← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း(၆၃)

ကိုယ်လုပ်တော်ပိုင်က ပိုင်မိသားစုဘက်မှ ငွေကြေးထောက်ပံ့မှုများ ပြတ်တောက်သွားမည်ကို စိုးရိမ်သဖြင့် အမှန်အတိုင်း ပြောပြမည်မဟုတ်ကြောင်း ကုဟွား ရိပ်မိလိုက်သည်။

သူမက စိုးရိမ်ပူပန်သည့် ပုံစံဖြင့် သက်ပြင်းချလိုက်သည်။

“ညီမ ကိုယ်လုပ်တော်အတွက် တကယ် စိုးရိမ်မိတယ်... သူက ဝမ်းကွဲအစ်ကိုတို့ လစဉ်ပေးနေတဲ့ ငွေတွေကို မှူးမတ်အိမ်တော်ရဲ့ အိမ်သုံးစရိတ်တွေနဲ့ အစ်မရဲ့ အိမ်သုံးစရိတ်တွေအတွက် အကုန်လုံးကို စိုက်ထုတ်ပေးနေရတာလေ။ အစ်မ မျက်နှာသာရဖို့အတွက် ညီမလေးကိုတောင် အစ်မခင်ပွန်းရဲ့ အိပ်ယာဝင်အစေခံဖြစ်ဖို့ လုပ်နေသေးတယ်။ သူ့စိတ်က မှူးမတ်အိမ်တော်နဲ့ အစ်မအပေါ်မှာပဲ အလုံးစုံ ပုံအောထားတာလေ။ ပိုင်မိသားစုက ပေးသမျှ ငွေတွေက မြစ်ထဲ ရေသွန်သလိုမျိုး အလဟဿ ဖြစ်သွားမှာပဲ ညီမလေး ကြောက်မိတယ်”

ပိုင်ရိ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

“ဘာ... အိပ်ယာဝင်အစေခံ ဟုတ်လား... ညီမလေးက မှူးမတ်အိမ်တော်ရဲ့ သမီးပျိုတစ်ယောက်ဖြစ်ပြီး ဒေါ်လေးရဲ့ သမီးအရင်းပဲလေ။ တရားမဝင်သမီး ဖြစ်နေရင်တောင် အဆင့်နည်းနည်းနိမ့်တဲ့ မိသားစုမှာ တရားဝင်ဇနီးအဖြစ် လက်ထပ်လို့ ရတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုးထိ နှိမ့်ချရမှာလဲ”

သူက ပန်းအဖူးအငုံလေးကဲ့သို့ နုနယ်လှပသော ဝမ်းကွဲညီမလေးကို ကြည့်ပြီး ရင်ထဲတွင် နာကျင်သွားရကာ ဒေါ်လေးက အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်ရသည်ကို နားမလည်နိုင် ဖြစ်နေရသည်။

ကုဟွား ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်သည်။

“ဝမ်းကွဲအစ်ကိုကြီး မသိလို့ပါ။ အခု မှူးမတ်အိမ်တော်က အသုံးမကျတော့ဘူး။ အဖေက ဒီနှစ် အလုပ်စွမ်းဆောင်ရည် စစ်ဆေးချက်ကို အောင်မြင်မှာ မဟုတ်လောက်ဘူး။ နန်းတော်ထဲက အာဏာမရှိတဲ့ ရာထူးကိုတောင် ထိန်းထားဖို့ ခက်နေတာလေ။ မောင်လေးနှစ်ယောက်လုံးကလည်း ငယ်သေးတယ်။ နှစ်ယောက်လုံး ကျန်းမာရေးမကောင်းသလို စာပေလေ့လာတဲ့နေရာမှာလည်း ညံ့ဖျင်းကြတယ်။ ညီမတို့ မှူးမတ်အိမ်တော်က ဆုတ်ယုတ်တော့မယ်ဆိုတာကို သိလို့ အဖေက ပိုင်မိသားစုက လစဉ်ပေးတဲ့ ငွေတွေကိုပဲ အမှီပြုနေရတော့တာ”

ပိုင်ရိက အံ့အားသင့်သွားရသည်။

‘တကယ်လို့ မှူးမတ်အိမ်တော်က ဆုတ်ယုတ်နေပြီဆိုရင် ပိုင်မိသားစုကို မြို့တော်မှာ ပထမတန်းစား တော်ဝင်ကုန်သည် ဖြစ်လာဖို့အတွက် သူတို့က ဘယ်လိုလုပ် ကူညီပေးနိုင်တော့မှာလဲ’

သူ၏ အမူအရာကို ကြည့်ပြီး စိတ်ဝင်တစား နားထောင်နေကြောင်း ကုဟွားက သိလိုက်သည်။

သူမ မီးလောင်ရာလေပင့် ထပ်ပြောလိုက်သည်။

“ကိုယ်လုပ်တော်က ငွေကြေးအများစုကို အစ်မဆီ ပေးလိုက်တယ်။ အစ်မက မြို့စားအိမ်တော်မှာ စကားပြောခွင့်ရအောင်လို့ပေါ့။ ဒါပေမဲ့ အစ်မက တရားဝင်သမီးအရင်းပဲလေ။ သူက ပိုင်မိသားစုအကြောင်းကို ဘယ်လိုလုပ် စဉ်းစားပေးမှာလဲ။ အစ်မက သူ့ကို ဘာမှော်ဆေးတွေ တိုက်ထားလဲတော့ မသိဘူး။ ညီမက သူသမီးအရင်းလို့တောင် မထင်ရတော့ဘူး...”

