အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း(၇၁)
မုကျွင်းယန်၏ ရေစိုနေသော လက်က သူမ သွယ်လျသော မေးစေ့လေးကို ညှစ်ကိုင်လိုက်ပြီး ခေါင်းကို အတင်းအကျပ် မော့စေကာ သူ့ကို တည့်တည့်မတ်မတ် ကြည့်စေခဲ့သည်။
“လုပ်ကြံဖန်တီးတာ ဟုတ်လား... မင်းက သူစိမ်းယောက်ျားတစ်ယောက်နဲ့ တိတ်တဆိတ် သီးသန့်တွေ့ဆုံတယ်...ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် နှစ်ယောက်တည်းရှိနေတဲ့ နေရာမှာ ရယ်ရယ်မောမောနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောတယ်... ပြီးတော့ သူက မင်းရဲ့ဆံပင်ပေါ်ကို ဆံထိုးထိုးပေးတာကိုတောင် မင်းက ခွင့်ပြုခဲ့တယ်... မင်းက သူစိမ်းယောက်ျားတွေရဲ့ ရှေ့မှာဆိုရင် လောကဝတ်၊ တရားမျှတမှု၊ ရိုးသားဖြောင့်မတ်မှုနဲ့ အရှက်တရားတွေအားလုံးကို လျစ်လျူရှုထားတာလား”
စဉ်းစားကြည့်လျှင် သူမ သူနှင့်အတူတူ အိပ်စက်ခဲ့စဉ်ကလည်း သူက သူမအတွက် သူစိမ်းယောက်ျားတစ်ယောက်ပဲ မဟုတ်ဘူးလား။
မုကျွင်းယန်၏ မျက်နှာက ပိုမို၍ မည်းမှောင်သွားသည်။
သူ့စကားလုံးများက အလွန်နာကျင်စေပြီး နားမခံသာအောင် ဆိုးရွားစွာ ထွက်ပေါ်လာ၏။
‘ဒါတွေအားလုံးက ဘာအကြောင်းတွေလဲ’
ကုဟွား ချက်ချင်း သဘောပေါက်သွားသည်။
‘ဆံထိုး ဟုတ်လား’
‘ဒါဆို... သူက ငါနဲ့ ပိုင်ရိ တွေ့ဆုံခဲ့တာကို မြင်သွားတာလား’
‘ဒါဆိုရင် ငါက ဘယ်လို ရှင်းပြရတော့မှာလဲ’
သူမက ပိုင်ရိကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့သည်မှာ မှန်သော်လည်း ထိုမျှသာ ဖြစ်သည်။
ဆံထိုး ထိုးပေးခဲ့သည့် လုပ်ရပ်က တကယ်ပင် မလျော်ကန်သော်လည်း သူမတို့နှစ်ဦးတည်း ရှိနေစဉ်၌ သူမက အကွာအဝေးတစ်ခုကို တမင်တကာ ထိန်းသိမ်းထားခဲ့သည်။
ကုဟွား၏ မျက်နှာလေး၌ သွေးရောင်မရှိဘဲ ဖြူဖျော့သွားသည်။ သို့သော် မည်သည့် ဆင်ခြေပေးမှုမျိုးမဆို အပြစ်ကို ဖုံးကွယ်ရန် ကြိုးပမ်းမှုအဖြစ်သာ ထွက်ပေါ်လာလိမ့်မည်။
သူမ အသက်ရှင်သန်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ အသက်ရှင်ခွင့် ရရှိရန်အတွက် မုကျွင်းယန်၏ အိပ်ယာပေါ်သို့တက်ရန် သူမ၏ အရှက်သိက္ခာများကိုပင် လျစ်လျူရှုခဲ့ရသည်။
ဘဝနှစ်ခုစလုံးတွင် သူမက အသက်ရှင်ခွင့်ရရှိရန်အတွက်သာ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အရှက်မဲ့သူဟူ၍ သမုတ်ခံခဲ့ရသည်။
‘ဘာလို့များ ဘုရားသခင်က ငါ့အပေါ် ဒီလောက်တောင် မတရားရတာလဲ’
ကုဟွားက သူမ၏ မကျေနပ်ချက်များကို ရင်ဖွင့်စရာ နေရာမရှိချေ။ သူမ၏ မျက်ရည်များက မထိန်းနိုင်ဘဲ စီးကျလာပြီး သူမ၏ အင်္ကျီကိုကို ပွတ်သပ်နေသော မုကျွင်းယန်၏ လက်ခုံပေါ်သို့ ကွက်တိ ကျရောက်သွားခဲ့သည်။
မုကျွင်းယန်က သူမကို စူးစိုက်ကြည့်နေမိသည်။ သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များက ပို၍ အိုင်ထွန်းလာကာ မျက်တောင်ဖျားမှတစ်ဆင့် တစ်စက်ချင်းစီ လိမ့်ဆင်းကျလာသည်ကို မြင်တွေ့လိုက်ရသည်။
မျက်ရည်စက်တိုင်းက သူ့ရင်ကို စူးရှနာကျင်စေ၏။
‘ငါ သူ့ကို ထပ်ပြီး အနိုင်ကျင့်မိပြန်ပြီလား’
“မငိုနဲ့”
ပထမဆုံးအကြိမ်အဖြစ် မုကျွင်းယန်က စိတ်အနှောင့်အယှက်ဖြစ်ရခြင်းနှင့် စိတ်အာရုံနောက်ကျိရခြင်းတို့၏ အဓိပ္ပာယ်ကို နားလည်လိုက်ရသည်။
မိန်းမပျိုလေးက မျက်ဝန်းထဲတွင် ဝဲခိုနေသော မျက်ရည်များကို မကျဆင်းလာစေရန်အတွက် အစွမ်းကုန် အောင့်အည်းထားရင်း သနားစဖွယ် မော့ကြည့်လာခဲ့သည်။
သူမ၏ အသံလေးက အားနည်းနေပြီး တုန်ယင်စွာဖြင့် သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်၏။
“ကျွန်မ အဲဒီလောက်အထိ အရှက်မမဲ့ပါဘူး...”
