တာပဲ ဖြစ်ရမယ်။ အခုထိ ဆင်ခြေပေးရဲသေးတယ်ပေါ့လေ”
ကိုယ်လုပ်တော်ပိုင် သနားစဖွယ်ဖြင့် မျက်ရည်များကို သုတ်လိုက်သည်။
“ဒီအစေခံက အမှားကို သိပါပြီ။ စေတနာကောင်းနဲ့ လုပ်ခဲ့မိပေမဲ့ မိုက်မဲတဲ့ ကိစ္စဖြစ်သွားရတာပါ။ သခင်မကြီး ဒီအစေခံကို အကြီးဆုံး မမလေးနဲ့ နီးနီးကပ်ကပ် ရှိနေတာကို မနှစ်သက်ပေမဲ့ သခင်မကြီးကိုယ်တိုင်ကလည်း သူ့အပေါ်မှာ အမြဲတမ်း အေးစက်စက်နဲ့ အလှမ်းကွာနေခဲ့တာပဲ မဟုတ်ဘူးလား။ အကြီးဆုံးမမလေးက သခင်မကြီးကို ကြောက်ရွံ့နေလို့သာ သူ့ရဲ့ ရင်ဖွင့်စကားတွေကို ဒီအစေခံနဲ့ ပိုပြီး ပြောဆိုရတာကို နှစ်သက်တာပါ။ သူက ယုံမြို့စားအိမ်တော်ထဲမှာ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေရတာမို့လို့ ဒီအစေခံရဲ့ ရင်ထဲမှာ အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်”
သခင်မကြီးဝမ် ဒေါသထွက်လွန်းသဖြင့် ပါးစပ်အပြည့် သွေးတစ်လုတ် ဆို့တက်လာသကဲ့သို့ ရင်ထဲ၌ ခံစားလိုက်ရပြီး စကားတစ်လုံးမျှ မဆိုနိုင်ဘဲ ပြင်းထန်စွာ ချောင်းဆိုးသွားခဲ့သည်။
အမျိုးသမီးကျိုးကလည်း အလွန်အမင်း ဒေါသထွက်နေပြီး သူမ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးနေမိ၏။
ကုဟွား၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေရပြီး နှလုံးသားထဲမှ သွေးများပင် စီးကျနေသကဲ့သို့ ခံစားလိုက်ရသည်။
သူမနှင့် မိခင်ဖြစ်သူက ကိုယ်လုပ်တော်ပိုင်နှင့် ကုဝမ်ရုတို့၏ ဤမျှအထိ အနိုင်ကျင့်မှုကို ခံနေရသော်လည်း လက်ရှိတွင် ဘာမျှ မတတ်နိုင်သေးချေ။
သူမအနေဖြင့် အချိန်ထပ်ပြီး မစောင့်ဆိုင်းနိုင်တော့ပေ။ အရာအားလုံးကို အမြန်ဆုံး နေရာတကျ ပြန်ဖြစ်အောင် ပြုလုပ်ရပေမည်။
ကုယွမ်က စိတ်ပျက်ငြီးငွေ့လာသဖြင့် အေးစက်စွာ အော်ဟစ်လိုက်၏။
“သခင်မကြီးဝမ်... တော်လောက်ပြီ”
သခင်မကြီးဝမ်က ချောင်းဆိုးလွန်းသဖြင့် ကျောပင် မဆန့်နိုင်တော့ဘဲ အသက်ရှူပင် ကျပ်လာရသည်။
အမျိုးသမီးကျိုးကလည်း အလွန်အမင်း စိုးရိမ်လွန်းသဖြင့် ငိုမတတ် ဖြစ်နေရ၏။
“အမတ်မင်း... သခင်မကြီးက အဆိပ်...”