ပိုင်ရိ၏ မျက်နှာက အနည်းငယ် ပျက်သွားရသည်။

ပိုင်မိသားစုတစ်စုလုံး၏ ဂုဏ်သိက္ခာနှင့် အနာဂတ်က သူ၏အပေါ်၌သာ တည်မှီနေခြင်း ဖြစ်သည်။

မည်သူပင်ဖြစ်စေ မိသားစုအတွက် အကျိုးရှိမည်ဆိုလျှင် သူက တန်ဖိုးထားမည်သာ ဖြစ်၏။

သူ့ဒေါ်လေးက ရည်မှန်းချက်ကြီးပြီး အကွက်ချတတ်သူဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသော်လည်း အရှေ့တွင်ရှိနေသော ဝမ်းကွဲညီမငယ်လေးကမူ အပြစ်ကင်းစင်ပြီး ရိုးသားလှသဖြင့် သူမ စကားများက ပို၍ ယုံကြည်ရပေသည်။

“ဒါဆို ဒေါ်လေးက မှူးမတ်အိမ်တော်က ပိုင်မိသားစုကို မကူညီနိုင်တော့မှာကို စိုးရိမ်လို့ ယုံမြို့စားမင်းအိမ်တော်မှာ ညီမလေးကို စကားကောင်းပြောခိုင်းဖို့ လွှတ်လိုက်တာလို့ ဆိုလိုတာလား...”

“ညီမလေး ထင်တာတော့ အဲဒီလိုပါပဲ။ ကိုယ်လုပ်တော်က ညီမလေးကို မြို့စားအိမ်တော်က အစ်မနောက်ကို လိုက်သွားခိုင်းတာ တစ်လလောက် ရှိနေပြီ။ ဒီအတောအတွင်းမှာ ညီမလေး မြင်ခဲ့ရတာက အစ်မရဲ့ ခင်ပွန်းက ဘာအာဏာမှ မရှိဘူး။ သူ့ရဲ့ အနောက်ဆောင်မှာလည်း အိပ်ရာနွေးပေးရတဲ့ အစေခံတွေနဲ့ ကိုယ်လုပ်တော်တွေက ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိတယ်။ ပြီးတော့ ပြည့်တန်ဆာအိမ်က ယောင်းယောင်းကိုပဲ အထူး တန်ဖိုးထားနေတာလေ။ အစ်မရဲ့ အားအကိုးရဆုံး အစေခံမလေး ယန်ကျစ်ကိုတောင် သူ့အခန်းထဲ ခေါ်သွင်းပြီး ကိုယ်လုပ်တော်အဖြစ် မြှောက်စားထားသေးတယ်။ အစ်မကိုယ်တိုင်ကတောင် မျက်နှာပန်းမလှဘဲ မျက်နှာသာမရရှာဘူး။ အိမ်တော်စီမံခန့်ခွဲခွင့် အာဏာကိုလည်း မရသေးဘူး။ ကိုယ်လုပ်တော်က ဘာတွေ တွေးနေလဲ မသိပါဘူး။ ညီမလေးကိုပါ အဲဒီမီးပုံထဲကို ထပ်တွန်းပို့ဖို့ လုပ်နေတာ။ ပြီးတော့ ပိုင်မိသားစုရဲ့ ငွေတွေကလည်း မိုးပေါ်ကနေ ကျလာတာ မဟုတ်ဘူးလေ။ ရေထဲပစ်ချလိုက်ရင်တောင် ရေပွက်သံကြားရဦးမယ်။ ခွေးကျွေးရင်တောင် ကျေးဇူးတင်တဲ့အနေနဲ့ ဟောင်ပြဦးမှာပဲ။ ဒါကို ကုအိမ်တော်နဲ့ အစ်မဆီကို ပေးနေတော့ သူတို့က ပိုင်မိသားစုကို ကူညီနိုင်ပါ့မလား။ ညီမလေးတို့ မှူးမတ်အိမ်တော်က ပြည့်နိုင်မှာမဟုတ်တဲ့ အောက်ခြေမဲ့တွင်းကြီးလိုပဲ ဖြစ်နေတာ”

ကုဟွားက အချက်တစ်ခုကို ကောင်းစွာ သိသည်။

ပိုင်မိသားစုက တော်ဝင်ကုန်သည် ဖြစ်သော်လည်း ကျန်းလင်တွင်သာ အခြေစိုက်သဖြင့် မြို့တော်ရှိ ထိပ်တန်း တော်ဝင်ကုန်သည်ကြီးများ၏ ကြားဖြတ်ခေါင်းပုံဖြတ်ခြင်းကို အဆင့်ဆင့် ခံနေရသည်။

ပိုင်မိသားစုက မြို့တော်အတွင်းသို့ တိုးဝင်ပြီး ပထမတန်းစား တော်ဝင်ကုန်သည် ဖြစ်လာချင်ကြသည်။

သို့သော်လည်း မြို့တော်တွင် ခုနစ်နှစ်တိုင်တိုင် စီးပွားရေးကောင်းမွန်အောင် လုပ်ကိုင်ခဲ့သော်လည်း ထိပ်တန်းအလွှာထဲသို့ တိုးဝင်ရန်က မလွယ်ကူခဲ့ချေ။