သို့သော် ထိုသို့ပြောပြီးနောက်တွင် သူမကိုယ်တိုင်ပင် ထိုစကားကို မယုံကြည်ချေ။
သူမ ရင်ဘတ်ပေါ်ရှိ ဖိတ်စင်နေသော ရေနွေးကြမ်းများက ဆောင်းဦး၏ ညဉ့်ဦးယံ အအေးဓာတ်နှင့် ပေါင်းစပ်သွားပြီး သူမ တစ်ကိုယ်လုံးကို ချမ်းအေးလွန်းသဖြင့် တုန်ယင်သွားစေသည်။
သို့သော် သူမ၏ အရှေ့တည့်တည့်ရှိ ပူနွေးလှသော ရင်ဘတ်ကြီးက သူမကို ရေခဲနှင့် မီးတောက်ကြားတွင် တစ်ပြိုင်နက်တည်း ကြုံတွေ့နေရသကဲ့သို့ ခံစားရစေသည်။
သူမ ဆက်ပြီး မတောင့်ခံနိုင်တော့ဟု ခံစားလိုက်ရ၏။
သိက္ခာကို အစွမ်းကုန် ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း အမှန်တကယ်၌ အလွန်တရာ အားနည်းနေပုံရသည့် သူမကို မုကျွင်းယန်က စူးစိုက်ကြည့်နေမိသည်။
သူမ၏ လှပသော မျက်ခုံးအစုံက တင်းကျပ်စွာ တွန့်ချိုးနေပြီး နူးညံ့လှသော နှုတ်ခမ်းလွှာလေးများက အနည်းငယ် တုန်ယင်နေ၏။
ထိုညက သူ့အောက်တွင် ဖျားယောင်းပြီး သူ့အလိုကို လိုက်ခဲ့စဉ်က ရှိခဲ့သော နှင်းပွင့်ကဲ့သို့ ဖြူစင်နူးညံ့လှသည့် အသားအရေ၏ ပုံရိပ်များက စိတ်အာရုံထဲတွင် ကွက်ကွက်ကွင်းကွင်း ပြန်လည်ထင်ဟပ်လာခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် ပြင်းပြလှသော အပူရှိန်တစ်ခုက သူ၏ တစ်ကိုယ်လုံးတွင် ပေါက်ကွဲထွက်သွားခဲ့ပြီး ခါးအောက်ပိုင်းသို့ တည့်တည့်မတ်မတ် စီးဆင်းသွား၏။
မုကျွင်းယန် လန့်ဖျပ်သွား၏။ သူ ထပ်မံ၍ စိတ်အလိုသို့ လိုက်မိပြီး အထိန်းအကွပ်မဲ့တော့မည် ဖြစ်သည်။
မုကျွင်းယန်က သူမ လက်ကောက်ဝတ်များကို ဖိကိုင်ထားရာမှ ဖြည်းညင်းစွာ လွှတ်ပေးလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူမကို အသက်ရှူခွင့် ပေးလိုက်သည်။
ခေါင်းအထက်တွင် အတင်းအကျပ် ဖိကပ်ခံထားခဲ့ရသောကြောင့် ကုဟွား၏ လက်နှစ်ဖက်က လုံးဝ တောင့်တင်းနေသည်။
သူမ လက်ကို ဖြည်းဖြည်းချင်း အောက်ပြန်ချလိုက်သောအခါ ပုခုံးရိုးနှစ်ဖက်စလုံး ကွဲအက်သွားတော့မည့်အလား နာကျင်မှုကို ခံစားလိုက်ရ၏။
သူ့အကြည့်များက သူမ၏ နှင်းပွင့်လေးများကဲ့သို့ ဖြူစင်နူးညံ့နေသော လက်ကလေးများပေါ်သို့ ကျရောက်သွားပြီး သူ ညှစ်ကိုင်ထားခဲ့သည့် နေရာ၌ အညိုအမည်းစွဲနေသည်ကို တွေ့လိုက်ရသည်။
ထိုညတုန်းကလည်း သူ၏ ကြမ်းတမ်းပြီး အသားမာတက်နေသော လက်များဖြင့် သူမ၏ သွယ်လျသော ခါးသိမ်သိမ်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ခဲ့စဉ်က အနီရောင်အမှတ်အသားများ ထင်ကျန်ဖူး၏။
ဤမိန်းမပျိုလေးက တကယ်ကို နူးညံ့လွန်းလှသည်။
တစ်နေ့တာလုံးနီးပါး ရင်ထဲတွင် ပိတ်ဆို့နေခဲ့သော မုကျွင်းယန်၏ ဒေါသများနှင့် မကျေနပ်ချက်များကြောင့် ယခုအချိန်၌ ပိုမို၍ အသက်ရှူကျပ်လာရသကဲ့သို့ ခံစားလိုက်ရ၏။
