အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း(၇၅)
ပိုင်ရိက ရုတ်တရက် အရေးကြီးသော ကိစ္စရပ်တစ်ခုကို သတိရသွားသဖြင့် သက်ပြင်းအသာ ချလိုက်မိ၏။
“အမှန်တော့ အစတုန်းက အစ်ကို ညီမလေးကို ယုံမြို့စားကြီးဆီမှာ စကားတစ်ခွန်းလောက် ပြောပေးဖို့ တောင်းဆိုချင်ခဲ့တာ။ ဆောင်းရာသီအတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူဖို့အတွက် ပိုင်မိသားစုက နမူနာပစ္စည်းတွေ တင်သွင်းခွင့် ရနိုင်မလားဆိုတာကို သိချင်လို့လေ။ ဒါပေမဲ့ စောနက အစ်ကို ယုံမြို့စားကြီးကို ဒေါသထွက်အောင် လုပ်မိသွားပုံရတယ်”
“ညီမ နည်းလမ်းတစ်ခုခု စဉ်းစားပေးပါ့မယ်”
သူမ ဤကဲ့သို့ ပြောဆိုလာသည်ကို ကြားရသောအခါ ပိုင်ရိက အလျင်အမြန်ပင် ဆိုလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် အရမ်း အတင်းအကျပ် မလုပ်ပါနဲ့ ညီမလေး”
“ညီမ အဆင်ပြေပါတယ်။ ယုံမြို့စားကြီးက ညီမ လက်ရေးလက်သားကို အရမ်းသဘောကျတာပါ။ ပြီးတော့ သူနဲ့ ကွယ်လွန်သူ သခင်မကြီးတို့က အရမ်း ချစ်ခင်ကြင်နာခဲ့ကြတာလေ။ ကွယ်လွန်သူ သခင်မကြီးရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ သူ ကျွန်မ ကို နည်းနည်းပါးပါး ကူညီပေးမှာပါ”
ကုဟွား၏ ရင်ထဲ၌ မည်သည့်ယုံကြည်ချက်မျှ မရှိနေချေ၊ သို့သော် သူမအနေဖြင့် ပိုင်ရိကို ကူညီနိုင်စွမ်း ရှိကြောင်းကို ပိုင်ရိအား သိရှိစေရမည် ဖြစ်သည်။
ပိုင်ရိ တိတ်တဆိတ် သက်ပြင်းအသာ ချလိုက်မိ၏။
အကယ်၍ ဤအရာသာ အောင်မြင်သွားမည်ဆိုပါက ပိုင်မိသားစုက ပထမတန်းစား တော်ဝင်ကုန်သည်အဖြစ်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်တော့မည်ဖြစ်ပြီး သူတို့အပေါ် ညှစ်ထုတ်နေကြသော လူများ၏ မျက်နှာကို ကြည့်နေရန် မလိုတော့ချေ။
“ဝမ်းကွဲအစ်ကို အစ်မကို တွေ့ချင်သေးလားဟင်”
ကုဟွားက မေးမြန်းလိုက်သည်။
ပိုင်ရိ ခေါင်းညိတ်ပြလိုက်၏။
သူက ဒေါ်လေးဖြစ်သူ ပိုင်မိသားစု၏ ငွေကြေးများကို အသုံးပြု၍ ပံ့ပိုးပေးထားခဲ့သော ကုအိမ်တော်၏ တရားဝင် သမီးကြီး၏ စရိုက်လက္ခဏာကို မြင်တွေ့ချင်နေမိသည်။
“ဒါဆို ညီမ အစ်ကို့ကို ကျင်းရှို့ဆောင်ဆီ ခေါ်သွားပေးပါ့မယ်။ အစ်မက မြို့စားကြီးရဲ့ အမိန့်နဲ့ အကျယ်ချုပ် ချခံထားရတာပါ”
ပိုင်ရိ အံ့အားသင့်သွားရ၏။
“အကျယ်ချုပ် ချခံထားရတယ် ဟုတ်လား”
“အမ်း”
ကုဟွားက နောက်ထပ် စကားအများကြီး မပြောချင်တော့သည့် အမူအရာမျိုး ပြသလိုက်သည်။
ပိုင်ရိက ကုဟွား ပြောဆိုခဲ့သော စကားများကို ပိုမို၍ ယုံကြည်သွား၏။
ဤတရားဝင် သမီးကြီး၏ မြို့စားအိမ်တော်ရှိ အဆင့်အတန်းက မြင့်မားလှခြင်း မရှိချေ။ ထို့ကြောင့် သူမအနေဖြင့် ပိုင်မိသားစုကို ကူညီပေးနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
ကျင်းရှို့ဆောင်...
