အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း(၆၁)
“ဟွားအာ... ခဏနေကျရင် နင့်ဝမ်းကွဲအစ်ကိုနဲ့ သေသေချာချာ စကားပြောဦးနော် ငါလည်း ဘေးကနေ စကားကောင်းလေးတွေ ကူပြောပေးပါ့မယ်”
“နင့်ဝမ်းကွဲအစ်ကိုက နင့်ကို သဘောကျတာမှန်ပေမဲ့ သူက လက်ထပ်ပြီးကာစပဲ ရှိသေးတာဆိုတော့ မင်္ဂလာဦးကာလက မကုန်သေးဘူးလေ။း”
“ဒါကြောင့် သဘာဝအတိုင်း သူ့ဘက်က သိပ်ပြီး တက်ကြွမှာ မဟုတ်ဘူး။ နင့်ဘက်ကပဲ ပိုပြီး တက်တက်ကြွကြွနဲ့ ဒီအခွင့်အရေးကို အရယူရမယ်နော်”
ကိုယ်လုပ်တော်ပိုင် သူမအပေါ်တွင် လုံးဝ စေတနာအရင်းခံဖြင့် တွေးတောပေးနေသည့်အလား မျက်နှာတစ်ခုလုံး၌ စိုးရိမ်ပူပန်မှုများဖြင့် ဟန်ဆောင်ပြလိုက်၏။
ကုဟွား သူမကို ပြန်လည်အဖက်လုပ်၍ စကားမဆိုချင်တော့သဖြင့် ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“အမ်း”
ပြီးနောက် ပြတင်းပေါက်ဘောင်ကို မှီလျက် ပြင်ပရှိ အခြေအနေများကို ဆက်လက်စောင့်ကြည့်နေမိသည်။
ကိုယ်လုပ်တော်ပိုင် သူမ၏ သွယ်လျလှပနေသော ကျောပြင်ကို ခပ်အေးအေး စိုက်ကြည့်လိုက်ရင်း ရင်ထဲ၌ လှောင်ပြုံးပြုံးလိုက်၏။
‘ဒီကောင်မစုတ်လေး ဘေးပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားပြီး လှည့်ပတ်ကြည့်နေတဲ့ ပုံစံကိုကြည့်စမ်းပါဦး။ ဒီလိုအခွင့်အရေးမျိုး ရလိုက်လို့ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေတာ သေချာတယ်’
ပိုင်ရိက ရုပ်ရည်ချောမောသည့်အပြင် ကြွယ်ဝသော စည်းစိမ်ချမ်းသာများနှင့် ကံကြမ္မာကောင်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။
‘အပျက်မလေးက သူ့ရဲ့ အပြင်မယား ဖြစ်ခွင့်ရဖို့ကို မျှော်လင့်တောင့်တနေမှာ’
ဤသည်က တစ်နှစ်လျှင် ရက်အနည်းငယ်မျှသာ အိမ်သို့ ပြန်လာလေ့ရှိသော ယုံမြို့စားမင်း လူအိုကြီးကို ခစားရသည်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်သည် ဖြစ်သည်။
‘ပိုင်ရိဘက်က ကြည့်မယ်ဆိုရင်လည်း သူက ယောက်ျားတစ်ယောက်ပဲလေ’
ပိုင်ရိက သူ၏ မာနကြီးပြီး အာဏာပြတတ်သော တရားဝင် ဇနီးသည်ကို မနှစ်သက်မှန်း သူမ ကောင်းစွာ သိရှိထားသည်။
အကယ်၍ သူမဘက်မှ ကုဟွားကို သူ့လက်ထဲသို့ တက်တက်ကြွကြွ ထည့်ပေးလိုက်မည်ဆိုလျှင် သူ၏ စာဖတ်ခန်းတွင် အနံ့အသက်လေးများ ထုံသင်းစေမည့် မိန်းမလှလေးတစ်ဦး ရှိနေခြင်းအပေါ် မည်သည့်ယောက်ျားသားကများ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။
ကုဟွားတစ်ယောက် ပိုင်ရိ၏ အပြင်မယား ဖြစ်သွားသည်နှင့် သူမ သတင်းကို ချက်ချင်းပင် အပြင်သို့ ပျံ့နှံ့သွားအောင် ပြုလုပ်ပစ်မည် ဖြစ်၏။
ထိုအချိန်ကျလျှင် ကုဟွား လူအများ၏ လက်ညှိုးထိုး ကျိန်ဆဲခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
ယုံမြို့စားကြီးကလည်း သူမကဲ့သို့ စိတ်နှလုံး ပျက်ပြားနေသော မိန်းမတစ်ဦးကို သေချာပေါက် နှမြောနေမည် မဟုတ်ချေ။
အကယ်၍ သမက်တော်က သူမကို လက်မလွှတ်နိုင်သေးလျှင် တစ်ကြိမ်နှစ်ကြိမ် သွားရောက်ကစားနိုင်ရန် အခွင့်အရေး ရှာဖွေပေးလိုက်ရုံမျှသာ ဖြစ်သည်။ သမက်တော် စိတ်ကျေနပ်သွားလျှင် ထိုအပျက်မကို အဝေးသို့ လွှင့်ပစ်လိုက်ရုံသာ ဖြစ်၏။
ထိုအချိန်ရောက်လျှင် ပိုင်ရိကလည်း ဤမိန်းမပျက်၏ မျက်နှာအစစ်အမှန်ကို မြင်တွေ့သွားမည်ဖြစ်ပြီး သဘာဝအတိုင်း သူမကို စိတ်ထဲမှ ထာဝရ မေ့ပျောက်သွားလိမ့်မည်။
ကိုယ်လုပ်တော်ပိုင် သူမ၏ အစီအစဉ်မှာ အလွန်ပင် ပြောင်မြောက်လှသည်ဟု ခံစားလိုက်ရသဖြင့် မျက်နှာထက်တွင် အပြုံးများကို မနည်း ထိန်းချုပ်ထားရ၏။
‘ဟိုမိန်းမပျက် သခင်မကြီးဝမ်က ပိုင်မိသားစုရဲ့ ပိုက်ဆံတွေကို သုံးစွဲနေပြီး တရားဝင်ဇနီးသည် သခင်မကြီး ဆိုတဲ့ ရာထူးနဲ့ ငါ့ခေါင်းပေါ်မှာ လာပြီးမာနထောင်လွှားနေခဲ့တာလေ’
