← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း(၆၅)

ကုဟွားက ကိုယ်လုပ်တော်ပိုင်နှင့် ပိုင်ရိတို့ကို အရိုအသေပေးလိုက်၏။

“ကိုယ်လုပ်တော် နဲ့ ဝမ်းကွဲအစ်ကိုကြီး... ဒါဆိုရင် ဟွားအာ သွားလိုက်ပါဦးမယ်”

ကုဟွား တုန့်ဟွားကို ခေါ်၍ ထွက်ခွာသွားခဲ့သည်။

ပိုင်ရိက သူမ၏ ဝေးကွာသွားသော ကျောပြင်လေးကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိဆဲ ဖြစ်သည်။

“ရိအာ”

“ဒေါ်လေး”

ပိုင်ရိက သတိပြန်ဝင်လာသည်။

ဒေါ်လေး၏ အပြုံးမျက်နှာနှင့် ရင်ဆိုင်လိုက်ရသဖြင့် သူ၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီမြန်းသွားရ၏။

ကိုယ်လုပ်တော်ပိုင်၏ အပြုံးက ပို၍ နက်ရှိုင်းလာသည်။

“အိမ်ကို အနောက်ဈေးဘက်မှာ ထားတာက ပိုကောင်းလိမ့်မယ်။ အဲဒီနေရာက နည်းနည်း ဝေးတော့ မင်းအိမ်တော်က ဇနီးသည်နဲ့ အမှတ်မထင် ဆုံမိတာမျိုး ဖြစ်မှာမဟုတ်တော့ဘူး။ ရွှေအိမ်တော်ထဲမှာ အလှလေးကို ဝှက်ထားပြီး အကွာအဝေးတစ်ခုကို ထိန်းထားတာက ပိုကောင်းတာပေါ့”

“ကျွန်တော် ဒေါ်လေးရဲ့ စကားအတိုင်း နားထောင်ပါ့မယ်”

ပိုင်ရိ၏ နားရွက်များက နီရဲသွားရသည်။

သူ သဘောတူသည်ကို မြင်လျှင် ကိုယ်လုပ်တော်ပိုင်က အလွန်တရာ ဝမ်းမြောက်သွားခဲ့၏။

“မင်း အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် လူလွှတ်ပြီး ငါ့ကို အကြောင်းကြားလိုက်။ ငါ အိမ်တော်ကို ပြန်ပြီး အမတ်ကြီးကို အစီရင်ခံရမယ်။ ပြီးရင် မြို့စားအိမ်တော်ကို ကုဟွားမှာ စေ့စပ်ထားသူ ရှိနေပြီလို့ အကြောင်းကြားပြီး မင်းကို စောင့်ဆိုင်းနိုင်ဖို့ မြို့စားအိမ်တော်ကနေ ခေါ်ထုတ်လာခဲ့မယ်”

ကိုယ်လုပ်တော်ပိုင် ရထားလုံးပေါ်သို့ တက်သွားပြီးနောက် ရထားလုံးက ဖြည်းညင်းစွာ မောင်းနှင်ထွက်ခွာသွားသည်။

ပိုင်ရိ၏ ဦးနှောက်ထဲတွင် ဝေဝေဝါးဝါး ဖြစ်နေဆဲဖြစ်ပြီး ယခုအချိန်တွင် သူ့ကိုယ်သူ အိပ်မက်မက်နေသည်လား သို့မဟုတ် တကယ်ဖြစ်ပျက်နေသည်လား ဆိုသည်ကို ခွဲခြားရခက်နေခဲ့၏။

‘ငါ အမြဲတမ်း တမ်းတခဲ့ရတဲ့ ဝမ်းကွဲညီမလေးက ငါ့ရဲ့ အမျိုးသမီး ဖြစ်လာတော့မယ်တဲ့လား’

သူ ရုတ်တရက် အယုံကြည်ရဆုံး အစေခံဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့အပတ်က အနောက်ဈေးမှာ ခြံဝင်းနှစ်ခုပါတဲ့ အိမ်တစ်လုံး ရောင်းဖို့ ရှိနေတယ်မလား။ အခုချက်ချင်း သွားဝယ်လိုက်။ ပြီးရင် အမြန်ဆုံး ပြင်ဆင်မွမ်းမံထားလိုက်”

ထိုအစေခံက ပိုင်မိသားစု၏ လူရင်းဖြစ်သဖြင့် ဤလုပ်ရပ်ကြောင့် အံ့အားသင့်သွားသော်လည်း သခင်လေး၏ အမိန့်ကို မလွန်ဆန်ရဲဘဲ နာခံလိုက်ရသည်။

ပိုင်ရိ၏ ရင်ထဲ၌ ချက်ချင်းပင် ပြည့်စုံသွားသကဲ့သို့ ခံစားလိုက်ရ၏။

ရုတ်တရက် ဝမ်းကွဲညီမလေး ပြောခဲ့သော အကူအညီပေးနိုင်သည် ဆိုသော စကားကို သတိရမိသွားသည်။