သခင်မကြီးဝမ်က သူမ လက်ကို အလျင်အမြန်ပင် ဖိညှစ်လိုက်ရင်း စကားဆက်မပြောရန် အချက်ပြလိုက်၏။
သူမက ချောင်းဆိုးခြင်းကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရင်း အသက်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“အမတ်မင်း... ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်က မအီမသာ ဖြစ်နေလို့ အရင်ဆုံး ပြန်ခွင့်ပြုပါဦး...”
“သွားတော့...”
ကုယွမ်က သူ့မျက်ဝန်းထဲမှ စက်ဆုပ်ရွံရှာမှုများကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ဘဲ ယင်ကောင်တစ်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ကို ခါယမ်းပြလိုက်၏။
ကုဟွား ဒေါသကြောင့် မျက်ဝန်းအစုံ ပြာဝေသွားရသည်။
သူမ၏ စစ်မှန်သော တရားဝင် သမီးအရင်း အဆင့်အတန်းကို ပြန်လည်ရယူပြီး မိသားစုဆွေစဉ်မျိုးဆက်စာရင်းထဲတွင် အမည်ထည့်သွင်းနိုင်မှသာ မိခင်ဖြစ်သူအတွက် တရားမျှတမှုကို တိုက်ခိုက်ပေးနိုင်မည် ဖြစ်၏။
ကိုယ်လုပ်တော်ပိုင် နွဲ့နှောင်းစွာ ပြောလိုက်သည်။
“အမတ်မင်း ကျေးဇူးပြုပြီး သခင်မကြီးကို အပြစ်မတင်ပါနဲ့။ ဒီအစေခံကို ဟွားအာကို ခေါ်ပြီး ပိုင်မိသားစုက ပို့ပေးမဲ့ငွေတွေကိုပဲ အရင်သွားထုတ်ခွင့် ပြုပါဦး။ အဲဒီက ပြန်လာပြီးမှ ဒူးထောက်အပြစ်ပေးမှုကို ခံယူပါ့မယ်”
ပိုင်မိသားစုဘက်မှ လစဉ်ထောက်ပံ့ပေးနေသော ငွေများက ကိုယ်လုပ်တော်ပိုင်၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံ ဖြစ်သည်။
၎င်းက ကုယွမ်၏ စိတ်နှလုံးထဲတွင် အရေးအကြီးဆုံးသော ကိစ္စလည်း ဖြစ်၏။
အရာရှိရေးရာဝန်ကြီးဌာန၏ နှစ်ကုန်ပိုင်း အကဲဖြတ်မှု ရောက်ရှိတော့မည်ဖြစ်ပြီး သူ အထက်အောက် အရာရှိကြီးငယ်များကို တံစိုးလက်ဆောင်များ ပေးအပ်ရန် လိုအပ်နေသည်။
ထို့ကြောင့် အိမ်တွင်းရေးရာ အရှုပ်အထွေးများကို ကိုင်တွယ်ဖြေရှင်းရန် သူ့တွင် အချိန်နှင့် စိတ်အင်အား မရှိချေ။
ကုယွမ် မဆိုင်းမတွပင် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ...”
ကုဟွား ကုယွမ်ကို အရိုအသေပြုလိုက်သည်။
“အဖေ... ကျေးဇူးပြုပြီး အတုပြုလုပ်ထားတဲ့ ကျွန်စာချုပ်ကို သမီးဆီ ပေးပါဦး...”
