အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း (၂၇၃) ရွှမ်းရွှေရွာ၏ အစောင့်အရှောက်
ခေါင်းဆောင်ရှန်းနှင့် အဖွဲ့ခေါင်းဆောင် ကျိုးလျဲ့ရှန်းတို့ ဦးဆောင်သော အဖွဲ့သည် လူသားစားကျားသစ်ကို ထမ်းကာ တောင်ပေါ်မှ ဘေးကင်းစွာ ဆင်းသက်လာကြလေသည်။
မုဆိုးမဝူနှင့် လီဟူတို့ကိုလည်း တောင်ပေါ်မှ ထမ်းချလာပြီးနောက် အရေးပေါ်ကုသမှုခံယူရန် မြို့သို့ ပို့ဆောင်လိုက်ကြသည်။
ရွာတွင် ခြေဗလာဆရာဝန်တစ်ဦးသာရှိပြီး ကျားသစ်ကိုက်ခံရ၍ ခြေထောက်ပြတ်ထွက်သွားသည့် ပြင်းထန်သော ဒဏ်ရာမျိုးကို မကုသနိုင်သောကြောင့် မြို့ရှိ ဆေးရုံကြီးသို့ ပို့ဆောင်ရခြင်းဖြစ်သည်။
ဤကဲ့သို့ ပြင်းထန်သော ခြေထောက်ဒဏ်ရာကို ကုသရာတွင် အဓိကအချက်မှာ သွေးတိတ်စေရန်နှင့် ပိုးမဝင်စေရန် ကာကွယ်ခြင်းပင်ဖြစ်သည်။ ထို့အပြင် သွေးသွင်းရန်လည်း လိုအပ်ပေသည်။ မုဆိုးမဝူသည် တောင်ပေါ်တွင် အချိန်အတော်ကြာ သောင်တင်နေခဲ့သဖြင့် သွေးထွက်လွန်နေခဲ့သည်။ သွေးမသွင်းရပါက သူမ အသက်ရှင်နိုင်မည် မဟုတ်ပေ။
လီရှန်းဟွာနှင့် လီလုံတို့သည် တောင်ပေါ်မှ ဆင်းလာသည်နှင့် တပြိုင်နက် မြည်းလှည်းတစ်စီးကို အကူအညီတောင်းကာ မြို့ဘက်သို့ ထွက်ခွာသွားကြလေသည်။
မုဆိုးမဝူ အသက်ရှင်မည်၊ မရှင်မည်မှာ လီလန်နှင့် မသက်ဆိုင်သကဲ့သို့ သူ ဂရုလည်းမစိုက်ပေ။
"ဟူး..."
"နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီပဲ..."
တောင်တက်ရသည်မှာ လွယ်ကူသော်လည်း တောင်ဆင်းရသည်မှာ ခက်ခဲလှသည်။ လီလန်သည် သူ၏ အိမ်ဝိုင်းထဲသို့ ပြန်ရောက်ရန် နှစ်နာရီကျော်မျှ လမ်းလျှောက်ခဲ့ရလေသည်။
"ဘုန်း" ခနဲ မြည်သံနှင့်အတူ လူသားစားကျားသစ်ကိုလည်း လီလန်၏ အိမ်ဝိုင်းထဲသို့ ချထားလိုက်ကြသည်။
"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားက လူသားစားကျားသစ်ကို သတ်ပြီး ရွာအတွက် အန္တရာယ်ကင်းသွားအောင် လုပ်ပေးခဲ့တာပဲ... ကျွန်တော်တို့ အောင်ပွဲခံတဲ့အနေနဲ့ ဗြောက်အိုးဖောက်ကြမလား... ဒါဆို ရွာသားတွေအားလုံးလည်း ဝမ်းသာကြမှာပဲ..."