လာမည့် တစ်ရက်၊ နှစ်ရက်အတွင်း ဝမ်းကွဲညီမလေးနှင့် ထပ်မံတွေ့ဆုံနိုင်မည့် နည်းလမ်းများကို ရှာဖွေပြီး ဤကိစ္စကို သေသေချာချာ တိုင်ပင်ဆွေးနွေးရမည်ဖြစ်သည်။

ကုဟွားက သူမ ကွယ်ရာတွင် လူနှစ်ဦးက သူတို့ဘာသာ သဘောတူညီမှု ရရှိသွားခဲ့ကြသည်ကို မသိရှိချေ။

သူမက စာအုပ်ဆိုင်သို့ သွားရန်သာ အလျင်လိုနေခဲ့သည်။

သူမ ငွေရှာရန် လိုအပ်၏။

ငွေမရှိဘဲနှင့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မဖြစ်နိုင်ချေ။

ကုဟွား ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်ပြီး အရှေ့ဘက် မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံငယ်လေး၏ ဆိုင်းဘုတ်ကို လှည့်ကြည့်လိုက်မိသည်။

‘ယွင်ရှန့်ခြံဝင်း’

ထိုနေရာက မည်သည့်နေရာမျိုးဖြစ်ကြောင်း သူမ ချက်ချင်း သဘောပေါက်လိုက်မိသည်။

စည်ကားလှသော ဈေးလယ်ခေါင်တွင် တည်ရှိပြီး ဤကဲ့သို့သော အမည်နာမရှိသည့် လက်ရာမြောက်လှသော အဆောက်အအုံလေးက ကိုယ့်ကိုယ်ကိုယ် လွတ်လပ်ခွင့်ဝယ်ယူထားသော်လည်း ဧည့်သည်များကို ဆက်လက်လက်ခံနေသည့် နာမည်ကြီး ပြည့်တန်ဆာတစ်ဦး၏ သီးသန့်နေအိမ်ဖြစ်သည်။

သူမ အဘယ်ကြောင့် ဤအကြောင်းကို သိနေရသည်ဆိုလျှင် ခဲအိုဖြစ်သူ မုအန်း၏အချစ်တော် ယောင်းယောင်းတွင်လည်း ဤကဲ့သို့သော နေရာမျိုး ရှိနေသောကြောင့် ဖြစ်သည်။

အရာရှိကြီးများနှင့် မှူးမတ်များ လာရောက်တတ်သော ကာမဂုဏ်ခံစားရာနေရာသည် သန့်ရှင်းလေ့မရှိချေ။

ဤနေရာသို့ လာရောက်တတ်သော အမျိုးသားများသည် မုအန်းနှင့် အလွန်တူညီကြပြီး အားလုံးက ကာမဘီလူးများသာ ဖြစ်ကြသည်။

ကုဟွား သူမ အကြည့်ကို လွှဲလိုက်ပြီး ခြေလှမ်းငါးဆယ်ခန့်အကွာရှိ လမ်းကြားလေးဆီသို့ ခြေလှမ်းများကို သွက်သွက်လှမ်းလိုက်သည်။

ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် လင်းလန်ဆောင်၏ အရှေ့မှ အမှတ်မထင် ဖြတ်သွားမိ၏။

သူမ ဖြတ်သန်းသွားရုံမျှသာ ဖြစ်သော်လည်း မျှော်လင့်မထားဘဲ အလွန်တရာ ခမ်းနားလှသော ရထားလုံးတစ်စီးက ဝင်ပေါက်တွင် ရုတ်တရက် ရပ်တန့်လိုက်သဖြင့် သူမ၏ လမ်းကို ပိတ်ဆို့သွားသည်။

ကုဟွားက စိတ်ထဲမထားဘဲ ဘေးမှ ကွေ့ပတ်သွားရန် ပြင်လိုက်သည်။

ထိုအခိုက်တွင် တစ်စုံတစ်ဦးက မုကျွင်းယန်၏ အမည်ကို မြွက်ဟလိုက်သည်အား ကြားလိုက်ရသဖြင့် သူမ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားရကာ လှည့်ကြည့်လိုက်မိသည်။

လှပတောက်ပြောင်နေသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အထက်တန်းလွှာ မိန်းမပျိုလေးတစ်ဦး အစေခံမလေးကို တွဲလျက် ရထားလုံးပေါ်မှ ယဉ်ကျေးသိမ်မွေ့စွာ ဆင်းသက်လာသည်။ သူတို့ နှစ်ဦးသည် ပြုံးရွှင်စွာ စကားပြောဆိုရင်း လျှောက်လှမ်းလာကြ၏။

“မနက်ဖြန် နန်းတော်ထဲဝင်ရင် သခင်မလေးက ယုံတွေ့ရတော့မယ်နော်။ သခင်မလေး ပျော်နေတယ်မလားဟင်”

ထိုမိန်းမပျိုလေးက နွဲ့နှောင်းစွာ စောဒကတက်လိုက်သည်။

“နင် ဘာတွေ လျှောက်ပြောနေတာလဲ။ မယ်တော်ကြီးက ငါ့ကို တွေ့ချင်ရုံသက်သက်ပဲ”