သူမအနေဖြင့် သခင်မကြီးဝမ်နှင့် သူမ သမီးအရင်းတို့ကို မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားအောင် မနင်းခြေနိုင်မချင်း စိတ်ကျေနပ်နိုင်မည် မဟုတ်ချေ။
သခင်မကြီးဝမ် အဆိပ်မိပြီး သေဆုံးခါနီးအချိန်နှင့် ဤအပျက်မလေး၏ဘဝ လုံးဝ ပျက်စီးသွားမည့် အချိန်ရောက်မှသာ သူမ အမှန်တရားအားလုံးကို ဖွင့်ဟပြောကြားပြီး ဒေါသထွက်၍ သေဆုံးသွားအောင် ပြုလုပ်ပစ်မည် ဖြစ်၏။
ကိုယ်လုပ်တော်ပိုင်က တွေးတောမိလေ ရင်ထဲ၌ ပိုမို၍ ဝမ်းသာအားရလာလေ ဖြစ်သည်။
ကုဟွားက ကိုယ်လုပ်တော်ပိုင်၏ စိတ်ကူးစိတ်သန်းများ မိုးကောင်းကင်ထက်သို့ ရောက်ရှိနေသည်ကို လုံးဝ မသိရှိချေ။
သူမ ပို၍ မသိရှိခဲ့သည်မှာ သူမအနေဖြင့် မျက်နှာချင်းဆိုင် အဆောက်အအုံအတွင်းကို မမြင်တွေ့နိုင်သော်လည်း မျက်နှာချင်းဆိုင် အဆောက်အအုံအတွင်းရှိ လူများက သူမ လှုပ်ရှားမှုမှန်သမျှကို အထင်အရှား မြင်တွေ့နေရခြင်း ဖြစ်သည်။
ထိုအခန်းအတွင်း၌ မုကျွင်းယန် လက်ဖက်ရည်ခွက်ကို ကိုင်ဆောင်လျက် ငြိမ်သက်စွာ သောက်သုံးနေ၏။
သူ့အရှေ့တည့်တည့်တွင် အနီရောင် ဝတ်ရုံကို ဆင်မြန်းထားသော ရုပ်ရည်ချောမောသည့် သခင်ငယ်လေးတစ်ဦး ဘေးနားရှိ အပြာရောင် ဝတ်ရုံဆင်မြန်းထားသော အခြားသခင်ငယ်လေးတစ်ဦးနှင့် ရယ်မောကာ စကားလက်ဆုံ ကျနေကြ၏။
ရုတ်တရက် အနီရောင်ဝတ်ရုံနှင့် သခင်လေးက သူ့အကြည့်များကို ရပ်တန့်လိုက်ပြီး ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလျက် ဝါးလိုက်ကာများ၏ ကြားမှနေ၍ မျက်နှာချင်းဆိုင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။
“ကြည့်စမ်းပါဦး။ မျက်နှာချင်းဆိုင်က မိန်းမပျိုလေးရဲ့ အလှက တကယ်ကို ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတယ်”
မုကျွင်းယန်က ပုံမှန်ဆိုလျှင် မိန်းမပျိုလေးဟူသော စကားလုံးအပေါ် မည်သည့်တုံ့ပြန်မှုမျှ မရှိတတ်သူ ဖြစ်သော်လည်း ယခုအခါတွင်မူ တစ်စုံတစ်ခုက ညှို့ငင်သွားသည့်အလား လက်ဖက်ရည်ခွက်ကို အသာအယာ ချလိုက်ပြီး ဘေးဘက်သို့ အနည်းငယ် စောင်းငဲ့ကြည့်လိုက်မိ၏။
ရုတ်ချည်းပင် သူ့မျက်ဝန်းအစုံက တင်းကြပ်သွားရသည်။
‘ကုဟွားလား’
‘သူ ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ’
မိန်းမပျိုလေးက အဝါနုရောင် ဝတ်စုံကို ဆင်မြန်းထားသည်။ သူမက ပြတင်းပေါက်ဘောင်ပေါ်သို့ ကိုယ်တစ်ဝက်ကို မှီလျက် အပြင်ဘက်သို့ ကိုယ်ကို အနည်းငယ် ကိုင်းထားကာ ခေါင်းလေးကို စောင်းလျက် ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။
ပြတင်းပေါက်ဘောင်က နိမ့်လွန်းလှသဖြင့် သူမ၏ သွယ်လျသော ခါးသိမ်လေးကို အထင်အရှား ပေါ်လွင်နေစေသည်။ အပေါ်သို့ ဆက်လက်ကြည့်ရှုလိုက်လျှင် သူမ၏ နူးညံ့ဖွံ့ဖြိုးနေသော ရင်အစုံနှင့် ခါးအချိုးအစားက အလွန်ပင် အချိုးကျလှသည်။
နူးညံ့သော လေပြေညင်းတစ်ချက် အဝေ့တွင် သူမ၏ ပါးပြင်ဘေးရှိ ဆံနွယ်စအချို့မှာ လွင့်ပျံသွားခဲ့ပြီး နေရောင်ခြည်ကလည်း သူမ မျက်နှာလေးထက်သို့ ဖြာကျလျက်ရှိနေ၍ သေသပ်လှပသော မျက်နှာသွင်ပြင်ကို ထင်ရှားစေသည်။
မိန်းမပျိုလေးက စိတ်ဝင်စားစရာ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား တောက်ပစွာ ပြုံးလိုက်သဖြင့် တစ်ကိုယ်လုံး ဝေဝေဆာဆာ တောက်ပသွားသကဲ့သို့ ခံစားရစေသည်။
အပြာရောင်ဝတ်ရုံနှင့် အခြားသခင်လေးကလည်း အခြေအနေကို သိရှိရန်အတွက် အနားသို့ တိုး၍ လှမ်းကြည့်လိုက်၏။
“အိုး... ဒီလောက်ထိ ချောမောလှပတဲ့ မိန်းမလှလေးက ဘယ်မိသားစုက ဆင်းသက်လာတာပါလိမ့်။ ငါ သူ့ကို လုံးဝ မမှတ်မိပါလား”
“ငါ မြို့တော်မှာရှိတဲ့ မိန်းမလှလေးတွေကို မြင်ဖူးပေမဲ့ ဒီတစ်ယောက်ကိုတော့ တကယ် တစ်ခါမှမမြင်ဖူးခဲ့ဘူး...”