အဆက်အသွယ် ကြီးကြီးမားမားမရှိဘဲ ထိုအဆင့်ကို မဝင်နိုင်သဖြင့် တော်ဝင်ကုန်သည်များ၏ အောက်ခြေအဆင့်တွင်သာ ရှိနေခဲ့ရသည်။

လက်ရှိတွင် ပိုင်မိသားစုက ကိစ္စရပ်တစ်ခုအတွက် ကြိုးပမ်းနေကြသည်။

တော်ဝင်မိသားစုက စစ်တပ်အတွက် ဂွမ်းထည်နှင့် ဂွမ်းကုန်ကြမ်းများ ထောက်ပံ့ရန် နမူနာပစ္စည်းများ စုဆောင်းနေသော်လည်း ပိုင်မိသားစုက တိုးဝင်ရန် လမ်းကြောင်းရှာမတွေ့ဘဲ ဖြစ်နေရ၏။

ပိုင်ရိက အခွန်ဝန်ကြီးဌာနတွင် ရာထူးရှိနေသော်လည်း သေးငယ်သောအရာရှိလေးမျှသာ ဖြစ်သည်။

ဝမ်ချန်မှူးမတ်အိမ်တော်၏ နန်းတွင်းရှိ အခြားသောအင်အားစုများကလည်း မတောင့်တင်းလှသဖြင့် သူတို့ကိုယ်ကိုယ်ပင် မနည်းကာကွယ်နေရသည်။

ကုဟွားက ဤအကြောင်းအရာများကို အသုံးချ၍ ပိုင်ရိ၏ ယုံကြည်မှုကို ရယူချင်သည်။

ကိုယ်လုပ်တော်ပိုင်ကို တစ်ယောက်တည်း ဖြစ်သွားစေရန် အရင်ပြုလုပ်ရမည်။

ကိုယ်လုပ်တော်ပိုင်၏ နောက်ခံအင်အားကို ဖြတ်တောက်ပစ်ရမည်။

သို့သော်လည်း ကုဟွားသည် ယခင်က ဤကဲ့သို့သော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ဖူးခြင်း မရှိချေ။ သူမအနေဖြင့် စမ်းသပ်ကြည့်ရှုရင်း မည်သည့် နေရာမှ စတင်ရန် အသင့်တော်ဆုံးဖြစ်မည်ကို ရှာဖွေရုံသာ တတ်နိုင်သည်။

သူမ သေချာမသိလျှင်ပင် ပိုင်ရိကို အရင်ဆုံး လှည့်စားထားပြီးမှ နောက်ဆက်တွဲကိစ္စများကို ဖြေရှင်းရမည်။

ပိုင်ရိ နှုတ်ဆိတ်သွားရသည်။

ယခင်က သူ၏ ဒေါ်လေးဖြစ်သူ ကုအိမ်တော်သို့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ဝင်ရောက်စဉ်က အမတ်မင်းကုယွမ်က ပွဲစားတစ်ယောက်နှင့် မိတ်ဆက်ပေးပြီး ဤမြေကွက်ကောင်းကို ရွေးချယ်ပေးခဲ့ဖူးသော်လည်း ဈေးနှုန်းက အလွန်တရာ ကြီးမြင့်လှသည်။

ပျန့်ကျင်းတွင် ခြေကုပ်ရယူနိုင်ရန်အတွက် ပိုင်မိသားစုက အောင့်အည်းကာ ငွေအမြောက်အမြား အကုန်အကျခံ၍ ဤမြေကွက်ကို ဝယ်ယူခဲ့ခြင်း ဖြစ်၏။

ပိုင်မိသားစုက ဝမ်ချန်မှူးမတ်အိမ်တော်ကို ဆက်လက်ထောက်ပံ့နေရသည့် အကြောင်းရင်းက ထိုအိမ်တော်က ပိုင်မိသားစု ချဉ်းကပ်နိုင်သည့် အမြင့်ဆုံးသော မှူးမတ်မျိုးနွယ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း သေသေချာချာ စဉ်းစားကြည့်လျှင် ငွေရှိပါက မြေကွက်ကောင်းကို မရနိုင်ဘဲ နေမည်လော။

နောက်ပိုင်းတွင် ကုအိမ်တော်က ပိုင်မိသားစုကို မည်သည့် အကူအညီမျှ ပေးခဲ့ဖူးခြင်း မရှိချေ။

အားလုံးက သူနှင့် ပိုင်မိသားစုက သူတို့လက်ရုံးရည်ဖြင့်သာ ကြိုးစားတည်ဆောက်ခဲ့ကြရခြင်း ဖြစ်သည်။

ပိုင်ရိ မကျေမနပ်ဖြစ်နေသော ကုဟွားကို ကြည့်ပြီး အလွန်ပင် သနားဂရုဏာ သက်မိသွားသည်။

“ညီမလေးက ယုံမြို့စားအိမ်တော်ကနေ ထွက်သွားချင်လို့လား”

ကုဟွား ခါးသီးစွာ ပြုံးလိုက်သည်။

“ညီမလေး ထွက်သွားရမလား မထွက်သွားရဘူးလားဆိုတာ ကိုယ်လုပ်တော် အပေါ်မှာပဲ မူတည်တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ညီမလေးအနေနဲ့ ယုံမြို့စားမင်းရဲ့ အရှေ့မှာ စကားတစ်ခွန်း နှစ်ခွန်းလောက်တော့ ပြောပေးနိုင်ပါသေးတယ်”

“ယုံမြို့စားမင်း ဟုတ်လား”

