← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း(၅၉)

ကုဟွားက ခေါင်းပြန်လှည့်လိုက်သည်။

“အရင်တုန်းကတော့ ကိုယ်လုပ်တော်က ကျွန်မကို ပိုင်မိသားစုက ဝမ်းကွဲအစ်ကိုကြီးနဲ့ နီးနီးကပ်ကပ် ရှိနေမှာကို တော်တော်လေး မနှစ်သက်ခဲ့တာ မဟုတ်ဘူးလားဟင်...”

ကိုယ်လုပ်တော်ပိုင်က သူမ အမှားကို ဝန်ခံရန် စိတ်ကူးမရှိဘဲ မျက်လုံးကို တစ်ချက်လှန်လိုက်၏။

အတိတ်တုန်းက သူမက ကုဟွားကို သူမ၏ မိခင်ဘက်မှ ဆွေမျိုးများထဲသို့ လက်ထပ်ဝင်ရောက်သွားမည်ကို လုံးဝ မလိုလားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

‘ငါ့ခေါင်းပေါ်ကို အမြဲတမ်း တက်နင်းနေတဲ့ သခင်မကြီးဝမ်ရဲ့ သမီးကို နောင်တစ်ချိန်မှာ ပိုင်မိသားစုကို ဆက်ခံမဲ့သူရဲ့ အိမ်ထောင်ဖက် အဆင့်အတန်းမြင့် သခင်မကြီး ဖြစ်လာခွင့်ကို ငါက ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ’

“အမေက သမီးကို သနားလို့ပါ။သမီးက သမက်တော်ကို လက်မထပ်ချင်ဘူးဆိုမှတော့ သမီးအတွက် အကောင်းဆုံး ခိုနားရာက သမီးရဲ့ ဝမ်းကွဲအစ်ကိုကြီးပဲ ဖြစ်လိမ့်မယ်။ သူကလည်း သမီးကို သဘောကျတာဆိုတော့ သမီးအပေါ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ”

ကုဟွားက ရင်ထဲမှ လှောင်ပြုံးပြုံးလိုက်ရင်း အံ့အားသင့်ဟန်ဆောင်ကာ မေးမြန်းလိုက်၏။

“ဝမ်းကွဲအစ်ကိုကြီးက လက်ထပ်ထားတာ မကြာသေးဘူးမလားဟင်... ကျွန်မ ကြားတာကတော့ ဝမ်းကွဲယောင်းမက ပျန်းကျင်းမြို့က အရာရှိကြီးတစ်ဦးရဲ့ မိသားစုက ဆင်းသက်လာတာဆို။ ဝမ်းကွဲအစ်ကိုက သူ့ကို လက်ထပ်တုန်းကဆိုရင် ဘယ်တော့မှ ကိုယ်လုပ်တော် ထပ်မယူပါဘူးလို့တောင် သစ္စာဆိုခဲ့သေးတယ်။ အဲဒီတုန်းက မောင်းထု စည်တီးပြီးတော့ မင်္ဂလာလက်ဆောင် ခန်းဝင်တင်တောင်းပစ္စည်းတင် ထမ်းစင်ကြီး တစ်ဆယ့်ရှစ်စင်တောင် ပို့ပေးခဲ့တာလေ။ အရမ်းစည်ကားခမ်းနားလွန်းလို့ ပျန်းကျင်းမြို့က လူတိုင်း သိကြတာပဲ မဟုတ်လား”

သူမက ထိုဝမ်းကွဲယောင်းမနှင့် တစ်ခါမျှ မတွေ့ဆုံဖူးခဲ့ချေ။ ကုဝမ်ရုဆီမှ အတင်းအဖျင်း စကားအချို့ကိုသာ အနည်းငယ် ကြားဖူးခဲ့ခြင်း ဖြစ်သည်။

“ဒါကြောင့်မို့လို့ သမီးက အရင်ဆုံး အပြင်မယား အဖြစ်နဲ့ နေရမှာပေါ့... သမီးမှာ ကိုယ်ဝန်ရလာပြီး ဆန်ကထမင်းဖြစ်သွားတဲ့ အခါကျရင်တော့ (ပြန်ပြင်မရအောင် ဖြစ်ပြီးသွားရင်တော့) သမီးရဲ့ ဝမ်းကွဲယောင်းမမှာလည်း လက်ခံရုံကလွဲပြီး အခြားရွေးချယ်စရာ ရှိမှာမဟုတ်တော့ဘူး။ အမေက သမီးအတွက် အရာအားလုံးကို ကြိုတင်စီစဉ်ပေးထားပြီးပြီမို့လို့ စိတ်မပူပါနဲ့”

‘ဟက်’

‘ဒီတော့ ဒါက သူ စီစဉ်ထားတဲ့ အကြံအစည်ပေါ့လေ’

ကုဟွားက မရယ်ဘဲ မနေနိုင်တော့ချေ။

အကယ်၍ သူမအား အစေခံတစ်ဦးဖြစ်အောင် အတင်းအဓမ္မ မပြုလုပ်နိုင်ခဲ့လျှင် ပို၍ နိမ့်ကျသော အမြှောင်မယားအဖြစ်သို့ ပြောင်းလဲသွားအောင် လှည့်စားခေါ်ဆောင်နေခြင်းပေ။