မုဆိုးတစ်ဦးက အကြံပြုလိုက်သည်။
လူသားစားကျားသစ်ကို နှိမ်နင်းနိုင်ခဲ့ခြင်းမှာ သတင်းကောင်းတစ်ခုဖြစ်ပြီး တစ်ရွာလုံးကို အသိပေးရမည်ဖြစ်သည်။
ဤကိစ္စမှာ အလွန်ကြွားလုံးထုတ်ရာကျနေသဖြင့် လီလန်က ငြင်းဆန်ရန် ပြင်လိုက်သည်။
သို့သော် သူ ပြန်လည်စဉ်းစားကြည့်လိုက်ရာ ဤကာလအတွင်း ရွာသားများစွာသည် မောင်အားတောင်သို့ သွားခဲ့ကြကြောင်း သတိရသွားသည်။ လူသားစားကျားသစ် ကိစ္စကြောင့် လူအများ အထိတ်တလန့်ဖြစ်နေကြပြီး နေ့ခင်းဘက်တွင်ပင် အပြင်ထွက်ရန် ကြောက်ရွံ့နေကြသည်။
ယခုကဲ့သို့ ဗြောက်အိုးဖောက်လိုက်ခြင်းဖြင့် လူသားစားကျားသစ် သေဆုံးသွားပြီဖြစ်ကြောင်း ရွာသားများကို အသိပေးနိုင်ပြီး သူတို့လည်း စိတ်အေးသွားနိုင်မည်ဖြစ်သည်။
"ဖောက်လိုက်ပါ..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော့်ဆီမှာ နှစ်သစ်ကူးပွဲတော် မတိုင်ခင်က ကျန်နေတဲ့ ဗြောက်အိုးတစ်ထုပ်ရှိတယ်... ကျွန်တော် သွားယူလိုက်ဦးမယ်..."
လီလန်သည် အိမ်ထဲသို့ ပြန်ဝင်သွားပြီး ဗြောက်အိုးတစ်ထုပ်ကို ယူလာခဲ့လေသည်။
"သား... ပြန်ရောက်လာပြီလား..."
ထိုစဉ် လီတာ့ဟိုင်သည် လိုက်ကာကို ဆွဲဖယ်၍ ဧည့်ခန်းထဲမှ ထွက်လာလေသည်။
"အမ်... ဘာလို့ လူတွေ အများကြီး ရောက်နေတာလဲ..."
မုဆိုးတစ်ဒါဇင်ကျော် အိမ်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ လီတာ့ဟိုင်က အံ့သြတကြီး ရေရွတ်လိုက်သည်။
"မင်္ဂလာပါ ဦးလေးလီ..."
"အစ်ကိုတာ့ဟိုင်..."
"အစ်ကိုလီ..."
မုဆိုးများသည် လီတာ့ဟိုင်ကို မြင်သောအခါ ဝမ်းသာအားရ နှုတ်ဆက်ကြလေသည်။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ..."
လီတာ့ဟိုင်က ဘာတွေဖြစ်နေသနည်းဟု တွေးတောနေစဉ် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ အိမ်ဝိုင်းထဲတွင် လဲလျောင်းနေသော အကောင်ကြီးကို မြင်လိုက်ရသည်။
ဧရာမ ကျားသစ်ကြီးတစ်ကောင်ပင်ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ အမဲလိုက်လာခဲ့သော ဝါရင့်မုဆိုးကြီး လီတာ့ဟိုင်ပင်လျှင် ထိုကျားသစ်ကို မြင်တွေ့လိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားခဲ့သည်။
"ဒီကျားသစ်က ဘယ်ကရောက်လာတာလဲ..."
"ဘယ်သူပစ်လာတာလဲ..."
လီတာ့ဟိုင်က မေးလိုက်သည်။
"ဦးလေးလီ... ဦးလေးရဲ့သား အဖွဲ့ခေါင်းဆောင်လီ ပစ်လာတာလေ..."
မုဆိုးတစ်ဦးက ဖြေလိုက်သည်။
"လီလန်..."
လီတာ့ဟိုင်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။
"မင်း... မင်းပြောတာ ငါ့သားလီလန်က ဒီကျားသစ်ကို ပစ်လာတာဆိုတဲ့ သဘောလား..."
ထိုအချိန်တွင် လီလန်သည် ဗြောက်အိုးတစ်ထုပ်ကို ကိုင်ဆောင်၍ ထွက်လာလေသည်။
"လီလန်... သူတို့ပြောနေတာ တကယ်ပဲလား... ဒီကျားသစ်ကို မင်းပစ်လာတာလား..."
လီတာ့ဟိုင်က သူ့သားကို ကြည့်၍ မေးလိုက်သည်။
"ဟုတ်တယ်..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"အဖေ... အဲ့အကြောင်း နောက်မှပြောကြတာပေါ့... ရွာသားတွေ သိသွားအောင် ဗြောက်အိုးအရင်ဖောက်လိုက်ကြရအောင်..."
"အဖွဲ့ခေါင်းဆောင်လီ... ကျွန်တော် ဖောက်လိုက်မယ်... ကျွန်တော် ဖောက်လိုက်မယ်..."