အနီရောင်ဝတ်ရုံနှင့် သခင်လေးကလည်း အလေးအနက် ခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။
မုကျွင်းယန်၏ မျက်ဝန်းအစုံက မှောင်မှိုင်းကာ နက်ရှိုင်းသွားရသည်။
‘သူ့ရဲ့ ဘေးနားမှာ ရှိနေတဲ့ အခုအရွယ်ထိ လှပနေဆဲအမျိုးသမီးက ကိုယ်လုပ်တော်ပိုင်မလား’
‘သူက ကိုယ်လုပ်တော်ပိုင်ကို မုန်းတီးနေတာ မဟုတ်ဘူးလား’
‘ဘာဖြစ်လို့ အခုကျ သူ့မျက်နှာမှာ အပျော်တွေနဲ့ ပြည့်နေရတာလဲ’
မကြာမီအချိန်အတွင်း၌ပင် အရပ်ရှည်ရှည်နှင့် ရုပ်ရည်ချောမောသော ယောက်ျားတစ်ဦး အခန်းတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ထိုမိန်းမပျိုလေးကို လှမ်း၍ ခေါ်လိုက်ပုံရသည်။
မိန်းမပျိုလေးက ကျော့ရှင်းစွာ ကိုယ်ကို လှည့်လိုက်ပြီး ထိုယောက်ျားရှိရာဆီသို့ ပျော်ရွှင်စွာ လျှောက်လှမ်းသွားခဲ့၏။
မုကျွင်းယန်က သူ့ကိုယ်သူပင် သတိမထားမိလိုက်ဘဲ ကိုယ်ကို ရှေ့သို့ တိုးလိုက်မိကာ မှောင်မှိုင်းနေသော မျက်ဝန်းအစုံဖြင့် မိန်းမပျိုလေး၏ လှုပ်ရှားမှုမှန်သမျှကို စိုက်ကြည့်နေမိသည်။
ထိုယောက်ျားက သူမထံသို့ တစ်စုံတစ်ခုကို လှမ်းပေးလိုက်ပြီး မိန်းမပျိုလေးက ၎င်းကို ပွေ့ပိုက်လျက် ပျော်ရွှင်စွာ ကြည့်နေသည်။
မုကျွင်းယန် မျက်မှောင်ကြုတ်မိသွားရ၏။
‘သူ့ရင်ထဲမှာ နက်ရှိုင်းတဲ့ ခံပြင်းနာကျင်မှု၊ နာကျည်းမှုတွေကို ဖုံးကွယ်ထားရတာ မဟုတ်ဘူးလား’
‘ဘာလို့ ကိုယ်လုပ်တော်ပိုင်နဲ့ ဒီလောက်အထိ အဆင်ပြေနေရုံတင်မကဘဲ အဲဒီယောက်ျားနဲ့ပါ ရင်းနှီးနေရတာလဲ’
‘ပြီးတော့ အဲဒီယောက်ျားက ဘယ်သူလဲ’
‘သူ ငါ့ကို အားကိုးချင်ပါတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား’
‘တခြားယောက်ျားတစ်ယောက်နဲ့ ဘာဖြစ်လို့ လူအများရှေ့မှာ ဒီလောက်အထိ နီးနီးကပ်ကပ် နေရဲရတာလဲ’
‘လူလိမ်မလေး’
“မင်းရဲ့ မျက်နှာက ဘာဖြစ်လို့ ဒီလောက်အထိ ကြည့်ရဆိုးနေရတာလဲ”
အနီရောင်ဝတ်ရုံနှင့် သခင်လေးက ခေါင်းပြန်လှည့်လိုက်စဉ် တစ်စုံတစ်ယောက်၏ မျက်နှာက မည်းမှောင်လျက် ရှိနေပြီး မျက်နှာချင်းဆိုင်ဘက်သို့ စက်ဆုပ်ရွံရှာစွာ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် မေးမြန်းလိုက်မိသည်။
သူက စူးစမ်းလိုစိတ်ဖြင့် မျက်နှာချင်းဆိုင်ဘက်သို့ ထပ်မံလှမ်းကြည့်လိုက်သည်။
“မင်း သူ့ကို သိလို့လား...”
မုကျွင်းယန်က သူ၏ အကြည့်များကို ရုတ်ချည်းပင် ပြန်လည်ရုပ်သိမ်းလိုက်ပြီး လက်ဖက်ရည်ခွက်ကို တင်းတင်းဆုပ်ကိုင်ထားရာမှ လျှော့ချလိုက်၏။
“ငါ သူ့ကို မသိဘူး...”
“တကယ်လား...”
အနီရောင်ဝတ်ရုံနှင့် သခင်လေး၏ မျက်နှာထက်တွင် သံသယအရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။
မုကျွင်းယန် သူ့ကို အေးစက်စွာ တစ်ချက် စောင်းငဲ့ကြည့်လိုက်၏။
“ဟုတ်ပါတယ်လေ... မင်းက ဒီလို မိန်းမပျိုလေးကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ...”