ပိုင်မိသားစုက အရာရှိကြီးများ၏ မိသားစုများနှင့် အဆက်အသွယ်ရရှိရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြပြီး ပိုင်မိသားစု၏မျိုးဆက်ကို သူတို့နှင့် တဖြည်းဖြည်း ပေါင်းစပ်လိုကြသည်။

ပိုင်မိသားစုမှ အဆင့်အတန်းမြင့်သော တရားဝင် သမီးအရင်းဖြစ်သူက ပျန်းကျင်းမြို့ရှိ ဝမ်ချန်မှူးမတ်အိမ်တော်သို့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ဝင်ရောက်ခဲ့ပြီး ဝမ်းကွဲအစ်ကိုကြီးကမူ ပျန်းကျင်းမြို့မှ အရာရှိကြီးတစ်ဦး၏ သမီးဖြစ်သူကို အိမ်ထောင်ဖက် အဆင့်အတန်းမြင့် တရားဝင်ဇနီး သခင်မကြီးအဖြစ် လက်ထပ်ခဲ့သည်။

ပိုင်မိသားစုက သူတို့လူမှုရေးအဆင့်အတန်းကို မြှင့်တင်ရန်အတွက် ဦးနှောက်ကို အစွမ်းကုန်အသုံးချနေကြပြီး အရာရှိကြီးများ၏ မိသားစုများနှင့် သွေးချင်းနှောလျက် ကျန်းလင်ပိုင်မိသားစု၏ ဂုဏ်သိက္ခာကို ထာဝရ တည်တံ့စေရန် မျှော်လင့်နေကြခြင်း ဖြစ်၏။

ဝမ်းကွဲယောင်းမဖြစ်သူက အလွန်အမင်း ခက်ထန်ကြမ်းတမ်းမှန်း ကိုယ်လုပ်တော်ပိုင် ကောင်းစွာ သိရှိထားသည်။

အကယ်၍ သူမအနေဖြင့် ဤ အပြင်မယားအကြောင်းကို သိရှိသွားခဲ့လျှင် ကုဟွားကို ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းမည်မှာ သေချာလှသည်။

တရားဝင် ဇနီးသည် တစ်ဦးက အပြင်မယားတစ်ယောက်ကို လုံးဝ လက်ခံနိုင်မည်မဟုတ်ချေ။

အကယ်၍ သူမက ကုဟွားအား ရိုက်သတ်ပစ်လိုက်လျှင်ပင် အစိုးရမင်းများဘက်မှ ဤကိစ္စကို လိုက်လံစုံစမ်းစစ်ဆေးနေမည် မဟုတ်ချေ။

ကုဟွားက ရုတ်တရက် တည်ကြည်လေးနက်သွားကာ ပြောလိုက်၏။

“ကိုယ်လုပ်တော်ပိုင်... ကျွန်မ တစ်ခုပဲ မေးပါရစေ။ တကယ်လို့ ကိုယ်လုပ်တော်က အမှန်အတိုင်း ဖြေကြားပေးမယ်ဆိုရင် အနာဂတ်မှာ ကိုယ်လုပ်တော်ရဲ့ စီစဉ်မှုမှန်သမျှကို နာခံပါ့မယ်”

‘ကောင်မစုတ်လေး...နင်က ငါ့ကို လာပြီး ညှိနှိုင်းရဲသေးတယ်ပေါ့လေ’

“မေးလေ...”

မည်သို့ပင်ဖြစ်စေ ကုဟွားက သူမ၏ လက်ခုပ်ထဲမှ ရေကဲ့သို့ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

“အစ်ကိုကျိ... အစ်ကိုကျိကို ဘယ်နေရာကို ပို့ပစ်လိုက်တာလဲဟင်...”

ဤနာမည်ကို ပြောလိုက်ရုံမျှဖြင့် ကုဟွား၏ ရင်ထဲ၌ နာကျင်မှုကြောင့် တုန်ယင်သွားရသည်။

သုံးနှစ်တိုင်တိုင် မည်သည့်သတင်းအစအနမျှမရှိဘဲ ပျောက်ဆုံးနေခဲ့ပြီး ထိုကောင်လေးကို သူမ တစ်ခါမျှ ပြန်မတွေ့ခဲ့ရချေ။

သူက အတိတ်ဘဝတွင် သူမအပေါ် စစ်မှန်သော စေတနာကို ပြသခဲ့ဖူးသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။

“နင်က အဲဒီဆင်းရဲသားကောင်လေးကို အခုထိ မှတ်မိနေသေးတာလား”

ကုဟွားက သူမ၏ လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကိုင်ထားလျက် တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်၏။

“သူ အသက်ရှင်နေသေးလား သေသွားပြီလားဆိုတာကိုပဲ ကျွန်မ သိချင်တာပါ”

“အဲဒီတုန်းက သူက နင့်ကို ခိုးရာလိုက်ပြေးဖို့ သွေးထိုးလှုံ့ဆော်ရဲရုံတင်မကဘဲ မှူးမတ်အိမ်တော်ရဲ့ မမလေးတစ်ယောက်ကိုပါ စိတ်ကူးယဉ်ရဲတာလေ... သေချာပေါက် သူက သေကို သေရမှာပေါ့”

“သေသွားပြီ ဟုတ်လား”

