အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း(၇၃)
မုကျွင်းယန် မယ်တော်ကြီး၏ ဆင့်ခေါ်မှုကြောင့် နန်းတော်တွင်းသို့ ဝင်ရောက်သွားပြီး တစ်နာရီခန့်အကြာ၌ မည်းမှောင်နေသော မျက်နှာထားဖြင့် စာကြည့်ဆောင်ဆီသို့ ပြန်လည်ရောက်ရှိလာသည်။
သူက စာရေးစားပွဲပေါ်တွင် သေသေချာချာ စီထပ်ထားသည့် စာမူများကို မြင်တွေ့လိုက်ရပြီး အားလုံးပေါင်း ဆယ်မျက်နှာတိတိ ရှိနေခဲ့သည်။
‘တစ်ညလုံး မအိပ်ဘဲ ဒါတွေကို ကူးရေးနေခဲ့တာများလား’
‘လက်က ဒဏ်ရာတောင် မကျက်သေးတာကို... သေချာဂရုစိုက်ဘူး...ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတန်ဖိုးထားရမှန်းကို လုံးဝ မသိတဲ့ မိန်းကလေးပဲ’
‘မုအန်းရဲ့လက်က လွတ်ဖို့အတွက် ကိုယ့်ရဲ့ အပျိုစင်ဘဝကိုတောင် မတွေဝေဘဲ စွန့်လွှတ်ခဲ့သလိုမျိုးပေါ့’
မုကျွင်းယန်၏ အမြင်တွင် ထိုမိန်းမပျိုလေးက အပေါ်ယံ မြင်တွေ့ရသကဲ့သို့ နူးညံ့သိမ်မွေ့သူတစ်ဦး မဟုတ်ချေ။ သူမက အရိုးထဲအထိ ခေါင်းမာပြီး ကိုယ်ပိုင် အတွေးအမြင်ရှိသူတစ်ဦး ဖြစ်သည်။
သူက စာရွက်တစ်ရွက်ကို ကောက်ယူကာ သေသေချာချာ ကြည့်ရှုလိုက်၏။
လက်ရေးလက်သားများက လှပသေသပ်ပြီး ထိုမိန်းမပျိုလေး၏ ငြိမ်သက်အေးချမ်းသော ပုံစံနှင့် အလားသဏ္ဌာန် တူလှသည်။
သူ့အောက်တွင် မောဟိုက်စွာဖြင့် တွန့်လိမ်လှုပ်ရှားနေခဲ့ဖူးသော သူမ၏ ပုံရိပ်များက စိတ်အာရုံထဲတွင် ထပ်မံ၍ ထင်ဟပ်လာခဲ့ပြန်သည်။ သူမတွင် နောက်ထပ် မျက်နှာ ဘယ်နှမျိုးလောက် ထပ်ရှိနေဦးမည်ကို သူ တကယ်ပင် သိချင်မိသည်။
မုကျွင်းယန်၏ အတွေးများ လွင့်ပျံနေစဉ်၌ပင် နန်းတော်မှ ပါလာခဲ့သော ဒေါသများနှင့် မကျေနပ်ချက်များက သူကိုယ်တိုင်ပင် သတိမထားမိဘဲ အတော်ပင် လျော့ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ စာရေးစားပွဲကို ထပ်မံကြည့်ရှုလိုက်သောအခါ သူမကို ပေးအပ်မည်ဟု ပြောထားခဲ့သော ရှေးဟောင်းကျမ်းစာအုပ်က နေရာ၌ပင် ရှိနေဆဲ ဖြစ်သည်။
၎င်း၏အောက်တွင် စာအုပ်အလွတ်တစ်အုပ် ရှိနေပြီး လှန်လှောကြည့်ရှုလိုက်သောအခါ နှစ်မျက်နှာခန့် ကူးရေးထားပြီးသည်ကို တွေ့ရှိလိုက်ရ၏။
“သခင်ကြီး”
တုန်းမော့ လူတွေ့ခွင့်ကတ်ပြား တစ်ခုကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့သည်။
“ဒုတိယမမလေးကုရဲ့ ဝမ်းကွဲအစ်ကိုက ဒုတိယမမလေးကို လာရောက်တွေ့ဆုံချင်လို့ပါ...သခင်ကြီးအနေနဲ့ ခွင့်ပြုချင်လား”
မုကျွင်းယန်၏ လက်ဖဝါးက တင်းကျပ်သွားရပြီး ရွှမ်စက္ကူကို အပေါက်တစ်ပေါက် ဖြစ်သွားသည်အထိ ထိုးဖောက်မိသွားခဲ့သည်။
‘သူက မြို့စားအိမ်တော်အထိတောင် ရဲရဲတင်းတင်း လာရဲတယ်ပေါ့လေ’
“သူက ဘာကိစ္စနဲ့ လာတွေ့တာလဲ”
“မိသားစု ကိစ္စရပ်တွေ ဆွေးနွေးစရာ ရှိလို့တော့ ပြောပါတယ်”
‘အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မိသားစုကိစ္စရပ်တွေလား’
သူ့တွင် အရည်အချင်း ရှိနေသည့်တိုင် အမျိုးသားတစ်ယောက်အနေဖြင့် မိန်းမပျိုတစ်ဦးကို တိုက်ရိုက်လာရောက် ဆွေးနွေးခြင်းက စနစ်မကျလှချေ။
‘ပြီးတော့... သူ့မှာ အဲဒီလို အရည်အချင်းမျိုးလည်း မရှိပါဘူး’
“သူ့ကို လန်ယွဲ့ဆောင်ဆီကို ဖိတ်ခေါ်လိုက်”
“ဟုတ်ကဲ့ပါ”
တုန်းမော့ သေချာ သဘောမပေါက်သေးသဖြင့် သူ၏ သခင်ကြီးကို သေသေချာချာ ကြည့်ရှုရင်း မေးမြန်းလိုက်၏။
“ဒုတိယမမလေးကုကိုပါ လာခဲ့ဖို့ တစ်ခါတည်းဖိတ်ခေါ်လိုက်ရမလားဟင်”
မုကျွင်းယန်၏ မျက်ဝန်းအစုံက အေးစက်သွားသည်။
တုန်းမော့က ခေါင်းလေးကို ပုလိုက်မိပြီး အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။
လန်ယွဲ့ဆောင်...