မုဆိုးတစ်ဦးက စိတ်အားထက်သန်စွာ ရောက်လာပြီး ဗြောက်အိုးများကို ယူကာ တုတ်တစ်ချောင်းရှာ၍ ချိတ်ဆွဲလိုက်ပြီး တံခါးဝတွင် မီးရှို့လိုက်သည်။
မကြာမီမှာပင် တံခါးဝ၌ ဗြောက်အိုးများ တဒိုင်းဒိုင်း ပေါက်ကွဲသွားပြီး နှစ်သစ်ကူးပွဲတော်ကာလကဲ့သို့ပင် နားစည်ကွဲမတတ် ကျယ်လောင်သော အသံများ ထွက်ပေါ်လာတော့သည်။
မြေပြင်တစ်ခုလုံးတွင်လည်း အနီရောင် ဗြောက်အိုးစက္ကူစများ ဖုံးလွှမ်းသွားပြီး အလွန်ပင် စည်ကားသိုက်မြိုက်သော အငွေ့အသက်ကို ပေးစွမ်းနေလေသည်။
"ဘယ်သူတွေ ဗြောက်အိုးဖောက်နေတာလဲ... သတင်းကောင်းများ ရှိလို့လား..."
"ဘယ်အိမ်က မင်္ဂလာဆောင်လို့လဲ..."
"အသံက ရွာအရှေ့ဘက်စွန်းက လာနေသလိုပဲ... သွားကြည့်ကြရအောင်..."
"လီလန်တို့အိမ်ကပဲ... သူ့အိမ်မှာ သတင်းကောင်းများ ရှိနေလို့လား..."
"အဘွားကြီးရေ... အဖွဲ့ခေါင်းဆောင်လီတို့ အိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်..."
"..."
ဗြောက်အိုးဖောက်သံ ကြားသည်နှင့် တပြိုင်နက် တစ်ရွာလုံး ရောက်လာကြလေသည်။
လူများသည် တစ်ယောက်ပြီးတစ်ယောက် လီလန်၏ အိမ်သို့ လာရောက်လည်ပတ်ကြသည်။
အိမ်ထဲသို့ ဝင်လာသည်နှင့် အိမ်ဝိုင်းထဲတွင် လဲလျောင်းနေသော ကျားသစ်ကြီးကို မြင်လိုက်ရသဖြင့် လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။
သတ္တိနည်းသော သက်ကြီးရွယ်အိုအချို့မှာ ကျားသစ်ကြီး ရုတ်တရက် အသက်ဝင်လာပြီး သူတို့ကို ကိုက်မည်ကို စိုးရိမ်သဖြင့် အဝေးမှသာ စောင့်ကြည့်နေကြလေသည်။
စောင့်ကြည့်နေသူများထဲတွင် လီလန်၏ အသိမိတ်ဆွေ အများအပြားလည်း ပါဝင်သည်။
ကျောက်ထျဲ့ကျွင်း၊ အဘိုးဟွမ်ကွမ်း၊ အဖွဲ့ခေါင်းဆောင်ကျန်း၊ ကျောက်လျူ၊ ကျန်းဝေ့ကော်၊ မုဆိုးမပိုင်နှင့် အဘိုးပိုင်တို့ ဖြစ်ကြသည်။
အဖွဲ့ခေါင်းဆောင်ကျန်းမှာ ပွင့်လင်းမြင်သာပြီး ဖော်ရွေသောသူတစ်ဦး ဖြစ်သည်။ သူ ဝင်လာသည်နှင့် တပြိုင်နက် ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်တော့သည်။
"လီ... ဒီကျားသစ်ကို မင်းပစ်လာတာလား..."
"ဝိုး... မင်းက တကယ်ကို တော်တဲ့ကောင်လေးပဲ... တောင်ပေါ်က ကျားသစ်တွေကိုတောင် ဖမ်းနိုင်နေပြီပေါ့..."