ကုဟွားက မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိ၏။

“ငါက အစကတော့ သူ့ကို ဖမ်းပြီး အဲဒီနေရာမှာတင် ရိုက်သတ်ပစ်မလို့ပဲ။ ဒါပေမဲ့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ သူက ချောက်ကမ်းပါးပေါ်ကနေ ခြေချော်ကျပြီး သူ့ဘာသာသူ သေသွားခဲ့တာလေ”

ကိုယ်လုပ်တော်ပိုင်က ပေါ့ပေါ့ပါးပါးပင် ပြောဆိုသွားသည်။

ကုဟွား၏ နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ နာကျင်သွားရ၏။

သူမအပေါ်တွင် ကောင်းမွန်ခဲ့ဖူးသော တစ်ဦးတည်းသောသူဖြစ်သည့် အစ်ကိုကျိကို သေတွင်းထဲ ရောက်အောင် တွန်းပို့ခဲ့မိသူက သူမကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။

ကိုယ်လုပ်တော်ပိုင်က သူမကို စောင်းငဲ့ကြည့်လိုက်သည်။

“နင်က သမက်တော်နဲ့ပဲ လက်ထပ်လက်ထပ်...နင့်ရဲ့ ဝမ်းကွဲအစ်ကိုကြီးကိုပဲ လက်ထပ်လက်ထပ်... ဘယ်သူပဲဖြစ်ဖြစ် ငယ်ငယ်တည်းက ဆင်းရဲဒုက္ခရောက်နေတဲ့ အဲဒီဆင်းရဲသား သူငယ်ချင်းထက်တော့ မသာဘူးလား... နင့်မှာ တကယ် ရည်မှန်းချက် မရှိတာပဲ...”

အပြင်တွင် နေက ခြစ်ခြစ်တောက် ပူနေသော်လည်း ကုဟွား၏ တစ်ကိုယ်လုံး အေးစိမ့်သွားရသည်။

သူမ မွေးဖွားလာသည့် အချိန်မှစ၍ ပိုင်မိသားစုဘက်မှ အကွက်ဆင်ထားသော လှည့်ကွက်ထောင်ချောက်ကြီးအတွင်း ပိတ်မိနေခဲ့ရပြီး သူမ သေဆုံးသည်အထိ တင်းတင်းကျပ်ကျပ် ပိတ်လှောင်ထားခြင်းကို ခံခဲ့ရသည်။

သူမတွင် အနည်းငယ်မျှသော မျှော်လင့်ချက်ရောင်ခြည်ကလေး ရှိလာခဲ့လျှင်ပင် ထိုအမျိုးသမီးက ချက်ချင်းပင် ဖျက်ဆီးပစ်ခဲ့သည်။

ကုဟွားက သူမ ဝမ်းနည်းပူဆွေးမှုများကို အတတ်နိုင်ဆုံး ဖိနှိပ်လိုက်ရင်း တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“ဘာကို ငယ်သူငယ်ချင်းလဲ။ သူက အတူတူ စာသင်ခဲ့တဲ့ ကျောင်းနေဖက် သာသာပါပဲ။ ကိုယ်လုပ်တော် ပြောတာ မှန်တယ်။ ဆင်းရဲသားတစ်ယောက်က မှူးမတ်အိမ်တော်ရဲ့ မမလေးတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်ပါ့မလဲ”

ကိုယ်လုပ်တော်ပိုင်က ပြုံးလိုက်သည်။

‘အမွေးအတောင်မစုံသေးတဲ့ စာကလေးတစ်ကောင်က သစ်ကိုင်းပေါ်ကို ပျံတက်ပြီး ဇာမဏီတစ်ကောင် ဖြစ်ချင်နေသေးတယ်ပေါ့လေ’

‘အိပ်မက်တောင် မက်မနေနဲ့’

ရထားလုံးက ရွှမ်ဟွားစားသောက်ဆိုင်ကြီး၏ အရှေ့တွင် ရပ်တန့်သွားခဲ့၏။

ဤနေရာက မြို့တော်တွင် ပိုင်မိသားစုပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင် ရထားလုံးပေါ်မှ ဆင်းလိုက်သောအခါ သူမ လာသည်မှန်း သိရှိသွားသော တံခါးဝမှ စားပွဲထိုးလေးက အပြေးအလွှား လာရောက်၍ ပျာပျာသလဲ ကြိုဆိုသည်။

“အကြီးဆုံး ဒေါ်လေး ရောက်လာပြီပဲ... အကြီးဆုံး သခင်လေးက ဒုတိယထပ်က သီးသန့်အခန်းထဲမှာ စောင့်ဆိုင်းနေပါတယ်...”

ကုဟွားက ကိုယ်လုပ်တော်ပိုင်၏ နောက်မှလိုက်၍ ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး စားသောက်ဆိုင်အတွင်းသို့ ဝင်လာခဲ့ကြ၏။

တုန့်ဟွားက တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်လျက် အနောက်မှ အမှီပြေးလိုက်လာခဲ့သည်။ သူမက အတွင်းသို့ လိုက်ပါရန် ပြင်လိုက်သော်လည်း စားပွဲထိုးလေး၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ငါက ဒုတိယမမလေးကုရဲ့ အစေခံပဲ”

တုန့်ဟွားက သူ့ကို စိုက်ကြည့်ရင်း အော်ပြောလိုက်၏။

ထိုစားပွဲထိုးလေးက အဆင့်မြင့်အရာရှိကြီးများနှင့် မှူးမတ်မျိုးနွယ်များကို မြင်တွေ့ရသည်မှာ ယဉ်ပါးနေပြီ ဖြစ်သည်။

သူမ၏ အဝတ်အစားနှင့် အဆင်တန်ဆာများက ကုမှူးမတ်အိမ်တော်မှ အစေခံမလေးများထက်ပင် ပိုမို၍ ခမ်းနားထည်ဝါနေသည်ကို မြင်လျှင် သူ့အနေဖြင့် မရိုမသေ မပြုလုပ်ရဲချေ။

“မိန်းကလေး... ကျေးဇူးပြုပြီး ပထမထပ်မှာ ခေတ္တစောင့်ဆိုင်းပေးပါဦး။ ကျွန်တော်က မိန်းကလေးအတွက် ရေနွေးနွေးလေးတစ်ခွက် ဧည့်ခံပါ့မယ်...”