လေထုက အနည်းငယ် တင်းမာနေ၏။
“မင်း နာမည်က ပိုင်ရိလား”
မုကျွင်းယန်က သန်မာလှသော လက်ချောင်းများဖြင့် စားပွဲပေါ်သို့ စည်းချက်ကျကျ ခေါက်နေပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချောမောပြီး နူးညံ့သိမ်မွေ့ဟန်ရှိသည့် အမျိုးသားကို စူးစိုက်ကြည့်လိုက်သည်။
ပိုင်ရိက အရာရှိလောကထဲတွင် ငါးနှစ်တိုင်တိုင် ကျင်လည်ခဲ့သူ ဖြစ်သည်။ သူသည် အောက်ခြေအဆင့်တွင်သာ ရှိနေသေးသော်လည်း အရာရှိတစ်ဦး၏ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်သည်။
ထို့ပြင် ကုန်သည်လောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသဖြင့် အဆင့်မြင့်အရာရှိကြီးများနှင့် မှူးမတ်မျိုးနွယ်များစွာကို မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ယုံမြို့စားမင်းကဲ့သို့ မြင့်မားလှသော အဆင့်အတန်းမျိုးနှင့် တစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ဖူးချေ။
သူ့ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေမိသော်လည်း အပေါ်ယံတွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
သူ တစ်ညလုံး စဉ်းစားတွေးတောခဲ့ပြီး နောက်ဆုံးတွင် ကုဟွားကို ရှာဖွေရန်အတွက် ကိုယ်တိုင်လာရောက်ရန် သတ္တိမွေးခဲ့ခြင်း ဖြစ်သည်။
သူမကို သေသေချာချာ ရှင်းရှင်းလင်းလင်း မေးမြန်းချင်သည့် အကြောင်းအရာအချို့ ရှိနေခဲ့သည်။
၎င်းက ကုဟွား၏ ဘဝတစ်ခုလုံးအပြင် ပိုင်မိသားစု၏ အနာဂတ်နှင့်ပါ သက်ဆိုင်နေသည်။
သို့သော်လည်း ယုံမြို့စားမင်းကိုယ်တိုင် သူ့ကို လက်ခံတွေ့ဆုံလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် ရင်ထဲတွင် ကြောက်ရွံ့ခြင်းနှင့်အတူ ဝမ်းမြောက်ခြင်းတို့ပါ ရောပြွမ်းနေခဲ့သည်။
ယုံမြို့စားမင်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရခြင်းက ရှားပါးလှသည့် အခွင့်အရေးတစ်ခု ဖြစ်သော်လည်း လက်ရှိတွင် သူ၏ စိတ်အာရုံတစ်ခုလုံးက ကုဟွားထံ၌သာ ရောက်ရှိနေခဲ့၏။
သူမအတွက် သူ အလွန်တရာ စိုးရိမ်ပူပန်နေမိသည်။
ပိုင်ရိက သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းထိန်းချုပ်လိုက်ပြီး မတ်တတ်ထရပ်ကာ အရိုအသေပေးလိုက်၏။
“ကျွန်တော်မျိုး ပိုင်ရိက ယုံမြို့စားကြီးကို ဂါရဝပြုပါတယ်”
“မင်းက ဘယ်နေရာမှာ အမှုထမ်းနေတာလဲ”
“ကျွန်တော်မျိုး အခွန်ဦးစီးဌာနမှာ အငယ်တန်းအရာရှိတစ်ဦးအဖြစ် အမှုထမ်းနေပါတယ်”
“အဆင့်ရှစ် အငယ်တန်း အရာရှိလေးကိုး”
မုကျွင်းယန်၏ ဖြည်းညင်းစွာ ထွက်ပေါ်လာသော စကားလုံးများက တကယ်ပင် သိက္ခာချရာ ရောက်လွန်းလှသည်။
ကုန်သည်မျိုးရိုးမှ မွေးဖွားလာသူအနေဖြင့် ပိုင်ရိက မျက်နှာအမူအရာမျိုးစုံကို မြင်တွေ့ခဲ့ဖူးသည်။
ပိုင်ရိ၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲခြင်းမရှိဘဲ ရိုသေလေးစားမှုကိုသာ ပြသထားခဲ့သည်။
