အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း(၆၉)
ကုဟွား၏ တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားရ၏။ သူမ၏ လက်ချောင်းလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့် လက်သည်းများက လက်ဖဝါးတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသော်လည်း နာကျင်မှုကို မခံစားမိချေ။
‘တကယ်ကို ယုတ်မာကောက်ကျစ်လွန်းတာပဲ’
‘ဒါကြောင့်မို့လို့... ငါ သူတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်မိလို့ ကိုယ်လုပ်တော်ပိုင်က လောင်လျိုနဲ့ ငါ့ရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးပစ်ပြီး မြို့စားအိမ်တော်ကနေ မောင်းထုတ်ဖို့ ကြံစည်ခဲ့တာပေါ့လေ’
“အစ်မက အခုထိ အကျယ်ချုပ် မိနေတုန်းပဲလား”
ကုဟွားက တည်ငြိမ်ဟန်ဆောင်ရင်း မေးမြန်းလိုက်သည်။
“အမ်း... သခင်ကြီးက သူရယ် ယန်ကျစ်ရယ် ကျင်းခွေ့ရယ်ကို သူတို့ရဲ့ ခြံဝင်းထဲကနေ ခြေတစ်လှမ်းမှ မထွက်ဖို့ အမိန့်ပေးထားတာ”
ကျိုးကျစ်လန်က သူမကို တစ်ချက် လှမ်းကြည့်ပြီး ထပ်လောင်းပြောလိုက်၏။
“သခင်ကြီးက သူတို့ကို အပြင်ထွက်ပြီး အတင်းအဖျင်းတွေ လျှောက်ပြောမှာကို မလိုလားဘူးလေ”
ကုဟွား၏ အတွေးများက ရှုပ်ထွေးနောက်ကျိနေသည်။
“အမ်း... ညီမ စာမူတွေကို အမြန်ဆုံး ကူးရေးရမယ်... ဒါမှ သခင်ကြီး စစ်မြေပြင်မထွက်ခင် စာအုပ်နည်းနည်းလောက် အပြီးသတ်နိုင်မှာ”
သူမက ကျေးဇူးတရားကို သေချာပေါက် ပြန်လည်ပေးဆပ်တတ်သည့် စရိုက်မျိုး ရှိသည်။
“ကောင်းပြီလေ... ဒါဆိုရင် ငါလည်း အလုပ်သွားလုပ်ဦးမယ်”
ကျိုးကျစ်လန်က ထွက်သွားခဲ့သည်။
အနီးအနားတွင် လူသူမရှိသည့် အခွင့်အရေးကို အသုံးချကာ ကုဟွားက ရှေးဟောင်းကျမ်းစာများနှင့် ရှားပါးစာအုပ်များကို စာအုပ်စင်များပေါ်တွင် အမြန်ဆုံး လိုက်လံရှာဖွေလိုက်သည်။
သူမ မထင်မှတ်ထားဘဲ ဆိုင်ရှင်ပေးလိုက်သည့် စာရင်းထဲမှ ရှေးဟောင်းကျမ်းစာတစ်အုပ်ကို အမှန်တကယ်ပင် ရှာတွေ့သွားပြီး ၎င်းက မူရင်းစာအုပ် ဖြစ်နေခဲ့၏။
အလွန်အမင်း ဝမ်းမြောက်သွားသဖြင့် သူမ ထိုစာအုပ်ကို စာရေးစားပွဲပေါ်သို့ တင်လိုက်ပြီး ကွယ်လွန်သူ သခင်မကြီး၏ ကဗျာစာအုပ်ဖြင့် အပေါ်မှ ဖုံးဖိထားလိုက်ကာ နောင်တွင် တိတ်တဆိတ် ကူးရေးရန် ပြင်ဆင်လိုက်သည်။
သူမအနေဖြင့် အပေါ်ယံ ဟန်ပြအလုပ်ကို သေသေချာချာ လုပ်ဆောင်ပြရဦးမည်ဖြစ်သည်။
ကုဟွားက ကုလားထိုင်တစ်လုံးကို ဆွဲကာ စာရေးစားပွဲနောက်တွင် ဝင်ထိုင်လိုက်ပြီးနောက် မင်သွေးလိုက်၏။
ထို့နောက် စာရွက်တစ်ရွက်ကို ဖြန့်ခင်းကာ သခင်မကြီးကျန်း၏ ကဗျာစာမူများကို စတင်ကူးရေးခဲ့သည်။
သူမ သတိမထားမိလိုက်ဘဲ နေမင်းက အနောက်ဘက်တောင်တန်းဆီသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
