← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း(၆၇)

ကျန်းမိသားစု အစေခံမလေး၏ မောက်မာရိုင်းစိုင်းမှုက မိုးကောင်းကင်ထိ ရောက်လုမတတ် ဖြစ်နေ၏။

“ငါတို့ ခရိုင်မင်းသမီးက ယုံမြို့စားမင်းရဲ့ ကွယ်လွန်သူ ဇနီးသည်ရဲ့ ညီမအရင်းပဲ”

ကုဟွား ခေါင်းညိတ်ပြလိုက်၏။

“ဒီတော့... သခင်ကြီးရဲ့ ကွယ်လွန်သူဇနီးသည်ရဲ့ ညီမငယ်ပေါ့... ကျွန်တော်မျိုးမအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူလှပါတယ်...”

ကျန်းမိသားစု အစေခံမလေးက ကုဟွား၏ စကားအပြောအဆိုထဲ၌ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသဖြင့် သူမကို တစ်ချက် စောင်းငဲ့ကြည့်ကာ သခင်မလေးထံ အစီရင်ခံရန် ပြန်လှည့်ထွက်သွားခဲ့သည်။

ကုဟွား သူမကို လျစ်လျူရှုလိုက်ပြီး ဆိုင်ရှင်ချိုးကို ပြုံး၍ ပြောလိုက်၏။

“ဆိုင်ရှင်ချိုး ရှင်ပြောတဲ့ ကျောက်မျက်ရတနာကို ကျွန်မ တကယ် တွေ့ချင်လှပြီ”

ဆိုင်ရှင်ချိုးက အစေခံမလေးတစ်ဦးကို ကတ္တီပါသား ခင်းထားသော သစ်သားသေတ္တာတစ်လုံး ယူဆောင်လာရန် မျက်ရိပ်ပြလိုက်သည်။

သေတ္တာထဲ၌ ပတ်ပတ်လည်တွင် ငွေဖြင့် အနားကွပ်ကာ စီခြယ်ထားသော ခရမ်းစွဲ လက်ဝတ်ရတနာအစုံလိုက် ရှိနေပြီး အလွန် သန့်စင်ကာ ထူးခြားဆန်းသစ်လှပသည်။

ကုဟွား၏ မျက်ဝန်းများထဲတွင် အံ့သြချီးမွမ်းမှုများ ပြည့်နှက်သွားရ၏။

“တကယ် တအားလှတာပဲ”

သူမ ဘဝနှစ်ခုလုံးတွင် ဤမျှ လှပသောအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

“ပြီးခဲ့တဲ့အပတ်က အိမ်တော်ထိန်းကျိုးက မမလေးနဲ့ လိုက်ဖက်မဲ့ နောက်ထပ် လက်ဝတ်ရတနာနှစ်စုံလောက် ထပ်စီမံပေးဖို့ ပြောထားတာ ရှိတယ်။ ဒီအစုံက မမလေးအတွက် သီးသန့် ပြင်ဆင်ပေးထားတာပါ”

ကုဟွား အံ့အားသင့်သွားရသည်။

သို့သော်လည်း ဤသည်က အိမ်တော်ထိန်းကျိုး စီစဉ်ထားခြင်းဖြစ်သဖြင့် သူမအနေဖြင့် ငြင်းပယ်ရန် မသင့်တော်ချေ။

မည်သို့ပင်ဖြစ်စေ ဤသည်က မြို့စားအိမ်တော်၏ မျက်နှာပန်းကို ထိန်းသိမ်းရန်အတွက် ပြုလုပ်ပေးခြင်းသာ ဖြစ်ပြီး သူမနှင့် မသက်ဆိုင်ချေ။

အနာဂတ်တွင် သူမ ယုံမြို့စားအိမ်တော်မှ ထွက်ခွာသွားပါက ဤအရာများကို ယူဆောင်သွားမည် မဟုတ်ပေ။

ဆိုင်ရှင်ချိုး ဘေးနားရှိ အစေခံမလေးကို အမိန့်ပေးလိုက်၏။

“ဒါကို သေသေချာချာ ထုပ်ပိုးပြီး ယုံမြို့စားမင်းအိမ်တော်ကို ပို့ဆောင်လိုက်ပါ”

ကုဟွား သဘောပေါက်သွားသည်။

သူမက တည်ငြိမ်စွာဖြင့်ပင် လက်ခံလိုက်ပြီး ငြင်းဆန်ခြင်း မပြုခဲ့ချေ။

“ခဏနေဦး”

ပြတ်သားလှသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူတို့သုံးဦးလုံး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

ကျန်းရော့ရှီးက မောက်မာစွာ လျှောက်လှမ်းဝင်ရောက်လာပြီး ကုဟွားကို အေးစက်စက် အကြည့်တစ်ချက် စွန့်ကြဲလိုက်သည်။