“ဒါက ကျွန်တော်မျိုးရဲ့ ညံ့ဖျင်းမှုကြောင့်ပါ”
မုကျွင်းယန်က သူ့ကို တစ်ချက် ကြည့်လိုက်၏။ သူ၏ သဘောထားက အတော်ပင် လျော်ကန်လှသည်။
“မင်းရဲ့ ရာထူးအဆင့်အတန်းက မမြင့်မားပေမဲ့... အဲဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ပျန်းကျင်းမြို့မှာ ပိုင်မိသားစုရဲ့ ရုတ်တရက်ကြီး ချမ်းသာကြွယ်ဝလာတာကိုတော့ အတားအဆီး မဖြစ်စေခဲ့ဘူးလေ”
ထိုစကားထဲ၌ လှောင်ပြောင်သရော်မှု အနည်းငယ် ပါဝင်နေ၏။
ပိုင်ရိက တည်ငြိမ်မှုကို ဆက်လက် မထိန်းထားနိုင်တော့ပေ။ သို့သော် မည်ကဲ့သို့ ပြန်လည်ဖြေကြားရမည်ကိုလည်း မသိရှိတော့ချေ။
“မင်း ဘာကိစ္စနဲ့ ဒီကို ရောက်လာရတာလဲ”
ပိုင်ရိက မည်မျှပင် မိုက်မဲနေပါစေ ယုံမြို့စားကြီး၏ ရန်လိုနေသော အကြည့်များနှင့် လေသံကို အာရုံခံမိလိုက်သည်။
ကုဟွား၏ နူးညံ့လှသော စရိုက်လက္ခဏာမျိုးနှင့် ဤကဲ့သို့သော အိမ်တော်ကြီးတွင် ရှင်သန်နေထိုင်နေရသည်။
‘တကယ်လို့ မြို့စားကြီးရဲ့ သားဖြစ်သူက သူ့ကို ကိုယ်လုပ်တော်အဖြစ် အမှန်တကယ် သိမ်းပိုက်လိုက်မယ်ဆိုရင် သူက ဘယ်လိုလုပ် ကောင်းကောင်းမွန်မွန် အသက်ရှင်နိုင်ပါတော့မလဲ’
သူ မလာခင်တုန်းက တွေဝေတုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ကုဟွား၏ ဂုဏ်သရေကို ဖျက်ဆီးမိမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုတွင် သူ၏ ဆုံးဖြတ်ချက်က ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
သူက သတ္တိမွေးကာ ဆိုလိုက်၏။
“ကျွန်တော်မျိုးက ဝမ်းကွဲညီမလေး ကုဟွားကို ဒီအိမ်တော်ကနေ ခေါ်ထုတ်သွားဖို့ အစီအစဉ် ရှိပါတယ်”
ပိုင်ရိ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး ချက်ချင်းပင် အေးခဲသွားပြီး အရပ်မျက်နှာအားလုံးမှ အေးစက်လှသော ဖိအားများက သူ့ဆီသို့ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
သူ၏ မျက်နှာချင်းဆိုင်တွင် ကျောက်ဆောင်တစ်ခုကဲ့သို့ မတ်မတ်ထိုင်နေသော မုကျွင်းယန်က လက်ဖက်ရည်ခွက်ကို အသာအယာ ပွတ်သပ်လိုက်၏။
သူ၏ အကြည့်များက ဓားအိမ်ထဲမှ ထုတ်လိုက်သော ဓားတစ်ချောင်းကဲ့သို့ ထက်ရှနေပြီး အေးစက်ကာ ခြိမ်းခြောက်မှုများ ပြည့်နှက်နေခဲ့သည်။
သို့သော် သူ၏ အသံက တည်ငြိမ်နေဆဲ ဖြစ်သည်။
“သူက လက်ရှိမှာ ငါ့အတွက် ကွယ်လွန်သူ ဇနီးသည်ရဲ့ စာမူတွေကို ကူးရေးပေးနေရတာ... အိမ်တော်ကနေ ထွက်ခွာဖို့အတွက် သူ့မှာ အချိန်မရှိဘူး”
ပိုင်ရိ အလျှော့မပေးခဲ့ချေ။
“အိမ်တော်ရဲ့ အပြင်ဘက်မှာ ကူးရေးပေးလို့ မရနိုင်ဘူးလား”
မုကျွင်းယန်က သူ၏ မျက်လုံးကို ဖြည်းညှင်းစွာ လှန်ကြည့်လာခဲ့ပြီး ကျားသစ်တစ်ကောင်ကဲ့သို့ ပြင်းထန်လှသော မျက်ဝန်းအစုံ ထွက်ပေါ်လာသည်။
“ကွယ်လွန်သူ ဇနီးသည်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြင်ပကို ရွှေ့ပြောင်းလို့မရဘူး”
ပိုင်ရိ : “...”