ပိုင်ရိ၏ မျက်ဝန်းများက ဝင်းလက်သွားရသည်။

ဤသူက ပိုင်မိသားစုအနေဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် အနားသို့ မကပ်နိုင်မည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

“ဒါက ညီမလေးရဲ့ ကံကောင်းခြင်းပါပဲ။ ယုံမြို့စားမင်းရဲ့ ကွယ်လွန်သူဇနီးက စောစောစီးစီး ဆုံးပါးသွားခဲ့တာလေ။ သူက ဇနီးဟောင်းရဲ့ လက်ရေးအတိုင်း စာလုံးအသေးရေးတတ်တဲ့ မှူးမတ်သမီးပျိုတစ်ယောက်ကို ရှာပြီး စာမူတွေကို ကူးရေးခိုင်းချင်နေခဲ့တာ။ ဒါကို ညီမက အတိအကျ ရေးတတ်နေတာနဲ့ သွားတိုးတာပေါ့။ အခု ညီမက နေ့တိုင်း ယုံမြို့စားမင်းရဲ့ စာကြည့်ဆောင်မှာ စာမူတွေ ကူးရေးပေးနေရတာဆိုတော့ သူ့ကို ခဏခဏ တွေ့ရတတ်တယ်။ ညီမလေးရဲ့ အစ်မဆိုရင် ယုံမြို့စားမင်းရဲ့ အရိပ်အယောင်လေးကိုတောင် မြင်တွေ့ခွင့်ရဖို့ ခက်ခဲလှတာလေ။ တကယ်လို့ ဝမ်းကွဲအစ်ကိုက ယုံမြို့စားမင်းကို ပြောချင်တဲ့ စကားရှိရင် ညီမလေးက အဆင်ပြေအောင် စကားပြောကြည့်ပေးပါ့မယ်”

ပိုင်ရိ၏ စိတ်ထဲ၌ အတွေးများ လှုပ်ရှားလာသည်။

ဆောင်းရာသီ ရောက်ရှိတော့မည်ဖြစ်သဖြင့် သူ ဆောင်းရာသီ စစ်တပ်အသုံးအဆောင် ပစ္စည်းများ ဝယ်ယူမည့်သူများနှင့် အဆက်အသွယ်ရရန် အမြဲတစေ ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

ယုံမြို့စားမင်း မုကျွင်းယန်က စစ်သည်တော် ငါးသိန်းကို ကွပ်ကဲနေရရုံသာမက စစ်သေနာပတိရာထူးကိုပါ ပူးတွဲရယူထားသူ ဖြစ်သည်။

အကယ်၍ သူ စကားတစ်ခွန်း မိန့်ကြားလိုက်ရုံဖြင့်ပင် ဆောင်းရာသီ စစ်တပ်အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ခွင့် အမိန့်ကို အလွယ်တကူ ရရှိနိုင်သည်။

ပိုင်ရိ ခဏတာမျှ တွေးတောလိုက်သည်။

“ဝမ်းကွဲညီမလေး... အစ်ကို ညီမလေးကို အကူအညီတစ်ခုလောက် တောင်းလို့ ရမလား”

ကုဟွားက ချက်ချင်းပင် စိတ်အားထက်သန်စွာ ကိုယ်ကို မတ်လိုက်သည်။

“ဝမ်းကွဲအစ်ကို... ပြောသာပြောပါ... ဝမ်းကွဲအစ်ကို ညီမလေးကို ပေးထားတဲ့ တန်ဖိုးကြီးလှတဲ့ ဆံထိုးလက်ဆောင်ကို ထောက်ထားပြီးတော့ပဲ ဖြစ်ဖြစ် ညီမလေးက အစွမ်းကုန် ကူညီပေးပါ့မယ်”

…

မုကျွင်းယန် ရုတ်တရက် နှာချေလိုက်မိသည်။

သူက နှာခေါင်းကို ပွတ်သပ်လိုက်၏။

‘ဘာဖြစ်တာပါလိမ့်’

သူ၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်က မည်သည့်အခါမျှ ဖျားနာလေ့မရှိချေ။

‘ဘာလို့ အအေးမိချင်သလို ဖြစ်သွားရတာလဲ’

သူ မသိစိတ်အရ မျက်နှာချင်းဆိုင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ကိုယ်ကိုမတ်ကာ စူးစိုက်ကြည့်နေမိသည်။

‘ကိုယ်လုပ်တော်ပိုင်က ဘယ်အချိန်ကတည်းက ထွက်သွားတာလဲ’

‘အခု အခန်းထဲမှာ နှစ်ယောက်တည်းပဲ ရှိတော့တာလား... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်းလေ’

‘ကြည့်ရတာတော့ နှစ်ယောက်သားက ပျော်စရာစကားဝိုင်းလေးတစ်ခု ရှိနေကြတာပဲ’

အခန်း(၆၄)

မုကျွင်းယန်၏ ရုတ်တရက် မည်းမှောင်သွားသော မျက်နှာထားကြောင့် ကျောက်ယွီဝမ်နှင့် စွန်းချုံးယန်တို့ လန့်ဖျပ်သွားသည်။ သူတို့နှစ်ဦးလုံး မုကျွင်းယန်၏ အကြည့်နောက်သို့ လိုက်ပါ၍ လှမ်းကြည့်လိုက်ကြ၏။

“အိုး ဟိုး... ဒီမိန်းကလေးက ဘာလို့ အကွာအဝေး မထိန်းရတာလဲ”