ကုဝမ်ရု ထူထဲလှသော ပါးနီနှင့် နှုတ်ခမ်းနီများကို လိမ်းခြယ်ထားသော်လည်း သူမ၏ ရုပ်ဆိုးလှသော မျက်နှာအမူအရာနှင့် ပင်ပန်းနွမ်းနယ်နေသော ပုံစံကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ကုဟွားက အရိုအသေပေးလိုက်၏။
ကုဝမ်ရုက ကုဟွား ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ဝမ်းကွဲအစ်ကို ပိုင်ရိ ရောက်ရှိလာလိမ့်မည်ဟု ပို၍ပင် ထင်မှတ်မထားပေ။
သူမက မြို့စားအိမ်တော်၏ သခင်မလေးဟူသော အရှိန်အဝါကို ထုတ်ဖော်လိုက်ရင်း ကုဟွား၏ အရိုအသေပေးမှုကို မမြင်ချင်ယောင်ဆောင်ကာ ပိုင်ရိကို ထိုင်ရန်အတွက် ထောင်လွှားစွာ ညွှန်ပြလိုက်၏။
“ထိုင်ပါ”
ပိုင်ရိက ကုဝမ်ရုကို အလျင်အမြန်ပင် အကဲခတ်ကြည့်ရှုလိုက်သည်။
သူမ၏ ခေါင်းပေါ်တွင် ရတနာများစွာ ဆင်ယင်ထားပြီး အဖိုးတန်လှသော ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ရိုးရှင်းပြီး သန့်စင်လှသော ကုဟွားနှင့် ကောင်ကင်နှင့်မြေကြီးအလား ကွာခြားလှသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်း ထိုမိန်းမပျက်ကြောင့် သူမ၏ ခင်ပွန်းသည်က သူမအပေါ် အလွန်တရာ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်။
ကုဟွားကို မြင်တွေ့လိုက်ရခြင်းက ကုဝမ်ရုကို ဒေါသထွက်လွန်းသဖြင့် အံကြိတ်မိစေ၏။ သို့သော် ကံဆိုးစွာဖြင့် ပိုင်ရိ၏ ရှေ့မှောက်၌ ဒေါသပုံချရန် မသင့်လျော်ချေ။
သူမက ကုဟွား၏ ဆံထုံးပေါ်ရှိ တစ်ခုတည်းသော ကျောက်စိမ်းဆံထိုးလေးကို စူးစိုက်ကြည့်လိုက်ပြီး ၎င်းကျောက်စိမ်း၏ အရည်အသွေးက ထိပ်တန်းအဆင့် ဖြစ်နေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်သည်။
သူမ ဝတ်ဆင်ထားသော ဝတ်စုံက ရိုးရှင်းလှသော်လည်း ၎င်း၏ ပိတ်စအရည်အသွေးက သူမပိုင်ဆိုင်သော မည်သည့်ဝတ်စုံထက်မဆို ပိုမိုကောင်းမွန်နေ၏။
မနာလိုဝန်တိုစိတ်များ ပြင်းထန်စွာ တောက်လောင်လာခဲ့သဖြင့် သူမ ထူးဆန်းသော လေသံဖြင့် မေးမြန်းလိုက်၏။
“ညီမလေး ဒီဆံထိုးက မြို့စားကြီး ပေးသနားထားတာ ဖြစ်မယ်ထင်တယ်။ ပြီးတော့ ညီမလေးရဲ့ ဝတ်စုံကလည်း အသစ်ပဲကိုး။ အခုဆိုရင် ညီမလေးက ကိုယ့်ရဲ့ အစ်မအရင်းထက်တောင် ပိုပြီး အဖိုးတန်တာတွေကို ဝတ်ဆင်နိုင်နေပြီပဲ”
သူမ ပိုင်ရိ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်ချိုးသွားသည်ကို သတိမပြုမိခဲ့ချေ။
ကုဟွားက သူမ၏ ကျောက်စိမ်းဆံထိုးလေးကို မသိနားမလည်သော မျက်နှာအမူအရာဖြင့် အသာအယာ တို့ထိလိုက်ရင်း တိုးညှင်းစွာ ဆိုလိုက်၏။
“ဒီဆံထိုးက လင်းလန်ဆောင်က လာတာပါ။ ဒီဝတ်စုံကိုတော့ အိမ်တော်ထိန်းကျိုး ညီမ ကို ပေးခဲ့တာပါ။ ဒါတွေက အဖိုးတန်သလား ဆိုတာကိုတော့ အစ်မရယ်... ညီမ တကယ်မသိပါဘူး”
“ဟွန်း...”
ကုဝမ်ရု နှာခေါင်းရှုံ့ကာ သရော်လိုက်သည်။
“ညီမလေးရဲ့ တစ်ခုတည်းသော ဆံထိုးကတင် ကိုယ်လုပ်တော်ပိုင် အစ်မကို ပေးထားတဲ့ ရတနာအားလုံးထက် ပိုပြီး တန်ဖိုးရှိနေတာလေ။ ညီမလေးက တကယ်ကို မျက်နှာပန်းလှတာပဲ။ ညီမလေးရဲ့ စားဝတ်နေရေးအတွက် အစ်မဖြစ်တဲ့သူက စိုးရိမ်ပေးစရာတောင် မလိုတော့ဘူးပေါ့လေ။ မြို့စားကြီးကိုယ်တိုင်က ညီမလေးအတွက် အရာအားလုံး စီစဉ်ပေးထားတာကိုး။ ညီမလေးမှာ တကယ်ပဲ နည်းလမ်းကောင်းတွေ ရှိတာပဲ”