‘မနေ့တုန်းက အကြီးဆုံး ဒေါ်လေးရဲ့ သဘောထားကို ကြည့်ရတာ ညီမလေးကို အပြင်မယားအဖြစ် ထားရှိဖို့အထိ သဘောတူပြီး အမြန်ဆုံး ခေါ်ထုတ်ချင်နေတဲ့ ပုံပဲ... ဖြစ်နိုင်တာက ညီမလေးက ဒီနေရာမှာ လွတ်လမ်းမရှိဘဲ အတင်းအကျပ် ထိန်းချုပ်ခံထားရတာများလား’
ပိုင်ရိ စိတ်ကို တင်းလိုက်ပြီး ဆိုလိုက်၏။
“မြို့စားကြီးအနေနဲ့ ညီမလေးကို ကိုယ်ပိုင်ရွေးချယ်ခွင့် ပေးလို့ရမလား”
‘ကြီးမြတ်လှတဲ့ ယုံမြို့စားမင်းတစ်ဦးအနေနဲ့ အိမ်ထောင်မပြုရသေးတဲ့ မိန်းမပျိုလေးတစ်ဦးကို အိမ်တော်မှာ ပွင့်ပွင့်လင်းလင်း ချုပ်နှောင်ထားဖို့က မဖြစ်နိုင်ဘူးမလား’
…
ကုဟွားက မုန့်သုံးမျိုးကို ပြုလုပ်ပြီးစီးခဲ့သဖြင့် ရှန်းရွေ့ဆောင်ဆီသို့ ကိုယ်တိုင်သွားရောက် ပို့ဆောင်ရန် ပြင်ဆင်နေစဉ် တုန်းမော့က သူမကို လာရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ပိုင်ရိ ရောက်ရှိနေပြီး မုကျွင်းယန်၏ ဧည့်ခံတွေ့ဆုံခြင်းကို ခံထားရကြောင်း ကြားသိလိုက်ရသောအခါ သူမ၏ ရင်ထဲတွင် ချက်ချင်းပင် မကောင်းသောခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။
ယမန်နေ့ညက ရရှိခဲ့သော ဖိနှိပ်ချုပ်ချယ်မှု ခံစားချက်များက ထပ်မံ၍ ထိုးနှက်လာပြန်သည်။
သူမက စိတ်ကို တင်းထားပြီးနောက် သူ၏နောက်မှ လိုက်ပါလာခဲ့ရသည်။
…
ရှန်းရွေ့ဆောင်...
ဒေါ်လေးရီက မုန့်ပန်းကန်များကို ကိုင်ဆောင်ထားသော အစေခံမိန်းကလေးတစ်ဦးနှင့်အတူ ဝင်ရောက်လာခဲ့သည်။
သူမက အပြုံးချိုချိုဖြင့် ဆိုလိုက်၏။
“သခင်မကြီး... အချိုပွဲဲမုန့်လေးတွေ သုံးဆောင်ပါဦးလား”
ကြီးမားလှသော ကုလားထိုင်ကြီးပေါ်တွင် ကျောမှီကာ မျက်လုံးများကို မှိတ်လျက် နေပူဆာလှုံနေသော အဘွားအိုကြီးက ဖြည်းည်းချင်း မျက်လုံးများ ဖွင့်လာခဲ့သည်။
သူမ၏ အကြည့်များက ဝေဝေဝါးဝါးဖြစ်ပြီး မှေးမှိန်နေသော်လည်း တစ်ချိန်က အမျိုးသမီးစစ်သူကြီးတစ်ဦးဖြစ်ခဲ့ဖူးသော အရှိန်အဝါကြီးမားမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
အဘွားအိုကြီးက နှုတ်ခမ်းကို ဆူလိုက်ရင်း ခေါင်းခါပြလိုက်၏။
“ငါ သကြားလုံးပဲ စားချင်တယ်”
ဒေါ်လေးရီက ပြုံးလျက် ဖျောင်းဖျလိုက်သည်။
“ဒါက သကြားလုံးထက်တောင် ပိုပြီး ချိုပါသေးတယ်...ဘေးက ခြံဝင်းမှာ လာနေနေတဲ့ ကုမိသားစုရဲ့ ဒုတိယ မမလေး ကိုယ်တိုင်လုပ်ပေးထားတာပါ... သခင်မကြီး ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စားပြီးတော့ အရသာရှိတယ်လို့ ပြောခဲ့သေးတယ်လေ”
အဘွားအိုကြီး၏ မျက်ဝန်းအစုံက တောက်ပသွားရပြီး ခေါင်းကို တရစပ် ညိတ်ပြလိုက်တော့သည်။
“အရသာရှိတယ်...အရသာရှိတယ်။ ငါ စားချင်တယ်”
ဒေါ်လေးရီက ခေါင်ရမ်းပန်းပုံစံ ပြုလုပ်ထားသော မုန့်တစ်ခုကို လှမ်းယူလိုက်ပြီး အဘွားအိုကြီးထံသို့ ကမ်းပေးလိုက်၏။
အခန်း(၇၄)
“ကြည့်ပါဦး... ပုံစံလေးကလည်း လှသလို အရသာလည်း ရှိပါတယ်”
“လှတယ်...လှတယ်။ ငါ မစားရက်တော့ဘူး”
အဘွားအိုကြီးက ထိုမုန့်ကို ဂရုတစိုက် ကိုင်ဆောင်ထားကာ ဘယ်ပြန်ညာပြန် ကြည့်ရှုနေပြီး ကလေးငယ်တစ်ဦးကဲ့သို့ ပျော်ရွှင်နေသည်။
“ဒါကို စားပြီးရင် နောက်ထပ် ရှိပါသေးတယ်”
ဒေါ်လေးရီ နောက်ပြောင်ဟန်ဖြင့် ဖျောင်းဖျလိုက်၏။
“အဲဒီမမလေးက အစက သခင်မကြီးဆီကို ကိုယ်တိုင်လာပြီး ဂါရဝပြုချင်ခဲ့တာ။ ဒါပေမဲ့ သခင်ကြီးက ဧည့်သည်တစ်ယောက်နဲ့ တွေ့ဆုံဖို့အတွက် အရှေ့ဘက် ခြံဝင်းဆီကို လှမ်းခေါ်လိုက်လို့ပါ”
အဘွားအိုကြီးက ထိုစကားကို ကြားပုံမရချေ။ သူမက မုန့်ကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာ မြှောက်ပြလိုက်၏။
“ဝါး... အထဲမှာ ပင်လုံးကြိုင်ပန်းအနှစ်တွေ ပါတာ... အရမ်း ချိုတာပဲ”
“အမ် ဟမ်... သခင်မကြီးက ပင်လုံးကြိုင်ပန်းအနှစ်ကို အကြိုက်ဆုံးပဲဟာ”