တုန့်ဟွားက သူမကို ညစာသုံးဆောင်ရန် လာခေါ်၏။
ကုဟွား၏ စိတ်ထဲ၌ ထိုရှေးဟောင်းကျမ်းစာကို ကူးရေးရန်သာ တောက်လျှောက်တွေးတောနေမိသည်။
သူမ ရေချိုးသန့်စင်ပြီး ဝတ်စုံလဲလှယ်ပြီးချိန်၌ မှောင်နေပြီ ဖြစ်သည်။
အခြားလုပ်စရာ ကိစ္စမရှိသဖြင့် စွမ်းအင်များ ပြည့်ဝနေသည်ဟု ခံစားရသောကြောင့် တုန့်ဟွားနှင့် တုန့်ချင်းတို့ကို ပြောကြားခဲ့ပြီးနောက် သူမက စာအုပ်အလွတ်တစ်အုပ်ကို ယူဆောင်ကာ ကွမ်းရှန်းဆောင်သို့ တစ်ယောက်တည်း ထွက်ခွာလာခဲ့သည်။
သူမက စာရေးစားပွဲပေါ်ရှိ တိမ်တိုက်နှင့် ကြိုးကြာငှက်ပုံစံ ဆီမီးခွက်တစ်စုံကို ထွန်းညှိလိုက်ပြီး တောက်ပလှသော ဖယောင်းတိုင်အလင်းရောင်က ပိန်းပိတ်အောင်မှောင်နေသော အခန်းကို ချက်ချင်းပင် လင်းထိန်သွားစေသည်။
ကုဟွားက ထိုရှေးဟောင်းကျမ်းစာကို ဖွင့်လှစ်ကာ စတင်ကူးရေးခဲ့သည်။
သူမ၏ လက်ဖဝါးပေါ်ရှိ အနာဖေးများက အတော်များများ ကွာကျကုန်ပြီဖြစ်ပြီး အသားနုလေးများ တက်လာသောကြောင့် အနည်းငယ် ယားယံနေသဖြင့် သူမက ရေးလိုက် ကုတ်လိုက်ဖြင့် လုပ်ဆောင်နေရ၏။
အဘယ်ကြောင့်ရယ်မသိ ဤစာကြည့်ဆောင်တစ်ခုလုံးတွင် မုကျွင်းယန်၏ ကိုယ်သင်းနံ့များ လွှမ်းခြုံနေသကဲ့သို့ ခံစားနေရသဖြင့် သူမ ရင်ထဲ၌ အနည်းငယ် မသက်မသာ ဖြစ်နေမိသည်။
အထူးသဖြင့် ဤစာရေးစားပွဲခုံကြီးပေါ်တွင် ဖြစ်သည်။ သူတို့နှစ်ဦး တပ်မက်စွာဖြင့် တစ်ဦးကိုတစ်ဦး ရစ်ပတ်နှောင်ဖွဲ့ခဲ့ဖူးသည့် နေရာဖြစ်၏။
သူမ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအပိုင်း၌ ယောက်ျားတစ်ယောက်ကို မြှူဆွယ်ဖျားယောင်းရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုရခြင်းကို အလွန်တရာ စက်ဆုပ်ရွံရှာမိသည်။
စက်ဆုပ်ရွံရှာပြီး အရှက်ရမိသော်လည်း သူမတွင် အခြားရွေးချယ်စရာ လမ်းမရှိချေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် ဤကဲ့သို့သော စိတ်ဒွိဟဖြစ်မှုများကြား၌ မကြာခဏ ပိတ်မိနေခဲ့ရသည်။
ထိုမှတ်ဉာဏ်များကြားတွင် နစ်မြောသွားသည့် အကြိမ်တိုင်း၌ သူမကို ညဘက်တွင် အိပ်မပျော်နိုင်အောင် ဖြစ်စေခဲ့၏။
ယခုမူ သူမ၏ ကျေးကျွန်အဆင့်အတန်း ပြဿနာက ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း တရားမဝင်သမီးတစ်ဦးဖြစ်သဖြင့် မိသားစုဆွေစဉ်မျိုးဆက်စာရင်းထဲတွင် သူမ၏ အမည်ကို ထည့်သွင်းနိုင်ခြင်း မရှိချေ။
ထို့ကြောင့် နောင်တစ်ချိန်တွင် သူမဘာသာ သီးခြားအိမ်ထောင်စုတစ်ခု တည်ထောင်ရန် ပိုမိုခက်ခဲပေလိမ့်မည်။
သူမက အမှားအမှန်များ ရှုပ်ထွေးနေသည့် နေရာမှ ထွက်သွားချင်မိသကဲ့သို့ မိခင်အရင်းမှ ပြန်လည်အသိအမှတ်ပြုကာ မြို့စားအိမ်တော်၏ တရားဝင်သမီးအရင်း အဆင့်အတန်းကိုလည်း ပြန်လည်ရယူချင်မိသည်။