တုန့်ဟွားက အတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း အမျိုးသမီးလု ရောက်ရှိလာခဲ့ပြီး သူမကို အနောက်မှနေ၍ အတင်းဆွဲခေါ်လိုက်တော့သည်။

သူမက မောပန်းစွာ အသက်ပြင်းပြင်းရှူလျက် ပြောလိုက်၏။

“သခင်... သခင်တွေ စကားပြောနေကြတာ... အစေခံ... အစေခံတွေက အထဲကို လိုက်မသွားသင့်ဘူး”

တုန့်ဟွား ဒုတိယထပ်သို့ တက်ရောက်သွားသော ကုဟွားကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်မိသည်။ ကုဟွားက ခေါင်းပြန်လှည့်လျက် သူမကို စိတ်အေးစေမည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်လိုက်သည်။

“မမလေး... တစ်ခုခု ဖြစ်လာခဲ့ရင် အသံကျယ်ကျယ်နဲ့သာ အော်လိုက်နော်”

တုန့်ဟွားက ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီး စောင့်ကြည့်နေသည်ကိုပင် ဂရုမစိုက်ဘဲ ကျယ်လောင်စွာ လှမ်းအော်လိုက်၏။

စားပွဲထိုးလေး၏ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများအောက်တွင် တုန့်ဟွားက သူမ၏ အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ကုလားထိုင်တစ်လုံးကို ဆွဲယူကာ လှေကားခြေရင်းတွင် ခြေနှစ်ဖက်ကို ကားလျက် အပိုင်နေရာယူ ထိုင်ချလိုက်သည်။

သူမ၏ ပုံစံက “လူတစ်ယောက်တည်းနှင့် စစ်သည်တစ်သောင်းကို ဆီးကြိုတိုက်ခိုက်မည့်” ပုံစံမျိုး ဖြစ်နေသည်။

စားပွဲထိုးလေးက မျက်လုံးများ ပြူးကျယ်စွာ အမျိုးသမီးလုကို လှမ်းကြည့်လိုက်သော်လည်း အမျိုးသမီးလုက ဝင်ရောက်စွက်ဖက်ရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။

ဤမိန်းကလေးက အလွန်ပင် ခက်ထန်ကြမ်းတမ်းလှသည့်အပြင် ယုံမြို့စားအိမ်တော်က လူများကိုလည်း ရိုက်နှက်ရန် မဖြစ်နိုင်ချေ။

ရွှမ်ဟွားစားသောက်ဆိုင်ကြီးက ပျန်းကျင်းမြို့၏ စီးပွားရေးအချက်အချာဖြစ်သည့် အစည်ကားဆုံးသော လမ်းမထက်တွင် တည်ရှိနေခြင်း ဖြစ်သည်။

ဤအချိန်တွင် စားသောက်ဆိုင်အတွင်း၌ လက်ဖက်ရည် သောက်သုံးသူများနှင့် မုန့်အချိုပွဲစားသုံးသူများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် ဆူညံပွက်လောရိုက်လျက် စည်ကားနေခဲ့သည်။

ဤကဲ့သို့သော အခြေအနေကြောင့်သာ ကုဟွားက သူမ အနောက်သို့ သတ္တိရှိရှိ လိုက်လာရဲခြင်း ဖြစ်သည်။

သူမ၏ ပစ်မှတ်က လက်ရှိ ပိုင်မိသားစု၏ အခွင့်အာဏာကို ကိုင်စွဲထားသော ပိုင်မိသားစု၏ အကြီးဆုံး သခင်လေးဖြစ်သူ ပိုင်ရိပင် ဖြစ်သည်။

သူက ကိုယ်လုပ်တော်ပိုင်၏ အကြီးမားဆုံးသော အားကိုးရာနှင့် ကျောထောက်နောက်ခံ ဖြစ်သည်။

သီးသန့်အခန်းအတွင်းသို့ ဝင်ရောက်လိုက်ပြီးလျှင် ကုဟွားက ပြတင်းပေါက်ဘေးတွင် မတ်တတ်ရပ်လျက် အပြင်သို့ လှမ်းမျှော်ကြည့်ရှုနေသော အရပ်ရှည်ရှည်နှင့် သွယ်လျသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

အသံကြားသဖြင့် ထိုလူက လှည့်ကြည့်လာပြီး ကုဟွားကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်ဝန်းအစုံက အံ့ဩမှင်တက်မှုများဖြင့် ပြည့်နှက်သွားရသည်။

ကုဟွားက အရင်ဆုံး အရိုအသေပြုလိုက်ရင်း နူးညံ့စွာ ခေါ်ဆိုလိုက်၏။

“ဝမ်းကွဲအစ်ကိုကြီး...”