သူမက ကုဟွားကို အကြောင်းရင်းမရှိဘဲ မနှစ်မြို့မိချေ။

သူမက သူမကိုယ်သူမ ယုံမြို့စားမင်း၏ ဆွေမျိုး မိသားစုဝင် တစ်ဦးအဖြစ် ပြောဆိုနေသော်လည်း သူမ၏ ရုပ်ရည်က အလွန်တရာ ညှို့ဓာတ်ပြင်းလွန်းပြီး မျိုးရိုးမြင့် သမီးပျိုတစ်ဦး၌ ရှိသင့်သော မာနနှင့် သိက္ခာ လုံးဝမရှိချေ။

ယုံမြို့စားမင်းအိမ်တော်၏ အနာဂတ်သခင်မကြီးနှင့် အိမ်တော်၏ စီမံခန့်ခွဲသူဖြစ်သော သူမအနေဖြင့် ရည်မှန်းချက်ကြီးမားလှသော အချို့အမျိုးသမီးများ၏ လက်တွေ့မဆန်သော မျှော်လင့်ချက်များကို အစတည်းက ရိုက်ချိုးပစ်ထားရမည်။

အဆင့်အတန်း ကွာခြားမှုကို လေးစားသောအားဖြင့် ကုဟွား ခေါင်းငုံ့၍ အရိုအသေပေးလိုက်၏။

“ခရိုင်မင်းသမီးကျန်းကို ဂါရဝပြုပါတယ်”

ကျန်းရော့ရှီးက သူမကို ကြည့်ပင်မကြည့်ဘဲ ခရမ်းစွဲကျောက် လက်ဝတ်ရတနာဆီသို့ မောက်မာစွာ လက်ညှိုးထိုးလိုက်သည်။

“အဲဒီ လက်ဝတ်ရတနာအစုံလိုက်ကို ငါ လိုချင်တယ်”

ဆိုင်ရှင်ချိုးက မျက်မှောင်ကြုတ်သွားရ၏။

“စိတ်မကောင်းပါဘူး... ဒီရတနာအစုံလိုက်က ဒုတိယမမလေးကု ပိုင်ဆိုင်ပြီးသားပါ”

ကျန်းရော့ရှီးက ပြုံးလိုက်သည်။

“ဒီလက်ဝတ်ရတနာအစုံလိုက်က ဘယ်လောက်တန်လဲ... ငါ နှစ်ဆ... မဟုတ်ဘူး သုံးဆ ပေးမယ်”

ကုဟွားက မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။

မုကျွင်းယန်က ဤကဲ့သို့သော စရိုက်မျိုးရှိသည့် အမျိုးသမီးကို သဘောကျသည်လော။

သူမအနေဖြင့် ကွယ်လွန်သူ သခင်မကြီး၏ စရိုက်က မည်သို့ရှိမည်နည်းဟု တွေးတောနေမိသည်။

ဆိုင်ရှင်ချိုး၏ အမူအရာက တည်ငြိမ်နေသည်။

“ဒါက ငွေကြေးနဲ့ မဆိုင်ပါဘူး... ဒီရတနာအစုံလိုက်က သိပ်ပြီး အဖိုးတန်လှတာလည်း မဟုတ်ပါဘူး... ပုံစံက ရိုးရှင်းပြီး ဒုတိယမမလေးကုဟွားနဲ့ ပိုပြီးလိုက်ဖက်လို့ပါ... တကယ်လို့ ခရိုင်မင်းသမီးကျန်း သဘောကျတယ်ဆိုရင် ပိုမိုသင့်တော်မဲ့ တခြားအရာကို ရွေးချယ်နိုင်ပါတယ်”

ကုဟွား ဆိုင်ရှင်ချိုးကို အံ့သြစွာ လှမ်းကြည့်လိုက်မိသည်။

တကယ်ကို မာကျောတဲ့ စရိုက်ပဲ။

‘သူ မယ်တော်ကြီးရဲ့ မွေးမိသားစုဖြစ်တဲ့ ကျန်းမိသားစုကို ပြစ်မှားမိမှာ လုံးဝ မကြောက်တာလား’

အငြင်းပယ်ခံလိုက်ရသဖြင့် ကျန်းရော့ရှီး၏ မျက်နှာတစ်ခုလုံး အလွန်တရာ ပျက်ယွင်းသွားရသည်။

ဤအခြေအနေကို မြင်လျှင် ဒုတိယစီမံသူ အပြုံးမျက်နှာလေးဖြင့် အမြန်ဝင်၍ ဖျောင်းဖျလိုက်၏။

“ဆိုင်ရှင်ချိုးပြောချင်တာက ခရိုင်မင်းသမီးက မြင့်မြတ်တဲ့ အဆင့်အတန်းရှိတာမို့ ပိုပြီး သားနားထည်ဝါတဲ့ ကျောက်မျက်ရတနာတွေနဲ့ပဲ လိုက်ဖက်တာလို့ ပြောချင်တာပါ... ဒီခရမ်းစွဲကျောက်ရဲ့ အရောင်က ရှားပါးတယ်ဆိုပေမဲ့ အနားကွပ်ထားတာတွေက ငွေတွေချည်းပဲမို့ အဖိုးမတန်လှပါဘူး”

ဒုတိယစီမံသူက ဘေးနားရှိ အစေခံမလေးကို မျက်ရိပ်ပြလိုက်သည်။ ထိုအစေခံမလေးက ပို၍ သားနားလှပသော လက်ဝတ်ရတနာများကို သွားရောက်ယူဆောင်ရန် အမြန်ထွက်သွားခဲ့သည်။