ထို့ပြင် မိခင်ဖြစ်သူ၏ အခြေအနေကို ပြန်လည်တည့်မတ်ပေးကာ ပိုင်မိသားစုကိုလည်း အမြစ်ပြတ် ချေမှုန်းပစ်ချင်မိသည်။
‘ရည်မှန်းချက်တွေ လွန်ကဲနေမိတာပဲ’
သူမ၏ အရှေ့တွင် ခက်ခဲကြမ်းတမ်းမှုများနှင့် အတားအဆီးများစွာ ရှိနေဆဲ ဖြစ်သည်။ သူမ ဤမျှအထိ အဝေးကြီး မတွေးတောနိုင်သေးချေ။ လက်ရှိတွင် အသက်ရှင်သန်နိုင်ရေးနှင့် အမြန်ဆုံး ဝင်ငွေရှာနိုင်ရေးကိုသာ ကြိုးပမ်းရပေမည်။
အတိတ်ကို ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိချေ။ သူမက လက်ရှိ ကြုံတွေ့နေရသည့် ယာယီအရှက်သိက္ခာမဲ့သော လုပ်ရပ်များကို လက်ခံရန် သူမကိုယ်သူမ တိတ်တဆိတ် ဖျောင်းဖျလိုက်သည်။
ကုဟွား သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ စုတ်တံကို နှိမ့်၍ ဆက်လက်ရေးသားလိုက်သည်။
သူမ သတိမထားမိခင်၌ပင် စာရေးနေသည်က အတော်ကြာသွားခဲ့ပြီဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။
ကုဟွား စုတ်တံကို ချလိုက်ပြီး လက်ဖဝါးပေါ်ရှိ မသက်သာသေးသော ဒဏ်ရာများကြောင့် နာကျင်နေမှုများကို သက်သာစေရန် လက်ချောင်းလေးများကို ဖြေလျော့လိုက်သည်။
ညဉ့်ဦးယံ၏ ဆောင်းဦးလေပြေက ပြတင်းပေါက်အက်ကွဲကြောင်းမှတစ်ဆင့် တိုးဝှေ့ဝင်ရောက်လာပြီး အအေးဓာတ် အနည်းငယ်ကို ဆောင်ကြဉ်းလာ၏။
ကုဟွားက ပုခုံးလေးများကို တွန့်လိုက်မိပြီး အနည်းငယ် ချမ်းလာသည်ဟု ခံစားလိုက်ရသည်။
သူမ ခန္ဓာကိုယ်ကို အကျော့ဆန့်လိုက်ပြီး ခါးကို လှုပ်ရှားကာ လက်ဖက်ရည်ဝိုင်းဆီသို့ လျှောက်လှမ်းသွားပြီး ရေနွေးအိုးထဲမှ ရေတစ်ခွက်ကို ငှဲ့လိုက်၏။
ရေက အေးစက်နေခဲ့သည်။ သူမက ထိုခွက်ကို မသောက်ဘဲ အကြာကြီး ကိုင်ထားမိသည်။
ခွက်ထဲမှ ရေကို ငုံ့ကြည့်နေစဉ်၌ပင် သူမ ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။ သူမ၏ ပတ်ပတ်လည်တွင် ဖိနှိပ်ချုပ်ချယ်ထားသော အရှိန်အဝါတစ်ခုက ပျံ့လွင့်နေပြီး ပျောက်ကွယ်မသွားသကဲ့သို့ ခံစားလိုက်ရသည်။
စောစောက စာရေးနေစဉ်တည်းက ဤခံစားချက်မျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။
ယနေ့ ပိုင်ရိကို မြှူဆွယ်ခဲ့စဉ်က မုကျွင်းယန်ကို လှည့်ဖြားမိသည့်အတွက် ဖြစ်ပေါ်လာသော စိုးရိမ်စိတ်နှင့် အပြစ်ရှိစိတ်တ်များ၏ အရှိန်အဟုန်ကြောင့်သာ ဖြစ်ရမည်ဟု သူမ ထင်မှတ်ခဲ့မိသည်။
သို့သော်...
ကုဟွားက ထိုခံစားချက်များ နောက်သို့ လိုက်ပါရင်း သူမ၏ ခေါင်းကို အလိုအလျောက် ဖြည်းညင်းစွာ လှည့်လိုက်မိပြီး စာကြည့်ဆောင်၏ အလယ်တည့်တည့် အကာအရံတစ်ဝက် နောက်ကွယ်ရှိ နူးညံ့သော ညောင်စောင်းဆီသို့ ကြည့်လိုက်မိသည်။
လရောင်က ငွေရောင်အလင်းတန်းအချို့နှင့်အတူ ဝင်ရောက်နေပြီး ထိုနေရာရှိ မြင့်မားထည်ဝါသော ခန္ဓာကိုယ်အချိုးအစား၏ တစ်ဝက်ကို လင်းထိန်နေစေခဲ့သည်။
‘မုကျွင်းယန်...’