အနီရောင်ဝတ်ရုံနှင့် သခင်လေးက ပြုံးလိုက်ပြီး အကြောင်းအရာများကို လမ်းကြောင်းလွှဲလိုက်သည်။
“အာ... ဟုတ်သားပဲ...မနက်ဖြန်ကျရင် မယ်တော်ကြီးက မင်းအတွက် အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးဖို့ နန်းတော်ထဲကို လာခဲ့ဖို့ မိန့်ကြားလိုက်တယ်နော်... မိဖုရားခေါင်ကြီးက ငါ့ကို ပြောပြတာကတော့ မယ်တော်ကြီးက မင်းအတွက် အိမ်ထောင်ဖက် စီစဉ်ပေးဖို့အရေးကိုပဲ စိတ်အာရုံတစ်ခုလုံး မြှုပ်နှံထားတယ်တဲ့လေ”
မုကျွင်းယန်၏ နောက်ဆုံးသော အိမ်ထောင်ရေးကလည်း မိဖုရားခေါင်ကြီး၏ မိခင်ဘက်မှ မျိုးရိုးဖြစ်သော ကျန်းမိသားစု၏ သမီးပျိုဖြစ်နေခြင်းကြောင့်သာ မယ်တော်ကြီးက ဧကရာဇ်မင်းမြတ်အပေါ် အတင်းအဓမ္မ ဖိအားပေး၍ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအနီရောင်ဝတ်ရုံနှင့် သခင်လေးက မိဖုရားခေါင်ကြီး၏ တရားဝင် ဒုတိယမြောက် သားတော်ဖြစ်ပြီး ဧကရာဇ်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့၏ အချစ်ဆုံးသော ဆဋ္ဌမမင်းသား ကျောက်ယွီဝမ်ဖြစ်၏။
သူက နန်းတော်တွင်းရှိ ဝန်ကြီးအသီးသီးနှင့် မှူးမတ်သမီးပျိုများအကြား စေ့စပ်ကြောင်းလမ်းမှု သတင်းမှန်သမျှကို အသိရှိဆုံးသူ ဖြစ်သည်။
မုကျွင်းယန် သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။
“အတင်းအဖျင်းတွေ”
“ဟေး... ဒီအတင်းအဖျင်းကိုတော့ မင်း သေချာပေါက် နားထောင်ရမှာ”
ကျောက်ယွီဝမ်က ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်သည်။
“တခြားလူတွေကို ထားလိုက်ဦး... မင်းရဲ့ ခယ်မလေးက မင်းအပေါ်မှာ တကယ်ကို နက်နက်ရှိုင်းရှိုင်း သံယောဇဉ်တွယ်နေတာလေ။ ဒါကမှ တကယ့် အတင်းအဖျင်းအကြီးစားပဲ။ သူက မင်းရဲ့ ကွယ်လွန်သူဇနီးထက်တောင် ပိုပြီး လှပသေးတယ်။ မင်း တကယ်ပဲ စိတ်မဝင်စားဘူးလား။ သူက အခုဆိုရင် မယ်တော်ကြီးဆီကနေ ‘ခရိုင်မင်းသမီး’ ဘွဲ့ကိုတောင် ရထားတာဆိုတော့ အဆင့်အတန်းချင်းကလည်း မင်းနဲ့ ကွက်တိပဲလေ”
အပြာရောင်ဝတ်ရုံနှင့် တခြားသခင်လေးကလည်း အနားသို့ တိုးလာ၍ လှောင်ပြောင်လိုက်သည်။
“အာ ညီအစ်မနှစ်ယောက်လုံး မင်းကိုပဲ သဘောကျကြတာပေါ့လေ။ အစ်မဖြစ်သူ ကွယ်လွန်သွားတော့ ညီမဖြစ်တဲ့ ခရိုင်မင်းသမီးက အစားထိုး ဝင်ရောက်လာတာပေါ့။ ဒါက တကယ်ကို ချီးမွမ်းဂုဏ်ပြုထိုက်တဲ့ ပုံပြင်လှလှလေးတစ်ပုဒ်လိုပဲနော်”
သူ ကျောက်ယွီဝမ်၏ ဝမ်းကွဲအစ်ကို ဖြစ်ပြီး မိဖုရားခေါင်းကြီး၏ မိခင်ဘက်မှ ဆွေမျိုးဖြစ်သော မြို့စားကျင်းအိမ်တော်၏ တရားဝင် သားကြီးဖြစ်သူ စွန်းချုံးယန် ပင် ဖြစ်ပေသည်။
အခန်း(၆၂)
မုကျွင်းယန်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားရ၏။
“မင်းတို့တွေက ဗိုက်ဝပြီး ဘာမှလုပ်စရာမရှိ ဖြစ်နေကြတာလား။ ငါ လူလွှတ်ပြီး မင်းတို့နှစ်ယောက်လုံးကို သစ်ပင်ပေါ်မှာ ဇောက်ထိုးဆွဲထားပြီး စိုထိုင်းဆတွေ လျော့သွားအောင် နေလှန်းပေးရမလား”
ကျောက်ယွီဝမ် သူ့ကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိ ပြုံးစိစိဖြင့် ဆိုလိုက်သည်။
“ကျားအကြောင်းပြောတာနဲ့ မျက်နှာပျက်မသွားပါနဲ့ဦး။ တစ်ခါတရံမှာ မိန်းမတစ်ယောက်က ချောဆီတစ်မျိုးလိုပဲလေ။ ယောက်ျားတစ်ယောက်က အချိန်အကြာကြီး တင်းမာခက်ထန်နေရင်လည်း ကျန်းမာရေးအတွက် မကောင်းဘူး။ ဝမ်းကွဲအစ်ကိုကြီးလည်း ကျွန်တော့်စကားကို သဘောတူတယ်မလား”