ကျန်းရော့ရှီးက လင်းလန်ဆောင်၏ ဖောက်သည်ဟောင်းတစ်ဦး ဖြစ်သည်။

သူမအနေဖြင့် ဆိုင်ရှင်ချိုးတွင် စရိုက်ဆိုးတစ်ခုရှိကြောင်း သိထား၏။

အကယ်၍ သူမက ထိုရတနာသည် ဝယ်ယူသူနှင့် မလိုက်ဖက်ဟု ခံစားရပါက ငွေမည်မျှပင် ပေးပါစေ လုံးဝ ရောင်းချမည် မဟုတ်ချေ။

ထို့ပြင် ဆိုင်ရှင်ချိုး၏ ဖောက်သည်များက ချမ်းသာသူ သို့မဟုတ် အထက်တန်းလွှာများသာ ဖြစ်ကြသဖြင့် သူမကိုလည်း မပြစ်မှားချင်ကြချေ။

သူမ ကုဟွားကို စောင်းငဲ့ကြည့်လိုက်ပြီး ကြည့်လေလေ ပို၍ မနှစ်မြို့လေလေ ဖြစ်လာသည်။

‘မနက်ဖြန် နန်းတော်ထဲဝင်ရင် မုကျွင်းယန်ကို သခင်မငယ်ရဲ့ တရားမဝင်ညီမကို မြို့စားအိမ်တော်ကနေ မောင်းထုတ်ခိုင်းရမယ်’

‘ဒီလို ဘေးဒုက္ခပေးမဲ့မိန်းမမျိုးကိုသာ အိမ်တော်ထဲမှာ ထားရင် အတင်းအဖျင်းတွေ ဖြစ်လာဖို့ လွယ်ကူသွားလိမ့်မယ်’

အထက်တန်းလွှာ မိန်းမပျိုတစ်ဦးတွင် ရှိသင့်သော အရှိန်အဝါကို ထိန်းသိမ်းရင်း ကျန်းရော့ရှီး ခေါင်းကို မော့ကာ ကုဟွားကို မောက်မာမှုအ‌ပေါင်း သရဖူဆောင်း၍ ကြည့်လိုက်သည်။

“ဆိုင်ရှင်ချိုး ပြောတာ မှန်တယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းက သင့်တော်တဲ့ ရတနာနဲ့ ထိုက်တန်ရမယ်။ ကိုယ်နဲ့မဆိုင်တဲ့ အရာကို ရူးရူးမူးမူး မတမ်းတပါနဲ့။ မဟုတ်ရင် ကိုယ့်သိက္ခာပဲ ကျလိမ့်မယ်”

ကုဟွားက ပြုံးလိုက်၏။

“ခရိုင်မင်းသမီးကျန်း ပြောတာ အရမ်း မှန်ပါတယ်... ကျွန်တော်မျိုးမ အနေနဲ့ သင်ခန်းစာ ရရှိပါတယ်...”

ကျွန်တော်မျိုးမဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် ကျန်းရော့ရှီး ရင်ထဲ မသက်မသာ ဖြစ်သွားရသည်။

သူမက ယခုမှ အသက်တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း သူမနှင့် အသက်သိပ်မကွာလှသည့် မိန်းကလေးတစ်ဦး၏ “ကျွန်တော်မျိုးမ” ဟု အသုံးနှုန်းခံလိုက်ရခြင်းက သူမကို အသက် အတော်ကြီးသွားစေသကဲ့သို့ ခံစားလိုက်ရသည်။

တုန့်ဟွား စာအုပ်အများကြီး မဖတ်ဖူးသော်လည်း ကျန်းရော့ရှီးက ဒုတိယမမလေး ကုဟွားကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြောင်း ရိပ်မိလိုက်သည်။

မမကျိုးက ဒုတိယမမလေး ကုဟွားကို သေသေချာချာ ကာကွယ်စောင့်ရှောက်ရန် အဖန်တလဲလဲ မှာကြားထားခဲ့သဖြင့် သူမ ဒေါသကို မျိုသိပ်မထားနိုင်ချေ။

သူမ ရှေ့သို့ ခြေတစ်လှမ်းတက်ကာ စံပြအစေခံတစ်ဦး၏ အမူအရာဖြင့် အရိုအသေပေးလိုက်၏။

“ခရိုင်မင်းသမီးကျန်း... ဒီအစေခံက မြို့စားအိမ်တော်ကပါ။ ဒုတိယမမလေး ကုဟွားက ကျွန်မတို့ သခင်ကြီးကိုယ်တိုင် ငှားရမ်းထားတဲ့ အမျိုးသမီး ပညာရှိပါ။ လင်းလန်ဆောင်က လက်ဝတ်ရတနာတွေကိုလည်း မြို့စားကြီးကိုယ်တိုင် မမလေးအတွက် ဝယ်ယူဖို့ အမိန့်ပေးထားတာပါ။ ဒါက ဘယ်သူမဆို လွယ်လွယ်နဲ့ တောင့်တလို့ရနိုင်တဲ့ အရာမျိုးတော့ သေချာပေါက် မဟုတ်ပါဘူး”