သူက ညောင်စောင်း၏ အစွန်းတွင် မတ်မတ်ထိုင်နေပြီး နက်မှောင်သော မျက်ဝန်းအစုံက သူမကို စူးစိုက်ကြည့်ရှုနေခဲ့သည်။
ကုဟွား တစ်ကိုယ်လုံး ကြောင်အမ်းအမ်းဖြင့် ဆွံ့အသွားရ၏။
‘သူက ဘာလို့ စာကြည့်ဆောင်ထဲမှာ ရှိနေရတာလဲ’
ကုဟွား၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။
‘ငါ အထဲကို ဝင်လာတည်းက သူ အဲဒီနေရာမှာ ရှိနေခဲ့တာလား’
‘ဒါပေမဲ့ အခန်းတစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေတာကို... သူက ဘာလို့ ဖယောင်းတိုင် မထွန်းထားတာလဲ’
ကုဟွား မသိရှိခဲ့သည်မှာ သူမ စာရေးစားပွဲပေါ်တွင် စာရေးနေခဲ့သည့် အချိန်တစ်လျှောက်လုံး မုကျွင်းယန်ကလည်း အကာအရံနောက်ကွယ်မှနေ၍ သူမကို ထိုမျှလောက်ထိ ကြာအောင် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
စာရေးစားပွဲပေါ်ရှိ ဖယောင်းတိုင်အလင်းရောင်က သူမ၏ သွယ်လျလှပသော ခန္ဓာကိုယ် ပုံရိပ်ကို အကာအရံပေါ်သို့ ထင်ဟပ်စေခဲ့သည်။
ဂုဏ်ယူဝင့်ကြွားပြီး အလျှော့မပေးတတ်ဟန်ရှိသော သူမ၏ ပုံစံက တစ်စုံတစ်ယောက်၏ အိပ်ယာပေါ်သို့ ဖျားယောင်းတက်ရောက်မည့်သူမျိုးနှင့် လုံးဝ မတူညီချေ။
ကုဟွားက ခန္ဓာကိုယ်တစ်ဝက်ကို အမှောင်ထုထဲတွင် ကွယ်ဝှက်ထားသော မုကျွင်းယန်ကို ငေးမောကြည့်နေမိပြီး ခြေထောက်များ တုန်ယင်လာခဲ့သည်။
‘ငါ အထဲကို ဝင်ပြီး ဂါရဝပြုလိုက်ရလား ဒါမှမဟုတ် တိတ်တိတ်လေး ပြန်ထွက်သွားလိုက်ရမလား’
မှိန်ပျပျ ဖယောင်းတိုင်အလင်းရောင်အောက်တွင် မျက်ဝန်းနှစ်စုံ ဆုံမိသွားကြသည်။ အနေရခက်လှသောအခြေအနေက ကုဟွားအတွက် မခံမရပ်နိုင်လောက်အောင် ဖြစ်လာခဲ့၏။
“သ... သခင်ကြီး... သခင်ကြီးက... ဘာ... ဘာလို့”
သူမ၏ ခြောက်ကပ်ကပ်အသံလေးက တုန်ယင်နေပြီး လေယူလေသိမ်း ပျက်ယွင်းနေခဲ့သည်။
‘ဟုတ်သားပဲ... မြို့စားအိမ်တော်ကို ပြန်ရောက်ရင် သူ ငါ့ကို မေးစရာရှိတယ်လို့ ပြောခဲ့တာပဲ’
‘ဒါဆိုရင် သူက အမှောင်ထဲကနေ ငါ့ကို စူးစိုက်ကြည့်နေရင်း စောင့်နေခဲ့တာလား’
အမှောင်ထဲမှ ထိုခန္ဓာကိုယ်က မတ်မတ်ထရပ်လိုက်ပြီး မြင့်မားလှသော အရိပ်မည်းကြီးတစ်ခုအသွင်ဖြင့် သူမဆီသို့ တစ်လှမ်းချင်းစီ တိုးကပ်လာခဲ့သည်။
အခန်း(၇၀)
ပြင်းထန်လှသော ဖိအားများကြောင့် ကုဟွား အနောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားပြီး ရေနွေးကြမ်းခွက်ကို ကိုင်ထားသည့် လက်လေးများလည်း အနည်းငယ် တုန်ယင်နေသည်။
သူမ၏ ကျောပြင်က နံရံနှင့် ကပ်မိသွားပြီး နောက်ထပ် ထပ်ဆုတ်စရာ လမ်းမရှိတော့သည့် အချိန်အထိ သူမ တစ်လှမ်းချင်းစီ တိုးကပ်လာသော ထိုမြင့်မားထည်ဝါသည့် အရိပ်ကြီးကို ထိတ်လန့်ကြောက်ရွံ့စွာ စိုက်ကြည့်နေမိသည်။
မုကျွင်းယန်က သူမ အနားသို့ တိုးကပ်လာပြီး ငုံ့ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ဆိုလာ၏။
“မင်းပဲ ငါ့ကိုမကြောက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား”