ဒေါ်လေးရီက နှုတ်ခမ်းကို ကာ၍ ပြုံးလိုက်မိသည်။
ကုမိသားစုမှ မမလေးက တကယ်ကို စိတ်ကူးကောင်းလှသည်။ သူမ မုန့်ပို့လာသည့် အကြိမ်တိုင်း၌ တုန့်ချင်းဆီမှတစ်ဆင့် အဘွားအိုကြီး မည်သည့်အရသာကို ပိုမိုနှစ်သက်ကြောင်း အမြဲတစေ မေးမြန်းတတ်သည်။
“ငါ အဲဒီမိန်းမပျိုလေးကို တွေ့ချင်တယ်”
အဘွားအိုကြီးက ကလေးတစ်ယောက်ကဲ့သို့ ဂျီကျလာ၏။
ဒေါ်လေးရီ သူမ၏ နှုတ်ခမ်းထောင့်၌ သကြားများ စွန်းပေနေသည်ကို သုတ်ပေးလိုက်သည်။
“ကောင်းပါပြီ နောက်ပိုင်း သခင်ကြီး သူ့ကို ပြန်ခွင့်ပေးလိုက်တဲ့အခါ... ကျွန်မ သူ့ကို ဒီကို လာခဲ့ဖို့ ပြောလိုက်ပါ့မယ်”
အဘွားအိုကြီး ပျော်ရွှင်စွာ သွားလေးများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။
ဒေါ်လေးရီ သူမကို သနားကရုဏာသက်စွာ ကြည့်ရှုလိုက်မိ၏။
သခင်ကြီး အိမ်တော်သို့ ပြန်လည်ရောက်ရှိလာသည့် အချိန်မှသာ အဘွားအိုကြီးထံတွင် ဤကဲ့သို့သော ပျော်ရွှင်နေသည့် အပြုံးမျိုးကို မြင်တွေ့ရခြင်း ဖြစ်သည်။
ကုဟွား စိုးရိမ်ထိတ်လန့်စွာ လန်ယွဲ့ဆောင်သို့ ဝင်လာသည်။
သူမ ဝင်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ရိ စိုးရိမ်ပူပန်စွာဖြင့် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။
လေထုအခြေအနေက လုံးဝ မကောင်းသဖြင့် သူမ နှလုံးခုန်သံများ မြန်ဆန်သွားသည်။
မုကျွင်းယန်က ယမန်နေ့ညကတင် သူမ၏ ခင်ပွန်းလောင်းနှင့် ဆံထိုးအကြောင်းကို စစ်ဆေးမေးမြန်းခဲ့ပြီး ယနေ့တွင် ပိုင်ရိက ဤနေရာသို့ ရောက်ရှိနေ၏။
‘ဒါကို ငါက ဘယ်လိုလုပ်ပြီး ရှင်းပြရတော့မှာလဲ’
သူမ အလျင်အမြန်ပင် မုကျွင်းယန်၏ မျက်နှာကို ခိုးကြည့်လိုက်သည်။
မည်သည့် အမူအရာမျှ မရှိဘဲ တည်ငြိမ်နေသဖြင့် သူ၏ စိတ်ခံစားချက်ကို သူမ လုံးဝ မခန့်မှန်းနိုင်ပေ။
သူမ စိတ်ကို တည်ငြိမ်အောင်ထား၍ သူမအပေါ်သို့ ကျရောက်နေသော စူးရှလှသည့် အကြည့်နှစ်စုံကို တောင့်ခံပြီး စနစ်တကျ ဂါရဝပြုလိုက်၏။
“ကုဟွား မြို့စားကြီးကို ဂါရဝပြုပါတယ်”
မုကျွင်းယန်က သူမကို ငုံ့မကြည့်ဘဲ တစ်ခွန်းသာ ဆိုလိုက်သည်။
“အမ်း”
ကုဟွားက အခြားနည်းလမ်းမရှိသဖြင့် ပိုင်ရိဘက်သို့ လှည့်လိုက်ပြီး သူမ၏ လေသံက ချက်ချင်းပင် နူးညံ့သွားခဲ့၏။
“ဝမ်းကွဲအစ်ကို... ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲဟင်”
‘ဟက်... ငါ့ကို စကားပြောတာကျတော့ ရေခဲတုံးလို အေးစက်နေပြီးတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဝမ်းကွဲအစ်ကိုဆိုတဲ့ကောင်ကို စကားပြောတော့ကျတော့ ရေလို နူးညံ့သိမ်မွေ့နေတာပဲ’
မုကျွင်းယန် မျက်လွှာချလိုက်၏။
ကြွေလက်ဖက်ရည်ခွက်ကို ပွတ်သပ်နေသော သူ၏ လက်ချောင်းများက တင်းကျပ်သွားရပြီး ထိုခွက်၏ အပေါ်ယံအလွှာကိုပင် ခွာပစ်ချင်စိတ် ပေါက်နေမိသည်။
၎င်းက တစ်စုံတစ်ယောက်၏ သွယ်လျသော ခါးသိမ်သိမ်လေးကို ညှစ်ကိုင်လိုက်သည့် ပုံစံနှင့် အလားသဏ္ဌာန် တူလှသည်။
ပိုင်ရိက သူမတွင် ဒဏ်ရာတစ်စုံတစ်ရာ ရရှိထားခြင်း ရှိမရှိကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။
ကုဟွားက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး မျက်တောင်ခတ်ပြလိုက်သည်။
‘ဝမ်းကွဲအစ်ကို... တစ်ခုခု ပြောပါဦး’
သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး ပညာရှိအမျိုးသားနှင့် လှပသော မိန်းမပျိုလေးတို့၏ ပုံစံက တကယ်ပင် လိုက်ဖက်ညီလှသော စုံတွဲတစ်တွဲနှင့် တူနေသည်။
မုကျွင်းယန်က မနေနိုင်တော့ဘဲ သူ၏ မျက်ဝန်းများကို မော့ကြည့်လိုက်မိသောအခါ တိုက်တိုက်ဆိုင်ဆိုင်ပင် ဤပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
‘ငါ့ရှေ့မှာတင် ရဲရဲတင်းတင်း မျက်စိမှိတ်ပြနေတာပေါ့လေ’
‘သူတို့က ငါ့ကို သေသွားပြီလို့များ ထင်နေကြတာလား’
ဒုန်း...