“သခင်မလေး တကယ်တွေ့ချင်တဲ့သူက ဘယ်သူလဲဆိုတာတော့ မသိဘူးပေါ့လေ”

အစေခံမလေးက တခစ်ခစ် ရယ်မောလိုက်၏။

“ပါးစပ်ပိတ်ထားစမ်း... နင်ကတော့ မိန်းကလေးတန်မဲ့ စည်းကမ်းကိုမရှိဘူး”

“ဒီအစေခံက သခင်မလေး မကြာခင်မှာ ယုံမြို့စားမင်းအိမ်တော်ရဲ့ သခင်မကြီး ဖြစ်လာတော့မယ်ဆိုတော့ ဝမ်းသာလွန်းလို့ပါ”

“ဘာမှ အတည်မဖြစ်သေးဘူး။ အဓိပ္ပါယ်မရှိတာတွေ လျှောက်အော်မနေနဲ့...”

“မယ်တော်ကြီးကိုယ်တိုင်က ပြောပြီးသားပဲလေ။ ညီမဖြစ်သူက အစ်မရဲ့ ခင်ပွန်းနဲ့ ထပ်မံလက်ထပ်တာက အလွန်တရာ မင်္ဂလာရှိတဲ့ ကိစ္စရပ်ပါတဲ့”

မိန်းမပျိုလေးက ရှက်သွေးဖြန်းသွားဟန်ဖြင့် ပြောလိုက်သည်။

“အစ်မရဲ့ ကိုယ်စား ခဲအိုကို ပြုစုစောင့်ရှောက်ပေးနိုင်ပြီး အစ်မရဲ့ ကောင်းကင်ဘုံက ဝိညာဉ်ကိုလည်း နှစ်သိမ့်ပေးနိုင်မယ်ဆိုရင် ငါလည်း လိုလိုလားလား ဆန္ဒရှိပါတယ်”

[T/N တရုတ်ရှေးခေတ်က ပရမ်းပတာနဲ့။ ဝမ်းကွဲညီမကို ကြိုက်လို့ကြိုက်။ အစ်မလင်ကို ဆက်ယူချင်တဲ့သူနဲ့ ]

“သခင်မလေး တကယ်ကို စိတ်သဘောထား ပြည့်ဝတာပဲ... ကျွန်မ ကြားတာတော့ ယုံမြို့စားမင်းက နောက်ထပ် ဆယ်ရက်နေရင် စစ်မြေပြင်ကို ထပ်ထွက်ရတော့မယ်တဲ့... မယ်တော်ကြီးက အချိန်မီအောင် အမြန်လုပ်ခိုင်းနေတာ... မနက်ဖြန်ဆိုရင် အိမ်ထောင်ဖက်အဖြစ် အမိန့်တော်ချမှတ်မှာ သေချာသလောက်ပဲ... မြို့စားမင်း မထွက်ခွာခင် မင်္ဂလာပွဲကို အပြတ်ကျင်းပလိုက်တာ အကောင်းဆုံးပဲပေါ့”

မိန်းမပျိုလေး ရှက်ကိုးရှက်ကန်းဖြင့် ဆူလိုက်သည်။

“အိုဟယ်... နင်ကတော့ စာကလေးတစ်ကောင်လိုပဲ တကျိကျိနဲ့... ဆူညံလိုက်တာ”

သူတို့နှစ်ဦး စကားပြောဆို ရယ်မောနေစဉ်၌ပင် လင်းလန်ဆောင်မှ လူများက အပြေးအလွှား ထွက်၍ ကြိုဆိုကြသည်။

“ခရိုင်မင်းသမီး ရောက်လာပါပြီလား... အထဲကို ကြွပါရှင်... ဆိုင်ရှင်က စောင့်ဆိုင်းနေပါတယ်”

သူတို့အသံများက တဖြည်းဖြည်း တိုးတိတ်၍ ပျောက်ကွယ်သွားခဲ့သည်။

ကုဟွား ခေါင်းလေးစောင်းကာ စဉ်းစားနေမိ၏။

‘ယုံမြို့စားအိမ်တော်ရဲ့ သခင်မကြီးဟုတ်လား’

‘ခရိုင်မင်းသမီးကျန်း ဟုတ်လား’

‘ခဲအိုဟုတ်လား’

သူမ၏ အတိတ်ဘဝတွင် မုကျွင်းယန် နောက်ထပ် အိမ်ထောင်ပြုခဲ့သည်ဟု မကြားမိခဲ့ချေ။

အကယ်၍ မယ်တော်ကြီးက အိမ်ထောင်ဖက်အဖြစ် အမိန့်တော်ချမှတ်မည်ဆိုပါက မုကျွင်းယန်အနေဖြင့် တော်ဝင်အမိန့်တော်ကို လွန်ဆန်နိုင်မည် မဟုတ်ပေ။

တုန့်ဟွားကလည်း ထိုစကားများကို ကြားလိုက်ရသဖြင့် စပ်စုချင်စိတ်ဖြင့် ရေရွတ်လိုက်သည်။

“မယ်တော်ကြီးက သခင်ကြီးကို ကျန်းမိသားစုက သမီးပျိုနဲ့ နောက်တစ်ကြိမ် ထပ်ပြီး အိမ်ထောင်ဖက်အဖြစ် အမိန့်ချမှတ်မှာလား”