ရွှမ်းရွှေရွာတွင် ရေးမထားသော စည်းမျဉ်းတစ်ခုရှိသည်။ မည်သည့် မုဆိုးအဖွဲ့က သားကောင်ရသည်ဖြစ်စေ၊ ထိုအဖွဲ့ကသာ အသားများကို ခွဲဝေယူကြရခြင်းဖြစ်သည်။
ဥပမာအားဖြင့် ကျိုးလျဲ့ရှန်း၏ အဖွဲ့က သားကောင်ရလာလျှင် သူတို့သည် ကျိုးလျဲ့ရှန်း၏ အိမ်ဝိုင်းသို့ ယူဆောင်သွားကာ သူတို့အချင်းချင်း ခွဲဝေယူကြမည်ဖြစ်သည်။
ကျိုးလျဲ့ရှန်း၏ အိမ်မှာ လျဲ့ရှန်တပ်ဖွဲ့၏ စုရပ်နှင့် အခြေစိုက်စခန်းဖြစ်သည်။
ခေါင်းဆောင်ရှန်း၏ ထုတ်လုပ်ရေးအဖွဲ့မှာမူ ကွန်မြူနစ်အဖွဲ့ပိုင်ဖြစ်ပြီး ခေါင်းဆောင်ရှန်း၏ အိမ်တွင် အခြေစိုက်သည်။
လီလန်သည် မီးနဂါးမုဆိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်ရာ သူတို့၏ ဌာနချုပ်မှာ သဘာဝကျစွာပင် သူ၏အိမ် ဖြစ်နေလေသည်။
ယခု ဤကျားသစ်ကြီးမှာ လီလန်၏ အိမ်တွင် ရှိနေသဖြင့် ၎င်းသည် လီလန်၏ သားကောင်ဖြစ်ကြောင်း သေချာလှပေသည်။
မီးနဂါးမုဆိုးအဖွဲ့ဝင်များဖြစ်ကြသော ကျန်းဝေ့ကော်နှင့် ကျောက်လျူတို့သည် ယနေ့ အပြင်မထွက်ကြသဖြင့် ကျားသစ်ကို ပစ်ခတ်ခဲ့သူမှာ သေချာပေါက် လီလန်ပင် ဖြစ်ပေလိမ့်မည်။
လီလန်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့် ဧရာမ ကျားသစ်ကြီးတစ်ကောင်ကို အနိုင်ယူနိုင်ခဲ့လေပြီ။
"ဝိုး... လီလန်... မင်း တကယ်ပဲ ဒီကျားသစ်ကို ပစ်လာတာလား..."
"မင်း တကယ်တော်တာပဲ... ဒီလောက်ကြီးတဲ့ ကျားသစ်ကြီးကို..."
"အစ်ကိုလန် အရမ်းတော်တာပဲ... အစ်ကို ဘယ်လိုလုပ်လိုက်တာလဲ..."
ကျန်းဝေ့ကော်က ပြေးလာပြီး ကျားသစ်ကို ကိုင်တွယ်ရန် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အလကား အပိုတွေ ပြောမနေနဲ့... ငါ လုပ်စရာတွေ ရှိသေးတယ်..."
လီလန်က ရယ်မောလျက် ပြောလိုက်သည်။
"အဘိုးကျန်း... ကျွန်တော် ဒ္ကျားသစ်ကို ပစ်ခဲ့တာပါ... ကံကောင်းသွားလို့ပါ..."
လီလန်က အဖွဲ့ခေါင်းဆောင်ကျန်းကို ရယ်မောပြလိုက်သည်။
အဖွဲ့ခေါင်းဆောင်ကျန်းက လက်မထောင်ပြလိုက်ပြီး
"တယ်တော်တဲ့ကောင်လေး... မင်း သတ္တိရှိသားပဲ..."
ပိုင်ကျဲ့သည် လူအုပ်ကြားထဲရှိ ကျားသစ်ကြီးကို စိုက်ကြည့်နေပြီးနောက် လူအများ၏ ဝိုင်းဝန်းချီးမွမ်းမှုကို ခံနေရသော လီလန်ဆီသို့ သူမ၏ လှပသော မျက်လုံးများကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ တောက်ပနေပြီး မျက်ခုံးလေးများမှာလည်း ကွေးညွတ်သွားလေသည်။
"လီလန်က တောင်ပေါ်မှာ ကျားသစ်ကိုတောင် အမဲလိုက်နိုင်ခဲ့ပြီပဲ... သူက တဖြည်းဖြည်းနဲ့ ပိုပိုပြီး တော်လာတာပဲ..."
"သူက ငါမြင်ဖူးသမျှထဲမှာ အတော်ဆုံး မုဆိုးပဲ..."
"အဖေ... အဲ့လိုမထင်ဘူးလား..."
မုဆိုးမပိုင်က သူမ၏ဘေးရှိ အဘိုးပိုင်ကို ကြည့်၍ မေးလိုက်သည်။
အဘိုးပိုင်က ပြုံးလျက် ပြန်ဖြေလေသည်။
"ဒ္ကလေးက အလားအလာရှိတယ်... သူ့ရဲ့ အမဲလိုက်စွမ်းရည်က အဖေ့ရဲ့ လူငယ်ဘဝကထက်တောင် ပိုကောင်းသေးတယ်..."