“စေ့စပ်ထားတဲ့ မောင်နှံလည်း ဖြစ်နိုင်တာပဲလေ”

ကျောက်ယွီဝမ် လွှတ်ခနဲ ပြောလိုက်မိသော်လည်း မုကျွင်းယန်၏ အမူအရာကို ချက်ချင်း အကဲခတ်လိုက်သည်။

‘ဒီလူ... အရှေ့က မိန်းမပျိုလေးကို သိနေတာများလား’

‘နေက အနောက်ဘက်ကနေ ထွက်လာတော့မှာလား’

‘ဒီအတင်းအဖျင်းကို ငါ သေချာ တူးဖော်ပစ်ရမယ်’

“တစ်ယောက်လောက် လာခဲ့စမ်း”

ကျောက်ယွီဝမ်က အကြောင်းရင်းမရှိဘဲ စိတ်လှုပ်ရှားသွားရသည်။

အစေခံတစ်ဦး ရောက်ရှိလာ၏။

“ဟိုဒုတိယထပ်က နှစ်ယောက်က ဘယ်လို ပတ်သက်လဲဆိုတာ သွားပြီး မေးမြန်းစုံစမ်းလာခဲ့လိုက်”

“ဟုတ်ကဲ့ပါ”

မုကျွင်းယန်က သူ့ကိုယ်သူ အမူအရာပျက်ပြားသွားကြောင်း သတိပြုမိလိုက်သဖြင့် အမြန်ပင် အကြည့်ကို လွှဲလိုက်မိသည်။

သို့သော်လည်း ကျောက်ယွီဝမ်က လူလွှတ်၍ စုံစမ်းခိုင်းသည်ကို သူ တားဆီးခြင်းမပြုဘဲ သူနှင့် မသက်ဆိုင်သကဲ့သို့သာ ဟန်ဆောင်နေလိုက်၏။

ပိုင်ရိ စကားစပြောရန် ပြင်လိုက်စဉ်၌ပင် တံခါးအပြင်ဘက်မှ ခြေသံများက ထွက်ပေါ်လာသည်။

ကုဟွားက လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ မြှောက်၍ သောက်လိုက်၏။

လူကဲခတ်ကောင်းသော ပိုင်ရိက ကုဟွားသည် ကိုယ်လုပ်တော်ပိုင်ကို မနှစ်သက်ကြောင်းနှင့် သူမကို ဘာမျှ အသိမပေးချင်ကြောင်း ရိပ်မိလိုက်သည်။

ယခုအချိန်က သူ စကားပြောရန် အချိန်ကောင်းမဟုတ်သဖြင့် သူကလည်း လက်ဖက်ရည်ခွက်ကို ကိုင်၍ သောက်နေလိုက်၏။

ကိုယ်လုပ်တော်ပိုင် အခန်းထဲသို့ ဝင်လာသည်နှင့် သူတို့နှစ်ဦး မျက်နှာချင်းဆိုင်ထိုင်ကာ အပြန်အလှန် လေးစားမှုရှိရှိ လက်ဖက်ရည်သောက်နေကြသည်ကို မြင်လိုက်ရပြီး လေထုက သူမ စိတ်ကူးယဥ်ထားသကဲ့သို့ ဝေဝေဝါးဝါး ဖြစ်မနေခဲ့ချေ။

သူမ ဝင်ထိုင်လိုက်ပြီး ကုဟွားကို သာမန်ကာလျှံကာပင် အမိန့်ပေးလိုက်သည်။

“နင် ရထားလုံးထဲ အရင်သွားနှင့်ချေ... ငါ နင့်ရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ဆွေးနွေးစရာ ရှိသေးလို့”

“ဟုတ်ကဲ့”

ပိုင်ရိက ကုဟွား၏ သွယ်လျသော ကျောပြင်လေးကို ငေးကြည့်နေမိသည်။

သူမ ပုံစံက အလွန်အမင်း အထီးကျန်ဆန်ပြီး အကူအညီမဲ့နေသကဲ့သို့ ထင်မှတ်ရသဖြင့် သူ၏ စိတ်ထဲ၌ အလွန်ပင် မသက်မသာ ဖြစ်သွားရ၏။

သူ၏ ဝမ်းကွဲညီမလေးက အလွန် စိတ်ဆင်းရဲစရာကောင်းသော ဘဝကို ဖြတ်သန်းနေရသည်ဟု သူ အမြဲ ခံစားနေရသည်။

“ရိအာ”

ကိုယ်လုပ်တော်ပိုင်က ပြုံး၍ ခေါ်လိုက်၏။

“ဒေါ်လေး”

ပိုင်ရိ သတိပြန်ဝင်လာပြီး သူမအတွက် လက်ဖက်ရည်ကို အမြန် ငှဲ့ပေးလိုက်သည်။

“မင်း ဟွားအာကို အခုထိ သဘောကျနေတုန်းပဲလား”

ကိုယ်လုပ်တော်ပိုင် တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

ယနေ့တွင် ကုဟွား၌ လက်ထပ်ရန် စီစဉ်ထားသူ ရှိနေပြီဖြစ်ကြောင်း ယုံမြို့စားအိမ်တော်ကို လူသိရှင်ကြား ကြေညာနိုင်ရန်အတွက် သူမက ဤကိစ္စကို အပြတ်ဖြတ်ရမည် ဖြစ်သည်။