ကုဝမ်ရုက ပိုင်ရိကို ကုဟွားက အရှက်မရှိဘဲ မြှူဆွယ်တတ်သူတစ်ဦးဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သို့သော် ထိုစကားကို ကြားလိုက်ရသောအခါ ယမန်နေ့က ကုဟွား ပြောဆိုခဲ့သော စကားများကို ပိုင်ရိ ပိုမို၍ ယုံကြည်သွား၏။
သူမ၏ အစ်မအရင်းကိုယ်တိုင်က သူမကို ဤကဲ့သို့ သိက္ခာချပြောဆိုနေသဖြင့် ကုဟွား၏ ရင်ထဲတွင် အလွန်တရာ ဝမ်းနည်းသွားပြီး မျက်ဝန်းထဲ၌ မျက်ရည်စလေးများပင် ဝဲခိုလာသည်။
“အစ်မ... အစ်မက ညီမ အပေါ် နားလည်မှုလွဲနေပါပြီ။ ညီမက မြို့စားအိမ်တော်က သခင်မလေးရဲ့ ညီမအရင်း ဖြစ်နေတာမို့လို့ အမြဲတမ်း အစေခံဝတ်စုံကိုပဲ ဝတ်ဆင်နေလို့ မရပါဘူး။ တကယ်လို့ စာကြည့်ဆောင်မှာ စာမူကူးနေရင်းနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမိခဲ့ရင် မြို့စားအိမ်တော်နဲ့ ကုအိမ်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ စိုးလို့ပါ”
ကုဝမ်ရု၏ မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီး ဆိုလိုက်၏။
“ကုအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို သခင်မလေးဖြစ်တဲ့ ငါကပဲ ထိန်းသိမ်းရတာ။ ဘယ်အချိန်ကစပြီး နင့်အလှည့် ရောက်သွားရတာလဲ။ နိမ့်ကျတဲ့ ကုန်သည်မျိုးရိုးကနေ မွေးဖွားလာတဲ့ ကိုယ်လုပ်တော်ဖွား တရားမဝင်သမီးတစ်ယောက်ကများ နင့်ကိုယ်နင် ဘယ်လောက်အထိ မျက်နှာပန်းလှတယ်လို့ ထင်နေတာလဲ”
“ အစ်မ ညီမကို ကြိမ်းမောင်းနိုင်သလို ရိုက်လည်း ရိုက်နှက်နိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းကွဲအစ်ကို ပိုင်ရိက ဒီမှာ ရှိနေတာမို့လို့ ညီမ ကို မျက်နှာလေး နည်းနည်းလောက် ချန်ထားပေးဖို့ တောင်းပန်ပါတယ်”
ကုဟွား ငိုတော့မည့်ပုံစံ ဖြစ်နေသည်။
ပိုင်ရိ အလွန်တရာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားရ၏။
‘ကုမိသားစုရဲ့ တရားဝင် သမီးကြီးက ငါ့ရဲ့ ဝမ်းကွဲညီမလေးကို ဒီလိုမျိုး အနိုင်ကျင့်နေခဲ့တာလား’
သို့သော် ဒေါ်လေးက သူမအပေါ် ကောင်းမွန်သောအရာအားလုံးကို ပေးအပ်ထားပြီး ပိုင်မိသားစု၏ ငွေကြေးများကို အသုံးပြု၍ ပံ့ပိုးပေးထားသည်။
ဒေါ်လေးက တကယ်ကို မျက်စိကန်းခဲ့တာပဲ။
သူ့နှလုံးသားထဲမှ ဒေါသများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူမနှင့် နောက်ထပ် စကားမဆိုချင်တော့သဖြင့် သူ ချက်ချင်းပင် မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်၏။
ကုဝမ်ရုက ဤကုန်သည်မိသားစုများ သူမ အနားသို့ ချဉ်းကပ်လာခြင်းကို လုံးဝ မလိုလားချေ။
သူမ၏ ရင်ထဲ၌ ကိုယ့်ကိုယ်ကိုယ် စစ်မှန်သော တရားဝင် သမီးကြီးတစ်ဦးအဖြစ်သာ အမြဲတစေ သတ်မှတ်ထားခြင်း ဖြစ်သည်။
ကုဟွား နီမြန်းနေသော မျက်ဝန်းအစုံဖြင့် ပိုင်ရိကို အိမ်တော်၏ အပြင်ဘက်အထိ တိတ်တဆိတ် လိုက်လံပို့ဆောင်ပေးသည်။
သို့သော် သူမ ရင်ထဲ၌ အလွန်အမင်း ပျော်ရွှင်နေ၏။
ပိုင်ရိ ကုဝမ်ရုနှင့် သူတို့ အဆင့်အတန်းချင်း လဲလှယ်ခံထားရခြင်းကို မသိရှိသေးကြောင်းကိုလည်း သူမ သေချာပေါက် သိလိုက်၏။
၎င်းက အရာအားလုံးကို ပိုမိုလွယ်ကူသွားစေသည်။
ပိုင်ရိက မျက်နှာမကောင်းဘဲ လမ်းတစ်လျှောက်လုံးတွင် စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။