စာရေးစားပွဲပေါ်ရှိ တိမ်တိုက်နှင့် ကြိုးကြာငှက်ပုံစံ ဆီမီးခွက်တစ်စုံမှ ဖယောင်းတိုင်များက ကုန်လုနီးပါး ဖြစ်နေခဲ့သည်။
ဖယောင်းတိုင်မီး အလင်းရောင်က တဖျပ်ဖျပ် လှုပ်ခါနေပြီး သူတို့နှစ်ဦးစလုံး တိုက်တိုက်ဆိုင်ဆိုင်ပင် စာရေးစားပွဲဆီသို့ လှမ်းကြည့်လိုက်မိကြသည်။
နေရခက်နေသော လေထုအခြေအနေက ချက်ချင်းပင် အေးခဲသွား၏။
ကုဟွား ဤနေရာ၌ပင် မြေကျင်းတူးပြီး တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်နေမိသည်။
ကံကောင်းထောက်မစွာ ဖယောင်းတိုင်များက ချက်ချင်းပင် ငြိမ်းသွား၏။
အခန်းတစ်ခုလုံး အမှောင်ထုထဲသို့ ကျရောက်သွားသည်။ လမင်းကြီးကလည်း တိမ်များနောက်ကွယ်သို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ကုဟွား သက်ပြင်းအသာ ချလိုက်မိ၏။
ဤအမှောင်ထုက သူမ၏ သနားစဖွယ် အခြေအနေနှင့် ရှက်ရွံ့ထိတ်လန့်မှုများကို ဖုံးကွယ်ပေးထားနိုင်သည်။
အခန်းတွင်း၌ ပြင်းထန်သောအသက်ရှူသံတစ်ခုနှင့် အားနည်းသောအသက်ရှူသံတစ်ခုသာ ကြားနေရသည်။
“ဘာတွေ ရေးနေတာလဲ”
မုကျွင်းယန် အနေရခက်သောအခြေအနေကို ပြေလျော့စေရန် အကြောင်းအရာ ပြောင်းလဲလိုက်သည်။
သူ မမြင်ရသည့်အတွက်ကြောင့် သူ၏ အကြားအာရုံက ပိုမိုထက်ရှနေခဲ့သည်။ သူက သူ့ကိုယ်သူ ငါဟု ပြောင်းလဲသုံးနှုန်းလိုက်ပြီး လေသံကလည်း အတော်ပင် နူးညံ့သွားခဲ့၏။
ကုဟွား၏ လည်ချောင်းဝအထိ ဆို့တက်နေသော နှလုံးသားလေးက တိတ်တဆိတ် ပြန်လည်တည်ငြိမ်သွားရသည်။
သူမ၏ အသံလေးက တိုးညှင်း ညင်သာနေခဲ့၏။
“ကျွန်မ... ရှေးဟောင်းကျမ်းစာတစ်အုပ် ကူးရေးနေတာပါ”
သူမ ထပ်ပြီး မလိမ်ရဲချေ။
“ဘာဖြစ်လို့လဲ”
သူ၏ လေသံက ပိုမို၍ နူးညံ့ပျော့ပြောင်းလာသည်ကို သူမ ကြားလိုက်ရသည်။
“... ဖတ်ရတာ သဘောကျလို့ပါ”
“ငါ မင်းကို ဒီတိုင်းပဲ ပေးလိုက်မယ်... ကူးရေးနေစရာ မလိုပါဘူး”
ကုဟွား ခေါင်းမော့ကြည့်လိုက်မိသည်။
တစ်ဖက်လူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ အမှန်အတိုင်း ပြောဆိုနေခြင်းဖြစ်ကြောင်း သူမ ခံစားမိ၏။
‘ရှေးဟောင်းကျမ်းစာတစ်အုပ်၊ မူရင်းစာအုပ်တစ်အုပ်ကို ငါ့ကို ဒီတိုင်းပဲ ပေးလိုက်မယ်ဟုတ်လား’
သူမအနေဖြင့် လောဘစိတ်ကို အလွယ်တကူ မပြသသင့်ချေ။
“မြို့စားကြီးကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အရမ်း အဖိုးတန်လွန်းပါတယ်... အကြောင်းပြချက်မရှိဘဲ ဆုလာဘ်ကို မခံယူဝံ့ပါဘူး”
သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ရုတ်တရက် လွှတ်ခနဲ ပြောဆိုလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ရက်က ညတုန်းက မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် အဖိုးအခလို့ပဲ သတ်မှတ်လိုက်ပါ”
ကုဟွား တစ်ကိုယ်လုံး အေးခဲသွား၏။
မုကျွင်းယန် : “...”