ပိုင်ရိက သူ့အကြည့်များကို အလျင်အမြန်ပင် ရုပ်သိမ်းလိုက်ပြီး နားရွက်ဖျားလေးများပင် အနည်းငယ် နီမြန်းသွားရသည်။

သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြုံး၍ ပြန်လည်အရိုအသေပြုလိုက်၏။

“အကြီးဆုံး ဒေါ်လေးနဲ့ ဒုတိယဝမ်းကွဲညီမလေး ရောက်လာကြပြီပဲ”

အခန်း(၆၀)

ကိုယ်လုပ်တော်ပိုင်က ပိုင်ရိ၏ အတွေးလေးကို ရိပ်မိလိုက်သဖြင့် ပြုံးလျက် ပြောလိုက်သည်။

“မင်းကို အချိန်အကြာကြီး စောင့်နေစေမိပြီကွယ်။ ဟွားအာ ဒီနေ့ ဘာမှလုပ်စရာမရှိတာနဲ့ သူ့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့လိုက်တာ”

ပိုင်ရိက သူ့စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရင်း ပြုံးပြလိုက်၏။

“ဝမ်းကွဲညီမလေး ဟွားအာနဲ့ မတွေ့ရတာ အချိန်တော်တော် ကြာသွားပြီပဲ မင်းက တော်တော်လေးတောင် အရွယ်ရောက်လာပြီကိုး”

“အမှန်ပါပဲ... နှစ်တော်တော် ကြာသွားခဲ့ပါပြီ”

ကုဟွားက တောက်ပစွာ ပြုံးပြလိုက်သဖြင့် ပိုင်ရိ၏ နှလုံးခုန်သံများက မြန်ဆန်လာရပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။

သူ ကုဟွားကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က ပိုင်ရိကိုယ်တိုင် မှူးမတ်အိမ်တော်သို့ ငွေကြေးများ ပထမဆုံးအကြိမ် သွားရောက်ပို့ဆောင်ခဲ့သည့် အချိန်က ဖြစ်ပြီး ထိုစဉ်က ကုဟွားလေးမှာ အသက်ဆယ်နှစ်အရွယ်သာ ရှိသေးသည်။

ထိုစဉ်က သူမ၏ မျက်နှာသေးသေးလေးက အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ အလွန်ပင် လှပလွန်းသဖြင့် ထိခိုက်လိုက်ရုံမျှဖြင့် ပျက်စီးသွားတော့မည့်အလား ထင်မှတ်ခဲ့ရသည်။

သူမ၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်ဝန်းလေးများဖြင့် သူ့ကို တိတ်တဆိတ် လှမ်းကြည့်နေသည့် ပုံစံလေးက ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နေသည့် ကြောင်ပေါက်စလေး တစ်ကောင်နှင့်ပင် တူလှသည်။

ထိုနှစ်က ပိုင်ရိ၏အသက်မှာ တစ်ဆယ့်ခုနစ်နှစ်သာ ရှိသေး၏။ သူက ပျန်းကျင်းမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့ခြင်းဖြစ်ပြီး လူအများ၏ မျှော်လင့်ချက်အတိုင်းပင် နန်းတွင်းစာမေးပွဲတွင် အဆင့် (၅၈) ဖြင့် အောင်မြင်ခဲ့ပြီး ပိုင်မိသားစု၏ သမိုင်းတစ်လျှောက် အရာရှိလောကထဲသို့ ပထမဆုံး ခြေစုံပစ်ဝင်ရောက်နိုင်ခဲ့သည့် သားကြီးဖြစ်လာခဲ့သည်။

ထိုနှစ်၌ပင် ပိုင်မိသားစုက ကုအမတ်မင်း၏ ကူညီထောက်ပံ့မှုဖြင့် ပျန်းကျင်းမြို့တွင် ပွဲစားတစ်ဦးကို ရှာဖွေနိုင်ခဲ့ပြီး အကောင်းဆုံးသော အချက်အချာကျသည့် နေရာတစ်ခုကို ရရှိကာ သူတို့ပထမဆုံး စားသောက်ဆိုင်ကြီးကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

သူမကို ဒုတိယအကြိမ် မြင်တွေ့ခဲ့ရသည်က ငါးနှစ်အကြာတွင် ဖြစ်၏။

ကိုယ်လုပ်တော်ပိုင်က ကုဟွားကို ပိုင်မိသားစုမှ အသစ်ဖွင့်လှစ်လိုက်သော အထည်ဆိုင်သို့ ခေါ်ဆောင်လာကာ ဝတ်စုံများ ရွေးချယ်စေခဲ့သည်။

ထိုစဉ်က အခွန်ဝန်ကြီးဌာနတွင် အဆင့်ရှစ် အရာရှိငယ်လေးအဖြစ် တာဝန်ထမ်းဆောင်နေသော ပိုင်ရိကလည်း ထိုနေရာသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိနေခဲ့၏။

ပိုင်မိသားစုက သူ၏ အိမ်ထောင်ဖက်အပေါ် ထားရှိသော သတ်မှတ်ချက်များက အလွန်အမင်း မြင့်မားလွန်းလှသဖြင့် သူ၏ အိမ်ထောင်ရေးကို အသက် ၂၂ နှစ်အရွယ်အထိ အချိန်ဆွဲထားခဲ့ခြင်း ဖြစ်သည်။