လူအများ၏ရှေ့တွင် အစေခံတစ်ဦး၏ ပြန်လည်ပြောဆိုခြင်းကို ခံလိုက်ရသဖြင့် ကျန်းရော့ရှီး၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် မည်းမှောင်သွားရသည်။

“နင့်နာမည် ဘယ်လိုခေါ်လဲ”

တုန့်ဟွားက ခေါင်းမော့လိုက်၏။

“ဒီအစေခံရဲ့ အမည်က တုန့်ဟွား ဖြစ်ပါတယ်”

“တုန့်ဟွား ဟုတ်လား... ကောင်းပြီလေ ငါ မှတ်ထားလိုက်မယ်”

ကျန်းရော့ရှီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လှည့်ထွက်သွားသည်။

‘ငါ မြို့စားအိမ်တော်ကို လက်ထပ်ဝင်ရောက်ပြီးတာနဲ့ ပထမဆုံး လုပ်မဲ့အလုပ်က အဆင့်အတန်းကို မလေးစားတဲ့ အဲဒီအောက်တန်းစား အစေခံမကို သစ်သားတုတ်နဲ့ ရိုက်သတ်ပစ်ဖို့ပဲ’

ကုဟွားက ကျန်းရော့ရှီး၏ ကျောပြင်ကို ကြည့်ရင်း ဆွံ့အစွာ ကျန်ရစ်ခဲ့ရသည်။

ထို့နောက် သူမ တုန့်ဟွားကို လှမ်းကြည့်ကာ တိုးတိုးလေး မေးလိုက်၏။

“သူ တကယ်ပဲ သခင်ကြီးရဲ့ ဇနီးသည် ဖြစ်လာမှာကို နင် မကြောက်ဘူးလား”

“သူကလား... ဖြစ်နိုင်ပါ့မလား”

တုန့်ဟွား၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

ကုဟွား ရယ်ချင်စိတ်ပေါက်သွားရ၏။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ... မယ်တော်ကြီးက အိမ်ထောင်ဖက်အဖြစ် အမိန့်တော်ချမှတ်တော့မယ်ဆိုတာ နင် မကြားလိုက်ဘူးလား”

“ကျွန်မတို့ သခင်ကြီးကို သူ မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ဖို့ ဘယ်သူမှ အတင်းအကျပ် ဖိအားမပေးနိုင်ဘူး”

တုန့်ဟွား ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“သခင်ကြီးက သူ့ကို မနှစ်သက်ဘူးလို့ နင် ဘယ်လိုသိလဲ...ကွယ်လွန်သူ သခင်မကြီးတုန်းကလည်း အမိန့်တော်နဲ့ပဲ လက်ထပ်ခဲ့ကြတာ မဟုတ်ဘူးလား... သူတို့က ညီအစ်မတွေဆိုတော့ သခင်ကြီးက အစ်မကိုချစ်တဲ့စိတ်နဲ့ ညီမကိုပါ သံယောဇဉ်တွယ်မိသွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ”

“ကွယ်လွန်သူ သခင်မကြီးက မတူပါဘူး။ သူက သခင်ကြီးကို နှစ်အတော်ကြာအောင် ချစ်မြတ်နိုးလာခဲ့တာ... သူ့စိတ်သဘောထားက နူးညံ့သိမ်မွေ့ပြီး ငြိမ်သက်တယ်... ပညာတတ်ပြီး အကျိုးအကြောင်းလည်း နားလည်တယ်... မြို့စားအိမ်တော်ကို လက်ထပ်ဝင်ရောက်လာပြီးနောက်မှာလည်း အစေခံတွေအပေါ် အရမ်းကောင်းရှာတာ... အခုတစ်ယောက်ရဲ့ စရိုက်က ဘယ်လိုလဲ... သခင်ကြီးကို ထားလိုက်ပါဦး ကျွန်မတို့ မြို့စားအိမ်တော်က အစေခံတွေတောင် သူ့ကို အထင်သေးကြတယ်”

သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောဆိုရင်း လင်းလန်ဆောင်မှ လမ်းလျှောက်ထွက်လာကြသည်။

ကုဟွား၏ ရင်ထဲ၌ စိတ်အေးသွား၏။

တုန့်ဟွားက ကုဟွား နောက်မှ လိုက်ပါလာရင်း လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်လိုက်ရာ မလှမ်းမကမ်းတွင် စာအုပ်ဆိုင်အသေးလေးတစ်ဆိုင် ရှိနေသည်။

တံခါးအထက်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထား၏။

‘ကုချင်းစာအုပ်ဆိုင်’

“အပြင်မှာ ခဏစောင့်ဦးနော်... လက်ရေးလှကျင့်ဖို့ စာအုပ်အလွတ် နည်းနည်းလောက် သွားယူလိုက်ဦးမယ်”

“ကောင်းပါပြီ”