သူတို့နှစ်ဦး အဓိကတံခါးမကြီးဆီသို့ ရောက်ရှိလာသောအခါ ကုဟွား သူ့ကို အရိုအသေပေးလိုက်ရင်း ရှိုက်သံလေးဖြင့် ဆိုလိုက်၏။
“ဝမ်းကွဲအစ်ကို အစ်ကို့ကို ဒုက္ခများစေမိပါပြီ”
ပိုင်ရိ အလျင်အမြန်ပင် အရိုအသေ ပြန်ပြုလိုက်ရင်း ခဏတာမျှ စဉ်းစားကာ ဆိုလိုက်သည်။
“ညီမလေး ပိုင်မိသားစု၊ ဒေါ်လေးနဲ့ ညီမလေးတို့အားလုံးက ဂုဏ်ကျက်သရေနဲ့ ဆုံးရှုံးမှုတွေကို အတူတကွ မျှဝေခံစားရမှာပဲ။ တကယ်လို့ ပိုင်မိသားစုသာ ဒီထက်ပို ကြွယ်ဝချမ်းသာပြီး အာဏာကြီးလာမယ်ဆိုရင် ဒေါ်လေးနဲ့ ညီမလေးတို့အတွက် အားကိုးရာတစ်ခု ရှိလာမှာပါ”
ကုဟွား ခေါင်းညိတ်ပြလိုက်၏။
“ညီမလေး သိပါတယ်။ ဒါကြောင့်မို့လို့ ဝမ်းကွဲအစ်ကိုကို ကူညီပေးဖို့အတွက် ညီမလေး အစွမ်းကုန် ကြိုးစားသွားမှာပါ။ မိသားစုဆိုတာ တစ်ဦးကိုတစ်ဦး ကူညီရမှာပဲ မဟုတ်ဘူးလား”
သူမ ထပ်မံ၍ သက်ပြင်းချလိုက်မိပြန်သည်။
“ကုအိမ်တော်မှာ ညီမ အခြေအနေက ခက်ခဲလွန်းလှပါတယ်။ ညီမ မွေးမိခင်ကလည်း ညီမကို မချစ်သလို ဖခင်ဖြစ်သူကလည်း ညီမကို အသုံးချစရာ ကိရိယာတစ်ခုလိုပဲ သတ်မှတ်ထားတာပါ။ ညီမ ကိုယ့်ဘာသာပဲ ကြံဖန်ရတော့မှာပေါ့”
ပိုင်ရိ သူမကို အကြာကြီး စူးစိုက်ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့... မင်းမှာ ဝမ်းကွဲအစ်ကိုကြီး ရှိပါသေးတယ်”
ကုဟွား၏ မျက်ဝန်းအစုံ အနည်းငယ် နီမြန်းလာ၏။
“ဝမ်းကွဲအစ်ကို... အစ်ကိုက တကယ်ကို လူကောင်းတစ်ယောက်ပါ”
ပိုင်ရိ၏ နှလုံးသားလေး တင်းကျပ်သွား၏။
ရုတ်တရက်ဆိုသလိုပင် သူ တစ်စုံတစ်ခုကို သူမ၏ လက်ထဲသို့ အတင်းအကျပ် ထိုးထည့်ပေးလိုက်သည်။
ကုဟွား ပြန်လည်မတုံ့ပြန်နိုင်မီ၌ပင် သူ လှည့်ထွက်သွားခဲ့ပြီး ရထားလုံးပေါ်သို့ တက်ရောက်သွားခဲ့၏။
ကုဟွားက ရထားလုံးကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိသည်။
ရထားလုံး၏ ပြတင်းပေါက်က ရုတ်တရက် ပွင့်ဟလာပြီး ပိုင်ရိက အလျင်အမြန် ဆိုလာ၏။
“တကယ်လို့ မလောက်ဘူးဆိုရင်... ရွှမ်ဟွားစားသောက်ဆိုင်ဆီကို လူလွှတ်ပြီး အစ်ကို့ကို လာပြောလိုက်နော်”
ရထားလုံး ဖြည်းဖြည်းချင်း မောင်းထွက်သွားပြီးနောက်မှသာ ကုဟွား၏ မျက်နှာအမူအရာက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူမ၏ လက်ထဲရှိ ငွေစက္ကူကို ငုံ့ကြည့်လိုက်၏။
တစ်ထောင်တန်...
ပိုင်မိသားစုအတွက် ဤသည်က ရေပုံးထဲမှ ရေတစ်စက်မျှသာ ဖြစ်သော်လည်း ကုဟွားအတွက်မူ ဘဝနှစ်ခုလုံးတွင် ဤမျှလောက်များပြားသော ငွေကြေးပမာဏမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
‘အရမ်းကောင်းတယ်’
ပထမဆုံး ခြေလှမ်းက ထိရောက်မှု ရှိသည်။
ကုဟွား ကိုယ့်ကိုယ်ကိုယ် မူလတည်းက လုံးဝ တုံးအသူတစ်ဦးမဟုတ်ကြောင်း ခံစားလိုက်ရသည်။
တကယ်တမ်းတွင် ဆောင်းရာသီ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူမှုနှင့် ပတ်သက်ပြီး သူမ အကြောင်းအရာအချို့ကို သိရှိထားသည်။
သူမအနေဖြင့် မုကျွင်းယန်၏ အကူအညီမပါဘဲ ပိုင်ရိကို ကူညီပေးနိုင်လိမ့်မည်။
ထို့ပြင် သူမ၏ အစ်မနှင့် ခဲအိုတို့၏ အောက်ခြေကိုပါ ဖြတ်တောက်ပစ်နိုင်မည်ဖြစ်သည်။
‘သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြစမ်းပါ...တိုက်ပွဲက ပိုပြင်းလေလေ ပိုကောင်းလေလေပဲ’
ဒါပေမဲ့လည်း...