ဝမ်းကွဲအစ်ကိုကြီးဟု ခေါ်ဝေါ်ခြင်းခံရသော စွန်းချုံးယန်ကလည်း အလွန်အမင်း ထောက်ခံလိုက်သည်။
“ဒီသခင်လေးက မိန်းမမက်တဲ့သူ မဟုတ်ပေမဲ့လည်း ယောက်ျားတစ်ယောက်မှာ တရားဝင် ဇနီးသည်အပြင် ကိုယ်လုပ်တော်လှလှလေးတွေလည်း ရှိဖို့ လိုအပ်တာပေါ့။ ယောက်ျားနဲ့ မိန်းမကြားက ကိစ္စက သေးငယ်တယ်လို့ ထင်ရပေမဲ့ ကိုယ့်ရဲ့ အောက်မှာ မိန်းမလှလေးတစ်ယောက် ရှိနေတဲ့ ခံစားချက်က တကယ်ကို...ကျစ် ကျစ် ကျစ်... မင်းသာ တစ်ကြိမ်လောက် မြည်းစမ်းကြည့်လိုက်ရင် စိတ်ဝိဉာဉ်တစ်ခုလုံး လှုပ်ခတ်သွားစေမဲ့ အံ့ဩစရာကောင်းတဲ့ ခံစားချက်ကို သေချာပေါက် ရသွားမှာသိလား။ နေ့တိုင်း မလုပ်ရ မနေနိုင်အောင်ထိကို ဖြစ်သွားလိမ့်မယ်”
တစ်စုံတစ်ယောက်၏ မျက်နှာက လုံးဝ မည်းမှောင်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် စွန်းချုံးယန် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ရသည်။
ပုံမှန် နောက်ပြောင်နေကျအတိုင်း နောက်ပြောင်ခြင်းက ပြဿနာမရှိသော်လည်း အတိုင်းအထက်အလွန် ဖြစ်သွားလျှင်မူ ဤလူက တကယ်ပင် ရန်သူကဲ့သို့ ပြုမူတတ်သူဖြစ်သည်။
မုကျွင်းယန်က ကြွေခွက်ကို သူ့လက်ချောင်းများဖြင့် ခပ်ဖွဖွ ပွတ်သပ်နေမိ၏။
သူ၏ အောက်တွင် ရှိနေခဲ့ဖူးသော ထိုမိန်းကလေး၏ နူးညံ့သောအသားအရေက ဤလက်ဖက်ရည်ခွက်ထက် အဆပေါင်းများစွာ ပိုမို ကိုယ်တွယ်၍ ကောင်းမွန်လှသည်။
‘တစ်ကြိမ်လောက် မြည်းစမ်းကြည့်လိုက်ရင် ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲဆိုတာ သိသွားလိမ့်မယ်တဲ့လား’
ထိုအရာက အမှန်ဟုတ် မဟုတ်ကို သူ ကောင်းစွာ မသိရှိသော်လည်း ရံဖန်ရံခါတွင်မူ ထိုကဲ့သို့သော စိတ်လှုပ်ရှား ရင်ခုန်စရာ အခိုက်အတန့်များက သူ့စိတ်အာရုံထဲသို့ အကြောင်းရင်းမရှိဘဲ ဝင်ရောက်လာတတ်သည်။
သူ အတွေးစများကို ချက်ချင်းပင် ရုပ်သိမ်းလိုက်၏။
ယခုအခါတွင် အားကိုးရာမဲ့ဟန်ဆောင်လျက် သူ့ထံတွင် အကာအကွယ်ပေးရန် တောင်းဆိုခဲ့သော မိန်းမပျိုလေးက အခြားယောက်ျားတစ်ယောက်အပေါ် ဤမျှအထိ တောက်ပစွာ ပြုံးပြနေသည်ကို မြင်တွေ့ရသည်မှာ သူ့အတွက် အံ့ဩစရာကောင်းသော ခံစားချက် ဖြစ်နိုင်ပါဦးမလား။
မုကျွင်းယန် မည်းမှောင်နေသော မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်သို့ မသိမသာ ထပ်မံလှမ်းကြည့်လိုက်မိသည်။
မိန်းမပျိုလေးနှင့် ထိုယောက်ျားက အလွန်ပင် ပျော်ရွှင်စရာကောင်းသော စကားဝိုင်းတစ်ခု ရှိနေကြပုံရသည်။
သူ့ထံတွင် သနားစရာဟန်ဆောင်လျက် အကာအကွယ် တောင်းဆိုခဲ့ခြင်းက အတုအယောင်မျှသာ ဖြစ်ပြီး ပိုမိုမြင့်မားသော သစ်ကိုင်းပေါ်သို့ ပျံတက်ချင်နေခြင်းကသာ အမှန်တရား ဖြစ်ပေလိမ့်မည်။
ကုဟွား မျက်နှာချင်းဆိုင်ဘက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လုံးဝ မသိရှိချေ။
‘ကိုယ်လုပ်တော်ပိုင် ငါ့ကို ပိုင်ရိရဲ့ အပြင်မယား ဖြစ်စေချင်နေတာမလား။ အဲဒါဆိုရင် ငါက ပိုင်ရိရဲ့ နှလုံးသားထဲမှာ ငါ့ကို လုံးဝ လက်မလွှတ်နိုင်လောက်အောင် လုပ်ပစ်လိုက်မယ်လေ’
ကုဟွား သေသပ်လှပသော သစ်သားသေတ္တာဘူးလေးအတွင်း၌ ရှိနေသော ကြည်လင်တောက်ပသည့် ကျောက်စိမ်းဆံထိုးလေးကို ကြည့်ရှုရင်း မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရသည်။
“အရမ်း လှတာပဲ... ဒါပေမဲ့ အရမ်းတန်ဖိုးကြီးလွန်းတယ်။ ညီမလေး မယူရဲပါဘူး”
“ဒီဆံထိုးက ဒုတိယဝမ်းကွဲညီမလေးနဲ့ပဲ ထိုက်တန်တာပါ...”