လက်ဖက်ရည်ခွက်က စားပွဲပေါ်သို့
ပြင်းထန်စွာ ဆောင့်ချခံလိုက်ရသည်။
၎င်းက သူတို့နှစ်ဦးလုံးကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် သူတို့၏ မျက်နှာများ ဖြူလျော်သွားကြပြီး လှမ်းကြည့်လိုက်မိကြ၏။
မုကျွင်းယန် တည်တင်းနေသော လေသံဖြင့် ဆိုလာသည်။
“ဒုတိယမမလေးကု... မင်းက ငါ့ချွေးမရဲ့ ညီမအရင်း ဖြစ်နေပေမဲ့လည်း မြို့စားအိမ်တော်အနေနဲ့ မင်းရဲ့ လွတ်လပ်ခွင့်ကို ပိတ်ဆို့ထားမှာ မဟုတ်ဘူး။ ဒီမှာ ဆက်နေမလား ဒါမှမဟုတ် ထွက်သွားမလားဆိုတာကို မင်းဘာသာ ရွေးချယ်လို့ရတယ်”
ကုဟွား၏ အရေပြားများ တင်းကျပ်သွား၏။
သူမက အလျင်အမြန်ပင် ပိုင်ရိကို ကြည့်လိုက်မိသည်။
“ညီမက မြို့စားကြီးကို ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေ ကူးပေးမယ်လို့ ကတိပြုထားပြီးသားဖြစ်လို့ ဒီတာဝန် ပြီးဆုံးတဲ့အထိ မြို့စားအိမ်တော်မှာပဲ ဆက်လက်နေထိုင်ရမှာပါ”
မုကျွင်းယန်၏ ဓားကဲ့သို့ ထက်ရှနေသော အကြည့်များကို လျစ်လျူရှုရင်း ပိုင်ရိက စိုးရိမ်တကြီး ဆိုလိုက်၏။
“ညီမလေးက အိမ်ထောင်မပြုရသေးတဲ့ မိန်းမပျိုလေးတစ်ယောက်လေ... မြို့စားအိမ်တော်မှာ ဆက်ပြီး နေထိုင်ဖို့က တကယ်ကို မသင့်လျော်ဘူး။ တကယ်လို့ မင်း စာမူကူးချင်တယ်ဆိုရင်လည်း နေ့တိုင်း မြို့စားအိမ်တော်ကို လာပြီး ကူးရေးလို့ ရတာပဲမလား”
“အရာရှိပိုင်က မြို့စားအိမ်တော်ကို ကျားတွင်း ဝံပုလွေတွင်းလို့များ ထင်နေတာလား... ငါ့ချွေးမရဲ့ ညီမအရင်းက ဒီမှာ နေလို့မရဘူးလား”
“ကျွန်တော်မျိုး အဲဒီလို ဆိုလိုတာမဟုတ်ပါဘူး”
ပိုင်ရိသည် ယမန်နေ့က ဝမ်းကွဲညီမလေး ပြောဆိုခဲ့သော စကားများက အမှန်တရားဖြစ်ကြောင်း အသေအချာ သိရှိလိုက်ရသည်။
‘သူ့ရဲ့ ဘဝက တကယ်ကို ခက်ခဲကြမ်းတမ်းနေခဲ့တာပဲ’
‘ဒီနေရာက ကျားတွင်း ဝံပုလွေတွင်းထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်’
သားဖြစ်သူက ကာမဂုဏ် လွန်ကဲနေပြီး ဖခင်ဖြစ်သူကမူ အာဏာစက် ပြင်းထန်လွန်းလှသည်။
သူ၏ ဝမ်းကွဲညီမ သိုးဖြူလေးက အခြားသူများ စိတ်ကြိုက်ခြယ်လှယ်ခြင်းကို ခံနေရသည့် သားကောင်တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
ပိုင်ရိ အလွန်အမင်း စိုးရိမ်ပူပန်သွားရသည်။
မုကျွင်းယန် မတ်တတ်ထရပ်လိုက်ပြီး ခေါင်းကိုနှိမ့်၍ သူါဝတ်ရုံကို သေသေချာချာ ပြန်ပြင်လိုက်ကာ ကုဟွား၏ အနားသို့ တိုးကပ်လာ၏။
ပြင်းထန်လှသော ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါကြီးတစ်ခုက သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ကုဟွား ထွက်ပြေးချင်စိတ်များ ပေါက်နေသော သူမ၏ ခြေထောက်များကို မနည်းထိန်းချုပ်ထားရသည်။ ထိုအချိန်၌ နက်နဲပြီး ပေါ့ပါးလှသော စကားလုံးလေးလုံး ကို ကြားလိုက်ရသည်။
“မင်း ကိုယ်တိုင် ဆုံးဖြတ်လိုက်”
သူ ထွက်ခွာသွားသည်ကို မြင်တွေ့ရမှသာ ကုဟွားနှင့် ပိုင်ရိတို့နှစ်ဦးစလုံး သက်ပြင်းအသာ ချနိုင်ကြသည်။