‘လွန်ခဲ့တဲ့ နှစ်ရက်က ရှိခဲ့တဲ့ သတ္တိတွေအကုန် ဘယ်ရောက်ကုန်တာလဲ’
‘သူက နောက်ကွယ်မှာ တိတ်တိတ်လေး ဝမ်းကွဲအစ်ကိုနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ခဲ့မိတာကို အပြစ်ရှိစိတ် ဝင်နေတာလား’
ကုဟွား၏ နှလုံးခုန်သံများက စည်းချက်လွဲသွားသည်။
သူ ဒေါသထွက်နေသည်ကို သူမ အာရုံခံမိလိုက်၏။
ရေနွေးကြမ်းခွက်ကို ကိုင်ထားသည့် လက်က ပို၍ တုန်ယင်လာကာ ခွက်ထဲရှိ ရေအေးများက သူမ ဝတ်စုံရှေ့ခြမ်းပေါ်သို့ ဖိတ်စင်ကျသွားသည်။
ကုဟွား အသံတိုးတိုးလေးဖြင့် ညည်းတွားလိုက်မိပြီး သူမ ထိတ်လန့်မှုကို မနည်းထိန်းချုပ်ကာ ရေနွေးကြမ်းခွက်ကို ပြတင်းပေါက်ဘောင်ပေါ်သို့ လှမ်းတင်လိုက်၏။
သို့သော်လည်း ခွက်က မငြိမ်မသက် ဖြစ်သွားပြီးနောက် ကျယ်လောင်သောအသံနှင့်အတူ အောက်သို့ ပြုတ်ကျကာ ကွဲအက်သွားသည်။
၎င်းက သူမကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် ချက်ချင်းပင် ခုန်ကျော်၍ အပြင်သို့ ထွက်ပြေးချင်စိတ် ပေါက်သွား၏။
သို့သော် ခြေလှမ်းမလှမ်းနိုင်မီ မုကျွင်းယန် ရှေ့သို့ နောက်ထပ်တစ်လှမ်း ထပ်တိုးလာခဲ့ပြန်သည်။
သူက သူမ၏ ခန္ဓာကိုယ်နှင့် ကပ်လုမတတ် နီးကပ်လာသဖြင့် ကုဟွား နံရံထဲသို့ပင် တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်နေမိ၏။
သူမ၏ သေးငယ်လှသော ခန္ဓာကိုယ်လေးက သူ့အရိပ်မည်းကြီးအောက်တွင် လုံးဝ ဖုံးလွှမ်းသွားရသည်။
ကုဟွား မလှုပ်ရှားရဲတော့ဘဲ အပြင်ဘက်မှ လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမရှိကိုသာ နားစွင့်နေမိသည်။
ကံကောင်းထောက်မစွ မည်သူမျှ ရှိမနေခဲ့ချေ။
ကျဉ်းမြောင်းလှသော နေရာအတွင်းမှ ရရှိလာသည့် မွန်းကျပ်မှုများကြောင့် ကုဟွား သူ့ရင်ဘတ်ကို တွန်းဖယ်ရန် လက်လှမ်းလိုက်မိ၏။
သို့သော် သူ၏ ရင်ဘတ်က ကျောက်ဆောင်တစ်ခုကဲ့သို့ မာကျောလှသည်။ သူမ၏ နူးညံ့သော တွန်းဖယ်မှုက ယားယံရုံမျှသာ ဖြစ်ပြီး လုံးဝ ရွေ့လျားသွားခြင်း မရှိချေ။
မုကျွင်းယန် သူမ၏ တွန်းဖယ်မှုကို မနှစ်သက်ပေ။ သူ ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး စိုးရိမ်စိတ်ကြောင့် ဆုပ်ကိုင်ထားမိသော သူမ၏ လက်ကောက်ဝတ်နှစ်ဖက်ကို ဖမ်းဆုပ်ကာ ခေါင်းအထက်သို့ မြှောက်၍ နံရံတွင် ကပ်ထားလိုက်၏။
သူ၏ အခြားလက်တစ်ဖက်က သူမ၏ သွယ်လျသော ခါးသိမ်သိမ်လေးနောက်သို့ လျှောဝင်သွားပြီး အရိုးမရှိသကဲ့သို့ နူးညံ့လှသော ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲဖက်လိုက်၏။
သူတို့နှစ်ဦးသည် မူလတည်းက နီးကပ်နေပြီးသားဖြစ်သော်လည်း ယခုမူ ကုဟွား ခါးလေးကို ရှေ့သို့ဆွဲ၍ အကပ်ခံလိုက်ရသဖြင့် သူ၏ ရင်ခွင်ထဲသို့ နစ်ဝင်လုမတတ် ဖြစ်သွားသည်။
သူ၏ မြင့်မားထည်ဝါလှသော ခန္ဓာကိုယ်ကြီးက သေးငယ်လှပသော ကုဟွားကို လုံးဝ ဖုံးအုပ်သွား၏။