ပိုင်ရိ ကုဟွားကို စိုက်ကြည့်နေရင်း နှလုံးခုန်သံများ မြန်ဆန်လာရကာ စကားကို လွှတ်ခနဲ ပြောလိုက်မိခြင်း ဖြစ်သည်။
ဤဆံထိုးက လင်လန်ဆောင်မှ လာခြင်းဖြစ်ပြီး ၎င်းက သူ၏ ဇနီးသည်နှင့်အတူ ဈေးဝယ်ထွက်စဉ်က ဇနီးဖြစ်သူ ပထမဆုံးအကြိမ် မြင်မြင်ချင်း သဘောကျခဲ့သော ပစ္စည်းတစ်ခု ဖြစ်၏။
ပိုင်ရိက ၎င်းကို ဇနီးဖြစ်သူ၏ မွေးနေ့တွင် လက်ဆောင်ပေးမည်ဟု ကတိပြုထားခဲ့ခြင်း ဖြစ်သည်။
သူက ယနေ့မှသာ လင်လန်ဆောင်မှ ဤဆံထိုးကို သွားယူခဲ့ခြင်း ဖြစ်သော်လည်း နှင်းကဲ့သို့ ဖြူစင်သောအသားအရေထက်တွင် ပန်းရောင်သန်းနေသော ကုဟွား၏ မျက်နှာလေးကို မြင်တွေ့လိုက်ရသည့် အခိုက်အ၌ သူမကဲ့သို့သော မိန်းမလှလေးတစ်ဦးနှင့်သာ ဤကျောက်စိမ်းဆံထိုးက ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။
သူ့ရဲ့ ဇနီးသည်အတွက်ကတော့...
အဆိုးဆုံးဖြစ်သွားလျှင်ပင် အခြားလူတစ်ယောက်က ဤကျောက်စိမ်းဆံထိုးကို အရင်ဦးဆုံး ဝယ်ယူသွားခဲ့ပြီဟု လိမ်ညာပြောဆိုလိုက်ပြီး နောက်ထပ်အသစ်တစ်ခုကို ထပ်မံဝယ်ယူပေးလိုက်ရုံမျှသာ ဖြစ်သည်။
“မင်းရဲ့ ဆံထိုးထိုးမင်္ဂလာပွဲတုန်းက အစ်ကိုကြီး မင်းအတွက် ဂုဏ်ပြုလက်ဆောင် မပေးခဲ့ရဘူးလေ။ ဒါက အဲဒီအတွက် အစားထိုးပေးတာ တကယ်လို့ မင်းက လက်မခံဘူးဆိုရင်တော့ အစ်ကိုကြီးရဲ့ လက်ဆောင်ကို မျက်နှာပျက်အောင် လုပ်ရာရောက်လိမ့်မယ်နော်”
ဤစကားကို ကြားလျှင် ကုဟွား ချိုသာစွာ ပြုံးပြလိုက်၏။
“ဒါက ဆံထိုးထိုးမင်္ဂလာပွဲအတွက် အစားထိုးလက်ဆောင်ဆိုမှတော့ ညီမလေး ငြင်းဆန်လိုက်ရင် ရိုင်းပျရာရောက်သွားမှာပေါ့နော်။ ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကိုကြီး”
ကိုယ်လုပ်တော်ပိုင် ဟန်ဆောင်ပြုံးရင်း ဆိုလိုက်သည်။
“ဒါက ဆံထိုးထိုးမင်္ဂလာပွဲအတွက် လက်ဆောင်ဆိုမှတော့... ရိအာ... မင်းကပဲ ဟွားအာရဲ့ ဆံနွယ်တွေအပေါ် မှာ ဒီဆံထိုးလေးကို ကိုယ်တိုင် ထိုးပေးလိုက်ပါလား။ ဒါက အစ်ကိုကြီးတစ်ယောက်အနေနဲ့ ညီမလေးအပေါ် ဘယ်လောက်တောင် အလိုလိုက်တယ်ဆိုတာကို ပြသရာရောက်တာပေါ့”
ကုဟွား၏ မျက်နှာလေးက ရှက်သွေးဖြန်းကာ နီမြန်းသွားရသည်။
“ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ”
ပိုင်ရိကလည်း ဤအရာက မသင့်တော်ဟု ခံစားလိုက်ရသော်လည်း ကိုယ်လုပ်တော်ပိုင်က ဤသို့ ပြောဆိုလာသည့်အခါတွင်မူ သူ၏ စိတ်နှလုံးထဲ၌ တောင့်တမှုများက ထပ်မံ၍ နိုးကြားလာရပြန်သည်။
သူက ဆိုလိုက်သည်။
“ဒါက တကယ်ကို မသင့်တော်ပါဘူး...”