အခြားအကြောင်းအရာတစ်ခုက သူမအနေဖြင့် မုကျွင်းယန်ကို သေချာပေါက် အကူအညီတောင်းခံရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် အခြားနည်းလမ်း လုံးဝမရှိသောကြောင့် ဖြစ်၏။
‘ဆိုလိုတာက... ငါ သူ့ကို ထပ်ပြီး မြှူဆွယ်ရဦးမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား’
ကုဟွား၏ မျက်နှာလေးက ရုတ်တရက် ပူထူသွားသည်။
သူမ၏ ခေါင်းကို အလျင်အမြန် ပုတ်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် အတွေးမလွန်စေရန် သတိပေးလိုက်၏။
ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်း သေချာအောင် ကြည့်ရှုလိုက်ပြီးနောက် ငွေစက္ကူကို သူမ၏ အင်္ကျီလက်ထဲသို့ အမြန်ဆုံး ထည့်သွင်းလိုက်ပြီး နွဲ့နှောင်းသော အမူအရာဖြင့် အိမ်တော်ထဲသို့ လှည့်ဝင်လာသည်။
နံရံပေါ်၌ ခေါင်းတစ်ခု ထွက်ပေါ်လာပြီး ထိုမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့၏။
‘ဒါဆို သခင်မလေးရဲ့ ဒီညီမက... ဒီလောက်အထိ အကွက်ချတတ်တာပေါ့လေ’
‘နှုတ်ခမ်းလေး လှုပ်ရှားလိုက်ရုံနဲ့တင် ငွေတစ်ထောင်တိတိ ရသွားတော့တာပဲလား’
အခန်း(၇၆)
ယာယွင်ဆောင်သို့ ပြန်ရောက်သောအခါ ကုဟွား တုန့်ဟွားနှင့် တုန့်ချင်းတို့ကို အလျင်အမြန်ပင် ခေါ်ဆောင်၍ ရှန်းရွေ့ဆောင်သို့ ထွက်ခွာလာခဲ့သည်။
သူမ ရောက်ရှိလာသည်ကို မြင်တွေ့ရသောအခါ တံခါးပြင်ပရှိ အစေခံမလေးက အထဲသို့ လှမ်း၍ အကြောင်းကြားလိုက်၏။ အထဲမှ ဝင်ခွင့်ပြုသည့် စကားသံကို ကြားရမှသာ အစေခံမလေးက ဝါးလိုက်ကာလေးကို ပင့်မကာ သူတို့ကို အထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ကုဟွား အတွင်းသို့ ဝင်ရောက်လာပြီး ရတနာရှစ်ပါး ထပ်တရာပန်းနှင့် သပိတ်လွယ်ငှက်ပုံပါသော လိုက်ကာကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်ဘေးရှိ နူးညံ့သော ညောင်စောင်းပေါ်တွင် ခြေချိတ် ထိုင်နေသည့် ကြင်နာတတ်ပြီး နွေးထွေးသော မျက်နှာပိုင်ရှင် အဘွားအိုကြီးကို မြင်တွေ့လိုက်ရသည်။
သူမက စိတ်နောက်နေသော လူတစ်ဦးနှင့် လုံးဝမတူချေ။
တုန့်ဟွား အစေခံမလေးထံမှ ကန်တော့ဖျာ တစ်ခုကို တောင်းခံကာ ကြမ်းပြင်ပေါ်၌ ခင်းကျင်းလိုက်၏။
ကုဟွားသည် ပေါ့ပါးလှသော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးကပ်သွားပြီး သေသေချာချာ ဒူးထောက် ရိုသေစွာ ဂါရဝပြု အရိုအသေပေးလိုက်သည်။
“ကုဟွားက သခင်မကြီးကို ဂါရဝပြုပါတယ် သခင်မကြီး ပျော်ရွှင်ချမ်းမြေ့ပြီး အသက်ရှည်ကျန်းမာ ဘေးရန်ခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်”
မိန်းမပျိုလေး၏ အသံလေးက ချိုသာလွန်းသဖြင့် နားထောင်ရသူများကို စိတ်ကြည်နူးစေသည်။
ဒေါ်လေးရီ အံ့အားသင့်သွား၏။
အရိုအသေပေးရန် ရောက်ရှိလာကြသူအများစုက အဘွားအိုကြီး စိတ်နောက်နေကြောင်း သိရှိကြသဖြင့် သူမ သတိမရှိဟု ထင်မှတ်ကာ သခင်ကြီး မြင်တွေ့စေရန်အတွက်သာ ဟန်ပြလုပ်ဆောင်လေ့ ရှိကြသည်။
ကုဝမ်ရုပင် ပထမဆုံးအကြိမ် လက်ဖက်ရည်ဆက်သ၍ လာရောက်ဂါရဝပြုစဉ်က ဝတ်ကျေတန်းကျေသာ လုပ်ဆောင်ခဲ့သဖြင့် အဘွားအိုကြီး၏ ပါးရိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
သူမ ကုဝမ်ရု၏ တရားမဝင် ညီမလေးက ဤမျှလောက်အထိ ကြီးကျယ်ခမ်းနားသော အခမ်းအနားမျိုးကို အလေးအနက် လုပ်ဆောင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။
အဘွားအိုကြီးက ပျော်ရွှင်စွာ ရယ်မောလိုက်၏။
“မြန်မြန် ထပါကွယ်...ဒီနတ်သမီးလေးလို လှပတဲ့ ရုပ်အဆင်းမျိုးနဲ့ မိန်းမပျိုလေးက ဘယ်ကနေ ရောက်လာရတာလဲ... ဒီအဘွားအိုကြီး သေသေချာချာလေး ကြည့်လို့ရအောင် ရှေ့ကို မြန်မြန်လေး တိုးလာခဲ့ပါဦးကွယ်”