အကယ်၍ သခင်မကြီးအသစ်တစ်ယောက် ကောင်းကင်က ပြုတ်ကျလာသကဲ့သို့ ရုတ်တရက် ရောက်ရှိလာမည်ဆိုလျှင် ကုအိမ်တော်က ဒုတိယမမလေး ကုဟွားက ဘာဖြစ်သွားမှာလဲ။

တုန့်ဟွား ကုဟွားကို စိုးရိမ်ပူပန်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။

ကုဟွားက သူမ၏ စကားထဲမှ အဓိကသော့ချက်ကို ဖမ်းမိသွားခဲ့၏။

‘ကျန်းမိသားစုနဲ့ နောက်တစ်ကြိမ် ထပ်ပြီး အိမ်ထောင်ဖက်အဖြစ် အမိန့်ချမှတ်တယ်တဲ့လား’

“ကွယ်လွန်သူ သခင်မကြီးက ကျန်းမိသားစုကလား”

“ဟုတ်ပါတယ်”

တုန့်ဟွားက အသံကို နှိမ့်လိုက်၏။

“မမလေး သိချင်မှ သိမှာပါ... ကွယ်လွန်သူ သခင်မကြီးက မယ်တော်ကြီးရဲ့ ညီမအရင်းဖြစ်သူရဲ့ မြေးမလေးပါ”

ဤသည်က အနာဂတ်၏ သခင်မကြီးအသစ်နှင့် သက်ဆိုင်နေသဖြင့် မြို့စားကြီး၏ ဘေးနားတွင်ရှိသော အမျိုးသမီးတစ်ဦးအနေဖြင့် အိပ်ရာဝင်အစေခံလည်း မဟုတ်၊ ကိုယ်လုပ်တော်လည်း မဟုတ်သည့် အဆင့်အတန်းမျိုးနှင့်မို့ သူမအနေဖြင့် အထူးဂရုပြု စောင့်ကြည့်ရပေမည်။

ပိုင်မိသားစုကို ပြန်လည်တိုက်ခိုက်နိုင်မည့် အင်အား မရှိသေးမီအချိန်အထိ သူမအနေဖြင့် မုကျွင်းယန်ကို ဆက်လက်အားကိုးနေရဦးမည် ဖြစ်သည်။

‘တကယ်လို့ သခင်မကြီးအသစ်က ငါ့ကို လက်မခံနိုင်ဘဲ နှိပ်စက်ရင် ဘယ်လိုလုပ်မလဲ’

ကုဟွား၏ ဦးနှောက်ထဲတွင် အတွေးများ လျင်မြန်စွာ လှည့်ပတ်နေစဉ် သူမက တုန့်ဟွားနှင့် အကြည့်ချင်း ဆုံမိသွားကြသည်။ နှစ်ဦးလုံး၏ မျက်ဝန်းထဲတွင် အတင်းအဖျင်းများကို စပ်စုချင်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေကြ၏။

‘ဒီလောက် ကြီးတဲ့ ဖရဲသီးကြီး(အတင်းအဖျင်းကြီး)ကို ငါတို့ သေချာပေါက် စုံစမ်းရမယ်’

သူတို့နှစ်ဦးသည် စကားမဆိုဘဲ နားလည်မှုရှိစွာ ပြန်လှည့်ကာ သူတို့နောက်သို့ လိုက်၍ လင်းလန်ဆောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

အရှေ့ဘက်၌ ဒုတိယစီမံသူက ထိုမိန်းမပျိုလေးကို စိတ်အားထက်သန်စွာ ကိုယ်တိုင်ကိုယ်ကျ လက်ခံကြိုဆိုပြီး ခြံဝင်းထဲရှိ သီးသန့်အခန်းတစ်ခုသို့ တိုက်ရိုက်ပင် ဖိတ်ခေါ်သွားခဲ့သည်။

ဆိုင်အတွင်းရှိ အစေခံမလေးများ ကုဟွားနှင့် တုန့်ဟွားတို့ သူမတို့ဘာသာ လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက်ကြရ၏။

သူတို့က မျက်နှာစိမ်းများ ဖြစ်ကြသော်လည်း ကုဟွား၏ ဆံပင်ပေါ်တွင် ဆင်ယင်ထားသော ကျောက်မျက်ရတနာက ဆိုင်ရှင်ချိုး ကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း အစေခံမလေးများက ချက်ချင်း မှတ်မိသွားကြသဖြင့် အဆင့်အတန်းက မနိမ့်လှကြောင်း ခန့်မှန်းမိလိုက်ကြသည်။

သူတို့က အမြန်ပင် လာရောက်ကြိုဆိုကြ၏။

“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ရောက်လာပါပြီလား အပြင်အထိ ထွက်မကြိုမိတာကို ခွင့်လွှတ်ပေးပါရှင်”

ကုဟွား ပြုံးလိုက်သည်။

“ဆိုင်ရှင်ချိုး မကြာသေးခင်က ထူးခြားဆန်းသစ်တဲ့ လက်ရာမြောက် ကျောက်မျက်ရတနာ ဘာအသစ်တွေများ ထပ်လုပ်ထားလဲဆိုတာ လာကြည့်တာပါ”