ပိုင်ရိ အံ့အားသင့်သွားရသည်။

“ဒေါ်လေး ဘာကို ဆိုလိုတာလဲ”

“အရင်က မင်းမိဘတွေနဲ့ ငါက မင်းတို့နှစ်ယောက်ရဲ့ နောင်ရေးကို ငဲ့ပြီး ခွဲခဲ့ကြတာ အခု မင်းလည်း အိမ်ထောင်ကျနေပြီ ဟွားအာကလည်း တစ်ဆယ့်ခုနစ်နှစ် ရှိပြီလေ။ ငါက ဟွားအာရဲ့ အမေအရင်းမို့လို့ သူမအတွက် အိမ်ထောင်ဖက်ကောင်း ရှာပေးချင်ခဲ့တာ ဒါပေမဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် မင်းကပဲ အသင့်တော်ဆုံး ဖြစ်နေတာလေ”

ပိုင်ရိ၏ မျက်လုံးများ ပြူးကျယ်သွားရပြီး အချိန်အတော်ကြာအောင် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရသည်။

“မင်းဇနီးသည်ကို လက်ထပ်တုန်းက ကိုယ်လုပ်တော်မယူဘူးလို့ ကတိသစ္စာပြုခဲ့တာ ငါ သိပါတယ်။ ဟွားအာက မင်းရဲ့ အပြင်မယားအဖြစ် နေလို့ ရတာပဲလေ။ သူ့မှာ ကလေးရလာတဲ့အခါမှ မင်းရဲ့ဇနီးသည်ကို ပြောပြလိုက်ပေါ့။ မင်းရဲ့ဇနီးက မင်းရဲ့သွေးသားကိုတော့ ပစ်ပယ်ထားမှာ မဟုတ်ပါဘူး”

ပိုင်ရိ ရုတ်တရက် ထရပ်လိုက်ပြီး သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။

“ဒေါ်လေး... ဝမ်းကွဲညီမလေး ဟွားအာအပေါ် ဘယ်လိုလုပ် ဒီလိုမျိုး ပြုမူရက်တာလဲ။ သူက ဒေါ်လေးရဲ့ သမီးအရင်းပဲလေ။ သူ့ကို တစ်သက်လုံး ခေါင်းမမော့နိုင်အောင် လုပ်ချင်နေတာလား”

‘ပထမက အိပ်ယာဝင်အစေခံ အခုကျ အပြင်မယားတဲ့လား... တကယ်ကို မယုံနိုင်စရာပဲ’

ဤအခိုက်အတန့်တွင် ကုဟွား ပြောခဲ့သော စကားများကို သူ ယုံကြည်သွားသည်။

သူ၏ ဒေါ်လေးက ကုဟွားထက် မှူးမတ်အိမ်တော်၏ တရားဝင်သမီးကြီးနှင့် ပို၍ ရင်းနှီးပြီး ကုဟွားကို သမီးအရင်းကဲ့သို့ လုံးဝ မဆက်ဆံချေ။

ကိုယ်လုပ်တော်ပိုင်က တိတ်တဆိတ် မျက်လုံးလှိမ့်လိုက်မိသည်။

‘သူက တကယ်ကို ငတုံးတစ်ယောက်ပဲ’

“ဒါက ဟွားအာကိုယ်တိုင် ငါ့ကို လာတောင်းပန်လို့ မင်းကို လာပြောပြတာလေ။ သူက ငါ့ရဲ့ သမီးအရင်းပဲ။ အပြင်မယားအဖြစ်ထားဖို့ ငါ ဘယ်လိုလုပ် ရက်စက်နိုင်ပါ့မလဲ”

ပိုင်ရိက သူမကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိပြီး မျက်နှာတစ်ခုလုံးတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေခဲ့၏။

ကိုယ်လုပ်တော်ပိုင်က ပြုံး၍ ဖျောင်းဖျလိုက်သည်။

“မိန်းမတွေဆိုတာ အများကြီး မတောင်းဆိုကြပါဘူး။အပြင်မယား ဖြစ်နေရရင်တောင် မင်းက သူ့ကို နည်းနည်းလေးပိုပြီး အလိုလိုက်ထားပေါ့။ စားဝတ်နေရေးအတွက် မပူပန်ရအောင် ထားပေးလိုက်ရင် သူ သဘာဝအတိုင်း ပျော်ရွှင်မှာပဲ မဟုတ်ဘူးလား။ မဟုတ်ရင် တရားမဝင်သမီးတစ်ယောက်အနေနဲ့ သူ့ရဲ့ အိမ်ထောင်ရေးကို တရားဝင်ဇနီးကြီးကပဲ ဆုံးဖြတ်ရမှာလေ။ အဲဒီ သခင်မကြီးဝမ်က ငါနဲ့ ပိုင်မိသားစုကို အရိုးထိအောင် မုန်းတီးနေတာ။ ဟွားအာအတွက် ဘယ်လိုလုပ်ပြီး အိမ်ထောင်ဖက်ကောင်း ရှာပေးမှာတဲ့လဲ။ တကယ်လို့ လူရမ်းကားတစ်ယောက်နဲ့ လက်ထပ်လိုက်ရရင်ရော... သူ့ရဲ့ နူးညံ့တဲ့ စိတ်သဘောထားနဲ့ဆို နှိပ်စက်ခံရလို့ သေသွားလိမ့်မယ်။ မင်းက ကြည့်နေနိုင်လို့လား”