‘ငါ ဒီလို စကားမျိုးကို ဘယ်လိုလုပ် ပြောထွက်လိုက်ရတာလဲ’
‘ဒီစကားက အရမ်း နာကျင်စေမှာပဲ’
မုကျွင်းယန်က ခြေလှမ်းလှမ်း၍ စာရေးစားပွဲဆီသို့ လျှောက်သွားခဲ့ပြီး တိမ်တိုက်နှင့် ကြိုးကြာငှက်ပုံစံ ဆီမီးခွက်များပေါ်တွင် ဖယောင်းတိုင်အသစ်များ လဲလှယ်ကာ ပြန်လည်ထွန်းညှိလိုက်သည်။
သူက သူမ ကူးရေးနေသော ရှေးဟောင်းကျမ်းစာကို အမှတ်မထင် လှန်လှောကြည့်ရှုလိုက်၏။
ဤစာအုပ်က တော်ဝင်မင်းဆရာအိုကြီးက သူ့ကို ပေးခဲ့သည့် မူရင်းစာအုပ်အစစ် ဖြစ်သည်။
စာပေပညာရှင်များ၏ မျက်စိထဲ၌ ဤစာအုပ်က တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်ရတနာတစ်ပါး ဖြစ်သည်။
‘သူက ဒီလိုမျိုး ခက်ခဲနက်နဲတဲ့ ကျမ်းစာမျိုးကို ဖတ်ရတာ တကယ်ပဲ သဘောကျတာလား’
‘ဟုတ်သားပဲ... သူ ဝင်ငွေရှာဖို့ စာမူကူးနေတာပဲ ဖြစ်ရမယ်’
မုကျွင်းယန် သဘောပေါက်သွားသည်။
သူက စာအုပ်ပေါ်သို့ လက်ညှိုးဖြင့် အသာအယာ တောက်နေရင်း ဆိုလိုက်သည်။
“ငါ ဆိုလိုတာက တခြားဘာအဓိပ္ပာယ်မှ မပါပါဘူး... ဒါက ဒီစာအုပ်စင်ပေါ်မှာ ရှိနေလည်း ဖုန်တက်နေရုံပဲရှိမှာ... တစ်ယောက်ယောက်က ဒါကို အကျိုးရှိရှိ အသုံးချနိုင်တာက ပိုကောင်းတာ မဟုတ်ဘူးလား”
ကုဟွား မယုံကြည်နိုင်အောင် ဖြစ်သွား၏။ ဤသည်က ကမ္ဘာပေါ်တွင် တစ်အုပ်တည်းသာရှိသော စာအုပ်ဖြစ်သည်။
၎င်းက ရွှေထွက်နိုင်သည့် ရွှေအိုးကြီးတစ်လုံးနှင့် အလားသဏ္ဌာန် တူပေ၏။
ကမ္ဘာပေါ်ရှိ ကျော်ကြားလှသော စာပေပညာရှင်များနှင့် စာရေးဆရာကြီးများအားလုံး ဤစာအုပ်ကို လိုချင်နေကြခြင်း ဖြစ်သည်။
‘ငါ့ကို တကယ်ပဲ ပေးလိုက်မှာလား’
သို့သော်လည်း အကယ်၍ ဤအရာကို အခြားအကြောင်းပြချက်များကြောင့် ပေးအပ်ခြင်း ဖြစ်ပါက သူမ လက်ခံနိုင်သည်။
ကုဟွား နှုတ်ခမ်းကို ကိုက်လိုက်မိ၏။
သူမ၏ ရင်ထဲ၌ ကျန်ရှိနေသေးသော သိက္ခာတရား သေးသေးလေးက သူမ၏ စိတ်ကို ပူလောင်စေသည်။
သူမ ခါးကို မတ်မတ်ထားကာ သူ့ကို အရိုအသေပေးလိုက်၏။
“မြို့စားကြီး... အဲဒီ့ညက... မတော်တဆမှု သက်သက်သာ ဖြစ်ပါတယ်။ အရက်ကြောင့် ဖြစ်ပေါ်လာတဲ့ အမှားတစ်ခုပါ။ မြို့စားကြီးအနေနဲ့ စိတ်ထဲမှာ ထားနေဖို့ မလိုပါဘူး။ ဒုတိယအကြိမ်ကတော့ ဒီကိုယ်လုပ်တော်က မြို့စားကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံချင်လို့ပါ။ ဒီကိုယ်လုပ်တော်ကသာ မြို့စားကြီးအပေါ် အကြွေးတင်နေခဲ့တာ ဖြစ်ပါတယ်... ဒီလိုမျိုး အဖိုးတန်လွန်းတဲ့ ဆုလာဘ်မျိုးကို ဒီကိုယ်လုပ်တော်အနေနဲ့ မခံယူဝံ့သလို လက်လည်း မခံနိုင်ပါဘူး”
ထိုသို့ပြောပြီးနောက်တွင် သူမ နောက်ထပ် စကားမဆိုတော့ချေ။ ထွက်ပြေးချင်နေသည့်အလား လှည့်ထွက်လာပြီး တံခါးဝဆီသို့သာ လျှောက်လှမ်းသွားသည်။
မုကျွင်းယန် : “...”