ကုဟွား ချိုသာစွာ ပြုံးလိုက်ရင်း မတ်တတ်ရပ်ကာ လျင်မြန်လှသော ခြေလှမ်းသေးသေးလေးများဖြင့် ရှေ့သို့ တိုးကပ်သွားပြီး အဘွားအိုကြီး၏ ရှေ့မှောက်၌ သိမ်မွေ့စွာ ရပ်တန့်လိုက်သည်။
အဘွားအိုကြီးက သူမ လက်လေးကို ဆွဲကိုင်လိုက်ပြီး သူမ၏ လက်ဖဝါးလေးကို ဆုပ်ကာ အရေပြားလေးကို တို့ထိရင်း သူမအပေါ် အလွန်တရာ သံယောဇဉ်ဖြစ်ပွားနေခဲ့၏။
ကုဟွားကလည်း အဘွားအိုကြီးကို အကဲခတ်နေခဲ့သည်။
ကောလာဟလများထဲမှ ရဲရင့်လှသော အမျိုးသမီးစစ်သူကြီးက လက်ရှိတွင် မျက်နှာတစ်ခုလုံး အရေးကြောင်းများဖြင့် ပြည့်နှက်နေပြီး ရိုးသားဖြူစင်လှသော အပြုံးများနှင့်အတူ သူမ၏ အနည်းငယ် မှုန်ဝါးနေသော မျက်ဝန်းအစုံတွင် တောင့်တမှု အရိပ်အယောင်အချို့ ရှိနေခဲ့သည်။
‘ဘာတွေကိုများ ဖြတ်သန်းခဲ့ရလို့ ဒီလို အခြေအနေမျိုးကို ရောက်သွားရတာလဲ’
ကုဟွား ငယ်စဉ်တည်းက မည်သည့်နွေးထွေးမှုကိုမျှ မရရှိခဲ့ဖူးချေ။
သူမ၏ အဘွားဖြစ်သူက တစ်နှစ်ပတ်လုံး ဘုရားဝတ်ပြုနေခဲ့ပြီး အိမ်ပြင်သို့ လုံးဝ ထွက်ခွာခြင်း မရှိချေ။ မျိုးဆက်သစ် လူငယ်များကိုလည်း ဂါရဝပြုခွင့် မပေးခဲ့ပေ။ ပွဲတော်ရက်များတွင်သာ တွေ့ဆုံခွင့်ရရှိခြင်း ဖြစ်သည်။
ကိုယ်လုပ်တော်ပိုင် တမင်တကာ ဖုံးကွယ်ထားခဲ့သော မမြင်နိုင်သည့်ဖြစ်တည်မှုတစ်ခုအနေဖြင့် သူမက သူမအဘွားရင်း၏ မျက်စိထဲသို့ လုံးဝ မဝင်ရောက်နိုင်ခဲ့ပေ။
သူမ လက်ကလေးကို အဘွားအိုကြီး၏ နွေးထွေးလှသော လက်များဖြင့် ပွတ်သပ်ပေးနေခြင်းက သူမ ရင်ထဲသို့ ရင်းနှီးသော နွေးထွေးမှုတစ်မျိုးကို စီးဆင်းသွားစေ၏။
“အလိုလေး... ဘုရားရေ... ဒီလက်လေးတွေက အရမ်း နူးညံ့အိစက်နေတာပဲ။ ရုပ်လေးကလည်း နတ်သမီးလေးတွေထက်တောင် ပိုပြီး လှပနေသေးတယ်... ကလေး...မင်းက စေ့စပ်ထားသူ ရှိပြီးသားလား... တကယ်လို့ မရှိသေးဘူးဆိုရင် ငါ့ရဲ့ ယန်အာကို စဉ်းစားပေးပါဦး”
အဘွားအိုကြီး ဤကဲ့သို့ ပြောဆိုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် ကုဟွား၏ မျက်နှာလေး နီမြန်းသွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ ခဏမျှ ဆွံ့အသွားရသည်။
ဒေါ်လေးရီ ရယ်မောလိုက်၏။
“သခင်မကြီး... မမလေးဟွားက သခင်မကြီးရဲ့ မြေးချွေးမဖြစ်သူရဲ့ ညီမအရင်းပါ”
အဘွားအိုကြီး၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူမက စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်သဖြင့် ကုဟွား အလွန်အမင်း ထိတ်လန့်သွားရပြီး ဒေါ်လေးရီကို ပျာပျာသလဲ လှမ်းကြည့်လိုက်မိ၏။
ဒေါ်လေးရီ ပြုံးပြလိုက်ပြီး သူမကို စိတ်အေးအေးထားရန် အကြည့်များဖြင့် အချက်ပြလိုက်သည်။
အဘွားအိုကြီးက တည်ကြည်သော မျက်နှာထားဖြင့် ပြောလာခဲ့သည်။
“ဘာမြေးလဲ... ခွေးချေးလိုမြေး... ငါ့သားက ဇနီးတောင် မယူရသေးတာကို မြေးက ဘယ်ကနေ ရောက်လာရမှာလဲ... ပြီးခဲ့တဲ့ တစ်ခေါက်က ငါ့ရဲ့ မြေးချွေးမအဖြစ် ဟန်ဆောင်ခဲ့တဲ့လူကို ငါ ရိုက်နှက်မောင်းထုတ်လိုက်တာ”
ကုဟွား အံ့အားသင့်သွား၏။
‘ဒါဆို... ငါ့ရဲ့ အစ်မ အရိုက်ခံရတာက ဒီလိုအကြောင်းကြောင့်ပေါ့လေ’
အဘွားအိုကြီးက ကုဟွားကို စူးစိုက်ကြည့်လိုက်သည်။
“သမီးလေးသာ သူ့ကို မြင်လိုက်ရရင်... သေချာပေါက်ကို သဘောကျသွားမှာပါ”
ကုဟွားက မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။
ဒေါ်လေးရီက အလျင်အမြန်ပင် ပြုံး၍ ဆိုလိုက်၏။
“မမလေးဟွား... စိတ်ထဲမထားပါနဲ့ရှင်... သခင်မကြီးက ကလေးတစ်ယောက်လို စရိုက်မျိုး ရှိနေလို့ပါ”
“သမီးလေး ငါ့သားကို မြင်ရင်... သေချာပေါက်ကို သဘောကျသွားမှာပါ”