ဖယောင်းတိုင်မီး အလင်းရောင်နှင့် လရောင်တို့က လုံးဝ ပိတ်ဆို့သွားပြီး သူမကို အမှောင်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားစေသည်။
ကုဟွား မည်သည်ကိုမျှ သဲသဲကွဲကွဲ မမြင်ရတော့ချေ။ သို့သော် သူမ၏ တဒိန်းဒိန်း မြည်နေသော နှလုံးခုန်သံကို အထင်အရှား ကြားနေသည်။
ထိတ်လန့်မှု၊ ရှက်သွေးဖြန်းမှုနှင့် တိတ်တဆိတ် ဝမ်းမြောက်မှု။ အမျိုးမျိုးသော စိတ်ခံစားချက်များဖြင့် ရောထွေးနောက်ကျိနေတော့၏။
ကုဟွား သူမ နှာခေါင်းထဲသို့ လွှမ်းခြုံဝင်ရောက်လာသော ပြင်းရှသည့် ယောက်ျားဆန်ဆန် ကိုယ်သင်းနံ့ကို ရှောင်ရှားရန် ခေါင်းကို လွှဲဖယ်ချင်မိသော်လည်း သူမ လှုပ်ရှားလိုက်သည်နှင့် ခေါင်းက သူ့ရင်ဘတ်နှင့် သွားတိုးမိပြန်သည်။ ထိုနေရာလွတ်ကို အာရုံခံမိသောကြောင့် သူက နောက်ထပ် အနည်းငယ် ပို၍ တိုးကပ်လာခဲ့၏။
‘မကောင်းတော့ဘူး’
သူမ၏ မျက်နှာလေးက ပူနွေးလှသော ရင်ဘတ်နှင့် တင်းကျပ်စွာ ထိကပ်နေသည်။ သူ၏ ပါးလွှာသော အင်္ကျီမှတစ်ဆင့် အားကောင်းသော နှလုံးခုန်သံများနှင့် ရူးသွပ်စွာ ခုန်လှုပ်နေသော နှလုံးခုန်သံများ အတူတကွ ရောယှက်နေသည်ကို သူမ ကြားနေရသည်။
ထိတ်လန့်မှုကြောင့် သူမ ရင်ဘတ်က မောဟိုက်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ၏ နူးညံ့လှသော ရင်အစုံက တောင့်တင်းလှသော ရင်ဘတ်ကို ထပ်မံ၍ သွားထိမိပြန်သည်။
ကုဟွား ငိုချင်စိတ်ပင် ပေါက်သွား၏။
ပထမအကြိမ်က သူမသည် အရက်မူးပြီး အနည်းငယ်သာ နိုးကြားနေခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်က သူမ၏ ရည်မှန်းချက် အောင်မြင်ရန်အတွက် မျက်နှာပြောင်တိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု သူမ ဤနေရာ၌ပင် မေ့လဲသွားချင်မိသည်။
သူမ၏ လက်ကောက်ဝတ်များက တင်းကျပ်စွာ ဖိကပ်ခံထားရသဖြင့် နာကျင်မှုများ စိမ့်တက်လာခဲ့၏။ ကုဟွား နှာခေါင်း ရှုံ့မိသွားရင်း မကျေနပ်မှုများ ပြည့်နှက်သွားသည်။
‘ငါ ဘာလုပ်မိလို့လဲ’
‘ငါ ဒီနတ်ဆိုးဘုရင်ကြီးကို ဒေါသထွက်အောင် လုပ်မိပြန်ပြီလား’
သို့သော် ဤနတ်ဆိုးဘုရင်ကြီးက စကားတစ်ခွန်းမျှ မပြောဘဲ သူမကို ဤကဲ့သို့သာ ဖိကပ်ထားခဲ့သည်။
ပိန်းပိတ်အောင် မည်းမှောင်နေသော အမှောင်ထုထဲတွင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များက သားရဲတစ်ကောင်ကဲ့သို့ သူမကို စူးစိုက်ကြည့်နေသည်ကို သူမ ခံစားနေရသည်။
သူမ ဆက်ပြီး မတ်တတ်မရပ်နိုင်တော့ချေ။ ခြေထောက်များက ခေါက်ဆွဲဖတ်များကဲ့သို့ ပျော့ခွေလာခဲ့သည်။ အကယ်၍ ဤသို့သာ ဆက်သွားနေမည်ဆိုပါက သူမ အောက်သို့ ခွေကျသွားတော့မည် ဖြစ်သည်။
အားကိုးရာမဲ့စွာဖြင့် သူမက ခေါင်းကို မော့ကြည့်လိုက်မိပြီး လေသံထဲတွင် တောင်းပန်တိုးလျှိုးမှုများ ပါဝင်နေခဲ့၏။
“သခင်ကြီး”
ထိုအမျိုးသား၏ ခြောက်ကပ်နေပြီး နက်ရှိုင်းလှသောအသံက ထွက်ပေါ်လာခဲ့သည်။
“မင်းက မုအိမ်တော်ရဲ့ အစေခံ မဟုတ်ဘူး... ငါ့ကို သခင်ကြီးလို့ ခေါ်စရာ မလိုဘူး”
ကုဟွား : “...”