သူ စိတ်လှုပ်ရှားသွားသည်ကို မြင်လျှင် ကိုယ်လုပ်တော်ပိုင် စကားထပ်မပြောတော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။

‘ယောက်ျားတိုင်းကတော့ ဒီလိုပါပဲ’

သူတို့ကို စိတ်လှုပ်ရှားလာအောင် အရင် ဆွဲဆောင်ထားရမည်။

“သေသေချာချာ တွေးကြည့်လိုက်ဦး။ တကယ်လို့ မင်း သဘောတူရင် ခြံဝင်းအသေးလေးတစ်ခု ရှာပြီး သူ့ကို ထားလိုက်... မင်းတို့နှစ်ယောက် အပြန်အလှန် လေးစားပြီး သဟဇာတဖြစ်ဖြစ် နေထိုင်လို့ ရတာပဲ။ မင်း စာဖတ်နေတဲ့အချိန်မှာ နုနယ်လှပတဲ့ မိန်းမလှလေးက ဘေးကနေ အဖော်ပြုပေးနေရင် ဘယ်လောက်တောင် စိတ်ကြည်နူးစရာကောင်းလိုက်မလဲ”

ပိုင်ရိ၏ စိတ်ထဲတွင် ရှုပ်ထွေးသွားရသည်။

‘ငါ သဘောကျခဲ့ရတဲ့ မိန်းကလေးကလည်း ငါနဲ့အတူတူ ရှိချင်နေတယ်တဲ့လား’

ဤသည်က ကောင်းကင်မှ ကျလာသော ပျော်ရွှင်မှုကြီးတစ်ခု ဖြစ်သည်။

‘ဒါပေမဲ့လည်း အပြင်မယားတဲ့လား’

ဤသည်က ဝမ်းကွဲညီမလေး ဟွားအာအတွက် အလွန်မတရားလှချေ။

သူ၏ ဒေါ်လေးကို အောက်ထပ်သို့ လိုက်ပို့ရင်း ပိုင်ရိ ရထားလုံးရှိရာထိ တကူးတက လိုက်လံပို့ဆောင်ကာ ကုဟွားကို တွေ့ချင်နေမိသည်။

ကုဟွားက ရထားလုံးပေါ်သို့ မတက်သေးချေ။ သူမ အနီးနားရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်နေ၏။

လေပြေညင်းလေးက တိုက်ခတ်လာသဖြင့် ရွှေဝါရောင် သစ်ရွက်လေးများက တစ်ရွက်ပြီးတစ်ရွက် ကြွေလွင့်နေကြသည်။

ထိုမိန်းကလေးက သစ်ပင်အောက်တွင် လှပကျော့ရှင်းစွာ ရပ်နေပြီး တောက်ပသော ပုလဲရတနာတစ်ပါးကဲ့သို့ ပြုံးနေခဲ့၏။

ပိုင်ရိ မျက်စိကျိန်းမတတ် ငေးမောသွားရပြီး ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

‘ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော မိန်းမပျိုလေးကို ဘယ်သူက ပိုင်ဆိုင်လိုစိတ်မရှိဘဲ နေပါ့မလဲ’

တစ်ဖက်ခြမ်းရှိ ဒုတိယထပ်တွင်...

မုကျွင်းယန် ပြတင်းပေါက်နားတွင် ရပ်လျက် စားသောက်ဆိုင်အောက်ဘက်ရှိ မြင်ကွင်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

‘ထပ်ပြီးတော့ သံယောဇဉ်ကြီးမားလွန်းတဲ့ အကြည့်တစ်ချက်’

သူ အကြောင်းရင်းမရှိဘဲ ရင်ထဲတွင် မွန်းကျပ်လာရ၏။

ကျောက်ယွီဝမ် ကိုယ်ကို ကိုင်း၍ သူ့အကြည့်များနောက်သို့ လိုက်ပါကြည့်ရှုလိုက်သည်။

“အာ... ဒါက စောနက ဒုတိယထပ်က မိန်းမပျိုလေး မဟုတ်ဘူးလား”

သူ ခေါင်းလှည့်လိုက်သည်။

“ငါ စုံစမ်းခိုင်းဖို့ လွှတ်လိုက်တဲ့လူက ဘယ်ရောက်သွားတာလဲ”

စွန်းချုံးယန်ကလည်း လှမ်းကြည့်ရန် ကိုယ်ကို ကိုင်းလိုက်၏။ မုကျွင်းယန် ပြတင်းပေါက်နားမှ လှည့်ထွက်သွားသည်။

“ကျွန်တော် ဒီမှာပါ... ရောက်ပါပြီ”

အစေခံက ပြာပြာသလဲ ပြေးဝင်လာခဲ့သည်။

“လိပ်လိုကောင်ကတော့ နှေးကွေးလိုက်တာ”

ကျောက်ယွီဝမ်က သူ၏ တင်ပါးကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်၏။

အစေခံက သူ့တင်ပါးကိုပင် မပွတ်အားဘဲ အမြန် ပြန်ဖြေလိုက်သည်။

“အဲဒီအမျိုးသားက ဝမ်ချန်မှူးမတ်အိမ်တော်ရဲ့ ခမည်းခမက်မျိုးနွယ်ဖြစ်တဲ့ ပိုင်မိသားစုက အကြီးဆုံးသခင်လေး ပိုင်ရိ ဖြစ်ပါတယ်။ မိန်းမပျိုလေးကတော့ သူ့ရဲ့ ဝမ်းကွဲညီမဖြစ်တဲ့ ကုအိမ်တော်က ဒုတိယမမလေး ကုဟွား ဖြစ်ပါတယ်”