‘ငါက ဘာဖြစ်လို့ မိန်းမပျိုလေးတစ်ယောက်ကို နာကျင်စေမိပြီဆိုပြီး အရှက်ရတဲ့ ခံစားချက်မျိုး ခံစားနေရတာလဲ’
“နေဦး... မင်းကို မေးစရာ နည်းနည်းရှိသေးတယ်”
အခန်း(၇၂)
ကုဟွား တံခါးခုံကို ကျော်လွန်လုနီးပါး ဖြစ်နေသည်။ သူမက လှည့်မကြည့်ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်၏။
သူမ တိုးညှင်းစွာ ဆိုလိုက်သည်။
“မေးပါ...မြို့စားကြီး”
မုကျွင်းယန် သူမ၏ အနောက်သို့ လျှောက်လှမ်းလာပြီး သူမ၏ နက်မှောင်နေသော ဆံကေသာအထက်ကို စူးစိုက်ကြည့်ကာ မေးလိုက်၏။
“လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက... မင်း သူတောင်းစားတစ်ယောက်ကို ပေါက်စီ တစ်ဝက် ပေးခဲ့ဖူးတာလား”
ကုဟွား ထိတ်လန့်တုန်လှုပ်သွားရပြီး ရုတ်တရက် ချက်ချင်း လှည့်ကြည့်လိုက်မိသည်။
‘သူက ဘာဖြစ်လို့ ဒါကို ရုတ်တရက်ကြီး လာမေးရတာလဲ’
ထိုဒဏ်ရာရနေသော သူတောင်းစားက သူမကို ကျောက်စိမ်းဆွဲပြားလေးတစ်ခု ပေးအပ်ခဲ့ပြီး သူမ သူ့ကို မြင်တွေ့ခဲ့ကြောင်း မည်သူ့ကိုမျှ ပြန်မပြောရန် မှာကြားခဲ့ဖူးသည်။
ထိုစဉ်က သူမသည် ငယ်ရွယ်ပြီး အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးသာ ဖြစ်ခဲ့၏။
ပေါက်စီတစ်ဝက်နှင့် တစ်ပါးသူ၏ ကျောက်စိမ်းဆွဲပြားကို လဲလှယ်ခဲ့ရသဖြင့် သူမ သဘာဝအတိုင်း မည်သူ့ကိုမျှ ပြန်မပြောခဲ့ချေ။
နောင်တွင် သူမ အရွယ်ရောက်လာပြီး အကြောင်းအရာများကို နားလည်လာသောအခါ ထိုကျောက်စိမ်း၏ အရည်အသွေးက အလွန်ကောင်းမွန်လှကြောင်း သိရှိခဲ့ရသည်။
ထိုသူတောင်းစား၏ အဆင့်အတန်းက ထူးခြားဆန်းပြားလိမ့်မည်ဟု ခန့်မှန်းမိသဖြင့် သူမ ပို၍ပင် မည်သူ့ကိုမျှ ဖွင့်ဟပြောဆိုခြင်း မပြုရဲခဲ့ချေ။
သို့သော် နောက်ပိုင်းတွင် ထိုကျောက်စိမ်းဆွဲပြားက ရုတ်တရက် ပျောက်ဆုံးသွားပြီး သူမ အချိန်အကြာကြီး လိုက်လံရှာဖွေခဲ့သော်လည်း အစအနပင် ရှာမတွေ့ချေ။
“ကျွန်မ မမှတ်မိပါဘူး”
ကုဟွား သူ့ရှေ့တွင် မလိမ်ညာချင်သော်လည်း သူမ ပေးထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရပေမည်။
မုကျွင်းယန် သူမကို စူးစိုက်ကြည့်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းများထဲ၌ အကြည့်များက ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။
‘သူ ငါ့ကို လိမ်နေတာပဲ’
သူမကို ထပ်မံ၍ အတင်းအကျပ် မဖိအားပေးချင်တော့သဖြင့် ဤအကြောင်းအရာက နောင်တစ်ချိန်၌ သေချာပေါက် အဖြေပေါ်လာလိမ့်မည်ဟုသာ သူ တွေးလိုက်မိသည်။
သူမ၏ ဆံထုံးပေါ်တွင် ထိုးထားသော လုံးဝဥဿုံ ကြည်လင်တောက်ပနေသည့် အစိမ်းနုရောင်ဖျော့ဖျော့လေးနှင့် ဇာမဏီခေါင်း ကျောက်စိမ်းဆံထိုးပေါ်သို့ သူ့အကြည့်များက ကျရောက်သွားသည်။
သူ၏ ဓားသွားကဲ့သို့ ထက်ရှသော မျက်ခုံးအစုံက အနည်းငယ် တွန့်ချိုးသွားပြီး ခဏတာမျှ စဉ်းစားလိုက်သည်။
“မင်း ဘယ်လိုပန်းမျိုးကို သဘောကျလဲ”
‘ဘာဖြစ်လို့ ဒါကို ရုတ်တရက်ကြီး လာမေးရတာလဲ’