‘ဒါက အဓိကအချက်လား’
‘ကျွန်မက မြို့စားအိမ်တော်က လူမဟုတ်ဘူးဆိုရင် ရှင်က တခြားအိမ်တော်က သမီးပျိုလေးကို ဒီလိုမျိုး နံရံမှာ ကပ်ပြီး ဖိထားတာကရော ယုတ္တိရှိလို့လား’
ကုဟွား အခြားနည်းလမ်းမရှိသဖြင့် အသုံးအနှုန်းကို အမြန်ပြောင်းလဲလိုက်ရသည်။
“မြို့စားကြီး... ကျွန်မ တောင်းပန်ပါတယ်”
မုကျွင်းယန်က ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်၏။
“မြို့စားကြီး ဟုတ်လား... ဖြစ်နိုင်ရင် မင်းက မင်းရဲ့ အစ်မနောက်ကို လိုက်ပြီး ငါ့ကို ‘ယောက္ခထီး’ ဒါမှမဟုတ် ‘အဖေ’ လို့ပဲ ခေါ်ရင် ခေါ်ချင်နေမှာပေါ့”
ကုဟွား၏ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
‘ဒီစကားက ဘာကို ဆိုလိုတာလဲ’
“ကျွန်မ...မဟုတ်ပါဘူး”
‘မဟုတ်ပါဘူး ဟုတ်လား’
သူမနှင့် တွေ့ဆုံပြီးနောက်တွင် ပိုင်ရိက ချက်ချင်းပင် ခြံဝင်းတစ်ခုကို ဝယ်ယူခဲ့ပြီး အခန်းကို မိန်းမပျိုလေးတစ်ဦး၏ အိပ်ဆောင်ကဲ့သို့ သေသေချာချာ အလှဆင်ခိုင်းခဲ့သည်။
‘ဒါတွေက ဘယ်သူ့အတွက်လဲ’
‘ပိုင်ရိက မကြာခင်ကမှ အိမ်ထောင်ပြုခဲ့တာလေ’
များပြားလှသော တင်တောင်းပစ္စည်းများနှင့်အတူ ကိုယ်လုပ်တော် လုံးဝ မယူပါဟူသော ကတိသစ္စာပြုချက်ဖြင့် သူ၏ ဆရာလည်းဖြစ်ပြီး တိုက်ရိုက်အထက်လူကြီးလည်းဖြစ်သည့် အခွန်ဦးစီးဌာန ဒုတိယဝန်ကြီးချမ်၏ တရားမဝင်သမီး ချမ်ဖေးကျူးနှင့် လက်ထပ်ထိမ်းမြားခဲ့ခြင်း ဖြစ်သည်။
‘အဲဒီလို ဇနီးသည်မျိုး ရှိနေပါရက်နှင့် ပိုင်ရိက သူ့ကို ဘယ်လိုအဆင့်အတန်းမျိုး ပေးနိုင်မှာမလို့လဲ’
‘အိမ်တော်ပြင်ပမှာ သီးသန့် ခြံဝင်းတစ်ခုနဲ့ ထားပေးတာက သူ့ကို အပြင်မယား အဖြစ် ထားချင်တာကလွဲရင် တခြားဘာဖြစ်နိုင်ဦးမှာလဲ’
‘အပြင်မယား ဖြစ်ရတာက ငါ့ရဲ့ဘေးနားမှာ ရှိနေရတာထက် ပိုကောင်းတယ်လို့ ထင်နေတာလား’
မှန်ပါသည်။ သူက လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။
ထိုအမျိုးသားက နက်ရှိုင်းသောအသံဖြင့် ဖြည်းညင်းစွာ ဆိုလာ၏။
“အပြင်မှာကျတော့ ခင်ပွန်းလောင်း ရှိတယ်... အတွင်းမှာကျတော့လည်း ကိုယ့်ရဲ့ခဲအိုကို တပ်မက်နေပြန်တယ်။ အထက်တန်းလွှာထဲကို တိုးဝင်နိုင်ဖို့အတွက် ကိုယ်ကျင့်တရားတွေကိုပါ လျစ်လျူရှုပြီး အကြီးအကဲရဲ့ အိပ်ယာပေါ်အထိ တက်ခဲ့တယ်။ ကုဟွား... မင်းက တကယ်ပဲ ငါ့ကို အမြင်အသစ်တစ်ခု ထပ်ရစေတာပဲ။ မင်းရဲ့အစ်မမျက်နှာကို ထောက်ထားတဲ့အနေနဲ့ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်”
“ပြောစမ်း... ငါ့သားနဲ့ မင်းရဲ့ခင်ပွန်းလောင်းကြားမှာ မင်းက ဘယ်သူ့ကို ပိုပြီး လက်ထပ်ချင်နေတာလဲ။ ဒါမှမဟုတ် မင်းမှာ ပိုပြီး စိတ်တိုင်းကျရတဲ့ ပစ်မှတ် ထပ်ရှိနေသေးလို့လား။ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်။ မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆင့်နှိမ့်ချပြီး တွေ့သမျှယောက်ျားတိုင်းကို လိုက်ပြီး မြှူဆွယ်နေစရာ မလိုသလို မင်းရဲ့ဂုဏ်သိက္ခာကိုလည်း အလကားသက်သက် အပျက်စီးခံနေစရာ မလိုပါဘူး”