ပိုင်ရိက မြို့တော်ရှိ အရာရှိလောကအတွင်း၌ ငါးနှစ်တိုင်တိုင် ကျင်လည်ခဲ့ပြီး အရာရှိကြီးများ၏ သမီးပျိုများကို မြင်တွေ့ခဲ့ဖူးသည်။

အချို့သော အရာရှိမိသားစုများကလည်း သူ့ကို သူတို့သမီးပျိုလေးများနှင့် ပေးစားရန် ကမ်းလှမ်းခဲ့ကြသော်လည်း ပိုင်မိသားစုက သာမန်အရာရှိမိသားစုများကို မျက်လုံးထဲမထည့်ခဲ့သည့်အပြင် ကုန်သည်မိသားစုများနှင့် လက်ထပ်ရန်လည်း လုံးဝ ငြင်းဆန်ခဲ့ကြသည်။

ထို့ပြင် ပိုင်ရိ၏ နှလုံးသားထဲ၌လည်း အသေအချာပင် တစ်စုံတစ်ယောက်က ရှိနေခဲ့သည်။

ထိုနေ့က တွေ့ဆုံခဲ့ကြစဉ်၌ အသက်တစ်ဆယ့်ငါးနှစ်အရွယ် ရှိပြီဖြစ်သော ကုဟွားက လှပကျော့ရှင်းစွာ ဖွံ့ဖြိုးနေပြီဖြစ်ပြီး ဖူးပွင့်ခါစ ပန်းကလေးတစ်ပွင့်ကဲ့သို့ လောကတွင် အနှိုင်းမဲ့လှပမည့် မိန်းမလှလေးတစ်ဦး၏ အသွင်သဏ္ဌာန်က အထင်အရှား ပေါ်လွင်နေခဲ့ပြီ ဖြစ်သည်။

သူမကို မြင်လျှင် သူ့နှလုံးသားလေး ခုန်လှုပ်သွားရသည်ကို ပိုင်ရိ ကောင်းစွာ သိရှိလိုက်ရသဖြင့် သူက ချက်ချင်းပင် နေအိမ်သို့ စာတစ်စောင်ရေးသားကာ မိခင်ဖြစ်သူကို သူ၏ အကြီးဆုံးအဒေါ်ထံသို့ သွားရောက်၍ စေ့စပ်ကြောင်းလမ်းပေးရန် အတင်းအဓမ္မ တောင်းဆိုခဲ့သည်။

သို့သော်လည်း ရက်အနည်းငယ်အကြာတွင်သူ၏ အကြီးဆုံး အဒေါ်ဖြစ်သူကိုယ်တိုင် သူ့ထံသို့ လာရောက်ရှာဖွေခဲ့မည်မှန်း သူမသိခဲ့ပေ။

သူမက ပြောခဲ့သည်မှာ သူမအနေဖြင့် ကျန်းလင်မြို့၌ အချမ်းသာဆုံးသူဌေးကြီး၏ တရားဝင် သမီးအရင်းဖြစ်သော်လည်း မြို့တော်သို့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပြီး ဝင်ရောက်ခဲ့ရခြင်းမှာ သူမ၏ ပျော်ရွှင်မှုများကို ပိုင်မိသားစုအတွက် စတေးခဲ့ရခြင်းဖြစ်ပြီး ပိုင်မိသားစုအတွက် မြို့တော်တွင် နေရာတစ်နေရာ ရရှိစေရန်နှင့် တော်ဝင်ကုန်သည်ကြီးများအဖြစ် အဆင့်အတန်း ခိုင်မာစေရန်အတွက်သာ ဖြစ်ကြောင်း ပြောပြခဲ့သည်။

ပိုင်ရိက တစ်မျိုးနွယ်လုံး၏ ခွန်အားများကို စုစည်းလျက် မြို့တော်သို့ လာရောက်စာမေးပွဲဖြေဆိုကာ အရာရှိဖြစ်လာခဲ့သည့် ပိုင်မိသားစု၏ တရားဝင် သားကြီးတစ်ဦး ဖြစ်သဖြင့် မြို့တော်ရှိ အရာရှိကြီးများ၏ တရားဝင် သမီးအရင်းတစ်ဦးကို လက်ထပ်နိုင်မှသာ အရာရှိလောက၏ လမ်းကြောင်းထက်သို့ အစစ်အမှန် ခြေစုံပစ် ဝင်ရောက်နိုင်မည် ဖြစ်ပြီး ပိုင်မိသားစုကိုလည်း ကြီးပွားချမ်းသာအောင် ကူညီပေးနိုင်မည် ဖြစ်သည်။

ထို့ပြင် ပိုင်ရိ၏ ပခုံးပေါ်တွင် ပိုင်မိသားစုမှ အခြားသော ညီအစ်ကိုများကိုပါ အရာရှိလောကထဲသို့ ဝင်ရောက်နိုင်အောင် ကူညီရမည့် ကြီးမားသော တာဝန်ဝတ္တရားကြီး ရှိနေသေးသည်။

ထိုနေ့မှစ၍ သုံးနှစ်တိုင်တိုင် သူသည် ဝမ်းကွဲညီမလေး ကုဟွားကို ပြန်လည်မြင်တွေ့ခွင့် မရရှိခဲ့ပေ။