အစေခံမလေးက မဆိုင်းမတ မေးမြန်းလိုက်၏။

“ဧည့်သည်တော်ရဲ့ အမည်နဲ့ ဘယ်အိမ်တော်ကလဲဆိုတာ မေးပါရစေရှင်”

ကုဟွားက တိုက်ရိုက်ပင် ပြောလိုက်သည်။

“ယုံမြို့စားမင်းရဲ့ မုအိမ်တော်ကပါ”

အခန်း(၆၆)

အစေခံမလေး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

‘ယုံမြို့စားမင်းအိမ်တော်က ဖြစ်နေတာလား... စောစောကတင် ရောက်လာတဲ့ ကျန်းမိသားစုက သခင်မလေးနဲ့လည်း ခမည်းခမက်တော်စပ်နေတာ မဟုတ်ဘူးလား’

သူမ၏ လေသံက ပို၍ပင် ရိုသေလာပြီး စိတ်အားထက်သန်သွားရသည်။

“ခဏလောက် စောင့်ဆိုင်းပေးပါရှင်... ကျန်းမိသားစုက ခရိုင်မင်းသမီးကလည်း အထဲကို အခုလေးတင် ဝင်သွားတာပါ... ဒီအစေခံက အခုပဲ သွားပြီး ဆိုင်ရှင်ချိုးကို ခေါ်လာခဲ့ပေးပါ့မယ်”

“ကောင်းပါပြီ... ဒုက္ခပေးမိပြီ”

ကုဟွားက ခေါင်းညိတ်ပြလိုက်၏။

ကုဟွားက ဆိုင်အတွင်း၌ အစီအရီ ခင်းကျင်းထားသော လင်းလက်တောက်ပနေသည့် ကျောက်မျက်ရတနာများကို ဖြည်းညင်းစွာ ငေးမောကြည့်ရှုနေသည်။

အခြားအစေခံမလေးတစ်ဦးက လက်ဖက်ရည်နှင့် မုန့်များကို ယူဆောင်လာပေး၏။

“မမလေး... ဒီမှာ ခဏထိုင်ပြီး လက်ဖက်ရည်နဲ့ မုန့်လေးတွေ သုံးဆောင်ပါဦးရှင်”

“ကျေးဇူးပါပဲ”

အလှဆင်ထားသော ပြတင်းပေါက်မှတစ်ဆင့် ကုဟွားက အတွင်းခြံဝင်းထဲသို့ လှမ်းကြည့်လိုက်သည်။ ဒုတိယစီမံသူက ကျောက်မျက်ရတနာသေတ္တာများကို ယူဆောင်လာပြီး သခင်မလေးကျန်းကို ရွေးချယ်ခိုင်းနေသည်ကို မြင်လိုက်ရ၏။ ခဏအကြာတွင် ဆိုင်ရှင်ချိုးလည်း ထွက်လာသည်။

စောစောက အစီရင်ခံရန် ဝင်သွားသောအစေခံမလေးက သူမ နားရွက်နားသို့ ကပ်၍ စကားအနည်းငယ် တီးတိုးပြောလိုက်ရာ ဆိုင်ရှင်ချိုး ချက်ချင်းပင် အပြင်သို့ ထွက်လာသည်။

“ဒုတိယမမလေး ကု”

ဆိုင်ရှင်ချိုးက အပြုံးအရယ် သိပ်မရှိသော်လည်း ကုဟွား၏အမည်ကို ခေါ်ဆိုလိုက်သည့် သူမ အသံထဲ၌ ဝမ်းမြောက်မှု အရိပ်အယောင်များ ပါနေခဲ့သည်။

သူမက ကုဟွား၏ ဦးခေါင်းပေါ်ရှိ ကျောက်စိမ်းဆံထိုးကို သတိပြုမိသွားပြီး မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွား၏။

“ဒီကျောက်စိမ်းဆံထိုးက”

‘ဒါက ပိုင်သခင်မကြီး သဘောကျသွားခဲ့လို့ သူ့ခင်ပွန်းက ဇနီးသည်အတွက် မွေးနေ့လက်ဆောင်အဖြစ် ဝယ်ယူသွားခဲ့တဲ့ ဆံထိုး မဟုတ်ဘူးလား’

‘ဘာလို့ ကုဟွားရဲ့ ခေါင်းပေါ်ကို ရောက်နေရတာလဲ’

ကုဟွားက သူမ၏ ဦးခေါင်းပေါ်ရှိ ကျောက်စိမ်းဆံထိုးလေးကို ခပ်ဖွဖွလေး ထိကိုင်လိုက်သည်။

“ဒါက ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုကြီးက ကျွန်မအတွက် အသက်ပြည့်ဆံထိုးထိုးပွဲ လက်ဆောင်အဖြစ် ပေးထားတာပါ... ကျွန်မတို့ မတွေ့ရတာ နှစ်အတော်ကြာပြီမို့လို့ ကိုယ်လုပ်တော်အမေက ကျွန်မကို ခေါ်ပြီး သွားတွေ့တော့ ဝမ်းကွဲအစ်ကိုကြီး လက်ဖွာတာနဲ့ သွားတိုးတာပေါ့... ဆံထိုးပေါ်မှာ ဆိုင်ရှင်ရဲ့ နာမည် ထွင်းထားတာ တွေ့တည်းက ဒါက ဆိုင်ရှင်ချိုးရဲ့ လက်ရာမှန်း ကျွန်မ သိလိုက်တာပါ”