ကုဟွားက အမှတ်မထင် ပြန်လည်ဖြေကြားလိုက်၏။
“ထပ်တရာပန်းအဖြူပါ”
“အမ်း”
ပြုံးသလိုလို မပြုံးသလိုလိုနှင့် ရှိနေသော မုကျွင်းယန် နှုတ်ခမ်းအစုံ၏ ကွေးတက်နေမှုကို ငေးမောကြည့်နေမိပြီး သူမ၏ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးသွားရသည်။
သူမ၏ နှလုံးခုန်သံများက ရူးသွပ်စွာ မြန်ဆန်လာခဲ့၏။
သူ မည်သည်ကို ဆိုလိုမှန်း မသိသဖြင့် သူမ၏ အနည်းငယ် တုန်ယင်နေသော ခြေထောက်လေးများက တိတ်တဆိတ်ပင် နောက်သို့ ဆုတ်မိသွားသည်။
မုကျွင်းယန် နောက်ဆုံးတွင် ခြေတစ်လှမ်းလှမ်း၍ တံခါးခုံကို ကျော်လွန်သွားပြီး စကားတစ်ခွန်း ချန်ထားခဲ့၏။
“စာကူးရေးတာ အရမ်း နောက်မကျစေနဲ့ဦး”
သူ လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် အပေါ်ယံ အပြုံးရိပ်များက ချက်ချင်းပင် ပျောက်ကွယ်သွားသည်ကို ကုဟွား အာရုံခံမိလိုက်၏။
သူ၏ မြင့်မားလှသော ခန္ဓာကိုယ်ကြီး ထွက်ခွာသွားသော်လည်း သူ့ထံမှ ဖြာထွက်နေသော ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါများက နေရာတွင် အကြာကြီး ကျန်ရစ်နေခဲ့သည်။
ကုဟွား ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားမိသဖြင့် အပြင်သို့ ခြေနှစ်လှမ်းခန့် အပြေးအလွှား လိုက်ထွက်သွားခဲ့မိ၏။
“မြို့စားကြီး... ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေထဲက ဘယ်အတွဲကို အရင်ဆုံး ကူးရေးရမလဲဟင်”
“မင်း စိတ်ကြိုက် တစ်အုပ် နှစ်အုပ်လောက်ပဲ အဆင်ပြေသလို ရွေးလိုက်ပါ”
ကုဟွားက ပျောက်ကွယ်သွားပြီဖြစ်သော သူ၏ ကျောပြင်ကျယ်ကြီးကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိသည်။
‘ငါ အဆင်ပြေသလို ကျပန်းရွေးလိုက်ရုံပဲ ဟုတ်လား’
‘ဖြစ်နိုင်တာက ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူဘယ်အတွဲပဲဖြစ်ဖြစ် သူ့အတွက် စိတ်သက်သာရာရစေမဲ့ အရာတစ်ခု ဖြစ်နေလို့ပဲ နေမှာပေါ့’
ကုဟွား ခဏတာမျှ တွေးတောလိုက်ပြီးနောက် စာရေးစားပွဲဆီသို့ ပြန်လာခဲ့သည်။ ထိုကျမ်းစာမူရင်းစာအုပ်ကို ကြည့်ရှုပြီး တင်းကျပ်စွာ ပိတ်လိုက်ကာ ၎င်းအစား ကျန်းမိသားစု၏ ကဗျာပေါင်းချုပ်စာအုပ်ကို ထုတ်ယူ၍ ဖွင့်လှစ်လိုက်သည်။
မုကျွင်းယန် စစ်မြေပြင်သို့ မထွက်ခွာမီ အချိန်အများကြီး မကျန်တော့ချေ။
တောင်ပိုင်းနယ်စပ်ဒေသ၏ အထီးကျန်လှသော ညချမ်းများတွင် မုကျွင်းယန် ဖတ်ရှုပြီး စိတ်သက်သာရာ ရရှိစေရန်အတွက် သူမ အနည်းဆုံး ကဗျာစာအုပ် နှစ်အုပ်ခန့် ပြီးစီးအောင် ကူးရေးရပေမည်။
သူမ သတိမထားမိခင်၌ပင် စာမူကူးနေခဲ့သည်မှာ ညစောင့်သမား၏ သန်းခေါင်ယံမောင်းသံ ထွက်ပေါ်လာသည်ထိ ဖြစ်သွားသည်။
တုန့်ဟွား လက်ဆွဲမီးအိမ်လေးကို ကိုင်ဆောင်ကာ သူမကို လာရောက်ရှာဖွေ၏။
“ကျွန်မရဲ့ ချစ်မမလေးရယ်... ဘာလို့များ အခုချိန်ထိ စာမူကူးနေရတာလဲ။ ကျွန်မတို့အားလုံးက မမလေး ဒီမှာတင် တန်းပြီး အိပ်ပျော်သွားပြီလို့ ထင်နေကြတာ”