“အဲဒါကို သူ့လက်ထဲ ပေးလိုက်လို့ မဖြစ်ဘူး”
ကိုယ်လုပ်တော်ပိုင် ပျာပျာသလဲ အော်ဟစ်လိုက်သည်။
ကုယွမ်က အမိန့်ပေးလိုက်၏။
“အဲဒါကို မီးရှို့ဖျက်ဆီးပစ်လိုက်။ ပြီးရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်တော့”
ကုဟွားက သူမ အသက်ကိုပါ ဆုံးရှုံးစေခဲ့ရသော ကျွန်စာချုပ်က မီးတောက်များအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်နေမိသည်။
သူမ၏ နှုတ်ခမ်းပါးလေးများက အနည်းငယ် တုန်ယင်နေရပြီး ရင်ထဲ၌ အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့ရသော ဒေါသမီးများက ပြင်းထန်စွာ တောက်လောင်လာခဲ့၏။
သူမ၏ ဖြူစင်မှု၊ သူမ၏ အသက် ဤအရာများ အားလုံးက တန်ဖိုးမရှိသော ဤပြာမှုန်များကဲ့သို့ပင် ဖြစ်၏။
‘ဘယ်သူမှ ဂရုမစိုက်ခဲ့ကြသလို ဘာတန်ဖိုးမှလည်း ရှိမနေခဲ့ပါ’
…
ကုဟွားက ကိုယ်လုပ်တော်ပိုင်၏ နောက်သို့လိုက်ပြီး ပင်မတံခါးကြီးဆီသို့ လျှောက်လှမ်းလာခဲ့သည်။ ထိုနေရာတွင် ကိုယ်လုပ်တော်ပိုင်၏ သီးသန့်ရထားလုံး ရပ်တန့်ထားသည်ကို မြင်တွေ့လိုက်ရသည်။
ကိုယ်လုပ်တော်ပိုင် သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ရထားလုံးက သေးလို့ လူအများကြီး ဆံ့မှာမဟုတ်ဘူး... နင် တစ်ယောက်တည်းပဲ ငါ့နောက်ကို လိုက်ခဲ့တော့...”
ကုဟွား အငြင်းပွားမနေခဲ့ချေ။
“မမကျိုး... မမရယ် မိန်းကလေးရှန်ရယ်နဲ့ အိမ်တော်ထိန်းချုပ်ကြီးကျိုးတို့ အိမ်တော်ကိုပဲ အရင်ပြန်နှင့်ကြပါ။ တုန့်ဟွား တစ်ယောက်ပဲ ညီမနောက်ကို လိုက်ခဲ့ရင် ရပါပြီ”
“ငါ နင်နဲ့အတူ လိုက်ခဲ့မယ်”
ကျိုးကျစ်လန် စိုးရိမ်ပူပန်နေခဲ့သည်။
ကုဟွားက သူမကို စိတ်အေးစေမည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရင်း တိုးညှင်းစွာ ကပ်ပြောလိုက်၏။
“ပိုင်မိသားစုက ဝမ်းကွဲအစ်ကိုနဲ့ တွေ့ဆုံမှာက လူစည်ကားတဲ့ ဈေးတန်းထဲက စားသောက်ဆိုင်မှာပါ။ သူ ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး”
ကျိုးကျစ်လန် စိတ်မအေးနိုင်သေးမီ၌ပင် ရှန်လီက ကုဟွား၏ လက်ထဲသို့ ဆေးပုလင်းလေးတစ်ခုကို အတင်းထည့်ပေးလိုက်သည်။
“ဒါကို ဖြန်းလိုက်ရင် သန်မာထွားကျိုင်းတဲ့ လူဆယ်ယောက်ကိုတောင် သေသွားစေနိုင်တယ်”
ထိုအပြုအမူကြောင့် ကုဟွား၏ ရင်ထဲ၌ ခံစားချက်များ နက်နဲသွားရသည်။
သူမ ပြုံးပြချင်မိသော်လည်း နှာခေါင်းထဲတွင် ချဥ်စူးစူး ဖြစ်သွားရကာ မျက်ဝန်းအစုံကလည်း အနည်းငယ် နီမြန်းလာခဲ့၏။
“မိန်းကလေးရှန်... အဆိပ်ဖြေဆေး ပြင်ဆင်ဖို့ကိုလည်း ကူညီပေးပါဦးနော်”
“စိတ်မပူပါနဲ့”
ကုဟွားက သူတို့နှစ်ဦးကို ခေါင်းညိတ်ပြလိုက်သည်။
“ဒီကိစ္စပြီးရင် ကျွန်မ ကွယ်လွန်သူ သခင်မကြီးအတွက် စာမူတွေ ကူးရေးပေးဖို့ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်...”