‘ဒါဆို လွန်ခဲ့တဲ့ နှစ်တွေက မြို့တော်မှာ ရုတ်တရက်ကြီး ချမ်းသာကြွယ်ဝလာခဲ့တဲ့ ပိုင်မိသားစုက ကုအိမ်တော်ရဲ့ ဒုတိယမမလေးနဲ့ ပတ်သက်မှု ရှိနေတာပေါ့လေ’

ဆိုင်ရှင်ချိုး၏ မျက်ဝန်းများက ဝင်းလက်သွားရသည်။

သူမအနေဖြင့် သဘာဝအတိုင်း အမှန်တရားကို ဖွင့်ချရန် မသင့်တော်ချေ။

“ဒါက ကျွန်မ ကိုယ်တိုင် ပုံဖော်ထားတဲ့ လက်ရာအမှန်ပါပဲ... မမလေးနဲ့ တကယ်ကို လိုက်ဖက်လွန်းပါတယ်... မမလေး လာတာ အချိန်ကိုက်ပါပဲ... ကျွန်မ အခုလေးတင် မမလေးနဲ့ လိုက်ဖက်မဲ့ ကျောက်မျက်ရတနာ အစုံလိုက်ကို အချောသတ်ပြီးတာပါ... သီးသန့်အခန်းထဲကို သွားပြီး လိုက်ကြည့်မလား”

ဤသည်က ကုဟွား အလိုရှိနေသော အချက်ပင် ဖြစ်သည်။

“ကျွန်မ တကယ်ပဲ ကံကောင်းတာပဲ... ဆိုင်ရှင်ချိုး ပုံဖော်ပေးထားတဲ့ ကျောက်မျက်ရတနာတွေကိုဆို ကျွန်မ လုံးဝ လက်ကမချနိုင်အောင် သဘောကျရတာလေ”

ဆိုင်ရှင်ချိုးက ခပ်ဖွဖွလေး ပြုံးလိုက်ပြီး သူမကိုယ်တိုင် လမ်းပြခေါ်ဆောင်သွားခဲ့သည်။

သီးသန့်အခန်းတွင်းသို့ ဝင်ရောက်လာချိန်တွင် ကျောက်မျက်ရတနာများကို ကြည့်ရှုနေသော ကျန်းရော့ရှီးက မော့ကြည့်လာ၏။ သူမ၏ အကြည့်များက ကုဟွားအပေါ်တွင် ခဏတာမျှ ရပ်တန့်သွားပြီးမှ ဂရုမစိုက်ဟန်ဖြင့် လွှဲဖယ်သွားသည်။

သို့သော်လည်း သူမ၏ အစေခံမလေးက မကျေမနပ် ဖြစ်သွားရသည်။

“ငါတို့ ခရိုင်မင်းသမီးက ဒီမှာ ရှိနေတာလေ။ နင်တို့ ဘယ်လိုလုပ် တစ်ချိန်တည်းမှာ တခြားလူကိုပါ လက်ခံဧည့်ခံနိုင်ရတာလဲ”

ဒုတိယစီမံသူက ဆိုင်ရှင်ချိုးကို အမြန် လှမ်းကြည့်လိုက်၏။

ဆိုင်ရှင်ချိုးက ထိုအစေခံမလေးကို လျစ်လျူရှုကာ ကုဟွားကို သီးသန့်အခန်းမှတစ်ဆင့် အရှေ့ဘက်အဆောင်ဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။

ကျန်းရော့ရှီးက မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။

ထိုမိန်းမပျိုလေးက မျက်နှာစိမ်းဖြစ်ပြီး မြို့တော်က မျိုးရိုးမြင့်သမီးပျိုတစ်ဦး မဟုတ်ချေ။ သို့သော်လည်း ဆိုင်ရှင်ချိုး၏ ဆက်ဆံပုံကို ကြည့်ခြင်းဖြင့် သူမက သာမန်လူတစ်ယောက် သေချာပေါက် မဟုတ်နိုင်ပေ။

သူမ၏ အစေခံမလေးက ဒေါသထွက်သွားပြီး ဝင်ရောက်မေးမြန်းရန် ပြင်လိုက်စဉ် ကျန်းရော့ရှီးက တားဆီးလိုက်သည်။

သူမက ညင်သာစွာ မေးမြန်းလိုက်၏။

“ဒုတိယစီမံသူ... စောစောက ဆိုင်ရှင်ချိုး ခေါ်သွားတဲ့သူက ဘယ်သူလဲဟင်... သူ အရမ်းလှပေမဲ့ ငါ မမှတ်မိဘူး ဖြစ်နေလို့... မြို့တော်အပြင်ဘက်ကနေ အခုတင် ရောက်လာတဲ့ မျိုးရိုးမြင့် မိသားစုက မျိုးရိုးမြင့် သမီးပျိုတစ်ဦးများလား...”