အဘွားအိုကြီးက ကုဟွား၏ လက်ကို ဇွတ်အတင်း ဆွဲကိုင်ထားဆဲဖြစ်ပြီး သူမကို ကြည့်လေ ပို၍ သဘောကျလေ ဖြစ်နေခဲ့သည်။
ကုဟွား၏ ရင်ထဲတွင် လှုပ်ခတ်သွား၏။
သူမ အောက်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ နုနယ်လှသော မျက်နှာလေးကို မော့ကာ တောက်ပစွာ ပြုံးရင်း ဆိုလိုက်သည်။
“သခင်မကြီးရှင့်... မြို့စားကြီးက ရဲရင့်ပြတ်သားပြီး ခန့်ညားထည်ဝါပါတယ်။ သစ္စာရှိပြီး တရားမျှတမှု ရှိသလို လေပြင်းဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ ကျောက်စိမ်းသစ်ပင်တစ်ပင်လို တောက်ပလွန်းလှပါတယ်။ အရမ်းချောမောလွန်းလို့ တစ်ကမ္ဘာလုံးမှာ အနှိုင်းမဲ့ပါပဲ။ မိန်းကလေးအများစုက သူ့ကို သဘောကျကြပါတယ်”
အဘွားအိုကြီး၏ မျက်နှာက ချက်ချင်းပင် ပြုံးပန်းဆင်သွားပြီး စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။
“ဒေါ်လေးရီ ... ကြည့်စမ်း... ငါ ပြောသားပဲ... ငါ့ရဲ့ ယန်အာက ဇနီးမရနိုင်စရာ အကြောင်းမရှိပါဘူးလို့... သူက တအားတော်တာပဲ”
ဒေါ်လေးရီက ခေါင်းညိတ်ပြလိုက်၏။
“သခင်မကြီး ပြောတာ မှန်ပါတယ်”
“မနက်ဖြန်ကျရင် မင်္ဂလာပွဲ ကျင်းပကြမယ်... ပြီးရင် သမီးတို့နှစ်ယောက် ဝဝတုတ်တုတ် မြေးလေးတစ်ယောက်လောက် အမြန်ဆုံး မွေးပေးကြ...”
အဘွားအိုကြီးက ကုဟွားကို ဆွဲထူလိုက်ပြီး သူမ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို အမှတ်မထင် ချွတ်ယူကာ ကုဟွား၏ လက်ကောက်ဝတ်သို့ တိုက်ရိုက် စွပ်ပေးလိုက်သည်။
“ဒါက မယ်တော်ကြီးက ဒီအဘွားအိုကြီးကို ပေးသနားထားတဲ့ ဆုလာဘ်ပဲ... ဒါကို ယန်အာရဲ့ တင်တောင်းလက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ”
ကုဟွား ထိတ်လန့်သွားရပြီး ၎င်းလက်ကောက်ကို အမြန်ဆုံး ချွတ်ပစ်ရန် ကြိုးစားလိုက်မိ၏။
“သခင်မကြီး... ဒီလိုမျိုး လုပ်လို့မရပါဘူး”
“တကယ်လို့ သမီးသာ ချွတ်ရဲရင်... ဒီအဘွားအိုကြီးက ဒေါသထွက်သွားမှာနော်”
အဘွားအိုကြီး တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
ဒေါ်လေးရီကလည်း အဘွားအိုကြီးက မမလေးဟွားအပေါ် အဘယ်ကြောင့် ဤမျှလောက် ကောင်းမွန်နေရသနည်းဟူသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
သို့သော်လည်း ဤမိန်းမပျိုလေးလေး၏ ရုပ်အဆင်းက တကယ်ပင် ချစ်စဖွယ်ကောင်းလှသည်။
ကုဟွား ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်၌ပင် “မိခင်” ဟူသော ခေါ်သံတစ်ခုက ထိုတင်းမာမှုကို ဖြိုခွဲလိုက်၏။
“ယန်အာ... မြန်မြန်လေးလာပြီး နတ်သမီးလေးကို တင်တောင်းလက်ဆောင်ကို လက်ခံခိုင်းလိုက်ပါဦး။ မဟုတ်ရင် သူ ပျံသန်းပြီးထွက်ပြေးသွားလိမ့်မယ်”
အဘွားအိုကြီးက ကုဟွားကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားပြီး အခြားလက်တစ်ဖက်ကို မုကျွင်းယန်ထံသို့ ကမ်းလင့်ထားခဲ့ကာ သူမ၏ မျက်ဝန်းအစုံက စိုးရိမ်စိတ်ကြောင့် နီမြန်းနေသည်။
ကုဟွား အလျင်အမြန်ပင် မတ်တတ်ထရပ်ကာ ဖယ်ပေးချင်သော်လည်း သူမ၏ လက်ကို အဘွားအိုကြီးက ဆွဲကိုင်ထားဆဲ ဖြစ်သဖြင့် သူမ အနေအထားက အလွန်တရာ နေရခက်လှသည်။
မုကျွင်းယန် အနားသို့ တိုးကပ်လာပြီး ပြုံးလိုက်၏။
“အမေ... တင်တောင်းလက်ဆောင်တွေကို စည်းကမ်းမဲ့ ပေးလို့မရပါဘူး”
“မင်း စကားနားမထောင်တော့ဘူး”
အဘွားအိုကြီး ဒေါသထွက်သွားသော်လည်း သူမ၏ လက်ကို လွှတ်မပေးချေ။
မုကျွင်းယန် ကုဟွားကို တစ်ချက်ကြည့်လိုက်သည်။
“သခင်မကြီး ပေးတာဆိုတော့လည်း လက်ခံလိုက်ပါ”
ကုဟွား၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး တိုးညှင်းစွာ ဆိုလိုက်မိ၏။
“ဒါက မသင့်တော်ပါဘူး...”