တုန့်ဟွားက တံခါးဝတွင် စောင့်ကြပ်နေလိုက်သည်။

ကုဟွား တံခါးခုံကို ကျော်၍ ဝင်လိုက်၏။ စင်ပေါ်ရှိ စာအုပ်များကို စီစဉ်နေသော ဆိုင်ရှင်က အသံကြားသဖြင့် ခေါင်းလှည့်ကြည့်လာသည်။

အခန်း(၆၈)

“အလိုလေး... မမလေးကု... မမလေး ဒီကိုမလာတာ တစ်လကျော်ပြီနော်... ကျွန်တော်ဆို ကုအိမ်တော်ကို တိတ်တိတ်လေး လူလွှတ်ပြီး မမလေး ဘာဖြစ်လို့လဲဆိုတာ စုံစမ်းခိုင်းမလို့တောင် ပြင်နေတာ”

ဆိုင်ရှင်က အစေခံကောင်လေးတစ်ဦးကို လက်ဖက်ရည်ငှဲ့ရန် အမိန့်ပေးလိုက်၏။

ကုဟွား အနည်းငယ် အရိုအသေပေးလိုက်သည်။

“ကျွန်မအပေါ် ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ဆိုင်ရှင်ကြီး... ကျွန်မ အခုတလော အစ်မနောက် လိုက်ပြီး ယုံမြို့စားမင်းရဲ့ မုအိမ်တော်ကို ရောက်နေတာမို့လို့ အပြင်ထွက်ဖို့ အချိန်မရခဲ့တာပါ”

“ဒါကြောင့်ကိုး... မမလေး ကူးရေးပေးတဲ့ စာမူတွေက အရမ်း လူကြိုက်များတာဗျာ... စာပေပညာရှင်တွေအားလုံးက မမလေးရဲ့ လက်ရေးက သပ်ရပ်လှပတယ်... ကူးရေးတာလည်း သေချာတိကျတယ်... ဖတ်ရတာ လွယ်ကူပြီး စာလုံးအမှားလည်း မရှိဘူးလို့ ချီးမွမ်းနေကြတာ... လူတိုင်းက မမလေး ကူးရေးထားတဲ့ စာမူတွေကိုပဲ ဝယ်ချင်နေကြတာလေ”

ကုဟွား၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားရ၏။

“စာမူကူးမယ်ဆိုရင်တော့ အလေးအနက်ထားပြီး လုပ်ရမှာပေါ့ရှင်”

“ဒီနေ့ စာအုပ်အလွတ်တွေ လာယူတာလား”

“အတိအကျပါပဲ”

“ဒီတစ်ခေါက် ဘယ်နှစ်အုပ်လောက် လိုချင်လဲဗျာ”

“ဆယ်အုပ်ပါ... ပြီးတော့ စုတ်တံနှစ်ချောင်းလည်း ပေးပါဦး”

ကုဟွားက သူမ လက်ချောင်းလေးများကို တွန့်လိုက်မိသည်။

ယခင်က စာအုပ်တစ်အုပ် ကူးရေးလျှင် သူမက အကြွေစေ့ ဆယ်ပြားရရှိပြီး စာအုပ်သုံးအုပ် ကူးရေးပါက ဆန်ချော တစ်ပြည်နှင့် လဲလှယ်နိုင်သည်။

သူမ ဤသို့ စာမူကူးရေးလာခဲ့သည်က တစ်နှစ်ခွဲခန့် ရှိပြီဖြစ်ပြီး ငွေတုံးငါးတုံးကျော်မျှသာ ကပ်သီးကပ်သတ် ရှာဖွေနိုင်ခဲ့သည်။ ထိုငွေအားလုံးနီးပါးကိုလည်း မုကျွင်းယန်၏ သတင်းအစအနများကို စုံစမ်းရာ၌ အကုန်အကျခံခဲ့ရသည်။

မုကျွင်းယန်ကို မှီခိုနေရခြင်းက ယာယီသာဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။

တစ်နေ့၌ သူမ ဤနေရာမှ ထွက်ခွာပြီး သူမအလိုရှိသော ဘဝမျိုးနှင့် ရှင်သန်ရပေလိမ့်မည်။

စကားပုံအတိုင်း ငွေမရှိလျှင် ခြေတစ်လှမ်းပင် လှမ်းရခက်သော်လည်း ငွေရှိပါက သရဲကိုပင် မုန့်ကြိတ်စက် လှည့်ခိုင်း၍ ရသည်။

(ပိုက်ဆံသာရှိရင် ဘာမဆို အကုန်လုပ်လို့ရတယ်လို့ ဆိုလိုတာပါ)

သူမ သေချာပေါက် ငွေရှာရမည်။

အစေခံကောင်လေးက လက်ဖက်ရည် ယူဆောင်လာသောအခါ ဆိုင်ရှင်က သူ့ကို စာအုပ်အလွတ် ဆယ်အုပ် သွားရောက်ယူဆောင်ခိုင်းလိုက်၏။

ဤစာအုပ်အလွတ်များ၏ အပြင်ဘက်က သာမန် အပြာရောင်မျက်နှာဖုံးစာအုပ်များအတိုင်း ဖြစ်သည်။ အတွင်းတွင် မည်သည့်စာအုပ်ကို ကူးရေးသည်ဖြစ်စေ ခေါင်းစဉ်ကို မျက်နှာဖုံးပေါ်တွင် ရေးသားရုံသာ ဖြစ်၏။