ယနေ့တွင် သူမကို အကြီးဆုံး အဒေါ်ဖြစ်သူက ရုတ်တရက် ဤနေရာသို့ ခေါ်ဆောင်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သူတို့နှစ်ဦး ဆုံတွေ့ခဲ့ဖူးသည့် နှစ်ကြိမ်လုံး၌ သူ၏ နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်ခဲ့သော ပုံရိပ်များကို ပြန်လည်တွေးတောမိရင်း ပိုင်ရိ၏ နှလုံးသားထဲ၌ အကြောင်းရင်းမရှိဘဲ ပြင်းထန်စွာ နာကျင်သွားရသည်။

ယခုအခါ၌ သူ့ထံတွင် အိမ်ထောင်ဖက် ဇနီးသည် ရှိနေခဲ့ပြီ ဖြစ်သည်။ နတ်သမီးလေးတမျှ လှပသော သူ၏ ဝမ်းကွဲညီမလေးနှင့် သူသည် တောင်တန်းပေါင်း တစ်သောင်းကျော် အလှမ်းဝေးသွားခဲ့ရပြီဖြစ်ပြီး အတူတကွ ဆုံစည်းခွင့်ရမည့် ကံကြမ္မာ မရှိနိုင်တော့ချေ။

ပိုင်ရိက ငွေများ ထည့်သွင်းထားသော သေတ္တာဘူးလေးကို ထုတ်ယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကိုယ်လုပ်တော်ပိုင်ထံသို့ ရိုသေစွာ လှမ်းပေးလိုက်၏။

“ဒေါ်လေး... ဒီလအတွက် အမြတ်ဝေစုက ငွေဒင်္ဂါး ရှစ်ရာပါ။ ပြီးတော့ ဒေါ်လေးကို အရိုအသေပြုတဲ့ အနေနဲ့ ငွေအသပြာ တစ်ထောင်လည်း ပါပါသေးတယ်...”

ကိုယ်လုပ်တော်ပိုင်က ၎င်းကို ပြုံးရွှင်စွာ လှမ်းယူလိုက်သည်။

“ပြီးခဲ့တဲ့လကထက် ပိုများလာတာပဲ”

ပိုင်ရိ ကုဟွားကို မကြည့်မိစေရန် သူ့ကိုယ်သူ အတင်းအဓမ္မ ထိန်းချုပ်ထားရသည်။

“ဟုတ်ပါတယ်...စီးပွားရေးက တဖြည်းဖြည်းနဲ့ ပိုပြီး ကောင်းမွန်လာလို့ပါ။ ဒီနေ့ ဒုတိယဝမ်းကွဲညီမလေးနဲ့ ဆုံတွေ့ခွင့်ရတာ တကယ်ကို ရှားပါးတဲ့ အခွင့်အရေးမို့လို့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ လက်ဆောင်တစ်ခုခု ပေးရပါမယ်။ ဒေါ်လေးနဲ့ ဝမ်းကွဲညီမလေးတို့ ဒီမှာ ခဏလောက် ထိုင်စောင့်နေကြပါဦး။ ကျွန်တော် အခုပဲ သွားယူလိုက်ပါ့မယ်”

ကုဟွားက သူ လှည့်ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ၏ ခြေလှမ်းများ အနည်းငယ် ယိမ်းထိုးနေခဲ့ပြီး တံခါးဘောင်ကိုပင် တိုက်မိလုနီးပါး ဖြစ်သွားသည်ကို မြင်လျှင် သူမ၏ နှုတ်ခမ်းပါးလေးများက ခပ်ဖွဖွ ကွေးတက်သွားရသည်။

သူမကို ဤမျှအထိ ဆွဲဆောင်မှုရှိအောင် ပြုစုပျိုးထောင်ပေးခဲ့သည့် ကိုယ်လုပ်တော်ပိုင်ကို အလွန်ပင် ကျေးဇူးတင်ရမည်။

သူမအနေဖြင့် မည်သည့်အရာမျှ ပြုလုပ်ရန် မလိုအပ်ဘဲ နေရာတွင်သာ ငြိမ်သက်စွာ မတ်တတ်ရပ်လျက် ယဉ်ကျေးစွာ ပြုံးပြလိုက်ရုံမျှသာ ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင်၏ ရင်ထဲ၌ ဒေါသကြောင့် အံကြိတ်နေရ၏။

‘ဒီလို မြူဆွယ်တတ်တဲ့ မြေခွေးမလို ကောင်မစုတ်’

သို့သော်လည်း လက်ရှိတွင် ကုဟွားကို ပိုင်ရိ၏ လက်ထဲသို့ ထည့်ပေးလိုက်ခြင်းကသာ သူမကို သေသေချာချာ ထိန်းချုပ်ထားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

အကယ်၍ ပိုင်ရိ သူမကို လက်မခံခဲ့လျှင် သူမက ကုဟွားကို မိခင်ဘက်မှ ဆွေမျိုးများရှိရာ ဇာတိမြေသို့ ပို့ဆောင်ပစ်မည်ဖြစ်ပြီး ဒေသခံ အရာရှိငယ်တစ်ဦးနှင့် အတင်းအဓမ္မ လက်ထပ်ပေးကာ ပိုင်မိသားစုအတွက် အသုံးချခံ နယ်ရုပ်လေးတစ်ခုအဖြစ် ပြုလုပ်ပစ်မည်သာ ဖြစ်၏။