“တစ်ခုခု ဖြစ်ရင် အသံကျယ်ကျယ်ထွက်အောင် နည်းလမ်းရှာဦး... အဲဒီအနီးအနားမှာ ကင်းလှည့်နေတဲ့ အစိုးရစစ်သည်တွေ ရှိတယ်...”
ကျိုးကျစ်လန် စိုးရိမ်ပူပန်လွန်းသဖြင့် ထပ်တလဲလဲ မှာကြားနေမိသည်။
“အမ်း...”
ကုဟွားက ခေါင်းညိတ်ပြလိုက်သည်။
“မြန်မြန်လုပ်စမ်း။ အချိန်လွန်သွားလို့ နင့်ဝမ်းကွဲအစ်ကိုရဲ့ ကိစ္စတွေ နောက်ကျသွားရုံတင်မကဘဲ အိမ်တော်ကို ငွေတွေပြန်သယ်လာဖို့ပါ နှောင့်နှေးသွားရင်တော့ နင့်အဖေက နင့်ကို သေချာပေါက် လွှတ်ထားမှာ မဟုတ်ဘူး”
ကိုယ်လုပ်တော်ပိုင်က ရထားလုံးအတွင်းမှနေ၍ စိတ်မရှည်စွာ လှမ်းအော်လိုက်၏။
ကုဟွား ရထားလုံးပေါ်သို့ တက်လိုက်သည်။ တုန့်ဟွားကလည်း နောက်မှ လိုက်ပါရန် ပြင်ဆင်လိုက်သော်လည်း အမျိုးသမီးလု၏ အတင်းဆွဲလှည့်ခြင်းကို ခံလိုက်ရ၏။
“အစေခံတစ်ယောက်က သခင်တွေရဲ့ ရထားလုံးပေါ်ကို ဘယ်လိုလုပ်ပြီး အတူတူ လိုက်စီးရဲရတာလဲ။ နင် စည်းမဲ့ကမ်းမဲ့နိုင်လိုက်တာ”
တုန့်ဟွားက ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း ကုဟွားက သူမအား တိတ်တဆိတ် ခေါင်းယမ်းပြနေသည်ကို မြင်လိုက်ရသဖြင့် ဒေါသကို အတတ်နိုင်ဆုံး ဖိနှိပ်လိုက်ရင်း အမျိုးသမီးလု၏ ဘေးနားမှနေ၍ လမ်းလျှောက်လိုက်ပါလာခဲ့သည်။
ရထားလုံးက အရှိန်အဟုန်ဖြင့် မောင်းနှင်သွားခဲ့ပြီး မကြာမီအချိန်အတွင်း၌ပင် တုန့်ဟွားနှင့် အမျိုးသမီးလုတို့ကို နောက်၌ ချန်ရစ်ထားခဲ့သည်။ တုန့်ဟွား စိုးရိမ်စိတ်များ မြင့်တက်လာရသဖြင့် ရထားလုံးကို မျက်စိအောက်မှ အပျောက်မခံဘဲ အနောက်မှ အတင်း ပြေးလိုက်သွားသည်။
အမျိုးသမီးလုက သူမကဲ့သို့ ခြေလှမ်းမသွက်လှချေ။ သူမက အသက်ပြင်းပြင်းရှူလျက် အနောက်မှ မောပန်းတကြီး လိုက်ပါရင်း ကျိန်ဆဲတော့သည်။
“ကောင်မစုတ်လေး... ယုန်တစ်ကောင်ထက်တောင် ပြေးတာ မြန်နေသေးတယ်”
ရထားလုံးအတွင်း၌မူ...