"တောင်ပေါ်က ကျားသစ်တွေက အရမ်းကြမ်းကြုတ်တာ... တစ်ယောက်တည်း ဖမ်းဖို့ဆိုတာ မလွယ်ဘူး..."
အဘိုးပိုင်က စကားပြောနေရင်း ခေါင်းညိတ်လိုက်ပြီး အိမ်ဝိုင်းထဲတွင် လဲလျောင်းနေသော ကျားသစ်ကိုကြည့်ကာ အတော်လေး အံ့အားသင့်နေလေသည်။
လီလန်သည် ယခုနှစ်မှ အသက် ၂၀ သာ ရှိသေးသည် မဟုတ်ပါလော။
အသက် ၂၀ အရွယ်ဖြင့် ကျင်းတစ်ရာကျော်ရှိသော ကျားသစ်တစ်ကောင်ကို သူ တစ်ယောက်တည်း အမဲလိုက်နိုင်ခဲ့သည်။
သူ၏ အမဲလိုက်စွမ်းရည်နှင့် သေနတ်ပစ်စွမ်းရည်မှာ မည်မျှပင် ကောင်းမွန်နေမည်နည်း။
သူသာ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့် ငယ်ရွယ်နေဦးမည်ဆိုလျှင်ပင် လီလန်လောက် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
"လီလန်က တကယ့်ကို အလားအလာရှိတဲ့သူပဲ... ဘယ်ကောင်မလေးများ သူ့ကို လက်ထပ်ခွင့်ရလောက်အောင် ကံကောင်းမလဲ မသိဘူး..."
"ဟူး... ငါတို့သာ ရှောင်ကျဲ့ကို မြို့ကလူနဲ့ ပေးမစားဘဲ လီလန်နဲ့သာ လက်ထပ်ပေးခဲ့မယ်ဆိုရင် အခြေအနေတွေက တခြားစီ ဖြစ်နေမလားပဲ..."
အဘိုးပိုင်သည် သူ၏သမီးကို ကြည့်ကာ သက်ပြင်းချလျက် နောင်တရနေသော လေသံဖြင့် ပြောလိုက်သည်။
လီလန်မှာ ပြီးပြည့်စုံသော သမက်တစ်ယောက်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူ၏သမီးမှာ မုဆိုးမတစ်ဦး ဖြစ်နေလေပြီ။
သူ၏သမီးကိုသာ လီလန်နှင့် လက်ထပ်ပေးလိုက်ပါက လီလန်၏ ဂုဏ်သိက္ခာအတွက် ဆိုးရွားသွားစေလိမ့်မည်ဖြစ်သည်။
ဤခေတ်ဤအခါတွင် မည်သည့်ယောက်ျားက မုဆိုးမတစ်ဦးကို လက်ထပ်မည်နည်း။
ဂုဏ်သိက္ခာဆိုသည်မှာ အလွန်အရေးကြီးလှပေသည်။
ခြံဝင်းအတွင်းရှိ သက်ကြီးရွယ်အိုများအားလုံးမှာ လီလန်က ကျားသစ်တစ်ကောင်ကို ပစ်သတ်လာသည်ကို မြင်တွေ့ရသောအခါ အလွန်အံ့သြမှင်တက်နေကြလေသည်။
ခြံဝင်းအတွင်း၌ လူများပြည့်ကျပ်လာပြီး မွန်းကျပ်လာသည်ကို မြင်သောအခါ လီလန်သည် အမြန်လည်ချောင်းရှင်းလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"လူကြီးမင်းတို့ ခင်ဗျာ... နှစ်သစ်ကူးပွဲတော် မတိုင်ခင်က မောင်အားတောင်က ကျားသစ်တစ်ကောင်ဟာ စန်းဟော့ရွာက မုဆိုးတစ်ယောက်ကို ကိုက်သတ်သွားခဲ့ပါတယ်..."
"အဲ့လူသားစားကျားသစ်ကို ကျွန်တော် သတ်ပစ်လိုက်ပါပြီ... အခုတော့ ခင်ဗျားတို့အားလုံး တောင်ပေါ်တက်ပြီး တောထွက်ပစ္စည်းတွေကို စိတ်ချလက်ချ သွားရှာလို့ ရပါပြီ..."