ကျောက်ယွီဝမ် အံ့သြသွားရသည်။

သူက နားမလည်နိုင်သော အမူအရာဖြင့် မုကျွင်းယန်ဘက်သို့ လှည့်ကြည့်လိုက်၏။

“ဒါဆို သူက မင်းရဲ့ ခမည်းခမက်အိမ်တော်ဘက်က သမီးပျိုလေးပေါ့”

‘ဒီလို အဆင့်အတန်းမျိုးနဲ့ဆိုရင် တစ်ခုခု မှားယွင်းသွားရင် မကောင်းလောက်ဘူး’

“ဒါကြောင့် ဘာအတင်းအဖျင်းမှ မရှိဘူး”

မုကျွင်းယန် အေးစက်စွာ ပြောလိုက်သည်။ သူက နေရာတွင် ပြန်ထိုင်ပြီး လက်ဖက်ရည်အိုးကို ကိုင်ကာ လက်ဖက်ရည် ငှဲ့လိုက်၏။

‘သူ့ချွေးမရဲ့ တရားမဝင်ညီမတဲ့လား’

‘တကယ်ပဲ ဘာအတင်းအဖျင်းမှ မရှိဘူးပေါ့လေ’

သို့သော် လေထုထဲတွင် မနာလိုဝန်တိုမှုတို့၏ ချဉ်စူးစူးအနံ့များ ဖုံးလွှမ်းနေသလို ခံစားနေရသည်။

ကျောက်ယွီဝမ်နှင့် စွန်းချုံးယန်တို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

‘တစ်ခုခုတော့ မှားနေပြီ... အကြီးအကျယ်ကို မှားနေပြီ’

…

ပိုင်ရိ၏ ရှေ့တွင် ကုဟွား ကိုယ်လုပ်တော်ပိုင်ကို ပြောလိုက်သည်။

“ကိုယ်လုပ်တော်... ကျွန်မ ယုံမြို့စားမင်းရဲ့ ကွယ်လွန်သူဇနီးအတွက် စာမူကူးရေးပေးဖို့ သင့်တော်တဲ့ စုတ်တံတချို့ သွားဝယ်ရဦးမယ်။ ဝယ်ပြီးရင် မြို့စားအိမ်တော်ကို ကျွန်မဘာသာ ပြန်လိုက်ပါ့မယ်”

ကိုယ်လုပ်တော်ပိုင် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာတစ်ခုလုံးတွင် မယုံကြည်မှုများ ထင်ဟပ်နေ၏။

“မြို့စားအိမ်တော်မှာ စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်သွေးကျောက် ကောင်းကောင်းတွေ မရှိလို့လား။ နင်ကိုယ်တိုင် လိုက်ရှာနေရဦးမှာလား”

“ကျွန်မ စာလုံးအသေး ရေးရတာဆိုတော့ အလွန်တရာ နုနယ်တဲ့ စုတ်တံလေးတွေ လိုအပ်တာပါ။ ယုံမြို့စားမင်းက စာလုံးအစောင်းရေးရတာကို သဘောကျတာဆိုတော့ သူသုံးတဲ့ စုတ်တံတွေက ကျွန်မနဲ့ အဆင်မပြေဘူး။ ပြီးတော့ မြို့စားအိမ်တော်မှာ ကျွန်မအတွက် သင့်တော်မဲ့စုတ်တံကို ဘယ်သူမှ ရွေးချယ်ပေးတတ်မှာ မဟုတ်ဘူးလေ”

ပိုင်ရိ၏ မျက်နှာတွင် တဖြည်းဖြည်း အံ့သြတုန်လှုပ်မှုများ ထင်ဟပ်လာရသည်။

‘ကုဟွား စောနက ပြောခဲ့သမျှ အားလုံးက အမှန်တရားတွေ ဖြစ်နေခဲ့တာပဲ’

သူမက ယုံမြို့စားမင်း၏ စာကြည့်ဆောင်တွင် စာမူကူးရေးပေးနေရသည်က အမှန်ဖြစ်ပြီး သူမ လက်ရေးလှကြောင့် ယုံမြို့စားမင်း၏ တန်ဖိုးထားမှုကို ခံနေရသည်ကလည်း အမှန်ပင် ဖြစ်၏။

ကိုယ်လုပ်တော်ပိုင် ဤကဲ့သို့သော စာပေရေးရာများကို နားမလည်ချေ။ ပိုင်ရိက ကုဟွားကို ကြောင်အမ်းအမ်း စိုက်ကြည့်နေသည်ကို မြင်လျှင် သူမ ရင်ထဲ၌ ဝမ်းသာသလိုလိုနှင့် မသက်မသာ ဖြစ်သွားရသည်။

သူမ၏ အကွက်ချမှုက အောင်မြင်တော့မည်ဖြစ်သဖြင့် ဝမ်းသာမိသော်လည်း ထိုအပျက််မလေးက ပိုင်မိသားစု၏ သားကောင်းရတနာလေးကို ဖျက်ဆီးနေသည်ဟု ထင်မိသဖြင့် မသက်မသာ ဖြစ်ရခြင်း ဖြစ်၏။

“သွားလိုက်ပေါ့”

ကိုယ်လုပ်တော်ပိုင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

All Chapters