ကိုယ်လုပ်တော်ပိုင်က သူမအပေါ် အမြဲတမ်း ပြုမူလေ့ရှိသော ကြမ်းတမ်းသည့် စကားလုံးများနှင့် ရက်စက်သော မျက်နှာထားများကို လုံးဝ ဖျောက်ဖျက်လိုက်ပြီး ကြင်နာတတ်သော မိခင်တစ်ဦးကဲ့သို့ ပြုံးရွှင်လျက် ရှိနေသည်။
“ဟွားအာ...သမီး အမေ့အပေါ်မှာ တော်တော်လေး အထင်လွဲနေခဲ့ပြီပဲ”
ကုဟွား၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးလျက် ရှိ၏။
သူမဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်လျှင် ကိုယ်လုပ်တော်ပိုင်က ဆက်လက်ပြုံးပြရင်း ပြောလိုက်သည်။
“အရင်တုန်းက အမေက သမီးအတွက် ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခု ရှာဖွေပေးထားတယ်လို့ ပြောခဲ့တာက တကယ်အမှန်ပါ။ အမေ သမီးကို လိမ်ခဲ့တာ မဟုတ်ပါဘူး”
ကုဟွားက သူမ ဆက်ပြောမည်ကို သိရှိလိုသဖြင့် ခပ်အေးအေးသာ စိုက်ကြည့်နေမိသည်။
“အမေ့ရဲ့ ရင်ထဲမှာ သမီးကို အမြဲတမ်း သနားစိုးရိမ်မိပြီး သမီးအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ရှာဖွေပေးချင်ခဲ့တာ... ဒါကြောင့်မို့လို့ အကြီးဆုံး မမလေးကို အတင်းအဓမ္မ တောင်းဆိုပြီး သမီးကို ယုံမြို့စားအိမ်တော်ထဲ ခေါ်သွားခိုင်းခဲ့တာပေါ့။ တကယ်လို့ သမက်တော်သာ သမီးကို သဘောကျသွားခဲ့ရင် အနာဂတ်မှာ သမီးရဲ့ ဘဝတစ်ခုလုံး ချမ်းသာကြွယ်ဝသွားမှာ မဟုတ်ဘူးလား။ အဲဒီကျွန်စာချုပ်ဆိုတာကလည်း အစကတည်းက အတုကြီးပါ။ အကြီးဆုံး မမလေး စိတ်အေးလက်အေးဖြစ်ပြီး သမီးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်လို့ လှည့်စားခဲ့ရုံ သက်သက်ပါပဲ”
ကုဟွားက သူမ၏ မျက်နှာကို ဖြတ်မရိုက်မိစေရန်အတွက် မျက်ဝန်းများကို ပြတင်းပေါက်ပြင်ပဆီသို့ အတင်းလွှဲပြောင်းလိုက်ရသည်။
သူမ သစ်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက် ပြုမူနေသည်ကို မြင်လျှင် ကိုယ်လုပ်တော်ပိုင် ရင်ထဲမှ ဒေါသများကို မနည်း ထိန်းချုပ်လိုက်ရ၏။
“အခု သမီးက ယုံမြို့စားအိမ်တော်မှာ မနေချင်တော့ဘူးဆိုတော့လည်း အမေ့အနေနဲ့ အတင်းအဓမ္မ မတိုက်တွန်းတော့ပါဘူး။ သမီးလည်း သိတဲ့အတိုင်းပဲ ပိုင်မိသားစုက ဝမ်းကွဲအစ်ကိုကြီးက သမီးကို အမြဲတမ်း သဘောကျခဲ့တာလေ။ ပြီးတော့ သမီးရဲ့ အဒေါ်ကလည်း ဒီကိစ္စကို အရင်ကတည်းက ပြောဖူးတယ်... အမေတွေးမိတာကတော့ သမီးသာ ပိုင်မိသားစုထဲကို လက်ထပ်ဝင်ရောက်သွားရင် ဆွေမျိုးချင်း ပိုပြီး ရင်းနှီးသွားရုံတင်မကဘဲ ပိုင်မိသားစုကလည်း သမီးအပေါ်မှာ လုံးဝ ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူးလေ”
‘ဩော်... အဲဒီတော့ ဒါက သူစောင့်ဆိုင်းနေတဲ့ လှည့်ကွက်ပေါ့လေ’