အစေခံကောင်လေးက စာအုပ်အလွတ် ဆယ်အုပ်ကို သစ်ခွပန်းပုံစံပါသော အပြာရောင်ပိတ်စဖြင့် ထုပ်ပိုးလိုက်ပြီး စုတ်တံနှစ်ချောင်းကို ဆီစိမ်စက္ကူဖြင့် လိပ်ကာ ကုဟွားထံသို့ ကမ်းပေးလိုက်သည်။

“ဆိုင်ရှင်... ကျွန်မ တစ်ခုလောက် မေးပါရစေ...ဈေးကွက်ထဲမှာ ရှာရခက်ခဲတဲ့ ရှေးဟောင်းကျမ်းစာတွေ ဒါမှမဟုတ် အရမ်းရှားပါးလွန်းတဲ့ မူရင်းစာအုပ်တွေဆိုရင် စျေးနှုန်းက ဘယ်လောက်လောက် ရှိလဲ”

ဆိုင်ရှင်၏ မျက်လုံးများက ဝင်းလက်သွားရသည်။

“ဒါက ဘယ်လို ရှေးဟောင်းကျမ်းစာ ဒါမှမဟုတ် ရှားပါးစာအုပ်လဲဆိုတဲ့အပေါ် မူတည်တာပေါ့။ တကယ်လို့ စာပေပညာရှင်တွေ အသည်းအသန် ရှာဖွေနေပေမဲ့ ရှာမတွေ့နိုင်တဲ့ စာအုပ်မျိုးဆိုရင်တော့ မမလေး အရင်က ကူးပေးခဲ့တာထက် ဈေးနှုန်း ဆယ်ဆမက ပိုရနိုင်ပါတယ်”

ကုဟွား၏ ရင်ထဲတွင် စိတ်လှုပ်ရှားသွားရ၏။

ယုံမြို့စားမင်း၏ စာကြည့်ဆောင်တွင် အဖိုးတန်လှသော ရှေးဟောင်းကျမ်းစာများစွာ ရှိနေသည့်အပြင် ရွှေစင်တစ်ထောင် ပေးလျှင်ပင် ဝယ်ယူရန် ခက်ခဲလှသည့် ရှားပါးစာအုပ်များလည်း ရှိနေသည်။

သူမ ဤအစီအစဉ်ကို စိတ်ကူးထားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ကံကောင်းထောက်မစွာ ယနေ့ မေးမြန်းခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

သူမ စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်မိသည်။ အကယ်၍ စာအုပ်တစ်အုပ် ကူးရေးလျှင် အကြွေစေ့ တစ်ရာ ရရှိမည်ဆိုပါက စာအုပ်ဆယ်အုပ်ဆိုလျှင် ငွေတစ်တုံး ရရှိနိုင်မည်။

သူမအနေဖြင့် ကွယ်လွန်သူ သခင်မကြီး၏ စာမူများကို ကူးရေးပေးနေသည့်အချိန်တွင် အနည်းငယ် ပိုမိုကြိုးစားပြီး ထိုရှေးဟောင်းကျမ်းစာများနှင့် ရှားပါးစာအုပ်အချို့ကိုပါ တိတ်တဆိတ် ကူးရေးရုံမျှသာ ဖြစ်သည်။

အကယ်၍ သူမ သုံးလခန့် စာမူကူးနိုင်မည်ဆိုလျှင် မုကျွင်းယန် စစ်မြေပြင်တွင် ကျဆုံးချိန်၌ သူမထံတွင် ပိုင်မိသားစု၏ လက်ထဲမှ ထွက်ပြေးလွတ်မြောက်ရန် အနည်းဆုံး ငွေကြေးအလုံအလောက် ရှိနေလိမ့်မည်။

“ဆိုင်ရှင်...ရှင်လိုချင်တဲ့ ရှေးဟောင်းကျမ်းစာတွေနဲ့ ရှားပါးစာအုပ်တွေရဲ့ ခေါင်းစဉ်တွေကို ရေးပေးပါဦး။ ကျွန်မ အဲဒါတွေကို ရှာတွေ့နိုင်ရင် အရင်ဆုံး စမ်းသပ်တဲ့အနေနဲ့ တစ်အုပ် နှစ်အုပ်လောက် ကူးရေးကြည့်ပေးပါ့မယ်... ဘယ်လိုလဲ”

“ကောင်းတယ်...ကောင်းတယ်...ကောင်းတာပေါ့”

ဆိုင်ရှင်က ချက်ချင်းပင် စုတ်တံကို ကိုင်ကာ စာအုပ်ခေါင်းစဉ် အနည်းငယ်ကို ချရေးလိုက်ပြီး စာရွက်ကို ကုဟွားထံ ကမ်းပေးလိုက်သည်။

ကုဟွားက ၎င်းကို သေသေချာချာ ခေါက်၍ သိမ်းဆည်းလိုက်၏။

“ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်”