“ဘာကို မသင့်တော်ရမှာလဲ... ဒီမှာ တခြားလူလည်း ရှိတာမဟုတ်ဘဲ ငါတို့တွေချည်းပဲဟာကို... အားလုံးက မိသားစုဝင်တွေပဲ”
ကိုယ်လုပ်တော်ပိုင်က မီးလောင်ရာလေပင့် လုပ်လိုက်ပြန်သည်။
ကုဟွား၏ ပန်းရောင်သန်းနေသော မျက်နှာလေးက ရှက်ကိုးရှက်ကန်းဖြင့် ပိုမို၍ နီမြန်းသွားရသည်။
သူမက ခေါင်းလေးကို ငုံ့ထားလျက် မည်သည့်စကားမျှ ပြန်လည်မဆိုခဲ့ချေ။
ပိုင်ရိ၏ ရင်ထဲ၌ ပြင်းထန်သော တွန်းအားတစ်ခု တက်ကြွလာရသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်စိမ်းဆံထိုးလေးကို ကောက်ယူကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်မိ၏။
နှလုံးသားနှင့် အဆုတ်တစ်ခုလုံးကို ထိုးဖောက်သွားနိုင်သည့် မွှေးပျံ့သော ရနံ့လေးတစ်ခု သူ့နှာခေါင်းဝဆီသို့ တိုးဝင်လာခဲ့သည်။
ခဏအတွင်း သူ၏ စိတ်အာရုံများ လွင့်ပျံကာ ဝေဝေဝါးဝါး ဖြစ်သွားရသည်။
သူ၏ ဝမ်းကွဲညီမလေးက ငြင်းဆန်ခြင်းမပြုသည်ကို မြင်လျှင် ကျောက်စိမ်းဆံထိုးကို ကိုင်ဆောင်ထားသော သူ၏ လက်များက အနည်းငယ် တုန်ယင်နေခဲ့၏။
သူက မွှေးပျံ့သော ရနံ့ကို အဝ ရှူရှိုက်လိုက်ပြီး ကျောက်စိမ်းဆံထိုးလေးကို သူမ၏ မိုးတိမ်ကဲ့သို့သော ဆံထုံးလေးအပေါ်သို့ အသာအယာ ထိုးနှံပေးလိုက်သည်။
သူက ချက်ချင်းပင် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိပြီး သူမကို ပျော်ရွှင်စွာဖြင့် စိုက်ကြည့်ရင်း မချီးမွမ်းဘဲ မနေနိုင်တော့ချေ။
“တကယ်ကို အရမ်းလှတယ်”
ကိုယ်လုပ်တော်ပိုင်က မချိပြုံး ပြုံးနေရ၏။
‘ဒီလို အဆင့်အတန်းမရှိတဲ့ အပျက်မလေး... ပိုင်ရိက ဘယ်လောက်တောင် အလားအလာရှိလဲဆိုတာ မြင်လိုက်တာနဲ့ ချက်ချင်းကို မြူဆွယ်ဖို့ ကြိုးစားနေတာပေါ့လေ’
‘ပိုင်ရိကလည်း တကယ်ကို စိတ်မခိုင်တဲ့ကောင်ပဲ... ခဏလေးအတွင်းမှာတင် စိတ်ဝိဉာဉ် ပျောက်ဆုံးသွားရရှာတယ်’
ဤကိစ္စ ပြီးမြောက်သွားသည်နှင့် သူမအနေဖြင့် ဤအပျက်မလေးကို အမြန်ဆုံး အဝေးသို့ လွှင့်ပစ်ရန် စီစဉ်ရပေမည်။
အကယ်၍ ပိုင်ရိက သူမကို တကယ်ပဲ စိတ်မချနိုင် ဖြစ်သွားခဲ့လျှင်မူ နောင်တွင် ပြဿနာ အကြီးအကျယ် တက်လာနိုင်ချေ ရှိသည်။
“အိုး နှမြောစရာကောင်းလိုက်တာကွာ။ အလှလေးက ပိုင်ရှင်ရှိပြီးသားပဲ”
တစ်ဖက်ခြမ်းကို စိုက်ကြည့်နေသည့် ကျင်းအိမ်တော်၏ တရားဝင်သားဖြစ်သူ စွန်းချုံးယန် ဤမြင်ကွင်းကို မြင်လျှင် မတတ်နိုင်ဘဲ ရေရွတ်လိုက်မိသည်။
ဆဋ္ဌမမင်းသား ကျောက်ယွီဝမ် အမြန်လှမ်းကြည့်လိုက်သောအခါ ချောမောသော အမျိုးသားတစ်ဦးက ထိုမိန်းကလေး၏ ဆံပင်တွင် ဆံထိုး၊ထိုးပေးနေသည်ကို အမှတ်မထင် မြင်လိုက်ရသည်။
သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“နှမြောစရာပဲ... ဆံထိုးတောင် ထိုးပေးနေပြီဆိုတော့ သူက မိန်းမပျိုလေးရဲ့ အနာဂတ် ခင်ပွန်းလောင်းပဲ ဖြစ်ရမယ်”
မုကျွင်းယန်၏ ရင်ထဲ၌ အကြောင်းရင်းမရှိ ဒေါသအရှိန်အဟုန်တစ်ခု ဝုန်းခနဲ တောက်လောင်သွားပြီး မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။
‘သူ ငါ့ကို အရူးလုပ်နေတာလား’
‘ငါ့ဆီမှာ အကာအကွယ်တောင်းပြီး ငါ့ကုတင်ပေါ်အထိ တက်ခဲ့တဲ့သူက အခု မျက်စိတစ်မှိတ်အတွင်းမှာပဲ တခြား ယောကျ်ားတစ်ယောက်ကို လူပုံအလယ်မှာ ဆံထိုးထိုးခွင့်ပြုပြီး အရမ်းကို တောက်တောက်ပပ ပြုံးပြနေသေးတယ်ပေါ့လေ’
ကုဟွား လက်ဖက်ရည်ခွက်ကို လှမ်းကိုင်လိုက်စဉ် လက်ဖက်ရည်များ ဖိတ်စင်သွားပြီး ကိုယ်လုပ်တော်ပိုင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။
“နင်...”