ကုဟွား သူမ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ်သော စာမူကို ကြည့်ကာ အလွန်ပင် ပျော်ရွှင်နေမိသည်။
“မနက်ဖြန်ဆိုရင်တော့ စာအုပ်တစ်အုပ်လုံး ပြီးအောင် ကူးနိုင်တော့မှာပါ”
တုန့်ဟွားက တိုက်တွန်းလိုက်၏။
“အမြန်ပြန်ပြီး အနားယူပါတော့ မမလေးရယ်”
ကုဟွား ကူးရေးထားသော စာမူများကို သေသေချာချာ သပ်သပ်ရပ်ရပ် ထပ်လိုက်ပြီး စာရေးစားပွဲကို သန့်ရှင်းရေးလုပ်ကာ တုန့်ဟွား၏ နောက်မှ လိုက်ပါ၍ ပြန်လာခဲ့သည်။
တုန့်ချင်း မီးသွေးမီးဖိုပေါ်တွင် ခပ်နွေးနွေးလေးဖြစ်အောင် တည်ထားခဲ့သော စိတ်ငြိမ်ဆေးရည် တစ်ခွက်ကို ယူဆောင်လာခဲ့၏။
“ဒါက မိန်းကလေးရှန် စပ်ပေးထားတာပါ။ မမလေးကို မအိပ်ခင် သေချာပေါက် သောက်ဖို့ မှာထားပါတယ်”
ကုဟွားက ၎င်းကို လှမ်းယူလိုက်ပြီး တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။ ပူနွေးလှသော ဆေးရည်က ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ သူမ တစ်ကိုယ်လုံး ချက်ချင်းပင် သက်တောင့်သက်သာ ဖြစ်သွား၏။
သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပြီး နိုးလာချိန်၌ နေအတော်မြင့်နေပြီ ဖြစ်သည်။
သူမက အလျင်အမြန် ထထိုင်လိုက်မိသည်။
“နင်တို့ ဘာလို့ ငါ့ကို လာမနှိုးကြတာလဲ”
“မမလေးအနေနဲ့ ဘယ်သူ့ကိုမှ ဂါရဝသွားပြုစရာ မလိုဘူးလေ။ ပြီးတော့ မနေ့ညကလည်း စာမူကို နောက်ကျတဲ့ထိ ကူးထားတာဆိုတော့ နည်းနည်းလောက် နောက်ကျမှ နိုးတာကို ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ပါဘူး”
တုန့်ဟွားက နောက်ပြောင်ဟန်ဖြင့် ပြုံးလျက် ကုတင်လိုက်ကာများကို လိပ်တင်ပေးလိုက်၏။
တုန့်ချင်းကလည်း ရေနွေးနွေးလေးများ အပြည့်ထည့်ထားသော ကြေးအင်တုံကို သယ်ဆောင်၍ ဝင်လာပြီး သူမတို့နှစ်ဦး ကုဟွား မျက်နှာသစ် သန့်စင်ရန်အတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးကြသည်။
နံနက်စာ သုံးဆောင်နေစဉ်အတွင်း ကုဟွား ဆိုလိုက်၏။
“ငါ မုန့်အချို နည်းနည်းလောက် လုပ်ပြီး သခင်မကြီးဆီကို ကိုယ်တိုင် သွားရောက်ပို့ဆောင်ချင်တယ်။ သခင်မကြီးဆီကို သွားပြီး ဂါရဝပြုသင့်တယ် ထင်လို့လေ”
မုကျွင်းယန်၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိထားပြီး အစားအစာနှင့် အဝတ်အထည်အတွက် စိုးရိမ်ပူပန်စရာမလိုသော ဘဝမျိုးဖြင့် ရှင်သန်နေရသဖြင့် သူမက ကျေးဇူးဆပ်ရန်အတွက် တစ်ခုခုကို စနစ်တကျ လုပ်ဆောင်ရပေမည်။
မုကျွင်းယန်က ဇနီးသည်တစ်ဦးကို ထပ်မံလက်ထပ်မည်မဟုတ်ကြောင်း လူတိုင်း သိကြသော်လည်း သူက မိဘအပေါ် အလွန်ရိုသေတတ်သော သားတစ်ယောက် ဖြစ်သည်။
အကယ်၍ သူမအနေဖြင့် သခင်မအိုကြီး၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဆိုပါက မြို့စားအိမ်တော်တွင် ဆက်လက်နေထိုင်ရန်အတွက် နောက်ထပ် အာမခံချက်တစ်ခု ရရှိလာနိုင်လိမ့်မည်။
“အာ...”