သူမ အထုပ်အပိုးအကြီးကြီး သယ်ဆောင်လာသည်ကို မြင်လျှင် တုန့်ဟွား အပြေးအလွှား လာရောက်ယူဆောင်ပေးသည်။

“တအားလေးတာပဲ... ဒါတွေအားလုံးက လက်ရေးလှကျင့်မဲ့ စာအုပ်တွေချည်းပဲလား”

ကုဟွား ဝေဝေဝါးဝါးဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။

သူမ စာမူကူးနေသည့်အကြောင်းကို မြို့စားအိမ်တော်မှ လူများကို မသိစေချင်ပေ။

ကုဟွား မြို့စားအိမ်တော်သို့ ပြန်ရောက်ပြီး နေ့လယ်စာ စားပြီးနောက် ကျိုးကျစ်လန်က အပြေးအလွှား ရောက်ရှိလာ၏။

“နင် အဆင်ပြေရဲ့လား”

ကျိုးကျစ်လန်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အတိုင်းသား ပေါ်လွင်နေ၏။

ကုဟွားက ပြုံးလျက် ခေါင်းခါပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး”

“ငါ နင့်ကို လာကြိုဖို့ ရထားလုံးလွှတ်လိုက်တာ။ ဒါပေမဲ့ ရွှမ်ဟွားစားသောက်ဆိုင်က လူတွေ နင်ထွက်သွားပြီလို့ ပြောလိုက်တာ...နင့်ကို မတွေ့လို့ ငါဖြင့်လန့်သွားတာပဲ”

သူမ အမှန်တကယ် စိုးရိမ်နေသည်ကို မြင်ရသဖြင့် ကုဟွား၏ ရင်ထဲတွင် လှုပ်ခတ်သွားရ၏။

“ညီမ စုတ်တံနှစ်ချောင်း သွားဝယ်နေလို့ပါ...”

ကုဟွားက ကျိုးကျစ်လန်ကို စုတ်တံများ ထုတ်ပြလိုက်သည်။

“ဒီလိုကိစ္စမျိုးဆို ငါ့ကို ပြောလိုက်ရုံပဲလေ... အိမ်တော်ကနေ တိုက်ရိုက်ဝယ်ပေးမှာပေါ့... ကိုယ်တိုင် ဘာလို့ သွားဝယ်နေရတာလဲ”

“လက်ထဲမှာ ကိုင်ရတာ သက်တောင့်သက်သာရှိတဲ့ စုတ်တံမျိုး သုံးမှပဲ လက်ရေးက လှပမှာမို့လို့ပါ... သခင်ကြီး အိမ်တော်မှာ ရှိလားဟင်... ညီမ သခင်မကြီးရဲ့ စာမူတွေကို စပြီးကူးရေးချင်နေပြီ”

စာအုပ်ဆိုင်က ဆိုင်ရှင် ပေးလိုက်သည့် စာအုပ်စာရင်းကို တွေးတောရင်း ထိုစာအုပ်များ ဤနေရာတွင် ရှိမရှိကို သူမ အသည်းအသန် သိချင်နေမိသည်။

‘ဘယ်သူသိနိုင်မှာလဲ... ဒီဘဝမှာ မုကျွင်းယန်က ဇနီးအသစ်တစ်ယောက်နဲ့ တကယ်ပဲ ထပ်ပြီးလက်ထပ်ဖြစ်ခဲ့ရင် ငါ့အတွက် နေ့ရက်ကောင်းတွေ ရှိလာတော့မှာ မဟုတ်ဘူးလေ’

“နင်ကတော့ တကယ်ကို အေးအေးဆေးဆေး မနေနိုင်တဲ့သူပဲ... သခင်ကြီးကတော့ အိမ်တော်ကို ပြန်မရောက်သေးဘူး... ငါ နင့်ကို သခင်မကြီးရဲ့ စာမူတွေ သွားယူဖို့ စာကြည့်ဆောင်ဆီ ခေါ်သွားပေးမယ်”

“ကျေးဇူးတင်ပါတယ် မမအကောင်းစားလေးရယ်”

သူမတို့နှစ်ဦးက ရင်းနှီးနွေးထွေးစွာ ကွမ်းရှန်းဆောင်ဆီသို့ အတူတူ လျှောက်လှမ်းလာခဲ့ကြသည်။

ကျိုးကျစ်လန် စာအုပ်စင်၏ အောက်ခြေအကျဆုံးနေရာမှ ကြိမ်ခြင်းတောင်းတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ဖုန်မှုန့်များကို ခါထုတ်လိုက်၏။

“ဒါတွေအကုန်လုံးပဲ... ဒါပေမဲ့ ဘယ်စာအုပ်တွေကို အရင်ကူးရမလဲဆိုတာတော့ သခင်ကြီးကို ပြန်မေးရလိမ့်မယ်”

မုကျွင်းယန် ကွယ်လွန်သူ ဇနီးသည်၏ စာမူများကို လူအဝင်အထွက် မရှိသလောက် ရှားပါးလှသည့် စာကြည့်ဆောင်ထဲတွင် တယုတယ သိမ်းထားသည်။