စောနက အစီရင်ခံရန် ဝင်သွားသောအစေခံမလေးက ဤနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ခရိုင်မင်းသမီးက မေးမြန်းလာသဖြင့် သူမက ပြန်လည် ဖြေကြားရပေမည်။

“ခရိုင်မင်းသမီး စောစောက မိန်းမပျိုလေးက ယုံမြို့စားမင်းရဲ့ မုအိမ်တော်က အမျိုးသမီးတစ်ဦးပါ”

ကျန်းရော့ရှီး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

“ယုံမြို့စားမင်းရဲ့ မုအိမ်တော်က အမျိုးသမီး ဟုတ်လား”

‘အဲဒီမိန်းမပျိုလေးက အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတွေရဲ့ ဆံပင်ပုံစံကို သေချာပေါက် ထုံးဖွဲ့ထားတာလေ’

‘ယုံမြို့စားမင်းက ဘယ်တုန်းကမှ အမျိုးသမီးတွေကို အနားကပ်မခံခဲ့ဖူးဘူး မလား’

သူမ၏ အစေခံမလေးက ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် ပြောလိုက်သည်။

“ယုံမြို့စားမင်းမှာ ဘယ်ကလာတဲ့ အမျိုးသမီး ရှိရမှာလဲ... ငါတို့ သခင်မလေးကပဲ ယုံမြို့စားမင်းအိမ်တော်ရဲ့ တစ်ဦးတည်းသော အနာဂတ် သခင်မကြီး ဖြစ်လာမှာ”

အစီရင်ခံလိုက်သော အစေခံမလေးက ဤစကားများကြောင့် လန့်ဖျပ်သွားရသည်။

သူမကလည်း အသေးစိတ်အချက်အလက်များကို မသိရှိချေ။

သို့သော်လည်း ထိုမိန်းမပျိုလေးက ယုံမြို့စားမင်း၏ အမည်ကို တိုက်ရိုက်အသုံးပြုပြီး သူမ၏ ဦးခေါင်းပေါ်ရှိ ကျောက်မျက်ရတနာများကလည်း ဆိုင်ရှင်ချိုး ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။

မြို့တော်ရှိ အမျိုးသမီးများထဲတွင် ဆိုင်ရှင်ချိုး ကိုယ်တိုင် ပြုလုပ်ပေးထားသော ကျောက်မျက်ရတနာများကို ဆင်ယင်နိုင်သူဟူ၍ လက်ချိုးရေတွက်၍ ရသည်။

ဤကဲ့သို့ နတ်သမီးလေးတမျှ လှပသော အလှပိုင်ရှင်တစ်ဦးက မုကျွင်းယန်၏ ဘေးနားတွင် ရှိနေခြင်းက အလွန်တရာ အန္တရာယ်များလှ၏။

ကျန်းရော့ရှီး သတိကြီးစွာ ထားလိုက်မိသည်။

သူမက ဘေးနားရှိ အစေခံမလေးကို တစ်ချက် လှမ်းကြည့်လိုက်၏။ အစေခံမလေးက ခေါင်းညိတ်ပြကာ လှည့်ထွက်သွားပြီး အရှေ့ဘက်အဆောင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ဤအခြေအနေကို မြင်လျှင် ဒုတိယစီမံသူနှင့် ဆိုင်ရှိ အစေခံမလေးများ အခြေအနေမကောင်းမှန်း သိလိုက်ကြသည်။

သူတို့ အကြည့်ချင်း ဆုံလိုက်ကြပြီး ဆိုင်ရှိ အစေခံမလေးများက အရှေ့ဘက်ဆောင်အတွင်းသို့ သူ့ထက်ငါ အရင်ဦးအောင် ပြေးဝင်သွားခဲ့ကြ၏။

“ဆိုင်ရှင်ကျန်း”

ကျန်းမိသားစုမှ အစေခံမလေးက သူမကို ဘေးသို့ တွန်းဖယ်ကာ ကုဟွား၏ ရှေ့သို့ တိုက်ရိုက် လျှောက်လှမ်းလာပြီး မောက်မာသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

“ဒီက မမလေးက ယုံမြို့စားမင်းနဲ့ ဘယ်လို ပတ်သက်လဲဆိုတာ မေးပါရစေ”

ကုဟွားက မျက်တောင်ခတ်လိုက်ရင်း ပြန်လည်မေးမြန်းလိုက်၏။

“ဒါနဲ့ နင်က ဘယ်သူများလဲ”

တုန့်ဟွားက မကျေမနပ် ဖြစ်သွားရသည်။

“နင်က ဘယ်မိသားစုကလဲ... ငါတို့ မမလေးကို ဒီလောက်တောင် ယဉ်ကျေးမှုမရှိဘဲ လာမေးမြန်းနေတယ်”