ပုံမှန်အားဖြင့် စကားကို တိုတိုနှင့်လိုရင်းသာ ပြောဆိုတတ်သော ထိုအမျိုးသားက ယခုတွင်မူ ဤမျှရှည်လျားလှသော စကားများကို ရုတ်တရက် ပြောဆိုလာခဲ့သည်။
ထို့ပြင် စကားလုံးတိုင်းက သူမ၏ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးနှက်နေ၏။
‘သူ ငါ့ကို စစ်ဆေးမေးမြန်းနေတာပဲ’
ကုဟွား ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားရ၏။
‘ဆိုတော့...သူက ငါ့ကို ဒီလိုပဲ မြင်နေခဲ့တာလား’
ရုတ်တရက် သူမ၏ ခါးကို တင်းကျပ်စွာ ဖက်တွယ်ထားသော ဖိအားက အနည်းငယ် လျော့ပါးသွားခဲ့သည်။
မုကျွင်းယန်က သူမကို အမှန်တကယ် ရွေးချယ်ခွင့်ပေးသည့်အလား နောက်သို့ ခြေလှမ်းတစ်ဝက် ဆုတ်လိုက်သော်လည်း သူ့လက်ကိုမူ လွှတ်မပေးသေးချေ။
ငွေရောင်လမင်း၏ မှိန်ပျပျအပြာရောင်အလင်းက ရေစိုနေသော သူမ၏ ဝတ်စုံရှေ့ခြမ်းပေါ်သို့ ကွက်တိ ကျရောက်နေခဲ့သည်။
သူ လက်ကိုမြှောက်ကာ ရေစိုနေသော နေရာကို ပွတ်သပ်လိုက်၏။ သူ၏ လှုပ်ရှားမှုများက ကြမ်းတမ်းလှပြီး ထိခိုက်လွယ်သော ထိုနေရာကို ရှေ့နောက်အပြန်အလှန် ပွတ်သပ်နေမိသဖြင့် သူ၏လက်ဖဝါးပါ ရေစိုသွားရသည်။
သူမ၏ နှလုံးခုန်သံများက ပိုမို၍ ဗြောင်းဆန်သွားရ၏။
မုကျွင်းယန်ကိုယ်တိုင်လည်း သူ၏ ဒေါသများက မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိချေ။
သူက စိတ်မထိန်းနိုင်ခဲ့ဘဲ စိတ်အလိုသို့ လိုက်ခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေခြင်း ဖြစ်ရမည်။ သို့မဟုတ် သူမအပေါ် သနားကရုဏာသက်မိပြီး သူမကိုယ်သူမ တန်ဖိုးမထားသည့်အတွက် ဒေါသထွက်နေခြင်းလည်း ဖြစ်နိုင်သည်။
ကုဟွား၏ မျက်ဝန်းအစုံက နီမြန်းလာခဲ့သည်။
“မြို့စားကြီး... ကျွန်မ... ကျွန်မ ခဲအိုအပေါ်မှာ မလျော်ကန်တဲ့ စိတ်ကူးမျိုး အစကတည်းက မရှိခဲ့ဖူးပါဘူး”
မိန်းမပျိုလေး၏ နှုတ်ခမ်းလွှာလေးများက တုန်ယင်နေပြီး ဝမ်းနည်းနေသည့်အသံလေးက နူးညံ့ချိုသာလွန်းလှသည်။
“ကျွန်မက ကိုယ်လုပ်တော်ပိုင်ရဲ့ အတင်းအကျပ် နှိပ်စက်မှုကြောင့် ကျွန်စာချုပ်မှာ လက်မှတ်ထိုးခဲ့ရတာပါ။ သူက ကျွန်မကို နိမ့်ကျတဲ့ ဘဝနဲ့မွေးဖွားလာတာမို့လို့ အစ်မဖြစ်သူရဲ့ မျက်နှာပန်းလှဖို့အတွက် အသုံးချခံရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမြို့စားအိမ်တော်ကို ရောက်နေတဲ့ တစ်လတာအတွင်းမှာ သခင်လေးကို မြင်တဲ့အကြိမ်တိုင်း လမ်းလွှဲပြီး ရှောင်ကွင်းခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့်လဲတော့မသိဘူး...အစ်မက ကျွန်မ သူ့ထိန်းချုပ်မှုအောက်ကနေ ထွက်ပြေးချင်နေတယ်လို့ ထင်ပြီး ကိုယ်လုပ်တော်ပိုင်နဲ့ပေါင်းပြီး ခင်ပွန်းလောင်းတစ်ယောက်ကို လုပ်ကြံဖန်တီးခဲ့ကြတာပါ”
‘ဝန်မခံဘူးပေါ့လေ’