‘သူတို့ကြားမှာ စစ်မှန်တဲ့ သံယောဇဉ် မရှိဘူးလို့ ဘယ်သူပြောတာလဲ’

“ကောင်းပါပြီ... ညီမ အရင်ဆုံး ကြည့်လိုက်ပါဦးမယ်”

ကုဟွားနှင့် ကျိုးကျစ်လန်တို့ ကြိမ်ခြင်းတောင်းကို စာရေးစားပွဲပေါ်သို့ အတူတူ မတင်လိုက်ကြပြီး ကဗျာစာအုပ်များကို တစ်အုပ်ချင်းစီ ထုတ်ယူ၍ ကြည့်ရှုလိုက်ကြသည်။ စုစုပေါင်း စာအုပ် ငါးဆယ်ကျော်ခန့် ရှိပြီး အချို့က စာဖတ်မှတ်စုများ ဖြစ်ကြ၏။

ကဗျာများက စနစ်တကျ ရှိလှသော်လည်း သူမ စိတ်ကူးထားသလောက် အံ့သြမှင်တက်စရာမျိုး မဟုတ်သည့်အပြင် လက်ရေးလက်သားကလည်း သူမ၏ လက်ရေးကို မမီချေ။

ကုဟွားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်လှောင်ပြောင်မိ၏။

‘ငါ့မှာ ပြိုင်ဆိုင်လိုစိတ်တွေ တအားများနေတာလား’

‘သူက တော်ဝင်မိသားစုနဲ့ ဆွေမျိုးတော်စပ်တဲ့ မျိုးရိုးမြင့် အထက်တန်းလွှာ တရားဝင်သမီးတစ်ယောက်လေ’

ဤသို့တွေးမိသဖြင့် ကုဟွားက သူမ၏ စိတ်နေစိတ်ထားကို အမြန်ပင် ပြန်လည် ပြုပြင်လိုက်ပြီး သူမ သဘောအကျဆုံး ဖြစ်မည့် ကဗျာစာအုပ်တစ်အုပ်ကို သေသေချာချာ ရွေးချယ်ကာ အရင်ဆုံး ကူးရေးရန် ပြင်ဆင်လိုက်သည်။

စာရေးစားပွဲပေါ်တွင် အနည်းငယ် ဝါကျင့်ကျင့် အရောင်သန်းနေသော ရွှမ်စက္ကူများ အထပ်လိုက် ရှိနေသည်။ ဤသည်က မုကျွင်းယန် အသုံးပြုလေ့ရှိသည့် စက္ကူများ ဖြစ်ရမည်။ ထို့ကြောင့် သူမ ဤစက္ကူများကို စာမူကူးရေးရန် အသုံးပြုလိုက်မည်။

“နင် သိလား... မနေ့ညက ကျင်းရှို့ဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြန်တာလေ”

ကျိုးကျစ်လန်က သူမနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

ကုဟွားက စိတ်ဝင်တစားဖြင့် မျက်လုံးများ လက်ခနဲ ဖြစ်သွားရသည်။

“ဘာတွေဖြစ်ကြလို့လဲ”

သူမက ကုဝမ်ရု၏ အခြေအနေကို အလွန်ပင် သိချင်နေမိသည်။

“ဘာအကြောင်းကြောင့်လဲတော့ သေချာမသိဘူး... သခင်လေးက ဘိုးဘွားဆောင်မှာ တစ်ရက်လုံး ဒူးထောက်ခဲ့ရတယ်တဲ့...အဲဒါပြီးတာနဲ့ သခင်မလေးနဲ့ အကြီးအကျယ် ရန်ဖြစ်ကြတာတဲ့လေ... သူက သခင်မလေးက သူ့ကို လိမ်ညာလှည့်ဖြားခဲ့တယ်...ပြီးတော့ တစ်ခုခုကို မဖြည့်ဆည်းပေးဘူးဆိုလား ပြောသေးတယ်။ ပြီးတော့ သခင်ကြီး သိသွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့လို့ သူ အပြစ်ပေးခံရတာလို့လည်း စွပ်စွဲသေးတယ်။ ဘာပဲဖြစ်ဖြစ် သခင်မလေးကတော့ ဒေါသထွက်လွန်းလို့ ကိုယ်ဝန်တောင် စိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားတာလေ... အိမ်တော်သမားတော်စွန်းက ရှန်လီကိုပါ အပြေးအလွှား သွားခေါ်ရပြီး တစ်နေ့လုံးတစ်ညလုံး အလုပ်ရှုပ်နေကြတာ”

ကုဟွားက ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

ကုဝမ်ရုနှင့် ကိုယ်လုပ်တော်ပိုင်တို့ သူမကို မြို့စားအိမ်တော်မှ ထွက်ခွာသွားအောင် အတင်းအကျပ် ဖိအားပေးပြီး သူမကို ထိန်းချုပ်ချင်နေကြသည်။

‘ဖြစ်နိုင်တာက... သူတို့ မုအန်းကို အပြင်မှာ ငါ့ကို ဖျက်ဆီးခိုင်းဖို့ ကြံစည်ခဲ့ကြတာလား’

All Chapters