ကျန်းမိသားစုမှ အစေခံမလေးက မျက်နှာကို မော့ချီ၍ ပြောလိုက်သည်။

“ငါက ခရိုင်မင်းသမီးကျန်းရဲ့ အနီးကပ်အစေခံမလေးပဲ... ငါတို့ ခရိုင်မင်းသမီးက ယုံမြို့စားမင်းနဲ့ မကြာခင် လက်ထပ်တော့မှာ... နင်က ယုံမြို့စားမင်းအိမ်တော်က အမျိုးသမီးအဖြစ် ဟန်ဆောင်နေတာကို ငါက မမေးလို့ ရမလား”

ကုဟွား ဆွံ့အသွားရသည်။

ဤခရိုင်မင်းသမီး ကျန်းရော့ရှီး၏ ဦးနှောက်က သိပ်ပြီး အလုပ်လုပ်ပုံမရချေ။

သူမ၏ အစေခံမလေးကလည်း အူကြောင်ကြောင် နိုင်လှသည်။

အကယ်၍ မုကျွင်းယန်သာ ဤကဲ့သို့သော မျိုးရိုးမြင့်သမီးပျိုနှင့် လက်ထပ်ရန် တော်ဝင်အမိန့်ကို လက်ခံရရှိခဲ့မည်ဆိုလျှင် သူ့အတွက် အလွန် မတရားလှချေ။

တုန့်ဟွား၏ မျက်လုံးများက ကြေးမောင်းကြီးများကဲ့သို့ ပြူးကျယ်သွားရပြီး သူမ၏ လေသံက ပြောင်းလဲသွားခဲ့၏။

“ငါတို့ သခင်ကြီးနဲ့ ဘယ်သူက လက်ထပ်မှာလို့ နင်ပြောလိုက်တာလဲ...”

ကျန်းမိသားစုမှ အစေခံမလေးက မျက်မှောင်ကြုတ်ကာ သူမကို စောင်းငဲ့ကြည့်လိုက်သည်။

“နင်က ဘာအဆင့်အတန်းမို့လို့ ငါ့ကို ဒီလိုမျိုး ရဲရဲတင်းတင်း လာမေးမြန်းနေရတာလဲ”

အစေခံများ အချင်းချင်းကြားတွင်ပင် အဆင့်အတန်း ကွာခြားမှု ရှိသည်။

‘ဘယ်ကမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အစေခံမက ငါ့လိုမျိုး ခရိုင်မင်းသမီးရဲ့ ဘေးနားက ပထမတန်းစား အစေခံနဲ့ ဘယ်လိုယှဥ်လို့ရမှာလဲ’

တုန့်ဟွားက မနှစ်မြို့ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အိုး ဟိုး... နင်ကလည်း အစေခံတစ်ယောက်ပဲ မဟုတ်ဘူးလား... နင်လည်း ငါနဲ့ အဆင့်အတန်း အတူတူပဲကို ကိုယ့်ကိုယ်ကိုယ် အဆင့်တစ်ခု ပိုမြင့်နေတယ်လို့များ ထင်နေတာလား”

နှစ်ဦးနှစ်ဖက် အခြေအတင် ရန်ဖြစ်တော့မည်ကို မြင်လျှင် ဆိုင်ရှင်ချိုးက ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေပြီး မည်သည့်အသံမျှ မထွက်ချေ။

ကုဟွားအနေဖြင့် အကြောင်းရင်းမရှိဘဲ ကျန်းမိသားစုမှ ခရိုင်မင်းသမီးကို မပြစ်မှားချင်ပေ။

‘တကယ်လို့ ဒီဘဝမှာ အခြေအနေတွေ ပြောင်းလဲသွားပြီး သူက မြို့စားအိမ်တော်ရဲ့ သခင်မကြီးအသစ် တကယ်ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ’

ဤသို့ဆိုလျှင် သူမ၏ ဦးခေါင်းပေါ်သို့ ကြီးမားလှသော တောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

လက်ညှိုးတစ်ချောင်းတည်းနှင့်တင် သူမကို ဖိသတ်၍ ရပေသည်။

သူမက တုန့်ဟွားကို ဆွဲလိုက်ပြီး ပြန်လည်တောင်းပန်လိုက်၏။

“မိန်းကလေးက နားလည်မှုလွဲသွားတာ ဖြစ်ပါလိမ့်မယ်... ကျွန်မက ကုဟွားပါ... မြို့စားအိမ်တော်က သခင်မလေးရဲ့ ညီမအရင်းပါ။ မြို့စားအိမ်တော်မှာ ရက်အနည်းငယ်လောက် တည်းခိုနေရုံတင်ပါ”

အစေခံမလေး၏ မျက်နှာထားက အနည်းငယ် ပြေလျော့သွားသော်လည်း သူမ၏ လေသံက နှိမ့်ချစော်ကားနေဆဲဖြစ်သည်။

“အိုး... သခင်မလေးရဲ့ ညီမကိုး... ဒါဆိုရင်တော့ ငါတို့က မိသားစုတွေပဲပေါ့”

‘ငါတို့ မိသားစုတွေ ဖြစ်သွားတာလား’

ကုဟွား ရယ်ချင်စိတ်ကို မနည်းအောင့်အည်းထားလိုက်ရသည်။

All Chapters