‘တင်တောင်းလက်ဆောင် ဟုတ်လား... ငါက ဘယ်လိုလုပ်ပြီး လက်ခံရဲမှာလဲ’
“သမီးပဲ စောစောက ငါ့သားကို လေပြင်းဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ ကျောက်စိမ်းသစ်ပင်တစ်ပင်လို တောက်ပပြီး အနှိုင်းမဲ့ပါတယ်လို့ ချီးမွမ်းခဲ့တာလေ... ပြီးတော့ သမီးကိုယ်တိုင်လည်း သူ့ကို သဘောကျတယ်လို့ ပြောခဲ့တာပဲ”
ကုဟွား၏ မျက်ဝန်းအစုံ ဝိုင်းစက်သွားရသည်။
‘ဒီလိုမှတ်ဉာဏ်မျိုး... စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို လွှဲပြောင်းပြောဆိုနိုင်တဲ့ ဒီလိုစွမ်းရည်မျိုး... စိတ်နောက်နေတာရောဟုတ်လို့လား’
‘ဘယ်သူက ယုံနိုင်မှာလဲ’
ကုဟွား၏ မျက်နှာလေးက လုံးဝ နီမြန်းသွားပြီး ခြင်အော်သံလေးကဲ့သို့ တိုးညှင်းလှသော လေသံလေးဖြင့် ပြောလိုက်သည်။
“ကျွန်မ ပြောတာက...မိန်းကလေးအများစုက မြို့စားကြီးကို သဘောကျကြတာလို့ ပြောတာပါ”
မုကျွင်းယန်က ကုဟွားကို နက်နဲသောအကြည့်တစ်ချက် ပေးလိုက်၏။
“သခင်မကြီး ပျော်ရွှင်ရတာက ရှားပါးလှပါတယ်... နောင်မှာ မမလေးဟွား အားလပ်တဲ့အခါ သခင်မကြီးရဲ့ ဘေးနားမှာ လာရောက်ပြီး အဖော်ပြုပေးပါဦးနော်”
‘ငါက ဘာများ ထပ်ပြောနိုင်ဦးမှာလဲ’
သူမ သဘောတူလိုက်ရသည်။
သားအမိနှစ်ယောက် ပြောစရာ စကားများရှိနေမည်ကို သိရှိသဖြင့် ကုဟွား နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။
သူမ အပြင်ဘက်သို့ ရောက်သောအခါ သူမ၏ လက်ကောက်ဝတ်ကို ပင့်မ၍ ကြည့်ရှုလိုက်မိ၏။
လက်ကောက်က ရှားပါးလှသော ခရမ်းကျောက်စိမ်း ဖြစ်နေသည်။
၎င်းက အလွန်တရာ အဖိုးတန်လွန်းလှသဖြင့် အာလူးပူပူတစ်လုံးကို ဆုပ်ကိုင်ထားရသကဲ့သို့ ခံစားလိုက်ရသည်။
တုန့်ဟွား သူမ၏ ရွှင်ပျနေသော ခေါင်းလေးကို တိုးကပ်လာပြီး ပြောလာ၏။
“သခင်မကြီးက မမလေးဟွားကို တကယ် သဘောကျတာပဲ။ အရင်တုန်းကဆိုရင် သခင်မကြီးက အပြင်လူတွေကို အမြဲတမ်း ငြင်းပယ်လေ့ ရှိခဲ့တာပါ”
ကုဟွား သက်ပြင်းချလိုက်ပြီး လေသံကို နှိမ့်ကာ ဆိုလိုက်၏။
“သခင်မကြီးက စိတ်နောက်နေတာပါ... မနက်ဖြန်ကျရင် ဒေါ်လေးရီဆီကို တိတ်တတ်လေး သွားပြန်ပေးပြီး သိမ်းထားခိုင်းလိုက်”
“အာ... တကယ်လို့ သခင်မကြီးသာ သိသွားရင် စိတ်မကောင်းဖြစ်နေလိမ့်မယ်နော်”
“သခင်မကြီးက စိတ်နောက်နေတာ မဟုတ်ဘူးလား... ခဏကြာရင် မေ့သွားမှာပါ... တကယ်လို့ တစ်နေ့နေ့မှာ ဒီ အဖိုးတန်တဲ့အရာကို ရုတ်တရက် ရှာဖွေချင်လာရင်... မကောင်းဘူးလေ”