“ကိုယ်လုပ်တော်...ကျွန်မ တောင်းပန်ပါတယ်။ စိတ်လှုပ်ရှားသွားလို့ပါ”
ကုဟွားက ပျာပျာသလဲနှင့် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် ပုံစံမျိုးဟန်ဆောင်ကာ သူမ လှပသော မျက်ဝန်းများဖြင့် ပိုင်ရိကို အကူအညီတောင်းသကဲ့သို့ လှမ်းကြည့်လိုက်သည်။
“ဝမ်းကွဲအစ်ကိုကြီး... ဒီမှာ ဧည့်သည်တွေလဲဖို့ အဝတ်အစားအသစ်သင့်ရှိလားဟင်...ကိုယ်လုပ်တော် အဝတ်လဲလို့ရအောင်”
“ရှိတာပေါ့... ရှိတာပေါ့”
ပိုင်ရိက တံခါးဝဘက်သို့ အမြန်လှမ်းအော်လိုက်သည်။
“တစ်ယောက်လောက် လာခဲ့ဦး”
အစေခံမိန်းကလေးတစ်ဦး လိုက်ကာကို ပင့်မကာ ဝင်လာခဲ့သည်။
“အကြီးဆုံး ဒေါ်လေးကို အဝတ်လဲဖို့ အမြန်ခေါ်သွားလိုက်”
ကုဟွားက မျက်လွှာချလိုက်သည်။
ကိုယ်လုပ်တော်ပိုင်က ကုဟွားကို တစ်ချက် စောင်းကြည့်လိုက်သည်။
‘ဒီမြေခွေးမက ပိုင်ရိကို သဘောကျသွားပြီး နှစ်ယောက်တည်း အတူတူရှိနေချင်ပုံပဲ’
မူလ၌ ပိုင်ရိက သိက္ခာထိန်းသည့်အနေဖြင့် အပြင်မယား မထားချင်မည်ကို သူမက စိုးရိမ်နေခဲ့ခြင်းဖြစ်သော်လည်း ယခုမူ ထို မြေခွေးမလေးက ပေါ့ပေါ့ပါးပါး မြှူဆွယ်လိုက်ရုံနှင့်ပင် သူ့စိတ်ကို လှုပ်ခတ်သွားစေနိုင်ပုံရသည်။
‘ယောကျ်ားဆိုတာ ငါးညှီနံ့ရရင် မနေနိုင်တဲ့ ကြောင်တွေနဲ့ အတူတူပဲ’
(မိန်းမလှလေးရဲ့ မြူဆွယ်မှုဒဏ်ကို မခုခံနိုင်ခြင်း)
ကိုယ်လုပ်တော်ပိုင် ထွက်ခွါသွားသည်ကို မြင်လျှင် ကုဟွား ချက်ချင်း ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်ကာ ပိုင်ရိနှင့် အကွာအဝေးကို ခွာလိုက်ပြီး စနစ်တကျ ပြန်ထိုင်လိုက်သည်။
သူမ ရင်ထဲ၌ အကြောင်းရင်းမရှိဘဲ အပြစ်ရှိသလို ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းက ပိုင်ရိအပေါ် မဟုတ်ဘဲ မုကျွင်းယန်အပေါ် ဖြစ်သည်။
“ဝမ်းကွဲအစ်ကိုကြီး... ထိုင်ပါဦး”
ပိုင်ရိ ရင်ထဲမှ လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
ကုဟွားအနေဖြင့် ရှေ့ဆက်ရမည့် အစီအစဉ်များအတွက် ပိုင်ရိ၏ လက်ရှိအခြေအနေကို စုံစမ်းရန် လိုအပ်သည်။
“ဝမ်းကွဲအစ်ကို အခု ဘယ်ရာထူးမှာ တာဝန်ထမ်းဆောင်နေတာလဲဟင်”
ပိုင်ရိက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး အသံကို အနည်းငယ် နှိမ့်လိုက်သည်။
“အာ... အခွန်ဝန်ကြီးဌာနမှာ အငယ်တန်းအရာရှိ အသေးစားလေးပါပဲ... ဝမ်းကွဲညီမလေးကို ရယ်စရာမြင်စေမိပြီ...”
မှူးမတ်အိမ်တော်မှ မမလေးတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ပိုင်ရိက အမြဲတစေ သိမ်ငယ်စိတ် ဝင်နေမိသည်။
ကုဟွားက နန်းတွင်းရေးရာများကို သိပ်မသိသော်လည်း ပြုံးလိုက်သည်။
“ဝမ်းကွဲအစ်ကိုက အရည်အချင်းရှိတာပဲ... အနာဂတ်မှာ အဆင့်ဆင့် ရာထူးတိုးသွားမှာ သေချာပါတယ်... ဒါပေမဲ့ အခွန်ဝန်ကြီးဌာနက ရာထူးတိုးဖို့ ခက်တယ်လို့ ညီမလေး ကြားဖူးတယ်”
သူမ နားမလည်လျှင်ပင် အခွန်ဝန်ကြီးဌာနက ဝင်ငွေကောင်းသော နေရာတစ်ခုဖြစ်ကြောင်း သိသေးသည်။ ပိုင်ရိက ထိုကဲ့သို့ ရာထူးအငယ်လေးတွင် နှစ်ပေါင်းများစွာ ရှိနေခြင်းက သူမ၏ အသုံးမကျသော ဖခင်နှင့် တူလှသည်။
ဤသည်က ရာထူးတိုးရန် တကယ်ပင် ခက်ခဲကြောင်း ပြသနေသည်။
ကြယ်စင်များကဲ့သို့ တောက်ပနေသည့် မိန်းမပျိုလေး၏ မျက်ဝန်းများကို ကြည့်ပြီး ပိုင်ရိ၏ နှလုံးသားက ခုန်လှုပ်သွားရသည်။
“ဒေါ်လေးက ပြောတယ်... ဦးလေးက သူ့ရဲ့ အထက်လူကြီးဆီမှာ အစ်ကို့ကို ရာထူးတိုးပေးဖို့ အကြံပြုစာ ရေးပေးမလို့တဲ့”
ကုဟွားက ရင်ထဲတွင် လှောင်ပြုံး ပြုံးလိုက်မိသည်။
‘ကုယွမ်က သူ့ကိုယ်သူတောင် မနည်းကာကွယ်နေရတာကို သူကများ ထောက်ခံပေးဦးမယ်တဲ့လား’
သူမက အံ့သြသွားသည့် ပုံစံမျိုး ပြသလိုက်သည်။
“အဖေကလား... သူကိုယ်တိုင်တောင် အာဏာမရှိတဲ့ ရာထူးမှာ ရှိနေပြီး တကယ့်အာဏာရှိတဲ့ ရာထူးရဖို့ ဘယ်လိုလုပ်ရမလဲလို့ ပူပန်နေရတာ... ဝမ်းကွဲအစ်ကိုကြီးကို ဘယ်လိုလုပ် အကြံပြုပေးနိုင်မှာတဲ့လဲ”
ပိုင်ရိ၏ မျက်နှာက အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။