“ဝမ်းကွဲအစ်ကို... ညီမ အဆင်ပြေပါတယ်။ မြို့စားကြီးက ပျန်းကျင်းမြို့မှာ နောက်ထပ် ဆယ်ရက်လောက်ပဲ ရှိတော့မှာပါ။ ညီမက ဒီဆယ်ရက်အတွင်းမှာ ကွယ်လွန်သူ သခင်မကြီးရဲ့ ကဗျာစာအုပ် နှစ်အုပ် ပြီးစီးအောင် အမြန်ဆုံး ကူးရေးရုံပါပဲ။ အခုဆိုရင် ညီမက သခင်မအိုကြီးရဲ့ ဘေးဘက်ခြံဝင်းမှာ နေထိုင်ရတာဆိုတော့ အစ်ကို စိုးရိမ်စရာမလိုပါဘူး”
သူမက ပိုင်ရိ၏ အပြင်မယားအဖြစ် နေထိုင်ရန်အတွက် ရူးမိုက်မည့်သူ လုံးဝ မဟုတ်ချေ။ သို့သော်လည်း လက်ရှိတွင် ပိုင်ရိကို စိတ်အေးသွားအောင် ထိန်းထားရန် လိုအပ်သည်။
ထိုစကားကို ကြားရသောအခါ ပိုင်ရိ၏ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားပြီး လေသံကို နှိမ့်ကာ မေးမြန်းလိုက်၏။
“ဒီနေရာမှာ စကားပြောရတာ လုံခြုံရဲ့လား ညီမလေး”
ကုဟွားက သူနှင့်အတူ အိမ်တော်အတွင်း လျှောက်သွားရန် မဝံ့ရဲချေ။
ထို့ပြင် လန်ယွဲ့ဆောင်က အရပ်မျက်နှာအားလုံးက ပွင့်လင်းနေခဲ့သည်။
ပိတ်လိုက်ကာဖြူဖြူများကိုလည်း လိပ်တင်ထားသဖြင့် မည်သူမဆို မည်သည့်နေရာမှမဆို လှမ်းမြင်နိုင်သည်။ လုံးဝ ကာရန်ထားခြင်း မရှိချေ။
နံရံတွေမှာ နားတွေရှိနေတာကပဲ ပိုပြီး ကောင်းမွန်ပေလိမ့်မည်။
သို့မှသာ မြင်တွေ့သမျှကို တစ်စုံတစ်ယောက်က မုကျွင်းယန်ကို ပြန်လည်ပြောပြနိုင်ပြီး သူမက တစ်ပါးသူကို မျက်စိမှိတ်ပြကာ အထာပေးနေသည်ဟု သူ ထပ်မံတွေးတောခြင်းမှ ကာကွယ်နိုင်လိမ့်မည်။
သူမက မုကျွင်းယန် ဒေါသထွက်မည်ကို အလွန် ကြောက်ရွံ့မိသည်။
ယောက်ျားသားများသည် သူတို့၏ ဂုဏ်သိက္ခာကို အလွန် အလေးထားကြသည်။ သူမအပေါ် သူ၏ နှလုံးသားကို လုံးဝ မပေးအပ်ထားသည့်တိုင်အောင် ဖြစ်သည်။
ကုဟွား တိုးညှင်းစွာ ဆိုလိုက်၏။
“အဆင်ပြေပါတယ်... ဝမ်းကွဲအစ်ကို ဒီနေ့ လာတာက ကိစ္စတစ်ခုခု ရှိလို့လား”
ကိုယ်လုပ်တော်ပိုင်၏ အစီအစဉ်များကို ကုဟွားသိရှိခြင်း ရှိမရှိ ပိုင်ရိ သေချာမသိချေ။
သို့သော် နတ်သမီးလေးပမာ ဖြူစင်နူးညံ့လှပသော ဝမ်းကွဲညီမလေးနှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ ဒေါ်လေး၏ လုပ်ရပ်များက သူမအပေါ် စော်ကားရာ ရောက်နေသည်ဟု သူ ခံစားလိုက်ရသည်။
သူ တစ်ညလုံး စဉ်းစားတွေးတောခဲ့ပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချမှတ်ခဲ့ပြီး ဖြစ်သည်။ သူမကို ကာကွယ်စောင့်ရှောက်ပေးချင်ရုံမျှသာ ဖြစ်ပြီး သူမကို အပြင်မယားတစ်ဦးအဖြစ် မရှင်သန်စေချင်ပေ။
သူကိုယ်တိုင်လည်း သူမနှင့် မထိုက်တန်တော့ချေ။
“ညီမလေး... ဒေါ်လေးက အစ်ကို့ကို သီးသန့်ခြံဝင်းတစ်ခု ဝယ်ခိုင်းထားပြီး မင်းကို ကုအိမ်တော်ကနေ ခေါ်ထုတ်ပြီး အဲဒီနေရာမှာ နေထိုင်စေဖို့ အကြံပြုထားတယ်”
ကုဟွားက သူ့ကို စူးစိုက်ကြည့်လိုက်မိသည်။ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အကြည့်များက ပိုင်ရိကို အလွန်အမင်း အရှက်ရစေပြီး မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားစေရ၏။
သူက အလျင်အမြန်ပင် ဆိုလိုက်သည်။
“ညီမလေး ထင်သလိုမျိုး မဟုတ်ပါဘူး”