တုန့်ဟွား၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
ကုဟွားက သူမကို လှည့်ကြည့်လိုက်သည်။
“ငါ သွားလို့မရဘူးလား”
“ဒါက... အဲဒီလို မဟုတ်ပါဘူး မမလေး...သခင်မအိုကြီးက နည်းနည်း သတိမေ့တတ်လို့ပါ။ သူက လူတွေကို ကောင်းကောင်းမမှတ်မိတဲ့အပြင် တစ်ခါတလေကျရင် လူတွေကို လိုက်ရိုက်တတ်လို့ပါ”
ကုဟွားက အံ့အားသင့်သွားရ၏။
“လူတွေကို ရိုက်တယ် ဟုတ်လား”
တုန့်ချင်းက သူမ၏ ဆံပင်များကို ဖြီးသင်ပေးပြီးနောက် နှစ်သိမ့်ပေးလိုက်သည်။
“သူက ပုံမှန်ဆိုရင်တော့ လူတွေကို မရိုက်တတ်ပါဘူး... သခင်မလေးနဲ့ သခင်လေးတို့ ပထမဆုံးအကြိမ် ဂါရဝသွားပြုတုန်းကပဲ သခင်မလေးကို ပါးရိုက်လိုက်တာပါ”
“အာ...”
ကုဟွား အံ့အားသင့်သွားရ၏။
‘ငါ့ အစ်မက အရိုက်ခံခဲ့ရတယ်တဲ့လား’
“ဖြစ်နိုင်တာကတော့ အဲဒီအကြောင်းကြောင့်ပဲ နေမှာပေါ့ သခင်မလေးက သခင်မအိုကြီးဆီကို ဘယ်တော့မှ ထပ်ပြီး ဂါရဝသွားမပြုတော့ဘူးလေ... အိမ်တော်က အစေခံတွေအားလုံးကတော့ သခင်မလေးက လူကြီးမိဘတွေအပေါ် ရိုသေမှု မရှိဘူးလို့ ထင်နေကြတာ”
တုန့်ဟွားက မကျေမနပ်ဖြစ်ဟန်ဖြင့် ဆိုနေသော်လည်း ထိုသခင်မလေးက မမလေးကု၏ အစ်မအရင်း ဖြစ်နေသည်ကို သတိရသွားသဖြင့် အမြန်ပင် စကားစဖြတ်လိုက်၏။
“အစ်မက ဘာဖြစ်လို့ အရိုက်ခံရတာလဲဟင်”
ကုဟွား အလျင်အမြန် မေးမြန်းလိုက်သည်။
‘ငါပါ ထပ်ပြီး အရိုက်မခံရအောင်လေ’
တုန့်ဟွားက ခေါင်းလေးစောင်းကာ ခဏမျှ စဉ်းစားလိုက်၏။
“သခင်မလေးရဲ့ ဂါရဝပြုတဲ့ လောကဝတ်ပုံစံက စနစ်မကျလို့ ဖြစ်မယ်ထင်တာပဲ”
ကုဟွား သက်ပြင်းအသာ ချလိုက်မိသည်။
သူမက စံနှုန်းမီသော လောကဝတ် အမူအရာများကို ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်သဖြင့် မည်သည့်အမှားအယွင်းမျှ သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။
“ငါ အရင်က သခင်မအိုကြီးအတွက် မုန့်တွေ နှစ်ခေါက်လောက် လုပ်ပေးဖူးတယ်လေ... သူက အဲဒါတွေကို ကြိုက်ရဲ့လားမသိဘူး”
ကုဟွား၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေမိဆဲ ဖြစ်သည်။
အသက်ငယ်ရွယ်စဉ်တုန်းက ထိုအဘွားအိုကြီးသည် တာ့လျန်နိုင်ငံတော်ကြီး၏ ပထမဆုံးသော အမျိုးသမီးစစ်သူကြီး ဖြစ်ခဲ့ပြီး ကွယ်လွန်သူ ဧကရာဇ်ကိုယ်တိုင် “ထိုက်ကျွင်း” ဟူသော ဘွဲ့အမည်ကို အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
စိတ်လွတ်ပြီး သတိမေ့နေတတ်သည့်တိုင်အောင် သူမ၏ အရှိန်အဝါနှင့် အာဏာစက်က ရှိနေဆဲဖြစ်သဖြင့် ကုဟွားအနေဖြင့် အထူးပင် ဂရုစိုက်ရပေမည်။
‘ငါက သခင်မအိုကြီရဲ့ စိတ်တိုင်းကျဖြစ်အောင် လုပ်နိုင်ပါ့မလား မသိဘူး’
“ဒေါ်လေးရီ ပြောတာတော့ သခင်မအိုကြီးက အဲဒါတွေကို သဘောကျတယ်တဲ့... သူက မုန့်အချိုပွဲတွေကို ကြိုက်တတ်ပြီး အထူးသဖြင့် အထဲမှာ ပင်လုံးကြိုင်ပန်းအနှစ်ပါတာမျိုးကို ပိုပြီး ကြိုက်နှစ်သက်တယ်လို့ ပြောပါတယ်”
“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့...သွားကြစို့... မုန့်တွေလုပ်ဖို့ စားဖိုဆောင်ဆီကို သွားကြမယ်”
ကုဟွား စိတ်အားထက်သန်လာပြီး တုန့်ဟွားနှင့် တုန့်ချင်းတို့ကို ဦးဆောင်ကာ စားဖိုဆောင်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့သည်။