အချုပ်အားဖြင့်ဆိုရသော် သူမအနေဖြင့် ဤမိန်းကလေးကို ရုအာ၏ လမ်းကြောင်းထက်တွင် အဟန့်အတားတစ်ခု ဖြစ်လာမည်ကို လုံးဝ ခွင့်ပြုနိုင်မည်မဟုတ်ချေ။

ကုဟွားအတွက် ဤသည်က ရွှမ်ဟွားစားသောက်ဆိုင်ကြီးသို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။

ဤနေရာက ပျန်းကျင်းမြို့တွင် ပိုင်မိသားစုအတွက် အမြတ်အစွန်းအများဆုံး ရရှိစေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။

၎င်းကို ကုယွမ်၏ ကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သောကြောင့် မှူးမတ်အိမ်တော်က အသပြာတစ်ပြားတစ်ချက်မျှ စိုက်ထုတ်ရန်မလိုအပ်ဘဲ လစဉ်အမြတ်ဝေစု၏ (၃၀) ရာခိုင်နှုန်းကို အလကားရယူနေခြင်း ဖြစ်၏။

သူမက စူးစမ်းလိုစိတ်ဖြင့် ပြတင်းပေါက်ဘေးသို့ လျှောက်လှမ်းသွားပြီး ဘေးပတ်ဝန်းကျင်ရှိ အခြေအနေများကို သေသေချာချာ ကြည့်ရှုနေမိသည်။

အောက်ထပ်၌ ပျန်းကျင်းမြို့၏ အစည်ကားဆုံးသော ဈေးတန်းလမ်းမကြီး ရှိနေပြီး လမ်းတစ်လျှောက်တွင်လည်း စျေးဆိုင်ခန်း အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ လင်းလန်ဆောင်နှင့် ကျိရှန်း အပ်ချူပ်ဆိုင်ကြီးများပင်လျှင် ဤနေရာနှင့် မလှမ်းမကမ်းတွင် တည်ရှိနေကြ၏။

အတိတ်ဘဝတွင် ကုဟွားက ကျယ်ပြန့်သော လောကကြီးကို မြင်တွေ့ခွင့် မရရှိခဲ့ပေ။ ပိုင်မိသားစုကို ပြန်လည်တိုက်ခိုက်ရန်အတွက်လည်း မတွေးရဲခဲ့ချေ။

ယခုဘဝတွင် သူမ အစွမ်းကုန် ကြိုးစားကြည့်ချင်မိသည်။

သူမ မည်သည့်အခြေအနေသို့ ရောက်ရှိသွားသည်ဖြစ်စေ သူတစ်ပါး၏ သတ်ဖြတ်ခြင်းကို ငြိမ်ခံနေရမည့် ဘဝထက်စာလျှင် ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။

အောက်ထပ်တွင် လူအုပ်ကြီးက ဆူညံစွာ သွားလာနေကြသည်ကို မြင်တွေ့ရပြီး လမ်းဘေးဈေးသည်များကလည်း သူတို့ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြကာ စားသောက်ဆိုင်အတွင်းသို့လည်း လူအများအပြားက ဝင်ထွက်သွားလာနေကြသည်။

အားလုံးက အသပြာများ ရှာဖွေနေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။

သူမ ကိုယ်လုပ်တော်ပိုင်ကို လုံးဝ အလဲထိုးပစ်နိုင်ရန်အတွက် ပထမဆုံး ပိုင်မိသားစုဘက်မှ သူမထံသို့ စီးဆင်းနေသော ငွေကြေးထောက်ပံ့မှု လမ်းကြောင်းများကို အပြတ်ဖြတ်ပစ်ရမည်။

သူမက အမှတ်မထင် ခေါင်းကို မော့ကြည့်လိုက်မိပြီး သူမနှင့် မျက်နှာချင်းဆိုင် တည့်တည့်တွင် ရှိနေသော သေသပ်လှပသည့် အဆောက်အဦးငယ်လေးတစ်ခုကို သတိပြုမိလိုက်၏။

ဒုတိယထပ်ရှိ ပြတင်းပေါက်ကြီးများတွင် ဝါးလိုက်ကာများကို ချထားသဖြင့် ဤနေရာမှနေ၍ အတွင်းဘက် အခြေအနေများကို လုံးဝ မမြင်တွေ့နိုင်ချေ။

အောက်ထပ်ရှိ အဓိကတံခါးကြီးကလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ ၎င်းက ဆိုင်ခန်းတစ်ခုနှင့်မတူဘဲ သီးသန့်နေအိမ်တစ်လုံးနှင့် ပို၍ တူနေသည်။

ကုဟွား အံ့အားသင့်သွားခဲ့ရ၏။

‘ဘာဖြစ်လို့ သီးသန့်နေအိမ်တစ်လုံးက ဒီလောက် ဆူညံပွက်လောရိုက်နေတဲ့ ဈေးတန်းအလယ်ခေါင်မှာ ရှိနေရတာလဲ’

သူမက ခဏနေ အောက်ထပ်သို့ ပြန်ဆင်းသည့်အချိန်ရောက်လျှင် ထိုအိမ်၏ တံခါးဝရှိ နာမည်ဆိုင်းဘုတ်ပြားကို သေချာပေါက် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူမ အလွန်ပင် စူးစမ်းချင်စိတ်များ ပြည့်နှက်နေမိ၏။

All Chapters