“ညီမလေးက ဘာကို ထင်နေလို့လဲဟင်...ဝမ်းကွဲအစ်ကိုကပါ ညီမလေး ကို အနိုင်ကျင့်ချင်နေတာလား”
ကုဟွား၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲခိုလာခဲ့သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး... မင်း နားလည်မှုလွဲနေပြီ”
သူမ ငိုတော့မည့်ပုံစံကို မြင်တွေ့ရသောအခါ ပိုင်ရိ၏ နှလုံးသားလေး တင်းကျပ်သွား၏။
“အစ်ကို ပြောချင်တာက မြို့စားအိမ်တော်မှာ ဆက်ပြီး နေထိုင်တာက ရေရှည်အစီအစဉ် မဟုတ်ဘူးလေ... ပြီးတော့ မင်းရဲ့ ခဲအိုက မင်းအပေါ်မှာ ထားရှိတဲ့ ရည်ရွယ်ချက်တွေကိုလည်း အစ်ကို ကြားသိထားရတယ်”
သူမ အရှက်ရသွား၍ မျက်ရည်စက်များ ကျဆင်းလာတော့မည့် အခြေအနေကို မြင်တွေ့ရသဖြင့် သူ အလျင်အမြန်ပင် စကားစဖြတ်လိုက်ရ၏။
“တကယ်လို့ မင်း ကုမိသားစုဆီ ပြန်ရမှာကို မပျော်ဘူးဆိုရင် ပြီးတော့ ဦးလေးနဲ့ တရားဝင် ဇနီးကြီးတို့က မင်းအပေါ် မကောင်းဘူးဆိုရင် အစ်ကိုက မင်းကို ကုမိသားစုကနေ ထွက်ခွာနိုင်အောင် ကူညီပေးပါ့မယ်...အပြင်လူတွေရဲ့ အမြင်မှာတော့ မင်း ခဏတဖြုတ် ဒုက္ခရောက်ရသလို ဖြစ်နေလိမ့်မယ်...ဒါပေမဲ့ တကယ်လက်တွေ့မှာ အစ်ကိုတို့ရဲ့ ဆက်ဆံရေးက သန့်စင်လှတဲ့ ဝမ်းကွဲမောင်နှမ ဆက်ဆံရေးသက်သက်ပါပဲ...အနာဂတ်မှာ သင့်တော်တဲ့ အခွင့်အရေးတစ်ခု ရှာဖွေပြီးတော့ မင်းကို ကျန်းလင်မြို့က ပိုင်မိသားစုဆီ ပို့ဆောင်ပေးပါ့မယ်။ ပြီးတော့ မင်းသဘောကျတဲ့ လူတစ်ယောက်ကို ရှာပြီးတော့ ဂုဏ်သရေရှိရှိနဲ့ ခမ်းခမ်းနားနား အိမ်ထောင်ချပေးပါ့မယ်”
ကုဟွားက သူ ဤကဲ့သို့ စကားမျိုး ပြောဆိုလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားချေ။ သူ ဤမျှလောက်ထိ ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟုလည်း မျှော်လင့်မထားပေ။
သူမ သူ့ကို သေသေချာချာ မကြည့်ဘဲ မနေနိုင်တော့ချေ။
“ဝမ်းကွဲအစ်ကိုက... ညီမကို အပြင်မယားအဖြစ် သိမ်းပိုက်ဖို့ စိတ်ကူးမရှိဘူးပေါ့”
ပိုင်ရိ၏ မျက်နှာက ချက်ချင်းပင် နီမြန်းသွားရပြီး ခေါင်းကို တရစပ် ခါပြလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ညီမလေးက ကြာပန်းလေးလို ဖြူစင်လွန်းလှပါတယ်။ အစ်ကိုက တကယ်ကို မထိုက်တန်ပါဘူး”
ကုဟွား အံ့အားသင့်သွား၏။
“ဝမ်းကွဲအစ်ကို ကျေးဇူးတင်ပါတယ်။ လက်ရှိမှာတော့ မြို့စားကြီးက ကျွန်မကို စာမူကူးဖို့ ငှားရမ်းထားတာမို့လို့ ခဲအိုက လက်ရှိအချိန်မှာ ကျွန်မကို မထိရဲသေးပါဘူး။ ပြီးတော့ အစ်မကလည်း ကျွန်မကို မထိန်းချုပ်နိုင်ပါဘူး”
ပိုင်ရိ ထိုစကားကို ကြားလိုက်ရမှသာ သက်ပြင်းအသာချနိုင်ခဲ့သည်။
“ဒါဆိုရင်တော့ မြို့စားကြီး စစ်မြေပြင်ကို ထွက်ခွာသွားပြီးမှပဲ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ကြတာပေါ့”
“ကောင်းပါပြီ”
နေရခက်လှသောအကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလိုက်ကြသဖြင့် သူတို့နှစ်ဦးစလုံး အတော်ပင် စိတ်သက်သာရာ ရရှိသွားကြသည်။